01/13/13

(VOA News မှ 11 Jan 2013 ရက်စွဲပါ “China sends troops to Burmese border” သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်များအကြားမှ ပြင်းထန်နေသော တိုက်ပွဲလျှံထွက်လာ မည်ကို စိုးရိမ်ရသောကြောင့် မြန်မာနှင့် နယ်စပ်သို့ တရုတ်နိုင်ငံက တပ်သားများစေလွှတ်ထားသည်ဟု တရုတ်နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် သတင်းဖော်ပြသည်။
တိုက်ပွဲအခြေအနေကိုသိရှိရန်အတွက် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ်အကြား နယ်စပ်ဒေသသို့ တပ်ဖွဲ့များစေလွှတ်ထားကြောင်း The Global Times သတင်းစာက ရေးသားထားသော်လည်း တပ်ဖွဲ့ဝင် အမျိုးအစားနှင့် အရေအတွက်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။
“၉ ရက်နေ့ညပိုင်းတွင် ကချင်ပြည်နယ်ဖက်ခြမ်း၌ အမြောက်ကျည်ဆံများ ပေါက်ကွဲမှုကြောင့် ထိုနယ်မြေမှ ဒေသခံများ တရုတ်နိုင်ငံဖက်သို့ လျှင်မြန်စွာ ပြေးဝင်လာကြသည်။” ဟု သတင်းတွင် ဖော်ပြထားသည်။ ယူနန်ပြည်နယ်သည်လည်း ကချင်တိုင်းရင်းသားများနေထိုင်ရာ ဒေသတစ်ခုဖြစ် သည်။
တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာ People’s Daily ကလည်း မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန်ပြည်နယ် ယင်ဂျီးယန်းစီရင်စုဒေသရှိ တောင်ပေါ်သို့ အမြောက်ဆံများကျရောက် ပေါက်ကွဲသည်ဟု သတင်းဖော်ပြထားသည်။
အဆိုပါ စီရင်စုကို အုပ်ချုပ်သော ဒီဟောင်းခရိုင်အစိုးရတာဝန်ရှိသူများကမူ သောကြာနေ့က မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲ၊ မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်း အပါအဝင် နယ်ပယ်ပေါင်းစုံ ၌ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နာမည်ရနေသော ဗိုလ်ချုပ်ဟောင်းများခေါင်းဆောင်သည့် အစိုးရ၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ယခုကချင်စစ်ပွဲအရှိန်မြှင့်မှုကြောင့် သံသယများ ဖြစ်ပေါ်စေပါသည်။
ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းတွင် အစိုးရတပ်များက လေယာဉ်ဖြင့်ဗုံးကြဲခြင်း လက်နက်ကြီး ပစ်ခတ်ခြင်းတို့အပြင် ဓာတုလက်နက်များကိုပင် သုံးစွဲခဲ့သည်ဟု ကေအိုင်အေတပ်ဖွဲ့ဖက်မှ သတင်း ထုတ်ပြန်ပါသည်။ မြန်မာအစိုးရကမူ လေကြောင်းထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း အစိုးရတပ်များအား သူပုန် များက တိုက်ခိုက်ခြင်းကို K8 လေ့ကျင့်ရေး ဂျက်လေယာဉ်များက ကာကွယ်ပစ်ခတ်ပေးခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ရှင်းလင်းသည်။
ကချင်ပြည်နယ်မှ ၁၈ လကြာ စစ်ပွဲသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးစိတ်ရင်းအပေါ် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုဖြစ်ပြီး ယခု လေကြောင်းထိုးစစ်ကြောင့် အစိုးရအဖွဲ့ဝင်ဗိုလ်ချုပ်ဟောင်းများက ၎င်းတို့၏မိုက်ဂုဏ်ပြသော နည်းလမ်းဟောင်းများကို စွန့်လွှတ်ပြောင်းလဲရဲ့လား ဟူသော သံသယများ ထွက်ပေါ်လာစေပါသည်။
မြန်မာနိုင်ငံနှင့် ခိုင်မာသော ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုများရှိထားသော တရုတ်နိုင်ငံကလည်း ၎င်း၏ မတည်ငြိမ်သောတောင်ဖက် အိမ်နီးချင်း မြန်မာနိုင်ငံ၏ မငြိမ်သက်မှုများနှင့် နွမ်းပါးမှုများကို ယခင်ကပင် စိုးရိမ်စွာစောင့်ကြည့်နေခဲ့ပြီး ယခုအခါနယ်စပ်ဒေသများ၏ တည်ငြိမ်မှုကိုအာမခံ ရန်အကြိမ်ကြိမ်တောင်းဆို လျှက်ရှိသည်။
တရုတ်နိုင်ငံသည် ၎င်း၏ပိုင်နက်ထဲသို့ပြေးဝင်လာကြသော ကချင်စစ်ပြေးဒုက္ခသည်များကို အတင်း အကျပ်ပြန်ပို့ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စု များက မနှစ်က ပြစ်တင်ဝေဖန်ခဲ့ကြသည်။
မြန်မာ့ရေးရာ အကဲခတ်လေ့လာသူများကမူ လက်ရှိမြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အာစရိဟောင်း ဦးသန်းရွှေ ရိုက်သွင်း ပေးထားသော အတွေးအခေါ် အယူအဆဟောင်းများကို စွန့်လွှတ်ပြောင်းလဲရန် အရေးပေါ်လိုအပ်နေသည်ဟု သုံးသပ်ပြောဆိုထားကြသည်။
Yangon chronicle


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းပေးရန် မြို့ခံပြည်သူလူထုက ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်းနှင့် လွန်ခဲ့သည့် ဩဂုတ်လ ကလည်း မဲဆန္ဒရှင်ပြည်သူများကို စော်ကားသည်ဟုဆိုကာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်ရေး အတွက် မဲဆန္ဒရှင်တို့၏ လက်မှတ် များကို လိုက်လံစုဆောင်းနေကြောင်း၊ အပတ်စဉ်ထုတ် ဂျာနယ် စာမျက်နှာများတွင် ဖတ်ရသောအခါ တာဝန်မှ ပြန်လည် ရုပ်သိမ်းလို့ ရပြီလားဟူ၍ မေးရန် ရှိလာပါသည်။

တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိ မရှိကို ဆိုလိုခြင်း မဟုတ်ပါ။ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ယင်းဥပဒေအရ ခန့်အပ် တာဝန်ပေးသော မည်သည့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုမဆို ဥပဒေပြဋ္ဌာန်းချက်ပါ အတိုင်း (impeachment) စွပ်စွဲပြစ်တင်ခြင်းပြုသည့် နည်းလမ်းဖြင့် တာဝန်မှ ရပ်စဲနိုင်ခွင့် ရှိပါသည်။ ထိုသို့ စွပ်စွဲပြစ်တင်သော ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက် ခဲ့သည် ကိုလည်း အများ သိပြီး ဖြစ်ပါသည်။

ပြည်သူတို့က ရွေးကောက် တင်မြှောက်ခဲ့သော လွှတ်တော်တစ်ရပ်၏ ကိုယ်စားလှယ် (လွှတ်တော်အမတ်) ကိုလည်း မဲဆန္ဒရှင် ပြည်သူတို့က လွှတ်တော် ကိုယ်စားလှယ်၏ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းခဲ့ပါသည်။ သို့ရာတွင် ထိုသို့ လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်မှ ပြန်လည် ရုပ်သိမ်းလို့ ရပါပြီလား။

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆ တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် ကို တွေ့ရပါသည်။

(က) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။

(၁) နိုင်ငံတော်၏ ကျေးဇူး သစ္စာကို ဖောက်ဖျက်ခြင်း၊

(၂) ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာ ပျက်ပြား ခြင်း၊

(၄) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊

(၅) ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊

ဤအပိုဒ်ခွဲ (က)ပါအချက် များအနက် နံပါတ် (၄)မှ အပ ကျန်အချက်များသည် ပြည်ထောင်စုအစိုးရ အဖွဲ့ အကြီးအကဲမှစ၍ ဒုတိယဝန်ကြီး(အဆင့်)ထိအား စွပ်စွဲပြစ်တင်နိုင်သည့် အချက်များနှင့် ယေဘုယျ အားဖြင့် တူညီပါသည်။ သို့သော် တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်သည့် နည်းလမ်းများမှာမူ ရုပ်သိမ်းရန် ပို၍ပင် ခက်ခဲသည်ဟု ဆိုရပါမည်။

လွှတ်တော် ကိုယ်စားလှယ်၏ တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် နည်းလမ်း(တစ်စိတ်တစ်ဒေသ)ကို ထို ပုဒ်မ အပိုဒ်ခွဲ(ခ)မှ (င)အထိ ဖော်ပြထားရာ အတိုချုပ် ပြောရလျှင် မူလမဲဆန္ဒရှင်၏ ၁ ရာခိုင်နှုန်းက တိုင်တန်းချက်ကို ရွေးကောက် ပွဲ ကော်မရှင်သို့ တင်ပြရခြင်း၊ ထိုကော်မရှင် က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရခြင်း၊ လွှတ်တော် ကိုယ်စားလှယ်အား ခုခံချေပခွင့်ပေးခြင်း ပြုပြီးနောက် စွပ်စွဲချက်မှန်ကန်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ထမ်းရွက်ရန် မသင့်ကြောင်း သဘော ရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက် ရမည်ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။ ဥပဒေနှင့် အညီ ဆောင်ရွက်ရမည် ဆိုသည်မှာ အဘယ်ပါနည်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၇ တွင် ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်း ကောင်း၊ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဟူ၍ ပြဋ္ဌာန်းထားရာ ထိုသို့ လိုအပ်သော ဥပဒေကို သီးခြား ပြဋ္ဌာန်းရခြင်း မရှိသေးပါက မည်သည့် လွှတ်တော် ကိုယ်စားလှယ်ကိုမှ သူ၏ မဲဆန္ဒရှင်တို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် နည်းလမ်း မရှိ ဟု ဆိုရပါမည်။

၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ဂျာနယ်တစ်စောင်က ကောက်ယူခဲ့သည့် စစ်တမ်းအရ ဒီမိုကရေစီ အပြောင်းအလဲ တစ်နှစ်ကာလ အတွင်း ပြည်သူများ၏ ယုံကြည်မှု အရှိဆုံးနှင့် ပြုပြင် ပြောင်းလဲမှု အမြန်ဆန်ဆုံးသည် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်ခဲ့သည်ဟု ဆိုပါသည်။

စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးများ ပြီးမြောက်စဉ်က မေးခွန်းပေါင်း ၁၉၆၄ ခု မေးမြန်းခဲ့ပြီးသော် လည်း ပြည်ထောင်စု လွှတ်တော်က ဥပဒေ ၃၂ ခုသာလျှင် အတည်ပြု ပြဋ္ဌာန်းနိုင်သေးသည်ဟု ဆိုလေရာ လွှတ်တော် ကိုယ်စားလှယ်တို့သည် ဥပဒေပြုရန် အဓိက တာဝန်ထက် မဏ္ဍိုင်အချင်းချင်း ထိန်းကျောင်းရန် ကိစ္စကို ပို၍ အားသန်လေ သလော ဟု စောကြောဖွယ် ဖြစ်ပါသည်။ စင်စစ် တစ်စုံတစ်ရာသိလို၍ မေးခွန်း ထုတ်ဖို့ ဆိုသည်မှာ ဥပဒေတစ်ခု ပြုလုပ်ပြ ဋ္ဌာန်းရန်ထက် အဆများစွာ ပို၍ လွယ်ကူပါလိမ့်မည်။ ဥပဒေ ပြုရန် ဆိုသည်မှာ စေတနာသာမက ပညာဥာဏ် အမြော်အမြင်ပါ ပေါင်းစပ်ပြုလုပ်ရသော အမွန်အမြတ်ကိစ္စ တစ်ခု ဖြစ်လေရာ လွှတ်တော် အဆင့်ဆင့်၏ သက်တမ်း ၁ နှစ်နှင့် ၉ လ ကျော်လွန်ခဲ့ပြီး ပဉ္စမမြောက် အစည်း အဝေးများ ပြီးဆုံးခဲ့သည့်တိုင် တာဝန်မှ ပြန်လည် ရုပ်သိမ်းသည့် ဥပဒေတစ်ခု မပြဋ္ဌာန်းနိုင်သေးသည့် အချက်က သက်သေခံလျက် ရှိပါသည်။

သို့သော် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူတို့ သိရှိလေ့လာ အကြံပြုနိုင်ရန် အတွက် ဟုဆိုကာ ၃ဝ.၈.၂ဝ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။

တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းနှင့်စပ်လျဉ်း၍ မည်သို့ဆောင် ရွက်ရမည်ကို ပုဒ်မ ၇ မှ ၁၆ အထိ ရေးသား ဖော်ပြ ထားကြောင်း တွေ့ရပါသည်။

အတိုချုပ်ပါမည်။ မူလ မဲဆန္ဒရှင်များအနက် ၁ ရာခိုင်နှုန်း၏ တိုင် တန်းချက်ကို ရရှိသော ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် သည် ကော်မရှင်အဖွဲ့ဝင် ၃ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း ရမည်။ ၁ ရာခိုင်နှုန်းက တိုင်တန်း ခြင်း ဟုတ်မဟုတ် စစ်ဆေးရမည်။ မှန်ကန်ပါက ပုဒ်မ ၇ ပါအချက်များ နှင့် ငြိစွန်းခြင်း ရှိ မရှိ စစ်ဆေးရမည်။ (ပုဒ်မ ၇ သည် အခြေခံဥပဒေပုဒ်မ ၃၉၆ (က)ပါအတိုင်းဖြစ်သည်)။ ထိုတစ်ချက်ချက်နှင့် ငြိစွန်းပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့ တင်ပြရမည်။ စွပ်စွဲချက် မှန်ကန်ကြောင်း တွေ့ရှိရမည်။ စွပ်စွဲခံရသူ သည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ထမ်းရွက်ရန် မသင့် ကြောင်း ကော်မရှင် အဖွဲ့ဝင်အားလုံး က သဘောရရှိရမည်။(မရုပ်သိမ်း နိုင်သေးပါ)။

ထိုသို့သဘောရရှိသည် ဆိုပါက ယင်းလွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းရန်အလို့ငှာ သက်ဆိုင်ရာ ဆန္ဒနယ်၏ မူလမဲစာရင်းပါ (အသစ်ထပ် မထည့်ရ) မဲဆန္ဒရှင်တို့က ဆန္ဒမဲ ပေးရမည်။ တာဝန်မှ ပြန်လည် ရုပ်သိမ်းကြောင်း သို့မဟုတ် မရုပ်သိမ်းကြောင်းကို မဲဆန္ဒရှင် ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ အတည်ပြု ဆုံးဖြတ်နိုင်သည်။


ဥပဒေကြမ်းမျှသာ ဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်မပြုသေးမီ ဝေဖန်အကြံပြုရန် အချက်များ ရှိပါ လိမ့်မည်။ ဥပမာ ယင်းဥပဒေကြမ်း၏ အလိုအရ ပုဒ်မ ၇ ပါ အချက်များဖြစ်သည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ တာဝန် မကျေပွန်ခြင်း စသည်တို့ပြုလုပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်စေကာမူ တာဝန်မှ ပြန် လည် ရုပ်သိမ်းခြင်း မပြုလိုကြောင်း မဲဆန္ဒရှင် ထက်ဝက်ကျော်က ဆန္ဒမဲ ပေးလျှင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်၍ ရပ်တည်ခွင့် ရှိသည့် သဘော သက်ရောက်ပါသည်။

ပြန်၍ ဆင်ခြင်သုံးသပ်ရန် အချက်များ ရှိဦးမည် ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တစ်ကြိမ် တစ်ခါ ရွေးကောက်တင် မြှောက်ထားခဲ့ပြီးဖြစ်ပါက ယင်းထံမှ တိုက်ပုံနှင့်ေ ခါင်းပေါင်းကို ပြန်ချွတ်ရန် အလွန်တရာ ခက်ခဲလိမ့်မည်ကို သတိပြုစေလိုခြင်း ဖြစ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်တစ် ဦးအား တာဝန်မှ ပြန်လည်ရုပ်သိမ်း ရန်အတွက် ဥပဒေပြဋ္ဌာန်းချက် တစ်စုံတစ်ရာ ယခု အချိန် အထိ မရှိသေးသည်ကိုလည်းကောင်း၊ ယင်းဥပဒေ မပြဋ္ဌာန်းနိုင်သေးသမျှ တာဝန်မှ ပြန်လည် ရုပ်သိမ်း၍ မရနိုင်သေးသည် ကိုလည်းကောင်း သတိပြုစေလို ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့သည် ပစ္စုပ္ပန်ကို လွယ်လွယ်ဖြတ်သန်းလေ့ ရှိပါသည်။ ပစ္စုပ္ပန်သည် အနာဂတ်ကို မွေးဖွား ပေးကြောင်း အလေး အနက် ဆင်ခြင်ရန် မေ့မေ့လျော့လျော့ ရှိတတ်ပါသည်။ နှစ်ကာလများအတွင်း ဆန္ဒမဲပေးသည့် အတွေ့အကြုံ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဘီလူး၊ နဂါး ကွဲပြားအောင် ဆင်ခြင်လျက် အသည်းကြားက မဲတစ်ပြားကို တန်ဖိုးထား၍ အသုံးချနိုင်ဖို့သာ လိုရင်း အချက်ဖြစ်မည် ထင်ပါသည်။

ဇေယျာမိုးမြင့်စံ
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်


တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများပြုလုပ်၍ ပြည်သူများအား မီဒီယာများမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံအတွင်း တရားဥပဒေချိုးဖောက်မှုများ၊တရားဥပဒေ အလွဲသုံးစားပြုမှုများအား ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်၍ ပြည်သူများနှင့် မီဒီယာများ ရှေ့တွင်ဖော်ထုတ် ဆွေးနွေးသွားရန်ရည်ရွယ်ခဲ့သော်လည်းရိုးရိုးလေး အဝေးပြေးယာဉ်လိုင်းပိုင်ရှင် ဦးသိန်းနိုင်အပါအဝင် လေးဦးမှတော်ဝင်နှင်းဆီခန်းမ ရှေ့တွင် ပွဲစီစဉ်သူ ဦးထင်ကျော်အား ထိုးကြိတ်ကန်ကျောက်၍ ရန်ပြုခဲ့သောကြောင့် တော်ဝင်နှင်းဆီခန်းမမှ တာဝန်ရှိသူများမှ ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ကြသောကြောင့် ပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီး ရန်ပြုနှောင့်ယှက်ခဲ့သူ ဦးသိန်းနိုင်အား အရေးယူမှုများဆောင်ရွက်နိုင်ရန် ဗဟန်းရဲစခန်းတွင် (ပ)၁၄/၂၀၁၂ ၂၄၉/၃၂၅/၁၁၄ ပုဒ်မတို့ဖြင့် အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။

“တော်ဝင်နှင်းဆီခန်းမရှေ့ရောက်တော့ ထင်ကျော်လားမေးပြီး ထိုးတယ်။အဓိကက ကျွန်တော့်ကို ထိုးခြင်းမထိုးခြင်းထက် ဒီကနေ့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ခရိုနီတွေက စိန်ခေါ်နေတယ်ဆိုတာ ဒါက သက်သေပဲ။ ဒါဟာ လူထုကိုစော်ကားတာနဲ့ အတူတူပဲ၊ ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာကို သတင်းစားရှင်းလင်းပွဲ လုပ်တာမဟုတ်ဘူး၊ တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်တာ”ဟု ထိုးကြိတ်ခြင်းခံရသူ ဦးထင်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ တရားမဲ့စရိုက်ဆန်စွာဖြင့် ရန်ကုန်မြို့လည်တွင် ဝင်ရောက် ထိုးနှက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကိုပါ စော်ကားခြင်းဖြစ်ကြောင်း ၊ ရန်ကုန်
မြို့လည်တွင်ပင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းသည်ဆိုပါက နိုင်ငံနေရာဒေသအနှံ့အပြားတွင် မည်မျှ မင်းမဲ့စရိုက်ဆန်စွာပြုမူဆောင်ရွက်နေကြမည်မှာ ခန့်မှန်းသိရှိနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

နိုင်ငံနှင့်အဝှမ်းတွင် တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း မည်သို့အခက်အခဲများ ရှိစေကာမူ ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်းနှင့် ခရိုနီများနှင့် ပတ်သက်၍ မတရားလုပ်မှုများ၊ မသာမာမှုများ၊ တရားဥပဒေပြင်ပ လောင်းကစားမှုများအား ပြည်သူသိရှိစေရန် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ ထိုးကြိတ်ခဲ့မှုအပေါ် ဗဟန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ဆို ထားကြောင်းသိရသည်။

ဝေယံ-The Myanma Age


(11 january 2013 ရက်စွဲပါ Channel News Asia မှ Myanmar’s Leader Lauds army role in Kachin conflict ကို ဘာသာပြန်ပါသည်)

ကချင်ပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မှေးမှိန်စေ သော်လည်း ကချင်သူပုန်များအပေါ် မြန်မာ စစ်တပ်၏ တုန့်ပြန်မှုအပေါ် မြန်မာသမ္မတက ကာကွယ်ပြောဆိုခဲ့မှု ကို နိုင်ငံပိုင်မီဒီယာတွင် သောကြာနေ့က သတင်းဖော်ပြခဲ့ပါသည်။

ကချင်များပြောကြားရာတွင် မြန်မာစစ်တပ်သည် ၎င်းတို့၏ဌာနချုပ် လိုင်ဇာဆီသို့ ထိုးစစ်ဆင်လာနေ ကြောင်း ဆိုပါသည်။ ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် မြန်မာစစ်တပ်က လေကြောင်း မှ တိုက်ခိုက်မှုကိုကန့်ကွက်ခဲ့ကြပါသည်။

သမ္မတဦးသိန်းစိန်သည် တပ်မတော်၏ ချွေး၊သွေး ဖြင့်စွန့်လွှတ်အနစ်နာခံမှုကို ချီးကျူးခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အပေါင်းလက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ဆောင်ခဲ့ပုံကိုလည်း ထည့်သွင်း ပြောကြား သွားခဲ့ပါသည်။

အချို့ပညာရှင်များက ဦးသိန်းစိန်၏ ချုပ်ကိုင်မှုအဆင့်ကို သံသယရှိနေကြပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ကချင်အပေါ်စစ်တပ်က ထိုးစစ် ဆင်မှုရပ်ဆိုင်းရန် ညွှန်ကြားထားခြင်းအပေါ် လစ်လျူရှုသည့် သဘောရှိသည်ဟု ဆိုကြပါသည်။

ကချင်သူပုန်များအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း ဦးသိန်းစိန်က ပြောခဲ့သည်ဟု News Light Of Myanmar မှဖော်ပြထားသော ကျေညာချက်အရသိရှိရပါသည်။

မြန်မာနိုင်ငံသည် အခြားအဓိကကျစေသောသူပုန်အုပ်စုများနှင့် ယာယီအပစ်အခတ်ရပ်စဲရေးများ လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။ သို့သော် ကချင် အုပ်စုနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သိသာသော တိုးတက်မှုမရရှိခဲ့ပေ။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ၁၇ နှစ်ကြာအပစ်အခတ်ရပ်စဲရေးသည် ၂၀၁၁ ခုနှစ်ဇွန်လတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ပျက်စီး သွားခဲ့ရာ ထောင်ပေါင်းများစွာသော လူများ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရပြီး သေဆုံးရသော ဦးရေကိုမူ မသိနိုင်ပေ။

ကချင်သူပုန်များက အစိုးရအား အပစ်အခတ်ရပ်စဲရေးနှင့် တပ်များနောက်ဆုတ်ရေးကို အခြေခံသော ဆွေးနွေးမှုကိုသာရှေးရှုနေပြီး ကာလ ကြာရှည်ကတောင်းဆိုနေသော နိုင်ငံရေးအရ ရပိုင်ခွင့် ပိုမိုပေးရေးကိစ္စ မပါဝင်ကြောင်း စွပ်စွဲခဲ့ပါသည်။

လွတ်လပ်ရေးသုံးသပ်မှု Mael Raynaud ကပြောကြားရာတွင် ဒေသဆိုင်ရာ စစ်တိုင်းမှုးများသည် အာဏာ၏အရသာကို သိပြီးထားသောကြောင့် အစိုးရက၎င်းတို့အပေါ် လွှမ်းမိုးခြင်းကို ခက်ခဲစေရန် လုပ်ဆောင်နေခြင်းကြောင့် အခြေအနေမှာ ရှုပ်ထွေးလျှက်ရှိသည်ဟု ဆိုပါသည်။

တချိန်တည်းမှာပင် သမ္မတသည်လည်း လက်ရှိပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စစ်တပ်ထောက်ခံ မှုရရန် လိုအပ်နေပါသည်။ ထိုသို့ရရှိရန် စစ်တပ်က ဆက်လက်ထိန်းသိမ်းထားလိုသည့် အာဏာအခြေပြုမှု (Power base) ကို ဖယ်ရှားခြင်းမပြုမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မှမငြိမ်သက်မှုများနှင့်အတူကချင်သူပုန်များနှင့်တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရပြောင်းလဲမှု များအား အကောင်းမြင်ခြင်းများအပေါ် တိမ်မည်းများဆင်နေခြင်း ပင်ဖြစ်တော့သည်။

Yangon chronicle


လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ် မူတည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာ့ခေတ်သို့ပြောကြားသည်။

နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးသည်ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီအရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေ အပေါ်မှာ ပြည်သူလူထု လက်ခံနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အပြီးအစီရင်ခံစာ တင်ပါမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်များနှင့် ယခုလကုန်တွင် တင်သွင်းမည်ဖြစ်သော ကြားဖြတ်အစီအရင်ခံစာနှင့် ပတ်သက်ပြီး “နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးအတွက် ရေတိုကို ကြည့်လို့ မရပါဘူး။ရေရှည်မှာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် တင်ပြပြီးပြည်သူတွေကိုလည်ူ ကျွန်မတို့ ကော်မရှင်က နားလည်အောင် ရှင်းပြရပါမယ်။ အစီရင်ခံစာမှာ ဒီစီမံကိန်းတွေရဲ့ ဘယ်အချက်တွေကပြည်သူကို အကျိုးမရှိဘူးဆိုရင်လည်း ကျွန်မတို့က အကျိုးမရှိဘူးလို့တင်ပြ ရှင်းပြမှာပါ။” ဟု ဆက်လက် ပြောကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခင်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော စာချုပ်များအား ပြန်လည် စီစစ်မည်ဖြစ်ကြောင်း သိရပြီး သမ္မတရုံးမှ အကူအညီပေးသော ဥပဒေ ပညာရှင်များနှင့် အဆိုပါ စာချုပ်အား စုံစမ်းစီစစ်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံတို့ တွေ့ဆုံပွဲတွင် ဒေါ်စုက “အရင်အစိုးရတုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ကျွန်မတို့ ပြည်သူတွေကလည်း သိဖို့ လိုတယ်။ ပြည်သူတစ်ယောက် အနေနဲ့လည်း သိခွင့်ရှိတယ်”ဟုပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာချုပ်ထဲမှာ ဘယ်လိုအချက်တွေဟာ ပြည်သူအတွက် အကျိုးမရှိဘူး။ စတာတွေ စစ်ဆေးရမယ်။ ပြီးတော့ ကျွန်မတို့က ပညာရှင်တွေ မဟုတ် ဘူးလေ။ ဒါ့ကြောင့် ပညာရှင်တွေရဲ့ စီစစ်မှုတွေကို စောင့်ကြည့်ရမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် သက်ဆိုင်ရာမှ သုံးစွဲခဲ့သော မီးလောင်ဗုံးဟု ယူဆရသည့် လက်နက်များနှင့် ဆက်လျဉ်းပြီး အဆိုပါ ကိစ္စများအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်တွယ်ထားသော ကိစ္စဖြစ်ကြောင်းနှင့် အဆိုပါကိစ္စများအား သိကျွမ်းနားလည်သည့် ပညာရှင်အကူအညီများလည်း ရယူထားကြောင်း သိရသည်။

စူးရှ
The Myanma Age


၂၀၁၃ ခုနှစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသည်းမှုတိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးစဉ်အဖြစ် အထက်မြန်မာပြည် မန္တလေးတိုင်းအတွင်းရှိ ရွှေဘို ခရိုင် ဆိပ်ခွန်ကျေးရွာ၊ ကျောက်ဆည်မြို့၊ မြစ်လောင်းမြို့၊ မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ် (အရှေ့ခြမ်း)၊ ရွှေကြက်ယက်ကျေးရွာ၊ ချမ်းမြသာစည်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ငန်းဇွန်းမြို့နယ်ရှိ မြို့သာ အစရှိသည့် မြို့/ကျေးရွာအသီးသီးရှိ နာရေးကူညီမှုအသင်းများ၊ လူမှုကူညီရေးအသင်းများတို့၏ ဖိတ်ကြား ချက်အရ ၅.၁.၂၀၁၃ (စနေနေ့) နံနက် (၈း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ အသင်းသူ/ သားတို့ စတင်ခရီးနှင်ခဲ့သည်။

မန္တလေးမြို့သို့ ည (၆း၀၀) နာရီအချိန်တွင် ၀င်ရောက်ခဲ့ရာ “နိဗ္ဗာန်ရွှေပြည် နာမှုလူမှုကူညီရေး အသင်း”မှ ခရီးဦးကြိုခဲ့ပြီး “တောင်စလင်းတိုက်သစ်ကျောင်း”သို့ ဆက်လက်သွားရောက်ပြီး တိုက်အုပ် ဆရာတော် ဘဒ္ဒန္တနေမိန္ဒ ကိုယ်တိုင်ကြိုဆို၍ အနားယူရန်အတွက် နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက် ပေးခဲ့သည်။ ခရီးဦးဆိုက်သည်နှင့် တောင်းစလင်းတိုက်သစ်၏ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အား ဦးခိုက်ကန်တော့ကာ တစ်နေ့တာခရီး၏ ပင်ပန်းနွမ်းနယ်မှုအား အိပ်စက်အနားယူခဲ့ကြသည်။

၆.၁.၂၀၁၃ (တနင်္ဂနွေနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် လူမှုရေးဟောပြောပွဲအဖြစ် ဦးစွာ ပထမအဖြစ် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်မြို့ရှိ “စိတ္တသုခ နာရေးကူညီမှုအသင်း”၌၄င်း၊ ည (၈း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်း၊ ငန်းဇွန်မြို့နယ်၊ မြို့သာမြို့ရှိ “ယသကုလပုတ္တ လူမှုကူညီရေးအသင်း”၌၄င်း၊ ၇.၁.၂၀၁၃ (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့၊ အနောက်သာဂရမြို့ရှိ “အကြင်နာ လူမှုကူညီရေးအသင်း”၏ ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အလှူငွေ ၃၀၀၀၀၀ိ/- (သုံးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ညနေ (၃း၀၀) နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်ရှိ “ဒေ၀ယာနိက နာမှုကူညီရေးအသင်း”၌၄င်း၊ ညနေ (၄း၀၀) နာရီအချိန်တွင် ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/ သူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ည (၈း၀၀) နာရီအချိန်တွင် မြစ်လောင်းမြို့ရှိ “အဖြူရောင်လွင်ပြင် လူမှု ကူညီရေးအသင်း” တစ်နှစ်ပြည့်အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူသည် ဦးဘုန်း(ဓါတု)၊ ကိုလေး(အင်းဝ ဂုဏ်ရည်) တို့နှင့်အတူ၎င်း၊ ၈.၁.၂၀၁၃ (အင်္ဂါနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် အမရပူရမြို့နယ် (အရှေ့ခြမ်း)၊ ရေဘုတ်ကျေးရွာ၊ ကံဦးဘုန်းကြီးကျောင်းအတွင်းရှိ “ဘ၀အလင်း” အခမဲ့စာဖတ်ခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော မန္တလေးမြို့ဒေသခံ အလှူရှင်များတို့မှ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စုစုပေါင်းအလှူငွေ ၁၁၁၀၀၀၀ိ/- (တစ်ဆယ့်တစ်သိန်းတစ်သောင်း) ကျပ်တိတိအား ပေးအပ် လှူဒါန်းခဲ့ပြီး နံနက် (၁၁း၄၅) နာရီအချိန်တွင် အမရပူရမြို့နယ်(အနောက်ခြမ်း)၊ ရွှေကြက်ယက်ကျေးရွာရှိ “သံဝေဂဉာဏ လူမှုကူညီရေးအသင်း”၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ကြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ ၂၀၀၀၀၀ိ/- (နှစ်သိန်း) ကျပ်တိတိအား ပေးအပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ည(၈း၀၀) နာရီ အချိန်တွင် ချမ်းမြသာစည်မြို့၊ ထွန်တုံးရပ်ရှိ “နိဗ္ဗန်ရွှေပြည် နာမှုလူမှုကူညီရေးအသင်း” (၂) နှစ်ပြည့် အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူသည် ဦးထွန်းလွင် (မိုးလေ ၀သ)နှင့် ဟာသသရုပ်ဆောင် ဗေလုဝ တို့နှင့်အတူ ဟောပြောခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၀၁၃ ခုနှစ် ပွဲဦးထွက် အယူသည်းမှု တိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးစဉ်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၂၀၀၁ ခုနှစ်မှစ၍ တစ်ဆင့်ခြင်း၊ တစ်လှမ်းခြင်း လုပ်ဆောင်ပေးဆပ်မှု မှတ်တမ်းပုံရိပ်လွှာများအား Projecter ဖြင့် Slide Show ပြသ၍ ဦးကျော်သူမှ လူမှုရေး ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများ၊ လူမှုရေးလုပ်ကိုင်နေကြသည့် ပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များအနေဖြင့် လျှောက်လှမ်းရမည့် ရည်ရွယ်ချက်၊ စောင့်ထိန်းအပ်သော သီလ၊ ထားရှိအပ်သည့် စိတ်ဓါတ်တို့ဖြင့် အနာ ဂတ် မျိုးဆက်သစ်လူမှုရေးသမားများ ပေါ်ထွန်းလာရန်၊ “ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည် ကူ၍ တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဆိုသည့်အတိုင်း လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုပြီး ဦးတည်ချက်၊ ရည်ရွယ် ချက်များ လွဲနေမည်ဆိုပါက ခရီးရောက်မည်မဟုတ်ကြောင်း၊ လူဆိုသည်မှာ မွေးဖွားလာသည်နှင့် တပြိုင်နက်တည်း သေခြင်းတရားဆီသို့ ဦးတည်၍ လျှောက်လှမ်းနေရပြီဖြစ်ကြောင်း၊ လူမမယ် ကလေး ငယ်များသည်လည်း အချိန်မတန်ခင် ကြွေလွင့်သွားကြောင်း၊ အချိန်တန်(သက်တမ်း)ကုန်၍ ဘ၀ကူး ပြောင်းသွားသူများရှိသလို သက်တမ်းမကုန်ခင် ကံကြောင့်သေဆုံးသွားနိုင်ကြောင်း၊ ထို့ကြောင့် ကုသိုလ် ကောင်းမှုအား စဉ်ဆက်မပြတ် လုပ်ကိုင်သွားကြရန် အရေးကြီးကြောင်း၊ ဇော်ဝမ်းကြီးလည်း သေတာပဲ .. သုမောင်ကြီးလည်း သေတာပဲ .. ဗိုလ်ချုပ်အောင်ဆန်းလည်း .. ကျဆုံးသွားတာပဲ .. ဦးနေ၀င်းလည်း သေတာပဲ .. ဟိုပုဂ္ဂိုလက်ကြီးလည်း သေတာပဲ .. ကျော်သူကြီးလည်း သေမှာပဲ ဟူ၍ သံဝေဂ စကားများအား ပြောကြားဟောကြားခဲ့သည်။ ကြိုဆိုအားပေးမှုများ ပြုလုပ်ပေးရသည်မှာ လူမှုရေးသမား များ၏ တာဝန်ဖြစ်ကြောင်း၊ လူကြီးလူငယ် ပြဿနာများအား ကိုယ်ချင်းစာနာစိတ်တို့ဖြင့် စည်းလုံး ညီညွတ်စွာ ဖြေရှင်းသင့်ကြောင်း၊ ဘဏ္ဍာငွေ အရှုပ်အရှင်းများကင်းရှင်းရန် အရေးကြီးကြောင်း၊ စာရင်း ဇယားများ တိကျစွာဖြင့် စာရင်းအင်းအဖွဲ့များ၏ အကြံပြုချက်များအား လက်ခံသင့်ကြောင်း၊ အဖွဲ့ အစည်း တစ်ခု အမည်နာမ ဂုဏ်သတင်းမြင့်မားလာလျှင် လူမှုကျင့်ဝတ်များ၊ ကိုယ်ချင်းစာနာစိတ်များနှင့် စွန့်လွှတ် အနစ်နာခံ ပေးဆပ်ကြရန် အရေးကြီးကြောင်း ပြောကြားသွားကာ မျိုးဆက်သစ်လူမှုရေးသမားများမှ မျိုးဆက်ဟောင်း လူမှုရေးသမားများမှ ကမ်းလက်ဖြင့် ကြိုဆိုသင့်ကြောင်း ကိုမျိုး(မြန်မာစာ) ရေးသား ပေးသော “မျိုးဆက်နှင့်ကမ်းလက်” ကဗျာအားရွတ်ဖတ်၍ ဟောပြောမှုအစီအစဉ်အား ရုတ်သိမ်းခဲ့သည်။

မန္တလေးတိုင်းအတွင်းရှိ လူမှုရေးခရီးစဉ် ဟောပြောပွဲတစ်လျှောက် အစစ အရာရာ ကူညီပံ့ပိုး ပေးခဲ့ ကြသော ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူမှုရေးသမားများ၊ ဒေသခံပြည်သူလူထုများ၊ ခရီးစဉ်အား အဆင်ပြေချောမောစွာဖြင့် သွားလာနိုင်ရန်အတွက် ပို့ဆောင်ကူညီပေးခဲ့သော ရွှေစင်စင်္ကြာ အဆင့်မြင့် ခရီးသွားလုပ်ငန်းနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးတို့အား ကျေးဇူးတင်ရှိပါကြောင်းနှင့် Kyaw Thu 1st Break Out လူမှုရေးဟောပြောပွဲ အထက်မြန်မာပြည် ခရီးစဉ်အား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

ကျော်သူ










ကလုန်း (Clone) ကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းတွင် ဥက္ကဌ ဦးကျော်သူ၏ ကိုယ်ပွားထွက်ပေါ်လာပြီ ဟု ဆိုလျှင် ယုံကြည်ကြမည်မဟုတ်။ ယခု အမှန်တကယ်ပင် ထွက်ပေါ်နေပါပြီ။ စိတ်ချင်းမတူ ရုပ်ချင်းဆင်တူ သော ဓါတ်ပုံ စတန်း (Stand) ပင်ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် နေ့စဉ်နှင့်အမျှ ဈာပနကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ သာမက သတင်းမီဒီယာများဖြင့်တွေ့ဆုံခြင်း၊ အသင်းကြီးမှ အပတ်စဉ် (သို့) လစဉ် ကျင်းပလေ့ရှိသော အစည်းအဝေးပွဲများနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေး ပရဟိတ အသင်းအဖွဲ့များနှင့် တွေ့ဆုံမှုများ၊ တက်ရောက်အားပေးခြင်းတို့အပြင် အသင်းသို့ စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လာရောက်၍ လှူဒါန်းကြသော အလှူရှင်များ၏ ဂုဏ်ပြုမှတ်တမ်းလွှာဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံခြားဧည့်သည်တော်များအား အသင်းကြီး၏ လုပ်ငန်းစဉ်များကို အစမှအဆုံး ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းလင်းပြသခြင်း အစရှိသည့် လုပ်ရပ်များဖြင့် အများပြည်သူအပေါ် ပေးဆပ် လုပ်ကိုင်နေလျှက်ရှိသည်။ ထိုပေးဆပ်မှုလုပ်ရပ်များ လုပ်ကိုင်ထမ်းရွက်နေစဉ်သော်၎င်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ကိစ္စရပ်ဖြင့် ပြည်ပနိုင်ငံများ၏ ဖိတ်ကြားမှုကြောင့်၎င်း၊ ပြည်တွင်းရှိ နယ်ဒေသများ၏ ဖိတ်ကြားမှုကြောင့်၎င်း မကြာခဏ ခရီးထွက်နေရသည်။ သဘာဝဘေးအန္တရာယ် (မီးဘေး၊ ရေဘေး၊ လေ ဘေး၊ စစ်ဘေး)များ ကြုံလာခဲ့သည့်အခါတွင်လည်း မည်မျှမည်၍ဝေးပါစေ အသင်းသား/သူများ၏ မလျော့ သော ဇွဲလုံ့လတို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကူညီဖေးမခဲ့သည်။

ထိုကဲ့သို့ မအားလပ်သည့်ကြားမှ ၃.၁.၂၀၁၃ ရက်နေ့ ည (၇း၀၀) နာရီအချိန်တွင် ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တကောသလ္လ၏ သက်တော် (၅၁) နှစ်မြောက်မွေးနေ့ စာပေဟောပြောပွဲ၌ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂၀၀၁ ခုနှစ်တွင် ဘဘဦးသုခ စတင်ဖွဲ့စည်း ပျိုးထောင်ပေးခဲ့ချိန်မှစ၍ ယနေ့အချိန် အထိ ပေးဆပ်မှုများ တိုးတတ်မြှင့်မားလာမှု အစရှိသည့် လုပ်ငန်းစဉ်များအား Projecter ဖြင့် ပြသ၍၄င်း၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ထားရှိအပ်သည့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားများနှင့် ကိုယ်တိုင်လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ တို့အား အဓိကထားကာ ဟောပြောခဲ့သည်။ အံ့သြမှုကောင်းသည်မှာ ကျွန်မတို့ ခေါင်းမူး ခေါင်းကိုက်သော် မည်သည့်အလုပ်မျှပင် မလုပ်ချင်/မကိုင်ချင်ပေ။ ထိုနေ့သည် ဥက္ကဌ ဦးကျော်သူ နေမကောင်းဖြစ်နေသည်။ ဖျားနေသည်။ ထိုသို့ဖြစ်နေသော်လည်း ညပိုင်းဟောပြောပွဲအား အများပြည်သူရှေ့သို့ ထွက်ကာ အားကြိုး မာန်တက် ဟောပြောခဲ့သည်။ နှစ်လတိုင်တိုင် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁.၁.၂၀၁၃ ရက်နေ့တွင် ကျင်းပသည့် (၁၂) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွင်လည်း မအားလပ်ဘဲ ကိုယ်ကိုယ်တိုင်ပါဝင် လုပ်ဆောင်နေသောကြောင့် ပွဲပြီးသည့် ညနေပိုင်းတွင် စတင်၍ နေမကောင်းဖြစ်ခဲ့သည်။ ထိုသို့ နေမကောင်းဖြစ်နေသော်လည်း ၃.၁.၂၀၁၃ ရက်နေ့တွင် ဟောပြောခဲ့ပြီး ၅.၁.၃၀၁၃ ရက်နေ့တွင်လည်း အထက်မြန်မာပြည်ခရီးစဉ်အား စတင်ခဲ့တော့သည်။ (၁၀) ရက်ခန့်ကြာမြင့် မည်ဖြစ်သည်။ ကျွန်မတို့ ခရီးထွက်သည်ဆိုသည်မှာ သွားရောက်ကာ အပန်းဖြေကာ လည်ကြမည်၊ ပတ်ကြမည် ဖြစ်သည်။ ဥက္ကဌ ဦးကျော်သူသည် လည်ပတ်ခြင်းမဟုတ် အထက်မြန်မာပြည်ရှိ အများ ပြည်သူတို့အတွက် လူမှုရေးဟောပြောမည် ဖြစ်သည်။

ထိုကဲ့သို့ ခရီးထွက်နေသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သူ၏ ကိုယ်ပွားကို ထားခဲ့ သေးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)တည်ထောင်ခြင်း (၁၂) နှစ်ပြည့်တွင် အသင်းဝန်းကြီးတွင် လူပုဂ္ဂိုလ်များ၊ မီဒီယာများ၊ အလှူရှင်များ၊ ဧည့်သည်များဖြင့် ပြည့်နေလျှက်ရှိသည်။ ထိုကဲ့သို့ အစီအစဉ် များနေချိန်တွင် နယ်မှလာရောက်ကြသော အသင်းအဖွဲ့များ၊ ဧည့်သည်များမှ သူတို့ချစ်ခင်နှစ်သက် တန်ဖိုး ထားသော ဦးကျော်သူနှင့် ဓါတ်ပုံတွဲပြီး ရိုက်ချင်သော်လည်း ဥက္ကဌသည် အခမ်းအနားကျင်းပနေချိန် (သို့မဟုတ်) မအားလပ်၍ ဓါတ်ပုံမရိုက်လိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် ဥက္ကဌ ဦးကျော်သူသည် သူ၏ အရပ်၊ အသားအရောင်၊ ဝတ်စားဆင်ယင်မှု ပုံတူကလုန်း(Clone)ကို စီစဉ်ထားရှိ သည်။ ထို ကလုန်းသည် ဥက္ကဌ ဦးကျော်သူအပြင် ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့၏ ကလုန်းများလည်း ထားရှိသည်။ ဥက္ကဌ ဦးကျော်သူသည် ကျေးဇူးတရား သိတတ် သော သူလည်းဖြစ်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ပေါ်ပေါက်လာရန် စတင်မျိုးစေ့ချ ပျိုးထောင်ပေးခဲ့ သော စာပေ၊ ဂီတ၊ အနုပညာရှင် ဒါရိုက်တာကြီး ဘဘဦးသုခ၏ ဓါတ်ပုံအား ကိုင်ဆောင်ထားသည့် ကလုန်းပုံဖြစ်သည်။

အလှူရှင်များအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းလိုကြောင်း၊ ဦးကျော်သူ ကျန်းမာ၊ မမာ တွေ့ချင်ကြောင်း၊ တချိန်က ကျော်ကြားခဲ့သော ရုပ်ရှင်မင်းသားဖြစ်သည်ကတစ်ကြောင်း၊ ပရဟိတအလုပ်ကို စိတ်နစ်၍ ဆောင်ရွက်နေသော ဦးကျော်သူ နှင့်အတူတကွ ဓါတ်ပုံရိုက်ချင်သူများအတွက် ဦးကျော်သူသည် အသင်းတွင် ရှိမှရမည်ဖြစ်သည်။

ထို့ကြောင့် ဦးကျော်သူသည် နေမဝင် အလုပ်ကြီးကို လုပ်ကိုင်နေသည့်အပြင် သူ့နှင့်အတူ ပရဟိတ အလုပ်များကို လုပ်ကိုင်နေသော အသင်းသား/သူများကို ပရဟိတသမားစစ်စစ်ဖြစ်အောင် သူလို ကျော်သူ များများထွက်လာအောင် သင်ကြားပေးနေသည့်အပြင် ကျော်သူအပွားများ ပေါ်မထွက်ခင် ရုပ်ပုံတူ ကလုန်း ထားခဲ့သည်။ ယင်း ကလုန်းကျော်သူ၏ ပုံရိပ်ဖြင့် ဦးကျော်သူ ခရီးသွားနေစဉ်ကာလတစ်လျှောက် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းကြသော အလှူရှင်များမှာလည်း ၀မ်းသာအားရ ပီတဖြစ်စွာ ကျော်သူ ကလုန်းပုံဖြင့် နားလည်မှုပြည့်ဝစွာ အမှတ်တရ ရိုက်ကူးကြသည်။

ထို့ကြောင့် ဦးကျော်သူ အထက်မြန်မာပြည်သို့ ခရီးထွက်နေချိန်တွင် သူ့ကိုယ်စား အလုပ်လုပ်ပေး နေသော ကလုန်းရှိသည်။

သို့သော် သူ ကမ္ဘာမြေပြင်မှ ထွက်သွားမည့်အချိန်တွင် သူ့အစား အများပြည်သူတို့အတွက် ကိုယ် ကျိုးစွန့်၍ ပေးဆပ်နိုင်မည့် သူသင်ပေးထားသော သင်တန်းသား/သူများ၊ အသင်းသား/သူများ၊ ပရဟိတ မျိုးဆက်သစ်များထဲမှ မည်သူ သူ့ကိုယ်စား ပေါ်ပေါက်လာမည်နည်း ???

ဇူးဇူး


(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)

တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ကချင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်အင်အားစုများကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု များပြုလုပ်လာမှုသည် ကန့်ကွက်ရှုတ်ချမှုများစွာကိုဖြစ်ပေါ်စေသည်။

နယူးယောက်တိုင်းမ် သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုပါဝင်သော ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့ အပေါ်တိုက်ခိုက်မှုများသည် လွန်စွာပြဿနာဖြစ်စေသော ကိစ္စဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက မြန်မာစစ်တပ်အနေဖြင့်စစ်မက်ပဋိပက္ခကို အမြန်ဆုံးရပ်ဆိုင်းအောင်ပြုလုပ်သင့်ကြောင်း အလေးအနက် တိုက်တွန်း ပြောဆိုသည်။

သို့သော် အဆိုပါ စစ်မက်ပဋိပက္ခမှာ အစိုးရမီဒီယာများတွင်တစ်မျိုးတစ်ဖုံပုံဖော်ရေးသားခြင်းခံနေရသည်။ တစ်ချိန်ကအနောက်မီဒီယာများကို "လေလှိုင်းပေါ်ကလူသတ်သမားများ" "သွေးထိုးသူများ"အဖြစ်သတ်မှတ်ဖော်ပြခဲ့သော New Light of Myanmar သတင်းစာ၏ ယမန်နေ့ကစာစောင်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် "ကချင်သူပုန်များသည် ရထားလမ်း၊ကားလမ်းများကို ဖောက်ခွဲဖျက်ဆီးပစ်သလို ဒေသခံပြည်သူများထံမှ ငွေကြေးများကိုလုယက် တိုက်ခိုက်လျက် ရှိသည်" ဟု ရေးသားဖော်ပြသည်။

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် ယင်းသတင်းစာတွင်မူ "သူပုန်များသည် ထရပ်ကားများကို ပစ်ခတ်တိုက်ခိုက်ကာ အမျိုးသမီးများကိုလည်း အဓမ္မ ခေါ်ဆောင်သွားကြသည်။ မြို့တွင်းနေရာများတွင် မြေမြှုပ်မိုင်းများထောင်ခဲ့ကြသည်" ဟု ရေးသားပြန်သည်။

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးကာလ တွင်ထုတ်ပြန်သော New Light of Myanmar တွင်"ကချင်သူပုန်များသည် ၂၀၁၁ ခုနှစ်၊ မေလ မှစ၍ ကချင် ပြည်နယ်တွင်းမိုင်းထောင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၁ ကြိမ်တိတိပြုလုပ်ခဲ့သည်"ဟုရေးသားထားသည်။

အဆိုပါ အစိုးရသတင်းမီဒီယာ ရေးသားဖော်ပြသမျှ မှန်ကန်မှုရှိပါ၏လောဟုမေးစရာရှိလာသည်။ ပထမဆုံး စဉ်းစားကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ရှိစစ်မက်ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းလုံးလုံးလျားလျား အမှီအခိုကင်းရှင်းကာ လွတ်လပ်မှုရှိသည့်မီဒီယာများ အနေဖြင့်ဝင်ရောက် သတင်းယူရေးသားနိုင် ရေးမှာလွန်စွာ ခဲယဉ်းသည့်ကိစ္စရပ်ဖြစ်နေသည်ကို တွေ့ရပေမည်။ ထို့ပြင်စစ်မက်ပဋိပက္ခဇုန်များနှင့် ပတ်သက်၍ မျက်မြင်သက်သေ တွေ့ကြုံဖူးသူများမှာ ကိုယ်တိုင်တိုက်ခိုက်နေသူများနှင့် အနီးရှိရွာသူရွာသားများသာဖြစ်ကြသည်။

အနောက်တိုင်း သတင်းမီဒီယာများတွင် ယင်းသူပုန်အုပ်စုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရေးသားမှုတို့မှာမူ ထူးထူးခြားခြားဖြစ် သလိုဘာသာရေးနှင့် ယဉ်ကျေးမှုတို့အရ ရှောင်ရှားရန်အမှုများဖြစ်ကြသည်။ သို့သော် မြန်မာအစိုးရတွင် အကြမ်းဖက်ရက်စက်တတ်သော မှတ်တမ်းများ ကာလကြာရှည်စွာရှိထားခဲ့ပေရာ New Light of Myanmar ကဲ့သို့သောအစိုးရမီဒီယာများတွင်ပါရှိသော ဖော်ပြချက်များကြောင့်သံသယများကိုလျော့ကျ သွားစေမည်မဟုတ် သလို အကျိုးအမြတ်လည်းဖြစ်ပေါ်မည်မဟုတ်ပေ။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.