July 2013


၃ နှစ် ရှိသွားပြီ။

လူက ရေးထားတာပဲ ပြင်လို့ ရမှာပေါ့ ဆိုတဲ့ အခြေခံ ဥပဒေ ... ၃ နှစ်ရှိတဲ့အခါ ရောက်မှ .. ပြင်ဆင်ဖို့ အချက်တွေကိ လေ့လာဖို့ အဖွဲ့ဘဲ ဖွဲ့ရသေးတဲ့ အဖြစ်။

အခြားအချက်တွေလည်း ပြန်ကြည့်လိုက် ...

၁။ စစ်တပ်ကနေ မတရား ရယူထားတဲ့ အကျိုးစီးပွား ကိစ္စတွေ တစ်ခုမှ အလျော့မပေး။
၂။ ဦးပိုင်ကို မထိရ။
၃။ ၂၅ % ထိဖို့ မပြော။
၎။ စစ်တပ် အသုံးစရိတ် အများဆုံး ကိစ္စ ပြင်မရ။
၅။ တပ်ချုပ်ရဲ့ အာဏာက သမ္မတထက် ပိုများတာ ပြင်လို့ ရမယ့်ပုံ မရှိ။
၆။ တပ်ချုပ်က လွှတ်လိုက်တဲ့ စစ်သား သမ္မတကိစ္စ ဖယ်ရှားဖို့ အသံတောင် မဟသေး။
၇။ စစ်တပ်က သဘောမတူတဲ့ မီဒီယာဥပဒေ ကိစ္စ အလျော့ပေးဖို့ လမ်းမရှိသေး။
၈။ အစိုးရဌာန ဝန်ကြီး ဆိုသူတွေနဲ့ ဌာနဆိုင်ရာ အရာရှိတွေမှာ စစ်တပ်ထွက်တွေကြီးစိုးနေတုန်း

အခု နောက်ဆုံး မင်းတို့ကိုသနားလို့ လွှတ်ပေးလိုက်တာ။ အချိန်မရွေး ပြန်ဖမ်းပြီး ထောင်ချလို့ ရတယ် ဘာမှတ်သလဲ ဆိုပြီး လွှတ်တော်မှာ ခြိမ်းခြောက်သလိုမျိုး အဆိုကို တမတ်သား ကိုယ်စားလှယ်တွေက တင်သွင်း။

ဒါလားဟဲ့ ... ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များ။

အနှစ်ချုပ်လိုက်ရင် ... စစ်တပ်က အရင်လို စစ်ယူနီဖေါင်း တကားကားနဲ့ လူအမြင်ကတ်မယ့် အလုပ် မလုပ်တော့ဘဲ ... ယူနီဖေါင်းချွတ်တွေကို အကာအကွယ်ယူပြီး နောက်ကွယ်က ခိုင်းစေနေတဲ့ စနစ်ဆိုတာ တဖြည်းဖြည်းနဲ့ ရုပ်လုံး ပေါ်လာပြီ။

သမ္မတဟာ အဝေးက စက်ခလုတ်နဲ့ ခိုင်းသမျှ လိုက်လုပ်နေရတဲ့ ရုပ်သေးရုပ် သက်သက်ပဲဆိုတာ အထင်အရှားပါပဲ။

အခုအထိ ထိုက်တန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဆိုတာ ဘာမှ မမြင်ရသေးဘူး။

(ကိုထိုက်)

ဆရာ/မ တွေ ကျူရှင်ပြ ငွေရှာတဲ့အတွက်ကြောင့် ကလေးတွေပညာရေး နိမ့်ကျနေရတယ်လို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောဝ်ခမ်း ပြောသွားတာ ဖတ်လိုက်ရပါတယ်...။ ထားပါ... မှန်သင့်သလောက် မှန်တယ်လို့ ပြောလို့ရပေမယ့် ဒါဟာ ပြသနာရဲ့ အရင်းအမြစ် မဟုတ်ပါဘူး...။ ဒီလိုမျိုး စိစစ်တွေးတော လေ့လာတိုင်းတာ မှုမရှိပါပဲ သိမ်းကြုံးပြီး အောက်ခြေက ဆရာ/မ တွေကို တစ်ဖက်သတ်ဖိနှိပ် အပြစ်တင်တာမျိုးကို ဒု-သမ္မတ တစ်ယောက်အနေ နဲ့ ပြောဆိုတာ လုံးဝ လက်မခံနိုင်ပါဘူး...။ မမျှတပါဘူး...။ ကျနော့်မိသားစု တွေထဲမှာ ဆရာ/မ တွေ မရှိပါဘူး...။ ဒါပေမဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ အမ ညီမ အဒေါ်တွေထဲမှာတော့ ဆရာမတွေ ရှိပါတယ်...။ ဒီတော့ ဒီမေးခွန်းလေးတွေကို ဒု-သမ္မတ ဖြေစေချင်ပါတယ်...။

-ဆရာ/မ အရေအတွက် နဲ့ ကျောင်းသား/သူ အရေအတွက် ၊ စာသင်ခန်းအရေအတွက် မျှတပါရဲ့လား...?? ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်း နဲ့ ကလေးတွေရဲ့ စာသင်ချိန် လုံလောက်ပါရဲ့လား...?? အစိုးရရဲ့ သင်ရိုးညွှန်းတမ်းကရော ခေတ် နဲ့ လျှော်ညီပါရဲ့လား...?? အစိုးရဘက်က ပံ့ပိုးပေးမှုတွေကရော ပြည့်စုံပါရဲ့လား...?? ဆရာ/မ များ ဘာကြောင့် ကျူရှင်ပြနေကြရပါသလဲ..ဆိုတာကို ဒု-သမ္မတ..သင် သေချာစဉ်းစားတွေးတော ကြည့်မိပါရဲ့လား...??

--ဆရာ/မ တွေ တာဝန်ကျရာ နေရာ ၊ ဒေသ မြဲချင်လို့ပဲဖြစ်ဖြစ်...၊ ကိုယ့်မြို့ကိုယ်ရွာမှာပဲ တာဝန်ထမ်းဆောင်လိုချင်ရင်ပဲဖြစ်ဖြစ်...၊ ဝေးလံပြီး သွားလာရခက်ခဲတဲ့ ဒေသတွေ ကနေ မြို့ရွာတွေဆီကို ပြောင်းချင်ရင်ပဲဖြစ်ဖြစ်..၊ မသွားချင်ရင်ပဲဖြစ်ဖြစ် အထက်လူကြီး ကို ပြောင်းရွှေ့ကြေး သိန်း ၂၀ နဲ့ အထက်ပေးရတယ်ဆိုတာကို ဒု-သမ္မတ သင် သိပါရဲ့လား....??

--နာမည်ကြီးတဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ရာထူးရဖို့ အတွက်ဖြစ်ဖြစ်...၊ ရထားပြီးသားနေရာကောင်းကနေ လွင့်ထွက်မသွားလိုရင်ပဲဖြစ်ဖြစ်...၊ စားပေါက်နည်းသော ကျောင်းတွေ..၊ ဒေသတွေဆီကို မပြောင်းရွှေ့လိုရင်ပဲဖြစ်ဖြစ် အထက်လူကြီးကို ပူဇော်ပသကြေး သိန်း ၅၀ နဲ့ အထက်ပေးရတယ်ဆိုတာကို ဒု-သမ္မတ သင် သိပါရဲ့လား....??

--ကျောင်းအုပ်ကြီးဟာ နေရာမြဲဖို့ ငွေ ဘယ်လိုရှာသလဲ...?? ကျောင်းတစ်ကျောင်းမှာ အထူးသဖြင့် မူလတန်း နဲ့ အလယ်တန်း ဆရာ/မတွေဟာ အတန်းပိုင် ဖြစ်ရဖို့ ကြိုးစားရရှာပါတယ်...။ အတန်းပိုင်ဖြစ်မှ ကလေးတွေဟာ အတန်းပိုင်ဆရာ/မတွေဆီ ကျူရှင်အပ်ကြတာကိုး..။ ဒီတော့ ကျောင်းဖွင့်ရာသီမှာ စာသင်နှစ် တစ်နှစ် အတန်းပိုင် ဖြစ်ဖို့ ဆရာ/မ တွေအဖို့ ကျောင်းအုပ်ဆရာမကြီးတွေကို ၂ သိန်း ကနေ ၅ သိန်း အထိ ငွေကြေး..(သို့) ညီမျှတဲ့လက်ဆောင်ပစ္စည်းတွေ ပူဇော်ပသနေရာတာတွေကိုရော ဒု-သမ္မတ သင် သိပါရဲ့လား....??

ဒီလိုပြသနာဟာ ဆရာ/မ တွေပဲရင်ဆိုင်နေရတာ မဟုတ်ပါဘူး...။ ကျနော့်ညီမ ဟာ အစိုးရ၀န်ထမ်း ဆရာဝန်မလေး တစ်ယောက်ပါ...။ ကျနော်ဟာ သူ့ရဲ့ဒီလိုကိစ္စတွေကို အမြဲလိုက်ပြီး လုပ်ပေးနေရတာပါ..။ နောက်ပြီး သူငယ်ချင်းရဲ့ အစ်ကို လ.၀.က ဦးစီးမှုးတစ်ယောက် သုံးနှစ်အာမခံ နေရာမြဲရေး ပြောင်းရွှေ့ကြေး ဟာ နေရာ ဒေသကိုမူတည်ပြီး သိန်း ၁၀၀ ကနေ သိန်း ၃၀၀ ရာ အထိ ရှိတယ်...၊ ရှိခဲ့တယ်... ဆိုတာတွေရော ဒု-သမ္မတ သင်သိပါရဲ့လား...??

ဒီလို အထက်ကိုပူဇော်ပသလိုက်ရတဲ့ ငွေကြေးတွေဟာ မိုးပေါ်ကကျလာတာ မဟုတ်တော့ ပြန်ရှာကြရတယ်လို့ ၀န်ထမ်းအများစုကပြောကြတာပါပဲ...။ ဒီတော့ဗျာ ခေါင်ကမှ မလုံတာ အောက်ခြေကို သိပ်ပြီးဖိမနေပါနဲ့...။ ခေါင် တွေကနေ အရင်ပြင်ပြီးမှ အောက်ခြေကို ပြင်ဖို့ကြိုးစားစေချင်ပါတယ်...။ ဒီလိုမှ မဟုတ်ပဲ အတင်းဇွတ် ဖိလုပ်နေရင်တော့ လူကြီးမင်းတို့ ဦးနှောက်ပိုင်းဆိုင်ရာမှာ ချို့ယွင်းချက် ရှိနေပြီ ဆိုတာ အသေအချာပါပဲ...။

ဟုတ်တယ်မလား..?? မိုး ဘာလို့ ရွာတာလဲ...?? ဖား အော်လို့ ရွာ တယ်လေ... ဆိုတဲ့ အဆင့်လောက်သာ သိတဲ့သူတွေဖြစ်နေမှာပေါ့....

Ko Nay Myo


ဇူလိုင်လ (၁၉) ရက်နေ့၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ပညာ သင်ကြားခဲ့ဖူးသော ရေနံချောင်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့စဉ် အတွင်း ကျောင်း၌သိမ်းဆည်းထားသော ဗိုလ်ချုပ်အောင်ဆန်း လက် ရေးမူဆိုသည့်စာအုပ်ကို ကျောင်းအုပ်ဆရာမကြီး၏လှူဒါန်း ချက်အရလက်ခံခဲ့ပြီး အဆိုပါ စာအုပ်မှာ ဗိုလ်ချုပ်၏လက်ရေး မူအစစ်ဟုတ်ခြင်းမဟုတ်ခြင်းအတွက် မူ မိမိအနေဖြင့် တစ်စုံတစ်ရာ သော အာမခံချက်မပေးနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည်မှ Hot News ၏မေးမြန်းချက်အားဖြေ ကြားသည်။

“ဒီကိစ္စအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တွေ့တုန်းကလည်း ကျွန်မပြောခဲ့ပါတယ်။ အဓိကက တော့စစ်တယ်။ မစစ်ဘူးပေါ့နော်။ ကျွန်မမှာလည်း ဖေဖေရဲ့လက်ရေး မူတွေ သိမ်းထားတာရှိပါတယ်။ ဒီရေနံချောင်းက စာအုပ်ကဘာလို့ စစ်တယ်၊ မစစ်ဘူး။ အာမမခံနိုင် ရသလဲဆိုတော့ လက်ရေးဆိုတာ က အပြောင်းအလဲရှိလာတတ် တယ်။ ဒီတော့ ကျွန်မမှာရှိတဲ့ ဖေဖေ့လက်ရေးမူတွေနဲ့ တိုက်စစ် မယ်။ အဲသလိုတိုက်ဆိုင်စစ်ဆေး ကြည့်လို့စစ်တယ်ဆိုရင် နိုင်ငံခြား ကပညာရှင်တွေကို အကူအညီ တောင်းပြီးတော့ သူတို့ဆီမှာရှိတဲ့ စက္ကူထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ ထိန်းသိမ်းရမယ်။ သေသေချာချာ ထိန်းသိမ်းပြီဆိုမှ Scan ပွားပြီး လုပ်လို့ရပြီပေါ့နော်။ ဒါပေမဲ့ စစ်ဆေးမှုတွေတော့လုပ်ရဦးမယ်။ ခုဟာနဲ့ပတ်သက်ပြီးတော့ ဖေဖေ့လက်ရေးမူအစစ်ဟုတ်တယ်၊ မဟုတ်ဘူးကျွန်မကမမခံနိုင်သေး ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားခဲ့သည်။

အင်တာနက်စာမျက်နှာများ ၌ အဆိုပါစာအုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏သဘော ထားအချို့အားဖော်ပြထားရာ၌ ဗိုလ်ချုပ်လက်ရေးမူစစ်မှန်ပါက ဗိုလ်ချုပ်တက်ရောက်ပညာသင် ကြားခဲ့သော ရန်ကုန်တက္ကသိုလ် တွင် သမိုင်းဝင်အထိမ်းအမှတ်တစ် ခုအနေဖြင့် ထားရှိစေလိုကြောင်း နှင့် မစစ်မှန်ပါကလည်းမူလယူ ဆောင်ခဲ့သည်ရေနံချောင်းအထက (၁) ၌သာပြန်လည်ထားရှိစေလို ကြောင်းဖော်ပြထားပါသော်လည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်ကမူ နိုင်ငံတော် အဆင့်ဝင်သမိုင်းပစ္စည်းတစ်ခုဖြစ် သည်နှင့် အညီနိုင်ငံတော်မှ ထိန်းသိမ်းပါက ပိုမိုသင့်လျော်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

hotnewsweekly


( UPI မှ 29 July 2013 ရက်စွဲပါ “Concerns Linger for Myanmar” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံသည် ယုံကြည်မှုကြောင့် အကျဉ်းကျသူနိုင်ငံရေးအကျဉ်းသားများကို ယခုနှစ်မကုန်မှီ အားလုံးလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ချီးကျူးကြိုဆို ခံနေရသော်ငြားလည်း ပြဿနာရှိနေသေးကြောင်း ကုလသမဂ္ဂအထူး ကိုယ်စားလှယ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၇၃ဦးကို ပြီးခဲ့သောအပတ်ကလွှတ်ပေးခဲ့သည်။ ၂၀၁၀ရွေးကောက်ပွဲ အပြီး စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ်အနေဖြင့် ပြီးခဲ့သောနှစ်ကလည်း နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး၊ ချီးကျူးကြိုဆိုရမည်ဟု မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားက ပြောကြားလိုက်သည်။

“ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှုတွေနဲ့ပတ်သတ်လို့ အများကြီးစိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆက်နွယ်တဲ့ ဖမ်းဆီးမှု၊ အပြစ်ပေးမှုတွေရှိနေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မစ္စတာကင်တာနားက ဆိုပါသည်။

မစ္စတာကင်တာနားက သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်တွင် မြေသိမ်းယူမှုနှင့် ရခိုင်လူ့အခွင့်အရေး အနေအထားဖေါ် ထုတ်သူများ ဖမ်းဆီးခံရမှုကိစ္စများကို တင်ပြဆွေးနွေးသွားမည်ဟု ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည်ဟု သံသယရှိသော နစက နယ်စပ်လုံခြုံရေး ကော်မတီကို ဖျက်သိမ်းရန် မြန်မာအစိုးရက မကြာသေးမီက ဆုံးဖြတ်ခဲ့ခြင်းကို မစ္စတာကင်တာနားက ကြိုဆိုလိုက်ပါသည်။

၎င်းနစကအဖွဲ့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု ပြည်ပအဖွဲ့အစည်းများက ထောက်ပြဝေဖန် ထားပြီး၊ အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုများ ကျူးလွန်သည်ဟု ပြည်တွင်းသတင်းရပ်ကွက်က ဆိုပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း စစ်မှန်သောဒီမိုကရေစီနှင့် အဝေးကြီး လိုသေးသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောထားသော်လည်း၊ အနောက်အုပ်စုအစိုးရများက မြန်မာတို့၏ အပြောင်းအလဲကို အသိအမှတ်ပြုသည့်အနေဖြင့် ယခင်အရေးယူပိတ်ဆို့မှု sanctions များကို ဖြေလျော့ရုတ်သိမ်း နေကြပြီဖြစ်သည်။

Yangon chronicle

ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီ နှင့် မတ်လ အတွင်းက ဖြစ်ပွားခဲ့သော လုပ်ကြံ ဖမ်းဆီးမှုများ အတွက် ပြည်သူလူထု ၂၇ ဦး၏ ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်ကာ စုပေါင်း အဖမ်းခံ ပွဲကို မနက်ဖြန်(၃၁) နေ့လည် တွင် ပန်းတနော်မြို့နယ် မြို့မ ရဲစခန်း တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ဖြစ်စဉ်မှာ ပန်းတနော်မြို့နယ် အတွင်းမှ လူထု၏ မနှစ်သက်ခြင်း မဲ အများဆုံး ရရှိသူ အင်းသားကြီး သူဌေး ဦးကြင်ငြိမ်း ပိုင် အင်း လုပ်ကွက် များ အတွင်း ကျူးကျော်ခြင်း၊ သားငါးဖမ်းစားခြင်းတို့ကို ၂၀၁၃ ခုနှစ် အစပိုင်းက ကျူးလွန်ခဲ့သည် ဟု ဦးကြင်ညိမ်း စွပ်စွဲချက်ဖြင့် ပြီးခဲ့သော လေးလခန့်က အမှုဖွင့် တိုင်ကြားခြင်းများ ပြုလုပ်ခဲ့သည်။ .................................

သို့နှင့် မိမိတို့ အဖွဲ့က အင်းသူကြီး ကိုယ်စားလှယ်ဖြစ်သူနှင့် တွေ့ဆုံကာ ဒေသခံ ပြည်သူလူထုမှာ သူတို့ အတွက် စားသောက်စရာ ငါးဖမ်းစရာ နေရာ တနေရာမှ မကျန်အောင် သိမ်းပိုက်ထားသော လုပ်ငန်းရှင်များကြောင့် ယခုလို ၀မ်းစာ အတွက် ငါးဖမ်းခြင်းကို ကြီးကျယ်သော ပြစ်မှု ကြီးသဖွယ် အရေးဆို တရားစွဲပြိး ထောင်ချဖို့ ကြိုးစားသည့် အင်းလုပ်ငန်းရှင် ကရော ဥပဒေ အတိုင်း လေလံယူ ၊ လေလံ စည်းမျဉ်းစည်းကမ်း များ အတိုင်း ငါးဖမ်းခြင်း ရှိပါရဲ့လားဟု မိမိတို့ စုဆောင်းထားသည့် ( အိုင်ပက် ငါးဖမ်းခွင့် မရှိသော အင်းများကို ရေပက်ထုတ်ပြီး ဖမ်းဆီးနေသည့် သက်သေ ) အချက်အလက်များကို ထုတ်ပြပြောဆိုချေပသော အခါ အင်းသားကြီး၏ သားဖြစ်သူမှ အပြန်အလှန် ဖြေလျော့သော အားဖြင့် ယခု သူတို့မှ တရားစွဲ ဖမ်းဆီးခိုင်းထားသော ရေလုပ်သားများ အမှုကို ပိတ်သိမ်းပေးပါမည်ဖြစ်ကြောင်း ကတိ ရရှိခဲ့သည်။........................................

ပြီးခဲ့သည့် လဆန်းပိုင်း မိမိ ကျမ်းမာရေးကြောင့် ထိုင်းနိုင်ငံသို့ ခနသွားရောက် ဆေးကုသခြင်းကို နေမျိုးဇင် အဖမ်းခံရတော့မည်မို့ ပြည်ပကိုထွက်ပြေးသွားပြီဖြစ်ကြောင်း ထို့ကြောင့် ယခင် သဘောတူညီထားသည်များ ပြက်ပျယ်ပြီး ရေလုပ်သား တံငါ ငါးဖမ်းသမားများကို လွန်ခဲ့သော ငါးလ က အမှုများပြန်ဖေါ်ကာ ရဲတပ်ဖွဲ့အား အမှုဖွင့် ဖမ်းဆီးစေသောကြောင့် ရေလုပ်သားပေါင်း ၂၇ ဦးမှာ တလ ခန့် ကြာသည်အထိ အခြားရွာများတွင် ရှောင် ပြေးပုန်းနေခဲ့ရသည်။ ...........................................

ယခု အခါ ထိုရွာသားများ နေထိုင်ရာ ပန်းတနော်မြို့နယ်၊ ခနွဲကဘို ကျေးရွာ ရဲစခန်းမှူး စန်းယုနိုင် က ခနွဲကဘို ရွာမှ ကျေးရွာသားများကို မြေလှန်လိုက်ရှာ ဖမ်းဆီးခြင်းများ ပြုလုပ်လာသည်ဖြစ်သောကြောင့် လူမသိ သူမသိ ဖမ်းဆီး ရိုက်နှက် စစ်မေး အတင်းလက်မှတ်ထိုးခိုင်း ကာ အပြစ်မရှိ အပြစ်ရှာ ထောင်ကျ ခံရမည့် အစား။ လူမြင် သူမြင် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ စခန်း အများပြည်သူ အရှေ့ သတင်းမီဒီယာများ အရှေ့တွင် တရားဝင် သွားရောက် အဖမ်းခံမည့် အစီစဉ်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။ ..........................................

မနက်ဖြန် နေ့လည်တွင် မိမိတို့ မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အဖွဲ့သားများ၊ သတင်းမီဒီယာများ နှင့် တောင်သူလယ်သမား ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ အဖွဲ့များ အရှေ့တွင် ယခုလို အင်းသူကြီးတဦး အမိန့်အတိုင်း အပြစ်မရှိ အပြစ်ရှာ ဖမ်းဆိးထောင်ချနေဆဲဖြစ်သော ပန်းတနော် ဒေသ တွင်း တရားဥပဒေ စိုးမိုးမှု အခြေအနေမှန်ကို မှတ်ကျောက်တင်လိုသောကြောင့် ရဲများ လိုက်လံ ရှာဖွေ ဖမ်းဆီးခြင်းမှ ရှောင်ပြေးနေရသော တံငါသည် ရေလုပ်သား ၂၇ ဦး မှ အခမ်းအနားဖြင့် လူထုအရှေ့ ရဲ စခန်းတွင် အဖမ်းခံ ပွဲ ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည် ။...............................................

အမှုဖြစ်စဉ်ကို အသေးစိတ် သိရှိလိုသူများ ခနွဲကဘို ကျေးရွာ ဒေါ်စန်းအေး ဖုန်းနံပတ် ၀၉၄၉၁၅၅၇၉၆ သို့ ယနေ့ ဆက်သွယ်မေးမြန်းပြီး ယနေ့ မြန်မာ့ တရားစီရင်ရေး စနစ် ကို မှတ်ကျောက်တင် မီးမောင်း ထိုးပြမည်ဖြစ်သော တံငါသည်များ စုပေါင်း အဖမ်းခံပွဲ အကြောင်းကို မေးမြန်းနိုင်ပါသည်။ ...............................

ကျနော် ကိုယ်တိုင်လည်း ထို အဖမ်းခံပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ ဥပဒေ ဘက်တော်သား လက်နက်ကိုင် ရဲ တပ်ဖွဲ့များ မည်သို့ ပြုမူ တုံ့ပြန်မည်ကို မှတ်တမ်းတင်မည်ဖြစ်ပါသည်။ .....................
ဖမ်းဝါးရမ်း ကို မည်သူက ထုတ်ပေးသောကြောင့် ခနွဲကဘို ရဲစခန်းမှူး ရဲအုပ် စန်းယုနိုင်က ရေလုပ်သားများကို နေ့နေ့ ညည လိုက်ဖမ်းရန် ကြိုးစားခဲ့သနည်း။ ပြေးပုန်းရှောင်နေရာမှ ယခုကဲ့သို့ တစုတဝေးတည်း လာရောက် အဖမ်းခံ ခြင်း ကို မည်သို့ ဖြေရှင်း ကိုင်တွယ်မည်နည်း၊ တရားလို ဖြစ်သော အင်းသူကြီး ဦးကြင်ညိမ်း ဘက်သို့ လူထုက ပြန်လည် တိုင်တန်းမည့် မတရား မြေသိမ်းယာသိမ်းခြင်းဖြစ်စဉ်များ၊ ဥပဒေမဲ့ ငါးအိုင်ပက် ဖမ်းဆီးခြင်း အမှုများ နှင့် အခြား နောက်ဆက်တွဲ မတရားမှု ဖေါ်ထုတ် တိုင်ကြားခြင်းများ အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က မည်သို့ တရားစီရင်ဆောင်ရွက် ပေးလာမည် ဆိုသည်အား ရှုထောင့်ပေါင်းစုံမှ မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ပါသည်။............................

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး လုပ်ဆောင်ရန် တာဝန်ရှိသူများ အနေနှင့်လည်း အောက်ခြေအဆင့်တွင် ယခုတိုင်ဖြစ်ပွားသော တိုင်ကြားဖမ်းဆီးမှုများ ၊ အရေးယူ အပြစ်ပေးခြင်း နည်းလမ်းများ ခေတ်နှင့်အညီ မှန်ကန်ဖြောင့်မတ် လူထု အကျိုးအတွက် ရှေးရှုသော တရားစီရင်ရေး၊ အရေးယူထိန်းသိမ်းရေး ပုံစံများ ဟုတ်မဟုတ် လက်တွေ့ မှတ်တမ်းတင်ပေးစေလိုပါကြောင်း။

တရားဥပဒေ စိုးမိုးရေး နှင့် ပြည်သူလူထု ဘ၀ သာယာငြိမ်းချမ်း စေရေး လုပ်ဆောင်ရန် တာဝန်ရှိသူများ၏ ပြည်သူလူထု အပေါ် မည်သို့ သဘောထားရှိသည်ကို မျက်မြင်မှတ်တမ်းတင်မည့် စုပေါင်း အဖမ်းခံ အသွင်ပြု အခမ်း အနား သို့ လိုက်ပါသတင်းယူလိုသော သတင်းထောက်များအားလည်း ဖိတ်ခေါ်ပါသည်။

နေမျိုးဇင်
ညှိနှိုင်းဆောင်ရွက်သူ
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

(သန့်ဇင်ဦး)

သံမဏိလိပ်ပြာ စီးရီး ထွက်ရှိပြီးနောက် ပရိသတ်များ၏ အားပေးမှုနှင့်အတူ ဝေဖန်မှုများပါ ကြုံတွေ့ခဲ့ရသော တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံပြီး ဝေဖန်ခံရသည့် စစ်ဆန့်ကျင်ရေး သီချင်းအကြောင်း၊ ဝေဖန်မှုများအပေါ် သူ့အမြင်နှင့် သူ၏တစ်ကိုယ်တော် Show ပွဲ အကြောင်းကို The Voice မှ မေးမြန်းထားခြင်း ဖြစ်သည်။

The Voice ။ ။ သံမဏိလိပ်ပြာစီးရီး ထွက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။

L.L ။ ။ စီးရီးထွက်ပြီးတဲ့ အချိန်မှာ ကြားရတဲ့ ပရိသတ်တွေရဲ့ အသံကတော့ အားရပါတယ်။ ဒီခွေအပေါ်မှာ သူတို့မြင်တဲ့ အမြင်တွေ၊ သူတို့ထင်တဲ့အထင်တွေနဲ့ အပြုသဘောဆောင်စွာ ဝေဖန်တယ်ပေါ့နော်။ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ကျွန်တော်အားရတယ်။ ကျေနပ်ပါတယ်။

The Voice ။ ။ ဒီစီးရီးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အပေါ်မှာရော လင်းလင်းရဲ့အမြင်က ဘယ်လိုရှိလဲ။

L.L ။ ။ ကျွန်တော့်အမြင်ကို အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီစီးရီးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို လက်ခံသလို၊ ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေကိုလည်း လက်ခံတယ်။ ကျွန်တော်တို့နိုင်ငံ လက်ရှိသွားနေတဲ့ပုံစံ၊ ဖြတ်သန်းနေတဲ့ အနေအထားအရ ဘယ်လိုပဲ ကောင်းတာလုပ်လုပ်၊ ဘယ်လိုပဲ ကောင်းတာပြောပြော ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူအဖွဲ့နဲ့ ပြည်သူတွေကြားကို ခလောက်ဆန်ချင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမှောင်ခေတ်ကို ပြန်သွားစေချင်တယ်။ အဲဒီလိုမျိုး ဖြစ်စေချင်တဲ့လူတွေ တချို့က ပြည်တွင်းထဲမှာလည်း ရှိတယ်။ ပြည်ပမှာလည်း ရှိတယ်။ သူတို့ရဲ့အကွက်ကျကျ ဆွဲယူတွေးတောပြီးတော့ ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်အောင်လုပ်ကြတာ။ ကျွန်တော့် ဒီခွေမှ မဟုတ်ဘူး။ ဘာသာရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း ရှိတယ်။ နိုင်ငံရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း မြင်နေရတယ်။ အဲဒီအတွက် ကျွန်တော်က ဒီကိစ္စတွေပေါ်မှာ သေချာ လိုက်ရှင်းပြစရာတော့ မလိုပါဘူး။ ပရိသတ်တွေက ကျွန်တော်ပေးချင်တဲ့ Message၊ ကျွန်တော်ပေးချင်တဲ့ ပန်းတိုင်ကို နားလည်ပြီး ကျွန်တော်နဲ့လည်း ရင်ခုန်သံတူတယ်ဗျ။ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုဆီက ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေ အပေါ်တော့ ကျွန်တော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ အဲဒီလိုဝေဖန်ခြင်းအားဖြင့် သူတို့စိတ်ထဲမှာ အခိုက်အတန့်ပဲဖြစ်ဖြစ် ပေါ့ပါးသွားတယ်ဆိုရင် ကျွန်တော်လည်း ကုသိုလ်ရပါတယ်။

The Voice ။ ။ အခုဆို Facebook လို လူမှုကွန်ရက်တွေကို လက်နက်အဖြစ် အသုံးချပြီး ဝါဒဖြန့်တဲ့ လုပ်ဆောင်မှုတွေလိုမျိုး ရှိလာတဲ့အတွက် Facebook ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လင်းလင်း သုံးသပ်ပေးပါဦး။

L.L ။ ။ Facebook ကိုတော့ ကျွန်တော်လည်း တစ်ခါတလေ သုံးပါတယ်။ သူ့ရဲ့ ကောင်းကျိုးကတော့ သတင်းမီဒီယာ Website တွေကို Like လုပ်ထားခြင်းအားဖြင့် ဂျာနယ် ထွက်မယ့်ရက် ကိုတောင် သိပ်စောင့်စရာ မလိုတော့ဘူး။ ဘယ်နားလေးမှာ မီးလောင်တယ်ဆိုရင် ချက်ချင်းတက်လာတယ်။ ကျွန်တော် Facebook သုံးရင် ကိုယ် Like လုပ်ထားတဲ့ သတင်း Website တွေကို လိုက်ဖတ်တယ်။ ဆိုးကျိုးကတော့ Facebook မှာ လူအများစုက တခြားနာမည်တွေ၊ ကိုယ့်ရဲ့ဓာတ်ပုံမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ ဓာတ်ပုံတွေနဲ့ သုံးကြတဲ့အခါကျတော့ သူဘယ်သူလဲဆိုတာ ကိုယ်မသိရဘူး။ သူ့စိတ်ထဲမှာ လတ်တလော ခံစားနေရတာတွေ၊ နှစ်ပေါင်းကြာရှည်စွာ ခံစားခဲ့ရတာတွေကို အလွယ်တကူ ရင်ဖွင့်လို့ရတယ်။အဲဒီမှာဆိုးရွားတဲ့၊ မိသားစုဖတ်လို့မရတဲ့ စာသားမျိုးတွေ ပါသွားတာရှိမယ်။ စည်းလွတ်၊ ဘောင်လွတ်တဲ့ စကားလုံးမျိုးတွေ ပါသွားတာ ရှိမယ်။ ဒါတွေကိုတော့ ကျွန်တော်ဆိုးကျိုးလို့ မြင်ပါတယ်။ ဒါတွေကို ဆိုးတယ်လို့ မြင်ပေမယ့် အကောင်းဘက်က ပြန်တွေးရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးက နှစ်ပေါင်း ၂၀ ကျော်၊ ခုတင်အောက်ထဲဝင်ပြီး ကျိတ်ဆဲခဲ့ရတာ ဆိုတော့ ဒီလိုပြောလိုက်တဲ့အတွက် သူ့အနေနဲ့ စိတ်ထွက်ပေါက်လေး ရသွားတာပေါ့နော်။ ဒီလိုပြောလိုက်လို့ စိတ်ထွက်ပေါက်ရသွားပေမယ့် စည်းတွေ၊ ဘောင်တွေလွတ်ပြီး ပြောဆိုကြတာကိုတော့ ဆိုးတယ်လို့ မြင်ပါတယ်။

The Voice ။ ။ ဒီစီးရီးထဲမှာ ထူးခြားတဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့ သံမဏိလိပ်ပြာနဲ့ အိပ်မက်ထဲက စစ်သားကြီး သီချင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်သံတွေ ကြားရလဲ။

L.L ။ ။ ကျွန်တော် ပြန်ကြားရသလောက်တော့ ကိုယ့်ကိုကြိုက်တဲ့ ပရိသတ်တွေဆီကပဲ မို့လို့လားတော့ မသိဘူး။ ကောင်းတယ်ဗျ။ ဒါပေမဲ့ သူငယ်ချင်းတွေဆီကနေ တစ်ဆင့် ပြန်ကြားရတဲ့ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုရဲ့ ဝိဝါဒ ကွဲပြားစရာတွေနဲ့ ပတ်သက်လို့တော့ ပရိသတ်တွေက အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ကျွန်တော်ရေးခဲ့တဲ့ သီချင်း၊ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ တာဝန်ယူနိုင်တယ်။ ဘယ်လို အခြေမနေမျိုးမှာမဆို၊ ဘယ်လိုပုံစံမျိုးနဲ့မဆို ကျွန်တော်က ဖြေရှင်းရဲတဲ့သတ္တိ အပြည့်ရှိတယ်။ ကျွန်တော် လုပ်ခဲ့တာတွေသည် အဆိုးမြင်တဲ့အနေနဲ့၊ ဝေဖန်ပုတ်ခတ်ချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တာ တစ်ခုမှမပါဘူး။ အိပ်မက်ထဲက စစ်သားကြီး သီချင်းဆိုလည်း လူတစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ပုတ်တဲ့ စစ်ပွဲတွေမရှိရင် ကမ္ဘာကြီးက ဘယ်လောက် ပျော်စရာကောင်းမလဲ ဆိုတဲ့ အနာဂတ်လေးကို အိပ်မက်မက်ပြီး ရေးထားတာ။ ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာလား။ စစ်ပွဲမကောင်းကြောင်း ရေးတာလား ဆိုတာကို ခွဲသိဖို့လိုတယ်။ အမှောင်ခေတ်ကို သွားချင်တဲ့လူတစ်စုရဲ့ ဝိဝါဒကွဲပြားစေမယ့် စကားတွေကို ယုံကြည်ပြီး ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာပဲဆိုတဲ့ အမြင်ကို ဆုပ်ကိုင်လိုက်ရင်တော့ အဆိုးဘက်ကို ရောက်သွားမှာပေါ့နော်။ ကျွန်တော်ရေးထားတဲ့ စာသားကတော့ ရှင်းရှင်းလေးပါ။ စစ်ပွဲတွေအားလုံးကို ရပ်ဆိုင်းစေချင်တယ်။ တစ်ကမ္ဘာလုံးမှာ စစ်မဲ့ဇုန်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ပြီးတော့ အေးချမ်းတဲ့ ကမ္ဘာသစ်ကြီးဆီကို သွားချင်တဲ့အိပ်မက်နဲ့ ဒီသီချင်းကို ရေးထားတာ။

The Voice ။ ။ လင်းလင်းကိုယ်တိုင်က NLD ပါတီဝင်တစ်ယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စပ်ဆိုထားတဲ့ သံမဏိလိပ်ပြာ သီချင်းလည်း ဒီစီးရီးမှာ ပါတယ်ဆိုတော့ နိုင်ငံရေး ရပ်တည်ချက် တစ်ခုခုကြောင့် ဒီစီးရီးထုတ်လိုက်တာလို့ ဝေဖန်မှု တွေအပေါ်ရော လင်းလင်း ဘာပြောချင်လဲ။

L.L ။ ။ ကျွန်တော် ဒီစီးရီးကို ထုတ်ရတဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ ဒီခွေလေးမှာ ပရိသတ်တွေကို ပြောပြချင်တာတွေ အများကြီးပါတယ်။ စစ်တပ်ပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူလူကြီး အသိုင်းအဝိုင်း ပဲဖြစ်ဖြစ်၊ ပြည်သူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး လူမျိုးမခွဲ၊ ဘာသာမခွဲဘဲ ချစ်ချစ်ခင်ခင်နဲ့ အားလုံးမျှော်လင့်တဲ့ ပန်းတိုင်တစ်ခုကို သွားရအောင်ဆိုတဲ့ Message တစ်ခုကို ကျွန်တော်ပေးချင်တာ။ ဒီစီးရီးက အဖွဲ့အစည်း တစ်ခုအတွက်၊ လူတစ်စုအတွက်လည်း မဟုတ်ဘူး။ ဒီလိုဝေဖန်မှုတွေက ဒီခွေလေးကို သေချာနားမရှင်းသေးလို့ ထင်တယ်။ ဒီခွေထဲမှာပါတဲ့ စာသားတွေကို သေချာနားထောင် ခံစားလိုက်မယ်ဆိုရင် ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှာပါ။

The Voice ။ ။ ဒီစီးရီးထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးဖွဲ့ထားတဲ့ သံမဏိလိပ်ပြာ သီချင်းကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးထားတာလဲ။

L.L ။ ။ ကျွန်တော်တို့ အသက်ရှင်နေသရွေ့၊ မြေကြီးပေါ်မှာ ရပ်နေသရွေ့ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေတ္တာဘွဲ့ တေးတစ်ပုဒ်အနေနဲ့ ဒီသီချင်းလေး ကိုရေးဖွဲ့ထားပါ။ ဒီသီချင်းလေးကို ကျွန်တော့်ပရိသတ်တွေ၊ ဒီသီချင်းလေးကို ကြိုက်တဲ့သူ တွေကြားထဲမှာ ပျံ့နှံ့စေချင်တယ်။ ဒီသီချင်းထဲမှာ သေချာခိုင်မာတဲ့ အမှန်တရားတွေကိုပဲ ကျွန်တော် ရေးဖွဲ့ထားတာ။ ဒီသီချင်းလေးကို ကျွန်တော်တို့ သေပြီးတဲ့နောက်မှာလည်း ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ ပရိသတ်တွေကြားမှာ ပျံ့နှံ့နေစေချင်တယ်။

The Voice ။ ။ ဒီစီးရီးကိုအားပေးကြတဲ့ ပရိသတ်တွေအတွက် လင်းလင်းဘာပြောချင်လဲ။

L.L ။ ။ ဒီခွေကို အားပေးကြ တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာတယ်။ ပီတိလည်း ဖြစ်တယ်။ ကျေးဇူးလည်းတင်တယ်။ ကျွန်တော့်အခွေမှ မဟုတ်ဘူး။ တခြားအနုပညာရှင်တွေရဲ့ အခွေတွေကိုလည်း ကိုယ်ကြိုက်တယ်၊ နားထောင်ခံစားချင်တယ်ဆိုရင် ပရိသတ်တွေကို အားပေးပါလို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂီတလောက အခြေအနေက နာလန်မထူနိုင်လောက်အောင် ဖြစ်နေပြီ။ ကျွန်တော့်အခွေကို အားပေးသလို တခြားအနုပညာရှင် တွေရဲ့ အခွေတွေကိုလည်း အားပေးရင် တော်တော်များများ ရပ်တည်သွားနိုင်မယ်လို့ ထင်တယ်။

The Voice ။ ။ လင်းလင်းလုပ်ဖို့ရှိတဲ့ တစ်ကိုယ်တော် Show ပွဲအကြောင်းလည်း ပြောပြပေးပါဦး။

L.L ။ ။ တစ်ကိုယ်တော် Show ပွဲကတော့ ကျွန်တော် ပထမဆုံးအကြိမ် လုပ်မှာပါ။ ဒီ Show ကို ဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့၊ အမှတ်တရ တစ်ခုအနေနဲ့ ကျန်သွားစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်မှာပါ။ ကျွန်တော်မှန်းထားတာတော့ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ လုပ်ဖြစ်မယ်။ လုပ်မယ့်နေရာနဲ့ ရက်တွေသေချာရင် ကျွန်တော့်ပရိသတ်တွေနဲ့ မီဒီယာတွေကို အသိပေးမှာပါ။

The Voice Weekly

စစ်သားကနိုင်ငံရေးလုပ်၊ နိုင်ငံရေးသမားက သတင်း စာတိုက်ထောင်၊ သတင်းစာဆရာ က ဘာသာရေးတိုက်ပွဲဝင်ပြီး သံဃာ တော်က ဥပဒေပြဋ္ဌာန်းဖို့ကြိုးစားကြလျှင်တော့ နောက်အနှစ် ၅၀ နှင့်တောင် လုံလောက်မည်မဟုတ်ပါ။
ရေးသားသူ- ရဲမိုး

၈၈၈၈ တော်လှန်ရေးကို ၂၅ နှစ် အကြာမှာ ပြန်လည်သုံး သပ်သည့်အခါ အကြီးမားဆုံး သင်ခန်းစာတစ်ခုကိုရသည်။ တပ်မတော်ကို ဒီမိုကရက် တစ်အဖွဲ့အစည်းတစ်ခုဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကျပျောက်သွားသော “အနာဂတ်တစ်ခု” ဆိုသည့် သင်ခန်းစာဖြစ်ပါသည်။

သန်းနှင့်ချီသည့် ပြည်သူများ၏ ဆန္ဒကို ငြင်းပယ်ခဲ့ခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့များ၏နှလုံးသားတွင် တစ်စုံတစ်ရာအကြီးအကျယ် မှားယွင်းနေပြီကို ပြသခဲ့သည်။ တပ်မတော်ကို ပြည်သူနှင့်ဝေးကွာ အောင်ပြုလုပ်ခဲ့ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ခေါင်းတလားထဲထည့် ပြီး နောက်ဆုံးရိုက်လိုက်သည့် သံမှိုတစ်ချောင်းဖြစ်ခဲ့ပါသည်။

တပ်မတော်ကို ဒီမိုကရက်တစ် အဖွဲ့အစည်းတစ်ခုဖြစ်အောင် အသွင်မပြောင်းဘဲ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့တင်ဖို့ လုံး ၀မဖြစ်နိုင်ပါ။ ပြည်သူ့အကျိုးစီးပွား ကိုကာကွယ်ဖို့ တာဝန်ရှိသောတပ်မတော်ကို ပြည်သူများက ချစ်ခင် လေးစားသည့်တပ်မတော်ဖြစ်လာ အောင် ပြုလုပ်ရပါမည်။

အာဏာရှင်ဆူဟာတိုနောက်ပိုင်း အင်ဒိုနီးရှားစစ်တပ်ကိုပြုပြင်ပြောင်းလဲသည့်အခါ အခြေခံမူ လေးချက်ကို အကောင်အထည်ဖော်ဖို့ သူတို့ကြိုးစားခဲ့ကြသည်။ ပထမအချက်က အရပ်သားတို့၏ အကြင်း မဲ့အုပ်ချုပ်မှုအာဏာကို အုတ်မြစ်ချရေးဖြစ်သည်။ နိုင်ငံတော်ကို စီမံခန့် ခွဲမှုသည် အရပ်သားအစိုးရ၏ လက်ထဲတွင်သာရှိရမည်ဆိုသည့် စနစ်ကိုအရေးကြီးဆုံးမူအဖြစ် ထူထောင်ကြသည်။ လက်နက်ကိုင်တပ်ဖွဲ့များ သည် အရပ်သားအုပ်ချုပ်မှု၏ စီမံခန့်ခွဲမှုကို လိုက်နာရမည်ဖြစ်သည်။ ဒုတိယအချက်က စစ်တပ်၏နိုင်ငံရေးအခန်းကဏ္ဍကို အဆုံးသတ်ရေး ဖြစ်သည်။ စစ်တပ်ကို အင်ဒိုနီးရှား နိုင်ငံရေးက ဆွဲထုတ်ခြင်းဖြင့် ဘက်မလိုက်တာဝန်ကျေသည့် တပ်ဖွဲ့များ ဖြစ်လာအောင်ချခဲ့သည့်မူဖြစ် သည်။

တတိယအချက်ကတော့ စစ်တပ်၏စီးပွားရေးဆိုင်ရာ အခန်း ကဏ္ဍကို အဆုံးသတ်ရေးဖြစ်သည်။
“စစ်တပ် + စီးပွားရေး = အာဏာအလွဲ သုံးစားမှု + တိုင်းပြည်ဆင်းရဲမွဲတေမှု” ဟု သူတို့သင်ခန်းစာထုတ်ခဲ့ကြသည်။ စတုတ္ထအချက်ကတော့ စစ်တပ်ကို ဥပဒေကြောင်းအရပင် တာဝန်ယူမှုရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်လာအောင် ပြောင်းလဲရေး ဖြစ်သည်။ လက်နက်ကိုင်သူသည် တာဝန်အသိတတ်ဆုံးသူဖြစ်ရမည်ဆိုသည့်မူဖြစ်သည်။

အင်ဒိုနီးရှားကိုထားပြီး ကျွန်တော်တို့နိုင်ငံအကြောင်းကို ဆွေးနွေးကြရအောင်ပါ။ တပ်မတော်ကို လူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူများနှင့် အခြားအစုအဖွဲ့များ က အမြင်မကြည်လင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ နိုင်ငံရေးတွင် တပ်မတော်ကို အသုံးချခြင်းကြောင့် ဖြစ်သည်။
မြန်မာ့နိုင်ငံရေး၏ အလယ်ဗဟိုချက်မမှာ တပ်မတော်ကိုထားခြင်းဖြင့် အားလုံး၏ “ဘုံအမုန်းခံ”ဘ၀ကို ရောက်ရှိသွားစေခဲ့ပါသည်။ တပ်မ
တော်ကို နိုင်ငံရေးမှ ဆွဲထုတ်နိုင်လျှင် တပ်မတော်သားများကို ပြည်သူများက ပြန်လည်လေးစားချစ်ခင်လာမည်မှာမလွဲပါ။ ယခုတိုင် ဗိုလ်ချုပ်
ကြီးဟောင်းတချို့ ပြောနေဆဲစကားတစ်ခုရှိပါသည်။ “တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးပါသောနေရာမှာ အမြဲရှိ နေခဲ့သည်”ဆိုသည့်စကားဖြစ်သည်။ မှန်ပါသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းသည်လည်း မည်သည့်အခါမှ ငြိမ်းချမ်းလှပခြင်း မရှိခဲ့ပါ။

တပ်မတော်သားများကို ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့်အပြင် နိုင်ငံ့လုပ်ငန်းများကိုလည်း သွက်ချာပါဒလိုက်စေသည့် အတွေးအခေါ်တစ်ခု ရှိနေဆဲဖြစ်ပါသည်။ “တပ်မတော်သားသည် ဘာမဆိုလုပ်နိုင်စွမ်းရှိသည်”ဆိုသည့်အယူအဆဖြစ်သည်။ စာတိုက်နှင့်ကြေးနန်း၊ ကျန်းမာရေး နှင့်ပညာရေးကဏ္ဍတို့ကစ၍ ဘဏ္ဍာ ရေး၊ ကုန်သွယ်ရေးနှင့် သစ်တော စသည့်ကဏ္ဍအသီးသီးအထိ တပ်မတော်သားများကို စေလွှတ်အုပ်ချုပ်စေခဲ့သည်။ နှစ် ၅၀ အကြာမှာ ဟောင်းလောင်းကျန်ခဲ့သည့် နိုင်ငံ့အခြေအနေက ထိုအတွေးအခေါ်မှန်၊ မ မှန်ကို သက်သေပြပြီးဖြစ်ပါသည်။

နိုင်ငံ့ကဏ္ဍအသီးသီးကို စစ်မှုပြုခြင်း (Militarized) ၏နောက် အကျိုးဆက်တစ်ခုက “အမိန့်”တစ်ခုနှင့်သာ အလုပ်လုပ်တတ်သည့် ယဉ်ကျေးမှုကို အရပ်ဘက်လူ့အဖွဲ့ အစည်းအတွင်းသို့ သွတ်သွင်းလိုက်ခြင်းဖြစ်သည်။ “အမိန့်နာခံခြင်း”သည် စစ်တပ်တစ်တပ်အတွက် အရေးပါလှသော စည်းစနစ်တစ်ခု ဖြစ်သည့်တိုင် တီထွင်ဖန်တီးမှုနှင့်လွတ်လပ်မှုတို့ကို အခြေခံရမည့် အရပ်ဘက်အဖွဲ့အစည်းများအ တွက်တော့ လူသားကို စက်ရုပ်ဘ၀သို့ အသွင်ပြောင်းလဲလိုက်ခြင်းဖြစ် ပါသည်။

တပ်မတော်ကိုပြုပြင်ပြောင်းလဲရာမှာအရေးပါလှသည့် အဓိ ပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို မဖြစ် မနေပြုလုပ်ရပါမည်။ “နိုင်ငံတော်” ဆိုသည့်စကားလုံးကို အနက်အဓိ ပ္ပာယ်ဖွင့်ဖို့ဖြစ်ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များမှာ “နိုင်ငံတော်၏ စေတနာဖြင့်”၊ “နိုင်ငံတော်ကဦး ဆောင်ပြီး...”၊ “နိုင်ငံတော်က ပြု လုပ်သည့်...”ဆိုသည့် စကားများ မိုးလုံးပြည့်ခဲ့သည်။ နိုင်ငံတော်ဆို သည်မှာ “အစိုးရလား”၊ “ဗိုလ်ချုပ်ကြီး လား”၊ “ပြည်သူလား”ဆိုသည်ကို တပ်မတော်သားများအတွက် မှန်မှန် ကန်ကန် အဓိပ္ပာယ်ဖွင့်ပေးဖို့လိုအပ် ပါသည်။

လူ့အဖွဲ့အစည်းမှန်မှန်ကန်ကန်ဖွံ့ဖြိုးဖို့အတွက် အားလုံးကိုယ့် အလုပ်ကိုလုပ်ဖို့လိုအပ်သည်။ တပ်မတော်သားက လုံခြုံရေးကို တာဝန်ယူ၊ နိုင်ငံရေးသမားက စီမံခန့်ခွဲ၊ သတင်းစာဆရာက သတင်းပို့၊ ၀န်ထမ်းက ယန္တရားကိုလည်ပတ်ဖို့လိုအပ်သည်။

သို့မဟုတ်ဘဲ စစ်သားကနိုင်ငံရေးလုပ်၊ နိုင်ငံရေးသမားက သတင်း စာတိုက်ထောင်၊ သတင်းစာဆရာ က ဘာသာရေးတိုက်ပွဲဝင်ပြီး သံဃာ တော်က ဥပဒေပြဋ္ဌာန်းဖို့ကြိုးစားကြလျှင်တော့ နောက်အနှစ် ၅၀ နှင့်တောင် လုံလောက်မည်မဟုတ်ပါ။


____________________________________
Reference and Credit to -7Days News Journal


အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အကြား ပြန်ပေါင်းထုပ်ပွဲကြီးကား အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ဖြစ်ပေါ် လာခဲ့ပေပြီ။ လွန်ခဲ့သည့် တစ်နှစ်ကဆိုလျှင် နှစ်နိုင်ငံမြို့တော်ကြီးများ၌ နှစ်ဖက်သံရုံးများပင် မရှိခဲ့ကြ။ ယခုနှစ်မေလ အရောက်တွင်မူ သမ္မတဦးသိန်းစိန်သည် ရာစုနှစ် တစ်ဝက်နီးပါးကာလအတွင်း အမေရိကန်အိမ်ဖြူတော်သို့အလည်အပတ် လာရောက်သည့် ပထမဆုံးမြန်မာခေါင်းဆောင် ဖြစ်လာခဲ့သည်။

သို့စေကာမူ မကြာသေးခင်ကာလအထိ ကမ္ဘာ့ဖိနှိပ်မှုအများဆုံးအုပ်စိုးသူများဖြစ်ခဲ့သည့် အစိုးရတစ်ရပ်ကို အိုဘားမားအစိုးရက ကြိုဆိုပွေ့ဖက်သည်မှာ မြန်လွန်းနေပါသလော။ သို့တည်းမဟုတ် ဆန့်ကျင်ဘက်အနေဖြင့် မြန်မာ၏ ပွင့်သစ်စပြုပြင်ပြောင်းလဲ မှုများအတွက် အမေရိကန်၏ အဆုံးဖြတ်ပေးနိုင်သောထောက်ခံမှုက မရှိမဖြစ်အရေးကြီးပါသလော။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံသည် ၁၉၆၂ခုနှစ် မှစ၍ ယခုပွင့်လင်းလာသောအချိန်ထိ သိုသိပ်သော စစ်အစိုးရ၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ ၂ဝ၁ဝ ခုနှစ်လောက်အထိ ဤအစိုးရက အဓိက အတိုက်အခံပါတီ၏ ပါဝင် ခွင့်ကို မျက်နှာပြောင်တိုက် ငြင်းပယ်ကုလားဖန်ထိုးပြီး ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ သို့သော် ၂ဝ၁၁ခုနှစ် စစ်အစိုးရ လက်ထက်က ဝန်ကြီးချုပ်တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဦးသိန်းစိန် သမ္မတာဝန်ယူပြီးစလေးတွင် သံသယ အကြီးဆုံး စောင့်ကြည့်လေ့လာသူများကိုပင် အမြင်ကောင်းစေသည့် ခြေလှမ်းများစတင်လှမ်းလာခဲ့သည်။ ယခင်အုပ်စိုးသူ များ၏ စတိသဘောအပြောင်းအလဲများနှင့်မတူဘဲ ဦးသိန်းစိန်၏လုပ်ရပ်များက ထိထိရောက်ရောက်နှင့်လေးလေးနက်နက်ရှိပုံ ပေါ်လာသည်။

အရေးပါသောအပြောင်းအလဲတစ်ခုမှာ ၁၅နှစ်နီးပါးကြာနေအိမ်အကျယ် ချုပ်ခံနေရသော စစ်အစိုးရ၏အထင်ရှားဆုံး အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဦးသိန်းစိန်သည် အန်အယ်(လ)ဒီ ခေါင်းဆောင်နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက်အုပ်ချုပ်ရေးသို့ ကူးပြောင်းရန် တွေ့ဆုံဆွေးနွေးမှုတစ်ခု စတင်ပြုလုပ်ခဲ့သည်။

နောက်ဆက်တွဲ ရွေးကောက်ပွဲများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအနာဂတ်အတွက် မျှော်လင့်ချက်များပေါ်ပေါက် လာစေခဲ့သည်။ ၁၉၉ဝခုနှစ် တွင် လွှတ်တော်နေရာ ၈၁ ရာခိုင်နှုန်းကို အန်အယ်(လ)ဒီက အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရလဒ်ကိုပစ်ပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင်မူ ဝင်ရောက်ပြိုင်ဆိုင် သည့် ၄၄ နေရာအနက် ၄၃ နေရာကို အန်အယ်(လ)ဒီက အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု၏ တရားဝင်ခေါင်းဆောင်အဖြစ် စစ်ဘက်က လက်သင့်ခံခဲ့သည်။
ထို့ပြင် ဦးသိန်းစိန်က စစ်အစိုးရ၏ နှိပ်ကွပ်မူနှင့် တရားမဲ့ပြုမူများကို ဆယ်စုနှစ်ပေါင်းများစွာခံခဲ့ရသည့် ကရင်နှင့်အခြား တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်အဖွဲ့များသို့လည်း လက်ကမ်းခဲ့ပြန်သည်။ မြန်မာ့စီးပွားရေးကို နိုင်ငံတကာ ကုန်သွယ်ရေးနှင့်ဖွင့်လှစ်ချိတ်ဆက်ပေးရန် ကြိုးပမ်းမူများကလည်း နိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်ကို အနည်းဆုံး နိုင်ငံခြားမြို့တော်ဒါဇင်ဝက်မှ တိုက်ရိုက်ပျံသန်းရောက်ရှိလာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည့်နှက်နေသောမြို့ အဖြစ် အသွင်ပြောင်းပေးခဲ့သည့်အပြင် ယခုဆိုလျှင် နိုင်ငံခြားမှတင်သွင်းလာသောကားများဖြင့် တစ်ချိန်က လူသူကင်းမဲ့သော လမ်းများကိုပြည့်နှက်သွားစေခဲ့သည်။

သို့တစေ အချို့နယ်ပယ်များတွင်မူ ပြုပြင်ပြောင်းလဲရေးက စိတ်ပျက်ဖွယ်ကောင်းလောက်အောင်ပင် နှေးကွေးလှပါသည်။ စင်စစ် လူ့အခွင့်ရေးနှင့်လူနည်းစုကာကွယ်ရေးကိစ္စများတွင် မြန်မာမှာ ဒုံရင်းပြန်ရောက်၍ပင်နေပါသည်။ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေးဖြစ်စဉ်က ကာလကြာရှည်တည်ရှိခဲ့သော ဘာသာရေးကွဲပြားမှုများကို ဖော်ထုတ်ပေးခဲ့ရာ လူနည်းစုမွတ်ဆလင် အသိုက်အဝန်းကို အဓိကပစ်မှတ်ထားသည့် ဂိုဏ်းဂဏအကြမ်းဖက်မှုလှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်မှသည် မိတ္ထီလာနှင့်တပ်ကုန်းကဲ့သို့သော ပြည်မမြို့ရွာများအထိတွင် ဗုဒ္ဓဘာသာဝင်များက မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်ခဲ့သလို အပြန်အလှန်အားဖြင့် တစ်ခါတရံ မွတ်ဆလင်များက ဗုဒ္ဓဘာသာဆန့်ကျင်ရေးလှုံဆော်ခဲ့ကြရာ ဘာသာရေးသွေးမြေကျမှုကို ဒေသအာဏာပိုင်များက တိတ်တဆိတ်ခွင့်ပြုခဲ့သည်များပင်ရှိခဲ့သည်။
ဦးသိန်းစိန်နှင့်ဝါရှင်တန်တွင်တွေ့ဆုံစဉ် သမ္မတအိုဘားမားက မြန်မာနိုင်ငံ၏ မွတ်ဆလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။ ထိုနေ့တစ်နေ့တည်းတွင်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတစ်ရပ်ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် မြန်မာနိုင်ငံမှာ ၈ ခုမြောက်ကမ္ဘာ့အဆိုးဆုံး ဘာသာရေးလွတ်လပ်ခွင့်ဖောက် ဖျက်သည့် နိုင်ငံအဖြစ်စာရင်းဝင်ခဲ့သည်။

ဤအဖြစ်မျိုးမှာ အမြဲတမ်းဖြစ်ပျက်ခဲ့သည်တော့ မဟုတ်ပါ။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနိုင်ငံဖြစ်သော်လည်း အခြားဘာသာရေးနှင့် လူမျိုးစုအသိုင်းအဝိုင်းများအတူ ကာလကြာရှည်ယှဉ်တွဲနေထိုင်ရာနိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ ရန်ကုန်မြို့လယ်တွင် ရွှေရောင်တစ်ဝင်းဝင်းနှင့် ဆူးလေစေတီတော်မှာ လမ်းတစ်ဖက်ခြားမှ ဘင်ဂါလီဗလီတစ်ခု၏ မျှော်စင်များနှင့် အတူယှဉ်တွဲရပ်တည်နေသည်ကို တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ခိုင်မာစေရန် လိုအပ်သည့် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုများ ရရှိစေရေးအတွက် ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ မြန်မာနိုင်ငံသားအားလုံး၏ ကိုယ်စားလှယ်များအဖြစ် ပိုမိုပိုင်းဖြတ်လုပ်ဆောင်သင့်ပါသည်။ မွတ်ဆလင်များအတွက် ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့်နိုင်ငံသားအခွင့်အရေး အပြည့်အဝ အာမခံပေးရန် လိုအပ်ပါသည်။
အိုဘားမားအစိုးရအနေဖြင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ကတိစကားအပေါ် နိုင်ငံရေးလောင်းကြေးကြီးကြီး ထပ်ထားခဲ့ပါပြီ။ အကယ်စင်စစ်ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ပြောင်းလဲမှုနှုန်းမှာ ဘာမျှပြောပရောက်စရာ ထူးထူး ခြားခြားရှိခဲ့သည်မဟုတ်ပါ။ သို့တစေ ဦးသိန်းစိန်က မြန်မာဒီမိုကရေစီရေးဖြစ်စဉ် တစ်လျှောက်အခက်အခဲအတားအဆီးများ နှင့်စိန်ခေါ်မှုများကို ရင်ဆိုင်တွေ့ကြုံခဲ့ရကြောင်း အိမ်ဖြူတော်တွင် ဝန်ခံအသိအမှတ်ပြုခဲ့သလို ဤပြဿနာများနှင့် နောက်ထပ် ပေါ်လာရန်ရှိသေးသည့် ပြဿနာများကို မည်သို့မည်ပုံကိုင်တွယ်မည်ဆိုသည်ကပင် အမေရိကားအနေဖြင့် အချိန်မတန်မီ သဘောလွယ်ခဲ့လေသလားဟူသည့် အဖြေတစ်ရပ်ကို အဆုံးအဖြတ်ပေးလိမ့်မည် ဖြစ်ပေသည်။
ဝ၂၅
Ref;IS Obama Rolling the Dice too Fast on Myanmar?
Japan Times.

ပဲ့တင်သံဂျာနယ်

(The Economic Times မှ 28 July 2013 ရက်စွဲပါ “ Myanmar China gas pipeline starts delivering gas to China” သတင်းတို ဘာသာပြန်ဆိုသည်)

အိန္ဒိယအပါအဝင် တရုတ်၊ မြန်မာ၊ တောင်ကိုရီးယား လေးနိုင်ငံမှ ကုမ္မဏီ ၆ ခု ပူပေါင်းရင်းနှီးမြှုပ်နှံထားကြသော ဒေါ်လာဘီလီယံချီသည့် မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို မနေ့က မန္တလေး မြို့တွင်တရားဝင် ဖွင့်လှစ်ကာ စွမ်းအင်ဆာလောင်နေသာ တရုတ်နိုင်ငံသို့ တင်ပို့မှု စတင်လိုက်ပြီဖြစ်သည်။

ကီလိုမီတာ ၈၇၀ ရှိသော အမြွှာပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့နှင့် ရေနံများပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

ရေနံပိုက်လိုင်းမှ တန်ချိန် ၂၂ သန်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းမှ ကုဗမီတာ ၁၂ ဘီလီယံအသီးသီး နှစ်စဉ်တင်ပို့နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဖြတ်၍ ပိုက်လိုင်းသယ်ယူမှုကြောင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းရသော မှုလ လမ်းကြောင်းကို တိုတောင်းသွားစေသည်ဟု တရုတ်ကျွမ်းကျင်သူများက ဆိုပါသည်။

ပိုက်လိုင်းဖြင့် တင်ပို့မည့် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင်သဘောင်္များဖြင့် လာမည်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့ကိုမူ တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်နေပြီဟု တရုတ်အစိုးရသတင်းဌာနက ထုတ်ပြန်သည်။

ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့တင်ပို့မှုကြောင့် တရုတ်စွမ်းအင်လိုအပ်ချက် လေးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာ နိုင်ငံသည်လည်း နှစ်စဉ်ဒေါ်လာ ၁.၅ ဘီလီယံရရှိကာ နှစ်နိုင်ငံအကြား ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို ဖန်တီးနိုင်မည်ဟု တရုတ် CCTV သတင်းက ဆိုပါသည်။

ဓါတ်ငွေ့ပိုက်လိုင်းကိုစီမံခန့်ခွဲရန် အတွက် South-East Asia Gas Pipeline Co,Ltd.(SEAGP)နှင့် ရေနံစိမ်းပိုက်လိုင်းကို စီမံခန့်ခွဲရန် South-East Asia Oil Pipeline Co,Ltd.(SEAOP) ဟူသော ဖက်စပ်ကုမ္ပဏီနှစ်ခုကို ဖွဲ့စည်းထူထောင်ထားကာ ဓါတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ SEAGP တွင် တရုတ်အစိုးရပိုင် CNPC ၊ မြန်မာအစိုးရပိုင် MOGE ၊ တောင်ကိုရီးယား Daewoo နှင့် KOGAS ၊ အိန္ဒိယ OCEBV နှင့် GALL ကုမ္ပဏီများ ပါဝင်ပြီး၊ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ SEAOPတွင် တရုတ် CNPC နှင့် မြန်မာ MOGE လုပ်ငန်းတို့ ပါဝင်သည်ဟု တရုတ် Ximhu သတင်းဌာနက ဖော်ပြထားသည်။

Yangon chronicle
Photo..Irrawady

သီတဂူဆရာတော်ကြီး၏ ရုပ်ပုံလွှာများထောင်ကာ မျိုးစောင့်ဥပဒေ ပြဌန်းရေးအတွက် လက်မှတ် များကောက်ခံရာတွင် မဲဆွယ်လျက်ရှိသည်ကို တွေ့ရပါသည်။ အဆိုပါလုပ် ရပ်များကို ဆရာတော်ကြီး ခွင့်ပြုထားခြင်းမရှိပါ။

သီတဂူဆရာတော်ကြီး ဖွင့်လှစ်ထားသော ဆေးရုံများ၌ လူမျိုးမရွေး ဘာသာမရွေး တက်ရောက် ကုသနိုင်သည်။

သီတဂူဆရာတော်ကြီးသည် မိမိကိုယ်တိုင် တည်ထောင်ထားသော သီတဂူသာသနာပြုအဖွဲ့မှလွဲ၍ မည်သည့်အဖွဲ့အစည်းကိုမှ ဝင်ရောက်ထားခြင်း မရှိပါ။

မကြာသေးခင်က ရှင်ရဟန်းပေါင်း အပါး ၁၀၀၀ကျော်အား ဩဝါဒမိန့်ကြားခဲ့ရာ၌ Time magazine ပါ အကြောင်းအရာမှား အချို့ကိုသာ ထောက်ပြရှုံ့ချခဲ့ခြင်းဖြစ်ပြီး မည်သူ့ကို မျှ ထောက်ခံကြောင်း မပြောခဲ့ပါ။

သတင်းမှန်များကိုသိလိုပါက ashinvisuta201@gmail.com ၊ ဖုန်း 09458020075 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(သီတဂူသာသနာပြု သတင်းထုတ်ပြန်ရေးအဖွဲ့)
28-7-2013

ဇူလိုင်လ ၂၉ ရက် ယနေ့ညနေ ၅ နာရီခန့်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ၈၈၈၈ ငွေရတုကျင်းပရေးလုပ်ငန်းကော်မတီကိုယ်စား ၈၈ ကျောင်းသားများဖြစ်တဲ့ ကိုကိုကြီး၊ ကိုဂျင်မီ ၊ ကိုမြအေး ကိုသက်ဇော် တို့လာရောက်၍ ငွေရတုပွဲဖိတ်စာကို လေးလေးစားစား လာရောက်ဖိတ်ကြားခဲ့သည်။

National League for Democracy

Photo..kachinlandnews-burmese.com/
သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပေါ် ဥပဒေကြောင်း အခြေခံမှ
 သုံးသပ်ချက်

ဒီနှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေတစ်ယောက်မှ မကျန်စေရပါဘူးလို့ ဥရောပခရီးစဉ်မှာ နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ဦးဘရန်ရှောင်ကို ထောင်ဒဏ်ချမှတ်သည့် ညနေပိုင်းတွင် မြေသိမ်းခံ တောင်သူများအရေးတက်ကြွ လှုပ်ရှားသူ ဒေါ်ဘောက်ဂျာကို ဖမ်းဆီးခဲ့သည်။ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ် ရှားသူများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် ဖမ်းဆီးအရေးယူခဲ့သည့်ပုံစံဖြင့်ပင် ပုဒ်မများတပ်ကာ ဒေါ်ဘောက်ဂျာ ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၅ ရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့တွင် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကချင်ပြည် နယ် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင် အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား အယောက် ၇၀ ကို လွှတ်ပေးခဲ့ သော်လည်း ဒေါ်ဘောက်ဂျာ လွတ်မြောက်ခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန်၏ အရပ်သားအသွင်ယူ အစိုးရသစ် တက်လာသည့် နောက်ပိုင်း လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် နိုင်ငံရေးနှင့် အခြားအကျဉ်းသားပေါင်းများစွာကို အလီလီလွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း အဆိုပါ လွတ်မြောက်ခဲ့ပြီးသော နိုင်ငံရေးအကျဉ်းသားအများစုသည် ယခင်ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် ယခု သမ္မတ ဦးသိန်းစိန် လက်ထက်တွင်ပင် ဖမ်းဆီး အရေးယူ၊ ထောင်သွင်းအကျဉ်းချထားသူများသာ ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်၌ နိုင်ငံရေးအကျဉ်းသား မည်မျှပင် လွှတ်ပေးစေကာမူ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်လှုပ်ရှားသူများနှင့် ဦးဘရန်ရှောင်ကဲ့သို့ သာမန်နိုင်ငံ သားများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် မတရားဖမ်းဆီးအရေးယူခံရခြင်းမှ အကာအကွယ်ပေးနိုင်သည့် ဥပဒေပြဌာန်း ပေးရန်လို သည်။ မတရားဖမ်းဆီး အရေးယူခံရပြီးနောက် ဘ၀နစ်နာဆုံးရှုံးသွားသူများ အနေဖြင့် ထိုက်သင့်သည့် လျော်ကြေးများ ခံစားနိုင်ရေးအတွက်လည်းကောင်း၊ မတရားဖမ်းဆီးမှု ပေါ်လွင် ထင်ရှားပါက ယင်းသို့  မတရားပြုမူသူများကို အရေးယူနိုင်ရေးအတွက်လည်းကောင်း၊ ယင်းဥပဒေတွင် ထည့်သွင်းပြဌာန်း ရပါမည်။ ထို့ အပြင်နှိပ်စက်ညှဉ်းပန်းခြင်းမှကာကွယ်သည့် ဥပဒေတရပ်ကို မလွဲမသွေ ပြဌာန်းရန် လိုသည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့က နိုင်ငံတော်နှင့် ယှဉ်သော ကတိစကားများကို ထားရှိနေသော်လည်း ဦးဘရန်ရှောင်အား ထောင်ဒဏ် ၂ နှစ် စီရင်ခဲ့သော မြစ်ကြီး နားမြို့နယ် တရားသူကြီး ဦးထူးမြင့် နှင့် ၄င်းအား ဖမ်းဆီးခဲ့သော အမှတ် ၁ ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်၊ ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်ခဲ့သော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)နှင့် ဗိုလ်ကြီး ကျော်စွာလင်း တို့အား တစ်စုံတရာ အရေးယူအပြစ်ပေးခြင်း မရှိပေ။ မတရားမှုသည် တောက်လျှောက်ပင် ဖြစ်ပေါ်လျှက်ရှိသည်။ စတင်ဖမ်းဆီးခံခဲ့ရချိန်မှစ၍ ဦးဘရန်ရှောင်အပေါ် မတရားညှင်းပန်းနှိပ်စက် မှု ပေါင်းစုံကျူးလွန်မှုများအပေါ် မည်သို့ မျှပြန်လည်ဖေါ်ထုတ်အရေးယူဆောင်ရွက်ခြင်းမပြုခဲ့၊ မပြုသေးသော်လည်း ဦးဘရန်ရှောင်ကို ပြန်လွှတ် ပေးသည့်အတွက်ပင် လွှတ်ပေးသူအာဏာပိုင်များကို ကျေးဇူးတင်ရမည့် ပုံမျိုး အချိုးခံရလျှက်ရှိသည်။ ဤသို့ ပြုမူ နေသမျှ ကာလပတ်လုံး မည်သည့် အခါတွင်မျှ ငြိမ်းချမ်း၊ လွတ်လပ်၊ တရားမျှတ၊ တိုးတက်ဖွံ့ဖြိုးသည့် ဒီမိုကရေစီ နိုင်ငံမဖြစ်နိုင်ပေ။

တရားရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အကျဉ်းထောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံထိန်းတပ်ဖွဲ့ စသည်တို့သည် ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲနေပါသည်ဟု ကြွေးကြော် နေသော သမ္မတဦးသိန်းစိန် အစိုးရ၏ လူထုဖိနှိပ်ရေးယန္တရားများအဖြစ်သာ အခိုင်အမာ ဆက်လက် တည်ရှိနေသည်။ ဤယန္တယားများအား လူထုအခွင့်အရေးကာကွယ်ရေး ယန္တယားများဖြစ်လာစေရေး အတွက် အမြန်ဆုံးပြုပြင်ပြောင်းလဲ တည်ဆောက်ရန် တောင်းဆိုသည်။

အထက်ဖော်ပြပါ တရားရုံးများ၊ နိုင်ငံတော်လုံခြုံရေး အဆောက်အအုံများကို ပြုပြင်ပြောင်းလဲမှုမပြု၊ ပြည်သူလူထုအား မတရားဖမ်းဆီးအရေးယူခြင်း မပြုလုပ်နိုင်အောင် ဥပဒေပြဌာန်း၍ အကာအကွယ်မပေး၊ နှိပ်စက်ညှဉ်းပန်းခြင်းမှကာကွယ်သည့် ဥပဒေ မတည်ရှိ၊ မတရားဖမ်းဆီးအရေးယူနိုင်သည့် တည်ဆဲဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မရှိသေးပါဘဲလျှက် သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသား ပေါင်းများစွာကို လွှတ်ပေးခြင်းမှာ ပြည်သူလူထုနှင့် နိုင်ငံတကာ ခေါင်းဆောင်များကို လိမ်ညာခြင်း၊ မျက်လှည့်ပြခြင်းသာ ဖြစ်ကြောင်း၊ ဖမ်းလိုက်လွှတ်လိုက် သံသရာသည် မည်သည့်အခါတွင်မျှ အဆုံးသတ်မည် မဟုတ်ကြောင်းနှင့်၊ တဘက်က သရဲမွေးကာ ပရောဂ ၀င်ရောဂါရစေပြီး အခြားတဘက်က ဆေးဝါးကုသပေးကာ ငွေကြေးရှာဖွေစားသောက်သည့် မှော်ဆရာနှင့် အလားသဏ္ဍာန်တူသည့် အုပ်ချုပ်မှုအောက်တွင် အပြစ်ကင်းမဲ့ သော နိုင်ငံသားများကျရောက်လျှက်ရှိကြောင်း သုံးသပ်သည်။

အသေးစိပ်သိလိုလျှင်ဆက်သွယ်ရန်
ဦးအမ်နော်မိန်း (ရှေ့နေ) ဖုံး ၉၅ (၀) ၉ ၄၇၀၀ ၅၀၉၉

ဥပဒေအထောက်အကူပြုကွန်ယက် နေ့ စွဲ။ ဇူလိုင်လ (၂၇) ရက် ၂၀၁၃ ခုနှစ်

အခုလက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတဲ့ ဥပဒေ ချိုးဖောက်မှုတွေမှာ အာဏာပိုင်တွေ အရေးယူဖို့ ခက်ခဲနေတဲ့ ကိစ္စတွေကတော့ ငါက ဘယ်သူ့သား၊ ဘယ်သူ့သမီး၊ ဘယ်ဌာနက၊ ဘယ်ဗိုလ်ချုပ်နဲ့ ဘယ်လိုတော်စပ်တာ၊ ဘယ်ပါတီကြီးက (အတိုက်အခံ နာမည်ကြီး ပါတီ) အစရှိသဖြင့် အရှိန်အဝါတွေနဲ့ ကိုင်ပေါက်ကြတာ များပါတယ်....... ဒီအတွက် အစိုးရတစ်ရပ်ရဲ့ ဥပဒေအာဏာကို ဖော်ဆောင်တဲ့ အောက်ခြေ လက်အောက်ငယ်သားတွေခမြာ အခက်အခဲ ကြုံရတာကတော့ အခန့်မသင့်ရင် အလုပ်ပြုတ်မယ့် ကိန်းအထိ ရှိပါတယ်.......

လွှတ်ပေးလိုက်ပြန်ရင်လည်း တရားဥပဒေ စိုးမိုးမှုက ကင်းမဲ့သွားမှာ ဖြစ်နေပါတယ်...... ဒါဖြင့် ဘယ်သူ့ ဘယ်ဝါနဲ့ ပါတ်သက် ပါတ်သက် အကုန်ဖမ်းရမှာ ဥပဒေဘက်တော်သား တာဝန်လေလို့ မေးလာရင်ကော..... ဟုတ်ပါတယ် ဥပဒေဘက်တော်သား တစ်ယောက်ရဲ့ တာဝန်ဟာ ဥပဒေ ဖော်ဆောင်ဖို့ပါပဲ..... ဒါပေမယ့် ပြဿနာက အခန့်မသင့်လို့ အလုပ်ပြုတ်သွားရင် ဘယ်သူက အဲ့ဒိ ဥပဒေဘက်တော်သားအတွက် ရပ်တည်မလဲ ဆိုတဲ့ ကိစ္စပါပဲ....... ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ မလောက်ငှတာလည်း အားလုံး အသိပဲ ဖြစ်ပါတယ်...... ဒီလိုပဲ ဝန်ထမ်းတစ်ယောက်ရဲ့ ရှေ့ရေးဟာ အလုပ်က ပြုတ်သွားတာနဲ့ တည်မြဲမှု မရှိတော့တာကိုလည်း သတိပြုမိဖို့ လိုပါတယ်........

နောက်တစ်ခုက လစ်ရင် သူကြွယ်တောင် ခိုးတယ်ဆိုတဲ့ မြန်မာစကားပုံလည်း ရှိပါတယ်...... လူပြတ်လတ်တဲ့ နေရာတွေမှာ ရာဇဝတ်မှုတွေ ဖြစ်နေတာတွေဟာ ငါလုပ်တာကို လူမသိဘူး၊ သက်သေမရှိနိုင်ဘူးလို့ ယူဆပီးတော့ လုပ်လာတဲ့အတွက်ကြောင့်လည်း အများကြီး ပါဝင်ပါတယ်...... လူတွေက မျက်စိနဲ့ ဒေါက်ထောက် ကြည့်နေတယ်ဆိုရင် ရာဇဝတ်မှု ကျူးလွန်မယ့်သူဟာ တန့်သွားမှာ ဖြစ်သလို၊ ရာဇဝတ်မှု ကျူးလွန်သူကိုလည်း ချက်ခြင်း ခြေရာခံလိုက်နိုင်မှာ ဖြစ်ပါတယ်..... အထူးသဖြင့် မြန်မာနိုင်ငံရဲ့ မြို့ကြီး ပြကြီးတွေမှာ ရာဇဝတ်မှု နည်းနိုင်သမျှ နည်းစေဖို့က ဥပဒေစိုးမိုးမှု ကွန်ယက်ကို ဖြန့်ကျက်နိုင်ဖို့ လိုပါတယ်......

့မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု ကွန်ယက် ဖြန့်ကျက်ရာမှာ အထောက်အကူ အပြုဆုံးကတော့ CCTV လို့ခေါ်တဲ့ လုံခြုံရေး ကင်မရာများပဲ ဖြစ်ပါတယ်..... တစ်နိုင်ငံလုံး မဖြန့်ကျက်နိုင်ရင်တောင် အဓိက နေရာတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားခြင်းအားဖြင့် ရာဇဝတ်မှုတွေကို အထိုက်အလျောက် ကာကွယ်လာနိုင်မှာ ဖြစ်သလို၊ ပြစ်မှုတစ်ခု ဖြစ်လာခဲ့ရင်လည်း တရားခံကို ခြေရာခံဖို့ အလွန် လွယ်ကူလာမှာပါ....... အခုနောက်ပိုင်း အဓိက မြို့ကြီးတွေမှာ ရာဇဝတ်မှုတိုင်း တရားခံကို လျင်လျင်မြန်မြန် ခြေရာခံနိုင်တာ၊ ဖမ်းမိတာတွေဟာ CCTV အကူအညီတွေကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး.....

တစ်ချိန်တုန်းကတော့ အထင်ကရ မြို့ကြီးတွေမှာ CCTV တပ်ဖို့ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်နေမှာပါပဲ...... ဘာလို့လည်းဆိုတော့ တပ်ထားတဲ့ CCTV ကို ဖြတ်ခိုးသွားမှာ စိုးရိမ်နေရတဲ့ အခြေအနေ...... အခုလို ဆင်းကဒ်တွေ ဈေးသက်သက်နဲ့ ချပေးနေတဲ့အချိန်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပီး CCTV တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ Central Control ကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်အောင် လုပ်လို့ ရနေပါပီ.... လက်ရှိ မြန်မာနိုင်ငံ အင်တာနက်ဟာ Backbone ရဲ့ Bottle Neck ကြောင့် နှေးကွေးနေပေမယ့် Inland Intranet ကတော့ မြန်နှုန်းက မြင့်ပီးသား ဖြစ်တဲ့အတွက် ဒါကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်...... တစ်ခုတော့ ရှိပါတယ်.... တစ်ချိန်က မှန်အမည်း တပ်တဲ့ ကားတွေကို သက်ဆိုင်ရာ ယဉ်ထိမ်းရဲတွေက အရေးယူပေမယ့် ၅၁ လမ်းရုံးမှာ တာဝန်ကျ ကွန်ပျူတာ စာရေးကို တစ်လ ငါးသောင်းပေးထားရင် အမှုတက်လာတာနဲ့ အဲ့ဒိ ကားနံပါတ်ကို ဖျက်ပစ်တဲ့ အလေ့အကျင့်မျိုး မဖြစ်အောင်တော့ ကြပ်မတ်ရမှာ ဖြစ်ပါတယ်.....

လျှပ်စစ်မီး မရလို့ CCTV တွေ အလုပ်မလုပ်မှာကိုလည်း စိုးရိမ်ဖို့ အထူးမရှိပါဘူး.... Solar Panel တွေနဲ့ ချိတ်ဆက်ပီး CCTV တွေကို တပ်ဆင်ထားလို့ ရပါတယ်.... ဒီလိုပဲ အရေးကြီး ပွဲတွေမှာ Solar Panel ပါတဲ့ Mobile CCTV တွေကို တပ်ဆင်ထားမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးအတွက် အတော်လေး တာသွားမယ်လို့ မြင်မိပါတယ်..... စင်္ကာပူမှာ လူတွေ ဥပဒေ လိုက်နာတယ်ဆိုတာ CCTV တွေကနေ အရာရာကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့အတွက် ရာဇဝတ်မှု ပြုလုပ်သူတိုင်း ပြေးမလွတ်တာကြောင့် ဆိုရင်လည်း မမှားပါဘူး.....

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေမှာ CCTV တပ်ဆင်ပီး မှုခင်းကျဆင်းရေးကို ဖော်ဆောင်သင့်နေပီလို့ မြင်ပါတယ်..... တစ်နိုင်တစ်ပိုင်အရ မလုပ်နိုင်ဘူး ဆိုရင်တောင် လက်ရှိ ဆန်ရှင်ဖွင့်လာတဲ့နောက်ပိုင်း US, UK တို့ကိုယ်တိုင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို လိုလိုလားလား ရှိနေချိန်မှာ ဒါတွေကို အကောင်အထည်ဖော်ဖို့ အကူအညီတောင်းသင့်တယ်လို့ မြင်မိပါတယ်..... ဒါမှသာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေမှာ မျက်ကွယ်ကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုတွေ လျော့ကျလာမှာ ဖြစ်သလို ပြစ်မှု ကျူးလွန်သူ တရားခံတွေကို လျင်မြန်စွာ ဖော်ထုတ် အရေးယူနိုင်ပါလိမ့်မယ်....... ရာဇဝတ်မှုတွေ ကင်းဝေစေဖို့ ရဲတပ်ဖွဲ့ကိုပဲ ဖိအားပေးနေလို့ မရပါဘူး..... သူတို့အတွက် လုံလောက်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာ ပံ့ပိုးပေးနိုင်ဖို့ လိုတယ်ဆိုတာလေး အသိပေးလိုက်ပါရစေ......

Photo Copied from Internet
Voice of James Mint

ကမ္ဘာကြော်မှ တကယ့်ကို ကမ္ဘာကြော်။ ကမ္ဘာလုံးကြီးကိုတောင် ထည့်ပြီးဆီနဲ့ ကြော်လို့ ရတဲ့ ဒယ်အိုးကြီးများလို့ ရေးချင်တာပါ။ အကြီးကြီးမှ တကယ့်ကို
အကြီးကြီး။ အကြီးကြီး ကြံ၊ အကြီးကြီး ပြော၊ အကြီးကြီး လုပ်တတ်တဲ့ဒယ်အိုးကြီးတွေအကြောင်းပါ။

၈၈၈၈ အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်ပွဲက နီးလာပြီဆိုတော့ ၈၈ ဆရာများရဲ့ အရေးအသား အပြောအဆိုများကို ခပ်စိပ်လေး ဖတ်ရ၊ ကြားရပါတယ်ခင်ဗျာ။
အခု ခပ်စိပ်လေး ဖတ်ရ၊ ကြားရတယ်ဆိုတော့ အရင်ကရောလို့ မေးစရာရှိပါတယ်။အရင်ကလည်း ခပ်စိပ်စိပ်ပါဘဲ။ ခုလောက်ကြီး မစိပ်တာဘဲရှိပါတယ်။
ကဗျာတွေရေး၊ ၀တ္ထုတွေရေး၊ သီချင်းတွေစပ်၊ ပန်းချီတွေဆွဲ၊ အင်တာဗျူးတွေလုပ်၊စာပေဟောပြောပွဲတွေဟော၊ နိုင်ငံရေးအဘိဓမ္မာတွေပို့ ချ၊ သံချပ်တွေထိုး၊
ပါဖောန်မန့် တွေလုပ် အမယ်လေး.. ရေးရတာတောင် မောလာတယ်။ဒါတောင် ချက်ချင်း ခေါင်းထဲပေါ်လာတာတွေ ချရေးလိုက်တာ ကျန်ခဲ့တာများရှိရင်
ခွင့်လွှတ်စေချင်ပါတယ်။ အဲ.. မေ့လို့ မေ့လို့ ၊ အင်မတန် အရေးကြီးတဲ့ကိစ္စတစ်ခုကျန်ခဲ့တော့မလို့  ပြည်တွင်းပြည်ပခရီးတွေထွက်.. ဒါဆို အတော်ပြည့်စုံသွားပါပြီ။

၈၈ ဆရာတွေရဲ့  လတ်တလော လုပ်ငန်းစဉ်နဲ့ လုပ်ခဲ့သမျှပါ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားချင်းပြန်တည့်ရေး၊
အမျိုးသားချင်းပြေလည်ရေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ အလုပ်တွေအစုံလုပ်နေလိုက်ကြတာ၊ အားရစရာကြီးခင်ဗျ။

မောင်မှန်က မင်းသားကြီးဝင်းဦးကို အတော် သဘောကျ နှစ်ခြိုက်ခဲ့တာ။မင်းသားကြီးဝင်းဦးဟာ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ တေးရေး၊ ဒါရိုက်တာ၊စာရေးဆရာ စတဲ့ နှလုံးရည် အနုပညာလုပ်ငန်းတွေကို အကုန်လုပ်၊ အကုန်အောင်မြင်ခဲ့ပါတယ်။ လက်ရုံးရည် အကြမ်းပညာဘက်ကိုရော ကြည့်ဦးမလား။စစ်ဗိုလ်လုပ်ဖူးတယ်၊ ဂျူဒိုကစားတယ်၊ အလေးမတယ် ကဲ.. ဘာပြောစရာရှိသေးသလဲဗျာ။ အခုတော့ မောင်မှန် မင်းသားကြီးဝင်းဦးထက် ပိုပြီး နှစ်ခြိုက်အားကျရမယ့်သူတွေ တွေ့ နေပါပြီ။ မင်းသားကြီးက ဘယ်လောက်ဘဲ စုံတယ်
ပြောပြော နိုင်ငံရေးသမားတော့ မလုပ်ဖူးပါဘူး။ ဒီမှာတင် အားကျစရာကတစ်ခုပိုသွားပါပြီ။ ဓာတ်ရှင်မင်းသား မဖြစ်သေးတာကိုတော့ လာမပြောနဲ့ လေ။မောင်မှန်ဆရာတွေ လက်မခံသေးလို့ သာ။ ကမ်းလှမ်းတာတွေ ရှိနေပြီ။အခုလက်ခံ အခုဓာတ်ရှင်မင်းသားဖြစ်ပြီ။ ရုပ်ရည်ရူပကာ ကိစ္စကတော့ဘ၀အကျိုးပေးဘဲလေ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ မိတ်ကပ်တွေကောင်းပါတယ်။မျက်ပေါက်ကျဉ်း၊ နှာခေါင်းလန်၊ နှုတ်ခမ်းတိုတွေတောင် မင်းသားလုပ်စားနေတဲ့ခေတ်ကြီးဗျာ။ အသားမည်းတော့ရော ဘာဖြစ်သေးတုန်း၊ ကင်မရာတောင်
စားသေးတယ်။ အခုမရိုက်သေးတာက တိုင်းကျိုးပြည်ပြုလုပ်ငန်တွေဆောင်ရွက်နေရတော့ ကမ်းလှမ်းတဲ့ကုမ္ပဏီကို ရိုက်ရက် မပေးနိုင်မှာစိုးလို့ ပါ။အော်ပရာလောက်၊ ပြဇာတ်လောက်တော့ လုပ်ကြည့်မလားလို့ စဉ်းစားနေပါပြီ။

မင်းသားကြီးဝင်းဦး မပြောခဲ့ဖူးတဲ့ ကမ္ဘာကြော်မယ့်ဒယ်အိုး စကားအကြီးကြီးတွေလည်း ကိုယ့်ဆရာတွေက မခါမလပ် ပြောတတ်သေးခင်ဗျ။ တိုက်စရာရှိရင်
ငါတို့ ဘဲတိုက်မယ်တဲ့။ ကျန်သူတွေ ဖယ်နေကြတဲ့။ ဘယ်လောက်တောင် စွန့် လွှတ်အနာခံလိုက်တဲ့ စကားလဲဗျာ။ မောင်မှန် အားမကျ ခံနိုင်ရိုးလား။ ဒါပေမယ့်..
ဆရာသမားတွေရဲ့ သင်္ကေတ အရုပ်တွေကတော့ ခွပ်ဒေါင်းမှ ကဒေါင်း၊ကဒေါင်းမှ ချိုး အမျိုးမျိုး ပြောင်းလဲခဲ့ပါပြီ။ ဒါကလည်း တိုက်စရာမရှိတော့လို့ 
ဖြစ်မှာပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ အထမြောက်သွားလို့ ဖြစ်မှာပေါ့။ခွပ်ဒေါင်းဘ၀နဲ့ တိုက်ခဲ့ကြ၊ အောင်ပွဲရတော့ ကလိုက်ကြ။ ပြီးတော့ ကြည်စေ၊
အေးစေ၊ ငြိမ်းချမ်းစေ၊ ငြိမ်းချမ်းရေးရကြလို့ ချိုးငှက်ဘ၀ ရောက်ခဲ့ရပြီဆိုတဲ့သဘောပေါ့။ “ငါ၏ဘ၀တွင် တိုက်ပွဲများဖြင့် ပြည့်လျှမ်းနေပါစေ” မဟုတ်တော့ဘူး၊
“ငါ၏ဘ၀တွင် အောင်ပွဲများဖြင့် ပြည့်လျှမ်းခဲ့လေပြီ” ဖြစ်သွားပြီ။ ဂစ်တာလည်းရောင်းပြီးပြီ။ ဒီတစ်ခါ မယ်ဒလင်ရောင်းဦးမလား မသိဘူး။ မောင်မှန် မ၀ယ်နိုင်မှာ
သေချာပါတယ်။

နောက်ဆရာတစ်ယောက် ပြောတာကျ အဘိဓမ္မာ ပိုဆန်တယ်ခင်ဗျ။မောင်မှန် ပိုပြီးကြွေတယ်။ “၁၉၈၈ တုန်းက လူမိုက်တွေလိုတယ်။ ၂၀၁၃ ကျတော့
လူလိမ္မာတွေ လိုတယ်” တဲ့။ ကဗျာဆရာကြီး မောင်သင်းခိုင်ပြောသလို လွှတ်လှ၊လွှတ်လှလို့ ဘဲ ပြောလိုက်ချင်ပါရဲ့ ခင်ဗျာ။ နယ်ချဲ့ ခေတ်တုန်းက ထင်ရှားခဲ့တဲ့
လူမိုက်အလိုရှိသည် ဆိုတဲ့ စကားကိုလည်း ပြန်အမှတ်ရမိပါတယ်။၈၈ မှာ လူမိုက်လိုတယ်ဆိုတာလည်း အမှန်ဘဲလေ။ ၂၀၁၃ မှာ လူလိမ္မာလိုတယ်ဆိုတာကျ ဘယ်လိုများပါလိမ့်။ မောင်မှန်ဖတ်ဖူးတဲ့ ဆရာမောင်သာရရဲ့ ကဗျာတိုလေးတစ်ပုဒ်ကို သွားတွေးမိတယ်။ စကားလုံး အတိအကျတော့မမှတ်မိတော့ဘူး။ ဒါပေမယ့် အဓိပ္ပာယ်ကတော့ ခုရေးပြမယ့်အတိုင်း မလွဲပါဘူး။
“ခွေးကလေးကို လက်ပေးသင်၊ တတ်သွားလျှင် ခွေးလိမ္မာတဲ့၊ ငှက်ကလေးကိုစကားသင်၊ စကားတတ်လျှင် ငှက်လိမ္မာတဲ့၊ လူကလေးကို ခေါင်းညိတ်သင်၊
ခေါင်းညိတ်တတ်လျှင် လူလိမ္မာတဲ့” ဆရာမောင်သာရရဲ့ ကဗျာပါ။ ၂၀၁၃ မှာလိုနေတာ အဲလို လူလိမ္မာမျိုးလား မသိဘူး။ ဆရာတွေက မောင်မှန်တို့ ကို
ခေါင်းညိတ်အောင် သင်ကြားပေးနေတာများလား မသိဘူး။ ခေါင်းညိတ်တတ်တာနဲ့ လူလိမ္မာတဲ့။ ခေါင်းလေးတညိတ်ညိတ်နဲ့  တိုင်းပြည်တည်ဆောက်ရေးမှာ
လူလိမ္မာဆန်ဆန် ပူးပေါင်းပါဝင်ရဦးမှာပေါ့လေ။ ခေါင်းညိတ်ခေါင်းခါ မတတ်ပါလုပ်လို့ ရတဲ့ခေတ် မဟုတ်တော့ဘူး။ ခေါင်းညိတ်ပါသည် ဒီမိုကရေစီခေတ်
ရောက်ခဲ့ပါပြီ။

နောက်ဆုံး ဆရာတစ်ယောက်ရဲ့ ဒယ်အိုးစကားလေးနဲ့ ဘဲ ပိတ်လိုက်ပါရစေ။“၈၈ ကို လမ်းပေါ်ကနေ စင်ပေါ်ရောက်အောင် လုပ်ခဲ့ပြီ။” တဲ့။ ၈၈ ရဲ့ စစ်မှန်တဲ့
လူထုဆန္ဒတွေ၊ လူထုအသံတွေ၊ လူထုသွေးတွေ၊ လူထုချွေးတွေ၊ လူထုဝိညာဉ်တွေဟာ ဒီနေ့ အထိ ကမ္ဘာအနှံ့  လွင့်ပျံ့ နေတုန်းပါ။ လူထုဘ၀ဟာ ပြည့်စုံခဲ့ပါပြီလား။
မောင်မှန်ကတော့ မပြည့်စုံသေးပါဘူး။ ကိုယ့်ဆရာတွေ စင်ပေါ်တင်လိုက်တဲ့စင်တင်ပြဇာတ်မှာ ဝေလေလေဘဲဖြစ်ဖြစ် တစ်ခန်းလောက် ပါဝင်ခွင့်ရမှသာ
ပြီးပြည့်စုံသွားမှာပါ။ ကမ္ဘာကြော်မယ့် ဒယ်အိုးတွေ ကျန်းမာချမ်းသာကြပါစေ..။

မောင်မှန်

(TRUE NEWS ဂျာနယ် အတွဲ ၅၊ အမှတ် ၄၁ တွင် ဖော်ပြပါရှိသောမောင်မှန် ၏ “ကမ္ဘာကြော်မယ့် ဒယ်အိုးကြီးများ” မှ ကောက်နုတ်ပါသည်။
ပုံမှာ အဆိုပါဆောင်းပါး၏ သရုပ်ဖော်ပုံဖြစ်ပါသည်)

auun myo tun

(The Jakarta Globe မှ23 July 2013 ရက်စွဲပါ “Burmese refugees Hesitant to return to Myanmar :NGO ”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များအား လတ်တလောပြုလုပ်နေသည့် ဆာဗေးစစ်တမ်းသည် အရေအတွက် များစွာ ပြန်ပို့ရေးကိစ္စတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသည်။

“အဓိကကတော့ ဒုက္ခသည်စခန်းမှာနေထိုင်ပြီး နောက်ပိုင်း အနာဂါတ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဖြစ်ပါတယ်”ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Viven Tan က IRIN သတင်းဌာနသို့ ပြောကြား သည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် လုက်ကိုင်နေသော NGO အုပ်စုများ ညွန့်ပေါင်းအဖွဲ့ TBC ၏ အစိုးရနယ်စပ် တစ်လျှောက် ထိုင်းအစိုးရဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၉ ခုတွင်ခိုလှုံနေသော ဒုက္ခသည် ၁၃၀၀၀၀ နီးပါးရှိနေပြီဟု သိရသည်။

ဇွန်လလယ်မှစတင်ကာ ဇူလိုင်လအလယ်တွင် ပြီးစီးခဲ့သောဆာဗေး၌ ပါဝင်သည့် မဲဆောက်အနီးမှ မယ်လစခန်း တွင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၆၀၀၀ ကျော် နေထိုင်သည်ဟုဆိုသည်။

ဆာဗေးပြုလုပ်ရာတွင် ဆန္ဒအလျောက် ပြန်မလား၊ တတိယနိုင်ငံတွင် အခြေစိုက်မလား၊ ထိုင်းနိုင်ငံတွင် နေချင်သ လား စသည်တို့ကို မေးမြန်းခဲ့ပြီး၊ ဒုက္ခသည်များ၏ ဇာတိ၊ မိသားစုဦးရေ၊ ပညာရေးအဆင့်၊ တတ်မြောက်ထားသော အလုပ် အကိုင်ကျွမ်းကျင်မှု စသည့်အချက်အလက်များလည်း ပါဝင်သည်။

UNHCR က ရန်ပုံငွေ ထုတ်ပေးကာ ထိုင်း NGO မယ်ဖာလန် ဖောင်ဒေးရှင်းဝန်ထမ်း ၁၀၀ ဖြင့်ပြုလုပ်ခဲ့သော ဆာဗေး၏ နောက်ဆုံးရလဒ် အစီရင်ခံစာများကို လာမည့်သတင်းပတ်များအတွင်း ထုတ်ပြန်နိုင်မည်ဟု သိရသည်။

ကရင်ဒုက္ခသည် ကော်မတီ ဒုတိယဥက္ကဋ္ဌ စောဂျော့က “မြန်မာနိုင်ငံထဲမှာ အခြေအနေက ရှုပ်ထွေးနေတုန်း ပါ။ လူတွေက ပြန်ရမှာကို စိုးရိမ်နေကြတယ်။ အများစုက မပြန်ချင်ကြသေးဘူး” ဟုရှင်းလင်းပြောကြားသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ Viven Tan က ဒုက္ခသည်များကို ပြန်ပို့ရန် ခိုင်ခိုင်မာမာ အစီအစဉ်မရှိသေးကြောင်း၊ သို့သော် ဆာဗေးရလဒ်များက ကယ်ဆယ်ရေး အေဂျင်စီများ ကြိုတင်ပြင်ဆင်မှု ကို ထောက်အကူပြုကြောင်း ပြောကြား ပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့် ၂၀၁၅ တွင် ဒုက္ခသည်များပြန်ပို့သည့် အစီအစဉ် အကောင်အ ထည်ပေါ်နိုင် သည်ဟု ပြည်တွင်းမီဒီယာများက ခန့်မှန်းကြသည်။

ဒုက္ခသည်များက မလိုလားကြ

ဒုက္ခသည် အများစုက ဆာဗေးကို ဖြေကြားရန် မလိုလားကြပေ။ ၎င်းတို့က မူလရွေးချယ်ထားသည့် အတိုင်း ဖက်တွယ် ထားသင့်သည်ဟု ယုံကြည်နေကြသည်။

“သူတို့ရဲ့အဖြေတွေနဲ့ သူတို့ကိုပြန်ပြီး မချည်တုတ်ဘူးဆိုတာကို အသိပေးဖို့ ကျွန်တော်တို့ ကြိုးစားရပါတယ်။ ဒီလိုပဲ သူတို့ ရွေးချယ်တဲ့အတိုင်း ဖြစ်ရမယ်လို့လည်း ကျွန်တော်တို့ ကတိမပေးနိုင်ပါဘူး”ဟု Viven Tan ကဆိုပါသည်။

ဒုက္ခသည် ၄၆၀၀၀ နေထိုင်သော အကြီးဆုံး မယ်လစခန်းအပြင် နောက်ထပ် ဆာဗေးပြုလုပ်ရန် ဆုံးဖြတ်ထားခြင်း မရှိသေးဟု UNHCR ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းပြုပြင်ပြောင်းလဲမှုများနှင့် အပစ်ရပ်စဲမှုများကြောင့် ဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်များ အစပျိုးလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုက္ခသည်များ တစ်ချိန်က နေထိုင်ခဲ့သော ဇာတိရပ်ရွာများတွင် လုံခြုံရေးနှင့် အခြေခံအဆောက်အဦး ပြဿနာများ ရှိနေသည်။ အိမ်အပြန်လမ်းတွင် မြေမြှုပ်မိုင်းများ၊ မြေအငြင်းပွားမှုများ၊ အစိုးရ၏ အာမခံချက်မပေးနိုင်မှုများက အတားအဆီးဖြစ်နေသည်ဟု Tan ကဆိုပါသည်။

ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများ၊ ကရင်ခေါင်းဆောင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ယခုနှစ်အတွင်း ကနဦးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တိကျသော အသေးစိတ် အစီအစဉ်များ ထွက်ပေါ်လာခြင်းမရှိဟု စောဂျော့က ပြောကြားသည်။

“ကျွန်တော်တို့ အတူတကွ မလုပ်ကိုင်ခင်မှာ အပြန်အလှန်လေးစားမှု၊ နားလည်မှုတွေ ရှိဖို့လိုပါတယ်”ဟု ၎င်းကဆိုသည်။

ထိုအတောအတွင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ဒုက္ခသည်စခန်းများကို ပိတ်ရန်အလျင်လို လောဆော်ခြင်း မရှိပါဟု မကြာခဏ ကတိပေး အာမခံထားကြသည်။ မည်သို့ပင် ကတိပေးစေကာမူ နယ်စပ်ဖြတ်၍ နောက်ထပ် မထိန်းနိုင် မသိမ်းနိုင် ဝင်မလာအောင် တားဆီးရာတွင် အဆက်မပြတ် ပြန်ပို့ခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

“သဘောတရားအရဆိုရင်တော့ ဒုက္ခသည်တွေရဲ့ ဆန္ဒအပေါ်မှာ လုံးဝမူတည်သင့်တာပေါ့”ဟု UNHCR တာဝန်ရှိ သူက ဆိုပါသည်။

Yangon chronicle


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်ရန် ကြေညာချက်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ထုတ်ပြန်လိုက်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက The Voice သို့ ပြောကြားသည်။

ရေနံချောင်းမြို့တွင် နှစ်ပေါင်း ၈၀ ကျော်ကြာ ထိန်းသိမ်းထားသော ဗိုလ်ချုပ် အောင်ဆန်းလက်ရေးမူကို တိကျစွာ ပြောဆိုခြင်းမရှိဘဲ ယူဆောင်သွားခြင်းကို လုံးဝလက်မခံဘဲ မြို့သူမြို့သားများက သမိုင်းအမွေအနှစ်အဖြစ် တန်ဖိုးထားသော အဆိုပါစာအုပ်ကို အမြန်ဆုံး ပြန်လည်ပေးအပ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို နိုင်ငံတော်အဆင့် ထိန်းသိမ်းမည်ဆိုလျှင် အခြားပျောက်ကွယ်နေသော ဗိုလ်ချုပ်ပုံရိပ်များကို ပြန်လည် ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း အဆိုပါ ထုတ်ပြန်ချက်ကို ကိုးကားကာ ဦးမြင့်ငွေက ပြောကြားသည်။

“ဗိုလ်ချုပ်ရဲ့သမိုင်းကို ထိန်းသိမ်းချင်ရင် ဗိုလ်ချုပ်ပိုက်ဆံကို ဘာလို့သိမ်းလိုက်သလဲ။ ကျောင်းတွေမှာ ဗိုလ်ချုပ်ပုံတွေကို ဘာလို့ မချိတ်တော့သလဲ” ဟု ၎င်းကဆိုသည်။

ယင်းကော်မတီ နာယကဖြစ်သူ ရေနံချောင်းမြို့ မဟာဓမ္မိကရာမစမ္ပာယ်ရုံ ကျောင်းတိုက်ဆရာတော် ဦး ဝါသဝက “ပြန်လည် ညှိနှိုင်းစေချင်တယ်။ ဗိုလ်ချုပ် ဂုဏ်မငယ်အောင် ခမ်းခမ်းနားနား အထိမ်းအမှတ်လေး လုပ်ပြီးမှ စာအုပ်ကို သယ်သင့်တာ” ဟု မိန့်ကြားသည်။

ကော်မတီတွင် အဖွဲ့ဝင်၂၁ ဦးပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမှု ပြန်လည်ရရှိရေး ကော်မတီကို နာယကအဖြစ် ရေနံချောင်းမြို့မှ သံဃာတော်ခုနစ်ပါး ထားရှိကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗဟိုကျောင်းသားများသမဂ္ဂ၊ ကုန်သည်ကြီးများအသင်းနှင့် ရေနံချောင်း မြို့မိမြိုဖများ ပူးပေါင်းကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို ရေနံချောင်းမြို့ အထက (၁)
တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းကျောင်းအုပ် ဆရာမကြီးထံမှ လာရောက်ယူဆောင်သွားခြင်း ဖြစ်သည်။

ဟိန်းသွင်ထက်
The voice weekly

၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးထံသို့ ဗြိတိသျှ စစ်သံမှူး က လာရောက်တွေ့ဆုံနှုတ်ဆက်ပြီး ဗြိတိသျှခေတ် မြန်မာ့တပ်မတော် အကြောင်း၊ လွတ်လပ်ပြီးခေတ် တပ်မတော်သားများ အခြေအနေနှင့် လက်ရှိတပ်မတော်အပေါ် စစ်သေနာပတိချုပ်ဟောင်း တစ်ယောက်အနေဖြင့် နာယကဦးတင်ဦး၏ သဘောထားကိုမေးမြန်း
ဆွေးနွေး ခဲ့သည်။

ထို့ နောက် ဗြိတိသျှစစ်သံမှူး က ဘဘဦးတင်ဦးအား ဗိုလ်ချုပ်ဟု လေးစားသမှုဖြင့်ခေါ်ဝေါ်ခဲ့သည်ကို ဘဘဦးတင်ဦးက ယခု ၄င်းသည် ဦးတင်ဦးဖြစ်နေပြီဖြစ်သဖြင့် ဗိုလ်ချုပ်ဟု မခေါ်ပါရန်မေတ္တာ ရပ်ခံခဲ့သည်။

ဗြိတိသျှစစ်သံမှူး (Group captain Clive Coombes)က ဦးတင်ဦးသာ ယခုလက်ရှိတပ်မတော်စစ်ဦးစီးချုပ်ဖြစ်နေပြီး၊ သူ လို ဗြိတိသျှစစ်သံမှူး ထံက မည်သည့်အကူအညီမျိုးကိုတောင်းခံမည်လည်းဟုမေးမြန်းရာ၊ ဘဘဦးတင်ဦးက ယနေ့ တပ်မတော်သားများသည် ဗြူရိုကရက်ကြိုးနီစနစ်ဧ။်ဒဏ်ကိုခံစားနေရဆဲဖြစ်ကြောင်း၊ တပ်မတော်သားအများစုမှာ တပ်မတော်တာဝန်နှင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေ ရသော်လည်း။ ရာထူးအခွင့်အလမ်းများရရှိရန်အင်မတန်ခက်ခဲနေကြောင်း၊ ယနေ့ တပ်မတော်သားအများစုမှာ အင်္ဂလိပ်စာ နှင့် တရုတ်စာကို သင်ကြားချင်ကြမှာ ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့်စစ်ရေးဗျူဟာများကို သင်ကြားခွင့်ရရန် အရေးကြီးသည်မှာ မှန်ကန်ကြောင်း၊ သို့ သော်အရေးအကြီးဆုံးမှာ တပ်မတော်သားများတပ်မတော်အတွင်းတွင် လူ့ အခွင့်အရေးများခံစားနိုင်ခွင့်ရရေး၊ မည်သည့်တပ်မတော်သားမဆို ရာထူးတက်ရန်အခွင့်အလမ်းကောင်းများ ညီတူမျှတူရရှိနိုင်ရေးမှာ တပ်မတော်သားများအတွက် အရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်း။ အထက်ပါအချက်များကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး၊ ယူကေ အနေနှင့် လက်ရှိတပ်မတော်နှင့် ဆက်သွယ်ဆောင်ရွက်နေသည်များရှိလျှင်အထက်ပါကိစ္စများကို အလေးပေးဆောင်ရွက်သင့်ကြောင်း ယနေ့ မြန်မာ့တပ်မတော်ခေါင်းဆောင်များကို တိုက်တွန်းသင့်ကြောင်း၊ မိမိအနေနှင့်မှုအကူအညီအထွေအထူးမလိုကြောင်းပြောကြားခဲ့သည်။

ဗြိတိသျှစစ်သံမှူး(Group captain Clive Coombes)က ယခုအခါ ယူကေ နှင့်မြန်မာနိုင်ငံတို့ သည် စစ်ရေးပူးပေါင်းလေ့ ကျင့်မှုများပြုလုပ်ကြမည်ဖြစ်ပြီး၊ အဆိုပါကိစ္စရပ်များကို ဗြိတိသျှတို့ အနေဖြင့် မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံတည်း ပြုလုပ်လျှင်ကောင်းမည်လား (သို့ ) အခြားနိုင်ငံများ ဥပမာ-အမေရိကန်တို့ နှင့်ပါပူးပေါင်းဆောင်ရွက်လျှင် ကောင်းမည်လားဟုမေးမြန်းရာ ဘဘဦးတင်ဦးက ယနေ့ တပ်မတော်ဧ။် အမြင်မှာ အရေးကြီးကြောင်း၊ လက်တွေ့ လုပ်ကိုင်နေကြသူများ ဖြစ်သဖြင့်၊ မည်သည့်ပုံစံက တပ်မတော်သားများကို အကောင်းဆုံးအကျိုးပြုနိုင်မည်ဆိုသည်ကိုတပ်မတော်သား များကသာသိမည်ဖြစ်ကြောင်း၊ မည်သူနှင့်ပဲ သင်တန်းတွေလုပ်လုပ်၊ စစ်ရေးလေ့ကျင့်မှုပြုလုပ်လုပ်၊လာရောက် ကူညီလုပ်ကိုင်သည့် နိုင်ငံများမှ ခေါင်းဆောင်များက မြန်မာ့ တပ်မတော်သားများ ဧ။် ဘ၀အခြေအနေနှင့် ပညာရေးအခြေအနေများကို အမှန်အတိုင်းသိမြင်နိုင်အောင်ကြိုးစားပြီး၊ အောက်ခြေ တပ်မတော်သားများဧ။် အခြေအနေကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးမှ၊ ပြည်သူလူထုကို အလေးထားသည့် အရည်အသွေးပြည့်ဝသည့် တပ်မတော်ခေါင်းဆောင်များပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nld Central

ပြီးခဲ့သော ရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် ကယခုနှစ် ကုန်မတိုင်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကတိက၀တ်ပြုခဲ့သည်။ ယင်းကတိစကား၏ အကျိုးဆက်အဖြစ် ဇူလိုင် ၂၃ရက်တွင် အကျဉ်းထောင် အသီးသီး မှ နိုင်ငံရေး အကျဉ်းသား၇၃ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးလိုက်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူများအနက် အများစုသည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တင်ထားသော စာရင်းတွင် ပါဝင်သူများ ဖြစ်ပြီး ယခုနှစ်မကုန်ခင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို ထပ်မံလွှတ်ပေးဦးမည် ဟု မျှော်လင့်ရသည်။

သို့သော်တစ်ဖက်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်လှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများမှ ပုဒ်မ-၁၈ကဲ့သို့သော နိုင်ငံရေးနှင့်သက်ဆိုင်သည့်အမှုများဖြင့် တရားရင်ဆိုင်နေရသူများရှိနေသည်။ ထို့ပြင် တစ်ချိန်က အစိုးရနှင့် သဘောထားကွဲလွဲသူများကို အပြစ်ရှာဖမ်းဆီး ထောင်ချရန်အတွက် အသုံးချခဲ့သော ဥပဒေများကလည်း ယခင်အတိုင်း ရှိနေသည်။ သို့အတွက် နောက်ထပ် နိုင်ငံရေးအကျဉ်းသားသစ်များ ထပ်တိုးမလာဟု အာမမခံနိုင်ပေ။

ယခင်စစ်အာဏာရှင်လက်ထက်တွင် ဥပဒေများအား ၄င်းတို့ အာဏာတည်မြဲရေးအတွက် လိုသလို အသုံးချခဲ့ကြသည်။ အာဏာရှင် လက်ထက် ဥပဒေများသည် ပြည်သူကို အကာအကွယ်ပေးရန်အတွက် မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ရန်အတွက်သာဖြစ်ခဲ့သည်။ အစိုးရနှင့် သဘောထားကွဲလွဲသူများနှင့် အတိုက်အခံများကို အချိန်မရွေး ဖမ်းဆီး ထောင်ချနိုင်ရန်အတွက် ဥပဒေများကို ထောင်ချောက်သဖွယ် အသုံးချခဲ့ကြသည်။ အဂတိမှုကြီးစိုးပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်အတွက် တည်ဆဲ ဥပဒေများသည် နိုင်ငံအတွင်း နေထိုင်သူအားလုံးအပေါ် တစ်ပြေးညီအကျိုးသက်ရောက်ခဲ့ခြင်းမရှိဘဲ အာဏာပိုင်များနှင့် ပေါင်းနိုင်သူများက ဥပဒေကို မျက်ကွယ်ပြု၍ လုပ်ချင်တိုင်းလုပ်နိုင်ခဲ့ကြသည်။

အတိုက်အခံနိုင်ငံရေးသမားများနှင့် နိုင်ငံ့အရေး တက်ကြွလှုပ်ရှားသူများကိုမူ ဥပဒေများကို လိုသလို အဓိပ္ပာယ်ဖွင့်၍ ဖမ်းဆီးထောင်ချခဲ့သည်။ ကွန်ပျူတာတစ်လုံးကြောင့်သော်လည်းကောင်း၊ မိတ္တူစက်တစ်လုံး ကြောင့်သော်လည်းကောင်း၊ စာရွက်တစ်ရွက်၊ စာအုပ်တစ်အုပ် ကြောင့်သော်လည်းကောင်း၊ ဓာတ်ပုံတစ်ပုံကြောင့်သော်လည်းကောင်း၊ နိုင်ငံခြားငွေစက္ကူတစ်ရွက်ကြောင့်သော်လည်းကောင်း အချိန်မရွေးဖမ်းဆီး၍ရနိုင်သည့် အနေအထားမျိုးရောက်အောင် အာဏာရှင်တို့က ဖန်တီးခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံသားအားလုံးမှာ အာဏာရှင်တို့၏ ဥပဒေထောင်ချောက်ထဲ ပိတ်မိသွားတော့သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေသည်ဟုဆိုသော ယနေ့ အချိန်ကာလ၌မူ အဆိုပါ အနေအထားမျိုး မရှိသင့်တော့ပေ။ နိုင်ငံ့အရေးတက်ကြွလှုပ်ရှားသူများနှင့် အစိုးရနှင့်သဘောထားကွဲလွဲသူများကို လိုအပ်ပါက ဖမ်းဆီးထိန်းသိမ်းနိုင်စေရန် ဖန်တီးထားသော ဥပဒေထောင်ချောက်များကို ဖယ်ရှားရှင်းလင်းပစ်ရ တော့မည်ဖြစ်သည်။ ထို့ပြင် နောက်ထပ်ပြင်ဆင်ပြဋ္ဌာန်းသော ဥပဒေသစ်များ၌လည်း အာဏာပိုင်များ ဖိနှိပ်ခွင့်ရစေသောအချက်များပါဝင်မလာစေရန် အရေးကြီးပေသည်။ တည်ဆဲဥပဒေမှန်သမျှနှင့် အသစ်ပေါ်ထွန်းလာမည့်ဥပဒေအားလုံးသည် ပြည်သူကို အကာအကွယ်ပေးသော အရာများသာ ဖြစ်သင့်သည်။ သို့မဟုတ်ပါက နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးကြောင့် အရေးယူခံရသူများကို ဆက်လက်မြင်တွေ့ သွားရဖွယ်ရှိနေသည်။

မြန်မာသံတော်ဆင့်အယ်ဒီတာ အာဘော်


၉၃ နှစ်ကြာ သမိုင်းကာလအတွင်းတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် အတက်အကျမျိုးစုံကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း ၁၉၆၃ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ဆိုရှယ်လစ် အစိုးရလက်ထက်တွင် မြန်မာ့ရုပ်ရှင်အကျပိုင်းသို့ ရောက်ခဲ့သည်ဆိုသည်မှာ လုံးလုံးလျားလျားမှန်သည်ဟု မဆိုနိုင်ပါ။ ထိုအစိုးရလက်ထက်နောက်ပိုင်း စစ်အစိုးရက အာဏာသိမ်းယူပြီးသည့်နောက် ဆယ်စုနှစ်များစွာအကြာမှာ လုံးဝပျက်စီးယိုယွင်းသွားခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ့ရုပ်ရှင်နေ့ဟု နောက်ပိုင်းတွင် သတ်မှတ်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်တွင် မေတ္တာနှင့်သူရာရုပ်ရှင်ဇာတ်ကားဖြင့် အစပြုခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် အစပိုင်းတာထွက် အလွန်ကောင်းခဲ့ပါ သည်။ ၁၉၂၀ ပြည့်နှစ်အစောပိုင်း ကာလများတွင် မြန်မာ့ရုပ်ရှင်မင်းသမီးများက အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့တွင် သွားရောက်သရုပ်ဆောင်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင်မူ အသံတိတ်မှ အသံထွက်ရုပ်ရှင်များ ရိုက်ကူးလာသည်။ အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်က မြန်မာနိုင်ငံ၏ နောက်တစ်နှစ်ကြာမှသာ အသံထွက်ဇာတ်ကားကို ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်အထိ ရိုက်ကူးခဲ့သည့် မြန်မာရုပ်ရှင်များမှာ ရာဇ၀င်ကားများနှင့် မိသားစု ဇာတ်လမ်းများသာများသည်။
၁၉၃၀ ပြည့်နှစ်တွင် အေ၀မ်းကုမ္ပဏီက ၂၃ ဟက်တာမြေအကျယ်ရှိသော မြန်မာဟောလိဝုဒ်ဟု ခေါ်ဆိုရသည့် အေ၀မ်းရုပ်ရှင်ခြံကို တည်ခဲ့သည်။

“ဒီရုပ်ရှင်ခြံက မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ ထည်ဝါခမ်းနားအရေးပါခဲ့မှုကို ပြတာပေါ့ဗျာ” အေ၀မ်းခြံတည်ထောင်သူ ဦးညီပု၏ တူဖြစ်သူဦးမြင့်စိုးက ပြောကြားသည်။

၁၉၃၀ ပြည့်နှစ်တွင်မူ မြန်မာစတန့် စွန့်စားခန်းရုပ်ရှင်များနှင့် ကာတွန်းကားများလည်း ရိုက်ကူးလာခဲ့ပါသည်။ ရုပ်ရှင်များက
လူမှုရေးနှင့်နိုင်ငံရေးကို ရိုက်ကူးထားသော်လည်း ထိုအချိန်က လောင်းကစားနှင့် အကျင့်ပျက်ခြစားမှုများကို ဖော်ပြထားသည့်အတွက် ရုပ်ရှင်ကား အတော်များများ ဗြိတိသျှ အစိုးရ ဆင်ဆာဖြတ်တောက်ခြင်းကိုခံခဲ့ရ၏။ ၁၉၄၁ ခုနှစ်အကျော် ဂျပန်ခေတ်တွင် ရုပ်ရှင်ရုံအတော်များများမှာ ဗုံးကြဲခံရပြီး ရုပ်ရှင်လည်း ငါးနှစ်လောက်ရိုက်ကူး နိုင်ခြင်းမရှိခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်က “၁၉၄၆ မှာတော့ ရုပ်ရှင်တွေပြန်စရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အရည်အသွေးမကောင်းဘူး။ ဂျပန်ခေတ်မှာ ဖလင်မ၀ယ်နိုင်တော့ ဖလင်တွေကို မြေထဲမြှုပ်ပြီးသိမ်းထားကြတယ်။ အဲဒီမှာ အပူရှိန်ကြောင့် ဖလင်တွေပျက်စီးကုန်တယ်” ၁၉၄၇ ခုနှစ်တွင် ရုပ်ရှင်ကား နှစ်ဆယ်ခန့် ရိုက်ကူးခဲ့ပြီး ထို့နောက်တွင် တစ်နှစ်ကို ကားလေးဆယ်၊ ကားငါးဆယ်အထိ တိုးတက်လာခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်ကဲ့သို့ မြန်မာရုပ်ရှင်၏ ခေတ် အကောင်းဆုံးကာလက ၁၉၅၀ ပြည့်နှစ်များဖြစ်ပြီး ၁၉၅၂ ခုနှစ်
တွင် အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို စတင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် Crasade Pictures California ကို အတုယူပြီး လူထုအောင်လံရုပ်ရှင်ကားကြီးကို ၀န်ကြီးချုပ်ဦးနုကိုယ်တိုင်ပါဝင် ဇာတ်ညွှန်းရေးသားခဲ့သည်။

“အဲဒီဇာတ်ကားက ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို အားပေးထားတဲ့ ဂန္ထ၀င် ဇာတ်ကားတစ်ကားပါ” ဟု ဆွေဇင်ထိုက်က ဆိုသည်။

၁၉၅၀ ပြည့်နှစ်တွင် ယူနီဗာဆယ်စတူဒီယို၏ အိန္ဒိယဌာန ကိုယ်စားလှယ်က မြန်မာပြည်သို့ လာရောက်ပြီး နည်းပညာအချို့ကို သင်ပြခဲ့ရာ မြန်မာများကလည်း စိတ်ဝင်စားလေ့လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံအရေအတွက်လည်း များပြားတိုးတက်လာသည်။ အေ၀မ်းခြံအဆက်အနွှယ် ဦးအောင်စည်က ထိုခေတ်အကြောင်းကို ယခုလို ပြန်ပြောပြသည်။

“အဲဒီတုန်းကဆိုရင် အိန္ဒိယနဲ့ ထိုင်းသရုပ်ဆောင်တွေတောင် ဒီကိုလာရတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အကုန်ရတယ်လေ”

ဒေါ်ဆွေဇင်ထိုက်ကလည်း “ကျွန်မတို့က တစ်ချိန်တုန်းကတော့ အာရှရုပ်ရှင်လုပ်ငန်းရဲ့ မီးရှူးတန်ဆောင်ပေါ့လေ။ အဲဒီနေ့တွေကိုပဲ ပြန်တမ်းတနေရတာပဲ။ အရင်တုန်းကတော့ ရှေ့က အခုတော့နောက်က။ သဘာဝပဲပေါ့”

ထို့အပြင် ၁၉၅၄ ခုနှစ် ကမ္ဘာကျော် ဗြိတိသျှစစ်ကား ခရမ်းရောင်လွင်ပြင် (Purple Plain) တွင် မြန်မာမင်းသမီးဝင်းမင်းသန်းက မင်းသားဂရေဂရီပက်နှင့်အတူ သရုပ်ဆောင်ခဲ့ပါသည်။

ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်ဖူးသည့်အတွက် ယခုကဲ့သို့ မြန်မာရုပ်ရှင်လုပ်ငန်းက လျင်လျင်မြန်မြန် တိုးတက်ခဲ့သည်ဟုလည်း ပြောကြသည်။ တကယ်တမ်းတွင် ရုပ်ရှင်နှင့်ပတ်သက်ပြီး ဗြိတိသျှ အစိုးရဆီက ပြောပလောက်အောင် ပံ့ပိုးမှုမရခဲ့ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုပါသည်။

သို့သော်လည်း မကြာသေးမီက ဗြိတိသျှကောင်စီ၌ ဇာတ်ညွှန်းရေးသားနည်း သင်တန်းများနှင့် ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများပေးခဲ့ပြီး အမေရိကန်မီချီဂန် ပြည်နယ်အခြေစိုက်ဖို့ဒ်ဖောင်ဒေးရှင်းကလည်း မြန်မာရုပ်ရှင်လုပ်ငန်းအတွက် ကူညီမှုများပေးခဲ့သည်ဟု သိရပါသည်။

အကယ်ဒမီဆုရ ဒါရိုက်တာ ဦးကြည်စိုးထွန်းကမူ ဗြိတိသျှခေတ်တွင် ရိုက်ကူးခဲ့သော်လည်း မေတ္တာနှင့် သူရာဇာတ်ကားမှအစ မြန်မာရုပ်ရှင်ကားများ သက်သက်ချည်းက ဗြိတိသျှတို့၏ လွှမ်းမိုးမှုအငွေ့အသက်မည်သည့်အခါကမှ မရှိခဲ့ဟု ပြောကြားသည်။

သူ၏ သူငယ်ချင်းအချို့က ဗြိတိသျှလုပ်ရုပ်ရှင်စက်ပစ္စည်းများ သုံးသော်လည်း ဗြိတိသျှတို့၏ ရုပ်ရှင်ပညာကို မြန်မာရုပ်ရှင်သမားများက နမူနာအတုမယူခဲ့ဟု သူက ဆိုပါသည်။

သို့သော်လည်း ဗြိတိသျှအစိုးရဆီက ဆင်ဆာဖြတ်မှုကို မြန်မာအစိုးရက အတုယူခဲ့ကာ လွတ်လပ်ရေးရအပြီး ၁၉၅၀ ပြည့်နှစ်များ
နောက်ပိုင်း ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုလည်း တည်ထောင်ခဲ့သည်။

သို့သော်လည်း ထိုဆင်ဆာအဖွဲ့က မြန်မာရုပ်ရှင်လုပ်ငန်းကို ထိခိုက်မှုမရှိဟု အဖိုးနှင့် ဖခင်နှစ်ဦးစလုံးနာမည်ကြီး ရုပ်ရှင်ဒါရိုက်တာများဖြစ်ကြသော ဒေါ်ဝါနုက ဆိုသည်။

“ကျွန်မအဖိုးက ၁၉၅၉ ခုနှစ်မှာ ရုပ်ရှင်စရိုက်ခဲ့တယ်။ ဒါပေမဲ့ ဆင်ဆာကြောင့် ပြဿနာမရှိခဲ့ဘူး။ သူက သာမန်လူတွေအကြောင်းကိုပဲ ရုပ်ရှင်ရိုက်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းကတော့ ခေတ်ကောင်းတာပေါ့။ တစ်နှစ်ကို ရုပ်ရှင်ကားတစ်ရာကျော်လောက် ထွက်တယ်”

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရက တရုတ်နိုင်ငံအတိုင်း ပုံစံယူပြီး ၀ါဒဖြန့်ရုပ်ရှင်တွေကိုယ်တိုင်ရိုက်ကာ အစိုးရရုံတွေမှာ ပြသခဲ့သည်။ နောက်ပိုင်းတွင် စရိတ်စကကြီးသည့်အတွက် ထိုအကြံကို စွန့်လွှတ်ကာ ရုပ်ရှင်များကို ထိန်းချုပ်ရန် အခြားနည်းလမ်းများကို သုံးလာခဲ့သည်။

ဒါရိုက်တာကြည်စိုးထွန်းက “သူတို့က ကျွန်တော်တို့ကို ဖန်တီးခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အများကြီးစောင့်ကြည့်ထိန်းချုပ်မှု တွေကြားကပေါ့လေ”

၁၉၈၀ ပြည့်နှစ်တွင်မူ သရုပ်ဆောင်တစ်ဦးကိုတစ်နှစ်လျှင် ရုပ်ရှင်သုံးကားသာရိုက်ရမည်ဟု သတ်မှတ်ချက်ချခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်ဆွေဇင်ထိုက်က ထိုအချက်ကို လက်မခံခဲ့သည့်အတွက် သူ့ကို ရုပ်ရှင်ရိုက်ခွင့် ခြောက်လပိတ်ခဲ့သည်။ ထိုသတ်မှတ်မှုသည် ရုပ်ရှင်သရုပ်ဆောင်များ၏ အသက်မွေးဝမ်းကျောင်း ဘ၀ကို အစိုးရက ထိန်းချုပ်ခြင်းကို ပြသရာရောက်ကြောင်း ဆွေဇင်ထိုက်က ယုံကြည်ခဲ့သည်။

ထို့အပြင် ရုပ်ရှင်များသည် ဇာတ်ညွှန်းများခွင့်ပြုချက်နှင့် အများပြည်သူပြသရန် ခွင့်ပြုချက်တို့ လိုအပ်ကြောင်း သတ်မှတ်ချက်များပါ အစိုးရက ချမှတ်ခဲ့သည်။ ခွင့်ပြုချက်ကိုလည်း နောက်ပိုင်းတွင် သုံးနှစ်သက်တမ်းသာ သတ်မှတ်ခဲ့၏။

၁၉၇၂ ခုနှစ်တွင် ဆိုရှယ်လစ်အစိုးရက ပြုပြင်ပြောင်းလဲရေးဟုဆိုကာ ရုပ်ရှင်များကို ဆိုရှယ်လစ်သဘောထားများ ပြန့်ပွားရေးအတွက် ရိုက်ကူးရမည်ဟု သတ်မှတ်လာသည်။

“အဲဒါက ကျွန်မတို့ရဲ့ အနုပညာဖန်တီးတိုးတက်မှုတွေကို ဟန့်တားလိုက်တာပါပဲ” ဟု ဒေါ်ဆွေဇင်ထိုက်က ပြောကြားသည်။

ရုပ်ရှင်ကောင်စီအဖွဲ့ဝင် လူကြီးများကို အစိုးရက ခန့်အပ်သူများနှင့် အစားထိုးခဲ့သည်။ ရည်ရွယ်ချက်မှာ အနုပညာထက် ထိန်းချုပ်ဖို့ သက်သက်သာဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းတစ်ခုလုံးသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အာဘော်သာဖြစ်အောင် ဖိအားပေးထားခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းအပြီးတွင် အစိုးရ၏ ရုပ်ရှင်အပေါ်တင်းကျပ်မှုက ပိုပိုဆိုးလာသည်။ အနောက်တိုင်းနိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ဖလင်ဝယ်ယူရန် အခက်အခဲရှိလာသည့်အခါ ဗီဒီယိုများ ရိုက်ကူးခွင့်ကို ပေးခဲ့သည်။

ထိုအခါ အိမ်မှာ ဗီဒီယိုကြည့်သည့် အလေ့အထထွန်းကားလာပြီး တစ်နှစ်ကို ဗီဒီယိုကား တစ်ထောင်ခန့်အထိ ထုတ်လုပ်နိုင်လာသည်။

အခြားတစ်ဖက်မှာလည်း ရုပ်ရှင် ကြည့်သူကျဆင်းလာသည်။ လက်မှတ်ဝယ်ပြီး ရုံတွင် ကြည့်မည့်အစား မိသားစုနှင့်အတူ ဗီဒီယိုတစ်ကားကြည့်လိုက်ခြင်းက ငွေ ၅၀၀ လောက်သာ အကုန်အကျရှိသည်မို့ ပိုတွက်ခြေကိုက်လာသည်။

ထို့အပြင် ကိုရီးယား၊ တရုတ်နှင့် ဟောလိဝုဒ်ရုပ်ရှင်များကို လူကြိုက်များလာခြင်းကလည်း ပြည်တွင်းရုပ်ရှင်လုပ်ငန်း၏ အခြေအနေကို ပိုမိုဆိုးရွားစေသည်။

ရုပ်ရှင်ရုံများကလည်း ၀င်ငွေမကောင်းတော့ချေ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အိမ်ရာဈေးများ တစ်ရှိန်ထိုးမြင့်တက်လာသည့်အတွက် ရုပ်ရှင်ရုံများကို ဖျက်ပြီး အိမ်ရာတိုက်ခန်းများ ဆောက်လာကြသည်။

“ရုပ်ရှင်ပြတာက ရင်းနှီးထားတဲ့ ငွေပြန်ရမယ်လို့ အာမမခံနိုင်ဘူးလေ” ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ရုပ်ရှင်ရုံ ၁၀၀ ခန့်ရှိသည့်အနက် ရုံ ၅၀ ခန့်ကပဲ ရုပ်ရှင်များ ပြသနေသည်ဟု သူက ခန့်မှန်းပါသည်။

နိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံများကို ဒေါ်ဆွေဇင်ထိုက်က သွားရောက်ကြည့်ရှုခဲ့ရာ မော်လမြိုင်တွင် ရုပ်ရှင်ရုံတစ်ခုမှာ ပင်လယ်စာအအေးခန်းအဖြစ် ပုံစံပြောင်းထားသည်ကို တွေ့ခဲ့ရသည်။

နောက်ထပ်ပြဿနာတစ်ခုမှာ ပြန်ကြားရေးဝန်ကြီးဌာနကြောင့်ဖြစ်သည်။

“သူတို့က ဒီနေ့တစ်မျိုးပြောလိုက်။ နောက်နေ့မှာ တစ်မျိုးစိတ် ပြောင်းသွားလိုက်ဆိုတော့ လူတွေကလည်း ဘယ်ရင်းနှီးမြှုပ်နှံရဲ တော့မလဲ” ဟု သူက ဆိုသည်။

၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရုပ်ရှင်ရုံများတွင် ပြသနေသော ရုပ်ရှင်များ၏ ၇၂ ရာခိုင်နှုန်းမှာ နိုင်ငံခြားကားများသာဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာရုပ်ရှင်ရုံများတွင် အဆင့်မြင့်အသံစနစ်ကောင်းကောင်းမရှိပါ။ ထိုင်ခုံများကလည်း သက်သောင့်သက်သာမရှိသလို သန့်ရှင်းမှုကလည်း မရှိပါ။

ယနေ့ခေတ်မှာ ငွေအရများဆုံး မြန်မာရုပ်ရှင်များမှာ ဟာသကားများဖြစ်ပြီး သရဲကားများကိုလည်း လူကြိုက်များလာသည်ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြောပါသည်။

ထို့အပြင် ရုပ်ရှင်တွေမှာ လူကြိုက်များလာသော ကိုရီးယားယဉ်ကျေးမှု၏ လွှမ်းမိုးမှုများပါလာသည်ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။

“ဒီနေ့ခေတ်ကတော့ ကိုရီးယားတွေပဲ ကူးချနေတာပါပဲ။ ဇာတ်လမ်းရော၊ သီချင်းရော၊ အ၀တ်အစားရောပဲ”

မြန်မာရုပ်ရှင်ပြတိုက်၌ ဧည့်လမ်းညွှန်လုပ်သူ မသီသီကတော့ “နိုင်ငံရေးကားတွေ ကျွန်မ မကြိုက်ဘူး။ ရဲတွေကနောက်က လိုက်တဲ့ အက်ရှင်လည်းပါတဲ့ကားတွေကြိုက်တယ်။ သရဲကားတွေကို ကျွန်မအကြိုက်ဆုံးပဲ” ဟု ဆိုပါသည်။ အချစ်ဇာတ်ကားများကလည်း ဆယ်ကျော်သက်များကြားဝယ် ရေပန်းစားနေသေးသည်ဟု သီသီက ပြောသည်။

ထာဝရမန္တလေးရုပ်သံဇာတ်လမ်းတွဲတွင် သူနာပြုဆရာမအဖြစ် သရုပ်ဆောင်ရန်စောင့်နေသည့် သရုပ်ဆောင် စုစန္ဒီ၀င်းကမူ
“သရုပ်ဆောင်တာက ကျွန်မရဲ့ ၀ါသနာပဲ။ အဲဒါကြောင့် မော်ဒယ်ကနေ ပြောင်းလုပ်တာ။ ကျွန်မက အချိန်ပြည့်လုပ်ချင်တာ”

သူက ဇာတ်ပို့သရုပ်ဆောင်ခအဖြစ် တစ်နေ့ကို မြန်မာကျပ်ငွေ တစ်သောင်းခွဲခန့်ရပါသည်။ သို့သော်လည်း ဒီနေ့ ရုပ်ရှင်နှင့် အရင် ခေတ်ဟောင်းကားများ ဘာကွာခြားမှုရှိသလဲ မေးသည့်အခါ ခေတ်ဟောင်းရုပ်ရှင်အကြောင်းကို မသိပါဟု စုစန္ဒီဝင်းက ဖြေပါသည်။

အခြားပြဿနာတစ်ခုက သရုပ်ဆောင်များ၏ အရည်အသွေးကလည်း အရင်ခေတ်သရုပ်ဆောင်များထက် နိမ့်ကျလာခြင်းဖြစ်သည်။ ငွေရအောင်လုပ်နိုင်သည့် သရုပ်ဆောင်များက အားလုံးကိုရိုက်ကူးနေကြသည်။ အချို့ သရုပ်ဆောင်များဆိုလျှင် တစ်ကားကို သုံးရက်ထက်ပင်ပိုမရိုက်ကြ။

“ထုတ်လုပ်သူတွေကလည်း ဘာမှမပြောနိုင်ကြဘူး။ တရားစွဲဖို့လည်း ဘာစည်းကမ်းစာချုပ်မှ မရှိဘူး။ အဲဒါကလည်း ထုတ်လုပ်မှု အရည်အသွေးကို ဖျက်ဆီးနေတာပဲ” ဟု ဒေါ်ဆွေဇင်ထိုက်က ရှင်းပြသည်။ နောက်ထပ်အဓိကကျသည့် အချက်ကတော့ ဒါရိုက်တာ၏ အခန်းကဏ္ဍပဲဖြစ်သည်။

ဒါရိုက်တာကြည်စိုးထွန်းက “အရင်တုန်းကတော့ ဒါရိုက်တာတွေက ရိုက်ကွင်းရဲ့ ဘုရင်ပေါ့။ အခုတော့ လူတွေက တည်းဖြတ်တာတွေ၊ ထုတ်လုပ်တာတွေ ဂရုမစိုက်တော့ပါဘူး။”

ထိုအခြေအနေများက မြန်မာ့ရုပ်ရှင်ကို အချိန်နှင့်အမျှ ကျဆင်းသထက်ကျဆင်းလာသော်လည်း အနာဂတ်မှာ တောက်ပလာနိုင်မည့် အလင်းရောင်ကိုတော့ စိတ်ကူးယဉ်မျှော်မှန်းနေကြပါသည်။

သူတို့အနေဖြင့် ယူနီဗာဆယ် စတူဒီယိုကဲ့သို့ ရုပ်ရှင်မြို့တော် တည်ဆောက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးနေပြီး မကြာမီနှစ်အနည်းငယ်အတွင်း အကောင်အထည်ဖော်လာနိုင်မည်ဟု ဒေါ်ဆွေဇင်ထိုက်က ယုံကြည်နေသည်။ လောလောဆယ်
မြန်မာနိုင်ငံ၌ ဒေါ်ဆွေဇင်ထိုက်တို့ ခေတ်များကဲ့သို့ ရုပ်ရှင်ခြံဆိုသည်မှာမရှိဘဲ အိမ်များကိုသာ ရိုက်ကွင်းအဖြစ် သုံးနေရသည်။

မြန်မာရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူးအနေဖြင့် ကမ္ဘာတစ်ဝန်းက လူများကို ဒေါ်ဆွေဇင်ထိုက် အမှာစကားပါး လိုက်ချင်သည်က အောက်ပါ စကားတစ်ခွန်းတည်းသာ။

“ကျွန်မတို့ မြန်မာရုပ်ရှင်ကို လာပြီးကူညီကြပါရှင်”
(ဘန်ကောက်ပို့စ်သတင်းစာပါ Can Myanmar Get a second chance? ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7 Days news journal



ကျွန်မတို့ နိုင်ငံ တိုးတက်ရေးအတွက်ဆိုတာ အဓိကကျတဲ့ ကိစ္စကတော့ ပညာရေးပဲ... ပညာရေးဆိုတာ ပစ္စုပန်တင်မကဘူး အနာဂတ်အတွက်လဲ အရမ်းအရေးကြီးပါတယ်... ပညာရေးမှာဆိုရင် သိပ်အရေးကြီးတာက စာပေကို ချစ်မြတ်နိုးဖို့က အရေးကြီးပါတယ်... အတန်းထဲမှာ သင်တဲ့ စာလောက်နဲ့ တင်းတိမ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေရဲ့ အသိစိတ်ဓါတ်တွေဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှာ မဟုတ်ပါဘူး... ဒါကြောင့် ကျွန်မတိုရဲ့ လူငယ်တွေကို စာပေကို မြတ်နိုးစေချင်တယ် ... စာဖတ်တာကို ၀ါသနာပါစေချင်တယ်... စာဖတ်တာ ၀ါသနာပါဖို့ အဓိကဆိုတာ စာအုပ်တွေ ရှိဖို့လိုတယ်... ဘယ်လိုပဲ စာဖတ်ချင်၊ စာဖတ်ချင် စာအုပ်တွေ မရှိရင် စာဖတ်ဖြစ်မှာ မဟုတ်ပါဘူး... စာမဖတ်နိုင်ရင် စာပေကို မြတ်နိုးလာမှာ မဟုတ်ပါဘူး...

တချို့က သုတစာပေကိုပဲ အရေးကြီးတယ်လို့ ထင်ကြတယ်... ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု့နဲ့ ပတ်သက်လို့ ရှိရင် ရသစာပေက အင်မတန်မှ အရေးကြီးပါတယ်... ဘ၀မှာ အခက်အခဲတွေကိုကျော်လွှားဖို့ဆိုရင် တစ်ခါတစ်လေမှာ ရသစာပေတွေက ရခဲ့တဲ့ သင်ခန်းစာတွေက အများကြီး ပိုပြီး အဖိုးတန်ပါတယ်... ဘယ်လို ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်မလဲ... လောကဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ... ဘယ်လိုကျော်လွှားမလဲဆိုတာ တစ်ခါတစ်လေ သုတစာပေတွေကနေ ရနိုင်တာ မဟုတ်ပါဘူး... အများအားဖြင့် ရသစာပေတွေက ရနိုင်တယ်ဆိုတာ တကယ့်ကို နက်နဲတဲ့ ပညာရှင်တွေရဲ့ အတွေးအခေါ်တွေဟာ ရသစာပေတွေထဲမှာ မြင်နိုင်ပါတယ်... အဲ့ဒီ အတွေးအခေါ်တွေဟာ တကယ်တော့ လူသားတွေရဲ့ သဘာဝနဲ့ သက်ဆိုင်တယ်... ကမ္ဘာလောက ကြီးရဲ့ စိန်ခေါ်မှု့နေတွေနဲ့ သက်ဆိုင်တယ်... ဒါကြောင့်မို့ စာဖတ်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်...

ရိုက်ကူး.တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

VOA ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင်

အနှစ် (၂၀) ကျော် မြန်မာပြည်ကို ကြီးစိုးပြီး ချမ်းသာကြွယ်ဝလာတဲ့ စစ်အုပ်စုကို ကမ္ဘာက လက်ခံနိုင်အောင် ဒီမိုကရေစီ ပြုပြင်ရေး လုပ်တာဆိုတဲ့ အမြင်ကို လေ့လာသူ အတော်များများ လက်ခံကြပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေးကို စစ်အုပ်စုရဲ့  နိုင်ငံရေးမျက်လှည့်အဖြစ် ရှုမြင်ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားအများအပြားလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်ပြုတာရယ်၊ စာပေစီစစ်ရေး ရုတ်သိမ်းလိုက်တာရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာရယ်၊ နိုင်ငံခြားမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားတွေကို ပြန်လာခွင့်ပြုတာရယ် စတာတွေကိုကြည့်ပြီး ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။

ဦးသိန်းစိန်ကို ဆုချီးမြှင့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးတာရှိသလို နိုဘလ်ငြိမ်းချမ်းရေးဆုပေးဖို့ အမည်တင်သွင်းသူ ရှိပါတယ်။ တေးသံရှင် ကိုမွန်းအောင်နဲ့အဖွဲ့ကတော့ ဦးသိန်းစိန်ဟာ နိုဘလ်ဆုနဲ့ မထိုက်တန်ဘူးဆိုပြီး နော်ဝေမှာ ကန့်ကွက်နေပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ကချင်စစ်ပွဲပြန်ဖြစ်တာမို့ ပြည်တွင်းတမျိုး ပြည်ပတမျိုး လုပ်တာဆိုပြီး မယုံသင်္ကာ ဖြစ်သူများလာပါတယ်။ အခု အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းအများစုဟာ စစ်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ စီမံချက်တွေဖြစ်လို့ စစ်အုပ်စုရဲ့  အကျိုးစီးပွားကို အရပ်သားအစိုးရပုံစံနဲ့ ဆက်လက်မြှင့်တင်နေတာလို့ ရှု့ မြင်ကြပါတယ်။

ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ နိုင်ငံရေးလမ်းညွှန်အတိုင်း လုပ်နေတာလို့ ယူဆသူတွေထဲမှာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ဝါရင့်အကဲခတ် Bertlin Lintner ဟာ ရှေ့ တန်းက ပါဝင်ပါတယ်။ မိမိသမ္မတဖြစ်လာအောင် အကွက်ဆင်ပေးတဲ့ ဦးသန်းရွှေရဲ့ အမိန့်ကို ဦးသိန်းစိန် နာခံနေတုန်းပဲလို့ ဆိုပါတယ်။ လွတ်လပ်စွာ ဦးဆောင်လုပ်ကိုင်တဲ့နေရာမှာ ဦးသိန်းစိန်ဟာ အလွန်အားနည်းတယ်လို့ ဇူလိုင်လ (၉) ရက်နေ့ ဆောင်းပါးမှာ Bertlin Lintner က သုံးသပ်ပါတယ်။ ဒီအတိုင်းဆိုရင် မိမိကိုယ်တိုင် အကွက်ဆင်ပြီးပထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်လာအောင် လုပ်တာကို ဦးသန်းရွှေက ခွင့်ပြုတဲ့သဘော ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် အခြေခံဥပဒေမှာ ဟန့်တားထားတာဟာလည်း ဦးသန်းရွှေရဲ့  လက်ချက်လို့ ယူဆကြပါတယ်။

ဒါကြောင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  သြဇာအာဏာအရှိန်အဝါ ဘယ်လောက်ကျန်ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလွတ်လပ်မှု ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအကြား ကွာဟမှုကြီးမားလာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်းဘက်က ရပ်တည်တာကို စိုးရိမ်စရာအဖြစ်၊ Berkeley တက္ကသိုလ် အာရှရေးရာ သုတေသီ ကိုမင်းဇင် က Foreign Policy စာစောင်မှာ ဇူလိုင် (၁၀) ရက်နေ့က ရေးပါတယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ (၁၈) ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်တာကိုကြည့်ရင် ရင်းနှီးမှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထား မှားတယ်လို့ ဦးရွှေမန်း ပြောတာဟာ ဦးသန်းရွှေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာရုံမစိုက်ဘဲ ဗိုလ်ချုပ်ဟောင်းတွေရဲ့  အာဏာပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာကို ပညာတတ်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှာ အံ့သြနေကြတယ်လို့ ကိုမင်းဇင် က ဆိုပါတယ်။ ဦးသန်းရွှေ ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့  ရပ်တည်ချက်ကို မသိနိုင်သေးပေမယ့် စစ်အာဏာသိမ်းနိုင်မယ့် အလားအလာကို ကိုမင်းဇင် က တွေးပူနေပုံရပါတယ်။ ဥပဒေပြုလွှတ်တော်မှာ အစိုးရလုပ်ရပ်ကို ဝေဖန်တာဟာ ဝါရင့်ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမဲ့ သမ္မတဖြစ်ချင်တဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌက ကြံ့ဖွံ့အစိုးရရဲ့  လုပ်ဆောင်ချက်ကိုဝေဖန်ပြီး သမ္မတဖြစ်ချင်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်လုပ်တာဟာ အထူးအဆန်းလို ဖြစ်နေပါတယ်။ တနည်းဆိုရင်တော့ ကြံ့ဖွံ့နဲ့ NLD ပါတီပူးပေါင်းတော့မယ့် အလားအလာလို ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့  အသွင်ကူးပြောင်းရေးကို အယုံအကြည်မရှိသူထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က အမျိုးသမီးဥပဒေပညာရှင် ကာလမကွီးနီး Kala Mulqueeny လည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့ အာရှ ကမ္ဘာ့စိးပွားရေးညီလာခံမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးတာကို ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုဖို့ ရည်ရွယ်တဲ့ ပြုပြင်ရေးဖြစ်တာမို့ အကန့်အသတ်ရှိနေတာလို့ သူကဆိုပါတယ်။ ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုသူ မဟုတ်ဘူးလို့လည်း မကွီးနီက မြင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမားဖြစ်နိုင်ပေမယ့် စစ်အုပ်စု (သို့မဟုတ်) ဦးသန်းရွှေအုပ်စု ခွင့်ပြုသလောက်သာ ပြုပြင်ရေးလုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။

စစ်အစိုးရလုပ်ခဲ့တဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ ဦးသိန်းစိန်အစိုးရကို တာဝန်ပေးတာသာဖြစ်လို့ စစ်အုပ်စု ဆက်လက်ကြီးစိုးနေမှာ ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးရေးအတွက် ရေးဆွဲထားတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ ပြုပြင်ရေးကို စနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  နိုင်ငံရေးမျက်လှည့်ကိုသာ ဆက်လက်မြင်တွေ့ရဖွယ်ရှိတယ်လို့ ပြောရပါလိမ့်မယ်။

VOA


၈၈၈၈ ငွေရတုနှစ်ပတ်လည်အချိန်အခါသို့ နီးကပ်လာသည်နှင့်အမျှ အများစုက ထိုခမ်းနားစိတ်လှုပ်ရှားစရာ အဖြစ်အပျက်များကိုပြန်လည်သုံးသပ်ကာ (မျက်မှောက်နိုင်ငံရေး အပြောင်းအလဲများအတွက်) ၈၈၈၈ လှုပ်ရှားမှု၏ အနက် သက်ရောက်မှု နှင့်ထိရောက် အရေးပါမှုတို့ကို ပြန်လည်ဆန်းစစ်လာကြပေသည်။ အများစုမှာ ၈၈၈၈ လှုပ်ရှားမှုကို မှတ်မိရန် သို့မဟုတ် ဂရုပြုအလေးမူမိရန် လွန်စွာငယ်ရွယ်နေကြပေသေးသည်။ သို့သော် ယနေ့ မြန်မာနိုင်ငံရှိ လူ တိုင်းလူတိုင်း ၏ဘဝများသည် ထိုကျောင်းသားလှုပ်ရှားမှု၏ရလဒ်ကြောင့် တစ်မျိုးတစ်ဖုံကွဲပြားခဲ့ပြီဆိုသည်မှာမူ သံသယ ဖြစ်ဖွယ်မရှိပါချေ။ ၈၈ ကျောင်းသားများသည် မြန်မာနိုင်ငံကိုထာဝရပြောင်းလဲစေခဲ့ပြီ။ သို့ရာတွင် မြန်မာ့နိုင်ငံရေး သမိုင်းတွင် သမိုင်းဝင်အခန်းကဏ္ဍဍမှ ပါဝင်ခဲ့ဖူးသူတစ်ဦးကို ထိုခေတ်အခါက လူအများကအမှတ်ရဆဲရှိနေပါသေး သည်။ ထိုသူမှာ တိုးရစ်ဗီဇာဖြင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရန်ကုန်သို့ တစ်ကြိမ်မက တိတ်တဆိတ်ဝင်ရောက် လာကာ ဘီဘီစီရေဒီယိုအစီအစဉ်အတွက် ၈၈၈၈ လှုပ်ရှားမှုသတင်းများကို တင်ဆက်ပေးခဲ့သူ ခရစ္စတိုဖာဂန်းနက်စ် စChrisopher Gunnessပင်ဖြစ်ပါသည်။

သူ၏သတင်းပေးပို့ချက်များကို သန်းနှင့်ချီသောမြန်မာနိုင်ငံသားများက ခုံမင်မက် မောစွာနားထောင်ခဲ့ကြပြီး ၈၈၈၈ လှုပ်ရှားမှု၏ အသက်သွေးကြောသဖွယ် အရေးပါခဲ့လေသည်။

သူသည် ၁၉၈၈ နောက်ပိုင်း ၂၅ နှစ်လုံးလုံးပြည်ဝင်ခွင့် တားမြစ်ခံထားရသော နာမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံသို့ထပ်မံရောက်လာနိုင်ခြင်းမရှိခဲ့ပါ။ သို့ရာတွင် ယခုအခါ ကုလသမဂ္ဂဌာနတစ်ခုတာဝန်ဖြင့် ဂျေရုစလင်သို့ရောက်ရှိနေသော ခရစ္စတိုဖာဂန်းနက်စ်ကို ပဲ့တင်သံက ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ယခုဖော်ပြမည့် အင်တာဗျူးမှာ ပဲ့တင်သံဂျာနယ်သို့ သူ ထုတ်ဖော်ပြောပြသည့် သူ တစ်ကိုယ်ရည်ပုဂ္ဂလိကဖွင့်ဟချက်ပင်ဖြစ်ပါသည်။

မေး။ ၁၉၈၈ မှာ မြန်မာနိုင်ငံကို ဘာလို့လာခဲ့တာလဲ။ ဘယ်တုန်းက ရောက်ခဲ့တာလဲ။
ဖြေ။ ကျွန်တော် မြန်မာနိုင်ငံကို ၁၉၈၈ ဇူလိုင် ၂၂ ရက်မှာလာခဲ့တာပါ။ အကြောင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းက မဆလပါတီညီလာခံကို extraordinary အထူးညီလာခံဆိုပြီး ခေါ်လိုက်လို့ ဖြစ်ပါတယ်။ ဒါကို နည်းနည်းထူးဆန်း တယ်လို့ထင်တယ်။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကလည်း ရှိနေတော့ ကျွန်တော်နဲ့ဘီဘီစီက အယ်ဒီတာက မြန်မာနိုင်ငံမှာ တစ်ခုခုထူးထူးခြားခြား ကြီးကြီးကျယ်ကျယ်ကိစ္စဖြစ်လာတော့မယ်လို့ ခံစားရတယ်။ ၁၉၈၇ သြဂုတ် တုန်းက အဲဒီစက်ဆုပ်ဖွယ်အာဏာရှင်ကပဲ နိုင်ငံပိုင်ရေဒီယိုနဲ့တီဗီမှာ အမှားတွေ လုပ်ခဲ့ဖူးပါတယ် လို့ ဝန်ခံထားတာ လည်း ရှိတယ်လေ။ သူက ဘယ်လိုများနှိမ့်ချနိုင်တာပါလိမ့်။ ၁၉၈၇ စက်တင်ဘာ မှာကျတော့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်တွေကို တရား မဝင်ကြေညာခဲ့တာမှာ သာမန်လူအများစုက အတော်ကြီးထိခိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ကတော့ ကြီးပွားနေပြီလေ။ လူတွေက ဒေါသထွက်နေချိန်မှာ လက်နက်မဲ့ကျောင်းသားတွေ အပေါ် မတ်နဲ့ဇွန်လမှာ လူသတ်သမားဆန်ဆန် သတ်ဖြတ်နှိပ်ကွပ်ခဲ့တဲ့ လုံထိန်းတွေကိုမုန်းလာကြပါတယ်။ အဲ့ဒီကိစ္စ တွေအတွက် အစိုးရရဲ့တရားဝင်စုံစမ်းရေးကော်မတီက ထုတ်ပြန်ပေးတာတွေကလည်း မျှော်လင့်ထားတဲ့အတိုင်း မှင်ဖြူ အုပ်ပေးလိုက်သလိုပဲမို့ လူထုရဲ့မခံချင်စိတ်တွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးနေဝင်းထံပေးတဲ့ ဦးအောင် ကြီးရဲ့သူမတူစာတစ်စောင်ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့တောင်းဆိုထားတာပါ။ အဲဒီဖြစ်ရပ်တွေက လန်ဒန်မှာရှိတဲ့ ကျွန်တော့်အလုပ်စားပွဲကနေကြည့်တော့ အပြောင်းအလဲရဲ့အနံ့အသက်ကို ရသလိုဖြစ်ပြီး ရန်ကုန်ကို လူကိုယ်တိုင် ရောက်တဲ့အခါမှာတော့ သက်သေထူပြီးဖြစ်နေပါတယ်။ အကြောက်တရားနဲ့စက်ဆုပ်ရွံ့ရှာမှုတွေဟာ ရန်ကုန်လေ ထုထဲမှာ ဖမ်းဆုပ်ကိုင်တွယ်လို့တောင် ရနေသလိုပါ။ ဒါပေမဲ့ ကျွန်တော်ရော ဘယ်သူကမှ ဒီ အမေ့ခံမြေ ပေါ်မှာ အပြောင်းအလဲလေပြေကနေ အပြောင်းလဲတကာ့အပြောင်းလဲဆုံး ဟာရီကိန်းမုန်တိုင်းကြီးဖြစ်လာတော့မယ်လို့ ဘယ် လိုသိနိုင်ခဲ့မှာပါလိမ့်။

မေး။ ၁၉၈၈ မှာ ခရစ္စအတွက် အရေးအကြီးဆုံးအခိုက်အတန့်က ဘယ်အချိန်ပါလဲ။
ဖြေ။ စက္ကန့်နဲ့အတိအကျကို ပြောနိုင်ပါတယ်။ ၁၉၈၈၊ ၈ လပိုင်း၊ ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်ပါပဲ။ အဲဒီနေ့က မြန်မာနိုင်ငံအတွက် အမျိုးသားရေးဆိုင်ရာကိုယ်ပိုင်အနက်ဖွင့်နိုင်ခဲ့တဲ့အချိန်လို့ဆိုရမှာပါ။ (moment of national self definition) အဲဒီအချိန်မှာ မြန်မာနိုင်ငံက လူထုကသူ့တို့အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရတာတွေ တကယ်ဖြစ်လာနိုင်ချေရှိတယ်လို့ သဘောပေါက်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ၇ ရက်ပဲ ဗီဇာရတာမို့ ဘင်္ဂ္လာဒေ့ရှ်ကို ထွက်သွားခဲ့ရပြီး မြို့တော် ဒက်ကာ မှာရှိတဲ့ ရှရင်တန်ဟော်တယ်မှာပဲ ဘီဘီစီရုံးခန်း သဘောထားပြီး မြန်မာနိုင်ငံသတင်းတွေကို ပြင်ဆင်ထုတ်လွှင့်ခဲ့ရပါတယ်။ ၈ ရက် ၈ လ၊ ၈၈ မှာ ကျွန်တော်ဟာ မြန်မာပြည်မှာတုန်းက ချိတ်ခဲ့တဲ့လူတွေနဲ့ အချိန်အတိအကျချိန်းထားတာမို့ ဖုန်းဆက်ဖို့စောင့်ရင်း စိတ်တွေ လှုပ်ရှားနေခဲ့ပါတယ်။ ဒီလှိုင်းတွေတက်လာသလိုကို စိတ်လှုပ်ရှားခဲ့ရတာကိုမှတ်မိနေပါတယ်။ အထွေထွေသပိတ်ကြီးစတော့ ရန်ကုန်မြို့ရဲ့ လမ်းများပေါ်မှာနဲ့ မြို့ရွာအသီးသီးရဲ့လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့လူတွေ သန်းနဲ့ချီပြီး ပြည့်နှက်နေခဲ့တယ်လေ။ မြန်မာ့လူထုဟာသူတို့ရဲ့ကိုယ်ပိုင်ပန်းတိုင်အတွက်ချီတက်တဲ့ခေတ်ကို ရောက်သွားသလိုပါပဲ။

မေး။ ၁၉၈၈ နဲ့ပတ်သက်ရင် ဘယ်အရာကို မျက်စိထဲမှာ ခုထိ တိတိကျကျ မြင်ယောင်နေသေးလဲ။
ဖြေ။ ဒီနေ့ထိ ကျွန်တော့်ခေါင်းထဲမှာ ဝဲလည်လှည့်နေသေးတာကတော့ မြန်မာ့လူထုရဲ့သူရသတ္တိ၊ တီထွင်ဉာဏ်နဲ့ ဟာသဉာဏ်တွေကို ထင်ဟပ်တဲ့ပုံရိပ်သွင်တွေအများကြီးပေါ့။ နောက်တစ်ခုကတော့ တိုင်းရင်းသားဒေသ တစ်ခုက အသက်ခပ်ကြီးကြီးရှေ့နေတစ်ယောက်ရဲ့ရဲရင့်လှတဲ့အင်တာဗျူးအဖြေတွေပေါ့။ (သူ့ခွင့်ပြုချက်မယူနိုင်လို့ နာမည်မဖော်ပြနိုင်ပေမယ့် သူ့ကို တကယ်ကျေးဇူးတင်နေပါတယ်) ပြီးတော့ စစ်တပ်ကအာဏာသိမ်းတဲ့ အချိန်မှာ ကျွန်တော်က အမေရိကန်သံတမန်တစ်ယောက်နဲ့ ဖုန်းလိုင်းပေါ်မှာရှိနေခဲ့တယ်။ SLORC ဆိုတဲ့ အတိုကောက်ဝေါဟာရကို စကြားကြားချင်းပဲ ကျွန်တော့်ခေါင်းထဲမှာ (အင်္ဂ္လိပ်ဝေါဟာရ Slaught လို ) အသံထွက်တဲ့အတိုင်း အနက်မှာ သတ်ဖြတ်နှိပ်ကွပ်မယ့်သဘောကို ပက်ပက်စက်စက်ကြီး ထင်ဟပ်တဲ့အတိုကောက်စကားလုံးပါလားလို့ တွေးမိပါတယ်။ အဲဒီအတိုကောက်ရဲ့ဖွင့်ဆိုချက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတာမှာလည်း နိုင်ငံရေးလော်မာမှု သမိုင်းတစ်လျှောက်မှာ အင်မတန်ရှေ့နောက်မညီကမောက်ကမတွဲဘက်ထားတဲ့စကားစုဆိုတာမျိုးခံစားရပါတယ်။

မေး။ ကျောင်းသားဘယ်နှစ်ယောက်နဲ့ တွေ့ခဲ့ပါလဲ။ ခုထိမှတ်မိနေတဲ့သူ ဘယ်သူတွေရှိပါလဲ။ ဘာလို့မှတ်မိနေတာပါလဲ။သူတို့နဲ့ပတ်သက်ပြီး ခရစ္စကို ဆွဲဆောင်နိုင်ဆုံးကဘာဖြစ်မလဲ။ သူတို့ရဲ့တက်ကြွနေတဲ့ စိတ်တွေလား၊ ပုန်ကန်လိုနေတဲ့စိတ်တွေလား၊ ဒါမှမဟုတ် သူတို့ရဲ့လှုပ်ရှားမှုအစီအစဉ်စီစဉ်မှုတွေလား။
ဖြေ။ ကျောင်းသားဘယ်နှစ်ယောက်နဲ့တွေ့ခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စုစုပေါင်းတော့ အယောက် ၂၀ မကျော်ဘူးထင်ပါတယ်။ အဲဒီတုန်းက လူအတော်များများဟာ ဘီဘီစီနဲ့စကားမပြောချင်ကြတာနားလည်ပေးနိုင်စရာပဲလေ။ ဒါပေမယ့်အုပ်စုတစ်စုကတော့ သူတို့ရဲ့သတ္တိ၊ ဒေါသ၊ အစွမ်းအစတွေကြောင့် ကျွန်တော်နဲ့စကားပြောဖို့ ပေါ်ထွက်ခဲ့ပါတယ်။ ရန်ကုန်Strand ဟိုတယ်မှာတည်းနေတုန်း တစ်နေ့တော့အိပ်ခန်းပြန်ရောက်ချိန် ခေါင်းအုံးအောက်မှာ စာတစ်စောင်တွေ့ခဲ့ရပါတယ်။ စာထဲမှာ ဟိုတယ်အပြင်ဘက်နေရာတစ်ခုမှာ ဘယ်အချိန်အတိအကျ ကားနဲ့ လာခေါ်မယ်ဆိုတာပါပါတယ်။ အဲဒီလိုနဲ့ သူတို့ချိန်းတဲ့အတိုင်း ကျွန်တော်လိုက်သွားခဲ့ပါတယ်။ ကျွန်တော်မှတ်မိတာကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။ ကျောင်းသားတွေက အသံတိုးတိုးနဲ့ပဲသူတို့ခံစား ရသမျှနှိပ်စက်ဖိနှိပ်မှုတွေကိုပြောပြပါတယ်။ ကျွန်တော့်ကို အဓိကအံ့အားသင့်စေခဲ့တာကတော့ သူတို့ရဲ့အပြစ်မဲ့မှုနဲ့ လက်နက်ကိုင်တပ်မတော်သားတွေနဲ့ယှဉ်လိုက်ရင် ကိုယ်ခန္ဓာကြံ့ခိုင်မှုလုံးဝအားနည်းလွန်းနေတဲ့ သူတို့ရဲ့ပုံပန်းသဏ္ဍဍာန် တွေပါပဲ။ ကျောင်းသားတစ်ယောက်က ကျွန်တော့်ကိုတော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲလို့မေးတော့ ကျွန်တော်က သူတို့တွေ တော်တော်လေး ရိုးအကြသေးတာပဲလို့ တွေးမိခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်အနေနဲ့ သူတို့ကို မြင်မိတာကတော့ လှုပ်ရှားမှုထဲမှာနှစ်မြှုပ်ပြီး သတ္တိလည်းရှိ၊ စိတ်ဓာတ်လည်းပိုင်းဖြတ်ထားကြသလို မျှော်လင့်တာတွေက
လည်း တကယ့်ကိုစံပြဖြစ်လွန်းသလို ထူးဆန်းတာက အကောင်းလည်းမြင် လွန်းနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာတော့ လူသတ်တပ်မတော်ကြီးနဲ့ ရင်ဆိုင်နေတဲ့ သူတို့အတွက်အရမ်းကာရောကို စိုးရိမ်ကြောက်လန့်ခဲ့တာပါ။

မေး။ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လိုထင်ပါသလဲ။ မြန်မာ့ သမိုင်းအတွက် အရေးပါတဲ့လှုပ်ရှားမှုလား။ ဒါမှမဟုတ်သိပ်အရေးပါခဲ့တာ မျိုးမရှိလို့ထင်လား။
ဖြေ။ ကျွန်တော်ကတော့ ဒီလှုပ်ရှားမှုဟာ မြန်မာ့သမိုင်းသာမက အာရှဒေသတွင်းသမိုင်းမှာပါဖျောက်ဖျက်လို့မရအောင် လုံးဝဥဿုံအရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေဟာ ဒီလှုပ်ရှားမှုကနေအခြေတည်ခဲ့တာပါ။ ကျောင်းသားတွေနဲ့ ၈၈ လှုပ်ရှားသူအားလုံးဟာ မြန်မာနိုင်ငံမှာဒီမိုကရေစီ၊ လူ့ဂုဏ်သိက္ခာကြွယ်ဝချမ်းသာတဲ့ အနာဂတ်ကို အာမခံနိုင်သွားအောင် သူတို့ရဲ့ဘဝတွေကိုရင်းခဲ့ကြပါတယ်။ အသက်တွေကို နှင်းခဲ့ကြပါတယ်။ အပြောင်းအလဲဟာ ပြီးပြည့်စုံတဲ့အနေအထားကို မရောက်သေးပေမယ့် နောက်လာတဲ့မျိုးဆက်ဟာ ၁၉၈၈ လှုပ်ရှားမှုမျိုးဆက် အပေါ်မှာ ကျေးဇူးတွေအများကြီးတင်ရှိနေတာပါ။ သူတို့ကတကယ့်သူရဲကောင်းတွေပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့သတ္တိနဲ့လူ့ဂုဏ်သိက္ခာတွေဟာ အားကျစရာအတုယူစရာဖြစ်ရတဲ့အတွက်ကိုပဲမေ့လို့မရနိုင်ပါဘူး။ ကမ္ဘာ့အနေအထားကိုကြည့်ပြီး အာရှမှာရှိခဲ့တဲ့စစ်အေးနိဂုံးကို သုံးသပ်ကြည့်မယ်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားထုကြီးဟာ ၂၀ ရာစုမှာရော မြန်မာ့သမိုင်းမှာပါ နေရာမှန်တစ်ခုအခိုင်အမာရသင့်တယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဒီ ၁၉၈၈ လှုပ်ရှားမှုဆိုတာ တရုတ်ပြည်တီယန်မင်လှုပ်ရှားမှုထက် ၁ နှစ်စောပြီး အင်ဒိုနီးရှားက ဆူဟာတိုကိုဖြုတ်ချတဲ့လှုပ်ရှားမှုထက် ၁၀ စုနှစ်တစ်ခုလုံးလုံး စောတယ်ဆိုတာကို မမေ့ကြပါနဲ့။ ၈၈ လှုပ်ရှားမှုနဲ့ ကျောင်းသားထုဟာ အာရှနိုင်ငံရေးမှာကို သမိုင်းဝင်ခြေရာတစ်ခု၊ လမ်းတစ်လမ်းဖောက်ထွက်ခဲ့တာပါ။ ၁၉၈၆ ခုနှစ်ကဖိလစ်ပိုင်မှာမားကို့စ်ကို ဖြုတ်ချခဲ့တာ ပြည်သူ့အာဏာနဲ့ဆိုတာ မှန်သင့်သလောက်မှန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ မားကို့စ်နဲ့သူ့ရဲ့ခရိုနီတွေကို တွန်းချခဲ့တာ စူပါပါဝါဖြစ်တဲ့ အမေရိကလို့ဆိုရမှာပါ။ အဲဒါနဲ့ယှဉ်ရင် မြန်မာဟာဘယ်သူနဲ့မှလည်း အချိတ်အဆက်မရှိခဲ့ပါဘူး။ မဆလစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ရုန်းကန်လှုပ်ရှားမှုဟာတကယ်တော့ အထီးကျန်လှုပ်ရှားမှုပါ။ ကြိုတင်ကြံစည်ပြင်ဆင်ခဲ့ တာမျိုးလည်းမရှိခဲ့ပါဘူး။ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေနဲ့အရေးယူတဲ့အချိန်မှာ အာဆီယံနဲ့တရုတ်လို အိမ်နီးချင်းတွေက အာဏာရှင်အစိုးရကို ဝိုင်းအားပေးခဲ့ကြတာမျိုးပဲရှိတာမို့ ဘယ်သူ့အကူအညီမှ ဟုတ်တိပတ်တိမရခဲ့တဲ့ ၈၈ ကျောင်းသားလှုပ်ရှားမှုဟာ သူရဲကောင်းဆန်တယ်လို့လည်းပြောလို့ရပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့အဝန်းက အာဏာရှင်တွေရဲ့ ထုံးစံအတိုင်းထိတ်လန့်ဖွယ်တုံ့ပြန်မှုတွေအပါအဝင် အခက်အခဲမှန်သမျှကိုတောင့်ခံခဲ့ရတဲ့ ဒီလှုပ်ရှားမှုဟာအာရှမှာရှိတဲ့ ဖိနှိပ်ခံလူထုကို ရိုက်ခတ်ခဲ့ပါတယ်။ သူ့နိုင်ငံရဲ့အာဏာရှင်ကိုအံတုပြီး နိုင်ငံအနာဂတ်အပြောင်းအလဲကိုလည်း ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာ့စစ်အေးခေတ်ဟာ ဥရောပမှာစတင်ပြီးဆုံးခဲ့တာမဟုတ်ဘဲ အာရှမှာဦးစွာ ပြီးဆုံးခဲ့တာပါ။ အဲဒီစစ်အေးနိဂုံးမှာ ၈၈ ကျောင်းသားလှုပ်ရှားမှုဟာ ရှေ့တန်းတစ်နေရာကပါပါတယ်။ ဒီလိုပြောတာ မြှောက်ပင့်ပြောသလို လေကျယ်သလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကအဲဒီလိုကိုယုံကြည်ပါတယ်။

မေး။ ၁၉၈၈ လှုပ်ရှားမှုမှာ ကျောင်းသားတွေရဲ့အခန်းကဏ္ဍဍကို ဘယ်လိုမြင် သလဲ။ ဦးနု၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်စတဲ့ခေါင်းဆောင် တွေနဲ့ယှဉ်ရင်ကျောင်းသားခေါင်းဆောင်ဆိုသူတွေက နယ်ရုပ်လေးတွေ လောက်ပဲဖြစ်ခဲ့လား။ ဒါမှမဟုတ်ဘာတွေဖြစ်ခဲ့လဲ။
ဖြေ။ ကမ္ဘာရဲ့ဒီနေ့အခြေအနေကို လှည့်ပတ်ကြည့်ရင်တောင် နိုင်ငံရေးအပြောင်းအလဲအခန်းကဏ္ဍဍကို အသိအမှတ်မပြုဘဲနေဖို့မဖြစ်နိုင်ပါဘူး။ လူကြီးနိုင်ငံရေးသမားတွေဆိုတာကတော့ လူငယ်ကျောင်းသားတွေထွင်ခဲ့တဲ့ နိုင်ငံရေးခြေရာလမ်းတစ်လျှောက် သူတို့ကိုယ်တိုင် မလျှောက်နိုင်ချိန်မှာ ဆက်ပြီးတက်လျှောက်ပေးဖို့ ဖြစ်လာတာမျိုးရှိပါတယ်။ ၁၉၈၈ မှာ ကျောင်း သားတွေရဲ့ခေါင်းဆောင်မှုမှာ အဓိကသော့ချက်လိုဖြစ်တဲ့ လက္ခဏာသွင် ပြင်ကတော့ သူတို့ရင်ဆိုင်ရတဲ့ကြမ်းတမ်းနှိပ်စက်မှုကြောင့် တစ်ခြားလှုပ်ရှားမှုတွေနဲ့ ကွဲပြားခြားနားလွန်းသလို ရုတ်တရတ်ပေါ်ထွက်လာတာမျိုး လည်းဖြစ်ပါတယ်။ ပြီးတော့ကောင်းကောင်းလည်း အနက်မဖွင့်ထားနိုင် ပါဘူး။ (ဘယ်လိုလှုပ်ရှားမှုမျိုးပါလို့ ဖွင့်ဆိုရှင်းပြဖို့ခက်တာမျိုးပေါ့။ ဒါ လည်း တကယ့်ကိုအမှန်ပါ) တကယ်တော့ အဲဒီလိုဖြစ်တာကိုက ကျောင်းသားတွေကို ပိုပြီးထိထိရောက်ရောက်စွမ်းနိုင်စေခဲ့တယ်လို့ဆိုရမှာပါ။ (ရယ်စရာလိုတော့ ဖြစ်မှာပေါ့။) ဒါကြောင့်ပဲ ဒီလှုပ်ရှားမှုကြီးကရပ်လို့မရတော့တာလေ။ မြန်မာ့ကျောင်းသားတွေမှာ ခေါင်းဆောင်အစုအဖွဲ့ဆိုတာ အတည်တကျအာဏာပိုင်ဖွဲ့စည်းပုံမျိုး လုံးလုံးမရှိဘဲ အချိန်ရဲ့လိုအပ်ချက်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဒါ့အပြင် ပထဝီအနေအထားအလိုက်လဲ ပြန့်ကျဲ ပြီး စုစည်းဖို့ခက်ပြန်ပါတယ်။ ဒီနေရာမှာ ကိုယ်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်း တွေကို ခွဲခွာပြီး လှုပ်ရှားမှုဆက်လက်အသက်ဝင်အောင် နယ်စပ်ကိုထွက်ခွာ လာခဲ့တဲ့ မိုးသီးဇွန်တို့လို ကျောင်းသားတွေကိုလည်း ထည့်တွက်ရပါမယ်။ ၈၈ ကျောင်းသားတွေဟာ နယ်ရုပ်လေးတွေလိုဖြစ်ခဲ့လား ဆိုတာကတော့ ဘယ်သူ့ရဲ့နယ်ရုပ်ဖြစ်ရမှာလဲ။ ဘယ်သူကမှ သူတို့ကိုအဲဒီလိုပြောနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့တွေ့နေရတဲ့ အပြောင်းအလဲတွေဟာ သူတို့ကပဲစခဲ့တာပါ။ အခုထိလည်း သူတို့ဟာအကြံသစ်၊ ဉာဏ်သစ်တွေကို သယ်ဆောင်နေပါတယ်။ မြန်မာ့လက်ရှိနိုင်ငံရေးဘဝမှာပေါ်ထွက်လာတဲ့ အပြန်အလှန်ထိန်းကျောင်းမှုဆိုတာကိုလည်း စောင့်ကြည့်ထိန်းကျောင်းပေးနေပါတယ်။ (ချက်စ်စကားနဲ့ပြောရင် ချက် နေပါတယ်ပေါ့) ကျွန်တော်ကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို တကယ့်ကိုခမ်းနားစွာမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ ၁၉၈၈ ဇူလိုင်လ ကျွန်တော် ရန်ကုန်မှာရှိစဉ်တုန်းက သူဟာ လူထုမြင်ကွင်းထဲကို မရောက်လာခဲ့သေးပါဘူး။ နောက်တစ်လအကြာ ရွှေတိဂုံမိန့်ခွန်းပြောတော့မှ သူကလူထုကြားကိုရောက်လာတာပါ။ ဒါပေမယ့် သူဟာ ရုတ်တရတ်ထဖြစ်လာတဲ့ လှုပ်ရှားမှုကနေပါရာက အစီအစဉ်တကျဖြစ်ပြီး စုစည်းတဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးအဖြစ် ကူး ပြောင်းရာမှာ အရေးပါတဲ့အခန်းကဏ္ဍဍက ပါဝင်ခဲ့တာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ ဦးနုနဲ့ ဦးအောင်ကြီးတို့လိုလူကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ။ ပြည်တွင်းလှုပ်ရှားမှုအနေအထားကနေ ပြည်ပကပါ စိတ်ဝင်စားသွားအောင်၊ အရောင်ပိုထွက်လာအောင် ကူညီရာမှာအရေးပါခဲ့ပါတယ်။

မေး။ ကျောင်းသားတွေဟာ ၈၈မှာ တကယ့်ခေါင်းဆောင်အစစ်တွေဆိုရင် ဘယ်သူက ၈၈၈၈ ဆိုတာကို ဦးဆောင်ခဲ့လဲ။ ကိုမင်းကိုနိုင်လား၊ ကိုကိုကြီးလား၊ ကိုမင်းဇေယျလား၊ ကိုဋ္ဌေဌးကြွယ်လား။
ဖြေ။ ၁၉၈၈ လှုပ်ရှားမှုကို ဘယ်သူက ဦးဆောင်ပါတယ်လို့ ပြောဖို့တော့ခက်ပါတယ်။ ကျွန်တော်အမြင်ကတော့ လှုပ်ရှားမှုဟာ သူ့ အလိုလိုပေါ်ထွက်လာပြီး ခေါင်းဆောင်မှုဟာ အကောင်အထည်သဘောထက် လှိုင်းအရွေ့သဘော ဆန်ပါတယ်။ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ပြီး အားလုံးဟာ အရေးကြီးတဲ့အခန်းကဏ္ဍဍတွေမှာ သူမတူ အရေးပါခဲ့ပါတယ်။ အဲဒီလိုဖြစ်လို့ကို လှုပ်ရှားမှုကထိရောက်ခဲ့တာလို့ ပြောရမလိုပါပဲ။ မြန်မာ့တပ်မတော်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်ပုန်ကန်သူတွေကိုနှိမ်နင်းခဲ့ပါတယ်။ စစ်တပ်မှာ အမြဲတမ်းမှန်တဲ့ အမှန်တရားတစ်ခုကတော့ နောက်ဆုံးစစ်ပွဲ တွေကို ဗိုလ်ချုပ်တွေကိုယ်တိုင် တိုက်တယ်ဆိုတာပါ။ ဒါပေမဲ့ ၁၉၈၈ မှာတော့ ကိုယ်ဘာသာကျေနပ်နေတဲ့ မြန်မာ့အာဏာရှင်အစိုးရ ဟာ ရုတ်တရက်ဆိုသလိုရန်သူ အသစ်တစ်မျိုးကိုရင်ဆိုင်လာရပြီး သူတို့ဘာသာသူတို့ အရှုံးမရှိနိုင်လို့ တွေးထင်မှု တွေနဲ့တိမ်းမူးလာပြန်ပါတယ်။ ဒီရန်သူအသစ်ကတော့ တစ်ချိန်လုံးပြောင်းလဲနေတာပါ။ အမျိုးစုံပုံကလည်း အသင်္ခ࿿ျအေနန္တပေါ့။ မြို့ပေါ်က ပညာတတ်လူတန်းစားတွေလေ။ သူတို့ကို စိတ်ဓာတ်တကြနေပြီး သေသေချာချာလည်း မထင်ရှားပေမယ့် စိတ်တူကိုယ်တူ လူငယ်တွေစုဖွဲ့ထားတဲ့ အုပ်စုက ဦးဆောင်ပါတယ်။ သူတို့အားလုံးကို တောရောမြို့ပါလူထုကြီးက အပြည့်အဝအားပေးပါတယ်။ ဒါကြောင့် ဒီလို ကျောင်းသားခေါင်းဆောင်တွေပေါ်ထွက်လာတဲ့အခါ သွေးကြီးသလောက် လူထုအရေးကြောင့်ကြမဲ့တဲ့ စစ်တပ်ဟာတွေဝေစပြုလာပါတယ်။ ဒီလိုပေါ်ထွက်လာတာဟာ မတော်တဆပဲ ဖြစ်လာတာလား။ သေချာစီမံခဲ့တာများလားရယ်လို့ပေါ့။ ဒီလိုပြောနိုင်ဖို့ ကျွန်တော့်မှာ သက်သေတွေအများ ကြီးပဲရှိပါတယ်။ ဥပမာ ဦးစိန်လွင်ဟာ သမ္မတအဖြစ် ၁၈ ရက်ပဲလုပ်ပြီး ရာထူးကဖယ်ရှားခံလိုက်ရတာဟာ စစ်တပ်အနေနဲ့ယောက်ယက်ခတ်လာတာကို ပြတာ။ အော်ကြီးဟစ်ကျယ်နဲ့ရွေးထုတ်ခန့်လိုက်ပြန်တဲ့ ဒေါက်တာ မောင်မောင်ကလည်း စစ်အစိုးရမတက်ခင် အချိန်ပိုင်းလေးပဲခံလိုက်ပြန်တာ ပါ။ စစ်တပ်မှာကျောင်းသားတွေ ခေါင်းဆောင်တဲ့ဆန္ဒပြမှုကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ အရိပ်အမြွက်လေးတောင် သေချာမသိခဲ့ပါဘူး။ အဖြစ်အပျက်တွေပေါ်လာတိုင်း သူတို့ရွေ့သမျှတွေကလည်း မှားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ကြီးကြီးငယ်ငယ်၊ ကျားမ မရွေးအားလုံးကို သူတို့ရဲ့ အံ့မခန်းသတ္တိတွေအတွက်အမှတ်ရနေမှာပါ။

မေး။ ၁၉၈၈ မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဍကိုရော ဘယ်လိုမြင်ပါသလဲ။ အဲဒီအချိန်က သူ့အပေါ်ပထမဆုံးနဲ့နောက်ဆုံးအမြင်ကို ပြောပြပေးပါလား။
ဖြေ။ ၁၉၈၈ လှုပ်ရှားမှုတွေ တစ်ဝက်ကျိုးတဲ့အထိ သူက အတိုက်အခံရယ်လို့မဖြစ်လာခဲ့သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့အခန်းကဏ္ဍဍက ရေတွက်လို့ရနိုင်တာမျိုးမဟုတ်သလို အခုထိလည်းဆက်ပြီးရှိနေပါသေးတယ်။ သူက အရင်ကရောအခုပါ ထူးချွန်ထင်ရှားလွန်းခဲ့တဲ့ပြယုဂ်တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်သူနဲ့လူချင်းမဆုံခဲ့ဖူးသလို သူနဲ့ပတ်သက်တဲ့သတင်းလည်း မတင်ဆက်ဖူးသလောက်ပါပဲ။ သူ့အခန်းကဏ္ဍဍက လှုပ်ရှားမှုတွေကိုကျောင်းသားတွေက စတင်လုပ်ဆောင်ပြီးနောက်ပိုင်းမှ စတင်လာတာ ဖြစ်ပါတယ်။

မေး။ ၂၀ဝ၇ လှုပ်ရှားမှုထက်စာရင် ၁၉၈၈ လှုပ်ရှားမှုမှာ လူထုပိုပြီးပါခဲ့တဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ၂၀ဝ၇ တုန်းက ကျွန်တော် မြန်မာပြည်မှာမဟုတ်လို့ဖြေရတော့ ခက်ပါတယ်။ ၂၀ဝ၇ မှာ လူထုက စစ်အစိုးရရဲ့ နေရာကွက်ကျားပေမဲ့ အချိန်ပြည့် ဆက်တိုက်ခံရလွန်းလို့ ကြောက်ရွံ့နေကြပြီဖြစ်ပါတယ်။ မန္တလေးမှာ ဖြစ်ခဲ့တာတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ဆံတာတို့ကနမှုနာပေါ့။ ဒါပေမယ့် ၈၈ ကိုပဲပြောပြော ၂၀ဝ၇ ကိုပဲကြည့်ကြည့် အဓိကကျတဲ့အချက်ကတော့ ငယ်ငယ်ကြီးကြီး မြန်မာလူထုကြီးတစ်ရပ်လုံးက တစ်ခြားနိုင်ငံကလူထုတွေခံစားနေရသလို ဒီမိုကရေစီနဲ့စီးပွားရေး ဆိုင်ရာအခွင့်အရေးတွေကိုရရှိဖို့နဲ့လွတ်လပ်ခွင့်ရဖို့ အင်မတန်မှလိုချင်ဆန္ဒရှိနေကြတာပါပဲ။ မြန်မာလူထုဆိုတာလူသားမျိုးနွယ်အားလုံးနဲ့ ဘာမှမကွာခြားပါဘူး။ သူတို့ခံစားခဲ့ရတာက နှစ်ကာလအလွန်ရှည်ကြာလှပါပြီ။ ကျွန်တော် သူတို့ကြွယ်ဝပြီး သိက္ခာလည်းရှိ၊ ငြိမ်းလည်းငြိမ်းချမ်းတဲ့အနာဂတ်ရှိစေချင်လှပါပြီ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့အဲ့ဒီအနေထားအလို့ငှာကြိုးစားခဲ့ကြတော့ ၁၉၈၈ သူရဲကောင်းများကိုမမေ့သင့်ပါဘူး။

မေး။ ၈၈၈၈ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ခရစ္စရဲ့ခံစားချက်နဲ့ အတွေ့အကြုံကိုခပ်ကျဉ်းကျဉ်းပုံဖော်ပြရရင်ဘယ်လိုဖြစ်မလဲ။
ဖြေ။ ပထမဆုံးတော့ ၁၉၈၈ မှာ ကျွန်တော့်ကို အဖိုးမဖြတ်နိုင်လောက်အောင် ကူညီပေးခဲ့ရာက ထောင်ကျခဲ့ရသူတွေ၊ လွတ်လပ်ပြီးကျန်သူတွေ၊ သေဆုံးခဲ့သူတွေ၊ ရှင်ကျန်သူတွေအားလုံး အားလုံးကိုကျေးဇူးတင်သလို လေးစားဂုဏ်ပြုကြောင်း ပြောပါရစေ။ သူတို့မပါဘဲနဲ့ကျွန်တော်ဘာဆို ဘာမှလုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ၁၉၈၈ က အဖြစ်အပျက်တွေကို ကျွန်တော် တင်ဆက်နိုင်ခဲ့တယ်ဆိုတာ မြန်မာလူထုတွေက ကျွန်တော့်ကို သူတို့ရဲ့ဘဝနဲ့လွတ်လပ်မှုတွေ အထိခိုက်ခံပြီး အင်တာဗျူးပေးခဲ့ကြ၊ သုံးသပ်ချက်တွေပြောပေးခဲ့ကြတာကြောင့်ပါ။

အထူးသဖြင့် ရခိုင်လူမျိုးစကားပြန်တစ် ယောက်ဟာ တစ်နေ့ကို ၁၈ နာရီနှုန်းနဲ့ သုံးလတိုင်တိုင် ကျွန်တော်နဲ့အလုပ်အတူလုပ်ပေးခဲ့ပါတယ်။ သူ့ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ၈၈ လှုပ်ရှားမှုမှာ သူ့အခန်းကဏ္ဍဍ ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ သူ့ဖာသာသိနေတဲ့ အရှေ့ကြယ် ကိုရောပေါ့။ သူတို့ရဲ့ကျေးဇူးကိုတော့ ဟိုတုန်းကတည်းကရော အခုထိပါမမေ့နိုင်ပါဘူး။ နောက်တစ်ချက်ကတော့ စစ်အစိုးရက လုပ်ကြံခဲ့တဲ့ ဒဏ္ဍဍာရီဖြစ်တဲ့ခရစ္စတိုဖာဂန်းနက်စ်ကြောင့် ၈၈ လှုပ်ရှားမှုဖြစ်လာရတယ်ဆိုတာကို ပယ်ဖျက်စေချင်ပါတယ်။

ဒီစွပ်စွဲမှုကို ကြည့်ရင် အတွေ့အကြုံမရှိသေးတဲ့ အသက် ၂၀ ကျော်သတင်းထောက် တစ်ယောက်က လူထု ၄၅ သန်းကို ကြွလာအောင် လုပ်ခဲ့တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာဘဲ။ တကယ့်အကြောင်းအရင်းကနေလည်း သွေဖီစေပါ တယ်။ တကယ်တော့ အဂတိလိုက်စားပြီး ရုန်းရင်းကြမ်းတမ်းလှတဲ့ ဗိုလ်ချုပ်ကြီးများကို ၂၆ နှစ်ကြာအောင် ဒေါသထွက်နေခဲ့တဲ့ လူထုဟာ ပေါက်ကွဲ လုဖြစ်နေခဲ့တာကြောင့်ပါ။ ကျွန်တော် လုပ်ခဲ့သမျှအားလုံးကတော့ အခြေ အနေကို အမှန်အတိုင်းတွေ့မြင်နိုင်အောင် မှန်ထောင်ပြလိုက်တဲ့သဘောပါပဲ။ တကယ့်သူရဲကောင်းတွေကတော့ သူတို့တွေ့မြင်ရတဲ့အရာတွေအပေါ်မှာ ရုတ်ချည်းဆိုသလို သတ္တိရှိရှိ စိတ်ဆုံးဖြတ်ချက်ပိုင်ပိုင်လုပ်ဆောင်ခဲ့ကြတဲ့ မြန်မာလူထုပါပဲ။ ကျွန်တော်က ဘာသာရေးကိုင်းရှိုင်းသူမဟုတ်ပေမယ့် သမ္မာကျမ်းစာထဲက အကြောင်းတစ်ကြောင်းကို သတိရမိပါတယ်။ သင် ဟာ အမှန်တရားကို သိရမယ်။ အမှန်တရားက သင့်ကို လွတ်လပ်စေမယ် ဒီစကားက ၁၉၈၈ မှာရော အခုအထိပါ မြန်မာနိုင်ငံအတွက် မှန်ပါတယ်။ နောက်ဆုံးကတော့ မြန်မာလူထုဟာ သူတို့နည်းသူတို့ဟန်နဲ့သူတို့ ၁၉၈၈ အဖြစ်အပျက်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ လူသားသိက္ခာနဲ့ တရားမျှတမှုဆိုတာ ခွဲခြားလို့ရတာမှ မဟုတ်တာပဲ။ ကျွန်တော့်မှာ မြန်မာလူထုဟာ သူတို့ကိုယ်ပိုင်သိက္ခာနဲ့ တရားမျှတမှုရရှိအောင် ဘယ်လိုရှာသင့်ပါတယ်ဆိုတဲ့ ဆေးညွန်းတော့ မရှိပါဘူး။ ဒါပေမယ့် မြန်မာလူထုမှာသာ သိက္ခာမရှိဘူးဆိုရင် ကျွန်တော်တို့ လူသားအားလုံးရဲ့သိက္ခာဟာလည်း နိမ့်ကျနေဦးမှာပဲဆိုတာကိုတော့ ကျွန်တော် သံသယ မရှိပါဘူး။

ပဲ့တင်သံဂျာနယ်မှ ကူးယူဖော်ပြပါသည်။