01/27/13


နိုင်ငံခြား သတင်းထောက်တွေက အစိုးရ နှင့် ပူးပေါင်းပြီး သတင်းမယူကြဘဲ ၊ KIA ဘက်က လူတွေနဲ့ ပေါင်းပြီး သတင်းယူကြတာ များတယ်လို့ မနေ့က ဖေ့ဘွတ်က သူငယ်ချင်းတစ်ယောက် ရေးထားတာလေး ဖတ်လိုက်ရတယ် ။

အဲဒီမှ စဉ်းစားမိတာက နိုင်ငံခြား မီဒီယာတွေက KIA နှင့် စစ်အစိုးရ နှစ်ဘက်မှာ KIA ကို ပိုယုံကြည်လို့ လက်တွဲတာလား ။ ဒါမှ မဟုတ် အစိုးရက သူတို့ဘက်က လိုက်ပါပြီး သတင်းယူဖို့ ခွင့်မပြုလို့လား ။
သတင်းယူခွင့် မပြုဘူး ဆိုကတည်းက ရိုးသားမှု မရှိတာလည်း ဖြစ်နိုင်ပါတယ် ။

ပြည်သူ့ အတွက် SKY NET လို့ ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မီဒီယာကြီး ၊ MRTV4 တို့ဘက်က သတင်းထောက်တွေလည်း အစိုးရဘက်က ပေါင်းပြီးဘဲ ဖြစ်ဖြစ် ၊ KIA ဘက်က ပေါင်းပြီးဘဲ ဖြစ်ဖြစ် သွားရောက် သတင်းယူပြီး ပြည်သူလူထုထံ အမှန်အတိုင်း တင်ပြသင့်တာပေါ့ ။

ပြန်ကြားရေး ၀န်ကြီးရဲ့ အဆိုအရ ဆိုရင် ဒါက တရားမျှတတဲ့ စစ်ပွဲလို့ သူပြောတာဘဲ ........။ အမှန်တကယ်သာ တရားမျှတယ် ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆို နိုင်ငံတကာက မီဒီယာတွေ အားလုံးကို ဖိတ်ခေါ်ပြီးတောင် သတင်းယူခွင့် ပြုသင့်သေးတာ မဟုတ်ဘူးလား ဗျာ ။

KIA လည်း လိမ်မလိမ်တော့ ကျနော် သေချာ မသိဘူးဗျာ ။ အစိုးရကတော့ ဗြောင်ကို လိမ်နေတာ သိသာထင်ရှားလွန်းပါတယ် ။

ပထမက ခံစစ်ပါလို့ ကြော်ငြာတယ် ၊ ပြည်တွင်းက သတင်းထောက်တွေ သွားရောက် သတင်းယူပြီး ဓါတ်ပုံသက်သေတွေနဲ့ အတိအကျ တက်လာပြီး နောက်တော့ လေယဉ်တွေကို စစ်ပွဲ အနေအရ အသုံးချပြီး ဗုံးကြဲတယ်လို့ ၀န်ခံလိုက်တယ် ။ အဲဒါကို ကာဗာလုပ်ချင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျောက်လောက စာအုပ်ဟောင်းတွေ ရှာပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်း နဲ့ ညီတယ်လို့ ကြော်ငြာပြန်တယ် ။

ကျနော်တို့က ငြိမ်းချမ်းရေး လိုလားပါတယ် ။ ဒါကြောင့် စစ်ပွဲတွေ ရပ်ဖို့ သမ္မတကြီးက အမိန့်ပေးပြီးသွားပြီ လို့ ကြော်ငြာပြီး သိပ်မကြာခင် တနေ့တည်း အမြောက်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ကျနော်တို့က ခံစစ်ပါဘဲတဲ့ ........။ သိပ်မကြာပါဘူး .....အခြေအနေ အရ ထိုးစစ်ဆင်နေရပါတယ်လို့ ၀န်ခံပြန်တယ် ။

လိမ်ညာမှုကို ဖုံးကွယ်ဖို့ ဆက်ညာရင်းက ဘဲ ရှေ့က လိမ်တာတွေက ပြန်ပေါ်ဆိုတော့ ခင်ဗျာတို့ လိမ်ညာမှုက အရမ်းကြီးကို သိသာနေပါပြီဗျာ ။

နောက်ဆုံး သူတို့ လိမ်တာ အကုန်ပြန်ဖုံးချင်တော့ လွှတ်တော်က စစ်ပွဲကို ခေါ်ဖို့ ကြိုးစားကြပြန်ပါတယ်...........။

ကျနော်တို့ တိုင်းပြည်ကို ခင်ဗျာတို့ နည်းမျိုးစုံနဲ့ ဖျက်စီးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါပြီဗျာ ။ တိုင်းပြည်လည်း ဗုန်းဗုန်းလဲတော့မယ့် အနေအထားနဲ့ သိပ်မဝေးတော့ပါဘူး ။ ခင်ဗျာတို့မှာလည်း ထားစရာ မရှိအောင် ချမ်းသာနေကြပြီဘဲ .................

ငါတို့ ဘာကြောင့် ဆက်လက် ယုတ်မာချင်ကြသေးတာလည်း ဆိုပြီး ကိုယ့်ဟာကိုယ်ဘဲ ပြန်မေးကြည့်ကြပါတော့ဗျာ .........။
Credit : Burma Thwe
-------------------------------------------------------------------------------
Photo..ကချင်စစ်မြေပြင်ရောက် နိုင်ငံခြားသတင်းထောက်တစ်ဦး။Jinghpaw Kasa

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကသူမအား သမ္မတဖြစ်စေရန် ခွင့်ပြုမည့် အခြေခံဥပဒေ အပြောင်း အလဲများကို မြန်မာ့တပ်မတော်က ထောက်ခံမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့လွှတ်တော်တွင် စစ်တပ်က အဓိကနေရာများကို ထိန်းချုပ်ထား
သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေး သုံးသပ်မှုများကို အတည်ပြုလုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြောင်းဆိုသည်။

ဟာဝိုင်ယီသို့  ခေတ္တရောက်ရှိနေသော ဒေါ်စုက “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မစိုးရိမ်မှု မရှိပါဘူး။ တိုင်းပြည်ရဲ့ တခြားသော
ပြည်သူတွေလိုပဲ ကျွန်မတို့ တပ်မတော်ကိုယ်စားလှယ်တွေဟာ လည်း မြန်မာကို ပိုပျော်စရာကောင်းတဲ့၊ ပိုအားကောင်းတဲ့၊ပိုညီ
ညွတ်မှု ရှိတဲ့တိုင်းပြည်တစ်ခုကို မြင်ချင်ကြတယ်လို့ ကျွန်မထင်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့တော့ အပေးအယူလုပ်
စေ့စပ်ညှိနှိုင်းမှုကနေတဆင့် အခြေခံဥပဒေ ပြင်ဆင်နိုင်တဲ့အခွင့်အလမ်းကို မပစ်ပယ်ပါဘူး” ဟု အရှေ့ အနောက်စင်တာသို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားသည်။

၂၀၁၁ တွင် သမ္မတဖြစ်လာခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု၏ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ပါက ဒေါ်စုကို သမ္မတ အဖြစ်လက်ခံမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်ဝေဖန်သူများက စစ်တပ်က ပြဋ္ဌာန်းခဲ့ သော ၂၀၀၈ အခြေခံဥပဒေအောာက်တွင် သမ္မတနေရာကို ရရှိမည့်သူသည် အိမ်ထောင်ဖက်နှင့် ကလေးများမှာ အခြားနိုင်ငံသားအဖြစ် ခံယူ ထားသူ မဖြစ်ရဟု ပါဝင်နေရာ၊ ဗြိတိန်
နိုင်ငံသား ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားသော ဒေါ်စုကို ဦးတည်၍ သမ္မတ မဖြစ်နိုင်အောင် ဦးတည်ဟန့်တားထားကြောင်း ဆိုထားသည်။

ဒေါ်စုက အခြေခံဥပဒေနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဒီမိုကရေစီနည်းကျ မဟုတ်ကြောင်း၊ လက်ခံနိုင်ဖွယ် မဟုတ်
ကြောင်း ပြောထားသည်။

ဒေါ်စုသည် ဟာဝိုင်ယီသို့ မကြာမီကပင် အလည်အပတ်ရောက်ရှိနေပြီး တောင်ကိုရီးယားသို့ ဆက်သွားမည်ဟု သိရသည်။

REF: AFP
The myanmar age


ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိ ယဂုဏံ အဟံ ဝန္ဒာမိ”

ဒီစကားကို ကျွန်တော် ကျောင်းဆရာ လုပ်တဲ့ သက်တမ်းတစ်လျှောက်၊ နဝတ၊ နအဖ အစိုးရလက်ထက်ကျမှ ကြားရတော့ တယ်။ ကျွန်တော် ဆရာအတတ် သင်တန်းပေါင်းစုံ တက်ဖူးတယ်။ မူလတန်း ၁ လ၊ မူလ တန်း ၁ နှစ်၊ အလယ်တန်း ၂ လ၊ အလယ်တန်း ၁ နှစ်၊ ဘီအီးဒီစတဲ့ ဆရာအတတ်နဲ့ ပတ်သက်ပြီး သင် တန်းစုံ တက်ဖူးတယ်။ အဲဒီ သင်တန်းတွေက ဆရာအတတ်ကို ကောင်းကောင်း သင်ပေးလိုက်ပေမယ့် အဲဒီလို “ဂုဏံ အဟံဝန္ဒာမိ” ဆိုတာကို တော့ မသင်ပေးခဲ့ပါဘူး။

အဟံ ကျွန်ုပ်သည်၊ ဝန္ဒာမိ ရှိခိုးပါ၏လို့ ကျွန်တော်ကတော့ အကြမ်းဖျင်း သိထားပါတယ်။ ပဉ္စ ဂုဏံ ဆိုတာကတော့ “ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ” ပေါ့လေ။ ဒီငါးပါးကို ကျွန်တော်တို့ ရှိခိုးတာ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော် တို့ မွေးလာကတည်းက လူမှန်းသိ ချိန်ကစပြီး ရှိခိုးလာခဲ့ကြတာပဲ။ ခုတော့ အဲဒီ စာရင်းမှာ မပါတဲ့ “ဘဘ ဗိုလ်ချုပ်ကြီး” ဆိုတာတွေကို ရှိခိုးဖို့ အချိန်ရောက်လာခဲ့တယ်။ အဲဒီအချိန်က ကျောင်းတွေမှာ မာလ်တီ မီဒီယာဆိုတာနဲ့ တစ်ပြိုင်တည်း ကပ်ပါလာတဲ့ နဝတ အစိုးရနဲ့ နဝတ အစိုးရရဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်ကျ လိုက်လုပ်ပေးနေတဲ့ ပညာ ရေးဌာနက ပုဂ္ဂိုလ်ကြီးတွေရဲ့ တီထွင် ဖန်တီး ထားသော ယဉ်ကျေးမှုအသစ် လို့လည်း ဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ ဆရာ၊ မိဘတို့ကို အနန္တော အနန္တငါးပါးဆိုပြီး တစ် ဂိုဏ်းတည်း ထားကာ ပူဇော်ကိုးကွယ် ခဲ့ကြပါတယ်။

ကျွန်တော်တို့က “အာစရိယ” ဆိုတဲ့ ဆရာကို ရှိခိုးရတာကလည်း အာစရိယဆိုတာ တပည့်တို့၏ အကျိုး စီးပွားကို ပြုကျင့်တတ်သောသူ၊ ရှေးဦးစွာ (အတတ်ပညာကို) သင်ပေးတတ်သောသူ၊ အကျင့်သီလကို ကျင့် စေတတ်သော သူ၊ ဆရာဆိုတဲ့ အနေနဲ့ ရှိခိုးတဲ့အပြင် ဘုရားနဲ့ တစ်ဂိုဏ်းတည်း သတ်မှတ် ထားခဲ့ကြတာဖြစ် ပါတယ်။

မာလ်တီမီဒီယာ စာသင်ခန်းတွေ ဖွင့်တော့ “ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံ ဝန္ဒာမိ” လို့ ကလေးတွေ ကို အော်ခိုင်းပြီး နောက်ကနေ “မင်္ဂလာပါ ဘဘ ဗိုလ်ချုပ်ကြီး” လို့ဆိုလိုက်တော့ အနန္တော၊ အနန္တ ၅ ပါးမှာ တစ်ပါးက ဘာလို့ တိုးလိုက်ရတာလဲဆိုပြီး စိတ်ထဲမှာ အတော်လေး ဘဝင်မကျ ဖြစ်ခဲ့ရပါ တယ်။ ပြီးတော့ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေကို အဲဒီ ဗိုလ်ချုပ် ကြီးတွေကို လက်အုပ်ချီ ကြိုရမယ်၊ ပါးစပ်က ဂုဏံချင်း ထပ်အောင် ရွတ် ရမယ်ဆိုတာ ပညာရေးဌာနရဲ့ မြို့ စား နယ်စားတွေလိုဖြစ်နေတဲ့ ညွှန် ကြားရေးမှူးချုပ်တွေနဲ့၊ လက်ထောက်တွေရဲ့ စစ်ဗိုလ်တွေ ဘဝင်ကျအောင် ပညာရေးလောကမှာ သင်ပြ လာတဲ့ ခေတ်သစ်ကိုးကွယ်ရာ တစ်ပါးဖြစ်လာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ဟာ သရဏဂုံ သုံးပါးလို့ ခေါ်တဲ့ “ဘုရား၊ တရား၊ သံဃာ” ရတနာ သုံးပါးကို ကိုးကွယ်ဆည်း ကပ်ခြင်းဟာ “သရဏဂုံ ဆောက် တည်ခြင်း” ဖြစ်ပါတယ်။ ဒါကြောင့်လည်း “ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာလျှင် ကိုးကွယ်ရာ အစစ်အမှန်ဖြစ်၏” လို့ ယုံကြည် သိမှတ်၊ ရိုသေလေးမြတ် ဆည်းကပ် လိုတဲ့ ကုသိုလ်စေတနာကို “သရဏဂုံ” လို့ခေါ်ပါတယ်။

လောကီသရဏဂုံမှာ “ပဏိပါတ သရဏဂုံ” ဆိုတာရှိတယ်။ ပဏိပါ တ သရဏဂုံမှာ “အကြောက်တရား ကို အခြေခံ၍ ရှိခိုးခြင်း၊ ခရီးဦး ကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရို အသေပြုခြင်းသည် သရဏဂုံ ဆောက်တည်ရာ မရောက်” လို့ဆိုထားပါ တယ်။

မြန်မာတွေမှာ နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ အရိုအသေပြုခြင်း တွေမှာ တိတိကျကျ သတ်မှတ်ထား ချက် မရှိပါဘူး။ လူတွေ့ရင် လက် အုပ်လေးချီပြီး နှုတ်ဆက်တာ မြန်မာ့ ဓလေ့လည်း မဟုတ်ပါဘူး။ မြန်မာ တွေ အချင်းချင်းတွေ့ရင် “နေကောင်းလား”၊ “စားပြီးပြီလား” ဆိုတဲ့ လောကွတ်လေးတွေတော့ ပြောလေ့ရှိပါ တယ်။ ဒီလို ပြောတာ လက်အုပ်ချီစရာ မလိုပါဘူး။

လက်အုပ်ချီ ဦးညွှတ်ပြီး အရိုအသေပြုခြင်းဟာ အိန္ဒိယ၊ ကမ္ဘော ဒီးယားနိုင်ငံတွေမှာ အရိုအသေပြုနည်းတွေပါ။ သူတို့နိုင်ငံတွေမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် နှုတ်ဆက်တဲ့ သဘောဆောင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ ငယ်ရွယ်သူကသာ ကြီးသူကို လက်အုပ်ချီ ဦး ညွှတ်ပြီး အရိုအသေပြုတဲ့သဘော ဖြစ်ပါတယ်။ ငယ်သူက ဒီလို အရို အသေပြုလို့ ကြီးသူက ပြန်ပြီး လက်အုပ်ချီ ဦးညွှတ် အရိုအသေ ပြုစရာ မလိုပါဘူး။

စစ်အစိုးရ တက်လာပြီးနောက် ကျောင်းတွေထဲကို မာလ်တီမီဒီယာ အကြောင်းပြပြီး စစ်ဗိုလ်တွေ မကြာခဏ ဝင်ထွက်ကြပါတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စာသင်ကျောင်း တွေကို သူတို့မှမလုပ်ရင် ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး ဆိုတဲ့သဘောနဲ့ ကျောင်းတွေထဲကို ကွန်ပျူတာတွေထည့်၊ အီလက်ထရောနစ်တွေ ထည့်တာတွေ လုပ်လာကြတယ်။ အမှန်တော့ စစ်အစိုးရနောက်ကို လိုက်နေတဲ့ ခရိုနီတွေက အဲဒီပစ္စည်း တွေကို စာသင်ကျောင်းတွေ အတွက် ထောက်ပံ့ရောင်းချ၊ နိုင်ငံခြားက တင်သွင်းခွင့်ရနေသူတွေဖြစ်နေတာ လည်း စိတ်ဝင်စားစရာ ကောင်းပါ တယ်။

စာသင်ကျောင်းတွေမှာ မာလ်တီ မီဒီယာခန်းတွေ ဖွင့်တော့မယ်ဆိုရင် ပညာရေးဌာနရဲ့ ညွှန်ချုပ်ကြီးတွေ ကြီးမှူးပြီးတော့ လက်ထောက် ညွှန် ကြားရေးမှူးတွေနဲ့ အဲဒီကျောင်း တွေမှာ နှစ်ပတ်လောက်ကြိုပြီး လေ့ ကျင့်ရတဲ့ ကိစ္စရှိပါတယ်။ အဲဒါက ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမ တွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ အားလုံးကို “ပဉ္စဂုဏံ” ခိုင်းတော့တာပါပဲ။ လက်အုပ်လေး တွေ ချီ၊ ပါးစပ်က လိုက်ရွတ်၊ ပြီး ရင် မတ်တပ်ရပ် အနေအထားနဲ့ ဦးခိုက်၊ ရွတ်ဆိုတာကို မညီမချင်း ပြန် ပြီးလေ့ကျင့်ရပါတယ်။

စာသင်ခန်းထဲ ဗိုလ်ချုပ်ဝင် လာရင် ဒီလိုလုပ်ရမယ်လို့ ပြောထားရုံမက၊ လမ်းတွေ့တာတောင် “ပဉ္စဂုဏံ” ခိုင်းတော့တာပါပဲ။ရာထူး တက်ချင်တဲ့၊ ရာထူးမမြဲမှာ ကြောက် တဲ့ အရာရှိတွေရဲ့ အထက်ဖား အောက်ဖိ လမ်းစဉ်က ပညာရေးလောက ထဲကို သိသိသာသာ လွှမ်းမိုးလာရုံ မက၊ စစ်ဗိုလ်စစ်သား ရိုသေရှိခိုး လက်စုံမိုး ရမယ်ဆိုတဲ့ အသိကို ကျောင်းသားတွေ ရင်ထဲ ရိုက်ထည့် သွင်းလိုက်တာကတော့ မြန်မာ့လူနေမှုကို အမြစ် ကစပြီး ချိုးဖောက်ပြုပြင် လိုက်ခြင်းလို့ဆိုရပါလိမ့်မယ်။

ကျွန်တော်တို့ကလည်း ပဉ္စဂုဏံ ပြီးရင် တစ်ဂိုဏ်းထဲမှာပါတဲ့ ဆရာသမား၊ မိဘတွေကို ရှိခိုးရတာ ပြဿနာ မဟုတ်ပါဘူး။ ဗိုလ်ချုပ် တွေကို ကန်တော့နေရတာကိုတော့ စိတ်ထဲမှာ လုံးဝမနှစ်မြို့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော် မာလ်တီ မီဒီယာစာသင်ခန်းတွေရဲ့ တာဝန်ခံ လုပ်စဉ်က မကန်တော့၊ ဦးမညွှတ်ဘဲ ခပ်တည် တည် နှုတ်ဆက်ခဲ့ပေမယ့် ကိုယ့် အထက်အရာရှိဖြစ်တဲ့ တိုင်းပညာရေးမှူးအဆင့်က ဗိုလ်ချုပ်တွေကို လက်အုပ်လေး ချီပြီး နှုတ်ဆက်တာ တွေ့လိုက်ရတော့ အသည်း နာမိပါတယ်။ ပိုပြီး အသည်းနာတာ ရှိပါသေးတယ်။ ပုဂံမှာ တတ်သိ ပညာရှင်ကြီးတွေက နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံပွဲတစ်ခု မှာပါ။ ကျွန်တော်ကတော့ ရောက် ဖူးတာ မဟုတ်ပါဘူး။ တီဗီကနေ မြင်လိုက်ရ တာပါ။ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်တစ်ယောက် ကို ကျွန်တော်တို့ ဘီအီးဒီတက်စဉ်က အလွန်လေးစားရတဲ့ ဆရာမကြီးက လက်အုပ်လေး ချီပြီး ပြုံးပြုံးလေး နှုတ်ဆက်နေတာမြင်လိုက်ရတော့ ကျွန်တော်စိတ်ထဲ ပေါက်ကွဲသွားပါ တယ်။ ဒါကြောင့်လည်း ဆရာမကြီး ရေးတဲ့ စာအုပ်တွေကို စုဆောင်းထားသမျှ အကုန်သူများကို ပေးလိုက်တဲ့ အပြင် နောက်ဆိုရင် သူ့စာတွေကို လှန်လို့တောင် မကြည့်တော့တဲ့အထိ ဖြစ်သွားမိခဲ့ပါတယ်။

ကျွန်တော် နှမြောမိတာက ပညာရှင်တွေရဲ့ မာန်ပါ။ ပညာရှင် ဆိုတာ ပညာမာန ထားတတ်ရမယ် လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ကတော့ တော်လှန်ရေးကောင်စီ လက်ထက်လောက်ကတည်းက ဗိုလ်ချုပ်ကြီး နေဝင်းကို ပညာရှင် တွေအမျိုးမျိုးက အလိုကျမူဝါဒတွေ ချပြ၊ လိုက်လုပ်ပြခဲ့တာကြောင့် ခေတ်စနစ်ကြီး တစ်ခုလုံး ရစရာ မရှိ လောက်အောင် ပျက်စီးစုတ်ပြတ် သွားခဲ့ရတာ မှတ်မိနေဦးမယ်ထင်ပါ တယ်။

၁၉၈၈ နောက်ပိုင်း စစ်အစိုးရများ လက်ထက်မှာလည်း ပညာရှင်တွေ ဟာ စစ်ဗိုလ်တို့အလိုကျ မူဝါဒတွေ ရေးဆွဲပြ၊ အကောင်အထည်ဖော်ပြ၊ လိုက်လုပ်ပြ ခဲ့လို့ မြန်မာ့ ပညာရေး စနစ်ကြီး တစ်ခုလုံး သုံးစားလို့ မရအောင် ဝေဖန်ပြစ်တင် ခံနေခဲ့ရတာ ဖြစ်ပါ တယ်။

ဒါတင်မဟုတ်ပါဘူး ဗိုလ်ချုပ် ခင်ညွန့် ကောင်းစားစဉ်ကာလတစ် လျှောက်လုံး ပညာရှင်တွေအားလုံး လက်အုပ်ချီခဲ့ တာတွေ တွေ့ခဲ့ရပါ တယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇာတ်မင်းသားကြီးတစ်ယောက်ဆိုရင် သူ့မြေးလောက်ရှိတဲ့ ဗိုလ်ချုပ် ခင်ညွန့်ကို တွေ့တာနဲ့ လက်အုပ်ချီတာ မြင် မကောင်းအောင် ဖြစ်ခဲ့ရပါတယ်။ ဂီတပညာရှင်တွေ၊ သဘင်ပညာရှင် တွေ၊ သမိုင်းပညာရှင်တွေ၊ ပါမောက္ခ ကြီးတွေအားလုံး ဗိုလ်ချုပ်တွေကို တွေ့တာနဲ့ လက်အုပ်ချီ အောင် လုပ်ခဲ့တာဟာ သမိုင်းမှာ မတော်တဆ၊ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာ မဟုတ်ပါ ဘူး။ စနစ်တကျနဲ့ ပညာတတ်တွေ၊ ပညာရှင်တွေကို ချိုးနှိမ်ရေး၊ နံနှိမ် ရေးဖြစ်တယ်ဆိုတာ ထင်ရှားပါ တယ်။ ပညာရှင်တွေကို ဒီလိုနှိမ် ထားမှ တော်ကာကျတယ်ဆိုတာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်း က အယူအဆပါ။

ကျွန်တော် တောရွာကို ကျောင်းဆရာအဖြစ်ရောက်တော့ ကျောင်းသားတွေ မနက်ခင်းကျောင်း လာတာ ကြည့်ပြီး စိတ်ဆင်းရဲရပါတယ်။ ကျောင်းသားတွေဟာ လက်ကလေးတွေ ပိုက်၊ ခေါင်းလေးတွေ ငုံ့ပြီး လမ်းလျှောက်နေတဲ့ စက်ရုပ် လေးတွေလို ကျောင်းကိုလာကြရပါ တယ်။ အဲဒါ ဘာကြောင့်လဲလို့ ဆရာမ တစ်ယောက်ကို မေးလိုက် တော့ “ဆရာကလည်း လက်တွေ ပိုက်မထားရင်၊ ဟိုကိုင် သည်ကိုင်၊ ဟိုလုပ် သည်လုပ်နဲ့ ရှုပ်တာပေါ့။ ခုလို လက်တွေ ပိုက်ခိုင်းလိုက်တော့ ဘာပြဿနာမှ မရှိတော့ဘူး” လို့ပြောပါတယ်။

ကလေးတွေကို လက်တွေ ပိုက်ခိုင်းထားတာ ပြဿနာ မရှိတော့ဘူးလို့ သူ့ကို ဘယ်ဆရာအတတ်သင် က သင်ပေးလိုက်တယ် မပြောတတ် ပါဘူး။ တကယ်တော့ ကလေး ဆိုတာ လွတ်လပ်စွာ လက်တွေကို ဝှေ့ယမ်း နိုင်ရမယ်။ လွတ်လပ်စွာ လက်တွေကို လှုပ်ရှားခွင့်ရနေအောင် ဆရာတွေက စီစဉ်ပေးရမှာပါ။ ဒီလိုမဟုတ်ဘဲ လက်တွေကို တုပ် နှောင်ထားစေလို့ တစ်ချက်လွှတ် အမိန့်ထုတ်ထားတဲ့ ဆရာ၊ ဆရာမ တွေ စိတ်ဓာတ်က ပေါက်ဖွားလာတဲ့ တပည့်တွေရဲ့ စိတ်ဓာတ်တွေထဲမှာ လွတ်လပ်လိုစိတ်၊ လွတ်မြောက်အောင် ကြိုးစားလိုစိတ် မရှိတာ ဘာမှ မဆန်းပါဘူး။

ကျောင်းတွေမှာက ဗုဒ္ဓဘာသာဝင် ဟုတ်သူရော၊ မဟုတ်သူရော ရောထွေးနေမှာပါ။ ကျောင်းတက်ရင် ပဉ္စဂုဏံ ခိုင်းတာကလည်း အခြား ဘာသာဝင်တွေအတွက် အဆင်မပြေ နိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ အနိုင် ကျင့် ဗိုလ်ကျ ပြီး ကိုးကွယ်ယုံကြည်ခိုင်း တတ်တဲ့ ဘာသာမဟုတ်ပါဘူး။ ယုံ ကြည်သက်ဝင်သူတွေ၊ ကိုင်းရှိုင်း လေးစားလိုသူ တွေ မြေပေါ်ကို နဖူး ချပြီး ဦးချတာ ပြဿနာမဟုတ် ပေမယ့်၊ မယုံကြည်သူတွေကို အတင်း လက်အုပ်ချီခိုင်းတာ ကလည်း အတင်း အဓမ္မ အနိုင်ကျင့်သလို ဖြစ်နိုင်ပါ တယ်။

ကလေးတွေကို ယုံကြည်တာ လုပ်ပိုင်ခွင့်၊ မယုံကြည်တာ မလုပ်ပိုင်ခွင့်၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေး ခွင့်တွေ ပေးဖို့ လိုပါတယ်။ အနှောင် အဖွဲ့နဲ့ ဘောင်ထဲထည့်ထားပြီးတဲ့ အပြင်၊ မလှုပ်နိုင်အောင် ငုတ်တိုင်မှာ ခြေထိပ်ခတ် ထားတာကြောင့် ကျွန်တော်တို့ ကလေးတွေ မတွေးရဲ၊ မပြောရဲ၊ မဆန့်ကျင်ရဲ၊ မဝေဖန်ရဲ သတ္တိတွေ နည်းခဲ့တာ ကြာခဲ့ပါပြီ။

ကျွန်တော်တို့ ပိုက်ခိုင်းထားတဲ့ လက်တွေ၊ ချီခိုင်းထားတဲ့ လက်အုပ်တွေ ကို ဖြေချခိုင်းဖို့ လိုပြီထင်ပါတယ်။

တင်ညွန့် ( မြန်မာအင်ဒီပဲန်ဒင့် )


(၁)
ရှင်မ…. ရယ်….
အစ လာလာ မဖော်နဲ့ဟာ
အကျမတော်တာတွေ များနေလိုပါ…
ဘဝ အပေါ်လည်း နာခဲ့ပြီးပြီ…လေ…။

(၂)

လက်လုပ်လက်စား သမား
ပြေးပြေးလွှားလွှား ဆိုပါမှ
မိုးမြေက ပိုကျယ်သကိုး
တနေ့လုပ် တနေ့စား မနား
ယားလို့တောင် မကုပ်အားမှ
ဝမ်းတထွာ ကျယ်သပ
သမုဒ္ဒရာ ဆယ်စင်းမက
ဘယ်နေရာမှာ ဘာတွေဖြစ်ဖြစ်
ဘယ်အရပ်မှာ ဘာဇာတ်ကက
ကိုယ့်ခြေကိုယ့်လက် လှုပ်ပြီးကရတဲ့
နေ့တဓူဝဇာတ်ကို ပိုပြီးရင်ခုန်ရတယ် ။
စစ်မျက်နှာတွေ အများကြီးဖွင့်တိုက်
မပြေလည်မှုတွေကို
ခပ်မိုက်မိုက် ပြုံးပြခဲ့တာပဲ
စွမ်းလို့တော့ မဟုတ်ဘူး
ကြမ္မာငဲ့လေမလားလို့ပေါ့….ဟာ ။
အဲသည်လိုနဲ့ပဲ ပြေလည်လိမ့်နိုး
ထီတွေကိုထိုးရင်း
၄၀ ရာနှုန်းအတွက်
အခွန်တွေ ငါ ကြေခဲ့တယ်…ဟ ။

(၃)

မပြေလည်မှုနဲ့ မျက်နှာသစ်တဲ့အခါ
ပြာယာ ပြယာနဲ့ စစ်ခရာသံ အလား
တဂွီဂွီ ကြားတော့
ငါ့နားကိုပင် ငါမယုံချင်တော့ဘူး
ရှား လေ စား လေ
နွမ်းလေ ပါးလေ
ဒီဘဝ တွေ …
လျှော့ပါဦးလား အေ….။

(၄)

အော် ..ရှင်မရယ်…
ငါ့… အကျဉ်နာ လက်က
နေ့စဉ် ယာချီကိုင် နေရတော့
ထုံးပေါက်တာလည်း မဆန်းပါဘူး..ဟ..
ဆန်းတာက…
ဆုမရပဲ နေ့တိုင်း ပြေးလွားနေတဲ့
မီးပွိုင့်နားက သမီးလေး လေ….
သူ့ လက်ထဲ သတင်းတွေ ကိုင်ထားလေရဲ့…။

ရေသန့်တွေမရှိမှ ဝမ်းစာရမယ့်
သားကလေးကတော့ ရထားလမ်းနံဘေး မှာ
အသာလေး ငေးနေလေရဲ့…။

(၅)

ရှင်မရေ….
မီဒီယာကြီးနှစ်ပတ်လည်မှာ
ငါ့တို့ သမီးလေး အပူရှပ်ခဲ့တယ်နော်..။

ရှင်မရေ…
ရထားဗုံးကွဲပြီး ခရီးစဉ်ပျက်တော့
ငါတို့သားလေး ငိုကြွေးခဲ့တယ်နော်…။

(၆)

အော် ဘာလိုလိုနဲ့
နွေတန်ခူးအလွန်မှာ
ငါ့ ရင်ထဲ ရောက်ရောက်လာတယ်
အထင်မလွဲပါနဲ့ ရှင်မရယ်
ဆန္ဒတွေ အလကားရတုန်းမို့ပါ…၊

ငါ့ လက်ထဲ ကြည့်စမ်းပါဦး ဟ
ဒီ ကျောင်းစိမ်းဟောင်းတွေ ဝတ်ပြီး
ငါ့ … သမီး.. ၊ ငါ့…. သား
ငါ့ နံဘေးနားကနေ ပြေးထွက်
ကျောင်းတက်နေတာကို
ငါ …..မြင်ချင်လိုက်တာဟာ…

အထင်မလွဲပါနဲ့ ရှင်မရယ်….
ဆန္ဒတွေ အလကားရတုန်းမို့ပါ…။

(၇)

အမလေး...
အမလေး....
ယာချီ ကိုင်တဲ့ ကိုကြီးကျယ်..ရယ်..
ဘာသာစုံ တခါ ထုတ်ရင်
ဗလာ ဗလာစာအုပ် မို့တော်တော့တယ်
ကျုပ်တို့ တစ်ရက်မက ဗလာချီ ငတ်မယ် တော်ရဲ့
ပြောမယ့်သာ ပြောရတယ်.. သိလား…၊
သမီးလေးဆို သမိုင်းဂုဏ်ထူး ထွက်လောက်တယ်
သူကနေ့တိုင်း သတင်းတွေ သိနေတာ လေ ….
အဟင်း…. အဟင်း…၊
ကျုပ် သားကတော့ ၊ ရေဗူး ဘယ်လောက်ပေါင်း
ဘာ ဟင်းပြောင်း ချက်နဲ့ ပူဆာတတ်ပတော်….
သေချာတယ်ရှင်…. ဒက်ထိ ပြောရရင်
ကြက္တိ ကေတာ့ သခ်ာၤ ဂုဏ္ထူး ပဲ…။

(၈)

ဟော… ဟော… ရှင်မရေ….
အလကားရတိုင်းစိတ်ကူးမနေနဲ့ဟ
ဟိုမှာ မင့် သား ၊ မင့် သမီး ပြေးလာပြီဗျ…
ကြိုလိုက်ပါဦး… ဟ…။

(၉)

“အဖေ….” “ဟေ….”
“အမေ…” “ ရှင်…”
“ဟိုလေ…” “ဟိုဟာ..”
“ဘာဖြစ်လို့လဲ ဖေ့သား”
“ဘာဖြစ်လို့လဲ မေသမီး”

တဟီးဟီးနဲ့ မောင်နှမ အငို
အလိုအပိုမပါ
ပြောတော့ တုံးတိတိ
ဈေးဗန်းကလေး....
စည်ပင် ဖမ်းသွား၏ ။ ။

ကိုဝိုင်ဝိုင်ကေ
၁၀-၅-၁၂

ဓါတ်ပုံကို မြစ်ကြီးနား -မန္တလေး ရထားလမ်းပိုင်း ဘုံကျောင်းဘူတာ တွင် ရေရောင်း၍ ဝမ်းစာရှာရသော ကလေးကို ခုလို မြင်ရ၍ ရိုက်ခဲ့ပါသည်။ ကဗျာ ရေးစဉ်က မြို့နေတဲ့ ကလေးတွေ အတွက် ပေမယ့် အဝေးတနေရာမှာ ခုလို ဘဝတွေ ရှိသေးတာ မြင်စေချင်လို့ ပြန်ပြီး တွဲ၍ တင်ပေးလိုက်ပါသည်..။

လေးစားမှု အစဉ်သဖြင့်
ကိုဝိုင်ဝိုင်ကေ
၂၇-၁-၁၃


(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

ပြည်ပရောက် ကချင် ၁၀၀ ခန့်သည် သောကြာနေ့က ချင်းမိုင်မြို့ရှိ တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများ သို့ချီတက်ကာ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုက်ပွဲများ ရပ်ဆိုင်းအောင် မြန်မာအစိုးရအားဖိအားပေးရန်တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ကချင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား မြန်မာအစိုးရတပ် က လေကြောင်းအင်အား သုံးချေမှုန်းနေခြင်းကို ပြစ်တင်ရှုံချ သည့်ပေးစာကို တင်ပြခဲ့ကြ ပြီးကေအိုင်အေနှင့် နေပြည်တော် စေ့စပ်ညှိနှိုင်းအောင် ဘီဂျင်းက ဖိအားပေးရန်နှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ဆက်လက်၍ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ချီတက်သွားကြပြီး ကချင် ဒုက္ခသည် များအား လူသားချင်းစာနာမှု အကူအညီ ပေးရန် မြန်မာအစိုးရအား စီးပွားရေး Sanction ပိတ်ဆို့ရန် တောင်းဆို ခဲ့ကြသည်။

ထို့အပြင်ဆန္ဒပြသူများက ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး UNHCR အား ကချင်ဒုက္ခသည် များကို အထူးသဖြင့်ကူညီရေးအတွက် အရှေ့တောင်အာရှတွင် ရုံးခွဲဖွင့်ရန်နှင့် ၎င်းတို့၏ကိစ္စကို ကုလသမဂ္ဂညီလာခံသို့ တင်ပြ ပေးရန်တောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲ ထားခဲ့သော်လည်း ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် မြန်မာ့ တပ်မတော်က ရေအားလျှပ်စစ် တမံ စီမံကိန်း တစ်ခုအနီးမှ ကေအိုင်အေ ဆက်ဆံရေးရုံးကို အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြင့် ရန်စကာ တိုက်ခိုက်ရာမှ စစ်ပွဲပြန်လည် ဖြစ်ပွားကာ ဒေသခံ ပြည်သူ တစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

Yangon chronicle


ဒီနေ့ခေါ်ယူမှုမှာ ဘယ်သူနဲ့တွေ့ရမယ်လို့ အတိအကျ မပြောဘဲ ခေါ်ခဲ့တယ်။ နိုင်ငံတော်အဆင့် တွေ့ဆုံမှုပါတဲ့။ အလှအပစကားလုံးတွေ သုံးတတ်လိုက်တာ...။ ပြီးမှ သမ္မတရုံးဖေ့ဘွက်ခ်မှာ ဦးသိန်းစိန်မိန့်ခွန်းကို အဖွဲ့အစည်းပေါင်းစုံက လာနားထောင်သလို နိုင်ငံရေးအမြတ်ထုတ်ရေးတယ်။

ဘာတွေ ဆွေးနွေးမယ်ဆိုတာလည်း ကြိုမပြောထားဘူး။ ဟိုရောက်တော့ ထင်ထားတဲ့အတိုင်း သံချေးတက်နေတဲ့ ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးပါပဲ။ အဖွဲ့အစည်းမှတ်ပုံတင်ဖို့၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့နဲ့ပေါင်းရင ထောက်ပံ့ကူညီမယ်ပေါ့ မင်းသားလေပျော့ပျော့လေးကြားက ဆို့ရွားတဲ့ရလာဒ်တွေ မဖြစ်စေချင်ဘူးဆိုတဲ့ ခြောက်လုံးလေး မသိမသာ ထည့်လိုက်သေးတယ်။

ကိုယ့်မူနဲ့ကိုယ် ရပ်ခံပြောဆိုမယ့် လူငယ် ၆ ယောက်ကို ဝေဖန်ဆွေးနွေးခွင့်မပေးဘူး။ သူတို့အချင်းချင်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့ မမှည့်တမှည့် ခရိုနီတွေက ဘုန်းတော်ဘွဲ့နဲ့ စဖွင့်သွားတယ်။ NGOs တွေ ဆွေးနွေးပါတယ်ဆိုမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုတွေ ရရှိအောင် ကြိုးပမ်းပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ် ထလုပ်တဲ့သူက ရှိသေးတယ်။

စမ်းချောင်းကိုဘိုဘိုဆိုရင် အမည်စာရင်းပေးတုံးက နံပါတ် ၅ သူ့နောက်ကသူတွေ အလှည့်ကျော်ဆွေးနွေးသွားပေမယ့် အချိန်အကန့်အသတ် အကြောင်းပြပြီး သူအပါအဝင် ကျွန်တော်တို့ ၆ ယောက်ကို ပယ်လိုက်တယ်။ သမ္မတမှာ ပြန်ဖြေရှင်းစရာ စကားမရှိလို့လား။ အတိုက်အခံပြောမှာကို နားထောင်နိုင်စွမ်းမရှိလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာဆိုရင်ဖြင့် အကင်းမသေသေးသော နအဖရွှေလက်ထက်တော်က အကျင့်ဆိုးတစ်ခုပင်ဖြစ်ကြောင်း....။ ။

-ကျော်ကိုကို

★ အရပ်ဘက် လူ့ဖွဲ့အစည်းများနဲ့ ဦးသိန်းစိန်အစိုးရ ပထမအကြိမ် တွေ့ဆုံမှုအပေါ်အမြင်
- ဖြိုးဖြိုးအောင်

ရန်ကုန်အုပ်ချုပ်ရေးမှူးရုံးက ကျမတို့ ဗကသများအဖွဲ့ ချုပ်ကို ဆက်သွယ်ပြီး(၂၀.၁.၂၀၁၃) နေ့ လယ် ၂နာရီ ရန်ကုန်အစိုးရအဖွဲ့ ရုံး လွှတ်တော်ဟောင်းနေရာကို လာရောက်ဖို့  ဖိတ်ပါတယ်။ ဘာအကြောင်းကိစ္စဆိုတာ မေးပေမယ့် အဖြေမပေးသလို ဘယ်သူနဲ့ တွေ့ ရမယ်ဆိုတာကိုလည်း နိုင်ငံတော်အဆင့်ဆိုတာလောက်သာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မီဒီယာများရဲ့ ကျေးဇူးကြောင့် သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဖို့ မှန်း ကျမ ကြိုသိခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ တွေ့ ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီနေ့ အခမ်းအနားဟာ စကတည်းက ရိုးသားမှု မရှိတာပါ။ ကျမတို့ ခန်းမထဲ မဝင်ခင် အရပ်ဖက်လူ့ အဖွဲ့ အစည်းဆိုတဲ့နေရာမှာ လက်မှတ်ထိုးတော့ သေသေချာချာ သတိထားမိတာက ပြည်ခိုင်ဖြိုး ဆိုတဲ့အဖွဲ့ အစည်းအမည်နဲ့ ထိုးထားတဲ့ လက်မှတ်တစ်ခုကိုပါ။

ပြည်ခိုင်ဖြိုးဆိုတာ ပါတီလဲဟုတ်၊ NGO လဲ ဟုတ်တယ်လို့ ပြောသလိုပါပဲ။ ခန်းမထဲရောက်တော့လဲ အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတို့ က ယူနီဖောင်းဝတ်တွေကို တွေ့ ပြန်ရော။ အရပ်ဖက်လူ့ မှုအဖွဲ့ အစည်းတွေမှာ ဒီလို အဖွဲ့ မျိုးတွေ ပါသလားလို့ မေးမနေချင်ပါဘူး။ ဝန်ထမ်းတွေရဲ့ ဇနီးတွေဟာ အလိုအလျောက် အဖွဲ့ ဝင်ဖြစ်ကြတာကို အားလုံးအသိပါပဲ။

နောက် အခမ်းအနားမှူးက ပြောပါတယ်။ ပါဝင်ဆွေးနွေးသူတွေ ကြိုတင်စာရင်းပေးဖို့ တဲ့။ ဘာအကြောင်း ဆွေးနွေးမလဲဆိုတာ မပါပေမဲ့ သေချာတာတော့ ဦးသိန်းစိန် အဖွင့်ပြောမဲ့ စကားကို ဆွေးနွေးဖို့ ထင်တယ်လို့ ကျမ ယူဆမိပါတယ်။

တကယ်ကတော့ ပြောချင်တာပြောကြတာပါ။ အဖွဲ့ အစည်းတချို့ က သူတို့ အခက်အခဲတွေ၊ အမြင်တွေ၊ မှတ်ပုံတင်ရာမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေ၊ လုပ်ပေးစေချင်တာတွေကို ပြောကြတယ်၊ တချို့ ကတော့ သူတို့ ဘာလုပ်နေကြောင်းကို ရှင်းနေတာ တော်တော်အချိန်ကြာပါတယ်။ ကျမတို့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ကိုကို အပါအဝင် အဖြူရောင်တွဲလက်က ကိုဘိုဘို(စမ်းချောင်း)၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကိုဝေဠု၊ ကချင်အဖွဲ့ တခုက မမေစပယ်ဖြူ၊ ကချင်အမျိုးသားတယောက် ကျမတို့ နဲ့ အနီးတဝိုက်က ၇ ယောက်လောက် အကျော်ခံလိုက်ရပါတယ်။ အခြားကျမတို့  လက်လှမ်းမမှီတာတွေလဲ ရှိပါအုံးမယ်။ တကယ်ပါဝင်ဆွေးနွေးရတဲ့သူ ၁၂ ယောက်ရှိပါတယ်။ ထက်ဝက်ကျော်က အစိုးရနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ အစည်းတွေကပါ။ အစိုးရနဲ့ ဆန့် ကျင်ဘက်အမြင်ရှိတဲ့သူတွေ အကျော်ခံရတာ အသိသာကြီးပါ။

ရုပ်ပြကောင်းအောင် လုပ်ဇာတ်ခင်းနေတဲ့ အကျင့်ကတော့ အရင်အတိုင်းပါပဲ။ ထူးခြားတာကတော့ ကျမတို့ တွေကိုပါ သူတို့ ရဲ့ လုပ်ဇာတ်တွေထဲကို သွတ်သွင်းဖို့ ကြိုးစားလာတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ အဖွင့်နဲ့ အပိတ်စကားတွေကတော့ ကျမတို့ တွေကြိုမြင်ထားသလိုပါပဲ။ သူတို့ နဲ့ ပေါင်းလုပ်ဖို့ မတူရင်လဲ ဆွေးနွေးဖို့ နောက် မလိုလားအပ်တဲ့ ဆိုကျိုးဆိုတဲ့ စကားတောင်ပါလိုက်သေးတယ်။ အဲဒါတွေဖြစ်မှာ စိုးရိမ်တယ်ပေါ့။ အနှစ်ချုပ်က အဲဒါပါပဲ။

ကျမတို့ အနေနဲ့ ကတော့ အများပြည်သူ ကောင်းရာကောင်းကျိုးလုပ်ရာမှာ ပူးပေါင်းတာတွေ မပူးပေါင်းတာတွေထက် တကယ်အလုပ်လုပ်ရင် ကျမတို့ သွားတဲ့လားရာတွေ တူမှာပဲ။ တကယ်အကျိုးဖြစ်ထွန်းအောင် လုပ်ကြဖို့ ပဲလိုတယ်။ လမ်းတူရင် လူတူမှာပဲ။ ကျမတို့ ကတော့ အမြဲအနှောင့်အယှက်ခံနေရလို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ပဲလိုပါတယ်။ မှတ်ပုံတင်ဖို့ ကတော့ ဗကသမှာ သမိုင်းကြောင်းအရလဲ မတင်ခဲ့ပါဘူး။ တက္ကသိုလ်ဥပဒေအောက်က ကျောင်းသားအဖွဲ့ အစည်းဖြစ်လို့ အစိုးရနဲ့ လုံးလုံးမပတ်သတ်သလို အစိုးရခွင့်ပြုမှ၊ အသိအမှတ်ပြုမှ တရားဝင်တဲ့ အဖွဲ့ အစည်း မဟုတ်ပါဘူး။ ပြည်သူ့ ဘက်က ရပ်ပြီး ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ ရင်ထဲက အသိအမှတ်ပြုမှု၊ အားပေးမှုကသာ ဗကသရဲ့  တရားဝင်မှုပါလို့  အမြဲခံယူထားပါတယ်။ ဒီနေ့ လိုမျိုး ကျမတို့ ကို ဖိတ်ခေါ်ရတာလဲ အဲဒီ့သမိုင်းကြောင်းနဲ့  အဲဒီ့ပြည်သူ့ အားတွေကို မလွန်ဆန်နိုင်လို့ ဆိုတာကို မြင်မိပါတယ်။ အခြားအကြောင်းတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဒီပွဲမှာ လာကြတဲ့ အဖွဲ့ အစည်း ၈၆ ဖွဲ့ က လူပေါင်း ၂၀၀ ကျော်က သမ္မတ မိန့် ခွန်းကိုပဲ လာနားထောင်ကြသလို အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့ကိစ္စပါပဲ။ ဇာတ်တိုက် လက်ဝါးချင်းရိုက်ပြီး လုပ်ဇာတ်ခင်းနေတာတွေ ရှိနေသေးတဲ့ ကျမတို့ ဗမာပြည်ကြီး ဘာမှမပြောင်းသေးပါ။ ပိုဆိုးတာက ကျမတို့ ကိုပါ သူတို့ ဇာတ်သွင်းနေတာမို့  သတိရှိရှိနဲ့ အသိရှိရှိနဲ့  ပြည်သူအချင်းချင်း ဒီမိုကရေစီဘက်တော်သားအချင်းချင်း ကျောချင်းကပ် ရင်ချင်းအပ်ထားဖို့ လိုပါတယ်လို့ သတိလေးပေးချင်ပါတယ်။

- ဖြိုးဖြိုးအောင်

★ အစိုးရအဖွဲ့၏ မရိုးသားမှု
-Young Zin

နိုင်ငံတော်အဆင့်တွေ့ ဆုံဆွေးနွေးလိုပါ၍ ဆိုပြီး ဖိတ်တယ်။ ခန်းမထဲရောက်မှ သမ္မတက မိန့် ခွန်းပြောတယ်။ ကျုပ်တို့ ဗကသကျောင်းသားတွေက ကိုယ့်အလုပ်ကို လုပ်နေတာ။ သမ္မတမိန့် ခွန်းကို နာယူချင်လွန်းလို့ ဖိတ်ကြားပွဲ ငမ်းငမ်းတက် ပွဲတက်ချင်တဲ့အဖွဲ့ထဲမှာ ဗကသမပါဘူး။ အစိုးရအနေနဲ့  နောက်ခါတွေမှာ ဗကသနဲ့ ဆက်ဆံမယ်ဆိုရင် ရိုးသားမှုရှိပါလို့  သတိပေးလိုပါတယ်။ ဆွေးနွေးပွဲတက်တာ မိန့် ခွန်းနာခံချင်လို့  မဟုတ်ဘူး။ အခုကိစ္စဟာ အစိုးရအဖွဲ့ က ချည်ပြီးတုပ်ပြီး လုပ်တာမျိုးဖြစ်တဲ့အတွက် ဗကသအနေနဲ့ လည်း နောက်တစ်ကြိမ် အစိုးရနဲ့ ဆက်ဆံတဲ့အခါ အများကြီး သတိထားဖို့ လိုသွားပြီ။ အခုကိစ္စအတွက် အစိုးရကို ဗကသကျောင်းသားတစ်ယောက်အနေနဲ့ လုံးဝကို ကန့် ကွက်ပါတယ်။

Ko Myoe Graphic design


ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ကချင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော စစ်ပွဲများနှင့် ပက်သက်၍ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက်နှင့်ပတ်သက်ပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ပြန်လည်ကန့်ကွက်ကြောင်းသတင်း ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာမီဒီယာများနှင့် အန်ဂျီအိုများ၏ သတင်းများ ကိုအခြေခံ၍ မြန်မာ့တပ်မတော်ကသာ ကေအိုင်အေ ဌာနချုပ် အနီးတဝိုက်တွင် ထိုးစစ် ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ၎င်းတို့အနေဖြင့် ကန့်ကွက်ကြောင်းနှင့် ကေအိုင်အို၏ အပစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကို မှုဖော်ပြမှုမရှိခြင်းစသည့် အချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမား အနေဖြင့်ပင်မြန်မာဟု တလေးတစား ခေါ်ဆိုနေ သည့် အချိန်တွင်အမေရိကန်သံရုံ၏ ကြေညာချက်တွင် မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု တို့ကိုထိပါးစေမည့် လုပ်ရပ်များကို နောင်တွင်ပြုလုပ်မည်မဟုတ်ဟု မျှော်လင့်ပါကြောင်းကိုထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို လက်နက်ကိုင် တပ်ဖွဲ့များသာမက နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းထပ်လောင်းဖော်ပြထားသည်။

နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း အပစ်အခက် ရပ်စဲမှု မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးမှုကို ပြုလုပ်သွားမည် ဖြစ် ကြောင်းကို ဇန်နဝါရီလ ၂၅ ရက် နေ့တွင်ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောကြားခဲ့သည်။
Yangon chronicle
-----------------------------------------------


ဒီကနေ့ ဇန်န၀ါရီလ၂၆ရက်နေ့ဟာ ကျနော်တို့အိမ်နီးခြင်းဒီမိုကရေစီနိုင်ငံကြီးရဲ့မွေးနေ့ဖြစ်တယ်။ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲအောင်မြင်တဲ့နေ့(Republic Day)ပေါ့။ ကျနော်တို့နိုင်ငံထက်၎လလောက်ပဲ စောပြီး ဗြိတိလျှလက်အောက်ကနေလွတ်လပ်ရေးယူခဲ့တယ်။ဒီမိုကရက်တစ်ကျင့်ဝတ်နဲ့အညီ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၀ဇန်န၀ါရီလ၂၆ရက်မှာပြဌာန်းနိုင်ခဲ့တယ်။ အိန္ဒိယရဲ့အမျိုးသားရေးဆိုင်ရာ နိုင်ငံတော်အားလပ်ရက်တွေဖြစ်တဲ့ လွတ်လပ်ရေးနေ့(သြဂုတ်လ၁၅) မဟတ္တမဂန္ဓီမွေးနေ့(အောက်တိုဘာ၂)တို့ထက် ဒီနေ့အခြေခံဥပဒေနေ့ဟာ ပိုပြီးခမ်းနားကြီးကျယ် တယ်။နိုင်ငံအနှံ့အမျိုးသားဝတ်စုံတွေ၊အမျိုးသားသီချင်းတွေ၊ လက်နက်ကိုင်တပ်တွေ၊ အက၊အလှအနုပညာတွေနဲ့ခြိမ့်ခြိမ့်သဲပဲ။

နယူးဒေလီမှာတော့ ထောင်နဲ့ချီတဲ့သရုပ်ဖော်တင်ဆက်သူတွေဟာသမတအိမ်တော်နဲ့ဝန်ကြီးများရုံးကုန်းမြင့်ကနေတမိုင်လောက်ဝေးတဲ့အိန္ဒိယလွတ်လပ်ရေးဂိတ်အထိကားလမ်းဖြောင့်ဖြောင့်အတိုင်းလမ်းလျှောက်ရင်း..အဆို၊အက၊အတီးအမှုတ်တွေနဲ့သရုပ်ဖော်တင်ဆက်အလှပြကြတာဖြစ်တယ်။ဲပြည်နယ်တွေအားလုံးရဲ့အလှပြယဉ်တွေမှာမိမိတို့ပြည်နယ်ရဲ့အထင်ကရ တွေ(ဥပမာ..အာသံပြည်နယ်လိုလဘက်ထွက်တဲ့ပြည်နယ်ကလဘက်စိုက်ခင်းနဲ့လဘက်ခူးနေပုံ၊ပင်လယ်ကမ်းခြေနဲ့ရာသီဥတာသာယာတဲ့ ဂိုအာပြည်နယ်ဆို အပမ်းဖြေအနားယူ၊တီးမှုတ်ပျော်ရွှင်နေပုံ)စတဲ့ သရုပ်ဖော်တာတွေက အရောင်အသွေးစုံပြီးစိတ်ဝင်စားစရာပါ။

အဲဒီထဲမှာ ငွေကုန်ကြေးကျခံပြီး အကြီးအကျယ်ဆွဲဆောင်မှုရှိအောင်ပြသတာကတော့ …ကြည်းရေလေ၊အမျိုးသား၊ အမျိုးသမီးဝတ်စုံပြည့်ချီတက်ပုံ၊ စွမ်းရည်ပြပုံတွေနဲ့အတူ၊ဝေဟင်ကနေ အသံထက်မြန်တဲ့ဂျက်လေယာဉ်တွေ၊တိုက်လေယာဉ်တွေ ဂျွမ်းထိုးမှောက်လှန်၊စာတမ်းဖော်၊ပန်းကြဲပြနေသလို၊ မြေပြင်မှာလည်းနောက်ဆုံးပေါ်လက်နက်ဆန်းတွေ၊ခေတ်မှီရေဒါနဲ့စစ်သုံးယဉ်တွေ၊တင့်ကား၊အမြှောက်၊ဒုံးကျည်၊ဝေဟင်ပစ်ဒုန်း၊ဒုန်းခွင်းဒုန်း၊ တွေနဲ့လက်နက်ပြပွဲကြီးတခုလိုလို၊စစ်မြေပြင်ဆ်ီချီတက်နေတဲ့လက်နက်ဆန်းတွေအပြည်နဲ့ ခေါပဏီတပ်ကြီးတွေလို ကြောက်ခမန်းလိလိပြသတာတွေပဲဖြစ်တယ်။

အိန္ဒိယလိုပဲ၊တရုတ်၊မြောက်ကိုရီးယား၊ရုရှား နိုင်ငံတွေဆိုလည်း မိမိတို့ဆိုင်ရာနိုင်ငံတော် အချုပ်အခြာပိုင်တဲ့နှစ်လည်တွေမှာ တိုင်းပြည်နဲ့ပြည်ပနိုင်ငံတွေကို စစ်အင်အားတွေပါခင်းကျင်းပြသ လေ့ရှိတာတွေ့ရတယ်။ ကျူးကျော်ခံရလို့ တိုင်းတပါးကျွန်ဖြစ်ခဲ့တဲ့ နိုင်ငံတွေသာမက ကျူးကျော်ကျွန်ဇာတ်သွင်းခဲ့တဲ့နိုင်ငံတွေကပါ ပိုင်ဆိုင်မှုတွေနဲ့ပြိုင်ဆိုင်ကြတာ ကိုမြင်ရတာပဲလေ။ ဒါပေမဲ့ကျနော် နော်ဝေးနိုင်ငံရောက်လာတဲ့အခါကျတော့ အဲလိုသမရိုးကျမြင်ကွင်းတွေနဲ့ အတွေးအခေါ်တွေမဟုတ်တဲ့ အမြင်တွေ၊ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုနဲ့ငြိမ်းချမ်း တဲ့အငွေ့အသက်တွေခံစား လိုက်ရတယ်။ နော်ဝေးနိုင်ငံလည်း ကျနော်တို့နိုင်ငံလိုပဲ ၂နိုင်ငံရဲ့ကျွန်ပြုအုပ်ချုပ်မှုကိုခံခဲ့ရတယ်။ပထမတကြိမ်က ၁၄ရာစုလောက်မှာပုလိပ်ရောဂါဖြစ်ပြီး လူဦးရေရဲ့သုံးပုံတပုံလောက် သေဆုံးကုန်တယ်။

အထက်တန်းလွှာမင်းမျိုးမင်းနွယ်တွေကအစဆုံးပါးပြီး နောက်ဆုံးမှာနှစ်ပေါင်း(၄၀၀)လောက်အိမ်နီးချင်းဒိန်းမတ်ရဲ့အုပ်ချုပ်မှုကိုခံလိုက်ရတယ်။ နောက်တခါ ဒုတိယကမ္ဘာစစ်အတွင်း၁၉၄၀ကနေ၅နှစ်လောက် ဂျာမဏီသိမ်းပိုက်မှုကိုခံခဲ့ရတယ်။ ဒိန်းမတ်အောက်ကနေလွတ်မြောက်ပြီးအခြေခံဥပဒေရေးဆွဲတဲ့မေလ၁၇ရက်နေ့ဟာ နော်ဝေးရဲ့နေ့ထူးနေ့မြတ်ဖြစ်တယ်။တနိုင်ငံလုံးပွဲလမ်းသဘင်တွေနဲ့ပျော်ရွှင်စရာနေ့ဖြစ်တယ်။ အဲဒီနေ့ဆိုလူတိုင်းကမိမိတို့အမျိုးသားဝတ်စုံ၊လူမျိုးနွယ်တွေရဲ့ဝတ်စုံ၊ ရိုးရာဝတ်စုံတွေထုတ်ဝတ်ကြတယ်။ ကျနော်တို့နိုင်ငံအပါအ၀င် တပါးကျွန်ဖြစ်ခဲ့တဲ့နိုင်ငံတွေက စောစောကလို အချုပ်အခြာပိုင်ဆိုင်တဲ့နေ့တွေမှာကြည်း၊ရေ၊လေတပ်တွေ၊စစ်လက်နက်အင်အား တွေနဲ့စစ်သွေးစစ်မာန်တွေမမြင်ရပဲ အပြစ်ကင်းစင်တဲ့ခလေးတွေအလံကိုင်ပြီး ဘုရင့်နန်းတော်ကိုဦးတည်ချီတက်ကြတာပဲဖြစ်တယ်။အော်စလိုဆိပ်ကမ်းခံတပ်ကြီးကနေ လမ်းအပြည့်တမြို့လုံးကကျောင်းသူကျောင်းသားတွေ၊(ပထမတန်းစလို့ကောလိပ်ထိ) မိဘပြည်သူတွေ၊လူငယ်တွေအလံတွေကိုင်ပြီး ပြုံးပျော်နေတဲ့မျက်နှာကိုယ်စီနဲ့ဘုရင့်နန်းတော်ကိုချီတက်ကြတာဖြစ်တယ်။ လက်နက်ကိုင်ဆိုလို့ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ရဲ့စွမ်းရည်နဲ့အလှပြချီတက်တာပဲတွေ့ရတယ်။ တခြားနိုင်ငံတွေကလက်နက်အပြည့်အစုံနဲ့တပ်မတော်သားတွေချီတက်နေချိန်မှာ ဒီနိုင်ငံကခလေးငယ်တွေ အလံတွေဝှေ့ယမ်း ချီတက်ကြတယ်။ တခြားနိုင်ငံတွေစစ်လက်နက်တွေပြသတဲ့အချိန်၊ ဒီနိုင်ငံကခလေးတွေရဲ့ပျော်ရွှင်မှုကိုပြကြတယ်။ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ဘာကိုရည်ရွယ်တာလည်း..စိတ်ဝင်စားစရာပါ။

တကယ်တော့ဒီလူမျိုးတွေ တွေးတောပုံက ပကတိရိုးရှင်းတယ်၊ ငြိမ်းချမ်းတယ်၊ အနာဂတ်ကို ယုံယုံကြည်ကြည်ရှိတယ်ဆိုတာတွေ့ရ တယ်။ဒီခလေးငယ်တွေဟာ တချိန်ဒီနိုင်ငံကြီးကို မောင်းနှင်သွားမယ့်သူတွေဆိုတာ စိတ်ချယုံကြည်ထားတယ်။ ဒီအတွက်ခလေးတွေကို အဆင့်မြင့်ပညာတွေသင်ကြားပေးရုံမက နှလုံးသားတွေကိုလူသားဆန်စေပြီး၊စိတ်ဓာတ်တွေကိုငြိမ်းချမ်းစေမဲ့ အတွေးအခေါ်နဲ့အလေ့အကျင့်တွေရသွားအောင် မွေးထုတ်ပေးလိုက်တယ်။

“လူတယောက်ဟာလက်နက်ကိုင်တွေကိုမြင်ထားရင်၊သူ့စိတ်ထဲမှာ ဒါဟာသေစေတတ်ပါလားဆိုတာကို ပထမဆုံးစဉ်းစားမယ်၊ နောက်တဆင့် အဲဒါကိုကျော်လွှားနိုင်တဲ့အရာကိုတွေးမယ်၊ ဥပမာ..ငါလည်းလက်နက်ရှိထားမယ်ဆိုရင်.. ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေါ့.” နော်ဝေးရောက်မြန်မာတွေကိုနော်ဝေးယဉ်ကျေးမှုဆိုင်ရာသင်တန်း ဘာသာပြန်ပို့ချပေးတဲ့ကိုထွန်းထွန်းပြောပြတာပါ။ “ဒီမှာကခလေးငယ်တွေကို လက်နက်မမြင်စေချင်ဖူး၊ခလေးတွေကြည့်ဖို့ရုပ်မြင်သံကြားသတင်းသီးသန့်ရှိတယ်၊ တိုက်ပွဲသတင်း၊ အကြမ်းဖက်တဲ့သတင်းတွေမပြရဖူး၊စစ်ကားတွေ၊အကြမ်းဖက်နှိမ်နင်းတဲ့ ရုပ်ရှင်လည်းမကြည့်ရဖူး”အမှန်တကယ်လည်း ဒီနိုင်ငံကရဲတွေကိုလက်နက်တောင်မကိုင်စေဖူး၊

လက်နက်မရှိတာတော့မှုတ်ဖူး၊ရဲကားပေါ်မှာပဲထားတယ်။ မြို့ထဲမှာပုံမှန်လုံခြုံရေးရဲဆိုလို့မြင်းစီးရဲနှစ်ယောက်ပဲတွေ့ရတတ်တယ်။ နော်ဝေးမှာစစ်တပ်မရှိပေမဲ့မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်နေတိုးတပ်အတွက် စစ်မှုထမ်းရတာရှိတယ်။အပျော်ထမ်းတပ်ဖွဲ့ဝင်၃သောင်းနီးပါးပဲရှိတယ်။ ဒါဆိုပြည်ပစစ်မီးရန်ကိုဘယ်လိုကာကွယ်မလဲ? တကယ်လို့အိမ်နီးခြင်းဂျာမဏီကရေပိုင်နက်ခြင်းအငြင်းပွားလို့ စစ်အင်အားနဲ့ခြိမ်းခြောက်မယ်ဆိုရင်ရော? ဒီပြဿနာရဲ့အဖြေက နော်ဝေးရဲ့မဟာမိတ်အင်အားနဲ့နည်းပညာပဲလို့ပြောရမယ်။ သူဟာစစ်လက်နက်တွေ၊ညူကလီးယားတွေမကိုင်ထားပေမဲ့နည်းပညာတွေတတ်ကြွမ်းထားတယ်။ ပညာတတ်ကြွမ်းမှုဟာသူ့ရဲ့ကာကွယ်ရေးလက်နက်ဖြစ်တယ်။ ဒီတော့သူ့ပြည်သူနဲ့နိုင်ငံဟာ နိုင်ငံတကာမှာဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်တယ်။ ကျနော်တို့နိုင်ငံနိုင်ငံရဲ့အနေအထားတော့အားလုံးသိထားသလိုပဲ…. လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်ဟာအမွှာပူးလေးမွေးလာတယ်။ ကျနော်ကိုယ်တိုင်လူမှန်းသိစအရွယ် မှာပဲဗုံးသံသေနပ်သံတွေကြားဘူးခဲ့တယ်။ပဲခူးရိုးမတောင်ကြီးအရှေ့ဘက်ခြမ်းမှာရှိတဲ့ဖြူးမြို့နယ်ထဲကကျနော့ဇာတိမြို့လေးဟာ စစ်ငွေ့စစ်ရောင်တွေသမ်းခဲ့တယ်။ ကွန်မြူနစ်တွေခြေရာထပ်ခဲ့တယ်။ “နော်တလုံးစိန်”(တချို့က“နို့တလုံးစိန်”ခေါ်တယ်)ဆိုတဲ့ကရင်သူပုန်မဟာ ကျနော်တို့ငယ်ငယ်က လည်ဆံဖွားဖွားမြင်းတစီးနဲ့ဆံပင်ဖားလျှားချပြီး၊ ကျည်ဆံပီးတယ်လိုလို၊ပုံပြင်ထဲကတန်ခိုးရှင်လိုလိုကြားခဲ့ဖူးတယ်။ ကျနော်ငယ်ငယ်ကခလေးတွေကိုသေနပ်ပစ်သင်ပေးတယ်လို့နာမည်ကြီးတဲ့ “နော်တလုံးစိန်”ကိုမြင်ဖူးချင်စိတ်ပြင်းပျဖူးတယ်။ သူပုန်တွေ၊ရထားလမ်းမိုင်းခွဲတာ၊ဘဏ်ဝင်စီးတာ၊ရဲစခန်းဝင်တိုက်တာတွေကြားခဲ့ဖူးတယ်။ ဗုံးကွဲတာတွေ၊သေနပ်သံတွေမကြာခဏကြားဖူးခဲ့တယ်။ကျနော်တို့ခလေးဘ၀က အများဆုံးကစားတဲ့ကစားနည်း ဟာ“စစ်တိုက်တမ်း”ပဲ။ နေ့စဉ်ပုံမှန်စစ်တိုက်တမ်းကစားတယ်။စွဲနေအောင်ကစားတယ်။ စစ်ကားတွေသဘောကျတယ်။ ဒီနေ့အထိစစ်ကားတွေဆိုကြိုက်နေတုံး။ကျနော်တို့မသိစိတ်မှာ“စစ်”ဟာကပ်ညိနေတယ်။

၈၈စစ်အာဏာသိမ်းတော့လက်နက်အားကိုးသူကိုလက်နက်နဲ့ပြန်ပြီးသင်ခန်းစာပေးရမယ်ဆိုတဲ့အယူအဆကလွှမ်းမိုးခဲ့တယ်။အဲဒီလက်နက်ပိုင်ဆိုင်မှုနောက်ကွယ်က၊စက်ရုပ်လူသားဆန်ဆန်စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေ၊အကြောက်တရားပေါ်ထွန်းမှု၊လက်နက်ပဲအားကိုးလိုစိတ်၊လက်နက်နဲ့သာဖြေရှင်းလိုစိတ်ကို လွယ်လွယ်နဲ့မဖျောက်နိုင်တာသတိမထားမိကြဖူး။ အခုရက်ပိုင်းမှာပဲအမျိုးသားလွှတ်တော် မှာကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်က ကချင်လက်နက်ကိုင်တွေကို“ရွှေလက်နဲ့ခေါ်လို့မရရင်.. ဘူးလက်(Bullet ကျီဆံ)နဲ့ခေါ်ရမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုသွားတယ်။ အဲဒီအမတ်ဦးလှဆွေရဲ့ပြောဆိုချက်တွေမှာ အတ္တတွေ၊မာန်မာနတွေ ၊ဒေါသတွေ ၊ယှဉ်ပြိုင်လိုမှုတွေ၊၀န်တိုမှုတွေ၊မကြေမချမ်းမှုတွေ၊ အဆိုးမြင်မှုတွေ၊ဘိုကျအသာစီးရလိုမှုတွေ၊ အားလုံးရောပြွန်းနေတာကိုကြားရလိမ့်မယ်။ ငြိမ်းငြိမ်းချမ်းချမ်းချည်းကပ်နည်းလမ်းရှာတဲ့အပြုသဘောအမြင်တွေမတွေ့ရဖူး။ သမတကြီးပါမကျန်တပြည်လုံးကစစ်ပွဲတွေရပ်ပြီးငြိမ်းချမ်းရေးအတွက်ညှိနှိုင်းဖို့ အဖြေရှာချည်းကပ်ချိန်မှာ၊ လူထုကိုယ်စားလှယ်ဆိုသူကပစ်မဲ့ခတ်မဲ့စကားတွေလွှတ်တော်ထဲသုံးနှုံးတာကြည့်ပြီး..ဘယ်လိုအတွေးအခေါ်၊ဘယ်လိုစိတ်ကူးတွေနဲ့နိုင်ငံအနာဂတ်ကိုတည်ဆောက်မလဲဆိုတာအဖြေရှာလို့မရဖူး။

ကျနော်တို့အိမ်နီးခြင်းအိန္ဒိယနိုင်ငံဟာကျနော်တို့ လေးနက်တဲ့စိန်ခေါ်မှုတွေရှိနေခဲ့တယ်။ကျနော်တို့ထက်ပြင်းထန်တဲ့ လူမျိုး၊ဘာသာ၊အသားအရောင်၊ယဉ်ကျေးမှု၊လူတန်းစား၊ အဆင့်အတန်းစတဲ့ ကွဲလွဲမှုအဖုံဖုံ ရှိပေမဲ့ ဒါတွေအားလုံးအပေါ် အစိုးရရဲ့ဖြေရှင်းမှုက သက်တောင့်သက်တာရှိစေတယ်။စစ်ပွဲတွေကိုရှောင်တယ်။ နာဂလင့်၊အာသံ၊မဏိပူရပြည်နယ်တွေလိုမြို့ပြပြောက်ကျားသူပုန်တွေနဲ့မတည်မငြိမ်တဲ့ကြားက အချိန်တန်ရင် ဒီမိုကရေစီစံနှုံးတွေနဲ့အညီ ရွေးကောက်ပွဲတွေ၊မြို့ပြဖွံ့ဖြိုးမှုတွေ၊လူထုအခြေခံကျန်းမာရေး၊စီးပွားရေး၊လမ်းပမ်းဆက်သွယ်ရေး တွေကိုစေတနာပါပါလုပ်ပေးသွားတာပဲ။မြန်မာနိုင်ငံမှာတော့ဖဆလခေတ်ကနေဒီနေ့ထိအတိုက်အခံဆိုရင်ထောင်ချ၊တောထုတ်၊သေနပ်နဲ့ရှင်း၊ တန်းတူမဆက်ဆံ၊အောက်စည်းက၀င်မှလက်ခံတာသမိုင်းအထောက်အထားတွေနဲ့ဖတ်ဖူးတယ်။

ကျနော်တို့အနာဂတ်မျိုးဆက်လူငယ်တွေ၊ခလေးတွေကို ဘယ်လိုစိတ်ဓာတ်အမွေမျိုးတွေပေးခဲ့မှာလဲ? စစ်ဝါဒီတွေနဲ့စစ်ရေးအတွေးအခေါ်သာရှိသူတွေကို ကျနော်တို့နိုင်ငံနဲ့၊ခလေးငယ်တွေရဲ့ အနာဂတ်ကိုပေးခဲ့ရမှာလား? စစ်မက်တွေ၊လက်နက်ခဲယမ်းတွေ၊အလောင်းတွေ၊အသုဘတွေ၊ ဒုက္ခသည်တွေ၊ငတ်ပြတ်မှုတွေ၊ ငိုကြွေးမှုတွေကိုကျနော်တို့မွေးကတည်းကနေသေတဲ့အထိယူသွားရမှာလား? တိုင်းရင်းသားလူမျိုးစုတွေကိုကျနော်တို့(ဗမာလူမျိုး)က ညီငယ်တွေလိုသဘောမထားနိုင်ဖူးလား? ရုပ်ပိုင်းဘ၀တွေသာမက၊စိတ်ဓာတ်ရေးရာယဉ်ကျေးမှုတွေပါ တိုးတက်ဖွံ့ဖြိုးနေတဲ့နိုင်ငံတွေကတော့ သူတို့ရဲ့အနာဂတ်ရင်သွေးတွေကို.စစ်ပွဲတွေ၊လက်နက်တွေ အမြင်ကိုမခံတော့ဖူး။ အနာဂတ်ကိုပိုင်စိုးမဲ့ခလေးတွေရဲ့နှလုံးသားတွေကိုပြုပြင်နေပြီ။ ကျနော်တို့နိုင်ငံကခေါင်းဆောင်တွေကရော.. ကျနော်တို့အနာဂတ်ခလေးငယ်တွေအတွက် ဘာတွေများအမွေပေးကြမှာလဲ? လက်နက်တွေလား? စစ်မက်တွေလား? ဒါမှမဟုတ် ငြိမ်းချမ်းရေးလား? ကျနော်တို့ရင်သွေးငယ်တွေ ကိုယ်ငယ်ငယ်ကလို စစ်တိုက်တမ်းမကစားတတ်ကြပါစေနဲ့လို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေရတယ်။

ကိုညို(အော်စလို)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.