04/29/13


"ရန်ကုန်မြို့ လက်ပံတောင်းအရေး တက်ကြွနိုးကြားသူများနှင့် စိတ်ပါဝင်စားသော ပြည်သူများသို့"

လက်ပံတောင်း ပဋိပက္ခတွေနဲ့ ပါက်သက်ပြီး ရန်ကုန်မြို့၊မဟာ ဗန္ဓုလပန်းရှေ့ခြံရှေ့တွင် ဆန္ဒပြမည်။

အချိန် ။ ။ ညနေ (၄) နာရီမှ (၆)နာရီ
နေရာ ။ ။ ရန်ကုန်မြို့၊မြို့တော်ခန်းမရှေ့ တစ်ဖက်ခြမ်းရှိ မဟာဗန္ဓုလ ပန်းခြံရှေ့

တောင်းဆိုမည့် အချက်များ ......

၁။ဖမ်းဆီးထားသော ဒေသခံ (၂)ယောက်နှင့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှကိုအောင်စိုးတို့၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ချက်ခြင်းသတင်းထုတ်ပြန်ပေးရန်နှင့် ချွင်းချက်မရှိလွှတ်ပေးရန်

၂။ ပုဒ်မ (၁၄၄) နှင့် စီမံကိန်း လုပ်ငန်းများအား လယ်ယာမြေပြသာနာများ ညှိုနှိုင်းမှု ကြားကာလများအတွင်း ရုတ်ဆိုင်း ရပ်စဲထားရန်

၃။ပဋိပက္ခဖြစ်ပွားနိင်သောအခြေအနေများနှင့် အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးမှုများ ဒေသအတွင်း မည်သူ့ကိုမှ ထပ်မံမပြုရန်

၎။လက်ပံတောင်းအရေးနှင့်ပါက်သက်၍ အမှုဖွင့် တရားစွဲ ၀ရမ်းထုတ်ခံထားရသော
ဒေသခံများနှင့် ငြိမ်းချမ်းရေး ၊တရားမျှတရေး၊ဒီမိုကရေစီအရေး အတွက် ဒေသခံများအား ၀န်းရံကူညီသူများအား ချွင်းချက်မရှိ လွှတ်ပေးရန်

၅။လက်ပံတောင်းတောင်ဒေသ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲခံရမှုအား
တာဝန်ရှိသူများမှ ဥပဒေအရ တာဝန်ယူရန်

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်



လက်ပန်တောင်းဒေသလမ်းဆုံလမ်းခွများ၊ရွာများသစ်ပင်များတွင်စစ်ခရိုနီဦးပိုင်ကုမ္ပဏီ၏ ကြေးစားလက်နက်ကိုင် အဖွဲ့မှပြည်သူများကိုစော်ကားသည့် အမိန့်
(၂၈-၄-၂၀၁၃)

KO Han Win Aung

(မိုးညွန့်လုလင်)

အမေရိကဆိုသော အရပ်တွင် Zuckerberg ဆိုသော နာမည်ခပ်ခက်ခက် လူငယ်တစ်ဦးနှင့် အပေါင်းအသင်း ရောင်းရင်းတစ်စက စတင်သန္ဓေတည် မွေးဖွားခဲ့သည့် Facebook သည် ယခု ဆိုလျှင် ညောင်ဦးက ကမ်းပါးပြို၊ စမ္ပာနဂိုရ် က နွားမ ပေါင်ကျိုးဆိုသကဲ့သို့ မိုင်ထောင်ချီ ဝေးကွာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးဘဝများကို ပြောင်ပြောင်တင်းတင်း တစ်နည်း၊ မသိလိုက် မသိ ဘာသာတစ်ဖုံ ခြယ်လှယ်လွှမ်းမိုး နေခဲ့ပြီ။

Social Networking Website ခေါ် မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းအချင်းချင်း အဆက်အသွယ် မပြတ်ရန်၊ အသိအကျွမ်းတိုးရန် ကူညီပေးသည့် အင်တာနက် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များသည် ယခုနှစ်များတွင် အထူးရေပန်းစားလာ ခဲ့ပြီး ကမ္ဘာအနှံ့ အထူးသုံးစွဲလာခဲ့သည်။ Facebook, Twitter တို့သည် ထိပ်တန်း လူမှုကွန်ရက်များဖြစ်ကြသည်။ မြန်မာနိုင်ငံ တွင် twitter သိပ်မသုံးကြ၊ Facebook ကိုမူ မြန်မာတို့ အသည်းစွဲ။ စာရင်းဇယား အချက်အလက်နှင့် အလှမ်းဝေးသည့် နိုင်ငံပီပီ ဘယ်သူတွေ သုံးကြသလဲ မသိနိုင် ပေမယ့် တော်တော်လေး သုံးကြတာတော့ သေချာသည်။ လူငယ်ပိုင်း၊ မြို့နေ၊ အတန် အသင့်သုံးနိုင်စားနိုင်သူ၊ ပညာတတ်၊ နည်းပညာနှင့် ယဉ်ပါးသူ စသူတို့ကမူ သုံးစွဲ သူထဲတွင် အများစုဖြစ်နိုင်သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆိုလျှင်၂၀၁၂ ခုနှစ် အောက်တိုဘာ လဆန်းက Facebook သုံးသူ သန်းတစ်ထောင် ပြည့်သွားသည်ဟု ဆိုသည်။ ဆိုလိုသည်က ကမ္ဘာပေါ်တွင် လူခုနစ်ယောက်လျှင် တစ်ယောက်သုံးနေကြသည်။ Facebook သာ နိုင်ငံဆိုလျှင် တရုတ်နှင့် အိန္ဒိယပြီးလျှင် ကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံ။ ထို Facebook တိုင်းပြည်တွင် အခြားသော မြန်မာနိုင်ငံသား များနည်းတူ ကျွန်တော်လည်း နိုင်ငံသား တစ်ဦးအဖြစ် ပါဝင်နေသည်။

မူလက Facebook ကို မသုံး၊ လိုသည်မထင်။ ပြည်ပခရီးတစ်ခု သွားရင်း ခင်သွားသည့် နိုင်ငံခြားသားသူငယ်ချင်းက ဆက်သွယ်ရန် လိပ်စာတောင်းရာမှ ဇာတ်လမ်း စသည်။ G-mail လိပ်စာ ပေးတော့ သူငယ်ချင်းက “မင်းခေတ်နောက်ကျနေပြီ။ Facebook မရှိဘူးလား" တဲ့။ အဲဒီကမှ စလိုက်သည်မှာ တဖြည်းဖြည်း Facebook လောကထဲသို့ ရောက်ရှိသွား တော့သည်။

သူ့ရဲ့အဓိက လုပ်ဆောင်ချက်က မိတ်ဆွေအပေါင်းအသင်း အချင်းချင်း ကိုယ်လုပ်နေတာ၊ ကိုယ်သိတာ၊ ကိုယ်ခံစားနေရတာ အချင်းချင်းဖလှယ်နိုင်အောင် စီမံထား သည်။ Facebook ကိုယ်တိုင်က တစ်ခုခု ရေးသားတင်ပြပေးနေစရာ မလို။ Facebook တွင် ပါဝင်သူ (ဝါ) Account ဖွင့်ထားသူတို့ တင်ထားသည့် ဓာတ်ပုံ၊ အချက်အလက်များနှင့်ပင် Facebook သည် ကြီးထွားလာသည်။ အင်တာနက် ခေတ်၏ အားသာချက်မှာ ဝေမျှရတာ အလွန်မြန်ခြင်း။ အင်တာနက်ခေတ် ယဉ်ကျေးမှု၏ အဓိကကျသော အစိတ်အပိုင်းမှာ Sharing Culture ခေါ် ဝေမျှ ခြင်းယဉ်ကျေးမှု။ Facebook သည် ဝေမျှခြင်းကို အလွန်လွယ်ကူသွားစေသည်။ ဘာမျှ ကူးရေး၊ အပင်ပန်းခံနေရန်မလို၊ ခလုတ်လေးတစ်ခုနှစ်ခု နှိပ်ရုံနှင့် ဝေမျှ လိုက်နိုင်သည်။ ပညာခေတ်ဟုလည်း ခေါ်သော ယခုခေတ်ကြီးတွင် Facebook သည် ပညာဗဟုသုတတို့ကို ဝေမျှရန်လည်း အလွန် လွယ်ကူလာသောကြောင့် ဗဟုသုတ တို့ ပြန့်ပွားလွယ်သည်။ သတင်းအချက် အလက်တွေလည်း ပြန့်ပွားလွယ်သည်။

Facebook ၏ သဘောက မိမိ ကိုယ်ပိုင်စာမျက်နှာ တစ်ခုဖွင့်ပြီး မိမိ သိလိုသူများထံ လျှောက်လွှာပို့ (Friend Request or Add) လုပ်ရသလို မိမိနှင့် သူငယ်ချင်းဖြစ်ချင်သူများ ကလည်း ထိုနည်း အတိုင်းလုပ်ရသည်။ လက်ခံလိုက်လျှင် သူငယ်ချင်းဖြစ်ပြီ။ ထိုနည်းဖြင့် မိမိတွင် သူငယ်ချင်းများ တိုးပွားလာသည်။

Facebook သုံးရင်း သုံးရင်း သဘောကျလာသည်။ သူငယ်ချင်းတွေနှင့် အဆက်မပြတ် သူတို့အကြောင်း သိနေရသည်။ နှစ်အတန်ကြာက အဆက်ပြတ်သွားသူ ငယ်သူငယ်ချင်း တို့နှင့် ပြန်ဆုံရသည်။ကျွန်တော်က အခြားသူမွေးနေ့ မဆိုထားနှင့် မွေးနေ့ဆိုလျှင် ကိုယ့်မွေးနေ့ပင် သတိ မရသူ။ Facebook ကျေးဇူးဖြင့် မိမိ မိတ်ဆွေ သူငယ်ချင်းများ၏ မွေးနေ့ဆိုလျှင် သူ့သတိပေးချက်ဖြင့် မွေးနေ့ဆုတောင်း ပို့နိုင်သည်။ ဝေးတစ်မြေမှသူများ၏ မင်္ဂလာဆောင် ဆိုလျှင် မသွားနိုင်လည်း Congratulation လုပ်နိုင်သည်။ ဗဟုသုတများ၊ သတင်း အချက်အလက်များလည်း လွယ်လွယ် ကူကူဖြစ်လျှင် ဖြစ်ချင်း သိရသည်၊ ကိုယ် သိတာလေးလည်း တင်ပေးနိုင်သည်။

သုံးရင်း သုံးရင်း အတော်လေးကြာ လာတော့ သတိထားမိလာသည်။ ကျွန်တော်နှင့် သိပ်မသိသူတွေ အကြောင်း မသိလိုဘဲ သိလာရသည်။ သူတို့ လုပ်နေကိုင်နေသည့် အလုပ်တွေ၊ မလုပ်ဖြစ် မကိုင် ဖြစ်သည့်အလုပ်တွေ အကြောင်း ခေါင်းထဲ အလိုလို ရောက်လာသည်။ စားပြန်သောက် ပြန်ပြီ၊ ခရီးသွားပြန်ပြီ၊ ရည်းစားနဲ့ ခွာပြဲပြန်ပြီ၊ ဟော နောက်တစ်ယောက် ရပြန်ပြီ စသည့် သောင်းပြောင်းထွေလာ စုံစီနဖာမျိုးစုံ ကြားရမြင်နေရသည်။ အိမ်နီးချင်းနှင့် စကား တစ်လနေလို့ တစ်ခါ မပြော ဖြစ်သော်လည်း မိုင်ထောင်ဂဏန်းဝေးသည့် ကနေဒါမှ အသိအကျွမ်းနှင့် ပုံမှန်စကား ပြောဖြစ်သည်။ သူ့ကလေး ဘယ်မှာ ကျောင်းထားသည်၊ သူဘာအလုပ်ရသည်၊ သူမြန်မာစာ ဒီတစ်ပတ် ချက်စားသည် အားလုံးကိုယ်က သိနေသည်။

ကျေးဇူးရှိသူများထံ ဖုန်းတစ်ချက် မဆက်ဖြစ်၊ တစ်ခေါက်တလေ မရောက် ဖြစ်အောင် အလုပ်များ နေခဲ့သော်လည်း မြင်ရလွယ်သည့် Facebook ပေါ်မှ ကိုယ်နှင့် သိရုံသိသူများ အကြောင်း အပ်ကျမပ်ကျ သိနေခဲ့သည်။ Facebook ကျွန်တော်နှင့် အပြင်မှ ကျွန်တော် ကွဲလွဲလာခဲ့သည်။ အရည်မရ အဖတ်မရ ပြောချင်ရာ များကို ခဏခဏ ပြောနေသူများကြောင့် မှတ်ဖွယ်သားဖွယ်များ၊ အဖိုးတန်သတင်း အချက်အလက်များကို “ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ” သကဲ့သို့ ခဲခဲယဉ်းယဉ်း စစ်ထုတ်ယူလာရသည်။ မိမိသူငယ်ချင်း စာရင်းထဲမှ ပုဂ္ဂိုလ်များ၏ အရည်အသွေး သည် ထိုအခါတွင် အရေးကြီးလာသည်။ သူငယ်ချင်းစာရင်းထဲတွင် သူငယ်ချင်း ငါးထောင်ရှိနေသော်လည်း အားလုံး အရေမရ အဖတ်မရများသာ ဆိုလျှင် မိမိ Facebook သည် အမှိုက်ပုံသာသာ ဖြစ်တော့မည်။ ထိုအခါတွင် မိမိ၏သူငယ်ချင်း စာရင်းသည် အရေးကြီးလာခဲ့သည်။

မည်သူ့ကို လက်ခံမလဲ
........................

မိမိ၏ Facebook သူငယ်ချင်း စာရင်း၏ အခြေအနေကို ထိန်းချုပ်လိုလျှင် “ဘယ်သူ့ကို သူငယ်ချင်းဖြစ်စေချင်လဲ” ဟူသော မေးခွန်းကိုဖြေရမည်။

ထိုမေးခွန်းကိုဖြေရန် အဓိက အားဖြင့် နှစ်ချက်ရှိသည်။ တစ်နည်းက အရေအတွက်၊ နောက်တစ်နည်းက အရည်အသွေး။ အရေအတွက်ကိုကြည့်လျင် သူငယ်ချင်း များလေလေ ကောင်းလေလေ။ ငါးထောင်က အမြင့်ဆုံး။

အချို့က အရေအတွက် နည်းသည်ကို ကြိုက်သည်၊ ကျစ်ကျစ်လျစ်လျစ်။ ပြင်ပ လောကရှိ တကယ့်သူငယ်ချင်းများ၊ သူလေးစားသူများနှင့်သာ သူငယ်ချင်း စာရင်းကို ဖွဲ့စည်းထားသည်။ လွတ်လွတ်လပ်လပ် မိသားစုပုံများ တင်ထားမည်။ အတွင်းသတင်း၊ လျှို့ဝှက်သတင်းများ ဝေမျှမည်။ ကိုယ်ရေးကိုယ်တာတို့ကို ဆွေးနွေး ရင်ဖွင့်မည်။ အပြင်လူ အဝင်မခံ။ စိတ်အေးလက်အေး နေချင်သည်။

အချို့က ဘယ်သူဘယ်ဝါ စိစစ်ခြင်း မရှိ။ လာသမျှလူ လက်ခံသည်။ မိမိကလည်း တွေ့သမျှသူထံ သွားလျှောက်သည်။ အချို့ကမူ စိစစ်ပြီးမှ လက်ခံသည်။ စာရေးသူ၏ မူဝါဒအရဆိုလျှင် Facebook ဟူသော နာမည်နှင့်အညီ မျက်နှာပုံတင်ထားမှ လက်ခံလေ့ရှိသည်။ ခြွင်းချက်များလည်း ရှိသော်လည်း အများအားဖြင့် မျက်နှာပုံ တင်မထားလျှင် ချန်လှပ်ထားသည်။

မိသားစုဝင်များ၊ အထက်လူကြီးများ ကို လက်ခံ မခံသည်လည်း သူငယ်ချင်း စာရင်းသွင်း မသွင်း မူဝါဒနှင့် ပတ်သက်သည်။ စာရင်းသွင်းမှားလျှင် နောင်မှ နောင်တရနေလိမ့်မည်။
သူငယ်ချင်းတစ်ဦးက သူ့အမေက သူ့ကို လာပြီး မိတ်ဆွေအဖြစ် လက်ခံရန် လာအပ်သော်လည်း သူကလက်မခံ။ မိမိ သူငယ်ချင်းများနှင့်၊ ချစ်သူနှင့် ပြောချင်ရာ ပြောထားသည်ကို မိဘမောင်ဖွားများ မမြင် စေချင်၊ မသိစေချင်သောကြောင့် ဖြစ်သည်။ အမေက Facebook တွင်ရော၊ အပြင် တွင်ပါ အကြိမ်ကြိမ် Request လုပ်၊ ဖိအားပေးသော် လည်း သူက အပြတ်တောင့်ခံထားသည်။ ရုံးချိန် တွင်း မူးရူးနေပုံကို Facebook ပေါ် ဓာတ်ပုံ တက်လိုက်ပြီး မိမိ၏သူငယ်ချင်းစာရင်းတွင် ရုံးမှလူကြီး ရှိနေပြီး တွေ့သွားကာ ပြဿနာပေါ်သွားသူ များလည်း ရှိသည်။

Split Personality
....................

Facebook ပေါ်ရှိ စရိုက်နှင့် ပြင်ပရှိ တကယ့်စရိုက်တို့သည် တူချင်တူနိုင်သည်။ သို့သော် ကွာလည်းကွာခြားနိုင်သည်။ အပြင်စရိုက်နှင့် online စရိုက်တို့သည် ကွဲလွဲနေလျင် split personality ခေါ်သည့် “လူတစ်ကိုယ်၊ စိတ်နှစ်မျိုး” ဖြစ်နိုင်သည်။

အပြင်တွင် လူကြောက်သောသူများ အတွက် Facebook သည် အလွန်မက်မော ဖွယ်ကောင်းသော အရာကြီး ဖြစ်သည်။ လူ လူချင်းတွေ့လျှင် တစ်ဦးနှင့်တစ်ဦး အနည်းနှင့်အများ ရှိန်တတ်သော်လည်း Facebook ပေါ်တွင်မူ ထိုသို့ ရှိန်စရာမရှိ။ ပြောလိုရာ ပြောချလိုက်လို့ ရသည်လည်း ပါမည်။ အချို့ က အပြင်တွင် ခပ်ကုပ်ကုပ်၊ Facebook ပေါ်တွင် ဓားကြိမ်းကြိမ်းနေကြသည်။ အချို့က အပြင်တွင် ခပ်တည်တည်၊ Facebook တွင်မူ လူရွှင်တော်များ။ ထို့ကြောင့် တစ်ခါ တစ်ရံတွင် Facebook ပေါ်မှ စရိုက်ကို ကြည့်ပြီး အပြင်စရိုက်ကို ခန့်မှန်းလျှင် လွဲနိုင်သည်။ သို့သော် Facebook တွင် တွေ့ရှိပြီး အပြင်တွင် ဆုံတွေ့ပြီးနောက် အဆင်ပြေသွားသည့် Facebook ဖူးစာများလည်း များလှသည်။

အမှောင်ခြမ်း
.............

လောကရှိ အခြားသောအရာများ အားလုံးနည်းတူ Facebook တွင်လည်း အလင်းခြမ်း ရှိသလို အမှောင်ခြမ်း များလည်း ရှိသည်။ ဝေမျှရန် Share ရန် အလွယ်ဆုံး ဖြစ်ခြင်းဟူသော အားသာချက် ကိုယ်တိုင်ပင် တလွဲသုံးလျှင် အကြီးဆုံးဆိုးကွက် ဖြစ် သွားသည်။ ကိုယ့်အိမ်ထဲတွင် ကိုယ်ထိုင်ပြီး ဖြစ်သမျှ ပျက်သမျှကို မီးလောင်ရာလေပင့်၊ တို့မီးရှို့မီး လုပ်လိုလျှင် Facebook သည် အချိန်ကုန်ငွေကုန်သက်သာပြီး ထိရောက်သော လက်နက်ဖြစ်သည်။ ဘာမျှ အထွေ အထူး လုပ်ရန်မလို၊ ထိုင်ပြီး တစ်ခုပြီးတစ်ခု share နေရုံ။ ခဏချင်းပင် လူထောင်ပေါင်း၊ သောင်းပေါင်းများစွာသို့ သတင်းမှားများ၊ ဇာချဲ့သတင်းများ၊ လံကြုပ်သတင်းများ ရောက်ရှိသွားကြသည်။ ယုံလွယ်တတ်သောသူများ စုဝေးနေထိုင်ရာ မြန်မာနိုင်ငံတွင် Facebook မှ တို့မီးရှို့မီးလုပ် ခြင်းသည် စရိတ်စက သက်သက်သာသာဖြင့် “ငယ်သောအမှုကို ကြီးစေ၊ ကြီးသောအမှုကို အကျိုးနည်းစေ” နည်းလမ်းဖြစ်ကြောင်း လွန်ခဲ့သော တစ်နှစ် နှစ်နှစ် ခန့်ကစပြီး မြင်တွေ့ခဲ့ရပြီးပြီ။ Facebook တွင် ရေးထား၊ Share ထားသည်ကို တိုက်ရိုက် ကွန်ပျူတာပေါ်တွင် ဖတ်ပြီး ဒေါသအမျက် ဒီရေတက်ကြသလို အပြင်တွင် စာရွက်ထုတ် ဝေမျှသောကြောင့် အင်တာနက်နှင့် အလှမ်းဝေးသူတို့ အုန်းအုန်းကျွက်ကျွက် ဖြစ်ကြသည်လည်း များလှသည်။ Facebook ၏ ဘေးထွက်ဆိုးကျိုးကို ကာနိုင်ရန် သုံးသူတို့ ဆင်ခြင်စဉ်းစားတတ်ဖို့၊ အခံကောင်း ဖို့လိုသည်။ “ Freedom of Expression is no the license to be stupid, လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် မိုက်တွင်းနက်ရန် လိုင်စင်မဟုတ်” ဟူသော အမေရိကန်နိုင်ငံ မိတ်ဆွေတစ်ဦး ဝါရှင်တန် မြို့တော် သတင်းပြတိုက် Newseum မှဝယ်လာ လက်ဆောင်ပေးသည့် တီရှပ်ပါ စာတန်းသည် မြန်မာ Facebook သုံးသူများနှင့် လိုက်ဖက်လှသည်။

Facebook ပေါ်မှ ငွေရှာနည်း
.................................

အတွေ့ရများသည့် ဆိုးကွက်မှာ Facebook ပေါ်တွင် အချိန်ကုန်သောကြောင့် မိမိလုပ်ငန်းကိုင်ငန်း၊ ကြီးပွားရေး စီးပွားရေး အာရုံမစိုက်နိုင်ဘဲ အထိနာနိုင်သည်။ တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး ထိခိုက်နိုင်သည်။ ကျောင်းသားဆိုလျှင် စာမေးပွဲတွင် အမှတ်ကျသွားနိုင်သလို လုပ်ငန်းရှင်ဆိုလျှင် စီးပွားရေးကျနိုင်သည်။

Facebook ကိုသုံးပြီး ငွေရှာနေသူများ ရှိသလို Facebook မှ အကောင်းဆုံး ငွေရှာ နည်းမှာ အဆင့်သုံးဆင့်သာ ဖြစ်သည်ဟူ သော သရုပ်ပြပုံလေးလည်း ရှိသည်။
အဆင့် ၁၊ Facebook မှ setting သို့သွားပါ။
အဆင့် ၂၊ deactivate (ပိတ်ပါ) ဟူသော ခလုတ်ကို နှိပ်ပါ။
အဆင့် ၃၊ အလုပ်သို့ သွားပါ။
ဆိုလိုသည်ကတော့ Facebook ကို ပိတ်ပြီး အလုပ်လုပ်ပါ ဟူသတတ်။

မိတ်ဆွေသူငယ်ချင်းများထဲတွင် မိမိကိုယ်ကို Facebook စွဲနေသည်ဟု ထင်သူများ အများအပြား ရှိနေပြီး ထိုသူတို့သည် အင်တာနက်စဖွင့်သည်နှင့် Facebook စဖွင့်သူများလည်း ဖြစ်နေသည်။ ထိုင်မိလိုက်သည်နှင့် အချိန် သုံးလေးနာရီ ကြာသွားတတ်သည်။ Facebook ကြောင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ် ထိခိုက်နေသူများ အတွက် အကြံပေးစကားက နာရီ သို့မဟုတ် ဖုန်းကို အချက်ပေးခေါင်းလောင်း နာရီဝက်လုပ်ထားပါ။ မိမိဖတ်စရာ ရှိသည်ဖတ်၊ တင်စရာရှိသည် အမြန်တင် နာရီဝက်ပြည့်သည်နှင့် ထွက်လိုက်ပေတော့။ မိမိနှစ်သက်ရာ ဘာသာစကားကို တစ်နေ့ ၁၅ မိနစ် လေ့လာလျှင် သုံးနှစ်နေလျှင် တိုင်းခြားဘာသာစကားတစ်မျိုး တတ်မြောက်နိုင်သည်ဟူသော ပီမိုးနင်း၏ အချိန် တန်ဖိုးတွက်ပြပုံကို သိလျှင် Facebook ၏ ရိုက်ခတ်ချက်ကို သဘောပေါက်နိုင်သည်။

မြန်မာတို့က ဖွဘုတ်၊ ဖြဲဘုတ်ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည့် Facebook သည် မြန်မာနိုင်ငံသား အဖြစ်ရော Facebook နိုင်ငံသားအဖြစ်ပါ ခံယူထားသူ မြန်မာတို့မှ တစ်ဆင့် မြန်မာ့လူနေမှုဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝတို့ကို ရိုက်ခတ် သြဇာသက်ရောက်နေသည်။

The Voice Weekly

ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူလူထုကသာလိုလားမယ်ဆိုရင် အာဏာလိုချင်ပါတယ် လို့ပြောနေပေမဲ့ ပြည်သူလူထုကော တတိုင်းပြည်လုံးကပါ လိုလားပြီးသားပါ... ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေက သက်သေခံနေပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာရစေချင်တယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို အရင်ဆုံး ပြင်ရမှာဖြစ်ပါတယ်။အခန်း (၃)ပုဒ်မ (၅၉) နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ၏ အရည်အချင်း ပုဒ်မခွဲ(စ) မိမိကိုယ်တိုင်သော်၎င်း မိမိ၏မိဘတစ်ပါးပါးသော်၎င်း မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း ၊မိမိ၏တရားဝင်သားသမီး တစ်ဦးဦး သော်၎င်း ၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ထိုသူများသည် နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူ သော်၎င်း၊ တိုင်းတပါး၏နိုင်ငံသားသော်၎င်း၊ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံ စား ခွင့်များကို ခံစားနှိုင်ခွင့်ရှိသူများ မဖြစ်စေရ။ ဆိုထားပါတယ် ...

ယနေ့ လူထုခေါင်းဆောင် ဖြစ်တဲ့ ဒီမိုကရေစီ ဘက်တော်သား ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်သမ္မတ နေရာကို မရနှိုင်အောင် ထည့်သွင်းထားတဲ့ ဥပဒေဘဲဖြစ်ပါတယ်။ဒီအခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်နှိုင်ခြင်းမရှိ ရင် ဒီမိုကရက်တစ်များဘက်မှ ဘယ်လိုမှ အနိုင်ရနှိုင်မှာ မဟုတ်ပါဘူး။

ပြည်သူလူထုရဲ့ မဲကတော့ ရာနှုန်းပြည့်ရနှိုင်မှာ ဖြစ်ပေမဲ့ စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖြစ်နိုင်ချေ မရှိပါဘူး။

နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ အပိုဒ်(၆) ၊ အပိုဒ်ခွဲ (ဂ) မှာ “ မှတ်ပုံ တင်ရမဲ့ နိုင်ငံရေး ပါတီ များဟာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသော ၀န်ခံချက်ကို ပေးရမယ်” လို့ ထည့်သွင်း ဖော်ပြ ထားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ၄၀၅ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည် လို့လဲပါရှိပါတယ်။

ဒါကြောင့် နိုင်ငံရေး ပါတီ အနေနဲ့ မှတ်ပုံ တင်ပြီးတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး စတာတွေ လုပ်လို့ မရ တော့ပါဘူး။ ရွေးကောက် ခံရတဲ့ အမတ်တွေ အနေနဲ့ ကလဲ နောင်တချိန် ပြင်ဆင်ရေး လုပ်ဖို့ ကြိုးပမ်းမယ် ဆိုရင် ၇၅ % မဲ ရရှိမှ ပြုလုပ် နိုင်ပါမယ်။ ဒီလောက်မဲ အရေ အတွက် ရဖို့ဆိုတာကလဲ စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖြစ်နိုင်ချေ မရှိပါဘူး။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဘို့ဆိုရာမှာလဲ ခက်ခဲနေပါသေးတယ်။အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)မှာ ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း (၃) ပုဒ်မ ၅၉၊၆၀ ၊အခန်း(၄) ပုဒ်မ ၇၄၊၁၀၉၊၁၄၁၊၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊၂၀၁၊၂၄၈၊ ၂၇၆၊အခန်း(၆) ပုဒ်မ ၂၉၃၊၂၉၄၊၃၀၅၊၃၁၄၊၃၂၀၊အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂အထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆၊ တို့ရှိပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်(ခ)ပုဒ်မခွဲ(ကတွင်ဖေါ်ပြထားသည့်ပြဌာန်းချက်များမှအပအခြားပြဌာန်းချက်များကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏၇၅ရာခိုင်နူန်းကျော်ထောက်ခံဆန္ဒမဲဖြင့်သာပြင်ဆင်ရမည် လို့ပြဌာန်ထားပါတယ်။

ပုဒ်မ ၄၃၆ (က)မှာပါရှိတဲ့ အချက်အလက်တွေကလဲ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်း တွေမှာ စစ်တပ်ကပါဝင်ပါတ်သက်နေတဲ့ အခန်းကဏ္ဍ တွေဘဲဖြစ်ပါတယ်။ အခန်း (၁) ပုဒ်မ (၁၆) နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။လို့ဖော်ပြထားပါတယ် ။သို့သော် လက်ရှိ နိုင်ငံတော် သမ္မတ ၏နောက်ကွယ်မှာ မလွန်ဆန်နှိုင်တဲ့ သြဇာလွှမ်းမိုးမှုတွေရှိနေသေးတာဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တွေရဲ့အဟန့်အတားဘဲဖြစ်ပါတယ်။

အာဏာရှင်တွေရဲ့ အရိပ်အငွေ့တွေက ဖုံးလွှမ်းနေဆဲပါဘဲ။ ဦးသိန်းစိန်က ဘယ်လိုဘဲ ပြောင်လဲခြင်ပါတယ်လို. ဆိုနေ ပေမဲ့၊ သူ့အောက်က၊ အာဏာရှုး ဝန်ကြီးတွေ၊ ဘဝင်မြင့်အမတ်တွေ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ သခင်အားရ ကျွန်ပါးဝ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့၊ တစ်ချိန်လုံး ဦးစားပေး (၁) ဖြစ်ခဲ့တဲ့ စစ်တပ် အဆင်ပြေဖို့ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ပါဘဲ။ ဒါတွေကို ဘယ်လို ဟန့်တားတား၊ ဖြေရှင်းရှင်း၊ ပြေလည်နိုင်စရာ အကြောင်းမရှိပါဘူး။

ဇော်ဝမ်းမောင်



မွန် ​ဂိုး ​လီး ​ယား ​နိုင်ငံ Ulan ​Bator ​မြို့မှာ ​ကျင်းပတဲ့ ​ဒီမိုကရေစီအစည်းအဝေးအတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီစနစ်ဆီကိုဦးတည်တဲ့ ​ပြုပြင်ပြောင်းလဲမှုတွေ ​ဖြစ်လာအောင်လုပ်ဆောင်တဲ့အကြောင်းတွေကို ​ပြောကြားမယ်လို့ ​မျော်လင့်နေကြပါတယ်။

၃ ​ရက်ကြာမယ့် ​အစည်းအဝေးအတွင်း ​နိုင်ငံပေါင်း ​၁၀၀ ​က ​ကိုယ်စားလှယ်တွေ ​တက်ရောက်ဖို့ရှိတယ်လို့ ​မွန်ဂိုးလီးယား ​အစိုးရက ​ပြောပါတယ်။

မွန်ဂိုးလီးယားနိုင်ငံကို ​ပထမဦးဆုံးအကြိမ် ​ရောက်ရှိနေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​မွန်ဂိုးလီးယားနိုင်ငံမှာ ​၆ ​ရက်ကြာ ​လည်ပတ်မှာဖြစ်ပြီး ​ခရီးစဉ်အတွင်း ​မွန်ဂိုးလီးယားနိုင်ငံ ​သမ္မတ ​Tsakhia ​Elbegdori ​နဲ့ ​တွေ့ဆုံဆွေးနွေးမှု ​လုပ်မယ်လို့လည်း ​သိရပါတယ်။
Photo by.Yingluck Shinawatra



လက်ရှိ တရုတ်ပြည်မှာ အစိုးရရဲ့သစ်တောတွေကို မဆင်မခြင်ခုတ်မှုကြောင့် သဲကန္တရကြီး ပေါ်ထွန်းလာပြီး ပြည်သူတွေဒုက္ခရောက်နေရတဲ့ပုံ

မြန်မာပြည် သဲကန္တာရဖြစ်ခြင်းမှ ကာကွယ်ဖို့ မြန်မာတွေအားလုံး ညီညွတ်စို့................
=============================================

ဆိုတဲ့ ကြွေးကြော်သံတွေ ဟီးဟီးထပြီး၊ အခုအခြေအနေအတိုင်း သစ်တွေ ထင်သလို ခုတ်၊ စစ်ကို ဘန်းပြ၊ နယ်မြေ မလုံခြုံတာ ဘန်းပြ၊ သူခိုးဈေးနဲ့ေ၇ာင်းသူ ရောင်း၊ သူခိုးကြီးအာဏာပိုင်တွေကိုယ်တိုင် ရောင်းလိုရောင်း၊ အိမ်နီးချင်း သူခိုးတွေက လည်သလို လစ်သလို ခိုးခုတ်သူက ခုတ်၊ တဖြည်းဖြည်းနဲ့ မြန်မာ့ သစ်တော သစ်ပင်၊ ရိုးမတောင်တန်းကြီးတွေ အားလုံးနီးပါးက တောင်ကတုံး ။ တောပြုန်းဖြစ်ခဲ့ရပြီ။ အခုထက်ထိလည်း သစ်ပင်တွေ စည်းမဲ့ကမ်းမဲ့ ခုတ်တာ မရပ်သေးပါ။

ကုန်သည်ကြီးတွေ ကုမ္ပဏီကြီးတွေက ခေတ်မှီစက်ယန္တယားကြီးတွေနဲ့ အကြီးအကျယ် ခုတ်တယ်။ ဒေသခံ နေထိုင်သူတွေကလည်း ၊ ငါတို့ တောင်တွေ တောတွေ ငါတို့ သားစဉ်မြေးဆက် အသုံးပြု လာတာ မကုန်ဘူး အခု ဒီကုန်သည်တွေ အစိုးရ ၀န်ထမ်းတွေ ခုတ်လှဲရောင်းချပစ်မှ ကုန်တော့မှာ။ မထူးဘူး ငါတို့လည်း ခုတ်မယ်ဆိုပြီး လစ်သလို ရသလို လည်သလို ခုတ်၊ မှောင်ခို နည်းလမ်းတွေနဲ့ ပြည်ပ ကို ခိုးထုတ်လာကြတယ်။ သာမန် ကျေးရွာသူ ရွာသား တောင်တောနေ လူတန်းစားကလည်း ညနေဘက် အိမ်က နွားကြီး ခြင် မှတ် မကိုက်စေဖို့ ( လေးငါးနှစ်ကြာမှ တပင်ဖြစ်တဲ့ သစ်ပင်တွေကို ခုတ်ပြီး တညတည်းနဲ့ မီးရှို့ ) နွားနံဘေးနား ခြင်မောင်းမှတ်မောင်းဖို့ မီးဖို ဖိုပစ် သစ်ပင်တွေကို ဖြုန်းတီးပစ်နေတယ်။ အိမ်မှာ ထမင်းဟင်း ချက်တာကိုလည်း အစားထိုး လောင်စာ မရှာဘူး သစ်ပင်တွေ ခုတ် ထင်းလုပ်ပစ်လိုက်ကြတယ်။

ဒီလိုနဲ့ အစိုးရ၊ ကုန်သည်၊ ဒေသခံတွေ အပြိုင်အဆိုင် လောဘတွေ တက်ပြီး ကမ္ဘာမြေရဲ့ အသက် သခင်ကျေးဇူးရှင်ဖြစ်တဲ့ သစ်ပင်တွေကို ခုတ်ထွင်သတ်ဖြတ်လိုက်ကြတာ ................ ဟော ကမ္ဘာကြီး အသက်ငင်လာပါပြီ။ ပူနွေး ပူလောင်လာပြီ၊ ကမ္ဘာကြီး နေမကောင်းဖြစ်လာပါပြီ။

မြေ ကမ္ဘာကြီး နေမကောင်း မကျန်းမမာ ဖြစ်လာတော့ ဒီမြေကမ္ဘာကြီးပေါ် မှီတင်း နေထိုင်တဲ့ လူသားတွေ ဒုက္ခရောက်ကြပါပြီ။ မိုးခေါင် ရေရှား၊ အပူလှိုင်းဒါဏ် ရာသီဥတု ဖေါက်ပြန်ဒါဏ်တွေနဲ့ စိုက်ပျိုးရေး တွေပျက်စီး၊ စားနပ်ရိက္ခာတွေ ရှားပါး၊ လူဦးရေတွေ ပွားများ၊ တတိယကမ္ဘာစစ်များ ဖြစ်လာလေ မလား လို့ လူတွေ စိတ်ပူလာကြရပါပြီ။

ဒီလို ကမ္ဘာချီဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးကို ပျက်စီးနေစေတဲ့ ကမ္ဘာ့ အသက်သခင် သစ်ပင်တွေ ခုတ်လှဲ၊ တောတောင်တွေ တူးဖြို၊ မြေပေါ်မြေအောက် သယံဇာတတွေ အငမ်းမရ ထူးဖေါ်ထုတ်လုပ်ပြီး ကမ္ဘာကြီးကို အသေ သတ်ဖို့ လုပ်နေသူတွေဟာ ဒီ ကမ္ဘာကြီးကို မှီတင်းနေထိုင် အသက်ရှင်နေရတဲ့ သက်ရှိတိရိစ္ဆာန် အမျိုးအစား သန်းပေါင်းများစွာထဲက အသိဥာဏ် ဆင်ခြင်တုံတရား အရှိဆုံးလို့ ဆိုကြတဲ့ ကမ္ဘာ့ လူသားတွေပါပဲ။ အသိဥာဏ် ဆင်ခြင်တုံ တရား အရှိဆုံး လူသားဆိုတဲ့ တင်စားချက်ကိုတောင် ပြန်လည် ဖျက်သိမ်းရမလိုဖြစ်ပါတယ်။ ကိုယ်တွေ အသက်ရှင်နေရတဲ့ ဒီမြေ ဒီလေကို ကိုယ်တွေ ကြောင့်ပဲ ပျက်စီးတိမ်းပါးအောင် လုပ်နေသလိုဖြစ်ပါတယ်။ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်နေပါပြီ။

ကမ္ဘာကြီးထဲက နဂို ဆင်းရဲ မွဲတေ နိမ့်ကျနေရတဲ့ ကျနော်တို့ မြန်မာပြည်မှာတော့ အခုဆို မြေအောက်ရေတွေခမ်းခြောက် သောက်ရေ ပြတ်လတ်တဲ့ ဒေသတွေ ၊ သောက်ရေ တစည်ရဖို့ နာရီပေါင်းများစွာ လှည်းတွေ စက်ဘီးတွေ၊ ယာဉ်တွေနဲ့ ရေရှာပုံတော် ထွက်ရတဲ့ ဒေသတွေလည်း တွေ့လာရပါပြီ။

ကမ္ဘာကြီး မကျမ်းမာဖြစ်နေပါပြီ။ အလျှင် အမြန်ကုစား ကုသ မှ ရပါတော့မယ်။

ကမ္ဘာကြီး ထဲမှာ အစုအဖွဲ့လိုက် မှီတင်းနေထိုင်ကြတဲ့ နိုင်ငံ ဆိုတဲ့ လူစုစုတွေ ကိုယ့်လူစုစု အလိုက် စုစည်းညီညွတ်စွာနဲ့ ဒီကမ္ဘာကြီး ကို နေကောင်းကျမ်းမာပြန်ဖြစ်လာဖို့ ကမ္ဘာကြီး ရဲ့ အသက်သွေးကြောဖြစ်တဲ့ သစ်ပင် သစ်တောတွေကို အမြန်ဆုံး ပြန်လည် အသက်ရှင်ခွင့်ပေးပါ။ ဖျက်ဆီး ဖြုတ်တီးခုတ်ထွင် သတ်ဖြတ်နေတာတွေကို ရပ်ကြပါ။

မြန်မာပြည် သဲကန္တာရဖြစ်ခြင်းမှ ကာကွယ်ဖို့ မြန်မာတွေ အားလုံး ညီညွတ်ကြပါစို့။

နောက်သားစဉ်မြေးဆက် မြန်မာတွေ အေးချမ်းသာသာလုံခြုံစွာ ဒီမြန်မာ့မြေမှာ အသက်ရှင်နိုင်ဖို့ ကမ္ဘာကြီးကို ဆေးကုကြပါစို့ မြန်မာ့မြေကို သစ်ပင်သစ်တောတွေနဲ့ ပြန်လည် စိမ်းစိုလန်းဆန်းအောင် အမြန်ဆုံး တည်ဆောက်ကြပါစို့ ၊ ကမ္ဘာကြီးကို သတ်နေတဲ့ ကမ္ဘာသတ် သမား သစ်ခုတ်သူများကို ကမ္ဘာ့ လူသားများ အားလုံးကို သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာသတ်သမား လူသတ်သမား များ အဖြစ် ၀ိုင်းဝန်း ကာကွယ် အရေးယူနိုင်ရေး ကြိုးပမ်းကြပါစို့

ကမ္ဘာမြေကို ကာကွယ်နိုင်မှ ကမ္ဘာ့ လူသား အားလုံးရဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံတခုဖြစ်တဲ့ ကျနော်တို့ မြန်မာတွေအတွက်တော့ ...............
မြန်မာပြည် သဲကန္တာရဖြစ်ခြင်းမှ ကာကွယ်ဖို့ မြန်မာတွေအားလုံး ညီညွတ်စို့. ဟု တညီတညာ ကြွေးကြော် နိုးကြား ပြီး ကမ္ဘာသတ် သမားများ ရန်မှ ကာကွယ်ကြရမှာဖြစ်ပါတယ်။

နိုင်ငံသား တဦးချင်း ကိုယ်တိုင်းလည်း ကမ္ဘာသတ်သမား မဖြစ်စေဖို့ အသိဥာဏ် ဆင်ခြင်တုံတရား အသက်မွေးမှုအခြားသော နည်းလမ်းများကို ၀ိုင်းဝန်းတည်ဆောက်ပြီး ကမ္ဘာမြေကို အသက်ရှင် ကျမ်းမာအောင် ကြိုးစားကြပါစို့

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်



အချိန်ကား နွေဥတု၏ ညနေခင်းတစ်ခု။မန္တလေးမြို့ မဟာမုနိဘုရားရင်ပြင်တစ်နေရာရှိ အရိပ်ရသောနေရာတွင် ကလေးတစ်သိုက်ဆော့နေသည်။
အသက်အားဖြင့်မူ ငါးနှစ်ဝန်းကျင်မှသည် ဆယ့်ငါးနှစ်အတွင်း။
သူတို့ ဝတ်ဆင်ထားပုံမှာ နွမ်းနွမ်းယဲ့ယဲ့။
ဆံပင်တို့ ကမူ နီကြောင်ခြောက်ကပ်လျက်။
မျက်နှာလေးများမှာ ပေတူးညစ်ပတ်လျက်ရှိပြီး ချို့ တဲ့နွမ်းပါးပုံက အထင်းသား။
သူတို့ ၏တစ်နေ့ တာလုပ်ငန်းကား ဘုရားဖူးဧည့်သည်များကို အသနားခံပြီး ငွေကြေးတောင်းယူရန်၊
စွန့်ကြဲပေးကမ်းသမျှ စားစရာများရယူရန် နှင့် ပလတ်စတစ်ဘူးခွံ ပုလင်းခွံများကောက်ရန်။
ဘုရားရင်ပြင်၏ ထောင့်တစ်နေရာချောင်ထဲတွင် ဘာသာဘာဝဆော့နေကြသည်။
ပြေးလွှားမြူးတူးနေသော ကလေးတစ်သိုက်ကြားတွင် သေချာကြည့်ပါက အိပ်နေသော သို့မဟုတ် မှိန်းနေသော ကလေးတချို့ ကို တွေ့ ရမည်ဖြစ်သည်။
သူတို့ လက်ထဲတွင်ကား တီဗွီကော်ဟုခေါ်သော TV တံဆိပ်ပါဘူးတစ်ဘူး။
ထိုဘူးကို ရှူလျက် ရှူလျက် မှိန်းနေကြခြင်းဖြစ်သည်။
ဓာတ်ဆီအနံ့ ကဲ့သို့ မွှန်ထူသောအနံ့ ရှိသည့် ထိုကော်ဘူးကို မူးယစ်ဆေးတစ်ခုသဖွယ် အသုံးပြုနေသော ကလေးရာဂဏန်းခန့် ဤမဟာမုနိရင်ပြင်တစ်ဝိုက်တွင်ကျက်စားလျက်ရှိပေသည်။

ထိုသို့ ကော်ဘူးရှူရင်းမှိန်းနေသော ကလေးများထံသို့ အသာချဉ်းကပ်လျက်" မောင်လေး ဘာတွေလုပ်နေသလဲ"ဟု မေးလိုက်သောအခါ အလန့် တကြားနှင့်မျက်လုံးဖွင့်ကြည့်ပြီးနောက် ထပြေးမည်ပြုသော်လည်း မူးနေသောကြောင့်မပြေးသာတော့။
"ဘာမှမလုပ်ပါဘူး သိချင်လို့ မေးရုံတင်ပါ။ ဘယ်သူ့ ကိုမှမတိုင်ပါဘူး "ဟုဆိုကာ ချိုချိုသာသာပြောလေမှ မျက်နှာချင်းဆိုင်စကားပြောခွင့်ရလေသည်။
"အစ်မ ကျွန်တော့်ကို ဘုရားပုလိပ်(ဘုရားလုံခြုံရေးဝန်ထမ်း)နဲ့ တိုင်မလို့ လား"ဟု မယုံသင်္ကာမေးခြင်းခံရသော်လည်း အသင့်ပါလာသော မုန့် များ ချိုချဉ်များ ကျွေးပြီးနောက် ရဲတိုင်ရန်လာခြင်းမဟုတ်ကြောင်း ၊ မေးရန်လာခြင်းသာဖြစ်ကြောင်း စသဖြင့်ပြောမှ ကလေးများကယုံပြီး အနားသို့ ကပ်လာကြလေသည်။

ထိုကော်ဘူးရှူနေသော ကလေးများထဲတွင် မောင်လွင်(အမည်လွဲထားသည်)လည်းတစ်ဦးအပါအဝင်ဖြစ်သည်။
အသက်၁၄နှစ်ဟုဆိုသော်လည်း ရှစ်နှစ်သားလောက်သော ကိုယ်ခန္ဓာနှင့် အာဟာရချို့ တဲ့ပုံပေါ်ပြီး သူ၏ ညီလေးဆိုသော လေးနှစ်သားကလေးလေးကို သူ့ ဘေးတွင်ဖက်ထားလျက် မေးသမျှကို ဖြေလေသည်။
"ကျွန်တော် ဒီရောက်တာ သုံးနှစ်လောက်ရှိပြီ အစ်မ။ အသက်က ၁၄။ ကျောင်းကို လေးတန်းထိနေဖူးတယ်။အဖေကတော့ဆုံးသွားပြီ ။ အမေကတော့ လွန်ခဲ့တဲ့ဆယ်ရက်လောက်ကတင် ကလေးတစ်ယောက်မွေးထားတယ်။ ပထွေးက တမ္ပဝတီမှာ ပန်းရန်လုပ်တယ်။ ပထွေးက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို မကျွေးလို့ ထွက်ပြီးတောင်းရတာ။ အမေကလေးမွေးတုန်းက ချေးထားတဲ့အကြွေး သုံးသောင်းပေးစရာရှိနေတယ်။ အဲ့ဒါမရှာနိုင်သေးတော့ စိတ်ညစ်လို့ ကော်ရှူပြီး မေ့အောင်လုပ်နေတာ။ တစ်ရက်ကို တစ်ထောင်ကနေ တစ်ထောင့်ငါးရာ ဝန်းကျင်တော့ရတာပဲ။ ကော်ဘူးက တစ်ဘူးကို လေးရာ။ ဘုရားအပြင်ဘက်က ကုန်မာဆိုင်တွေမှာ ဝယ်လို့ ရတယ်။
တစ်ဘူးဆိုရင်တစ်ပတ်လောက်တော့ရှူလို့ ရတယ်။
ကျွန်တော်ရှူချင်လို့ တော့မဟုတ်ဘူး အစ်မ။ ဒါပေမယ့် အဲ့ဒါတစ်ဘူးဝယ်ထားလိုက်ရင် တစ်နေကုန် ဘာမှမစားဘဲလည်းနေလို့ ရတယ်။ စိတ်ညစ်တာတွေလည်းပျောက်တယ်။ ရန်ဖြစ်လို့ တစ်ယောက်ယောက်ကထိုးရင်လည်း နာမှန်းမသိတော့ဘူး။ အဲ့ဒါသုံးနေတဲ့အချိန်ဆို နေလို့ ကောင်းတယ်။အဲ့ဒါကြောင့်မို့ သုံးဖြစ်သွားတာ"ဟု ဖြေလေသည်။

စင်စစ်ထိုကော်ဘူးကား သစ်သားများ၊ရော်ဘာများ ၊ပလတ်စတစ်ပစ္စည်းများကို တွဲကပ်ရာတွင် အသုံးပြုနိုင်ရန်ထုတ်လုပ်ထားသည့် ကော်ဘူးသာဖြစ်သည်။ တစ်ဘူးလျှင် 70 ဂရမ်ပါရှိသော ထိုကော်ဘူးမှာ နို့ ဆီဘူးတစ်ဝက်စာ အရွယ်အစားရှိပြီး အနီရောင်နောက်ခံပေါ်တွင် TV ဟူသော အင်္ဂလိပ်စာလုံးကို အဖြူရောင်ဖြင့်ထင်ထင်ရှားရှားရေးထားသည်။
ဘူးအတွင်းရှိ အဝါညစ်ညစ်ရောင်ကော်များသည် ဓာတ်ဆီအနံ့ နှင့်ဆင်တူသော မွှန်ထူစူးရှသည့် အနံ့ ရှိပြီး အငွေ့ ပျံလွယ်သည်လည်းဖြစ်သည်။ကလေးများသည် ထိုကော်ဘူးကို ရှူရာတွင် ဘူးအဖုံးကို ဖွင့်လျက် နှာဝတွင်တေ့၍ရှူကြပြီး ရှူပြီးလျှင် ဘူးအဖုံးကို ပြန်ပိတ်ထားရသည်။ သို့ မှသာ အငွေ့ ပျံ၍ အမြန်မကုန်လွယ်မည်တဲ့။ပုံမှန်အားဖြင့် တစ်ဘူးလျှင် တစ်ပတ်ခန့် ရှူနိုင်ပြီး တချို့ သောကလေးများကမူ တစ်ရက်ထဲနှင့် တစ်ဘူးကုန်အောင်ရှူနိုင်ကြသည်။ထိုသို့  လွန်လွန်ကျွံကျွံကော်ရှူပြီးနောက် ကြောင်သွားခြင်းများ၊ ကယောင်ချောက်ခြားဖြစ်ခြင်းများရှိပြီး ဒုစရိုက်မှုတချို့ ကျူးလွန်ရန်ဝန်မလေးတော့သည်များလည်းရှိသတဲ့။"အဲ့လို ကောင်တွေက ညဘက်ဆို ကွမ်းယာဆိုင်တွေကို ပျဉ်ချပ်ခွာဖောက်ထွင်းပြီး အထဲက ရသမျှပစ္စည်းတွေကို ရောင်းစားကြတာ ရှိတယ် အစ်မ။ အဲ့ကောင်တွေက ရန်ဖြစ်ရမှာလည်း ဝန်မလေးဘူး။ ကော်ရှူထားရင် တစ်ကိုယ်လုံးထုံပြီး နာတာတွေလည်းမသိတော့ဘူးဆိုတော့ သူတို့ ကလာထိုးရင် ကိုယ်ကပဲရှောင်ရတယ်။အသက်က ၁၇၊၁၈လောက်ရှိတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ ဆီကနေ ကော်ဘူး လာလုတာလည်းရှိတယ်။ "ဟု မောင်လွင်ကပြောသည်။

ထိုကလေးတစ်သိုက်၏ အနီးတွင် ကလေးများကို ထိန်းကျောင်းလျက်ရှိသော အသက်နှစ်ဆယ်အရွယ်ရှိ မမာ(အမည်လွဲ)ကမူ "ကလေးတွေကို ကျွန်မကတော့ ကိုယ့်သားသမီးလို၊မောင်နှမလိုမှတ်ပြီးဆုံးမတာပဲ။ သူတို့ ကော်ရှူတာမြင်ရင် သိမ်းပြီး လွှင့်ပစ်လွန်းလို့ ကို ကျွန်မဆို သူတို့ ကအမြင်မကြည်ဘူး။ ကျွန်မက ဒီမှာ ပလတ်စတစ်ဘူးကောက်ပြီးဒိုင်ပြန်သွင်းတယ်။ ဒီကလေးတွေက တချို့ လည်း မိဘမရှိတော့ဘူး။ တချို့ လည်း မိဘရှိပေမယ့် မိဘကိုယ်တိုင်က ကျွန်မကို ဆုံးမပေးဖို့ ဆိုပြီးလာအပ်ထားတာ ။ ကျွန်မကတော့ ကျွန်မယောက်ျားနဲ့ ကလေးတစ်ယောက်နဲ့ နေတာ။ သူတို့ ကို အမြဲကြည့်ဖို့ လည်းမအားဘူး။ ရှူတာတွေ့ ရင်ကျွန်မကတော့ တားတာပဲ။ ကျွန်မယောက်ျားတောင် ရှူတာ တွေ့ လို့  မနည်းပြန်ဖြတ်ခိုင်းရတယ်။ အခု သားလေးက နှစ်နှစ်ထဲမှာ။ယောက်ျားက ကော်ရှူရင်း ကလေးကို ချီထားတော့ သားလေးက ရင်ကြပ်တာတွေဖြစ်လာတယ်။ ကလေးထိခိုက်မှာစိုးလို့ ဆိုပြီး ခုတော့ မရှူတော့ဘူး"။

မမာ၏ ပြောပြချက်အရ ထိုကော်ရှူသော ဓလေ့သည် လွန်ခဲ့သော သုံး၊လေးနှစ်ခန့် က ဘူတာကြီးတွင် အမှိုက်ကောက်သူတစ်ဦးမှ စတင်၍ ဘုရားကြီးဝင်းအတွင်းသို့ ပြန့် နှံ့ လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုလူလည်း ကွယ်လွန်ပြီဖြစ်ပြီး မကွယ်လွန်မီက တစ်ရက်လျှင် တစ်ဘူး ပုံမှန်ရှူလေ့ရှိသည်တဲ့။ ထိုသူမှပင် ကော်ဘူးများကို ရောင်းပေးပြီး ကလေးများကိုလည်း ကော်ရှူနည်း သင်ပေးခဲ့သည်တဲ့။"ကျွန်မသိသလောက်တော့ အဲ့ကလေးတွေ ကော်ရှူပြီးရင် မူးပြီးမှိန်းသွားတယ်။ တချို့ ဆို သရဲပုံတွေ ထင်ယောင်ထင်မှားမြင်တာတို့ ၊ကယောင်ကတမ်းလျှောက်ပြောတာတို့ ၊ ချွေးစေးတွေပြန်တာတို့ ၊ အသက်ရှူကြပ်တာတို့ ၊ ရင်တုန်တာတို့ ၊ ကိုယ်သိတဲ့သူတစ်ယောက်နာမည်ကို မေ့သွားတာတို့ ဖြစ်တတ်တယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က အနောက်မုခ်မှာ ၁၈နှစ် ကောင်မလေးတစ်ယောက်ကိုယ်ဝန်ကြီးနဲ့ ကော်ရှူရင်း ဘာဖြစ်သွားတယ်မသိဘူး။ မူးအန်ပြီး သိပ်မကြာဘူး။ ဆုံးသွားတာပဲ။"ဟုဆိုလေသည်။

ထိုကော်ရှူသော ကလေးတစ်သိုက်ထဲမှာ မိန်းကလေးတချို့ လည်း ပါဝင်သည်။
အသက်၁၈နှစ်ရှိ အေးအေး(အမည်လွဲ)ကမူ အိမ်ပြေးမလေးတစ်ယောက်ဖြစ်ပြီး အိမ်ကထွက်ပြေးလာခဲ့သည်မှာ တစ်ပတ်လောက်ရှိပြီတဲ့။ အတန်အသင့် ဖွံ့ ဖြိုးသော ခန္ဓာကိုယ်နှင့် သူမသည် ဤဘုရားဝင်းအတွင်း တောင်းစားသူကလေးများနှင့် အဖွဲ့ ကျနေသည်။
အိမ်ဘာလို့ မပြန်တာလဲ ဟုမေးတော့ သူ့ ချစ်သူက သူ့ ကို လက်ထပ်မည်ဟု ဆိုပြီး သူမ၏ တစ်မတ်သားရှိ ရွှေနားကပ်ကို ချွတ်ယူသွားသောကြောင့် သူပြန်အလာကို စောင့်နေခြင်းဖြစ်သည်တဲ့။
ထုံပေပေနှင့် လည်လည်ဝယ်ဝယ်ရှိပုံမရသော အေးအေးသည် ထိုသူနှင့် ချစ်သူဖြစ်တာမှ ဆယ်ရက်လောက်သာရှိသေးသည်။ ထိုသူက ပြောသမျှကို ယုံပြီး ယခုတိုင် ဘုရားထဲတွင်စောင့်နေတာ တစ်ပတ်လောက်ရှိပြီတဲ့။
"သူ့ နာမည်က ကိုမင်း(အမည်လွဲ)။ အသက်က၂၀။သမီးတို့ ချစ်သူဖြစ်တာ ငါးရက်လောက်ပဲရှိသေးတယ်။ သူကသမီးကို ညဘက် ခေါင်ရည်ဆိုင်ခေါ်ပြီးခေါင်ရည်တွေတိုက် ၊ကော်တွေ ရှူခိုင်းပြီး နားကပ်ယူသွားတာ။
သူကလက်ထပ်ဖို့ ပိုက်ဆံသွားရှာတာလို့ ပြောတာပဲ။ သမီးကသူ့ ကိုစောင့်နေတာ။ သူလာခေါ်ရင်တော့ လိုက်သွားမယ်။ အိမ်ကိုတော့ မပြန်ရဲဘူး။ ဟိုနေ့ညက အဖေတို့ သမီးကိုလာရှာတာတွေ့ ပေမယ့် ပြန်လိုက်မသွားရဲဘူး။ နားကပ်မပါဘဲ မပြန်ရဲလို့ ပုန်းနေတာ။
ခုတော့ သမီးလည်း စိတ်ညစ်လို့ ကော်တွေရှူတတ်နေပြီ"တဲ့။

ထိုကလေးအုပ်စုများတွင် တချို့ လည်း ကော်ရှူသည်။ တချို့ လည်း မရှူကြ။ သူတို့ စားရာနေရာကား စောင်းတန်းတစ်လျှောက်ရှိ မုန့် ဆိုင်များ။အသက်ရှစ်နှစ်အရွယ်ရှိ သုန်သုန်(အမည်လွဲ)ကမူ
" တစ်ရာဖိုးဆို ကြာဇံကြော် ဒါမှမဟုတ် မုန့် လုံးကြီးကြော်နှစ်လုံးစားလိုက်ရင် ဗိုက်ပြည့်တယ်။ အမေက နံနက်ဆို သမီးကို ငွေတစ်ရာပေးပြီး ဘုရားထဲတောင်းဖို့ လွှတ်လိုက်တာပဲ။ တစ်နေကုန် ညနေခြောက်နာရီထိတောင်းရတယ်။ တစ်နေ့ ကို တစ်ထောင့်ငါးရာလောက်ရမှ အိမ်ပြန်ရဲတယ်။ မဟုတ်ရင် အိမ်မပြန်ရဲဘူး။ အမေကထမင်းမကျွေးလို့ "ဟုပြောသည်။ သူ့ တွင် ဆယ်နှစ်အရွယ်ရှိ အစ်မတစ်ယောက်ရှိပြီး နံနက်ခင်းတိုင်းညီအစ်မနှစ်ဦးတူတူ ဘုရားထဲလာတောင်းရသည်တဲ့။
ကျောင်းမနေချင်ဘူးလားဟုမေးတော့
" နေချင်တယ် မမ။ သမီးတောင်းစားတဲ့အလုပ်မလုပ်ချင်တော့ဘူး။ တစ်ခါတစ်လေရတဲ့ပိုက်ဆံထဲက ဘုရားကိုလှူပြီး နောင်ဘဝကောင်းကောင်းနေရဖို့ ဆုတောင်းတယ်။ သမီးကတောင်းစားပေမယ့် ခိုးတဲ့အလုပ်မလုပ်တတ်ဘူး။ တစ်ခါတစ်လေ ကိုယ့်ရှေ့ မှာ ဘုရားဖူးက ကျသွားတဲ့ပိုက်ဆံအိတ်ကို လိုက်ပေးတာ မုန့်ဖိုးတွေ တစ်ထောင် နှစ်ထောင်ရတတ်တယ်။ သမီးကျောင်းနေချင်တယ်။ အဖြူအစိမ်း ဝတ်ချင်တယ်။ တောင်းစားတဲ့အလုပ် မလုပ်ချင်တော့ဘူး"ဟု ဖြေလေသည်။

ထိုကလေးများကော်ရှူသည်ကိုတွေ့ လျှင် ဘုရားပေါ်ရှိလုံခြုံရေးများက ကြိမ်ဖြင့် ရိုက်နှက်ဆုံးမလေ့ရှိသည်တဲ့။ သို့ သော် ကော်ဘူးသိမ်းခံရလျှင်လည်း သူတို့ ကမမှုတော့ ။အလွယ်တကူ ဝယ်၍ရနေပြီးဖြစ်သောကြောင့် ပိုက်ဆံရတိုင်းကော်ဝယ်ရှူလေ့ရှိသည်တဲ့။ ကော်ဘူးကို မည်သို့ ဝယ်ရသနည်းဟုမေးတော့ မောင်အောင်(အမည်လွဲ)ကမူ
"ကျွန်တော်တို့ ကို ကော်ရှူမှန်းသိရက်နဲ့ ရောင်းတဲ့ဆိုင်တွေဆီကဝယ်တာ။ သူတို့ကကျွန်တော်တို့ မရှူရ မနေနိုင်မှန်းသိလို့ ရောင်းပေးတယ်။ တချို့ ဆိုင်ကျတော့ မရောင်းပေးဘူး။
ဘာလုပ်ဖို့ လဲမေးတယ်။ အဲ့ဒါဆို ကျွန်တော်တို့ က ဖိနပ်ကပ်ဖို့ လို့ ပြောဝယ်ရတယ်။ များသောအားဖြင့် ရောင်းပေးနေကျဆိုင်တွေမှာ သွားဝယ်ရတာ အဆင်ပြေတယ်"ဟု ဆိုသည်။
မောင်အောင်သည် အသက် ၁၅နှစ်ရှိပြီဖြစ်သော်လည်း အလွန်ပိန်ချုံးလျက်ရှိပြီး ကော်ရှူသက်တမ်းသုံးနှစ်ခန့် ရှိပြီဖြစ်၍ ယခုအခါ ကော်မရှူရလျှင် မနေနိုင်အောင် စွဲလန်းလျက်ရှိသည်တဲ့။ သူနှင့် စကားပြောနေစဉ်တွင်ပင် ကော်ဘူးက နှာခေါင်းဝမှာတေ့လျက်။
မရှူရလျှင် ကတုန်ကရင်ဖြစ်သည်တဲ့။ တွေ့ ရာလူဆီက ကော်ဘူးတောင်းရှူလေ့ရှိပြီး မပေးပါက ရန်ပြုသည်အထိဖြစ်တတ်သည်တဲ့။

တခါတလေ စီမံချက်ဟုသူတို့ ခေါ်သော စည်ပင်ကားများနှင့်ပါသွားလေ့ရှိပြီး ကလေးသူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းများသို့ ရောက်သွားသည်တဲ့။
"ဂေါမရှင်ကျောင်း (World Visionကို သူတို့ အခေါ်ဂေါမရှင်ကျောင်း)ကို ရောက်ဖူးတယ်။ စာသင်ရတယ် ။ထမင်းစားရတယ်။ ဒါပေမယ့် မပျော်ဘူး။ ဘယ်ပျော်မလဲ။ အဲ့ဒီမှာ ကော်မရှိတော့ ကျွန်တော်မနေနိုင်ဘူး ။ အဲ့ဒါကြောင့် ရရာလိုင်းကားတားစီးပြီးပြန်ပြေးလာတာ။"ဟု မောင်အောင်ကဆိုလေသည်။ယခုအခါ ထိုကော်ရှူသော ကလေးများမှာ ကော်ကို မူးယစ်ဆေးတစ်ခုသဖွယ် ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီ။ တခါတလေ ကော်ဘူးကုန်ခါနီးဆိုလျှင် ထိုကော်ဘူးကို လက်နှင့်ကော်၍ပင် ပါးစပ်ထဲထည့်ငုံလေ့ရှိသည်တဲ့။ ထိုသို့ ငုံခြင်းက ခံတွင်းပူသော်လည်း ပမာဏနည်းနည်းငုံရုံနှင့် များများမူးနိုင်သောကြောင့် ရံဖန်ရံခါ ကော်ကို ငုံလေ့ရှိသည်တဲ့။

ထိုကလေးများမှာ ညအိပ်လျှင် ဘုရားအနောက်မုခ်ဘက်တွင် စုအိပ်လေ့ရှိသည်။ စားပြန်တော့လည်း ပျံကျဈေးမုန့်၊ အိပ်ပြန်တော့လည်း သမံတလင်း၊ အမိုးအကာ ခြုံစရာဘာမှမရှိ၊ အဝတ်ကလည်း တစ်ယောက်လျှင် နှစ်စုံခန့် သာ၊ တစ်ကိုယ်ရေသန့် ရှင်းမှုအားနည်းသည့်ကြားထဲ ကော်ရှူ၍ ကျန်းမာရေး ထိခိုက်နေသူများလည်း တပုံတပင်ရှိနေသည်။ များသောအားဖြင့် အရွယ်ကောင်း၊လုပ်အားရှိသည့်အရွယ်ဖြစ်သော ဆယ်ကျော်သက် ကလေးများတွင် ကော်ကို မူးယစ်ဆေးသဖွယ်စွဲလန်းစွာ အသုံးပြုနေခြင်းက ကျန်းမာရေးထိခိုက်စရာ အဓိကအကြောင်းအရင်းတစ်ခုဖြစ်လာသည်။ယောက်ျားလေးများမှာ အလုပ်လုပ်နိုင်သောအရွယ်ဖြစ်သော်လည်း လုပ်ရန်စိတ်မပါတော့။ ကော်ကို မူးယစ်ဆေးသဖွယ်စွဲလန်းနေသောကြောင့် အလုပ်သိပ်မလုပ်နိုင်တော့သောကြောင့် ကြုံရာကျပန်းအလုပ်ဖြစ်သော ကုန်ထမ်းခြင်း ပန်းရန်လုပ်ခြင်းကိုပင် မလုပ်နိုင်တော့ဟုဆိုသည်။
ကော်ရှူပြီးမူးယစ်နေသော မိန်းကလေးများမှာလည်း လူကုန်ကူးခံရမှုအန္တရာယ်၊ လိင်အလွဲသုံးစားပြုခံရမှုအန္တရာယ်စသဖြင့် ကြုံတွေ့ လာနိုင်သော အခြေအနေရှိနေလေသည်။

ဆင်းရဲမွဲတေမှု၏ ဒဏ်ချက်ကြောင့် ကလေးငယ်များမှာ ကျောင်းစာသင်ရမည့်အရွယ်တွင် တောင်းစားရင်း မိသားစု ဝင်ငွေကိုဖြည့်တင်းပေးနေရသည်။ လုံလောက်စွာ မစားရမှုကြောင့် အာဟာရချို့ တဲ့မှုလည်းဖြစ်နေကြသည်။ ဝင်ငွေလုံလောက်စွာမရှာနိုင်တော့ စိတ်ညစ်၍ ကော်ရှူသည်။ ကော်ရှူရင်းဖြင့် ရှိသမျှပိုက်ဆံကုန်သည်။ ပိုက်ဆံကုန်တော့ ထပ်တောင်းသည်။ သနား သူများက ပေးသောပိုက်ဆံကလည်း ကော်ဖိုးပြန်ဖြစ်သွားလေသည်။ ကော်ရှူ၍ရိုက်နှက်ဆုံးမပါကလည်း ထို အနာကိုဖြေဖျောက်ရန် ကော်ပြန်ရှူကြသည်။
ဤသို့ သံသရာလည်ရင်း ကော်ရှူခြင်းကို စွဲလန်းလာကြသည်။

ထို့ ကြောင့် ဤကလေးငယ်များ ကော်ရှူခြင်းသည် ပိုက်ဆံလုံလောက်စွာ စွန့် ကြဲခြင်းဖြင့် ဖြေရှင်း၍ရသော ပြဿနာမဟုတ်သကဲ့သို့  ရိုက်နှက်ခြင်းဖြင့် ဖြေရှင်း၍ရမည်လည်းမဟုတ်ပါ။
အထက်ပါနည်းတို့ မှာ ဆေးမြီးတိုသဖွယ်ပင်ဖြစ်နေပါလိမ့်မည်။
ကလေးများ ကော်ရှူခြင်း ပပျောက်ရန်မှာဆင်းရဲမွဲတေမှုပပျောက်ရေး၊ကျောင်းနေအရွယ်ကလေး ကျောင်းအပ်ရေး၊ မူးယစ်ဆေးဝါး ကွပ်ကဲထိန်းသိမ်းရေး၊ မူးယစ်မဟုတ်သော ပစ္စည်းများကို မူးယစ်ဆေးသဖွယ်အလွဲသုံးစားမှုများ မဖြစ်စေရန် အရောင်းဆိုင်များကို ပညာပေးရေး စသော စီမံကိန်းပေါင်းများစွာနှင့် ကုစားရမည့် ရောဂါကြီးဖြစ်လေသည်။
ဤကဲ့သို့ ရာချီသော ကလေးသူငယ်များ ကော်ရှူခြင်းဖြင့် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည့် မဟာမုနိကဲ့သို့  သမိုင်းဝင်နေရာကို အရုပ်ဆိုး အကျည်းတန်စေသည်။ အနာဂတ်၏ လူ့ စွမ်းအားအရင်းအမြစ်များ ကျဆင်းလာမည်။ အနာဂတ်သားကောင်းများ လမ်းကြောင်းမှားပေါ်သို့ ရောက်ရှိသွားနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များပြားလာမည်။ ဤကလေးငယ်များဖြင့် အနာဂတ်နိုင်ငံတော်ကို ရှေ့ ဆက်ရမည်မှာ ရင်လေးဖွယ်ဖြစ်သည်။
ထို့ ကြောင့် နိုင်ငံတော်မှတာဝန်ရှိသူများ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ များ၊ NGOများအနေဖြင့် ကလေးသူငယ်များ မူးယစ်ဆေးတစ်ခုသဖွယ်စွဲလန်းနေသော ကော်ရှူခြင်းဓလေ့အား စနစ်တကျ ထိန်းသိမ်းပေးနိုင်ပါရန်နှင့် ထိုကလေးများအား ပြန်လည် ပျိုးထောင်ပေးနိုင်ပါရန် တိုက်တွန်းရေးသားလိုက်ပါသည်။

.........ယဉ်ယဉ်နှောင်း(၂၈-၄-၂၀၁၃)


ငြိမ်းချမ်းအေး

လက်ပံတောင်းတောင် ဒေသက တရားမဲ့မှု အသံတွေ ထပ်ကြားလာရတယ်။ ဒီရက်ပိုင်းတပြည်လုံးတင်သာမက တကမ္ဘာလုံး မှာပါ လုပ်သမျှ တင့်တယ် နေတဲ့ ဗိုလ်သိန်းစိန်အစိုးရ သတင်းတွေ ကလည်း နားမဆန့် ဖြစ်နေတယ်။ နိုင်ငံအဝှမ်းက လယ်သမား၊အလုပ်သမား၊ အခြေခံ လူတန်းစား အရေး၊ မြေယာတိုက်ပွဲ နဲ့ တိုင်းရင်းသားပြဿနာ ကတော့ ဒုံရင်း ဒုံရင်း ဆိုတာထက် ပို မလာတဲ့ အပြင် တနေ့တခြား
အဖိနှိပ်ခံရသူတွေဟာ အဖေခေါ်စရာမရှိ၊ အမေပျောက်ဘဝနဲ့ “အမိမဲ့သားရေနည်းငါးပမာ” အားကိုးရာမဲ့လာပြီး အခြေအနေဟာ အဆိုးဘက်ကိုသာ ဦးတည်သွားနေဆိုတာကိုလည်း မြင်နေရတယ်။

ပြည်တွင်းမှာ “ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ” နဲ့“သူခိုးဓားရိုးကမ်း” သလို လုပ်နေတော့ နိုင်ငံတကာ ကပါ “အဆိပ်ပင်ရေလောင်း”လုပ်နေတာ အပြစ်မဆိုသာဘူး။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် တရုတ်၊ အိန္ဒိယ၊အာဆီယံ တို့ရဲ့ တိတ်တဆိတ် ကျိတ်ကြံကျိတ်လုပ် အပျိုရည်ဖျက်ခြင်း နဲ့နှစ်ပေါင်း (၅၀) ကျော် စစ်အုပ်စုရဲ့ အဓမ္မ မုဒိမ်းကျင့်ခြင်း ခံခဲ့ရပေမယ့်အပျိုသွေး အများကြီး ကျန်သေးတဲ့ ဗမာပြည်ဆိုတဲ့ မိန်းမပျိုဟာ ဒီမိုကရေစီအတု သနပ်ခါးလိမ်း၊ ပေါင်ဒါဖို့၊ ပန်းပန်လိုက်တော့ အနောက်အုပ်စုကပါ အခုပရောပရည်ပြုချင်၊ သွားရည်တများများကျ အာသာငမ်းငမ်းထပြီး အမဲဖျက်ဖို့အားလုံး အဆင်သင့်ဖြစ်နေပြီ။

ဗိုလ်နေဝင်းက ဆိုရှယ်လစ် အရေခြုံပြီး “ဗမာ့နည်း၊ ဗမာ့နည်းဟန် ဆိုရှယ်လစ်”လမ်းစဉ်ကြီး ကြေညာ စစ်တပ်အာဏာသိမ်းမှုကို ပုံဖျက် စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာကို ဆောက်တည် လိုက်တော့ စစ်အေးခေတ် ကမ္ဘာ့ လက်ဝဲယိမ်းနိုင်ငံကြီးအားလုံးက ဖက်လဲတကင်း အရေးတယူ လုပ်ခဲ့ကြဖူးတယ်။ ကွန်မြူနစ် တစ္ဆေအခြောက်ခံနေရတဲ့ လက်ယာ အနောက်အုပ်စုကလည်း ဗိုလ်နေဝင်း နဲ့ စစ်အုပ်စုဟာကွန်မြူနစ် ကို ချေမှုန်းနေသူ အဖြစ် ရှုမြင်ကာ ဒီမိုကရေစီ နဲ့လူ့အခွင့်အရေး အသံကောင်းလေးမှ ခပ်ကျယ်ကျယ် ဝင် မဟစ်ခဲ့ဘူး။

အခု ဗိုလ်သန်းရွှေ ရဲ့ ကစားကွက် (ဝါ) မျက်လှည့်ပွဲ (ဝါ) လူတိုင်း သိပေမယ့်လူတိုင်းနီးပါး အတိတ် မေ့သလိုလို၊ ရွှေကောက်ရသလိုလိုနဲ့ ရူးချင်ယောင်ဆောင်သာယာကာ “နတ်ကရာ ကျီးမော့” ဖြစ်စေတဲ့ “ဒီမိုကရေစီ မျောက်ပွဲ” အတွက်ဗိုလ်သိန်းစိန် နဲ့ ကြံ့ဖွတ် အစိုးရက စည်းကမ်းပြည့်ဝ စစ်မှန်လှတဲ့ကလိမ်ချုံ “ဗမာ့နည်း၊ ဗမာ့နည်းဟန် ဒီမိုကရေစီ” ကို အသုံးချပြီး စစ်အုပ်စုစီးပွား နဲ့ အာဏာကို ဆွဲဆန့်လိုက်တော့ အစကတည်းက စီးပွားရေး နဲ့ ဒေသတွင်းပထဝီနိုင်ငံရေး အလို့ငှာ ပါချင်ချင် ဖြစ်နေတဲ့ အနောက်အုပ်စုဟာ ဒီမိုကရေစီ
ရွှေရည်စိမ် ဟုတ်/မဟုတ် မှတ်ကျောက်တင် စောင့်ကြည့်ဖို့ စိတ်မဝင်စား၊လူ့အခွင့်အရေး စံနှုန်းလည်း ဂရုမစိုက်တော့ဘဲ အကြောင်းပြချက် ကောင်းကောင်း၊စကားလှလှတွေသုံးပြီး “ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး”တွေ့သလို၊ “ဖိနပ်ပြတ်နဲ့ ခွေးငတ်” တွေ့သလို သူတို့ အကျိုးစီးပွား နဲ့လိုဘ ပြည့်ဖို့ရာ အတွက်ပဲ စဉ်းစား ဖော်ဆောင်လာတော့တာ အထူးအဆန်း မဟုတ်ဘူး။

ဒါပေမယ့် စစ်ပွဲအတွင်း နဲ့ လူမှုဒုက္ခ ဆင်းရဲတွင်း က တကယ့် ပကတိတိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝ ကတော့ “ရွှေပြည်တော် မျှော်တိုင်းဝေး”နေဆဲပဲ ဖြစ်တယ်။ အရင်တုန်းကမှ စစ်အစိုးရဖြစ်လို့၊စစ်အာဏာရှင်စနစ်ဖြစ်လို့ ဆိုပြီး ဖြေတွေးလို့ရပေမယ့် အခုဟာက “နောင်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလို ပြည်သူ့ အစိုးရ အမည်ခံပြီး စစ်အုပ်စုနဲ့ အပေါင်းအပါ စီးပွားဘီလူးကြီးတွေဟာ ကိုယ်ကျိုးအတွက် ပြည်သူကို ပိုဖိနှိပ် ရမ်းကား၊ လုပ်ချင်တိုင်း လုပ်ခွင့်ရနေတာဟာ ပိုဆိုးတဲ့ အနေအထား၊ပိုခံပြင်းစရာကောင်းပြီး လက်သင့်မခံနိုင်တဲ့ အခြေအနေ ဖြစ်တယ်။“ဒီမိုကရေစီ အစိုးရ” လို့ ပါးစပ် သနခံ ခေါ်ရ၊ “ခံလည်း ခံရ” ဆိုတော့“နာလည်း နာသေး၊ နံလည်း နံသေး” ဆိုတဲ့ အခြေအနေမျိုး၊ မနှစ်မြို့ဖွယ်၊ မသတီစရာ ဒီမိုကရေစီ မီးယပ် စွဲနေတဲ့ ကလိယုဂ် ခေတ်ဆိုးကြီး ဖြစ်တယ်။

ခု ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲ တိုးတက်မှု အားလုံးကို ကြည့်ကြည့်ပါ။စစ်အုပ်စုရယ်၊ သူတို့နဲ့ ပုလင်းတူ ဗူးဆို့တွေရဲ့ အကျိုးစီးပွားကိုမထိခိုက်တဲ့ အရာတွေချည်းပါ။ သူတို့ကို မထိခိုက်တဲ့ အပြင် ဒီလို အပေါ်ရံဟန်ပြ ဈေးခေါ်ကောင်းအောင် လုပ်ပြနေတဲ့ အလုပ်တွေကြောင့် သူတို့အကျိုးစီးပွားတွေ ပိုဖြစ်ထွန်း၊ သူတို့ကို အရင် နိုင်ငံတကာမှာထိန်းချုပ်ခံထားရမှုတွေတောင် ဖြေလျော့လာစေတယ်။ ဒါကြောင့်လည်း မဖြစ်မနေလုပ်ပြနေတဲ့ အစစ်အမှန် မဟုတ်၊ စေတနာအရင်းမခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေပါ။ ဒါပေမယ့် သူတို့ စီးပွား နဲ့ အာဏာ ကို တိုက်ရိုက်ထိခိုက်စေတဲ့ ကိစ္စမျိုးတွေဖြစ်တဲ့ ပြည်သူ့ အကျိုးစီးပွား နဲ့ စစ်အုပ်စုအကျိုးစီးပွား တိုက်ရိုက် ယှဉ်လာရင်၊ ပြည်သူ့အာဏာ နဲ့ စစ်အုပ်စု အာဏာထိပ်တိုက် တွေ့လာရင် ဘာမှ မပြုပြင် မပြောင်းလဲဘဲ အကျင့်ဟောင်းအတိုင်းဘီလူးအစွယ် ကို အစွမ်းကုန်ထုတ်ပြ၊ ရက်စက် ဖိနှိပ် လုပ်ပြတာချည်းပဲမဟုတ်လား။

ဒီမိုကရေစီ အင်အားစု ကိုယ်တိုင်ကလည်း “နောက်ပြန်လှည့်အကြောက်တရား”ဆေးမိပြီး လျှာလေး၊ အာလေး ဖြစ်၊ မတရားမှုတွေကို အသံကျယ်ကျယ် မထွက်နိုင်၊အလိုတူ အလိုပါ သဘော ဖြစ်ကုန်တော့တယ်။ ဆိုတော့ စစ်အုပ်စုဟာ ရှေ့မှာလည်းပိုလို့ လက်ရဲဇက်ရဲ နိုင်လာဖို့ပဲ ရှိတော့တယ်။

မြန်မာစကားပုံ ရှိတယ်။ “တောဆူမှ မြို့ဝ” တဲ့..။ တောသား ဆူဖြိုးမှမြို့သားလည်း သာယာဝပြောမှာ..။ ဒါမှ တိုင်းပြည်လည်း တိုးတက်ချမ်းသာမှာ..။ ဗမာပြည်မှာ လူအများစု ဖြစ်တဲ့ တောနေ လူတန်းစား တောင်သူလယ်သမား နဲ့အခြေခံလူတန်းစား အလုပ်သမား၊ လက်လုပ် လက်စား အရေး အလေး မပေးသမျှ၊ သူတို့ဆူဖြိုးရေး မရှေးရှုသမျှ၊ လူမှုတရားမျှတမှု မဖော်ဆောင်နိုင်သမျှ၊ သူတို့မျက်ရည်ကြီး၊ မျက်ရည်ငယ် ကျအောင် လုပ်နေသမျှ၊ သူတို့ ထမင်းအိုးကိုခွဲနေသမျှ၊ သူတို့ ဗိုက်တွေ ဟောင်းလောင်း ဖြစ်နေသမျှ၊ သူတို့ ကျောတွေမွဲပြီး ပြောင်နေသမျှ ဒီမိုကရေစီ လေသံ ဘယ်လောက် ပစ်ပစ်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဘယ်လောက်ဝင်ဝင် တိုင်းပြည်မှာ ဒီမိုကရေစီသုခချမ်းသာရ၊ လောက နိဗ္ဗာန် တည် ဆိုတဲ့ အခြေအနေမျိုး ဘယ်တော့မှ ရောက်လာမှာမဟုတ်ပါ။ ဆင်းရဲ ချမ်းသာ ကွာခြားချက်တွေ မြင့်သထက် မြင့်၊ လူမှုမတည်ငြိမ်မှုတွေ များသထက်များ၊ လူ့အဖွဲ့အစည်းမှာ မတရားမှုတွေ ဒင်းကြမ်းဖြစ်သထက် ဖြစ် ပြီး တိုင်းပြည်ဟာ “ဓားမနောက်ပိတ်ခွေး” ဘဝ က ဘယ်လိုမှလွတ်လာမှာ မဟုတ်ပါ။

ခုတော့.. ဖြစ်နေတာက.. ဗမာ့ သမိုင်းဝင် ဒီမိုကရေစီ အပြောင်းအလဲကြီးမှာ လူထုဟာ --

ဖယောင်းတိုင် ထွန်း နေတတ် ရမယ်။ ထမင်းတနပ် လျှော့စား နိုင်ရမယ်။စိတ်ရှည်၊ သည်းခံ ခန္တီ ပါရမီ ကျင့်ကြံ ရမယ်။ သူများဆီမှာ အလကားနီးပါးရနေတဲ့ လူထု ဆက်သွယ်ရေး စနစ်၊ နစ္စဓူဝ အခြေခံ လိုအပ်မှု ကို အရင်တုန်းကအေးဓားပြတိုက်သလို ပိုက်ဆံတွေ မတန်တဆ နင်းခွ တောင်းခဲ့ပြီ အခုမှရေမြေ့အရှင် မိုဘိုင်းသခင် အနေနဲ့ နာမည်ကောင်း ယူ ဈေးလျှော့ပေးတာကိုလည်း ကျေးဇူးသိနိုင်ရလောက်အောင် နုံအ တတ်ရမယ်။ ပြည်သူလူထုရဲ့ အခြေခံနဲ့ မူလ အခွင့်အရေး အားလုံးကို အလုံးစုံ ထိန်းချုပ်ထားခဲ့ပြီး အခုမသဒ္ဓါရေစာ မယားငယ် ပေးပေး ပြန်ပေးကာ ပြည်သူ့အခွင့်အရေး ကိုနိုင်ငံရေးလက်နက် အဖြစ် အသုံးချနေတာကို ကြည်ဖြူ နားလည်ပေးရုံမကရှိခိုးဦးတင် ကျေးဇူးတင် တတ်ရမယ်။

ဒါကို ကျောမွဲလူထု နင်းပြားတွေမှာ မခံနိုင်လို့ အာခံပြန်ရင်လည်း --

“ရွှေရေးပန်းကန်တက်” တယ် ဆိုပြီး လူ့ပေါက်ပန်း အာဏာရှင် နောက်မြီးဆွဲတွေရဲ့ အငြိုအငြင် ခံရမယ်။ အာဏာရှင်ရဲ့ မီးလောင်ဗုံးဒဏ် ခံနိုင်ရမယ်။လက်ကိုင်တုတ်တွေရဲ့ နံပါတ်တုတ်ဒဏ် ခံနိုင်ရမယ်။ သေနတ်ကျည်ဆံလည်း “ပီး”ရမယ်။ ဒါဟာ ဗမာပြည်က ကျားသနားမှ နွားချမ်းသာမယ့် “ခွေးတူ ဝက်တူဒီမိုကရေစီ” ရဲ့ အကျင့်၊ အကြံ နဲ့ ဝိသေသလက္ခဏာတွေ ဖြစ်တယ်။

“သမဏေနမဏော၊ ဂေါဏေနဂေါဏော” ဆိုသလို ဒီမိုကရေစီ နဲ့ နိုင်ငံရေး သမားဆိုသူများကလည်း --

ဘောင်းဘီဝတ်များ နဲ့ ဘောင်းဘီချွတ်များကြီးစိုးရာ လွှတ်တော် မှာ“မတိုက်မခံ” လုပ်တတ်ရမယ်။ မတိုက်လည်း မတိုက်၊ တာဝန်လည်း မခံတဲ့နိုင်ငံရေးဓလေ့ဟာ နာမည်သာဆိုးတာ အနေ၊ အစားတော့ တကယ် ချောင်တယ်။“အားလုံးကောင်းပါသည်” လည်း မကြာမကြာ အော် တတ်ရမယ်။ “လက်ညှိုးထောင်ခေါင်းညိတ်” အချိန်ကိုက် လုပ်တတ်ရမယ်။ မြင်းက မလှုပ် ခုံကလှုပ်၊ယုန်ကမတိုး ပိုက်ကတိုး နဲ့ “စိတ်တော်သိ၊ ဗောင်းတော်ညိတ်” လည်း တတ်ရမယ်။ရေလိုက်ငါးလိုက် နဲ့ “အမြီးစားဖက် ခေါင်းစားဖက်” လုပ်တတ်ရမယ်။ ဒါဟာ..“ပြည်ထဲအရေး ပေါက်နဲ့ကျေး”၊ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်”တယ်ဆိုပြီး နိုင်ငံအရေး၊ ပြည်သူ့အရေးကို ဆင်စွယ်နန်းပေါ်တင်၊ သုခမိန်စကားလုံးတွေသုံး၊ လူထုနဲ့ ကင်းကွာအောင် လုပ်၊ လူထုလှုပ်ရှားမှုကိုသင်းကွပ်၊ စကားအရာမှာတော့ ကြီးကြီးကျယ်ကျယ်ပြော၊ လေဖမ်းဝါးလုံးတန်းချည်လူထုကို ဝါဝါ ချရင်း အစစ်အမှန် နိုင်ငံရေး “ဝါဒ” နဲ့ ယုံကြည်ချက် တော့လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ စကားအရာသာ ဝါဝါပြီး ချ တတ်တဲ့ “ဝါတတ်”အချောင်သမား၊ လောက်ကောင်၊ ဆိတ်ခလောက်၊ မနုသီဟ ဖင်နှစ်ခွ တွေသာကြီးစိုးတဲ့ “ဝစီပိတ်” စစ်လွှတ်တော် နိုင်ငံရေး ရဲ့ “တေမိ ဒီမိုကရေစီ”အကျင့်၊ အကြံတွေ ဖြစ်တယ်။

အခုလို ဆိုတော့.. နင်ပဲငဆ နင့်နင့်သီးသီး နဲ့ ဘေးထိုင် ဘုပြော တယ်လို့ဆိုချင်ကြမယ်။ မဟုတ်ဘူး..။ ဗမာပြည် ပြုပြင် ပြောင်းလဲရေးကို အတိုင်းအတာတခု အထိ ကြိုဆို အသိအမှတ်ပြုကြောင်း နဲ့ အတိုက်အခံ နိုင်ငံရေးလမ်းကြောင်း ကို အပြုသဘော ဆောင်တဲ့ ဆောင်းပါး အမြောက်အများ ရေးခဲ့ဖူးတယ်။ နောင်လည်း အလျင်းသင့်သလို အပြုသဘောဆောင် ရေးဖို့ အများကြီး ရှိတယ်။ဒါပေမယ့် စစ်အုပ်စု နဲ့ ခရိုနီ အကျိုးသက်သက် စစ်ဖွဲ့စည်းပုံ နဖားကြိုးထိုးခံထားရတဲ့ စစ်လွှတ်တော် နိုင်ငံရေး တခုတည်း အလုပ်မဖြစ်ဘူး။ရှေ့မရောက်ဘူး။ လမ်းမပေါက်ဘူး။ မတရားမှုတွေ၊ ဖိနှိပ်မှုတွေအတွက်မာမာထန်ထန် အသံကျယ်ကျယ် ထွက် ဆန့်ကျင်ဖို့ ပို အခွင့်သာ၊ လူးသာ၊ လွန့်သာ၊လှုပ်သာတဲ့ လွှတ်တော် ပြင်ပနိုင်ငံရေး၊ လူထု နိုင်ငံရေး က အခုထက် ပိုကျယ်ကျယ်ပြန့်ပြန့် ရှိရမယ်၊ ရှိသင့်တယ် ဆိုတာလည်း မြင်သလောက် ထောက်ပြပြောဆိုမှ နိုင်ငံသား တယောက်၊ ပြည်သူတယောက် အနေနဲ့ ကျင့်ဝတ် တာဝန် (MoralObligation) ကျေမယ်။

လယ်ကွင်းထဲ၊ ယာကွက်ထဲ၊ စက်ရုံထဲ နဲ့ တောထဲ၊ တောင်ထဲ က ဘဝတွေဟာ စိတ်ကူးယဉ်ပြီး တည်ဆောက်လို့ မရဘူး။ စိတ်ကူးသက်သက်နဲ့ တည်ဆောက်လို့ မရဘူး။သူတို့အတွက် လက်တွေ့ အလုပ်နဲ့ အခွင့်အရေး ရဖို့ လိုတယ်။ လိုအင်ဆန္ဒ နဲ့အကြောက်တရား က လွတ်မြောက် (Freedom from Want & Fear)၊ ဒီမိုကရေစီအိမ်မက် မက်ဖို့ဆိုတာဟာ လက်တွေ့ သဘာထား မှန်တဲ့ အလုပ်တွေ၊ အပြုအမူတွေပါဖို့ လိုတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား အရေးတည်ဆောက်တာပဲဖြစ်ဖြစ်၊ လယ်သမား၊ အလုပ်သမားအရေး ကိုင်တွယ်တာပဲဖြစ်ဖြစ်မှာစကားချည်းသက်သက်၊ လက်ချည်းသက်သက် နဲ့ ကိုယ်အသာရဖို့၊ “ငို့ဘ” အကျင့်ကစားသမားစိတ်ဓာတ် (Gamesmanship) နိုင်ငံရေး ကစားကွက်ဆင်၊အလျှော့အတင်းလုပ်၊ လှည့်ကွက် ထောင်ခြောက်ဆင် ကစားနေတာတွေ ရပ်ပြီး တကယ့်အစစ်အမှန် အရင်းခံ စိတ်စေတနာ နဲ့ သူတို့တွေ တကယ်ပဲ ဒုက္ခ၊ သုက္ခ ကြီးစွာခံစားနေရပါ့လား ဆိုတာ စာနာနားလည် ဆင်ခြေ နိုင်ဖို့လိုပြီး လက်တွေ့သူတို့အတွက် အလုပ်တွေ၊ အခွင့်အရေးတွေ လုပ်ဖို့၊ ပေးဖို့ လိုတယ်။ ခုတော့နိုင်ငံတကာ နဲ့ ပြည်တွင်းက ရွှေပြည်အေး သမားများ ရဲ့ အထင် နဲ့ အမြင်ဟာနင်းပြားများ လက်တွေ့ ခံစားနေရတဲ့ ပကတိ အခြေအနေနဲ့ ပါစင်အောင်လွဲ နေတယ်။

တန်ခိုးရှင် မဟုတ်မှန်း သိတယ်။ နေ့ချင်း၊ ညချင်း ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာလည်း နားလည်တယ်။ လက်ဖျောက်တချက် တီးလိုက်ရုံနဲ့တမဟုတ်ချင်း အရာရာ မပြီးပြည့်စုံနိုင်ဘူးဆိုတာလည်း တွက်မိတယ်။ ဒါပေမယ့်အရာရာကို အကောင်းမြင်၊ အချိန်တွေ စောင့်စား၊ စိတ်ရှည်၊ သည်းခံဖို့ဟာလူတိုင်းအတွက် အဆင်မပြေဘူး။ အထူးသဖြင့် စစ်ပွဲ နဲ့ ဆင်းရဲ ဒုက္ခကြားကအနာဂတ်မဲ့နေတဲ့ ဘဝတွေအတွက် အဆင်မပြေဘူး။ အင်းလျားကန်စောင်း အအေးခန်းထဲကလူတန်းစားအတွက် အဆင်ပြေချင် ပြေမယ်။ ကွန်ပျူတာ ကီးဘုတ် ကို ခလုတ်လက်တင်ခု စာရေးနေတဲ့ စာရေးသူအတွက် အဆင်ပြေချင် ပြေမယ်။ ကွန်ပျူတာဖန်သားပြင်ကို ခု စူးစိုက် ဖတ်နေတဲ့ စာဖတ်သူ အတွက် အဆင်ပြေချင် ပြေမယ်။

ဒါပေမယ့် နွေးထွေးတဲ့ အိမ်ဆိုတာ ဘယ်နားနေမှန်း မသိဘဲ အသက်ဘေး အတွက်တောထဲ ပြေးနေရတဲ့ သူတွေ အတွက် အဆင်မပြေဘူး။ ကိုယ့် အိမ်ကနေ အတင်း အဓမ္မစွန့်ခွာနေရတဲ့ လယ်မဲ့၊ ယာမဲ့၊ မြေမဲ့ ဘဝတွေ အတွက် အဆင်မပြေဘူး။အလုပ်ရှင် သွေးစုပ်သမျှ လည်စင်း ခံပေးနေရတဲ့ အလုပ်သမားတွေ အတွက်အဆင်မပြေဘူး။ “အိမ်ဆိုပေမယ့် အိမ်ရယ် မမည်တော့တဲ့” ဘဝ အိမ်တွေ မှာ နေနေရသူ တွေအတွက် အဆင်မပြေဘူး။ မလွယ်ဘူး။

ဒီလိုအနေအထားမှာ ဗမာ့ နိုင်ငံရေး ကို “Political Illusion” က ဘယ်လို၊“Democratisation” ဘယ်ပုံ၊ “Liberalisation” က ဘယ်အရာ၊ “Transition toDemocracy” မှာ ဘာတွေ ရှိတယ်.. စတဲ့ စကာလုံး တွေ၊ သီအိုရီ တွေ ချရေး၊ချပြောဖို့ စိတ်မပါဘူး။ လိပ်ပြာမလုံဘူး။

ဗမာပြည်အတွက် လွတ်လပ်ခြင်း နဲ့ တန်းတူညီမျှခြင်း ဒီမိုကရေစီ တရား ဟာမီးတွင်းထဲတင် နိဋ္ဌိတံ တယ်လို့တောင် မဆိုနိုင်ဘဲ “အသေမွေးခဲ့တယ်” လို့ပဲတိုတို ဆိုရမယ်။

ဒီလို “အသေမွေး ဗမာ့ ဒီမိုကရစီ” အတွက် အပေါ်ရံ သကာမဖုံးဘဲ ဆိုခဲ့တဲ့စကားလုံး အကြမ်းထည်တွေကပဲ အနည်း၊ အကျဉ်း ပုံဖော် နိုင်မယ် ထင်တယ်။ဒါတောင် ပကတိ အခြေအနေနဲ့ အများကြီး အလှမ်းကွာနေသေးတယ်။

နောက်ဆုံး အနေနဲ့တော့ “ခွေးတူဝက်တူ ဒီမိုကရေစီ အကျင့်အကြံ၊ ဝစီပိတ်လွှတ်တော် နိုင်ငံရေး နဲ့ အသေမွေးခဲ့တဲ့ ဗမာ့ဒီမိုကရေစီ” အတွက်ဗားတော့ဘရက် ရဲ့ ကဗျာ လေး တပုဒ် နဲ့ နိဂုံးချုပ်ချင်တယ်။

အဆီယစ်နေသူများ

ပြည်သူ့ချွေးနှီးစာ အခွန် ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့..။

ဗိုက်အပြည့် စားသောက်နေရတဲ့ သူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့..။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့် လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့် အချိန်
နီးလာပြီတဲ့လေ..။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ နားလည်ဖို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့..။

အားလုံး ဆင်ခြင်၊ တွေးခေါ်၊ ခံစား၊ နားလည်၊ စာနာ နိုင်ကြပါစေ။

ငြိမ်းချမ်းအေး
၂၆ ၊ ဧပြီ ၊ ၂၀၁၃

မှတ်ချက်။ ။ ဗားတော့ဘရက် (၁၈၉၈-၁၉၅၆) (ဂျာမန် ကဗျာဆရာ / ပြဇာတ်ရေးဆရာ /ပြဇာတ်ဒါရိုက်တာ) ရဲ့ ကဗျာကို ‘တင်မောင်အေး’ ဘာသာပြန်‘အနာဂတ်အတွက်ကဗျာ’ စာအုပ် (၁၉၇၀) ကနေ ယူတယ်။
http://www.facebook.com/photo.php?fbid=10152782904625788&set=a.10152782904585788.1073741896.729135787&type=1&theater

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.