2013

ဦးဝင်းထိန် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ရေးသားသည့် The SUN Rays ဂျာနယ်ပါ ဆောင်းပါး

တကယ်တော့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပါပြီ။ ကျွန်တော်ကြုံတွေ့ခဲ့ရတာက မြန်မာ ပြည်နိုင်ငံရေးအတွက် အလွန်အရေးပါတဲ့ဖြစ်ရပ်လေး တစ်ခုပါ။ အဲဒီဖြစ်ရပ်လေးဖြစ်ပွားတဲ့အခါ ကျွန်တော်က အနီးကပ်မြင်တွေ့ခဲ့ ရတဲ့အတွက် “အော် ငါဟာ အရေးကြီးတဲ့ သမိုင်းအတွေ့တစ်ခုကို ကိုယ်တိုင်ကိုယ်ကျတွေ့နေရပါပကော” လို့ အတွေး ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့တဲ့ အထိပါပဲ။ ဒီအကြောင်းကို ကြုံတဲ့သူ တချို့ကို ပြောပြမိခဲ့ပေမဲ့ အလုပ်တာဝန်တွေကများ၊ ခရီးဝေး (တကယ်ဝေးတဲ့ ခရီးတွေပါ) တွေကလည်း ခဏခဏ သွားခဲ့ရလို့ မရေးဖြစ်ခဲ့တာ။ ညီတော်မောင် “မောင်မိုးဟိန်း” ရဲ့ တိုက်တွန်းချက်ကြောင့် အခုမှပဲ ချရေးဖြစ်ပါတော့တယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD က ၈၆ ရာနှုန်းကျော် အပြတ်အသတ်နိုင်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက် ပွဲကာလမှာ ကျွန်တော်ကအင်းစိန်ထောင်ထဲမှာပါ။ ၂၀.၇.၁၉၈၉ ရက်နေ့က စပြီး ကျွန်တော့်ကို ဖမ်းထားခဲ့တာ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် အိမ်ကို တပ်နဲ့ ဝိုင်းပြီး ခြံထဲမှာရှိတဲ့ လူတွေအားလုံး သိမ်းကြုံးဖမ်းတဲ့ထဲမှာရှိတဲ့ လူတွေအားလုံး သိမ်းကြုံး ဖမ်းတဲ့ထဲမှာ ကျွန်တော်ပါ သွားတာလေ။ ဘာပြစ်မှုမှ ရှာလို့မရတော့ ၁၀(က) ပုဒ်မတပ်ပြီး ထိန်းသိမ်း ထားတာပေါ့။ ၁၉၉၀ ရွေးကောက်ပွဲနီးလာတော့ တချို့ကိုပြန်လွှတ်ပေမဲ့ ကျွန်တော့်ကို ပြန်မလွှတ်ဘူးလေ။ ဘာ့ကြောင့်လဲ ဆိုတော့ ရွေးကောက်ပွဲပြီးရင် တပ်မတော်က ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမှာ မဟုတ်ဘူးလို့ ပြောခဲ့လို့ပဲ။ ဟုတ်တယ်လေ။ သူတို့မေးတဲ့မေးခွန်းကို ကျွန်တော်ကစိတ်ထဲရှိတဲ့အတိုင်းဖြေခဲ့တာ။ အဲဒီလိုဖြေရတဲ့ အကြောင်းကလည်း ထင်ထင်ရှားရှား ရှိပါတယ်။ ရွေးကောက်ပွဲလုပ်နေတဲ့ ကာလမှာတောင် မာရှယ်လောခေါ်တဲ့ စစ်အုပ်ချုပ်ရေးကဆက်ရှိနေဆဲ၊ ပြီးတော့ NLD ရဲ့အဓိက ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ကိုလည်း နေအိမ် အကျယ်ချုပ်နဲ့ ထားပြီး ပြန်မလွှတ်သေးဘူး။ အဲဒီအကြောင်းတွေကြောင့် ကျွန်တော်က အမှန် အတိုင်းဖြေတော့ ကျွန်တော့်ကို လွှတ်မပေးတော့ဘူးပေါ့။


ထောင်ထဲ ရောက်ခါစတော့ (၂)တိုက်၊ (၃)တိုက်နဲ့ (၅)တိုက်တို့ကိုလှည့်ပိတ်ထားနေခဲ့ပေမဲ့ ၈၉ မကုန်ခင်မှာပဲ အထူးတိုက်ကို ရောက်သွားပြီး အဲဒီမှာမြဲနေတော့တာပါ။ အထူးတိုက် ဆိုတာ အရင်ခေတ်အဆက်ဆက်ကလေး အကျဉ်းသားတွေကို ထားတဲ့နေရာလေ။ န၀တ ခေတ်ကျမှ အထူးဆောင်ရယ်လို့ ပြောင်းပြီးထောက်လှမ်းရေးက VIP အကျဉ်းသားလို့ သတ်မှတ်တဲ့ သူတွေလို ထားတာ။ ကျွန်တော့်အပြင် ဦးဝင်းတင်၊ပေါ်ဦး(မင်းကိုနိုင်)နဲ့ ကျန် ယူဂျီတွေဖြစ်တဲ့ ကိုသက်နိုင်၊ ကိုတင်အောင်(ဒေါင်းဖြူ)၊ ဦးခင်မောင်မြင့်(ကွယ်လွန်) နဲ့ ဒေါက်တာမောင်ဇော်နဲ့ KNU ဗုံးခွဲသမား ကိုကိုနိုင်၊ အထူးဆိုတဲ့အတိုင်း ကျွန်တော်တို့ကို အပြင်နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ထားတယ်လေ။ ဒါ့ ကြောင့် ထောင်ထဲမှာရှိတဲ့ တခြားတိုက်တွေ၊ အဆောင်တွေမှာ ဘာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက ကျွန်တော် တို့ အထူးတိုက်ကို ရောက်မလာသလောက်ပဲ။

ဒါပေမဲ့ ဦးဝင်းတင်၊ ကိုတင်အောင်နဲ့ ကိုမော်ဇင်တို့က ထောင်ဝင်စာ ရှိတော့ အပြင်ကသတင်းတွေ အနည်းနဲ့ အများရတတ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်တဲ့ သတင်းလည်း ချက်ချင်းသိရပါတယ်။ အဲဒီ သတင်းကြားခါစကတော့ ရုတ်တရက် ၀မ်းသာ သလိုဖြစ်ခဲ့ပေမဲ့ ကျွန်တော့်အနေနဲ့တော့ ရုတ်တရက် ၀မ်းမသာရဲသေး ပါဘူး။ ပေါ်ဦး ကလည်း အဲဒီတုန်းက ၁၀(က) ဆိုတော့ ထောင်ဝင်စာမရှိဘူးလေ။ ကျွန်တော်က အခန်း (၁)၊ သူက အခန်း(၃)၊ အခန်း(၂)ကို လွှတ်ထားတယ်။ ဒါမှ သူနဲ့ ကျွန်တော်တို့ပြောတဲ့စကားတွေ သူတို့ကြားဖြတ် နားထောင်နိုင်အောင်လို့ ။ သူက ရွေးကောက်ပွဲသတင်းကို ကြားရတော့ ကျွန်တော့်ကို “ဦးထိန် ဘယ်လိုထင်လဲ” လို့မေးတဲ့အခါ ကျွန်တော်က “ပြဿနာ အခုမှစတော့မယ် ထင်ပါရဲ့ကွာ”လို့ ဖြေမိပါတယ်။ အဲလိုပြောမိတဲ့ အတိုင်းပါပဲ၊ ထောင်ထဲမှာရော၊ အပြင်မှာပါ ပြဿနာတွေဖြစ်လိုက်ကြတာ။


၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဟာ ဘယ်သူ့ကို ဖမ်းရမလဲဆိုတဲ့ လူဖမ်းပွဲကြီး လုပ် ဖို့ လို့အကြို ကျင်းပခဲ့ပုံနဲ့ သွားတူနေတာပေါ့။ အထူးတိုက်ကိုလည်း အပြင်မှာ အကျယ်ချုပ်ထားတဲ့ ဦးတင်ဦး အပြင် NLD ရွေးကောက်ပွဲမှာ ဦးဆောင်ခဲ့တဲ့ ဦးကြည်မောင်နဲ့ ဦးချစ်ခိုင်တို့ပါ အထူး တိုက်ထဲရောက်လာကြပါရောလား။ တကယ်တော့ ကျွန်တော်တို့ အများစုက “ကျောမချ ခင်ကတည်းက ဓားပြ” မှန်းသိကြပြီးသားပါ။ သို့သော် အနာဂတ်မြန်မာပြည်ကောင်းစားရေး အတွက် မှန်ကန်တယ် လို့ ယုံကြည်တဲ့လမ်းစဉ်ကို နှလုံးရည်နဲ့ အနာခံပြီး တိုက်ပွဲ ၀င်နေခဲ့ကြသူတွေပါ။ အဲဒီတုန်းကတည်းက ကျွန်တော်တို့ ရပ်တည်ကျင့်သုံးခဲ့တဲ့မူဟာ ယနေ့လွှတ်တော်ထဲ ရောက်တဲ့ အထိ ကိုင်ဆွဲကျင့်သုံးနေဆဲပါ။

.... .... စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ ပတ်သက်လို့ရှိရင် တော့ ထောင်ထဲမှာ သာမန်ထက် ခံစားချက် ပိုပြင်းထန်လေ့ရှိပါတယ်။ ကျွန်တော့် အတွေ့အကြုံအရပြောရမယ်ဆိုရင် တော့ ၁၉၉၁ ခုနှစ် အကုန် ၁၉၉၂ အကူး ကာဖြစ်ပါတယ်။ ထောင်ဝင်စာကတဆင့် အပြင်က ဘာ သတင်း ၀င်လာသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို NLD က ထုတ်ပစ်လိုက်ပြီ ဆိုတဲ့သတင်းပါပဲ။ အဲဒီအချိန်မှာ အပြင်ကကျန်တဲ့ NLD တွေကိုဥက္ကဋ္ဌအဖြစ် ဦးအောင်ရွှေနဲ့ အတွင်းရေးမှူးအဖြစ် ဦးလွင်တို့ တာဝန်ယူနေကြတာပါ။ အဲဒီ သတင်းလဲကြားရော အခြား လူတွေတော့ မပြောတတ်ဘူး။ ကျွန်တော့် အနေနဲ့တော့ ဒေါသမီးတွေ အလိပ်လိပ် ထွက် လာပြီပေါ့။ စိတ်ထဲမှာလည်း ဦးအောင်ရွှေနဲ့ ဦးလွင်တို့က ဘာလို့ ဒီအမိန့်ထုတ်ရတာလဲ၊ န၀တက ဖိအားပေးတယ်ဆိုရင်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တစ်ခုလုံးအောင်မြင်အောင် လူထု အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီလို လုပ်ရက်ကြ သလား။ န၀တဆိုတဲ့ကောင်တွေကလည်း ပက်စက်တဲ့အကြံနဲ့ ဒီလို လုပ်တာ ဘာသဘောလဲ စတဲ့ ဒေါသဆန်တဲ့ အတွေးတွေရဲ့ ဖိစီးနှိပ်စက်မှုတွေကို အလူးအလဲခံရပါတယ်။ တစ်ဆက် တစပ်တည်း စဉ်းစားကြည့်တဲ့အခါကျတော့ “သြော် …ဒင်းတို့အကြံက ဒါပဲကိုး၊ ဒေါ်စုနဲ့ ဦးတင်ဦးကို ထုတ်လိုက်ခြင်းအားဖြင့် NLD မှာ သူတို့ကို လိုလားတဲ့အုပ်စုက တစ်အုပ်စု၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို လက်ခံတဲ့အုပ်စုကတစ်အုပ်စု၊ အဲလို အုပ်စုကွဲ သွားအောင် လုပ်တဲ့ အကြံပေးပဲကို” လို့ တရေးရေးမြင်လာပါတယ်။ ရိုးရိုးစကားနဲ့ပြောရရင်တော့ NLD ကို နှစ်ခြမ်းခွဲပစ်မယ့် အစီအစဉ်ပါပဲ။


ထောင်ထဲမှာရှိတဲ့ ကျွန်တော်တို့ NLD အုပ်စု ဦးဝင်းတင်တို့ ကျွန်တော်တို့ ဘယ်လိုခံစားရမလဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ခင်ဗျာ။ ကျွန်တော်တို့ ထင်တဲ့အတိုင်း ပါပဲ။ ထောင်က လွတ်ပြီးမှ ပြန်ကြားရတာက အဲဒီအမိန့်လည်းထွက်ပြီး NLD ဗဟိုက စပြီးတော့ အောက်ခြေ ရပ်/ကျေး အထိ ပွက်လောထအောင် ဂယက်ရိုက်ကြပါသတဲ့။ အချို့မြို့နယ်တွေမှာဆို ဆိုင်းဘုတ်တွေဖြုတ်ချ၊ တချို့တိုင်း/မြို့နယ်တွေမှာကျတော့ အဲဒီအမိန့်ကို လက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေချ၊ အမိန့်ထုတ်တဲ့ သူတွေကို ရှုတ်ချ၊ တချို့ကတော့လည်း၊ အဲဒီ အမိန့်ကို သဘောမတူတဲ့အတွက် အုစုလိုက် အပြုံလိုက်နှုတ်ထွက်ကြ စသဖြင့် ပရမ်းပတာ ဖြစ်ကုန်ကြ ပါသတဲ့။ အဲဒီသတင်းတွေကို နောက်ကျမှကြားရသော်လည်းပဲ ကျွန်တော် တော်တော် ခံစား ရပါတယ်။ တချိန်တည်းမှာပဲဒီအကွက်ကိုဖန်တီးခဲ့ ကြတဲ့ န၀တ ထိပ်သီးခေါင်းဆောင် များဖြစ်တဲ့ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးခင်ညွန့်နဲ့ ဦးတင်ဦးတို့ကတော့ သူတို့ လုပ်လိုက်လို့ဖြစ်သွားပြီဟလို့ ကျေကျေနပ်နပ်ကြီးပြုံးနေမယ့် မျက်နှာတွေကို မြင်ယောင်လာ မိပါတယ်။


နောက်ဖြစ်ရပ်တစ်ခုကတော့ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို NLD တက်တယ်ဆိုတဲ့ သတင်း ပါဘဲ။ ဒီ ကြားထဲမှာ အရေးကြီးဖြစ်စဉ်တစ်ခုကိုတော့ မဖြစ်မနေ ရေးပြချင်ပါသေး တယ်။ ကျွန်တော့်ကို ၁၀(က)နဲ့ ထိမ်းသိမ်းထားတာ အရင်က ရေးခဲ့ပြီးပါပြီ။ အဲဒီတုန်းက ၁၀ (က) အကျဉ်းသားဆိုရင် အလွန်ဆုံး(၃)နှစ်ပြည့်ရင် လွှတ်ပေးရိုး ထုံးစံရှိပါတယ်။ ဥပဒေ အရပေါ့။ အဲဒီတော့ ကျွန်တော့်ကို ၁၉၈၉ ဇူလိုင်မှာ ဖမ်းခဲ့တဲ့အတွက်ကြောင့် ၁၉၉၂ ဇူလိုင်မှာ လွှတ်ပေး ရမယ်ပေါ့။ ၁၉၉၂ ရောက်ပြီဆိုတာနဲ့ အကျဉ်းသားတွေရဲ့ သဘာဝအတိုင်း ကိုယ်လွတ်ချိန် နီးပြီဆိုပြီး လွတ်ရက်ကိုမျှော်ရင်း ၀မ်းသာနေ ခဲ့တာပါ။ ဒါပေမဲ့ မတ်လ လည်းရောက်ရော ထောင်မှူးက ကျွန်တော်တို့ကို အပြင် ခေါ်သွားပြီးစစ်ခုံရုံးကိုတင်၊ စစ်ခုံရုံးက ကျွန်တော့်ကို ပုဒ်မ ၅(ည)နဲ့ထောင်ဒဏ် (၇)နှစ်ဆိုပြီး ချလိုက်ပါတယ်ဗျာ။ န၀တ လုပ်ပုံက အဲလို။ ကျွန်တော်တင်မကဘူး။ ပေါ်ဦးလဲ ဒီဇာတ်လမ်း အတိုင်းဖြစ်ခဲ့တာ ပါဘဲ။ ဒီလိုနဲ့ ဦးစောမောင် ဆီကဦးသန်းရွှေအာဏာယူပြီးတဲ့အခါ အမိန့် ၁၁/၉၂ ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားတွေကိုအလီလီလွှတ် ပေးမယ့် ကျွန်တော့်ကိုတော့ လွှတ် မပေးခဲ့ပါဘူး။

၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံကို NLD တက်မယ်ဆိုတုန်းကလည်း ကျွန်တော့်မှာ ဒေါသလှိုင်းတွေ တရိပ်ရိပ် တက်ရပြန် ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် က အကျယ်ချုပ်၊ ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေက အများကြီးထောင်ထဲမှာရှိနေခိုက်မှာ သူတို့က အမျိုးသား ညီလာခံကို တက်ရက်တယ်ဆိုတဲ့ အတွေးကြောင့်ပါ။ အဲဒီအခါမှာလည်း NLD တစ်ခုလုံး သဘော ထားတွေ ကွဲတယ်။ လူတွေလည်း ကွဲတယ်။ အင်အားတွေ ပြုန်းတီးကုန်တယ် ဆိုပါတော့။ န၀တ ဆင်တဲ့ အကွက် အတိုင်း ကျွန်တော်တို့က လိုက်ကနေပါရောလား။ အဲဒီလိုနေ ရင်းနဲ့ တွေးမိတာ ကတော့ ဒေါ်စုနဲ့ ဦးတင်ဦးတို့ကိုထောက်ခံတဲ့ NLD အုပ်စုက တစ်ပိုင်း၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ ခေါင်းဆောင်တဲ့ NLD က တစ်ပိုင်း နှစ်ပိုင်းကွဲဖို့ သေချာသွားပြီးပေါ့။ ကျွန်တော်က ၁၉၉၅ ခု၊ ဖေဖော်ဝါရီမှာ ပြန်လွတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ တပ်မတော်နှစ် ၅၀ ပြည့် အထိမ်းအမှတ်နဲ့ ထောင်တွင်းရှိ တပ်မတော်သားတွေကို လွှတ်ပေး တဲ့ သဘောပေါ့။

အိမ်ပြန်ရောက်တော့ သိသိသာသာချို့တဲ့နေတဲ့ ကျန်းမာရေးကို ပြန် လည်ပြုစုရင်း အိမ်မှာပဲ အနေများ ခဲ့ပါတယ်။ NLD ရုံးကိုလည်းသွားသတင်းမပို့ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင် တို့ကိုလည်း သွားမတွေ့ဘူး။ ဘာပြုလို့လဲဆိုတော့ ၁၊ အချက်က ထောင်ကျခဲ့တဲ့ အဖွဲ့ချုပ်ဝင်တွေကိုလည်း ပါတီက ထုတ်ပစ်သတဲ့။ ဟုတ်မဟုတ် မေးမကြည့်ဖူးပါဘူး။ ၂ အချက် ကတော့ ခေါင်းဆောင်တွေကို ထုတ်ပစ်ပြီး အမျိုးသား ညီလာခံ တက်ဖို့ သဘောတူခဲ့တဲ့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကိုလည်း စိတ်ထဲမှာ မကြည်ဘူး။ ကျွန်တော်တစ်ခု ကံကောင်းတာက အဲလိုမကျေ နပ်တာတွေကို စာနဲ့ရေးသား ဖြန့်ပေးခြင်း မပြုခဲ့သလို နှုတ်အားဖြင့်လည်း သူတို့ကို မပြောမိအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့လအဖြစ်ပဲ။

၁၉၉၅ ဇူလိုင်လ ၁၀ ရက် မှာဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်ကြောင်း ကြေညာချက် ထွက်ပါတယ်။ ကျွန်တော်လည်း အဲဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ကို နေ့ခင်း ၁၁ နာရီ လောက် ရောက်သွားပါတယ်။ ဂိတ်ဝမှာတော့ NLD လူငယ်တွေက လုံခြုံရေး တာဝန်ယူနေကြပါပြီ။ ကျွန်တော် ရောက်ကြောင်း သတင်းပို့တဲ့အခါမှာ ကျွန်တော် ၀င်ခွင့်ရပါတယ်။ အထဲရောက်တော့ ဦးတင်ဦးနဲ့ ဦးကြည်မောင် လည်းရောက်နေကြ ပါပြီ။ ခြံပြင် မှာတော့ နိုင်ငံခြား သတင်းထောက်တွေ အများကြီးရောက်နေပါပြီ။ သံတမန်တွေလည်း ရောက်လာတဲ့အတွက်ကြောင့်မို့ သူတို့ကို ၀င်ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်လည်း ၁၉၉၈/ ၈၉ ကာလကဒေါ်စုခြံထဲမှာ တာဝန်ယူခဲ့တဲ့အတိုင်း ဆက်ပြီး တာဝန်ယူ ခဲ့ပါတယ်။ နေ့ ခင်း ၁၂ နာရီကျော်လောက်ကျတော့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ ဂိတ်မှာ ရောက်ကြောင်း သတင်းရောက်လာပါတယ်။ ကျွန်တော် အရမ်း စိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ တာဝန်ရှိတဲ့ အတိုင်း ဒေါ်စုကို သတင်းပို့တော့ သူက ၀င်ခွင့်ပြုလိုက်ပါလို့ ပြန်ဖြေပါတယ်။ ဒေါ်စု အမူအရာကို အကဲခတ်ကြည့် မိပါတယ်။ သူ့ မျက်နှာ အမူအရာမှာ ဘာအရိပ်အရောင်မှ မတွေ့ရပါ။ ၀မ်းသာတဲ့ အမူအရာ မတွေ့ရသလို စိတ်ဆိုးတဲ့ အမူအရာလည်း မတွေ့ရပါ။

ဒါနဲ့ ဦးအောင်ရွှေ နဲ့ ဦးလွင်တို့ ၀င်လာပါတယ်။သူတို့ကို ဒေါ်စု၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့က အိမ်ဝက ကြိုဆိုပါတယ်။ သူတို့ချင်းလည်း တွေ့တော့ ဦးအောင်ရွှေက ဒီလိုပြောပါတယ်။ “စုစုရေ အန်ကယ် တို့ကတော့ ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ လုပ်ခဲ့တာပါ။ စုစု အပြင်ရောက်တယ်ဆိုတာနဲ့ NLD တစ်ခုလုံကို စုစု လက်ထဲ အပ်ပါတယ်” “ရပါတယ် အန်ကယ်။ ကျွန်မတို့အရင်အတိုင်းပဲဆက်လုပ်ကြတာပေါ့” ကျွန်တော်အရမ်းကို အံ့သြသွားပါတယ်။ လုံးဝ မျှော်လင့်မထားတဲ့ အနေအထားပါ။ ကျွန်တော်က အနီးကပ်နေခဲ့ဖူးတော့ ဒေါ်စုဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင် ပြတ်သားတယ်။ အားမနာတတ်ဘူး ဆိုတဲ့ အချက်တွေ သိပြီးသားပါ။ သူ့ကိုပါတီက ထုတ်ပယ်တဲ့အပြင် အများ သဘောမတူတဲ့ အမျိုးသား ညီလာခံတက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ဖက်သား ကို အပြစ်တင်တဲ့လေသံ တစ်ချက်မှ မတွေ့လိုက်ရပါ။ စိတ်ထဲမှာတော့ ဒေါ်စုအနေနဲ့ NLD အနာဂတ်အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်လိုက် ပြီပဲလို့ ချက်ချင်းပဲသဘောပေါက်လိုက်မိပါတယ်။ တစ်ပြိုင်နက်ထဲမှာတော့ အတွေးရိပ်တွေ ဖြစ်ပေါ်လာပါတယ်။ ဘာလဲဆိုတော့ NLD နှစ်ခြမ်းကွဲရော့ဟဲ့ လို့ သူတို့ ကြိုးစားပမ်းစားလုပ်ခဲ့တဲ့ အကွက်တွေ ကတော့ သဲထဲရေသွန်ဖြစ်ကုန် ပါပကောလားလို့ ရင်ထုမနာ ဖြစ်နေကြမယ့် န၀တ ခေါင်းဆောင်တွေရဲ့အဖြစ်တွေပါ။

နှစ်ပေါင်းများစွာ NLD ကို ဖြိုခွဲဖို့လုပ်ခဲ့တဲ့ သူတို့အကြံတွေ ထင်တိုင်း မပေါက်ဖြစ် သွားပြီပေါ့ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ဟာ ကျေနပ်နေမိပါတယ်။ ၀မ်းသာပီတိလည်းဖြစ်မိပါတယ်။ မကြာမီမှာပဲ နိုင်ငံခြားသံတမန်တွေနဲ့ သတင်းထောက်တွေကို ၀င်ခွင့်ပြုလိုက်ပါတယ်။ အင်အား ကတော့ ၈၀ နဲ့ ၁၀၀ ကြားရှိပါလိမ့်မယ်။ သူတို့ ကိုဒေါ်စုနဲ့ ဧည့်ခန်းထဲ ကိုခေါ်သွင်း လိုက်ပါတယ်။ ထိပ်က ထိုင်ခုံမှာတော့ ဒေါ်စုက အလယ်မှာထိုင်ပါတယ်။ ဦးတင်ဦးနဲ့ ဦးကြည်မောင်က ဒေါ်စုရဲ့ ညာဘက်မှာ ထိုင်ပြီးဦးအောင်ရွှေနဲ့ ဦးလွင် တို့ကတော့ ဒေါ်စုရဲ့ ဘယ်ဘက်မှာထိုင်ပါတယ်။ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေကြ တယ်လို့ ကျွန်တော်မြင်ရပါတယ်။ သူတို့အနေနဲ့လည်း ဒေါ်စု အကျယ်ချုပ်ကာလမှာ လုပ်ခဲ့ သမျှတွေကို အပြစ်တင်ရင်လည်း ခံမယ်ဆိုပြီး အတူတကွ လာခဲ့ကြတာပါ။ ဒီကိုရောက်တော့ ဒေါ်စုက သူတို့ကိုဒေါသနဲ့ မတုံ့ပြန်တဲ့ အပြင် အရင်အတိုင်းဘဲ ဆက်လုပ် ကြဖို့ ပြောလိုက်တဲ့အခါမှာ သူတို့ရဲ့ စိတ်တွေဟာ အရမ်းကို လွတ်လပ်ပေါ့ပါးသွား ကြတယ်လို့ ယူဆရပါတယ်။ အဲဒီလိုနဲ့ ဧည့်ပရိသတ်စုံတဲ့ အခါမှာ ပရိသတ်ထဲက မေးချင်တာ မေးဖို့ အခမ်းအနားမှူးလုပ်တဲ့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ် လိုက်ပါတယ်။

အဲဒီအချိန်မှာ နိုင်ငံခြားသံတမန်တစ်ဦးက (အမေရိကန်သံရုံးမှလို့ ယူဆ ရပါတယ်။ သေသေချာချာ မမှတ်မိပါ) အောက်ပါအတိုင်းမေးပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့အပေါ် ဘယ်လို သဘောထား ပါသလဲ” “အခုမြင်ကြတဲ့အတိုင်းပါပဲ။ ဦးကြည်မောင်နဲ့ ဦးတင်ဦးက ညာဘက်မှာ ထိုင်နေကြပါတယ်။ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို ဒီဘယ်ဘက်မှာထိုင်နေ ကြပါတယ်။ ခုလို တစ်ပြေးညီ ထိုင်နေကြသလိုနောင် NLD ကိစ္စအ၀၀တွေကိုလည်း အခုလိုပဲညီညီညွတ်ညွတ် ဆက်လုပ် သွားကြမှာပါ” ကျွန်တော့်စိတ်ထဲမှာတော့ ပွဲပြတ်ပြီပေါ့ ဟုယူဆလိုက်ပါတယ်။ အဲဒီတွေ့ဆုံပွဲဟာ တစ်နာရီခွဲ ခန့်ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီတုံ့ပြန်ချက် သာလျှင် ထိုတွေ့ဆုံပွဲ တစ်ခု လုံးရဲ့ အဓိကအနှစ်သာရဖြစ်တယ်လို့ ကျွန်တော်သတ်မှတ်လိုက်မိပါတော့တယ်။


ဒါပါပဲခင်ဗျား။ ကျန်းမာချမ်းသာကြပါစေ။ -- ၀င်းထိန် -

ပြန်လည်စာစီရေးသားဖော်ပြပေးသော Khun Saingအားကျေးဇူးတင်ရှိပါသည်.


ယနေ့မြန်မာနိုင်ငံ၏ အကြီးဆုံးစိန်ခေါ်မှုသည်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုနိုင် သည်။ အချို့က မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးလုပ်ငန်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက အရှိန် အဟုန်ဖြင့် တိုးတက်အောင် လုပ်သွားရေးဟု ယူဆချင်ယူဆမည်။

ထိုအယူအဆသည် မှားသည်ဟု မဆိုနိုင်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပေါ်တွင် တည်မှီနေသည့်အလျောက် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ပြဿနာ က ယင်းဥပဒေ ပြင်ဆင်နိုင်ရေးသာ ဖြစ်နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသော လုပ်ပိုင်ခွင့်အာဏာ အများအပြားကို တပ်မတော်ထံ အပ်နှံထားသလိုသာဖြစ်နေ၍ ဒီမိုကရေစီစံနှုန်းများနှင့် မညီသည်မှာလည်း တပ်မတော်ခေါင်းဆောင်များ ပင် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။ ပြည်သူကရွေးချယ်မပေးသူက လွှတ်တော်ထဲရောက်ခွင့်၊ နိုင်ငံ သားတိုင်း သမ္မတဖြစ်ခွင့် မရနိုင်သောဥပဒေ ဖြစ်နေပြီဆိုကတည်းက ထိုဥပဒေသည် အရေးကြီးသော ဒီမိုကရေစီအခြေခံမူတစ်ခုဖြစ်သော Equality ကို ပိတ်ပင်ထားပြီး ဖြစ်နေပေပြီ။

“တရားမျှတလွတ်လပ်ခြင်းနှင့်မသွေ” ဟူ သော နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ မှာ ဆန့်ကျင်နေကြောင်း ထင်ရှားနေပေပြီ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေတွင် နိုင်ငံသား တိုင်းကို အခွင့်အရေး ညီတူညီမျှပေးရမြဲ ဖြစ်သည်။ လက်ရှိအနေအထားအရသော် သမ္မတ ဖြစ်လိုသော နိုင်ငံသားတစ်ဦးသည် တပ်မတော်ထဲသို့ဝင်၊ ဗိုလ်ချုပ်ကြီးအဆင့်လောက် တပ်မတော် ထိပ်တန်းရာထူး မျိုးရောက်အောင် လုပ်နိုင်မှသာ ထိုအခွင့်အရေးရမည့်သဘော ဖြစ်နေသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကို အလေးထား ပြောကြားနေသည်။ အနောက်နိုင်ငံကြီးများကလည်း ထိုကိစ္စကို ပြောလျက် ရှိပေသည်။ တစ်ဖက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခြေခံဥပဒေပါ ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်း ရန် တပ်မတော်က ပါနေရကြောင်း ကာကွယ်ပြောဆိုနေပေသည်။

ကမ္ဘာ့အလယ်တွင် နေကြသည့်အလျောက် ကမ္ဘာ့နိုင်ငံကြီးများ ပြောကြဆိုကြသည့် စကားများကိုလည်း နားစွင့်ကြရပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် အမေရိကန်က ပြောလို့၊ အီးယူကပြောလို့ဆိုပြီး ကိုယ့်နိုင်ငံ ကိစ္စကို ဆုံးဖြတ်ဖို့လိုမည် မထင်ပါ။ကိုယ့် ပြည်သူတွေက ပြောတာကိုပဲ အလေးထား စဉ်းစား ဖို့ လိုပါမည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်ခေါင်းဆောင်ကြီးများသည် အဓိကကျသဖြင့် တပ်မ တော်ခေါင်းဆောင်ကြီးများကို ပြည်သူပြည်သား တစ်ဦးအနေဖြင့် ကျွန်တော် မေတ္တာရပ်ခံလိုပါသည်။

ကျွန်တော် မေတ္တာရပ်ခံလိုသည်မှာ တပ်မတော်ခေါင်းဆောင်ကြီးများ တကယ်တမ်း ပြည်သူ့အကျိုးစီးပွား ကို ကာကွယ် စောင့်ရှောက်လိုသည်ဆိုလျှင် ပြည်သူ့မျက်နှာကိုကြည့်၍ ပြည်သူနှင့် မကင်းကွာအောင် တပ်မတော်ကို ပြင်ယူပါ ...” ဟူ၍ ဖြစ်ပါသည်။

ကျွန်တော့်စကားတွင် တပ်မတော်က “ပြည်သူနှင့် မကင်းကွာအောင်” ဟူ၍ပါနေတော့ တမင်တပ်မတော် အပေါ် မလိုမုန်းထားစိတ်နှင့် စွပ်စွဲသည်ဟု အထင်ရောက် နိုင်သည်။ မမှန်တာကို စွပ်စွဲခြင်းမဟုတ်။တပ်မ တော်အပေါ် ပြည်သူတွေက ဘယ်လိုမြင်နေကြောင်းကို ကျွန်တော်က ပြည်သူများအကြားတွင် နေနေ သူမို့ သိပါသည်။

ကျွန်တော်သည် နိုင်ငံရေးပါတီဆို၍ မ.ဆ.လ အမြုတေကာလတွင်သာ ပါဖူးသည်။ နောင်တွင် တော်လှန် ရေးကောင်စီ၏ ဆိုရှယ်လစ်စနစ်မအောင်နိုင်မှန်း သိမြင်၍ တင်းပြည့်ပါတီဝင်အဖြစ်တောင် ဆန္ဒမပြုတော့ ပါ။ ကျွန်တော်သည် ဗ.က.ပ လည်း မဟုတ်၊ NDL လည်းမဟုတ်သလို ဘယ်ပါတီတွင်မှ ၀င်ထားသူ လည်းမဟုတ်ပါ။ ထို့ကြောင့် ကျွန်တော့်အပေါ် ဘယ်နိုင်ငံရေး ပါတီ၏သြဇာမှ လွှမ်းစရာမရှိပါ။

ဆန္ဒစွဲရှိကြစတမ်းဆိုလျှင် ကွယ်လွန်သူ ကျွန်တော့်သမက်သည် စစ်သားတစ်ဦး ဖြစ်၍ တပ်မတော်ဘက် ကသာလိုက်ဖို့ ရှိပါသည်။ ထို့ကြောင့် ကျွန်တော်ပြောတာသည် ပြည်သူတွေ၏အမြင်၊ ပြည်သူတို့၏ခံစား ချက်အတိုင်းသာ ဖြစ်သည်။

ကျွန်တော်သည် အသက် ၇၄ နှစ်ထဲ ရောက်လုနီးပြီဖြစ်၍ သူပုန်တွေ ၀ိုင်းဝိုင်းလည်နေသော တိုင်းပြည်ကို လုံခြုံအေးချမ်းမှုရအောင် တပ်မတော်က ရင်မြေကတုတ် လုပ်လာခဲ့ပုံ၊ ရှမ်းပြည်နယ် အရှေ့ခြမ်း တစ်ခု လုံးနီးပါး တရုတ်ဖြူတွေ သိမ်းထားသော အခြေအနေမှ အသက်တွေစွန့်၍ ကျူးကျော်သူများကို မောင်း ထုတ်ခဲ့ပုံများကို သိမီလာသူ ဖြစ်သည်။ တပ်မတော်သားတွေ ကို ပြည်သူတွေ အောင်သပြေရေချမ်းကမ်း ခဲ့ပုံ၊ တပ်မတော်သားများ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပုံများကို သိမီလာခဲ့သူ ဖြစ်ပါသည်။

အစိုးရ၀န်ထမ်းအဖြစ် အင်္ဂလိပ် စစ်တပ်တွင်ပါလုပ်ခဲ့သော ဗိုလ်ကြီး၊ ဗိုလ်မှူးများ၊ ဂျပန်စစ်တက္ကသိုလ် ပထမပတ်ဆင်း ဂျပန်ပြန်ဗိုလ်မှူးကြီးများမှသည် ပင်စင် မယူမီနောက်ဆုံးအချိန်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တစ်ပတ်တည်းဆင်း ဗိုလ်မှူးအထိ တပ်မတော်အရာရှိများ လက်အောက်တွင် အနီးကပ်တာဝန် ထမ်း ဆောင်လာသူဖြစ်၍ တပ်မတော်သားတွေအကြောင်းလည်း သိတန်သမျှ သိပါသည်။

မ.ဆ.လခေတ်တွင် စီးပွားရေး မအောင်မြင်၍ ပြည်သူက စိတ်ပျက်တာပဲ ရှိသည်။ တပ်မတော်အပေါ် သိပ်ပြီး အဆိုးမမြင်သေးပါ။

သို့ရာတွင် ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရတက်လာ ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူတွေက ဒေါ်အောင် ဆန်းစုကြည်ကို တကယ်မျှော်လင့်အားထားပြီး NLD ကို မဲတွေ စုပြုံပေးလိုက်သည်။ NLDလည်း နိုင်ရော တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစောမောင်က “ရွေးကောက်ပွဲလုပ်ပေးတာ သူတို့ကို ဘယ်သူက အာဏာပေးမယ် ပြောလို့လဲ” ဟူသော သဘောပြောလိုက် တော့တာပါပဲ။ ဤတွင် တပ်မတော်သည် တို့ပြည်သူတွေကို စော်ကားတာပဲ။ နိုင်သူကို အာဏာမပေးဘဲနှင့် တို့ပိုက်ဆံ ကုဋေ ကုဋာတွေ အကုန်ခံ ပြီး ရွေးကောက်ပွဲလုပ်တာ အပျင်းပြေလုပ်တာလားလို့ အချင်းချင်း မေးငေါ့ ပြောတော့တာပါပဲ။

ထိုအချိန်မှစ၍ တပ်နှင့်ပြည်သူ ကင်းကွာသွားတော့တာ ပါပဲ။ ကိုယ်လုပ်ကိုင်နေတဲ့ မြေတွေကျတော့ အသိမ်းခံရ၊ ဆင်းရဲတွင်းပိုနက်လာ၊ ဗိုလ်ချုပ်ကြီးတွေ၊ သူတို့နှင့် နီးစပ်သူများကျတော့ အဆမတန် ကြီး ပွားချမ်းသာသွားကြသည့်အခါ ပြည်သူတွေက တပ်မတော်ကို မကြည်ညိုနိုင် ဖြစ်သွားကြတော့တာပါပဲ။

လူအများစုကတော့ စစ်တပ်ကိုနှာခေါင်း ရှုတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်က ထိုသို့သောသူများကို ပြောရပါသည်။“ခင်ဗျားတို့ ၀ါးလုံးသိမ်းနဲ့ မမုန်းကြပါနဲ့။ စစ်ဗိုလ်တိုင်း စားရတာ မဟုတ်ဘူး။ ကျုပ်က တပ် ထဲမကြာခဏ ရောက်နေလို့ သိပါတယ်” ဟူ၍ ပြောရခြင်း ဖြစ်ပါသည်။

ချုပ်ပြောရသော် ပြည်သူများသည် တပ်မတော်ကို ရှေးကလိုပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်စေလိုပါ သည်။ မိမိတို့ဆန္ဒ နှင့်တစ်သားတည်းကျသော တပ်မတော် ဖြစ်စေလိုပါသည်။ တပ်မတော်နိုင်ငံရေးထဲ ပါလာတာ ပထမကအာဏာလိုချင်၍ မဟုတ်မှန်းလည်း သိကြပါသည်။သို့ရာတွင် ပြည်သူကတင်မြှောက် သောပါတီကို အာဏာမအပ်ဘဲ နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်ထားတာကျတော့ အာဏာလိုချင် လို့ပဲ ဟု မြင်လာကြပါသည်။

ယနေ့အချိန်တွင် တပ်မတော်သည် မိမိ၏နေရာမှန်၊ မိမိနဂိုတုန်းကရှိခဲ့သော ဂုဏ်သိက္ခာကို ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီလိုလားသူများနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်ယူရန်အကောင်း ဆုံးအချိန် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး ပြောလာသောစကားများကို ကျွန်တော် လေ့လာကြည့်မိ သလောက်ဆိုရင် သူကလည်း သူ့ဖခင်တည်ထောင်ခဲ့သော တပ်မတော်ကို အလွန်သံယောဇဉ်ရှိပုံ ရပါ သည်။

ထိုပကတိ အခြေအနေတွေကို တပ်မတော်ခေါင်းဆောင်များက မျက်ကွယ်ပြုပြီး မိမိတို့ယခင်ကိုင်စွဲထား သည့် အယူအဆအတိုင်း တင်းခံနေမည်ဆိုလျှင် ဒီမိုကရေစီကိုလည်း ကျွန်တော်တို့ အိပ်မက်မမက်ရဲ ဖြစ်ပါမည်။ အကောင်းဆုံးကတော့ အရေးပါသူ သက်ဆိုင်သူများ ညှိညှိနှိုင်းနှိုင်းဖြင့် ဆွေးနွေးယူကာ ကျွန်တော်တို့ပြည်သူတွေအတွက် အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ရေး ဖြစ်ပါသည်။

ကျွန်တော်တို့ပြည်သူတွေ ရင်ဘတ် ဖိထားရမည့်လမ်းကြောင်းမျိုး မရွေးဘဲ တပ်မတော်ကို ပြည်သူနှင့် တစ်သားတည်း ဖြစ်အောင် ပြန်လည်အဖတ်ဆယ်ကြပါဟု တပ်မတော်ခေါင်းဆောင်များကို တိုက်တွန်း မေတ္တာရပ်ခံလိုပါသည်။

ဦးတင်ဦး(ကျူရှင်)
Mizzima burmese

Kim နဲ့ Alex ကို နိုင်ငံသား ပြန်လျောက်ခိုင်းတာမျိုး မဟုတ်ဘဲ မူလနိုင်ငံသား အဖြစ်ပြန်ပေးတာမျိုးဖြစ်သင့်ပါတယ်..
သူတို့က အစထဲက မြန်မာနိုင်ငံသား တွေ ဖြစ်တဲ့ အတွက်
အစိုးရက ပြန်ပေးတာမျိုးဘဲ ဖြစ်ရမယ်လို့ ထင်တယ်....
၂၀၁၅ နဲ့ခြေဥပြင်ဖို့အတွက် ကျွန်မတို့ သတိထားရတော့မယ်။ သမ္မတဖြစ်ဖို့ရန်အတွက် သားနှစ်ယောက်ကနိုင်ငံသားဖြစ်ရမယ်လို့ ပြောကြပြန်ပြီ။

အရင်ကမြန်မာနိုင်ငံသားဖြစ်တဲ့ ကင်း(မ)တို့ကို ဘာကြောင့်မြန်မာနိုင်ငံသားစာရင်းက ပယ်ဖျက်ခဲ့တာလဲ။ ၁၉၈၂ ခုနှစ် ထုတ်တဲ့ ဥပဒေတခုမှာ တခြားနိုင်ငံသားခံထားမှပယ်ဖျက်လို့ရတာလို့သိထားပါတယ်။ ၁၉၈၉ ထိမြန်မာနိုင်ငံသားဖြစ်တဲ့သူတို့နှစ်ယောက်က ဘာကြောင့်မြန်မာနိုင်ငံကနေပယ်ခဲ့တာလဲ။၁၉၉၅ -၉၆ ကျွန်မအတူရှိချိန်ကင်း(မ)ကသူ့ကိုသူမြန်မာလို့ပဲဟစ်ကြွေးနေတုန်း။ ဒီသမိုင်းကို ဖျောက်လို့ရသလား ။

ရှင်းပါတယ် ။ အခု ကင်း(မ)နဲ့ အဲလက်ဇန္ဒားက ၂၀၀၇ Myanmar Times နဲ့ Asia Times သတင်းမှာ ဗြိတိန်နိုင်ငံသားခံသွားပါပြီလို့ တွေ့ရပါတယ်။ အဲဒါကိုသိထားတဲ့ လူတစုက လုပ်ကြံပါပြီ ။ ဒီနေ့ ရှေ့နေတယောက်ကိုကျွန်မဖုန်းဆက်မေးပြီးပါပြီ။

လက်ခံထားပြီးသားနိုင်ငံသားကို ပယ်ဖျက်လို့မရပါဘူး။ တကယ်တော့ ဗြိတိန်နိုင်ငံကလဲလူသားခြင်းစာနာမူနဲ့ နိုင်ငံသားဖြစ်ခွင့်ပေးတာ။

မြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်ကြိုးစားခဲ့တဲ့ဗိုလ်ချုပ်၊ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်မြေးတွေက နိုင်ငံမဲ့နဲ့နေရမှာလား။

မေမေစုက တကယ်ပဲမြန်မာနိုင်ငံအတွက်လုပ်ရင် သားတွေကို နိုင်ငံသားလုပ်ခိုင်းရတော့မယ် ဒီလိုဖြစ်အောင်လုပ်တာ။ မေမေစုကပြောဘူးတယ်။ သူသမ္မတ ဖြစ်ဖို့အတွက် သားတွေကို ဒီလိုလုပ်ပါဟိုလုပ်လုပ်ပါဆိုတာမျိုးမတောင်းဆိုဘူးလို့ပြောတယ်။ မတရားရာရောက်မှာလို့ပြောထားတာကို အခွင့်ကောင်းယူတာ။

သူတို့ချုပ်နှောင်ချင်တိုင်းသူတို့လိုချင်တဲ့ဂွင်ကိုရောက်အောင်အမျိုးစုံလှည့်ပတ်နေတာ။ သူတို့ဆင်တဲ့အကွက်ကိုမရောက်အောင် ကျွန်မတို့သွားနိုင်အောင်ကြိုးစားကြမယ်။သမိုင်းအမှန်ကိုကာကွယ်ရမယ်

Esther Ohnmar

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေး အတွက် ဥပဒေကြောင်း ဆိုင်ရာ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ရေး ပါတီက သဘောတူလိုက်ပါပြီ။

ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ပေးဖို့ သဘောတူတာဟာ ချွေးမနဲ့ သားမက်တွေ နိုင်ငံခြားသားဖြစ်ရင် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံဖို့ အရည်အချင်းမပြည့်စုံ ဆိုတဲ့ အချက်ကိုသာ ပြင်ဆင်ပေးဖို့ သဘောတူတာ ဖြစ်ပြီး သားနဲ့ သမီးတွေ နိုင်ငံခြားသား ဖြစ်နေရင်ဆိုတဲ့ အချက်ကိုတော့ ပြင်ဆင်ပေးဖို့ သဘောတူ မထား ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ ပြည်ပတိုင်းပြည်ရဲ့ နိုင်ငံသားတွေ ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ ဒုတိယ သမ္မတလောင်း အဖြစ် အရွေးခံနိုင်တဲ့ အရည်အချင်း မပြည့်မီနိုင်သေးပါဘူး။

ဒုတိယသမ္မတလောင်း အဖြစ် အရွေးခံဖို့ အရည်အချင်း မပြည့်မီရင် သမ္မတလည်း မဖြစ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုတိယသမ္မတ၊ သမ္မတ အဖြစ် အရည်အချင်းပြည့်မီချင်ရင် သားတွေကို မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့် လျှောက်ထားလိုက်ရင် ရနိုင်ပါပြီလို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ မြန်မာနိုင်ငံသား ဖြစ်ချင်တယ်ဆိုရင် လက်ရှိသူတို့နိုင်ငံသား ဖြစ်နေတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

သားတွေက မြန်မာနိုင်ငံသား အဖြစ်လျှောက်ထားမယ်ဆိုရင် လက်ခံမခံ ဆိုတဲ့အချက်ကို လက်ရှိ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ဖွယ်ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ဖို့ သဘောတူတဲ့ အပိုင်းကိုလည်း လွှတ်တော်မှာ တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရဦးမှာ ဖြစ်ပါတယ်။

bbc burmese

ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေကိုပြင်ဆင်ထားသည့် ဥပဒေ ကြမ်းတွင် ပုဒ်မ၁၈ကို ပယ်ဖျက် ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် နေသည့် အဆိုပါပုဒ်မအပြင် မူလဥပဒေပါ ပြဋ္ဌာန်းချက်တချို့ ကိုလည်း ပြင်ဆင်ထားကြောင်း ဒီဇင်ဘာ ၁၃ရက်ထုတ် နိုင်ငံ တော်ပြန်တမ်း ၏ ဖော်ပြချက် အရ သိရသည်။

ယင်းပြန်တမ်းတွင် ပြင် ဆင်သည့် ဥပဒေကြမ်း၌ မူလ ဥပဒေပါ အခန်း(၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းမှ ပုဒ်မ၁၈ကို ဖြုတ်ထားပြီး ဥပဒေပါခွင့်ပြုမိန့် ဆိုသည့် စာသားများနေရာတွင် အကြောင်းကြားစာ၊ အကြောင်း ပြန်ကြားစာ စသည့် စကားလုံး များဖြင့် အစားထိုးထားတာကာ အခန်း(၄) ခွင့်ပြုမိန့်ထုတ်ပေး ခြင်းနှင့် ငြင်းပယ်ခြင်းစာသား နေရာတွင် အကြောင်းကြားစာ အား ကူညီဆောင်ရွက်ခြင်းဟူ ၍ ပြင်ဆင်ထားသည်ကို တွေ့ ရသည်။

အခန်း(၄)ပုဒ်၅ကို ပြင်ဆင် ထားချက်အရဆိုပါက သက် ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက် ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ၏အကူအညီဖြင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေး(သို့) ပြည်သူ့အကျိုးငှာပြ ဋ္ဌဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်စေရန် အကြောင်း ကြားစာပေးပို့သူနှင့် ညှိနှိုင်းဆွေး နွေး ပူးပေါင်းဆောင်ရွက်ပေး ရမည်ဟုပါရှိသဖြင့် ယင်းပုဒ်မ ပြင်ဆင်ချက်အရ ယခင်ကဲ့ သို့ ခွင့်ပြုမိန့် လျှောက်ထားခြင်းကို ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ် ခြင်းပြုနိုင်သည်ဆိုသည့် စာသား ကို ပယ်ဖျက်ထားသည်ကိုတွေ့ ရပြီး ယခင်နိုင်ငံရေးအင်အားစု များနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ တောင်းဆိုထား သည့် အချက် အများစု ကို ပြင် ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။သို့ရာတွင် ထိုသို့နိုင်ငံ တော်ပြန်တမ်းပါ ငြိမ်းစုစီဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း တွင်ပြင်ဆင်ထားသည့် အချက် များနှင့်ပတ်သက်၍ ပုဒ်မ-၁၈ ကိုဖျက်သိမ်းပေးထားမှုမှာ အ ပြုသဘောဆောင်သော်လည်း တချို့ပြင်ဆင်ချက်များမှာ စကားလုံး အရ ပြင်ဆင်မှုများသာဖြစ် ကာ ဥပဒေ၏ အနှစ်သာရ ပြောင်းလဲမှုကိုမူ မတွေ့ရသေး ကြောင်း၊ လွှတ်တော်၏ဆုံးဖြတ် မှုအခြေအနေကို စောင့်ကြည့် ရန်လိုအပ်နေသေးကြောင်း ပုဒ်မ -၁၈ဖျက်သိမ်းရေး လှုပ်ရှားနေ သူများနှင့် အဖွဲ့ အစည်း အသီး သီးမှ ပြောကြားကြသည်။

လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေးကော် မတီဝင် ဦးရဲအောင်က ''ဒါကို ကျွန်တော် သေချာတော့ မသိ ဘူး။ ဒါပေမဲ့ ဒီပြင်ထားတဲ့ဟာ မှာ ပြန်လှည့်ထားတာရှိတယ်။ ဘာလဲဆိုတော့ ခွင့်ပြုမိန့်ဆိုတဲ့ နေရာမှာ အကြောင်းကြားစာ ဆိုပြီး စကားလုံး နဲ့ပြန်လှည့်ထား တာဖြစ်တယ်။ ပြီးတော့ အ ကြောင်းကြားစာကို လက်ခံပြီး ရင် ပြန်ပြီးအကြောင်းကြားစာ ကို စောင့်ရဦးမယ်။ ကျွန်တော် တို့လိုချင်တာက နိုင်ငံတကာမှာ လဲ ရှိပြီးသားပါ။ အကြောင်း ကြားရမယ် ဆိုတာ ကို လက်ခံ တယ်။ ဒါပေမဲ့ ခွင့်ပြုမိန့်(အ ကြောင်းကြားစာ)ကို ပြန်စောင့် ရမယ်ဆိုတာကို လိုချင်တာမ ဟုတ်ဘူး။ ဒါဟာ စကားရပ်နဲ့ပဲ လှည့်ထားတာဖြစ်တယ်''ဟု သုံးသပ်ပြောသည်။ပုဒ်မ-၁၈ကို ဖြုတ်ထားပြီး ၁၈နှင့် အရေးမယူသော်လည်း ခွင့်ပြုခြင်းမရှိဘဲ လုပ်မည်ဆို ပါက တခြားပြစ်ဒဏ်များဖြင့် အရေးယူမည်ဆိုသည့် သဘော ဖြစ်နေကြောင်း အမှန်တကယ် ဖြစ်သင့်သည်မှာ ဥပဒေတစ်ခု ပြဋ္ဌဌာန်းမည်ဆိုပါက အခြေခံ ဥပဒေ တွင် ပါသည့် အချက်များ နှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရှုစစ် ဆေးရမည်ဖြစ်ကာ အခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ဆန်းစစ် သင့်ကြောင်း၊ ယခုအခြေအနေ သည် ခုံရုံးကိုမေ့ထားသကဲ့သို့ ဖြစ်နေကြောင်း၊ ငြိမ်းစုစီဆိုသည် မှာ နိုင်ငံတကာတွင် ရှိပြီး သား ဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း ရှိသင့်သည့် ဥပဒေတစ်ခုဖြစ် ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီ စနစ်၌ လူတစ်ဦးစီ၏အခွင့်အ ရေးကို ကူညီစောင့်ရှောက်ပေး ကာ တခြားတစ်ဖက်တွင် ပြည် သူများ၏လွတ်လပ်ခွင့်ကို ကာ ကွယ် စောင့် ရှောက် ပေးသည့် ဥပဒေမျိုးဖြစ်သင့်သည်ဟု ယင်း က ဆက်လက်ပြောသည်။

ပုဒ်မ-၁၈ဖြင့် ဖမ်းဆီးခံခဲ့ ရပြီး ဒီဇင်ဘာ၁၁ရက်တွင် ပြန် လည်လွတ်မြောက်လာခဲ့သည့် ဦးဒီငြိမ်းလင်းက ''အခုလို ပုဒ်မ -၁၈ကိုဖြုတ်ထားတာ ပြင်ဆင် ချက်အချို့ကို ပြင်ဆင်ပေးထား တာက အပြုသဘောဆောင် ပေမယ့် ဘယ်လို ပုံစံနဲ့ပြင် ဆင် ထားတယ်ဆိုတာလဲ မသိသေး ဘူး။ လွှတ်တော်မှာ ဒါကိုဆွေး နွေးဖို့ရှိတယ်ဆိုတာလဲ သိထား ရတဲ့အတွက် စောင့်ကြည့်ရဦး မယ်။ စာသားအရ ပြောင်းလဲ ထားပေမယ့် အနှစ်သာရအ ပြောင်းအလဲက ဘယ်လိုရှိလာ မလဲ လွှတ်တော် မှာဆွေး နွေး တဲ့အခါ အပြင်မှာလဲ အားလုံး က ဒါကို ပြင်းပြင်းထန်ထန်ကန့် ကွက်နေကြတယ်ဆိုတာလဲ သိ ပြီးသားဖြစ်တဲ့အတွက် ပြည်သူ့ အသံ၊ ဆန္ဒ ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ ကြည့်ပြီး မှ လက်တွေ့လက်ခံ ရပါလိမ့် မယ်''ဟု ဆက်သွယ် မေးမြန်း မှုကို ဖြေကြားသည်။

ပြင်ဆင်သည့်ဥပဒေကြမ်း ပါ ပြင်ဆင်ထားသည့်အချက် များမှာ စကားအားဖြင့် ပျော့ ပျောင်းလာသော်လည်း ဥပဒေ အရ တင်းမာလျက်ရှိပြီး ခွင့်ပြု မိန့်တောင်းခံခြင်းကို လုပ်မြဲအ တိုင်း တောင်းခံရမည်ဖြစ်ခြင်း ပုဒ်မ-၁၉ကို ပြင်ဆင်ခြင်းမရှိ သည့် အတွက် ယင်းပုဒ်မပါပြစ် ဒဏ်များအတိုင်း ချမှတ်ခံရမည် ဖြစ်ခြင်းတို့ကြောင့် ပြင်ဆင်ချက် တချို့ရှိလာသော်လည်း ယင်း တို့မှာမလုံလောက်ဘဲ ဥပဒေ တစ်ခုလုံးကို ဖျက်သိမ်းသင့် ကြောင်း ရှေ့နေများကွန်ရက် အဖွဲ့ဝင် တရားလွှတ် တော်ရှေ့ နေ ဦးကြီးမြင့်က ပြောသည်။
YANGONMEDIA GROUP
ကောင်းမြတ်ကျော်၊ ရွှေရည်မဉ္ဇူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။

၎။ ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

MOI Webportal Myanmar
Popular Myanmar News Journal

လွန်ခဲ့တဲ့ရက်ပိုင်းက စင်္ကာပူနိုင်ငံမြန်မာသံရုံးက မြန်မာပြည်သွားရောက်ရန် ဗီဇာငြင်းပယ်ခံရတဲ့ နော်ဝေးနိုင်ငံကူးလက်မှတ်ကိုင် ဆောင်ထားသူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန်ဟာ ဒီကနေ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကနေ ထပ်မံလျှောက်ထားရာ၊ မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးက ဗီဇာထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လာမဲ့နှစ်သစ်ကူးနေ့(၁ရက် ဇန်န၀ါရီ ၂၀၁၄)နေ့မှာ အသက် ၈၁နှစ်အရွယ်ရှိ မိခင်အိုကြီးကို တွေ့ရတော့မယ့် ယခင် ဗသကပြန်ကြားရေးမှုးဟောင်း ကိုသူရိန်ဟာ သူရဲ့ ၂၆နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို ပြန်လည်ခြေချနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ လည်ပတ်နေထိုင်နေစဉ်ကာလအတွင်း ကိုသူရိန်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဘက်များနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကိုလည်း လေ့လာသွားမယ်လို့ ပြောခဲ့ပါတယ်။

" ကျနော့အနေနဲ့ နော်ဝေးနိုင်ငံသားခံယူထားခဲ့ပေမဲ့ မြန်မာနိုင်ငံသားတယောက်လိုပဲ စိတ်မှာခံယူထားပါတယ်၊ မြန်မာ့အရေးကို သေတပန်သက်ဆုံးလုပ်သွားဖို့လည်း ဆုံးဖြတ်ထားတယ်၊ နိုင်ငံရေးစိတ်က ဘယ်တော့မှကုန်ဆုံးသွားမှာမဟုတ်ဘူး၊ အခုခရီးစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲကျရင် ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်ရေးသာမက အင်န်အယ်လ်ဒီပါတီမဲအောင်နိုင်ရေးအတွက်ပါ လက်လှမ်းမှီသလောက် မိတ်ဆွေရဲဘော်တွေနဲ့ ဆွေးနွေးထောက်ခံသွားမှာဖြစ်ပါတယ်" လို့ ကိုသူရိန်ကပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စင်္ကပူသံရုံးကနေ ဗီဇာငြင်းပယ်ခံရတဲ့ကိုသူရိန် ပြည်ဝင်ခွင့်ရရှိရေးအတွက် ရန်ကုန်နဲ့ ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ ယခင်လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးလှုပ်ရှားသူများကလည်း သမတရုံးနဲ့ သက်ဆိုင်ရာ ပုဂိုလ်များထံချည်းကပ်ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခ္ခု အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ ကိုသူရိန်ဟာ မြန်မာပြည်တွင်းနေထိုင်ခဲ့စဉ်ထက် ပြည်ပမှာနေထိုင်ခဲ့တဲ့နှစ်က ပိုမိုကြာမြစ်ခဲ့ပြီဖြစ်ပါတယ်။ ကိုသူရိန်ဟာ မြန်မာနိုင်ငံအတွင်း သီတင်း ၃ပတ်ကြာနေထိုင်သွားမယ်လို့လည်း သိရပါတယ်။

ကိုညို သတင်းရေးသည်။
၃၀၊၁၂ ၂၀၁၃.။

(30 December 2013 ရက်စွဲပါ The Washinton Post မှ အယ်ဒီတာဘုတ်အဖွဲ့၏ Will Burma choose to be a true democracy? ကို ဘာသာပြန်ဆိုသည်။)

အာဏာရှင်များ၏ နောက်ဆုံးပေါ်ဖက်ရှင်မှာ တက်နိုင်သမျှ ဒီမိုကရက်တစ်အသွင်ဖြင့် ထွက်ပေါ်လာနိုင်ရေး ဖြစ်ပါသည်။ ဥပမာအားဖြင့် အီဂျစ်မှ အစိုးရသည် အခြေခံဥပဒေတစ်ခုကို ရေးဆွဲခဲ့ရာ ထိုအခြေခံဥပဒေသည် စစ်တပ်ကို တိုင်းပြည်၏ အဆုံးအဖြတ်ပြုသော အင်အားစုအဖြစ် ရှေ့တန်းတင်ထားပါသည်။ သို့သော် ဆန္ဒခံယူပွဲတစ်ခု ကျင်းပရမည် ဖြစ်ပါသည်။ အစိုးရဆန့်ကျင်သူများကို ပို၍ဖမ်းဆီးကာ ထောင်ထဲသို့ ပို့နေသော်လည်း အများကြိုက်အစိုးရ အသွင်ဖြစ် အောင် မြှင့်တင်မှုများ ပြုလုပ်နေပါသည်။

၂၀၁၄ အတွက် အရေးပါလှသော မေးခွန်းမှာ မြန်မာနိုင်ငံမှ အုပ်ချုပ်သူများသည် ထိုလမ်းကြောင်းအတိုင်း လိုက်မည်လော ဆိုသည်နှင့် ထိုလမ်းကြောင်းအတိုင်း လိုက်ခဲ့ပါက အမေရိကန်ပြည်ထောင်စုကရော မှားနေသော လမ်းကြောင်းကို အများသိအောင် ထောက်ပြသည့်ဖက်မှ ရပ်တည်မည်လော ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ ထိုကိစ္စသည် အိန္ဒိယ၊ တရုတ်နှင့် ထိုင်း နိုင်ငံများကြားတွင် မဟာဗျူဟာကျစွာ တည်ရှိနေသော မြန်မာနိုင်ငံမှ သန်း (၆၀) သော ပြည်သူများအတွက် အရေးပါသည့် ကိစ္စရပ်ဖြစ်ပါသည်။ ဤကိစ္စသည် ဒေသတွင်းသာမက ဒေသတွင်း နယ်နိမိတ်ကို ကျော်၍ သက်ရောက်မှုရှိသော ကိစ္စရပ်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုနှစ်များအတွင်း နိုင်ငံအတော် များများတွင် လွတ်လပ်ခွင့်ကို ကန့်သတ်မှုများ ပြုလုပ်လာကြရာ ထိုအထဲတွင် မြန်မာနိုင်ငံမှာ အများဆုံး အာရုံစိုက်ခံရ သည့် နိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

ပြီးခဲ့သည့် ရာစုနှစ်တစ်ဝက်ခန့်တွင် မြန်မာနိုင်ငံမှ စစ်အစိုးရသည် ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးအစိုးရများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ အထီးကျန်ပြုခံရဆုံး နိုင်ငံများတွင်လည်း ပါဝင်ပါသည်။ ထို့နောက် မြန်မာအစိုးရသည် နိုင်ငံတကာ အရေးယူမှုများနှင့် စီးပွားရေးတွင် တရုတ်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ သည်ဟု အမျိုးသားလုံခြုံရေးအကြံပေး Susan E.Rice က Georgatown တက္ကသိုလ်တွင် မကြာသေးမီက ပြောဆို ခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ပေးခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကိုလည်း လွှတ်ပေးခဲ့ပါသည်။ ထို့အပြင် အစိုးရသည် နှစ်ပေါင်းများစွာ တိုက်ခိုက်နေသော တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးများ ဆွေးနွေးလျက် ရှိပါသည်။

သို့သော် အစိုးရက မည်သည့်လမ်းကြောင်းကို ရွေးခဲ့လေသနည်း။ စစ်မှန်သော ဒီမိုကရေစီလား၊ အပြကောင်းရုံ သက်သက်လား၊ ၂၀၁၅ တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်ရာ ၂၀၁၄ တွင် အခြေခံဥပဒေကို ပြင်ဆင် ခြင်းမပြုပါက အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးချယ်မှုတွင် ဖယ်ထုတ်ထားရုံမက တိုင်းပြည်၏ နာမည်အကြီးဆုံး နိုင်ငံရေးသမားအား တားဆီးထားမှု၌ ၎င်းအတွက်မဲပေးမှုများကို တရားမဝင်နိုင်အောင် ရေးဆွဲထားပါသည်။ ၎င်း၏ လက်ရှိ အခြေခံဥပဒေမှာ အီဂျစ်တွင် အဆိုပြုထားသော အခြေခံဥပဒေ ကဲ့သို့ပင် စစ်တပ်ကို မတို့မထိနိုင်အောင် ထိန်းသိမ်း ကာကွယ်ပေးထားပါသည်။ ဥပမာအားဖြင့် လွှတ်တော်တွင် စစ်တပ်မှ ၂၅% ရယူပေးထားခြင်းမျိုး ဖြစ်ပါသည်။ ၎င်းမှာ ဒီမိုကရေစီနှင့် ကိုက်ညီခြင်း မရှိပေ။

နောက်ထပ်သတိပေးနေသည့် လက္ခဏာများစွာ ရှိနေပါသေးသည်။ အစိုးရသည် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးအစီအစဉ်ကို ပြည့်စုံစွာ မလုပ်ဆောင်နိုင်သေးမီ နောက်ထပ်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်ပြင်၊ ယခုထိ လွှတ်ပေးမှုများတွင် သတ်မှတ်ချက်များ ပါဝင်ပါသည်။ မွတ်ဆလင်များအပေါ် ဗုဒ္ဓဘာသာများ၏ အကြမ်းဖက်မှုများ (ဗုဒ္ဓဘာသာအများစု ပါဝင်လုပ်ဆောင်ပါသည်) မှာလည်းအရေးယူမှု မရှိပဲ၊ အချို့ကိစ္စရပ်များတွင် အစိုးရ တာဝန်ရှိသူများ ၏ မြှောက်ပင့်ပေးမှုများပင် ပါဝင်ပါသည်။ ဆန့်ကျင်ဖက်အားဖြင့် ထိုအကြမ်းဖက်မှုများ ရပ်တန့်အောင် လုပ်ဆောင်သည့် ရဲရင့်သည့် မွတ်ဆလင်ခေါင်းဆောင် ထွန်းအောင်ကဲ့သို့သော လူများကို ထောင်ချ ထားပါသည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများမှလည်း တိုးတက်မှုရလဒ်အနည်းငယ်သာ ရပါသေးသည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အသွင်ကူးပြောင်းရေး ပြည့်ပြည့်ဝဝမဖြစ်မြောက်မီ ကိုင်တွယ်ဆောင်ရွက် စရာတွေများစွာ ရှိနေပါသေးတယ်” ဟု Ms.Rics က ပြောပါသည်။ မေးခွန်းမှာ မြန်မာခေါင်းဆောင်များသည် အခု လတ်တလော ဒီမိုကရေစီစစ်စစ်မဟုတ်သေးသည့် အခြေအနေကို အစစ်အမှန်ဟု လက်ခံမှတ်ယူပြီး တစ်ဝက်နှင့်ရပ်ကာ ၎င်းတို့အာဏာကို ဆက်လက်ထိန်းသိမ်းမည်လော သို့မဟုတ် မြန်မာနိုင်ငံသားများအား ၎င်းတို့ ခေါင်းဆောင်ကို လွတ် လပ်စွာ ရွေးချယ်ခွင့်ပြုရန် ပြင်ဆင်နေပြီလော ဆိုသည်ကို မေးရမည် ဖြစ်ပါသည်။ Obama အစိုးရက ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးသင့်သည့် ကိစ္စမှာ ပထမရွေးချယ်မှုကိုတော့ဖြင့် မရွေးချယ်မိစေရန် ဖြစ်ပါသည်။

yangonchronicle

(ရန်ကုန်မြို့တွင်နေထိုင်သူ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းသည် မြန်မာပြည်နိုင်ငံရေးအခြေအနေကို စောင့်ကြည့် အကဲခတ်ပြီး စာနယ်ဇင်းများတွင် သုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူတစ်ဦးဖြစ်သည်)

၂၀၁၃ ခုနှစ်ထဲမှာ သမ္မတဦးသိန်းစိန်က ဝါရှင်တန်ကိုသွားတယ်၊

အိုဘားမားနဲ့ တွေ့တယ်၊ မြန်မာပြည်ရဲ့အကြီးအကဲတစ်ယောက်ကို အမေရိကန်အစိုးရကနေ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံတဲ့ ဖြစ်စဉ်လို့ ကျနော် နားလည်တယ်။ အဲဒီတွေ့ဆုံမှုနောက်ပိုင်းမှာ အမေရိကန်နဲ့မြန်မာရဲ့ ဆက်ဆံရေးက အများကြီး ကောင်းမွန်လာတယ်။ မြန်မာပြည်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သိသိသာသာ လျှော့ချလာတယ်၊ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြားမှာ ဆက်ဆံရေးတော်တော်ကြီး မြင့်တက်လာတယ်။

အမေရိကန်ကလည်း မြန်မာပြည်နဲ့ အင်မတန် ပြေလည်တဲ့ဆက်ဆံရေး ရှိချင်တယ်၊ အဓိကအကြောင်းရင်းက တရုတ်ရဲ့ မြန်မာပြည်အပေါ် နိုင်ငံရေး နဲ့ စစ်ရေးဘက်မှာ သြဇာသက်ရောက်မှုကို အမေရိကန်က ထိန်းညှိချင်တဲ့ဆန္ဒကလည်းတော်တော်များပုံရတယ်။ ကျနော်တို့နိုင်ငံကို အမေရိကန်က အရှေ့တောင်အာရှရဲ့ မဟာဗျူဟာမြောက်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားလိမ့်မယ်လို့ ကျနော် ယူဆတယ်။ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တ၀ိုက်မှာ အမေရိကန်က သူ့သြဇာ ကွန်ရက်ကို တည်ဆောက်ဖို့ဆိုရင် မြန်မာနိုင်ငံက အကောင်းဆုံးအနေအထားမှာ ရှိတယ်၊ ဒါကြောင့် အမေရိကန်ကိုယ်တိုင်က လိုလိုလားလားနဲ့ ဦးသိန်းစိန်အစိုးရကိုစေ့စပ်ညှိနှိုင်းခဲ့တယ် ဆိုတာဟာလည်း ဖြစ်နိုင်ချေ အများကြီး ရှိတယ်။

ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတခုကို နှစ်ဆန်းပိုင်းမှာ ဖွဲ့တယ်၊ အစိုးရဘက်က ဝန်ကြီးတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေပါတယ်။ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်း ပါတယ်။ တကယ်တော့ နိုင်ငံရေးအကျဉ်းသားဆိုတာ အစိုးရက ဖမ်းထားတာ၊ ဒီလူတွေ နိုင်ငံရေးအကျဉ်းသားဖြစ်ခြင်း မဖြစ်ခြင်းကို အစိုးရကသာလျှင် အကဲဖြတ်ရမယ့်အစား အားလုံးပါဝင်တဲ့ ကော်မတီတစ်ခု ဖွဲ့ပြီးတော့ indirect lobby သဘောမျိုး လုပ်နိုင်ခဲ့တယ်၊ နိုင်ငံတကာစိတ်ဝင်စားတဲ့ဖြစ်ရပ်တခုဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ အစိုးရရော အရပ်ဘက်လူမှုအဖွဲ့တွေ ပါဝင်လာပြီး နိုင်ငံတကာစိတ်ဝင်စားမှုပိုရအောင်၊ လွှတ်ပေးတဲ့အခါမှာလည်း နိုင်ငံတကာတုံ့ပြန်မှု ကောင်းကောင်းရအောင် ၂၀၁၃ ခုနှစ်အတွင်း လုပ်နိုင်ခဲ့တယ်လို့ ကျနော် မြင်တယ်။

ကော်မတီမဖွဲ့ဘဲ ဒီအတိုင်း လွှတ်ပေးလိုက်ရင် သူတို့ရလာမယ့်အကျိုးအမြတ်၊ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုက သိပ်ပြီးတော့ ပေါ်လွင်မှာ မဟုတ်ဘူး။ အဲဒီအခါကျတော့ သီးခြားကော်မတီတစ်ခု ဖွဲ့တယ်၊ အဲဒီကော်မတီက အစည်းအဝေးတွေ သတင်းထုတ်ပြန်ချက်တွေလုပ်တယ်၊ ဒီလိုပုံစံနဲ့လုပ်လိုက်တော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှု စိတ်ဝင်စားမှု အများကြီး ရလာတာဟာ အရပ်ဘက်လူမှုအဖွဲ့တွေ၊ နိုင်/ကျဉ်းအဖွဲ့တွေကို သွယ်ဝှိုက်ပြီးတော့ အသုံးချတဲ့သဘောသက်ရောက်တဲ့ပုံစံ ရှိတယ်။

၂၀၁၃ ဧပြီမှာ ဥရောပသမဂ္ဂက မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေ လျှော့ချတယ်၊ လက်နက်ရောင်းဝယ်တာကလွှဲလို့ ကျန်တာတွေကို ဖွင့်ပေးလိုက်တယ်။ ၂၀၁၃ ထဲမှာ ဦးသိန်းစိန်အစိုးရရဲ့ ကြီးမားတဲ့အောင်မြင်မှုပဲ။ ဒီလိုဖွင့်ပေးခြင်းဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အားလုံးနဲ့ ဆက်စပ်နေတဲ့အတွက် ဒါဟာ မြန်မာနိုင်ငံအစိုးရအတွက် နိုင်ငံတကာဆက်ဆံရေးမျက်နှာစာမှာ အများကြီး အားကောင်းပြီးတော့ တောင့်တင်းခိုင်မာတဲ့အနေအထားကို ရသွားတယ်လို့ ကျနော်မြင်တယ်။

ဦးသိန်းစိန်အစိုးရရဲ့ အဓိက မအောင်မြင်မှုကတော့ … ဦးသိန်းစိန်တက်လာကတည်းက အမြဲတမ်း ပြောတဲ့ စကားတစ်ခု ရှိတယ်၊ ဆင်းရဲမွဲတေမှုလျှော့ချရေး ဆိုတဲ့ ပြဿနာ။ အဲဒီပြဿနာမှာတော့ ဒီအစိုးရဟာ တော်တော်ကြီးကို မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ လွန်ခဲ့တဲ့ သုံးနှစ်က အခြေအနေနဲ့ နှိုင်းရင် ပိုပြီးကြပ်တည်းလာတယ်လို့ ပြောလို့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ပြောရလောက်အောင် တက်လာတာ မတွေ့ရဘူး။ ပြည်သူလူထု ဆင်းရဲမွဲတေမှုလျှော့ချရေး၊ တစ်ဦးချင်းဝင်ငွေမြင့်တင်မှုအပိုင်းတို့မှာ တိုးတက်မလာဘူးလို့ ပြောရမယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းကို ကြည့်ရင်လည်းပဲ ကြီးကြီးမားမား တိုးတက်လာတာ မတွေ့ရဘူး။ ပြည်သူလူထု

ကျန်းမာရေးစောင့်ရှောက်မှုမှာ ဒီအစိုးရဟာ ၃ နှစ်တာကာလ အတွင်းမှာ သိသာတဲ့တိုးတက်မှုတစ်ခုကိုမှ မလုပ်နိုင်ခဲ့ဘူး၊

ပညာရေးကဏ္ဍမှာလည်း ၃ နှစ်တာကာလ အတွင်းမှာ ထူးထူးခြားခြားအပြောင်းအလဲ ဘာမှ မလုပ်နိုင်ခဲ့ဘူးလို့ ကျနော် မြင်တယ်။

ဦးသိန်းစိန် (ဓာတ်ပုံ – Hmuu Zaw Facebook) ========================================== ၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။ တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။

http://moemaka.com/archives/34703#sthash.uvq7uZCK.CA4nXPHn.dpuf

“ပေါ်ပြူလာဂျာနယ်၊ ပေါ်ပြူလာနယူးစ်ဂျာနယ် တို့ရဲ့ အယ်ဒီတာချုပ်ဆရာကိုမျိုး (မြန်မာစာ) ခင်ဗျာ။ ဆရာသာ အကယ်ဒမီအခမ်းအနားကြီး
ကို ပုံဖော်ဖန်တီးခွင့်ရမယ်ဆိုရင် ဘယ်လိုပြောင်းလဲ ချင်ပါသလဲ ဆရာ”
''ဟိုက်''
MRTV ရုပ်သံကြီးနှင့်ဆက်စပ်ရုပ်သံ Channel တွေကိုရိုက်ကူး တင်ဆက်နေသူ ကိုကျော်သက် လင်း (ယမန်နှစ်ထိအကယ်ဒမီအစီအစဉ်
တင် ဆက်ကြေညာသူအဖြစ် နှစ်ပေါင်းများစွာ ဆောင် ရွက်ခဲ့သူ)က အကယ်ဒမီကြိုတင် ခန့်မှန်းရင်ခုန် သံမေးရာကနေ ''အကယ် ဒမီ
အခမ်းအနားကြီး ကို ပုံဖော်ဖန်တီးခွင့်ရမယ်ဆိုရင် ဘယ်လိုပြောင်း လဲချင်ပါသလဲ''ဟု ဆိုင်းမဆင့် ဗုံမပါမေးလိုက် သည့်အခါ ဟုတ်သော်ရှိ မဟုတ်သော်ရှိစိတ်ကူး ယဉ်ဖြေပေးလိုက်နိုင်သော်ငြား ခေါင်းနားပန်းတော့ ကြီးသွားသည်။

စောစောကအကယ်ဒမီအခမ်းအ နားရီဟာ ဇယ်လေ့ကျင့်ဇာတ်တိုက်နေကြရာ စင်မြင့်ဘေး နားသွားကာ အလုပ်များနေကြသူ၊
ပင်ပန်းနေကြ သူမမို့ (အကယ်ဒမီမို့မို့မြင့်အောင်)တို့၊ ကိုလူမင်း (ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ)တို့ မြန်မာ့ရုပ်ရှင်လုပ် ငန်းကညွန် ကြားရေးမှူး အစ်ကိုကြီးဦးသိန်းထွန်း အောင်တို့ ကို ''ဟိုလိုလေးဆို ပိုမကောင်းဘူးလား။ ဓာတ်ပုံသတင်းထောက်တွေ ကင်မရာရိုက်လို့ ကောင်းအောင်ဒီ လိုလေးဆိုရင်ကော''ဟု အား မနာလျှာမကျိုး သွားပွားနေခဲ့ခြင်းကို
မြင်ပြင်း ကတ် ကာမေးလိုက်သည့်မေးခွန်းပေလားမသိ။ ပြောင်းလဲခြင်းတို့ အပြောင်းအလဲတို့ပြုပြင်ပြောင်းလဲခြင်းတို့က စကားလုံးအရအပြော
အရ နားဝင် ချိုလှပေမယ့်''ဘယ်လိုပြောင်း လဲချင်ပါသည်''ဟူ၍အဖြေလေး ချက်ကျလက်ကျပေးလိုက်နိုင်ဖို့ မှာ ပင်ဦး နှောက် စားလွန်းပါဘိ။လက်တွေ့ ကျကျလုပ်ဆောင်ပြကြဖို့မှာဆို ပို၍၊ သာ၍အခက်ပွေပေဦးတော့မည်။

မျက်လုံးပြူးစရာ မညှာ မတာဗျူးသည့် ရုပ်သံဆရာကိုဤမေးခွန်းမဖြေ လို့ မရဘူးလားဟူသည့် သဘောမျက်နှာ ချိုသွေး
အရိပ်အကဲပြပေမယ့်လည်း ဆရာသမား မှာ ရုပ်သံဝါသမ္ဘာရင့်မာသူကြီးပီပီ နိုင်ငံ တစ်ဝန်းက ပြည်သူပရိသတ်ကို ပြုံးပြသည့် အလား ရုပ်သံကင်မရာဘက်သို့သာ မျက်နှာမူ ပြီးကျွန်တော့်အဖြေကို ပြုံးပြုံးကြီး ငံ့လင့်နေ တော့ အခက်သား။ပရိသတ်အနေဖြင့် မည်သို့သဘောထား ရှု စားနေမည်မသိပေမယ့်ကျွန်တော့်မှာ ပြုပြင်ပြောင်း လဲနေတဲ့နိုင်ငံကြီး (ပြောင်း
လဲနေတာ လွတ်လပ် ရေးရကတည်းကနေ အခုထိ အခြေမကျနိုင်သေး။ ။ ဤကား ကြုံတုန်းလေး ဆိုင်ဆိုင် မဆိုင်ဆိုင် လှည့်ခွေလိုက်သည့်စကားချပ်တည်း။) မှာ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူပေါက် ဖွားလာသည့် မြန်မာ့ရုပ်ရှင်လောကမှာလည်း ပင်စည်ကြီးနှင့် အခက်အလက်တွေ လိုက်ပါပြောင်း လဲကြသလို သဘာဝဖြင့်ပြောင်း
ကြလဲကြမှုအပေါ် မဆင်မခြင်မဆို မိချင်ပါ။

ရီဟာဇယ်မှာ မီးအလှမီးမောင်းတွေ အနုပညာရှင်တွေအပေါ်ဖြာဆင်းမှု အား''ဘဘဦးတင်ယု
တို့ ခေတ်ကလက်နဲ့လှည့်ရ တဲ့ မီးမောင်းကြီးတွေထိုးတာလောက်တောင် အားမရသေးဘူး''ဟု အန်တီဂရေ့စ် (ဒေါ်ဆွေဇင် ထိုက်)က ကိုလူမင်းကို တိုင်တည်ကာ လှမ်း ပြော သည့်စကားကိုတောင် ကျွန်တော်ပြန်လည်ကြား ယောင်မိသည်။ အကယ်ဒမီပွဲကြီးကို ယခင်က ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေသူ တွေမှာ ပြုပြင်ပြောင်း လဲရေးသမားတွေပင်ဖြစ် သည်။

ပြုလွယ် ပြင်လွယ်ကိစ္စတွေကိုသာ ပြုပြင် နေကြရသူတွေဖြစ်သည့်တိုင်လူ့အလို နတ်မလိုက် နိုင်ဆိုသည့်သဘောမှာ မောနေကြပြီ။
''ဘယ်လိုပြောင်းလဲချင်ပါသလဲ''ဟု မေး လာသည့်စကားကို အဟုတ်ကြီးမှတ်ကာ ''ပို ကောင်းအောင်လုပ်မည်'' ဟု မစားရဝခမန်း
အနှောင့်အသွား မလွတ်ဆိုမိက ရှေးအစဉ်အလာ ကိုမီအောင်ပင်မနည်းလုပ်ဆောင်နေကြရတာ မျက်မြင် ကိုယ်တွေ့ဖြစ်လျက်နှင့်
အသားလွတ် ဖောင်းသည့်မဆင်မခြင်စကားသာ ဖြစ်ပေရော့ မည်။

ပြုပြင်ပြောင်းလဲရေးဟူသည် ရှေးကနှင့် မတူတစ်မူထူးရုံမျှမက ပိုမိုကောင်းမွန်အောင်လုပ် ဆောင်ပြနိုင်ကြလေမှမဟုတ်ပါလား။
အကယ် ဒမီပွဲမြင်ကွင်းမှာ ယခင်လိုရှုပ်ထွေးမှုမရှိစေရေးမီဒီယာကို အပေါ်ထပ်ခပ်ဝေးဝေးကသာ ရိုက် ကူးခွင့်ပြုခြင်းမှာပင် သဘောထားအယူအဆ အမြင်တွေညှိမရ၊ နှိုင်းမရ ဖြစ်နေရသေးသည်။ ဆုပေးမှုစင့်မြင့်ရှေ့တိုး၍ ရွေ့သည့်တိုင် ကင် မရာတချို့မှာ ကောင်းစွာရိုက်ကူးနိုင်မည်မဟုတ် သေး။
ဤအတွေးတွေဖြင့်စိတ်အိုက် နေခိုက် မှာပင် ''ဟုတ်ကဲ့...ဆရာမျိုး ..ဘယ် လိုပြောင်းလဲချင်ပါသလဲ''ဟုရုပ်သံဗျူး ဆရာက စကားထောက်ပေးလိုက်သည့်အခါ ပြောင်းလဲ ရေးကိစ္စကို စိတ်ထဲရှိသလိုပြောဖြစ်သွားပါတော့ သည်။''ပြောင်းလဲမှကိုရမယ်။ ဒီအတိုင်း ရိုက်လို့ ကတော့ အကယ်ဒမီပွဲက
ဘာရုပ်မှကို ထွက်မှာ မဟုတ်ဘူး။ မီဒီယာသမားတွေ စင်မြင့်ကိုမီအောင်ရိုက်နိုင်ဖို့ဆို မှန်ဘီလူးပြောင်းတိုတွေက အလုပ်မဖြစ်လို့
မှန်ဘီလူးကို ပြောင်းကိုပြောင်း လဲမှရမယ့် အကယ်ဒမီပွဲပါဗျာ''“ပြောင်းလဲလိုက်မှကို ရမယ့်အကယ်ဒမီပွဲကြီးပါဗျာ...

ကိုမျိုး(မြန်မာစာ)

Photo ..popular myanmar news journal
ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ မှာ ကျင်းပနေ တဲ့
မြန်မာ့ရုပ်ရှင်ဆုချီးမြှင့် ခြင်း အခု ဘဲပြီးဆုံးသွား ပြီ ဖြစ်ပါ တယ် ဒီနေ့ဆုရရှိ သွားတဲ့ သူတွေ ကတော့

အကောင်းဆုံးအသံဆုကို ဒါရိုက်အောင်ကိုလတ်ရိုက်ကူးတဲ့ ကယန်းအလှ ရုပ်ရှင်ဇာတ်ကား မှ တိုနီ(လင်း)
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု - ၀င်းကို ( မွေခံထိုက်စေဇာတ်ကား )

အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - ဥ ဇာတ်ကားမှ ဇော်မင်း (ဟံသာမြေ)

ဒါရိုက်တာအောင်ကိုလတ်က ( ကယန်းအလှ )အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု

၂၀၁၂ခု နှစ် အတွက် အကောင်းဆုံး မြန်မာရုပ်ရှင် ထူးချွန် ဆု အထူး ဆု ကလေးသရုပ်ဆောင်ယွန်းယွန်းတိမ်မင်းသမီးရဲ့ ဒဏ္ဏာရီ မှ ယွန်းယွန်း

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုး သားဇာတ်ဆောင် ဆု ပြေတီဦး ဇာတ် ကားအမည် လက် ပံ

၂၀၁၂ အကောင်းဆုံး အမျိုး သမီးဇာတ်ပို့ ဆု ချောရတနာ ဥ

၂၀၁၂ အကောင်းဆုံး အမျိုး သမီးဇာတ် ဆောင်ဆု ဖွေးဖွေး ဇာတ် ကားအမည် လက်ပံ

၂၀၁၂ အကောင်းဆုံး ဒါရိုက်တာဆု ကိုဇော် အာရုဏ် ဦး ဇာတ် ကားအမည် ဥ

" မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..? ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…အချိန်မရှိရင်တော့ မင်းသဘောပဲ…
တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်…တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့ မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်…
မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး…မင်းကရော ဘာတစ်ခုလုပ်လဲ…?
ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးတယ်…
အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား..
ဝါရှင်တန်မှာ တစ်နာရီ ၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား…
မောင်းမိလို့ ရဲလာဖမ်းရင် ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို မင်းပြောရဲလား….
အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာ မင်းကွမ်းတံတွေးလျှောက်ထွေးရဲလား….
ဒါတွေက မင်းကိုမေးနေတာ….
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့ မင်းကိုပဲ မေးနေတာ…..
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့ စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့ မင်းလိုလူတွေကို မေးနေတာ….
တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေးရပ်နိုင်ငံမှကျတော့ ဘာလို့ ပုံစံအတူတူမလုပ်နိုင်ရတာလဲ….
အင်တာဗျူးတစ်ခုမှာ အငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲသိလား…
လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်…
ပြီးတာ့ အဲ့လူတွေကပဲ တစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူအဖွဲ့အစည်းတွေ ညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်…
တာဝန်ရှိသူတွကို သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ…
သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကို တကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား…..
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ…
ဒီ အိန္ဒိယကလူတွေ အဲ့လိုလုပ်လား..?
တို့လူတွေကကျတော့ မဲပေးပွဲသွား…မဲလေးပေးပြီး..ဖြစ်သမျှ အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ…..
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ ထိုင်မျှော်လင့်နေကြတယ်….ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည….
အမှိုက်လေးတွေ ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်…အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့ မသိချင်ယောင်ဆောင်ထားတယ်…..
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး…
အိန္ဒိယအဲလိုင်းတွေမှာ အကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်..
ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး….
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ….
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…
အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှားလည်ပတ်နေတာလဲ….
ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြားအဖွဲ့အစည်းတွေနဲ့ အစိုးရ အကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား….
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်း လက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့်အချိန်ကျတော့
အားလုံးက ကိုယ့်မိသားစုလေးနဲ့အတူတူ စိတ်ချလုံခြုံတဲ့အိမ်လေးထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ…
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင် လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့ မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့……
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်….
ဘာနဲ့တူလဲဆိုတော့ အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ…သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့ အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာနေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်…..
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ…
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး...
ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ….
ကိုယ့်နိုင်ငံရဲ့ စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး…
အကောင်းအဆိုး ပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့ အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်……
၃၅ ယောက်မြောက် အမေရိကန်သမ္မတ J F Kennedy က သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်….
“DO NOT ASK WHAT YOUR COUTRY DO FOR YOU..
ASK WHAT YOU CAN DO FOR YOUR COUNTRY..”
တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား..
တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ….တဲ့……။ "

credit: Aye Sad

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားလိုသော အခြားနိုင်ငံသား ခံယူထားသူများကို ၂၀၁၃ ခုနှစ် ဇူလိုင်လဆန်းမှ စတင်၍ လျှောက်လွှာလက်ခံခဲ့ရာ ယခု ဒီဇင်ဘာ လကုန်တွင် ၁၀ ဦးကို လက်ခံခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားလိုက်ပါသည်။ပန်းရောင် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြား ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်လျက် ရှိသော မြန်မာ တိုင်းရင်းသားများပင်လျှင် ၎င်းမှတ်ပုံတင် မရှိပဲ၊ ရရှိရန်လည်း အလွန်ခက်ခဲသည်ဟု သိရသည်။ပန်းရောင် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြား ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်လျက် ရှိသော မြန်မာ တိုင်းရင်းသားများပင်လျှင် ၎င်းမှတ်ပုံတင် မရှိပဲ၊ ရရှိရန်လည်း အလွန်ခက်ခဲသည်ဟု သိရသည်။
ဒီဇင်ဘာလအတွင်း နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ ကာယကံရှင်များကို အကြောင်းမကြားရသေးသဖြင့် အမည်များကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြောင်း ဦးမောင်မောင်သန်းက ပြောဆိုပါသည်။

မြန်မာနိုင်ငံသား ပြန်လည်ခွင့်ပြုခံရသူစာရင်းတွင် အမေရိကန်နှင့် သြစတြေးလျနိုင်ငံသား ခံယူထားသူ အများအပြား ပါဝင်သည်ဟု သိရှိရပါသည်။

၈၈ ကျောင်းသားခေါင်းဆောင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်သည် လက်ရှိ အမေရိကန်နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံသား ပြန်လည်ခံယူကာ မြန်မာနိုင်ငံရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတွင် နိုင်ငံရေးလှုပ်ရှားမည်ဟု ကြေညာထားပါသည်။ ယခု ခွင့်ပြုချက်ရရှိသူ ၁၀ ဦးတွင် ဦးမိုးသီးဇွန် ပါဝင်ခြင်း ရှိမရှိ မသိရသေးပါ။

ဦးဦးဖျားဖျား ခွင့်ပြုချက်ရသူ ၁၀ ဦးသည် အခြားနိုင်ငံသား အသိအမှတ်ပြု စာရွက်စာတမ်းများကို သက်ဆိုင်ရာနိုင်ငံများတွင် အပ်နှံပြီးနောက် မြန်မာနိုင်ငံ နိုင်ငံသား စိစစ်ရေးကဒ်ပြား လျှောက်ထားရမည်ဖြစ်သည်။

သောင်ပြင်လွှတ်သည့် ရွှေဟင်္သာ
ယခင်က မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသော်လည်း နိုင်ငံခြားတွင် ပတ်စ်ပို့သက်တမ်း ကုန်ဆုံးသူများ၊ ပတ်စ်ပို့မရှိသူများနှင့် နိုင်ငံခြားတွင် ခရီးသွားခွင့်ပြုမှတ်တမ်း (Travel Document) ကိုင်ဆောင်ထားသူများသည် အခြားနိုင်ငံခြားသားအဖြစ် မခံယူသော်လည်း မြန်မာနိုင်ငံသားအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ၎င်းတို့၏ မူလ မှတ်ပုံတင်များမှာ တရားမဝင်တော့ကြောင်း သိရသည်။ ထိုသို့သော ပုဂ္ဂိုလ်များနှင့် ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူများလည်း မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြား ပြန်လည် လျှောက်ထားနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့ပါသည်။
မှတ်ပုံတင် ပြန်လည်လျှောက်ထားသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ပါသည်။
“စိစစ်တဲ့အခါမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့ရင်တော့ ပြစ်ဒဏ်ခံရမယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိသလား ရှိခဲ့ရင်လည်း အခုက နိုင်ငံရေးလုပ်ခဲ့တာ ဘာပြဿနာမှ မဖြစ်တော့ဘူး။ မှတ်တမ်းယူရုံပဲ”ဟု ဦးမောင်မောင်သန်းက ပြောသည်။

အမေရိကန်ပင် သူ့လောက်ခက်မည်မထင်
လျှောက်ထားသူများကို ဝန်ကြီးဌာနက ပုံစံနှစ်မျိုးဖြင့် စိစစ်မည်ဖြစ်သည်။ ပထမတစ်မျိုးမှာ လူဝင်မှုကြီးကြပ်ရေးမှ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်ရှိ လဝကရုံးများတွင် လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ် မွေးဖွားသည်မှ ထွက်ခွာသွားသည့် အချိန်အထိ နေထိုင်ခဲ့သည့် သန်းခေါင်စာရင်း၊ ပုံစံ (၁၀)၊ လက်ရှိ မှတ်တမ်းနှင့် မှတ်တမ်းဟောင်းများကို စိစစ်ပြီး အခြားဝန်ကြီးဌာနများကို တင်ပြမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ နေထိုင်စဉ် ရာဇဝတ်မှုမှတ်တမ်းများကို စစ်ဆေးခြင်း၊ အခွန်တိမ်းရှောင်ကာ အစိုးရနှင့် ငွေကြေးကိစ္စ မှုခင်းရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များကို အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင် တင်ပြကာ ရာဇ၀တ်မှုနှင့် စီးပွားရေး အရှုပ်အရှင်း ကင်းသူများကို ထောက်ခံချက်ပေးပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ တင်ပြမည်ဖြစ်သည်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လက်ခံရန် ခွင့်ပြုချက်ရရှိသူများသည် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် ပုဂ္ဂိုလ်ရေးအထောက်အထား (Certificate of Indentity) ခေါ် ယာယီခရီးသွား ခွင့်ပြုချက် ထုတ်ယူကာ မြန်မာနိုင်ငံသို့ ပြန်လာပြီးမှ ပန်းရောင် မြန်မာနိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးမည် ဖြစ်ပါသည်။

ယခုအခါ၊ အခြားနိုင်ငံတွင် နိုင်ငံသားခံယူထားသော မြန်မာလူမျိုးများသည် မြန်မာနိုင်ငံသို့ ပြန်လိုလျှင် ကာလတိုဗီဇာ ၂၈ ရက်သာ ရရှိပါသည်။ ကြာကြာနေလိုလျှင် သက်တမ်းတိုးရသည်မှာ ဒုက္ခတစ်ခု ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များတွင် အလုပ်လုပ်ခဲ့ပြီး အငြိမ်းစားယူကာ မြန်မာပြည်တွင် ပြန်လည် နေထိုင်လိုသူများအတွက် အခက်အခဲ ဖြစ်လျက်ရှိသည်။
အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ၊ ယူကေ စသော နိုင်ငံများသည် Dual Citizenship ခေါ် နိုင်ငံသားနှစ်ဖက်ခံယူခွင့် ရှိသော်လည်း မြန်မာနိုင်ငံဥပဒေက ခွင့်မပြုပါ။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိ၏ဇာတိမြေသို့ ပြန်လာပြီး အလုပ်လုပ်ချင်သော ပြည်ပရောက် မြန်မာပညာတတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်ငံသားတစ်ခုတည်းသာ ခံယူခွင့် ရှိသော ဥပဒေသည် အဟန့်အတား ဖြစ်စေနိုင်ကြောင်း ပညာရှင်အချို့က ယူဆပါသည်။
credit...http://kabarthit.com
ကမ္ဘာသစ်လူမှုစီးပွားရေးဂျာနယ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်ပေါင်း ၁၆၈ ချက်ကို ပြင်ဆင်ဖို့ လွှတ်တော်ကော်မတီထံ အကြံပြုတင်ပြဖို့ရှိပြီး ၂၀၁၅ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်/မ၀င် ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို ပြောကြားလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဝင်ဘူးလို့ပြောတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ သဘောတရားအရ ဒီလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ဝင်ချင်စရာမရှိဘူးလို့ ဒီလို idea ကို ပြောတာဖြစ်တယ်။ မဝင်ဘူးလို့ ပြောတာမဟုတ်ဘူ။ ဒီထင်ပိုပြီးတိကျအောင်ပြောရင် ၂၀၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီက ဝင်ကို ဝင်မယ်။ ကျနော်တို့ ဒီလိုအခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ ၀င်ဖို့ မသင့်ဘူးဆိုတာ သဘောတရားအရ ဒေါ်စုက ပြောခဲ့တာ။ အန်အယ်လ်ဒီ ၀င်ဖို့ ဒီနေ့အစည်းအဝေးက ဆုံးဖြတ်တာ မဟုတ်ဘူး။ အန်အယ်လ်ဒီဝင်ဖို့က ဒီထက်စောပြီး ကျနော်တို့ ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ပြောတာပါ။”

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် ၁၆၈ ချက် လွှတ်တော် ကော်မကို တင်ပြမယ့်အခြေအနေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပြောခွင့်ရ ဦးဝင်းမြင့်က အခုလို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“အချက်ပေါင်း ၁၆၈ ချက်ရှိပါတယ်။ ကျနော်တို့ ပြင်ထားတဲ့ အခန်းပေါင်းက ၁၄ ခန်း ရှိပါတယ်။ အဲဒီမှာ နိုင်ငံတော် အခြေခံမူနဲ့ ပတ်သက်ပြီး အခန်း ၁ ကို ၉ ချက် ကျနော်တို့ ပြင်ထားတယ်။ အခန်း ၃ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတ အခန်းကို ကျနော်တို့ ၂၃ ချက်ပြင်ထားတယ်။ အခန်း ၄ ဥပဒေပြုရေးမှာ ၁၈ ချက်ပြင်တယ်။ အခန်း ၅ အုပ်ချုပ်ရေးမှာ ၅၄ ချက်ပြင်တယ်။ အခန်း ၆ တရားစီရင်ရေးမှာ ၃၂ ချက်ပြင်တယ်။ အခန်း ၇ တပ်မတော် ကဏ္ဍမှာ ၂ ချက်ပြင်တယ်။ အခန်း ၈ နိုင်ငံသားတိုင်း မူလအခွင့်အရေးနဲ့ တာဝန်မှာ ၃ ချက်ပြင်တယ်။ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်းမှာ ၁၀ ချက်ပြင်တယ်။ အခန်း ၁၀ နိုင်ငံရေးပါတီများမှာ ၃ ချက်ပြင်တယ်။ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်မှာ ၄ ချက်ပြင်တယ်။ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအတွက် ၂ ချက်ပြင်တယ်။ အခန်း ၁၃ နိုင်ငံတော်အလံ ချီးမြှင့်ခြင်းမှာ ၁ ချက်ပြင်တယ်။ အခန်း ၁၄ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်မှာ ၆ ချက်ပြင်တယ်။ အခန်း ၁၅ အထွေထွေ ပြဋ္ဌာန်းချက်မှာ ၁ ချက်ပြင်တယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ထင်ပါသလားဆိုပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကိုလည်း ဦးဥာဏ်ဝင်းက အခုလို ဖြေကြားခဲ့ပါတယ်။

“တရားမျှတမှုအတွက်တော့ ကျနော်တို့ သံသယရှိတယ်။ လွတ်လပ်မှုတော့ ရှိကောင်းရှိလိမ့်မယ်။ လွတ်လွတ်လပ်လပ် မဲသွားပေးလို့တော့ ရမယ်။ ဒါပေမယ့် မဲသွားပေးတဲ့သူတွေအပေါ် တရားမျှတမှု ရှိမရှိဆိုတာကိုတော့ စဉ်းစားရမယ်။ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုပဲ သုတေသန သမားတွေလည်းရှိတယ်၊ ဆာဗေးလုပ်တဲ့သူတွေလည်း ရှိတယ်။ ဒီလူတွေကတဆင့် ရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ ကျနော်တို့ ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ရေး ဆုံးဖြတ်ခဲ့တဲ့အခြေအနေကိုလည်း ဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ ပြန်လည်ပြင်ဆင်ရေး၊ သို့မဟုတ် အသစ်ရေးဆွဲရေးအတွက် ကျနော်တို့ ကော်မတီဖွဲ့ပြီးကတည်းက ကျနော်တို့ရဲ့ လုပ်ငန်းတွေမှာ တိုင်းရင်းသားပါတီတွေ ပါဝင်အောင် ကျနော်တို့ ဆောင်ရွက်ပါတယ်။ ပါလည်း ပါဝင်ခဲ့ပါတယ်၊ ဒါက တပိုင်းပါ။ ပြန်လည်ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေးကလည်း ဘာကွာလဲဆိုရင် အဓိက လက်တွေ့ကျကျ လုပ်လို့ရတယ်၊ မရတယ်ဆိုတာကို ကျနော်တို့ စဉ်းစားတယ်။ အန်အယ်လ်ဒီက ပြင်ဆင်ရေးဟာ အခန်း ၁၂ မှာ တခါတည်းပါပြီးသား။ ခက်ခဲတာ၊ မခက်တာက တကဏ္ဍ။ ပြင်ဆင်ရေးရှိတဲ့အတွက် ဥပဒေလမ်းကြောင်းအတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်တာကို ကျနော်တို့ ရွေးလိုက်တာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံစာ ပေးပို့ထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုလည်း ဦးဥာဏ်ဝင်းက အစိုးရဘက်က ဘာမှ အခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ ပြောပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပြည်သူ့ဆန္ဒရယူပွဲတွေကို တနိုင်ငံလုံးအနှံ့ ကျင်းပပြုလုပ်ခဲ့ပြီး အများစုက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးကို ဆန္ဒမဲပေးခဲ့ကြပါတယ်။

ဒီဗွီဘီ

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နှစ် ၁ဝဝ ပြည့်မြောက်တော့ မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင် ကြည်မှာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်တွင် မွေးဖွားခဲ့သူဖြစ်၍ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီလ ၁၆ ရက်ကပင် နှစ် ၁ဝဝ ပြည့်မြောက်ခဲ့ပြီးဖြစ်လေသည်။

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်အဖြစ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ”ဒေါ်ခင်ကြည်”ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်မည်ဖြစ်ကြောင်း NLD အနိုင်ရ လွှတ်တော်ကိုယ် စားလှယ်များ နှင့် တွေ့ဆုံခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ သည်။

”အခုတောင်သိန်းတစ်ရာနဲ့ စနေပါပြီ”ဟု အစည်းအဝေးတက်ရောက်ခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူ ဖြူသင်း က ပြောခဲ့ သည်။ လှည်းကူးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း ”ကူညီရေးအစီအစဉ် တွေကို ကော့မှူးမြို့နယ်က စတင်မှာဖြစ် သော်လည်း တစ်နိုင်ငံလုံး အတိုင်း အတာ အထိ လတ်တလောလိုအပ်ချက်များကို တတ်နိုင်သမျှ ကူညီမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

သို့နှင့် အာဇာနည်မိသားစု၏ နောက်ကွယ်က ပဲ့ကိုင်ရှင်တစ်ဦး၊ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ထမ်းဆောင်ခဲ့ဖူးသူ၊ သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည် မကွယ်လွန်မီက လုပ်ဆောင်ခဲ့သော ပရဟိတလူမှုရေးလုပ် ငန်းများကို သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ သူ နိုင်ငံသားများက အမွေခံ၍ ဆက်လက် ရှင် သန်စေခဲ့လေသည်။

လူမှုရေးပါရမီရှင် ဒေါ်ခင်ကြည်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိခင်ဖြစ်သူအား ကျေးဇူးဆပ်သည့်အနေဖြင့် ဒေါ်ခင်ကြည်ရှိစဉ်က လုပ်ကိုင်ခဲ့သော လူမှုရေးပရဟိတလုပ် ငန်းများ ကို ဒေါ် ခင်ကြည်ေ ဖာင်ဒေးရှင်းအမည်ဖြင့် လုပ်ကိုင်ရန် ထူထောင်ခဲ့သည်မှာ လုပ် သင့်လုပ်ထိုက်၍ လုပ်ကိုင်ခြင်းလည်း ဖြစ်ပါသည်။ နောင်တစ်ချိန်တွင် ဗိုလ်ချုပ် အောင် ဆန်း ကတော် ဒေါ် ခင်ကြည်ဟု မြန်မာနိုင်ငံတွင် ထင်ရှားလာမည့် မခင် ကြည်ကို ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက် တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့တွင် လမ်းဘက်အရာရှိ ဦးဘိုး ညှင်း နှင့် ဒေါ်ဖွားစုတို့က မွေးဖွားခဲ့သည်။မွေး ချင်း ၁ဝ ယောက်တွင် အဋ္ဌမမြောက် သမီးဖြစ်သည်။

မခင်ကြည်သည် မြောင်းမြမြို့တွင် ၇ တန်းအောင်ခဲ့ပြီး ရန်ကုန်၊ ကြည့်မြင်တိုင် ABM မိန်းကလေးအထက်တန်းကျောင်းတွင် ၁ဝ တန်းအောင်ပြီး မော်လမြိုင် ABM ကျော င်း (မော်တင်လိန်း ဆရာဖြစ်သင်ကျောင်း)မှလည်း မူလတန်းပြဆရာဖြစ် လက်မှတ်ရယူခဲ့သည်။ မြောင်းမြအမျိုးသား အထက်တန်းကျောင်း တွင် စေတနာ့ ဝန်ထမ်း ဆရာမ အဖြစ် နှစ်အတန်ကြာတာဝန် ယူခဲ့ပြီးဝါသနာပါသည့် သားဖွားနှင့် သူနာပြုသင်တန်းများကို ဒပ်ဖရင်အမျိုး သမီးဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီး တို့မှ အော င်မြင်ခဲ့ သည်။ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီအထိ ရန်ကုန်ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ကို ဗုံးကြဲ ခံရစဉ် ဒဏ်ရာ ရလူနာအချို့ကို ကာလကတ္တားအထိ စေတနာ့ဝန်ထမ်းအဖြစ် ပို့ဆောင်ပေးခဲ့သည်။ ၁၉၄၂ ခုနှစ် စစ်ကြီးဖြစ်ပွားချိန် တွင်မူ မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့် လှစ် ခဲ့သော ဂျပန်ခေတ်ဆေးရုံကြီး၌ ကုသ ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့သည်။

သူနာပြုဆရာမလေး မခင်ကြည် မှာ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ဖြစ် လာဖို့ အကြောင်းကဖန်လာသည်။ အသက် ၂၇ နှစ်အထိ တိုင်းပြည်လွတ် လပ်ရေးဆိုသည့် စိတ် တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့သော ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ထိုင်းနိုင်ငံဘန် ကောက်မှ မြန်မာနိုင်ငံအတွင်းသို့ စစ်ချီ ဝင်ရောက်ခဲ့ရာတွင် ခရီးကြမ်း၊ ခရီးပန်း မှုကြောင့် ဂျပန်ခေတ်ဆေးရုံပေါ်ရောက် လာရတော့သည်။ သို့ဖြင့် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ ၁၉၄၂ စက်တင်ဘာ ၆ ရက်တွင် ဖူးစာဖက်ခဲ့သည်။

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ် အောင်ဆန်းကိုသာ လက်ထပ်ထိမ်းမြား ခဲ့ရခြင်းမဟုတ်ဘဲ တိုင်းပြည်နှင့် ဗိုလ် ချုပ်၏ ကံကြမ္မာကိုပါ ဝေမျှခံစားခဲ့ရခြင်း ဖြစ်သည်ဟု သမိုင်းဆရာများက မှတ် ချက်ပေးခဲ့လေသည်။ ဗိုလ်ချုပ်နှင့် မင်္ဂလာဆောင်မည့် ရက်မတိုင်မီ ညအထိ ဆေးရုံခွဲစိတ် ဆောင်တွင် တာဝန်ယူပေးခဲ့သည့် ဆရာဝန်ကြီးဒေါက် တာဘသန်းကပင်

A paragon of Nurses, even on the eve of her wedding. She is helping a Surgeon doing operation.

စံနမူနာတင်လောက်တဲ့ သူနာပြုဆရာမကြီးပါပဲ။ လက်မထပ်ခင်အကြို ညမှာတောင် ခွဲစိတ်ကုသတဲ့ သမားတော်ကိုကူညီပေးခဲ့တယ်ဟု ချီးကျူး အသိအမှတ်ပြုခဲ့ရသည့် လူမှုရေးပါရမီ ရှင်ဖြစ်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် ဇွန်လကထုတ်ဝေခဲ့သော The Guardian စာစောင်တွင် ဒေါက်တာမောင်မောင်က Daw Khin Kyi (Madame Aung San)အမည်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးခဲ့ရာ ဆရာ စိန်ဝင်းစိန်က ဘာသာပြန်ဆိုခဲ့သည်။ ယင်းဆောင်းပါး၌ ”စစ်အတွင်း ကာလတစ်လျှောက် လုံးတွင် ဒေါ်ခင်ကြည်သည် ဇနီးမယား တစ်ယောက်၊ အိမ်ထောင်ရှင်မတစ် ယောက်၊ ထို့အပြင် နှစ်စဉ်နှစ်တိုင်း မိခင်သစ်တစ်ယောက်အဖြစ် နောက်ခံ မြင်ကွင်းတွင်သာ အေးအေးဆေးဆေး ရှိနေခဲ့ သည်။ သူတို့၏ အိမ်သည် ပျော် စရာအိမ်ဖြစ်ပြီး ”အောင်ဆန်းအား ကြည့်ရသည်မှာ ကောင်းကောင်းပြုစုခံထားရပုံပေါ်၏။ လူသားလည်းပိုဆန် လာသည်” ဟု ဒေါ်ခ င်ကြည်၏ မိသား စုစောင့်ရှောက်ပုံကို ဖော်ပြထားသည်။

၁၉၄၅ ဖက်ဆစ်တော်လှန်ရေး မတိုင်မီ မတ်လဆန်းပိုင်းကဆိုလျှင် ဒေါ်ခင်ကြည်သည် သားနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်ဘဝ (ဒေါ်အောင်ဆန်း စုကြည်အား လွယ်ထားရစဉ်) ဖျာပုံ ခရိုင်ထဲက ကြက်ဖမွှေးဇောင်းရွာကို စစ် ရှောင်ရန်ခက်ခက်ခဲခဲ သွားခဲ့ရသည်။ ခင်ပွန်းသည် ဗိုလ်ချုပ်က ပြန်လမ်းရှိမရှိ မသိနိုင်သည့် ဂျပန်တော်လှန်ရေး စစ် မြေပြင် ကို သူ့ရဲဘော်များနှင့်အတူ ထွက် ခွာစဉ် သူနှင့်ကလေးနှစ်ယောက်တစ် ဗိုက်က ဂျပန်တို့၏ ကျွဲညီနောင်ခေါ် ဗုံးကြဲလေယာဉ်များရန်ကို ရှောင်၍ တွံ တေးတူးမြောင်းအတိုင်း ညမှောင်မှောင် မှာ ခရီးကြမ်းနှင်ခဲ့ရသည်။ တော်ရုံတန် ရုံစိတ်ထားဖြင့် သည်လိုအခက်အခဲကို မည်သို့မျှ မကျော်ဖြတ်နိုင်။ ခင်ပွန်းသည် ဗိုလ်ချုပ်၏ စိတ်ဓာတ်နှင့်သူ၏ လူမှု ရေးစိတ်ဓာတ်တစ်ထပ်တည်း ကျ၍သာ ဤလိုအခက်အခဲတွေကို ကျော်လွှားနိုင် ခြင်းဖြစ်သည်။

ဗိုလ်ချုပ်တို့ ကျဆုံးသွားတော့ အကြီးဆုံးက ၄ နှစ်၊ အလတ်က ၃ နှစ်၊ အငယ်ဆုံးဒေါ်အောင်ဆန်းစုကြည်က ၂ နှစ်သာသာ။ ကလေး ၃ ယောက်နှင့် မုဆိုးမဘဝကို ငယ်ငယ် ရွယ်ရွယ်နှင့် ဖြတ်သန်းရသည်။ ခင်ပွန်းသည်သေဆုံး ပြီး ၆ နှစ်အကြာ ၁၉၅၃ ခုနှစ် ဇန်နဝါ ရီ ၁၆ ရက်တွင် သားအလတ်အောင် ဆန်းလင်းက အိမ်ရှေ့ရေ ကန်မှာပင် ရေနစ်သေဆုံးရပြန်သည်။ လင်သေ၊ သားသေဒုက္ခပင်လယ် ဝေနေသည့်ကြားမှာပင် လူမှုရေး ပရဟိ တလုပ်ငန်းတွေကို ဒေါ်ခင်ကြည်က အရှိန်မပျက် လုပ်ဆောင်ခဲ့သည်။

၁၉၄၇ မှ ၁၉၅၃ အထိမိခင်နှင့် ကလေးများစောင့်ရှောက်ရေး ဘုတ် အဖွဲ့ညွှန်ကြားရေးဝန်၊ နိုင်ငံတော်အစိုး ရလူမှုစီမံကိန်းတွင် ၁၉၅၈ ခုနှစ်အထိ သဘာပတိ၊ သူနာပြုနှင့် ဝမ်းဆွဲဆရာမ အသင်းနာယက၊ ပြည်ထောင်စု လူမှု ဝန်ထမ်းကောင်စီတွင် ၁၉၅၂ ခုနှစ်မှစ ၍ ဥက္ကဋ္ဌ၊ ကိုယ်ဝန်ဆောင်နှင့် ကလေး စောင့်ရှောက်ရေး အမျိုးသားကောင်စီ တွင် ဥက္ကဋ္ဌ၊ စာရိတ္တမြှင့်တင်ရေးနှင့် ကျန်းမာရေးအဖွဲ့တွင် ဥက္ကဋ္ဌ၊ ပြည် ထောင်စုမြန်မာနိုင်ငံတော် အမျိုးသမီး များအသင်းတွင် ၁၉၅၃ ခုနှစ်မှစ၍ ဒုတိယဥက္ကဋ္ဌ၊ မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်းများတွင် ဥက္ကဋ္ဌ၊ အမျိုးသမီးကင်းထောက် အဖွဲ့တွင် မင်းကြီးချုပ်၊ အငယ်တန်း ကြက်ခြေနီ သူနာပြုအသင်း တွင် ညွှန်ကြားရေး ဝန်၊ မြန်မာပြည် သူနာပြုတပ် တွင် ၁၉၅၂ ခုနှစ်မှစ၍ အမျိုးသမီးအုပ်ချုပ်ရေးမှူး ချုပ် စသည့်လူမှုရေးလုပ်ငန်းတွေမှာ မနားတမ်းပါဝင်ထမ်းဆောင်ခဲ့ သည်။

၁၉၆ဝ ခုနှစ် ဒေါ်ခင်ကြည်အသက် ၄၈ နှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ရင်းတစ်ဖက်ကလည်း သားနှင့် သမီး၏ အနာဂတ် အတွက်ပညာရေးကို အားပေးခဲ့သည်။ သံအမတ်ကြီးအဖြစ်မှ ၁၉၆၇ ခု နှစ်တွင် အနားယူပြီး မြန်မာနိုင်ငံပြန် ရောက်တော့လည်း သားသမီးတွေနှင့် အဝေးမှာ ခွဲနေရပြန် သည်။ ခြံထဲမှာ ပန်း အလှတွေစိုက်ပျိုးရင်း ဘဝကိုအေးချမ်း စွာဖြတ်သန်းသည်။

ဇရာက သူ့ကိုစိန်ခေါ်လေပြီ။ ကျန်းမာရေးမကောင်း၊ လေဖြတ်ရောဂါ ခံစားရသည်။ မျက်စိခွဲရသည်။ အဝေး ရောက်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်က မိခင်ထံသို့ ရှစ်ခေါက်မျှ အလည်ပြန်ခဲ့သည်။ ၁၉၈၆ ခုနှစ် အာဇာနည်နေ့မှာ မိခင်ကြီးနှင့်အတူ ဖခင်ကြီး၏ အုတ်ဂူတွင် လွမ်းသူ့ပန်းခြင်း ချခဲ့သည်။ ၁၉၈၈ ခုနှစ် မတ်လ ၃ဝ ရက်တွင် မိခင်ကြီးအား ပြုစုရန် အင်္ဂလန်မှ ထွက်ခွာခဲ့ပြီး မပြန်ဖြစ်တော့။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် အသက် ၇၆ နှစ်တွင် သမီးဖြစ်သူ ဒေါ် အောင်ဆန်းစုကြည် လက်ပေါ် မှာပင် ဒေါ်ခင်ကြည်ကွယ်လွန်သည်။

ယခုဆိုလျှင် ဒေါ်ခင်ကြည် ကွယ်လွန်သည်မှာ ၂၅ နှစ်မျှရှိပြီဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဧပြီ ၁၆ ရက်တွင် ‘ဒေါ်ခင်ကြည်’ဖောင်ဒေးရှင်းကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ထူထောင် လိုက်သည်။ ပြည်သူတွေက ဝိုင်းကူပေး သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် ရန်ပုံငွေစာပေဟောပြောပွဲ၊ ပန်းချီပြပွဲ၊ ကာတွန်းပြပွဲတွေ လုပ်ပြီး ရှာဖွေ ထည့်ဝင်ကြသည်။ ပြည်ပရောက် မြန်မာတွေက အလှူငွေတွေထည့်ဝင် သည်။ နော်ဝေရောက် မြန်မာတစ်ဦးက လှူ သည်။ စင်ကာပူစာပေဟောပြောပွဲက လှူသည်။ သို့နှင့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းအသက်ဝင်လာသည်။

၂ဝ၁၂ ဧပြီ ၁၆ ရက်မှာ ထူထောင် ခဲ့သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)မှာ ကော့မှူးမြို့နယ် ဝိဇ္တောဒယကျောင်း တိုက်အနီး ဘော လုံးကွင်းမှာ သက်ကြီး ပူဇော်ပွဲကျင်းပသည်။ ဒေါ်ခင်ကြည် နှစ် ၁ဝဝ ပြည့်အလှူအဖြစ် သက်ကြီးများကို ပူဇော်ခဲ့သလို ဝါးဘလောက်သောက် မှ ကမာဘယ်ကျေးရွာ အုပ်စုကို ၁၇၅ သိန်း၊ ဆတိုင်မွတ်ကျေးရွာကို ၇၅ သိန်း၊ ပုပ္ပါးကျေးရွာကို သိန်း ၅ဝ မဲဖောက်ပြီး ရပ်ရွာလူမှုရေးအတွက် အသုံးပြုရန် လှူ ဒါန်းခဲ့သည်။

၂ဝ၁၃ ဇူလိုင် ၂၇ ရက်မှာဖြစ် သည်။ ဂျပန်နိုင်ငံ Hino ကုမ္ပဏီမှ ဒေါ်ခင်ကြည်ရွေ့လျားစာကြည့်တိုက်တွင် သုံးရန်ကားကြီးနှစ်စီးလှူသည်။ ကားပေါ်မှာ စာအုပ်တွေတင်ပြီး စာဖတ်ချင်သူတွေဆီ အရောက်သွားကာ စာအုပ်တွေငှားပေးသည်။ ကော့မှူး ပြန်/ဆက်ရုံးကို သိန်း ၆ဝဝ အကုန်ခံ ပြုပြင်ပြီး စာကြည့်တိုက်ကို အဆင့်မြှင့် ပေးထားသည်။ အင်တာနက်အခမဲ့ သုံးခွင့်တွေပေးထားသည်။


ရွေ့လျားစာကြည့်တိုက်အတွက် အမေရိကန်ဒေါ်လာ ၄ဝဝဝဝ အကုန်အ ကျခံပြုပြင်ထားသော ဟီးနိုးကား စာကြည့် တိုက်ကြီးက ကော့မှူးမြို့နယ် အတွင်း ကျေးရွာပေါင်း ၂၁ ရွာကို အလှည့်ကျသွားပြီး စာအုပ်တွေငှား သည်။ နေ့စဉ်သုံးကြိမ်သုံးနေရာသွားပြီး စာဖတ်သူ ၅၈ဝဝဝ ထံ စာအုပ်တွေ အရောက်ပို့မည်ဖြစ်သည်။ စာအုပ် ပေါင်း ၁၅ဝဝဝ၊ စာအုပ်အမျိုးအစား ၁၂ဝ ရှိသည်ဟု ၂ဝ၁၂ စာရင်းအရပင် သိရသည်။ ၂ဝ၁၂ ဇူလိုင် ၂၇ ရက်တွင် ကော့ မှူးမြို့နယ် ဒေါ် ခင်ကြည်ဖောင် ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က

”ကျွန်မတို့နိုင်ငံ တိုးတက်ရေးအ တွက်ဆိုတာ အဓိကကျတဲ့ ကိစ္စကတော့ ပညာရေးပဲ။ ပညာရေးဆိုတာ ပစ္စုပ္ပန် တွင် မကဘူး။ အနာဂတ်အတွက်လည်း အရမ်းအရေးကြီး ပါတယ်။ ပညာရေး မှာဆိုရင် သိပ်အရေးကြီးတာက စာပေ ကိုချစ်မြတ်နိုးဖို့က အရေးကြီးပါတယ်။ အတန်းထဲမှာ သင်တဲ့စာလောက်နဲ့ တင်းတိမ်နေမယ်ဆိုရင် ကျွန်မတို့ လူငယ်တွေရဲ့ အသိစိတ်ဓာတ်တွေဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှာမဟုတ်ပါ ဘူး။ ဒါ ကြောင့် ကျွန်မတို့ရဲ့ လူငယ်တွေ ကို စာပေကို မြတ်နိုးစေချင်တယ်။ စာဖတ်တာ ဝါသနာပါစေချင်တယ်”ဟု ပြောကြားခဲ့သည်။

သက်တမ်းတစ်နှစ်ကျော်သာ ရှိ သေးသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ”အရှင်မွေး၍နေ့ချင်းကြီးလာပြီ”ဟု ဆို ရမှာဖြစ် သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က လည်း ကော့မှူးမြို့နယ်အတွင်းရှိ လျှပ် စစ်မီးအသုံးမပြုနိုင်သော ၁ဝ တန်း ကျောင်းသူ ကျောင်းသား သုံးဦးကို ဆိုလာမီးအိမ်တွေ ပေးအပ် လှူဒါန်းခဲ့ သည်။ ဆိုရလျှင် ဒေါ်ခင်ကြည်နှစ် ၁ဝဝ ပြည့်က စတင်ထူထောင်ခဲ့သော ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း၏ ပရဟိတလူ မှုရေးလုပ်ငန်းများသည် ဒေါ်ခင်ကြည် ကွယ်လွန်ပြီး ၂၅ နှစ်ပြည့်သည့် ယခု အခါသမယတွင် အရှိန်အဟုန်ကောင်း ကောင်းဖြင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေ ပါပြီ။ ဒေါ်ခင်ကြည်သေသော် လည်း ဒေါ်ခင်ကြည်၏ စိတ်ဓာတ်၊ ဒေါ်ခင် ကြည်၏စာနာသည်းခံစိတ်၊ ဒေါ်ခင် ကြည်၏ ပရဟိတစိတ်များက မသေဆုံးပါ။ ဒေါ်ခင်ကြည်ဆက်လက်ရှင်သန် နေပါသည်။

သိန်းအေး
Popular Journal.

အမေရိကန်အစိုးရ၏ food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေးများကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ လျှော့ချဖြတ်တောက်ခဲ့ပြီးနောက် လိမ်လည်မှု များစွာကို စုံစမ်း ဖော်ထုတ်ပြီး ပြည်နယ်အများအပြားတွင် ကျူးလွန်သူများစွာကို ဖမ်းဆီး အရေးယူခဲ့ပါသည်။ အချို့မှာ ထောင်ဒဏ်၊ ငွေဒဏ်များ စီရင်ချက် ချခံရပါသည်။အမေရိကန်အစိုးရ၏ အစားအသောက် ထောက်ပံ့ကြေး ဒေါ်လာ ၃ သန်းကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအရေးယူခံရသော ခရစ်စ်တီနာ ရာမီရက်ဇ်၏ ဆိုင်ဖြစ်ပါသည်။ ပုံတွင် E.B.T ဆိုသည်မှာ အစိုးရထောက်ပံ့ကြေး ဖြစ်သည်။အမေရိကန်အစိုးရ၏ အစားအသောက် ထောက်ပံ့ကြေး ဒေါ်လာ ၃ သန်းကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအရေးယူခံရသော ခရစ်စ်တီနာ ရာမီရက်ဇ်၏ ဆိုင်ဖြစ်ပါသည်။ ပုံတွင် E.B.T ဆိုသည်မှာ အစိုးရထောက်ပံ့ကြေး ဖြစ်သည်။
အမှုတစ်ခုမှာ ဒေါ်လာ ၆ သန်းဖိုး လိမ်လည်မှု တွေ့ရှိခဲ့ပြီး အခြားအမှုများမှာလည်း ဒေါ်လာ ၃ သန်းဖိုး၊ ၄ သိန်းဖိုး၊ ၃ သိန်းဖိုး စသည်ဖြင့် အလွဲသုံးစား ပြုထားသည်။
အစိုးရ၏ food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေး အစီအစဉ်မှာ သတ်မှတ်ထားသော စားသောက်ကုန်များကိုသာ ဝယ်ယူခွင့်ရှိပြီး၊ အသင့်ချက်ပြုတ်ထားသော အစားအစာ၊ မကောင်းမှုပစ္စည်းဟု ခေါ်သည့် အရက်၊ ဆေးလိပ် စသည်တို့ကို ဝယ်ခွင့်မရှိပါ။ ထို့ပြင်၊ ငွေသားနှင့် လဲလှယ် သုံးစွဲခွင့်လည်း မရှိပါ။ ရာဇဝတ်ပြစ်မှုမြောက်သော်လည်း မှောင်ခိုဈေးကွက်တွင် ထိုသို့ လုပ်ဆောင်မှုများမှာ အထူးအဆန်း မဟုတ်ကြောင်း ကုန်စုံဆိုင် လုပ်ငန်း လုပ်ကိုင်သူများက ပြောကြပါသည်။
ဂျော်ဂျီယာပြည်နယ်၊ အာဝင်တန် တောမြို့လေးရှိ ကုန်စုံဆိုင်သေးသေးလေးသည် ဒေါ်လာ ၆ သန်းဖိုးရှိသော အလွဲသုံးစားမှုနှင့် ပါဝင်ပတ်သက်မည်ဟု ထင်စရာမရှိသော်လည်း အသက် ၇၇ နှစ်ရှိ ပိုင်ရှင် အယ်လ်ဘတ် ရှင်ဟိုလ်စတာသည် အစိုးရထောက်ပံ့ကြေး လိမ်လည်မှုဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ၄ လ အပြင် အစိုးရကို ဒေါ်လာ ၄.၇ သန်း ပြန်လည် ပေးဆပ်ရန် အမိန့်ချမှတ်ခံထားရသည်။ ၎င်း၏ ဆိုင်တွင် လူ ၂,၀၀၀ ခန့်သည် ၎င်းတို့၏ အစားအသောက် ထောက်ပံ့ကြေးကို အရောင်းအဝယ်လုပ်ခဲ့ကြောင်း စုံစမ်းတွေ့ရှိရသည်။
နိုဝင်ဘာ ၁ ရက်မှ စတင်၍ အစားအသောက် ထောက်ပံ့ကြေးများကို လျှော့ချ ဖြတ်တောက်ခဲ့ပြီးနောက် အစိုးရ၏ အေဂျင်စီဌာနများသည် အလွဲသုံးစား မသမာမှုများကို ပိုမို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်း အားထုတ်လာခဲ့သည်။ တစ်ပြည်လုံးရှိ ကုန်စုံဆိုင်၊ အရက်ဆိုင်စသည့် ပုဂ္ဂလိက လုပ်ငန်းငယ်များကို ငွေစာရင်း စစ်ဆေးခြင်း၊ အရပ်ဝတ်ဖြင့် အယောင်ဆောင်ကာ စုံစမ်းခြင်း၊ ဆိုင်တွင် လျှို့ဝှက်ကင်မရာ တပ်ဆင် ထောက်လှမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။
ဆင်းရဲသားထောက်ပံ့ကြေးဖြင့် မီလျံနာသူဌေးဖြစ်
ရို့ဒ်အိုင်းလင်းရှိ ကုန်စုံဆိုင်ပိုင်ရှင် ခရစ်စတီနာ ရာမီရက်ဇ် (၃၇ နှစ်) နှင့် အခြား ကိုးဦးသည်လည်း အစိုးရငွေ ဒေါ်လာ ၃ သန်း အလွဲသုံးစားလုပ်မှုဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ၁ ရက်အပြင် ဒေါ်လာ ၃၉၉,၀၀၀ ကို အစိုးရအား ပြန်ပေးရန် ဒီဇင်ဘာ ၁၉ ရက်နေ့က စီရင်ချက်ချခံရပါသည်။ ထို့အပြင်၊ သူ့ဆိုင်မှ အလုပ်သမား နှစ်ဦးမှာ တရားမဝင် နိုင်ငံခြားသားများ ဖြစ်ကြောင်း ပေါ်ပေါက် ဖမ်းဆီးခံရပြီး ဆိုင်ရှင် ကိုယ်တိုင်၏ လူဝင်မှု ဗီဇာကိစ္စကို ဆက်လက် အစစ်ဆေးခံရမည် ဖြစ်သည်။
ဆိုင်ရှင်အမျိုးသမီး ခရစ်စ်တီနာသည် အစားအသောက် ထောက်ပံ့ကြေး အလွဲသုံးစားငွေ ဒေါ်လာ တစ်သန်းကျော်ကို ဘဏ်တွင် အပ်နှံထားသည်ဟု တရားရုံးစွဲချက်တွင် ဖော်ပြထားသည်။ ယခင်နှစ်က အလားတူအမှုဖြင့် ဖမ်းဆီးခံရသော ကုန်စုံဆိုင်ရှင် ဆရက်ဒ် ရှားသည် မသမာမှုဖြင့် ရရှိသော ငွေကြေးဖြင့် ဒေါ်လာ ၇၇,၀၀၀ တန် မာစီးဒီးကား အသစ်စက်စက် တစ်စင်းကို လက်ငင်းငွေချေ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
Food stamp ဟူ၍ ယခင်က ခေါ်ခဲ့သော်လည်း ယခုအခါ ခံစားခွင့်ရသူ၏ စာရင်းသို့ တိုက်ရိုက်ပို့ပေးသော electronic benefits transfer (EBT) ကို ခရက်ဒစ်ကဒ်သဖွယ် ကဒ်ပြားဖြင့် သုံးစွဲနိုင်သည်။ အစားအသောက် မဝယ်ပဲ ငွေသားဖြင့် လဲလှယ်ရာတွင် EBT ၁ ဒေါ်လာကို ဆင့် ၃၀ မှ ဆင့် ၇၀ နှုန်းဖြင့် ဖလှယ်ကြသည်။ ပျမ်းမျှပေါက်ဈေးမှာ ဆင့် ၅၀ ဖြစ်သည်။

ကုန်စုံဆိုင်တစ်ခုမှာ ဈေးဝယ်သူယောင်ဆောင်၍ ထောက်လှမ်းသော အမှုတစ်ခုတွင် ဝယ်သူက တရားဝင် ဝယ်ခွင့်ရှိသော အစားအသောက် ၄ ဒေါ်လာဖိုးကို ဝယ်ကာ၊ ပြန်အမ်းငွေ ဒေါ်လာ ၈၀ တောင်းယူပါသည်။ ဆိုင်ရှင်က သူ့အတွက် ၈၅ ဒေါ်လာ ထပ်ပေါင်းကာ စုစုပေါင်း ၁၆၉ ဒေါ်လာကို EBT ကဒ်မှ နုတ်ယူထားလိုက်၏။ ထိုအမှုတစ်ခုတည်းတွင်ပင် အစိုးရငွေ ၁၆၅ ဒေါ်လာ အလွဲသုံးစား အလုပ်ခံရပါသည်။
ဓာတ်ဆီဖိုး၊ လျှပ်စစ်ဖိုး၊ အရက်ဖိုး၊ စီးကရက်ဖိုး
အစိုးရငွေ အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၃ နှစ် ၄ လ စီရင်ချက်ချခံရသော အဲလ်ဘတ် ရှင်ဟိုးလ်စတာက ၎င်းသည် ဥပဒေမလွတ်ကင်းသည်ကို သိသော်လည်း အမှားကျူးလွန်သည်ဟု မယူဆကြောင်း၊ ၎င်း၏ ဆိုင်ရှိရာ အရပ်မှ ဆင်းရဲသားများသည် ကားဓာတ်ဆီထည့်ရန်၊ လျှပ်စစ်မီးဖိုးပေးရန် ငွေလိုသောကြောင့် ကူညီပေးခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းပါသည်။
အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) ဟု တရားဝင်ခေါ်သော ထောက်ပံ့ကြေး အစီအစဉ်ကို လူအများက food stamp ဟုသာ သုံးနှုန်းပြီး အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းခန့် ရရှိခံစားနေပါသည်။
အမေရိကန်အစိုးရသည် နှစ်စဉ်​ အစားအသောက် ထောက်ပံ့ကြေးငွေ ဒေါ်လာ ၇၅ ဘီလျံ ပေးအပ်နေရာ၊ ခန့်မှန်းခြေ ၈၅၈ သန်းခန့်မှာ အလွဲသုံးစား အလုပ်ခံရပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=59%3A2013-12-26-22-02-41&catid=8%3A2013-10-13-17-09-02&Itemid=214

၁ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် "
ဟုချမှတ်ထားခြင်း ။ ။ ပုဒ်မ - ၆ (စ)

၂ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် "
ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။ ပုဒ်မ ၅၉ (ဃ )

၃။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့်
ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ။
ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၎ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ်
ခန်.အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု
သတ်မှတ်ထားပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်
ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် )
နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊၁၆၁ (ဃ )

၅ ။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျင်းပြီး
ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက
ရယူခြင်း ။ ။ ပုဒ်မ - ၂၃၂ (ခ) (၂ )

၆ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား
ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။ ပုဒ်မ - ၂၃၂ (ဃ)

၇ ။ ရာထူးမှနုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင်
နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )

၈ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ ပါဝင်နေခြင်း ။ ။ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ )
ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )

၉ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ
ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊
စုစုပေါင်း ( ၆ ) ဦးတို့ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း ။ ပုဒ်မ - ၂၀၁

၁၀ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း ။

၁၁ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း ။ ပုဒ်မ - ၃၃၈

၁၂ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်မျာညးနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း

၁၃ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး
၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၄၃၆

၁၄ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပြီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။
ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့်
ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။
ပုဒ်မ - ၄၂၁ (ခ ) ၄၂၅

စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော
ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။

ဗဟိုအလုပ်မှုဆောင်အဖွဲ.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

အသက်၈၁နှစ်ရှိပြီဖြစ်တဲ့ မိခင်အိုကြီး မကျန်းမမာဖြစ်နေတာကြောင့် ၂၆နှစ်ကြာမှ မွေးရပ်နိုင်ငံ အလည်အပတ်ထွက်ဖို့ ကျိုးစားခဲ့တဲ့ ၈၈ကျောင်းသားခေါင်းဆောင်ဟောင်းကိုသူရိန်ကို စင်္ကာပူရှိမြန်မာသံရုံးက ဒီကနေ့ ဗီဇာထုတ်မပေးခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့ ညနေ ကိုသူရိန်က စင်္ကာပူကနေ တယ်လီဖုံးဆက်သွယ်ပြောပြတာကတော့ " စကာင်္ပူသံရုံးကနေ ဘာအကြောင်းပြချက်မှ မပေးပဲ၊မြန်မာပြည်သွားဖို့ဗီဇာ ငြင်းပယ်ခံရတယ်၊ တခြားနိုင်ငံ သံရုံးတခုခုက သွားလျှောက်ပါလို့ပဲ အကြံပေးတယ်၊ ကျနော်စင်္ကာပူမှာရှိတဲ့ ပွဲစားနဲ့လည်း ငွေတွေအကုန်အကျခံ လုပ်ခဲ့တယ်၊စင်္ကာပူ အခြေစိုက် ( Goldengate Global Travel အေးဂျင့်နဲ့ လုပ်ခဲ့တာပါ၊ မရဘူး၊ စင်္ကာပူနိုင်ငံကတောင် ၃လ ဗီဇာပေးတယ်၊ ကျနော့အမေက အသက်ကြီးပြီး အသဲအသန်ဖြစ်နေတယ်၊တခြားနိုင်ငံခြားသားတွေရော၊ နော်ဝေးနိုင်ငံ သားတွေကိုရော အလွယ်တကူဗီဇာထုတ်ပေးပြီး နော်ဝေး နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ ကျနော့်ကို ဘာကြောင့် ဗီဇာထုတ်မပေးရတာလည်း စဉ်းစားလို့မရဘူး"

နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာ လွန်ခဲ့တဲ့ ၇နှစ်ကျော်ကတည်းက မိသားစုနဲ့ အခြေချ နေထိုင်ခဲ့တဲ့ ကိုသူရိန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းပဲ မိခင်ကြီးမကျန်းမာလို့ သီတင်း(၃)ပတ်ကြာ့ မြန်မာပြည်ပြန်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

" အမေ စိတ်ချမ်းသာစေလိုစိတ်၊ ၂၆နှစ်ကြာခွဲခွါ ခဲ့ရတဲ့ကိုယ့်နိုင်ငံ အလွမ်းစိတ်တွေနဲ့ ဒီခရီးစဉ်ကို ကျနော် စိတ်လှုပ်ရှားမှုတွေအများကြီးနဲ့ ကြိုတင် စိတ်ကူးတွေယဉ် ရင်ခုံပြီးတော့စီစဉ်ခဲ့တယ်။ လေယာဉ်လက်မှတ်ဖိုး အသွားအပြန် အမေရိကန် ဒေါ်လာ၁၃၀၀အပြင် ပွဲစားခတွေပါကုန်ခဲ့တယ်၊ မနက်ဖန် စင်္ကာပူမှာရှိတဲ့ နော်ဝေးသံရုံးကိုသွားပြီး အကူအညီတောင်းကြည့်မယ်၊ သက်ဆိုင်ရာနိုင်ငံက အဓိကကျတာမို့ သိပ်တော့ မျော်လင့်ချက်မရှိဘူးလို့ထင်တယ်"

အသက် ၄၆နှစ်ရှိတဲ့ကိုသူရိန်ဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗ.က.သ များအဖွဲ့ချုပ် ပြန်ကြားရေး မှုးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် အိန္ဒိယနယ်စပ်နဲ့ ထိုင်းမြန်မာနယ်စပ်တို့ကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။နော်ဝေးနိုင်ငံသားအဖြစ်မခံယူမီ လွန်ခဲ့တဲ့၂၀၁၂ ဧပြီလတုန်းကလည်း နှစ်သစ်ကူးကာလ မြန်မာပြည်ပြန်ပြီး မိခင်ကြီးကို ကန်တော့ဖို့ ဗီဇာလျှောက်ခဲ့ပေမဲ့ စင်္ကာပူသံရုံးက ငြင်းပယ်ခဲ့ဖူးတာမို့ ယခ္ခုအကြိမ်ဟာ ဒုတိယမြောက် ငြင်းပယ်ခံရခြင်းဖြစ်ကြောင်းသိရပါတယ်။

"တချိန်က အစိုးရဆန့်ကျင်သူ၊ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေကိုတောင် အစိုးရက တကူးတကဖိတ်ခေါ်ပြီး ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်နေထိုင်သွားလာခွင့်တွေပေးနေတာ တကမ္ဘာလုံးအသိပဲလေ၊ သမတဦးသိန်းစိန် နော်ဝေးနိုင်ငံလာတုန်းကလည်း မြန်မာတွေ လာချင်ရင် လွတ်လွတ်လပ်လပ်ပြန်လာနိုင်တယ်လို့ ဖိတ်ခေါ်ခဲ့တယ်၊ အခုပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းတို့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်တို့ကလည်း ပြန်လာချင်သူတွေကို ဗီဇာအခက်အခဲမရှိစေဖို့ နိုင်ငံတကာက မြန်မာသံရုံးတွေအားလုံးကို အသိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြောခဲ့သေးတယ်၊ ကျနော်မှာ ဘာအပြစ်များရှိလို့ အခုလိုငြင်းပယ်ရတာလဲ သိချင်တယ်။ မိခင်ကြီးကိုလည်း မတွေ့ရတော့ဘူး၊ ကိုယ့်ဇာတိမြေတောင် မသွားရတော့ဖူးဆိုတဲ့ အသိဟာ အတော့်ကို တုန်လှုပ်စရာကောင်းပါတယ်ဗျာ "

ကိုညို သတင်းရေးသည်။
၂၆ဒီဇင်ဘာ ၂၀၁၃

ဓာတ်ပုံစာ( ၂၀၁၃အောက်တိုဘာလအတွင်း နော်ဝေးနိုင်ငံအလည်အပတ်ရောက်ခဲ့သော ကိုဂျင်မီနှင့် ကိုသူရိန် တွေ့ဆုံခဲ့စဉ်က)

မြန်မာ အစိုးရမှရပ်နားထားသည့် မြစ်ဆုံ စီမံကိန်းအား ဝမ်ပေါင်ကဲ့သို့စာ ချုပ်အသစ် ပြန်လည် ချုပ်ဆိုပြီး ဆောင်ရွက် ခွင့် ရရှိပါက ဆောင် ရွက်သွားရန်ဆန္ဒရှိကြောင်း CPI ကုမ္ပဏီ၏ ရှယ်ယာဝင်ကုမ္ပဏီ ကြီး ဖြစ်သော ACHC က ဒီဇင် ဘာ၂၆ရက် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ် ဖော်ပြောကြားခဲ့သည်။

ဧရာဝတီမြစ်၊ မြစ်ညာမြစ် ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီ လီမိတက်(ACHC)မှ မန်နေ ဂျာချုပ် Mr.Li Guanghua က ''ကျွန်တော်တို့ကုမ္ပဏီက ရေ အားလျှပ်စစ်တစ်ခုတည်း လုပ် တာမဟုတ်ပါဘူး ။ ကျောက်မီး သွေး စက်ရုံတွေ လဲရှိပါ တယ်။ မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက် လာဖို့ အများကြီး အားသာပါ တယ်။ ကျွန်တော်တို့အနေနဲ့လဲ ဒီဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင် ချင်ပါတယ်''ဟု ပြောသည်။

ယင်းမြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ကိုင်မှုကို ပြည် သူလူထုမှ ကန့်ကွက်မှုများရှိလာ ပါက မြန်မာနိုင်ငံအစိုးရမှ ချ မှတ်ထားသည့် ဥပဒေများအ တိုင်း ဆောင်ရွက်သွားမည်ဖြစ် ပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြစ်ဆုံ စီမံကိန်း အား ရပ်ဆိုင်းထားသော်လည်း နောက်အစိုးရလက်ထက်တွင် ပြုလုပ်မည်ဆိုပါက စာချုပ်သစ် များ ပြန်လည်ချုပ်ဆိုသွားမည် ဖြစ်ကြောင်း ယင်းကပြောသည်။ ゞင်းကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်းအား ဆက်လက် လုပ်ကိုင် နိုင်ရန် အတွက် နိုင်ငံ ရေးပါတီများသို့လည်း စည်းရုံး ရေးများလည်း ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် NLD ပါတီမှ မိတ္ထီလာပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။ယင်းက ''သူတို့က ဒီစီမံ ကိန်းကို ဆက်လုပ်ဖို့အတွက် ကျွန်တော်တို့ ပါတီတင်မဟုတ် ဘူး။ တခြားပါတီတွေကိုလဲ စည်း ရုံးရေးတွေလုပ်တာတွေရှိတယ်။ သူတို့အနေနဲ့ ဒီစီမံကိန်းကို ဆက် လုပ်ချင်တယ်ဆိုရင်တော့ ပထမ တစ်ချက်အနေနဲ့ ဒီစီမံကိန်း လုပ် ဖို့ စာချုပ်ချုပ်ဆိုတဲ့နေရာမှာ ပွင့် လင်းမြင်သာဖို့လိုတယ်။ နောက် တစ်ချက် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီစီမံကိန်း ကို လက်ခံလာတဲ့အထိချပြနိုင် ဖို့လိုတယ်''ဟုပြောသည်။မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်သည့် သတင်းစာရှင်းလင်း ပွဲအား ACHC ကုမ္ပဏီအနေ ဖြင့် ဒီဇင်ဘာ၂၆ရက်တွင်ပြုလုပ် သည့်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ယင်းစီမံကိန်းအား ဆက် လက်လုပ်ကိုင်နိုင်ရန်အတွက် ပြင် ဆင်ခြင်း ဖြစ်သည် ဟုလည်း တက် ရောက်လာသူများက မှတ်ချက် ပြုပြောဆိုသည်။

ယင်းပွဲသို့ တက်ရောက် လာသည့် ခင်မောင်ညို(ဘောဂ ဗေဒ)က ''အခုသတင်းစာရှင်း လင်းပွဲက ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် ပြည်သူ့အသံကို နားထောင်မှ ရမယ်ဆိုတာကို သဘောပေါက်တဲ့အနေနဲ့ အ ခုလို လုပ် တယ် လို့မြင်တယ်''ဟု ပြောသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းအား ၂၀ဝ၉ခုနှစ်တွင် စက် တပ်ဆင်အင်အား မဂ္ဂါဝပ်၆၀ဝ၀ အား စတင်တည်ဆောက်ခဲ့ပြီး ပထမဓာတ်အား ပေးစက်တစ် လုံးကို ၂၀၁ရခုနှစ်တွင်စတင် လည်ပတ်နိုင် မည်ဖြစ် ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ထားသည့်စာစောင် တွင်ရေးသားထားသည်။

အောင်သူ (ဒေးဒရဲ)
Yangon Media Group

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယခင်ကြံ့ခိုင်ရေး အသင်းကြီးမှစ၍ ယခု တိုင်အောင် တပ်မတော် ထောင်ထားေ သာ ပါတီတစ်ရပ် အသွင်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး၏ တည်ထောင်သူ များထဲမှ ကျန်ရစ်သူတစ်ဦး ဖြစ်ပြီး ယနေ့ပါတီ၏ သြဇာကြီးသော ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။

ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ကြားတွင် ထုတ်ဖော် ပြောကြား၍ မရသော ကတိက၀တ်များ ရှိနေကြောင်း၊ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော် အကြီးအကဲနှင့် ပြည်ခိုင်ဖြိုး နာယကကြီး တာဝန်ရှိနေစဉ်က ပါတီစုံစနစ်သို့ ပြောင်းလဲ၍ ရွေးကောက်ပွဲများ မကျင်းပမီ အခြေအနေများအတွင်း တပ်မတော် အကြီးအကဲများကို ထမ်း ဆောင်နေသော တာဝန်မှ အငြိမ်းစားပေး၍ ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲများ တာဝန်ကို ပြောင်းလဲ ထမ်းဆောင် စေခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အစိုးရပိုင်း တာဝန်များ ထမ်းဆောင်မည့် သူများကို အစောကြီးကတည်းက ကြိုတင် လျာထားပြီး ဖြစ်ကြောင်း၊တစ်ပြည်လုံး တပ်မတော်သား ကိုယ်စားလှယ်များကို သေချာ စိစစ်ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်မပြုမီ ကိုယ်တိုင် စိစစ်၍ တင်ပြပေးခဲ့ရသူ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်ယူခဲ့ရသည့် သရေစည်သူ ဦးဆန်းဆင့်က ၂၀၁၂ မေလတွင် မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ …

လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံရေး ရေချိန် မြင့်တက်နေချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါလာပြီး အရပ်သားနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ မည်မျှပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံ ကြစေကာမူ တပ်မတော်သား ကိုယ်စားလှယ်များ မပါဝင်ဘဲ ပြင်ဆင်၍ ရနိုင်မည် မဟုတ်ပေ။ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပတ်သက်၍လည်း ““တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ပြည်ခိုင်ဖြိုးကို ထောက်ခံရမယ်၊ ကန့်ကွက်ရမယ် မရှိပါဘူး။ တိုင်းပြည်အတွက် သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို တင်ပြဆွေးနွေး ရွေးချယ်ခွင့် အပြည့်အ၀ ရှိပါတယ်”” ဟုအဆိုပါ တပ်မတော်သား ကိုယ် စားလှယ်များကို စိစစ်ရွေးချယ် ပေးခဲ့သူ ဖြစ်သည့် စစ်ရာထူးခန့်ချုပ်(ငြိမ်း) သရေစည်သူ ဦးဆန်းဆင့်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် တပ်မတော် အကြီးအကဲများ ကိုယ်တိုင် ဦးဆောင်ခဲ့ခြင်းကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေးတွင် အများပြည်သူ မလိုလားသော၊ မနှစ်ခြိုက်သော အပြုအမူ လုပ်ဆောင်ချက် များကို ပြုလုပ်လျက်ရှိသည့် ပါတီကော်မတီများ ရှိနေသော်လည်း အင်အားကြီးစွာ ရပ်တည်နိုင်နေခြင်းနှင့် ပတ်သက်၍လည်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော် အပြန်အလှန် အပေးအယူရှိခြင်း မရှိခြင်းတို့ကို ““ကတိက၀တ် ဆိုတာကတော့ ကန့်သတ် ထားတာတော့ မရှိဘူး။ ပါတီက တပ်မတော်ကြောင့် ပေါက်ဖွား လာတာ။ ဒီအသင်းဟာ တပ်မတော်က လုပ်တာ။ တပ်မတော်က မွေးထုတ်ပေးလိုက်တယ်။ တပ်မတော် ကြောင့် ဖြစ်လာတယ်။ ကန့်သတ်ချက်တော့ မရှိပါဘူး။ မဆုံးနိုင်ဘူး ဆိုတာလည်း မရှိနိုင်ဘူး ဆိုသလိုပေါ့။ ဘယ်တော့ ပြီးမယ်လို့လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အမြဲတမ်း သဟဇာတဖြစ်ပြီး ပေါင်းဖက်နိုင်ဖို့ လိုတာပေါ့။ အဓိပ္ပာယ်က အဲဒီသဘောပဲ ဆောင်တယ်။ သူ့ရဲ့ နောက်ကွယ်မှာ အဲဒီလို ရည်ရွယ်ချက်ကလေးတွေနဲ့ပေါ့။ အဲဒီ သဘော”” ဟု ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ဒီဇင်ဘာ ၂၆ ရက်တွင် ရှင်းပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် တပ်မတော် အစိုးရ၏ နိုင်ငံပိုင် သတင်းစာများ၌ အကျယ်တ၀င့် ဖော်ပြ၍ ဖွဲ့စည်းခဲ့ရာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့မှာ ဗဟို နာယက အဖွဲ့ဖြစ်ပြီး ဗဟိုနာယကကြီးအဖြစ် နိုင်ငံတော် အကြီးအကဲ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗဟိုနာယက အဖွဲ့ဝင်များအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း/ ရေ/ လေ)၊ စစ်ဦးစီး အရာရှိချုပ်(ကြည်း)၊ စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးမှူး (တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး)၊ တိုင်းမှူးများ ပါဝင်ကြသည်။ ကြံ့ခိုင်ရေး စတင် ဖွဲ့စည်းစဉ်က ဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် အမြင့်ဆုံး တာဝန်မှာ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် (အတွင်းရေးမှူး ၃) ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင် (ပညာရေးဝန်ကြီး – ကွယ်လွန်) တို့ဖြစ်ကြသည်။ ကြံ့ခိုင်ရေး အသင်းကို စတင်တည် ထောင်သည့် ၁၉၉၃ ခုနှစ်မှ ယနေ့တိုင် နိုင်ငံရေး နယ်ပယ်တွင် လုပ်ပိုင်ခွင့် ရသူများအဖြစ် ကျန်ရစ်သူများမှာ ပါတီဗဟို အတိုင်ပင်ခံများ ဖြစ်သော ဦးအောင်သောင်း၊ ဦးတင်ထွတ်နှင့် ဦးစိုးသာတို့ သုံးဦးသာ ရှိတော့သည်။

မြန်မာသံတော်ဆင့်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်း၌ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တက်ရောက် မိန့်ခွန်း ပြောကြားသော ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့် တင်ရေး အခမ်းအနားတွင် တက် ရောက်လာသော ကျေးလက်နေ ပြည်သူများမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အချို့မှာ ခေတ္တ ဖမ်းဆီးထိမ်းသိမ်း ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

သမ္မတကြီး ဦးသိန်းစိန် ပြန် လည်ထွက်ခွာမည့် လမ်းကြောင်း ပေါ်၌ ““နိုင်ငံတော် သမ္မတကြီး အား ကြိုဆိုပါ သည်။ နတခတိုင်းမှူး သူရဦးရွှေမန်း လက်ထက် အဓမ္မ သိမ်းဆည်းခံရသော ကန် ကြီးထောင့်မြို့နယ်၊ ဒါးက ကျေးရွာ မှသီးစားခံလယ်သမားများ””ဟူသော စာတန်းဖြင့် ကြိုဆိုသူ လေးဦး အားမြို့နယ် ရဲတပ်ဖွဲ့မှူး က အမှတ် (၂) ရဲတပ်ဖွဲ့စခန်းတွင် ၂ နာရီ ကျော်ကြာအောင် ဖမ်းဆီးထိန်း သိမ်းထားပြီး သမ္မတကြီးလေယာဉ် ဖြင့် ထွက်ခွာပြီးမှ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ထိန်းသိမ်းခံရသူ ၄ ဦးက မြန်မာသံတော် ဆင့်သို့ ပြော ကြားသည်။ …

အဆိုပါ အခမ်းအနား ကျင်းပနိုင်ရန် လွန်ခဲ့သော ၁၀ ရက်ခန့် မှ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်း မြို့နယ်များ မှ အခမ်းအနား တက်ရောက်သူ များအား နေ့စားခ (၁၅၀၀)ကျပ် ပေးမည်ဟု ရပ်ကွက်/ ကျေးရွာ ခေါင်းဆောင်များက စည်းရုံးခေါ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြံခင်း မြို့နယ်၊ မြန်အောင်မြို့နယ်ကဲ့သို့ သော ဝေးလံသော မြို့နယ်များမှ ပြည်သူများမှာ ၂၄ ရက်နေ့မတိုင် မီ ည ၁၀ နာရီလောက်ကတည်း က ကားစီး လာရကြောင်း၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်များမှ ပြည်သူများမှာလှေတစ်တန်၊ ကုန်း တစ်တန်ဖြင့် လာရ သဖြင့် ဒုက္ခပိုရောက်ကြောင်း၊ အားကစားကွင်း ထဲသို့ နံနက် ၅ နာရီကတည်းက ၀င်ရောက်ခဲ့ရပြီး အပြင်သို့ ပြန် ထွက်၍မရဘဲ ကွင်းထဲ၌ပိတ် လှောင် ခံခဲ့ရကြောင်း၊အစာမစားရသေး၍ ဗိုက်ဆာသော်လည်း အောင့်အည်း၍ နေခဲ့ရပြီး အခမ်းအနား ပြီးဆုံးသွား သော်လည်း သမ္မတကြီး မပြန်သေး၍ ကွင်းတံခါး ဖွင့်မပေးသေးကြောင်း၊ နံန က် ၁၀း၃၀ မှ အပြင်ထွက်၍ရ ကြောင်း၊ နိုင်ငံတော်သမ်္မတကြီး အား မိန့်ခွန်းပြောချိန်မှလွဲ၍ မြင် တွေ့မသွားခဲ့ ရကြောင်း၊ တက်ရောက် လာသူ ကျေးလက်နေပြည်သူများ က ရင်ဖွင့်ပြောကြားသည်။

““ကျွန်မက ကျောင်းဆရာမ ပါ၊ နံနက် ၄ နာရီ စုရပ်အရောက် ဆိုတော့ ၃ နာရီကတည်းက ပြင်ဆင်ပြီး လာရ တာ။ အေးကလည်း အေးနဲ့၊ ယူနီဖောင်းမ၀တ်ရဘူးတဲ့။ ၉ နာရီမှာ သမ္မတ လာတော့မှ ပွဲစဖြစ်တာ။ နေ့တွက် စရိတ်ပေးမယ် လို့တော့ပြောတယ်”” ဟု ပုသိမ်မြို့ ရှိ အခြေခံပညာ အလယ်တန်းပြ ဆရာမတစ်ဦးက ပြော ဆိုသည်။

““ကျွန်တော်က သ/မအသင်း ၀င်လည်းမဟုတ်ပါဘူး။ ၀န်ထမ်း လည်းမဟုတ်ဘူး။ ၁၅၀၀ ပေးမယ် ဆိုလို့ ဒီကွင်းထဲကို မနက် ၅ နာရီ ကတည်းက ရောက်နေတာ”” ဟု ပုသိမ်မြို့၊ ၁၄ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အခမ်းအနားမှာ သမ၀ါယမ၀န်ကြီးဌာနမှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီးတိုင်းအတွင်း ခရိုင် ၆ ခရိုင်မှ ရပ်နီး/ ရပ်ဝေး ပြည်သူ များအားနေ့တွက်စရိတ်၊ စားစရိတ် ထောက်ပံ့ပေးပြီး တက်ရောက် စေခဲ့ကြောင်း၊ ဌာနဆိုင်ရာ ၀န်ထမ်း များအားလည်း အရပ်ဝတ်ဖြင့် တက်ရောက်စေခဲ့ပြီး အင်္ကျီအပေါ်၌ သ/မတံဆိပ် စတေကာများ ကပ် ပေးခဲ့ ကြောင်း၊ ပုသိမ်မြို့ရှိ ဂေါ ပကအသီးသီးအားလည်း မြို့မိ မြို့ဖအသွင်ဖြင့် တက်ရောက်စေခဲ့ ကြောင်း၊ သမ္မတကြီး ကိုယ်တိုင် သွားရောက်နိုင်သည့် မဟာဗန်္ဓုလ လမ်းမကြီးပေါ်ရှိ အလှစိုက်ပန်းအိုး များတွင် မြို့နယ် စည်ပင်မှ ပန်းအတုများဖြင့် ကြိုဆိုမှု ပြုခဲ့ကြောင်း၊ တက်ရောက်လာသူများမှာခရီးဝေးမှ လာရောက် ရပြီး မအိပ် ရသေးသဖြင့် အခမ်းအနားစတင်ချိန်တွင် ခုံပေါ်၌ ပင်အိပ်ပျော်နေကြကြောင်း အခမ်း အနားသို့တက်ရောက်ခဲ့သူ ပုသိမ် ဒေသခံတစ်ဦးက ပြောဆိုသည်။

““ဒီမိုကရေစီ ဘယ်လောက်ရ တယ်ပြောပြောပြည်သူတွေ အောက် ခြေ ၀န်ထမ်းတွေ အချုပ်ကျနေ တုန်း ပါပဲ။ အရင်ကအကျင့်ဆိုး တွေ၊ စရိုက်ဆိုးတွေ၊ လိမ်လည်မှု တွေက မပျောက်သေးဘူး။ ဒီလို စဋ္ဋရိုက် ဆိုးတွေ က ဒီမိုကရေစီနိုင်ငံမှာ မရှိသင့်ဘူး။ လူကြီးလာမယ် ဆိုတော့မှ ဆေးတွေသုတ်ကြ၊ လမ်းတွေပြင်ကြ၊ အချိန်မ ရှိတော့ အတုတွေနဲ့ အစားထိုး၊ ပစ္စည်းအတု၊ လူအတုတွေနဲ့ သမ္မတကြီးကို မျက်နှာလုပ်၊ သမ္မတကြီးကလည်း အချိန် မရှိတော့ ပြန်လှည့်မကြည့် နိုင်ဘူး။ ဟိုတုန်းက သာလွန်မင်း တရားကြီးတို့လို ရုပ်ဖျက်ပြီးပြည် သူတွေ ကြားကို ဆင်းကြည့်စေချင် တယ်။ ပြည်သူတွေ ဘယ်လောက် ဖိနှိပ်မှုတွေ ခံစားနေရတယ်ဆိုတာ။ ဒီလို လူဖြစ် ပြီး လူ့အခွင့်အရေးဆုံး ရှုံးနေတာတွေကို အဆင့်ဆင့်တင် ပြထားတာလည်း စုံနေပြီ။ ဘာမှ မထူးဘူး။ နောက်ဆို ခေါင်းစီးမှာ (သို့) ဦးမာဃ(သိကြားမင်း)ဆိုပြီး အောက်မှာ မိတ္တူကို ယမမင်း(ငရဲ ကြီးရှစ်ထပ်)၊ (၃၁) ဘုံအလုံး စုံသို့လို့ လိပ်မူပို့ရတော့မလိုဖြစ်နေပြီ””ဟု လူ့အခွင့်အရေး စောင့်ကြည့်ကာ ကွယ်ရေးကွန်ရက် HRWDN မှ ဦးထွန်းရွှေက မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် နေ့စဉ်နှင့်အမျှ (၇) ရက်သားသမီး အလှူရှင်များ၏ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြသည့် အလှူငွေများဖြင့် လူမှုရေးလုပ်ငန်းများကို “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဗြဟ္မစိုရ်တရား (၄) ပါးလက်ကိုင်ထား၍ ကူညီပေးဆပ် လုပ်ဆောင်ပေးနေလျှက်ရှိသည်။ ထိုကဲ့သို့ လုပ်ဆောင်လျှက်ရှိသော လူမှုရေးအသင်းကြီးသည် အလှူရှင် များ နေ့စဉ်နှင့်အမျှ လှူဒါန်းနေမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပြန်လည် ၍ ကူညီမှုများပြုနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလှူရှင်တို့၏ လှူဒါန်းမှုသည် အရေးအကြီးဆုံးဖြစ်သည်။

ထိုအလှူရှင်များစွာထဲမှ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း သည်လည်း နှစ်စဉ်ကဲ့သို့ တဖက်တလမ်းမှ ပါဝင်လှူဒါန်းသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းကျပ် တိတိ အားလာရောက်၍ လှူဒါန်းခဲ့သည်။ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဝိုင်းစုခိုင်သိန်း သည် မိခင်နှင့်အတူ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား လှူဒါန်းခဲ့ပြီး ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မွေးနေ့အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၁ဝ) သိန်းကျပ်တိတိ နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ (၁ဝ) သိန်းကျပ်တိတိ၊ စုစုပေါင်း အလှူငွေ (၂ဝ) သိန်းကျပ် တိတိတို့အား မိသားစုနှင့်အတူ ထပ်မံလာရောက်၍ လှူဒါန်းမှုပြုခဲ့သည်။

မိမိ၏ အနုပညာလုပ်ငန်းများနှင့် မအားလပ်သည့်ကြားမှ အချိန်ယူ၍ မိမိ၏ ကျေးဇူးရှင် ပရိသတ် များအပေါ် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းအဖြစ် မွေးနေ့အလှူဒါနပြုခြင်း ကျေးဇူးဆပ်ခြင်းတို့ဖြင့် အမွန်မြတ် ဆုံးပြုလုပ်ခဲ့သော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း မှ အများပြည်သူတို့အတွက် ပြုသောကောင်းမှု .. အကြောင်းစုသော် .. သာယာအေးမြ .. ဘေးဘယကင်းလို့ .. အေးငြိမ်းချမ်းသာ တိုင်ပါစေသော် … ။

နာရေးကူညီမှုအသင်း (ရန်ကုန်)