01/22/13





၁၇.၁.၂ဝ၁၃ ရက်နေ့တွင် နတ်၊ လူ သာဓုခေါ်စေသော အလှူဒါနတစ်ခုအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်ကိုယ်ကျ လက်ခံခဲ့သည်။ ယင်းအလှူသည် လက်ရှိ နေထိုင်နေလျှက်ရှိသော ကျပ် (၃၅ဝ) သိန်းခန့် တန်ဖိုးရှိသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အပြီး လှူဒါန်းရန် ယခုသက်ရှိထင်ရှား ရှိနေစဉ်၌ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အလှူရှင်ဖြစ်သူ ဦးလှကျော် အသက် (၈ဝ) နှစ်သည် ကွယ်လွန်သူ ဒေါ်မိမိကြီး အားရည်စူး၍ တိုက် (၁)၊ အခန်း (၂) ဆောင်းဟေမာန်အိမ်ရာ၊ မြောက်ဒဂုံမြို့နယ်ရှိ ဆောင်းဟေမာန်တိုက်ခန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့သည်။ ဦးလှကျော်သည် သား၊သမီး မိသားစုမရှိဘဲ တစ်ဦး တည်း နေထိုင်သူဖြစ်ပြီး ၄င်းတိုက်ခန်းအား မိမိမရှိတော့သည့် နောက်ပိုင်း၌ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အများပြည်သူတို့အတွက် အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် အပြီးအပိုင် ယတိပြတ် လှူဒါန်း ခဲ့ခြင်းဖြစ်သည်။

ဦးလှကျော်သည် ထေရဝါဒ ဗုဒ္ဓဘာသာပီပီ ပထမဦးစွာ သံဃာတော်များကို မိမိ၏တိုက်ခန်းအလှူ လှူဒါန်းမည်ဟု စီစဉ်ပြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းရခြင်းကို တိုက်ခန်းအလှူရှင် ဦးလှကျော်မှ “နဂိုကတည်းက ဗုဒ္ဓဘာသာပီပီ ဒါနကိုပြုချင်တယ်၊ ပြုချင်ပေမယ့် ဘယ်ဟာအကောင်းဆုံး ဖြစ်မလဲလို့ ကျွန်တော့်စဉ်းစားကြည့်တော့ ဘာသာရေးအရ သံဃာတော်တွေကို လှူချင်ပေမယ့် လှူနေတဲ့ သူတွေအများကြီးရှိတယ် လူသားတွေအတွက်ကတော့ အလှူမခံရတဲ့ ပြဿနာရှိတယ်။ ဒါကြောင့် ကျွန်တော်က ပြည်သူတွေ အကျိုးရှိအောင်ဆိုပြီးတော့ လှူလိုက်တာပါ။ ဒီလိုနာရေးကို လှူတဲ့သူတွေ နည်း နေတယ်။ ကျွန်တော့ရည်ရွယ်ချက်က နာရေးကူညီမှုအသင်း(ရန်ကုန်)ကအားလုံးပုံအပ်ပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“လူ့အလို နတ်မလိုက်နိုင်” ဟု ပညာရှင်များ ဆိုရိုးစကားရှိသည်။ လူတို့၏ လိုအပ်သော တောင်းဆု များကို အလွယ်တကူ ဖန်ဆင်းပေးနိုင်သော နတ်တစ်ပါးပင် အလိုမလိုက်နိုင်ဟုဆိုလျှင် လူတို့၏ လိုချင် တပ်မက်စိတ်သည် မည်မျှပင်များပြားကြောင်း သိရှိနိုင်ရန် ပညာရှင်တို့၏ ထိုစကားပုံသည် ထင်သာလှ သည်။ ယခုတွင်မှု အလှူရှင် ဦးလှကျော်သည် မိမိပိုင်ဆိုင်မှု အတုဖြစ်သော ဆောင်းဟေမာန်တိုက်ခန်းကို လိုချင်တပ်မက်မှုမရှိ ကိုယ့်နောက်မပါမည့် ထိုတိုက်ခန်းအား လှူဒါန်းခြင်းသည် မိမိသေဆုံးသွားသည့်အခါ မိမိနောက်ပါမည့် ဒါန၊ သီလ၊ ဘာဝနာ ဟူသော ပိုင်ဆိုင်မှုစစ်စစ်ကို ဆုပ်ကိုင်ရင်း နတ်၊ လူ သာဓု ခေါ်စေမည့် မွန်မြတ်သော အလှူဒါနတစ်ခုကို ပြုအပ်ပါတော့သည်။

ဇူးဇူး

{သံဖြင့်လုပ်သော အနှောင်အဖွဲ့၊ သစ်ဖြင့်လုပ်သော အနှောင်အဖွဲ့၊ မြက်, လျှော်တို့ဖြင့်လုပ်သော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မဆိုကုန်။

ပတ္တမြားနားတောင်း စသော ရတနာတို့၌လည်းကောင်း၊ သားမယားတို့၌လည်းကောင်း လွန်စွာ တပ်မက်နှစ်သက်သော ငဲ့ကွက်မှုတဏှာ အနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိ သူတို့က ဆိုကုန်၏။

လျော့ရဲဟန်ရှိသော်လည်း လွတ်နိုင်ခဲသော၊ ယုတ်နိမ့်ရာ အပယ်ငရဲသို့ ဆွဲခေါ်တတ်သော ဤ အနှောင်အဖွဲ့ကို ပညာရှိသူတို့သည် ရုန်းဖြတ်၍ ကာမဂုဏ်ချမ်းသာကိုစွန့်ကာ တောသို့ဝင်ကြကုန်၏။}

(ဓမ္မပဒ)

အစိုးရက အပစ်ရပ်မယ်လို့ကြေငြာထားပေမယ့် ကေအိုင်အေ ဌာနချုပ်နားမှာတော့ တိုက်ပွဲတွေက ဆက်ပြီးဖြစ်နေဆဲပါ။ လိုင်ဇာ ဌာနချုပ်နားက ခါယတောင်ကုန်းကို သိမ်းပိုက်နိုင်အောင် အစိုးရတပ်တွေက အင်အားသုံးပြီး တိုက်နေတယ်လို့ သိရပါတယ်။ (Video Footage: Ruters TV)


ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့်အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းသည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်းခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။

““ပြည်ထောင်စုအဆင့်ဝန် ကြီးနှစ်ဦး နုတ်ထွက်သွားတယ်၊ လက်ရှိအနေအထားအရ ဆက် သွယ်ရေးကဏ္ဍဆိုလည်း အရှိန် အဟုန်နဲ့ ဆောင်ရွက်နေတဲ့ အချိန်၊ ဒါပေမဲ့ ဒီပြည်ထောင် စုဝန်ကြီးတွေတာဝန်က နုတ်ထွက် ခွင့်ပြုတာနဲ့ပတ်သက်ပြီး၊ ဘာ အကြောင်းကြောင့်လဲ၊ ဘာ အားနည်းချက်ရှိလို့လဲ၊ ပြည် သူကို အစိုးရက တင်ပြရမယ်၊ ပွင့်လင်းမြင်သာမှုဆိုတာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့မှာကို မရှိသေးဘူး၊ ဒီလို ပွင့်လင်းမြင်သာမှုဆိုတာဟာ ယခင်ပါတီလမ်းစဉ်ခေတ်တည်းက ၀န်ကြီးတွေ နုတ်ထွက်သွားရင် ဘာကြောင့်မှန်းမသိလိုက်ဘဲ အစိုးရကလည်း ပြည်သူကို ဘာမှ မတင်ပြတာ ခု အစိုးရလက်ထက် ထိပဲ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဆိုရင် နုတ်ထွက်ခွင့်ပြု လိုက်ရတဲ့ ၀န်ကြီးတွေမှာ ဘာ အားနည်းချက်တွေရှိနေလဲ၊ ဘာကြောင့်များ ပေးလိုက်ရတာ လဲ၊ ပြည်သူကိုတင်ပြရမယ်”” ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်ကHot News သတင်းထောက်ဖြင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ သည်။

သမ္မတရုံး၏ ကြေညာချက် အရ တာဝန်မှ အနားယူခွင့်ပြု လိုက်သော ပြည်ထောင်စုဝန်ကြီး များအနက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်သည် ယခင် အစိုးရလက်ထက်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်၊ ဒုဝန်ကြီး နှင့် ၀န်ကြီးအဆင့်များထိ အဆင့် ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းထွန်းသည်လည်း ယခင် အစိုးရလက်ထက်၌ ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၌ ဒုဝန်ကြီး၊ ဗိုလ်ချုပ်အဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ရာ အစိုး ရသစ်တက်ပြီးသည့်အချိန်တွင် အစိုးရအဖွဲ့သစ်၌လည်း ပြည် ထောင်စုဝန်ကြီးများအဖြစ် ပါဝင် ခဲ့သူများဖြစ်သည်။

ခန့်ခန့်(ဒဿနိက)(The Hot news Weekly)

မြန်မာအစိုးရ ၏ လေကြောင်းမှ တိုက်ခိုက်မှု အပြီး မြင်ကွင်းတစ်ခု(Jade Land)

ကချင်ပြည်နယ်လဂျားယန်ဒေသတွင် တပ်မတော်မှ ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ နယ်မြေရှင်းလင်းမှုနှင့် ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းမည် ဟုဆိုသော်လည်း အဆိုပါနေ့မှာပင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ထိုသို့စစ်ပွဲများရပ်ဆိုင်းမည်ဟု ပြောသည့်နေ့မှာပင် ကေအိုင်အေ တပ်ဖွဲ့များအနေဖြင့် ဖားကန့်မြို့နယ်ရှိ ကာမိုင်း ရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက် သွားသဖြင့် ရဲတပ်သား နှစ်ဦးကျဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထပ်မံ၍ ဗန်မော်-လွယ်ဂျယ် ကားလမ်ပေါ်တွင် ကားသုံးစီးကို မိုင်းခွဲတိုင်ခိုက် သဖြင့်အရပ်သား ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရ တပ်ဖွဲ့အနေဖြင့်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်မှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် သမ္မတ ညွှန်ကြားသည့် အတိုင်းလိုက်နာလျက်ရှိကြောင်းကို သမ္မတတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြောကြားကြောင်း သိရ သည်။

ထိုနေ့တွင်ပင်မြန်မာစစ်တပ်မှ ထိုးစစ်ဆင်မှုများကို ပြုလုပ်လျက်ရှိကြောင်း ကေအိုင်အေအနေဖြင့် ၎င်းတို ရှေဆက်မတက်လာနိုင်အောင် ကန့်ထားကြောင်း မြန်မာစစ်တပ်ဖက်မှ ထိုကဲသို့တိုက်ခိုက်နေခြင်းသည် အထက်က ထုတ်ပြန်ထားသောအမိန့်နှင့် အောက်ခြေတပ်ဖွဲ့များ၏ လုပ်ရပ်များ သည်ကွာဟနေကြောင်းကို ကေအိုင်အေတပ်ဖွဲ့များနှင့် ပူးတွဲတိုက်ခိုက်နေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရပ်တစ် တပ်ဦး ABSDF မြောက်ပိုင်းနယ်မြေမှ နိုင်ငံရေးတာဝန်ခံကတစ်ဦးက ပြောကြားသည်။

အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ချက်အပေါ် ကေအိုင်အေဘက်မှလည်း လဂျားယန်ဒေသတွင်သာမက ကချင်ပြည် နယ်တဝှမ်းလုံးတွင်ပါ ထိုးစစ် များကို ရပ်ဆိုင်းသင့်ကြောင်း၊ သတင်းထုတ်ပြန်ချက်များမှတဆင့် ရှေ့တွင်အလားအလာ ကောင်းများဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့နှစ်ဘက် အပြန်အလှန် သတင်းထုတ်ပြန်ခဲ့သော်လည်း ကချင်ပြည်နယ်ဖားကန့်ဒေသ ကံဆီးဘက်တွင် တိုင်ပွဲများပြင်းထန်လျက်ရှိကြောင်း ကို ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတက်မတော် ကေအိုင်အေ တို့သည် ၂၀၁၁ ဇွန်လမှ စတင်ကာ တိုက်ပွဲပေါင်း ၂၄၀၀ ကျာ်ဖြစ်ပွားကာ တိုက်ပွဲများကြောင့် နေရပ်မှစွန့်ခွာထွက်ပြေးလာသူ ဒုက္ခသည် အရေအတွက်သည် ၁၆၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းသိရသည်။

Yangon chronicle

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံသယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျ မပြောရဲကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေးအင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ခုသွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။

ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်းစဉ်ဟောင်းကြီးဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။

ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာတွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြရန် လည်း မေတ္တာရပ်ခံကြောင်း ပြောကြား သွားခဲ့သည်။

ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့် ခရီးစဉ်တွင် အခက်အခဲ အမျိုးမျိုနှင့်ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှု ရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့် လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းလည်း သိရသည်။

ဝေယံ(The myanmar age)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.