01/18/13

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့နှင့် သီတဂူအာယုဒါနဆေးရုံတော် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူပြည်သားများသို့ ၀မ်းမြောက်ဖွယ် သတင်းစကားပါးလိုပါသည်။ လက်ပံတောင်းတောင် အမှုအခင်းကိစ္စ၌ ရဟန်းသာမဏေများနှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာရကြသည်ကို သိလျှင်သိချင်း သီတဂူဆရာ တော်ကိုယ်တိုင် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးဖိုးဝါးခအတွက် ကျပ်ငွေ ၂၅ သိန်း လှူဒါန်းခဲ့ သည်။

ထို့အပြင် သီတဂူသာသနာပြုအဖွဲ့ဝင် ရန်ကုန် ဆင်းဘရားသားဆေးဆိုင် ညီအစ်ကိုများကို တာဝန်ပေး၍ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ဆင်းဘရားသားဆေးဆိုင် ညီအစ်ကိုများထံ လိုအပ်သောဆေးဝါးများကို မှာကြား၍ မုံရွာမြို့ရှိ ဂိလာနသံဃာတော်များအား စောင့်ရှောက်နေသော ပရဟိတအဖွဲ့မှ တာဝန်ရှိသူတို့ထံ ပေးပို့လှူဒါန်းခဲ့သည်။ ထိုအိန္ဒိယမှ ရောက်လာသော ဆေးဝါးများမှာ မီးလောင်ဒဏ်ရာများအတွက် အထူးသင့် လျော်ကြောင်း အရေပြားအထူးကုဆရာဝန်များထံမှ သိရသည်။ နိုင်ငံတော်အစိုးရ အစီအစဉ်အထောက်အပံ့ဖြင့် ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ သံဃာတော် ၃ ပါးသွားရောက်၍ ကုသမှုခံယူကြရာ ငွေကြေးအကုန်အကျ များစွာရှိကြောင်းကြား သိရသည်။
သို့ဖြစ်ခြင်းကြောင့် ပြည်ပမှ ဆေးဝါးများကို မှာယူ၍ ပြည်ပမှ ကျွမ်းကျင်နိုင်နင်းသော ဆရာဝန်များကို ခေါ်ယူ၍ သီတဂူအဖွဲ့ပိုင် စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတော်တွင် လူနာများကိုတင်၍ ကိုယ်တိုင်ကြည့်ရှု ကုသခွင့်ရမည်ဆိုလျှင် ကောင်းမည်ဟု စိတ်အကြံဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ထိုအကြံအစည်နှင့် ထိုအစီအစဉ်ကို နိုင်ငံတော်သမ္မတကြီးနှင့်  ကျန်းမာရေးဝန်ကြီးဌာနသို့ စာရေးတင်ပြ၍ ခွင့်တောင်းခဲ့ရာ နိုင်ငံတော်သမ္မတကြီး နှင့် ကျန်းမာရေးဝန်ကြီးဌာနက ၀မ်းမြောက်စွာ ခွင့်ပြုခဲ့ပါသည်။ သို့ဖြစ်၍မုံရွာမြို့မှ လူမှုရေး၊ သာရေး၊ နာရေးအဖွဲ့များ၊ စေတနာရှင်များကို အကြောင်းကြားခဲ့ပါသည်။ မုံရွာမြို့ ဇောတိကတိုက် ဆရာတော် ကြီးအားလည်း ခွင့်ပန်အကြောင်းကြား၍ မီးသင့်ဂိလာန သံဃာတော်အားလုံးတို့ကို စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါန ဆေးရုံတော်သို့ ပို့ဆောင်စေခဲ့သည်။

ဤအစီအစဉ်ကို ကြားသိကြကုန်သော သီတဂူဆရာတော်၏ တပည့် ဒါယကာ၊ ဒါယိကာမများဖြစ်ကြသော မုံရွာ မြို့မှ ဒေါ်မဉ္ဇူနှင့်အဖွဲ့က သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ယာဉ်များ လှူဒါန်းကြသည်။ မန္တလေးမြို့မှ သီတဂူ ကျောင်းအစ်မကြီး ဒေါ်ညွန့်ညွန့်အေးမိသားစု၊ ဦးကံတင်+ဒေါ်ဌေးဌေး မိသားစု၊ ရန်ကုန်မြို့မှ ကိုမျိုးဇော်ထွန်း + မ၀တ်ရည်ထွေးမိသားစုတို့က နံနက်ဆွမ်း၊ နေ့ဆွမ်းများကို လှူဒါန်းကြသည်။ သီတဂူ သာသနာပြုအဖွဲ့က ထိုအရေပြားမီးလောင်ခံရသော သံဃာတော်များအတွက် အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးအသစ်များကို လှူဒါန်းကြသည်။ သီတဂူအာယုဒါနဆေးရုံတော်သို့ တက်ရောက်ကြရာ၌ သံဃာတော်တို့ ၀တ်ရုံလာကြသော သင်္ကန်းအဟောင်းများကို သင်္ကန်းအသစ်များနှင့် လဲလှယ်ဝတ်ရုံစေပြီးမှ ဆေးရုံတော်သို့ တင်ကြသည်။

ဤရည်ရွယ်ချက်နှင့် ဤအစီအစဉ်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ သီတဂူဆရာတော်၏ တပည့် အင်္ဂလိပ်၊ မြန်မာဆရာဝန်များထံ အကြောင်းကြား၍ အရေပြားအထူးကု ဆရာဝန်များကို ရှာဖွေခဲ့ရာ ဒေါက်တာဦးကိုကို၏ စီမံဆောင်ရွက်မှုဖြင့် အင်္ဂလိပ်လူမျိုး အရေပြားအထူးကုဆရာဝန် Dr. James နှင့်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့က လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။

ဇန်န၀ါရီလ ၆ ရက်နေ့တွင် ထိုအရေပြား အထူးကုဆရာဝန်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယုဒါန ဆေးရုံတော်သို့ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီလ ၆ ရက်နေ့ညမှာ သီတဂူ အာယုဒါန ဆေးရုံတော်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဆရာဝန်များ၊ သီတဂူအာယုဒါနဆေးရုံတော် ဆေးရုံအုပ်ကြီးနှင့်တကွသော သီတဂူခွဲစိတ်ဆရာဝန်များ ညှိနှိုင်းတိုင်ပင်ကြပါသည်။ ထိုညှိနှိုင်းတိုင်ပင် အစည်းအဝေး၌ ထိုသံဃာတော်များ ကို ပြုစုစောင့်ရှောက်ခဲ့ကြသော ဆရာဝန်များအားလုံး၏ မှတ်ချက်များနှင့် အစီရင်ခံချက်များကို ကြည့်ရှုလေ့လာကြသည်။

ဆင်းဘရားသားဆေးဆိုင်က လှူဒါန်းသော ဆေးဝါးအားလုံးကိုလည်း ဆရာဝန်ကြီးများအဖွဲ့က စိစစ်ကြသည်။ ဇန်န၀ါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် ကုသမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ကြသည်။ ဇန်န၀ါရီလ ၆ ရက်၊ ညဥ့်ဦးယံကပင် သီတဂူအာယုဒါနဆေးရုံတော်ပေါ်၌ ဂိလာန ၅၇ ဦးတို့အား ဆေးရုံတော် ပေါ် တင်ထားပြီးဖြစ်သည်။ ဇန်န၀ါရီလ ၇ ရက်နေ့၌ ၃၆ ဦးထပ်မံရောက်ရှိလာသည်။ ဇန်န၀ါရီလ ၉ ရက်နေ့၌ ၂၃ ဦးထပ်မံ၍ ရောက်ရှိလာသည်။ သို့ဖြစ်ခြင်းကြောင့် မီးလောင်ဒဏ်ရာရ ဂိလာနပေါင်း ၁၁၆ ဦး ရောက်ရှိလာခဲ့သည်။ ထိုဂိလာန ၁၁၆ ဦးထဲတွင် ရဟန်းတော် ၃၃ ပါး၊ သာမဏေ ၆၈ ပါး၊ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၉ ဦး အသီးသီးရှိကြသည်။

အထက်ဖော်ပြပါဂိလာနတို့တွင်အနာကိုစစ်ဆေး၍စားဆေး၊ သောက်ဆေးပေးကာတစ်ညအိပ်၊ နှစ်ညအိပ်ဖြင့် ဆေးရုံဆင်းခွင့်ပြု လိုက်သော လူနာပေါင်းမှာ ၉၃ ဦးရှိပါသည်။ ခွဲစိတ်ခန်းသို့ ၀င်၍ အင်္ဂလန်မှ ခွဲစိတ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် ခွဲစိတ်ကုသ၍ အရေပြားလဲပေးလိုက်ရသော ဂိလာန သံဃာတော်များ မှာ ရဟန်းတော် ၃ ပါး၊ သာမဏေ ၄ ပါး၊ စုစုပေါင်း ၇ ပါးဖြစ်ပါသည်။
သီတဂူဆရာတော်၏ ထိုအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယကျန်းမာရေးဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး၊ ခွဲစိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးတင်ကြိုင်၊ ဒေါက်တာလှဘုန်း၊ ဒေါက်တာထွန်းထွန်းသန်း၊ ဒေါက်တာ ဦးချစ်ကိုကို၊ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ ဒေါက်တာမြတ်လေးနွယ်၊ ဒေါက်တာကြူကြူလွင်၊စစ်ကိုင်း၊မန္တလေးတိုင်းကျန်းမာရေးဦးစီးဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီး ခေါင်းဆောင်သော သီတဂူအာယုဒါန ဆေးရုံတော်ဆရာဝန်များအဖွဲ့နှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့မှ ဆရာဝန် များ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက လာရောက်ကြည့်ရှုကြပ်မတ် ကူညီကုသပေးခဲ့ကြသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။သီတဂူအာယုဒါနဆေးရုံတော် စီမံအုပ်ချုပ်ရေးအဖွဲ့က ဤသတင်းကို ထုတ်ပြန်ကြေညာပါသည်။ (မှတ်ချက်) ယခုသတင်းထုတ်ပြန်သည့် (၁၀-၁-၂၀၁၃)ခုအထိ စစ်ကိုင်း တောင်ရိုး၊ သီတဂူအာယုဒါနဆေးရုံတော်၌ ရဟန်းတော် ၇ ပါး၊ သာမဏေ ၁၃ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း လက်ပံတောင်းတောင် လူနာ ၂၃ ဦး တက်ရောက်ကုသနေဆဲဖြစ်ပါသည်။



မြန်မာသံတော်ဆင့်


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့် တက်ရောက်နိုင် မှုကြောင့် တောင်တက် လမ်း တစ်လျှောက် အထမ်းသမားများနှင့် ဈေးဆိုင်များ အလုပ်အကိုင် ရှားပါးလာပြီး စားဝတ်နေရေးကျပ်တည်းလာမှုကို ဖြေရှင်းပေးရန်အတွက် စိုးစံလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော် ၀င်း ဦးဆောင်သော ဒေသခံ ၁၇၅ ဦးတို့သည် ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီခွဲမှစတင်ကာ “လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ဖျက်သိမ်းပေး”၊ “ခရိုနီအုပ်စုများ အလိုမရှိ” အစရှိသည့် ကြွေးကြော်သံများနှင့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ကြသည်။

ဆန္ဒဖော်ထုတ်သူများသည်

(၁) ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များ ရသေ့တောင်စခန်းတွင် ဂိတ်ဆုံးသတ်မှတ်ပေးရန်၊

(၂) ကျိုက်ထီးရိုး တောင်တက် ကားခများ လျှော့ချပေးရန်

(၃) ကျိုက်ထီးရိုးတောင်တက်ကားလုပ်ငန်းကို ခရိုနီများ လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းအဆုံးသတ်ရန်

(၄) ကျိုက်ထီးရိုး တောင်တက်ကားများ ဂိတ်ဖွင့်ချိန်နှင့် ပိတ်ချိန်ကို နံနက် ၆ နာရီ၊ ညနေ ၆ နာရီအထိတိကျစွာ၊ သေချာစွာ သတ်မှတ်ပေးရန်

တို့ကို သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းဆိုထားသည်။ ဆန္ဒဖော်ထုတ်သူများသည် ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်၊ စက်မှုလယ်ယာ ကုန်းထိပ်တွင် စုရပ်ပြုလုပ်ပြီး တောင်သူစုရပ်ကွက်၊ သဇင်လမ်းအတိုင်း မြို့တော်ခန်းမသို့ ချီတက်ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ကြသည်။

ခွင့်ပြုပေးထားသော မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကလည်း ဆန္ဒဖော်ထုတ်သူများအား လုံခြုံရေး တာဝန်ယူကာ လိုက်ပါစောင့်ရှောက်ခဲ့သည်။

မြန်မာသံတော်ဆင့်


(16 Jan 2013 ရက်စွဲပါ Foreign Policy မှ Yun Sun ရေးသားသော Has China Lost Myanmar? ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနျစ် သမ္မတဦးသိန်းစိန် တက်လာပြီး လျှင်မြန်သောပြောင်းလဲမှုများ ပြုလုပ်လာ ကတည်းက တရုတ်အတွက် ပြဿနာ ဖြစ်လာခဲ့ပါသည်။ တရုတ်သည် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် အိမ်နီးချင်းနှင့် အေးချမ်းသော ဆက်ဆံရေးရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတနှင့် နိုင်ငံခြားရေးမူဝါဒတွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်လုနီးပါးရှိခဲ့ပါသည်။ယခုအခါ မြန်မာနိုင်ငံသည် စနစ်တကျမရှိသေးသော ဒီမိုကရေစီ ဖော်ဆောင်လာနေပါသည်။ ၎င်း၏ ပြည်သူများသည် စစ်အစိုးရအပေါ်ထောက်ပံ့ကူညီခဲ့ခြင်းနှင့် တိုင်းပြည်အပေါ် စီးပွားရေးအရ ခေါင်းပုံဖြတ်ခဲ့ခြင်းကြောင့် တရုတ်အပေါ်မကျေနပ် ဖြစ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် လုံခြုံရေးအရ ခြိမ်းခြောက်နေပါသေးသည်။ တရုတ်နယ်စပ်တွင် မြန်မာအစိုးရနှင့် သူပုန်အုပ်စုများတိုက်ပွဲ ဖြစ်နေခြင်းကြောင့် ဇန်နဝါရီလအစောပိုင်းတွင် တရုတ်ကနယ်စပ်သို့ တပ်များ စေလွှတ်ခဲ့ရပါသည်။ အခြေအနေယခုထက်ဆိုးလာပါက တရုတ်နယ်ထဲသို့ ကျွံ့ထွက်လာနိုင်သော ကြောင့်ဖြစ်ပါသည်။

တရုတ်သည် မြန်မာနိုင်ငံအပေါ် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရမည့် မဟာဗျူဟာစင်္ကြတစ်ခုအဖြစ် ဆက်လက်မတွက်ဆနိုင်တော့ပေ။ အာဆီယံမှ သစ္စာရှိ ထောက်ခံသူတစ်ဦးအဖြစ်လည်း မတွက်ဆနိုင်တော့ပေ။ နေပြည်တော်သည် ဝါရှင်တန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာရာ၊ Beijing သည် အမေရိကန်၏ အာရှတွင် ပြန်လည်ချိန်ခွင်လျှာညှိရန် ကြိုးပမ်းမှုအပေါ် စိုးရိမ်ပူပန်လာရပြီ ဖြစ်ပါသည်။ အရာရာသည်Beijing အတွက် ပိုမိုဆိုးရွားလာနေပါသည်။ တရုတ်နှင့် မြန်မာစစ်တပ် ဥိးပိုင်ကုမ္ပဏီတို့ ဖက်စပ်ပြုလုပ်သောမုံရွာကြေးနီ စီမံကိန်းတွင် ရွာသားများနှင့် ဘုန်းတော်ကြီးများသည် လအတန်ကြာ ဆန္ဒပြခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်က သမ္မတဦးသိန်းစိန်သည် တရုတ်တို့ဆောက်လုပ်နေသော ဒေါ်လာ (၃.၆) ဘီလီယံတန် မြစ်ဆုံရေလှောင်တမံစီမံကိန်းကို ပြည်သူလူထုဆန္ဒအရဆိုကာ ရပ်ဆိုင်းခဲ့ပါသည်။ မုံရွာတွင် ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံရှိ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ အန္တရာယ်ရှိနေကြောင်း စိုးရီမ်မှုတိုးပွားလာရ ပါသည်။

Beijing အနေဖြင့် နေပြည်တော်က ၎င်း၏အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်လာမှုအား ကာကွယ်ရန်စွမ်းရည်အနည်းငယ်သာရှိ သည်ကိုတွေ့ရပါသည်။ အစိုးရ သုံးသပ်သူများနှင့် အရှေ့တောင်အာရှ ကျွမ်းကျင်သူများ အပါအဝင် တရုတ်နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝိုင်း၏ ကြီးမားသောအစိတ်အပိုင်းက မြန်မာနိုင်ငံတွင် သြဇာဆက်လက်လွှမ်းမိုးနိုင်ရန် ၎င်း၏မိတ်ဆွေဟောင်းများထံ ပြန်လည်ဦးလှည့်သင့်ကြောင်း ငြင်းချက် ထုတ်ကြပါသည်။ မိတ်ဆွေဟောင်းများဆိုသည်မှာ နေပြည်တော်နှင့် စစ်ပွဲလေးများဖြစ်နေသော နယ်စပ်မှ တိုင်းရင်းသားအုပ်စုများ ဖြစ်ပါသည်။ ယူနန် Police Collage မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Liang Jinyun သြဇာရှိသော ၂၀၁၁ ခုနှစ်အစီအရင်ခံစာတွင် အဆိုပါ တိုင်းရင်းသားအုပ်စုများကို ကောင်းစွာအသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၌ အမေရိကန်နှင့် တရုတ်တို့ ထိပ်တိုက်တွေ့ဆုံမှုတွင် ရှေ့တန်းမှ သစ္စာရှိ မိတ်ဆွေများဖြစ်လာနိုင်ပါသည်။

တရုတ်သည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော ‘ဝ’ နှင့် ‘ကချင်’ တို့ဖြင့် နီးကပ်သော ဆက်ဆံရေးကို အချိန်အတော်ကြာကပင် ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ ဆက်ဆံရေး အကောင်းဆုံးမှာ ၁၉၆၀ ခုနှစ်များက ဖြစ်ရာတရုတ်က ဗမာကွန်မြူနစ်ပါတီကို ‘ဝ’ ရော ကချင်ရော၊ တရုတ်အမျိုးသားများရောပါဝင်ခဲ့ပြီး ဗဟိုအစိုးရကို တစိတ်တပိုင်းအောင်မြင်သည်ဟု ပြောနိုင်သည့် ဆန့်ကျင်မှုများ ပြုနိုင်ခဲ့ပါသည်။ Beijing သည် ရုပ်ပိုင်းဆိုင်ရာ သာမက လူအင်အားပါအကူအညီပေးခဲ့ပြီး အဆိုပါ အကူအညီများသည် ၁၉၉၀ ခုနျစ်များအစော ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့ပါသည်။ သို့သော် ယူနန်ဒေသ အစိုးရမှာမူ နယ်စပ်တွင် စီးပွါးရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ဘိန်းအစားထိုးစိုက်ပျိုးမှုများဖြင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့ ပါသည်။ နေပြည်တော်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ‘ဝ’ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရခဲ့သော်လည်း ကချင်နှင့်စစ်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပါသည်။ ဇန်နဝါရီလ (၂) ရက်နေ့တွင်မြန်မာအစိုးရက ကချင်ကို တိုက်ခိုက်ရာတွင် လေယာဉ်များအသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါသည်။

Beijing က လူသိရှင်ကြားပြောကြားမှု အနည်းငယ်သာရှိပါသေးသည်။ တရုတ်နိုင်ငံခြားရေးဌာနက တရုတ်နှင့် မြန်မာနိုင်ငံသည် အရေးကြီးသော အိမ်နီးချင်းများ ဖြစ်ကြကြောင်း နေပြည်တော်နှင့် ဝါရှင်တန်ကြားဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို တရုတ်အနေဖြင့် ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင် မြန်မာနိုင်ငံအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းအတွက် လိုချင်သောရလာဒ် မထွက်ဟု တရုတ်က ခံစားနေရပါသည်။ ထို့ကြောင့် တရုတ်အနေဖြင့် မူကွဲသော ချဉ်းကပ်မှုကို အသုံးပြုသင့်သည်ဟု နိုဝင်ဘာလက ပုဂ္ဂလိက တွေ့ဆုံပွဲတစ်ခုတွင် တရုတ်အစိုးရ ဝေဖန်သုံးသပ်သူတစ်ဦးက ပြောပါသည်။ “နယ်စပ်ကတိုင်းရင်းသားအုပ်စုတွေဟာ ကျွန်တော်တို့ရဲ့ ဖဲချပ်တွေပါ၊ တရုတ်က ဒါကိုကောင်းကောင်း ကိုင်ကစားဖို့ပဲလိုတာပါ” ဟု Beijing သြဇာရှိ တရုတ်သုံးသပ်သူတစ်ဦးက ပြောပါသည်။ ၎င်း၏ အမြင်ကို စာရေးသူနှင့် စကားပြောဖူးသူ ဝေဖန်သုံးသပ်သူ အများစုက သဘောတူကြသော်လည်း တစ်ဦးတစ်ယောက်က မျှလူသိရှင်ကြား ပြောကြားမှုမရှိသေးပေ။

အဆိုပါ သုံးသပ်သူများက တရုတ်သည် ကချင်နှင့်နေပြည်တော်ကြား ကြားဝင်ဆောင်ရွက်သင့်ကြောင်း ယုံကြည်နေကြပါသည်။ နယ်စပ်ဒေသ တွင် တည်ငြိမ်ရေးအတွက် လုပ်ဆောင်ပေးရန်နှင့် Beijing ၏သြဇာလွှမ်းမိုးမှုကို မြန်မာအားသတိပေးရမည် ဖြစ်ပါသည်။ တချိန်တည်းမှာပင် တရုတ်သည် နယ်စပ်မှ နေပြည်တော်ကို ဆန့်ကျင်နေကြသော တိုင်းရင်းသားအုပ်စုများ ကို ထောက်ခံကူညီပြီး မြန်မာအစိုးရက တိုက်ခိုက်နေမျှုား ဖြေလျှော့သွားရေး ဖိအားပေးရမည်ဟု ၎င်းတို့င ငြင်းချက် ထုတ်ပါသည်။ ထို့အပြင် နယ်စပ်တွင် သစ်၊ ကျောက်စိမ်းနှင့် အခြား သဘာဝသယံဇာတများအလွယ်တကူ စီးဆင်းနိုင်ရေး ဖိအားပေးသင့်သည်ဟု ဆိုပါသည်။ (ယိုပေါက်များစွာရှိသော နယ်စပ်တွင် မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုမှာ မရှောင်နိုင်သော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်) အဆိုပါသုံးသပ်သူများ၏ အဆိုအရ တိုင်းရင်းသားအုပ်စုများအပေါ် အကူအညီပေးရင်း နေပြည်တော်အပေါ်တရုတ်၏ သြဇာလွှမ်းမိုးမှု ပြန်လည်တည်ဆောက်ရန်နှင့် တရုတ်အမျိုးသားအကျိုးစီးပွားကို လေးစားရန် မြန်မာအားတိုက်တွန်း ရမည်ဟု ဆိုပါသည်။ နောက်ဆုံးတွင် ၎င်းတို့၏အမြင်တွင် မြန်မာနိုင်ငံက အနောက်၏ရင်ခွင်သို့ ပစ်၍ဝင်ချိန်တွင် တရုတ် တို့အရှုံးမရှိရေးနှင့် အရာရာအမြတ်ထွက်ရေး ဖြစ်ပါသည်။

ပုဂ္ဂလိကပြောဆိုမှုများ၊ တွေ့ဆုံမှုများတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်ဆက်နွယ်သော သုံးသပ်သူများက အဆိုပါအမြင်ကို ဆန့်ကျင်ကြပါသည်။ ၎င်းတို့က တရုတ်တို့ ၏အချိန်ကာလကြာရှည်က ရပ်တည်ခဲ့သော သူတပါးနိုင်ငံအတွင်းရေးဝင်ရောက် မစွက်ဖက်ရေးမူဝါဒကို ထောက်ပြကြပါသည်။ မြန်မာနိုင်ငံ နှင့်နှစ်နိုင်ငံဆက်ဆံရေးကောင်းစွာ ထူထောင်ထားပြီးဖြစ်ရာ တိုင်းရင်းသားများကို မြှောက်ပင့်ပေးခြင်းသည် နေပြည်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း ဆိုပါသည်။ မြန်မာရေးရာ ကျွမ်းကျင်သူ ထင်ရှားသူတစ်ဦးက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ထိန်းမနိုင်သိမ်းမရ အရူးအမူးဖြစ်နေမှု Democracy Frenzy ဟု ခေါ်ဝေါ်ခဲ့ပြီး လက်ရှိတရုတ် အကျိုးစီးပွားထိခိုက်နေမှုများသည် တဖြည်းဖြည်းမှေးမှိန်သွားမည်ဟုဆိုပါသည်။ နေပြည်တော်သည်Beijing၏ ထောက်ခံမှုအတွက်ပြန်လာရမည် ဖြစ်ပါသည်။သို့မဟုတ်ပါက တိုင်းပြည်သည် ကစဥ့်ကလျား ဖြစ်သွားနိုင်ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ငြင်းချက်ထုတ်သည့်အချက်မှာ နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ပြီး တရုတ်သည် ယနေ့တိုင် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမျြုပ်နှံသူ ဖြစ်ဆဲဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

တိုင်းရင်းသားအုပ်စုများဖက်တွှုမူ တရုတ်ပါဝင်ပတ်သက်လာမှုကို ကြိုဆိုကြမည် ဖြစ်ပါသည်။ ကေအိုင်အေ (KIA) အတွင်း သတင်းးများအရ တရုတ်၏ ကျောထောက်နောက်ခံမရဘဲ ယုံကြည်ဖွယ်မကောင်းသော တယူသန်မြန်မာများသည်မည်သည့်သဘောတူညီချက်မျှမရနိုင်ဟု ဆိုပါသည်။ အမေရိကန်ပြည်ထောင် စုသည် ကျေနပ်ခြင်းမရှိသည့် တိုင်းရင်းသားအုပ်စုများကို ဘေးဖယ်ထားပြီး နေပြည်တော်ကို အကူအညီပေးရန် သာ ပိုမိုအာရုံပြုပါက ကချင်နှင့်‘ဝ’တို့သည်တရုတ်သည်သာ၎င်းတို့၏အားအကောင်းဆုံးမဟာမိတ်အဖြစ် မျှော်လင့်နေမည် ဖြစ်ပါသည်။

ကချင်တို့သည် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ကိုယ်စားလှယ်အဖွဲ့အချို့ဝါရှင်တန်သို့ စေလွှတ်ခဲ့ပြီးနောက် ပြောကြားရာ၌ အမေရီကန်ပြည်ထောင်စုက ၎င်းတို့အပေါ်စိတ်ဝင်စားမှုမရှိခြင်းအတွက် ဝမ်းနည်းကြောင်းဆိုခဲ့ပါသည်။ တရုတ်ဒေသဆိုင်ရာ တာဝန်ရှီသူများ ၏အဆိုအရ ‘ဝ’ တို့သည် အမေရိကန်က၎င်းတို့အပေါ် မူးယစ်ရာဇာနှင့် လက်နက်ရောင်းဝယ်သူ အဖြစ် မြင်နေစေရန် လုပ်ဆောင်နေမှုများကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။

မြန်မာနိုင်ငံသည် တရုတ်တို့နှင့် ဝေးရာခွာလာသည့် အတွက် Beijing ၏ စိုးရိမ်မှုကို နားလည်သည့်အလျှောက် ‘ကချင်’နှင့် ‘ဝ’ တို့က တရုတ်သည် ၎င်းတို့၏ နိုင်ငံရေးအရအဖြေရရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းမှုကို ထောက်ခံကူညီသင့်ကြောင်း ငြင်းချက်ထုတ်ပါသည်။ တိုကိစ္စသည် တရုတ်အတွက် ပိုမိုဆိုးဝါးစေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တိဗက်နှင့် Uyghurs တို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုထားရာ တရုတ်က ဖိနှိပ်ထားရခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးဆိုသည် ထူးဆန်းသည့် မထင်မှတ်ထားသည့် ဆက်စပ်မှုများ လုပ်ဆောင်နိုင်သည် ဖြစ်ရာ တရုတ်ကဗဟိုအစိုးရအပေါ် ဆန့်ကျင်နေသည့် တိုင်းရင်းသားအုပ်စုများ အပေါ် ထောက်ခံကူညီမှုသည် ထူးထူးခြားခြားဖြစ်လာရန် ခဲယဉ်းနေသေးသည်ဟု ဆိုချင်ပါသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.