01/09/13



တိုင်းရင်းသားအရေးဖြေရှင်းရန် ပင်လုံကဲ့သို့အလားတူသော ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံ ညီလာခံ ကျင်းပသင့်ကြောင်းအဆိုပြုသူများ ရှိသကဲ့သို့ လက်တွေ့ကျင်းပရန် ပြင်ဆင်စိုင်းပြင်း နေသံများပင် စတင် ကြားနေရသည်။ စာရေးသူအနေဖြင့်မူ ယင်းညီလာခံမျိုးကျင်းပရန် လုံးဝပင်မလိုအပ်ဟုရှုမြင်သည်။ အဘယ် ကြောင့် နည်း။
ပင်လုံညီလာခံသည် သမိုင်းတွင်ခဲ့ပြီးဖြစ်သည်။ တရားဝင်ခဲ့ပြီးဖြစ်သည်။ ပင်လုံညီလာခံ၏ တရားဝင်မှုကို မည်သူငြင်း နိုင်အံ့နည်း။ အလားတူအမည်ဖြင့် နောက်တကြိမ်ညီလာခံတခု ထပ်မံကျင်းပမည်ဆိုလျှင် တ၇ားဝင်မှု ပြသနာတက် လာမည်။ ပထမပင်လုံညီလာခံက တရားဝင်သလား။ နောက်ထပ်ကျင်းပမည့် ဒုတိယညီလာခံက ပိုပြီး တရား ၀င် သလား။ ဥပဒေအရ ရှုတ်ထွေးသည့် ပြသနာပေါ်လာမည်။ ပြည်ထောင်စု တည်ဆောက်ရေးနှင့် စပ်လျှဉ်း၍ ဗိုလ်ချုပ် အောင်ဆန်းနှင့် ထိုခေတ်က တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့သည့် ညီလာခံထက်ပို၍ တရားဝင် သော ညီလာခံ၊ ယခုလည်းမကျင်းပနိုင်၊ နောင်လည်းမည်သည့်အခါတွင်မျှ ကျင်းပနိုင်မည်မဟုတ်တော့ ပါ။ အကြောင်း မှာ မူလ ပင်လုံညီလာခံကျင်းပခဲ့စဉ်တုံးက နောက်ခံအခြေအနေကို လက်တွေ့ မည်သို့မျှ မရနိုင်တော့သောကြောင့် ဖြစ်သည်။ ရှင်းပါမည်။

(၁) ပြည်ထောင်စုမှာ မပါဝင်လျှင် နေ၍ရနိုင်ခဲ့သည့် အခြေအနေ

ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခါနီး ပင်လုံစာချုပ်မချုပ်မီတွင် တိုင်းရင်းသားပြည်နယ်များသည် ပြည်ထောင်စု မှာ မပါလျှင် နေ၍ ရနိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာလူမျိုးများနှင့် အတူ လွတ်လပ်ရေး မယူဘဲ အင်္ဂလိပ်လက်အောက်မှာ ဆက်နေရန်၊ တဖြေးဖြေးမှ ၄င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ရေး ယူသွားရန် ကြိုးပမ်း နိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။
တိုင်းရင်းသားပြည်နယ်များသည် မြန်မာများ နှင့် အတူ လွတ်လပ်ရေးမယူခဲ့ဘဲ အင်္ဂလိပ်လက်အောက်မှာ ဆက်နေခဲ့ လျှင်ပင် သက်ဆိုင်ရာ ပြည်နယ်များရှိ လူထုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများယခုထက် အဆပေါင်း များစွာကောင်းနေမည်ဟု ယူဆသည်။
ဟောင်ကောင်ကို ကြည့်ပါ။ အင်္ဂလိပ်လက်အောက်မှာပင် တလျှောက်လုံး ဆက်နေခဲ့ပြီး ၁၉၉၇ ခုနှစ်ရောက်မှလွတ်လပ် ယူကာ တရုပ်ပြည်မကြီးနှင့် ပေါင်းသွားခဲ့သည်။ ဟောင်ကောင်တွင် ခိုင်မာသည့် ဥပဒေစနစ်ရှိနေဆဲ။ တဦးချင်း လွတ် လပ်မှု အားကောင်းနေဆဲ။ စီးပွားရေးတိုးတက်နေဆဲ။ တရုပ်ပြည်မကြီးတွင် အတိုးတက်ဆုံးဟု ပြောနိုင်သည့် ရှန်ဟိုင်း ထက်သာသည် ဟု သုံးသပ် ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ချုပ်ကိုင်ခံထားရသည့် အခြေအနေအတိုင်းသာ ဆိုလျှင်တိုင်းရင်းသားပြည်နယ်များ သည် နောက်ထပ်နှစ်ပေါင်းငါးဆယ် ကြိုးစားဦးတော့ ဟောင်ကောင်ယခုရှိနေသည့် အခြေအနေရရန်ပင် မလွယ်တော့ပါ။ ယခု ဒုတိယ အကြိမ်ပင်လုံညီလာခံကျင်းပမည် ဆိုကြပါစို့။ မူလပင်လုံညီလာခံ ကျင်းပစဉ်ကရှိခဲ့သည့် နိုင်ငံရေးအခြေ အနေ မျိုးကို အသိအမှတ်ပြုမလား၊ ပြည်ထောင်စုမှာမပါဘဲနေလိုကနေခွင့်ရသည့် အခွင့်အရေးပေးမလား ဟူ၍ ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အစိုးရကို မေးကြည့်ပါ။ ပေးရန်ဝေး၍ ခွဲထွက်ရေးသမားဟု အမည်တပ်ကာ ပုဒ်မအမျိုးမျိုးဖြင့် မတရားချုပ်နှောင်ခံရမှာပင် စိုးရိမ်နေရသည်။

(၂) ယုံကြည်မှု ပြသနာ

ဗိုလ်ချုပ်အောင်ဆန်းအပေါ်ပုဂ္ဂိုလ်အရ ယုံကြည် ၍တကြောင်း၊ ပင်လုံစာချုပ်တွင် ၄င်းတို့လိုလားသော အချက်အလက် များ ပါဝင်ခဲ့သဖြင့် တကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပင်လုံစာချုပ်ကို ချုပ်ခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့၏ လွတ်လပ်သော နိုင်ငံတည်ထောင်ခွင့်ကို စွန့်လွှတ်ပြီး ပြည်ထောင်စုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်တွင် ယုံကြည်မှုမှာ ပြသနာများစွာတက်လျှက်ရှိပြီ။ မည်သူ့ကို ယုံကြည်မည်နည်း။ မြန်မာမဟုတ်သော တိုင်းရင်းသားများ ဘက်က ကြည့်လျှင် မြန်မာများထဲကမည်သူ့ကိုယုံကြည်ရမည်ဟူသည်မှာ ပြသနာတက်နေပါပြီ။

ပြီးခဲ့သည့်ရက်ပိုင်းကမျှ ကေအင်ယူခေါင်းဆောင်များ သမတဦးသိန်းစိန်နှင့် တွေ့ခဲ့ကြသည်။ ဦးသိန်းစိန်က ကရင်လူထု ကြေနပ်စေရန် ကေအင်ယူခေါင်းဆောင်များအား စားကောင်းသောက်ဖွယ်များနှင့် ဧည့်ခံပြီး၊ ကရင်ဝတ်စုံ ၀တ်ပြလိုက် သည်။ ဤမျှသာဖြစ်သည်။ ကရင်လူထု ရသင့်ရထိုက်သည့် နိုင်ငံရေးအခွင့်အရေး တခုတလေမျှ မပေးလိုက်။ စစ်ခေါင်း ဆောင်များ လိုခြင်သည့် အပစ်အခတ်၇ပ်စဲရေးကိုသာ ခိုင်မာအောင်ထပ်လုပ်လိုက်သည်။ ကေအင်ယူ ခေါင်းဆောင်များ သည် လက်ချည်းဗလာနှင့် ပြန်လာခဲ့ရသည်။

တိုင်းရင်းသားများက မြန်မာခေါင်းဆောင်များအပေါ် ယုံကြည်မှုပျက်နေသလို၊ မြန်မာမဟုတ်သည့် တိုင်းရင်းသား အဖွဲ့ အစည်းများတခုနှင့် အခြားတခုအကြားတွင်လည်း ယုံကြည်မှုမှာ အားကောင်းကောင်းရှိမနေ။ ပင်လုံစာချုပ် မချုပ်ဆိုခင် က အခြေအနေမျိုးမရှိတော့။ ၁၉၆၂ခုနှစ်စစ်အာဏာသိမ်းခဲ့ပြီးနောက်စစ်အစိုးရအဆက်ဆက်ကဖန်တည်းထားခဲ့သော ကြောင့်ဖြစ်သည်။

(၃) ကိုယ်စားပြုမှုပြသနာ

ပင်လုံစာချုပ် ချုပ်ဆိုသည့်အချိန်တွင် ကိုယ်စားပြုမှု ပြသနာလုံးဝမရှိခဲ့ပါ။ မြန်မာလူမျိုးများ အတွက် မရှိခဲ့သလို မြန်မာမဟုတ်သည့် တိုင်းရင်းသားများအတွက်လည်း မရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာလူမျိုးများကို ကိုယ်စားပြုသလို မြန်မာအစိုးရကိုလည်း ကိုယ်စားပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း တဦးတည်း လက်မှတ်ထိုးခဲ့သည်။ ယခုအချိန်တွင် မြန်မာလူမျိုးများကို ကိုယ်စားပြု၍ မည်သူ လက်မှတ်ရေးထိုးချုပ်ဆိုမည်နည်း။ လက်ရှိသမတ ဦးသိန်း စိန် သည် မြန်မာလူမျိုးများအားလုံးကိုကိုယ်စားပြု၍လက်မှတ် ရေးထိုးမည်ဆိုလျှင် မြန်မာတွေ တကယ် သဘောတူပါ မည်လား။ ဒေါ်အောင်ဆန်းစုကြည် က ကိုယ်စားပြု၍ လက်မှတ် ထိုးမည် ဆိုလျှင်ရော ဗိုလ်ချုပ်ဟောင်း သစ်တွေ အားလုံး သဘောတူပါမည်လား။
တိုင်းရင်းသားများ၏ ကိုယ်စားပြုမှုမှာလည်း အလားတူ ရှုတ်ထွေးနေသည်။ ဥပမာ အားဖြင့် ယခုအချိန်တွင် ကရင်အဖွဲ့ အစည်း အမျိုးမျိုးရှိနေသဖြင့် ကရင်လူမျိုး ကို မည်သူကိုယ်စားပြုမည်နည်း။ ကေအင်ယူက တာဝန်ယူလက်မှတ်ထိုး မည်ဆိုလျှင် အခြားအဖွဲ့များကြေနပ်ပါမည်လား။ ရှိသမျှ ကရင်အဖွဲ့များ အကုန်ဝင်ပြီးလက်မှတ်ထိုးမည်ဆိုလျှင် စာချုပ် ၏ အင်္ဂါရပ်နှင့်သင့်တော်ပါမည်လား။ အခြားလူမျိုးများမှာလည်း အလားတူ ပြသနာရှိနေသည်။

ပင်လုံစာချုပ်ပြသနာလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြသနာလား။

စာရေးသူ၏အမြင်မှာ ပင်လုံစာချုပ်သည် ပြသနာမရှိ။ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီအခွင့်အရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အရေးများ ပါရှိနေပြီးဖြစ်သည်။ မူအားဖြင့် ဤမျှလောက်ဆိုရလောက်ပြီ။ အနှစ်သာရအရ ပြည့်စုံ လောက် ပြီ။ ပြသနာမှာ စာချုပ်ပါ အနှစ်သာရကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများဖြစ်သည်။
၁၉၄၇ အခြေခံဥပဒေတွင် ၃၅% ခန့်ပြသနာရှိခဲ့သည်။ ၁၉၇၄ အခြေခံဥပဒေတွင် ၇၀% ခန့် ပြသနာရှိခဲ့သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ၁၀၀% ပြသနာရှိနေပြီ။ သို့ဖြစ်၍ ဆွေးနွေးရမည့်ကိစ္စမှာ ၁၉၄၇ ပင်လုံစာချုပ်၏ အနှစ်သာရ ကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုကို တည်ဆောက်သင့်သနည်း ဟူ၍ သာဖြစ်သည်။

စစ်အစိုးရကျင်းပပေးမည့် ပင်လုံကဲ့သို့အလားတူညီလာခံ သို့မဟုတ် တိုင်းရင်းသားညီလာခံကို မည်သို့ရှုမြင်သင့်သနည်း။

တိုင်းရင်းသားအင်အားစုများ ဆက်လက်တောင်းဆိုပါက ဦးသိန်းစိန် အစိုးရသည် အားလုံးပါဝင်ခွင့်ရမည့် ပင်လုံကဲ့သို့ အလားတူ ညီလာခံမျိုး မုချကျင်းပပေးပါမည်။ ဗေဒင်မေးလျှင် ဆန်ကုန်ပါမည်။ မယုံမရှိပါနှင့်။ စစ်အစိုးရက အတု အယောင် အမျိုးသား ညီလာခံကို ကျင်းပခဲ့ဘူးပြီ။ လက်ရှိသမတ ဦးသိန်းစိန်မှာ ဤကိစ္စ၌ အကျွမ်းကျင်ဆုံး ဖြစ်သည်။ သူကိုယ်တိုင် ကျင်းပရေးကော်မတီ ဥက္ကဌ လုပ်ခဲ့သည်။ ပင်လုံကဲ့သို့အလားတူညီလာခံ ဟူသည်တွင်လည်း ဟိုအဖွဲ့၊ သည်အဖွဲ့ အဖွဲ့ပေါင်းစုံကို ဖိတ်၊ အစိုးရက ပေးကမ်းထောက်ပံ့လက်သပ်မွေးထားသော တိုင်းရင်းသား ခေါင်း ဆောင် အမည်ခံထားသည့် ပုဂ္ဂိုလ်အမျိုးမျိုးကို ဖိတ်ကာ အုတ်အရောရော ကျောက်အရောရော ညီလာခံကြီး တခုပေါ် လာပါဦး မည်။ စစ်မှန်သည့် တိုင်းရင်းသားခေါင်းဆောင်များက ကန့်ကွက်ဦးတော့၊ မည်သူတက်သင့်သည်၊ မည်သူ မတက်သင့် ငြင်းခုံဆွေးနွေးနေသည်ကပင် တနှစ်ခန့်ကြာသွားနိုင်သည်။

အတုအယောင်အမျိုးသားညီလာခံ ကျင်းပခဲ့ရာ၌ (၁၅) နှစ်ကြာခဲ့သည်။ အချိန်ဆွဲရာ၌ အတွေ့အကြုံအင်မတန် ကြီးမား သော သမတ ဦးသိန်းစိန်က ဒုတိယ ပင်လုံညီလာခံကို ခေါင်းဆောင်ကျင်းပလျှင် နှစ်ပေါင်း (၃၀) ခန့် ကြာပါ ဦးမည်။ လက်ရှိတိုင်းရင်းသားခေါင်းဆောင် အများစုကြီးမှာ အသက် ၆၀ နှစ် အထက်ရှိနေကြပြီ။ ညီလာခံပြီးသည့် အချိန်၌ မည်သူမျှ အသက်ရှိတော့မည် မထင်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ထိုအထဲတွင်ပါသွားပါမည်။ စာေ၇းသူလည်း ကျန်မည်မဟုတ်ပါ။ သင်္ခါရနောက် သို့လိုက်ကြရပါမည်။ ညီလာခံကြီးမှာ ဘာတခုမှ ရေရေရာရာ မချမှတ်နိုင်ဘဲ နောက်မျိုးဆက် အဆင့်ဆင့် လက်ဝယ် သို့ စစ်အာဏာရှင်စနစ် အမွေ၊ တိုင်းရင်းသားများအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကင်းမဲ့သည့် အမွေ ဆိုး များကိုသာ ချန်ထားရစ်နိုင်ဘို့ သေချာသလောက်ဖြစ်သည်။ သို့ဖြစ်၍ ညီလာခံလမ်းကြောင်းကို လုံးဝပင် မလိုက်သင့် ပါ။
ဖွဲ့စည်းပုံပြသနာကို ဖွဲ့စည်းပုံနှင့် ရှင်း။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းအများစုကြီး၏ ရပ်တည်ချက်မှာ ရှင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများလိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရနိုင်ဟူ၍ဖြစ်သည်။ ၂၀၀၈ ဥပဒေသည် လူထုရင်ဆိုင်ကြုံတွေ့နေရသော မည်သည့် ပြသနာကြီးကိုမျှ မရှင်းနိုင်။ အခြားအရေးကြီးသည်များကို ထားပါဦး။ ပြည်ထောင်စုနှင့် စပ်လျှဉ်း၍ တချက်တည်းထောက်ပြပါမည်။ တိုင်းရင်းသား တပ်များ၏ တည်ရှိမှုကို ၂၀၀၈ ဖွဲ့စည်းပုံ သည် လုံးဝမရှင်းနိုင်။ ဖွဲ့စည်းပုံကတခြား၊ ပကတိ တည်ရှိနေသော အနေအထားများက တလွဲဖြစ်နေသည်။ ၂၀၀၈ ဥပဒေအရ တည်ရှိနေသည့် တိုင်းပြည်အဆောက်အအုံများသည် စစ်အစိုးရ အုပ်ချုပ်ရေးယန္တယား လည်ပတ်ရေး အတွက်သာ ထောက်ကူထားပြီး လူထုအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မည်သို့မျှမပြု။ ၂၀၀၈ ကိုအခြေပြု၍ မတရားဥပဒေများ သာ တောက်လျှောက်ထွက်ပေါ်နေသည်။ ယခင်က တည်ရှိခဲ့သော မည်သည့် မတရားဥပဒေ ကိုမျှ ရုပ်သိမ်းနိုင်ခြင်းမရှိ။

တိုင်းရင်းသားအဖွဲ့အစည်းများအား နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များနှင့် အချိန်ဆွဲထား၊ ပင်လုံနှင့် အလားတူသော ညီလာခံ၊ တိုင်းရင်းသားညီလာခံ၊ ဟိုညီလာခံ သည်ညီလာခံ ဆိုသည်များ ကျင်းပပေးပြီး နှစ်ပေါင်း (၃၀) ခန့် မြှော ထားစဉ်တွင် ၂၀၀၈ အခြေခံဥပဒေသည် အလံထူနေမည်။ အောင်ပွဲဆင်နေမည်။

၂၀၀၈ဖွဲ့စည်းပုံအပေါ်အခြေခံလျှက် ရွေးကောက်ပွဲတခုပြီးတခုကျင်းပ နေမည်။ ဤသည်မှာ စစ်အစိုးရဖန်တည်းနေသော လမ်းပြမြေပုံနောက်တခုဖြစ်သည်။ ဤလမ်းပြမြေပုံအတိုင်းသွားလျှင် ထာဝရ ငြိမ်းချမ်းရေး ရမည်ဟုလည်း ကြွေးကြော်နေကြသည်။
တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေး၍ ရရှိသည့်ရလာဒ်များအား လွှတ်တော်တင်ပေးပါမည်၊ အတည်ပြုရုံပါဘဲ ဟူ၍ ဦးသိန်းစိန် အစိုးရက ချော့မြူခေါ်ဆောင်လျှက်ရှိသည်။ မည်မျှပင် နှစ်ပေါင်းကြာအောင်ဆွေးနွေးသည်ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှာသာ လမ်းဆုံးသွားစေ၇န်ဖြစ်သည်။ စစ်အာဏာရှင်ဟောင်း သစ်များ မှာ နိုင်ငံရေးအရလူထုကို လှည့်ဖြားခဲ့သည့် အတွေ့အကြုံများနေကြပြီ။ ပရိယာယ်ေ၀၀ုဒ်များလှသည်။ တိုင်းရင်းသား များသည် လမ်းကြောင်းမှားကို ယောင်မှားလျှောက်မိလျှင် ပြည်ထောင် စု တရပ်လုံး နောက်ထပ် မျိုးဆက်ပေါင်းများစွာ ချီ၍ နစ်နာပါဦးမည်။

ယင်းကို ဖြတ်ကျော်၇န်မှာ နည်းလမ်းတခုတည်းသာရှိသည် ဟု စာရေးသူယူဆသည်။ ၂၀၁၂ ခုနှစ် နိုဝင်္ဘလာ ၂ ရက် နေ့တွင် လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းကတိုင်းရင်းသားများလိုလားသည့်ဖက်ဒရယ်ဥပဒေ ပြုစုရန်သဘောတူ ကြောင်း ပြောကြားသွားခဲ့ပြီးဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ စုပေါင်းကာ ၁၉၉၀ ခုနှစ်ကထဲက စတင်ရေးဆွဲခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပထမ မူကြမ်းအဖြစ် အတည်ပြုထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိသည်။ နိုင်ငံရေးဆွေးနွေးပွဲများတွင် ယင်းမူကြမ်းကို စတင်ဆွေးနွေးသည်မှာ အကောင်းဆုံးဖြစ်ပါမည်။

စာရေးသူသည် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညီနိုင်းမှုကော်မတီ (FCDCC) က ပြုစု ထား သည့် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) စာအုပ်ကလေး အား ပြည်တွင်းမှ မီဒီယာသမား အမျိုးသမီးတဦးအား မကြာသေးမီက ထုတ်ပြခဲ့သည်။ သူမသည် အံ့သြ တကြီးနှင့် ဟိုလှန် သည်လှန် အကြမ်းဖျင်းဖတ် ကြည့်ရုံသာမက တန်ဘိုးထားမှုကို ပြသည့်အနေဖြင့် စာအုပ်ကလေးအား နမ်းရှုံ့ခဲ့သည်။ ပြည်တွင်း လူထု ကြီးသည် စစ်မှန်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ငတ်မွတ်နေခဲ့သည်မှာ ဆယ်စုနှစ် ငါးစု ရှိခဲ့ပါပြီ။
နိုင်ငံရေးဆွေးနွေးပွဲများတွင် မည်သည့် အင်အားစုများ ပါသင့်သနည်း။

ကုလသမဂ္ဂကပင် သဘောတူချမှတ်ပေးထားသည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ရှိပါသည်။ သို့ရာတွင် ယင်းမှာ လက်တွေ့ အခြေအနေကို မထင်ဟပ်တော့ပါ။ ဒီမိုကရေစီအင်အားစုများကို ကိုယ်စားပြုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ လွှတ်တော်အတွင်းဝင်ရောက်သွားခဲ့ပြီ။ သို့ဖြစ်၍ တပွင့်ပြုတ်သွားပြီး နှစ်ပွင့်သာ ကျန်သည်ဟု စာရေးသူယူဆသည်။ နှစ်ပွင့်အနက် တပွင့်မှာ ယူအင်န်အက်ဖ်စီ ဦးဆောင်ပြီး လွှတ်တော် ပြင်ပရှိ စစ်မှန်သည့် တိုင်းရင်းသားခေါင်းဆောင်များပါ ကိုယ်စားပြုပါဝင်ခွင့်ရစေမည့် တိုင်းရင်းသားအင်အားစုများ ဖြစ်မည်။ ကျန်တပွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ခေါင်းဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် များ နှင့် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်များ ဖြစ်ပါမည်။

အသင့်ရေးဆွဲပြီးဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် ယင်းနှစ်ပွင့် ထိုင်ဆွေးနွေးခွင့်ရလျှင် တနှစ် ထက်ပိုပြီး မကြာနိုင်ပါ။ ကြိုက်သလိုပြင်ဆင်ဖြည့်စွက်ပြီးနောက် ကုလသမဂ္ဂ၏ ကြီးကြပ်မှုကို တောင်းခံကာ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ များကို နောက်ထပ်တနှစ်အတွင်းပြီးအောင်လုပ်နိုင်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအသစ်အပေါ် အခြေပြု၍ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ပါမည်။ တခုခုကို အသေအချာဦးတည် တောင်းဆို တိုက်ပွဲဝင် ခြင်းမရှိလျှင် ၂၀၁၅ ရောက်သည့်အချိန်အထိ ဘာတခုမျှ ရေရောရာရာမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံကြောရိုးများအတိုင်း ဆက်လက်စီးမျောသွားမည်ကို စိုးရိမ်မိပါသည်။

ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းတွင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ကျင့်သုံးထားသော်လည်း သမတ သည် ၁၉၄၇ အခြေခံဥပဒေမှာကဲ့သို့မဟုတ် သတ်မှတ်ထားသည့် အခွင့်အာဏာ ရှိကြောင်းတွေ့ရသည်။ နိုင်ငံရေးအာဏာ ရယူရန်ဆန္ဒရှိသော ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံသစ်နှင့် အညီ တနေရာယူထားပြီး အခြားတနေရာမှာ တိုင်းရင်းသားခေါင်းဆောင်တဦးဦး ယူထားခြင်းဖြင့် လှပသော နိုင်ငံရေးရှုခင်းတခုပေါ်လာနိုင်ပါမည်။ တပ်မတော် မှာ မူ ဘားတိုက်ပြန်သင့်သည့် အချိန်ထက် ပိုလွန်နေပါပြီ။ စစ်တပ်က နှစ်ပေါင်း ၅၀ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားပြီး နောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံ ဘ၀ သို့ ကျရောက်သွားခဲ့ရပြီ။ လူထုကိုထားပါဦး။ တပ်အောက်ခြေထုများကိုပင် ထမင်းနပ်မှန်အောင် မကြွေး နိုင်တော့။ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမှာ တော်လောက်ပြီဖြစ်သည်။

ကေအိုင်အို၏ ခုခံစစ်နှင့် နိုင်ငံရေးအပြောင်းအလဲကေအိုင်အို၊ ကေအိုင်အေသည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည့် အတွေ့အကြုံရှိခဲ့ပြီ။ ကချင်ပြည်နယ် လူထုအတွက်ရော ပြည်ထောင်စု တခုလုံးအတွက်ပါ မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့။ သို့ဖြစ်၍ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးနှင့် စပ်လျှဉ်းသည့် နိုင်ငံရေး အပြောင်းအလဲ ခြေခြေမြစ်မြစ် အာမခံချက်မရှိဘဲ အပစ် အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဟု တင်းခံကာ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း စာရေးသူ နားလည်သည်။ ၄င်း ထမ်း ထားရသည့် နိုင်ငံရေးတာဝန်မှာ ကြီးမားလှသည်။ ရင်ဆိုင်နေရသည့် စစ်ရေးအန္တရာယ်မှာ ကြောက်ဖွယ် ကောင်းလှ သည်။ ဤသည်ကို တန်ဘိုးထားဘို့ လိုပါမည်။

အထူးသဖြင့် “One for all, All for one” တယောက်ထိရင် မခံဘဲ အားလုံးဝိုင်းချကြမယ် ဟူသော ကြွေးကြော်သံကို စာလုံးအကြီးဆုံးများဖြင့် ရေးသားလွှင့်ထူကာ အစည်းအဝေးကြီးများကျင်းပလေ့ရှိသည့် တိုင်းရင်းသားတပ်ပေါင်းစုကြီး ဖြစ်သော ယူအင်န်အက်စီ သည် ကေအိုင်အို အသဲအသန်ခံနေရသော်လည်း ထုတ်ပြန်ချက်ထုတ်သည့်အဆင့်မှ မပို၊ မည်သည့် လက်တွေ့တုန့်ပြန်မှုမျှ မရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်သည်။

အောင်ထူး (ရှေ့နေ) ဇန်န၀ါရီလ (၈) ရက် ၂၀၁၃ ခုနှစ်


မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာခဲ့သောOpen Society Foundation ကို တည်ထောင်ထားသူ အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်သည် ဇန်နဝါရီလ (၇) ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးအား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ခွန်ထွန်းဦးက လက်ရှိဖြစ်ပေါ်နေသော ရခိုင်အရေးအခင်း ကိစ္စ၊ ကချင်လက်နက်ကိုင်အဖွဲ့များနှင့် စစ်ပွဲများဖြစ်ပွားနေသော ကိစ္စ၊ တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မကျင့်သုံးသေးသရွေ့၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းသေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးသည် ရနိုင်မှာမဟုတ်သေးကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုးပမ်းဆောင်ရွက်
လျှက်ရှိသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း SNLD ပါတီအနေဖြင့် ကူညီဆောင်ရွက်
လျှက်ရှိကြောင်း ပြောဆိုခဲ့သည်။

ယခုတွေ့ဆုံပွဲသို့ SNLD ပါတီမှ ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ စိုင်းစောအောင်၊ ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာနမှ ဌာနမှုး စိုင်းဆမ်ဖွဏ်ဆိုင်တို့ တက်ရောက်ခဲ့ပါသည်။ Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်
လျက်ရှိပြီး ဂျော့ဆိုးရော့စ်အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခု ၎င်း၏ မြန်မာပြည်ခရီးစဉ်မှာ သတင်းအချက်လာရောက်ရယူ သည့် ခရီးစဉ်ဖြစ်ဖွယ်ရှိပြီး အခြား နိုင်ငံရေးအဖွဲ့အစည်းများကိုလည်း ဆက်လက်တွေ့ဆုံသွားမည်ဟု သိရှိရပါသည်။

Shan Nationalities League for Democracy


(AFP News မှ 8 Jan 2013 ရက်စွဲပါ “Suu Kyi Party Plans national conference”သတင်းကိုဘာသာပြန်ဆိုသည်)

တပ်မတော်အစိုးရလက်ထက် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက် အချက်အချာနေရာရလာသော ပါတီ၏နောက်ဆုံးလှုပ်ရှားမှုအဖြစ်လာမည့် လတွင်ပထမဆုံး ပြည်လုံးကျွတ်ညီလာခံကျင်းပရန် စီစဉ်နေသည်ပာု ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အတိုက်အခံပါတီက တနင်္လာနေ့တွင် ပြောကြားသည်။

“နှစ်ပေါင်း ၂၀ ကျော်ပြီးတဲ့နောက် အခုလိုမျိုး ပြည်လုံးကျွတ်ညီလာခံကျင်းပဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်”NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က သတင်းထောက်များကိုပြောကြားသည်။

အရေးကြီးသော ၂၀၁၅ ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေသည့် အလျောက် ပါတီ၏ ဦးဆောင်မှုကဏ္ဍကို သုံးသပ်မည့် စည်းဝေးပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသည်ပာု ၎င်းကဆိုသည်။

NLD ပါတီသည် ၂၀၁၁ ခုနှစ်က အာဏာရလာသော အရပ်သားတစ်ပိုင်းအစိုးရ၏ ချီးကျုးဖွယ်ပြုပြင်ပြောင်းလဲမှုများကြောင့် ထွက်ပေါ်လာသော ကျယ်ပြန့်သည့် အသွင်ကူးပြောင်းမှုဖြစ်စဉ်ထဲတွင် ပါဝင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အဖိနှိပ်ခံ ဒီမိုကရေစီအုပ်စုသည်လည်း ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် လွှတ်တော်သို့ပထမဆုံးအကြိမ် ဝင်ရောက်လာကာ ယခင်နိုင်ငံရေးအကျဉ်းသားများသည်လည်း လွှတ်တော်အမတ်များဖြစ်လာခဲ့ကြသည်။

ရေပန်းစားလူကြိုက်များလွန်းသောပါတီသည် နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးအပြီး ပေါ်ထွက်လာသော မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ ရေချိန်ကို စမ်းသပ်မှုအဖြစ် အကဲခတ်များက ယူဆထားကြသော လာမည့် ၂ နှစ်ရွေးကောက်ပွဲများအတွက် ယခုအခါ ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။ “ညီလာခံရဲ့အဓိကတာဝန်ကတော့ ဗပာိုကော်မတီနဲ့ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားဖို့ဖြစ်ပါတယ်”ပာု ဦးအုန်းကြိုင်ကဆိုသည်။

ပါတီဝင်ကိုယ်စားလှယ် ၁၅၀၀ ခန့်တက်ရောက်မည်ပာုမျှော်လင့်ရသော ညီလာခံစည်းဝေးပွဲအတွက် သင့်တောမည့်နေရာကို ရှာဖွေနေဆဲပာုလည်း ၎င်းကဆက်လက်ပြောကြားသည်။

အောက်လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော် အမတ်နေရာ ၄၂ နေရာ ရရှိထားသော အတိုက်အခံ NLD ပါတီသည် ယင်း၏သက်ကြီးပိုင်း ခေါင်းဆောင်များအနေဖြင့် မျိုးဆက်သစ်တို့၏ မျှော်လင့်ချက် ကြီးထွားလာမှုကို ကြုံတွေ့နေရခြင်းကြောင့် ပါတီကို သွေးသစ်လောင်း ပြင်ဆင်ဖွဲ့စည်းရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။

ရန်ကုန်အခြေစိုက် လွတ်လပ်သော အကဲခတ်လေ့လာသူ Makl Raynaud က NLD ပါတီသည် လူအိုများက အာဏာကိုချုပ်ကိုင်ထားပြီး အရာရာ ကို ရန်ကုန်မှဆုံးဖြတ်နေခြင်းကြောင့် လူငယ်များ အလွန်အမင်း စိတ်ပျက်နေသော အဖွဲ့အစည်းဖြစ်သည်ပာု သတင်းထောက်များအား မှတ်ချက်ပေး ပြောဆိုသည်။

NLD ပါတီသည် အာဏာအတွက် စည်းရုံးမဲဆွယ်ရမည့် လက်တွေ့အမှန်တရားနှင့် ပါတီတော်လှန်ရေး စံနှုန်းများအကြားတွင် ပိတ်မိနေသည်ပာု လည်း Makl Raynaud ကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏လွှတ်တော်သို့သွားရာလမ်းတွင် သမ္မတဦးသိန်းစိန်နှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခြင်း အပါအဝင် အစိုးရအဖွဲ့ကို ကြီးစိုးထားသော ယခင်ဗိုလ်ချုပ်ပောာင်းများနှင့်အတူတကွ အလုပ်လုပ်ရန် သူမသဘောတူခြင်းကို တွေ့မြင်ကြရပြီးဖြစ်သည်။

ပြည်တွင်းမှ အမည်မဖော်လိုသော အကဲခတ်တစ်ဦးကမူ “ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုသည် အချိန်နောက်ကျပြီဖြစ်ကြောင်း၊ ဦးသန်းရွှေကြိုးကိုင်နေသော ခြေသွက်လက်သွက် ပြည်ခိုင်ဖြိုးပါတီသည် ‘လေဒီ’နည်းပါး နာမည်ရနေသော သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ကာ လာမည့်ရွေးကောက်ပွဲအတွက် ဘက်စုံဒေါင့်စုံ အားကုန်သုံးကာ လှုပ်ရှားနေပြီဖြစ်ကြောင်း ”မှတ်ချက် ပေးပြောဆိုထားသည်။

Yangon chronicle


ယနေ့ ဇန်နဝါရီလ၊(၈)ရက် နံနက်(၁၁း၀၀)နာရီက ရန်ကုန်မြို့ Chatrium Hotel ၏ Mandalay Room ၌ ရန်ကုန်မြို့သို့ရောက်ရှိနေသော Open Society Foundations မှ Chairman ဖြစ်သူ Mr.George Soros ဦးဆောင်သည့်အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချိုနှင့် မြအေးတို့ တစ်နာရီခွဲကြာတွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် Extractive Industries Transparency Initiative( EITI ) ၏လေ့လာမှုဖြင့် ပွင့်လင်းမြင်သာမှုပိုမိုရှိရန်၊ ပညာရှင်များ၏ ပံပိုးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်
မှု ကိစ္စရပ် များ တွင်လည်း ပိုမိုထိရောက်စွာပူးပေါင်းဆာင်ရွက်နိုင်ရန် အလားအလာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

(88 Generation Students)

(2 Jan 2013 ရက်စွဲပါ The Gulf Today မှ Nehiginopao Kipgem ရေးသားသော A Winning hand for America ကိုဘာသာပြန်ပါသည်)
မကြာသေးမီက အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယ၏ အဓိကကျသော အိမ်နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်လာမှုများသည် ၁၉၈၈ ခုနှစ် အရေးအခင်းနှင့်စစ်အစိုးရက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆန်မှုများပြီးသည့် နောက်နှစ်ပေါင်းများစွာ သံတမန်ရေးရာ အရကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မှု၏ရလဒ် ဖြစ်ပါသည်။ ထို့အပြင် အမေရိကန်အစိုးရ၏ မုန့်လည်းဝေ၊တုတ်လည်းဝေသည့် လမ်းနှစ်သွယ် မူဝါဒ၏ ရလဒ်လည်းဖြစ်ပါသည်။
၁၉၉၀ ခုနှစ်များက စစ်အစိုးရပုံမှန်ဆက်ဆံရေး ပြန်လည်လုပ်ဆောင်ခဲ့သော အိန္ဒိယနှင့်မတူပဲ အမေရိကန်ပြည်ထောင်စုသည် နှစ်နိုင်ငံ     ဆက်ဆံရေးပုံမှန်ဖြစ်ရန် အခြေခံအချက်အချို့ကို တောင်းဆိုခဲ့ပါသည်။ အဆိုပါတောင်းဆိုမှုများတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသား များ၊ အတိုက်အခံပါတီများ အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်၊ ကုလသမဂ္ဂ၏ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကို လိုက်နာရန်၊ မြောက်ကိုရီးယားနှင့် တရားမဝင်ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရန်၊ လူ့အခွင့်အရေးကိစ္စများတွင် ပိုမိုတာဝန်ယူရန်နှင့် တိုင်းရင်းသားများ အပေါ်တိုက်ခိုက်မှုများရပ်ဆိုင်းရန် များပါဝင်ပါသည်။ ထို့အပြင် အမေရိကန်က မြန်မာအစိုးရအား လွတ်လပ်၍ တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန်ကိုပါ တောင်းဆိုခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသား (၆၅၁) ဦးလွှတ်ပေးခဲ့ရာ ၁၉၈၈ ခုနှစ်ဒီမိုကရေစီဆန္ဒပြပွဲခေါင်းဆောင်များ၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်၊ ရှမ်းခေါင်းဆောင်များ ဖြစ်သော ခွန်ထွန်းဦးနှင့်စိုင်းညွန့်လွင် တို့ပါဝင်ပါသည်။
ဒုတိယအချက်အားဖြင့် ဦးသိန်းစိန်၏ အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ လက် မှတ်ရေးထိုးနိုင်ခဲ့ရာ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား ယူနီယမ် (KNU) ၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN_K)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးတပ် (PNLA) နှင့် ရှန်းပြည်နယ်တပ်မတော်-မြောက် (SSA_North) တို့ပါဝင်ခဲ့ပါသည်။
တတိယအချက်အားဖြင့် အစိုးရသည် ပြီးခဲ့သည့်နှစ်ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီသည် (၄၄) နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ (၄၃) နေရာ အနိုင်ရရှိခဲ့ပါသည်။ NLD ပါတီ၊ တိုင်းရင်းသားပါတီများနှင့် အခြားနိုင်ငံရေး ပါတီများ ပါဝင်လာခြင်းသည် အစိုးရကလိုအပ်နေသော တရားဝင်မှုနှင့် ၂၀၀၃ ခုနှစ်က စတင်ခဲ့သောအစိုးရ၏ လမ်းညွှန်မြေပုံ (၇) ချက်ကို ပို၍အမှတ်ရစေပါ သည်။
အိုဘားမားအစိုးရသည် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်တိုင်းကို ပြန်လည်တုန့်ပြန်မည်ဟု ကတိပေးထားချက်အရ မြန်မာနိုင်ငံအတွက်မူဝါဒ ညှိနှိုင်းပေးသူနှင့် အထူးကိုယ်စားလှယ် Derek Mitchell အား အမေရိကန်သံအမတ်ကြီးသစ်အဖြစ် ဇွန်လ (၂၉) ရက်နေ့တွင်အတည်ပြုခဲ့ပါသည်။ အမေရိကန်ရင်းနှီးမြှုပ်နှံ သူများ ပိတ်ပင်ထားမှုအား ဇူလိုင်လ (၁၁) ရက်နေ့တွင် ရုတ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံမှ သွင်းကုန်များပိတ်ပင် ထားမှုကိုစက်တင် ဘာ(၂၇) ရက်နေ့တွင် ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားခြင်း များကို ရုတ်သိမ်းပေးခဲ့ခြင်းသည် အမေရိကန်ကုမ္ပဏီများ၊ ကမ္ဘာ့ ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင်ငွေကြေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံတွင် အဆက်အသွယ်များ ပြန်လည်ထူထောင်ရန် စတင် နိုင်ခဲ့ပါသည်။
အမေရိကန်သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အရေးကြီးသော အောင်မြင်မှုလေးခုကို ရရှိခဲ့ပါသည်။ အပယ်ခံအဖြစ်ထားရှိပြီးမှ ဆက်ဆံရေး ပြုလုပ်အောင်မြင်မှုကို သရုပ်ဖော်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် နျူကလီးယားအစီအစဉ်များအတွက် မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်ဆံမှုမပြုရန် အာမခံချက် ပေးခဲ့ခြင်းကို ရရှိခဲ့ပါသည်။  အမေရိကန်သည် ကမ္ဘာတစ်လွှား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ ပြယုဂ်အဖြစ် ထွက်ပေါ်နိုင်ခဲ့ပါသည်။ အရှေ့တောင်အာရှတွင် အမေရိကန်တည်ရှိရန်ခိုင်မာသော အုတ်မြစ်ချ နိုင်ခဲ့ပါသည်
ထို့အပြင် ဆက်ဆံရေး တိုးတက်ကောင်းလာခြင်းသည် အမေရိကန်အား မြန်မာနိုင်ငံတွင် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်အေဂျင်စီ (USAID) ပြန်လည်တည်ထောင်ရန် ဖြစ်ပေါ်စေပါသည်။ UNDP ၏ ပုံမှန်အစီအစဉ်များအတွက် ထောက်ပံ့ရန်ငွေချေးနိုင်မှုကို ဖြစ်စေ ပါသည်။ မြန်မာအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်သို့ ရွေးချယ်စေလွှတ်နိုင်သည့် အခွင့်ပိုမိုရှိမည် ဖြစ်ပါသည်။ ထို့အပြင်ဒုတိယ ကမ္ဘာစစ်အတွင်းကကြွင်းကျန်သော အမေရိကန်များရှာဖွေရေး တွင် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး လမ်းခင်းပေးပါသည်။
မြန်မာအစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာခြင်းကြောင့် ၎င်းကာလကြာရှည်က လိုချင်နေသော တရားဝင် မှုကိုရရှိစေခဲ့ပါသည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပ မတိုင်ကအထိ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများသည် ၂၀၁၀ ရွေးကောက်ပွဲသည်        မြန်မာပြည်သူများကို အမှန်တကယ်ကိုယ်စားမပြုဟု မှတ်ယူထားခဲ့ကြပါသည်။ နောက်ထပ်အဓိကကျသော အောင်မြင်မှုတစ်ခုမှာ အရေးယူမှုများ ရုတ်သိမ်း သွားခြင်းဖြစ်ပါသည်။
အမေရိကန်၏ အပေါင်းလက္ခဏာဆောင်သော ဒီပလိုမေစီ၏အဆုံးသတ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့ က သမ္မတအိုဘားမား Barack Obama သွားရောက်လည်ပတ်ခြင်းဖြစ်ပါသည်။ ၎င်း၏ သမိုင်းဝင်ခရီးစဉ်အပေါ် အချို့လူ့အခွင့်အရေးအုပ်စုများက မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်ပြင်းထန်သော ဖြစ်ရပ်များ နှင့် နိုင်ငံရေးအကျဉ်းသားများရှိနေသေးခြင်းကြောင့် ထိုသို့ အဆင့်မြင့်ခရီးစဉ်များအတွက် အချိန်မတိုင်သေးကြောင်းဝေဖန်ခဲ့ ကြပါသည်။ အိုဘားမားအစိုးရကမူ သမ္မတ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုရန်နှင့် နောက်ထပ်      ပြုပြင်ပြောင်းလဲရေးများ အတွက်အားပေးရန်ဖြစ်ကြောင်း ပြောပါသည်။
အပေါင်းလက္ခဏာဆောင်သော မှတ်ချက်ပြုရလျှင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန် လိုအပ်သော ခြေလှမ်းများလှမ်းခဲ့ခြင်းအတွက် နှစ်နိုင်ငံ စလုံးကိုချီးကျူးရမည် ဖြစ်ပါသည်။ သို့သော် ယခု အဓိကကျသော စိုးရိမ်ပူပန်ရမှုများမှာ တိုင်းရင်းသားပြဿနာများအတွက် မြန်မာနိုင်ငံအစိုးရမှ နိုင်ငံရေး အရပြသနိုင်မှုရှိ မရှိပင် ဖြစ်ပါသည်။ မြန်မာအစိုးရသည် ကချင်နှင့် မည်သည့်အချိန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင် မည်နည်း။ အခြားအုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အာမခံချက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးသို့ ဦးတည်နိုင်မည်လောဟုဖြစ်ပါ သည်။
ထို့ထက်ပို၍ လက်ရှိရွေးကောက်ပွဲမဝင်ပဲ လွှတ်တော်တွင် ၂၅% အာမခံချက်ရရှိထားသော စစ်တပ်၏နိုင်ငံရေးတွင် ပါဝင်သော ကဏ္ဍကို ဖယ်ရှား ရန် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည်လောဟူသော ကိစ္စဖြစ်ပါသည်။ ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးနိုင်မည်လော။ အထက်ပါမျှော်လင့်ချက်များ မဖြည့်ဆီးနိုင်ပါက အမေရိကန်အစိုးရက မည်သို့တုန့်ပြန်မည် ဆိုသည်မှာလည်း မသေချာ မရေရာရှိနေပါဆဲ ဖြစ်ပါသည်
ခြုံကြည့်ရလျှင် ၂၀၁၂ သည် သံတမန်ရေးအရပြန်လည်ချဉ်းကပ်မှုအတွက် အရေးပါသော နှစ်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ၏ကာလကြာရှည်မှုနှင့် ခံနိုင်ရည်ရှိမှုမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု မည်မျှတိုးတက်မှုရှိသည်ဆိုသည့်အပေါ် တည်မှီနေမည်ဖြစ်ပါသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.