01/04/13

မိမိတို့ ပြန့်ကျဲနေသော ရဲဘော်များ၏ အိမ်ပြန်ခရီးသည် နောက်ဖေးပေါက်မှ ပြန်သည့် ခရီးမျိုးမဖြစ်စေရန် အတွက် မိမိအနေဖြင့် အားလုံးကို ကတိပေး ပါကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သူ ရဲဘော်သံခဲက ဒီဇင်ဘာ ၂၇ ရက်၊ ကျောက်ဆည် မြို့တွင် ကျင်းပခဲ့သည့် ယင်း၏ ဖခင်ဖြစ်သူ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(၁၉၆၁-၆၂) ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းမောင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

“ကျွန်တော်တို့ ယုံကြည်တဲ့ အိမ်ပြန်ခရီးဟာ ထွက်တဲ့နေ့ရှိရင် ဝင်တဲ့နေ့ရှိရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ချင်တဲ့ ခရီးဟာ နောက်ဖေးပေါက်က အိမ်ကို မပြန်နိုင်ပါဘူး။ အလားတူပဲ ကျွန်တော်တို့ အားလုံးရဲ့ အိမ်ပြန် ခရီးဟာ ည အမှောင်မှာ တိတ်တဆိတ် ပြန်တဲ့ ခရီးလည်း မဖြစ်စေရဘူး။ ကျွန်တော် အခုလာတဲ့ခရီးမှာ ကျွန်တော့် ရဲဘော်တွေကို သစ္စာမဖောက်ဘူး ဆိုတာ ခင်ဗျားတို့ ပြည်သူတွေကို ကတိပေးပါတယ်”ဟု ယင်းက ပြောပါသည်။

ထို့ပြင် ခေတ်စနစ်၏ ဒဏ်ကို မိမိတို့ မိသားစုကဲ့သို့ပင် တစ်နိုင်ငံ လုံးရှိ ပြည်သူများလည်း ခံစားခဲ့ရမည်ပင် ဖြစ်ကြောင်း၊ ယခုခရီးစဉ်၌ မိမိတို့ညီအစ်ကို ၂ ဦး ခြေစုံပစ်မဝင်နိုင်သော်ငြား ယခုခရီးစဉ်မှတစ်ဆင့် ယနေ့ လက်နက်ကိုင် များကြားတွင် သေနတ်သံနှင့် ငိုသံများ တိတ်ဆိတ် သွားစေရန် မျှော်မှန်း၍ မည်သူနှင့်ပင်ဖြစ်စေ မိမိတို့အားလုံး၏ ပြိုကွဲ နေမှုများကို ရပ်တန့်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ရဲဘော်သံခဲ က ဆိုပါသည်။

“ကျွန်တော် (မကဒတ)ဥက္ကဋ္ဌ ရဲ့ ရဲဘော်သံခဲဟာ မိသားစု၊ ဆရာ သမား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီနေရာမှာ စကားပြောနေတဲ့ အချိန် ကျွန်တော့်ရဲ့ ရဲဘော်တွေဟာ တောတွေ၊ တောင်တွေထဲမှာ ဒီလောက် အေးတဲ့ဒဏ်တွေနဲ့ မိဝေးဖဝေးဖြစ် နေသေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး”ဟု ယင်းက ပြောပါ သည်။

အခမ်းအနားသို့ တက်ရောက် ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သည့် မင်းကိုနိုင်ကလည်း လက်နက်ကိုင် တော်လှန်ရေးသည် လိုအပ်ချက်အရ တစ်နည်းအားဖြင့် ခေတ်၏ တွန်းပို့မှုအရ ကိုင်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။ “အဲဒီ အချိန်မှာ မြို့ပေါ်မှာဖက်ပြီးနပန်းလုံး ရတဲ့သူက လုံးတယ်။ တောထဲကို သွားပြီး တုတ်ရှာတဲ့သူက ရှာတယ်”ဟု ယင်းက ဆိုသည်။
မင်းကိုနိုင်၊ ရဲဘော်သံခဲ(အင်္ကျီအဖြူ) တို့ကို တွေ့ရစဉ်

ထို့ပြင် ခေတ်တစ်ခုတွင် ကျောက်ဆည်မြို့၏ ပုံရိပ်သည် တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ကြောင့် မူလပုံရိပ်မပေါ်နိုင်ဘဲ အများ၏ မျက်စိတွင် ပြေးမြင်ကြ သော ပုံရိပ်နိမိတ်တစ်ခုရှိခဲ့ပါကြောင်း၊ သို့သော် ယင်းအခြေအနေသည် တဒင်္ဂသာဖြစ်ပြီး ကျန်ရှိသော ကြယ်ပွင့်များ၏ စွမ်းအားဖြင့် ကျောက်ဆည် ဆိုသည့် ကောင်းကင်သည် ထွန်းလင်းတောက်ပနေမြဲ သာ ဖြစ်ကြောင်း မင်းကိုနိုင်က ပြောပါ သည်။

“ဆရာကြီး ဦးစိုးဝင်းမောင် တို့လို၊ ကိုသံခဲတို့လို ကိုယ့်ကိုယ်ကို မျိုးစေ့လိုသဘောထားပြီး ကြဲပက်သွားခဲ့တဲ့ သူတွေကြောင့် အခုဆိုရင် ပျိုးခင်းကြီးဟာ အပြိုင်းအရိုင်းဖြစ် လာပါပြီ”ဟု ယင်းက ဆိုပါသည်။

“အဖေဟာ မမှန်ကန်တဲ့ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ တယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ သွေးနဲ့မွေးတဲ့သားအဖြစ်သာမက သူ့ ရဲ့ အတွေးနဲ့မွေးတဲ့ သားတွေပါ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နှစ် ထပ်ကွမ်းသားတွေ ဖြစ်ခဲ့ပါတယ်” ဟု ယင်း၏ ဖခင်နှင့်ပတ်သက် သည့် အကြောင်းကိုလည်း ရဲဘော် သံခဲက ဖွင့်ဟပါသည်။

နိုင်ငံတော်သမ္မတရုံး၏ ဖိတ် ကြားချက်အရ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးရန်အတွက် မြန်မာပြည်သို့ နှစ်ပတ်ကြာ ခရီးစဉ်ဖြင့် ရောက် ရှိလာသည့် ABSDF အဖွဲ့ဝင်များသည် နေပြည်တော်၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မိမိတို့၏ ဇာတိရပ်ရွာများသို့ ခေတ္တ သွားရောက်ခဲ့ကြပြီး ABSDF ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲသည် ယင်း၏ ဇာတိ ကျောက်ဆည် မြို့သို့ ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ သည်။

ဇာတိမြို့တွင် ရောက်ရှိနေခိုက်၌ ရဲဘော်သံခဲသည် ယင်း၏ ဖခင် ဖြစ်သူ မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(၁၉၆၁-၆၂)ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းမောင်၏ ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနား ကို မိသားစုဝင်များနှင့် အတူ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများ၊ (အထက်ဗမာပြည်) နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်နှင့် အထက် ဗမာပြည်(ဗကသ) များမှလည်း တက်ရောက်ခဲ့ကြပါသည်။

၁၉၆၁-၆၂ မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ဆရာကြီး ဦးစိုးဝင်းမောင်သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် မြို့နယ် သပိတ် ကော်မတီ ဒု-ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် စစ်ခုံရုံးအမှတ် ၂ မှ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်၊ မတ် ၂၆ ရက် တပ်မတော် ရွှေရတုအထိမ်း အမှတ်အဖြစ် ပြစ် ဒဏ်မှ လွတ်မြောက်ခဲ့ပြီး ၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကွယ်လွန် ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြ သန်း၊ သားဖြစ်သူ သံမဏိ၊ သံဒိုင် နှင့် သမီးဖြစ်သူ သန္တာစိုးတို့ အပါအဝင် ပြည်ပ သို့ ရောက်ရှိနေသည့် ကိုသံဒုတ် (BLSO ဥက္ကဋ္ဌ)နှင့် ကိုသံခဲ (ABSDFဥက္ကဋ္ဌ) တို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရ ပါသည်။

မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်



ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစားပေးပါအုံး။

၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေနဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အတွက် အမှန်တကယ်လိုအပ်ပါတယ်)

၂) ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို Second call အနေနဲ့ လက်ခံပြောဆိုလို့ရနိုင်တဲ့ (Call waiting) ၀န်ဆောင်မှု။ ဒါမှမဟုတ် ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို ဖုန်းပြောပြီးတဲ့အချိန်မှာ miss call အနေနဲ့ notification ပြန်လုပ်ပေးတဲ့ ၀န်ဆောင်မှု။

၃) message ပို့ရင် delivery report ကို on ထားတဲ့အခါမှာ တဖက်လူက လက်ခံရရ/မရရ၊ ဖုန်းပိတ်ထားရင်တောင် မှ ပေးပို့ပြီးပါပြီ (delivered) လို့ လိမ်ညာဖြေကြားမှု။ (နိုင်ငံတကာမှာ အရေးကြီးအကြောင်းအရာတွေကို short message အသုံးပြုပြီးပို့ကြသလို တဖက်လူကကျိန်းသေလက်ခံရရှိတယ်ဆိုတာကို ဖုန်းထဲက delivery report ကိုကြည့်ပြီး အမှတ်အသားပြုကြပါတယ်။ ဖုန်းပိတ်ထားရင်တောင်မှ ဖုန်းဖွင့်ပြီး message ကိုဖတ်တဲ့အချိန်မှ delivered ဆိုတဲ့ delivery report ကို ပြပါတယ်။ )

၎) message ပို့လိုက်တဲ့အခါမှာ ပို့တဲ့ဖုန်းထဲကထွက်သွားပြီး ပိုက်ဆံဖြတ်သွားပေမယ့် တဖက်လက်ခံတဲ့ဖုန်းထဲကို မရောက်ရှိဘဲ လမ်းမှာတင်ပျောက်ပြီး ပိုက်ဆံလိမ်လည်ဖြတ်တောက်မှု။

၅) တခါတရံ မနက်ကပို့တဲ့ message ဟာ ညနေမှ လက်ခံတဲ့ဖုန်းထဲကို ၀င်ရောက်လာမှု။ (အရေးကြီးတဲ့အကြောင်းအရာကို message အနေနဲ့ပို့ရင် ဘယ်အချိန်ကပို့ပါတယ်ဆိုပြီး ပို့တဲ့အချိန်ပါထည့်ထည့်ရေးပေးနေရပါတယ်။)


အထက်ပါဝန်ဆောင်မှုတွေကို နိုင်ငံတကာမှာ ကလေးမုန့်ဖိုးလောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ဖုန်းဆင်းကဒ်တခုဝယ်သုံးရင် ပိုက်ဆံထပ်မပေးရဘဲ ၀န်ဆောင်ပေးနေပါတယ်။ နိုင်ငံတကာစံနှုန်းနှင့်အညီ လို့ တွင်တွင်ဆိုနေကြသူများ ဒါလေးတွေကိုလည်း နိုင်ငံတကာစံနှုန်းညီအောင် ကြိုးစားပေးကြပါအုံး။

Mg Pala(မောင်ပါလ)


၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗိုလ်ချုပ်ဂွမ်မော် ဆွေးနွေးနေစဉ် (ဓာတ်ပုံ- ၈၈ facebook)

ကချင်ပြည်နယ်၊ လိုင်ဇာဒေသသို့ ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများသည် ဇန်န၀ါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ သိရသည်။

အချက်အလက်များ စုဆောင်းရန်နှင့် သာမန်နယ်စွန်နယ်ဖျားမှ တိုင်းရင်းသားများ၏ အမြင်တွင် ကချင်လူမျိုးများနှင့် ဗမာလူမျိုးများ စစ်ဖြစ်နေသည်ဆိုသောအမြင်ကို လျှော့ချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နှင့် မစန်းစန်းမော်တို့သည် ဇန်န၀ါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ယခုခရီးစဉ်မှရလာသည့် အချက်အလက်များကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများကို အသိပေးခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်သွားရန် ရှိကြောင်းနှင့် ၂၀၁၃ နှစ်သစ်တွင် ငြိမ်းချမ်းရေး လမ်းစတစ်ခု ရရန်အထိ အမြင့်ဆုံးမျှော်လင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ပြောကြားထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ ဒီဇင်ဘာလ နှောင်းပိုင်းတွင် တပ်မတော်မှ လေကြောင်းပစ်ကူများဖြင့်ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန် ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့သည်။

ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည် အရေအတွက်မှာ တစ်သိန်းခြောက်သောင်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများသည် ဒုက္ခသည်စခန်းများသို့ ငွေကျပ် ၁၄၅ သိန်းနှင့် စောင်၊ အ၀တ်အထည်များကိုလည်း လှူဒါန်းသွားမည် ဖြစ်သည်။

ခရီးစဉ်သည် ငါးရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို ရန်ကုန်သို့ ပြန်ရောက်ပြီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရုံးမှ သိရသည်။

EMG



၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်ရုံးမှာ ပြောတဲ့ မိန့်ခွန်း
မြန်မာနိုင်ငံတွင်ပဋိပက္ခများဖြေရှင်းရာ၌တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားဖို့ လိုကြောင်းနှင့်ထိုကဲ့သို့ အပြန်အလှန်နား လည်မူ့ မပေးနိုင်ပါက စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံထူထောင်နိုင်မှာမဟုတ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ၊ပြည်သူ့ လွှတ်တော်အမတ်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ရုံးချုပ်) တွင်ကျင်းပသော၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့် ခွန်းတွင် ပြောကြားလိုက်သည်။
“ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ပဋိပက္ခဖြေရှင်းရေးအခြေခံက တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်လေးစားဖို့ ဖြစ်တယ် ကိုယ်နဲ့ မတူတဲ့အတွေးခေါ်တွေကိုမလေးစားနိုင်ရင် ကိုယ်နဲ့ မတူတဲ့အတွေးအခေါ်တွေကိုနားလည်မူ့ မပေးနိုင်ရင် ကျွန်မတို့ ဟာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံမထူ ထောင် နိုင်ပါဘူး” ဟုပြောကြားခဲ့သည်။

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်ရုံးမှာ ပြောတဲ့ မိန့်ခွန်းအသံဖိုင်

မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် မျှော်လင့်ချက်များအကောင်အထည်ဖော်ရာတွင် ကိုယ်အားကိုယ် ကိုးဖို့  လို ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌပြည်သူ့ လွှတ်တော်အမတ်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( ရုံးချုပ်) တွင်ပြုလုပ်သော ၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင်ပြော ကြားလိုက်သည်။
" ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ ဟာ ကိုယ်အားကိုယ် ကိုးရမယ် လူလားမြောက်တဲ့ပုဂ္ဂိုလ်များပီပီ တခြားသူတွေကိုမှီခိုနေတာမျိုးမဟုတ်ပဲကိုယ် အားကိုယ် ကိုးပြီးရပ်တည်နိုင်ရမယ် အခုဆိုရင် ကျွန်မတို့ နိုင်ငံက အလားလာတွေကောင်းတယ်ဆိုပြီး တမ္ဘာလုံး ကမြင်နေကျတယ် ကျွန်မတို့ ပြည်သူပြည်သားတွေကလဲ မျှော်လင့်ချက်တွေအပြည့်ရှိနေကျတယ် မျှော်လင့် ချက်ဆိုတာကလည်း ကျွန်မခဏခဏပြောသလို အလုပ်နဲ့ အကောင်အထည်ဖော်ရမည် ဒီလို မျှော်လင့်ချက် တွေအကောင်အထည်ဖော်တဲ့နေရာမှာလည်း ကိုယ်အားကိုယ်ကိုးပြီးအဓိကလုပ်သွားရမယ် ဘယ်သူကများလာ ပြီးကူညီမလဲဆိုပြီးမျှော်လင့်နေလို့ မရဘူး" ဟုပြောကြားခဲ့သည်။


သတင်းဓာတ်ပုံ..Burma Vj, 7Day News Journal,The voice weekly,ခွန်ဒီးယမ်


ရသအလင်း မိတ်ဆွေများအားလုံး ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်မဟာ ၂၀၁၃ ဖြစ်ပါစေ....

ရသအလင်းအနေနဲ့ **လွတ်လပ်ခြင်းရဲ့ ရသ** ဆိုတဲ့ စာပေဟောပြောပွဲလေးတစ်ပွဲကို ဖောင်ဒေးရှင်းရန်ပုံငွေ အလို့ငှာ ( ၂၀/၁/၂၀၁၃)(တနင်္ဂနွေနေ့) စင်္ကာပူနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားရှိပါတယ်။

ဟောပြောပွဲကို
၁)ဆရာဦးဝင်းဖေ(စာရေးဆရာ၊ဒါရိုက်တာ)
၂)ကိုမင်းကိုနိုင်
၃)ကိုဂျင်မီ တိုနဲ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။

များပြားလှတဲ့ အလုပ်ကိစ္စတွေကို ခဏလေးရပ်ထားပြီး ရသအလင်းဖိတ်ကြားချက်ကို လက်ခံပေးတဲ့ ဆရာနဲ့ အကိုတော်များပေးနိုင်တဲ့ ရက်ကို အရအမိစီစဉ်ရတာမို့ လူ ၁၀၀၀ ပဲဆန့်တဲ့
Republic Of Polytechnic မှာ စီစဉ်လိုက်ရတာဖြစ်တဲ့ အတွက်
လက်မှတ်အချိန်မီဝယ်ယူခြင်းဖြင့် ဖောင်ဒေးရှင်းရန်ပုံငွေပါဝင်ထည့်ကြပါဦးလို့ လေးစားစွာ ဖိတ်ခေါ်အသိပေးအပ်ပါတယ်။

လက်မှတ်တွေကို တနင်္ဂနွေနေ့မှာ ရနံ့သစ်ဆိုင်ရှေ့နဲ့ မြနန်းနွယ်ဆိုင်ရှေ့မှာဝယ်ယူရရှိပြီဖြစ်ပါကြောင်း......

Date : 20th Jan'2013
Time : 1:00 pm to 8:pm
Address :
Agora Hall 1-2
Republic Of Polytechnic ,
(9 Woodlands Ave 9, Singapore 738964 )

Eain Dra(ရသအလင်း)


“ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောပြမယ်။လွတ်လပ်ရေးဆိုတာနဲ့ ပဒေသာပင် မြေကမပေါက်နိုင်ဘူး
... ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်။ ခင်ဗျားတို့စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ ရှိရင် စိတ်ကူးက
ဘယ်လိုလဲဆိုတော့ ပဒေသာပင်ကြီး ချက်ချင်း ၊ နေ့ချင်းညချင်းပေါက်တော့မလို ခင်ဗျားတို့ ထင်ကြတဲ့လူတွေ များကြတယ်။

တစ်ချို့ကလည်း ဟာ....လွတ်လပ်ရေးရပြီဆိုတော့ ဘာလုပ်ချင်ကြသလဲဆိုတော့ ကျွန်တော်အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။
ဂျပန့်ခေတ်တုန်းက ဂျပန့်ခေတ်၊ ဗမာ့လွတ်လပ်ရေး၊ ဘုရားစူးစေ့၊ ဗမာ့လွတ်လပ်ရေးရတုန်းက အဲဒီတုန်းက ဆိုလို့ရှိရင်
လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့ရတယ်။ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ဆေးလှန်း
တယ်။ ဟာ....လွတ်လပ်ရေးရပြီကွဆိုပြီးတော့ လူတကာသွားတဲ့လမ်းပေါ်မှာထွက်ပြီး ဆေးရွက်ကြီးတွေ လှမ်းတယ်။ အဲဒီတော့
လမ်းသွားလမ်းလာလုပ်တဲ့ လူတွေ အတော်ခွကျတယ်။ အဲဒါဟာလွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့
အဓိပ္ပာယ်ကဘာလဲ -

“ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံးကောင်းစားဖို့ လုပ်တဲ့နေရာမှာ အခြား
တစ်ဦးတစ်ယောက်ရဲ့အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ်ကိုယ့်တိုးတက်မှုအတွက် လုပ်တာ လွတ်လပ်ရေးပဲ။ ”

- ဦးအောင်ဆန်း
( ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် - ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့
လွတ်လပ်ရေးအကြိုမိန့်ခွန်းမှ ကောက်နုတ်ချက် )

Ko Myoe


(လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ မရ ရအောင်ယူမယ်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှလေဘာတီခေါင်းဆောင်တစ်ဦးကို ဘယ်လို ဥပမာ ပေးပြီးပြောခဲ့သလဲ...။

(သခင် တင်မောင်-ကျုံမငေး ၊ ၄.၁.၁၉၆၃ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဤကဲသို့ရေးသားခဲ့ပါသည်...)

၁၉၄၀ ခုနှစ် ဇန်နာဝါရီလတွင် တို့ဗမာအစည်းအရုံးကြီး၏ အမှုဆောင်အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်..။ တို့ဗမာအစည်းအရုံးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး လိုသည့် အတွက် ဗြိတိသျှလေဘာတီခေါင်းဆောင်တစ်ဦး ဖြစ်သူ 'ဆာစတက်ဖို့ကရစ်ပ်' သည် မန္တလေးမြို့သို့လိုက်လာခဲ့လေသည်..။ မန္တလေးတွင် ထိုလေဘာတီခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံးအမှုဆောင်များ တွေ့ဆုံကြပုံမှာ ကျနော့်တစ်သက်တွင် မမေ့နိုင်အောင်ရှိတော့သည်...။ ဆွေးနွေးပွဲကို သခင်အောင်ဆန်း ၊ သခင်သန်းထွန်း ၊ သခင်စိုး၊ သခင်လေးမောင် တို့အားဆွေးနွေးရန် သတ်မှတ်ထားကြပါသည်..။

ကရစ်ပ် က 'ဗမာပြည် ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံး နဲ့ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျနော်နားလည်တာနဲ့၊ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တစ်ညလဲ အိပ်မိရော ကျနော်သိထားတာတွေ အားလုံး အမြီးနဲ့ခေါင်း လွဲနေတာတွေ့ရပါတယ်..' ဟုပြောရင်း ဟားတိုက်ရယ်လိုက်ပါသည်..။ 'ကျနော်သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ..၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ..၊ သူပုန်ထဖို့သွေးဆူနေတဲ့သူ ကလေးတွေ..၊ ပညာမဲ့ အလုပ်လက်မဲ့ ကလေးတွေ စုပေါင်းပါဝင်တဲ့ အစည်းအရုံးကြီးပဲလို့ နားလည်လာခဲ့ပါတယ်..။ အခုမှ ဒီလိုမဟုတ်မှန်းသိပါတော့တယ်...'။

သခင်အောင်ဆန်းက ရယ်လျက် "ဒါဟာ ဓမ္မတာပါဘဲ..၊ အုပ်စိုးသူ ဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုပဲ သဘောထားတတ်ပါတယ်..။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုပဲ သတင်းပေးကြမှာပဲ..။ ***တစ်ခုပဲပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုပဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်း ဖြစ်နေတယ်ဆိုရင်လည်းဘယ်သူ့အပြစ်လဲ...။ ဗြိတိသျှအုပ်စိုးခြင်း အောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ ဗြိတိသျှလူမျိုးတွေပဲ အရှက်ရစရာ ကောင်းနေမှာပေါ့..." ***

ကရစ်ပ်။ ။ "ကျနော်တစ်ခုမေးပါရစေ...၊ စပ်စုတယ်လို့လဲမထင်ပါနဲ့..။ ရင်းရင်းနှီးနှီး သဘောထားလို့မေးရဲတာပါ..။ ခင်ဗျားတို့က အခု အင်္ဂလိပ် လက်အောက်ခံဘ၀က လွတ်မြောက်ဖို့ကြိုးပမ်းနေကြတယ်..။ လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ကြမှာလဲ.."

သခင်အောင်ဆန်း ။ ။ "နည်းကတော့ ကျနော်တို့ တရားတယ်ထင်တဲ့ နည်းနဲ့ရအောင်ယူရမှာပဲ..."

ကရစ်ပ်။ ။ "မစ္စတာအောင်ဆန်း ပြောတာ ကျနော်နားမလည်သေးပါဘူး..။ ထပ်ရှင်းစမ်းပါအုံး.."

သခင်အောင်ဆန်း ။ ။ "ရှင်းပါတယ်..၊ တရားတယ်ထင်တဲ့နည်း ဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ် လို့ဆိုတာပဲ..။ ဥပမာဗျာ.. ခင်ဗျား အိပ်ထဲမှာထည့်ထားတဲ့ ဖောင်တိန်က ကျနော် ပိုင်တဲ့ဖောင်တိန် ဆိုပါတော့..။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့...။ ဒီတော့ ကျနော်က ခင်ဗျားကိုတောင်းပန်ပြီး ပြန်ပေးပါ လို့ ချော့တောင်းမယ်..။ မရရင် နောက်တစ်နည်း နဲ့ တောင်းမယ်..။ အဲ့ဒီလိုမရတဲ့အဆုံးကျတော့ မပေးဘူးလား..ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ်..။ ဒါနဲ့မှမရရင် ဟောဒီလို အတင်းလုယူမယ်..."

သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ကရစ်ပ် ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိပ်ကြီးပါ ပြဲ၍ပါလာတော့သည်..။ သခင်အောင်ဆန်းမှာ ဧည့်သည်တစ်ယောက်၏ အင်္ကျီ ပြဲသည်ကိုပင် အားမနာတတ်..၊ အလိုက်မသိတတ်ပဲ ဆက်၍ပြောလိုက်သေးသည်...။

"ကဲ..အဲ့ဒီနည်းဟာ ကျနော်တရားတယ်ထင်တဲ့ နည်းပဲ..။ ကျနော့်ဖောင်တိန်ပြန်ရတာ လိုရင်းပဲ...."

ကရစ်ပ်မှာ ဘာမျှမပြောနိုင်..၊ အားရပါးရ ဟားတိုက်၍ရယ်မောနေရှာတော့၏..။ သခင်အောင်ဆန်းက ဆက်ပြီး...

"ကဲ..အခုလိုနည်းနဲ့ လုပ်ယူတော့ ကောင်းသေးရဲ့လား..။ ကျနော့်မှာတော့ ကျနော့်ဖောင်တိန်ပြန်ရ ပါလေရဲ့..။ ခင်ဗျားမှာတော့ အင်္ကျီအိပ် အပြဲခံရတာသာ အဖတ် တင်တာပေါ့..။ စောစော ကသာ ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး..။ ကျနော့်လက်တောင် တော်တော် နာသွားတယ်...။ ခု ကျနော်ပြောနေတာတွေဟာ အပိုပြောတာလဲ မပါဘူး..။ ခြိမ်းခြောက်နေတာလဲမဟုတ်ဘူး..။ တကယ်ဖြစ်လာနိုင်တဲ့ သဘောကိုပြောပြနေတာပဲ.."

ကရစ်ပ်မှာ ဘာမှမပြောနိုင်..။ အူတက်မတတ်ဖြစ်နေရှာသည်..။ နောက်အတန်ကြာမှ..."အို.. ချစ်စရာကောင်းတဲ့ အောင်ဆန်း..၊ ချစ်စရာကောင်းတဲ့ အောင်ဆန်း..." ဟူ၍သာ ထပ်ကာ ထပ်ကာရေရွတ်နေရှာ ပါတော့သည်...။

ကျနော်တို့တစ်တွေမှာ ဧည့်သည်များကိုလဲ အားနာ..၊ မရယ်ပဲလဲ မနေနိုင်ဖြစ်ကာ မျက်နှာအထားရ ခက်နေကြရတော့၏...။

သခင်အောင်ဆန်း ရိုင်းခြင်း..၊ ကြမ်းခြင်း(၀ါ) လောက၀တ်ကို ဂရုမစိုက်ခြင်း တို့သည် သူတစ်ပါး အပေါ်တွင် စော်ကားမော်ကားပြုလိုသောကြောင့်မဟုတ်...။ နိုင်ငံရေးကိုသာ အမြဲစဉ်းစားနေသောကြောင့်ဖြစ်သည်ဟု ယူဆချင်ပါသည်..။ အမှန်မှာ သခင်အောင်ဆန်းသည် အလွန်ကိုယ်ချင်းစာတရားရှိသူဖြစ်ပါသည်..။ ကိုယ်ချင်းစာတရားမရှိသော တကိုယ်ကောင်း ဆန်သော သူများကို အလွန်စက်ဆုပ်သူဖြစ်ပါသည်..။ သခင်အောင်ဆန်း မည်မျှရဲဘော်စိတ် ရှိသည်ကို သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များ အားလုံးသိပါသည်..။ အချို့သောခေါင်းဆောင်များ ကဲ့သို့ ဆွေမျိုးသားချင်းအပေါ်တွင် ၀ံသာ မနုဘဲ...၊ သူ၏ရဲဘော်များကိုသာ ဦးစားပေးလေ့ရှိကြောင်းကို သူ၏နောက်ပိုင်းလုပ်ရပ်များက သက်သေခံပါသည်...။

အောင်သန်း ၏ အောင်ဆန်း စာအုပ်မှ ထုတ်နုတ်၍ ၄.၁.၂၀၁၃ နေ့တွင်ကျရောက်သော လွတ်လပ်ရေးနေ့ မှ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစာစွာဦးညွှတ် အလေးပြု လိုက်ပါသည်...။

သိပြီးသူများ ရှိမည်ဖြစ်သော်လည်း ဒီအကြောင်းအရာကို Facebook မှာ သိပ်မတွေ့မိလို့မသိသေးသောသူများအတွက်တင်ပေးလိုက်ပါတယ်..,,

ခင်မင်စွာဖြင့်,, နေမျိုး)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.