January 2013


နိုင်ငံခြား သတင်းထောက်တွေက အစိုးရ နှင့် ပူးပေါင်းပြီး သတင်းမယူကြဘဲ ၊ KIA ဘက်က လူတွေနဲ့ ပေါင်းပြီး သတင်းယူကြတာ များတယ်လို့ မနေ့က ဖေ့ဘွတ်က သူငယ်ချင်းတစ်ယောက် ရေးထားတာလေး ဖတ်လိုက်ရတယ် ။

အဲဒီမှ စဉ်းစားမိတာက နိုင်ငံခြား မီဒီယာတွေက KIA နှင့် စစ်အစိုးရ နှစ်ဘက်မှာ KIA ကို ပိုယုံကြည်လို့ လက်တွဲတာလား ။ ဒါမှ မဟုတ် အစိုးရက သူတို့ဘက်က လိုက်ပါပြီး သတင်းယူဖို့ ခွင့်မပြုလို့လား ။
သတင်းယူခွင့် မပြုဘူး ဆိုကတည်းက ရိုးသားမှု မရှိတာလည်း ဖြစ်နိုင်ပါတယ် ။

ပြည်သူ့ အတွက် SKY NET လို့ ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မီဒီယာကြီး ၊ MRTV4 တို့ဘက်က သတင်းထောက်တွေလည်း အစိုးရဘက်က ပေါင်းပြီးဘဲ ဖြစ်ဖြစ် ၊ KIA ဘက်က ပေါင်းပြီးဘဲ ဖြစ်ဖြစ် သွားရောက် သတင်းယူပြီး ပြည်သူလူထုထံ အမှန်အတိုင်း တင်ပြသင့်တာပေါ့ ။

ပြန်ကြားရေး ၀န်ကြီးရဲ့ အဆိုအရ ဆိုရင် ဒါက တရားမျှတတဲ့ စစ်ပွဲလို့ သူပြောတာဘဲ ........။ အမှန်တကယ်သာ တရားမျှတယ် ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆို နိုင်ငံတကာက မီဒီယာတွေ အားလုံးကို ဖိတ်ခေါ်ပြီးတောင် သတင်းယူခွင့် ပြုသင့်သေးတာ မဟုတ်ဘူးလား ဗျာ ။

KIA လည်း လိမ်မလိမ်တော့ ကျနော် သေချာ မသိဘူးဗျာ ။ အစိုးရကတော့ ဗြောင်ကို လိမ်နေတာ သိသာထင်ရှားလွန်းပါတယ် ။

ပထမက ခံစစ်ပါလို့ ကြော်ငြာတယ် ၊ ပြည်တွင်းက သတင်းထောက်တွေ သွားရောက် သတင်းယူပြီး ဓါတ်ပုံသက်သေတွေနဲ့ အတိအကျ တက်လာပြီး နောက်တော့ လေယဉ်တွေကို စစ်ပွဲ အနေအရ အသုံးချပြီး ဗုံးကြဲတယ်လို့ ၀န်ခံလိုက်တယ် ။ အဲဒါကို ကာဗာလုပ်ချင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျောက်လောက စာအုပ်ဟောင်းတွေ ရှာပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်း နဲ့ ညီတယ်လို့ ကြော်ငြာပြန်တယ် ။

ကျနော်တို့က ငြိမ်းချမ်းရေး လိုလားပါတယ် ။ ဒါကြောင့် စစ်ပွဲတွေ ရပ်ဖို့ သမ္မတကြီးက အမိန့်ပေးပြီးသွားပြီ လို့ ကြော်ငြာပြီး သိပ်မကြာခင် တနေ့တည်း အမြောက်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ကျနော်တို့က ခံစစ်ပါဘဲတဲ့ ........။ သိပ်မကြာပါဘူး .....အခြေအနေ အရ ထိုးစစ်ဆင်နေရပါတယ်လို့ ၀န်ခံပြန်တယ် ။

လိမ်ညာမှုကို ဖုံးကွယ်ဖို့ ဆက်ညာရင်းက ဘဲ ရှေ့က လိမ်တာတွေက ပြန်ပေါ်ဆိုတော့ ခင်ဗျာတို့ လိမ်ညာမှုက အရမ်းကြီးကို သိသာနေပါပြီဗျာ ။

နောက်ဆုံး သူတို့ လိမ်တာ အကုန်ပြန်ဖုံးချင်တော့ လွှတ်တော်က စစ်ပွဲကို ခေါ်ဖို့ ကြိုးစားကြပြန်ပါတယ်...........။

ကျနော်တို့ တိုင်းပြည်ကို ခင်ဗျာတို့ နည်းမျိုးစုံနဲ့ ဖျက်စီးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါပြီဗျာ ။ တိုင်းပြည်လည်း ဗုန်းဗုန်းလဲတော့မယ့် အနေအထားနဲ့ သိပ်မဝေးတော့ပါဘူး ။ ခင်ဗျာတို့မှာလည်း ထားစရာ မရှိအောင် ချမ်းသာနေကြပြီဘဲ .................

ငါတို့ ဘာကြောင့် ဆက်လက် ယုတ်မာချင်ကြသေးတာလည်း ဆိုပြီး ကိုယ့်ဟာကိုယ်ဘဲ ပြန်မေးကြည့်ကြပါတော့ဗျာ .........။
Credit : Burma Thwe
-------------------------------------------------------------------------------
Photo..ကချင်စစ်မြေပြင်ရောက် နိုင်ငံခြားသတင်းထောက်တစ်ဦး။Jinghpaw Kasa

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကသူမအား သမ္မတဖြစ်စေရန် ခွင့်ပြုမည့် အခြေခံဥပဒေ အပြောင်း အလဲများကို မြန်မာ့တပ်မတော်က ထောက်ခံမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့လွှတ်တော်တွင် စစ်တပ်က အဓိကနေရာများကို ထိန်းချုပ်ထား
သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေး သုံးသပ်မှုများကို အတည်ပြုလုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြောင်းဆိုသည်။

ဟာဝိုင်ယီသို့  ခေတ္တရောက်ရှိနေသော ဒေါ်စုက “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မစိုးရိမ်မှု မရှိပါဘူး။ တိုင်းပြည်ရဲ့ တခြားသော
ပြည်သူတွေလိုပဲ ကျွန်မတို့ တပ်မတော်ကိုယ်စားလှယ်တွေဟာ လည်း မြန်မာကို ပိုပျော်စရာကောင်းတဲ့၊ ပိုအားကောင်းတဲ့၊ပိုညီ
ညွတ်မှု ရှိတဲ့တိုင်းပြည်တစ်ခုကို မြင်ချင်ကြတယ်လို့ ကျွန်မထင်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့တော့ အပေးအယူလုပ်
စေ့စပ်ညှိနှိုင်းမှုကနေတဆင့် အခြေခံဥပဒေ ပြင်ဆင်နိုင်တဲ့အခွင့်အလမ်းကို မပစ်ပယ်ပါဘူး” ဟု အရှေ့ အနောက်စင်တာသို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားသည်။

၂၀၁၁ တွင် သမ္မတဖြစ်လာခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု၏ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ပါက ဒေါ်စုကို သမ္မတ အဖြစ်လက်ခံမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်ဝေဖန်သူများက စစ်တပ်က ပြဋ္ဌာန်းခဲ့ သော ၂၀၀၈ အခြေခံဥပဒေအောာက်တွင် သမ္မတနေရာကို ရရှိမည့်သူသည် အိမ်ထောင်ဖက်နှင့် ကလေးများမှာ အခြားနိုင်ငံသားအဖြစ် ခံယူ ထားသူ မဖြစ်ရဟု ပါဝင်နေရာ၊ ဗြိတိန်
နိုင်ငံသား ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားသော ဒေါ်စုကို ဦးတည်၍ သမ္မတ မဖြစ်နိုင်အောင် ဦးတည်ဟန့်တားထားကြောင်း ဆိုထားသည်။

ဒေါ်စုက အခြေခံဥပဒေနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဒီမိုကရေစီနည်းကျ မဟုတ်ကြောင်း၊ လက်ခံနိုင်ဖွယ် မဟုတ်
ကြောင်း ပြောထားသည်။

ဒေါ်စုသည် ဟာဝိုင်ယီသို့ မကြာမီကပင် အလည်အပတ်ရောက်ရှိနေပြီး တောင်ကိုရီးယားသို့ ဆက်သွားမည်ဟု သိရသည်။

REF: AFP
The myanmar age


ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိ ယဂုဏံ အဟံ ဝန္ဒာမိ”

ဒီစကားကို ကျွန်တော် ကျောင်းဆရာ လုပ်တဲ့ သက်တမ်းတစ်လျှောက်၊ နဝတ၊ နအဖ အစိုးရလက်ထက်ကျမှ ကြားရတော့ တယ်။ ကျွန်တော် ဆရာအတတ် သင်တန်းပေါင်းစုံ တက်ဖူးတယ်။ မူလတန်း ၁ လ၊ မူလ တန်း ၁ နှစ်၊ အလယ်တန်း ၂ လ၊ အလယ်တန်း ၁ နှစ်၊ ဘီအီးဒီစတဲ့ ဆရာအတတ်နဲ့ ပတ်သက်ပြီး သင် တန်းစုံ တက်ဖူးတယ်။ အဲဒီ သင်တန်းတွေက ဆရာအတတ်ကို ကောင်းကောင်း သင်ပေးလိုက်ပေမယ့် အဲဒီလို “ဂုဏံ အဟံဝန္ဒာမိ” ဆိုတာကို တော့ မသင်ပေးခဲ့ပါဘူး။

အဟံ ကျွန်ုပ်သည်၊ ဝန္ဒာမိ ရှိခိုးပါ၏လို့ ကျွန်တော်ကတော့ အကြမ်းဖျင်း သိထားပါတယ်။ ပဉ္စ ဂုဏံ ဆိုတာကတော့ “ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ” ပေါ့လေ။ ဒီငါးပါးကို ကျွန်တော်တို့ ရှိခိုးတာ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော် တို့ မွေးလာကတည်းက လူမှန်းသိ ချိန်ကစပြီး ရှိခိုးလာခဲ့ကြတာပဲ။ ခုတော့ အဲဒီ စာရင်းမှာ မပါတဲ့ “ဘဘ ဗိုလ်ချုပ်ကြီး” ဆိုတာတွေကို ရှိခိုးဖို့ အချိန်ရောက်လာခဲ့တယ်။ အဲဒီအချိန်က ကျောင်းတွေမှာ မာလ်တီ မီဒီယာဆိုတာနဲ့ တစ်ပြိုင်တည်း ကပ်ပါလာတဲ့ နဝတ အစိုးရနဲ့ နဝတ အစိုးရရဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်ကျ လိုက်လုပ်ပေးနေတဲ့ ပညာ ရေးဌာနက ပုဂ္ဂိုလ်ကြီးတွေရဲ့ တီထွင် ဖန်တီး ထားသော ယဉ်ကျေးမှုအသစ် လို့လည်း ဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ ဆရာ၊ မိဘတို့ကို အနန္တော အနန္တငါးပါးဆိုပြီး တစ် ဂိုဏ်းတည်း ထားကာ ပူဇော်ကိုးကွယ် ခဲ့ကြပါတယ်။

ကျွန်တော်တို့က “အာစရိယ” ဆိုတဲ့ ဆရာကို ရှိခိုးရတာကလည်း အာစရိယဆိုတာ တပည့်တို့၏ အကျိုး စီးပွားကို ပြုကျင့်တတ်သောသူ၊ ရှေးဦးစွာ (အတတ်ပညာကို) သင်ပေးတတ်သောသူ၊ အကျင့်သီလကို ကျင့် စေတတ်သော သူ၊ ဆရာဆိုတဲ့ အနေနဲ့ ရှိခိုးတဲ့အပြင် ဘုရားနဲ့ တစ်ဂိုဏ်းတည်း သတ်မှတ် ထားခဲ့ကြတာဖြစ် ပါတယ်။

မာလ်တီမီဒီယာ စာသင်ခန်းတွေ ဖွင့်တော့ “ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံ ဝန္ဒာမိ” လို့ ကလေးတွေ ကို အော်ခိုင်းပြီး နောက်ကနေ “မင်္ဂလာပါ ဘဘ ဗိုလ်ချုပ်ကြီး” လို့ဆိုလိုက်တော့ အနန္တော၊ အနန္တ ၅ ပါးမှာ တစ်ပါးက ဘာလို့ တိုးလိုက်ရတာလဲဆိုပြီး စိတ်ထဲမှာ အတော်လေး ဘဝင်မကျ ဖြစ်ခဲ့ရပါ တယ်။ ပြီးတော့ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေကို အဲဒီ ဗိုလ်ချုပ် ကြီးတွေကို လက်အုပ်ချီ ကြိုရမယ်၊ ပါးစပ်က ဂုဏံချင်း ထပ်အောင် ရွတ် ရမယ်ဆိုတာ ပညာရေးဌာနရဲ့ မြို့ စား နယ်စားတွေလိုဖြစ်နေတဲ့ ညွှန် ကြားရေးမှူးချုပ်တွေနဲ့၊ လက်ထောက်တွေရဲ့ စစ်ဗိုလ်တွေ ဘဝင်ကျအောင် ပညာရေးလောကမှာ သင်ပြ လာတဲ့ ခေတ်သစ်ကိုးကွယ်ရာ တစ်ပါးဖြစ်လာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ဟာ သရဏဂုံ သုံးပါးလို့ ခေါ်တဲ့ “ဘုရား၊ တရား၊ သံဃာ” ရတနာ သုံးပါးကို ကိုးကွယ်ဆည်း ကပ်ခြင်းဟာ “သရဏဂုံ ဆောက် တည်ခြင်း” ဖြစ်ပါတယ်။ ဒါကြောင့်လည်း “ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာလျှင် ကိုးကွယ်ရာ အစစ်အမှန်ဖြစ်၏” လို့ ယုံကြည် သိမှတ်၊ ရိုသေလေးမြတ် ဆည်းကပ် လိုတဲ့ ကုသိုလ်စေတနာကို “သရဏဂုံ” လို့ခေါ်ပါတယ်။

လောကီသရဏဂုံမှာ “ပဏိပါတ သရဏဂုံ” ဆိုတာရှိတယ်။ ပဏိပါ တ သရဏဂုံမှာ “အကြောက်တရား ကို အခြေခံ၍ ရှိခိုးခြင်း၊ ခရီးဦး ကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရို အသေပြုခြင်းသည် သရဏဂုံ ဆောက်တည်ရာ မရောက်” လို့ဆိုထားပါ တယ်။

မြန်မာတွေမှာ နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ အရိုအသေပြုခြင်း တွေမှာ တိတိကျကျ သတ်မှတ်ထား ချက် မရှိပါဘူး။ လူတွေ့ရင် လက် အုပ်လေးချီပြီး နှုတ်ဆက်တာ မြန်မာ့ ဓလေ့လည်း မဟုတ်ပါဘူး။ မြန်မာ တွေ အချင်းချင်းတွေ့ရင် “နေကောင်းလား”၊ “စားပြီးပြီလား” ဆိုတဲ့ လောကွတ်လေးတွေတော့ ပြောလေ့ရှိပါ တယ်။ ဒီလို ပြောတာ လက်အုပ်ချီစရာ မလိုပါဘူး။

လက်အုပ်ချီ ဦးညွှတ်ပြီး အရိုအသေပြုခြင်းဟာ အိန္ဒိယ၊ ကမ္ဘော ဒီးယားနိုင်ငံတွေမှာ အရိုအသေပြုနည်းတွေပါ။ သူတို့နိုင်ငံတွေမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် နှုတ်ဆက်တဲ့ သဘောဆောင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ ငယ်ရွယ်သူကသာ ကြီးသူကို လက်အုပ်ချီ ဦး ညွှတ်ပြီး အရိုအသေပြုတဲ့သဘော ဖြစ်ပါတယ်။ ငယ်သူက ဒီလို အရို အသေပြုလို့ ကြီးသူက ပြန်ပြီး လက်အုပ်ချီ ဦးညွှတ် အရိုအသေ ပြုစရာ မလိုပါဘူး။

စစ်အစိုးရ တက်လာပြီးနောက် ကျောင်းတွေထဲကို မာလ်တီမီဒီယာ အကြောင်းပြပြီး စစ်ဗိုလ်တွေ မကြာခဏ ဝင်ထွက်ကြပါတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စာသင်ကျောင်း တွေကို သူတို့မှမလုပ်ရင် ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး ဆိုတဲ့သဘောနဲ့ ကျောင်းတွေထဲကို ကွန်ပျူတာတွေထည့်၊ အီလက်ထရောနစ်တွေ ထည့်တာတွေ လုပ်လာကြတယ်။ အမှန်တော့ စစ်အစိုးရနောက်ကို လိုက်နေတဲ့ ခရိုနီတွေက အဲဒီပစ္စည်း တွေကို စာသင်ကျောင်းတွေ အတွက် ထောက်ပံ့ရောင်းချ၊ နိုင်ငံခြားက တင်သွင်းခွင့်ရနေသူတွေဖြစ်နေတာ လည်း စိတ်ဝင်စားစရာ ကောင်းပါ တယ်။

စာသင်ကျောင်းတွေမှာ မာလ်တီ မီဒီယာခန်းတွေ ဖွင့်တော့မယ်ဆိုရင် ပညာရေးဌာနရဲ့ ညွှန်ချုပ်ကြီးတွေ ကြီးမှူးပြီးတော့ လက်ထောက် ညွှန် ကြားရေးမှူးတွေနဲ့ အဲဒီကျောင်း တွေမှာ နှစ်ပတ်လောက်ကြိုပြီး လေ့ ကျင့်ရတဲ့ ကိစ္စရှိပါတယ်။ အဲဒါက ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမ တွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ အားလုံးကို “ပဉ္စဂုဏံ” ခိုင်းတော့တာပါပဲ။ လက်အုပ်လေး တွေ ချီ၊ ပါးစပ်က လိုက်ရွတ်၊ ပြီး ရင် မတ်တပ်ရပ် အနေအထားနဲ့ ဦးခိုက်၊ ရွတ်ဆိုတာကို မညီမချင်း ပြန် ပြီးလေ့ကျင့်ရပါတယ်။

စာသင်ခန်းထဲ ဗိုလ်ချုပ်ဝင် လာရင် ဒီလိုလုပ်ရမယ်လို့ ပြောထားရုံမက၊ လမ်းတွေ့တာတောင် “ပဉ္စဂုဏံ” ခိုင်းတော့တာပါပဲ။ရာထူး တက်ချင်တဲ့၊ ရာထူးမမြဲမှာ ကြောက် တဲ့ အရာရှိတွေရဲ့ အထက်ဖား အောက်ဖိ လမ်းစဉ်က ပညာရေးလောက ထဲကို သိသိသာသာ လွှမ်းမိုးလာရုံ မက၊ စစ်ဗိုလ်စစ်သား ရိုသေရှိခိုး လက်စုံမိုး ရမယ်ဆိုတဲ့ အသိကို ကျောင်းသားတွေ ရင်ထဲ ရိုက်ထည့် သွင်းလိုက်တာကတော့ မြန်မာ့လူနေမှုကို အမြစ် ကစပြီး ချိုးဖောက်ပြုပြင် လိုက်ခြင်းလို့ဆိုရပါလိမ့်မယ်။

ကျွန်တော်တို့ကလည်း ပဉ္စဂုဏံ ပြီးရင် တစ်ဂိုဏ်းထဲမှာပါတဲ့ ဆရာသမား၊ မိဘတွေကို ရှိခိုးရတာ ပြဿနာ မဟုတ်ပါဘူး။ ဗိုလ်ချုပ် တွေကို ကန်တော့နေရတာကိုတော့ စိတ်ထဲမှာ လုံးဝမနှစ်မြို့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော် မာလ်တီ မီဒီယာစာသင်ခန်းတွေရဲ့ တာဝန်ခံ လုပ်စဉ်က မကန်တော့၊ ဦးမညွှတ်ဘဲ ခပ်တည် တည် နှုတ်ဆက်ခဲ့ပေမယ့် ကိုယ့် အထက်အရာရှိဖြစ်တဲ့ တိုင်းပညာရေးမှူးအဆင့်က ဗိုလ်ချုပ်တွေကို လက်အုပ်လေး ချီပြီး နှုတ်ဆက်တာ တွေ့လိုက်ရတော့ အသည်း နာမိပါတယ်။ ပိုပြီး အသည်းနာတာ ရှိပါသေးတယ်။ ပုဂံမှာ တတ်သိ ပညာရှင်ကြီးတွေက နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံပွဲတစ်ခု မှာပါ။ ကျွန်တော်ကတော့ ရောက် ဖူးတာ မဟုတ်ပါဘူး။ တီဗီကနေ မြင်လိုက်ရ တာပါ။ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်တစ်ယောက် ကို ကျွန်တော်တို့ ဘီအီးဒီတက်စဉ်က အလွန်လေးစားရတဲ့ ဆရာမကြီးက လက်အုပ်လေး ချီပြီး ပြုံးပြုံးလေး နှုတ်ဆက်နေတာမြင်လိုက်ရတော့ ကျွန်တော်စိတ်ထဲ ပေါက်ကွဲသွားပါ တယ်။ ဒါကြောင့်လည်း ဆရာမကြီး ရေးတဲ့ စာအုပ်တွေကို စုဆောင်းထားသမျှ အကုန်သူများကို ပေးလိုက်တဲ့ အပြင် နောက်ဆိုရင် သူ့စာတွေကို လှန်လို့တောင် မကြည့်တော့တဲ့အထိ ဖြစ်သွားမိခဲ့ပါတယ်။

ကျွန်တော် နှမြောမိတာက ပညာရှင်တွေရဲ့ မာန်ပါ။ ပညာရှင် ဆိုတာ ပညာမာန ထားတတ်ရမယ် လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ကတော့ တော်လှန်ရေးကောင်စီ လက်ထက်လောက်ကတည်းက ဗိုလ်ချုပ်ကြီး နေဝင်းကို ပညာရှင် တွေအမျိုးမျိုးက အလိုကျမူဝါဒတွေ ချပြ၊ လိုက်လုပ်ပြခဲ့တာကြောင့် ခေတ်စနစ်ကြီး တစ်ခုလုံး ရစရာ မရှိ လောက်အောင် ပျက်စီးစုတ်ပြတ် သွားခဲ့ရတာ မှတ်မိနေဦးမယ်ထင်ပါ တယ်။

၁၉၈၈ နောက်ပိုင်း စစ်အစိုးရများ လက်ထက်မှာလည်း ပညာရှင်တွေ ဟာ စစ်ဗိုလ်တို့အလိုကျ မူဝါဒတွေ ရေးဆွဲပြ၊ အကောင်အထည်ဖော်ပြ၊ လိုက်လုပ်ပြ ခဲ့လို့ မြန်မာ့ ပညာရေး စနစ်ကြီး တစ်ခုလုံး သုံးစားလို့ မရအောင် ဝေဖန်ပြစ်တင် ခံနေခဲ့ရတာ ဖြစ်ပါ တယ်။

ဒါတင်မဟုတ်ပါဘူး ဗိုလ်ချုပ် ခင်ညွန့် ကောင်းစားစဉ်ကာလတစ် လျှောက်လုံး ပညာရှင်တွေအားလုံး လက်အုပ်ချီခဲ့ တာတွေ တွေ့ခဲ့ရပါ တယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇာတ်မင်းသားကြီးတစ်ယောက်ဆိုရင် သူ့မြေးလောက်ရှိတဲ့ ဗိုလ်ချုပ် ခင်ညွန့်ကို တွေ့တာနဲ့ လက်အုပ်ချီတာ မြင် မကောင်းအောင် ဖြစ်ခဲ့ရပါတယ်။ ဂီတပညာရှင်တွေ၊ သဘင်ပညာရှင် တွေ၊ သမိုင်းပညာရှင်တွေ၊ ပါမောက္ခ ကြီးတွေအားလုံး ဗိုလ်ချုပ်တွေကို တွေ့တာနဲ့ လက်အုပ်ချီ အောင် လုပ်ခဲ့တာဟာ သမိုင်းမှာ မတော်တဆ၊ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာ မဟုတ်ပါ ဘူး။ စနစ်တကျနဲ့ ပညာတတ်တွေ၊ ပညာရှင်တွေကို ချိုးနှိမ်ရေး၊ နံနှိမ် ရေးဖြစ်တယ်ဆိုတာ ထင်ရှားပါ တယ်။ ပညာရှင်တွေကို ဒီလိုနှိမ် ထားမှ တော်ကာကျတယ်ဆိုတာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်း က အယူအဆပါ။

ကျွန်တော် တောရွာကို ကျောင်းဆရာအဖြစ်ရောက်တော့ ကျောင်းသားတွေ မနက်ခင်းကျောင်း လာတာ ကြည့်ပြီး စိတ်ဆင်းရဲရပါတယ်။ ကျောင်းသားတွေဟာ လက်ကလေးတွေ ပိုက်၊ ခေါင်းလေးတွေ ငုံ့ပြီး လမ်းလျှောက်နေတဲ့ စက်ရုပ် လေးတွေလို ကျောင်းကိုလာကြရပါ တယ်။ အဲဒါ ဘာကြောင့်လဲလို့ ဆရာမ တစ်ယောက်ကို မေးလိုက် တော့ “ဆရာကလည်း လက်တွေ ပိုက်မထားရင်၊ ဟိုကိုင် သည်ကိုင်၊ ဟိုလုပ် သည်လုပ်နဲ့ ရှုပ်တာပေါ့။ ခုလို လက်တွေ ပိုက်ခိုင်းလိုက်တော့ ဘာပြဿနာမှ မရှိတော့ဘူး” လို့ပြောပါတယ်။

ကလေးတွေကို လက်တွေ ပိုက်ခိုင်းထားတာ ပြဿနာ မရှိတော့ဘူးလို့ သူ့ကို ဘယ်ဆရာအတတ်သင် က သင်ပေးလိုက်တယ် မပြောတတ် ပါဘူး။ တကယ်တော့ ကလေး ဆိုတာ လွတ်လပ်စွာ လက်တွေကို ဝှေ့ယမ်း နိုင်ရမယ်။ လွတ်လပ်စွာ လက်တွေကို လှုပ်ရှားခွင့်ရနေအောင် ဆရာတွေက စီစဉ်ပေးရမှာပါ။ ဒီလိုမဟုတ်ဘဲ လက်တွေကို တုပ် နှောင်ထားစေလို့ တစ်ချက်လွှတ် အမိန့်ထုတ်ထားတဲ့ ဆရာ၊ ဆရာမ တွေ စိတ်ဓာတ်က ပေါက်ဖွားလာတဲ့ တပည့်တွေရဲ့ စိတ်ဓာတ်တွေထဲမှာ လွတ်လပ်လိုစိတ်၊ လွတ်မြောက်အောင် ကြိုးစားလိုစိတ် မရှိတာ ဘာမှ မဆန်းပါဘူး။

ကျောင်းတွေမှာက ဗုဒ္ဓဘာသာဝင် ဟုတ်သူရော၊ မဟုတ်သူရော ရောထွေးနေမှာပါ။ ကျောင်းတက်ရင် ပဉ္စဂုဏံ ခိုင်းတာကလည်း အခြား ဘာသာဝင်တွေအတွက် အဆင်မပြေ နိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ အနိုင် ကျင့် ဗိုလ်ကျ ပြီး ကိုးကွယ်ယုံကြည်ခိုင်း တတ်တဲ့ ဘာသာမဟုတ်ပါဘူး။ ယုံ ကြည်သက်ဝင်သူတွေ၊ ကိုင်းရှိုင်း လေးစားလိုသူ တွေ မြေပေါ်ကို နဖူး ချပြီး ဦးချတာ ပြဿနာမဟုတ် ပေမယ့်၊ မယုံကြည်သူတွေကို အတင်း လက်အုပ်ချီခိုင်းတာ ကလည်း အတင်း အဓမ္မ အနိုင်ကျင့်သလို ဖြစ်နိုင်ပါ တယ်။

ကလေးတွေကို ယုံကြည်တာ လုပ်ပိုင်ခွင့်၊ မယုံကြည်တာ မလုပ်ပိုင်ခွင့်၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေး ခွင့်တွေ ပေးဖို့ လိုပါတယ်။ အနှောင် အဖွဲ့နဲ့ ဘောင်ထဲထည့်ထားပြီးတဲ့ အပြင်၊ မလှုပ်နိုင်အောင် ငုတ်တိုင်မှာ ခြေထိပ်ခတ် ထားတာကြောင့် ကျွန်တော်တို့ ကလေးတွေ မတွေးရဲ၊ မပြောရဲ၊ မဆန့်ကျင်ရဲ၊ မဝေဖန်ရဲ သတ္တိတွေ နည်းခဲ့တာ ကြာခဲ့ပါပြီ။

ကျွန်တော်တို့ ပိုက်ခိုင်းထားတဲ့ လက်တွေ၊ ချီခိုင်းထားတဲ့ လက်အုပ်တွေ ကို ဖြေချခိုင်းဖို့ လိုပြီထင်ပါတယ်။

တင်ညွန့် ( မြန်မာအင်ဒီပဲန်ဒင့် )


(၁)
ရှင်မ…. ရယ်….
အစ လာလာ မဖော်နဲ့ဟာ
အကျမတော်တာတွေ များနေလိုပါ…
ဘဝ အပေါ်လည်း နာခဲ့ပြီးပြီ…လေ…။

(၂)

လက်လုပ်လက်စား သမား
ပြေးပြေးလွှားလွှား ဆိုပါမှ
မိုးမြေက ပိုကျယ်သကိုး
တနေ့လုပ် တနေ့စား မနား
ယားလို့တောင် မကုပ်အားမှ
ဝမ်းတထွာ ကျယ်သပ
သမုဒ္ဒရာ ဆယ်စင်းမက
ဘယ်နေရာမှာ ဘာတွေဖြစ်ဖြစ်
ဘယ်အရပ်မှာ ဘာဇာတ်ကက
ကိုယ့်ခြေကိုယ့်လက် လှုပ်ပြီးကရတဲ့
နေ့တဓူဝဇာတ်ကို ပိုပြီးရင်ခုန်ရတယ် ။
စစ်မျက်နှာတွေ အများကြီးဖွင့်တိုက်
မပြေလည်မှုတွေကို
ခပ်မိုက်မိုက် ပြုံးပြခဲ့တာပဲ
စွမ်းလို့တော့ မဟုတ်ဘူး
ကြမ္မာငဲ့လေမလားလို့ပေါ့….ဟာ ။
အဲသည်လိုနဲ့ပဲ ပြေလည်လိမ့်နိုး
ထီတွေကိုထိုးရင်း
၄၀ ရာနှုန်းအတွက်
အခွန်တွေ ငါ ကြေခဲ့တယ်…ဟ ။

(၃)

မပြေလည်မှုနဲ့ မျက်နှာသစ်တဲ့အခါ
ပြာယာ ပြယာနဲ့ စစ်ခရာသံ အလား
တဂွီဂွီ ကြားတော့
ငါ့နားကိုပင် ငါမယုံချင်တော့ဘူး
ရှား လေ စား လေ
နွမ်းလေ ပါးလေ
ဒီဘဝ တွေ …
လျှော့ပါဦးလား အေ….။

(၄)

အော် ..ရှင်မရယ်…
ငါ့… အကျဉ်နာ လက်က
နေ့စဉ် ယာချီကိုင် နေရတော့
ထုံးပေါက်တာလည်း မဆန်းပါဘူး..ဟ..
ဆန်းတာက…
ဆုမရပဲ နေ့တိုင်း ပြေးလွားနေတဲ့
မီးပွိုင့်နားက သမီးလေး လေ….
သူ့ လက်ထဲ သတင်းတွေ ကိုင်ထားလေရဲ့…။

ရေသန့်တွေမရှိမှ ဝမ်းစာရမယ့်
သားကလေးကတော့ ရထားလမ်းနံဘေး မှာ
အသာလေး ငေးနေလေရဲ့…။

(၅)

ရှင်မရေ….
မီဒီယာကြီးနှစ်ပတ်လည်မှာ
ငါ့တို့ သမီးလေး အပူရှပ်ခဲ့တယ်နော်..။

ရှင်မရေ…
ရထားဗုံးကွဲပြီး ခရီးစဉ်ပျက်တော့
ငါတို့သားလေး ငိုကြွေးခဲ့တယ်နော်…။

(၆)

အော် ဘာလိုလိုနဲ့
နွေတန်ခူးအလွန်မှာ
ငါ့ ရင်ထဲ ရောက်ရောက်လာတယ်
အထင်မလွဲပါနဲ့ ရှင်မရယ်
ဆန္ဒတွေ အလကားရတုန်းမို့ပါ…၊

ငါ့ လက်ထဲ ကြည့်စမ်းပါဦး ဟ
ဒီ ကျောင်းစိမ်းဟောင်းတွေ ဝတ်ပြီး
ငါ့ … သမီး.. ၊ ငါ့…. သား
ငါ့ နံဘေးနားကနေ ပြေးထွက်
ကျောင်းတက်နေတာကို
ငါ …..မြင်ချင်လိုက်တာဟာ…

အထင်မလွဲပါနဲ့ ရှင်မရယ်….
ဆန္ဒတွေ အလကားရတုန်းမို့ပါ…။

(၇)

အမလေး...
အမလေး....
ယာချီ ကိုင်တဲ့ ကိုကြီးကျယ်..ရယ်..
ဘာသာစုံ တခါ ထုတ်ရင်
ဗလာ ဗလာစာအုပ် မို့တော်တော့တယ်
ကျုပ်တို့ တစ်ရက်မက ဗလာချီ ငတ်မယ် တော်ရဲ့
ပြောမယ့်သာ ပြောရတယ်.. သိလား…၊
သမီးလေးဆို သမိုင်းဂုဏ်ထူး ထွက်လောက်တယ်
သူကနေ့တိုင်း သတင်းတွေ သိနေတာ လေ ….
အဟင်း…. အဟင်း…၊
ကျုပ် သားကတော့ ၊ ရေဗူး ဘယ်လောက်ပေါင်း
ဘာ ဟင်းပြောင်း ချက်နဲ့ ပူဆာတတ်ပတော်….
သေချာတယ်ရှင်…. ဒက်ထိ ပြောရရင်
ကြက္တိ ကေတာ့ သခ်ာၤ ဂုဏ္ထူး ပဲ…။

(၈)

ဟော… ဟော… ရှင်မရေ….
အလကားရတိုင်းစိတ်ကူးမနေနဲ့ဟ
ဟိုမှာ မင့် သား ၊ မင့် သမီး ပြေးလာပြီဗျ…
ကြိုလိုက်ပါဦး… ဟ…။

(၉)

“အဖေ….” “ဟေ….”
“အမေ…” “ ရှင်…”
“ဟိုလေ…” “ဟိုဟာ..”
“ဘာဖြစ်လို့လဲ ဖေ့သား”
“ဘာဖြစ်လို့လဲ မေသမီး”

တဟီးဟီးနဲ့ မောင်နှမ အငို
အလိုအပိုမပါ
ပြောတော့ တုံးတိတိ
ဈေးဗန်းကလေး....
စည်ပင် ဖမ်းသွား၏ ။ ။

ကိုဝိုင်ဝိုင်ကေ
၁၀-၅-၁၂

ဓါတ်ပုံကို မြစ်ကြီးနား -မန္တလေး ရထားလမ်းပိုင်း ဘုံကျောင်းဘူတာ တွင် ရေရောင်း၍ ဝမ်းစာရှာရသော ကလေးကို ခုလို မြင်ရ၍ ရိုက်ခဲ့ပါသည်။ ကဗျာ ရေးစဉ်က မြို့နေတဲ့ ကလေးတွေ အတွက် ပေမယ့် အဝေးတနေရာမှာ ခုလို ဘဝတွေ ရှိသေးတာ မြင်စေချင်လို့ ပြန်ပြီး တွဲ၍ တင်ပေးလိုက်ပါသည်..။

လေးစားမှု အစဉ်သဖြင့်
ကိုဝိုင်ဝိုင်ကေ
၂၇-၁-၁၃


(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

ပြည်ပရောက် ကချင် ၁၀၀ ခန့်သည် သောကြာနေ့က ချင်းမိုင်မြို့ရှိ တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများ သို့ချီတက်ကာ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုက်ပွဲများ ရပ်ဆိုင်းအောင် မြန်မာအစိုးရအားဖိအားပေးရန်တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ကချင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား မြန်မာအစိုးရတပ် က လေကြောင်းအင်အား သုံးချေမှုန်းနေခြင်းကို ပြစ်တင်ရှုံချ သည့်ပေးစာကို တင်ပြခဲ့ကြ ပြီးကေအိုင်အေနှင့် နေပြည်တော် စေ့စပ်ညှိနှိုင်းအောင် ဘီဂျင်းက ဖိအားပေးရန်နှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ဆက်လက်၍ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ချီတက်သွားကြပြီး ကချင် ဒုက္ခသည် များအား လူသားချင်းစာနာမှု အကူအညီ ပေးရန် မြန်မာအစိုးရအား စီးပွားရေး Sanction ပိတ်ဆို့ရန် တောင်းဆို ခဲ့ကြသည်။

ထို့အပြင်ဆန္ဒပြသူများက ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး UNHCR အား ကချင်ဒုက္ခသည် များကို အထူးသဖြင့်ကူညီရေးအတွက် အရှေ့တောင်အာရှတွင် ရုံးခွဲဖွင့်ရန်နှင့် ၎င်းတို့၏ကိစ္စကို ကုလသမဂ္ဂညီလာခံသို့ တင်ပြ ပေးရန်တောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲ ထားခဲ့သော်လည်း ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် မြန်မာ့ တပ်မတော်က ရေအားလျှပ်စစ် တမံ စီမံကိန်း တစ်ခုအနီးမှ ကေအိုင်အေ ဆက်ဆံရေးရုံးကို အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြင့် ရန်စကာ တိုက်ခိုက်ရာမှ စစ်ပွဲပြန်လည် ဖြစ်ပွားကာ ဒေသခံ ပြည်သူ တစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

Yangon chronicle


ဒီနေ့ခေါ်ယူမှုမှာ ဘယ်သူနဲ့တွေ့ရမယ်လို့ အတိအကျ မပြောဘဲ ခေါ်ခဲ့တယ်။ နိုင်ငံတော်အဆင့် တွေ့ဆုံမှုပါတဲ့။ အလှအပစကားလုံးတွေ သုံးတတ်လိုက်တာ...။ ပြီးမှ သမ္မတရုံးဖေ့ဘွက်ခ်မှာ ဦးသိန်းစိန်မိန့်ခွန်းကို အဖွဲ့အစည်းပေါင်းစုံက လာနားထောင်သလို နိုင်ငံရေးအမြတ်ထုတ်ရေးတယ်။

ဘာတွေ ဆွေးနွေးမယ်ဆိုတာလည်း ကြိုမပြောထားဘူး။ ဟိုရောက်တော့ ထင်ထားတဲ့အတိုင်း သံချေးတက်နေတဲ့ ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးပါပဲ။ အဖွဲ့အစည်းမှတ်ပုံတင်ဖို့၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့နဲ့ပေါင်းရင ထောက်ပံ့ကူညီမယ်ပေါ့ မင်းသားလေပျော့ပျော့လေးကြားက ဆို့ရွားတဲ့ရလာဒ်တွေ မဖြစ်စေချင်ဘူးဆိုတဲ့ ခြောက်လုံးလေး မသိမသာ ထည့်လိုက်သေးတယ်။

ကိုယ့်မူနဲ့ကိုယ် ရပ်ခံပြောဆိုမယ့် လူငယ် ၆ ယောက်ကို ဝေဖန်ဆွေးနွေးခွင့်မပေးဘူး။ သူတို့အချင်းချင်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့ မမှည့်တမှည့် ခရိုနီတွေက ဘုန်းတော်ဘွဲ့နဲ့ စဖွင့်သွားတယ်။ NGOs တွေ ဆွေးနွေးပါတယ်ဆိုမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုတွေ ရရှိအောင် ကြိုးပမ်းပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ် ထလုပ်တဲ့သူက ရှိသေးတယ်။

စမ်းချောင်းကိုဘိုဘိုဆိုရင် အမည်စာရင်းပေးတုံးက နံပါတ် ၅ သူ့နောက်ကသူတွေ အလှည့်ကျော်ဆွေးနွေးသွားပေမယ့် အချိန်အကန့်အသတ် အကြောင်းပြပြီး သူအပါအဝင် ကျွန်တော်တို့ ၆ ယောက်ကို ပယ်လိုက်တယ်။ သမ္မတမှာ ပြန်ဖြေရှင်းစရာ စကားမရှိလို့လား။ အတိုက်အခံပြောမှာကို နားထောင်နိုင်စွမ်းမရှိလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာဆိုရင်ဖြင့် အကင်းမသေသေးသော နအဖရွှေလက်ထက်တော်က အကျင့်ဆိုးတစ်ခုပင်ဖြစ်ကြောင်း....။ ။

-ကျော်ကိုကို

★ အရပ်ဘက် လူ့ဖွဲ့အစည်းများနဲ့ ဦးသိန်းစိန်အစိုးရ ပထမအကြိမ် တွေ့ဆုံမှုအပေါ်အမြင်
- ဖြိုးဖြိုးအောင်

ရန်ကုန်အုပ်ချုပ်ရေးမှူးရုံးက ကျမတို့ ဗကသများအဖွဲ့ ချုပ်ကို ဆက်သွယ်ပြီး(၂၀.၁.၂၀၁၃) နေ့ လယ် ၂နာရီ ရန်ကုန်အစိုးရအဖွဲ့ ရုံး လွှတ်တော်ဟောင်းနေရာကို လာရောက်ဖို့  ဖိတ်ပါတယ်။ ဘာအကြောင်းကိစ္စဆိုတာ မေးပေမယ့် အဖြေမပေးသလို ဘယ်သူနဲ့ တွေ့ ရမယ်ဆိုတာကိုလည်း နိုင်ငံတော်အဆင့်ဆိုတာလောက်သာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မီဒီယာများရဲ့ ကျေးဇူးကြောင့် သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဖို့ မှန်း ကျမ ကြိုသိခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ တွေ့ ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီနေ့ အခမ်းအနားဟာ စကတည်းက ရိုးသားမှု မရှိတာပါ။ ကျမတို့ ခန်းမထဲ မဝင်ခင် အရပ်ဖက်လူ့ အဖွဲ့ အစည်းဆိုတဲ့နေရာမှာ လက်မှတ်ထိုးတော့ သေသေချာချာ သတိထားမိတာက ပြည်ခိုင်ဖြိုး ဆိုတဲ့အဖွဲ့ အစည်းအမည်နဲ့ ထိုးထားတဲ့ လက်မှတ်တစ်ခုကိုပါ။

ပြည်ခိုင်ဖြိုးဆိုတာ ပါတီလဲဟုတ်၊ NGO လဲ ဟုတ်တယ်လို့ ပြောသလိုပါပဲ။ ခန်းမထဲရောက်တော့လဲ အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတို့ က ယူနီဖောင်းဝတ်တွေကို တွေ့ ပြန်ရော။ အရပ်ဖက်လူ့ မှုအဖွဲ့ အစည်းတွေမှာ ဒီလို အဖွဲ့ မျိုးတွေ ပါသလားလို့ မေးမနေချင်ပါဘူး။ ဝန်ထမ်းတွေရဲ့ ဇနီးတွေဟာ အလိုအလျောက် အဖွဲ့ ဝင်ဖြစ်ကြတာကို အားလုံးအသိပါပဲ။

နောက် အခမ်းအနားမှူးက ပြောပါတယ်။ ပါဝင်ဆွေးနွေးသူတွေ ကြိုတင်စာရင်းပေးဖို့ တဲ့။ ဘာအကြောင်း ဆွေးနွေးမလဲဆိုတာ မပါပေမဲ့ သေချာတာတော့ ဦးသိန်းစိန် အဖွင့်ပြောမဲ့ စကားကို ဆွေးနွေးဖို့ ထင်တယ်လို့ ကျမ ယူဆမိပါတယ်။

တကယ်ကတော့ ပြောချင်တာပြောကြတာပါ။ အဖွဲ့ အစည်းတချို့ က သူတို့ အခက်အခဲတွေ၊ အမြင်တွေ၊ မှတ်ပုံတင်ရာမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေ၊ လုပ်ပေးစေချင်တာတွေကို ပြောကြတယ်၊ တချို့ ကတော့ သူတို့ ဘာလုပ်နေကြောင်းကို ရှင်းနေတာ တော်တော်အချိန်ကြာပါတယ်။ ကျမတို့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ကိုကို အပါအဝင် အဖြူရောင်တွဲလက်က ကိုဘိုဘို(စမ်းချောင်း)၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကိုဝေဠု၊ ကချင်အဖွဲ့ တခုက မမေစပယ်ဖြူ၊ ကချင်အမျိုးသားတယောက် ကျမတို့ နဲ့ အနီးတဝိုက်က ၇ ယောက်လောက် အကျော်ခံလိုက်ရပါတယ်။ အခြားကျမတို့  လက်လှမ်းမမှီတာတွေလဲ ရှိပါအုံးမယ်။ တကယ်ပါဝင်ဆွေးနွေးရတဲ့သူ ၁၂ ယောက်ရှိပါတယ်။ ထက်ဝက်ကျော်က အစိုးရနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ အစည်းတွေကပါ။ အစိုးရနဲ့ ဆန့် ကျင်ဘက်အမြင်ရှိတဲ့သူတွေ အကျော်ခံရတာ အသိသာကြီးပါ။

ရုပ်ပြကောင်းအောင် လုပ်ဇာတ်ခင်းနေတဲ့ အကျင့်ကတော့ အရင်အတိုင်းပါပဲ။ ထူးခြားတာကတော့ ကျမတို့ တွေကိုပါ သူတို့ ရဲ့ လုပ်ဇာတ်တွေထဲကို သွတ်သွင်းဖို့ ကြိုးစားလာတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ အဖွင့်နဲ့ အပိတ်စကားတွေကတော့ ကျမတို့ တွေကြိုမြင်ထားသလိုပါပဲ။ သူတို့ နဲ့ ပေါင်းလုပ်ဖို့ မတူရင်လဲ ဆွေးနွေးဖို့ နောက် မလိုလားအပ်တဲ့ ဆိုကျိုးဆိုတဲ့ စကားတောင်ပါလိုက်သေးတယ်။ အဲဒါတွေဖြစ်မှာ စိုးရိမ်တယ်ပေါ့။ အနှစ်ချုပ်က အဲဒါပါပဲ။

ကျမတို့ အနေနဲ့ ကတော့ အများပြည်သူ ကောင်းရာကောင်းကျိုးလုပ်ရာမှာ ပူးပေါင်းတာတွေ မပူးပေါင်းတာတွေထက် တကယ်အလုပ်လုပ်ရင် ကျမတို့ သွားတဲ့လားရာတွေ တူမှာပဲ။ တကယ်အကျိုးဖြစ်ထွန်းအောင် လုပ်ကြဖို့ ပဲလိုတယ်။ လမ်းတူရင် လူတူမှာပဲ။ ကျမတို့ ကတော့ အမြဲအနှောင့်အယှက်ခံနေရလို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ပဲလိုပါတယ်။ မှတ်ပုံတင်ဖို့ ကတော့ ဗကသမှာ သမိုင်းကြောင်းအရလဲ မတင်ခဲ့ပါဘူး။ တက္ကသိုလ်ဥပဒေအောက်က ကျောင်းသားအဖွဲ့ အစည်းဖြစ်လို့ အစိုးရနဲ့ လုံးလုံးမပတ်သတ်သလို အစိုးရခွင့်ပြုမှ၊ အသိအမှတ်ပြုမှ တရားဝင်တဲ့ အဖွဲ့ အစည်း မဟုတ်ပါဘူး။ ပြည်သူ့ ဘက်က ရပ်ပြီး ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ ရင်ထဲက အသိအမှတ်ပြုမှု၊ အားပေးမှုကသာ ဗကသရဲ့  တရားဝင်မှုပါလို့  အမြဲခံယူထားပါတယ်။ ဒီနေ့ လိုမျိုး ကျမတို့ ကို ဖိတ်ခေါ်ရတာလဲ အဲဒီ့သမိုင်းကြောင်းနဲ့  အဲဒီ့ပြည်သူ့ အားတွေကို မလွန်ဆန်နိုင်လို့ ဆိုတာကို မြင်မိပါတယ်။ အခြားအကြောင်းတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဒီပွဲမှာ လာကြတဲ့ အဖွဲ့ အစည်း ၈၆ ဖွဲ့ က လူပေါင်း ၂၀၀ ကျော်က သမ္မတ မိန့် ခွန်းကိုပဲ လာနားထောင်ကြသလို အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့ကိစ္စပါပဲ။ ဇာတ်တိုက် လက်ဝါးချင်းရိုက်ပြီး လုပ်ဇာတ်ခင်းနေတာတွေ ရှိနေသေးတဲ့ ကျမတို့ ဗမာပြည်ကြီး ဘာမှမပြောင်းသေးပါ။ ပိုဆိုးတာက ကျမတို့ ကိုပါ သူတို့ ဇာတ်သွင်းနေတာမို့  သတိရှိရှိနဲ့ အသိရှိရှိနဲ့  ပြည်သူအချင်းချင်း ဒီမိုကရေစီဘက်တော်သားအချင်းချင်း ကျောချင်းကပ် ရင်ချင်းအပ်ထားဖို့ လိုပါတယ်လို့ သတိလေးပေးချင်ပါတယ်။

- ဖြိုးဖြိုးအောင်

★ အစိုးရအဖွဲ့၏ မရိုးသားမှု
-Young Zin

နိုင်ငံတော်အဆင့်တွေ့ ဆုံဆွေးနွေးလိုပါ၍ ဆိုပြီး ဖိတ်တယ်။ ခန်းမထဲရောက်မှ သမ္မတက မိန့် ခွန်းပြောတယ်။ ကျုပ်တို့ ဗကသကျောင်းသားတွေက ကိုယ့်အလုပ်ကို လုပ်နေတာ။ သမ္မတမိန့် ခွန်းကို နာယူချင်လွန်းလို့ ဖိတ်ကြားပွဲ ငမ်းငမ်းတက် ပွဲတက်ချင်တဲ့အဖွဲ့ထဲမှာ ဗကသမပါဘူး။ အစိုးရအနေနဲ့  နောက်ခါတွေမှာ ဗကသနဲ့ ဆက်ဆံမယ်ဆိုရင် ရိုးသားမှုရှိပါလို့  သတိပေးလိုပါတယ်။ ဆွေးနွေးပွဲတက်တာ မိန့် ခွန်းနာခံချင်လို့  မဟုတ်ဘူး။ အခုကိစ္စဟာ အစိုးရအဖွဲ့ က ချည်ပြီးတုပ်ပြီး လုပ်တာမျိုးဖြစ်တဲ့အတွက် ဗကသအနေနဲ့ လည်း နောက်တစ်ကြိမ် အစိုးရနဲ့ ဆက်ဆံတဲ့အခါ အများကြီး သတိထားဖို့ လိုသွားပြီ။ အခုကိစ္စအတွက် အစိုးရကို ဗကသကျောင်းသားတစ်ယောက်အနေနဲ့ လုံးဝကို ကန့် ကွက်ပါတယ်။

Ko Myoe Graphic design


ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ကချင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော စစ်ပွဲများနှင့် ပက်သက်၍ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက်နှင့်ပတ်သက်ပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ပြန်လည်ကန့်ကွက်ကြောင်းသတင်း ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာမီဒီယာများနှင့် အန်ဂျီအိုများ၏ သတင်းများ ကိုအခြေခံ၍ မြန်မာ့တပ်မတော်ကသာ ကေအိုင်အေ ဌာနချုပ် အနီးတဝိုက်တွင် ထိုးစစ် ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ၎င်းတို့အနေဖြင့် ကန့်ကွက်ကြောင်းနှင့် ကေအိုင်အို၏ အပစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကို မှုဖော်ပြမှုမရှိခြင်းစသည့် အချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမား အနေဖြင့်ပင်မြန်မာဟု တလေးတစား ခေါ်ဆိုနေ သည့် အချိန်တွင်အမေရိကန်သံရုံ၏ ကြေညာချက်တွင် မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု တို့ကိုထိပါးစေမည့် လုပ်ရပ်များကို နောင်တွင်ပြုလုပ်မည်မဟုတ်ဟု မျှော်လင့်ပါကြောင်းကိုထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို လက်နက်ကိုင် တပ်ဖွဲ့များသာမက နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းထပ်လောင်းဖော်ပြထားသည်။

နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း အပစ်အခက် ရပ်စဲမှု မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးမှုကို ပြုလုပ်သွားမည် ဖြစ် ကြောင်းကို ဇန်နဝါရီလ ၂၅ ရက် နေ့တွင်ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောကြားခဲ့သည်။
Yangon chronicle
-----------------------------------------------


ဒီကနေ့ ဇန်န၀ါရီလ၂၆ရက်နေ့ဟာ ကျနော်တို့အိမ်နီးခြင်းဒီမိုကရေစီနိုင်ငံကြီးရဲ့မွေးနေ့ဖြစ်တယ်။ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲအောင်မြင်တဲ့နေ့(Republic Day)ပေါ့။ ကျနော်တို့နိုင်ငံထက်၎လလောက်ပဲ စောပြီး ဗြိတိလျှလက်အောက်ကနေလွတ်လပ်ရေးယူခဲ့တယ်။ဒီမိုကရက်တစ်ကျင့်ဝတ်နဲ့အညီ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၀ဇန်န၀ါရီလ၂၆ရက်မှာပြဌာန်းနိုင်ခဲ့တယ်။ အိန္ဒိယရဲ့အမျိုးသားရေးဆိုင်ရာ နိုင်ငံတော်အားလပ်ရက်တွေဖြစ်တဲ့ လွတ်လပ်ရေးနေ့(သြဂုတ်လ၁၅) မဟတ္တမဂန္ဓီမွေးနေ့(အောက်တိုဘာ၂)တို့ထက် ဒီနေ့အခြေခံဥပဒေနေ့ဟာ ပိုပြီးခမ်းနားကြီးကျယ် တယ်။နိုင်ငံအနှံ့အမျိုးသားဝတ်စုံတွေ၊အမျိုးသားသီချင်းတွေ၊ လက်နက်ကိုင်တပ်တွေ၊ အက၊အလှအနုပညာတွေနဲ့ခြိမ့်ခြိမ့်သဲပဲ။

နယူးဒေလီမှာတော့ ထောင်နဲ့ချီတဲ့သရုပ်ဖော်တင်ဆက်သူတွေဟာသမတအိမ်တော်နဲ့ဝန်ကြီးများရုံးကုန်းမြင့်ကနေတမိုင်လောက်ဝေးတဲ့အိန္ဒိယလွတ်လပ်ရေးဂိတ်အထိကားလမ်းဖြောင့်ဖြောင့်အတိုင်းလမ်းလျှောက်ရင်း..အဆို၊အက၊အတီးအမှုတ်တွေနဲ့သရုပ်ဖော်တင်ဆက်အလှပြကြတာဖြစ်တယ်။ဲပြည်နယ်တွေအားလုံးရဲ့အလှပြယဉ်တွေမှာမိမိတို့ပြည်နယ်ရဲ့အထင်ကရ တွေ(ဥပမာ..အာသံပြည်နယ်လိုလဘက်ထွက်တဲ့ပြည်နယ်ကလဘက်စိုက်ခင်းနဲ့လဘက်ခူးနေပုံ၊ပင်လယ်ကမ်းခြေနဲ့ရာသီဥတာသာယာတဲ့ ဂိုအာပြည်နယ်ဆို အပမ်းဖြေအနားယူ၊တီးမှုတ်ပျော်ရွှင်နေပုံ)စတဲ့ သရုပ်ဖော်တာတွေက အရောင်အသွေးစုံပြီးစိတ်ဝင်စားစရာပါ။

အဲဒီထဲမှာ ငွေကုန်ကြေးကျခံပြီး အကြီးအကျယ်ဆွဲဆောင်မှုရှိအောင်ပြသတာကတော့ …ကြည်းရေလေ၊အမျိုးသား၊ အမျိုးသမီးဝတ်စုံပြည့်ချီတက်ပုံ၊ စွမ်းရည်ပြပုံတွေနဲ့အတူ၊ဝေဟင်ကနေ အသံထက်မြန်တဲ့ဂျက်လေယာဉ်တွေ၊တိုက်လေယာဉ်တွေ ဂျွမ်းထိုးမှောက်လှန်၊စာတမ်းဖော်၊ပန်းကြဲပြနေသလို၊ မြေပြင်မှာလည်းနောက်ဆုံးပေါ်လက်နက်ဆန်းတွေ၊ခေတ်မှီရေဒါနဲ့စစ်သုံးယဉ်တွေ၊တင့်ကား၊အမြှောက်၊ဒုံးကျည်၊ဝေဟင်ပစ်ဒုန်း၊ဒုန်းခွင်းဒုန်း၊ တွေနဲ့လက်နက်ပြပွဲကြီးတခုလိုလို၊စစ်မြေပြင်ဆ်ီချီတက်နေတဲ့လက်နက်ဆန်းတွေအပြည်နဲ့ ခေါပဏီတပ်ကြီးတွေလို ကြောက်ခမန်းလိလိပြသတာတွေပဲဖြစ်တယ်။

အိန္ဒိယလိုပဲ၊တရုတ်၊မြောက်ကိုရီးယား၊ရုရှား နိုင်ငံတွေဆိုလည်း မိမိတို့ဆိုင်ရာနိုင်ငံတော် အချုပ်အခြာပိုင်တဲ့နှစ်လည်တွေမှာ တိုင်းပြည်နဲ့ပြည်ပနိုင်ငံတွေကို စစ်အင်အားတွေပါခင်းကျင်းပြသ လေ့ရှိတာတွေ့ရတယ်။ ကျူးကျော်ခံရလို့ တိုင်းတပါးကျွန်ဖြစ်ခဲ့တဲ့ နိုင်ငံတွေသာမက ကျူးကျော်ကျွန်ဇာတ်သွင်းခဲ့တဲ့နိုင်ငံတွေကပါ ပိုင်ဆိုင်မှုတွေနဲ့ပြိုင်ဆိုင်ကြတာ ကိုမြင်ရတာပဲလေ။ ဒါပေမဲ့ကျနော် နော်ဝေးနိုင်ငံရောက်လာတဲ့အခါကျတော့ အဲလိုသမရိုးကျမြင်ကွင်းတွေနဲ့ အတွေးအခေါ်တွေမဟုတ်တဲ့ အမြင်တွေ၊ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုနဲ့ငြိမ်းချမ်း တဲ့အငွေ့အသက်တွေခံစား လိုက်ရတယ်။ နော်ဝေးနိုင်ငံလည်း ကျနော်တို့နိုင်ငံလိုပဲ ၂နိုင်ငံရဲ့ကျွန်ပြုအုပ်ချုပ်မှုကိုခံခဲ့ရတယ်။ပထမတကြိမ်က ၁၄ရာစုလောက်မှာပုလိပ်ရောဂါဖြစ်ပြီး လူဦးရေရဲ့သုံးပုံတပုံလောက် သေဆုံးကုန်တယ်။

အထက်တန်းလွှာမင်းမျိုးမင်းနွယ်တွေကအစဆုံးပါးပြီး နောက်ဆုံးမှာနှစ်ပေါင်း(၄၀၀)လောက်အိမ်နီးချင်းဒိန်းမတ်ရဲ့အုပ်ချုပ်မှုကိုခံလိုက်ရတယ်။ နောက်တခါ ဒုတိယကမ္ဘာစစ်အတွင်း၁၉၄၀ကနေ၅နှစ်လောက် ဂျာမဏီသိမ်းပိုက်မှုကိုခံခဲ့ရတယ်။ ဒိန်းမတ်အောက်ကနေလွတ်မြောက်ပြီးအခြေခံဥပဒေရေးဆွဲတဲ့မေလ၁၇ရက်နေ့ဟာ နော်ဝေးရဲ့နေ့ထူးနေ့မြတ်ဖြစ်တယ်။တနိုင်ငံလုံးပွဲလမ်းသဘင်တွေနဲ့ပျော်ရွှင်စရာနေ့ဖြစ်တယ်။ အဲဒီနေ့ဆိုလူတိုင်းကမိမိတို့အမျိုးသားဝတ်စုံ၊လူမျိုးနွယ်တွေရဲ့ဝတ်စုံ၊ ရိုးရာဝတ်စုံတွေထုတ်ဝတ်ကြတယ်။ ကျနော်တို့နိုင်ငံအပါအ၀င် တပါးကျွန်ဖြစ်ခဲ့တဲ့နိုင်ငံတွေက စောစောကလို အချုပ်အခြာပိုင်ဆိုင်တဲ့နေ့တွေမှာကြည်း၊ရေ၊လေတပ်တွေ၊စစ်လက်နက်အင်အား တွေနဲ့စစ်သွေးစစ်မာန်တွေမမြင်ရပဲ အပြစ်ကင်းစင်တဲ့ခလေးတွေအလံကိုင်ပြီး ဘုရင့်နန်းတော်ကိုဦးတည်ချီတက်ကြတာပဲဖြစ်တယ်။အော်စလိုဆိပ်ကမ်းခံတပ်ကြီးကနေ လမ်းအပြည့်တမြို့လုံးကကျောင်းသူကျောင်းသားတွေ၊(ပထမတန်းစလို့ကောလိပ်ထိ) မိဘပြည်သူတွေ၊လူငယ်တွေအလံတွေကိုင်ပြီး ပြုံးပျော်နေတဲ့မျက်နှာကိုယ်စီနဲ့ဘုရင့်နန်းတော်ကိုချီတက်ကြတာဖြစ်တယ်။ လက်နက်ကိုင်ဆိုလို့ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ရဲ့စွမ်းရည်နဲ့အလှပြချီတက်တာပဲတွေ့ရတယ်။ တခြားနိုင်ငံတွေကလက်နက်အပြည့်အစုံနဲ့တပ်မတော်သားတွေချီတက်နေချိန်မှာ ဒီနိုင်ငံကခလေးငယ်တွေ အလံတွေဝှေ့ယမ်း ချီတက်ကြတယ်။ တခြားနိုင်ငံတွေစစ်လက်နက်တွေပြသတဲ့အချိန်၊ ဒီနိုင်ငံကခလေးတွေရဲ့ပျော်ရွှင်မှုကိုပြကြတယ်။ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ဘာကိုရည်ရွယ်တာလည်း..စိတ်ဝင်စားစရာပါ။

တကယ်တော့ဒီလူမျိုးတွေ တွေးတောပုံက ပကတိရိုးရှင်းတယ်၊ ငြိမ်းချမ်းတယ်၊ အနာဂတ်ကို ယုံယုံကြည်ကြည်ရှိတယ်ဆိုတာတွေ့ရ တယ်။ဒီခလေးငယ်တွေဟာ တချိန်ဒီနိုင်ငံကြီးကို မောင်းနှင်သွားမယ့်သူတွေဆိုတာ စိတ်ချယုံကြည်ထားတယ်။ ဒီအတွက်ခလေးတွေကို အဆင့်မြင့်ပညာတွေသင်ကြားပေးရုံမက နှလုံးသားတွေကိုလူသားဆန်စေပြီး၊စိတ်ဓာတ်တွေကိုငြိမ်းချမ်းစေမဲ့ အတွေးအခေါ်နဲ့အလေ့အကျင့်တွေရသွားအောင် မွေးထုတ်ပေးလိုက်တယ်။

“လူတယောက်ဟာလက်နက်ကိုင်တွေကိုမြင်ထားရင်၊သူ့စိတ်ထဲမှာ ဒါဟာသေစေတတ်ပါလားဆိုတာကို ပထမဆုံးစဉ်းစားမယ်၊ နောက်တဆင့် အဲဒါကိုကျော်လွှားနိုင်တဲ့အရာကိုတွေးမယ်၊ ဥပမာ..ငါလည်းလက်နက်ရှိထားမယ်ဆိုရင်.. ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေါ့.” နော်ဝေးရောက်မြန်မာတွေကိုနော်ဝေးယဉ်ကျေးမှုဆိုင်ရာသင်တန်း ဘာသာပြန်ပို့ချပေးတဲ့ကိုထွန်းထွန်းပြောပြတာပါ။ “ဒီမှာကခလေးငယ်တွေကို လက်နက်မမြင်စေချင်ဖူး၊ခလေးတွေကြည့်ဖို့ရုပ်မြင်သံကြားသတင်းသီးသန့်ရှိတယ်၊ တိုက်ပွဲသတင်း၊ အကြမ်းဖက်တဲ့သတင်းတွေမပြရဖူး၊စစ်ကားတွေ၊အကြမ်းဖက်နှိမ်နင်းတဲ့ ရုပ်ရှင်လည်းမကြည့်ရဖူး”အမှန်တကယ်လည်း ဒီနိုင်ငံကရဲတွေကိုလက်နက်တောင်မကိုင်စေဖူး၊

လက်နက်မရှိတာတော့မှုတ်ဖူး၊ရဲကားပေါ်မှာပဲထားတယ်။ မြို့ထဲမှာပုံမှန်လုံခြုံရေးရဲဆိုလို့မြင်းစီးရဲနှစ်ယောက်ပဲတွေ့ရတတ်တယ်။ နော်ဝေးမှာစစ်တပ်မရှိပေမဲ့မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်နေတိုးတပ်အတွက် စစ်မှုထမ်းရတာရှိတယ်။အပျော်ထမ်းတပ်ဖွဲ့ဝင်၃သောင်းနီးပါးပဲရှိတယ်။ ဒါဆိုပြည်ပစစ်မီးရန်ကိုဘယ်လိုကာကွယ်မလဲ? တကယ်လို့အိမ်နီးခြင်းဂျာမဏီကရေပိုင်နက်ခြင်းအငြင်းပွားလို့ စစ်အင်အားနဲ့ခြိမ်းခြောက်မယ်ဆိုရင်ရော? ဒီပြဿနာရဲ့အဖြေက နော်ဝေးရဲ့မဟာမိတ်အင်အားနဲ့နည်းပညာပဲလို့ပြောရမယ်။ သူဟာစစ်လက်နက်တွေ၊ညူကလီးယားတွေမကိုင်ထားပေမဲ့နည်းပညာတွေတတ်ကြွမ်းထားတယ်။ ပညာတတ်ကြွမ်းမှုဟာသူ့ရဲ့ကာကွယ်ရေးလက်နက်ဖြစ်တယ်။ ဒီတော့သူ့ပြည်သူနဲ့နိုင်ငံဟာ နိုင်ငံတကာမှာဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်တယ်။ ကျနော်တို့နိုင်ငံနိုင်ငံရဲ့အနေအထားတော့အားလုံးသိထားသလိုပဲ…. လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်ဟာအမွှာပူးလေးမွေးလာတယ်။ ကျနော်ကိုယ်တိုင်လူမှန်းသိစအရွယ် မှာပဲဗုံးသံသေနပ်သံတွေကြားဘူးခဲ့တယ်။ပဲခူးရိုးမတောင်ကြီးအရှေ့ဘက်ခြမ်းမှာရှိတဲ့ဖြူးမြို့နယ်ထဲကကျနော့ဇာတိမြို့လေးဟာ စစ်ငွေ့စစ်ရောင်တွေသမ်းခဲ့တယ်။ ကွန်မြူနစ်တွေခြေရာထပ်ခဲ့တယ်။ “နော်တလုံးစိန်”(တချို့က“နို့တလုံးစိန်”ခေါ်တယ်)ဆိုတဲ့ကရင်သူပုန်မဟာ ကျနော်တို့ငယ်ငယ်က လည်ဆံဖွားဖွားမြင်းတစီးနဲ့ဆံပင်ဖားလျှားချပြီး၊ ကျည်ဆံပီးတယ်လိုလို၊ပုံပြင်ထဲကတန်ခိုးရှင်လိုလိုကြားခဲ့ဖူးတယ်။ ကျနော်ငယ်ငယ်ကခလေးတွေကိုသေနပ်ပစ်သင်ပေးတယ်လို့နာမည်ကြီးတဲ့ “နော်တလုံးစိန်”ကိုမြင်ဖူးချင်စိတ်ပြင်းပျဖူးတယ်။ သူပုန်တွေ၊ရထားလမ်းမိုင်းခွဲတာ၊ဘဏ်ဝင်စီးတာ၊ရဲစခန်းဝင်တိုက်တာတွေကြားခဲ့ဖူးတယ်။ ဗုံးကွဲတာတွေ၊သေနပ်သံတွေမကြာခဏကြားဖူးခဲ့တယ်။ကျနော်တို့ခလေးဘ၀က အများဆုံးကစားတဲ့ကစားနည်း ဟာ“စစ်တိုက်တမ်း”ပဲ။ နေ့စဉ်ပုံမှန်စစ်တိုက်တမ်းကစားတယ်။စွဲနေအောင်ကစားတယ်။ စစ်ကားတွေသဘောကျတယ်။ ဒီနေ့အထိစစ်ကားတွေဆိုကြိုက်နေတုံး။ကျနော်တို့မသိစိတ်မှာ“စစ်”ဟာကပ်ညိနေတယ်။

၈၈စစ်အာဏာသိမ်းတော့လက်နက်အားကိုးသူကိုလက်နက်နဲ့ပြန်ပြီးသင်ခန်းစာပေးရမယ်ဆိုတဲ့အယူအဆကလွှမ်းမိုးခဲ့တယ်။အဲဒီလက်နက်ပိုင်ဆိုင်မှုနောက်ကွယ်က၊စက်ရုပ်လူသားဆန်ဆန်စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေ၊အကြောက်တရားပေါ်ထွန်းမှု၊လက်နက်ပဲအားကိုးလိုစိတ်၊လက်နက်နဲ့သာဖြေရှင်းလိုစိတ်ကို လွယ်လွယ်နဲ့မဖျောက်နိုင်တာသတိမထားမိကြဖူး။ အခုရက်ပိုင်းမှာပဲအမျိုးသားလွှတ်တော် မှာကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်က ကချင်လက်နက်ကိုင်တွေကို“ရွှေလက်နဲ့ခေါ်လို့မရရင်.. ဘူးလက်(Bullet ကျီဆံ)နဲ့ခေါ်ရမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုသွားတယ်။ အဲဒီအမတ်ဦးလှဆွေရဲ့ပြောဆိုချက်တွေမှာ အတ္တတွေ၊မာန်မာနတွေ ၊ဒေါသတွေ ၊ယှဉ်ပြိုင်လိုမှုတွေ၊၀န်တိုမှုတွေ၊မကြေမချမ်းမှုတွေ၊ အဆိုးမြင်မှုတွေ၊ဘိုကျအသာစီးရလိုမှုတွေ၊ အားလုံးရောပြွန်းနေတာကိုကြားရလိမ့်မယ်။ ငြိမ်းငြိမ်းချမ်းချမ်းချည်းကပ်နည်းလမ်းရှာတဲ့အပြုသဘောအမြင်တွေမတွေ့ရဖူး။ သမတကြီးပါမကျန်တပြည်လုံးကစစ်ပွဲတွေရပ်ပြီးငြိမ်းချမ်းရေးအတွက်ညှိနှိုင်းဖို့ အဖြေရှာချည်းကပ်ချိန်မှာ၊ လူထုကိုယ်စားလှယ်ဆိုသူကပစ်မဲ့ခတ်မဲ့စကားတွေလွှတ်တော်ထဲသုံးနှုံးတာကြည့်ပြီး..ဘယ်လိုအတွေးအခေါ်၊ဘယ်လိုစိတ်ကူးတွေနဲ့နိုင်ငံအနာဂတ်ကိုတည်ဆောက်မလဲဆိုတာအဖြေရှာလို့မရဖူး။

ကျနော်တို့အိမ်နီးခြင်းအိန္ဒိယနိုင်ငံဟာကျနော်တို့ လေးနက်တဲ့စိန်ခေါ်မှုတွေရှိနေခဲ့တယ်။ကျနော်တို့ထက်ပြင်းထန်တဲ့ လူမျိုး၊ဘာသာ၊အသားအရောင်၊ယဉ်ကျေးမှု၊လူတန်းစား၊ အဆင့်အတန်းစတဲ့ ကွဲလွဲမှုအဖုံဖုံ ရှိပေမဲ့ ဒါတွေအားလုံးအပေါ် အစိုးရရဲ့ဖြေရှင်းမှုက သက်တောင့်သက်တာရှိစေတယ်။စစ်ပွဲတွေကိုရှောင်တယ်။ နာဂလင့်၊အာသံ၊မဏိပူရပြည်နယ်တွေလိုမြို့ပြပြောက်ကျားသူပုန်တွေနဲ့မတည်မငြိမ်တဲ့ကြားက အချိန်တန်ရင် ဒီမိုကရေစီစံနှုံးတွေနဲ့အညီ ရွေးကောက်ပွဲတွေ၊မြို့ပြဖွံ့ဖြိုးမှုတွေ၊လူထုအခြေခံကျန်းမာရေး၊စီးပွားရေး၊လမ်းပမ်းဆက်သွယ်ရေး တွေကိုစေတနာပါပါလုပ်ပေးသွားတာပဲ။မြန်မာနိုင်ငံမှာတော့ဖဆလခေတ်ကနေဒီနေ့ထိအတိုက်အခံဆိုရင်ထောင်ချ၊တောထုတ်၊သေနပ်နဲ့ရှင်း၊ တန်းတူမဆက်ဆံ၊အောက်စည်းက၀င်မှလက်ခံတာသမိုင်းအထောက်အထားတွေနဲ့ဖတ်ဖူးတယ်။

ကျနော်တို့အနာဂတ်မျိုးဆက်လူငယ်တွေ၊ခလေးတွေကို ဘယ်လိုစိတ်ဓာတ်အမွေမျိုးတွေပေးခဲ့မှာလဲ? စစ်ဝါဒီတွေနဲ့စစ်ရေးအတွေးအခေါ်သာရှိသူတွေကို ကျနော်တို့နိုင်ငံနဲ့၊ခလေးငယ်တွေရဲ့ အနာဂတ်ကိုပေးခဲ့ရမှာလား? စစ်မက်တွေ၊လက်နက်ခဲယမ်းတွေ၊အလောင်းတွေ၊အသုဘတွေ၊ ဒုက္ခသည်တွေ၊ငတ်ပြတ်မှုတွေ၊ ငိုကြွေးမှုတွေကိုကျနော်တို့မွေးကတည်းကနေသေတဲ့အထိယူသွားရမှာလား? တိုင်းရင်းသားလူမျိုးစုတွေကိုကျနော်တို့(ဗမာလူမျိုး)က ညီငယ်တွေလိုသဘောမထားနိုင်ဖူးလား? ရုပ်ပိုင်းဘ၀တွေသာမက၊စိတ်ဓာတ်ရေးရာယဉ်ကျေးမှုတွေပါ တိုးတက်ဖွံ့ဖြိုးနေတဲ့နိုင်ငံတွေကတော့ သူတို့ရဲ့အနာဂတ်ရင်သွေးတွေကို.စစ်ပွဲတွေ၊လက်နက်တွေ အမြင်ကိုမခံတော့ဖူး။ အနာဂတ်ကိုပိုင်စိုးမဲ့ခလေးတွေရဲ့နှလုံးသားတွေကိုပြုပြင်နေပြီ။ ကျနော်တို့နိုင်ငံကခေါင်းဆောင်တွေကရော.. ကျနော်တို့အနာဂတ်ခလေးငယ်တွေအတွက် ဘာတွေများအမွေပေးကြမှာလဲ? လက်နက်တွေလား? စစ်မက်တွေလား? ဒါမှမဟုတ် ငြိမ်းချမ်းရေးလား? ကျနော်တို့ရင်သွေးငယ်တွေ ကိုယ်ငယ်ငယ်ကလို စစ်တိုက်တမ်းမကစားတတ်ကြပါစေနဲ့လို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေရတယ်။

ကိုညို(အော်စလို)



ခြေချုပ်မှုဖြင့် မတရားအဖမ်းဆီးခံထားရသော ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊မှ လယ်သမားကြီးဦးတင်စိုးကို ယနေ့ တရားရုံးထုတ် .... ။ မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသော လယ်သမားကြီးကို ရာဇ၀တ်သား လူဆိုးကြီးအလား .... ။

၁၉၉၃ခုနှစ်ကပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊လှာပကစ်ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများကိုကျေးရွာနေ တောင်သူလယ်သမား
(၅၂)ဦးက မိမိတို့လုပ်အားဖြင့်ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ခဲ့ကြပါသည်။၁၉၉၄ ခုနှစ်ကုန်ပိုင်းတွင် စစ်တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာဗိုလ်ကြီးမျိုးစိမ့်က အဓမ္မသိမ်းယူခဲ့ပါသည်။

သို့သော် ထိုလယ်ယာမြေများပေါ်တွင် စစ်တပ်ကသော်လည်းကောင်း၊နိုင်ငံတော်ကသော်လည်းကောင်း မည်သည့်စီမံကိန်း၊
မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် မူလခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေဖော်ထုတ်ခဲ့ကြသော
လယ်သမားကြီးအချို့က ၂၀၁၁ ခုနှစ်တွင် လယ်ယာလုပ်ငန်းပြန်လည်လုပ်ကိုင်ရန် ကြိုးစားခဲ့ကြပါသည်။

ထိုအခါကျမှ ယခင်က လယ်ယာမြေသိမ်းယူခဲ့သောဗိုလ်ကြီးမျိုးစိမ့်၏သမီးဆိုသူ ဒေါ်ခင်စံပယ်စိမ့် ရောက်ရှိလာပြီး ဌာနဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ အကောက်ကြံကာလယ်သမားကြီးများကို အမှုဆင်ဖမ်းဆီး၍
အချုပ်ထဲထည့်ခြင်းပင်ဖြစ်ပါသည်။ လယ်သမားကြီးဦးတင်စိုးကို၅/၁(စ)(ဆ) ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပါသည်။


ခြေချုပ်မှုဖြင့် မတရားအဖမ်းဆီးခံထားရသော သနပ်ပင်မြို့နယ်၊ကျးရွာမှ လယ်သမားကြီးဦးတင်စိုးကို (၂၅၊၁၊၂၀၁၃)နေ့ကတရားရုံးထုတ်စဉ်.သွားရောက်အားပေးဝန်းရံခဲ့ကြသည်... ။
su su nwe


မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းသည် ပြည်တွင်းစစ်ကို ပိုမိုကြီးထွားစေရန်အတွက် အားပေးသည့်အသွင်ဆောင်နေသည်ဟု ယင်းပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် နောင်ဖာကျေးရွာအတွင်း လယ်သမား ၇၀ ခန့်၏ လယ်ယာဧက ၄၅၀ ကျော်မှ လျော်ကြေးမဲ့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက ၎င်းပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် လေးခုကို ဖြတ်သန်းသွားရသည့်အတွက် လယ်ယာမြေနှင့် စိုက်ခင်းများပျက်စီးခြင်း၊ အများပိုင်ကျေးရွာသောက်သုံးရေကန်များ၊ လမ်းများ၊ သဘာဝ ရေထွက်များနှင့် ရေထိန်းတောများ၊ ရှားပါး ရေနေ၊ ကုန်းနေသတ္တဝါများ၊ သစ်တောများ စသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို များစွာ ထိခိုက်ကြောင်း၊ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများနှင့် အမျိုးသမီးများ၏ ဘဝကို ထိခိုက်သက်ရောက်မှုများဖြစ်ပေါ်စေသောကြောင့် သက်ဆိုင်ရာ ကုမ္ပဏီနှင့် တာဝန်ရှိသူတို့အနေဖြင့် အဆိုပါအခြေအနေများကို ဖြေရှင်းပေးရန် ဖော်ပြထားသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ် ရွှေဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းအတွက် မြေယာသိမ်းယူခြင်းမခံရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ၊ စားကျက်မြေများအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲနှုန်းဖြင့် နှစ်နှစ်စာလျော်ကြေး သတ်မှတ်ထားကာ လယ်သမား ၉၀ ရှိသည့်အနက် ၅၈ ဦးသာ လျော်ကြေးရ၍ နစ်နာကြေးမရသည့် လယ်သမားများရှိနေကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဖွဲ့ထားသည့် မြေယာနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့ကမူ ငွေကြေးအခြေအနေပေါ်မူတည်ပြီး အတိုင်းအတာနှင့်လုပ်ရခြင်းဖြစ်ကြောင်း၊ အားလုံးကို ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းမှာ ၂၀၁၃ ခုနှစ် မေလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း၊ လာမည့်ဇွန်လအစောပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းမှ ပြောကြားသည်။

ကျောက်ဖြူမြို့မှ ကူမင်းမြို့သို့ သွယ်တန်းထားသည့် ၇၇၁ ကီလိုမီတာရှည်သော ရေနံပိုက်လိုင်း ပြီးစီးသွားပါက တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်းပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကာ ကျောက်ဖြူမြို့မှပင် ကူမင်း၊ ကိုင်ကျို့နှင့် ကျန်စီမြို့များအထိ သွယ်တန်းထားသော ၂၈၀၆ ကီလိုမီတာအရှည်ရှိသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ တစ်နှစ်လျှင် ဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာခန့် ပို့လွှတ်နိုင်မည်ဖြစ်သည်။

Yangon chronicle


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် တရားပွဲဓမ္မသဘင်များ ကျင်းပပြုလုပ်နေသည် မှာ နှစ်ပေါင်း အတော်ကြာမြင့် ခဲ့ပြီ ဖြစ်ပါသည်။ သာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် မြတ်ဗုဒ္မ၏ တရားတော်များကို ပြန်လည်ဟောကြားသော ဓမ္မကတိကဆရာတော်များသည်လည်း မြန်မာတစ်နိုင်ငံလုံး အနှံ့၊ နေ့စဉ်ရက်ဆက်ဆိုသလို လှည့်လည်ဟောကြား တရားပြသနေကြပါသည်။ တရားပွဲရက်များရအောင် ကြိုတင်လျောက်ထား စီစဉ်ရပါသည်။

ကျွန်တော်တို့ ဟင်္သာတသူ၊ ဟင်္သာတသားများအတွက်လည်း နှစ်စဉ် တရားဓမ္မများ နာယူခွင့်ရရန် ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ၊ ဓမ္မသဘင်ကျင်းပရေးအဖွဲ့များ၊ ပရဟိတလူငယ်အဖွဲ့များ၊ ရပ်ကွက်အလိုက် လူငယ်အဖွဲ့များ မှ တရားပွဲများကို အလျင်းသင့်သလို ဆင်ယင်ကျင်းပနေကြပါသည်။

ယခု ၂၀၁၃ ခုနှစ်တွင် တရားဟော ပါမစ်လျောက်ထားရာတွင် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း မှ အောက်ပါ စည်းကမ်းချက်များကို လိုက်နာစေလျက် ဟု အစရှိသော အချက် (၁၃) ချက်ပါ စည်းကမ်းကို ထုတ်ပေးပါသည်။

စည်ကမ်းချက်များမှာ……

(၁) နိုင်ငံတော်အား အကြည်ညိုပျက်စေမည့် အပြုအမူ၊ အပြောအဆိုများ မပါစေရ။
(၂) နိုင်ငံရေး လုံးဝ ကင်းရှင်းရမည်။
(၃) မြန်မာ့ယဉ်ကျေးမှုနှင့် အညီ ဖြစ်ရမည်။
(၄) ည (…..) နာရီ အထိသာ ခွင့်ပြုသည်။
(၅) အရက်/လောင်းကစားဝိုင်းများ လုံးဝ(လုံးဝ) ခွင့်မပြု။
(၆) မီးဘေး နှင့် ကျန်းမာရေးကို ဂရုပြုရမည်။
(၇) ပွဲခင်းလုံခြုံရေး၊ နယ်မြေလုံခြုံရေးအား စီမံချက်နှင့်အညီ ကြီးကြပ်တာဝန်ယူရမည်။
(၈) ခိုက်ရန်ဖြစ်ပွားခြင်း မဖြစ်စေရ။
(၉) ပွဲပြီးပါက သန့်ရှင်းရေးကို ချက်ခြင်းလုပ်ရမည်။
(၁၀) လမ်းမကြီးအား ပိတ်ဆို့ကျင်းပခြင်း မပြုလုပ်ရ။
(၁၁) မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေး တာဝန်ယူရမည်။
(၁၂) ထူးခြားဖြစ်စဉ် ဖြစ်ပေါ်ပေါက်ပါက ပွဲကို ချက်ခြင်းပိတ်ရမည်။
(၁၃) သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ပွဲမိန့်တောင်းခံသူကို ဥပဒေအရ အရေးယူသွားမည်။

အထက်ပါ စည်းကမ်းချက်များသည် သာသနာတော်ကို ညှိုးနွမ်းအောင် ထိခိုက်စော်ကားသည့် စည်းကမ်းချက်များ ဖြစ်ပါသည်။ ဗုဓ္မဘာသာ မြန်မာနိုင်ငံတွင် ဗုဓ္မဘာသာဝင်များ ပြုလုပ်သည့် တရားပွဲများအတွက် ထုတ်ထားသည့် စည်းကမ်းချက်သည် တခြားဘာသာဝင်များ ဖတ်မိလျှင် အတော်ပင် အထင်အမြင်သေးစရာ ဖြစ်ပါသည်။

နံပါတ်(၁) စည်းကမ်းချက်ဖြစ်သော-နိုင်ငံတော်အား အကြည်ညိုပျက်စေမည့် အပြုအမူ ပြောအဆိုများ မပါစေရ ဆိုသည်မှ- နိုင်ငံတော် ဆိုသည်မှာ မည်သူကို ရည်ရွယ်ပါသနည်း။
တရားဟောဓမ္မကထိကများသည် နိုင်ငံတော်ရှိ နိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်ဓာတ်ကောင်းများ၊ သီလကောင်းများ ရှိစေရန် အပင်ပန်းခံ၍ တရားဓမ္မများကို လှည့်လည်ဟောကြား ဆိုဆုံးမနေခြင်း ဖြစ်ပါသည်။ နိုင်ငံတော်ကို ကောင်းစေချင်စိတ်ရှိလို့ သာသနာတော်ထွန်းကားဖို့ ကြိုးစားနေကြတာပါ။
အုပ်ချုပ်ရေးမှူးပြောတဲ့ နိုင်ငံတော်ဆိုတာ……ဟို သီချင်းထဲကလို “ဒို့အဖေကြီးကို ကာကွယ်မလေ….ဒို့အဘကြီးကို ကာကွယ်မလေ….” အဲဒီ နိုင်ငံတော်ကို ပြောတာပါလား ခင်ဗျာ……..(၁)အချက်ကို လက်မခံနိုင်ပါဘူး ခင်ဗျာ။

နံပါတ်(၂) အချက် “နိုင်ငံရေး လုံးဝ ကင်းရှင်း ရမည်”….အဲဒီ အချက်ကလည်း ဆရာတော်များဟာ နိုင်ငံကောင်းစားရေးအတွက် လိုက်လံဟောပြော ပြသနေတာပါ… နိုင်ငံတော်မှာ မတရား အနိုင်ကျင့်မှုများ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော လုပ်သူများ၊ တရားဥပဒေ အထက်မှာ ရှိနေသူများ၊ အဲဒီ အောက်တန်းစားစိတ်ရှိသူများကို စိတ်ဓာတ်တွေ ကောင်းမွန်အောင် ပြန်လည်ပြု ပြင်ဖို့ဟောကြား ပြသနေတာပါဒါလည်း နိုင်ငံရေး မဟုတ်ပါဘူး၊ နိုင်ငံသူ နိုင်ငံသားများကောင်းဖို့ နိုင်ငံ့အရေးပါ။ နိုင်ငံရေးကင်းရှင်းရမည် ဆိုတာ ဟိုခေတ်က စကားလုံးပါ။ ခုခေတ်မှာ ဆက်သုံးနေမယ်ဆိုရင် သမ္မတကြီးပြောတဲ့ ခေတ်နောက်ပြန်ဆွဲသူတွေကို ထားခဲ့ရမယ် ဆိုတဲ့ စကားကို အုပ်ချုပ်ရေးမှူးကြီး သတိရပါ။
နံပါတ်(၃) အချက်က အချိန်(…..)နာရီ အထိသာ ခွင့်ပြုသည် ဆိုတဲ့ စည်ကမ်းချက်ကလည်း အလွန်မှ မသင့်လျော်တဲ့ စည်းကမ်းချက်ပါ။ မြတ်စွာဘုရား ဟောခဲ့တာတွေကို စာပေကျမ်းဂန်တွေမှာ ရေးထားတာက ညဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံ ….အချိန်တိုင်းမှာ ဟောကြားခဲ့တာပါ။ ကောင်းတဲ့အရာ၊ ကောင်းတဲ့စကားတွေ ပြောတာကို အချိန်သတ်မှတ်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးတို့ ပြေပြေလည်လည်နဲ့ ခွင့်ပြုထားတဲ့ (KTV)တွေကို အချိန်သတ်မှတ်ထားတာ ပိုကောင်းပါလိမ့်မယ်။ ညဥ့်နက်သန်းခေါင် ၂ နာရီ၊ ၃ နာရီ အထိ ပတ်ဝန်းကျင်အိမ်တွေကို ဒုက္ခပေးတဲ့ ဆူဆူညံညံ အသံတွေကိုပေါ့.. သဘောပေါက်ပြီလား အုပ်ချုပ်ရေးမှူးကြီး….

နံပါတ်(၄) စည်းကမ်းချက်-
အရက်/လောင်းကစားဝိုင်းများ လုံးဝ(လုံးဝ) ခွင့်မပြု။
အဲဒီ စည်းကမ်းချက်ကတော့ မိုက်ချက်ကကမ်းကုန်လို့ ပြောရမလားပဲဗျာ….. ဘယ်လို အတွေးအခေါ် ဘယ်လိုဥာဏ်နဲ့များ အဲဒီစည်းကမ်းချက်ကို ရေးရတာလဲဗျာ၊ ဒီလို အောက်တန်းကျတဲ့ စည်းကမ်းချက်မျိုးကို ထုတ်တာ ကျွန်တော်တို့ သာသနာတော်ကို စော်ကားလိုက်သလိုပါပဲ။ ကျွန်တော်တို့ မြို့ကို စော်ကားလိုက်တာပါပဲ။ ကျွန်တော်တို့မြို့က တရားဓမ္မသဘင် ကျင်းပနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ အဖွဲ့အစည်းတွေ၊ ဗုဒ္မဘာသာဝင်တွေကို စော်ကားလိုက်တာပါပဲ။
အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းဟာ ဘယ်ဘာသာကို ကိုးကွယ်ဘာသလဲ၊ ကျွန်တော်တို့ သိချင်ပါတယ်။ အုပ်ချုပ်ရေးမှူးကြီးထုတ်တဲ့ စည်ကမ်းချက်တွေကို လုံးဝ ကန့်ကွက်ပါတယ်။

Hinthata HumanRights Facebook


ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတကြီးမှ အမှန်တရားများကို သိရှိနိုင်စေဘို့ ဒီစာကို ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။ စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ - ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့ သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့ သူတစ်ယောက်ကို ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့ ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို ကျောင်းမှာ ကတည်းက သိခဲ့ပါတယ်၊

ဦးစိုးသိန်းဟာ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ လူကြီးတွေကို လေလုံးလှလှလေးတွေနဲ့- ယုံအောင်ဖြီးတတ်တာကြောင့် - ရုံးကြီးနဲ့လူကြီးတွေအနားမှာပဲ ဘ၀တစ်လျှောက်လုံးနေခဲ့ရပါတယ်၊ ဒါ့ကြောင့် ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှမရှိခဲ့ဘဲ လူကြီးအကြိုက် လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် - ဒီအဆင့်အထိရောက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

သူလေလုံးထွားတာကိုလူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့ ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ်စက်မှု(၂)၀န်ကြီးဌာနကိုပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုအယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့ ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ- ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက သက်သေထူနေပါတယ် --

ဒါကြောင့်လည်းကျနော်တို့စက်မှုဝန်ကြီးဌာနကလုပ်ငန်းတွေမှာတစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေသာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲ ဘာလုပ်ငန်းမှအဆင်မပြေခဲ့တာ ဌာနက လူတွေအသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့ လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်- ဒါပေမယ့်လည်း ၀န်ကြီးဌာနကသာမတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့ တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်-

သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့ ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်လာချိန်မှာ ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း သူ့အတွက် ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူအနေနဲ့ ကျနော်တို့ဝန်ကြီးဌာနကြီးကို သူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့ တာပါဘဲ - ဘယ်လောက်ထိအောင် သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊ လှိုင်မြို့နယ် ထဲမှာရှိတဲ့ စက်ရုံတို့တွေကို လက်သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့ ပြောခဲ့တာလဲသူပါဘဲဗျာ။ ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်-- ကျနော်တို့ ၀န်ကြီးဌာနက ၀န်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့ မသိသေးလို့ သိချင်တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ အကုန်လုံးသိသွားပါလိမ့်မယ်- စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား ကိုင်ထားတာတွေများလွန်းလို့ နောက်ဝန်ကြီးကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ် - အင်မတန်မှလည်း တော်ပါပေတယ်ဗျာ --

ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုဘာပြောသလဲဆိုတော့ “ တပ်ထဲမှာတုန်းက ငါက သမ္မတကြီးနဲ့ ဂေါက်အတူရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊ ငါပြောလိုက်ရင် မင်းတို့ချက်ချင်း ပြုတ်သွားမယ်”--- ဒီလိုမျိုးစကားတွေကို သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး ၀န်ထမ်းတွေကိုအကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး တစ်ဦးပါပဲ၊ ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက တရုတ်သွေးပါသူမို့ နာမည်မှာ တရုတ်အမည် ဒေါ်အေးကျင်ကနေ“ကျင်”ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်-- နောက်ပြီး သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲပါတယ် - မချမ်းသာဘူး-- ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊ သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြားမှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ Singapore တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံထားတယ်ဆိုတာ-- ကျန်တဲ့သူတွေမသိနိုင်ပေမယ့် ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့ အကုန်လုံးပဲသိကြပါတယ်ဗျာ-

ဒါတွေကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ-- အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ အရင်လိုဂေါက်သီးအတူရိုက်တဲ့ အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊ သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင် ကျန်နေတဲ့ဝန်ကြီးဌာနတွေကို သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် - သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့ နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်-



စက်ရုံမှူးဟောင်းတစ်ဦး





လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် လူထုသည် မကုန်ခမ်းနိုင်သော စွမ်းအားဖြစ်သည်။ လူထုထံမှ သင်ကြားလေ့လာ စရာများ များစွာရှိပါသည်။ သို့ရာတွင် မျက်မှောက်အချိန်၌ နိုင်ငံရေးခေါင်းဆောင်က လူထုကိုဟိုဟာမလုပ်နဲ့၊ သည်လို လုပ်ပါ၊ ဟူ၍သာ သင်ကြားပို့ချ၊ လမ်းညွှန်ချက်ပေးနေကြ သည်ကများလွန်းနေသည်။ လူထု ထံမှ သင်ကြားလေ့လာ ရန်၊ လူထု၏ သဘောထားအမြင်များကို အလေးထားစု ဆောင်းရန်၊ လူထုကို လေးစားကြောင်း လက်တွေ့ပြသရန် တို့ မှာ နည်းလွန်းလှသည်။ မိမိလုပ်သည့် လုပ်ငန်း နှင့် စပ်လျှဉ်း၍ လူထုအား တန်ဘိုးထားကာ ရှင်းလင်းပြောပြရန်မကြိုး စားတော့ဘဲ “ လူတိုင်းကြိုက်အောင် မလုပ်နိုင် ဘူး၊” “ မကြေနပ်ရင်လဲကိစ္စ မရှိဘူး။” ဟု မာကြောစွာ တုန့်ပြန်ကာ ခေါင်းဆောင်ကို အဓိကထား သည့် နိုင်ငံရေးလုပ်ဟန် ပေါ်လာသည်ကို ၀မ်းနည်းဘွယ်တွေ့ရ သည်။

ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယခုကဲ့သို့ အရေးကြီးသောကာလမျိုးတွင် မြန်မာမဟုတ်သော တိုင်းရင်းသား များအား ဆင်နွှဲနေသော ထိုးစစ်များနှင့် စပ်လျှဉ်း မြန်မာတိုင်းရင်းသားများကိုယ်တိုင် လက်မခံနိုင်ကြောင်း နည်းပေါင်းစုံ ဆန္ဒ ထုတ်ဖေါ်မှုများမှာ တန်ဘိုးကြီးလှသည်။ ကချင်ပြည်နယ်အတွင်း ဆင်နွှဲနေ သော ထိုးစစ်များရပ်ရန်  မုံရွာသူ/သား များ စုပေါင်း၍ ဆန္ဒထုတ်ဖေါ်နိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သော မြန်မာ အမျိုးသား ကိုအောင်ထွန်းဦး ၏ ပြော ကြားချက်မှာ  မှတ်သားဘွယ်ကောင်းကြောင်း သတိပြုမိသည်။

" ကချင်ဆိုတာ ကျုပ်တို့ရဲ့ ပြည်ထောင်စုဝင်တိုင်းရင်သားတွေဖြစ်တယ်..။ ပြည်ထောင်စုရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တွေဖြစ်တယ်..။ တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်နေတာဖြစ်တာကြောင့် ကျုပ်တို့မုံရွာသားတွေက ပြည်ထောင်စုမပြိုကွဲရေးကိုရှေးရှုပြီး ဆန္ဒဖော်ထုတ်ရတာပါ။"

ကိုအောင်ထွန်းဦးသည် နိုင်ငံရေးခေါင်းဆောင်တဦး မဟုတ်ပါ။ သို့ရာတွင် သူ၏ ပြောကြားချက်သည် စာရေးသူ၏ အသဲနှလုံးကိုပင် လှုပ်ခါသွားစေသည်။ “တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်တာ ဖြစ်တယ်” --- တဲ့။ “ ပြည်ထောင်စုမပြိုကွဲရေးကိုရှေးရှုပြီး ဆန္ဒဖော်ထုတ်ရတာပါ” --- တဲ့။ ကောင်းလိုက်တဲ့ သဘော ထား နဲ့ တွေးခေါ်မှုပါလား ကိုအောင်ထွန်းဦးရယ်။ ယင်းကဲ့သို့ရှင်းလင်းသောသဘောထား နှင့် တွေးခေါ်မှုကို လက်ရှိ လွှတ်တော်ကြီးတွင် တိုင်းပြည်၏ဘဏ္ဍာငွေများ နေ့စဉ်သိန်းပေါင်းထောင်နှင့် ချီ အကုန် အကျခံကာ ထိုင်ဆွေးနွေးနေ ကြသည့် ပုဂ္ဂိုလ်ကြီးများ အနက် ယနေ့အချိန်အထိ မည်သူတဦးတယောက်ထံကမျှ မကြားသိရပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဥပဒေကြောင်းအရ လွှတ်တော်ဘာတွေ လုပ်နေသလဲ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးများအား  အာမခံချက် မပေးနိုင်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်သောကြောင့် လက်မခံနိုင်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးနီးပါးက နည်းပေါင်းစုံနှင့် ဆန္ဒထုတ်ဖေါ်ခဲ့သည်မှာ နှစ်တချို့မျှကြာ ခဲ့ပါပြီ။ အတုအယောင် လွှတ်တော်ကြီးသည် တလျှောက်လုံး မသိခြင်ယောင်ဆောင်ခဲ့သည်။ တိုင်းရင်းသား အခွင့် အရေးတိုးတက်ရရှိစေရန် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့်ပြဌာန်းချက်ကိုမျှ ပြင်ဆင်ခဲ့ခြင်းမရှိ။ ဖွဲ့စည်းပုံနှင့် စပ်လျှဉ်း၍ မည်သည့် လွှတ်တော် ကိုယ်စားလှယ်ကမျှ လူထုထံမှ စနစ်တကျ သဘောထားအမြင်စုဆောင်းမှု မရှိခဲ့။ ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းများအား ပြင်သင့်ကြောင်းဖြင့် မည်သည့် နိုင်ငံရေးပါတီကမျှ အားကောင်းကောင်း အဆိုတင်သွင်းခြင်း မပြုခဲ့။ စစ်အာဏာရှင်စနစ်တည်မြဲရေးကို အသက်သွင်းထားသည့်၂၀၀၈ ဖွဲ့စည်းပုံလောင်းရိပ် အောက် တွင်သာ အေး အေးသာသာ ပျော်မွေ့နေကြသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသမတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏သား နိုင်ငံရေးသိပ္ပံပညာရှင် ကျောက် ဇန်း ယောင်ဝေ က “ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်လို့ တိုင်းရင်းသားတွေရဲ့ လူနေမှု ဘ၀ဟာ တိရစ္ဆာန် သာသာမျှ အထိ ကျဆင်းသွားခဲ့တယ်။” ဟုမှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် လွှတ်တော်အမတ်များအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ၄င်းတို့နှင့် မဆိုင်သကဲ့သို့ဖြစ်နေသည်။ အထူးသဖြင့် တိုင်းရင်းသား လူထုများ၏ လူနေမှုဘ၀ မြင့်တက်ရေး အတွက် ၄င်းတို့မြေယာကို ၄င်းတို့ဖာသာ အဓိက စီမံခန့်ခွဲခွင့် ပေးရမည် ဟူသည်ကိုပင် မျက်ကွယ်ပြုနေကြသည်။ ဥပဒေပြုလွှတ်တော်ကြီး ဟူသည် ရွှေကျောင်း ပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေသည်။ အပေါ်ယံရွှေမှုံကြဲထားသော်လည်း အတွင်းမှာ တန်ဘိုးထား လောက်သည့်အရာ ရှာ၍ မတွေ့သေး။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက “ ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေးဖြစ်တယ်။” ဟူ၍ အကြောင်းပြပြီး တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးကို နှစ်ပေါင်း ငါးဆယ်ကျော် ရက်စက်စွာဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ရောက်မှသာ ထိပ်သီးစစ်ခေါင်းဆောင် ဟောင်းတဦး ဖြစ်ခဲ့သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံလည်ပတ်နိုင်ရေးအတွက် ထိပ်ဆုံးတန်းတွင် တာဝန်ယူနေဆဲဖြစ် သော သူရဦးရွှေမန်းက တိုင်းရင်းသားများ လို လားသော ဖက်ဒရယ်ကို စကားလုံး အတိအကျ ရည်ညွှန်းလျှက် လက်ခံကြောင်း ၀န်ခံလာရသည်။ သို့ရာတွင် လက်တွေ့မှာ မည်သို့ဖြစ်လာမည်နည်း။

သူရဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အရေးယူခဲ့ သည့် အချိန်၌ “လူတိုင်းဥပဒေရှေ့မှောက်မှာ တန်းတူ ရှိတယ်” ဟူသည့် ဥပဒေစိုးမိုးရေးစကားလုံးကို အကျယ်လောင်ဆုံး သုံးခဲ့သူ ဖြစ်သည်။ အခြေခံလူထုများသာ မက ဥပဒေစိုးမိုးရေးကို တောက်လျှောက်လေ့လာခဲ့သော စာရေးသူကိုယ်တိုင်ခေါင်းထောင်ကြည့်မိခဲ့သည်။ ယခုဆယ်  နှစ်ကြာခဲ့ပါပြီ။ ဥပဒေစိုးမိုးရေးမှာ အဆိုးဝါးဆုံးဖြစ်နေသည်။ တပြည်လုံးရုပ်ပျက်ဆင်းပျက် ဖြစ်လျှက်ရှိနေသည်။

ယခုလည်း “ ဖက်ဒရယ် ” ကို ပွဲထုတ်လာပြန်ချေပြီ။ သို့ရာတွင် လွှတ်တော် ဥက္ကဌနေရာတွင် ရှိနေပါလျှက် ဖက်ဒရယ် ဥပဒေ မူကြမ်းရေးဆွဲနိုင်ဘို့ လူထုထံမှ သဘောထားတောင်းယူရန် မည်သည့်လုပ်ငန်းစဉ်မျှ မချမှတ်။ ဖက်ဒရယ်နှင့် စပ်လျှဉ်း၍ လွှတ်တော်ပြင်ပမှ မည်သည့် အဖွဲ့အစည်းခေါင်းဆောင်များ၊ ပညာရှင်များကိုမျှ ဖိတ်ကြား၍ လေ့လာမှုမပြု။ ဖက်ဒရယ် အခြေခံကို ၂၀၀၈ ဖွဲ့စည်းပုံ နှင့် တည်ဆောက်၍ရနိုင်မရနိုင် ဆွေးနွေး၊ တင်ပြမှုများ ပြုကြရန် လူထုကို အား  မပေး၊ လွယ်လင့်တကူပင် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနု တို့နှစ်ဦးကိုသာ ဖက်ဒရယ်ဥပဒေမူကြမ်းရေးရန် တာဝန်ပေး လိုက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှာပင် ရေးသားကြရန် ဘောင်ခတ်လိုက်သေးသည်။ ဖက်ဒရယ် ဥပဒေကို၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမှာ ရေးဆွဲပါ ဟူသည်မှာ နတ်ပြည် ရောက်အောင်သွားဘို့ လှေခါးထောင်တက်ပါ ဟု မှာကြား လိုက်သကဲ့သို့ပင်။

ချုပ်၍ဆိုရလျှင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပေါ်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် လွှတ်တော်သည် ဥပဒေကြောင်းအရ ဘာတခုမျှ မယ်မယ်ရရ မလုပ်သေးကြောင်း သုံးသပ်ရပါမည်။

ကချင်ပြည်တွင်းစစ်အတွက် လွှတ်တော် ဘာလုပ်ခဲ့သလဲ။

ကချင်ပြည်နယ်အတွင်း၌ အပစ်အခတ်ရပ်စဲရေး ပျက်သုဉ်းပြီး နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် တနှစ်ခွဲ ကာလအတွင်း  လွှတ်တော်သည် အရေးယူဆောင်ရွက်မှု တခုမျှမပြုခဲ့။ “ လွှတ်တော် အထက်မှာ မိုးကောင်းကင်သာ ရှိတယ်။” ဟူသည့် စကားလုံးကို အသံ ကုန်အော်၊ ကောင်းကင်ကို မော်ကြည့်ရင်း၊ အောက်ခြေလွတ်ကာ လူထုဘ၀ကို မေ့လျော့ထားကြသည်။ စစ်မှန်သည့် လူထုကိုယ်စားလှယ်အချို့ရှိနိုင်သော်လည်း ၄င်းတို့မှာ ကိုယ်စားလှယ် အတု အများစုကြီး အကြားတွင် ညပ်နေပြီး ဘာမှ လုပ်ခွင့်မရ။ လုပ်ခွင့်ရအောင်လည်း စွမ်းစွမ်းတမန်မကြိုးစားကြ။

ဘာကြောင့် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားရသည်၊ ယင်းအတွက် မည်သူ့တွင် တာဝန် ရှိသည်၊ ဤမျှကြီးမားလှသော စစ်စားရိပ်များ ကျခံနေခြင်းအားဖြင့် ပြည်သူလူထုအတွက် သုံးရမည့် ဘဏ္ဍာငွေများ မည်မျှအထိ ထိခိုက်နေသည်၊ အောက်ခြေ တပ်မတော်သားများ မလိုအပ်ဘဲ အဘယ်ကြောင့်အသက်ဆုံးရှုံးခံနေကြ ရသည်၊ စစ်ဘေးဒုက္ခသည် ပြည်သူများ ရသင့် သည့် လူမှုရေးအကူအညီများ မရအောင် အစိုးရက အဘယ်ကြောင့် ပိတ်ပင်ထားသည်၊ စသည် တို့အား လွှတ်တော် အနေဖြင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား တရားဝင်မေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းများ မပြုခဲ့။ ကေအိုင်အိုဟာ ခွဲထွက်ဘို့ကြိုးပမ်းနေကြတာမဟုတ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဘို့တောင်းဆိုနေ ပါလျှက် အစိုးရက နိုင်ငံရေးအရဘာကြောင့် လက်ခံ ဆွေးနွေးမပေးသလဲ ဟူ၍ ဦးသိန်းစိန်အစိုးရကို မေးမြန်း ဖိအား ပေးသည့် လွှတ်တော်အမတ်တဦးမျှ မတွေ့ရ။

၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ ရက်နေ့မှစတင်ကာ အစိုးရသည် တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ် များ၊ အမြောက် လက်နက်ကြီးများပါ သုံး၍ တိုက်ခိုက်နေသည်ကို မသိယောင် ပြုထားခဲ့ကြသည်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း ဤမျှကြီးမားလှသော စစ်အင်အားကြီးများနှင့် ရက်ရက်စက်စက်ထိုးစစ်ဆင်တိုက်ခိုက်လျှင် ခုခံစစ်ဆင်နွှဲနေ ရ သော ကချင်လူထုတွင် လူမျိုးရေးမုန်းတည်းမှုများ ပေါ်လာနိုင်သည်ကို သိပါလျှက် လွှတ်တော်သည် တနှစ်ခွဲလုံးလုံး ရေငုံ နုတ်ပိတ် နေခဲ့သည်။

ကချင်ပြည်နယ်တွင် နှစ်ပေါင်း ၆၅ နှစ်ကြာပြည်တွင်းစစ်သမိုင်း၌ အကြီးမား အပြင်းထန်ဆုံး၊ အချိန်တိုအတွင်းငွေ ကုန် ကြေးကျ အများဆုံး စစ်ဆင်ရေးကို အစိုးရက ဘာကြောင့်ဆင်နွှဲရသနည်း။ ပြည်ထောင်စုမှ ခွဲထွက်ဘို့ ကြိုးပမ်း သည့် အတွက်လား။ “ ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့တတွေ ဆက်ပေါင်းခြင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ဗမာ တွေ ညံ့လို့ပေါ့။” ဟု ပြောကာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ၁၀ နှစ်ကြာပြီးလျှင် ခွဲထွက်ခွင့်အခွင့်အရေး ပေးခဲ့ သည်။# ယင်းကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်း ပေးခဲ့သည်။

ယခုနှစ်ပေါင်း ၆၅ နှစ်ကြာခဲ့ပြီ။ တိုင်းရင်းသားများမှာ ရုပ်ဝတ္တုအရ ဆင်းရဲငတ်ပြတ်၊ နိုင်ငံရေးအခွင့်အရေးလည်း ဘာမျှ မရှိဖြစ်နေသည်။ ခွဲထွက်ပိုင်ခွင့်တောင်းဆိုမည် ဆိုလျှင်ပင် အပြစ်တင်ဘို့မရှိ။ ခွဲထွက်ရန် ကြိုးပမ်းစေဦး။ နိုင်ငံရေး အရ ပျော့ပျော့ပြောင်းပြောင်း ဆွေးနွေးပြီး အဖြေရှာကြဘို့သာ ရှိသည်။ စာရေးသူက ခွဲထွက်ရန် အားပေးနေခြင်း မဟုတ်ပါ။ စဉ်းစားပုံ စဉ်းစားနည်းကိုသာ ထောက်ပြခြင်းဖြစ်သည်။ ကေအိုင်အိုက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်သာဦးတည်ကြောင်း အကြိမ်ပေါင်းများ စွာပြောကြားခဲ့ပြီးဖြစ်သည်။ သို့ပါလျှက် ဤမျှကြီးမားပြင်းထန်၊ငွေကြေး အရ သောက်သောက်လဲကုန်၊ အောက်ခြေ ရဲဘော်ထု ထောင် ဂဏန်းနှင့်ချီပြီး ကျဆုံး၊ ဒဏ်ရာရ၊ ဘ၀ နစ်နာပျက်စီးရ လောက်အောင် စစ်ဆင်ရေးကြီး ဆင်နွှဲရ သည့် ဥပဒေ အရ အကြောင်းပြချက်# သည် အဘယ်နည်း။

စစ်မှန်သည့် လွှတ်တော်တရပ်သာဆိုလျှင် ယင်းနှင့်စပ်လျှဉ်း၍ အစိုးရ ကို ထိရောက်သည့် မေးခွန်းများမေးကာ တာဝန် ခံမှုကို ရှာဖွေရမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆) (က) နှင့် ဆန့်ကျင်ကာ ပြည်ထောင်စု ပြိုကွဲအောင် လုပ်နေသလား ဟူ၍ မေးခွန်းများ ပြင်းပြင်းထန်ထန်မေးရမည် ဖြစ်သည်။ ကေအိုင်အိုကို မတရားသဖြင့် စစ်ဆင်ရေးကြီး ဆင်နွှဲသည့်အပေါ် မကြေနပ်သဖြင့် ကျန်အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းကြီးများကပါ မခံမရပ်နိုင်လာကြပြီး ပြန်တိုက်လာကြလျှင် ပြည်ထောင်စုကြီးမှာ အမှန်ပင်ပြိုကွဲသွားနိုင်သည်။ တိုင်းပြည်၏ အမြင့်ဆုံးဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီး ကိုးဦးအား လွယ်လင့်တကူ စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့သော လွှတ်တော်သည် သမတ ဦးသိန်းစိန်အား စွပ်စွဲပြစ်တင်သင့်သည်ဟု မည်သူမျှ မဟရဲ။ ဖွဲ့စည်းပုံ ပုဒ်မ ၂၀၁ အရ တာဝန်အရှိဆုံးဖြစ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံေ၇းကောင်စီကို မည်သူမျှလက်ညှိုး မထိုးရဲ။ အဘယ်ကြောင့်နည်း။ လွှတ်တော်သည် ပညာကို ဘေးဖယ်ကာ အာဏာကို ကိုးကွယ်နေဆဲ ဖြစ်သောကြောင့် ပင်။ လွှတ်တော်တွင် ပြတ်သားသည့်ရပ်တည်ချက်မရှိ၊ ရှင်းလင်းသည့် တွေးခေါ်မှု ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။ 

“ တိုင်းပြည်တည်ငြိမ်ရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ပြည်နယ် စီးပွားရေး လူုမှုရေး အခြေအနေများ တိုးတက်စေရေး နယ်မြေရှင်းလင်းရေး စစ်ဆင် နွှဲနေတာပါ။ ” ဟု ကာချုပ်မင်းအောင်လှိုင် အကြောင်းပြနေသည်ကို မဟုတ်မှန်းသိပါလျှက် ငြိမ်နေခဲ့ကြသည်။ ဒေသငယ်လေး တခုတွင် စွဲထားသော တပ်တချို့အား ရိက္ခာထောက်ပံ့ရေး အတွက်မျှပင် တလကျော် စစ်ပွဲအတွင်း အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ အကုန်ခံ တိုက်ခဲ့ရသည် ဆိုလျှင် စစ်စားရိပ်ကြောင့် လူထုကြီးတရပ်လုံး မည်သည့်အခါတွင်မျှ ဆင်းရဲတွင်းက ရုံးထွက်နိုင်မည် မဟုတ်။ ယင်းကို သိပါ လျှက် လွှတ်တော်သည် တုတ် တုတ်မျှ မလှုပ်ခဲ့။

မိမိရှေ့မှောက်တွင် ပြစ်မှုကျူး လွန်နေကြောင်း တွေ့ရပါလျှက် ၀င်ရောက်တားဆီးကာကွယ်မှု မပြုခြင်းသည် အားပေး ကူညီမှုမြောက်ပါသည်။ ပြည်ထောင်စု ပြိုကွဲရေးကို ဦးတည်သွားနိုင်သည့် လုပ်ရပ်များအား အစိုးရနှင့် စစ်တပ် က ကျူး လွန်နေကြသည်ကို သိပါလျှက် ဘာတခုမျှအရေးယူဆောင်ရွက်ခြင်းမပြုခဲ့သော လွှတ်တော်သည် အားပေးကူညီမှု ကျူး လွန်နေခြင်းဖြစ်သည်။ “တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်တာ ဖြစ် တယ်” ဟူ၍ ထောက်ပြခဲ့သည့် ကိုအောင်ထွန်းဦးကဲ့သို့ ရှင်းလင်းသော အတွေးအခေါ်မျိုး လွှတ်တော်အမတ်များတွင် ရှိနေခဲ့လျှင် ယခုအချိန်ဆို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အတော်ပင် ခရီးပေါက်လောက်ပြီ ဖြစ်သည်။

ကချင်ပြည်နယ် စစ်ပွဲကိစ္စ လွှတ်တော်ဆုံးဖြတ်ချက် ဘာကြောင့်ထွက်လာခဲ့သလဲ။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့အား လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ် သားလူထုများ သေကြေဒဏ်ရာရသောသတင်းမှာ နေ့ချင်းပင်တကမ္ဘာလုံးသို့ပြန့်သွားခဲ့သည်။ နိုင်ငံတကာ၏ တုန့်ပြန် မှုမှာ အံ့သြဘွယ်ကောင်း လေစွ။ ထိုနေ့ တနေ့တည်းမှာပင် ဗြိတိသျှပါလီမန် အတွင်း၌ချက်ခြင်း အစည်းအဝေးခေါ် ခဲ့ကြ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန တာဝန်ရှိသူကို မေးခွန်းတွေ အမျိုးမျိုးမေး၊ အရပ်သားလူထုကို ထိခိုက်စေသည့် အစိုးရ ၏ ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးရပ်ရန်၊ ပြသနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ သို့မဟုတ်ပါက မြန်မာ နိုင်ငံအပေါ်ဆိုင်းငံ့ ထားသည့် ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်နိုင်ကြောင်း စသဖြင့် ဗြိတိသျှပါလီမန်က ဖိအားပေး သည့် ဆုံးဖြတ် ချက်များချခဲ့ကြသည်။ ထိုမှ နောက်တနေ့မှာပင် ဥရောပသမဂ္ဂကလည်း အလားတူသဘောထားများပါ သည့် အပြင် စစ်ဘေးဒုက္ခသည်များ ရသင့်သည့် လူမှုရေး အကူအညီများ အမြန်ဆုံးရအောင်ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း စသည်တို့ကို ပါ ၀င်ရောက်တောင်းဆိုပေးခဲ့သည်။ နိုင်ငံတကာက ပိတ်ဆို့မှုများ ပြန်လုပ်မည်ကို စစ်ခေါင်း ဆောင်များက ကျားထက်ပို၍ကြောက်ပါသည်။

သို့နှင့်ပင် လွန်ခဲ့သည့် တနှစ်ခွဲလုံးလုံး နှုတ်ပိတ်နေခဲ့သည့် လွှတ်တော်သာမက အစိုးရ ပါ ကမူးရှူးထိုး အလုပ်တွေ လုပ်ပြလာရတော့သည်။ ဇန်န၀ါရီလ (၁၅) ရက် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက် ထွက်လာပြီးနောက် ဦးသိန်းစိန် အစိုးရသည် ၁၆ နှင့် ၁၇ ရက်နေ့များတွင် စစ်တပ်နှင့်ညှိကာ “ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ ရပ်ဆိုင်းမည့် ကြေငြာ ချက်” ထွက်လာစေရန် ကတိုက်ကရိုက် နှင့် နှစ်ရက်တာမျှ အလုပ်လုပ်လိုက်ပုံရ သည်။ တချိန်တည်းမှာပင် လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား လက်တို့ ထား မည့် သဘောရှိသည်။

ဗြိတိသျှပါလီမန်အတွင်း ဇန်န၀ါရီလ ၁၄ ၇က်နေ့ဆွေးနွေးမေးမြန်း ခဲ့ကြသည်ကို စာရေးသူ အသေအချာ လေ့လာဖြစ် သည်။ ဘက်စုံ ရှုဒေါင့်စုံမှ အကြိတ်အနယ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းနှင့် ဆန့်ကျင်စွာ မြန်မာနိုင်ငံ လွှတ်တော် ကို ကြည့်ပါ။ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် အမတ်တဦး အဆိုတင်ပြီးသည်နှင့် အခြားမည်သည့် လွှတ်တော်အမတ်က မျှ ဟုတ္တိပတ္တိ မဆွေးနွေးခဲ့ကြ။ ချက်ခြင်းလိုလိုမှာပင် “ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေး နွေးပွဲများ အမြန်ဆုံးစတင်ကြရန်” သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်း ကြောင်း လွှတ်တော် ဆုံးဖြတ်ချက် ထွက်လာခဲ့ သည်။ ဆုံးဖြတ်ချက် ထွက်လာပြီး သုံးလေးနာရီ အကြာ တနေ့တည်း မှာပင် အစိုးရအဖွဲ့၏ကြေငြာချက် ထွက်ခဲ့သည်။ လွှတ်တော် ၏ တိုက်တွန်းချက်အ၇သာ ဆောင်ရွက်ရသည်မှန်လျှင် မည်မျှ အားကောင်းထက်မြက်သည့် အစိုးရဖြစ်စေ သုံးလေး နာရီခန့်မျှအတွင်းတွင် ကြေငြာချက် ထွက်အောင်လုပ်နိုင် မည် မဟုတ်ပါ။ အစိုးရအဖွဲ့အတွင်းညှိနိုင်းတိုင်ပင်ရမည်များ ရှိသည့် အပြင် ရေးပြီးသားစာကို အစအဆုံး အထပ်ထပ် စစ်ဆေးရမည် ဖြစ်သောကြောင့်ပင်။ အစိုးရနှင့် လွှတ်တော်အကြား ဇာတ်တိုက်ထားပြီး ကပြနေကြသည်မှာ ထင်ရှား သည်။

လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ ကချင်ပြည်နယ်လူထုရဲ့ ရေရှည် အကျိုးစီးပွားအတွက် ဟုတ်ရဲ့လား။

သန်မာထွားကြိုင်းပြီး မိုက်ရိုင်းရမ်းကား လိုသော ညီအစ်ကို လူကြီးနှစ်ယောက် လျှောက်သွားကြရင်း လမ်းပေါ်တွင်  ၁၃ နှစ် အရွယ်ခန့် ကလေးတဦးနှင့် တွေ့သည်။ ညီငယ်လူကြီးက ရန်စထိုးကြိတ်သဖြင့် ကလေးကလည်း ပြန်လည်ခုခံ ရှောင်တိမ်းလျှက်ရှိသည်။ တချီတချီလည်း ပြန်ထိုးခွင့်ရသည်။ ပွဲမှာ ကြည့်မကောင်း။ တဖက်စောင်းနင်း အနိုင်ကျင့် စော်ကားနေမှန်း သိသာသော်လည်း အကိုလုပ်သူသည် ၀င်ရောက်ဖြန်ဖြေတားဆီးခြင်း မရှိ။ ခပ်ပြုံးပြုံး နှင့် ရပ်ကြည့်နေ သည်။ လမ်းသွားလမ်းလာ လူကြီးတဦးက အမြင်မတော်သဖြင့် အနီးရှိတွေ့ရာတုတ်တချောင်း ကို ကောက်ကိုင်ပြီး ညီ ဖြစ်သူအား ၀င်ရိုက်တော့မည် ရှိသောအခါတွင်မှ အကိုက “ ဟေ့ မင်းတို့ နှစ်ကောင် လုံး ရပ်ကြတော့။ ရန်ဖြစ်တာ၊ အကြမ်းဘက်တာ မကောင်းဘူးဆိုတာ မင်းတို့နားမလည်ဘူးလား။” ဟု အသံကုန် အော်လိုက်သည်။

ဤဥပမာတွင် ဦးသိန်းစိန်အစိုးရနှင့် စစ်တပ်သည် ညီ ဖြစ်သည်။ လွှတ်တော်သည် အကို ဖြစ်သည်။ လွှတ်တော် ၏ တိုက်တွန်းဆုံးဖြတ်ချက် ဟူသည်ကို အသေအချာလေ့လာပါ။ “ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်း ရေးဆွေး နွေးပွဲများ အမြန်ဆုံးစတင်ကြရန်” ဟူ၍သာ ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်းရပ်ဘို့က အရင်လာ သည်။ လွှတ်တော်သည် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ရသည့်အကြောင်းရင်းအားဖေါ် ထုတ်၊ အဖြေရှာရမည့် အလုပ်ကို လွန်ခဲ့သော တနှစ်ခွဲက မလုပ်ခဲ့။ ယခုလည်း လုပ်မည့်ပုံ မပေါ်သေး။ ပစ်ခတ်တိုက် ခိုက်မှု များ ချက်ခြင်းရပ်ဘို့ကိုသာ တိုက်တွန်းသည်။ ဆိုလိုသည်မှာ နှစ်ဘက်လုံးကို ပြောနေခြင်းဖြစ်သည်။ မည်သည့်နည်း နှင့် ဖြစ်စေ အပစ်အခတ်ရပ် သွားလျှင် အေးတာဘဲ ဟု စဉ်းစားကြ သော ရိုးရိုးလူထုများမှာလည်း ၀မ်းသာကြသည်။ သို့ရာတွင် လွဲနေပါပြီ။ ပြည်တွင်းစစ် ဖြစ်ရသည့် အရင်းခံ အကြောင်း ကို မရှင်းနိုင်သမျှ အခုအပစ်ရပ်သည်ဟုပြော မကြာခင်ပြန်ပစ်ကြပါ ဦး မည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံက်ခြောက်နာရီ တွင် အပစ်ရပ်မည်ဟု အစိုးရက အတိအလင်း ကြေငြာထားပါလျှက် စစ်တပ်က မရပ်ဘဲ ဆက်တိုက်နေသည်ကို ကြည့် ပါ။

စစ်တပ်၏ မရပ်စဲသော စစ်ဆင်ရေးများကို ကြည့်ပြီး ဦးသိန်းစိန် အစိုးရ၏ ထုတ်ပြန်ချက်ကို ပြန်လည် လေ့လာ ရာ ထုတ်ပြန်ချက်မှာ နှစ်ဖက်သွားရှိနေကြောင်းတွေ့ရသည်။ တဘက်တွင် ကေအိုင်အေတပ်များ ပစ်ခတ်တိုက်ခိုက်မှု လုံးဝ မလုပ်ရ ဟု ထိန်းချုပ်လိုက်သည်။ အခြားတဘက်တွင် သမတ၏ ညွှန်ကြားချက်အောက်၌ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ရှိသည်ဟု အကြောင်းပြကာ မည်သည့်အချိန်တွင်မဆို စစ်တပ်အလိုကျ တိုက်ပွဲပြန်စနိုင်သည်။ အစိုးရတပ်၏ ခုခံကာ ကွယ်ခြင်းဟူသည်မှာ စစ်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ ၁၂၀ မီလီမီတာ အမြှောက်ကြီးများကို ပါသုံးကာ စစ်ဆင် ရေးဆင်နွှဲခြင်း ဖြစ်ကြောင်းပြီးခဲ့သည့် စစ်ပွဲများက သက်သေပြနေသည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရနှင့် ၄င်း၏ စစ်တပ် က ဖေါ်ဆောင်သော အပစ်အခတ်ရပ်စဲရေးမှာ မည်သည့်အာမခံချက်မျှ မရှိနိုင်။ တကယ်တန်းစနစ်တကျ အပစ်အခတ် ရပ်စဲရေးလုပ်လိုပါလျှင် ကုလသမဂ္ဂ သို့မဟုတ် အခြားနိုင်ငံတခု နှစ်ခု၏ ကြားဝင်ရပ်တည်ကြီးကြပ်ပေးမှု လိုမည် ဖြစ် ကြောင်း ထင်ရှားလာသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသော လွှတ်တော် အမတ်များ ဘယ်လိုရပ်တည်သွားမလဲ။

အတုအယောင်လွှတ်တော်ပင် ဖြစ်စေဦး။ ပြည်တွင်းစစ်ကို အမှန်တကယ်ရပ်စဲပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးရခြင်သည့် အမတ်များလည်း လွှတ်တော်အတွင်းတွင် ရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်များစဉ်းစားသင့်ပါပြီ။ အပစ်အခတ်ရပ်စဲရေးကို ချက် ခြင်း လက်မှတ်ထိုးရန် ကေအိုင်အိုကို စစ်ရေးအရ တဘက်က ခြိမ်းခြောက်ဖိအားပေး၊ အခြားတဘက်ကမူ ဦးတည်ချက် မဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဟူသည်များနှင့် အချိန်ဆွဲထား၊ တစတစ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ဆွဲသွင်းသွား မည်မှာ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေး မဟာဗျူဟာ ဖြစ်သည်။ ကေအိုင်အိုက လက်မခံလျှင် အပြတ်ချေမှုန်းမည့် နည်း နာ ကို ကျင့်သုံးနေသည်။ ဤနည်းဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး မည်သည့်အခါတွင်မျှ မတည်ဆောက်နိုင်ပါ။

ယခုပြသနာမှာ ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာရောက်မတက်၍ မဟုတ်ပါ။ လွှတ်တော်က အကြံပေးနေ သည့် အွန်လိုင်းဆွေးနွေးပွဲဟူသည်တွင်လည်း ကေအိုင်အိုက မီဒီယာမှ တဆင့် ပါဝင်နေပြီးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်း ပုံ ဘောင် အတွင်းမ၀င်ရောက်၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ဟူသည်ကို ကေအိုင်အို ခေါင်းဆောင် များက ရေဒီယို အင်တာဗျူးများမှနေ၍ နိုင်ငံရေးအရ တင်ပြခဲ့ပြီးကြပြီ။ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ပါ လျှက် ကေအိုင်အို က မလာဟု တဘက်သတ် အပြစ်ဖို့ပြီး စစ်ရေးအရ ထိုးစစ်ဆင်နေမှုများသည် အကြောင်းပြချက် ရှာခြင်း သာ ဖြစ်သည်။ လွှတ်တော်နှင့် အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု ကို တကယ်တန်း တည်ဆောက်ရန် သဘောထား မရှိပါက ကေအိုင်အိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲဟူသည်များကို လာတက်သော်လည်း အစိုးရကိုယ်စားလှယ် ဦးအောင် မင်းက ဤကိစ္စကို ၄င်းတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ၊ အထက်ကို ပြန်ပြီးတင်ပြပါဦးမည်ဟု ပြောမည်၊ လောလောဆယ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပါဟု ဖိအားပေးမည်၊ ပြီးလျှင် ပြန်သွားကြမည်၊ ဤမျှသာဖြစ်သည်။

ကေအိုင်အို မှာ နိုင်ငံရေးဆွေးနွေးမှုနှင့် စပ်လျှဉ်း၍ခါးသီးသည့် အတွေ့အကြုံရှိခဲ့ပြီ။ နိုင်ငံရေး ဆွေးနွေးခြင်လျှင် အမျိုး သားညီလာခံ တက်ပါ ဟု ပြောပြီး စစ်အစိုးရက မည်သည့်အပစ်ရပ်အဖွဲ့နှင့် မျှ နိုင်ငံရေးဆွေးနွေးမှု မပြုခဲ့။ ကေအိုင်အို  ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည့် ကာလအတွင်း လက်ရှိသမတ ဦးသိန်းစိန် ကိုယ်တိုင် ဥက္ကဌ လုပ်ခဲ့သော အမျိုးသား ညီ လာခံသို့ နှစ်အတော်ကြာတက်ခဲ့ပြီးပြီ။ ယင်းတွင် တဖွဲ့ချင်းဆွေးနွေးတင်ပြခဲ့ပြီးပြီ။ ထိုမျှမက အပစ်ရပ် အခြားအဖွဲ့များ နှင့် ပေါင်းကာ (၁၃) ဖွဲ့စုပေါင်း၍လည်းတင်ပြခဲ့ပြီးပြီ။ ပယ်ချခံခဲ့ရပြီးပြီ။ စစ်အစိုး၇က ၂၀၀၈ အခြေခံဥပဒေကို အဓမ္မ မွေးထုတ်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေ တွင် တိုင်းရင်းသားများ လိုလားတောင်းဆိုသော အချက်များ မပါရှိကြောင်း ကေအိုင်အိုက ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့၌ ထုတ်ပြန် ကြေငြာခဲ့သည်။

ထို့နောက်တွင်၂၀၀၈ ဖွဲ့စည်းပုံဘောင်ကို ကန့် သတ်မထားဘဲဆွေးနွေးကြရန် ကေအိုင်အိုကတောင်းဆိုခဲ့သော်လည်း အစိုးရဘက်က မလိုက်လျောခဲ့။ အပစ်ရပ်၊ လက် နက်ကိုလမ်းစဉ်ကို စွန့်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် နိုင်ငံရေးပါတီ ထောင်၊ ရွေးကောက်ပွဲဝင် ဟူသည့် လမ်းကြောင်းကိုသာ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟူသည်များ အောက်တွင် ဖိအားပေးခဲ့သည်။ လွှတ်တော်နှင့် ဦးသိန်းစိန်အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည်ဟူသည့် မူဝါဒ နှင့် လုပ်ငန်းစဉ်မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ဆွဲသွင်းရေးသာ လုပ်ဆောင်နေမည်ဆိုလျှင် ရှေ့ဆက် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲဟူသည်များမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သို့မျှ အဓိပ္ပါယ်ရှိလာမည်မဟုတ်။ 

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ခဲ့စဉ်ကာလအတွင်း အလားတူအတွေ့အကြုံမျိုးရှိခဲ့သည်။ ၁၉၈၀ ခုနှစ် တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် သမတဦးနေ၀င်းထံ ကမ်းလှမ်း ခဲ့ဘူး သည်။ လက်ခံသဖြင့် ဆွေးနွေးကြသောအခါ ဗကပ က အခြားအချက်များအပြင် လူထုအား ဒီမိုကရေစီ အပြည့်အ၀ ပေးရန်၊ ပါတီစုံစနစ်ကျင့်သုံးရန်တို့ကို တင်ပြခဲ့သည်။ မဆလ အစိုးရဘက်က လက်မခံခဲ့။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထု ၉၀.၁၉ ရာခိုင်နှုန်း ကနေ တခဲနက် အတည်ပြုထားကြောင်းနှင့် ၄င်း၏ ဥပဒေ ဘောင်အတွင်းတွင်သာ ၀င်ရောက်လှုပ်ရှားရန် ပြန်ကြားပြီး ဦးနေ၀င်းက ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံမှာ ဆိုရှယ်လစ် အယောင်ပြထားသော တပါတီ အာဏာရှင်စနစ်ကို အသက်သွင်းခဲ့သည်။

အလားတူပင် ၁၉၈၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သမတ အိမ်တော်၌ မဆလ အစိုးရ နှင့် ကေ အိုင်အို တို့ဆွေးနွေးခဲ့ကြသည်။ ကေအိုင်အိုက အခြားအချက်များအပြင် အဓိကအားဖြင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ် ရေး (သို့) ကိုယ်ပိုင် စီမံခန့်ခွဲရေး အာဏာရှိသော ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ မဆလ အစိုးရက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ရည်ညွှန်းပြီး ပယ်ချခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားပြီးနောက် မဆလစစ်အစိုး၇က ခံတပ်သဖွယ် အခိုင်အမာ အားပြု ကိုင်စွဲခဲ့သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုကြီးကဆုတ်ဖြဲကာ သမိုင်းအမှိုက်ခြင်းထဲသို့ ထည့်လိုက်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်တောင်းဆိုခဲ့စဉ်က ခါးခါးသီးသီးငြင်းခဲ့သော ပါတီစုံ ဒီမိုကရေစီကို ရှစ်လေးလုံးအရေး တော်ပုံအားကြောက်ရွံ့သဖြင့် ယခုစစ်ခေါင်းဆောင်ဟောင်း သစ်များက လက်မခံနိုင်ဟု မပြောရဲတော့။ ပြောင်းပြန်ပင် ဒီမိုကရေစီကို ၄င်းတို့ကဘဲ သဘောကောင်းလို့ ဖေါ်ဆောင်ပေးသလိုလို အသံကောင်းဟစ်လာသည်။ သမိုင်းလိမ်ကို ဖန်တည်းလာသည်။၂၀၀၈ ဖွဲ့စည်းပုံ နှင့် အညီ ဒီမိုကရေစီကို ဖေါ်ဆောင်နေပါသည် ဟု တကမ္ဘာလုံးကြားအောင် ကြွေးကြော်လျှက်ရှိသည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ အယောင်ပြထားသော်လည်း စစ်အာဏာရှင် စနစ်ကို အသက်သွင်းထားခြင်း ဖြစ်သည်။

၁၉၈၀ ခုနှစ်တွင် ကေအိုင်အိုက တောင်းဆိုခဲ့သည့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ် ရေး (သို့) ကိုယ်ပိုင် စီမံခန့်ခွဲရေး အာဏာရှိသော ပြည်နယ် သတ်မှတ်ပေးရန်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ ရပါမည်။ ယခုအချိန်တွင် ကေအိုင်အိုခေါင်းဆောင်များကလည်း ဖက်ဒရယ်ပြည်ထောင်စု ကို တောင်းဆိုနေကြပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည်မှာ ဒီမိုကရေစီကို အခြေခံ၊ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲ ခွင့်  တို့ကိုလည်း အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံသာ ဖြစ်ပါမည်။ ယင်းဖွဲ့စည်းပုံမျိုးဖြစ်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင် ဆင်သွားရန် မဖြစ်နိုင်ပါ။ စစ်အာဏာရှင်ဟောင်း သစ်များက ပြင်ဆင်ခွင့်ပြုမည် မဟုတ်ပါ။

၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ရန် မဖြစ်နိုင်လောက်အောင်ကို ခက်နေသဖြင့် ပြင်ဘို့ကြိုးစားမည့်အစား အသစ်ပြန်လည်ရေး ဆွဲ၇န်၊ လွန်ခဲ့သည့် ရက်ပိုင်းကမှ ရန်ကုန်မြို့တွင် ရှေ့နေများကွန်ယက်မှ ရှေ့နေကြီးများက စတင် ထုတ်ဖေါ်လာကြ သည်။ ဖွဲ့စည်းပုံရေးဆွဲသည့် အတွေ့အကြုံရှိနေကြပြီ ဖြစ်သဖြင့် နှစ် နှစ်အတွင်း ပြီးအောင်ရေးဆွဲနိုင်မည် ဖြစ်ကြောင်း ၄င်းတို့က ရှင်းပြသွားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလက်မခံနိုင်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးများက ပြောနေကြသည့်အချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း မ၀င်ရောက်နိုင်ဟု ကေအိုင်အိုက ခုခံစစ်ပွဲများဆင်နွှဲ၍ သက် သေထူနေသည့်အချိန်တွင် ရှေ့နေများကွန်ယက်က ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် အဆိုတင်လိုက်ခြင်းသည် စစ်အာဏာ ရှင်စနစ်ကို ဖေါ်ဆောင်၊ ပံ့ပိုး၊ ၀န်းရံနေကြသူများအတွက် မိုးကြိုးပစ်လိုက်ခြင်း ဖြစ်ပါမည်။ စာရေးသူအနေဖြင့် မူ ရှေ့နေများ ကွန်ယက်၏ အဆိုပြုချက်ကို ရာခိုင်နှုန်းပြည့်ကြိုဆိုသည်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုခံကာကွယ်၊ ယင်းနှင့်အတူ အကျိုးစီးပွားခံစားခဲ့ကြသူများသည် သမိုင်းမဲကြီး အဖြစ် မှတ်တမ်းတင်ခံသွားခဲ့ကြပြီးပါပြီ။ လူထုကြီးတရပ်လုံး၏ အဆုံးအဖြတ်ကို မရှုမလှ ခံယူသွားခဲ့ကြရသည်။ ၁၉၇၄ ဖွဲ့စည်းပုံအောက်တွင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများသည် ယနေ့ ခေါင်းမဖေါ်နိုင်ကြတော့။

လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဟု မိမိကိုယ်ကို ယုံကြည်သူ လွှတ်တော်အမတ်ဟူသော ပုဂ္ဂိုလ် များ၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပါမည်ဟု ကတိပေးကာ လူထုဆန္ဒမဲရယူခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့် အခြေခံကြောရိုးကြီး တခုတလေကိုမျှ ပြင်ရန် အသံမထွက်သေးသည့် ပုဂ္ဂိုလ်များ သည် ယနေ့ မည်သို့စဉ်း စား ကြမည်နည်း။ ရှေ့နေများ ကွန်ယက်၏ ထောက်ပြချက်ကို လက်ခံ၊ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ် ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်လာရေးကို လက်တွဲ ကြိုးပမ်းကာ ပြည်ထောင်စုကို တည်ဆောက်သွားမည် လား။ သို့မဟုတ် မပြင်နိုင်သည့် အခြေအနေရှိမှန်းသိပါလျှက် လွှတ်တော်အရိပ်အောက်မှာပင် ဆက်လက်မွေ့လျော်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အတူ သမိုင်း အမှိုက်ခြင်းထဲ အရောက်ခံမည်လား။ စဉ်းစား ဆုံးဖြတ်ကြရမည့်အရေးကြီး သော အချိန်သို့ရောက်ပါပြီ။

အောင်ထူး (ရှေ့နေ)                          ဇန်န၀ါရီလ (၂၁) ရက် ၂၀၁၃ ခုနှစ်




ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat)သင်တန်းကိုY.I.E(ရန်ကုန်စီးပွားရေး)တက္ကသိုလ်တွင်ဆက်လက်တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦးနှင့်သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံစကားပြောခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီး
အဝေးသင်တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေးဝန်ကြီးဌာန နှင့်အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အားပေးခဲ့ပါသည်။

အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သောအခါ အကြောင်းပြချက်ကို ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြားစာကိုသာ လက်ခံရရှိပါကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊

ထိုသို့တက်ရောက်ခွင့်ပြုသော်လည်း ကျောင်းပြန်လည်အပ်နှံသည့် အခါ မိဘများ ကိုယ်တိုင်လိုက်ပါ အပ်နှံပြီး ခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန် အဝေးသင်တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေး လိုပါကြောင်းပြောကြား ခဲ့ပါသည်။

ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျောင်းသားလှုပ်ရှားမှုဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင် တန်းကိုသာ ဆက်လက်တက်ရောက် နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝမရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များ သင်ရိုးများ လုံးဝမတူညီ
သည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကိုလုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ် ဟု ငြင်းပယ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟုကြွေးကြော်၍ ပြည်ပသို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ပြန်လည်ဖိတ်ခေါ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ပြုလုပ်နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင်
သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအားငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။

ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍အကျဉ်းထောင်အတွင်းမှလွတ်မြောက်လာသောယုံကြည်ချက်ဖြင့်အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် သင်ကြားနေဆဲဘာသာရပ် အတန်းများတွင်ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မ အပါအဝင်အာဏာပိုင်အဖွဲ့အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်
လေ့လာနေသူများအားလုံး ထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။

စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep


“တစ်.. နေရာယူ၊
 နှစ်.. အဆင်သင့်၊
သုံး.. မောင်းချိန်၊
လေး.. ကျည်ဆံထည့်၊
ငါး.. ဝပ်၊
ခြောက်.. ပစ်နိုင်ပြီ၊ ပစ်… ”

ကျောင်းဝတ်စုံဟု မှတ်ခေါ်ရန် မသေချာတော့သည့် အင်္ကျီတချို့ ဝတ်ဆင်ထားသော စာသင်ခန်းဝင်အရွယ် ကလေးငယ်တချို့၏ အသံများကို ကြားလိုက်ရသည်။ သူတို့တွေ စစ် တိုက်တမ်းဆော့ ကစားနေကြခြင်း ဖြစ်သည်။ နေရာဌာနက အသစ်စက်စက် တူးထားသော ဗုံးခိုကျင်းများထဲတွင်ဖြစ်သည်။ ဗုံးခိုကျင်းက သူတို့အတွက် ခိုအောင်းရာ၊ ဗုံးခိုကျင်းက သူတို့အတွက် လုံခြုံရာဟု သဘောထားကာ နေရာအသီးသီးယူ ပြီး တိုက်ပွဲ တစ်ခုအသွင် ဆော့ကစား နေကြခြင်းဖြစ်သည်။ “ဒီကလေး တွေ ရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို  သာ ပြုပြင်လို့ရကောင်းရမယ်။ သူတို့ရဲ့ စိတ်တွေကိုတော့ လွယ်လွယ်နဲ့ ပြင် လို့ရမှာမဟုတ်တော့ ဘူး။ သူတို့သွေးထဲမှာ စစ် ဆိုတာကြီးက ရှိနေပြီ။ ပြီးတော့ သေ နတ်သံတွေ၊ အမြောက်သံ တွေနဲ့ ယဉ်ပါးနေကြပြီ။ ဒါဟာ သူတို့ အနာဂတ်အတွက် ရင်လေးစရာတစ် ခုပဲ” ဟု ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင်သွားရောက်ခဲ့သော လူမှု ကူညီရေး အရပ်ဘက်အဖွဲ့အစည်းဝင် တစ်ဦးက ဆိုသည်။ စစ်ဘေးဒုက္ခ သည်များနေထိုင်ရာ ဒုက္ခသည်စခန်း များ၏ ရှေ့တိုင်းလိုလိုတွင် ဗုံးခိုကျင်း များ အသီးသီးနေရာယူထားကြသည်။ တူးထားသည်မှာ မကြာသေးဟု တူး လက်စဗုံးခိုကျင်းများကိုကြည့်၍ သိနိုင်သည်။ ကချင်ပြည်နယ်အတွင်း စစ်ရှိန် တဖြည်းဖြည်းမြင့်လာ၍ ဒုက္ခသည်များက မိမိတို့၏ အသက် အန္တရာယ် လုံခြုံရေး အတွက် အားကိုးတကြီး တူးဆွ ထားခြင်းဖြစ်သည်။

မိမိတို့ တစ်ခါမှမမြင်ခဲ့ဖူးသော လူစိမ်းများရောက်ရှိလာသဖြင့် ခိုနားရာ တဲအိမ်များထဲမှ စစ်ဘေးဒုက္ခသည် တို့အသီးသီးထွက်ကြည့်ကြသည်။ ယင်းတို့၏ မျက်လုံးများထဲတွင် ထိတ် လန့်မှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများ အထင်းသားပါဝင်နေကြောင်း မျက် မြင်ခံစားလိုက်ရသည်။ ကူညီဖေးမရန် စာနာမှုနှင့်အတူ လာရောက်ကြောင်း အချိန်ယူ ရှင်းပြလိုက်ကြသည်။ သူတို့ အတော်အတန် သဘောပေါက်သွား ကြသည်။ “နင်တို့မပြန်ကြပါနဲ့။ နင် တို့နေသမျှ ငါတို့အတိုက်မခံရဘူး” ဟု စစ်ဘေးဒုက္ခသည်တစ်ဦးဆီက ဆန္ဒပြု အသံထွက်ပေါ်လာသည်။ “ဘာလို့ လဲ၊ ဘာကြောင့် ဒီလိုခံစားနေရတာလဲ၊ ရှင်းပြပါဦး”ဟု စစ်ဘေးဒုက္ခသည် များကို ကူညီမှု၊ အားပေးမှုများ ပြုလုပ်ရန် ရောက်ရှိလာသော လူမှုကူညီရေး အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက မေးမြန်းလိုက်သည်။ “နင်တို့မြို့ ပေါ်မှာ အဆန်းမဟုတ်ပေမယ့် ငါတို့ တွေဆီမှာတော့ မိုးချုပ်တာနဲ့ တံခါး ပိတ်ပြီး ပုန်းနေရတယ်။ မနက်မိုး လင်းရင်လည်း ကိုယ့်အထုပ်ကလေး ကိုယ်ပိုက်ပြီး ပြေးဖို့ပြင်နေရတယ်။ အခု နင်တို့လိုဧည့်သည်တွေ ရှိလို့ ဒီလို အေးအေးနေရတာ” ဟု ကချင်ဒေသ ခံဒုက္ခသည်တစ်ဦးက ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ တစ်သောင်းကျော်မှာ ဒုက္ခသည်များ အဖြစ် စုဝေးနေထိုင်နေရခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားခဲ့သော ကချင်ပြည်နယ် တွင်  ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ စတင်ကာ တိုက် ပွဲများဖြစ်ပွားခဲ့သည်။ စစ်၏အရှိန်သည် တဖြည်းဖြည်းမြင့်တက် လာခဲ့သည်။ စစ်ပွဲများဖြစ်ပွားနေစဉ် တစ်ပြိုင်နက် တည်းမှာပင် တွေ့ဆုံဆွေးနွေးညှိနှိုင်း မှုများလည့်း ပြုလုပ်ခဲ့ကြသည်။ တွေ့ ဆုံဆွေးနွေးမှုများ၏ ရလဒ်အဖြစ် တိုက်ပွဲကြီး၊ ငယ်များစွာပိုတိုးလာသည် ဟု လေ့လာသူတချို့က သုံးသပ်ကြ သည်။ တိုက်ပွဲတိုးလာသည်နှင့်အမျှ ဒုက္ခသည်များလည်း တိုးလာခဲ့သည်။ ထို့ပြင် ယင်းဒုက္ခသည်တို့၏ စိတ် ဒဏ်ရာလည်း လျော့နည်းမည်မဟုတ်။ “ဒုက္ခသည်စခန်းက ကချင်မလေးတစ် ယောက်ကို ဦးတို့နဲ့ လိုက်မလား မေးတော့၊ နင်တို့ကို ငါကြောက်တယ်လို့ ပြောတယ်။ နင်တို့ ဆိုတဲ့စကားက ဗမာတွေကို  ရည်ညွှန်းတာပါ။ သေချာတာက သူတို့ကြုံတွေ့ခဲ့ရတဲ့ ဗမာတွေဟာ ဒီမှာ အခုစုဝေးရောက်ရှိနေကြတဲ့ ဗမာတွေ မဟုတ်ကြပါဘူး” ဟု မအူပင် ပျိုးခင်းသစ် လူမှုကူညီရေး အဖွဲ့မှ ကိုထိုက်ထိုက်က သူ၏အတွေ့အကြုံကို အခမ်းအနားတစ်ခုတွင် ပြန်ပြော ပြသည်။

“တိုက်ပွဲတွေ ရပ်ဆိုင်းတော့မယ်လို့ကြားမိတယ်။ အပြင်က လက်တွေ့တိုက်ပွဲတွေ ရပ်ဆိုင်းတာက တကယ် တော့ သိပ်မခက်လှပါဘူး။ စိတ်ထဲမှာ စွဲမြဲနေတဲ့ တိုက်ပွဲအနိဋ္ဌာ ရုံတွေကို ပယ်ဖျက်ဖို့က ပိုအရေးကြီး ပါတယ်” ဟု ငြိမ်းချမ်းရေးအတွက် လေ့လာနေသူတစ်ဦးက သုံးသပ်သည်။

“စစ်ပွဲတွေကြားမှာ လူလား မြောက်လာတဲ့ ကလေးတွေရဲ့ အမုန်း တရားပြဿနာတွေ၊ နှစ်ဖက်တပ်တွေ မြှုပ် ထားတဲ့ မြေမြှုပ်မိုင်း အန္တရာယ် တွေကို ဘယ်လို ရှင်းလင်းကြမလဲ” ဟု လူမှုကူညီရေး အဖွဲ့ဝင် ကိုထိုက်ထိုက် က ဝေဖန်သုံးသပ်သည်။<



တရားသော စစ်မရှိနိုင်၊ နောက်ကြောင်း ပြန်ဖော်ရန် မသင့်၊ အထက်အောက် တစ်ပြေးညီ ဖြစ်သင့်

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ် သက်သည့် သတင်းထုတ်ပြန်ချက် တစ်စောင် ကို နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက်(၃/၂ဝ၁၃)ကို ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ သတင်းထုတ် ပြန်ချက် တွင် အချက်ပေါင်း ၈ ချက် ပါဝင်ခဲ့သည်။ ယင်းသတင်းထုတ်ပြန် ချက်ပါ အချက်များနှင့်စပ်လျဉ်းပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို တက်ကြွစွာ ပါဝင်လှုပ်ရှားကြသူ တချို့နှင့် မြန်မာအင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း ခဲ့သည်။ ထိုသို့ မေးမြန်းရာ၌ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဖော်လားကမ်ဖန်က “သတင်းထုတ်ပြန်ချက် အချက်  ၄ မှာပါတဲ့ လဂျားယန်ဒေသမှာ စစ်ဆင်ရေးရပ် ဆိုင်းမယ်ဆိုတဲ့အမိန့်ကို ကချင်ပြည်နယ် တစ်ခုလုံးကို သက်ရောက်စေချင်တယ်။ ကေအိုင်အေနဲ့ ကချင်လူထု က တောင်းဆိုနေတာက လက်ရှိကချင် ပြည်နယ်မှာရှိတဲ့ တပ်မတော်တပ် ဖွဲ့တွေကိုသာမက အောက်ပြည် အောက်ရွာကနေ ထိုးစစ်အနေနဲ့ တက်လာတဲ့ တပ်မတွေ၊ စစ်ကြောင်းတွေကို ဆုတ်ပေးဖို့ တောင်းဆိုတာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ဒါတွေဟာ အမှန်တကယ် ဆုတ်သင့်ပါတယ်။ တပ်မလည်း ထိုးထားတယ်။ ငြိမ်းချမ်းရေးလည်း ဆွေးနွေးဦးမယ် ဆိုရင် ဘယ်သူမှ အယုံအကြည် မရှိနိုင်ဘူး။ အစိုးရဘက်တပ်တွေကို ဆုတ်ပေးလိုက်မယ် ဆိုရင် ယုံကြည်မှု ပိုတည်ဆောက် နိုင်မှာပါ။ လဂျားယန် တစ်ခုတည်း ကွက်ပြောလို့တော့ အားရစရာ မရှိပါဘူး။

“နောက်တစ်ခုက အချက် ၅ မှာပါတဲ့ မိမိကိုယ်ကို ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် ဆိုတဲ့ အချက်ကလည်း လဂျားယန်ဖြစ် ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် တပ်ထိုးထားရင် ရိက္ခာပို့ရတယ်။ အဲဒီလို ပို့တဲ့နေရာ မှာ ကေအိုင်အေကို ဖြတ်ရတယ်။ သူတို့နေရာကိုဖြတ်တော့ သူတို့က ကာကွယ်တဲ့ အနေနဲ့ ပစ်မှာပဲ။ ရိက္ခာ မပို့နိုင်အောင် လုပ်မှာပဲ။  အဲဒီတော့ တပ်မထိုးထားရင် ရိက္ခာလည်း ပို့စရာ မလိုတော့ဘူး။ စစ်လည်းဖြစ်မှာ မဟုတ်တော့ဘူး။ စစ်ဖြစ်ပြီဆိုမှတော့ လည်း ဘယ်သူမှ မတရားတော့ဘူးပေါ့။ အဲဒီတော့ တပ်တွေ ထိုးထားသရွေ့ ကိုယ့်ကိုယ်ကို ခုခံနေရဦးမှာပဲ။ ဒါ ကြောင့် သိသာထင်ရှားအောင် တပ်တွေဆုတ်ခွာသင့်တယ်။ ဒါဆိုရင် ဆွေးနွေးတဲ့ စားပွဲဝိုင်းကို ရောက်လာမှာပါ” ဟု သုံးသပ်ပြောကြားသည်။



IMG_0413ဆက်လက်ပြီး ယင်းက “ဒီနေ့ သတင်းစာမှာဖော်ပြသလို ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လကုန်ခါနီးလောက်ကလည်း ကေအိုင်အေနဲ့ ကချင်ပြည်နယ်အစိုးရ၊ နယ်စပ်လုံခြုံရေးအဖွဲ့တွေ ပထမဦးဆုံး ညှိနှိုင်းပွဲ လဂျားယန်မှာ လုပ်တယ်။ အဲဒီတုန်းက လက်မှတ်ထိုးဖို့အဆင့်ထိ လုပ်ခဲ့တယ်။ ဒါပေမယ့် ညှိနှိုင်းပွဲမ တိုင်ခင် ၁ ရက် ၂ ရက်ကြိုလောက် က နိုင်ငံတော်ပြန်ကြားရေးက သတင်း စာရှင်းလင်းပွဲလုပ်တယ်။ အဲဒီမှာ အခုသတင်းစာမှာ ဖော်ပြသလိုမျိုး ပျက် စီးဆုံးရှုံးခဲ့တာတွေ ကို နောက်ကြောင်း ပြန်ဖော်ပြထားတာတွေ့ရတယ်။ အဲဒါ ကြောင့် လက်မှတ်ထိုးတာ ပျက်ခဲ့တယ်။ တစ်ဖက်က ငြိမ်းချမ်းရေးအတွက် အားပြုနေချိန်မှာ အရင်ကဖြစ်ပျက်တာ တွေကိုဖော်ပြနေတာဟာ ငြိမ်းချမ်းရေးကို လိုချင်သယောင်ယောင်နဲ့ ရန်စနေ သလိုဖြစ်တယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဒါမျိုးတွေ မလုပ်သင့်ပါဘူး” ဟု သုံးသပ်ပြောကြားခဲ့သည်။


ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကိုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာ အင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။ ဒေါ်ဒွဲဘူသည် ယခု ကျင်းပဆဲဖြစ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး တတိယနေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိသော ကေအိုင်အို၊ ကေအိုင်အေ နှင့် အစိုးရတပ်များ အကြား ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့ လွှတ်တော်မှ သက်ဆိုင်ရာတာဝန် ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို တင်သွင်းထားသူဖြစ် သည်။ ယင်းအဆိုကို လွှတ်တော်က ဇန်နဝါရီ ၁၈ ရက်တွင် အတည်ပြုခဲ့ သည်။ ထိုသို့ ကချင်ပြည်နယ်အတွက် အရေးကြီး အဆို တင်သွင်းခဲ့သော ဒေါ်ဒွဲဘူက နိုင်ငံတော်သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် အချက် ၄ နှင့်ပတ်သက်ပြီး “လဂျားယန်စခန်း မှာရှိတဲ့ စစ်သည်တွေရဲ့လုံခြုံရေးနဲ့ မြစ်ကြီးနား-ဗန်းမော်ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်တဲ့ ကန့်သတ်ချက် ရသွားလို့ စစ်ဆင်ရေးကို ရပ်ဆိုင်းမယ် ဆိုတော့ အရင်က မရသေးလို့ လုံခြုံရေး ရအောင် လေယာဉ်နဲ့ သွားတိုက်ရတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ လွှတ်တော်မှာ တင်ပြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ ရပ်ဆိုင်းတာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတယ်။ သူတို့လုံခြုံရေးရလို့ ရပ်ဆိုင်းတယ်လို့ပဲ နားလည်မိတယ်။ အဲဒီတော့ သူတို့ရပ်ဆိုင်းတာက အရင်လား။ ကျွန်မတို့ လွှတ်တော်ကပဲ တင်ပြတာ နောက်ကျတာလား။ အဲဒါလည်း သုံး သပ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ သဘောထားပေါ်မှာ သူတို့ ဘယ်လို သဘောထားလဲ ဆိုတာ ပြန်ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါပေမယ့် သူတို့ရပ်ဆိုင်းတာ ဘယ်လိုနည်းနဲ့ပဲ ရပ်ဆိုင်း ရပ်ဆိုင်း လူထုအတွက် ဝမ်းသာတယ်” ဟု သုံးသပ်ပြောကြားသည်။   သတင်းထုတ် ပြန်ချက်ပါ အချက် ၇ နှင့် ၈ ကို လည်း ကြိုဆိုကြောင်း ယင်းက ဆိုသည်။


ဆက်လက်ပြီး ဒေါ်ဒွဲဘူက “စစ်ဆိုရင် နှစ်ဖက်စလုံးက အမှားအယွင်း ရှိတာပါပဲ။ အထက်က မလုပ်နဲ့ ဆိုပေမယ့် အောက်ခြေက လုပ်တာတွေ ရှိတယ်။ အဲဒါတွေကို သင်ပုန်းချေပစ်ဖို့ လိုတယ်။ အခုအစိုးရက အရင်က ဖြစ်ခဲ့တာတွေကို ပြန်ဖော်ပြနေတယ်။ ဒါဟာ နောက်ကြောင်းပြန်ဖော်တာပဲ။ သူများရဲ့စိတ်ကို ထိုးဆွတာ။ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ မဖြစ်နိုင်အောင် လုပ်တာပဲ။ ပြီးတော့ သောင်းကျန်းသူလို့ ပြောဆို သုံးနှုန်းတာတွေ လည်း မလုပ်သင့်ဘူး။ နှစ်ဖက်စလုံးက သူတို့ရည်ရွယ်ချက် တစ်ခုစီနဲ့ လုပ်နေတာလေ။ ဒါကြောင့် အပြစ်တွေ ပြန်မဖော်ဖို့ ရှေ့အနာဂတ်မှာ အရေးကြီးတယ်” ဟု ဆိုသည်။

သတင်းထုတ်ပြန်ချက်အချက် ၅ တွင်ပါရှိသော မိမိကိုယ်ကိုကာကွယ် ခြင်းမှအပ အပစ်အခတ်ရပ်စဲမည်ဆို သည့် အချက်နှင့်ပတ်သက်၍ “မိမိ ကိုယ်မိမိ ကာကွယ်တယ် ဆိုပြီး စစ်ပြန် မဖြစ်သင့်ဘူး။ ဒါလည်း သေးသေး လေးကနေ ကြီးကြီးမားမား ပြန်ဖြစ်နိုင်တယ်” ဟုဒေါ်ဒွဲဘူက သုံးသပ်ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမှန်တကယ် မြန်ဆန်စွာရရှိနိုင်ရေး နှင့်ပတ်သက်ပြီးဒေါ်ဒွဲဘူက “သမ္မတ အနေနဲ့ ဘာကိုမှ မခွဲခြားဘဲနဲ့ ကချင် ပြည်သူလူထုအပေါ်မှာ သူ့ရဲ့ချစ်ခြင်း မေတ္တာကိုပြသပြီး ပြုမူဖို့လိုတယ်။ ဒါ့အပြင် အစိုးရကလည်း သူ့ရဲ့ စစ်တပ်ကိုနိုင်အောင်ထိန်း၊ စစ်တပ်အနေ နဲ့လည်း မလိမ်မညာဘဲ အမှန်အတိုင်း ဆောင်ရွက်ဖို့ လိုတယ်။ အောက်မှာ
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လှုပ်ရှားပါဝင်နေသူများ မှာ အရွယ်အသီးသီး၊ နယ်ပယ်အသီး သီးရှိကြသည်။ လူပုဂ္ဂိုလ်များသာမ က ရဟန်းတော် များလည်း ခေတ် အဆက်ဆက်ပါဝင်ခဲ့ကြသည်။ ထို့ ကြောင့် ယခုကချင်ပြည်နယ်ရှိစစ်ပွဲ များနှင့်ပတ်သက်၍လည်း ဆရာတော် တစ်ပါးနှင့် တွေ့ဆုံမေးမြန်းလျှောက် တင်ရန် မြန်မာအင်ဒီပဲန်ဒင့်မှ ကြိုးပမ်း ခဲ့သည်။ မကွေးဆရာတော်ဦးပါမော က္ခက ပြန်လည်၍ သုံးသပ်မိန့်ကြားခဲ့ သည်။ မကွေး ဆရာတော်က “ငြိမ်းချမ်းရေး ရဖို့ကြိုးစားကြတာကို ကြိုဆိုပါတယ်။ အပစ်အခတ်တွေရပ်စဲတာ ကိုလည်း ကြိုဆိုပါတယ်။ တစ်ခုရှိ တာက မိမိကိုယ်ကို ခုခံကာကွယ်တာ ကတကယ့်ကိုပဲ ခုခံကာကွယ်တာလား၊ မိမိဟာ အများကြားကောင်းရုံ လုပ်နေတာလား၊ အဲဒါတော့ စဉ်းစားဖို့လိုတယ်။ တကယ်ခုခံတာကိုတော့ ဘာမှ မပြောလိုဘူး” ဟု မိန့်ကြားခဲ့သည်..

သမ္မတ၏ မိန့်ကြားချက်က တစ်မျိုး၊ ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ရပ်ကတစ်မျိုး၊ အောက်ခြေက လုပ်ရပ်က တစ်မျိုး ဖြစ်နေမည်ကိုလည်း မလိုလားကြောင်း၊ ယုံကြည်မှု တည် ဆောက်ရာတွင် အပစ်အခတ်မရပ် စဲ၍ မဖြစ်ကြောင်း၊ ဆွေးနွေးပွဲများ ပြုလုပ်မည်ဆိုပါက တိုက်ပွဲများ အရင်ရပ်သင့်ကြောင်း ဆရာတော် ဦးပါမောက္ခက အကြံပြု မိန့်ခဲ့သည်။

နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်ထားသောသတင်း တွင် အချက် ၈ ချက်ပါဝင်ပြီး ကချင် ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွား ရသည့် နောက်ခံ အကြောင်းရင်းများကို အများဆုံးဖော်ပြထားကြောင်း တွေ့ ရှိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များပျက်ပြားရခြင်းအကြောင်းရင်းများ ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၆ နာရီမှစကာ ကချင်ပြည်နယ် လဂျားယန်စခန်းနှင့် မြစ်ကြီးနား- ဗန်းမော်ပြည်ထောင်စု လမ်းမကြီး၏ လုံခြုံရေးအတွက် လိုအပ်သည့် ကန့် သတ်ရည်မှန်းချက်များ  ရရှိသဖြင့် စစ်ဆင်ရေး ရပ်ဆိုင်းမည်ဟုလည်း အချက်အမှတ် ၄ ၌ ဖော်ပြထားသည်။အချက် ၅ တွင် မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန်ဟူသော အချက်ကိုလည်း ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်မှ အချက် ၇ တွင် အပစ်အခတ်ရပ်စဲ ရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှု များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပါရှိသည်။ ထို့ပြင် အချက် ၈ ၌ နိုင်ငံတော် အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက် နိုင်ရန် အတွက် ကေအိုင်အို၊ ကေအိုင် အေအပါအဝင် တိုင်းရင်းသားပြည် သူအားလုံးနှင့် လက်တွဲဆောင်ရွက် သွားရန် အသင့်ရှိကြောင်း ထည့် သွင်းဖော်ပြထားသည်။

နယ်ပယ်အသီးသီးမှလည်း ကြေညာချက်များ ထုတ်ပြန်

လက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော အခြေအနေများ အပေါ် အဖွဲ့အစည်းအသီးသီးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ ယင်းထုတ်ပြန်ချက် များကြောင့် တင်းမာနေသော အခြေအနေများ ပြေလျော့နိုင်မည် ဟုတ် မဟုတ်ကိုမူ အတိအကျ မသိရှိရချေ။ သို့သော် သဘောထား ကြေညာချက်များ ကလည်း တဖွဲဖွဲ ထုတ်နေကြမြဲ ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားကြေညာ ချက်တွင် အစိုးရနှင့် တိုင်းရင်းသား များအကြား ပဋိပက္ခဖြစ်ပွားရခြင်း မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေးကို ကျင့်သုံးလိုက်နာမှုမရှိခဲ့ ခြင်းအပေါ် အခြေခံကြောင်း၊ နိုင်ငံ ရေးပြဿနာများကို နိုင်ငံရေးနည်း လမ်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်း ခြင်းသည် ပြေလည်မှုရစေမည့် နည်းလမ်းဖြစ်ကြောင်း ထည့်သွင်း ဖော်ပြ ထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ယခုကာလသည် မိမိတို့၏ လိုလားချက်များကို လက်နက်ကိုင် တောင်းဆိုရမည့် ကာလမဟုတ်သကဲ့သို့ လက်နက်ကိုင် ပယ်ချရမည့် ကာလလည်း မဟုတ်တော့ကြောင်း၊ ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းရေးနည်း မပါရှိဘဲ ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း၊ စစ်ရေးအရှိန် တင်းမာနေ မှုများ လျှော့ချပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ကေအိုင်အို/ ကေအိုင်အေ သို့ ပြည်သူ့လွှတ်တော် မှ တိုက်တွန်းကြောင်း တိုက်တွန်း ချက်တစ်ရပ် ကို ဇန်နဝါရီ ၁၇ ရက် က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကလည်း ဇန်နဝါရီ ၁၈ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ပဋိပက္ခဒုက္ခသည် များထံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီရောက်ရှိ ရေးနှင့် လုံခြုံချောမွေ့စွာ ပို့ဆောင် ရေးကို မည်သို့ တာဝန်ယူနိုင်မည် ဆိုသည့် ပြဿနာကို နှစ်ဖက်ငြိမ်း ချမ်းရေးဆွေးနွေးမှုတွင် အရေးကြီး သော ကိစ္စတစ်ရပ်အဖြစ် ကိုင်တွယ် ဖြေရှင်းကြရန် တိုက်တွန်းပါကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကြေညာချက်များ ထုတ်ပြန်သော် လည်း တိုက်ပွဲများဖြစ်နေဆဲ
ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ ကချင်ပြည်နယ် လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ ကြေးမုံ သတင်းစာတွင် အတိအလင်း ဖော်ပြထားသော်လည်း ယင်းဒေသတစ်ခွင်တွင် ဇန်နဝါရီ ၁၉၊ ၂ဝ၊ ၂၁ ရက်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားမှု နှင့်ပတ်သက်၍ ကေအိုင်အေ အရာရှိ တစ်ဦးက “အစိုးရဘက်က ဒီနေ့ ၂ဝ ရက် ညကစပြီး ၂၄ နာရီ အတွင်း အပြီးသတ် ထိုးစစ်ဆင်သွား ဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။ အစိုးရ အနေဖြင့် လဂျားယန်ဒေသ ခယာဘွမ် (Hka Ya Bum) စခန်းကို ၂၄ နာရီ အတွင်း အပြီး သိမ်းပိုက် ရန် ညွှန်ကြားခြင်းဖြစ်ဖွယ် ရှိကြောင်း၊ ခယာဘွမ် ထိုးစစ်သည် ၁၉ ရက် မွန်းလွဲပိုင်း တွင် အကျအဆုံး များခဲ့ကြောင်း၊ ၂ဝ ရက် မနက် ၈ နာရီတွင် ခယာဘွမ် ၏ အရှေ့ဘက်ခြမ်းမှ ဝင်ရောက် တိုက်ခိုက်သော်လည်း အကျအဆုံး များရှိခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီ တွင်လည်း ခယာဘွမ်၏ အနောက်ဘက်နှင့် မြောက်ဘက် များမှ အစိုး ရတပ်မှ ထိုးစစ်ဆင်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲတွင်လည်း လဂျားယန် တောင်ခြေရှိ လဝါယန်အနီးမှ အစိုးရတပ် ဖွဲ့သည် လိုင်ဇာဘက်သို့ ထိုးဖောက် ရန် ကြိုးစားစဉ် မိုင်းတွင်းထဲ ကျကာ ကေအိုင်အေတပ်ဖွဲ့များ၏ ချေမှုန်း ခြင်းကို ခံခဲ့ရကြောင်း၊ ဇန်နဝါရီ  ၂၁ ရက် မနက်မှ စတင်ကာ အစိုးရ  လက်နက်ကြီးတပ်ဖွဲ့သည် စိန်လုံ တောင်မှ မိုင်ဂျာယန်အနီးရှိ ဒေသ များသို့ ပစ်ခတ်မှုများရှိနေကြောင်း၊ ထို့အတူ မိုင်ဂျာယန်နှင့် ခါယာ တောင်ကျောကိုလည်း တောက်လျှောက် ပစ်ခတ်နေကြောင်း၊ ယင်းသို့ ၂၄ နာရီ စစ်ဆင်ရေးရည်မှန်းချက် အောင်မြင်ပါက သမ္မတ ဦးသိန်းစိန် မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာရန် ရှိကြောင်း၊ ရွှေဟင်္သာ သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန် လာမှုကြောင့် ကေအိုင်အို ဗဟိုကော် မတီက ဇန်နဝါရီ ၂ဝ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီထံသို့ အကြောင်းပြန်ကြားချက်တစ်ခုပို့ ဆောင်ခဲ့သည်။ အဆိုပါ အကြောင်း  ပြန်ကြားချက်တွင် မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်နှင့် ရှေ့တန်း စစ်မြေ ပြင်တွင် တိုက်ပွဲဖြစ်ပွားနေမှု များမှာ လုံးဝဆန့်ကျင်ကွဲပြားနေကြောင်း၊ ထိုသို့ ကေအိုင်အိုကို ကြည်းတပ်၊ လေတပ်၊ အမြောက်တပ် များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးမှု အခြေအနေ အောက်တွင် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီနှင့် ကေအိုင်အို အဖွဲ့တို့ သာ သီးခြားတွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်  ကောင်စီ)၏ ဆုံးဖြတ်ချက်အတိုင်း UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဆွေးနွေးခြင်းကသာ ပိုမိုသင့် လျော်မည်ဖြစ်ကြောင်း ပြန်ကြား ထားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီသည် ဇန်နဝါရီ ၁၁ ရက်က ယင်းကောင်စီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ကချင်ပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှု များကို ချက်ခြင်း ရပ်တန့်ပြီး လွတ်လပ်တန်းတူတရားမျှ တသော နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲအမြန်ခေါ်ယူကျင်းပရန် ပန်ကြား တောင်း ဆိုကြောင်း သတင်းထုတ် ပြန်ထားပြီးဖြစ်သည်။

တိုက်ပွဲများ အဘယ့်ကြောင့်ဖြစ်ပွား

ထိုသို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးစောရွှေလင်းက “စီးပွားရေးအရ ကြည့်ရင် စားကျက်လုတာပေါ့။ နယ်မြေအရ ကြည့်မယ်ဆိုရင်တော့ ကိုယ့်နယ်မြေမှာကိုယ် လုံခြုံစွာ နေချင်တယ်ဆိုတဲ့အပေါ်မှာ မူတည် ပြီး တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ပြောကြား  သည်။
ကချင်ပြည်နယ်လူထုအနေဖြင့် လည်း အစိုးရဘက်မှ တိုက်ပွဲများ ရပ်ရန် ဆန္ဒရှိပြီး ကေအိုင်အို/ ကေ အိုင်အေဘက်မှလည်း တိုက်ပွဲများ ရပ်တန့်ရန် ဆန္ဒရှိနေသော်လည်း အဘယ့်ကြောင့် တိုက်ပွဲများ ဆက် ဖြစ်နေသည်ကို အဖြေမထုတ်နိုင်၊ နားမလည်နိုင်ဖြစ်နေကြောင်း သိရ သည်။

“စစ်ပွဲတွေ ဘာကြောင့်ဖြစ် သလဲဆိုရင် သမိုင်းကြောင်းနဲ့ ချီ လာတဲ့ ပြဿနာတွေ၊ စစ်နာနာတိုက် ပေးမှ အကျိုးရှိမယ့် သူတွေရှိနေ တာကြောင့် ပြည်သူတွေဟာ စာနာ တရားနဲ့ ဘယ်လောက်ပဲ အော်အော်၊  မျက်ရည်နဲ့ မျက်ခွက် ဘယ်လောက် ပဲပြောပြော အရာမထင်တာပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သုံးသပ်ပြောကြားသည်။

အဲဒီတိုက်ပွဲတွေ ရပ်အောင် ဘယ်လို လုပ်သင့်သလဲ
အကြောင်းအရာ အချက်အလက် မျိုးစုံပေါင်းစုကာ တိုက်ပွဲများ ဖြစ် ပွားလာခဲ့ပြီ။ ထိုသို့ ဖြစ်ပွားနေသော တိုက်ပွဲများကို နည်းလမ်းများရှာဖွေ ကာရပ်တန့်အောင် လုပ်ကြရမည်မှာ အရေးကြီးသော အကြောင်းတစ်ရပ် ပင်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲ များ ရပ်တန့်ရေးအတွက် လုပ်ဆောင်  သင့်သော အချက်များ ကို ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒာဓိက က “စစ်ပွဲဖြစ်တာ အကြောင်းတရား ရှိတယ်။ အဲဒီအကြောင်းတရားကို ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ် မတ်နဲ့ အမှန်အတိုင်း သိအောင် အဖြေ ရှာဖို့လိုတယ်။ သိအောင်ရှာပြီးမှ ပြေလည်သွားအောင် ဖြေရှင်းရမယ်။ ကိုယ့်ဘက်သူ့ဘက် ညီညွတ်မျှတ အောင် အပေးအယူ၊ အလျှော့ အတင်း  လေးနဲ့ ဖြေရှင်းရမယ်။ နှစ်ဖက် စလုံးကတော့ ကိုယ်မှန်တယ်ပြောမှာ ပဲ။ မှန်တယ် မမှန်ဘူးဆိုတာ ကိုယ် တစ်ယောက်တည်းအကျိုးစီးပွားနဲ့ မစဉ်းစားဘဲ တိုင်းသူပြည်သား အကျိုးစီးပွား လိုအင်ဆန္ဒတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာနဲ့ ချိန်ထိုးပြီး စဉ်းစားသင့်တယ်”ဟု မိန့်ကြား တော်မူသည်။
“တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန်လေးစားမှုတွေနဲ့ ရိုးရှင်းတဲ့ ဆွေးနွေးမှုမျိုးတွေ လုပ်ရင် တိုက်ပွဲ တွေ မရပ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ ကိုထွန်းမြင့်အောင်က သုံးသပ်ပြောကြားသည်။
တိုက်ပွဲများ ရပ်ဆိုင်းရန်အတွက်  ပြည်တွင်းငြိမ်းချမ်းရေးရရန်အတွက် ဟူသော ရည်ရွယ်ချက်များဖြင့် အစိုးရနှင့် ကေအိုင်အို /ကေအိုင်အေ တို့ကြားတွင် ဆွေးနွေးပွဲများ အကြိမ် ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် ဆွေး နွေးပွဲများ နှင့်အတူ တိုက်ပွဲများ၊ ကျဆုံးသူများ၊ သေဆုံးသူများ၊ စစ် ပြေးဒုက္ခသည် များသာ နေ့စဉ်တိုး ပွားလျက် ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် မင်းကိုနိုင်က “ဒီတိုက်ပွဲတွေ ဖြစ်တာကို ပစ်ထားသလို ဖြစ်ရင် သတင်းတွေက အမှောင်ကျသွားရော၊ အသံတိတ် သွားတဲ့အခါ တိုက်ပွဲတွေ ပြန်စတော့တာပဲ။ ဒါကြောင့် မီးမောင်း နာနာထိုးပေး၊ ဝိုင်းအော်ပေးရင် မဟုတ်တာလုပ်တဲ့ သူဟာ လက်ရုပ် သွားမယ်” ဟု သုံးသပ်ပြောကြား ခဲ့သည်။
တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒများ ဖော်ထုတ်ကြ
ကချင်ပြည်နယ်တွင်း၌ ဖြစ်ပေါ် နေသော တိုက်ပွဲများ ရပ်တန့်ရေး အတွက် တောင်းဆိုသော ဆန္ဒဖော် ထုတ်ခြင်း များ ဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။ ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကချင်ဒေသ ခံပြည်သူများ က ကချင်ဒေသစစ်ပွဲများ ရပ်ဆိုင်း ပေးရေးဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ် ခဲ့သည်။
မုံရွာမြို့၌လည်း မုံရွာရဲစခန်း ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ကချင် စစ်ပွဲရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၂ဝ ရက်တွင် လူ အင်အား ၁ဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့ ကြောင်း သိရှိရ သည်။
ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် အဖွဲ့တစ်ခုလည်း ပေါ်ပေါက် ခဲ့သည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင်လူငယ် ၂၉ ဦးပါရှိပြီး မိုင်ပေါင်း ၇ဝဝ ကျော်ရှိ သော ခရီးကို ခြေလျင် လျှောက်ကာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရန် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းမည် ဟု သိရသည်။ ယင်းတို့သည် ဇန်န ဝါရီ ၂၁ ရက် နံနက် ၇ နာရီမှ စတင်ကာ ရန်ကုန်မှ လိုင်ဇာသို့ ထွက်ခွာခဲ့ကြပြီး အချိန်တစ်လကျော် ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
လက်ရှိတွင် ကချင်ဒေသခံ ပြည်သူလူထုမှာ ဆိုင်ကယ်စက်နှိုးသံ ကြားရရုံဖြင့် ဗုံးခိုကျင်းများထဲသို့  ပြေးဝင် ပုန်းတတ်သည့် အလေ့အထ ပင်ရှိနေကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများ၏ ရှေ့တွင် ဗုံးခို ကျင်းတူး နေသော ဒုက္ခသည်များ၊ လူစိမ်းမြင်ပါက ကြောက်ရွံ့စွာ ကြည့်နေတတ်သော မျက်လုံးများက တိုက်ပွဲများ အမြန်ဆုံးရပ်ရန် တောင်းဆိုနေသည်ဟု မှတ်ယူနိုင်သည်။
တိုက်ပွဲများ မရပ်တန့်ပါက ယင်းပြည်သူလူထု၏ ရင်ထဲမှ ကြောက်ရွံ့စိတ်၊ ထိတ်လန့်စိတ်၊ စိုးရိမ်စိတ်များသည် မည်သို့မျှ ပျောက်ပျက်နိုင်မည်မဟုတ်။ ထို စိတ်များရှိနေသမျှလည်း စစ်မှန်သော  ဖက်ဒရယ် ပြည်ထောင်စု တစ်ခု ဖြစ် ပေါ်လာနိုင်မည်မဟုတ်။ ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရန်၊ ပြည်သူ လူထု၏ ဆန္ဒအမှန် ပြည့်ဝရန် ပြည်သူလူထု၏ စိတ်များ ငြိမ်းချမ်းရန် ဆိုသည်မှာ….။
မြန်မာအင်ဒီပဲန်ဒင့် သတင်းအဖွဲ့