October 2013

နာမည်ကျော် ကာတွန်းဇာတ် ကောင် များဖြစ်သည့် ဦးစံရှားနှင့် ဒိန်းဒေါင်၊ ဦးစိတ်တိုနှင့်မျောက်ညို၊ အစရှိသည့် ဇာတ်ကောင်များ အပါအ ၀င် အခြား ကာတွန်း ဇာတ်ကောင် များကိုမွေးဖွားပေး ခဲ့သည့် ကာတွန်း ပညာရှင်ကြီး ကာတွန်းအောင်ရှိန် (၈၄) နှစ်သည် အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ကြောင်း သမီးဖြစ်သူ ဒေါ်နွယ်နွယ်ဝင်း ကပြောသည်။

"ချွဲကျပ်လို့ ဆေးရုံကြီး ကိုခေါ် သွားရင်းနဲ့ ရန်ကုန်ဆေး ရုံကြီးမှာ ကွယ်လွန် သွားတာပါ"ဟု သမီးဖြစ် သူ ဒေါ်နွယ်နွယ်ဝင်း ကပြောသည်။

ကာတွန်းဦးအောင်ရှိန်သည် ဦးစံရှား နှင့် ဒိန်းဒေါင်၊ ဦးစိတ်တိုနှင့် မျောက် ညို၊ ဦးလူပေါနှင့် ဥာဏ်ကျယ်လေး၊ ဦးကပ်စီးနှင့် ခင်မောင် သိန်းထွန်းဝင်း အစရှိသည့် ကာတွန်း ဇာတ်ကောင် များအပါအ၀င် သတင်းစာများတွင် လည်း ခင်ဇာတ်ကောင်ဖြင့် ကာ တွန်းများရေးသားခဲ့သူဖြစ်သည်။

ဆရာကြီး ဦးအောင်ရှိန်ကို စက်တင် ဘာ ၁၇ ရက် ၁၉၂၉ ခုနှစ် (၁၂၉၀ ပြည့်နှစ် တော်သလင်း လပြည့်)တွင် အဖ ဦးမောင်ကွန်း၊ အမိဒေါ်သန်းရင် တို့မှ ပုသိမ်မြို့တွင် ဖွားမြင်သည်။ ဒုတိယကမ္ဘာစစ် မတိုင်ခင် ပုသိမ်မြို့ အမျိုးသားကျောင်း တွင် ရှစ်တန်းအ ထိ ပညာ သင်ကြားခဲ့သည်။

သတင်း နှင့်စာနယ်ဇင်း တွင် အကြံပေး အရာ ရှိအဖြစ် တာဝန် ထမ်းဆောင်ရင်း ကာတွန်းများရေး ဆွဲခဲ့သည်။ ပြည်သူ အကျိုးပြု စာပေနှင့် ဆောင်းပါး သရုပ်ဖော်ပုံ များကို ရေး ဆွဲခဲ့သည်။ မြန်မာ့အလင်း သတင်းစာ ၊မြ၀တီမဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်း၊ လုံမလေး မဂ္ဂဇင်း၊ ရှေ့သို့ စာစောင်၊ မျက်ရှုစာစောင်၊ မင်္ဂလာ မောင်မယ်၊ မြက်ခင်းသစ်၊ ရတနာ ပန်းခင်းရုပ်စုံ မဂ္ဂဇင်းတို့တွင် ကာတွန်းနှင့်လုံးချင်း များစွာရေးဆွဲခဲ့သည်။

၁၃-၁၀-၂၀၀၆ ခုနှစ်အထိ သတင်းနှင့် စာ နယ်ဇင်းတွင် အကြံပေး အရာရှိ လုပ်ကိုင်ခဲ့ သည်။ လက်ဦး ဆရာများမှာ ကာ တွန်းဦးဘဂျမ်းနှင့် ဦးဟိန်းစွန်းတို့ ဖြစ်သည်။

ဆရာကြီး ဦးအောင်ရှိန်သည် ယနေ့ (အောက်တိုဘာ ၃၀)မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်ဆေး ရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ဆရာ ကြီးသည် မကွယ်လွန်မီ အချိန်ထိ သားသမီးများနှင့် အတူ ဦးဝိစာရ ရပ်ကွက် တိုက် (၆)၊ အခန်း(၂၄) တွင် နေထိုင်ခဲ့သည်။

မြန်မာပို့စ်ဂလိုဘယ်
photo..popularmyanmar.com/

ဘယ်အစိုးရတက်တက် မသာဘဲချနေမယ့် ကျော်သူ

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျရောက်မည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ၊ ဗြဟ္မစိုရ်နှလုံးသားပိုင်ရှင် ဦးကျော်သူ (၅၄) နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် ပဉ္စဂံ စာအုပ်တိုက်၊ ထွန်းဦးစာပေ (မန္တလေး)တို့မှ ဂုဏ်ပြုထုတ်ဝေသည့် “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ “မင်းကွန်းတိ ပိဋက ရွှေရတုကျောင်းတော်ကြီး” ၏ ရွှေရတုခန်းမ၌ ၂၉.၁ဝ.၂ဝ၁၃ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးကျော်သူ၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲအား အခမ်းအနားမှူးအဖြစ် Miss Supranational ခင်ဝင့်ဝါနှင့် Miss International ဂုဏ်ရည်အေးကျော်တို့မှ အားဖြည့်ကူညီပေးခဲ့ကြ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးများဖြစ်ကြသော ဘဘ ဦးတင်ဦးမှ “ကျွန်တော် ကိုကျော်သူ ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်းသာဓုခေါ်ပြီးတော့ ကန်တော့ခဲ့တယ်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော် အခါက သာဝကကြီးတွေကတောင် သာမဏေလေးရဲ့ သွန်သင်ဆုံးမမှုတွေ မှန်ကန်တဲ့အတွက် ကန်တော့ ခဲ့ကြရတယ်။ ဒါကြောင့် ကိုကျော်သူကို ကျွန်တော်ကန်တော့တာ ဘာမှမဆန်းဘူး။” ၊ ဘဘ ဦးဝင်းတင်မှ “သိကြတဲ့အတိုင်းပဲ အခုအချိန်ဟာ သမ္မတရောဂါ တတ်နေကြတဲ့အချိန် ဒီအချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ကိုကျော်သူရဲ့ ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်ထွက်လာတော့ နေပြည်တော်မှာတောင် အတော် လေး ဂယက်ရိုက်သွားတယ်လို့ ကြားမိခဲ့တယ်။” ၊ ဘဘ ဦးမိုးသူမှ “ကျွန်တော်က ရုပ်ရှင်ဒါရိုက်တာ ဆိုပေ မယ့် ဦးထွန်းဝေတို့ မြတ်လေးတို့ ဝင်းဦးတို့နဲ့ ရိုက်လာခဲ့တယ်။ အနုပညာမှာတော့ ကိုကျော်သူနဲ့ ကိုစိုးသူ တို့နဲ့တော့ တစ်ခါမှ မဆုံဖြစ်သေးဘူး။ ကျွန်တော်နိုင်ငံရေးလောကကို ဝင်လာပြီး နိုင်ငံရေးတာဝန် ထမ်း ဆောင်နေတဲ့အချိန်မှာ ကိုကျော်သူဟာ သူတစ်ပါး လုပ်နိုင်ခဲတဲ့အလုပ်ကို လုပ်နေတာတွေ့ရတော့ ဂုဏ်ယူ မိတယ်။ မောင်မောင် မင်းစာအုပ်ခေါင်းစဉ်ကြီးက ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်ဆိုတော့ အခုချိန်ဟာ သမ္မတရောဂါထနေတဲ့အချိန် မင်းစာအုပ်ထွက်လာတာ နိပ်ရဲ့လားကွာ” ဟုအမှတ်တရ အမှာစကားများ အသီးသီးပြောကြားပေးခဲ့ကြသည်။ ဆက်လက်၍ ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းဂျာနယ် အယ်ဒီတာ ချုပ် ဦးဝင်းငြိမ်းမှ
“မောင်မောင်က မောင်နှမသုံးယောက်မှာ နှစ်ယောက်က နိုင်ငံခြားမှာနေတော့ သူက ဒီမှာ တစ်ဦးတည်းသောသားလို ဖြစ်နေတယ်။ အဲတော့ သူလုပ်ချင်တာကို ရအောင်လုပ်လေ့ရှိတယ်။ အခု လည်း သူလုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်သွားခဲ့တယ်။” ၊ Asia Frame Media Group ဒု-ဥက္ကဋ္ဌ ဦးဟိန်းလတ်မှ “တစ်ချို့ကပြောကြတယ်။ ဆီးဂိမ်းပွဲတော် နီးလာတဲ့အချိန်မှာ ဒီစာအုပ်ထုတ်တော့ ရောင်းရ မလားတဲ့။ ဘာမှမဆိုင်ဘူး။ ဆီးဂိမ်းဟာ ဆီးဂိမ်းတန်ဖိုး၊ ကျော်သူဟာ ကျော်သူ့တန်ဖိုးရှိတယ်။ ဒီစာအုပ်ကို ဝေဖန်ရမယ်ဆိုရင် အင်တာဗျူးဆောင်းပါးတွေများနေတယ်။ ကိုကျော်သူဟာ စာရေးအရမ်းကောင်းတဲ့လူ အဲတော့ ဒုတိယခြေလှမ်းအနေနဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိစာအုပ်ထုတ်ဖို့ တိုက်တွန်းချင်တယ်။” တို့မှ စာအုပ်အပေါ် ထင်မြင်ယူဆချက်များအား ပြောကြားခဲ့သည်။

ထုတ်ဝေသူ ဦးထွန်းဦး (ထွန်းဦးစာပေ - မန္တလေး)မှ “ကျွန်တော် ကိုကျော်သူစာအုပ်ကို ကျွန်တော်သာ ထုတ်ဝေသူဖြစ်ခဲ့ရင်ဆိုတဲ့ သံဓိဋ္ဌာန်ချထားခဲ့ တယ်။ ကိုကျော်သူရဲ့ လုပ်ရပ်ကို ဂုဏ်ပြုသောအားဖြင့် ကိုကျော်သူရဲ့ စာအုပ်ကိုဂုဏ်ယူစွာဖြင့် ထုတ်ဝေ လိုက်ပါတယ်။” ထုတ်ဝေခဲ့ရခြင်းနှင့် ပါတ်သက်၍ ပြောကြားခဲ့ပြီးနောက် ဦးကျော်သူမှ စာအုပ်ဖြစ်တည် လာခြင်းများနှင့် ပါတ်သက်၍ ကျေးဇူးတင်စကားအဖြစ် “ကျွန်တော်လို စာမရေးတက်တဲ့လူကို စကားလုံး တွေ၊ ခံစားချက်တွေ ပေါက်ကွဲထွက်လာအောင် လုပ်ပေးခဲ့တဲ့ ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စစ် အစိုးရကို ကျေးဇူးတင်ပါတယ်။” ပြောကြားသည်။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား၌ စာအုပ်ပေါင်း (၇ဝဝ) အုပ်ကျော်အထိ အရောင်းစံချိန်သစ်တင် ရောင်းချခဲ့ပြီး အမှာစာအုပ်ပေါင်း (၁၅ဝဝ) ကျော်ခဲ့ကြောင်းအား ဦးအောင်သူ (ပဉ္စဂံစာအုပ်တိုက်)ထံမှ သိရှိခဲ့ရသည်။

“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ခဲ့ကြ သော နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ/ပန်းပု၊ သတင်းမီဒီယာအဖွဲ့များ၊ ဓါတ်ပုံဆရာများနှင့် နာရေးကူ ညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ အစရှိသည့် နယ်ပယ်အသီးသီးမှ ဧည့်ပရိသတ်ပေါင်းများနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ အားပေးပေးကြသူများတို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတော့သည်။

“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်အား ၁.၁၁.၂ဝ၁၃ ရက်နေ့မှ စတင် ဖြန့်ချီမည်ဖြစ်ပြီး ထွန်းဦးစာပေ (မန္တလေး)၊ ပဉ္စဂံစာအုပ်တိုက် တယ်လီဖုန်း - ဝ၁ ၃၇၇ ဝ၆၁ သို့ တိုက်ရိုက် ဆက်သွယ်၍၄င်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသော အလှူရှင်များအနေဖြင့်လည်း ရုံးချုပ်၌၄င်း အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်များ တို့တွင် တစ်အုပ်လျှင် ၆ဝဝဝိ/- (ခြောက်ထောင်ကျပ်) နှုန်းဖြင့် ဝယ်ယူနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီ မြန်မာပိုင်း သီးသန့်မေးမြန်းခန်း ရုပ်သံ ဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။ ဥရောပခရီးစဉ်အတွင်း ဘီဘီစီနှင့် အင်တာဗျူးတစ်ခုဖြစ်ပါတယ် BBCမြန်မာပိုင်းနှင့်ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ကို့ မြန်မာလိုပြောကြားခဲ့တာပြန်နားထောင်ကြပါ။ ဘီဘီစီ မြန်မာပိုင်း ဌာနမှူးဒေါ်တင်ထားဆွေ က မေးမြန်းထားတာ ဖြစ်ပါတယ်။

  ဒီကနေ့ မှတ်မှတ်ရရ အောက်တိုဘာ (၂၃) ရက်နေ့ပါ။ အောက်တိုဘာ (၂၃) ရက်နေ့ကို သတိတရ ရှိနေကြသူတွေဟာ ဒီကနေ့မှာ ဘဝအတွက် သတိရစရာ၊ အမှတ်ရစရာတွေ ရှိနေတဲ့ သူတွေဘဲ ဖြစ်ပါ လိမ့်မယ်။ ဒီနေ့လေးကို သတိရနေသူတွေထဲမှာ ဝမ်းသာစရာ၊ ပျော်ရွှင်စရာအတိနဲ့ သတိရနေကြသူတွေ ရှိသလို ဝမ်းနည်းပူဆွေးစရာတွေ အပြည့်နဲ့ ပြည့်နှက်နေတဲ့ သူတွေလည်းရှိပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် ဝမ်းနည်းပူဆွေး ကြေကွဲမျက်ရည်သန်းနေတဲ့ မိသားစုတစ်စုမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ နောက်အပေါက်တွင်ရပ်ထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) တံဆိပ်နှင့် စာတန်းပါ နိဗ္ဗာန်ယာဉ် နဲ့အတူ တစ်နေရာသို့ စူးစိုက်မျှော်ငေးနေကြသည်။ လေဆိပ်ဆိုက်ရောက် (Arrival) အဝင်ဝတွင် နိုင်ငံရပ် ခြားမှ ပြန်လာမည့် မိသားစုဝင်များကြိုဆိုရင်း ပျော်မြူးနေကြသော မိသားစုဝင်များ၏ ခံစားမှုများခြင်းတော့ ကွာခြားနေကြပေမည်။ ဆိုက်ရောက်လာမည့် လေယာဉ်ခြင်းအတူတူ အချိန်ခြင်းအတူတူ ဖြစ်နေပေမယ့် ရောက်ရှိလာပုံခြင်း မတူသည့် မလေးရှားနိုင်ငံမှ သားငယ်အား လာရောက်ကြိုဆိုနေကြသော မိသားစုဝင် များ၏ ကြေကွဲဖွယ်ရာမြင်ကွင်းများ ကိုယ်ချင်းစာမိပါ၏။ သိပ်မကြာမည် ကုန်ပစ္စည်းတင်သော ဆွဲလာသော မော်တော်ယာဉ်ငယ်လေးနဲ့အတူ အခေါင်းသေတ္တာ ရှည်မျောမျောလေးအား မိသားစုဝင်များ မြင်တွေ့ချိန် မှာတော့ ကြိတ်မနိုင် ခဲမရ မြိုသိပ်ခဲ့သမျှတွေ မျက်ရည်တွေအဖြစ်နဲ့ ပွင့်အန်ကျခဲ့ရပါတော့သည်။
    ၁၅.၁ဝ.၂ဝ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ဆာလာရန်း ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သော မောင်ပိုင်ဖြိုးသူ (ခ) အီကို အသက် (၂၂) နှစ်၏ သက်မဲ့ရုပ်ခန္ဓာအား ကပုန်း (၇) ရက်သားသမီး နာရေး ကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ အကူအညီတောင်းခံမှုကြောင့်  ကွယ်လွန်သူ၏ နေရပ် မြန်မာပြည်၊ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ခနောင်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးရန် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သူ၏ မိသားစုဝင်နှင့်အတူ ရန်ကုန်လေဆိပ်မှ နေရပ်သို့ သယ်ယူ ပို့ဆောင်ပေးခဲ့သည်။ ထိုနောက် ခနောင်ကျေးရွာသို့ရောက်ရှိခဲ့ပြီး မိသားစုဝင်နှင့် တွေ့ဆုံခဲ့ပြီး အားပေး စကားပြောကြားရင်း မိဘများမှ သားဖြစ်သူ မောင်ပိုင်ဖြိုးသူ၏အကြောင်းအား ပြန်လည်ပြောပြ၍ နား ထောင်ခဲ့ရသည်။ စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှုလေးတစ်ခုအား ခံစားခဲ့ရသည်။ မောင်ပိုင်ဖြိုးသူသည် လွန်ခဲ့ သော (၂) နှစ်တွင် မလေးရှားနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့သည့် နေ့ရက်သည် ယနေ့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော အောက်တိုဘာလ (၂၃) ရက်နေ့ပင် ဖြစ်သည်ဟု သိရှိခဲ့ရ သည်။ မှန်ပါသည်။ လွန်ခဲ့သော (၂) နှစ် ဒီနေ့ဒီအချိန်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာတွင် မိခင်နှင့် မိသားစုဝင်များ ဝမ်းသာမျက်ရည် ရစ်ဝဲ၍ ကျန်ခဲ့ရသည်မှာ ဒီကနေ့ (၂) နှစ်ကြာပြီ။ မိခင်နှင့် မိသားစုဝင် များ ဝမ်းနည်းကြေကွဲ မျက်ရည်ဆို့၍ ကြိုဆိုခဲ့ရသည့် သား မောင်ပိုင်ဖြိုးသူ (ခ) အီကို အမိမြေသို့ သက်မဲ့ ခန္ဓာအဖြစ် ပြန်လည်ရောက်ရှိလာသည့် နေ့ရက်သည် ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ဖြစ်သည် ဟု မိခင်မှ ကြေကွဲဝမ်းနည်းစွာဖြင့် ပြန်လည်ပြောပြခဲ့တော့သည်။ ထို့နောက် မိသားစုဝင်များမှ သား မောင် ပိုင်ဖြိုးသူ (ခ) အီကို အားရည်စူး၍ သူ၏လုပ်အားခ ချွေးနည်းစာထဲမှ ၅ဝဝဝဝိ/- (ငါးသောင်းကျပ်) တိတိ အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့သည်။ ကျွန်တော်တို့၏ စိတ်ထဲ၌ ကြေကွဲဝမ်းနည်း စိတ် မကောင်းကြီးစွာဖြင့် ခနောင်ရွာလေးမှ အတွေးကိုယ်စီဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ စိတ်ထဲတွင်လည်း ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ဟာ ဒီမိသားစုလေး၏ ဘဝတွင် ဘယ်သောအခါမှမေ့၍ ရတော့ မည်မဟုတ်ဘဲ နှစ်စဉ်အောက်တိုဘာလ (၂၃) ရက်နေ့ရောက်တိုင်း ဝမ်းသာမျက်ရည်ဝဲခဲ့ရသောအချိန်နှင့် ကြေကွဲဝမ်းနည်းရသောအချိန်နှစ်ခုအား တမ်းတရင်း သတိတရ ရှိနေဦးမည်ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်ပသို့ ရောက်ရှိနေကြသော အမိမြန်မာနိုင်ငံသားများ သည် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားခဲ့၍ အမိမြန်မာပြည်သို့ သယ်ဆောင်လိုလျှင် အသင်းမှနိဗ္ဗာန်ယာဉ်များဖြင့် လေဆိပ်မှ သက်ဆိုင်ရာဆေးရုံ (သို့) အအေးခန်း (သို့) နေရပ်သို့ ပို့ဆောင် ပေးဆပ်ခဲ့ပြီဖြစ်သည်။ ကွယ်လွန်သူသည် ရပ်ဝေး/ရပ်နီးများအားလည်း ဒေသခံ လူမှုရေး အသင်းအဖွဲ့ များနှင့်ချိတ်ဆက်၍ လက်ဆင့်ကမ်းသယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးလျှက်ရှိသည်။ နောင် တွင်လည်း ဆက်လက်၍ ယခုကဲ့သို့ ပို့ဆောင်ပေးဆပ် ကူညီပေးနေဦးမည် ဖြစ်ပါတော့သည်။

ပြည်သူ/သားအားလုံး ဘေးရန်ကင်းရှင်း ကျန်းမာခြင်းဖြင့် မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေ။

(ကျော်သူ)












ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်။
၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ အစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများကိုသော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက် နှင့်မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ရုတ်တရက် ပြောဆိုလိုက်ပါတယ်။

ဦးရွှေမန်းမှ “အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ကြတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ၊ ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတ သော ရုံးအသုံးစရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားစရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ငွေပိုနေသေးလျှင် ဝန်ထမ်းများအတွက် လစာငွေနှင့် ထောက်ပံ့ငွေပေးနိုင်ရေး အတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်းကိုလည်း လေ့လာတွေ့ရှိထားပါ တယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့ တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း တင်ပြအပ်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။

ဦးရွှေမန်းရဲ့ ပြောဆိုမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်နေတဲ့ လူထုတစ်ရပ်လုံးက ဦးရွှေမန်းကို အာရုံစိုက်သွားကြပါတယ်။ ဝန်ထမ်အများအပြားနဲ့ ဝန်ထမ်းများကို မှီခိုနေရတဲ့ ပြည်သူများကလည်း လစာတိုးပေးဖို့ နိုင်ငံတော်မှာ အဆင့်(၃) တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခြင်း ဖြစ်တာကြောင့် သေချာပေါက်တိုးပြီဆိုပြီး ဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်။ မြန်မာ့အရေးလေ့လာသူများကလည်း ဦးရွှေမန်းအနေနဲ့ ယခင် လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေကို တိုင်ပင်ပြီးတာကြောင့် အခုလို ပြောဆိုတာ ဖြစ်နိုင်ကြောင်း၊ လစာတိုးဖို့ သေချာကြောင်း သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဘဏ္ဏာရေးဝန်ကြီးက လစာတိုးမြှင့်ရေး အစီအစဉ်မရှိသေးကြောင်း လွှတ်တော်တွင် ဖြေရှင်းခဲ့ရာ ဦးရွှေမန်းအရှက်ရခဲ့ပြီး နောက်တစ်ကြိမ် ထပ်တင်ခဲ့ပြန်ပါတယ်။ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း အချို့ကို ရပ်နားထားပြီး ဝန်ထမ်းလစာကို အရင်တိုးဖို့ ထောက်ပြပါတယ်။ ဒီလိုနဲ့ စီမံကိန်းအချို့ ရပ်နားခဲ့ရပြီး စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ မျှော်လင့်တောင့်တနေတဲ့ ဝန်ထမ်းတွေလည်း ငွေနှစ်သောင်းနဲ့တင် ကျေနပ်ခဲ့ရပါတယ်။ လစာတိုးဖြစ်စဉ်အပြီး ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ရတာဟာ ဦးရွှေမန်းရဲ့ မဆင်မခြင် နာမည်ကောင်းဝင်ယူခဲ့တာကြောင့် ဆိုပြီး နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြပါတယ်။

ဒုတိယနဲ့ တတိယအချက်ကတော့ ကော်မတီကော်မရှင်တွေ ကိစ္စနဲ့ခုံရုံးနှုတ်ထွက်သွားရတဲ့ ကိစ္စပါ။ လွှတ်တော်ခေါ်ပြီး မကြာခင်မှာပဲ ကော်မတီမျိုးစုံ၊ ကော်မရှင်မျိုးစုံ ယခင် ဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ ယခင် ဝန်ကြီးဟောင်းများက ၎င်းတို့တာဝန်ယူခဲ့သည့်လုပ်ငန်းနှင့် သက်ဆိုင်သော နာမည်ဖြင့် ကော်မတီပြန်ဖွဲ့ကာ ဥက္ကဌပြန်လုပ်ကြပါတယ်။ ကော်မတီ၊ ကော်မရှင် ဥက္ကဌများကို ဦးရွှေမန်းက အထူး အရေးပေးသည့်အပြင် အခါအားလျှော်စွာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခင်ဝန်ကြီးဟောင်း ကော်မတီ ကော်မရှင် ဥက္ကဌတွေက လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဝင်ရောက် စွက်ဖက်မှုတွေရှိလာပါတယ်။ အဲဒီနောက် ကော်မတီဥက္ကဌနဲ့ ဝန်ကြီး နှစ်ယောက် ဘယ်သူက ပိုကြီးသလဲဆိုတဲ့ ပြဿနာပေါ်လာပါတယ်။ ပြဿနာအတွက် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူခဲ့ချိန်မှာ အခြေခံဥပဒေ ခုံရုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊ ၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည် ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ထုတ်ပြန်ခဲ့ရာ ခုံရုံးနဲ့ လွှတ်တော်ကြား တင်းမာမှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အဓိက တာဝန်ရှိသူ ဦးရွှေမန်းက လွှတ်တော်ဖက်ကနေပြီး ရပ်တည်ခဲ့တာကြောင့် အခြေခံဥပဒေအရ လွှတ်တော် ကော်မတီများကို ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အား စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတကြီးကိုယ်တိုင်က ခုံရုံးနဲ့လွှတ်တော်ကြား ညှိညှိနှိုင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပေမယ့် ဥက္ကဌ ဦးသိန်းစိုးအပါအဝင် ၉ ဦးလုံး ၂၀၁၂ စက်တင်ဘာလမှာ နှုတ်ထွက်ခဲ့ရပါတယ်။ လွှတ်တော်က တစ်ဖက်၊ ခုံရုံးနဲ့ အစိုးရက တစ်ဖက် အားပြိုင်မှုမှ လွှတ်တော်က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဦးသိန်းစိုးတို့အပေါ် အနိုင်ရမှုအတွက် ဦးရွှေမန်းလည်း ကျေနပ်ခဲ့ပါတယ်။

ဦးရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်ပြီး စနစ်တကျ အကွက်ချတတ်တယ်။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာ ဒေါက်တိုင်ကြီးသုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာပါ။ ဒီအညှာကိုချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင် တွေ အချိန်မရွေးဖြိုပစ်လို့ရပြီဆိုတဲ့ သဘောပါ။ အသေအချာစဉ်းစားကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ ဦးရွှေမန်း က အာဏာရှင်ဒီမိုကရေစီကိုစပြီး ခြေလှမ်းလိုက်တာလို့ ပြောလို့ရပါတယ်။

စတ္ထုထမြောက် ဖြစ်စဉ်ကတော့ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးလွန်းမောင်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဦးရွှေမန်းနဲ့အတူ ဂေါက်ရိုက်တုန်းမှ စေတနာနဲ့ သတိပေးခဲ့တာတစ်ခုကို အခွင့်ကောင်းယူပြီး ဦးရွှေမန်းက ပညာပြန်ပေးခဲ့တဲ့အတွက် စာရင်းစစ်ချုပ် ဦးလွန်းမောင် ရာထူးကနေ ဖယ်ရှားခံရပြီး အခု ထမင်းရောင်းနေရပါတယ်။ ဦးလွန်းမောင်က “ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။”လို့ပြောပါတယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ကိုင်လာသူ တစ်ယောက်ကို ဘဝပျက်သွားတဲ့အထိ လုပ်ရက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပဉ္စမအချက်ကတော့ တခြားသူတွေကို စာအုပ်ထဲကအတိုင်း အတိအကျလိုက်ကိုင်တဲ့ ဦးရွှေမန်းဟာ ကိုယ်တိုင်ကတော့ မိသားစုတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီအားပေးနေတာပါပဲ။ ဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလားဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင်ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့အပြိုင် စပါးပေးငွေ (စိုက်ပျိုးစရီတ်ချေးငွေ)ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံး မှတစ်ဆင့် သိမ်းယူမှုတွေ အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေး အပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်နေပါပြီ။
မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာ လည်း မြေကွက်အမြောက်အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော် မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဦးအောင်သောင်း သားအပါအ၀င် တခြား လူကြီးသား သမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက် အမြောက် အများ ရရှိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

(The Diplomat 26 Oct 2013 “Burma’s President will not run in 2015 elections” သတင်းကို ဘာသာပြန်ဆိုသည်)

ပြင်ပကမ္ဘာနှင့် မရောမနှော အထီးကျန်နေရာမှ ပြန်လည်ပေါင်းစည်းခဲ့သည့် မြန်မာနိုင်ငံ၏ အရွေ့ကို ကြီးကြပ်ခဲ့သူ သမ္မတဦးသိန်းစိန်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင် တော့မည်မဟုတ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ တွင် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာ ခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အနာဂါတ်ခေါင်းဆောင်ပိုင်းကိစ္စအပေါ် မရေရာမှုများဖြစ်ပေါ်စေပြီး နိုင်ငံရေးနယ်ပယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ဒီမိုကရက်တစ်များနှင့် တပ်မတော်အစိုးရ လိုလားသော ဖောက်ပြန်ရေးအင်အားစုများအကြား ပြိုင်ဆိုင်မှုပေါ်ပေါက်လာစေနိုင်သည်။

၎င်းဆုံးဖြတ်ချက်သည် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ လွှတ်တော်ဥက္ကဌဦးရွှေမန်းမှ တစ်ဆင့် နိုင်ငံတကာ မီဒီယာများသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။ Reuters သတင်းတွင် “၂၀၁၁ ခုနှစ်က ဖျက်သိမ်းခဲ့သော တပ်မတော်အစိုးရဟောင်း တွင် ဦးသိန်းစိန်ထက် ရာထူးမြင့်သူ ဦးရွှေမန်းသည် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းပြီး လွှတ်တော်အမတ်များ၏ လေးစားခြင်းခံရသူဖြစ်၍ ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူ အလယ်အလတ်ဝါဒီတစ်ဦးဟု သတ်မှတ်ခံရသည့်အပြင် သမ္မတရွေးပွဲဝင်လိုသော ဆန္ဒကို မဖုံးမကွယ်ထုတ်ဖော်ခဲ့သူ ဖြစ်သည်” ဟု ရေးသားထားသည်။

မြန်မာနိုင်ငံ၌ အသွင်ကူးပြောင်းရေးကို ဦးတည်သည့် မျှော်လင့်မထားသော လမ်းကြောင်းပုံစံတွင် သမ္မတအဖြစ် ဦးသိန်းစိန်ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန်သည် ၎င်း၏ စီးပွားရေးမူဝါဒများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုသည့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်တွင်း ပြည်ပတွင် အသိအမှတ်ပြု ချီးကျူးခြင်းခံရသည့် ဦးသိန်းစိန်က ၎င်း၏ ဒုတိယသက်တမ်း ပြန်လည်ယှဉ်ပြိုင်ရေး ဆုံးဖြတ်ချက်သည် ကျန်းမာရေးအခြေအနေနှင့် လူထုသဘောထားဆန္ဒအပေါ် မူတည်နေကြောင်း ယခင်ကတည်းက ပြောကြားထားပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ပြည်ပအင်အားကြီး နိုင်ငံများသာမကပဲ အိမ်နီးချင်းနိုင်ငံများအားလုံးနှင့်ပါ ရင်းနှီးသော ဆက်ဆံရေးထူထောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကဏ္ဍကိုလည်း အခြေခံကျကျ ပြုပြင်ပြောင်း လဲပေးခဲ့သည်။ ၎င်း၏ ယခုနှစ် အစောပိုင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်သည် ၄၇ နှစ်အတွင်း မြန်မာနိုင်ငံ အကြီးအကဲတစ်ဦး ပထမဆုံးအကြိမ်ဝါရှင်တန်သို့ ခြေချမှုအဖြစ် မှတ်တမ်းဝင်သွားသည်။ တစ်ချိန်တည်းမှာပင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံး ကိုလည်း စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ စည်းရုံးလုပ်ဆောင်ခဲ့သည်။ မြန်မာ နိုင်ငံတွင် တရုတ်တို့အပေါ် ရှုမြင်ပုံသည် စီးပွားရေးလုပ်ထုံးလုပ်နည်းများ၊ ပြည်တွင်းပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် ထွက်ပေါ်လာသော်လည်း မရှေးမနှောင်းမှာပင် အပြုသဘောဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့သည်။

ထိုအတောအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးလာခဲ့ သည်။ အိန္ဒိယသည် မကြာသေးမှီကပင် မြန်မာနိုင်ငံသို့စစ်ဖက်နည်းပညာတစ်ခုကို ရောင်းချပေးခဲ့ပြီး၊ စီးပွားရေးအရ မြန်မာနိုင်ငံနှင့်ဆက်လက် ထိတွေ့ဆက်ဆံလျက်ရှိသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို မဟာဗျူဟာ မြောက် အရေးပါသော ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး၊ အိန္ဒိယနိုင်ငံကမူ ၎င်းတို့၏ ရေရှည်ခံ အရှေ့မျှော်မူဝါဒ၏ ပထမဆုံးစခန်းအဖြစ် ရှုမြင်သည်။ ထို့အပြင် ဒေသတွင်း အဖွဲ့အစည်း၏ အလှည့် ကျ ဥက္ကဌတာဝန်ကို ယခုလအတွင်း လက်ခံလိုက်ပြီဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အရေးပါသော မိုင်တိုင်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုက ထုတ်လုပ်ပေးလိုက်သော အရှိန်အဟုတ် အိန္ဒိယနှင့် တရုတ်အကြားတွင် ရပ်တည်မှု စသည်တို့ကို ထည့်သွင်းစဉ်းစားပါက မြန်မာနိုင်ငံ၏ နောက်တက်မည့် သမ္မတသည် အာရှဒေသတွင်း ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းရင်း တိုင်းပြည်ကို လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားရမည့် ခက်ခဲသောတာဝန်ကို ရင်ဆိုင်ရပေလိမ့်မည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာသို့ဝင်ဆန့်ပေါင်းစည်းရေးအတွက် အသွင်ပြောင်းလမ်းကြောင်းအတိုင်း ဆက်သွားနေသည့်အလျှောက် စိန်ခေါ်မှုများကလည်း နည်းလိမ့်မည်မဟုတ်သောကြောင့် တိုင်းပြည်ကို ရှေ့သို့ဆက်တွန်းရန်အတွက် အမြင်ကျယ်သော ခေါင်းဆောင်မျိုးကို လိုအပ်ပေလိမ့်မည်။ အာဆီယံဥက္ကဌနေရာကို လက်ခံတာဝန်ယူခြင်းနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က “အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို အနီးကပ်စောင့်ကြည့်နေကြပါတယ်”ဟု ပြောကြားခဲ့သည်။ ၂၀၁၅ တွင်လည်း အလားတူ စောင့်ကြည့် ခြင်းကို ခံရပေလိမ့်ဦးမည်။

Yangon chronicle

သူရိယအလင်းဂျာနယ်ရပ်စဲခြင်းနှင့် ၎င်းကိစ္စနှင့် ဆက်နွယ်လျက်ရှိသော အဖြစ်အပျက်များသည် လတ်တလော မြန်မာနိုင်ငံ စာနယ်ဇင်းလောကတွင် အကြီးမာဆုံးသော ဂယက်ရိုတ်ခတ်မှုတစ်ခု ဖြစ်သည်။ ၎င်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၊ စစ်သူရဲဗလမင်းထင်၊ သတိုးစည်သူ အစရှိသော ကလောင်များဖြင့် စစ်ဗိုလ်ချုပ်ဟောင်းကြီးများနှင့် ခရိုနီကြီးများကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားသော ဆောင်းပါးများကို ဂျာနယ်မရပ်စဲမှီ အတွဲ (၁) အမှတ် (၁၂) အထိ ဆက်တိုက်ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၈ ရက်နေ့ ည သန်းခေါင်ကျော် အချိန်တွင် ထုတ်ဝေသူ ယုနိုင်၊ ဖိုးလပြည့်၊ စီးပွားကူးသန်းဝန်ကြီး၏သား သူရိန်ဆိုသူတို့နှင့်အတူ လူတစ်စုက ကမ္ဘာအေးဖုရားလမ်းပေါ်ရှိ သူရိယအလင်းဂျာနယ်တိုက်သို့ သွားရောက်ကာ ဂျာနယ်လက်ကျန်များနှင့် ကွန်ပျုတာ ၁၈ လုံးကို ဖြုတ်သိမ်းသယ်ယူသွားကြောင်း၊ သူရိယနေ၀န်းအမည်ဖြင့် ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်းကို ဂျာနယ် CEO မိုးဟိန်းက အောက်တိုဘာ ၁၉ ရက် နေ့လယ် ၂ နာရီတွင် သတင်းသမားများကို ၎င်းဂျာနယ်တိုက်၌ အသိပေးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၂၁ ရက်နေ့တွင် ထုတ်ဝေသူ ယုနိုင်က အထက်ဖေါ်ပြပါ ကလောင်များဖြင့် ရေးသားသော ဆောင်းပါများသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီကြောင်း၊ ၎င်းဆောင်းပါးရှင်တို့၏စာများကို အယ်ဒီတာအဖွဲ့၏ခွင့်ပြုချက်မပါဘဲ CEO က ၎င်း၏သဘောဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုနေ့ညက ဖိုးလပြည့် မပါဝင်ကြောင်းနှင့် သူရိန်သည် မိတ်ဆွေဖြစ်သဖြင့် မိမိ၏မွေးနေ့ပွဲမှအပြန်တွင် အဖော်အဖြစ်သာ လိုက်ပါလာခဲ့ကြခြင်းဖြစ်ကြောင်းကို ပြန်လည်ရှင်းလင်းခဲ့သည်။ ထို့အပြင် အောက်တိုဘာ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အတန်တန် တားမြစ်သည့်ကြားမှ ဖော်ပြခဲ့သော ဆောင်းပါးများပါ အရေးအသားကြောင့် ပုဂ္ဂိုလ်ရေးနစ်နာမှုများရှိပါက ထိုပုဂ္ဂိုလ်များကို အနူးအညွတ် တောင်းပန်အပ်ပါကြောင်း၊ ဂျာနယ်ကို အပြီးအပိုင် ရပ်စဲလိုက်ကြောင်းကို ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့က အသိပေးကြေငြာခဲ့သည်။ News Watch မှ ဦးယုနိုင်ထံသို့ အသေးစိတ်သိလိုသည်များကို ဆက်သွယ်မေးမြန်ရာ ၎င်းက ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့မှ မပြောကြားလိုတော့ကြောင်း၊ သတင်းစာပါ ရှင်းလင်းချက်ကိုသာ အခြေခံရေးသားရန် ဖြေကြားခဲ့သည်။

၎င်းဖြစ်ရပ်များအပေါ် အချို့က ဂျာနယ်နာမည်ကြီးစေဖို့ရန် လက်ဝါးချင်းရိုတ်လုပ်ကြံမှု Media Stunt အဖြစ်သုံးသပ်ကြပြီး၊ အချို့သော သတင်းစာနှင့်ဂျာနယ်များမှာကဲ့သို့ သူရိယအလင်းဂျာနယ်၏ရှယ်ရာရှင်များတွင် သြဇာအာဏာရှိသူများ၏ သားသမီးများလည်း ပါဝင်သည်၊ ဖော်ပြပါကလောင်ရှင်များမှာ မိုးဟိန်းတစ်ဦးတည်းသာဖြစ်သည် ဆိုသော ကောလဟလများလည်း ထွက်ပေါ်လျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမှု ဤအဖြစ်အပျက်များသည် နောင်တွင် ဆက်လက်ထုတ်ဝေမည့် သူရိယနေ၀န်းဂျာနယ်အတွက် လက်ဝါးချင်းရိုတ် စတန့်ထွင်သည်ဖြစ်စေ၊ အမှန်တကယ် အတွင်းရေး အရှုပ်တော်ပုံများရှိသည်ဖြစ်စေ ယခင်နှင့်စာလျှင် အနည်းငယ်မျှ လွတ်လပ်လာသော မြန်မာ့စာနယ်ဇင်းလောကအတွက် အမှောင်ခေတ်သို့ နောက်တဖန် ပြန်ဝင်သွားနိုင်ဖွယ်ရာရှိသဖြင့် ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံ၍ ၎င်း၏ သုံးသပ်ချက်များကို တင်ပြလိုက်ရပါသည်။

“ ကျွန်တော်ပြောချင်တာက ၁၉၄၉ လောက်တုန်းက ဝိဓူရ သခင်ချစ်မောင် ခေါင်းဆောင်တဲ့ ဆိုရှယ်လစ်တွေကနေပြီးတော့ သူတို့ရဲ့ခေါင်းဆောင်ကြီး သခင်တင် ရဲ့အမှုနဲ့ပတ်သက်ပြီး ရေးသားမှုအပေါ် ဒါတွေကို ရေးရမလားဆိုပြီးတော့ အိုးဝေ သတင်းစာ၊ စီးပွားရေးသတင်းစာ၊ ဟစ်တိုင်သတင်းစာ စတာတွေကို ဝင်ဖျက်တယ်။ နောက် ပြည်သူ့အာဏာဆိုတဲ့ ကွန်မြူနစ်သတင်းစာကိုလည်း ဖျက်ဖို့ ကြိုးစားတာမှာ ဟိုက ‘မင်းတို့ လာရဲရင် လာကြည့်၊ ဆိုရှယ်လစ်တွေရဲ့အရိုး တောင်လိုပုံသွားမယ်။ ဗားကရာချောက်ကို ဖြည့်လိုက်မယ်’ ဆိုတော့ မသွားရဲတော့ဘူး။ ကျွန်တော် အဲ့ဒါကို သွားသတိရတယ်။
နောက်တစ်ခုက ၁၉၅၉ စက်တင်ဘာလလောက်မှာ အဲဒီတုန်းက ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရ လက်ထက်တုန်းကပေါ့။ ကြေးမုံသတင်းစာတို့၊ ဘာတို့ကို ချိတ်ပိတ်တယ်။ အလားတူပဲ၊ နောက်ပိုင်းမှာ ရန်ကုန်သတင်းစာရယ်၊ နောက် ကျွန်တော်မမှတ်မိတော့တဲ့ အခြားသတင်းစာတွေကိုကြတော့ စာခွက်တွေကို မှောက် ပစ်တာပေါ့။ ခဲစာလုံးတွေကို မှောက်ပစ်တော့ အကုန်လုံး ရောကုန်တာပေါ့ဗျာ။ သုံးလို့မရတော့ဘူးပေါ့။ စက်တွေ၊ ဘာတွေကို ရိုက်ချိုးတာတွေရှိတယ်။ အလားတူပဲ၊ ၁၉၆၀ ကျော်လောက်မှာ လူထုသတင်းစာ၊ ၁၉၇၈မှာ ဟံသာဝတီသတင်းစာတို့ကို ထုတ်ဝေခွင့်ကို ပိတ်ပစ်လိုက်တယ်။ အဲဒီလို သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားခွင့်တို့ကို ရပ်စဲပစ်ခြင်းဆိုတာ ဗမာပြည်မှာ တစ်ချိန်လုံး လုပ် လာခဲ့တာ။ ကျွန်တော်က ဘာကို ပြောချင်သလဲဆို ဒီလိုသတင်းစာတွေကို ပိတ်ပင်ခြင်းဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် တရားဝင်နည်းနဲ့သော် လည်းကောင်း၊ တရားမဝင်နည်းနဲ့သော်လည်းကောင်း ပိတ်ပင်ခြင်းဟာ လွတ်လပ် စွာရေးသားခွင့်ကို ရိုက်ချိုးပစ်လိုက်တာနဲ့ အတူတူပဲလို့ယူဆတယ်။ အဲဒီနေရာမှာ တရားဝင်ခြင်း၊ မဝင်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ အများကြီး ရှိတယ်။

အခု သူရိယအလင်းကိစ္စမှာ CEO မိုးဟိန်းကနေပြီးတော့ ထုတ်ဝေသူနဲ့ အယ် ဒီတာအဖွဲ့ကိုတောင် လွန်ဆန်ပြီးတော့ သူ့သဘောနဲ့သူ ဆောင်းပါးတွေကို ထည့်နိုင်တယ်ဆိုတာကတော့ သူတို့မှာ နောက်ကွယ်က ဇာတ်လမ်းတွေရှိမှာပေါ့လေ။ ဘာဖြစ်လို့ သူက ဒီလောက်ထိ လုပ်နိုင်တာလဲ။ ဒါတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ ခက်တာက CEO ဆိုတဲ့ဟာ ကလည်း တော်တော်လေး ခွကျနေတယ်။ ကျွန်တော်တို့ ဗမာပြည်စာနယ်ဇင်းလောကမှာ CEO ဆိုတာ အရင်တုန်းကမရှိဘူး။ အခုတော့ CEO တွေ ဘာတွေ ဖြစ်လာပြီ။ ဒီ CEO က စာစောင်တစ်ခုလုံးရဲ့ ပေါ်လစီကို ကိုင်နိုင်သလား၊ အယ်ဒီတာအဖွဲ့ကိုပါ ကိုင်နိုင်သလား။ ဒါမှမဟုတ် အုပ်ချုပ်ရေးအပိုင်း၊ ထုတ်လုပ်ရေး၊ ဖြန့်ချိရေးအပိုင်းတွေကိုပဲ ကိုင်နိုင်တာလားဆိုတာကတော့ အငြင်းပွားစရာ ရှိပါတယ်။"

ဥက္ကာဦး
News Watch အတွဲ (၈) အမှတ် (၂၁)


အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၆၆ ဆက်မြောက် ကက်သိုလစ် ခရစ်ယာန် သာသနာပိုင်ချုပ် ပုတ်ရဟန်းမင်းကြီး ဖရန့်စစ် နဲ့တို့ တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံ AGI သတင်းဌာန၏အဆိုအရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာ့ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံကာ အာရှနှင့်ပေါင်းကူးတံတားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထိုတွေ့ဆုံခြင်းဟာ တနင်္လာနေ့မှာ ဖြစ်ပါတယ်။ တိုင်းမ်သတင်းစာအရ ဤတွေ့ဆုံခြင်းဟာ မှတ်သားဖွယ်ရာ နောက်ဆက်တွဲများ ဖြစ်ပေါ်လာမည့် သမိုင်းဝင်တွေ့ဆုံမှု့ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒါတွေဟာ ချက်ချင်းပြောင်းလဲမည်ဟု မဆိုနိုင်သော်လည်း နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု့အဆင့်တွေမှာ တကယ့်ကို မှတ်သားဖွယ်ရာတွေ ဖြစ်လာမည်ဟု ဆိုထားပါတယ်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် မြန်မာ့ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်အား တနင်္လာနေ့တွင် လက်ခံတွေ့ဆုံကြောင်း သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ ဥရောပတခွင်ကို အလည်အပတ်ရောက်ရှိနေပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် an honorary citizen of Rome အဖြစ် ချီးမြှင့်ခံခဲ့ရပြီး ဖြစ်ပါတယ်။

ယခု ပုပ်ရဟန်းမင်းကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏တွေ့ဆုံခြင်းဟာ အင်မတန်မှ လှိုက်လှိုက်လှဲလှဲရှိပါတယ်။ ၎င်းတို့၏တွေ့ဆုံခြင်းတွင် ယဉ်ကျေးမှု့တွေ့ဆုံခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဖြစ်ခဲ့ကြသည်ဟု သိရပါတယ်။ ဤအကြောင်းအရာအား ပုပ်ရဟန်းမင်းကြီးသည် အင်မတန် တန်ဖိုးထားလှသည်ဟု သိရှိရပါတယ်။ ဖာသာရ်လွန်ဘာဒီ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာအပြည့်ရှိပြီး အင်မတန်အရေးပါတဲ့သူ အဖြစ် ဖော်ကြူးထားပါတယ်။ ထို့အပြင် တမန်တော်ကြီးများနန်းတော်မှာ ပြုလုပ်သည့်တွေ့ဆုံမှု့မှာလည်း အင်မတန်မှ ပြတ်သားမှု့ပေါ်လွင်လှသည်ဟု သိရှိရပါတယ်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဆက်လက်ရွေးချယ်ခံတော့မည် မဟုတ်ဟု သူရဦးရွှေမန်း၏ ပြောကြားချက်မှာ သမ္မတနှင့် ကြိုတင်သဘောတူပြီးမှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတရာထူးအတွက် ဆက်လက်ရွေးချယ် ခံ၊ မခံ ကိုပြည်သူထံ ၎င်းကိုယ်တိုယ် သာအသိပေးပြောကြားသွားမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြားသည်။

“ဦးရွှေမန်း ဘယ်လိုသဘောမျိုးနဲ့ဒါကို ထုတ်ပြောတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သမ္မတကြီးက သူ့ သဘောထားဆုံးဖြတ်ချက်တွေကို ပြည်သူတွေဆီကို အသိပေးဖို့လိုရင် လိုအပ်တဲ့အချိန်မှာ တိုက်ရိုက် အသိပေးပြော ကြားမှာပါ။ အခုလိုကြားလူကတစ်ဆင့် ပြည်သူကို အသိပေးဖို့ အကြောင်းမရှိပါဘူး” ဟုသမ္မတပြောခွင့်ရ ပုဂ္ဂိုလ်က တုံပြန်ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်သည် နောင်လာမည့် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင် မည်မဟုတ်ကြောင်း ၎င်းကိုပြောကြားခဲ့သည်ဟု မီဒီယာများအား ပြောကြားခဲ့သည်။

“သမ္မတနဲ့ ဦးရွှေမန်းဒီကိစ္စပြောချင်တယ်ဆိုတာကလည်း လူကြီးချင်းသူ့အမြင်၊ ကိုယ့်အမြင်သဘောထား ချင်း ဖလှယ်တဲ့ သဘောပါ။ နိုင်ငံတကာအစဉ်အလာအရ ကြိုတင်သဘောတူထားတာမရှိရင်တော့ ဒါမျိုးကို ပြင်ပမှာ ထုတ်ပြောလေ့မရှိတက်ပါဘူး။ ဒီကိစ္စကလည်း လိုအပ်ရင် သမ္မတကိုယ်တိုင် ပြည်သူကို ပြောမှာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးထက် လက်ရှိနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရန်နှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် အာမခံချက်ရှိသော ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ရရှိရန် ဦးတည်လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ဇူလိုင်လအတွင်းက လန်ဒန်သို့ရောက်ရှိစဉ် ပြုလုပ်ခဲ့ သည့် ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

လက်ရှိအချိန်တွင်မူ သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံထားခြင်း၊ မခံခြင်းကို ပြည်သူထံ ထုတ်ဖော်ပြော ကြားမှု မပြုသေးသော်လည်း ပြည်ပခရီးစဉ်များတွင် နောင်သက်တမ်းအတွက် ဝင်ရောက်ရွေးချယ်ခံရန် အစီစဉ်မရှိကြောင်း ဦးသိန်းစိန်က ပြောကြားထားသည်။

Yangon chronicle

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ သစ်ခိုး ထုတ်မှုများအပေါ် သွားရောက်ရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်မှ ရှင်းလင်းခဲ့သော်လည်း အဆိုပါ အချက်မှာ အကြောင်းပြချက် သက်သက်သာဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းက ဆက်လက်၍ တိုက်ပွဲများ အမှန်တကယ် ဖြစ်ပွားနေသော နေရာအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ သည့် နေရာအများစုတွင် ဖြစ်နေပြီး ယခုဖြစ်ပွားသည့် တိုက်ပွဲများမှာလည်း ဗန်းမော်-မန္တလေး ရထားလမ်းကို တရုတ်နိုင်ငံမှ ရထားလမ်း လာဆက်မည့်နေရာ ဖြစ်နေသည်ဟု ဆိုသည်။

သစ်ခိုးထုတ်မှု လမ်းကြောင်းသည် မန္တလေး၊ စစ်ကိုင်းစသည့် အစိုးရလက်အောက်ရှိ မြို့နယ်များကို ဖြတ်သန်း လာခဲ့ချိန်တွင် ဖမ်းဆီးခဲ့ခြင်းမပြုဘဲ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင်း ရောက်မှသာ လိုက်လံ ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်းနှင့် သစ်ခိုးထုတ်မှုလမ်းကြောင်း အများအပြားရှိနေပြီး လမ်းကြောင်းတစ်ခု တည်းကြောင့် တိုက်ပွဲများ ထိုမျှထိ ပြင်းထန်စရာမရှိဟု အဆိုပါကွန်ယက်က ထောက်ပြခဲ့သည်။

“ဒီတရုတ် ဓါတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက်၊ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက် ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေရတယ်လို့ ကျွန်မတို့က အဲလိုပဲ ယူဆတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ဆိုသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့အကြား ၁၉၉၄ခုနှစ်မှစကာ အပစ်အခတ် ရပ်စဲထားခဲ့ပြီး ၁၇ နှစ်ကြာပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းမှာလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည့် ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် သုံးရက်ကြာမျှ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက် ၇ ချက်ပါ သဘောတူညီချက် ရရှိခဲ့ပြီး ၁၀ ရက်အကြာတွင် ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်တိုက် ပြန်လည်ဖြစ်ပွားခဲ့သည်။

Yangon chronicle

““ခင်ဗျားတို့ကို ထောက်ခံပါတယ် ခင်ဗျားတို့အလိုကျနေပါမယ်ကျွန်တော် ဗိုလ်ချုပ်ကြီးနေ၀င်းကိုလည်း ရိုသေပါတယ် မှားခဲ့သမျှကို လည်း ၀န်ချတောင်းပန်ပါတယ် ခင်ဗျားတို့ကို လုံးဝမဆန့်ကျင်တော့ပါဘူး”” ဟု အသနားခံစာတင်ကာ အလျှော့ပေး လက်မြှောက် သူများ ကိုလည်း သူတို့သည် သိက်္ခာမဲ့သူများအဖြစ် နှစ်ရှည်ထားလေ့ရှိ . . .
 
ထောင်ထဲတွင် စာမေးပွဲဟု ခေါ်ကြသော မေးခွန်းများကို ဖြေရသည် ဆိုလျှင် ဖြစ်နိုင်ခြေ ၂ ခုသာ ရှိပါသည်။ တစ်ခုမှာ ထောင်မှ လွှတ်ပေးခြင်းနှင့် တစ်ခုမှာ ထောင်ပြောင်း ရွှေ့ခြင်း ဖြစ်၏။ ထိုကိစ္စကိုက ထောက်လှမ်းရေးက သူတို့အတွက် ကြီးကျယ်သော အလုပ်များ အဖြစ် လုပ်လေ့ရှိ ကြသည်။ ဖမ်းဆီးထား သူများကို ကတိခံ ၀န်ချက် အမျိုးမျိုးနှင့် ချုပ်နှောင်ပြီးမှ သူတို့ လုပ်ချင်တာ လုပ်လေ့ရှိသည်။ ထိုလုပ်ရပ် များမှာ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ် များလည်း ဖြစ်ပေသည်။ ထောက်လှမ်းရေးက သူတို့ ဖမ်းဆီးထားသူ များတွင် ၂ မျိုး ၂ မျိုးစားကို နှစ်ရှည် ထားလေ့ရှိ၏။ တစ်မျိုးမှာ သူတို့ကို ဆန့်ကျင်ပြီး သူတို့ကို ဆန္ဒပြခြင်း၊ အစာငတ် ခံခြင်း စသည် များအား ပြုလုပ်သူများကို ပထမတစ် အမျိုးအစား ထားပြီး တစ်စုံတစ်ရာ ပြောင်းလဲမှု အခြေအနေ ရောက်မှ လွှတ်ပေးလေ့ ရှိသည်။ ဗြိတိသျှခေတ်က ထားရှိသော ပုဒ်မ ၅ လို ဥပဒေကို လွတ်လပ်ရေး ရပြီး ဖဆပလ ခေတ်တွင်ရော၊ တော်လှန်ရေး ကောင်စီခေတ် တွင်ပါ ဆက်လက် ကျင့်သုံး ခဲ့ပါသည်။ နောက်တစ်မျိုးမှာ ““ခင်ဗျားတို့ကို ထောက်ခံ ပါတယ်။ ခင်ဗျားတို့ အလို ကျနေပါမယ်။ ကျွန်တော် ဗိုလ်ချုပ်ကြီး နေ၀င်း ကိုလည်း ရိုသေ ပါတယ်။ မှားခဲ့သမျှ ကိုလည်း ၀န်ချတောင်းပန် ပါတယ်။ ခင်ဗျားတို့ကို လုံးဝ မဆန့်ကျင်တော့ ပါဘူး”” ဟု အသနားခံစာ တင်ကာ အလျှော့ပေး လက်မြှောက် သူများ ကိုလည်း သူတို့သည် သိက္ခာမဲ့သူများ အဖြစ် နှစ်ရှည် ထားလေ့ရှိ ပါသည်။ ကျွန်တော်တို့မှာ ဒုတိယအမျိုး အစားထဲ မပါသည်က သေချာ၏။ …

ကိုကိုးကျွန်းမှ ပြန်လာပြီး တစ်လ၊ နှစ်လ အတွင်း ထိုကဲ့သို့ စာမေးပွဲ ဖြေရသည့် အတွက် ကျွန်တော်တို့ ခေါင်းထဲတွင် စဉ်းစားစရာ များ ဖြစ်လာပါ သည်။ နောက်တစ်ကြိမ် ထောင်ပြောင်း မလားဟုသာ စဉ်းစားနိုင်သည်။ ကိုကိုးကျွန်းသို့ ပြန်ပို့မည်ဟု မစဉ်းစားပေ။ အဘယ်ကြောင့် ဆိုသော် ကိုကိုးကျွန်း အကျဉ်းထောင်မှာ ကျွန်တော်တို့၏ တိုက်ပွဲဝင် မှုကြောင့် ကြေမွနေပေသည်။ လွှတ်ပေး မလားဟုလည်း မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော ၃ နှစ် ကိုကိုးကျွန်းမှာ ရှိစဉ်ကတည်းက သူတို့ အလိုကျ မနေခဲ့ပေ။ အစာငတ်ခံ ဆန္ဒပြပွဲများသာ ပြုလုပ်ခဲ့ သည်။ စစ်အာဏာရှင် တို့၏ အုပ်ချုပ်ရေး ကာလတစ်လျှောက်လုံး ပြည်သူတို့၏ ဆန္ဒကို လိုက်လျော ခဲ့သည် ဆိုသည်မှာ လုံးဝမရှိခဲ့။ ယခု ၅၃ ရက် အစာငတ်ခံ တိုက်ပွဲ၊ ရက် ၄၀ အစာငတ်ခံတိုက်ပွဲများ ကိုသာ မဆလအစိုးရ အရှုံးပေး လိုက်လျော ခဲ့ရသည်။ ကျွန်တော်တို့ကို လုံးဝကျေနပ် မည်မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့ကို လွှတ်ပေးဖို့ ဆိုသည်မှာ အစဉ်းစားရ ကျပ်လှ လေသည်။ သို့သော် နိုင်ငံရေး အခြေအနေမှာ ပြောရ ခက်ပါသည်။ သူတို့၏ အုပ်ချုပ်မှု အသားကျနေသည်ဟု ယူဆပြီး ကမ္ဘာ့ အမြင်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း များစွာ ထားသည်မှာ အရုပ်ဆိုး အကျည်းတန် လှသည် ကိုလည်း သူတို့ သဘောပေါက်၏။ ထို့ကြောင့် သူတို့၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး တည်ငြိမ် လာသည်နှင့် တင်းကျပ် ထားသမျှကို ဖြေလျှော့ ပေးဖို့ လည်း သူတို့ ဖန်တီး နိုင်ပါသည်။

လွှတ်ပေးသည် ဆိုလျှင် ယခုထက်တိုင် သူတို့ အစဉ်အလာ အရ လုပ်လေ့ ရှိသည်မှာ Bond  ဘွန်းခေါ် ခံဝန်ချက်များ လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကမူ လက်မှတ် လုံးဝ ရေးထိုးခြင်း မပြုနိုင်ပါ။ စဖမ်း ကတည်းက စစ်အာဏာရှင် တို့ကို လုံးဝ အရှုံးပေး ဒူးထောက်ခြင်း မပြုနိုင်ဟု ဆုံးဖြတ်ထားကြသည်။ အသက်ပင် သေသေ စစ်အာဏာရှင်တို့နှင့် လုံးဝ စေ့စပ် ညှိနှိုင်းခြင်း လုပ်မည် မဟုတ်ပေ။ ကျွန်တော်တို့ ထောင်ထဲ အတူနေစဉ်က အမြဲလိုလို အသနားခံစာ တင်လေ့ရှိသော နိုင်ငံရေးသမား များကို တွေ့ခဲ့ ရပါသည်။ အင်းစိန်ထောင် တွင်လည်း တစ်လ တစ်ခါ အသနားခံစာ တင်သူများ ရှိသည်။ ကိုကိုးကျွန်း တွင်လည်း တစ်ပတ် တစ်ခါ၊ ၂ ပတ် တစ်ခါ အသနားခံစာ တင်သူရှိ၏။ တစ်နေ့ တစ်ခါ တင်ခွင့် ရလျှင် တင်ကြမည့် သူများ ဖြစ်၏။ နိုင်ငံရေး အမှုနှင့် မဟုတ်ဘဲ ဗိုလ်မှူး၊ ဗိုလ်ချုပ်များက အမြင်ကတ်မှုနှင့် ပုဒ်မ ၅ ဖြင့် အဖမ်းခံရသူ များမှာ အသနားခံစာ တင်လေ့ ရှိသလို နိုင်ငံရေးသမား ရင့်မာကြီး ဖြစ်လျက်၊ ပါတီ ဗဟိုကော်မတီတွင် ပါဝင်သူ ဖြစ်လျက်နှင့် အသနားခံစာ တင်သူ များလည်း ရှိပေသည်။ ယခုအခါ၌ သူတို့ မှာ ကွန်မြူနစ်ဝါဒကြောင့် ထောင်ကျ ခံရသည်။ ဗကပ၏ စည်းရုံး သိမ်းသွင်းမှုကြောင့် အစိုးရက အထင်လွဲကာ ထောင်ကျခဲ့ရသည်။ ထို့ကြောင့် ကွန်မြူနစ်ဝါဒနှင့် ဗကပမှာ သူ တို့၏ ကမ္ဘာမကျေ ရန်သူများ ဖြစ်သည်။ စစ်အစိုးရက သူတို့၏ အသက် သခင် ကျေးဇူးရှင်များဖြစ်သည်။ တချို့ဆို စစ်တပ်က သူတို့အသက်ကို ၂ ကြိမ်တိုင်တိုင် ကယ်ခဲ့သည့် အသက် သခင် ကျေးဇူးရှင်များဟု အနန္တောအနတ္တ ၆ ပါး၌ ထည့်သွင်း ခဲ့ကြသည်။ ထိုသူများမှာ ရယ်စရာ လည်းကောင်း သလို ရွံစရာလည်း ကောင်းလှပေသည်။ ထိုသူများမှာ ယခု ဗကပထဲတွင် ရှိသလို အလံနီများ၊ NLD များနှင့် ကဗျာ ဆရာများ ထဲတွင်လည်း ရှိလေသည်။

တချို့ လှုပ်ရှား တက်ကြွသူများသည် သူတို့၏ ပါဝင်ပတ်သက် မှုကြောင့် ကျူပင်ခုတ် ကျူငုတ်ပါ မကျန်အောင် ဖမ်းဆီးရာတွင် သူတို့လည်း ထောင်ထဲ ရောက်သွား၏။ ထောင်ဆိုသည်မှာ အကောင်း တစ်ကွက်မှ မရှိပေ။ နိုင်ငံရေးသမား ဆိုလျှင် တိုက်ခန်းထဲ ထားကာ စိတ်ရော ရုပ်ပါကျ ဆင်းသွားအောင် ညှဉ်းပန်းသည့် အချိန်တွင် သူတို့သည် NLD ကိုလည်း အပြစ်ပုံချ တော့သည်။ ဗကပကိုလည်း ဆဲရေးတိုင်းထွာ တော့သည်။ NLD ခေါင်းဆောင်ကိုလည်း အမနာပ အော်ဟစ် ပြောဆိုတော့၏။ ထိုတွင် စာရေးဆရာ၊ ကဗျာဆရာ များလည်း ပါသည်။ ထိုသို့ သူတို့၏ ဆဲရေးတိုင်းထွာမှုကို ထောင်ထဲ အတူရှိနေသော နိုင်ငံရေး သမားများက သိသည်။ အတူ နှိပ်စက်ခံရ သူများကလည်း ကြားနေရသည်။ သူတို့ကို စက်ဆုပ် ရွံရှာခဲ့ကြ၏။ ထောင်က လွတ်လာသည့် အခါတွင်လည်း သူတို့သည် ဒီမိုကရေစီကိုလည်း ဆန့်ကျင်ရှုတ်ချ၏။ ဗကပကိုလည်း ဆန့်ကျင် အပုပ်ချသည်။ သို့သော် စစ်အာဏာရှင်များနှင့် စစ်အစိုးရကိုမူ ဆန့်ကျင်သည့် စကားမပြောကြပေ။ အခြေအနေများ ပြောင်းလဲ လာပြီး ဒီမိုကရေစီ အသံများ ကြားလာရသော အခါတွင် သူတို့သည် စစ်အစိုးရကို ကျေးဇူး တင်ဆဲ ရှိနေကြသည်။ ဗကပကို ဆန့်ကျင် ပြောဆိုကြသည်။ ဗကပ ရှုံးနိမ့်နေသည့် အခါတွင် ဗကပကို အပုပ်ချ ပြောဆို နေသည်မှာ အော့နှလုံး နာစရာ ကောင်းသလို လဲနေသူအား ခြေထောက်နှင့် ကန်ကာ မှတ်ပြီ လားဟု အော်နေသော သူရဲကောင်းယောင်များ ဖြစ်လာ ကြသည်။ ထောင်ထဲတွင် ဘ၀တူ များကိုလည်း ဆန့်ကျင်ခဲ့ ကြသလို သူတို့၏ ရပ်တည်ချက် များကို အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများလည်း သိကြသည်။ သို့သော် သူတို့က ယခုအခါ ရဲရင့် သူများ ဖြစ်လာကြသည်။ သူတို့၏ ယခင် အော်ဟစ်ဆဲဆို ခဲ့မှုများကို ဖုံးကွယ်ကာ စာပေဟောပြောပွဲ များ၌ စစ်အာဏာရှင် များအား သူတို့က ဦးဆောင် တိုက်ခိုက်ခဲ့ သယောင် ပြောဆို ခဲ့ကြသည်။ အမှန်မှာမူ သူတို့သည် အကျဉ်းထောင်ထဲတွင် ဒုတိယ အမျိုးအစား၌ ပါဝင်ခဲ့လေသည်။

ထောင်ဆိုသည်မှာ ကောင်းကွက် ရှိသည်ဟု မပြောနိုင် သော်လည်း လူတို့၏ ခံနိုင်ရည်အားကို စမ်းသပ်သော စမ်းသပ် ကွင်းအဖြစ်ကား ပြောနိုင်ပေသည်။ လေတစ်လုံး မိုးတစ်လုံး ပြောနေသူများအား ထောင်ကျ စေချင်သည်ဟု ပြောခြင်းမှာ သူတို့၏ ခံနိုင်ရည်အား၊ စိတ်ဓာတ်ကို စမ်းသပ်လိုခြင်းကြောင့် ထောင်ကျခံစေလို ခြင်းဖြစ်ပါသည်။ မိမိ၏ နိုင်ငံရေး ခံယူချက်၊ အယူအဆ သဘောထားကို ခိုင်မြဲအောင် ကိုင်စွဲသူများမှာ အရှုံးမပေး ဒူးမထောက် ကြပေ။ လူပုဂိ္ဂုလ်အရပင် လေးစားသင့်သော ရဲစွမ်းသတိ္တ ရှိသူများဟု သတ်မှတ်ရ ပေမည်။ ထို့ကြောင့် ထောင်သည် မိမိ၏ နိုင်ငံရေး ယုံကြည်ချက်ကို စမ်းသပ်ခြင်း၊ လူပုဂိ္ဂုလ်တစ်ဦး၏ ခံနိုင်ရည် အားကို စမ်းသပ်ခြင်း စသည်တို့ကို ဖော်ဆောင်သည့် နေရာဖြစ်သောကြောင့် နိုင်ငံရေး လုပ်မည် ဆိုလျှင် ထောင်ကျဖူး သူသည် ထောင်မကျ ဖူးသူထက် ပို၍ နိုင်ငံရေး အင်အားရှိသည်ဟု ဆိုရပေမည်။ ထောင်ကျဖူး သူများတွင်လည်း ထောင်ထဲတွင် သူတို့၏ နိုင်ငံရေး ရပ်တည်ချက်ကို သိရပြန်ပါသည်။ အချို့က အသနားခံစာ အမြဲတင်သူများ ရှိ၏။ တချို့က ထောက်လှမ်းရေးနှင့် စစ်အစိုးရက ပေးသော ကတိခံဝန်ချက်ကို လက်မှတ် ရေးထိုးကာ မိမိ ယုံကြည်ချက်ကို အရှုံးပေးကာ ထောင်ထဲ ထွက်ခဲ့ကြသည်။ တချို့မှာ အသနား ခံစာတင်ကာ နိုင်ငံရေး လုံးဝ မလုပ်တော့ဘဲ စီးပွားရေး သမားက စီးပွားရေးပဲ လုပ်ပါမည်။ စာရေးသူက စာပဲ ရေးပါတော့မည်ဟု ကတိခံဝန်ပြုကာ ထောင်မှ လွတ်လာခဲ့သည်။ တချို့က ကြွေးကျန် ၄၀၁ ပုဒ်မကို လက် မှတ်ထိုး ကြသည်။ ထိုသို့ လက်မှတ် မရေးထိုးခြင်း၊ ခံဝန် မထိုးခြင်းကို ရှေ့ဆုံးတန်း၌ ရပ်တည်သူများမှာ ၁။လက်ဝဲသမားများ ဖြစ်သည်။ ၂။ ကျောင်းသား ရဲဘော်များဖြစ်၏။ ၃။ ခိုင်မာသော ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွ သူများဖြစ်သည်။

ကျွန်တော်တို့ကို စာမေးပွဲ စစ်ပြီးသည့် နောက်ပုံမှန်အတိုင်းပင် ထားရှိပါသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ထဲသို့ ရောက်လာ၏။ အခြေအနေမှာ တစ်စုံတစ်ရာ အပြောင်းအလဲသို့ ရောက်နေပြီဟု ကျွန်တော်တို့ မှန်းကြည့် ပါသည်။ သူတို့ပြိုလဲအောင် ဗကပနှင့် ကျန်အင်အားစု များက ပြိုလဲအောင် လုပ်နိုင်မည် မဟုတ်။ သူတို့ မျက်လှည့်ပြဖို့ အကွက် တစ်ခုခုတော့ ကြံစည် နေပြီဟု ခန့်မှန်းကြသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲ နေကြောင်း ထောင်ထဲတွင် ဖတ်ရသော လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖတ်ရသည်။ ထိုအခါ ကမ္ဘာ့ အမြင်ကောင်းအောင် နိုင်ငံရေး ဖြေလျှော့မှု တစ်ခု သူတို့ လုပ်ရပေမည်။ နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းပန်း နေသည်ထက် လွှတ်ပေးခြင်းက ပို၍ မျက်နှာပန်း လှပါသည်။ သို့သော် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း လွယ်လွယ် ကူကူ လွှတ်ပေး ဖို့ကား မလွယ်လှပေ။ ယခုလို ထောင်ထဲတွင် စစ်ဆေးနေသည် ကပင် သူတို့ သဘောထား မမှန်ကြောင်း သိနိုင်သည်။ မေးခွန်းများ မေးကာ ထိုလူခေါင်းမာ မမာ၊ လွှတ်ပေးသင့် မပေးသင့် စစ်ဆေးနေခြင်း ဖြစ်၏။ ကျွန်တော်တို့က မဆလကို လုံးဝ မထောက်ခံ။ စစ်အာဏာရှင် တို့ကို ဆန့်ကျင်သည်။ ဗကပ မှာမူ ပြည်သူ၏ ထောက်ခံမှု ရလျှင် ရသလောက် အောင်ပွဲဆင် နိုင်ပြီး ပြည်သူ၏ ထောက်ခံမှု မရလျှင် အောင်ပွဲဆင် နိုင်မည် မဟုတ်ဟု ကျွန်တော်၏ သဘောထားကို ဖြေဆိုခဲ့သည်။ လွှတ်မည် ဆိုလျှင် စစ် ထောက်လှမ်းရေး၏ သံမဏိ စည်းကမ်းအရ ခံဝန်လက်မှတ် မထိုးလျှင် လွှတ်မပေးဟု သတ်မှတ်ချက်ကြောင့် ကျွန်တော် လွတ်မည်ဟု မထင်ခဲ့ပေ။

နေ့လယ် ၂ နာရီခန့်တွင် ကျွန်တော်တို့ တစ်ရေး တမော ခုတင်ပေါ်တွင် အိပ်နေချိန်၌ တံခါးမကြီး ဖွင့်သံကို ကြားရ၏။ နောက်ထောင်မှူး တစ်ယောက်နှင့် ထောင်ကြပ်များ ၀င်လာကာ လူနာမည်နှင့် အဖေ နာမည်တွဲ ခေါ်၏။ နာမည် ခေါ်ခံရသူများအား မိမိတို့ ပစ္စည်းများကို ထုပ်ပိုးခိုင်း၏။ ၂ ယောက်တစ်တွဲ ထွက်ကာ ရှေ့တွင် တန်းစီ ခိုင်းပါသည်။ ကျွန်တော့် နာမည်ကို ခေါ်သည်။ အဖေနာမည် ကိုလည်း ခေါ် သည်။ မှန် မမှန် စစ်ပြီးသည်နှင့် ရှေ့ထွက် ခိုင်းလေသည်။ ထိုအချိန်တွင် ကျွန်တော်နှင့် နာမည်တူ အလံနီပါတီမှ ကျွန်တော်တို့ အခေါ် ကိုအောင်ကြီးကလည်း ကျွန်တော့် နာမည်နှင့် နာမည်အရင်း တူနေသော ကြောင့်ထ၏။ သို့သော် အဖေ နာမည် မတူပေ။ သူ့ကိုခေါ် မထုတ်ပါ။ ကျွန်တော့်ကို ခေါ်ထုတ်သွားသည်။ ကျွန်းတွင် ကျွန်တော်တို့ စောင်များကို ထုတ်သော အနွေးထည် အင်္ကျီများကို ထုပ်ကာ အခန်းအပြင် ထွက်လိုက်သည်။ ကျွန်တော်တို့ အားလုံးကို နောက်မှ လိုက်ခဲ့ရန် ထောင်မှူးက ပြောကာ အရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့ ထောင်တွင် နေရသည့် လေး၊ ငါး၊ ခြောက်နှစ် အတွင်း တစ်နေရာမှ တစ်နေရာ ခေါ်သည့်အခါ ခေါင်းပေါ်စောင် အုပ်လေ့ ရှိသည်။ ခေါင်းမြီး မခြုံရသည်မှာ ယခု တစ်ကြိမ်သာ ရှိသည်ဟု ဆိုရမည်။ ထောင်ဘူးဝသို့ ခေါ်သွား၏။ တစ်ယောက် နှင့် တစ်ယောက် မျက်လုံးချင်း ဆိုင်ကြည့် လိုက်ကာ လွှတ်တာ ဖြစ်မည်ဟု တိုးတိုး ပြောဖြစ်ကြသည်။ လွှတ်ရင် ဘွန်းမထိုးနဲ့ နော်ဟုလည်း အလေးအနက် သတိပေး ပြောလိုက် ကြပါသည်။ ကျွန်တော်တို့ကို ထားသော ၄ ဆောင်မှ လူအတော်များများ ပါလာကြ၏။ ဘူးဝထောင် ၀င်စာဘက် မိန်းမဆောင် ရှေ့ရောက်သည့် အခါတွင် ကျွန်တော်တို့ကို ထိုင်ခိုင်းလေသည်။ ၃ ဆောင်၊ ၅ ဆောင် စသည် တို့မှလည်း လူများ ရောက်လာ ကြသည်။ အားလုံးလိုလိုမှာ ကျွန်းတွင် နေခဲ့ရသူများ ဖြစ်လေသည်။ ဘဖူးညွန့်၊ ချိုကြီး၊ ကိုဇော်လွင်၊ ခင်မောင်ဇော် စသည့် ရဲဘော်များကို မှတ်မိနေ၏။ အခြေအနေ အခင်းအကျင်းမှာ ကျွန်တော်တို့ကို လွှတ်ဖို့ သေချာသလောက် ဖြစ်နေပါတော့သည်။

မြန်မာသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဂ်္ဂိုလ်ရေးအခြေပြု ဆက်ဆံရေးကောင်း တစ်ခုကိုရရှိခဲ့သော်လည်း ဒိုင်ယာလော့၏ အသီး အပွင့်ကိုမူ ပြည့်ဝစွာမခံစားခဲ့ရဟု ဆိုသည် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာခရီးစဉ်များအတွင်းတွင်သာ အတိုက် အခံအသွင်သဏ္ဌာန်ရုပ်လုံးပေါ်ပြီး အုပ်ချုပ်ရေးပိုင်း၊ တပ်မတော်တို့အား ဝေဖန်ထောက်ပြမှုပြုနေခြင်းမှာ အဆိုပါဒိုင်ယာလော့များ၏ အကျိုးဆက် ဟု ယူဆသူများလည်းရှိ . . .
 
Journal of Democracy ၏ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဆောင်းပါးရှင် လာရီဒိုင်း မွန်းက ၂၀၁၂ အောက်တိုဘာ ဂျာနယ်တွင် ရေးသားခဲ့သော Opening in Burma  စာတမ်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သုံးသပ်ချက် တချို့ကို တင်ပြခဲ့သည်။ သုံးသပ်ချက် အများစုမှာ လက်တွေ့ကျပြီး မြန်မာ့နိုင်ငံရေး ရှေ့ခရီးအတွက် အသုံးချ ယူငင်စရာ သဘောထား အမြင်များစွာပါ ရှိ၍ စာတမ်း တစ်ခုလုံး ခြုံငုံကြည့်လျှင် အထူးကောင်းမွန် သည်ဟုပင် ဆိုရမည်။ ဥပမာ အဆိုပါ ဆောင်းပါး၏ အပိုဒ် တစ်ပိုဒ်၌ ““ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမို ကရေစီ အင်အားစု များကို ဦးဆောင်၍ ဆွေးနွေးညှိနှိုင်း မှုများ လုပ်ရမည် ဖြစ်သလို သူမ၏ ပါတီအား အားကောင်းရန် ထူထောင် ရန်လိုပြီး တခြားသော နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ပါတီများ ပါဝင်သည့် ညွန့် ပေါင်းတစ်ခုကို တည်ဆောက် သင့်ပါသည်”” ဟု ဖော်ပြထားရာ လက်တွေ့ကျသော သုံးသပ်ချက် တစ်ခုဖြစ်ကာ NLD ပါတီ အနေဖြင့် အထူးအလေး အနက်ထား စဉ်းစားခဲ့ သင့်သောအမြင် တစ်ခုဟုပင် ဆိုရပါမည်။

လာရီဒိုင်းမွန်းက ဆက်လက် ရေးသားသည်မှာ ““အကဲဆတ်သော ဆွေးနွေးမှုများကို အပေးအယူ သဘော ညှိနှိုင်းမှုများဖြင့် သိမ်မွေ့စွာ ဆောင်ရွက် ရမည်ဖြစ်သလို တချို့သော ကိစ္စရပ်များ၌ ပုဂိ္ဂုလ်ရေး အရ လျှို့ဝှက်စွာ ကျိတ်ဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရ လိမ့်မည်။ ထိုအခါမှသာ ယုံကြည်မှု တည်ဆောက်နိုင်မည်””ဟူ၍ဖြစ်သည်။
လွန်ခဲ့သော ၂၀၁၃ မေလ အတွင်း၌ ပြည်တွင်းမှ အထင်ကရ နိုင်ငံရေး ဆောင်းပါးရှင် တစ်ဦး၏ ဆောင်းပါး တစ်ပုဒ်အား ဖတ်မိခဲ့သည်။ အဆိုပါ ဆောင်းပါး၏ ခေါင်းစဉ်ခွဲ တစ်ခုဖြစ်သည့် “အနည်းဆုံး ညှိလမ်းကြောင်း”ပါ အကြောင်းအရာများမှာ လာရီဒိုင်းမွန်း၏ ယူဆချက်နှင့် အမြင်ချင်း တူနေသည် ဟုပင် ဆိုရမည်။ အချက် အလက်တချို့ကို ဖော်ပြရလျှင်- …

““စာရေးသူ အာရုံညွတ်သော အယူအဆ တစ်ရပ်ရှိသည်။ Minilateralism “အနည်းဆုံး ညှိလမ်းကြောင်း ဆိုပါစို့။ အားလုံး ပါဝင်ညှိနှိုင်း ဆွေးနွေးကြသည့် Minilateralism မှာ သီအိုရီ အရ ကောင်းပါ၏။ လက်တွေ့ အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်မည့် လူပုဂိ္ဂုလ် အနည်းငယ်မျှ ညှိနှိုင်းအဖြေရှာ ကြသည့် Minilateralism ကသာ အလုပ် ဖြစ်လိမ့်မည်ဟု ထင်သည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်း သူတို့ အချင်းချင်း နားလည်မှုဖြင့် အကျပ် အတည်းကို ကျော်နိုင်လျှင် မကောင်းပါ သလော။ ကောင်း သည်ဟု ယုံသည်”” ဟူ၍ စာရေးသူ၏ ယုံကြည်ချက်ကို ဖော်ပြထားသည်။ ပြည်သူလူထု ပါဝင်မှု အခန်း ကဏ္ဍ၊ အားလုံး ပါဝင်ညှိနှိုင်း ဆွေးနွေးခြင်း အခန်းကဏ္ဍ များထက် နိုင်ငံရေး အီလစ် တစ်ခုဖြင့် တိုင်းပြည် ပြောင်းလဲ နိုင်စွမ်းအပေါ် အားပြုပုံ ပေါ်သည့် အဆိုပါ စာရေးသူ၏ အယူအဆအား အကဲခတ်မိရင်း အနည်းဆုံး ညှိလမ်းကြောင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ပေါ်လာပါသည်။

ဤတွင် Dialouge ဆိုသော စကားလုံးက အတွေးထဲဝင်လာသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်း၏ စေ့စပ်ညှိနှိုင်းခြင်း ဖြစ်စဉ်အား တောင်အာဖရိကနှင့် ပုံနှိုင်း တင်ပြကြလေ့ ရှိသည်။ ပြည်တွင်းမှ ဆောင်းပါးရှင် အများစု တင်မက လာရီဒိုင်းမွန်း၏ စာတမ်းတွင်ပင် ဒီကလပ် နှင့် မင်ဒဲလားတို့၏ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ရပ်များအား ကိုးကား တင်ပြထားသည်။ တောင်အာဖရိက၏ အသွင် ကူးပြောင်းမှုတွင် မြန်မာနိုင်ငံနှင့် တူညီသော အချက်များ ပါဝင်ပြီး စေ့စပ်ညှိနှိုင်း သဘောတူညီမှု ယူပုံများ၊ နိုင်ငံတကာ၏ ဖိအားများ၊ ဒီ ကလပ်နှင့် မင်ဒဲလားအား ပူးတွဲ နိုဘယ်ဆု ချီးမြှင့်၍ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ် ရောက်အောင် နိုင်ငံတကာ၏ အမြော်အမြင် ရှိသော တွန်းအားများ၊ စေ့စပ်ညှိနှိုင်းမှု အထမြောက်ပြီး ရွေးကောက်ပွဲ စနစ်ဖြင့် အာ ဏာခွဲဝေမှုအား စီမံနိုင်ခဲ့ ပုံများမှာ အထူး မှတ်သားစရာများ ဖြစ်ပြီး သင်ခန်းစာ ယူစရာ အချက်အလက် များလည်း ပါဝင် နေပါသည်။ ဤတွင် အထူးတင်ပြ လိုသည့် အချက်မှာ တောင်အာဖရိက စေ့စပ်ညှိနှိုင်း သူများနှင့် မြန်မာ စေ့စပ် ညှိနှိုင်း သူများ၏ နောက်ခံ အခင်းအကျင်း မတူညီခြင်းပင် ဖြစ်သည်။ တောင်အာဖရိက စေ့စပ်ညှိနှိုင်းမှုအား မြန်မာ့နိုင်ငံရေး အခင်းအကျင်းပေါ် ထပ်တူကျ မတင်မိစေရန် ရည်ညွှန်း လိုရင်း ဖြစ်ပါ သည်။ ဤသို့ နောက်ခံ အခင်းအကျင်းချင်း မတူညီသည့် အချက်များအား တစ်ချက်ချင်း တင်ပြသွားပါသည်။

၁။ မင်ဒဲလား ထောင်သွင်း အကျဉ်းချ ခံနေရချိန်တွင် လွတ်မြောက်နေသော ခေါင်းဆောင်များ၏ လှုပ်ရှားမှု လုပ်ငန်း ဆောင်တာများမှာ အတော်ပင်တာ သွားခဲ့သည်။ မင်ဒဲလား လွတ်မြောက် လာချိန်တွင် လွတ် မြောက်နေသောခေါင်းဆောင်များ၏ အမြော်အမြင်ရှိရှိ လက်တွေ့ကျသော စီမံ ဆောင်ရွက်မှုများဖြင့် လူဦးရေ နှစ်သန်းကျော်အား ကိုယ်စားပြုသော အဖွဲ့အစည်းပေါင်း ခုနစ်ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။ စနစ် တကျ ဖွဲ့စည်းထားသော လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ရှိနေသလို ပြည်ပတွင်လည်း ထောင်နှင့် ချီသော နိုင်ငံရေး၊ ပညာရေး၊ ဥပဒေရေး စသည့် ကဏ္ဍစုံ၌ ဆိုင်ရာ ဆိုင်ရာ ပညာရှင်များ ရှိနေခဲ့သည်။ မင်ဒဲလား လွတ်မြောက် ချိန်တွင် အဆင်သင့် ဖြစ်နေခဲ့သော ဤအင်အားစု များက မင်ဒဲလား နောက်မှ Institution Background အဖြစ် အခိုင်အမာ ရှိနေခဲ့သည်။ ဒီကလပ်အား စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းပေါ် ရောက်အောင် မင်ဒဲလား၏ အဖွဲ့အစည်း နောက်ခံ အင်အားစုကြီးက တွန်းအား တစ်ရပ်ဖြစ်စေခဲ့သည်။

၂။ စေ့စပ် ဆွေးနွေးရေး ကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း တစ်ခု ဒီကလပ်နှင့် မင်ဒဲလားတို့ကြား ပေါ်ပေါက်ခဲ့သည်။ ဤတွင် မင်ဒဲလား၏ ANC ပါတီမှ လူထုလှုပ်ရှားမှု တစ်ခုဖြင့် ဒီကလပ် လူဖြူအစိုးရ၏ ဒီမိုကရေစီပန်းတိုင် တကယ်ရှိ၊ မရှိစမ်းသပ် ခဲ့သည်။ လူဖြူ အစိုးရ အနေဖြင့် အကြမ်းဖက် နှိမ်နင်းလျှင် ပြည်သူနှင့် နိုင်ငံတကာအား စစ်မှန်သော ဒီမိုကရေစီ ပန်းတိုင် မရှိကြောင်း သက်သေ ပြရာ ရောက်မည် ဖြစ်သည့်အတွက် အကြမ်းဖက်ခြင်း နည်းလမ်းအား အသုံးမပြုခဲ့ပါ။ ဤသို့ နိုင်ငံရေးအရ မတိုးသာ၊ မဆုတ်သာ အကျပ်အတည်း အခြေအနေ (political deadlock) ကပင် ဖိအားအဖြစ် စေ့စပ်ညှိနှိုင်းခြင်း လမ်းကြောင်းသည် ပိုမို အသက်ဝင် လာပါသည်။ စစ်မှန်သော ဒိုင်ယာလော့ တစ်ခု အသက်ဝင်ရန် နှစ်ဦး နှစ်ဖက်စလုံးမှ မတိုးသာ၊ မဆုတ်သာ အကျပ်အတည်း အခြေအနေ (political deadlock) တစ်ခု လိုအပ်ကြောင်း ပဋိပက္ခ ဖြေရှင်းရေး ပညာရပ်တွင် အခိုင်အမာ ဆိုထားသည်။ ဒိုင်ယာလော့ ဆိုသည်မှာ ကိုယ့်ဘက်မှ သာမှ လုပ်သည်ဟူသော အယူအဆ တစ်ရပ်လည်း ရှိသည်။ အခြေအနေ အရပ်ရပ်တွင် အသက် ရှူချောင်ကာ တစ်ပန်း သာနေသည့် အင်အား စုဘက်မှ ဒိုင်ယာလော့အား စတင် ကမ်းလှမ်းခြင်းမျိုး ဖြစ်သည်။ ဤသို့သော ဒိုင်ယာလော့များ၏ အပေးအယူတွင် မမျှတမှုများ ပေါ်ပေါက် တတ်သည်။ အသာစီးရ ယူပြီးမှ ဒိုင်ယာလော့ စတင်သည့် အတွက် နည်းနည်း ပေးပြီး များများ ယူသော ဒိုင်ယာလော့ဟု ပညာရှင်များက ဆိုသည်။
၉၀နှင့် ၉၂ခုနှစ် စေ့စပ် ညှိနှိုင်းခြင်း ကာလအတွင်း နိုင်ငံရေး အစွန်းရောက် များသည် တတိယ အင်အားစု အဖြစ်ပေါ် ပေါက်လာပြီး အကြမ်းဖက်မှု များဖြင့် တိုင်းပြည် မတည်မငြိမ် ဖြစ်ကာ လူအများအပြား သေဆုံး ခဲ့သည်။ ဤတွင် နိုင်ငံတကာမှ ၁၉၉၂တွင် ဒီကလပ်နှင့် မင်ဒဲလားအား ပူးတွဲနိုဘယ်ဆု ချီးမြှင့်လိုက်ခြင်းဖြင့် စေ့စပ် ဆွေးနွေးရေး စကားဝိုင်း မဖြစ်မနေ လုပ်ဆောင်ရန် တွန်းအားတစ်ရပ် ပေးခဲ့သည်။

မင်ဒဲလား ထောင်ကျနေစဉ် ၁၉၈၃ တွင် လူထု လှုပ်ရှားမှုများကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အခြေခံ ဥပဒေအသစ် တစ်ခုကို လူဖြူ အစိုးရက ရေးဆွဲပြီး ဆန္ဒခံ ယူပွဲကျင်းပရာ ၈၀ရာခိုင်နှုန်းက မဲမထည့် ဘဲ ဆန္ဒခံယူပွဲအား ညီညီညွတ်ညွတ် သပိတ်မှောက်ခဲ့၍ အစိုးရ၏ လှည့်ကွက်မှာ အလုပ် မဖြစ်ခဲ့ချေ။

ANC  ပါတီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သော လူသူလီသည် ၁၉၆၁ခုနှစ်တွင် အော်စလို ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီး ဆုသွား ရောက်ယူခွင့် ရခဲ့သည်။ မင်ဒဲလား ထောင်ကျနေချိန် ၁၉၈၄ခုနှစ်တွင်လည်း ဘုန်း တော်ကြီ ဒက်စ်မွန် တူးတူးသည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီးနောက် လူဖြူအစိုးရ အပေါ် နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ မှုများ စတင်လာသည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် မတူသည်မှာ တောင် အာဖရိက လွတ်မြောက်ရေး တိုက်ပွဲ အတွင်း မင်ဒဲလားအပြင် ခေါင်းဆောင်ကောင်းများ ရှိနေခဲ့ပြီး အဖွဲ့အစည်း နောက်ခံ Institution background လွန်စွာအား ကောင်းခြင်းဖြစ်သည်။ ထို့ပြင် မင်ဒဲလား ထောင်ကျ နေသော်လည်း ခေါင်းဆောင် မျိုးဆက် ပြတ်သွား ခြင်းမရှိဘဲ ANC ပါတီသည် မယိုင်မလဲ ကြံ့ကြံ့ခိုင် ရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ သြဂုတ်လတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ သမိုင်းဝင် တွေ့ဆုံမှုသည် မြန်မာ့ နိုင်ငံရေး၏ ကြီးမားသော အချိုးအကွေ့ တစ်ခုဟု နိုင်ငံရေး ပညာရှင်များက သုံးသပ်ခဲ့သည်။ သို့သော် တွေ့ဆုံမှု၏ အသေးစိတ် အချက်အလက် များကို ယနေ့အထိ ထုတ်ပြန်ကြေညာခြင်း မရှိဘဲ NLD ပါတီ ခေါင်းဆောင်များပင် ဂဃဏနမသိဟု နိုင်ငံရေး အသိုင်းအ၀ိုင်းက ဆိုသည်။ ထိုတွေ့ဆုံမှုတွင် မည်သို့ စေ့စပ် သည်၊ မည်သို့ ညှိနှိုင်းသည်၊ မည်သို့ အပေးအယူ လုပ်သည်ကိုလည်း ခန့်မှန်းရ ခက်ခဲ နေပြီး စစ်မှန်သော ဒိုင်ယာလော့ တစ်ခု ဟုတ်မဟုတ် ကိုလည်း မည်သူမျှ အကဲမဖြတ် နိုင်ခဲ့ချေ။

လက်ရှိအချိန် အထိ သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ၆ ကြိမ်တိုင် တွေ့ဆုံပြီး ဖြစ်သော်လည်း ဆွေးနွေးမှု အကြောင်းအရာ များအား တစ်ကြိမ်မျှ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိချေ။ နိုင်ငံရေး လေ့လာသူတို့ သုံးသပ်သည် မှာတော့ ထိုတွေ့ဆုံမှု များတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပုဂ်္ဂိုလ်ရေး အခြေပြု ဆက်ဆံရေး ကောင်းတစ်ခုကို ရရှိခဲ့သော်လည်း ဒိုင်ယာလော့၏ အသီးအပွင့်ကိုမူ ပြည့်ဝစွာ မခံစားခဲ့ရဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ခရီးစဉ်များ အတွင်းတွင်သာ အတိုက်အခံအသွင် သဏ္ဌာန်ရုပ်လုံး ပေါ်ပြီး အုပ်ချုပ်ရေးပိုင်း၊ တပ်မတော်တို့အား ဝေဖန်ထောက်ပြမှုပြု နေခြင်းမှာ အဆိုပါ ဒိုင်ယာလော့များ၏ အကျိုးဆက်ဟု ယူဆသူများလည်း ရှိသည်။ အဘယ်အတွက်ကြောင့် ပြည်တွင်းတွင် အတိုက်အခံ သရုပ်သကန် အဖြစ် ပြတ်သားစွာ ရုပ်လုံး မပေါ်ခြင်းကိုလည်း နိုင်ငံရေး လေ့လာသူ တချို့က အားမလို အားမရ ဖြစ်ခဲ့ကြသည်။

ဒိုင်ယာလော့ ဆိုသည်မှာ ကိုယ့်ဘက်မှ သာမှ လုပ်သင့်သည် ဟူသော ရှုထောင့်မှ ကြည့်လျှင် အာဏာပိုကြီးသူ (အဘက်ဘက်မှ တစ်ပန်းသာ နေသူ) ဘက်မှ မည်သည့်အချက် အလက်များအား သဘောတူသင့် သည်ကို တင်ပြခြင်း သက်သက်သာ ဖြစ်သည်။ စေ့စပ်ဆွေးနွေးမှု တိုင်းတွင် အပေးအယူလုပ် ညှိနှိုင်းခြင်း သဘောသည် မဖြစ်မနေ ပါရှိရပါသည်။ ဤတွင် ကိုယ့်ဘက်က ရလိုက်သည့် ရာခိုင်နှုန်း ကိုယ့်ဘက်က ပေးဆပ်လိုက်ရ မည့်ရာ ခိုင်နှုန်း အချိုးအစားကို ကြိုတင် တွက်ဆ နိုင်ခြင်းကိုပင် နိုင်ငံရေး အမြော် အမြင်ရှိခြင်းဟု ဆိုရ ပါလိမ့်မည်။

မြန်မာသံတော်ဆင့်

မြန်မာနိုင်ငံမှာ ပြည်သူလူထုက ချစ်ခင်မြတ်နိုးပြီးတော့ ဂုဏ်ယူတဲ့စစ်တပ်မျိုး ရှိစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာဆိုရင် ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မှာ မဟုတ်တော့ဘူးလို့လည်း ဗြိတိန်နိုင်ငံ၊ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတာပါ။ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“တိုင်းပြည်ဟာ စစ်တပ်ရဲ့အခိုင်းအစေ မဖြစ်သင့်ပါဘူး၊ စစ်တပ်ဟာ တိုင်းပြည်ရဲ့အောက်ခြေ ဖြစ်ရပါလိမ့်မယ်။ ဒါဟာ Sandhurst တက္ကသိုလ်က သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။”

ဒီတစ်ခေါက် ဗြိတိန်နိုင်ငံ ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို သောကြာနေ့က ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက လေးစားချစ်ခင်ပြီး ဂုဏ်ယူတဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်စစ်စစ် ရှိစေချင်လို့ တကယ်ကောင်းမွန်တဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာရအောင် လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်လောင်းတွေနဲ့ လက်ဖက်ရည်သောက်ရင်း Sandhurst တက္ကသိုလ်ဟာ ဖျက်ဆီးဖို့မဟုတ်ဘဲ ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်တပ်ကောင်းတစ်ခုဖြစ်အောင် မှန်ကန်တဲ့ ခေါင်းဆောင်မှုတွေကို ပို့ချပေးနေတဲ့နေရာလို့လည်း သူမက ချီးကျူးပြောခဲ့ပါတယ်။

ဗြိတိသျှလက်အောက်ကလွတ်မြောက်အောင် တိုက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဘဝကနေပြီးတော့ အခုအခါမှာ ပါလီမန်မှာ အတိုက်အခံခေင်းဆောင် နိုင်ငံရေးသမားအဖြစ် ပြောင်းလဲခဲ့ပါပြီ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် ရလဒ်ကို အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်က ကြားဖြတ်ရွေးကောက်ပွဲမှာ သူမရဲ့ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ တခါ ၂၀၁၅ ရွေးကောက်ပွဲမှာ သူမကိုယ်တိုင် သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ ရည်ရွယ်ထားပြီး ဖွဲ့စည်းပုံဥပဒေကို ပြုပြင်နိုင်မှသာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မယ်ဆိုတာ ကမ္ဘာက သိစေချင်တယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Sandhurst တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားတဲ့အခါ အခုလို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

“ဒါဟာ ကျမ သမ္မတဖြစ်လာနိုင်မယ့် အရေးလောက်နဲ့သာ ပတ်သက်နေတာ မဟုတ်ပါဘူး။ အခုလက်ရှိ အခြေအနေမှာကို ဖွဲ့စည်းပုံက ဒီမိုကရေစီကို အလွန့်အလွန် ကန့်သတ်ထားတဲ့သဘော ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံးဟာ ဒီမိုကရေစီလမ်းပေါ်ကို တက်လှမ်းနေပြီလို့ ကမ္ဘာက ထင်နေပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံနဲ့သာဆိုရင်တော့ လက်ရှိအခြေအနေထက် ရှေ့တိုးနိုင်စရာကို မရှိတော့ပါဘူး။”

မကြာသေးမီရက်များအတွင်းက မြန်မာနိုင်ငံမှာ မူဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထိထိရောက်ရောက် ရှုတ်ချတာမျိုးမရှိဘူးလို့ ဗြိတိန်နိုင်ငံ မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။

ကျယ်ပြန့်လာတဲ့ မူဆလင်ဆန့်ကျင်ရေး ခံစားမှုတွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အန္တရာယ်ဖြစ်နေပြီး ဒီမုန်းတီးမှုတွေဟာ ရာစုနှစ်ဝက်ကျော်ကျော် စစ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနားက ဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှု၊ မုန်းတီးမှုမှန်သမျှကို ကျမ ရှုတ်ချပါတယ်။ ဒါပေမဲ့ လူတွေကို ရှုတ်ချနေလို့တော့ အကျိုးရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ လူတွေကို ကျမတို့ ပြုပြင်နိုင်ပါတယ်။ လူတွေရဲ့ အတွေးအမြင်တွေကိုလည်း ပြောင်းလဲပေးအောင် လုပ်နိုင်ပါတယ်။ ရှုတ်ချနေရုံနဲ့ ဒါတွေ ဖြစ်မလာနိုင်ပါဘူး။ ဒီနေရာမှာ သတင်းထောက်တွေက ဘယ်လိုလုပ်မလဲလို့ မေးတော့ နည်းလမ်းကတော့ လူတွေဟာ တဖက်သားရဲ့ ပြဿနာတွေကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်အောင် သူတပါးရဲ့ စိုးရိမ်စိတ်၊ မုန်းတီးစိတ်တွေကို သိရှိနားလည်နိုင်အောင်၊ စိတ်ဓာတ်လုံခြုံမှု အာမခံချက် ပေးရပါလိမ့်မယ်။ အဲဒီနောက် ဒီမုန်းတီးစိတ်၊ စိုးရိမ်စိတ်တွေ ပပျောက်အောင်လို့ ကြိုးပမ်းကြရမှာပါ။”

မြန်မာအစိုးရကတော့ ၂၀၁၂ ဇွန်နဲ့အောက်တိုဘာတုန်းက ရခိုင်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မူဆလင်တွေဟာ မျိုးဆက်အလိုက် နေထိုင်ခဲ့ကြသူတွေဖြစ်ပေမဲ့ မြန်မာဘက်ကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် ဘက်က တရားမဝင် ခိုးဝင်လာသူတွေလို့ ယူဆထားပါတယ်။ ဒီပဋိပက္ခတွေဟာ ကျန်တဲ့နေရာတွေကိုပါ ပျံ့နှံ့လာပြီး ရိုဟင်ဂျာတွေနဲ့ကွဲလွဲတဲ့ ကမန်အပါအဝင် တခြားသော မူဆလင်တွေကိုပါ ပစ်မှတ်ထားလာကြပါတယ်။

သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံရဲ့လူဦးရေထဲမှာ ၅ % ဟာ မူဆလင်တွေဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Voa burmese

ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း
    ၂၅.၁ဝ.၂ဝ၁၃ ရက်နေ့ သောကြာနေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် အလုပ်အမှုဆောင်အစည်းအဝေး လုပ်နေစဉ်အတွင်း ဦးကျော်သူထံသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အမည်မှာ မဇာလီဝင်းနှင့် မသန္တာဟု သိရှိရပြီး အလုံ သစ်တောဝင်းရှိ မီးကင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး သတိလစ် လဲကျနေသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ခြင်းဖြစ်သည်။ ထိုအခါ ဦးကျော်သူမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဦးစွာအကြောင်းကြားထားပေးရန် ပြန်လည်ဖြေကြားသောအခါ ၄င်းတို့မှ ရပ်ကွက်ရုံးကိုလည်း သွားပြီးပါပြီ ရပ်ကွက်ရုံးမှလည်း ဘယ်သူမှ လိုက်မလာဘူး မိုးတွေကလည်း အရမ်းရွာနေတယ်၊  လူနာကလည်း အညစ်အကြေးတွေ၊ ဆီး၊ ဝမ်းများ မနိုင်၍ ပေကျံနေတယ်၊ လူတွေကလည်း ဝိုင်းအုံနေတယ်။ ဒါ့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်ပါကြောင်း အကူအညီတောင်းခံခဲ့သည်။ ထိုအခါ ဦးကျော်သူမှ လူနာကိုဆေးရုံသို့လိုက်ပါ ပို့ဆောင် ကူညီနိုင်ရန်အတွက် လူတစ်ဦးနှင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦး လိုက်ပါရန် လိုအပ်သဖြင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦးလိုက်မလာပါက ထိုကိစ္စအား နေပြည်တော်ထိ စာတင်မည်ဟု ပြန်ပြောခိုင်း လိုက်သည်။ ထို့နောက် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများမှ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးကျော်သူအား ပြန်လည်၍ တယ်လီဖုန်းဖြင့် မဇာလီဝင်းနှင့် မသန္တာတို့မှ ထပ်မံအကြောင်းကြားလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ကျ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ဇော်၊ ဦးရဲလင်းမြင့်၊ ဦးမိုးယံကိုနှင့် မလင်းလင်းခိုင်တို့သည် လူနာတင်ယာဉ်ဖြင့် အဆိုပါနေရာသို့ အမြန်ဆုံးထွက်ခွာခဲ့ကြကာ မေ့မျောနေသော လူနာအားဖေးမကူညီ၍  ရန်ကုန်မြို့ရှိ အနောက်ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ ကြပါသည်။ ထိုနေရာမှ မထွက်ခွာမှီ ၄င်းရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးမှ လူနာသယ်ဆောင်ပေးခအတွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များလက်ထဲသို့ ပိုက်ဆံများပေးခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးမှ “ကျွန်တော်တို့အသင်းက အားလုံး အခမဲ့ ကူညီတာပါခင်ဗျာ ငွေကြေးတစ်စုံတစ်ရာ ပေးရန်လုံးဝမလိုပါဘူးခင်ဗျာ” ဟု ပြန်ပြောလိုက်သည့်အခါ အနီးဝန်းကျင်ရှိ လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားနှင့် လူနာတင်ယာဉ်အား ငေးကြည့်ရင်းကျန်ခဲ့ပါတော့သည်။

 အနောက်ပိုင်းဆေးရုံကြီးသို့ လူနာတင်ယာဉ်ဝင်ရောက်သွားသည့်အချိန်တွင်လည်း ဆေးရုံမှ ဆရာဝန်/ ဆရာဝန်မကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဝန်ထမ်းအားလုံးတို့မှာ ပြာပြာသလဲဖြင့် လူနာအား ဝိုင်းဝန်းဂရုစိုက် စမ်းသပ်ကာ လိုအပ်သည့် ကုသမှုများကို အချိန်မဆိုင်းဘဲ ဝိုင်းဝန်းကုသပေးကြပါတော့သည်။ လူနာအား စမ်းသပ်ရာတွင် သွေးပေါင်ချိန်သည်အလွန်နည်းကာ အခြေအနေမှာ လုံးဝဆိုးရွားနေပြီး ဆရာဝန်မလေးများ၏ ဆေးသွင်းခြင်းနှင့် လိုအပ်သောကုသမှုများကို စေတနာဖြင့် ဝိုင်းဝန်းကုသပေးမှုကြောင့်လူနာမှာ ချက်ခြင်းပင် မျက်လုံးဖွင့်ကာ စကားပြောနိုင်လာခဲ့သည်။ ထို့နောက် သူနာပြုဆရာမတစ်ဦးမှ လူနာအား နာမည်မေးရာ ၄င်း၏ အမည်မှာ ???? ။ အသက်ဘယ်လောက်ရှိပြီလဲဟုမေးရာတွင် “ကျွန်တော့်ရဲ့အသက်က ….. ဘုရားအသက်” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ နောင်မှသိရသည်မှာ ထိုသူမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ၏ စေတနာနှင့် အနစ်နာခံပေးဆပ်မှု၊ ရန်ကုန် အနောက်ပိုင်း ဆေးရုံမှ Dr.မေလင်းထွန်းနှင့် ဆရာဝန်/ဆရာဝန်မများ သူနာပြုဆရာမများ၏ လူသားချင်းစာနာမှု၊ ကရုဏာထားမှု၊ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား ပေးခဲ့သောတာဝန်သိပြည်သူနှစ်ဦးဖြစ်သော မဇာလီဝင်းနှင့် မသန္တာ တို့၏ မေတ္တာတရား တို့ကြောင့် အတိတ်မေ့နေသူတစ်ဦး၊ ရာဇဝင်မဲ့နေသော လူနာတစ်ဦး၊ စိတ်ဝေဒနာရှင်တစ်ဦး၊ ဘုရားအသက်နှင့်ဆိုသောသူတစ်ဦးအား သေခြင်းတရားထံမှ မိနစ်ပိုင်းအတွင်းတွင် ကယ်တင်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် ဘုရားအသက်နှင့်လူကိုယ်စား သက်ဆိုင်သူများအားလုံး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု … သာဓု … သာဓု ဟု ခေါ်ဆိုလိုက်ရပါတော့သည်။

  ထို့နောက် အနောက်ပိုင်းဆေးရုံမှ လူနာအားကယ်တင်အပြီးတွင် နောက်ထပ် တယ်လီဖုန်းတစ်ခုထပ်ဝင် လာခဲ့တော့သည်။ လူနာအမည်မှာ ဒေါ်သန်းကြည်ဖြစ်ပြီး ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးမှ လှိုင်သာယာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဖြစ်သဖြင့် တစ်ဆက်တည်းမှာပင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ သည် အနောက်ပိုင်းဆေးရုံမှ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးရှိရာသို့ ချီတက်ခဲ့ကြ ပါတော့သည်။ လူနာကို တွေ့လျှင်တွေ့ခြင်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတော့သည်။ လူနာမှာ လှိုင်သာယာမြို့ရှိ အခြေခံလူတန်းစား များသာ နေထိုင်သော ရပ်ကွက်တစ်ခုတွင် တဲအိမ်ကလေးဖြင့် နေထိုင်ရပြီး အိမ်သာမရှိသဖြင့် အပေါ့အလေး သွားရန်အတွက် ဝါးကြမ်းခင်းအား အပေါက်ဖောက်ကာ အပေါ့အလေးသွားနေရသည်။ လွန်ခဲ့သော တစ်ပါတ်ခန့်က ညအချိန်မတော် အပေါ့အလေးသွားနေစဉ် ကြမ်းပေါက်မှ ကျွံကျကာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရောဂါအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အပြင် ဝမ်းဗိုက်မှာ ဖောင်းလာသည့်အတွက် ဆရာဝန်မှ ဓါတ်မှန်ရိုက်ရန် ညွှန်ကြားခဲ့သည်။ ဓါတ်မှန်ရိုက်ရန်အတွက် ကုန်ကျငွေကျပ် (လေးသောင်း)အား မတတ်နိုင်သည်ကတစ်ကြောင်း၊ ဆရာဝန်မှလည်း လက်ရှိ ဝယ်ယူထားသော ဆေးများအားဆက်လက် တိုက်ကျွေးရန် ညွှန်ကြားသဖြင့် ဆရာဝန်ကြီးအား ခွင့်တောင်းကာ ဆေးရုံမှ ဆင်းလာခဲ့ခြင်းဖြစ်သည်။ လူနာ၏ အိမ်သို့ရောက်သည့်အချိန်တွင် လူနာအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ခက်ခဲစွာသယ်မ၍ နေအိမ်ပေါ်သို့ တင်ပေးခဲ့ရသည်။ ထို့အပြင် လူနာမှာ အောက်ဆီဂျင် ရှုရန်လိုအပ်သဖြင့် အရေးပေါ် လူနာတင်ယာဉ်ပေါ်မှ အောက်ဆီဂျင်အိုးအား ဖြုတ်ယူကာ လူနာအား ငှားရမ်းပေးခဲ့သည်။ ထို့နောက် လူနာ၏ မိသားစုဝင်များအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ အားပေးစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများအား ထောက်ပံ့ပေးခဲ့သလို ထပ်မံ၍ အကူအညီလိုအပ်ပါကလည်း တောင်းခံနိုင်ရန် ကူညီပေးခဲ့သည်။
 
ထို့ကြောင့် တစ်နေ့တည်းတွင် အထက်ပါလူနာနှစ်ဦးအား အသက်ကယ်တင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ကူညီနိုင်ခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စဉ်ဆက်မပြတ်လှူဒါန်းကြသော အလှူရှင်များ၏ သဒ္ဒါတရား၊ လူနာတင်ယာဉ်များ လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်တရား၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ စေတနာ၊ အကြင်နာ၊ ကရုဏာများ အပြင် သက်ဆိုင်ရာဆေးရုံများမှ ပြည်သူ့ဝန်ကိုထမ်းခဲ့ကြသော ဆရာဝန်/ဆရာဝန်မကြီးများ သူနာပြု ဆရာမကြီးများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးသမားများ၏ စစ်မှန်သော လူမှုရေးစိတ်ဓါတ်များ ကြောင့်သာဖြစ်ပါကြောင်း။
နာရေးကူညီမှုအသင်း(ရန်ကုန်)

မစိုးရိမ်ပါနဲ့...။ ခင်ဗျားစိုးရိမ်မှာ ကြောက်လို့ပါဗျာ....။

ဒီနိုင်ငံဟာ အရှေ့တောင်အာရှမှာ တစ်ခုတည်းသော ကျန်နေတဲ့ နိုင်ငံလို့ တလောလေးက ဆွေးနွေးပွဲတစ်ခုမှာ နားထောင်လိုက်ရတယ်ဗျ...။ ဘာကျန်နေလဲ ဆိုတော့ နိုင်ငံတစ်နိုင်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အခြေခံ လိုအပ်ချက်တွေတောင် မရှိတဲ့...၊ မပြည့်စုံတဲ့... တစ်ခုတည်းကျန်နေတဲ့ နိုင်ငံဟာ ခင်ဗျားကြီး စိုးရိမ်နေတဲ့ ဟောဒီ မြန်မာနိုင်ငံပါပဲ....။ ချောက်ထဲကျ ဖို့ လက်နှစ်လုံးအလိုမှာ ခင်ဗျားတို့ ကယ်တင်ရှင်ကြီး လုပ်ခဲ့ရတယ် ဆိုပြီး ဒီနိုင်ငံ အခုတော့ ဒီလို ဖွာလန်ကြဲစုတ်ပြတ်သတ် ခဲ့ရတာပါပဲဗျာ....။

တော်ပါ...တော်ပါ....။

နောက်တစ်ကြိမ် ခင်ဗျား အစိုးရိမ်လွန်ခဲ့ရင်တော့ ဒီနိုင်ငံ အီသီယိုးပီးယား ကို အဘ ခေါ်ရမယ့် နိုင်ငံဖြစ်လာနိုင်ပါတယ်...။ ကျုပ်တို့ပြည်သူတွေ ချောက်ထဲမကလို့ ဟိုး... အ၀ီစိ ထဲ ကျွမ်းထိုးပြီးပဲကျကျ...၊ ပက်လက်လှန်ပြီးပဲကျကျ... ခင်ဗျားကြီး မစိုးရိမ်ပါနဲ့..။ ခင်ဗျားကြီး စိုးရိမ်လို့ ဖြစ်လာနိုင်မယ့် နိုင်ငံရဲ့ ကံဇာတာ ထက်ဆိုးရွားနိုင်တာ မရှိတော့လို့ပါ....။
ဘ၀ကူးကောင်းနိုင်ဖို့ တရုတ်အားထား... တရားအားထုတ်နေပါ....။ အေးဆေးနေပါ.... မစိုးရိမ်ပါနဲ့နော်....

Ko Nay Myo





  • Suu  ။        ။    ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျမတို့ ရောက်နေပြီဆိုပြီး လူတွေက အလွယ်တကူ လက်ခံထင်မှတ်နေတယ်လို့ ကျမ ထင်ပါတယ် ။ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းဟာ အရှိန်အဟုန်နဲ့ ဖြစ်နေပြီဆိုပြီးတော့ပေါ့လေ.....။  တကယ်တော့ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး ။ အခြေခံဥပဒေကို ဖတ်ကြည့်သူတိုင်း  ကျမတို့ဘာကြောင့် ဒီလို အခြေခံဥပဒေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မလာနိုင်သလဲ ဆိုတာ နားလည်နိုင်ပါလိမ့်မယ် ။
 
  • Mishal Husain  ။        ။ လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှုတွေကြားထဲမှာ သိပ်ပြီး စိတ်မချမ်းသာစရာကောင်းလှ ၊ မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။ အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့ အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။ အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။ တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု ( ethnic cleansing ) လို့ ပြောနေကြတယ် ။
  • Suu  ။         ။ မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။ ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊ ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့ မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။ ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။  ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး .......... မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို အားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် ။


  • Mishal Husain   ။          ။   ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။ မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတာ အထောက်အထားလည်း ရှိနေပါတယ် ။

  • Suu  ။           ။ ဟုတ်ပါတယ် ။  မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြမ်းဖက်မှုကို  ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။ နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။ ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။ အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့ တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power ) သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။ ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။


  • Mishal Husain  ။         ။ နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ ခံစားရတဲ့အတိုင်းအတာ ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။ မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။ သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့ အဆိုးဆုံးဒုက္ခတွေကို ခါးစည်းခံရသူတွေပါ ။

  • Suu  ။       ။ ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ကြရတာပါဘဲ  ။ ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့  ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။ အများစုဟာ ထိုင်းမှာပါ ။ ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။ ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလာဘ်ပါ ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့ပါဘူး ။ အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုကို မွေးဖွားစေပါတယ် ။

  • Mishal Husain  ။        ။ ဒါပေမယ့် လူတိုင်း သူတို့ လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ် မဟုတ်လား ။

  • Suu  ။       ။ ဒါပေါ့ ။  တရားမျှတအောင် တာဝန်ယူဖြေရှင်းပေးမှုတွေ ရှိအောင် အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးရပါမယ် ။


  • Mishal Husain   ။        ။ ဒါပေမယ့် လူတွေ ကိုယ့်လုပ်ရပ် အပေါ်တာဝန်ယူမှု ရှိအောင်တော့ အစိုးရက မဆောင်ရွက်ပေးဘူးနော် ။ အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူလေ ။ အရင် သူက ထောင်ကျနေခဲ့တာ..... ၊ နောက်တော့ သူ့ကို လွှတ်ပေးလိုက်ကြတယ် ။ အခုကျတော့ သူက ပြည်သူတွေထဲမှာ သိပ်ကို လွှမ်းမိုးပြီး ပေါ်ပြူလာ ဖြစ်နေတယ်  ။ ပြီးတော့ လူမျိုး ၊ ဘာသာနဲ့ ယုံကြည်မှု မတူသူတွေကို ခွဲခြားခြိမ်းခြောက်တဲ့ hate speech တွေ ဟောနေတယ်.....မွတ်ဆလင်တွေကို ခွေးတွေလို့ ပြောတာမျိုး ၊ မြန်မာအမျိုးသမီးတွေကို မွတ်ဆလင်တွေက ခိုးနေပါတယ်ဆိုပြီး အပြစ်တင်နေတာမျိုးတွေပေါ့ ။ အဲဒီလို  hate speech  မျိုးကို ဒေါ်စုအနေနဲ့ ရှုတ်ချသလား ။
 

  • Suu   ။         ။ ကျမက အမုန်းနဲ့ပတ်သက်ရင် ဘယ်လို အမုန်းမျိုးကို မဆို ရှုတ်ချပါတယ် ။ ရှင်ပြောသလို အစိုးရက ဒီကိစ္စမှာ တာဝန်ယူဖြေရှင်းပေးတာမျိုး  မရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ။ ကျမအနေနဲ့ ရှင်တို့ကို တိုက်တွန်းချင်တာက အစိုးရကို မေးခွန်းထုတ်ကြဖို့ပါဘဲ.....သူတို့ရဲ့ ပေါ်လစီတွေဟာ ဘာလဲ ၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်စေဖို့ ဘာတွေလုပ်ဖို့ ကြိုးစားနေသလဲ ၊  ဘာတွေရော လုပ်နေသလဲ ၊ မလုပ်ဘူးလဲ စသည်ဖြင့်ပါ ။
                     ကျမတို့အစကတည်း ပြောခဲ့ပါတယ် ။ တရားဥပဒေစိုးမိုးမှုဟာ မရှိမဖြစ်ပါဘဲ ။ ဘာလို့လည်းဆိုတော့ မတူညီမှုတွေကို အတူတကွ အဖြေရှာဖို့ မလုပ်နိုင်ခင် အားလုံးစိတ်ထဲမှာ စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။ သူတို့စိတ်ထဲမှာ အိပ်နေတုန်းအသတ်ခံရမယ် လို့ ခံစားနေရရင် သဟဇာတဖြစ်မှုတို့ ၊ တစ်ယောက်ကိုတစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ဆိုတာတွေကိုလည်း ဆွေးနွေးကြတော့မှာ မဟုတ်ပါဘူး ။

                   ဒီတော့ ကျမပြောချင်တာက အတိုက်အခိုက်ပါတီဝင်တွေဖြစ်တဲ့ကျမတို့ကို ဘယ်လို ခံစားနေရသလဲ ၊ ဘာတွေလုပ်ဖို့ရှိလဲ မေးနေမယ့်အစား အစိုးရကို မေးဖို့ တိုက်တွန်းပါရစေ ။ ဘာလို့လည်းဆိုတော့ ကျမတို့အနေနဲ့ အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး ။ ရှင်တို့အနေနဲ့ လက်ရှိအစိုးရကို သူတို့ ပေါ်လစီတွေဟာ ဘာတွေလဲ ၊ သူတို့အနေနဲ့ ဒီပြသာနာကို ဘယ်လို ဖြေရှင်းကိုင်တွယ်နေသလဲ ၊  သူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ရှိသလဲဆိုတာ မေးသင့်ပါတယ် ။
 
  • Mishal Husain  ။        ။ ပုဂိုလ်ရေးမေးခွန်းမေးရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဘယ်အရာတွေကများ လိုက်လျောညီထွေနေဖို့ ခက်ခဲခဲ့သလဲ  ။ ဒေါ်စုရဲ့ ဘ၀က အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ ။

  • Suu  ။        ။ ပွင့်ပွင့်လင်းလင်းပြောရရင်  ထူးထူးခြားခြားတစ်ခုခုကို လိုက်လျောညီထွေအောင် နေနေရတယ်လို့ မထင်ပါဘူး ။ အခြေအနေတွေကတော့ အသစ်တွေပေါ့လေ......ဒါပေမယ့် ကျမ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက အခြေအနေတွေထက် ပိုပြီး ထူးခြားနေတယ်လို့တော့ မဟုတ်ပါဘူး ။

  • Mishal Husain   ။        ။ ဒါပေမယ့် ဟိုတစ်စ ဒီတစ်စ ဖြစ်နေတဲ့  မိသားစုဆက်ဆံရေးတွေ  ၊ သူငယ်ချင်းမိတ်ဆွေနဲ့ ဆက်ဆံရေးတွေကို အခုပြန်ပြီး ရတာ  ...... အကြာကြီး ဖြတ်တောက်ခံခဲ့ရတဲ့အဆက်အသွယ်တွေကို အခုမှ ပြန်ရတာတွေကရော......။

  • Suu  ။      ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ပြီး အဆက်အဆံလုပ်လို့ရပါတယ် ။ သိပ်ပြီး မစစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာကတော့ ကျမနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဟိုးအရင်ကတည်း လမ်းခွဲခဲ့ကုန်ကြပါပြီ ။ တစ်ဖက်ကလည်း  ပြန်လာတဲ့ လူတွေတချို့ ရှိပါတယ် ။ ဒီလိုဆိုလည်း ကျမကတော့ လက်ခံတာပါဘဲ ........လူတွေကို တချိန်လုံး ကိုယ်ယုံကြည်ရာကို ပြောဆိုရဲဖို့၊  သတ္တိရှိနေဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာ ကျမလက်ခံပါတယ် ။
                                    *******************************************

(VOA News မှ 24 Oct 2013 ရက်စွဲပါ “Party: Burma’s President won’t seek second term” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအလွန်ပြောင်းလဲမှုလှိုင်းကို ပဲ့ကိုင်ခဲ့သူ သမ္မတဦးသိန်းစိန်သည် လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ၎င်း ပါတီခေါင်းဆောင် က ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

စီးပွားရေးပြုပြင်ပြောင်းလဲခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်းတို့ကြောင့် နိုင်ငံတကာအသိအမှတ်ပြုခံရသူ သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်းသည် ပြည်သူ လူထုဆန္ဒနှင့် သူ၏ ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်နေသည်ဟု မနှစ်ကပြောကြားခဲ့သည်။

လွှတ်တော်ဥက္ကဌတစ်ဦးဖြစ်သူ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးရွှေမန်းက “သမ္မတအဖြစ် အရွေးမခံတော့ဘူး လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ သူ့ အနေနဲ့ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ပြောတာပါ။” ဟု ထုတ်ဖော် ပြောကြားသည်။

အသက် ၆၈ နှစ်အရွယ် မြန်မာအစိုးရ အကြီးအကဲသည် နှလုံးကျန်းမာရေးအတွက် Peacemaker တပ်ဆင် ထားရသည်ဟု အများစုက ယုံကြည်ထားကြသည်။

ယခင် တပ်မတော်အစိုးရအဖွဲ့တွင် ဦးသိန်းစိန်ထက် ရာထူးမြင့်သူ ဦးရွှေမန်းသည်လည်း တပ်မတော်နှင့် ဆက်ဆံ ရေးကောင်းပြီး၊ လွှတ်တော်အမတ်များ၏ လေးစားခြင်းခံရသူတစ်ဦးဖြစ်၍ ပြုပြင်ပြောင်းလဲရေး လိုလားသော အလယ် အလတ်ဝါဒီတစ်ဦးဖြစ်သည်ဟု သတ်မှတ်ခံရသူ ဖြစ်သည်။ ထို့အပြင် သမ္မတနေရာ ယှဉ်ပြိုင်လိုသော ဆန္ဒကိုလည်း မဖုံးမကွယ် ထုတ်ဖော်ခဲ့သူ ဖြစ်သည်။

ယခုနှစ်တွင် ဦးသိန်းစိန်ထံမှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နေရာကို လွှဲယူခဲ့သူ ဦးရွှေမန်း၏ သမ္မတဖြစ်နိုင်ခြေသည် အခြေခံဥပဒေပြင်ဆင်မှု အတိုင်းအတာပေါ်တွင် မူတည်နေသည်ဟု အကဲခတ်လေ့လာသူများက ပြောကြားသည်။ ယခင် အကြီးအကဲဟောင်း ဦးဆောင်ရေးဆွဲခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်အမတ် ၁၀၉ ဦးပါ ကော်မတီက ပြန်လည်သုံးသပ်လျက်ရှိသည်။

လာမည့် ၂၀၁၅ သမ္မတလောင်းရွေးပွဲတွင် အလွန့်အလွန် လူကြိုက်များသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသော်လည်း ပြည်ပနိုင်ငံသားခံယူထားသော မိသားစုဝင်ရှိ ပါက သမ္မတလောင်းအရည်အချင်းနှင့် မကိုက်ညီဟု ဖော်ပြထားသော အခြေခံဥပဒေ စည်းကမ်းကို ပြင်ဆင် (သို့) ပယ်ဖျက်မှ သာ ဖြစ်နိုင်မည် ဖြစ်သည်။

နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့သော ဦးရွှေမန်းက ယခင်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အရာများမှားယွင်းသွားမည်ကို ပူပန်နေသည် ဟုပြောကြား သော်လည်း အသေးစိတ်ရှင်းလင်းခြင်းမပြုပေ။

“ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်မှာ တိုးတက်ပြောင်းလဲနေတာကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ အမှား အယွင်း ဖြစ်မှာကိုလည်း ကြောင့်ကြနေတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ချက် မရှိတော့ပါဘူး။ ရှိခဲ့ရင် တောင် လက်တွေ့လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု ဦးရွှေမန်းက ပြောကြားခဲ့သည်။

ဦးသန်းရွှေသည် မြန်မာနိုင်ငံကို နှစ်ပေါင်းနှစ်ဆယ်ကျော်ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သည့်ကာလအတွင်း လူထုတစ်ရပ်လုံး၏ မုန်းတီးဝေဖန်မှုကို ခံရသူတစ်ဦးဖြစ်ပြီး၊ လူမြင်ကွင်းမှ ၎င်းပျောက်ကွယ်သွားမှုသည် ၎င်းသေဆုံးသည့် သတင်းမှသည် နောက်ကွယ်မှ အရိပ်လိုထိန်းချုပ်နေသည့် သတင်းအထိ အမျိုးမျိုးမှန်းဆ ပြောကြားမှုများကို စဉ်ဆက်မပြတ် ဖြစ်ပ်ါစေသော်လည်း အများထင်သလိုမဟုတ်ဟု ဦးရွှေမန်းက ငြင်းဆို ဖြေရှင်းသည်။

ယခုကဲ့သို့ ဦးသန်းရွှေ စိတ်ဝင်တစ်စား စောင့်ကြည့်နေခြင်း၊ သမ္မတအဖြစ် ဦးသိန်းစိန် အရွေးမခံတော့ခြင်း တို့ကို ဦးရွှေမန်း က ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်သည့် ကိစ္စ၏ နောက်ကွယ်တွင် စိတ်ဝင်စားစရာ အကြောင်းများ ရှိလိမ့်မည်ဟု ရန်ကုန်မြို့မှ အတွင်းသိ၊အစင်းသိ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။

Yangon chronicle

မိမိကို တောင်းပန်ရန်မလို စစ်အစိုးရအဖွဲ့ဝင်များ တိုင်းပြည်ကိုသာ ၀န်ချတောင်းပန်ဖို့ကောင်းဟု

ဟံသာဝတီ ဦးဝင်းတင်ပြော

ရန်ကုန်၊အောက်တိုဘာ ၂၂
ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန်ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။
ယခု အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာရေးသို့ အောက်တိုဘာလ (၁၉)ရက်နေ့က ဆရာကြီး ဟံသာဝတီဦးဝင်းတင် သွားရောက်စဉ် ဦးခင်ညွန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် နီးစပ်ရာ တပည့်များက ဆရာကြီး ဟံသာဝတီဦးဝင်းတင်ထံ ၀ါကျွတ်ကာလ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် မေးမြန်းရာ ဆရာကြီးက ပြန်လည် ဖြေကြားမှုပြုရင်း အထက်ပါကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

““ငါ့ဘာသာငါ RFA ရုံးကို ခဏသွားတယ်။ ပြီးတော့ သခင်သိန်းမောင်အိမ် ၀င်တယ်။ ပြီးမှ ဂါးဒီးယန်း ဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ။ လူတွေက အထဲက ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ငါက ကြမ်းပေါ်ထိုင်ပြီး အထခက်လို့ အပြင် ဆင်ဝင်အောက် ထိုင်နေတာ။ … အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်၊ စကားပြောတယ်။ ငါတို့သွားလည်း အဲဒီအောက် ထိုင်ဖြစ်တာပဲ။ ဦးစိန်ဝင်း ကိုယ်တိုင် ကလည်း အဲ့နေရာကို ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးပေါ့ကွာ။အဲဒီနေ့ကလည်း ငါက မအေးအေးဝင်းနဲ့ စကား ပြောတာ။ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာ တွေ့ပါတယ်။ အထဲက တစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီးဆိုလို့ ငါမော့ကြည့်တယ်။ သူကသူ့ဟာ သူမိတ်ဆက်တယ်။ သူ့ကိုငါက မသိဘူး။ ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး။ မသိဘူး။ သူ့ကိုအပြင်မှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မမြင်ဖူးဘူး။ သိလည်း မသိဘူး။ သူပြောတာတော့ စုံနေတာပေါ့ကွာ။ အတော်လေးလည်း အာသွက် လျှာသွက်ကွ။ (NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဦးခင်ညွန့် ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ် ကြားတယ် အဘဟု စကားထောက်ပြောကြားသည်။) လုပ်မှာပေါ့။ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး။ လူထု စည်းရုံးရေးတွေ လည်း လုပ်ဖူးတယ်။ လူတွေလက်အုပ်ချီတာ သူကစတယ်လို့ ငါထင်တယ်။ မသေချာဘူး။ တွေ့တော့ သူက ပြောတာက အရင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့။ ဆရာကြီးတို့လို လူတွေ တိုင်းပြည်မှာ လိုအပ်တယ်။ ဒီလို အတွေ့အကြုံများတဲ့ သူတွေ တိုင်းပြည်မှာ လိုတယ်။ ဆရာကြီး အသက် ဘယ်လောက်လဲ မေးတော့ (၈၄) ဆိုတော့ ကျွန်တော်က (၇၅) ပါ။ ဆရာကြီးက ကျွန်တော့်ထက် (၉) နှစ်ကြီးတယ် ဆိုပြီး မတ်တတ်ပဲ လက်အုပ် ချီတာပါ။ ထိုင်မကန်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်ပါ ဘာညာလည်း မပြောပါဘူး။ ငါလည်း လမ်းကျတော့ အဖော် တစ်ယောက်ကို ပြောတယ်။ ဒီလူတွေ နောင်တမရဘူး။ ငါ့ကို သီးခြား တောင်းပန်ရမယ် မပြောဘူး။ ဒါပေမဲ့ ဒီလူတွေ တိုင်းပြည် ၀န်ချဖို့ ကောင်းတယ်။ သူတို့ လုပ်ခဲ့တာတွေဟာ အလွန်အကျွံတွေချည်းပဲ။ သူတို့တွေဟာ ဟိုပြော ဒီပြောနဲ့ အပြစ်မဲ့သလို နေနေမယ်ဆိုရင် အစဉ်အလာဆိုးဟာ အမြဲတည်တော့မယ်။ သူတို့ ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ်””ဟု ပြောသည်။

အာဏာသိမ်း အစိုးရအဖွဲ့ဝင်များ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများအပေါ် တိုင်းပြည်ကို ၀န်ချ တောင်းပန်သင့်ကြောင်း ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၌ ပြောကြားခဲ့သေးသည်။
ဦးခင်ညွန့်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အစပြုသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပင် ပြောကြားမှု ရှိသည့် ဦးနေ၀င်း၏ တပည့်အရင်းတစ်ဦး ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ် ပျက်သုဉ်းပြီးနောက် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူမှု ပြုလုပ်မှုတွင် အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် န၀တ၊ နယက အစိုးရ နှစ်ဆက်စလုံးတွင် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး အစိုးရနှင့် အတိုက်အခံဖြစ်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှု ပြုလုပ်သည့် နိုင်ငံရေးသမားများကို ဖမ်းဆီး အကျဉ်းချမှုများတွင်လည်း အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းသည် နယကအစိုးရ လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့အစိုးရ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှုဟု သုံးသပ်ကြသော ဖြစ်စဉ်ဖြင့် တာဝန်များမှ ရပ်စဲ ခံရကာ ၎င်းအကြီးအကဲ တာဝန်ယူထားသော ထောက်လှမ်းရေးဌာနရှိ လူအများအပြားနှင့်အတူ နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

၎င်းပြန်လည် လွတ်မြောက်လာပြီးနောက် လုပ်ကိုင်ဆောင်ရွက်မှုများကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““ရှင်းရှင်း ပြောရရင် အခု ဗိုလ်ခင်ညွန့် လွတ်လာပြီး ဟိုတုန်းက ဗိုလ်အောင်ကြီး လုပ်သွားတဲ့ နည်းပဲ လက်ဖက်ရည်ဆိုင် ထောင်တဲ့ဟာ လုပ်ပြန်ပြီ။ အဲဒီကနေပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး ပြောပြီးတော့ ဗိုလ်အောင်ကြီးလည်း နိုင်ငံရေးထဲ ၀င်လာတာပဲ။ ဗိုလ်ခင်ညွန့်လည်း ဒီလို လက္ခဏာတွေကို အများကြီး ပြတယ်””ဟု သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ သုံးသပ် ပြောကြားခဲ့သေးသည်။

ယခင် စစ်အာဏာသိမ်း အစိုးရ အဖွဲ့အတွင်း ပါဝင်ခဲ့သူများ အနေဖြင့် ၎င်းတို့ ပြုမူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်ရေးအပေါ် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““သူတို့တွေဟာ တိုင်းပြည်အတွက် မှားယွင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပြီးပြီ။ တာဝန် မရှိဘူးလို့ ပြောလို့မရဘူး။ ဦးသိန်းစိန်မှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးရွှေမန်းမှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးခင်ညွန့်မှာ တာဝန်တွေ အများကြီး ရှိတယ်။ ဗိုလ်ခင်ညွန့်က ပြောတယ် အဲဒါတွေ ပြောမနေပါနဲ့တဲ့။ လူတိုင်းဟာ ပြောချင်တဲ့ သူတွေ တစ်ယောက် တစ်မျိုး ပြောရရင်သမိုင်းဟာ အသံတွေအမျိုးမျိုး ထွက်နေမှာပဲ။ ဒါတွေ မလုပ်နဲ့ အခုအချိန်မှာ အားလုံး မေ့ပစ် နိုင်ရမယ်တဲ့။ ဘယ်လိုလုပ် မေ့ပစ်နိုင်မလဲ။ ကျုပ်တို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျုပ်တို့ ဘာမှလည်း မလုပ်ဘူး။ ဆိုင်လည်း မဆိုင်ဘူး။ သိလည်း မသိဘူး ဆိုပြီးတော့ အထက်အမိန့်ပဲ တည်ဆဲဥပဒေ ဗိုလ်ခင်ညွန့် ပြောတဲ့ဟာမျိုး ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ဘာမှမသိဘူး။ ကျုပ်တို့က တည်ဆဲ ဥပဒေအတိုင်း လုပ်ခဲ့တာဆိုတဲ့ မျောက်သုံးကောင် ၀ါဒအတိုင်း။ မမြင်ဘူး၊ မကြားဘူး၊ မပြောဘူး ဆိုပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့၊ နားပိတ် မျက်စိပိတ် ပြီးတော့  ဗိုလ်ခင်ညွန့်လို ပုဂ္ဂိုလ်တွေက ကျင့်သုံး နေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်ဘူး။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့က ပြင်ရမယ်။ ပြောင်းရမယ်။ ဒီလူတွေဟာ လူမသေရင်တောင်နေမယ်၊ နိုင်ငံရေးတော့ သေရလိ့မ်မယ် ဟုတ်လား။ အလားတူပဲ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက် ပြီးတော့လည်း သူတို့ဘက်က ဘာမှ အပြစ်မရှိဘူး။ တည်ဆဲဥပဒေအရ လုပ်တယ်လို့ ပြောတယ်။ အဲလိုဆိုရင် တည်ဆဲဥပဒေဆိုတာ ဘယ်သူတွေ လုပ်ထားတဲ့ ဥပဒေလဲ။ သူတို့ လုပ်ထားတဲ့ ဥပဒေ။ ကျွန်တော်တို့ မေ့ချင်ပါတယ်။ ကျွန်တော်တို့ အရမ်းတော့ မေ့လို့မရဘူး။ ကျွန်တော်တို့ ခွင့်လွှတ်ချင်ပါတယ် အရမ်းတော့ ခွင့်လွှတ်လို့ မရဘူး။ သူတို့ကလည်း ပြင်ရလိမ့်မယ်”” ဟုလည်း သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ ပြောကြားခဲ့သည်။

လင်းယုံ
မြန်မာသံတော်ဆင့်

(European Voice မှ 22 Oct 2013 ရက်စွဲပါ Suu Kyi urges EU’s support for reform ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွင် ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် ရှင်းလင်း ပြတ်သားသော ထောက်ပံ့မှုပြုလုပ်ပေးရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆို လိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာတွင် အီးယူ အနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရအား နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင် လာစေရေးအတွက် ဖိအားပေးရန်လိုအပ်ကြောင်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရပေါ်ထွန်းဖို့ တကယ့်ကို အဝေးကြီး(အဝေးကြီး) လိုပါသေးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးအတွက်

အခြေခံကျသောအရေးကိစ္စတစ်ခုဖြစ်သည်ဟု ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဥရောပ ဒေသသို့ ဒုတိယအကြိမ်အဖြစ် အလည်အပတ်ရောက်ရှိ နေခြင်းဖြစ်သည်။ သူမသည် ယမန်နှစ်က ယခင်နေထိုင်ခဲ့ဖူး သော ဗြိတိန်နိုင်ငံနှင့် နော်ဝေနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ လူဇင်ဘတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ ညစာအတူစားကြသည်။ ယင်းခရီးစဉ်သည် လွန်ခဲ့သည့် ၁၈ လကတည်းက အီးယူအဖွဲ့ဝင်နိုင်ငံများက ဖိတ်ကြားထားခဲ့သော ခရီးစဉ်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဥရောပကောင်စီ ဥက္ကဌ Herman Van Rompuy နှင့်တွေ့ဆုံပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် Strasbourg မြို့ရှိ ဥရောပပါလီမန်တွင် မိန့်ခွန်းပြောကြားကာ ဥရောပ ပါလီမန်က ပေးအပ်သော ဆုကိုလက်ခံရယူသည်။ အဆိုပါဆုသည် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်း ၂၀ နီးပါးခန့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ် ကာလအတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

အီးယူ အင်စတီကျူးရှင်းကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုသည် သူမ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံတွင် အီးယူ ကုမ္ပဏီကြီးများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အီးယူကပင် ကမကထပြုလုပ်မည့် အစီအစဉ်မတိုင်မီ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို လာမည့်နိုဝင်ဘာလတွင် စတင်ရန် စီစဉ်ထားသော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့အနေဖြင့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် သုံးရက်တာဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ထောက်ပံ့မှုပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ အီးယူနိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton က အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအတွက် ခိုင်မာသော ထောက်ပံ့ ပေးမှုများကို ပြသလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းအဖွဲ့က အီးယူ အင်စတီကျူးရှင်းကြီးများ၊ အေဂျင်စီများ၊ စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို တစ်ပါးတည်း ခေါ်ဆောင်လာမည်ဖြစ်သည်။

အခြေခံဥပဒေ ပြဿနာများ အဆိုပါအဖွဲ့သည် ဇူလိုင်လအတွင်း အီးယူက ချမှတ်ခဲ့သည့် သုံးနှစ်တာ မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းမဟာဗျူဟာမှာ ကုန်သွယ်ရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ စနစ်ထဲသို့ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အီးယူ၏ ကမ်းလင့်ထောက်ကူမှု ပြုသည့် အစီအစဉ်များထဲတွင် အီးယူ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ မဟာမင်းကြီး Antonio Jajani နှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ မဟာမင်းကြီး Dacian Ciolos တို့၏ မြန်မာနိုင်ငံခရီးစဉ်များ လည်းပါဝင်သည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အရေးကြီးပုံကို အဓိက မှတ်ချက်ပြု ပြောဆိုထားသည်။ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် နိုင်ငံတော် အကြီးအကဲအဖြစ် ယှဉ်ပြိုင်နိုင်ခွင့်မရှိပေ။ ယင်းရာထူးကို စစ်တပ်တွင် အမှုထမ်းဖူးသူများသာ ရပိုင်ခွင့် ရှိသည်။ ထို့အတူ စစ်တပ်အနေဖြင့် ပါလီမန်လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တိုက်ရိုက်ခန့်အပ်ထားနိုင်သည်။

အရေးကြီးသည့်ကိစ္စတစ်ခုမှာ မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်အပေါ် အရပ်ဘက်က ထိန်းချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ခေတ်မီဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲသင့်သည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ဖြင့်ပြောရလျှင် အီးယူ၏ ကြေညာချက်မှာ ပို၍ပင် ခိုင်မာပြတ်သားမှုရှိသင့်ပေသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အီးယူအနေနဲ့ ပြတ်ပြတ်သားသား အလေးပေး လုပ်ဆောင်စေလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီမှ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ နှစ်နေရာမှလွဲ၍ ကျန်နေရာများအားလုံးကို ရရှိခဲ့ကြသည်။ သို့သော် ယင်းအချိန်ကာလမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိအောင် အသေအချာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ပါမည်ဟူသော ကတိကဝတ်ပြု ပြောဆိုရမည့်ကိစ္စကို ကန့်ကွက်ခဲ့ပြီး အခြေခံဥပဒေတွင်း စစ်တပ်အာဏာ ကြီးထွားမှုကို လျှော့ချနိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နည်းလမ်းရှာခဲ့သည်။

အကူအညီများနှင့် ဖွံ့ဖြိုးရေး မြန်မာအစိုးရသည် သေဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မီဒီယာများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ကိုလည်းလျှော့ချခဲ့သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်အောင်လုပ် ဆောင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကမူ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ဆိုထားသည်။

အဆိုပါ တိုးတက်ဖွံ့ဖြိုးမှုများကို တုံ့ပြန်သောအားဖြင့် အီးယူ ပိတ်ဆို့အရေးယူမှုများ အားလုံး (စစ်လက်နက် ရောင်းချမှုအပေါ် ပိတ်ပင်ထားမှုမှအပ) ကိုရုပ်သိမ်းပေးလိုက်သည်။ ယခင်က စစ်ဘက်အရာရှိကြီးများနှင့် ထိပ်ပိုင်း နိုင်ငံရေးသမား ၅၀၀ ခန့်မှာ ခရီးသွားလာခွင့်ပိတ်ပင်ခံရခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ပင်ခံရခြင်းတို့ ခံခဲ့ကြရသည်။ သစ်ထုတ်လုပ်ရေး လုပ်ကိုင်သည့် နိုင်ငံပိုင်ကုမ္ပဏီများနှင့် သတ္တုအပါအဝင် အဖိုးတန်တွင်းထွက်ပစ္စည်း တူးဖော် ထုတ်လုပ်သည့် နိုင်ငံပိုင်လုပ်ငန်းများ နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အီးယူကပိတ်ပင်ခဲ့သည်။

ယခုအခါတွင်မူ အီးယူသည် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီဖြစ်သည်။ ယင်းရုံးခန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ စတင်လည်ပတ်လုပ်ကိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများမှာ ဆက်၍ကြီးမား နေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေးသမားများမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အချို့သော နယ်ပယ်များတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ယမန်နှစ်ကဆိုလျှင် ရိုဟင်ဂျာမွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့အတွက်ကြောင့် ဒုက္ခရောက်ခဲ့ကြသော ရိုဟင်ဂျာမွတ်စလင် များနှင့် အခြားသော ဒေသတွင် ပြည်တွင်းစစ်မက် ပဋိပက္ခဒဏ်သင့်ခဲ့သူများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရန် ထောက်ပံ့ငွေ ယူရိုငွေ ၁၉ ဒသမ ၅ သန်းပေးအပ်ခဲ့သည်။ အီးယူသည် နှစ်ကာလကြာရှည်စွာ မြန်မာနိုင်ငံကို အရေးပါ သည့် အကူအညီများနှင့် အလှူငွေများ ပေးခဲ့သည့်အဖွဲ့ ဖြစ်သည်။

နိုင်ငံရေးအရ အကဲဆတ်မှုနည်းပါးသည့် နယ်ပယ်များဖြစ်ကြသော ပညာရေး၊ကျန်းမာရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးရေး အစရှိသည်တို့ကို အဓိကအလေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့်အချိန်မှစ၍ အီးယူက ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများကို နှစ်ဆခန့်တိုးမြှင့် ပေးခဲ့သည်။