September 2013

၂၀၀၈ ဖွဲ့ စည်းပုံ အသစ်ရေးမလား (ဒါမှမဟုတ်) ပြင်ဆင်မလား ဆိုတဲ့“သို့ မဟုတ် ” ခံထားတဲ့ စကားလုံးဝါကျအမေးကို ကြားရဖတ်ရတိုင်း အဓိပ္ပာယ်မရှိတဲ့မေးခွန်းတစ်ခုလို့  မြင်မိတယ်။ ပြင်မယ်ဆိုတဲ့ အပိုင်းက နေပြည်တော်လွှတ်တော်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကိုအထောက်အပံ့ဖြစ်စေပြီး မိမိတို့ ကိုယ်တိုင် လက်ခံကတိက၀တ်ပြုထားမှုမရှိတဲ့ဖြစ်စဉ်ကိုမသိမသာလိုက်လျောယုံစားနေခြင်းမျှသာဖြစ်တယ်။ ဒါကြောင့်ပြင်ဆင်ရေးဆိုတာကို ခေါင်းညိမ့်လိုက်ခြင်းနှင့်တပြိုင်နက်စစ်ဗိုလ်စစ်သား ဘောင်းဘီချွတ်/၀တ်များ ပိုင်စိုးချယ်လှယ်ထားတဲ့ လွှတ်တော်ကိုအလုပ်အကျွေးပြုချင်လာတဲ့ နိုင်ငံရေးခံယူချက်လို့  သတ်မှတ်လိုပါတယ်။
တစ်နည်းဆိုရရင်စစ်အာဏာရှင်စနစ်ဖြိုချရေးဆိုတဲ့ဒီမိုကရေစီခရီးလမ်းကိုကျောခိုင်းပစ်ပယ်လိုက်တဲ့သဘောကဲ့သို့  (မပြေးသော်ကန်ရာရှိ) ရောက်စေတယ်။

မုန့် ဆီကြော်က ဘယ်နေမှန်းမသိ၊ ပြင်မလား အသစ်လားနဲ့  ရွပိုးထိုးနေကြတဲ့ကျွန်တော်တို့ တစ်သိုက်က ငြင်းကြခုံကြ တံတွေးအမြှုပ်ထနေချိန်မှာ ၂၀၀၈ ကြောင့်လူတောသူတောထဲတိုး၊ သူခိုးလူရာဝင်၊ ဥပဒေအရ ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ဆူပူမီးရှို့ ခွင့် တရားဝင်လိုင်စင်ရထားသူ၊ စစ်ဝါဒီ ခိုင်ခံ့တည်မြဲရေးတွေဘက်က
“လေ့လာသုံးသပ်ရေးကော်မတီ” ဆိုတဲ့အသံလောက်ကိုသာ လေပစ်ထားပြီးအခြားတစ်ဖက်ကလည်း အသစ်ရေးရင်ဖြစ်ဖြစ်၊ စစ်တပ်လက်ဝါးကြီးအုပ်ထားတဲ့အချက်အလက်တွေကို ထိပါးလာရင်ဖြစ်ဖြစ် သည်းမခံနိုင်ဘူးဆိုတဲ့ အယူအဆကိုအစိုးရ လွှတ်တော်နဲ့  စစ်ခေါင်းဆောင်တွေဘက်က အခုတလော ခပ်စိပ်စိပ်လေးထုတ်ဖော်ပြောဆိုလာတာဟာ စည်းအနီရောင်လိုင်းတစ်ခုကို ထင်ထင်ရှားရှားသားပြလိုက်တာဖြစ်တယ်။ စစ်တပ်စစ်အုပ်စုအကျိုးစီးပွားကို ပွန်းပဲ့ခွင့်မပေးဘူးလို့ 
ရန်/ငါစည်း အချက်ပြလိုက်တာဖြစ်တယ်။

၂၀၀၈ ဖွဲ့ စည်းပုံကို လေ့လာကြ၊ မကြိုက်တဲ့အချက်ကို ရှာဖွေထောက်ပြကြဆိုတဲ့စကားဟာ မုဒိန်းသမားဓါးပြဗိုလ်လူသတ်ကောင်ရဲ့ မျက်နှာပေါ်မှာ မှဲ့ ခြောက်လေးပေါက်နေတာ၊ရှေ့ သွားလေး ကျိုးနေတာ၊ ခြေတစ်ဖက်ဆာနေတာ..ဒါလေးတွေကြောင့် ကြည့်မရတာလားလို့  ရွာလုံးကျွတ်ဖျက်ဆီးနေသူဘက်ကပင်းပြီး ဓားရိုးကမ်းနေကြသူတို့ ရဲ့  တိုင်းဖျက်ပြည်ဖျက်စကားလို့ ဆိုချင်တယ်။၂၀၀၈ ဖွဲ့ စည်းပုံ သန္ဓေတည်လာပုံ၊ မွေးဖွားလာပုံကို ခွဲခြမ်းစိပ်ဖြာလိုက်ရုံနဲ့ ဒီဖွဲ့ စည်းပုံဟာ ပြည်သူလူထုအတွက်လား၊ စစ်အာဏာရှင်လူတစ်စုအတွက်လားဆိုတာ လယ်ပြင်ဆင်သွားသလို ရှင်းရှင်းကြီး သိနိုင်တဲ့အတွက် ဖွဲ့ စည်းပုံထဲကပြင်ဆင်ရေးအခန်းကဏ္ဍကို ရေးရာမှာလည်းလှုပ်မရလူးမရနဲ့ “ပေးကားပေး၏မရ”အနေအထားဖြစ်အောင်ကို ကြိုတင်အကွက်ချထားစီမံထားပြီးဖြစ်တယ်။ဒါကို သိနေလျက်နဲ့  အတိုက်အခံ နိုင်ငံရေးသမားတွေဘက်က “ပြင်ကြမလားဟေ့”မေးနေတာဟာ ပုံမှန်စိတ်မှ ဟုတ်သေးရဲ့ လားလို့ ယိုးစွပ်စရာသာရှိတော့တယ်။

နောက်တဖန် ကြားလာရတဲ့စကားလုံးကို ပြင်ဆင်ရေးဆိုတာဟာလည်းအသစ်နီးပါးရေးဆွဲဘိသကဲ့သို့ ဆိုတဲ့ ပြည်သူကို ဗူးလုံးနားမထွေးနဲ့  နှာနပ်လုံးချတဲ့အကြောင်းအရာဟာ အင်မတန် လွဲချော်စေတဲ့အသိကို သွတ်သွင်းမှိုင်းတိုက်တဲ့နိုင်ငံရေးမပြတ်သားမှုတစ်ခုဖြစ်တယ်။ အသစ်ရေးဆွဲရေးနဲ့  ပြင်ဆင်ရေး နှစ်ခုဟာ
သုံးနဲ့ လေး သချာင်္ဂဏန်းလို လားရာမတူကြသလို အနှစ်သာရနဲ့ လုပ်ငန်းစဉ်လည်းခြားနားလှပြီး ထပ်တူကျ နီးစပ်မှုလည်းမရှိပါဘူး။ ဖွဲ့ စည်းပုံဖျက်သိမ်းရေး(အသစ်ရေးဆွဲရေး) သန့် ရှင်းစစ်မှန်တဲ့ဦးတည်ချက်ကို လမ်းလွှဲမှောက်မှားအောင်သွေးဆောင်ဖြားယောင်းတဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်လို့  ဒီထောင်ချောက်ထဲ
တိုးမ၀င်မိဖို့  ဥာဏ်မြေကတုတ်ပြုကာ သတိရှိနေရပါမယ်။

နိုင်ငံရေးခေါင်းဆောင်ဆိုတာ မိမိအတွက် ကျဉ်းထဲကျပ်ထဲရောက်စေမယ့်ဆုံးဖြတ်ချက်အချို့  ချမှတ်ဖို့ ကြုံတွေ့ လာတဲ့အခါမိမိယုံကြည်တာကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ ခေါင်းဆောင်နေရာအတွက် ပြည်သူတွေကအရောက်ပို့ ထားပြီးဖြစ်တာမို့  ဖွဲ့ စည်းပုံပြင်ရေးနဲ့ ဖျက်သိမ်းအသစ်ရေးဆွဲရေး
ပြဿနာမှာကြားနေလို့ မရတဲ့အပြင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကိုတီးကြည့်ခေါက်ကြည့်ပါဦးမယ် ခေါင်းရှောင်လုပ်နေလို့ မသင့်လျော်ပါဘူး။
အခြားသော နိုင်ငံလုံးချီအရာများမှာ မိမိစိတ်ကြိုက် အာရုံတည့်တာကိုခပ်သွက်သွက် ဆုံးဖြတ်ချက်ချနိုင်ခဲ့သလို ဖွဲ့ စည်းပုံပြဿနာမှာလည်းအလားတူစိတ်ဓာတ်မျိုးရှိဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ပြည်သူတွေအသံကိုမိမိအတွက် လိုအပ်တဲ့အခါ နားထောင်လိုက်၊ မလိုအပ်တဲ့အခါ ဥပေက္ခာပြုလိုက်ပြည်သူတွေကိုခုတုံးလုပ်နေမယ်ဆိုရင်တိုင်းပြည်ဒီမိုကရေစီရှေ့ ရေးအတွက်ရင်လေးစရာဖြစ်တယ်။ ဖွဲ့ စည်းပုံအသစ်ဆွဲရေး ပြင်ဆင်ရေး လမ်းနှစ်သွယ်နဲ့ ပက်သက်ပြီး ပီပီသသ ရှင်းရှင်းဘွင်းဘွင်းထုတ်ပြောလာတဲ့ အတိုက်အခံနာမည်ကြီးများကို မတွေ့ ရသေးတာဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲအတွက် အပေါင်းလက္ခဏာမြင်ကွင်း မဟုတ်ပေမယ့် လက်နက်ကိုင်တိုင်ရင်းသားအဖွဲ့ အများစုနဲ့  တိုင်းရင်းသားခေါင်းဆောင်ကြီးအချို့ ၊
လွှတ်တော်နိုင်ငံရေးကို စိတ်ကုန်ခမ်းလာသူများနဲ့  ၂၀၀၈ အောက်ကသွားတဲ့မည်သည့်နိုင်ငံရေးကိုမဆို လက်သင့်မခံသူများဘက်က အသစ်ရေးဆွဲရေးအာဘော်ကို အသံကျယ်ကျယ် ဖွင့်ဟလာတာ တွေ့ ရလို့  အားတက်ရပြန်တယ်။

ဒီနေရာမှာ ဖြစ်နိုင်ချေရှိမှု မရှိမှုဆိုတာကို ဆင်ခြေပေး အကြောင်းပြတတ်ကိုလည်းကြားနေရပါသေးတယ်။ အသစ်ရေးဆွဲရေးက လက်တွေ့ မှာ မဖြစ်နိုင်တာမို့ (ဆိုလိုချင်ပုံရတာက စစ်တပ်နဲ့  အာဏာရပါတီ လက်မခံတာ) ဒီလမ်းကြောင်းကိုဖိမနင်းဘဲ ဖြစ်နိုင်တာလေးက စလုပ်တာဘဲ ကောင်းပါလိမ့်မယ်ဆိုတဲ့
ပေးသလောက်ယူအတိုက်အခံလုပ်ငန်းစဉ်ကိုဗမာ့နိုင်ငံရေးဈေးကွက်ထဲအစွံထုတ် ရောင်းချလာတဲ့အပေါက်မျိုးလို့  ခေါ်ချင်ပါတယ်။ တစ်နည်းအားဖြင့်စစ်ဝါဒသက်ဆိုးရှည်အောင်မလှိမ့်တပတ်အလုပ်အကျွေးပြုကြတာသာဖြစ်တယ်။လွှတ်တော်နိုင်ငံရေးနဲ့  နှောင်ပိတ်အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမားများအဖို့ ရာ
ဖွဲ့ စည်းပုံအသစ်ရေးဆွဲရေး(၂၀၀၈ဖျက်သိမ်းရေး)အလုပ်ကိုစိတ်လိုက်မာန်ပါဆောင်ရွက်နိုင်မှုမရှိတော့ခြင်းဟာ အရင်းကြီးကြီးပေးဆပ်ရတဲ့ သင်ခန်းစာဖြစ်သလိုလွှတ်တော်များသို့  ခြေလှမ်းပြင်နေတဲ့ ဒီမိုကရက်နိုင်ငံရေးသမားများအတွက်မိမိတို့ ကိုယ်မိမိပြန်လှန်ဆန်းစစ်ဖို့ အခွင့်လမ်းကောင်းတစ်ခုလို့ မြင်ရပါမယ်။

အကုန်ရရင်ရမရရင်ဘာမှမလိုချင်ဘူးလို့ မပြင်းထန်သော်ငြားမိမိရရှိနေတာဟာဒီမိုကရေစီရရှိရေးခေါင်းစဉ်အောက်က လူထုအကျိုးပြု တန်ဆာပလာမျိုးမဟုတ်ခဲ့ဘူးဆိုရင် ဘာမှမလိုချင်စိတ်မွေးတာဟာ ဗမာပြည်စစ်ဝါဒကျဆုံးရေးအတွက် အသက်သွေးချွေး ပေးဆပ်ခဲ့ရသူတွေကို သစ္စာမြဲခြင်းဖြစ်တာမို့ 
ဤလမ်းတစ်ခုတည်းကိုသာ ရွေးချယ်ဖက်တွယ်သင့်ပါတယ်။

၂၀၀၈စစ်ကျွန်ဖွဲ့ စည်းပုံဖျက်သိမ်းရေး(ဖွဲ့ စည်းပုံသစ်ရေးဆွဲရေး)မှာလည်းဒွေးရောယှက်တင်နဲ့  လေ၀မ်းမကွဲတာမျိုးတွေလည်း ရှိနေပြန်ပါတယ်။
ပြည်သူလူထု တိုင်းရင်းသားပေါင်းစုံရဲ့ အသံဟာ ၂၀၀၈ ဖျက်သိမ်းရေးလို့ တညီတညာတည်း ထွက်ပေးလာခဲ့ရင် အဲဒီ့ပြည်သူ့ ဆန္ဒကို နေပြည်တော်လွှတ်တော်သုံးရပ်ထံ အရောက်ပို့ ပြီး လွှတ်တော်အမတ်တွေကတစ်ဆင့်အဆိုတွေတင်၊ ဝေဖန်ဆွေးနွေး၊ ဆုံးဖြတ်ချက်ခံယူကာ အကောင်အထည်ဖော်ဆောင်ရမယ်ဆိုတဲ့ ဟောပြောရှင်းလင်းမှုတွေကို၂၀၀၈ အောက်ကမှတ်ပုံတင်ထားတဲ့ အတိုက်အခံပါတီအမတ်များပါးစပ်က ထွက်လာတဲ့အခါအံ့သြတကြီး မဖြစ်ရသော်လည်း စီးတဲ့မြင်းအထီးလားအမလား မသိတဲ့အခြေရောက်သွားပါရော့လားဆိုပြီး ပြစ်တင်နှမျောမိပါတယ်။ ဖွဲ့ စည်းပုံသစ်ရေးဆွဲရေးပြည်သူ့ ဆန္ဒကို နေရာတိုင်းအချိန်တိုင်းမှာ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်အရတရစပ် ပြောဆိုရေးသား ထုတ်ဖော်ဆော်သြနေခြင်းဖြင့် မိမိတို့ တောင်းတခဲ့တဲ့ဗမာပြည်ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာ တစ်တပ်တစ်အား ပါဝင်ထမ်းရွက်နေခြင်းဖြစ်တယ်လို့  ရှင်းလင်းစွာခံယူထားရပါမယ်။ ပြင်ဆင်ရေးဆိုတဲ့ စစ်အုပ်စုမြှုံးထောင်ချောက်ထဲ အယောင်ယောင်အမှားမှား ခြေလှမ်းကျွံမ၀င်သွားကြဖို့ နာကြည်းစရာတွေ ပြန်တွေးဆရင်း၊ ယနေ့ မတရားမှုများကို ခံစားထောက်ဆရင်းအထူး သတိချပ်ရပါမယ်။ ရဲဘော်အချင်းချင်း လက်တို့ နေရပါမယ်။

“စစ်ကြီးစိုးရေးဝါဒ မုချကျဆုံးရမည်၊ ဒီမိုကရေစီအရေးတော်ပုံအောင်ရမည်” ဆိုတဲ့တိုက်ပွဲဝင်အလံကို ဈေးဆစ်မခံ၊ စိတ်တူကိုယ်တူ တလူလူလွှင့်ထားကြရမယ့်
အရေးတကြီးအချိန်ကာလသို့ ချဉ်းနင်းဝင်ရောက်လာနေပြီ ဖြစ်ကြောင်း.. ။

.အောင်မျိုးထွန်း

လက်ပံတောင်းတောင် မီးလောင်ဗုံးသင့်သံင်္ဃာတွေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးခင်မောင် သိန်းနဲ့ဦးမြင့်နိုင်စတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရောက်ရှိကာ အကြမ်းဖက်နိုမ်နင်းမှုများ ထပ်မံမဖြစ်ပေါ်စေရေးဆွေးနွေးတိုင်ပင်လျက်ရှိနေ
photo..Aung Nay Myo,
လက်ပန်းတောင်းတောင်ခြေရှိလယ်တီဆရာတော်ဘုရားကြီး၏သိမ်တော်နှင့်စေတီ တော်ကာကွယ်စောင့်ရှောက်ရေးပြည်သူ့ချီတက်မှုသည် မနေ့ကမန္တလေးမြို့မှစတင် ထွက်ခွာခဲ့ပြီး စစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားကြီး၊စိန်ရတနာကျောင်းတိုက်ဓမ္မာရုံ တွင်၂၉-၉-၂၀၁ရက်နေ့ည၌တညအိပ်နားခဲ့ပါသည်၊

ယနေ့မနက်တွင်လယ်တီသိမ်ကာကွယ်ရေးအင်အားစုများရှေ့ဆက်ချီတက်မှုမပြုနိုင်ရန်၊ချီတက်အင်အားစုများရှိရာ ရှေ့တမိုင်၊နောက်တမိုင်ခန့်တွင်လုံထိန်းများတားဆီးထားပြီးမြို့ခံပြည်သူများနှင့်အဆက်အသွယ်ဖြတ်တောက်နေပါသည်၊ကောင်းမှုတော်ဘုရားကြီးအနီးချီတက်အင်အားစုများပတ်ပတ်လည်တွင်လုံထိန်းအင်အား(၃၀၀)နီးပါးခန့်အချုပ်ကား(၁၀)စီး ဖြင့်ပိတ်ဆို့ထားပါသည်၊

ပြည်သူများတည်းခိုနေသောဘုန်ကြီးကျောင်းမှသံဃာတော် များကိုလဲ(မဟန)နှင့်အုပ်ချုပ်ရေးမှုးတို့မှဖိအားပေးလျှက်ရှိပါသည်၊

လယ်တီသိမ်ကာ ကွယ်ရေးအင်အားစုများရှိရာသို့ယနေ့မနက်၉နာရီခွဲတွင်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့်ဒေါက်တာမြင့်နိုင်တို့ရောက်ရှိလာပြီးအာဏာပိုင်များအားပြည် သူတို့ကိုအကြမ်းမဖက်ရန်ပြောဆိုပါနေပါသည်၊၊

မီးလောင်ဗုံးပြစ်ခံခဲ့ရသောသံဃာများမှလဲလယ်တီသိမ်ကိုမဖြိုဖျက်ပါဘူးဟုယခုတားမြစ်နေသောအာဏာပိုင်များမှတာဝန်မယူနိုင်လျှင်ရှေ့ဆက်ချီတက်ခွင့်ပြုရန်အာဏာပိုင်များကိုမိန့်ကြားခဲ့ပါသည်၊၊

လယ်တီသိမ်ကာကွယ်ရေးချီတက်အင်အားစုများမှာအခက်အခဲအမျိုးမျိုးကိုရင်ဆိုင် ရင်းဆက်လက်ချီတက်ရန်ပြင်ဆင်နေကြပါသည်၊ချီတက်မှုကိုစတင်သည့်အခါကောင်း မှုတော်ဘုရားကြီးတွင်ဆုတောင်းပွဲပြုလုပ်နေပြီးမှထွက်ခွာမည်ဖြစ်သည်၊၊ဒေါက်တာ မြင့်နိုင်မှတားဆီးပိတ်ဆို့ထားသောအာဏာပိုင်များအားလယ်တီသိမ်နှင့်ပတ်သတ်၍ တာဝန်ယူမှုတာဝန်ခံမှုမရှိပဲယခုလိုပိတ်ဆို့ဟန့်တားနေပါက၄င်းကိုယ် တိုင်လူထုနှင့်အတူချီတက်ဆန္ဒထုတ်ဖော်မည်ဟုပြောကြားသည်၊၊

မှတ်ချက်၊၊အာဏာပိုင်များနှင့်ဆွေးနွေးနေဆဲဖြစ်သည် ၃၀-၉-၂၀၁၃ မနက်၁၀နာရီ၁၀မိနစ် လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော်နှင့်စေတီအဓွန့်ရှည်တည်တန့်ပါစေ ဆက်သွယ်ရန်ဖုန်း၊၊ဒေါ်ခင်စန်းလှိုင်(ပုလဲအမတ်)098632966 ဒေါ်က်တာမြင့်နိုင်(အမျိုးသားလွတ်တော်စစ်ကိုင်းတိုင်း)09420029063 ပြည်သူ့အင်အားစုများဖုန်း၊09420787366 0933098204 0973023157 0931383860
(KO Han Win Aung)

ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ MMA တွင် Burmese Python အမည်ဖြင့် နာမည်ကြီးနေသည့် Aung La N Sang သည် လာမည့် အောက်တိုဘာ ၂၆ ရက်တွင် Jonavin Webb နှင့် ထိုးသတ်ရန် စီစဉ်ထားကြောင်း သိရသည်။အသက် ၂၈ နှစ် ရှိပြီဖြစ် သည့် Aung La N Sangသည် MMA ၁၅ ပွဲ နိုင်ထားပြီး ရှစ်ပွဲ ရှုံးနိမ့်ထားသူဖြစ်ကာ အသက် ၂၄ နှစ်အရွယ်ရှိ Jonavin Webb မှာ MMA ပြိုင်ပွဲအား ၂၀၁၂ ခုနှစ် ၄ လပိုင်းတွင် ရော်ဘတ်ဂစ်တန်း နှင့်ပွဲတွင် ထိုးသတ်ခြင်းဖြင့် ပရော် ဖက်ရှင်နယ် MMA ထိုးသတ်သူ အဖြစ် ဝင်ရောက်လာသူဖြစ်သည်။ Jonavin Webb သည် လက်ရှိအ ချိန်အထိ သုံးပွဲထိုးသတ်ခဲ့ပြီး သုံးပွဲ စလုံးကို အနိုင်ရရှိထားကြောင်း သိရသည်။

ယင်းပွဲနှင့် ပတ်သက်၍ Aung La N Sang က '' Webb နဲ့ ပွဲက အရမ်းကောင်းတဲ့ပွဲ ဖြစ်လာ လိမ့်မယ်လို့ထင်တယ်။ သူနဲ့ ထိုး သတ်ဖို့ ကျွန်တော့်မှာ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော့်မှာ ကောင်း မွန်တဲ့ အဖွဲ့အစည်းတစ်ခုရှိထား တယ်။ ကျွန်တော့် အားကစားခန်း မကိုလဲ တကယ်တော်တဲ့ ထိုးသတ် သူတွေ လာလေ့ကျင့်တယ်။ သူတို့ က ကျွန်တော် နေ့စဉ်နေ့တိုင်း တိုး တက်ဖို့ကူညီပေးတယ်''ဟု ပြော ခဲ့သည်။

ထို့အပြင် Aung La N Sang က MMA ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ဖြစ်ပုံနှင့်ပတ်သက် ၍ ၁၈ နှစ်အရွယ်တွင် အမေရိ ကန်သို့ရောက်ခဲ့ပြီး Elkridge တွင်ရှိသော Crazy 88 BJJ သင် တန်းကျောင်းတွင် ဘရာဇီးဂျူဂျစ် ဆု အားကစားနည်းအား လေ့လာ ခဲ့ကြောင်း၊ ယင်းတွင်လေ့ကျင့်ပြီး လအနည်းငယ်အကြာတွင် MMA လောကထဲသို့ ကူးပြောင်းလာခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ် ကတည်းက ယင်းအားကစားနည်း အား အလွန်သဘောကျခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

Aung La N Sang ဖြင့် ၎င်း၏ MMA ဖိုက်တာက စားသမားဘဝအစမှာ တာထွက် မလှခဲ့ဘဲ အမှားများကြောင့် ရှုံး နိမ့်ခဲ့ပြီး ယင်းနောက်တွင် အမှား များကို သင်ခန်းစာယူနိုင်ခဲ့သည့် အတွက်ကြောင့် နိုင်ပွဲများပြန်လည် ရယူနိုင်ခဲ့သည်။ ၎င်း၏ ပထမဦး ဆုံးပွဲ ရှုံးနိမ့်ပြီးနောက် လေးပွဲကို အနိုင်ရခဲ့သည်။ Aung La N Sang ၏ အကောင်းဆုံး ပွဲရလဒ် မှာ Jeus Martinez အား ၃၆ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲဖြစ် ကြောင်းသိရသည်။
ရှုံးပွဲများနှင့်ပတ်သက်၍ Aung La N Sang က''ကျွန်တော့် အနေနဲ့ ပွဲတွေရှုံးခဲ့တယ်ဆိုရင် တောင် ရှုံးနိမ့်ခဲ့တယ်လို့ မထင် ဘူး။ ဒီအရှုံးတွေကို အတွေ့အ ကြုံရတယ်လို့ ယူဆထားတယ်'' ဟု ပြောခဲ့သည်။

Yangon Media Group

ကမ္ဘာကျော် ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာဆိုတာ မြန်မာနိုင်ငံသား မန္တလေးဒေသဖွား အိန္ဒိယအမျိုးသား မာရာဝါရီလူမျိုး တစ်ယောက်ပါ။ နာမည် အပြည့်အစုံကတော့ ဆတျနာရာယန်း ဂိုအင်ကာ (Satya Narayan Goenka) ပါတဲ့။ မင်းတုန်းမင်း လက်ထက်ကတည်းက အိန္ဒိယပြည်ကနေ မြန်မာပြည် မန္တလေးကို ပြောင်းရွှေ့အခြေချခဲ့တဲ့ ကုန်သည်မျိုးရိုး မိဘဘိုဘွားတို့ကနေ ပေါက်ပွားလာတဲ့ သူတစ်ယောက်ပါ။

ငယ်ငယ်ကတည်းက ကျောင်းထွက်ပြီးတော့ မိဘတွေရဲ့ ဆန်စက်၊ ဖွဲနုစက်နဲ့ ပလပ်စတစ်စက်တွေကို အောင်မြင်စွာ ဦးစီးလုပ်ကိုင်နိုင်ခဲ့တဲ့ စီးပွားရေးထူးချွန်တဲ့ သူတစ်ယောက်ပါတဲ့။ ငယ်စဉ်ကတည်းက တစ်ပတ်တစ်ခါလောက် ခံစားရတဲ့ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရတဲ့သူပါ။ ပြည်တွင်းပြည်ပက ဆရာဝန်ကြီးတွေနဲ့ ကုသလို့ မပျောက်တဲ့ ရောဂါကို အသက်အရွယ် ကြီးတဲ့အထိ ခံစားခဲ့ရသူပါ။ မတတ်နိုင်တဲ့အဆုံး မော်ဖင်းထိုးပြီးတော့ ရောဂါသက်သာအောင် လုပ်ရတဲ့အဆင့် ဖြစ်ခဲ့ပါတယ်။

ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရတာမှာ ကောင်းတဲ့တစ်ချက်က ရောဂါပျောက်ချင်ဇောနဲ့ လယ်တီမူ အနာဂါမ်ဆရာသက်ကြီးရဲ့ ဝိပဿနာရှုနည်းနဲ့ တရားပြနေတဲ့ ငွေစာရင်း မင်းကြီးဟောင်း ဦးဘခင်ရဲ့ အပြည်ပြည်ဆိုင်ရာ ဝိပဿနာရီပ်သာ (IMC) ကို ၁၉၅၅ ခုနှစ်မှာ စတင်ရောက်ရှိ တရာထိုင်ခဲ့တာပါပဲ။ ပါရမီထူးလို့ ပြောလို့ရတာက တရားစထိုင်တဲ့ နေ့ကစပြီး ဝဋ်နာကံနာလို ဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာက ယူပစ်သလို ပျောက်ကင်းသွားတာပါပဲတဲ့။

တရားထိုင်ပြီး ၁၀ ရက်အတွင်းမှာပဲ တရားရဲ့ အနှစ်သာရကို ရရှိသွားပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို ပိုမိုနားလည် သဘောပေါက်အောင် ကျင့်ကြံအားထုတ်ရင်း အဲ့ဒိအချိန်ကစလို့ သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်ကြီး ဖြစ်ခဲ့ပါသတဲ့။ ဒီရဲ့အကျိုးကတော့ ၁၉၆၂ခုနှစ်မှာ နိုငငံတော်အစိုးရက လုပ်ငန်းကြီးတွေကို ပြည်သူပိုင်လုပ်ရာက သူ့စီးပွားရေးတွေ ပါဝင်ခဲ့ပေမယ့် လောကဒဏ်ကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ပါသတဲ့။

သူ့ဆရာရင်း ဆရာကြီး ဦဘခင်ဆီမှာ ၁၀နှစ်ကြာအောင် ဟင်ဒီယောဂီတွေအတွက် ဘာသာပြန်လုပ် ကုသိုလ်ယူပြီး ဝိပဿနာကို ပြန့်ပွားအောင် ဆောင်ရွက်ကြိုးပမ်းခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်မှာ အိန္ဒိယပြည်ကို ပြန်သွားပြီးတော့ မိခင်၊ ဖခင်အပါအဝင် ဆွေမျိုးတွေကို တရာပြရင်းနဲ့ ဝိပဿနာ သဘောတရားကို မိတ်ဆွေသင်္ဂဟတွေကို ဟောပြောပြသရင်း ကမ္မဋ္ဌာန်းဆရာတစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဆရာကြီးဟာ အိန္ဒိယပြည်မှာ အမြဲတမ်း ကမ္မဋ္ဌာန်းရိပ်သာကြီး သုံးခုဖွင်ပြီးတော့ အိန္ဒိယနိုင်ငံသားတွေတင် မကပဲနဲ့ ကမ္ဘာအရပ်ရပ်က လူမျိုးမရွေး ဘာသာမရွေး အေးချမ်းစွာ တရားအားထုတ် ကျင့်ကြံနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ တရားအနှစ်သာရတွေကို ပြသပေးနိုင်ခဲ့ပါတယ်။ ပြည်ပနိုင်ငံစုံကို သွားရောက်ပြီးတော့ ဝိပဿနာ သင်တန်းတွေကို ပို့ချပေးနိုင်ခဲ့ပါတယ်။ ယောဂီတွေသာမကပဲ တရာဟောဆရာ များစွာကိုလဲ မွေးထုတ်ပေးခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာကို အရယူနိုင်ခဲ့ပြီးလို့ ကျွေးကြော်နိုင်ခဲ့တဲ့ ဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးဟာ အသက် ၉၀ အရွယ်ရှိပြီးတော့ မနေ့က တနင်္ဂနွေနေ့ည ၁၀နာရီ မိနစ်လေးဆယ် အိန္ဒိယ စံတော်ချိန်မှာပဲ အိန္ဒိနိုင်ငံ မွန်ဘိုင်းမြို့မှာ ဘဝပြောင်းသွားခဲ့ပါပြီ။ သိပ်တန်ဖိုးရှိတဲ့ သူတစ်ယောက် ဆုံးရှုံးရလို့ ဝမ်းနည်းမိပါတယ်။ ဆရာကြီး ကောင်းရာသူဂတိ လားပါစေဆိုတာ တောင်းစရာမလိုတဲ့ ဆုဖြစ်မှာပါ။

အေးချမ်းတဲ့ တရားသိတဲ့သူရဲ့ ဘဝကူးပြောင်းသွားတာအတွက် ဝမ်းနည်းမှုဟာ သူ့အတွက်မဟုတ်ပဲနဲ့ ကိုယ်ကိုတိုင်အတွက်ပဲ ဖြစ်ပါတယ်။

ကိုသာပို


ရတနာပုံတံတားလည်းဆင်းရော အဲလို ဗကသ ခေါင်းဆောင် ကိုသန့်စင်ကို ခွေးဆွဲသလိုဆွဲပါလေရော ဒီဘက်က ခေါင်းဖြူကြီးနဲ့ ဦးဘမြင့်က နိုင်ငံရေးအကျဉ်းသားဟောင်းပါ။ သူ့အားနဲ့ သူကလည်း သူ့လူကိုပြန်လုနေရှာတာ

လယ်တီသိမ်လမ်းလျှောက်သူများနှင့်စစ်ကိုင်းတိုင်းပြည်သူများကိုပါအာဏာပိုင် များခြိမ်းခြောက်နေပြီ။လယ်တီသိမ်လမ်းလျှောက်သူများတည်းခိုရာဝန်းကျင် ရှိကားလမ်းများကိုပိတ်ထားပြီး ကူညီသောပြည်သူများကိုလည်းလုံးဝဝင်ခွင့်မ ပေးတော့ပါ စတင် ပိတ်ဆို့ မှုများပြုလုပ်နေပြီး စွမ်းအားရှင်များဖြင့်ဖြိုခွင်းရန်စီစဉ်နေသည်

၈း၄၅ နာရီ ( Hlaing Min Oo)update
"နောက်နေ့လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် တော်သို့ဆက်လက်ချီတက်ခြင်းမပြုရန် တိုင်းသံဃာ့နာယကဆရာတော်နှင့်
တိုင်းအဆင့်တာဝန်ရှိသူများမှ တားဆီး"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာမှာပါနေတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် ကို ချမ်းသာပေးဖို့ တောင်းဆိုချီတက်နေတဲ့ ရဟန်းသံဃာဦးဆောင်သူများ
သီတင်းသုံး ညအိပ်ရပ်နားရာ ကောင်းမှုတော် အနောက်မုဒ်၊ စည်တီးရွာရှိ စည်တီး ဘုန်းကြီးကျောင်း ကို စစ်ကိုင်းတိုင်းဒေသကြီးက တိုင်းသံဃာ့နာယကဆရာတော်များ၊ တိုင်းတရားသူကြီးနဲ့၊တိုင်းအုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး နောက်တစ်ရက်မှာ လက်ပံတောင်းတောင်ကို ဆက်လက်ချီတက်ခွင့် မပြုကြောင်း လာရောက်လျှောက်ထားတယ်ပါတယ်။

ဦးဆောင်သူ ရဟန်းသံဃာများမှလည်း မူလရည်မှန်းထားသည့်အတိုင်း လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် အထိ ဆက်လက် ချီတက်သွားမှာ ဖြစ်တဲ့အကြောင်း ပြန်လည် မိန့်ကြားခဲ့ပါတယ် ။

ဂဠုန်နီကျောင်းက ထွက်မယ်လုပ်တော့ ပလီပြီး ကပ်ကျော်က စလျှောက်ပါတဲ့ အဲဒီထိ ကားနဲ့လိုက်ပို့ပါမယ်တဲ့ ။ ကပ်ကျော်ရောက်တော့ ရဲတွေချထားပြီးပြီ ။ ဘုရားထဲမှာခေါ်ပြီး ပုဒ်မတွေ နဲ့ ခြောက်တယ် ။

ကပ်ကျော်မှာ တားတယ် ဆက်ထွက်တယ် အမရပူရ ထွေအုပ်ရုံးရှေ့တားတယ် ဆက်ထွက်တယ် ရွှေကြက်ယက် ဂိတ်မှာ တားတယ် ဆက်ထွက်တယ် ။ မန္တလေး ရဲက တံတား ဒီဘက် နေခဲ့တယ် ၊ စစ်ကိုင်းရဲက ဟိုဘက်ထိပ်က ပိတ်စောင့်တယ်။ သူတို့နားထိလည်း ရောက်ရော တားတယ် ဝင်ဆွဲတယ် ။ ဖမ်းထားတဲ့သူတွေ ကို ဘယ်ဝရမ်းနဲ့ ဖမ်းတာလဲ ရဲမှူးကြီး နာမည် ဘယ်သူပါလဲ မေးတော မဖြေလို့ မီဒီယာတွေ သံပြိုင် အော်မေးကြတယ် ။ ဒီအချိန်မှာ ဖမ်းထားသူတွေ ပြန်လွတ်ပေးပါ လို့ လမ်းလျှောက်သူတွေ ဝိုင်းရံသူတွေ ကြိုဆို အားပေးတဲ့ သူတွေ ဝိုင်းအော်ကြတယ်။ ပထမ ကိုသန့်စင်ကို အများမြင်အောင် လက်မြောက်ခိုင်းပြီး လက်ထိပ်ဖြုတ်ပေးတာ ပြတယ်။ နောက် မသိသလိုနဲ့ ဥပဒေအကြောင်းတွေ ပြောတယ်။ ကျွန်တော် ထအော်လိုက်တယ် ကျော်ကြီး ကျန်သေးတယ် ကျော်ကြီး တစ်ယောက်ကျန်သေးတယ် ဘယ်မှာလဲ ဆိုတော့ အားလုံးလိုက်အော်ကြတယ် ။

အဲဒီကျမှ ရူးချင်ယောင်ဆောင်တာလား မသိ ဟေ့ တစ်ယောက်ကျန်သေးတယ် ဆို ဟုတ်လား ခေါ်ခဲ့ ခေါ်ခဲ့တဲ့ ...။

ကျွန်တော်တို့ ဆက်လျှောက်ခဲ့ကြတယ် ....။
ရဲတွေ နောက်က လိုက်ခဲ့ ....။
၂၉-၉-၁၃ ညနေ က ရတနာပုံတံတား (စစ်ကိုင်းဖက်ထိပ်) တားဆီးနေစဉ် ။

ခင်ဗျားတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ဘယ်လိုပြဌာန်းထားလဲ ။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ၊ စီတန်းလမ်းလျှောက်ခွင့် ဆိုတာပါတယ် ။ မပါတာက ဘယ်သူ့ ထံမှာ ခွင့်တောင်းရမည်လို့ မပါဘူး ။ သေချာဖတ် ...။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အခြေခံဥပဒေ ကို ထိပါးပြီး အခြေခံဥပဒေပါ အချက် အပေါ် လွမ်းမိုးမှု ရှိနေတဲ့ ပုဒ်မ ၁၈ နဲ့ ရဲတစ်ယောက်က လုပ်ပိုင်ခွင့် ရနေတာ ဘာနဲ့တူလဲဆိုတော့ နိုင်ငံတော် အခြေခံဥကဒေက လက်နဲ့ရေး လုပ်ထုံးလုပ်နည်း ဥပဒေက ခြေနဲ့ဖျက် .... သလို ...။ သမ္မတ က အစ လေးစားရမယ့် အခြေခံဥပဒေ .... ထင်ရာစိုင်းနေတာ ဂုဏ်ရှိသလား ဖြေ ...။

အေးချမ်းစွာ သွားနေတယ် ။ ဆိုင်းဘုတ်မပါဘူး ၊ မကြွေးကြော်ဘူး ၊ လမ်းမပိတ်ဘူး ၊ ပြည်သူကို မထိခိုက်ဘူး ၊ ရပ်ရွာလုံခြုံရေး ကို မထိခိုက်ဘူး ...။ ဒါကို တားလို့တား ဆွဲလို့ဆွဲ နဲ့ ရဲတပ်ဖွဲ့လုပ်လိုက်မှ အများပြည်သူ အထိပ်တလန့် ဖြစ်ကုန်တယ် ။ ရဲတွေ အုပ်လိုက်ကြီး မြင်လိုက်ရသူတိုင်း ဘာဖြစ်တာလဲ လို့ တွေးကုန်ကြတာပဲ ။

ဘာသာ သာသနာ အတွက် အခြားဘာသာကို လည်း မထိခိုက် ၊ ကိုယ့်ဘာသာဝင်တွေလည်း ကျေနပ်တဲ့ လယ်တီသိမ်တော်ကြီး တည်တံ့ရေး အတွက် ဆောင်ရွက်တာ ကို တားတဲ့ သူတွေ ဒီည ဘုရား ကန်တော့လည်း အပိုပဲ ... ခိုင်းတာလုပ်လိုက်မယ် ဒို့ဘာသာ အဆောက်အအုံ ဘာဖြစ်ဖြစ်ကွာ လို့ တွေးပြီး မှတော့ ဘုရားကန်တော့မနေနဲ့တော့ ...။

ဒီ လက်ပံတောင်းတောင် လယ်တီ သိမ်တော်ကြီး ကို ဒီအတိုင်းထားလိုက်လို့ ဝမ်ပေါင် မငတ်ပါဘူး ၊ ဦးပိုင် မငတ်ပါဘူး ၊ ဒါကို ဘာလို့များ ငတ်ကြီးကျပြီး ဇွတ်ဖယ်ချင်နေရတာလဲ ။

အစီရင်ခံစာက လယ်တီ သိမ်တော်ကြီးကို မူလ အရာမယွင်း ရွေ့ပြောင်းပေးရမယ် တဲ့ ။ သိမ် ဆိုတာ အဆောက်အဦ လေး တစ်ခုထဲ သမုတ်ထားတာ မဟုတ်ဘူး ။ တည်နေရာ အကျယ်အဝန်း အတိအကျ နဲ့ အတူ ဟိုး အဝီစီထိ မြေသားတွေ ကိုပါ သမုတ်တာ ။ ဘယ်လို မူလ မပျက် ရွေ့နိုင်သလဲ စောင့်ကြည့်ချင်ပါရဲ့ ...။

ကိုဝိုင်ဝိုင်ကေ

photo..Nay Myo Linn,ကိုဝိုင်ဝိုင်ကေ


“Myanmar Noble College” က ဖေါ်ပြထားတဲ့ အင်္ဂလန်နိုင်ငံ City of Sunderland College က အသိအမှတ်ပြုတယ်ဆိုတာ မဟုတ်ပါဘူး..

ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  နှစ်ယောက် ပေါင်းပြီး “Myanmar Noble College” ကို သိန်းထောင်ပေါင်းများစွာ ရင်းနှီးပြီး တည်ထောင်ထားပါတယ်။ ဒီ “Myanmar Noble College” တည်ထောင်ရာမှာ ပညာရေးကို စီးပွားရေးအသွင်နဲ့  လုပ်ဆောင်နေပါတယ်။

အမှတ် (၁၀၈) နှင်းဆီလမ်း၊ အလုံမြို့ နယ်၊ ရန်ကုန်မှာ တည်ရှိတဲ့ ဒီ “Myanmar Noble College” က ဖေါ်ပြထားတဲ့ အင်္ဂလန်နိုင်ငံ City of Sunderland College က အသိအမှတ်ပြုတယ်ဆိုတာ မဟုတ်ပါဖူး။ အဆိုပါ City of Sunderland College ရဲ့  International Office မှ angela.lister@sunderlandcollege.ac.uk ကို email ပို့ ရင် မမှန်ကန်ကြောင်း သိနိုင်ပါတယ်။

http://www.sunderlandcollege.ac.uk/
Website, www.citysun.ac.uk
https://www.facebook.com/sunderlanduniversity

ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  တည်ထောင်ထားတဲ့ ဒီ “Myanmar Noble College” ရဲ့  ကြော်ငြာက အရမ်းကြော်ငြာတော့ ယုံမိတာပါ။ နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်တယ်ဆိုတာလဲ ပြည်တွင်းက နိုင်ငံခြားပို့ တဲ့ Crown Agency နဲ့  ချိတ်ပြီး သူတို့ ကိုဘဲ အသိမှတ်ပြုသလို ညာတာပါ။နိုင်ငံတကာ အသိမှတ်ပြု ဘွဲ့တွေ ဒီပလိုမာတွေ အတွက် ဒေါ်လာ သွင်းပြီး စာမေးပွဲဖြေရင် ဘယ်နေရာမှာ မဆို ဖြေလို့ရပြီးသားပါ

ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  ပညာရေးကို အကြောင်းပြ ခုတုံးလုပ်ပြီး ငွေကြေးနဲ့ စီးပွားရှာနေခြင်းသာ ဖြစ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေရဲ့ ကျောင်းတွင်းဆန္ဒပြမှုက အကြိမ်ကြိမ်ပါ။ ဒါပေမယ့် အပြင်ကိုတော့ မပေါက်ကြားပါဘူး။

ဒီ ဗိုလ်မှုးကြီးတွေ ကျောင်းကို ရောက်လာတိုင်း ကျောင်းနဲ့  မတူအောင်ပါဘဲ။ ကျောင်းသားတွေကလဲ တလ (၃) သိန်းနှုန်းနဲ့  (၁၀) သိန်း ကြိုတင်ပေးသွင်းထားရတော့ ဆုတ်လည်းဆူး ဆက်သင်နေရတာလည်း မထူး အနေအထားပါ။ ပိုဆိုးတာက Engineering လိုဘာသာရပ်ကို ဆရာ ၅ယောက်လောက်နဲ့  သင်ကြားနေတာပါ။
သင်ကြားနေ တဲ့ နိုင်ငံခြားမှ ဆရာ ဆရာမှ များဟာ လည်း ဘယ်ကလာမှန်းမသိ ဘယ်သူတွေ
မှန်းမသိပဲ အ၇ည် အချင်း တွေလည်းမသိရပါဘူး.. သေချာ တာကတော့ ကျောင်းသူကျောင်းသားတွေ ဟာ အပြင်မှာ ကျူရှင် ပြန်လည် ယူနေရတာပါ..

မြန်မာဘီယာက ဒုဗိုလ်မှုးကြီး နေ၀င်း ဟာ DSA -17 ကျောင်းဆင်းဖြစ်ပြီး၊ DSA – 12 ကျောင်းဆင်း ဗိုလ်မှူးကြီး မြင့်အောင် ဦးပိုင်က ဖြစ်ပြီး စီမံကိန်းတွေရဲ့  တာဝန်ခံဖြစ်ပါတယ်။
သိန်းထောင်ပေါင်း များစွာနဲ့  ရင်းနှီးတည်ထောင်ထားတဲ့ “Myanmar Noble College” တစ်ခုတည်းအရကြည့်တာတောင် ဒီငွေကြေးကို ရိုးသားစွာ ရရှိတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

ကျောင်းသူ ကျောင်းသားတွေ အနာဂတ် အတွက် အာမာခံ မှု့ အပြည့်အ၀ ရှိ တဲ့ကျောင်းမျိုး ကိုေ၇ွးချယ်နိုင် ဖို့ အတွက် အသိပေးလိုက်ရခြင်း သက်သက် သာဖြစ်ပါတယ်..

Noble College မှကျောင်းသားမိဘတစ်ဦး..

Post. Burmar pyi thar

““ကျွန်တော့်သူငယ်ချင်းတွေ သံတိုင်တွေကြားထဲမှာသူတို့ဖန်တီး ကြိုးစားထားတဲ့အနုပညာလေးပါ။ တစ်လျှောက်လုံးမှာ နိုင်ငံရေး သမားဆိုရင် အကြမ်းဖက်သမား၊ ဆူပူဖျက်ဆီးရေးသမားအစရှိသဖြင့် အမျိုးမျိုးနဲ့ပုံဖျက်ထားရာကနေ ပြီးတော့ ကျွန်တော်တို့သံတိုင် ကြားထဲညည်းတွားသံတွေ၊ ငိုညည်းသံ တွေအပြည့်နဲ့ရှိနေတဲ့ နေရာထဲမှာပဲအနုပညာတွေ ပွင့်ဖူးနိုင်ခဲ့ပါတယ်။ ကိုမြအေး ဆိုရင်ရုပ်ကြမ်း ကြီနဲ့ကဗျာတွေ၊ ၀တ္တူတွေ၊ သီချင်း တွေ ဖန်တီးခဲ့ပါတယ်။

အဲဒီလို ဖန်တီးခဲ့တဲ့အထဲက ၀တ္တုတစ်အုပ် လည်းထွက်ပြီးပါပြီ၊ အခုသူ့ဖန်တီး မှုဖြစ်တဲ့သံတိုင်ကြားမှာရှိနေတုန်း က ရေးခဲ့တဲ့သီချင်းမျာကိုပရိသတ် တွေ အကဲဖြတ်ဖို့အတွက် အနုပညာညီအစ်ကိုတွေပူးတွဲပြီး တော့ ကြိုးစားထားပါတယ်။ နောက်လည်းသူ့ရဲ့အနုပညာဖန်တီး မှုကလေးကိုဆက်ပြီးတော့ဖန်တီး ထုဆစ်ခွင့်ပြုပါ””ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်း ကိုကိုကြီးက ကိုမြအေး ၏ကိုယ်ပိုင်ရေးစပ်သီကုံးဖန်တီး လိုက်သော ““အပြာရောင် သက္ကရာဇ်များ”” တေးစီးရီးမိတ် ဆက်ပွဲတွင် မုဒိတာစကားပြော ကြားခဲ့သည်။

အဆိုပါတေးစီးရီးကို ရွှေသံ စဉ်တီးဝိုင်းကတီးခတ်ပေးထား ကြောင်း၊ တေးသံရှင်ဒီမွန်၊ ဇောင်း၊ နိုးဝေးတို့က သီဆိုထားပြီး အောက်တိုဘာ(၅)ရက်တွင် CD၊ နိုဝင်ဘာ(၁၀)ရက်တွင်DVD အခွေကို Bo Bo Entertainment မှ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုးမြင့်ဆွေ

သာမန်ပြည်သူတွေ ဆိုတာ သမ္မတ နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံလို့မရနိုင်ပါဘူး...။ ထို့အတူပါပဲ...၀န်ကြီးတွေ..၊ ၀န်ကြီးချုပ်တွေ နဲ့ လည်း တိုက်ရိုက်ထိတွေ့ဆက်ဆံခွင့် မရှိပါဘူး....။ ပြည်သူတွေအဖို့ မြို့နယ် နဲ့ ရက်ကွက် အုပ်ချုပ်ရေးမှုး...၊ ရဲ ၊ ယာဉ်ထိန်းရဲ.. နဲ့ အခြားသော ဌာနအချို့တွေ နဲ့ သာ မဖြစ်မနေ ထိတွေ့ ဆက်ဆံနေကြရတာပါ....။ နိုင်ငံတော် က ကြိုက်တဲ့ အမိန့်တွေ..၊ ဥပဒေတွေ ထုတ်ပြန်..၊ သမ္မတကြီးက ကြိုက်သလောက် ညွှန်ကြားချက်တွေ ထုတ်ထုတ်...အောက်ခြေက ပြည်သူတွေ နဲ့ ထိတွေ့ဆက်ဆံနေကြရတဲ့ အဖွဲ့အစည်း..တာဝန်ရှိသူတွေမှ မလိုက်နာရင်..၊လျှို့ဝှက်ဖိုင်ထဲသာ ထညိ့ထားရင် ထုတ်သမျှဥပဒေတွေ..၊ အမိန့်တွေ..၊ ညွှန်ကြားချက်တွေကို ဆိုတာ အလကားပါပဲ....။

ကိုယ်ထုတ်ပြန်လိုက်တဲ့ ဥပဒေ..၊ အမိန့်..၊ ညွှန်ကြားချက်တွေကို ပြည်သူတွေ နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြရတဲ့ သူတွေက လိုက်နာမှုရှိရဲ့လား... ဆိုတာ နိုင်ငံတော်အနေနဲ့..၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့ စုံစမ်းလေ့လာရပါ့မယ်...။ ဒီလိုမှ မဟုတ်ပဲ ပြည်သူတွေ တိုင်မှ စုံစမ်းမယ်...၊ အရေးယူမယ်...၊ ကိုယ်ကတော့ ထုတ်စရာရှိတာတွေ ထုတ်ပြန်ပြီးလို့ တာဝန်ကျေပြီ လို့ထင်နေရင်တော့လည်း မပြောတတ်ဘူးပေါ့....။ ဒီလိုသာ မသိသလိုနေနေမယ်...၊ အရေးယူမှုတွေကလည်း မရှိဘူးဆိုရင်တော့ အောက်ခြေကလူတွေအမြဲပြောနေတဲ့ “အရှုပ်..၊ မလုပ်..၊ မပြုတ်” ဆိုတဲ့စကားကို နိုင်ငံတော်သမ္မတရုံး နဲ့ လွှတ်တော်ရုံး..၊ အစရှိတဲ့ အစိုးရရုံးတွေမှာ ပြင်ဆင်ပြီး ချိတ်ဆွဲထားသင့်ပါတယ်...။

အပေါ်က ပြောချင်သလိုပြော...၊ ဟောချင်သလိုဟော.... အောက်ခြေကတော့ ကော ချင်သလိုကို ကော နေတုန်းပါပဲ....။ အပေါ်က လူတွေ အော်ချင်သလိုအော်...၊ အောက်ခြေက ဆော် ချင်သလိုကို ဆော်နေကြတုန်းပါပဲ...။ အပေါ်က လုပ်ချင်ရာလုပ်... အောက်ခြေကတော့ အုပ် ချင်သလို အုပ်...၊ ယုတ် ချင်သလို ယုတ်မာနေကြတုန်းပါပဲ....။ အဲယားကွန်း အခန်းထဲမှာ တိုက်ပုံကြီးဝတ်..၊ ခေါင်းပေါင်းကြီးပေါင်းပြီး... ဟန်လုပ်..၊ ထိုင်လုပ်...စတိုင်ထုတ်နေကြရုံ နဲ့တော့ “သန့်ရှင်းသောအစိုးရ...၊ ကောင်းမွန်သောအုပ်ချုပ်ရေး...” ဖြစ်မလာနိုင်ပါဘူး...။
Ko Nay Myo


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် လူထု၏ သဘောထားခံယူချက် တောင်းခံကာ လွှတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီခေါင်းဆောင်များပါဝင် သော အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

၎င်းတို့ ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရာ တွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်၊ ရှေ့နောက်
ညီညွတ် ခြင်းမရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် မရှိမဖြစ်လိုအပ်သော တိုင်းရင်း သားများ၏ အခွင့်အရေးများကို အာမခံ ရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူ ထောင်ရေးအတွက် အဟန့်အတား
ဖြစ်နေ သည့် ပြဋ္ဌာန်းချက်များအပြင် ပါတီစုံ ဒီမို ကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်သော၊ အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီမဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်းနင်းဖြစ်စေ သော၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိသော၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ် ၍ တရားမျှတရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များကို တွေ့ရှိရကြောင်း ယင်းကော်မတီ၏ ကြေညာချက်အရ သိရ သည်။

''လူထုဆန္ဒခံယူမယ်၊ ပြင်မလား၊ အသစ်ရေးဆွဲမလား၊ ပြင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ ပြောပြမယ်။ အသစ်ရေးဆွဲ မယ့် ကောင်းကျိုးဆိုးကျိုးတွေ ပြောပြ မယ်''
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံရာ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေးနှင့် ပတ်သက် သည့် အားသာချက်၊ အားနည်းချက် အကြောင်းအကျိုးများအား ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ထိုကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်
ပြန်လည်ရေးဆွဲရေးအတွက် ပြည်သူ၏ ဆန္ဒသဘောထား ရယူကာ ရရှိ လာသည့်ရလဒ်အား ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မင်းဗညား(NewsWatch)

၁၁ ဘီလီယံ … ရှင်းသံညံ … ရယ်ရတယ်ဟေ့ … ဗျဲ  …
အမယ်လေး …. လေး၊ သတင်းသမားပေါက်စ အမြီး လက်တောက်လောက် ဖြစ်တဲ့ ကျုပ်တစ်ယောက်၊ မျက်စိတွေလည်၊ နားတွေအူ၊ အာရုံတွေ ချောက်ချားလို့ နားဝေ တိမ်တောင် ဖြစ်ရလွန်းတာကြောင့် စိတ်ပြေရာပြေကြောင်း Lotion (မှတ်ချက်- ကိုယ်လိမ်း ခရမ်) ဘူးပဲ ပြေးပြေး မြင်နေလေတော့။
ဟော့ … လုပ်ပြန်ပြီ ဒီအကောင် ဘာမဆိုင် ညာမဆိုင်ဆိုပြီး၊ အမာန်မစောလိုက်ကြ ပါနဲ့ဦး။ စိတ်တေလေချောက်ချားပြီး ငါးအာရုံ မှောက်မှားမိတာကြောင့် ကျုပ်ကိုယ်ကျုပ် တစ်ခါ တလေ ၀န်မင်း ကြီးကြီး တစ်ပါးအလား၊ ဘ၀င်မှာ ထင်မှတ်မှားမိတဲ့အခါ…. “ဒွေးနှစ်ဖော် သံဝါညှိစဉ်က၊ မပြေးသော် ကန်ရာရှိသော်လည်း၊ တန်ပါအမိ မဘို့မယ်” ဆိုသလို အဲဒီ  Lotion ဘူးကြီးပဲ ပြေးပြေးမြင်မိတာကို စိတ်မဆိုး ကောင်းပါဘူးဗျာ၊ နော့ …။
သို့သော်လည်း … တော်၊ တိတ်၊ တန်ဆိုပြီး အာဏာသံပြင်းပြင်းနဲ့ ဗိန်းဗောင်းသံ တင်းရင်လည်း နဂိုအသည်း ခပ်ငယ်ငယ်မို့ ၀န်မင်းစိတ်ပျောက် အမြီးညှောက်တောက် ပြန်ပေါက်ရမှာပါပဲ။ ဘာလို့ဆို၊ ဟဲ …ဟဲ … ရှင်းရ ပြန်ပဟ။ (သတင်းသမား ဆိုတော့လည်း ဖွင့်ဆိုရှင်းလင်းရတာ အကျင့်ပါလေတော့။ အင်း … အကျင့် … အကျင့် ဆိုတာလည်း ခက်သလားဟရို့။ ဘယ် အသက်အရွယ် ရောက်ရောက်၊ ဘယ်နေရာရောက်ရောက်၊ ဘယ်ခေတ်ရောက်ရောက် ပျောက်နိုင်ခဲသကိုး ….။)
ဒီတော့ … ပြန်ဆက်ရရင်၊ ဘာလို့ဆို ကျုပ်ဘ၀င်မှာ လေဟပ်မိတဲ့ ၀န်မင်းကြီးက အလင်္ကာကျော်စွာ ဦးရွှေမန်းကြီး အသံနဲ့ “ပေး….ပေး ငါ့ Lotion ပြန်ပေး” ဆိုမှဖြင့်။ … အမယ်မင်း…. အရပ်ရပ် ဇနပုဒ်မှ ကြားလို့မတော်။ ကျုပ်ကို ခရိုနီ အယူတိမ်းလို့ ဝေစား၊ မျှစား နတ်စိမ်းအဖြစ် ထင်ကုန်ကြမှာကွယ်ရို့ ….။
သည်းခံကြ … သည်းခံကြ။ စိတ်မလောနဲ့ကွယ်တို့။  ကျုပ်ရှင်းတာက “ဘ” ကုံးတွေ လုံးလည်လိုက်ပြီး ဘာမှမသိလိုက်ရဘဲ ပြန်လွှတ်တတ်တဲ့ သတင်းစာ ရှင်းလင်းပွဲမျိုး၊ ခြိမ်းခြောက် ဟိန်းဟောက်ပြီး နိုင်ငံတော် သမ္မတ ပြောစကားကိုတောင် မသိချင်ယောင် ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမျိုးတွေ ထက်တော့ သာသဗျ။
ကိုယ်နဲ့နှိုင်းထင်လို့ ရှင်းရင်းရှင်းရင်း ရှုပ်လာတဲ့ဇာတ်လို့ သတ်မှတ်ရင်တော့ ဒီမှာပိတ်…။ လိုရင်းကို လင်းကြဦးစို့ဗျ။ ဘာတဲ့ …အစက။
သြော် ကျုပ်အာရုံတွေ ချောက်ချားလို့ နားဝေတိမ်တောင် ဖြစ်ရလွန်းတယ်ဆိုတာလား။ အမယ်လေး …. ဒီလိုမျိုး အစဖော်ပေးရုံနဲ့ ဘယ်ရမလဲ အရပ်ကတို့ရဲ့။ ကျုပ်ဆိုတဲ့ကောင်က ဖြစ်ခဲ့တဲ့ကိစ္စတွေ အစပျောက်အောင် အတိတ်မေ့သယောင် ဘဏ်စာရင်း မရှိသယောင် ဆောင်တတ်တာ အကျင့်ပါနေလေတော့…. အင်း အကျင့် … အကျင့်။ အကျင့်ဆိုတာလည်း တရုတ်ပစ္စည်းတွေ တိတ်တဆိတ်သွင်းပြီး ကိုယ့်ပစ္စည်းအဖြစ် ပြန်ပြန်ထုတ် တာမျိုးကို ပြောတာကိုးဗျ။ ဒီတော့ ခင်ဗျားတို့က ဘယ်လောက်ဖော်ဖော် ကျုပ်ကတော့ ကျုပ် ရှင်းချင်သလိုရှင်း၊ ကျုပ် လင်းချင်သလို လင်းမှာပဲဗျို့။
ကဲ … ဘာတတ်နိုင်သေးလဲ။ ခပ်တင်းတင်းဆိုတဲ့သူတွေ စတိုင်အတိုင်းပေါ့။
နို့ပေမဲ့ ကျုပ်က သတင်းသမားဆိုတော့ ဒီလို စတိုင်မတင်းနိုင်ဘူးပေါ့။ ဒါကြောင့် တကယ် ရှင်းတော့မယ်ဗျို့ … အမှန်ရှင်းတော့မယ်ဗျို့။ ကျုပ်က … အရေးယူနိုင်ပါတယ်လို့ ပြောရဲတဲ့သတ္တိမှ မရှိတာပဲဗျ။
ဒီတော့ … ကျုပ် နားဝေတိမ်တောင် ဖြစ်တဲ့ကိစ္စ၊ အရပ်ကတို့လည်း ကြားကြမှာပေါ့။ ခုတလောမှာ လူတွေ ပါးစပ်ဖျား ရေပန်းစားလာတဲ့ စကားလုံးနှစ်လုံး။  အခုမှ ရေပန်းစားလာတယ်ဆိုလို့ ဗန်းစကားတွေလားဆိုပြီး မှန်းဆချက်များနဲ့ မထင်လိုက်နဲ့ ဦးဗျို့။ ကျုပ်တို့ရဲ့ မြန်မာ့နည်းမြန်မာ့ဟန် အတိုင်း  အလှုပ်အယိမ်း၊ အရှောင်အတိမ်း အသီးသီးက … (သီးလေးသီး ပြောတဲ့ နောက်တစ်သီးက သြဇာသီး ဆိုတာမျိုးတော့ ဟုတ်မဟုတ် မသိနိုင်ဘူးပေါ့ဗျာ …) အသီးသီးက … ပေါ်ပေါက်လာတဲ့ စကားလုံးတွေ ကွယ်တို့။
သိချင်ရင်ဖြင့် မျက်လုံးမမှိတ်၊ မျက်တောင်မခတ်ဘဲ နားသာ သေသေချာချာစွင့် …. ကျုပ်ရွတ်ပြမယ်။ ကဲ …. ကဲ …. သေချာနားထောင် အရပ်ကတို့ရေ။
“၁၁ ဘီလီယံ … ရှင်းသံညံ … ရယ်ရတယ်ဟေ့ ….ဗျဲ ….”
ဘယ်လိုလဲ အရပ်ကတို့။ (န)တွေ ….(ဝေ)တွေ….(တိမ်)တွေ…(တောင်)သွားပြီလား။ ဒီလောက်နဲ့တော့ ဘယ်ဟုတ်သေးမလဲဗျို့။ ဘာတွေမှန်း မသိတဲ့ဟာဆိုပြီး၊ မျက်နှာကိုလွှဲ … အဖက်မတန်သလို နေလိုက်ရုံပေါ့။ မဟုတ်ဘူးလား။
ဒီစာလုံးတွေလောက် ဆိုရင်တော့ ဒါမျိုးလုပ်လို့ရကြေးပေါ့။ နို့ပေမဲ့ ဒီစာလုံးတွေ နဲ့တင်မပြီးသေးဘူး ကွယ်တို့ရယ်။
ဒီတစ်ခါတော့၊ အရပ်ကတို့ ကိုယ်တိုင် ကျုပ်ကို ရှင်းပါဦး … လင်းပါဦး ဆိုချင်နေပြီ မဟုတ်လား။ ကျုပ်ကလည်း ရှင်းချင်၊ လင်းချင်လွန်းလို့ဗျို့။ ဟို သွားရှာလေသူကြီးလို ဒီယုန်မြင်လို့ ဒီချုံထွင်ခဲ့တာပ။
စဆိုရင်တော့ … ၁၁ ဘီလီယံဆိုတာကြီးနဲ့ စရမှာပဲ။ ပြည်တွင်းပြည်ပ မီဒီယာ အစုံမှာ မထွေးနိုင်၊ မအန်နိုင် ဖွင့်ချလာကျတဲ့ ပြည်ပမှာ အပ်နှံထားသော အမေရိကန် ၁၁ ဘီလီယံ ပမာဏရှိ မြန်မာငွေစာရင်း ဘဏ်အကောင့် (၅)ခု ကိစ္စပဲဗျို့။ (အဲလေ …မီဒီယာအစုံ ဆိုပေမယ့်လည်း အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က ဂုဏ်ရှိန်ဝင့်ခဲ့တဲ့ အလိုတော်ရိတွေ ၀င်စားထားတဲ့ မီဒီယာ စာမျက်နှာတွေမှာတော့ စက္ကူ ကန့်လန့်ကာအောက် ပုန်းလို့၊ လျှိုးလို့ ကောင်းတုန်းပေါ့။)
ကျုပ်တို့နိုင်ငံ ချမ်းသာလိုက်ပုံများ … အဲဒီ ၁၁ဘီလီယံကြီး ပြည်ပဘဏ်တွေမှာ ရှိနေတာကြောင့် ဟိုဘဏ်ကြီးကတောင် ကျုပ်တို့နိုင်ငံပေါ် တင်နေတဲ့အကြွေးတွေကို လျှော်ပစ်ဖို့ကိစ္စ ပယ်ချလိုက်သကိုး တကယ်ဆို … ၁၁ ဘီလီယံဆိုတာကြီးကို မမြင်လည်း မမြင် … မကြင်လည်း မကြင်ရရှာဘဲ ဘုန်းသမ္ဘာတိုးလို့ အချောင်အထင်ကြီး ခံလိုက်ရတဲ့ ပြည်သူတွေ ခမျာတော့  ရွှေကျောင်း ပြောင်ပြောင် … ၀မ်းခေါင် နေရတဲ့ကြားထဲ ဒီအကြွေး ….ဒီအရေးတွေကို  ချွေးနှဲစာအခွန်တွေနဲ့ ဆက်ထမ်း စေသတည်းပေါ့ …
အံမယ်… ကျုပ်တို့နိုင်ငံ ချမ်းသာလိုက်ပုံများ … အဲဒီ ၁၁ ဘီလီယံကြီး ပြည်ပဘဏ်တွေမှာ ရှိနေတာကြောင့် ဟိုဘဏ်ကြီးကတောင် ကျုပ်တို့နိုင်ငံပေါ် တင်နေတဲ့ အကြွေးတွေကို လျှော်ပစ်ဖို့ကိစ္စ ပယ်ချလိုက်သကိုး။
တကယ်ဆို … ၁၁ ဘီလီယံဆိုတာကြီးကို၊ မမြင်လည်းမမြင် … မကြင်လည်း မကြင်ရရှာဘဲ ဘုန်းသမ္ဘာတိုးလို့ အချောင်အထင်ကြီး ခံလိုက်ရတဲ့ ပြည်သူတွေခမျာတော့၊ ရွှေကျောင်းပြောင်ပြောင် … ၀မ်းခေါင်နေရတဲ့ကြားထဲ ဒီအကြွေး ….ဒီအရေးတွေကို ချွေးနှဲစာ အခွန်တွေနဲ့ ဆက်ထမ်း စေသတည်းပေါ့….။
ယခင့်….ယခင်၊ မိုးကောင်းတုန်းက အစိုးရသလိုမျိုး ကျုပ်တို့မီဒီယာတွေက အစအနလောက်လေးနဲ့ပဲ ကျေနပ်…  ညောင်မြစ်တွေ၊ ပုတ်သင်ညိုဥတွေကို မတူးရဲ၊ မဖော်ရဲ၊ မလှန်ရဲဘူးပဲ ထင်သလားမသိ။ အစိုးရ မင်းများရဲ့ ရွှေမျက်နှာတော်တွေက စောင်းငဲ့တောင် မကြည့်ရှာဘူးဗျို့။
ဟား….ဟား … ဒါပေမဲ့လည်း ချိုင်းနှစ်ဖက်ကို ကလိထိုး၊ ပုံစံတစ်မျိုးပြီး တစ်မျိုးပြောင်းပြီးတောင် ရယ်ရမယ့် အဖြစ်မျိုးဗျို့။ ထမိန်စွန်တောင်စွဲပြီး အရပ်တကာလည် အတင်းတုတ်နေတာ မဟုတ်ဘဲ၊ သတင်းအလုပ်ကို အထင်းသား လုပ်နေကြတာဆိုလေတော့ … မြုပ်နေတဲ့ ပုတ်သင်ညိုဥမှာ ဥတင်မဟုတ်ဘဲ အကောင်ပါ ပေါက်ပြီး လည်မှာ ဆွဲထားတဲ့ငွေ။ ဟဲ ….ဟဲ … ဇာတ်တော်အလာအတိုင်း ဆိုတော့၊ ငွေတစ်ပဲနဲ့အတူ မီဒီယာတွေထက် ငေါက်ခနဲ ရောက်ရ ရှာလေသတည်းပေါ့။
ဒီအဆင်…ဒီအခင်းမျိုးဆို စည်းလုံးညီညာ အောင်ကြောင်းဖြာတတ်ကြလေသူများက၊ အဟုတ်တကယ်ဆိုခေါ်ပြီး … မင်းအပေါင်းအစုံညီနဲ့ တော်ဝင်ရှင်းခန်းဖွင့် ကြတဲ့အခါ ကျုပ်တို့ သတင်းသမားတွေမှာ ဇာတ်ပျက် သွားရှာလေတဲ့ “မင်းနားတစ်ထောင်” စကားပုံကို ခွစီး၊ ဘာဘာ … ဘာမှမသိဘူး ဆိုတဲ့ (အဲလေ…ယောင်လို့။) ရှင်းလင်း ပြောကြားချက်တွေကို ပွေ့ပိုက်ပြီး အပြန်လမ်းကို မြန်းကြလေပေါ့။
ဒါတင် ဟုတ်ရိုးလားဆိုတော့ … နိုင်ငံ့အရေး ကိစ္စကြီးတစ်ခုကို အစိုးရကိုယ်စား ခိုင်မာတဲ့ အချက်အလက်တွေ ရှာဖွေပေးဖို့ဆိုတဲ့ တာဝန်ကြီးတစ်ရပ်ကိုပါ ပေးအပ် လိုက်လေတာကြောင့် … ကျုပ်တို့ သမ္မတကြီး ပြောပြောနေတဲ့ “မီဒီယာဟာ တကယ်တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ နားတွေ၊ မျက်စိတွေပဲ ဖြစ်ပါတယ်” ဆိုတဲ့ စကားကို နားရေ လည်သွားရပေတော့တယ် အရပ်ကတို့ရေ။
ဒီကြားထဲ  သတင်းသမား ပေါက်စမို့၊ ကျုပ်ကပဲ … အမြင်လျှမ်း …အကြားလျှမ်းလည်း ဖြစ်ချင်ဖြစ်မပေါ့။ Private အကောင့်၊ Secret အကောင့် ဆိုတာတွေနဲ့ စကားတွေ ရောချလေသလားမသိ။ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း မထွက်ဘဲ အစိုးရအဖွဲ့မှာ ဒီလိုအကောင့်တွေ မရှိဘူးဆိုတာနဲ့ပဲ နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ကြ လေသည်ပေါ့။
ကျုပ်မှာတော့၊ ထင်ချင်ရာထင် … မြင်ချင်ရာမြင်သလား မဆိုနိုင်ဘူး။ ဒီအဖြေ … ဒီသတင်းတွေ … ဖတ်ရ … ကြားရပြီး မချင့်မရဲ ဖြစ်လိုက်ပုံများ။ တော်ဝင် အခမ်းအနားမှာ တာဝန်ကြီးတစ်ခု ပေးအပ်ခံရပြီး၊ ပြန်လာရတဲ့ ကျုပ်တို့ သတင်းသမားတွေကို အဖြေမရသေးရင်လည်း သတင်းသမား စရိုက်ပီပီ အတင်းကုပ်ကပ် မေးဖို့ (တစ်ခါတလေကျရင် သတင်းစာ ရှင်းလင်းပွဲတွေမှာ အစိုးရဘက်နဲ့ မီဒီယာသမားတွေ ရန်ဖြစ်နေသလို ပုံစံမျိုး ထင်တတ်ကြတဲ့) အခြေအနေတွေပဲ မပေးတာလား။ နို့မဟုတ် . . . ကျုပ်တို့ သတင်းသမားတွေပဲ ပဒနလေခတာလား မသိနိုင်ပါဘူး။ မေးခွင့် … မြန်းခွင့်လည်း မပေးဘူးလို့ မြေပြင်သတင်းတွေအရ ကြားရကိုးဗျ …။
ကျုပ်သာဆို မေးဖို့မေးခွန်းရှိသဗျာ။ နားစွင့်ပြီး … ဘာ … မဟုတ်တရုတ် လုပ်တော့မလဲလို့ တွေးမနေနဲ့ဗျို့။ မြီး ကောင်ပေါက် သတင်းသမားပေမို့ အဆင့်မမီ အရာမမြောက်နဲ့ ရွှေနားတော် မချောတော်မူကြရင်ဖြင့်၊ ဒီသကောင့်သား … သနောင့်သနားစရာလေးပါလား ဆို၍သာ ဖြေသိမ့်တော်မူကြပါပေါ့။
ဒီတော့ ဒီဇာတ်ခန်းက ဒီမှာသိမ်းရ မှာမို့၊ အတည်အဟုတ်နဲ့ တကယ် မေးရမယ်ဆိုရင်….။
ကျုပ်က . . .။ ဗျို့၊ ၀န်မင်းတို့…. ၀န်မင်းတို့ …အဲဒီ ၁၁ ဘီလီယံအကောင့် ဆိုတာကြီးက မြန်မာနိုင်ငံက ငွေစာရင်းနဲ့ဆိုရင် ပရိုက်ဗိတ်ပဲဖြစ်ဖြစ်၊ ပရိုကိတ်ပဲ ဖြစ်ဖြစ် အစိုးရဆီ တရားဝင်အခွန်တွေ ဆောင်ပြီး သွားအပ် ထားတာလား။ အဲဒီလိုဆို ကျုပ်တို့နိုင်ငံ ငွေစာရင်းပါ ဆိုတာကိုတောင် အခွန်ဆောင်ထားမှန်းမသိ …၊ အခွန်မဆောင်ထားမှန်းမသိ၊ ငွေဖြူမှန်းမသိ…၊ ငွေမည်းမှန်းမသိ ဆိုလေရင်တော့ . . . စကားချော်ပြီး ဆိုရရင် … ဘာ ဘာ … ဘာမှမသိ ဆိုရင်တော့ဖြင့် စုံစမ်း စစ်ဆေးဖို့ အစိုးရမှာ တာဝန်ရှိပါသလား …၊ မရှိဘူးလား …။ အခွန်မဆောင် ထားရင်ဖြစ်ဖြစ် …၊ ငွေမည်းဖြစ်နေရင်ဖြစ်ဖြစ် …၊ သူတို့ …. သူတို့တွေကို အရေးယူဖို့ ဆိုတာကြီး ရှိ၊ မရှိ…. ရွှေစိတ်တော် ကြည်ကြည်နဲ့ ပလီပလာ ပဇီပဇာမလုပ်ဘဲ ဖြေ….တော်….မူ….ကြ…ပါ …. ကုန်။
အဲဒီလိုမေးမိမှဘဲ … ““ဘာဘာ … ဘာမှမသိဘူး”” ဆိုလေတုန်း ဖြစ်ရင်တော့၊ ဒီအရပ်နဲ့ ဒီဇာတ် … အများမညီ တဲ့ … နှစ်ပါးခွင်မို့ သေတ္တာထမ်းပြီး ဇာတ်ခုံကိုပဲ လွမ်းနေရုံ ရှိတော့မပေါ့။
အဲဒီလို ဇာတ်သိမ်းခန်းမှာ ကန်တော့ပန်းဆင်ချိန် စိတ်ဝယ်မကျဘဲ တစ်မျိုးတလေထပြီး …. ဟဲ့ သကောင့်သား၊ ပြောင်သလို ချော်သလိုနဲ့ သတင်းစာ ရှင်းလင်းပွဲကြီးကိုဖြင့် လေနံ့တောင် လာမရှူဘဲနဲ့၊ ဘာအမူပိုပို စကားဖျင်း ဆိုသလဲ ဆိုရင်တော့၊ အရပ်ကတို့ရေ ….။
သနောင့်သနားစရာ … ကျုပ်လို သတင်းသမားကို ရွှေစိတ်တော် ညှိုးနေရှာသူကြီးက တော်ဝင်ခန်းမကြီး ထဲကနေ ခြေမြန်တော်နဲ့ မကြွမီ လာလေရော့ဆိုပြီး နားရင်းအုပ် လွှတ်လိုက်မှဖြင့် …၊ Facebook မှာ အတင်းတုပ် ခံရမယ့်အရေးကိုး။
သယ် …. မင်းလိုကောင်ဂျပိုး (ကြမ်းပိုး) နေပြည်တော်လို နေရာမျိုးကို သဝေမထိုးလေနဲ့ …. ကိုယ်နဲ့တန်ရာ တန်ရာအလုပ်ဖြစ်တဲ့ … သမိန်ရဲ (အဲ . .. ဘွာတေး … ဘွာတေး….) သမ္မတကြီးရဲ့ ပြောရေးဆိုခွင့် ရှိသူကြီးလို “ရယ်ရတယ်ဟေ့….ဗျဲ” လို့ ဆိုကာသာ သမိန်ပေါသွပ် လုပ်နေရပါကြောင်း …။

မြန်မာသံတော်ဆင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရန် ကြိုးစားသွားရမည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် NLD ပါတီ၏ (၂၅) နှစ်မြောက် ငွေရတု အခမ်းအနားမိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့နိုင်ငံဟာ ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော် တစ်ခု မဟုတ်သေးဘူး။ ပြည်သူလူထုတွေရဲ့ ဘ၀လဲ တိုးတက်မှု မရသေးဘူး။ ဒါတွေလုပ်ဖို့ အများကြီး ကျန်ပါသေးတယ်။
ငွေရတုသဘင်နေ့မှာ ကျွန်မတို့ အဖွဲ့ဝင်တွေကို ပြောချင်တာက အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တဲ့ ရည်ရွယ်ချက်ကိုမမေ့နဲ့။ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုအတွင်း အေးအေးချမ်းချမ်း၊ ချမ်းချမ်းသာသာ နေနိုင်အောင်လို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဖြစ်စေရန်အတွက် အကြမ်းမဖက်သော နည်းလမ်းနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နည်းလမ်းနှင့် ဆက်လက် ကြိုးပမ်းမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် ပြည်သူများ မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပေါ်အောင် မဆောင်ရွက်နိုင်သေးသဖြင့် တာဝန်မကျေသေးဟု ယူဆကြောင်း ပြောကြားကာ ပြောင်းလဲမှုအချို့ရှိနေသော်လည်း ဒီမိုကရေစီစနစ် မပြည့်ဝသေးကြောင်းလည်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်အထိ ဖြတ်သန်းလာခဲ့သည့်အပေါ် ၎င်းအနေနှင့် စိတ်ကျေနပ်လောက်အောင် မဆောင်ရွက်ခဲ့ရကြောင်း ပြောကြားကာ ''စိတ်ထဲ ကျေနပ်လောက်အောင်တော့ မဟုတ်ဘူး။ ဒီထက်အများကြီး လုပ်ချင်ခဲ့ပါတယ်။ လုပ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ မရသော်ငြားလည်း တတ်နိုင်သမျှ လုပ်ခဲ့ပါတယ်'' ဟု ပြောကြားသည်။
ဒီမိုကရေစီနိုင်ငံတော် ဖြစ်စေရန်အတွက် မျှော်လင့်နေရုံဖြင့်၊ ရည်မှန်းချက်ထားရုံဖြင့် မဖြစ်နိုင်ဘဲ လက်တွေ့ကျကျ ကိုယ်တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်း ကြိုးပမ်းမှသာလျှင် တည်တံ့ခိုင်မြဲသည့်၊ ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာမည်ဟု ပြောကြားသည်။ ပြည်ထောင်စုဟူသော စကားလုံး သုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ''ပြည်ထောင်စုဆိုတဲ့ စကားလုံးကို သုံးတာက ကျွန်မတို့နိုင်ငံထဲမှာ တိုင်းရင်းသား အမျိုးမျိုး ရှိပါတယ်။ ဘယ်တိုင်းရင်းသား အုပ်စုကိုမှ ရွေးချယ်ပြီး အထူးမပြောလိုပါဘူး။ အားလုံးဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားတွေဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု သာယာဝပြောရေး၊ ပြည်ထောင်စု ညီညွတ်ခိုင်မာရေးဆိုတာ အားလုံးအတွက် ဖြစ်ပါတယ်။

မြန်မာတွေအတွက်တင်၊ ကရင်တွေအတွက်တင်၊ ကယားတွေအတွက်တင် မဟုတ်ဘူး။ ကျွန်မတို့ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသား အားလုံးအတွက်ပါ။ ဒီနိုင်ငံမှာ ရှိနေတဲ့ ပြည်သူလူထုအားလုံး လုံခြုံမှု၊ အေးချမ်းမှု၊ ချမ်းသာမှုတွေ ရှိရပါမယ်။ ဒီလိုရှိဖို့အတွက် ကျွန်မတို့ ကြိုးစားသွားရမှာပါ။ ဒီနိုင်ငံ တည်ရှိနေသရွေ့ ကြိုးစားသွားရမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် တစ်ချိန်က ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း ရရှိခဲ့သည့် အခြေအနေကောင်းများအား မထိန်းသိမ်းနိုင်ခဲ့သဖြင့် ဒုက္ခများနှင့် တွေ့ကြုံခဲ့ရကြောင်းနှင့် အခြေအနေကောင်းတစ်ခုကို လုပ်ခဲ့ကြရုံသာမကဘဲ ထိုအခြေအနေကောင်းကို ထိန်းသိမ်း ထားရန်လည်း တာဝန်ရှိသည်ဟု ဆိုသည်။

ထို့နောက် နိုင်ငံရေးသမားတစ်ယောက်အနေနှင့် နောင်ရွေးကောက်ပွဲအတွက် သာစဉ်းစားလေ့ရှိပြီး နိုင်ငံရေး သုခမိန်အနေနှင့် နောက်မျိုးဆက်များအတွက်ပါ ဆက်လက် စဉ်းစားလေ့ရှိခြင်းကြောင့် NLD ပါတီအနေ နှင့် နောက်မျိုးဆက်များအတွက်ပါ စဉ်းစားရမည်ဟု ပြောကြားသည်။ NLD ပါတီအနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲကိုသာ စဉ်းစားသည့် ပါတီမျိုး မဖြစ်လိုဘဲ နောက်မျိုး ဆက်များအတွက် လုပ်ပိုင်ခွင့်များ ရချင်သော ကြောင့်လည်းကောင်း၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ပိုင်ခွင့် ရလိုခြင်းကြောင့် ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေနှင့် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် စီမံကိန်းများကို ပြုလုပ်ရန် လိုအပ်ပြီး ထိုစီမံကိန်းများအတွင်း ပြည်သူလူထုအနေနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုသည်ဟု ပြောကြားသည်။

''ရန်ကုန်မြို့မှာ ကားတွေအရမ်းများလို့ လမ်းတွေပိတ်နေတယ်။ လမ်းတွေပိတ်နေလို့ လူတွေအလုပ်ပျက်ရတယ်။ ဘာကြောင့် လမ်းတွေပိတ်လဲဆိုရင် သေချာစီမံကိန်းချပြီး ရန်ကုန်မြို့မှာရှိတဲ့ ကားနဲ့လမ်းကို မျှတအောင် မလုပ်နိုင်လို့ဘဲ။ ဒီလို နိုင်ငံတော်စီမံကိန်းတွေကို တစ်နိုင်ငံလုံးအနေနဲ့ လုပ်ဖို့ လိုအပ်နေတယ်။ ဥပမာပြောရရင် ရေရရှိရေးစီမံကိန်း၊ လျှပ်စစ်မီးရရှိရေး စီမံကိန်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင်လုပ်မယ့် စီမံကိန်း အဲဒါတွေ အများကြီးလိုနေတယ်''ဟု ပြောကြားခဲ့ပြီး ပြည်သူများအနေနှင့် ၀ိုင်းဝန်းကူညီသည့် အနေနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာဖို့ ကြိုးစားကြရန် တိုက်တွန်းသည်။

ထို့နောက်တွင် NLD ပါတီဝင်များအဖို့ ပိုအလုပ်လုပ်ကြရန်၊ အပင်ပန်းခံရန်၊ ကြိုးစားရန် အသင့်ရှိနေခဲ့ကြသော်လည်း အချို့လူများက ပါတီဝင်များထဲတွင် အခွင့်အရေးသမားများ၊ ဖောက်ပြန်ရေးသမားများ ပါနေသည်ဟု ဝေဖန်မှုများ ရှိနေကြောင်း ပြောကြားခဲ့ပြီး ထိုဝေဖန်ချက်များအား ဒေါ်အောင်ဆန်းစုကြည်က ''ဘယ်နိုင်ငံရေးပါတီမဆို ဒီလိုတွေ ရှိပါတယ်။ အင်မတန်မှ ရင့်ကျက်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံရေး ပါတီတွေအတွင်းမှာလဲ ဒီလိုရှိပါတယ်။ ဒါဟာ မထူးဆန်းပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ထို့နောက် ဝေဖန်မှုရှိခဲ့သည့် ပါတီ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းခဲ့ရာတွင်'' NLD ပါတီကို စတင် တည်ထောင်တာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိဖို့အတွက် ဒီမိုကရေစီကို လိုလားတာထက် မြန်မာနိုင်ငံ တိုးတက်ဖို့၊ နိုင်ငံသူ နိုင်ငံသားတွေ စစ်မှန်တဲ့ ပြည်ထောင်စုအတွင်း လုံလုံခြုံခြုံ၊ ချမ်းချမ်းသာသာ နေနိုင်အောင်ဖြစ်တယ်။ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်လဲဆိုတာ တစ်ခါတည်း သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဖွဲ့ချုပ် ဟာ အင်မတန်ကြမ်းတမ်းတဲ့ လမ်းကို ဖြတ်သန်းခဲ့ရပါတယ်'' ဟု ပြောကြားခဲ့ပြီးနောက် NLD ပါတီအနေနှင့် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သော်လည်း (၂၅) နှစ်သက်တမ်း အတွင်း တရားဝင်ပါတီတစ်ခု၏ လုပ်ဆောင်ချက်များအား ပြည့်ပြည့်၀၀ လုပ်ဆောင်ခွင့် ရရှိသည့်အချိန်မှာ အလွန်နည်းပါးသည်ဟု ပြောကြားသည်။

ထို့နောက် ပါတီရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ပါတီ၏ လုပ်ငန်းဆောင်တာများအား အပြည့်အ၀ မဆောင်ရွက်ခဲ့ရသော်လည်း ပါတီဝင်များ၏ အရည်အချင်းအား ပြည့်စုံစေရန် ဆောင်ရွက်ခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားသည်။ NLD ပါတီ ဖွဲ့စည်းရကျိုးနပ်၊ မနပ် သုံးသပ်ရာတွင် တိုင်းပြည်၏ ကောင်းကျိုး ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိအပေါ် ဦးတည် ဆုံးဖြတ်ခဲ့ရပြီး ဖွဲ့ရကျိုးနပ်သည်ဟု ၎င်းက ယုံကြည်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ NLD ပါတီ၏ ငွေရတုအခမ်းအနားကို အမျိုးသားဒီမိုကရေစီပါတီ (ဗဟို) ရုံးတွင် နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး ပါတီနာယက ဦးတင်ဦး၊ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မိန့်ခွန်း ပြောကြားခဲ့ပြီး ငွေရတု ကြေညာချက်တစ်စောင်ကိုလည်း ဖတ်ကြားခဲ့သည်။ ပါတီငွေရတုပွဲသို့ သံတမန်များ၊ တိုင်းရင်းသားပါတီများ၊ ဖိတ်ကြားထားသည့် နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ကြပြီး ပါတီဝင်နှင့် ပြည်သူများလည်း လာရောက်ခဲ့သည်။

Eleven Media Group

စက်တင်ဘာ ၂ရရက်တွင် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်း ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ကျင်းပသည့် ပါတီ၏ (၂၅)နှစ် ပြည့်ငွေရ တုနှစ်ပတ်လည်အခမ်း အနားအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည် က ''ဒီ ဟာကလဲ ဒီမိုကရေစီစံနှုန်းစံထား တွေနဲ့ မကိုက်ညီတဲ့ကိစ္စတစ်ခုပါ ပဲ။ ဖွဲ့စည်းပုံကိုကြည့်ရင် ဒီ ၅၉ ကိုတင်ကြည့်ပြီးတော့ မဟုတ်ပါ ဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့ဟာတွေ အများကြီး ပါပါတယ်။ အဲ့ဒီဟာကိုအခြေခံ ပြီးတော့ ပြောင်းလဲရေးကို တောင်း တာပါ''ဟုပြောကြားသည်။

သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်ရန်အရည်အချင်းပြဋ္ဌာန်းချက် ပုဒ်မ-၅၉သာမကဘဲ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ဒီမိုကရေစီစံနှုန်းစံထားများနှင့် မကိုက်ညီသည့်အချက်အလက် များစွာပါဝင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အားမပြင်ဆင်ပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားနေသည်ဟု မယူဆကြောင်း၊ အခြေခံဥပဒေ မပြင်ဆင်ပါက ၂၀၁၅ ရွေးကောက် ပွဲသည် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်လာနိုင် မည်မဟုတ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

''မမျှတတဲ့ဖွဲ့စည်းပုံအခြေ ခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲဆို တာ ဘယ်လိုမှ မျှတနိုင်မှာမဟုတ်ဘူး''ဟု သူမက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)တွင် ''ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ယင်း သားသမီး၏ ဇနီး၊ ခင်ပွန်းများက နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ ကိုခံယူစောင့်ရှောက်ခြင်းခံရခြင်း၊ တိုင်းတစ်ပါးနိုင်ငံသားဖြစ်ခြင်း များမဖြစ်စေရဟု''ဖော်ပြထား သည်။

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါ တီများဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပြင်ဆင်ပြောင်းလဲသင့်သည့် အချက်များနှင့်ပတ်သက်၍ အ ပတ်စဉ်စနေနေ့တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ ဆုံဆွေးနွေးလျက်ရှိကြပြီး စက် တင်ဘာ ၂၈ရက်တွင် အပြီး သတ် ဆွေးနွေးပြီး ပြင်ဆင်ရန်လိုအပ်သည့် အချက်များ တရားဝင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိ ရသည်။

ရန်ကုန်တိုင်းမ်


ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော NLD ၂၅ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဟု မခေါ်ဆိုနိုင်ဘဲ အယောင်ဆောင် ဒီမိုကရေစီစနစ် ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် နိုင်ငံတွင် ပြဿနာများစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ မျှတမှု မရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပသော ရွေးကောက်ပွဲသည် လွတ်လပ်သော ဆန္ဒမဲထည့်ပိုင်ခွင့်ရှိလင့်ကစား တရားမျှတသော ရွေးကောက်ပွဲဟု မခေါ်ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NHK သတင်းထောက်၏ အမေး ၊ အမေစု အဖြေ...

(မေး)မနေ့က ဂျင်မီကာတာက ကျတော်တို့နဲ့ သတင်းစာရှင်းလင်းပွဲလုပ်တော့၊ ခေါင်းဆောင်တွေတော်တော်များများ တွေ့ခဲ့တယ်ပေါ့လေ... မင်းအောင်လှိုင် နဲ့လဲ သူတွေ့ခဲ့တယ်။အနာဂတ်အလားအလာ တွေ သူဆွေးနွေးခဲ့တယ်... နိုင်ငံရေးမှာ တပ်မတော် ပါဝင်တဲ့ ကိစ္စ... အန်တီလဲ ခုနက အင်္ဂလိပ်လို ပြောတဲ့ မိန့်ခွန်းထဲမှာ တပ်မတော် နဲ့ဆက်လက် လက်
တွဲဖို့ မျှော်လင့်တယ် ဆိုတော့ အဲ့ဒီအခြေအနေနဲ့ပတ်သတ်ပြီးတော့ လက်ရှိ အန်တီရဲ့ ကျေနပ် အားရမှု့၊ တပ်မတော်ကို လက်တွဲဆောင်ရွက်ဖို့ ဘယ်အခြေအနေ ရောက်ပြီလဲ... အန်
တီအနေနဲ့ လက်ရှိရောက်နေတဲ့ အခြေအနေပေါ်မှာ အားရမှု ရှိမရှိ၊ ဘယ်လောက်ထိ ဒီကိစဟာ အန်တီအတွက် စိန်ခေါ်မှုဖြစ်မလဲဆိုတာ ကျတော်နည်းနည်း သိချင်တယ်...

(ဖြေ) ဒါဟာ အန်တီအတွက် ကြီးမားတဲ့ စိန်ခေါ်မှု့လို့ မပြောရဘူး. နိုင်ငံတစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှု့ပါ... ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အမျိုးသားရင်ကြားစေ့ရေးရဲ့ အုတ်မြစ်တစ်ခု ဖြစ်တယ်... တပ်မတော် နဲ့ အရပ်သား နိုင်ငံရေး အဖွဲ့အစည်းများအကြား ပြေလည်ရေး၊ ဆွေးနွေးရေး၊ တိုင်ပင်ရေး၊ ... အန်တီအနေနဲ့ အားရလားဆိုတော့ အားမရဘူး- ဆိုတာ ဘာလို့လဲ ဆိုတော့ အခုထက်ထိ တပ်မတော် နဲ့ ထိတွေ့မှု့ဆိုတာ မရှိသလောက်ပဲ... အဲ့တော့ အဲ့လို ထိတွေ့မှု ရှိဖို့ လိုတယ်... ဒီလို ထိတွေ့မှု့ရှိမှသာလျှင် တစ်ယောက်အကြောင်း တစ်ယောက် သိရမယ်...
ဒီလိုထိတွေ့မှု့ကနေတစ်ဆင့် ဆွေးနွေးပြီးတော့ ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်မယ်ပေါ့...။
တကယ်တော့ ထိတွေ့တာ ဘာမှ ကြောက်စရာမရှိပါဘူး... အန်တီတို့က ကြောက်စရာ မကောင်းဘူး မလား (ရယ်လျှက်) ။

ဒေါ်အောင်ဆန်းစုကြည် (27-9-2013)

ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်တိုင်းရင်းသားမှ လက်မခံနိုင်ဘူး
=====================================
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်းအချက်က ပြည်တွင်းငြိမ်းချမ်းရေးပဲ။ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ လုပ်ပြီးတော့ တရားဥပဒေ စိုးမိုးရေး မရှိရင် ဒီသဘောတူညီချက်တွေကို ထိန်းသိမ်းနိုင်မှာလား၊ မထိန်းသိမ်း နိုင်ရင် အပစ်အခတ် ရပ်စဲရေးက တယောက်က ကျည်ဆန်တတောင့်ပစ်လိုက်ရင် အပစ်အခတ် ရပ်စဲရေး ပျက်သွားမယ်။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မရှိနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်း ရေး အတွက် တရားဥပဒေစိုးမိုးရေးရှိဖို့လိုတယ်လို့ပြောနေတာ။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်တိုင်းရင်းသားမှ လက်မခံနိုင်ဘူး"

ဒေါ်အောင်ဆန်းစုကြည် (27-9-2013)

အခြေခံဥပဒေ မပြင်လျှင် အယောင်ဆောင် ဒီမိုကရေစီဟု ဒေါ်အောင်ဆန်းစုကြည်ပြော
============================================
Irrawaddy 27-9-2013

စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အယောင်ဆောင်ဒီမိုကရေစီစနစ်အောက်တွင် တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ကျင်းပမှုဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော NLD ၂၅ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဟု မခေါ်ဆိုနိုင်ဘဲ အယောင်ဆောင် ဒီမိုကရေစီစနစ် ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဆင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာလွတ်လပ်နိုင်ပေမယ့်လို့တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် နိုင်ငံတွင် ပြဿနာများစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ မျှတမှု မရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပသော ရွေးကောက်ပွဲသည် လွတ်လပ်သော ဆန္ဒမဲထည့်ပိုင်ခွင့်ရှိလင့်ကစား တရားမျှတသော ရွေးကောက်ပွဲဟု မခေါ်ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ခွန်ဒီးယမ်

 ““ခင်ဗျားတို့တစ်တွေ အရင်မဆလ စနစ်ဟောင်းက အမူအကျင့်တွေနဲ့ ဒါမျိုးလာလုပ်ကြပြန်ပြီ၊ ကျွန်တော့်ကို ဒါမျိုးလာလုပ်လို့မရဘူး””ဟူ၍ ချယ်ရီကားပါမစ် လာတင်သော ရန်ကုန်တိုင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြင်းပြင်းထန်ထန် ပြောခဲ့သော်လည်း အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ဒေါ်လဲ့လဲ့ဝင်းဆွေ(တာမွေ)နှင့် ဒေါ်စုစုလှိုင် (ဒဂုံတောင်/ယခု ပြည်ထောင်စု ဒုတိယ၀န်ကြီး)တို့ကိုမူ ခေါ်ယူ၍ ကားပါမစ် တစ်စောင်စီ အလွယ်တကူပေးခဲ့ . . .
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းစက်မှုဝန်ကြီးတာဝန်ယူစဉ်ကချယ်ရီကားပါမစ် ဦးဦးဖျားဖျားပေးခဲ့သောအမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်စုစုလှိုင်
(တောင်ဒဂုံ/ကြံ့ခိုင်ရေးအတွင်းရေးမှူးနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေ(တာမွေကြံ့ခိုင်ရေးအတွင်းရေးမှူး) တို့ကိုထိုစဉ်ကလွှတ်တော်အစည်အဝေးတက်ရောက်ပြီးနားနေချိန်က တွေ့ရစဉ်။
လွန်ခဲ့သောသီတင်းပတ်က 7 Day News ၌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ မြန်မာ သံတော်ဆင့်အပေါ် စွပ်စွဲပုတ်ခတ် ပြောကြားချက်ကို ဖတ်လိုက်ရသည်။ လက်ရှိအစိုးရ ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်း ပြောကြားချက်မှာ ““ဒီလိုလုပ်ဆောင်မှုတွေဟာ အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ယူဆတယ်”” ဟူ၍ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရသမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများကိုသော်လည်းကောင်း၊ နိုင်ငံ့ဦးသျှောင် လူကြီးများကိုသော်လည်းကောင်း၊ စာနယ်ဇင်းကောင်စီ (ယာယီ) လူကြီးများ ကိုသော်လည်းကောင်း မြန်မာသံတော်ဆင့်အနေဖြင့် အထက်တန်း ကျကျ နိုင်ငံ့ဂုဏ်ဆောင် ကျက်သရေဆောင် လူကြီးများအဖြစ် ယူဆထားပါသည်။

အဘယ်ကြောင့်ဆိုသော် အစိုးရအဖွဲ့ လူကြီးများသည် တပ်မတော်တွင် အဆင့်ဆင့်သော တာဝန်များကို သက်စွန့်ဆံဖျား (ကျွန်တော်၏ ယူဆချက်) ထမ်းဆောင်ခဲ့ရပြီးမှ အနိမ့်ဆုံး စစ်ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး ရာထူးများကို အသက်မသေဘဲ ကျန်ရစ် ထမ်းဆောင်ခွင့် ရခဲ့သူများ၊ ထို့အပြင် တပ်မတော်မှ အငြိမ်းစားယူခဲ့ရသော်လည်း (မည်သို့သော အကြောင်းနှင့်ဖြစ်စေ) အစိုးရ အဖွဲ့ဝင် အဖြစ် နိုင်ငံ့ တာဝန်များကို ၂၀၁၀ ရွေးကောက်ပွဲကြီး၌ အကြိတ်အနယ် (NLDမပါဘဲ) ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရ၍သာ နိုင်ငံ့အကြီးအကဲများ ဖြစ်ခဲ့ကြသော ဘုန်းကံပါရမီနှင့် အရည် အချင်း၊ ပြည်သူ လူထု ထောက်ခံမှုများ ရရှိခဲ့သူများအဖြစ် မောင်ရေစက်က မှတ်တမ်းပြု လေးစား ရခြင်း ဖြစ်ပါသည်။

ကျွန်တော် သတိရမိပါသည်။ ပထမဆုံး ပြည်ထောင်စုလွှတ်တော် ခေါ်ယူစဉ်က ရန်ကုန်တိုင်း၊ ကြံ့ခိုင်ရေးပါတီကော်မတီ လူကြီးများထဲမှ ကျွန်တော့်ဆရာသမား (ယခုပြည်သူ့ လွှတ်တော် ရေး ရာ ကော်မတီ တစ်ခု၏ အတွင်း ရေးမှူး) တစ်ဦးက ပထမဆုံး အတွေ့အကြုံကို စိတ်မ ကောင်းခြင်း ကြီးစွာဖြင့် ပြောခဲ့သည်ကို သတိရခြင်းပါ။ လွှတ်တော်အပြီး ဧည့်ခံပွဲ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့ (၄င်းအပါအ၀င်) စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို ထိုစဉ်က ချယ်ရီမီနီဆလွန်း ကားပါမစ် ဈေးကောင်းရ၍ ကိုယ်တိုင်ပင် လျှောက်လွှာရေး၊ လက်မှတ်ထိုး တင်ပြပေးအပ်ပါသည်။ သူတို့တွေကို ၀န်ကြီးက နှစ်ပြားမတန် အောင်ပြောခြင်း ခံခဲ့ရသည်ဟု ရင်ဖွင့်ပါသည်။ ““ခင်ဗျားတို့တစ်တွေ အရင်မဆလ စနစ်ဟောင်းက အမူအကျင့်တွေနဲ့ ဒါမျိုး လာလုပ်ကြပြန်ပြီ၊ ကျွန်တော့်ကို ဒါမျိုး လာလုပ်လို့မရဘူး””ဟူ၍ ချယ်ရီကားပါမစ် လာတင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို …စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြင်းပြင်း ထန်ထန် ပြောခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ)နှင့် ဒေါ်စုစုလှိုင် (ဒဂုံတောင်/ယခု ပြည်ထောင်စု ဒုတိယ၀န်ကြီး)တို့ကိုမူ အလွယ်တကူ ခေါ်ယူ၍ ကားပါမစ် တစ်စောင်စီ ပေးခဲ့သည်ဟု ကြားသိရပါသည်။ တစ်ဦးမှာ ကားပါမစ်ဖိုး (ငွေသွင်းရန်) ခက်ခဲသော်လည်း ပြည်ထောင်စုဝန်ကြီး၏ ကရုဏာဖြင့် ထုတ်ခွင့် ရခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ဖြစ်ရပ်မှာ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ကားပါမစ် အလွယ်တကူ ဦးဦးဖျားဖျား ထုတ်ပေးလိုက်သော စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို …..ကြီးဟူ၍ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများက ကွယ်ရာတွင် ခေါ်ဆိုကြောင်း မြန်မာသံတော်ဆင့်သို့ သတင်းဆောင်းပါးများ မကြာခဏ လာရောက်ပေးတတ်သူ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဖောက်သည်ချ ပြောကြားပါသည်။ တိုင်းကျိုးပြည်ပြု တရားလွှတ်တော် ရှေ့နေကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အပါအ၀င် အမတ်မင်းများ၊ ရုပ်ရှင် မင်းသားမင်းသမီး အချို့လည်း ၄င်းတို့နောက်မှ ကားပါမစ် ရခဲ့ကြောင်း သိရှိ ခဲ့ရသည်။

ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်တစ်ဦးက ရေးသားပေးပို့ထားသော မှတ်တမ်းတွင် – ၂၀၁၁ခုနှစ်၊ ဧပြီလ လောက်ကဖြစ်သည်။ ပထမဦးဆုံး ခေါ်ယူသည့် လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ဒဂုံတောင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလှိုင်တို့ အမျိုးသမီး အမတ်နှစ်ဦးသည် စက်မှုဝန်ကြီးဌာန၏ ပထမဦးဆုံး ချယ်ရီကားများ ရရှိကြသည်။ အမျိုးသမီးအမတ် နှစ်ဦးတည်း ကိုသာ အဲဒီတုန်းက စက်မှုဝန်ကြီး ဦးစိုးသိန်းက ကားပါမစ်များ ချပေးခဲ့ခြင်းဖြစ်သည်။

၎င်းရရှိသော ချယ်ရီကားများအား စက်ရုံမှထုတ်ယူရန် ရန်ကုန်သို့ ကားကျွမ်းကျင်စွာ မောင်းတတ်သူနှင့် အဖော်ဖြစ်သူ ၄င်း၏မြို့နယ် ကော်မတီ ၀င်(၂)ဦးအား ခေါ်ယူ၍ မောင်းနှင် ယူဆောင်စေခဲ့သည်။ ရန်ကုန် တာမွေမြို့နယ် ရုံး၌ ပတ်ဝန်းကျင်လူအများ တွေ့မြင်စေမှာစိုး၍ မြို့နယ် EC များအား အကာအကွယ်များနှင့် ကာထားခိုင်းပြီး ရုံးတံခါးအားလည်း တစ်ဝက်ပဲ ဖွင့်စေခဲ့သည်။ မြို့နယ် EC များကလည်း ရင်ထဲ၌ စိတ်ရင်း အမှန် ဒါမှ ငါတို့အတွင်းရေးမှူးဟု ဂုဏ်ယူလျက် ချယ်ရီအစိမ်းရောင် ကားလေးအား ရုံးသို့ လာရောက်ကြသူ ရပ်ကွက် EC များအား ကြွားဝါပြသခဲ့သည်။ ရသည် မရသည်တော့မသိ။ ကားမောင်းပေးသူ မြို့နယ် ကော်မတီဝင် EC နှင့် တူတော်သူ မြို့နယ် ကော်မတီဝင်တို့ (၂)ဦး တို့အား အခြားမြို့နယ် EC များမသိအောင် လက်သိပ်ထိုး ကားပါမစ် လျှောက်ပေးခဲ့သည်။ ဘယ်လောက်ပဲ လူမသိစေချင်ခဲ့လည်း နောက်တော့ လွှတ်တော်အမတ် အမျိုးသမီးနှစ်ဦး ပထမဆုံး ချယ်ရီကားများ ရရှိခဲ့ကြောင်း ဂျာနယ် စာစောင်များက ဖော်ပြခဲ့ကြသည်။ ၄င်းချယ်ရီကားအား လက်ထဲကြာကြာ မထားလိုက်ချေ။ ဈေးကောင်းရချိန် အမြတ်ထုတ် ရောင်းလိုက်လေသည်။ ပြည်သူ့လွှတ်တော် သွားတက်တာ ရှိုးဂျော့စီးပွားရေး သွားရှာ နေသလိုပါပဲလားဟု အများက ထင်မြင်နေကြသည်။

မြန်မာသံတော်ဆင့်သို့ လာရောက် ပြောကြားသော လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှာ မကြာခဏ မိမိတို့၏ အကြီးအကဲများက ငြိုငြင် ဆုံးမခြင်း ခံနေရ၍ (မင်းတို့က မီဒီယာ လုပ်မှာလား၊ လွှတ်တော်တက်မှာလားဟု မေးမြန်းခြင်း ခံရမှုအပါအ၀င်) ၄င်းတို့၏ အမည်များကို မြန်မာသံတော်ဆင့် သတင်းဌာနက ထိန်းသိမ်းလျှို့ဝှက်၍ ဖော်ပြရခြင်းကို စာဖတ်သူများ နားလည်ပေးမည်ဟု ယူဆပါသည်။

ပူပူလောလော ဖြစ်စဉ်တစ်ခုမှာ ကျိုက်လတ်မြို့၊ (၇)လမ်း၊ မြို့လယ်ကောင် အိမ်ကြီးအိမ်ကောင်း (၆) လုံး မီးလောင်ခဲ့ပြီး အပြစ်မဲ့ ကလေးနှစ်ဦး မီးလောင်သေဆုံးခဲ့ရမှု ဖြစ်စဉ်တွင်ပင် မြို့နယ် မီးသတ်ကားများမှ ရေမပက်ရဘဲ ကားပျက်နေ၍ အနီးရှိ ဗလီထဲမှရေဖြင့် အဓိက ပက်ဖျန်းခဲ့ရခြင်း၊ စည်ပင်မှ အချိန်မီ ရေမလွှတ် နိုင်ခဲ့ခြင်း၊ အစိုးရသတင်းစာမှ အမှန်တကယ် ဆုံးရှုံးမှု ကျပ်သိန်းရာချီ နေသည်ကို (၁၃) သိန်းမျှသာ အသိအ မှတ်ပြု ဖော်ပြခြင်းကို ဒေါသ ထွက်နေကြသည့် ကာယကံရှင်များနှင့် မြို့လူထု၏ အုပ်ချုပ်ရေးနှင့် သတင်း ထုတ်ပြန်ရေးအပေါ် အယုံအကြည် ကင်းမဲ့စေသော ဖြစ်ရပ်များကို ဘူးပေါ်သလို ပေါ်အောင် မြန်မာသံတော်ဆင့်က သတင်းရေးသားဖော်ပြခဲ့ပြီး၊

မြန်မာသံတော်ဆင့်သို့ ပွင့်ပွင့်လင်းလင်း ပြောကြားပေးရှာသော ပြည်မြန်မာ စက်မှုလက်မှု လုပ်ငန်းရှင် ကိုကြာကတ်မှာ သက်ဆိုင်ရာ အချို့က တရားစွဲမည် ဟူ၍လည်းကောင်း၊ အမှုဆင် ဖမ်းဆီးနိုင်သည်ဟု ယူဆ၍ ၄င်းကိုကြာကတ်သည် အိမ်တွင်းမှအိမ်ပြင်သို့ ၃၊ ၄ ရက်ခန့် မထွက်ဝံ့ဘဲ လန့်ဖျားပင် ဖျားနေခဲ့ရခြင်းတို့မှာ ပြည်သူများ၊ ဌာနဆိုင်ရာနှင့် မီဒီယာတို့၏ သရုပ်သကန်ပင် ဖြစ်ပါသည်။

ထို့မှတစ်ဖန် အထက်ကို မဖား၍ ကြံ့ခိုင်ရေးမှ နုတ်ထွက်ခဲ့သော ယခင်က ပဲခူးတိုင်း အတွင်းရေးမှူး ဦးသက်ဦးမင်း (ယခု ပြည်မြို့နယ် ဂုဏ်သရေရှိ မြို့မိမြို့ဖ)ကို တွေ့ဆုံ၍ အတွေ့အကြုံများ ရေးသား ဖော်ပြခဲ့ရာ ထိုပုဂ္ဂိုလ်အတွက် သတင်းရေးသား၍ မဲဆွယ်နေသည်ဟု ပြောလိုပြော၊ (၂၁-၉-၂၀၁၃)နေ့ ညပိုင်းတွင် ခင်ဗျားတို့ ဂျာနယ်က စစ်တပ်အကြောင်းတွေ မသိဘဲ ပုတ်ခတ် ရေးသားနေကြောင်း မကြားဝံ့ မနာသာ ၄င်းကိုယ်၎င်း ဗိုလ်မှူးကြီး တစ်ဦးဆိုပြီး ရှေ့တန်းက ပြန်လာလျှင် အကြောင်း သိစေရမည်၊ ယခု မင်းတို့ဂျာနယ်ကို မီးရှို့နေတယ်ဟူ၍ ဖုန်းဆက်ခါ ခြိမ်းခြောက် ဆဲဆိုခြင်းတို့မှာ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်ဖြစ်ခဲ့သော ၁၉၄၈- ၁၉၅၈ ကာလများကို သတိရမိသည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်က တပ်မတော်သည် လွတ်လပ်ရေးရပြီး ၁၉၅၈ အိမ်စောင့်အစိုးရ ကာလအထိ မြို့သစ်ဖောက်ပေး စသည်ဖြင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘ၀၊ ထိုမှတစ်ဖန် ၁၉၆၂ တော်လှန်ရေး ကောင်စီ အာဏာ သိမ်းခဲ့သော်လည်း ပြည်ထောင်စု ပြိုကွဲမည့် အရေးကို အချိန်မီ ထိန်းသိမ်းနိုင်သော တပ်မတော်အဖြစ် ပြည်သူလူထုက ယုံကြည်ကိုးစားခဲ့ကြသည်။ အမေရိကန် အစိုးရနှင့် အနောက်နိုင်ငံများကပင် အာဏာသိမ်းခဲ့သော တပ်မတော် အစိုးရကို၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းကို ဖိတ်ကြား ဧည့်ဝတ်ပြု၍ ထောက်ခံသမှု ပြုခဲ့ကြသည်။

ထို့နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း၌ အာဏာမစွန့်တော့ဘဲ တပ်မတော် အကြီးအကဲများ အရပ်ဝတ်ပြောင်း၍ အုပ်ချုပ်ခဲ့ကြသော စနစ်ထွန်းကားခဲ့ကာ တပ်မတော်နှင့် ပတ်သက်သူများ စီးပွားရေး ခိုင်မာတောင့်တင်းပြီး တပ်မတော်နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များ၊ တပ်မတော်နှင့် မရင်းနှီးသော၊ မကျွမ်းဝင်သော ပြည်သူလူထုနှင့် စီးပွားရေးသမားများမှာ မျိုးစုံ ဖိနှိပ်မှုများ ကြုံခဲ့ရသည်။ ၄င်းဖြစ်စဉ်ကို ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ပင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်လက်ထက် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား တင်းမာမှုများက သက်သေ ထူလျက်ရှိသည်။ တပ်မတော်နှင့် ရင်းနှီးကျွမ်းဝင်သော ပုဂ္ဂိုလ်များမှာ ယခုအခါ ခရိုနီများအဖြစ် ဆင်းရဲသား ပြည်သူများက ကြောက်ရွံ့ မုန်းတီးမှုများ အတန်သင့် ခံနေရပြီး ၄င်းတို့၏ လှူဒါန်း ပေးကမ်းမှုများကိုပင် မျှော်လင့် နေကြရသော နေရာများလည်း ရှိနေပေသည်။ မကြာမီက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်တစ်ခုတွင် တပ်မတော်အနေဖြင့် အုပ်ချုပ်ရေး (အာဏာရရေး) ကို အဓိက မထားတော့ဘဲ တိုင်းကျိုးပြည်ပြု တာဝန်များကိုသာ ထမ်းဆောင်သွားရန်၊ အခြေခံ ဥပဒေကို လိုက်နာ စောင့်ရှောက်သွားရန်၊ သဘောမျိုး ပြောကြားချက်များ သိရှိရ၍ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်သားများ ဘ၀ကို ပြန်လည် ရောက်ရှိ စေလိုသည်။ အုပ်ချုပ်ရေးအာဏာ မမက်သော တပ်မတော်သားများက အသက်ခန္ဓာ စွန့်လွှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ် စောင့်ရှောက်နေသော သမိုင်းပေးတာဝန်သည် လွန်စွာမှ မွန်မြတ်လှပေသည်။ ဤသို့သော အခြေအနေ မျိုးကို ပြည်သူတိုင်းက လိုလားမျှော်လင့် နေကြမည်သာ ဖြစ်သည်။

တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် တပ်မတော်သားများဘ၀ကို ပြည်သူတိုင်းက လိုလားမျှော်လင့်နေကြ အုပ်ချုပ်ရေးအာဏာမမက်သော တပ်မတော်သားများက အသက်ခန္ဓာစွန့်လွှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ် စောင့်ရှောက်နေသော သမိုင်းပေးတာဝန်သည် လွန်စွာမှ မွန်မြတ်လှပေသည် . . .

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲများသည် ယခုအခါ အငြင်းပွားဖွယ်များ ရှိနေပြီး ကြိုတင်မဲများဖြင့် ကြံ့ခိုင်ရေးအမတ်များ အနိုင်ရခဲ့ကြောင်း တိုင်ကြားမှုများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို မဲဆန္ဒရှင်များက လက်မှတ်ရေးထိုး၍ တိုင်ကြားသော်လည်း အရေးယူရန် အစီအစဉ် မရှိသေးကြောင်း သိရှိရမှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး လှည့်ကွက်များအပေါ် ပြည်သူများ နားလည်သင့်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စာနယ်ဇင်း လောက၌လည်း တပ်မတော်အစိုးရ တစ်ခေတ်လုံး ပြန်ကြားရေး ၀န်ကြီးဌာနက ချုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့တွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များသည် ယခုခေတ်တွင် စာနယ်ဇင်း ခရိုနီများအဖြစ် ပြောဆိုရေးသားခြင်း ခံနေရပြီး ယခုခေတ်တွင်လည်း သတင်းစာ၊ ဂျာနယ် ထုတ်ဝေ ခွင့်ရသော ပုဂ္ဂိုလ်အချို့က အာဏာပိုင်များကို ဖော်လံဖား၍ ၄င်းတို့အလိုကျ ပြောဆိုရေးသား ပေးနေရခြင်းသည် အဖိနှိပ်ခံနေရသော ပြည်သူများနှင့် ဆင်းရဲသား လူတန်းစားများဘက်မှ ရပ်တည်မှု နည်းပါး နေသော မီဒီယာလောက ဖြစ်ရပ်များကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ အမှန်အတိုင်း မိမိတို့၏ ရပ်တည်ချက်ကို လုပ်ဆောင် သွားကြရမည့်အစား ဝေဖန်ထောက်ပြသော မီဒီယာကို ရန်လိုနေသည့် အာဏာပိုင် အချို့အကြိုက် ရေးသားပေးနေ သူများသည်လည်း အမှန်တရားလိုလားသူ ပြည်သူများ၏ တုံ့ပြန်ရှောင်ကြဉ်မှုကို ခံကြ ရမည်သာ ဖြစ်သည်။ မီဒီယာလောကတွင် နှောင်ကြိုးမဲ့ဟူ၍ ပြောနေ၊ ရေးနေစေကာမူ ၄င်းတို့၏ ရပ်တည်ချက် သမိုင်းကြောင်းမှာ စာမျက်နှာထက်တွင် မော်ကွန်းတင်ပြီးသားဖြစ်၍ စာဖတ်သူများက အသိဆုံးပင် ဖြစ်ပေ လိမ့်မည်။

လေ့လာမိသရွေ့ တပ်မတော်တွင် တာဝန်ကြီးများ ထမ်းဆောင်ခွင့်ရသော အရာရှိကြီးများမှာ တပ်မတော်မှ အနားပေးခြင်း၊ အနားယူခွင့်ပြုခြင်း၊ အငြိမ်းစားပေးခြင်း၊ အငြိမ်းစားယူခွင့် ပြုခြင်းတို့သည် မည်သည့် အကြောင်းကြောင့် ဖြစ်ကြောင်း ကာယကံရှင်များက အသိဆုံး ဖြစ်ပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ခါနီးမှ ကပ်၍ အငြိမ်းစားယူခဲ့ သူများတွင် ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးရာထူးများ အထိပါဝင်ခဲ့ပြီး ထိုကာလ မတိုင်မီ အငြိမ်းစားယူခဲ့ရသော သူများလည်း ရှိပေသည်။ နယက အစိုးရ လက်ထက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်မှသာ အငြိမ်းစားယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် အစိုးရသစ် လက်ထက်မှသာ တပ်မတော်မှ အငြိမ်းစားယူ၍ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခြင်း၊ စစ်ရာထူး ခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဆင့်သည် ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေး အမတ်လောင်း လျာထားခြင်းခံရသော တပ်မတော် အကြီးအကဲများကို ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အငြိမ်းစား ယူခွင့်ပြု ခဲ့ကာ အထက်အကြီးအကဲ ဆန္ဒအရ ၄င်းကိုယ်တိုင်လည်း အငြိမ်းစားယူ၍ ကြံ့ခိုင်ရေးပါတီ အမတ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်း စသည်တို့မှာ တပ်မတော်မှ အစဉ်အလာကောင်းများဟုလည်း ဆိုနိုင်ပေသည်။ ထိုအထဲတွင် အထက်ပါ ကာလများထက် လွန်စွာစော၍ တပ်မတော်မှ အငြိမ်းစားယူခဲ့ရသူများ၊ တပ်မတော် တာဝန်များမှ အရပ်ဘက် တာဝန်များကို ပြောင်းရွှေ့ ထမ်းဆောင်ခဲ့ရသူများ အနေဖြင့်မူ မည်သို့သော အကြောင်းတရားများကြောင့် ဆိုသည်ကိုလည်း မှန်မှန်ကန်ကန်သိရှိ ရေးသား မှတ်တမ်းတင်ခဲ့ခြင်းမျိုး မတွေ့ရပေ။ တပ်မတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း(ငြိမ်း)၏ မြေးများနှင့် မိသားစုဝင် အချို့ကိုမူ တရားဥပဒေ ဖောက်ဖျက်၍ အရေးယူခဲ့ခြင်း၊ တပ်မတော်ထောက်လှမ်းရေး တစ်ဖွဲ့လုံးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် မိသားစုကိုပါ အရေးယူခဲ့ခြင်း စသည်တို့သည် ကမ္ဘာကျော်ခဲ့သော မြန်မာနိုင်ငံ ခေါင်းဆောင်များ၏ မှုခင်း ဖြစ်ရပ်များပင် ဖြစ်သည်။

““ပြည်သူတွေက ရူးနေကြတာ…””စသည်ဖြင့် ပြောကြားခဲ့ကြသော အာဏာရ ကြံ့ခိုင်ရေးပါတီ လူကြီးအချို့ကြောင့် မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏ဘ၀ကို လွန်စွာစိတ်ပျက် သနားမိကြပြီး ထိုအကြောင်း အရာအချို့ကို ရေးသားခဲ့ကြသည့် မီဒီယာများကိုလည်း ၄င်းအာဏာရပါတီက မလိုမုန်းထား ဆက်ဆံခြင်း၊ စစ်ဆေးမေးမြန်းခြင်းများမှာ လက်ရှိနိုင်ငံရေး ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုကို လိုလား နေသော ပြည်သူများသည် တရားဥပဒေ ဘက်တော်သားများ ဖြစ်သော အစိုးရနှင့် ရဲတပ်ဖွဲ့တို့အပေါ် လွန်စွာ အားကိုးသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သို့သော်လည်း အစိုးရ အဖွဲ့ဝင် အချို့၏ ပြောဆို ဆက်ဆံမှုများ ကြောင့် ပြည်သူများ အဆင်မပြေဖြစ်ရသည့် ကိစ္စရပ်များကိုမူ မီဒီယာက ထောက်ပြရေးသား ရသည်မှာလည်း ဓမ္မတာပင် ဖြစ်သည်။ အစိုးရအပါအ၀င် တာဝန်ရှိသူများအနေဖြင့် မီဒီယာက ဆက်သွယ် မေးမြန်းလာလျှင် အဆင်ပြေအောင် ဖြေကြားပေးရမည်မှာလည်း အစိုးရအပေါ် ပြည်သူများက အပ်နှင်းထားသော တာဝန် တစ်ရပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆက်သွယ် မေးမြန်းခံရသည့် ပုဂ္ဂိုလ်များမှာ ရံဖန်ရံခါဖြစ်သလို ဖြေကြားခြင်းကြောင့် သတင်းအမှန်များ ပပျောက်၍ သို့လောသို့လော ထင်စရာ သတင်းများ ထွက်ပေါ်လာခြင်း၊ ပြည်သူများ၏ ယုံမှားသံသယ ကြီးထွားစေခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။
လွန်ခဲ့သော သီတင်းပတ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင် မပြောဆိုဟူ၍ သက်သေပြရန် မြန်မာ သံတော်ဆင့်သို့ အသံဖိုင်ကို တောင်းယူပြီး မီဒီယာ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်တိုင်း အစိုးရရုံး၌ ပြုလုပ်ရာ မြန်မာသံတော်ဆင့် သတင်းထောက်က ၄င်းအသံဖိုင်သည် တောင်းတိုင်း ပေး၍မရဘဲ ဥပဒေနှင့်အညီ ရုံးတော်မှသာ တောင်းယူပါရန် ပြန်လည်ပြောကြား၍ ရဲမှူးကြီးက ထိုသို့ပြောသော သတင်းထောက်ကို လွန်စွာ ဒေါသထွက်ပြီး ပြန်လည် ပြောဆိုကြောင်း၊ ထိုအခါ အသံဖိုင်ကို သက်သေလုပ်၍ မရကြောင်းလည်း ရဲတပ်ဖွဲ့မှ ပြောပြန်ကြောင်း၊ ဤသို့ရှင်းသော မီဒီယာရှင်းလင်းပွဲကို သတင်းရေးသားခြင်းမပြုရန် ပိတ်ပင်ကြောင်းဖြင့် သတင်းမီဒီယာများအပေါ် ပြုမူဆက်ဆံချက်များသည်လည်း လက်ရှိအစိုးရ၏ မည်သို့သော နိုင်ငံရေး နည်းလမ်းဖြင့် သွားနေသည်ကို စဉ်းစားစရာ များစွာဖြစ်ခဲ့ရသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ဖတ်ကြား တင်သွင်းသည့် စာတမ်းကို ကိုယ်တွေ့ အတွေ့အကြုံဖြင့် နှိုင်းယှဉ်၍ စဉ်းစားမိသည်။ တက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများ ကိုယ်စားဟု ဆိုပါလျှင် မည်သည့်တက္ကသိုလ်များတွင် အခြေခံတည်၍ ဆွေးနွေးခဲ့ပါသနည်း။ မည်သည့် ကျောင်းသားများက ဆွေးနွေးထောက်ခံ၍ ၄င်းစာတမ်းကို တင်သွင်းခဲ့ပါသနည်း။ စာတမ်းရှင်မှာ မည်သည့် တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းများက ရွေးချယ်စေလွှတ်၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီမိုကရေစီ နည်းလမ်းကျကျ တက်ရောက် စေခဲ့ပါသနည်း။ အဖြစ်အမှန်ကို ကျွန်ုပ်မသိပါ . . .

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း စက်မှုဝန်ကြီး တာဝန်ယူစဉ်က ချယ်ရီကားပါမစ် ဦးဦးဖျားဖျားပေး ခဲ့သော အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်စုစုလှိုင်
(တောင်ဒဂုံ/ ကြံ့ခိုင်ရေး အတွင်းရေးမှူးနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ ကြံ့ခိုင်ရေးအတွင်းရေးမှူး) တို့ကို ထိုစဉ်က လွှတ်တော်အစည်အဝေးတက်ရောက်ပြီး နားနေချိန်က တွေ့ရစဉ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဟူ၍ အာဏာရ ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဦးစီးကျင်းပခဲ့ရာ မီဒီယာများလည်း သတင်းယူခွင့်ရခဲ့သည်။ အဆိုပါ အခမ်းအနား၌ စာတမ်းများလည်း ဖတ်ကြားခဲ့ကြရာ စိတ်ဝင်စားခဲ့သော စာတမ်းတစ်ခု မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ ကိုယ်စား ကျောင်းသူတစ်ဦးက ဖတ်ကြားတင်သွင်းသည့် စာတမ်းကို ကိုယ်တွေ့ အတွေ့အကြုံဖြင့် နှိုင်းယှဉ်၍ စဉ်းစားမိသည်။ တက္ကသိုလ်များမှ ကျောင်းသူ ကျောင်းသားများ ကိုယ်စားဟု ဆိုပါလျှင် မည်သည့် တက္ကသိုလ်များတွင် အခြေခံတည်၍ ဆွေးနွေးခဲ့ပါသနည်း။ မည်သည့် ကျောင်းသားများက ဆွေးနွေး ထောက်ခံ၍ ၄င်းစာတမ်းကို တင်သွင်းခဲ့ပါသနည်း။ စာတမ်းရှင်မှာ မည်သည့်တက္ကသိုလ် ကျောင်းသား အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီမိုကရေစီ နည်းလမ်းကျကျ တက်ရောက်စေခဲ့ ပါသနည်း။ အဖြစ်အမှန်ကို ကျွန်ုပ်မသိပါ။

ကျွန်တော်သိသော နယက (တပ်မတော်) အစိုးရလက်ထက် ပညာရေးစုံညီပွဲတော် (၂၀၀၁)၌မူ ကျွန်တော်က တက္ကသိုလ် ကျောင်းသားများ၏ ကိုယ်စား ဗဟိုအဆင့် အခမ်းအနား ကျင်းပရာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံကြီး၌ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ရပါသည်။ ထိုစာတမ်းမှာ ကြိုတင်၍ ရေးသားထားပြီးသား စာတမ်းဖြစ်၍ ကျွန်တော့်ကို ဒဂုံတက္ကသိုလ် အသင်းအဖွဲ့များတွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော နောက်ဆုံးနှစ် ကျောင်းသားဖြစ်၍ ရွေးချယ်ကာ ဖတ်ကြားစေခြင်းဟု ယူဆရပါသည်။ ထိုစဉ်က ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ရွေးချယ်၍ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရုံးချုပ်သို့ ကျွန်တော့်ကို စေလွှတ်ပြီး အခမ်းအနား မတိုင်ခင် ၃ရက်ခန့် အလို၌ အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့် (ယခုဒုဝန်ကြီး) က စာတမ်းကို စနစ်တကျ ရှင်းပြ၍ စာချောအောင် ဖတ်ကြားရန် သွန်သင်ခဲ့ပါသည်။

စာတမ်း၏အစမှာ ““ယနေ့ အခမ်းအနားသို့ ကြွရောက်လာသော မြန်မာနိုင်ငံ ပညာရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁)….””ဟူ၍ အစချီထားပြီး အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံ ပညာရေး စုံညီပွဲတော်ကြီး၏ သတင်းညပိုင်း ရုပ်သံထုတ်လွှင့်ရာ၌လည်း ကျွန်တော် ဖတ်ကြားသည်ကို အစအဆုံး ထုတ်လွှင့် သွားခဲ့ပါသည်။ ယခုအခါ သမဂ္ဂ အဖွဲ့အစည်းများ ဖွဲ့စည်း ဖြစ်ပေါ်လာရာ ဖြစ်ရပ်များကို တွေးတော ပုံဖော်မိပါသည်။ ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်) ရေးသော ““မြန်မာနိုင်ငံသမဂ္ဂများ”” အကြောင်း ဖတ်မိပါသည်။ ယခုအခါ ဒီမိုကရေစီ နည်းလမ်းကျကျ လုပ်ထုံး လုပ်နည်းများ စတင်၍ အခြေခံ ဆောင်ရွက် သင့်ကြပြီဟု ထင်မြင်မိပါသည်။ ခေတ်ဟောင်း စနစ်ဟောင်းများမှ လုပ်ထုံး လုပ်နည်းများသည် တစ်ပါတီ ပြိုင်ဘက်ကင်း အစိုးရတစ်ရပ် အာဏာရှင်စနစ်အရ ဗဟိုဦးစီး စနစ်ဖြင့်သာ မိမိတို့အပေါ် ကောင်းကြောင်း ရေးမိ၊ ပြောမိနိုင်သော သူများကိုသာ စင်တင်သော အမူအကျင့် များသည် ယနေ့ ခေတ်ကာလနှင့် နှိုင်းယှဉ်ပါလျှင် ချက်ချင်းလက်ငင်း မသိသာသော်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာပါလျှင် ဘူးပေါ်သလို ပေါ်တတ်ကြောင်း သတိပြုသင့် လှပေသည်။ သာဓက ထုတ်နုတ်ပြရပါလျှင် ယနေ့ အစိုးရသစ် လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် အဆင့်တူ သတ်မှတ်ကာ လက်ဆွဲနှုတ်ဆက် နေကြသော မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော လက်ကျန် ဘိန်းဘုရင်ဟု ဆိုနိုင်သည့် ဦးရွက်ဆစ်ကို ဒုတိယဗိုလ်ချုပ်ကြီး ယွတ်စစ်ဟူ၍ နိုင်ငံတော် အစိုးရနှင့် နိုင်ငံပိုင် သတင်းမီဒီယာက ရေးသား ပေးနေသော်လည်း ၄င်းနိုင်ငံတော် လူကြီးများ၏ အလိုကျ နယက အစိုးရ လက်ထက်တွင် သတင်းစာများ၌ ရေးသားပေးခဲ့သော စာရေးဆရာ တက္ကသိုလ်မြတ်သူက ““နယ်စပ်တွင် ပြဿနာ ဖန်တီးနေသော ဘိန်းသောင်းကျန်းသူများ”” ဟူ၍ အချက်အလက်များစွာဖြင့် အစိုးရသတင်းစာတွင်ပင် ရေးသား ဖော်ပြခဲ့သည်တို့မှာ မြန်မာ့နိုင်ငံရေးစနစ်၏ သရုပ်သကန်ပင်ဖြစ်သည်။

အမှန်စင်စစ် သုံးသပ်ရပါမူ မိမိတို့ အစိုးရ၏ နိုင်ငံရေးလမ်းကြောင်းကို ၄င်းအစိုးရ၏ မီဒီယာသမားများက သိသင့်လှပေသည်။ မြန်မာသံတော်ဆင့် စတင်ထွက်ခါစက သံတော်ဆင့် ကာတွန်းတစ်ပုဒ် အတွက်ပင် ၄င်းမီဒီယာက ဆောင်းပါးတစ်ပုဒ် ပြန်လည်ရေးသား၍ ပုဒ်မကြီးများ တပ်ကာ ချက်ချင်းလက်ငင်း အရေးယူသင့် ကြောင်း တွန်းထိုးခဲ့ကြသည်။ အစိုးရကမူ တုတ်တုတ်ပင် မလှုပ်ခဲ့၊ အဘယ်ကြောင့်ဆိုသော် ၄င်းကာတွန်းတွင် ညွှန်းဆိုနေသည်ဟုဆိုသော အဆိုပါ မီဒီယာဂျာနယ် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ““မင်းသမီး”” သည်ပင်လျှင် မြန်မာနိုင်ငံ၏ လွှတ်တော် နိုင်ငံရေး မျက်နှာစာ၌ အစိုးရ၏ အရေးတယူ အလေးပေးခြင်း ခံရသော နိုင်ငံရေး ခေါင်းဆောင် နေရာရလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောင်း၍ ပြောဆို ရေးသား ရပါလျှင် ကုန်နိုင်ဖွယ် မရှိပေ။ မီဒီယာကြောင့် ဒေါသထွက်တတ် သူများကိုသာ စိတ်ထိန်းကြရန် မျှော်လင့်မိ သည်။ မီဒီယာအနေဖြင့်မူ ချစ်သူတစ်ရာ မုန်းသူတစ်ယောက် ရှိတတ်ကြောင်း ထုံးနှလုံးမူ၍ အများအကျိုး၊ တိုင်းပြည် အကျိုး၊ ဘာသာသာသနာ ထွန်းကားရာ ထွန်းကားကြောင်း၊ အမျိုးသားရေး အသိရှိရှိဖြင့် ဆက်လက် ချီတက်ကြရမည်ဖြစ်သည်။

ဤသို့ဆိုပါလျှင် ““အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ယူဆတယ်”” ဟူ၍ ပြောခဲ့၊ ရေးခဲ့ကြသူများသည် ကိုယ်တိုင်မြန်မာ့ နိုင်ငံရေး နယ်ပယ်၌ ပါဝင်နေကြသူများဖြစ်၍ မိမိတို့၏ နိုင်ငံရေး သမိုင်းကြောင်း အစ၊ အလယ်၊ အဆုံး၌ ထိုကဲ့သို့ မဖြစ်ရန်လည်း လိုအပ်ကြောင်း သတိပြုသင့် လှပေသည်။

မောင်ရေစက်
မြန်မာ သံတော်ဆင့်

လက်ရှိအစိုးရကို အေးချမ်းစွာ အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်များ ပိုင်ဆိုင် လုပ်ပိုင်ခွင့်ရထားသော လှိုင်သာယာမြို့နယ်၊ ၀င်းသူဇာ အရောင်းဆိုင်ကို အစိုးရ စက်မှုဝန်ကြီးဌာနမှ တင်ဒါခေါ်ယူ ရောင်းချခဲ့ပြီး ယခုလကုန်အတွင်း (နှစ်ပတ်ခန့် အချိန်) ဆိုင်မှ ပစ္စည်းများနှင့်တကွ ဖယ်ရှားပေးရန် အကြောင်း ကြားခဲ့ကြောင်း၊ လုံလောက်သော အချိန်မပေးဘဲ ရက်ပိုင်းအတွင်း ဆိုင်မှ မောင်းထုတ်သည့် သဘောဖြစ်ကြောင်း ၎င်းဆိုင်၏တာဝန်ခံက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ၀င်းသူဇာဆိုင်များသည် နယက အစိုးရလက်ထက် (၂၀၀၉ခုနှစ်) ဦးမောင်အေး အာဏာရှိစဉ်က စက်မှု(၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း စီမံခန့်ခွဲမှုဖြင့် ပုဂ္ဂလိကသို့ သတင်းစာမှ တရားဝင် ခေါ်ယူ ငှားရမ်းလုပ်ကိုင် ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာ ၀င်းသူဇာဆိုင်မှ ကိုဘုန်းနိုင်(ဦးမောင်အေး၏ မိသားစုဝင်တစ်ဦး)က ““အခုလက်ရှိ စက်မှု ၀န်ကြီးဌာန၀န်ကြီးနဲ့ အောက်က ထွေ/ထိန်း ဌာနနဲ့ပဲ သက်ဆိုင်တာ။ ၀န်ကြီးကတော့ ကျွန်တော် ခြုံပြောရတာပေါ့ဗျာ။ အဓိက သက်ဆိုင်သူကတော့ မြန်မာ့အထွေထွေ ပြုပြင်ထိန်းသိမ်းရေးဌာန၊ ထွေ/ ထိန်းဌာနကို ဒီဝင်းသူဇာဆိုင်လေးက၊ လှိုင်သာယာက။ ထွေ/ ထိန်း အောက်က ဆိုင်ဆိုတော့ ထွေ/ ထိန်းနဲ့ စာချုပ်ချုပ်ပြီး ထွေ/ထိန်း ဌာနကို ကျွန်တော်တို့က စပေါ်တင်ထားရတာ။

စပေါ်တင်တဲ့အထဲမှာ ကျွန်တော်တို့က အဲဒီလှိုင်သာယာကပဲ ကျန်စစ်သား ဆိုင်တစ်ခန်းကို သိန်း ၇၀၀ တန်တယ်။ နှစ်ခန်း သိန်း ၁၄၀၀ တန်ကို ကျွန်တော်တို့ စပေါ်တင်ထားတာ။ အဲဒီတင်တဲ့ အချိန်တုန်းကတော့ တစ်ခန်းကို သိန်း ၂၅၀ ပေါ့ဗျာ။ အခု ကာလတန်ဖိုးက သိန်း ၇၀၀ ပေါက်နေတယ်။ အဲဒါကြီး ပျောက်နေတယ်။…

ဒီဆိုင်ကတော့ ကျွန်တော်တို့ ဒီလိုငြိနေတယ်။ ကျွန်တော်တို့ဟာကြီး ပျောက်နေတယ်။ ပြန်ပေးဖို့အတွက် မရှိဘူးနော်။ အဲလိုမျိုး အောက်ကတာဝန်ယူ၊ ပြီးတော့ GM တို့ ဘာတို့အဆင့်တွေက မတင်ပြလို့ပေါ့။ ဒီလကုန်နောက်ဆုံး။ ဒီလ ၃၀ရက်ကို အပြီးရွှေ့ပါ ဆိုပြီးတော့ ကျွန်တော်တို့ကို စာထုတ်ထားတာ။

ဘာမှလည်း လုပ်ခွင့်မရှိတော့ဘူး။ အချိန်လည်း ဆွဲလို့မရတော့ဘူး။ ဖြစ်စဉ်က ဘယ်လိုလဲဆိုတော့ ဒီစက်မှု ဆိုင်တွေကို ၀င်းသူဇာဆိုင်တွေကို ငှားတဲ့ အချိန်တုန်းက သူတို့က ငှားခါနီးတင်ဒါပေါ့၊ အရင်ဦးဆုံး တင်ဒါဆွဲဖို့ အချိန်လုပ်တယ်။ တင်ဒါလုပ်တဲ့အချိန်မှာ သူတို့က ကွင်းဆင်းပြီးတော့ ဆိုင်တွေမှာ ကုန်ပစ္စည်းလက်ကျန် ဘယ်လောက်ရှိတဲ့အချိန် သူတို့ စက်မှုပစ္စည်းတွေကို ကျွန်တော်တို့က လွှဲယူထားခဲ့ရတာ။ ၀ယ်ထားခဲ့ရတာဗျာ စယူတုန်းက။ ဘယ်ဆိုင်ကတော့ ဘယ်လောက် ကျန်သေးတယ်။ ဥပမာ ကျွန်တော်တို့ဆိုင်ဆိုရင် သိန်းပေါင်း ဘယ်လောက်ရှိတယ်၊ စက်မှုပစ္စည်းက။ လက်ရှိက သိန်း ၆၀၀ လောက် ရှိတယ်။ သူတို့ စာရင်းကောက်သွား တယ်။ ဘာလို့ကောက်လဲ ကျွန်တော်တို့မေးတော့ တင်ဒါကျရင် ဒီဟာ၊ ဒီဟာ ဒီဆိုင်တွေဟာ ဒီလိုတွေရှိနေ တယ်။ ၀န်ကြီးကို တင်ပြမယ်ပေါ့ဗျာ။ အနစ်နာခံတဲ့ လူတွေဆိုပြီး ကျွန်တော်တို့ကို စပြောမယ်။ တင်ဒါတော့ ၀င်ပြိုင် ဈေးချင်း တူလာရင် စဉ်းစားကြည့်လေ၊ တင်ဒါအောင်မြင်သူပဲ ကြေညာမယ် ဘာညာဆိုတော့ ဒါနည်းနည်း ဟထားတာလေ။ ကျွန်တော်တို့ကို ခေါ်ပြောတာကတော့ ဒီဟာတွေ ကုန်ပစ္စည်း လက်ကျန်တွေတော့ ရှိနေတယ်။ ခင်ဗျားတို့ကိုတော့ ငဲ့ညှာမှာပဲ။ တင်ဒါလည်း လုပ်လည်းလုပ်ရော ကျွန်တော်တို့ကို မခေါ်တော့ပြန်ဘူး။ မခေါ်တော့ဘူး ဆိုတော့ တင်ဒါအောင်တဲ့လူ ပထမ ငါးယောက်ကို ခေါ်ညှိမယ်ဆိုပြီး နောက်တော့ ချက်ချင်းပဲ အဲဒီပွဲမှာတင် မိနစ် ၂၀ လောက်ပဲ ကြာတယ်။ တင်ဒါ ဖွင့်နေတဲ့ အချိန်မှာ သုံးယောက်ဖြစ်သွားရော ဖွင့်ပြီးတဲ့ အချိန်မှာ။ အမှန်ကတော့ အဲဒီသုံးယောက်မှာ သူတို့အုပ်စုတွေက အကုန်ရထားပြီးပြီ။ ကဲ ထားတော့ ငါတို့ ကံမပါတော့ မရဘူး။ မရဘူးဆိုတဲ့ အချိန်မှာ သူတို့က ဘာထပ်ပြောလဲဆိုတော့ ခင်ဗျားတို့ကို ဆိုင်ခန်းပြောင်းတဲ့ အချိန်လေးတော့ အထိုက်အလျောက်တော့ ပေးရမှာပေါ့ဗျာ ဆိုပြီးတော့ သူတို့ပါးစပ်က ထွက်ပြန်ရောဗျ သိလား။ ပြီးတော့မှ ထွက်တော့မှ လူတွေ နည်းနည်း ငြိမ်လောက်ပြီ ဆိုတော့မှ …. တွေနဲ့ စာချုပ်ချုပ်တော့မယ်။ တစ်ရက် နေ့ဆို စာချုပ်ချုပ်ပြီ။ ခင်ဗျားတို့ ဒီလအပြီးဆင်းပါ ဆိုတဲ့စာတွေ ထုတ်ပစ်လိုက်တာ။ ကျွန်တော်တို့ ဒီဝင်းသူဇာကို ယူတယ်ဆိုတာလည်း တိုးတိုးတိတ်တိတ် ယူခဲ့ကြတာမဟုတ်ဘူး။ အဲဒီအချိန်တုန်းက သတင်းစာထဲမှာပဲ ကျွန်တော်တို့ခေါ်ခဲ့တာ။ ၀င်းသူဇာ ကိုယ်စားလှယ် အရောင်းဆိုင်များအဖြစ် ငှားရမ်းမှာဖြစ်ပါတယ်။ အရောင်းပစ္စည်းတွေ ယူရပါမယ်။ အခြားပြင်ပပစ္စည်းတွေ မရောင်းရဘူး။ စက်မှုပစ္စည်းတွေကိုပဲ ကျွန်တော်တို့ဝယ် ပေးပါ။ အဲဒီပစ္စည်းတွေကိုပဲ ရောင်းပေးပါ။ တစ်လကို ဘယ်နှသိန်းဖိုး ရောင်းပေးပါဆိုပြီး သူတို့ ၀န်ကြီးဌာနမနိုင်တဲ့ အထုပ်ကို ကျွန်တော် တို့ကို စမ်းသပ်ချင်တဲ့ သူတွေကို ခေါင်းပေါ်တင်ပေးခဲ့တာ။ အဲဒီအချိန်တုန်းက တကယ်တမ်းရှိတာက နှုတ်ကတိနဲ့ ကျွန်တော်တို့ကို ငါးနှစ်ဆိုပြီး ပြောခဲ့တယ်။ ခင်ဗျားတို့ ငါးနှစ်လောက်တော့ အချိန်ပေးမှာပေါ့ဆို ပြီးတော့ပြောခဲ့တယ်။ ဒါပေမဲ့လို့ နှစ်နှစ်ကိုတစ်ခါ၊ နှစ်နှစ်ကို တစ်ခါစာချုပ်တာ။ အခုကလည်း ဒီလိုကိစ္စလုပ်မယ် ဆိုတာ ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်မရဘူး။ တစ်လလောက် အတွင်းမှာတင် လုပ်ချပစ်လိုက်တာ။

အခုကတော့ ကျွန်တော်တို့ မရတော့တဲ့ အတွက် ကျွန်တော်တို့မှာ ရွှေ့ပြောင်းဖို့ အချိန်တော့ ရှိတယ်လေဗျာ။ ရွှေ့ပြောင်းဖို့ အချိန်တော့ သူတို့ပေးရမှာပေါ့။ အနည်းဆုံး တစ်လ၊ နှစ်လတော့ သူတို့ ပေးရမယ်လေ။ သိထား သလောက်ကတော့။ ဆိုင်မရှိတဲ့သူတွေက ဘယ်မှာသွားထားမလဲ။ လှိုင်ဝင်းသူဇာဆို ကျွန်တော်ကြားတာ အနောက်ဘက်က ဂိုထောင်လေးထဲမှာ သွားပြီးထိုးသိပ်ထည့်ရမလို”” ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်၏ ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ဖွင့်လှစ်ထားသော စက်မှုဝန်ကြီးဌာနက ၀င်းသူဇာ ဆိုင်ကိုလည်း လေလံပစ်ခဲ့ကြောင်း အဆိုပါ ၀င်းသူဇာဆိုင်ကို လက်ရှိ လုပ်ကိုင်ခွင့်ရနေသူ ဒေါ်စပယ်မော်က ““နစ်နာတာကတော့ တော်တော်နစ်နာတယ်။ အစ်မကတော့ အချိန်တောင်းထားတယ်။ အချိန် ၅ လ ပေးပါဦးလို့။ အဲဒါပဲ ပြောထားသေးတယ်။ ဒီနေ့တော့ စာရောက်လာပြီဆိုတော့ မနက်ဖြန် အစ်မ စာပို့ မှာပေါ့နော်။ ၅ လလောက် ပေးပါဦးလို့။ ကိုယ့်ရဲ့ ဌာနဆိုင်ရာကိုပဲပေါ့။ ၃၁ သိန်းခွဲနဲ့ လေလံပစ်သွားတာ။ စက်မှုက စည်ပင်ကနေတစ်ဆင့် ဒေါ်စံပယ်မော်ကိုတော့ သူတို့ ငှားရမ်းထားတယ်ပေါ့။ ဒေါ်စံပယ်မော်မှ မယူရင် သူတို့ကို ပြန်အပ်ပါဆိုတာ သူတို့ ထုတ်ပြန်ထားတော့ အန်တီ ဖတ်ခဲ့ရတယ်။ အန်တီက စည်ပင်ကနေ စာချုပ် ချုပ်ထားတယ်။ ဒေါ်စံပယ်မော်က ဘယ်နှခုနှစ်က စည်ပင်အမိန့်နဲ့ ငှားထားတယ်။ ဒေါ်စံပယ်မော် ဆက်ငှားမယ်ဆို လေလံ မတင်ရဘူးပေါ့။ အဲလိုရေးထားတယ်။ ဆက်မငှားတော့ဘူးဆို သူတို့ကို ပြန်အပ်ပါလို့ ပြောထားတယ်။ လေလံတင်လိုက်တယ်။ အန်တီဆက်မငှားဘူးဆို ပြန်အပ်ပေါ့။ အဲလိုပြောတာ။ စည်ပင်က ဘယ်ခုနှစ်မှာ ဘယ်လို ဒေါ်စံပယ်မော်ကို တစ်ဆင့်ငှားရမ်းထားတယ်ပေါ့ အဲလိုပြောတာ””ဟု မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ရန်ကုန်မြို့ရှိ ၀င်းသူဇာ အရောင်းဆိုင်များမှ အချိန်တိုအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ခံရသည့် လုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတထံ အချိန်တိုးပေးရန်နှင့် နစ်နာမှုများအား ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ရာ ““မြန်မာတစ်ပြည်လုံး ၀င်းသူဇာပေါင်း ၇၈ ဆိုင် ရှိသည့်အနက် တင်ဒါခေါ်ယူမှုမှာ ယခု ၃၈ ဆိုင်နှင့် နောက် ၁၃ ဆိုင် စုစုပေါင်း ၅၄ ဆိုင်သာ တွေ့ရှိရပါသည်။ ကျန် ၂၅ ဆိုင်ကို စာရင်းဖော်ပြထားခြင်း မရှိဘဲ တင်ဒါ ခေါ်ယူမှုတွင်လည်း မပါဝင်ခဲ့ပါ။

ထိုအချိန်က လက်ရှိ ရောင်းချနေသော ပစ္စည်းများအား တစ်လအတွင်း ငွေချေရခြင်း၊ ထပ်မံမှာ ယူလိုသော ပစ္စည်းများအား တစ်လဆိုင်း ငွေပေးချေမှုဖြင့် စက်မှုထွက်ကုန်များကို ရောင်းချ ပေးခဲ့ကြပါသည်။ ထိုပစ္စည်းများသည် အခြေခံ လူတန်းစားများ သုံးစွဲနေသည့် စက်မှုထွက်ကုန်များ ဖြစ်သည့်အပြင် ပြည်တွင်းဖြစ်ကို အားပေးရာလည်း ဖြစ်ခဲ့ပါသည်။

စက်မှုထွက်ကုန်များသည် မိမိတို့၏ ဆိုင်များတွင် ကျပ် ၈ သန်း ကျော်မှ ကျပ် သန်း ၆၀ ကျော်အထိ လက်ကျန်များ ကျန်ရှိ နေပါသည်။ ထိုပစ္စည်းများ ကျန်ရှိနေမှုကို ဌာနမှ သိရှိပြီး ဖြစ်ပါသည်။ တင်ဒါခေါ် ယူမည် ဆိုသော ကိစ္စအား ဌာနမှ ကြိုတင် အသိပေးမှု မရှိဘဲ အများကဲ့သို့သာ တင်သွင်း ယှဉ်ပြိုင်ခဲ့ရပါသည်။ ၀င်းသူဇာ (ကိုယ်စားလှယ်) အရောင်းဆိုင် ဖွင့်လှစ်ထားသူများသည် အခြေခံ လူတန်းစားများသာ ဖြစ်ပါသည်။

တင်ဒါ ခေါ်ယူရာတွင်လည်း သိန်း ၅၀ မှ သိန်း ၅၀၀ သို့ တိုးမြှင့်သည့်အတွက် လက်ရှိ ကိုယ်စားလှယ်များစွာ တင်ဒါ တင်သွင်းနိုင်ခြင်း မရှိခဲ့ပါ။ တင်ဒါ တင်သွင်းခဲ့သူများသည်လည်း လုပ်ငန်းရှင်ကြီးများ၏ တင်သွင်းမှု များအား အမီလိုက်နိုင်ခြင်း မရှိခဲ့ပါ။ ဌာနမှ လက်ရှိ ဆိုင်ဖွင့်ထားသူများအား ဦးစားပေးမည်ဟု နှုတ်ကတိ ပြုလုပ်သည်ဖြစ်ပါ၍ ဌာနမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုဆိုကာ တင်ပြမှုများကို ညှိနှိုင်းပေးမှု မရှိခဲ့ပါ။ ထို့အပြင် စက်တင်ဘာ ၁၉ တွင် ဌာနမှ စက်တင်ဘာ လကုန်တွင် အပြီး ဖယ်ရှားပေးရန် အကြောင်းကြား လာပါသည်။ ဆိုင်တင်ရောင်းချမှု တန်ဖိုးများမှာ ကျပ် ၁၀သန်း မှ ကျပ် သန်း ၁၃၀ ကျော် လက်ကျန်များ ကျန်ရှိနေပြီး အလွယ်တကူ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ပါ။

ဌာနမှ ကိုယ်စားလှယ် အရောင်းဆိုင်များအပေါ် လက်ကျန်များ ရှိနေသည်ကို သိပါလျက်-

(၁) တင်ဒါမခေါ်ယူမီ တာဝန်ယူ တင်ပြပေးမှု မရှိခြင်း

(၂) ဆိုင်ခန်း ငှားရမ်းမှုများ လွန်စွာ ကြီးမြင့်နေခြင်း (မြစ်ကြီးနား တစ်လငှားရမ်းမှု ကျပ်သိန်း ၁၆၀)

(၃) ရွှေ့ပြောင်းမှုအား လုံလောက်သော အချိန်မပေးခြင်း စသည်တို့ကြောင့် ၀င်းသူဇာ (ကိုယ်စားလှယ်) အရောင်းဆိုင် ဖွင့်လှစ်ထားသူများ အနေဖြင့် များစွာ နစ်နာလျက်ရှိနေပြီး အားကိုးရာမဲ့ ဖြစ်နေကြပါသည်…”” စသည်ဖြင့် ထည့်သွင်း ရေးသားထားသည်။

မြန်မာ သံတော်ဆင့်

ခမ်းနားကြီးကျယ်လှသော နေပြည်တော်ကို တီဗီ နှင့် အဝေးမှသာ လှမ်းမြင်ခဲ့ရဖူးပေမယ့်...၊ ယခုတော့ နန်းတော်ကြီးသမျှ ခမ်းနားလှတဲ့ ကက်ဘိနက် အစည်းအဝေးကျင်းပရာ အစည်းအဝေးခန်းမထဲသို့ ကျွန်ုပ်ရောက်နေသည်..။ သမ္မတကြီးသည် စားပွဲထိပ်ဆုံးတွင် ဒုသမ္မတ နှစ်ယောက်ခြံရံကာ ထိုင်နေပြီး ၀ဲယာနှစ်ဖက်တွင် ၀န်ကြီးများထိုင်နေသည်…။ ကျွန်ုပ်မှာမူ သတင်းထောက်အများအတွက် သတ်မှတ်ပေးထားသောနေရာတွင် ကင်မရာနှင့် ရီကော်တာကို လွယ်ရင်း..၊ လက်တစ်ဖက်က စာအုပ်ကိုင်..၊ နောက်တစ်ဖက်က ဘောပင်ကိုင်ပြီး သတင်းရေးမှတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်…။ ဒီလိုနှင့် အစည်းအဝေး စသည်ဆိုနှင့် သမ္မတကြီးထံ တာဝန်ရှိသူဝန်ကြီးများမှ လက်ရှိနိုင်ငံရေးအခြေအနေများကို တင်ပြကြလေသည်…။ အချို့ဝန်ကြီးများမှာ မိမိကိုယ်တိုင်လေ့လာ သိရှိထားသော ပြည်သူတို့၏ အခက်အခဲ အမှန်ကို တင်ပြကြသော်လည်း..၊ အချို့ဝန်ကြီးများမှာမူ မိမိလက်အောက် ငယ်သားများမှ ထိန်ချန်၍ ပေးသော သတင်းအမှားများကိုသာ ဟန်မပျက် တင်ပြနေလေသည်…။ တင်ပြဆွေးနွေးမှု အပြီးတွင် သမ္မတကြီးသည် “ဖြန်း”ခနဲ စားပွဲကို လက်ဝါးဖြင့်ရိုက်ပြီး မတ်တတ်ရပ်လိုက်သည်…..

“လိမ်တယ်…၊ ခင်ဗျားတို့ ကျနော့်ကို လိမ်တယ်...။ ခင်ဗျားတို့ထဲက တော်တော်များများက ကျနော့်ကို ဖုံးကွယ် လိမ်ထားကြတယ်…။ ခင်ဗျားတို့ကို အစကတည်းက ကျနော်ပြောထားပြီးသား…။ ဒီမိုကရေစီကို မရောက်ရောက်အောင်သွားမယ်…။ ဘယ်သူ့ကိုမှ မညာနဲ့…။ ကိုယ့်ကိုယ်ကိုလည်း မညာနဲ့…။ ပြည်သူကိုလည်း မညာနဲ့..။ ပြည်သူ့အသံကိုနားထောင်…။ သူများပြောတာ..၊ ကိုယ့်လက်အောက်ငယ်သား ပြောတာ နားမယောင်နဲ့…။ မယုံနဲ့…။ လွှတ်တော်ကြီးမှာဆိုရင်လည်း ခင်ဗျားတို့အားလုံး သိထားတဲ့အတိုင်း ဆောင်ပုဒ်ကြီး သတ်မှတ်ပြီး ဆောင်ရွက်နေတယ်…။ ကျနော် စပြီး တက်လာကတည်းက သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင်..၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်အောင် ကြိုးပမ်းအားထုတ်ပြီး လုပ်မယ်လို့ပြောထားပြီးသား…။ အေး…ပြောတဲ့ အတိုင်းဖြစ်အောင်လုပ်ဖို့ဆိုတာ စားပွဲပေါ်အသာလေးထိုင်နေရုံ နဲ့ မရဘူး…။ အစည်းအဝေးခန်းထဲမှာ..၊ လွှတ်တော်ခန်းမထဲမှာ တိုက်ပုံကြီးဝတ်…၊ ခေါင်းပေါင်းကြီးပေါင်းပြီး ထိုင်လုပ်…၊ စတိုင်ထုတ်နေလို့မရဘူး…။ ရအောင်ဘယ်လို လုပ်ရမလဲ…။ ကျနော် ခဏခဏ ပြောတယ်…။ လူထုထဲဆင်းပါ….။ လူကြားထဲဝင်ပါ…။ လူထုကြားထဲဝင်မှ လူထုအကြောင်းသိမယ်….။ အခုတော့ ခင်ဗျားတို့ထဲက အများစုက ဟန်လုပ်.. စတိုင်ထုတ်ပြီး…လေလုံးတွေပဲထွားနေတာ…။ အခုတော့ ခင်ဗျားတို့အကြောင်းတွေ ကျနော်သိပြီ…။ ဒီတော့ ခင်ဗျားတို့ကို ကျနော်နောက်ဆုံးပြောမယ်…။ ကျနော် လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးထဲကို စိတ်ပါလက်ပါ…အားစိုက်ပြီး ပူးပေါင်းပါဝင်ပါ…။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မဖြစ်ဖြစ်အောင် လုပ်ပေးဖို့ စိတ်ရောကိုယ်ရောနစ်ပြီး အားစိုက်လုပ်ကြပါ…။ ပြောထားတဲ့အတိုင်း…၊ ပေးထားတဲ့ ကတိအတိုင်း မဖြစ်ဖြစ်အောင် လုပ်ပေးကြရမယ်…။ ကောင်းပြီ…။ ဒီနေ့ကစပြီး လုပ်ပေးကြပါ…။ ဒီနေ့ ခင်ဗျားတို့ မလုပ်ရင် မနက်ဖြန် ခင်ဗျားတို့ အားလုံး အပြုတ်ပဲ……။ ဒါပဲ….”

ကျွန်ုပ်တို့သတင်းထောက်များအားလုံးသည်… သမ္မတကြီး၏ မိန့်ခွန်းအဆုံးဝယ်… ၀မ်းသာအားရ မတ်တတ်ထပြီး လက်ခုပ်တဖြောင်းဖြောင်း တီးကြကုန်၏….။ ထိုစဉ် ကျွန်ုပ်လက်မှ ရေးမှတ်ထားသော စာအုပ်ကို တစ်စုံတစ်ယောက်မှ တိုက်မိ၍ အောက်သို့ပြုတ်ကျသွားသည်…။ ကျွန်ုပ်သည် ဆတ်ခနဲ ကုန်းအကောက် စားပွဲစွန်း နှင့် ခေါင်း ဆောင့်မိသွား၍…“အား….” ဟုအော်ကာ လန့်နိုးလားသည်…။ ဟာ… ငါ အိပ်မက် မက်နေတာပါလား…။ ဟူးးး………။

မြန်မာပို့စ်ဂလိုဘယ်လ် မှ 'မင်းယဉ်စု' ရေးသော ဆောင်းပါးကို အနည်းငယ် အပြောင်းအလဲ လုပ်၍ ရေးထားခြင်းဖြစ်ပါသည်…..။

Ko Nay Myo


မေး။ ။ မင်္ဂလာပါအန်တီ။ #### နေ့စဉ်သတင်းစာကပါ။ ဂျာနယ်လစ်ပါ။ အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အပြင်မှာ အန်တီကို ကောလဟာလတွေ အများကြီးထွက်နေပါတယ်။ အဲ့ဒီအတွက် အန်တီဘယ်လို ရှင်းချင်ပါသလဲ။

ဖြေ ။ ။ ဘာကောလဟာလလဲ။ ကောလဟာလဆို ဖြေစရာ အကြောင်းမရှိဘူး။ အန်တီ အစထဲက ပြောပြီးပြီ။ ပြောစရာရှိလို့ရှိရင် တိတိကျကျ ကိုယ့်နာမည်ခံပြီးပြောကြ။ ကောလဟာလကို အန်တီတို့ နားထောင်နေလို့ မဖြစ်ဘူး။

မေး။ ။ အမျိုးစောင့်ဥပဒေကို အန်တီကလက်မခံဘူးပြောပါတယ်။

ဖြေ။ ။ အန်တီအနေနဲ့ တိုင်းပြည်ကို အကျိုးပြုတဲ့ ကိစ္စဆိုလက်ခံမယ်။ အကျိုးမပြုတဲ့ ကိစ္စဆို လက်မခံဘူး။ ပေါ်ပြူလာဖြစ်အောင် နိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ မဲရအောင် နိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ အန်တီအနေနဲ့ ဒီနိုင်ငံအတွက်၊ ဒီတိုင်းပြည်အတွက်၊ ဒီပြည်ထောင်စု အတွက် အကောင်းဆုံးလမ်းကိုပဲ အန်တီလျောက်မယ်။ အဲ့ဒီလမ်းကို အန်တီလျောက်လို့ အန်တီကို ထောက်ခံလို့ရှိရင် ကျေးဇူးတင်တယ်။ မထောက်ခံဘူးဆိုလို့ ရှိရင်လည်း ဒါကတော့ အန်တီမူအရ အန်တီလုပ်ရမဲ့ ကိစ္စပဲ။

NLD (၂၅) နှစ်ပြည့် အခမ်းအနား သတင်းစာရှင်းလင်းပွဲ
၂၇-၉-၂၀၁၃

ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် ကျင်းပသည့် ရွှေဝါရောင် တော်လှန်ရေး ခြောက်နှစ်ပြည့် အခမ်းအနား

စက်တင်ဘာ ၂၆ ရက်က မန္တလေး၊ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် ပြုလုပ်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားသို့ အရပ်ဘက်လူမှု အဖွဲ့အစည်းအချို့ အပါအ၀င် မန္တလေးရှိ ကျောင်းတိုက်ပေါင်းစုံမှ သံဃာတော်အပါး ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသော သံဃာတော်များက ရွှေဝါရောင် တော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သံဃာတော် လူပုဂ္ဂိုလ်များအား ဆုတောင်းမေတ္တာ ပို့သခြင်း၊ သံဃာတော်များ အပါအ၀င် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသော လူပုဂ္ဂိုလ်တို့ အကြောင်း ရိုက်ကူးထားသည့် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းဗီဒီယိုကို ပြသခြင်း၊ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ရွှေဝါရောင် တော်လှန်ရေး အောက်မေ့ဖွယ် စကားကို ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

''၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဒီလိုအခမ်းအနားတွေ ပြုလုပ်တာက သမိုင်းကို မေ့ဖျောက်ဖို့ ကြိုးစားနေတဲ့ လူတွေရှိလို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးရဲ့ သမိုင်းလည်း မေ့ဖျောက် ခံရပါတယ်။ သံဃာတွေကိုလည်း သေနတ်နဲ့တောင် ပစ်သတ်သေးတာ၊ ဒီသံဃာ့ သမိုင်းကိုလည်း မှေးမိန်အောင်လုပ်ဖို့ ၀န်လေးကြမှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ အခုလို အစထုတ်ဖော်ပြီး လုပ်ရတာပါ။ သမိုင်းကို သိရတာဟာ တန်ဖိုးရှိပါတယ်။ မင်္ဂလာတစ်ပါးပါ'' ဟု ဘ၀အလင်း ဆရာတော် ဦးသောဘိတက မိန့်ကြားခဲ့သည်။

ထို့ပြင် ''ဒီလိုတော်လှန်ရေးတွေ၊ အရေးအခင်းတွေမှ မဟုတ်ပါဘူး။ လွတ်လပ်ရေး မရခင်အချိန်တွေ ကတည်းကလည်း သံဃာထုဟာ ပြည်သူထုရဲ့ရှေ့က အမြဲတမ်း အကာအကွယ် ပေးခဲ့ပါတယ်။ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာလည်း သံဃာတော်တွေက ပြည်သူ့ရဲ့ရှေ့က အကာအကွယ်ပေးပြီး စစ်အာဏာရှင် စနစ်ကို တတ်နိုင်သလောက် တွန်းလှန်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းပါ'' ဟု ပခုက္ကူမြို့ရှိ သံဃာတော် တစ်ပါးကလည်း မိန့်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့အပြင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Eleven media group

photo..nld central
မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ပြန်ပြင်ရေးဆွဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့မှာ တစ်ဆက်တည်းဖြစ်၍ ခွဲခြား၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အခြား တိုင်းရင်းသားပါတီ ၁၂ ခုမှ ကိုယ်စားလှယ်များက သဘောတူညီကြောင်း ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဗပာန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD နှင့်တိုင်းရင်းသားပါတီများရှိ ကိုယ်စား လှယ်တို့၏ အပတ်စဉ်ပြုလုပ်သော ဆွေးနွေးပွဲတွင် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးက ဒွန်တွဲနေတယ်ဆိုတာကို NLD ကစပြီးချပြတယ်။ ဒီပေါ်မှာတက်လာ တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကလည်း အကုန်လုံးသဘောတူတယ်” ဟု ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ငွေက ပြောသည်။

ထို့ပြင် NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူလူထုအား အခြေခံဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းရာတွင် အဖွဲ့ငယ်များ ဖွဲ့စည်းရန်နှင့် တာဝန်ခွဲဝေယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို စက်တင်ဘာ ၂၆ ရက်နေ့က NLD အဖွဲ့ချုပ်(ဗဟို) ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်အရ အဖွဲ့ငယ် တစ်ဖွဲ့လျှင် ဗဟိုမှ ဥပဒေ ပညာရှင်တစ်ဦး၊ လွှတ်တော် ကိုယ်စားလှယ်နှင့် အလုပ်အမှုဆောင်အဖွဲ့များက ပြည်နယ်နှင့်တိုင်း ဥပဒေ ထောက်ကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရီးစဉ်များကို အောက်တိုဘာလ ဒုတိယပတ်မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

''ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်နဲ့ တိုင်းတွေရဲ့သဘောထား တွေကိုမေးတယ်။ ဘာတွေပြင်ဆင် သင့်တယ်ဆိုတဲ့ ပြည်သူလူထုဆီက အသံကိုလည်းရဖို့ ယူဖို့ ဆွေးနွေးကြပါတယ်။ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်တာ မလည်တာထက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သွားနေတဲ့ လမ်းကြောင်း ကြီးထဲမှာ လူထုက ခံစားပြီးတော့မှ မကြိုက်တာလေ။ စာဖတ်ပြီး မကြိုက်တာကိုပြောတာ မဟုတ်ဘူး။ ဒါကြောင့် အဲဒါကိုပြင်ဖို့ လိုတယ်လို့ ပြောတာကိုး။ ရှမ်းပြည်နယ် အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီလို့ ပြောရင်လဲ မိမိဒေသအလိုက် ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတာ ဖြစ်လေတော့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ ဖက်ဒရေးတစ်ကိုတော့ အများပြည်သူက တောင်းဆိုကြတာပဲလေ'' ဟု ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းမြင့်မောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲခြင်းကို သဘောမတူဘဲ ပြင်ဆင်ရေးနည်းလမ်းကသာ လျှင် လက်တွေ့ကျသော နိုင်ငံရေးဖြေရှင်းမှုဟု ယုံကြည်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သော KNU အဖွဲ့၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ပြန်လည်ရေးဆွဲပါက အစိုးရနှင့် ထိပ်တိုက်တွေ့နိုင်ဖွယ်ရှိပြီး နောက်ကြောင်းပြန်လှည့်သွားနိုင်သော အခြေအနေမျိုးလည်းရှိသည့်အတွက် လက်ရှိဖွဲ့စည်းပုံဥပဒေကို အသစ်ရေးဆွဲ မည့်အစား ပြင်ဆင်ရေးဆွဲသည်ကို ဦးစားပေး သင့်ကြောင်း ၎င်းကဆိုသည်။

“အစိုးရကို ထိပ်တိုက်ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းပါတယ်။ သမိုင်းကြောင်းတွေလည်း အများ ကြီးရှိပါတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် UNA တိှု့မှ ပူးပေါင်း၍ အခြေခံဥပဒေအသစ်ကို သြဂုတ်လအတွင်း စတင် ရေးဆွဲခဲ့ပြီး ၂၀၁၄ တွင် ကျင်းပမည်ဖြစ်သော တိုင်းရင်းသား ညီလာခံတွင် အစိုးရထံ တင်သွင်းသွားမည် ဖြစ်ကြောင်း UNFC မှ ထုတ်ပြန် ကြေညာမှုများရှိနေခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အပါအဝင် ကြေညာချက် ငါးချက်ကို စက်တင်ဘာ ၂၃ ရက်နေ့ တောင်ကြီးမြို့တွင် သုံးရက်တိုင် ကျင်းပခဲ့သော ရှမ်း၊ ကယား၊ မွန်တိုင်းရင်းသား ညီလာခံတွင် ထုတ်ပြန်ခဲ့သည်။

Yangon chronicle

မြန်မာနိုင်ငံအနေနဲ့ ဒုံးလက်နက်နည်းပညာနဲ့ပတ်သက်ပြီး မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ ရှိနေတုန်းပဲလို့ ၀ါရှင်တန်အခြေစိုက်တဲ့ ကိုရီယားသတင်းဌာနတခုမှာ ရေးသားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရှိပြီးသား ဒုံးလက်နက်ပစ္စည်းတွေကို ပြင်ဆင်ထိမ်းသိမ်းဖို့ မြောက်ကိုရီးယားဟာ လိုအပ်နေတုန်းပဲလို့လည်း မြန်မာစစ်ရေးအကဲခတ်တဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

မြောက်ကိုရီယားနိုင်ငံ သင်္ဘောတွေဟာ အခြားနိုင်ငံအလံတင် ပုံမှားရိုက်ပြီး မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းအပိုင်းအစတွေ တင်ပို့နေတုန်းပဲလို့ ၀ါရှင်တန်ဒီစီ အခြေစိုက်တဲ့ NK News က ရေးသားဖော်ပြခဲ့တာပါ။ အဲဒီ မြောက်ကိုရီးယား စစ်ပစ္စည်းတင် သင်္ဘောတွေဟာ မြန်မာရေပိုင်နက်အနီးအနားဝင်တဲ့အခါမှာ မြောက်ကိုရီးယားအလံအစား အခြားနိုင်ငံတခုခုရဲ့ အလံလွှင်ထူ ပုံမှားရိုက်ပြီး မြန်မာနိုင်ငံကို စစ်ပစ္စည်း အပိုင်းအစတွေ လျှို့ဝှက် တင်ပို့နေတယ်လို့ ဆိုပါတယ်။ မြန်မာဘက်ကတော့ မြောက်ကိုရီးယားဖက်ကလိုတဲ့ ဆန်ကို ပြန်တင်ပို့ပေးတယ်လို့ အဲဒီ သတင်းမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်ဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအရေး ဆိုင်ရာ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမြဲတမ်း ဖိအားပေးပြောဆိုနေခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ နျူကလီယား ဒုံးလက်နက်ဆိုင်ရာနည်းပညာ ဆက်ဆံမှုတွေ မလုပ်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထားပြီး၊ အမေရိကန်ပြည်ထောင်စု ဘက်ကလည်း မြောက်ကိုရီးယားရဲ့ သင်္ဘောတွေကို မပြတ်စောင့်ကြည့်နေ ခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇွန်လအတွင်းကလည်း အခြားနိုင်ငံအလံ တင်ထားတဲ့ မြောက်ကိုရီယား သင်္ဘောတစင်း တောင်အာရှ ပင်လယ်ပြင်ထဲမှာ အမေရိကန်ဘက်က ထောက်လှမ်းတွေ့ခဲ့ပြီးတော့ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို သွားမယ့် သင်္ဘောဖြစ်မယ်လို့ အဲ့ဒီ့တုန်းက ယူဆခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာဖက်က မြောက်ကိုရီယားနဲ့စစ်ဖက်ဆက်ဆံမှုမလုပ်ပါဘူးလို့ ပြောပြော၊ မြန်မာ မြောက်ကိုရီယားအကြားမှာ စစ်ရေးဆက်ဆံမှုတွေ ရှိနေဆဲဖြစ်တယ်လို့ အတော်များများက သံသယရှိနေတုန်းပါ။ ဒါကြောင့်လည်း အခုနှစ် ဇူလိုင်အတွင်းကပဲ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုစာရင်းထဲမှာ မြန်မာစစ်ဖက်က တာဝန်ရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ဖက်က ထည့်ဖြည့်သွင်းခဲ့ပါတယ်။

မြန်မာ့အရေးလေ့လာသူ အထူးသဖြင့် စစ်ဖက် သတင်းတွေ ကို စောင့်ကြည့်ရေးသား သူ သတင်းသမား Bartil Lintner ကတော့ မြောက်ကိုရီးယားက စစ်ဖက်ကျွမ်းကျင်သူတွေ ကိုယ်တိုင် မြန်မာနိုင်ငံထဲမှာ ရှိနေတုန်းပဲလို့ ယူဆတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“မြန်မာပြည်ထဲမှာ သူတို့ရှိနေတုန်းပါ။ အမေရိကန်ဖက်က ဖိအားတွေပေးပြီး နည်းလမ်းအားလုံး သုံးနေပေမယ့်လည်း နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုက ရှိနေတုန်းပါ။ အမေရိကန်ဖက်ကလည်း ဒါကို ကောင်းကောင်း သိပါတယ်။ မြန်မာဖက်က မြောက်ကိုရီယားနဲ့စစ်ရေးဆက်ဆံမှုဆက်ရှိနေတဲ့အပေါ် ပင်တဂွမ်က ပုဂ္ဂိလ်တွေနဲ့ ကျနော်တွေ့ခဲ့တော့ အထပ်ထပ်ပြောပါတယ်။ သူတို့အနေနဲ့က မြန်မာကို မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု ဖြတ်တောက်စေ ချင်ပါတယ်။ ဒါပေမယ့်လို့ အခုအချိန် အဆက်အဆံရှိနေတုန်းပါ။ ဘာလို့လဲဆိုတော့ မြန်မာဖက်က သူတို့လိုတာကို အမေရိကန်က ပေးနိုင်တာမဟုတ်ပါဘူး။ မြောက်ကိုရီးယားကို သူတို့လိုအပ်နေတုန်းပါ။ မြန်မာစစ်တပ်ဖက်က ခေတ်မှီနည်းပညာတွေလိုပါတယ်။ မြောက်ကိုရီယားဖက်က ၀ယ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြင်ဆင် ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုပါတယ်။ ဒီ စစ်ပစ္စည်းတွေကို အခုလို ပြင်ဆင်ထိမ်းသိမ်းဖို့က မြောက်ကိုရီယားဖက်က ကျွမ်းကျင်သူတွေ လိုပါတယ်။”

မြန်မာအနေနဲ့ ဒီလို စစ်ဖက် အဆင့်မြင့်နည်းပညာတွေနဲ့ပတ်သက်ပြီး အခြားစစ်ရေး ဆက်ဆံမှုရှိတဲ့ တရုတ်တို့ရုရှားတို့အပေါ်မှာ သွားမှီလို့ မရတာကြောင့်၊ မြောက်ကိုရီးယားဟာ ဒုံးလက်နက် နည်းပညာနဲ့ ပတ်သက်လို့ မြန်မာအတွက် မရှိမဖြစ် အရေးပါနေတာဖြစ်တယ်လို့ Bartil က ယူဆပါတယ်။

ဒါပေမယ့်လည်း မြန်မာအနေနဲ့ အရင်တုန်းက နူကလီယားအိပ်မက်ဆိုတာ ရှိခဲ့ပေမယ့်လို့ ထိန်းသိမ်းဖို့နဲ့ နည်းပညာရဖို့ပိုင်းမှာ အခက်အခဲတွေကြောင့် ဒီ အိပ်မက်ကို စွန့်ပစ်ခဲ့ပြီလို့ ပြောပါတယ်။ မကြာသေးခင်တုန်း ကလည်း မြန်မာနိုင်ငံ ဟာ ကုလသမဂ္ဂရဲ့ နူကလီယား နည်းပညာ ဆိုင်ရာစောင့်ကြည့်ခွင့် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက် အရဆိုရင် IAEA ကုလသမဂ္ဂ အနူမြူအေဂျင်စီ အနေနဲ့ မြန်မာနိုင်ငံထဲမှာ နျူကလီယားနဲ့ပတ်သက်လို့ သံသယရှိတဲ့နေရာတွေကို အချိန်မရွေး ၀င်ရောက်စစ်ဆေးခွင့်ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစလို့ မြန်မာအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်း၊ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်တုန်းက ရှိခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို မြန်မာဘက်က အထူးသတိထားခဲ့ပြီး၊ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ ရပ်ပါ့မယ်ဆိုတာကိုလည်း သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရခေါင်းဆောင်ပိုင်းက ဂတိပေး ပြောဆိုခဲ့ တာတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စုဖက်ကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလျင်အမြန် တိုးမြင့်လာနေပေမယ့်လို့၊ တဖက်မှာတော့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်ဖို့ ဆိုတာနဲ့အတူ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အမြဲသတိပေး တိုက်တွန်းနေပါတယ်။

VOA