04/28/13


(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)

မြန်မာနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်းနှင့် သို့ဖြစ်၍ သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အာဏာရပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါသည်။

၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိကာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်းအပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်းလုပ်ဆောင်ခဲ့ခြင်းကြောင့် International Crisis Group က ချီးမြှင့်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို မကြာသေးမှီက လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာအောင် လမ်းရှင်းပေးရန် အစီအစဉ်မရှိဟု ယခုပြောကြားသူမှာ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဖြစ်ပါသည်။

“ကျွန်တော်တို့ ပါတီကတော့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ အခုထိမစဉ်းစားရသေးပါဘူး”ဟု ၎င်းက ထိုင်း အခြေစိုက် မြန်မာသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုကာ ထွန်းကားခဲ့သော သားနှစ်ဦး စလုံးမှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် အခြေခံဥပဒေပါ စည်းကမ်းချက်အရ သမ္မတလောင်းစာရင်းဝင်ရန် အဟန့် အတားဖြစ်နေပါသည်။

NLD ပါတီ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဝင်ယှဉ်ပြိုင်ခွင့် ရသည့်တိုင်အောင် သမ္မတနေရာအတွက် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်ပြောကြား ထားသည်။

“လွှတ်တော်ထဲကပြိုင်ဖက်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပြင်းပြင်းထန်ထန်တားဆီးဖို့ကြိုးစား ကြပါလိမ့်မယ်”ဟု ၎င်းကမှတ်ချက်ပေးသည်။

သမ္မတကိုယ်စား ငြိမ်းချမ်းရေးဆုလက်ခံယူသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခွင့်ရအောင် အခြေခံဥပဒေကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ပြောဆိုထားချိန်တွင် ယခုကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦး၏ မှတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ “ဦးဋ္ဌေးဦး၏မှတ်ချက်မှာ ကျားကွက်တစ်ခုမျှသာဖြစ်ပြီး၊ နောက်ကွယ်မှ ဦးသန်းရွှေ၏ ကစားကွက် မဟာဗျူဟာကသာ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း” သုံးသပ် ပြောဆိုထားကြသည်။

Yangon Chronicle


မြန်မာမလေးတစ်ယောက် ဧပြီလ (၁၃) ရက်နေ့က ဘန်ကောက်မှာ အသတ်ခံလိုက်ရတယ်။ အသတ်ခံရပြီး နှစ်ပတ် (၁၄) ရက်မပြည့်ခင်မှာပဲ ထိုင်းရဲတွေက တရားခံကို ဖမ်းဆီးနိုင်ခဲ့တယ်။ တရားခံက သတ်ပြီး နောက်တစ်နေ့မှာပဲ မဲဆောက်ကို ပြေးတယ်။ သင်္ကြန်တုန်းက မြ၀တီမှာ ခိုနေတယ်။ နောက်တော့ အေးဆေးပြီထင်ပြီး (၁၉) ရက်နေ့မှာ ဘန်ကောက်ကို ပြန်တက်လာတယ်။ ထိုင်းရဲက ဖမ်းလိုက်တယ်။ တရားခံက စိတ်ကြွဆေးစွဲနေတဲ့ လူငယ်တစ်ယောက်။ လူသတ်တဲ့အချိန်တုန်းကလည်း စိတ်ကြွဆေးတွေ သုံးထားတယ်၊ ဖမ်းမိတဲ့ အချိန်မှာလည်း စိတ်ကြွဆေးတွေ သုံးထားတယ်လို့ သတင်းကြားတယ်။ တရားခံကို သေဒဏ်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ကြေညာတယ်လို့ မနက်က သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောပြတယ်။ ထားတော့။ သေသွားတဲ့သူအတွက် စိတ်မကောင်းဖြစ်ရပေမဲ့ လက်သည်တရားခံကို ဖမ်းမိတော့ ကျေနပ်မိတယ်။ လူ့အသက်တစ်ချောင်းနဲ့ လဲလိုက်ရတာမို့ တန်တော့မတန်ဘူးပေါ့။ ဒါပေမဲ့ တရားဥပဒေရဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ကို စီရင်ခံရမှာမို့ ကျေနပ်မိတယ်။

တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။

မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

ဧပြီလ (၂၃) ရက်နေ့မှာ အသတ်ခံလိုက်ရတဲ့ ပြည်မြို့က ကိုဇော်မင်းဦးကို သတ်တဲ့ တရားခံတွေကိုရော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးက ဘယ်တော့ဖော်ထုတ်ပေးမှာလဲ။ တရားဥပဒေရဲ့ ရှေ့မှောက်မှာ တရားခံတွေရဲ့လုပ်ရပ်အတွက် ပြစ်ဒဏ်စီရင်တာကို ဘယ်နေ့မှာများ ကြားရမလဲဆိုတာ စောင့်မျှော်နေပါတယ်။

Moe zay nyein

ရန်ကုန်- ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး မိဘအရင်းကို ရှာဖွေနေသော မြန်မာ အမျိုးသမီးငယ်တစ်ဦးသည် ဖေ့စ်
ဘွတ်ခ်မှတစ်ဆင့် ခင်မင်ခဲ့သူတစ်ဦးကို ၎င်းနေထိုင်သည့် အခန်းတွင် ချိန်းဆိုတွေ့ဆုံခဲ့ရာမှ ပစ္စည်းလုယုကာ သတ်ဖြတ်ခံရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် (၂၆)နှစ်အရွယ်ရှိ မမြင့်မြင့်အေး(ခေါ်) မသဲသဲသော် ဆိုသူဖြစ်ပြီး ဘန်ကောက်မြို့ ဗန်မိုခေါင် ကုန်တိုက်တွင် အလုပ် လုပ်နေသည့် ၀န်ထမ်းတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးငယ်အား သတ်ဖြတ်ခဲ့သည့် တရားခံကိုဧပြီ ၂၄ ရက်တွင် ဘန်ကောက်မြို့တောင်ပိုင်း စမုပရာကန်ရပ်ကွက် ၌ ဖမ်းဆီးရမိထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ILO ရုံးမှ ၀န်ထမ်းကိုအောင်စိုးဦးက ပြောသည်။

သေဆုံးသည့် အမျိုးသမီးငယ်မှာ မိဘရင်းများ မည်သူဖြစ်သည်ကို မသိရှိဘဲငယ်စဉ်ကတည်း က မွေးစားမိဘများနှင့် နေထိုင်ကြီးပြင်း ခဲ့သူဖြစ်သည်။

ထို့ကြောင့် မိခင်ကို တွေ့မြင်ဖူးချင်လှ၍ ဧပြီ ၁၁ ရက်ကပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိခင်ဖြစ်သူနှင့်တွေ့လိုပြီး သိရှိပါကဆက်သွယ်ရန် ဖေ့စ်ဘွတ်ခ်အသုံးပြု ရှာဖွေခဲ့သေးသည်။

သင်္ကြန်မတိုင်မီတစ်ရက်ကလည်း မြန်မာပြည်သင်္ကြန်ကို လွမ်းဆွတ်ကြောင်း စသည့်အကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးထံမှ ငွေကြေးနှင့် ၎င်းကိုင်ဆောင်သည့် ဖုန်းတစ်လုံးအား တရားခံက ယူဆောင်သွားခဲ့ပြီး ၎င်းအားတွေ့ရှိချိန်တွင် ၀တ်လစ်စလစ်အနေအထားဖြင့် သေဆုံးလျက်ရှိကြောင်း ကိုအောင်စိုးဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသေဆုံးမှုသတင်းအား မိုးဇေငြိမ်းအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးက ရေးသားခဲ့ပြီးနောက်ပိုင်းတွင် သေ
ဆုံးသူအမျိုးသမီး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် မိတ်ဆွေများက ၀မ်းနည်းကြောင်း အမှတ်တရစာသားများ ရေးသားထားသည်ကို တွေ့ရသည်။

ယင်းအမျိုးသမီးမှာ ဖေ့စ် ဘွတ်ခ်တွင် Sky Queen အမည် ဖြင့် အသုံးပြုလျက်ရှိပြီး ၎င်းင်း၏မိတ် ဆွေစာရင်းတွင် သူငယ်ချင်း ၂၀၀၀ နီးပါးရှိထားသူ တစ်ဦးဖြစ်သည်။

၎င်းအမျိုးသမီးငယ်၏ ရုပ်အလောင်းအား ဘန်ကောက်မြို့ စပန်ခွိုင်ရပ်ကွက် ၀ပ်ဖိုင်တန်ဘုန်းကြီး ကျောင်းတွင် ဧပြီ ၂၈ ရက် ညနေ ၂ နာရီအချိန်၌ သဂြိုဟ်မည်ဖြစ် သည်။

၎င်း၏မိဘ မည်သူမည်ဝါ ဖြစ် သည်ကို မသိရှိရသည့်အတွက် ထိုင်း နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ စောင့်ရှောက်ရေးကော်မတီမှ ဈာပန
ကိစ္စ၊ အသက်အာမခံ ကိစ္စနှင့် အလုပ်လုပ်နေသည့် အလုပ်မှ ရပိုင်ခွင့်ကိစ္စများအား ဆောင်ရွက်ပေးလျက်ရှိနေကြောင်းအဆိုပါကော်မတီမှ အဖွဲ့ဝင်ဦးထွန်းနိုင်ကပြောသည်။

7Day News Journal


အနုပညာရှင်များ၏ ကျေဇူးဆပ်သည့်အလှူ

မြန်မာ့ရုပ်ရှင်လောက၏ ဖွားဖက်တော်(ရုပ်ရှင်ဖခင်ကြီး) ဟု တင်စားခေါ်ဝေါ်ခဲ့ကြသော ပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်ကြီးသည် လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သူ အသက် (၉၇) နှစ် အသက်အရွယ်ရှိ ရုပ်ရှင်ဖခင်ကြီး ဒါရိုက်တာကြီး ဘဘဦးတင်ယု ဖြစ်ပေသည်။ ဘဘဦးတင်ယု ကွယ်လွန် ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှာ အယူသီးမှုတိုက်ဖျက်ရေး လူမှုရေးဟောပြောပွဲများ ဖြင့် နယ်ဝေးသို့ရောက်ရှိ နေချိန်ဖြစ်သည်။ ဦးကျော်သူအနေဖြင့် ဘဘဦးတင်ယု၏ ဈာပနအား ကိုယ်တိုင်နိဗ္ဗာန် ယာဉ်မောင်းနှင်၍ သင်္ဂြိုလ်ပေးခွင့်မရရှိခဲ့သော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်ပြီး အဆင်ပြေ ချောမွေ့စွာ သင်္ဂြိုလ်ပေးနိုင်ခဲ့သည်။ ဘဘဦးတင်ယု၏ ရက်လည်ပြီးနောက် ကျန်ရစ်သူမိသားစုများတို့မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ဘဘအားရည်စူး၍ အလှူငွေ (၂) သိန်းတိတိ လာရောက်လှူဒါန်းခဲ့သည်။ ထိုအချိန်တွင် ဘဘဦးတင်ယု၏ ဇနီး ဒေါ်မြင့်မြင့်ရီမှ ဦးကျော်သူနှင့် တွေ့ဆုံခွင့်တောင်းခံသော်လည်း နယ်ခရီးမှ ပြန်လည်မရောက် ရှိသည့်အတွက် တွေ့ဆုံခွင့်မကြုံခဲ့ပေ။

ထို့နောက် ၂၆.၄.၂ဝ၁၃ ရက်နေ့တွေင် “ကွယ်လွန်သူ ဘဘဦးတင်ယုအားရည်စူး၍ ဇနီး ဒေါ်မြင့်မြင့်ရီ မိသားစု” တို့မှ ဒုတိယအကြိမ်မြောက်ထပ်မံ၍ အလှူငွေကျပ် (၂) သိန်းတိတိအား လှူဒါန်းချိန်တွင် ဦးကျော်သူနှင့် တွေ့ဆုံဖြစ်ကြသည်။ အမေ ဒေါ်မြင့်မြင့်ရီ၏ ဆန္ဒပြည့်ဝခဲ့တော့သည်။ တိုက်ဆိုင်စွာဖြင့် ယင်းနေ့ နံနက် (၁၂းဝဝ) နာရီအချိန်ခန့်တွင် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း သည် မိခင်နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေကျပ် (၁ဝ) သိန်းတိတိအား ဒုတိယအကြိမ်မြောက် ထပ်မံ၍ လှူဒါန်းခဲ့သည်။ အဆိုပါငွေများသည် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းမှ ၂ဝ၁၃ ခုနှစ်၊ မဟာသင်္ကြန်ရက်များ အတွင်းဖျော်ဖြေပွဲမှ အများပြည်သူတို့ ချီးမြှင့်ပေးခဲ့သော အနုပညာကြေးများအား အများပြည်သူ ပရိတ်သတ်တို့အား ကျေးဇူးဆပ်သည့်အနေဖြင့် ယခုကဲ့သို့ အများပြည်သူတို့၏ လူမှုဒုက္ခများအားထိရောက်စွာ ကူညီပေးနေသောနာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ အမှန်စင်စစ် ဝိုင်းစုခိုင်သိန်းသည် နှစ်ဆန်းတစ်ရက်နေ့တွင် လာရောက်လှူဒါန်း၍ လှူဒါန်းလိုသော်လည်း အနုပညာအလုပ်များဖြင့် မအားလပ်သည့် အတွက် ယခုမှလာရောက်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ထို့နောက် ၂၇.၄.၂ဝ၁၃ ရက်နေ့တွင် ရွှေမင်းဝံ သာသနာ့ ရိပ်သာ၌ တရားစခန်းဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဝိုင်းစုခိုင်သိန်း လှူဒါန်းခဲ့သော အလှူငွေ များအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့လာရောက်၍ ဆေးကုသမှုခံယူကြသော လူနာများ၏ ကျန်းမာရေးအတွက် တစ်တပ်တစ်အား အင်အားတစ်ခု ဖြစ်စေခဲ့ပြီဖြစ်သည်။

ထို့အပြင် ၂၂.၄.၂ဝ၁၃ နေ့ရက်တွင် မကြာသေးမီအချိန်မှ ပြည်ပမှ ပြန်ရောက်ရှိလာသော တေးသံရှင်/ အဆိုတော် ယုဇန နှင့်ခင်ပွန်းအပြင် မိဘများဖြစ်ကြသော ဟင်္သာတ ဦးမြင့်ငွေနှင့်ဇနီး ဒေါ်တင်တင်အေး မိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၃) သိန်းကျပ်အား လာရောက်လှူဒါန်းခဲ့သည်။ အနုပညာသမားများမှ လူမှုအကျိုးပြုလုပ်ငန်းများအတွက် အနုပညာကြေးများလှူဒါန်းခြင်းသည် ပရိတ်သတ်များအား ကျေးဇူးဆပ်ခြင်းဟု ပင် ကျွန်တော်ရှုမြင်မိပါသည်။

ထိုသို့ ရုပ်ရှင်ဖခင်ကြီး ဘဘဦးတင်ယုအားရည်စူး၍ ကျန်ရစ်သူမိသားစုများ၏ အလှူ ဒါန၎င်း၊ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း၏ နှစ်သစ်ဦး အနုပညာကြေး အလှူဒါန၎င်း၊ တေးသံရှင် အဆို တော် ယုဇန၏ မိဘများအားအမှူးထား၍ လှူဒါန်းရသော အလှူဒါနသည်၎င်း ထိုထိုသော လှူဒါန်းမှုတို့သည် အနု ပညာရှင်များမှ အများပြည်သူ လူထုပရိတ်သတ်တို့အား ကျေးဇူးဆပ်သည့် ကုသိုလ်ထူးတို့အား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အများပြည်သူတို့နည်းတူ မုဒိတာပွားကာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

ကျော်သူက သူ့အဓိဌာန်တစ်ခုပြီးသွားလို့ ...အောင်စည်အောင်မောင်းလည်း ထုပြီးပြီတဲ့...နောက် ထူးခြားမှုတစ်ခုလုပ်အုံးမယ်ဆိုပဲ....???

သူဘာလုပ်မလဲ ဆိုတာကတော့...!!!!!!!!!သူ ထူးထူးခြားခြား ဘာလုပ်မယ်လို့ထင်သလဲ...?????

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက သူ့အဓိဌာန်တစ်ခုပြီးသွားလို့ အောင်စည်အောင်မောင်းလည်း ထုပြီးတဲ့နောက်သူ ထူးခြားမှုတစ်ခုလုပ်အုံးမယ်ဆိုတာကတော့ သူနှစ်ရှည်ကြာကြာထားခဲ့တဲ့ ဆံပင်အရှည်ကြီးကို သပ်သပ်ရပ်ရပ်ကလေး ညှပ်ပစ်လိုက်တာပါပဲ.....

(သူဆံပင်ညှပ်တဲ့ညက ညှပ်နေတုန်းမီးပျက်သွားလို့ နောက်နေ့မနက်မှာမှ ဆက်ညှပ်ရပါသတဲ့ဗျာ....) 


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.