05/01/13

ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်။

သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်။

ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


(29 April 2013 ရက်စွဲပါ Khaleej Times မှ AFP ၏ Suu Kyi’s ‘Rule of Law’ mantra a distant hope in Myanmar ကို ဘာသာပြန်ဆိုပါသည်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အထပ်ထပ်အခါခါ ပြောခဲ့သော စကားဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အာဏာရှင်နှင့် အဂတိလိုက်စားမှု နက်ရှိုင်းစွာ ရှိခဲ့သော စစ်အစိုးရနှင့် တွေ့ကြုံခဲ့ရသော အများစုအတွက်မူ တရားဥပဒေစိုးမိုးရေးမှာ အလှမ်းဝေးသော မျှော်လင့်ချက် ဖြစ်နေဆဲဖြစ်ပါသည်။

မြေယာသိမ်းယူမှုများကဲ့သို့သော ထင်ရှားသည့် ကိစ္စရပ်များသည် မြန်မာနိုင်ငံတွင် စိုးရိမ်စိတ်များ တိုးပွားစေလျှက်ရှိပါသည်။
ဒီမိုကရေစီကို လုပ်ဆောင်လျှက်ရှိသော်လည်း တိုင်းပြည်၏ အားနည်းလှသော တရားဥပဒေ ဖွဲ့စည်းပုံအရ ဆင်းရဲသားများနှင့် အားနည်းသူများကို အကာအကွယ်မပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

လူ့အခွင့်အရေးအုပ်စုများကလည်း ပြောကြားရာတွင် မကြာသေးမီက ဖြစ်ပွားသော လူမျိုးရေး မငြိမ်သက်မှုများအပေါ် အရေးမယူနိုင်ခြင်းများနှင့် တိုင်းရင်းသားပဋိပက္ခများတွင် စွပ်စွဲမှုများရှိသည့် စစ်တပ်၏ ချိုးဖောက်မှုများသည်လည်း လျင်မြန်သောနှုန်းဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြောင်းလဲမှုများနှင့်အတူ အမြန်နှုန်းလိုက်မီရန်ဖြစ်ပေါ်လျှက်ရှိသည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ဟာ လူတိုင်းခံစားနိုင်မယ့် မျှတတဲ့စနစ်တစ်ခုအတွက် တိုက်ပွဲဝင်နေရတုန်းပါပဲ။ တရားဥပဒေဟာ အကြီးအကဲ ဖြစ်ရပါမယ်”ဟု ၂၀၀၂ ခုနှစ်က ထောင်သုံးနှစ်ချခံရသော ဥပဒေကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်း ခင်မောင်ဝင်းက ပြောပါသည်။ ၎င်းသည် အစိုးရဆန့်ကျင်ရေး စာရွက်ဝေငှမှု ကြောင့် အဖမ်းခံရပါသည်။

Myanmar Legal Aid Network မှ အတွင်းရေးမှူးဖြစ်သူက AFP သို့ ပြောကြားရာတွင် ၎င်းတို့တိုင်းပြည်၏ တရားဥပဒေစနစ်သည် တရားမျှတမှုမရှိခြင်း၊ တရားဥပဒေစစ်စစ်မပီသခြင်းနှင့် အဂတိလိုက်စားမှုများ ရှိဆဲဖြစ်ကြောင်း ဆိုပါသည်။

“ကျွန်တော်တို့ သမိုင်းကြောင်းက မကောင်းခဲ့ပါဘူး။ ရှေ့ဆက်သွားဖို့ဆိုရင် သာမန်ပြည်သူတွေဟာ ဥပဒေရဲ့ ရပိုင်ခွင့်တွေ ခံစားနိုင်ရပါမယ်။ ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါဝင်ရပါမယ်”ဟု ၎င်းကပြောပါသည်။

ပညာရှင်များက ပြောကြားရာတွင် ဆိုးရွားလှသော စစ်အစိုးရခေတ်ကာလက လျှို့ဝှက်စွာ အကျဉ်းချုံး တရားစီရင်၍ ထောင်ချမှုများသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများအတွက် အစိုးရအပေါ် အပြစ်တင်မှုများမှာလည်း အရေးယူမှုမရှိဘဲ တရားရုံးများမှလည်း တိုင်းပြည်၏ ချမ်းသာကြွယ်ဝ မှုများကို ယူငင်ခဲ့သော စစ်အုပ်ချုပ်သူ လူတန်းစား၏ အကျိုးစီးပွားများကိုသာ အလေးပေး၍ တရားမျှတမှု မရှိတော့ကြောင်း ဆိုပါသည်။

တရားသူကြီးများမှာလည်း ပါဝါရှိသောစီးပွားရေးလုပ်ငန်းရှင်များ၏ ဝယ်ယူမှု၊ နိုင်ငံရေးသမားများကို ကြောက်ရမှုများရှိပြီး ဥပဒေအရာရှိများနှင့် ရဲများကလည်း အာဏာကို အထိန်းအကွပ်မဲ့စွာ ကျင့်သုံးခဲ့ကြ ပါသည်။

အပျံသင်စလွှတ်တော်မှာလည်း ဥပဒေပြုရန် ငြင်းခုံနေရဆဲ ဖြစ်ပါသည်။ တရားရုံးများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော လုပ်ငန်းများမှာလည်း ခက်ခဲနေဆဲဖြစ်ပါသည်။ သုံးသပ်သူများက ပြောကြားရာတွင် တရားဥပဒေဆိုင်ရာ အင်စတီကျူးရှင်းများမှာ ပြုပြင်ပြောင်းလဲရေးများကို အထောက်အကူပြုနိုင်ရန် အားနည်းလွန်းလှသည်ဟု ဆိုပါသည်။

ပြည်သူများ၏ အမြင်တွင် တရားဝင်မှုကို ဥပဒေက အလျင်အမြန်လုပ်ဆောင်ပေးနိုင်သည်ဟု ရှိရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံအလယ်ပိုင်း ကြေးနီစီမံကိန်းအနီးမှ မြေသိမ်းခံရသော ရွာသားများကို ကိုယ်စားပြုသည့် အတွေ့အကြုံရှိရှေ့နေ ဦးအောင်သိန်းက ပြောပါသည်။

အဆိုပါကြေးနီကိစ္စတွင် ဥပဒေများသည် မြန်မာပြည်သူများ၏ ရပိုင်ခွင့်ကို အကာအကွယ်ပေးရန်ထက် ရင်းနှီးမြှုပ်နှံသူများ သေချာစေရန် အားကောင်းရမည်ဟုဆို၍ ပြဿနာကို မီးမွှေးသည့်နှယ် ဖြစ်နေပါသည်။ ထိုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အစီရင်ခံစာတွင် ကြေးနီစီမံကိန်းပိုင်ရှင်ဘက်မှ ရပ်သည်ဟု ဆိုသော စွပ်စွဲမှုများ ခံနေရပါသည်။

အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးသို့ လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးအောင်သိန်းက AFP သို့ ပြောပါသည်။ နိုင်ငံရေးအရ နှောက်ယှက်မှုများ ဆက်ရှိနေပါက တိုင်းပြည်သည် ရှေ့သို့မတက်နိုင်ကြောင်း ဆိုပါသည်။

သမ္မတဦးသိန်းစိန်ကလည်း တရားဥပဒေစနစ်အပေါ် ၎င်း၏သန္နိဌာန်များကို အလေးအနက် ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်းတောင်းဆိုခဲ့သည့် တရားဥပဒေစိုးမိုးရေး တစ်ပါတည်း ရှိရမည်ဆိုသည်နှင့် ထပ်တူပြောခဲ့ပါသည်။

ဖိနှိပ်သော ဥပဒေအချို့ကို ဖျက်သိမ်းခြင်း သို့မဟုတ် ဖြေလျော့ပေးခြင်းများ ရှိလာပါသည်။ စာနယ်ဇင်း များမှာလည်း တင်းကြပ်သော ဆင်ဆာအောက်မှ လွတ်လာခဲ့ပြီး ဆန္ဒပြမှုများမှာလည်း ခွင့်ပြုမှုရသော်လည်း ရဲ၏ ခွင့်ပြုမှု ရယူရပါသည်။

ဒေသဆိုင်ရာ တရားသူကြီးများနှင့် ရဲအရာရှိများကို ၎င်းတို့၏ တာဝန်များနှင့် အာဏာအကန့်အသတ် များ ပညာပေးခြင်း လေ့ကျင့်သင်ကြားခြင်းများ ပြုလုပ်ရန် လုပ်ဆောင်နေပါသည်။

အာဏာရှိသော စစ်တပ်သည်ပင်လျှင် ဥပဒေအောက်တွင် တာဝန်ယူမှု ရှိစေရန် လုပ်ဆောင် နေပါသည်။ သို့သော် ကချင်ပြည်နယ်မှာ တိုင်းရင်းသားပဋိပက္ခတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များ၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ-မွတ်ဆလင်ဖြစ်ရပ်များသည် စစ်တပ်၏ ရိုးသားမှုအတွက် သံသယရှိ ဖွယ်များ ဖြစ်ပါသည်။

အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ရာ အနောက်၏ အဓိက တောင်းဆိုမှုကို လိုက်လျောခဲ့သောကြောင့် ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးခဲ့ပါသည်။ သို့သော် ထောင်ထဲတွင် အချို့ ရှိနေသေးကြောင်း၊ နိုင်ငံရေးအရ အမြတ်ထွက်ရန် နာမည်ကြီးသော အကျဉ်းသားများကိုသာ လွှတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့အပေါ် ထောင်ချခဲ့မှုများအတွက် တာဝန်ခံရမည့် မေးခွန်းများအတွက် ကိုင်တွယ်အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောပါသည်။

တရားဥပဒေစနစ်ကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ရာ စစ်တပ်က ရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမှ စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်သိန်းက ပြောပါသည်။

အခြေခံဥပဒေတွင် စစ်တပ်သည် အရေးပေါ်အာဏာအများအပြား ရယူထားခြင်း၊ တရားဥပဒေ၏ ကာကွယ်မှု ရယူထားခြင်းနှင့် စစ်တပ်မှ ၂၅%ကို လွှတ်တော်တွင် ခန့်အပ်ထားပိုင်ခွင့်များ ပါဝင်နေသည်။

အခြေခံရပိုင်ခွင့်များ ဖော်ပြထားသော်လည်း နိုင်ငံသားများအတွက်သာဖြစ်ပြီး ရိုဟင်ဂျာကဲ့သို့သော တိုင်းရင်းသားအုပ်စုအချို့အတွက် မပါဝင်ပေ။

အခြားအဓိကအခက်အခဲများ ရှိနေသေးရာ ဗြိတိသျှကိုလိုနီလက်ထက်မှစ၍ စစ်အစိုးရခေတ်အထိ အသုံးပြုနေသည့် ရှုပ်ထွေးသည့် ဥပဒေများ ပိုမိုအလုပ်ဖြစ်အောင် ပြုပြင်ရေးလည်း ပါဝင်ပါသည်။

သို့သော် အကျဉ်းသားဟောင်း ခင်မောင်ဝင်းကမူ ယခုအခါ လုပ်ဆောင်နိုင်စွမ်းမရှိသေးသော်လည်း ပြောင်းလဲလိုသည့်ခံယူချက်အလင်းတန်းများ တွေ့ရကြောင်း ဆိုပါသည်။

၎င်းသည် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ အကြီးတန်းရဲအရာရှိများနှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့သည် သူတို့၏အမှားများကို ပြင်ဆင်ရန်အသင့်ရှိနေသည်ဟု ယုံကြည်ကြောင်းဆိုပါသည်။

“သူတို့ တကယ်ပြောင်းလဲမှုကို အလိုရှိနေပါတယ်။ ကျွန်တော် အ စ က အထူးသဖြင့် ရဲတွေပြောင်းလဲလိုလိမ့်မယ်လို့ မယုံခဲ့ဘူး။ ဒါပေမယ့် သူတို့ တကယ်ကို လုပ်လိုစိတ် ရှိနေပါတယ်”ဟု ၎င်းက ရှင်းပြပါသည်။

Yangon Chronicle


 အမေရိကန် စီးပွားရေးပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်တဲ့ မြန်မာသူဌေး
ဦးဇော်ဇော်

(29 April 2013 ရက်စွဲပါ Reuters မှ Aussino plunges after SGX rejects deal with Myanmar-linked firm သတင်းကို ဘာသာပြန်ဆိုသည်)

စင်္ကာပူအိပ်ချိန်းက Aussino စီးပွားရေးအုပ်စုလီမိတက်၏ အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသည့် စာရင်းတွင်ပါဝင်သောမြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီဖြင့် စင်္ကာပူ ဒေါ်လာ ၇၀ မီလီယံ (US 57 မီလီယံ) တန်ဖိုးရှိ ရှယ်ယာ ရောင်းဝယ်ရေး သဘောတူညီချက် လျှောက်လွှာကို ပယ်ချလိုက်ပြီးနောက် ၎င်း၏ရှယ်ယာဈေးများ တစ်ဝက်ကျော်အထိ ထိုးကျသွားခဲ့သည်။

ရှယ်ယာများသည် ၅၈%အထိ ထိုးကျသွားခဲ့ပြီး စင်္ကာပူဒေါ်လာ ၀.၀၇၁ သာရှိတော့သည်။ ဤသည်မှာ ကုန်သွယ်မှုပိတ်ဆို့ခြင်းအား ရုတ်သိမ်းလိုက်ပြီးနောက် ပြီးခဲ့သောနှစ် ဇွန်လကတည်းက အနိမ့်ဆုံးဈေး ဖြစ်သည်။ လွန်ခဲ့သောရက် ၃၀ အတွင်း ၁၁၄ မီလီယံနီးပါးအထိ ရှယ်ယာများ ရောင်းဝယ်ခဲ့ပြီး တစ်ရက်ပျမ်းမျှ ပမာဏ၏ ၁၉ ဆရှိခဲ့သည်။

စင်္ကာပူ အိပ်ယာပစ္စည်းလက်လီရောင်းဝယ်သူတစ်ဦးက ပြောကြားရာတွင် မနှစ်က ကုမ္ပဏီသည် မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော် ဦးဆောင်သောမက်စ်မြန်မာအုပ်စု၏ စွမ်းအင်လုပ်ငန်းများကိုဝယ်ယူရန် ရှယ်ယာအသစ်များ ထုတ်ရောင်း ပေးလိမ့်မည်ဟုပြောကြားအပြီးတွင် Aussino ရှယ်ယာများ အတက်ပြခဲ့ဖူးသည်။

ယင်း လွှဲပြောင်းမှုလုပ်ငန်းသာအောင်မြင်ခဲ့ပါက ဦးဇော်ဇော်သည် Aussino ၏ထိန်းချုပ်နိုင်စွမ်း ရှိသည့် ရှယ်ယာရှင် ဖြစ်လာလိမ့်မည် ဖြစ်သည်။ ကုမ္ပဏီသည် ဆယ်စုနှစ်များစွာ အပယ်ခံဘဝမှ လွတ်မြောက်လာပြီဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်ရန် စီစဉ်ခဲ့သည်။

သို့ရာတွင် Aussino က “အဓိကကိစ္စရပ်များကို ပြည့်စုံလုံလောက်စွာ ဖြေရှင်းနိုင်ခြင်း မပြုနိုင်သောကြောင့် စင်္ကာပူအိပ်ချိန်းသည်လျှောက်လွှာကို ပြန်လည်သုံးသပ်ပေးခြင်း ဆက်မလုပ်နိုင်” ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

စင်္ကာပူအိပ်ချိန်းကဦးဇော်ဇော်သည် အမေရိကန်ပြည်ထောင်စု၏ sanction စာရင်းတွင် ပါဝင်နေဆဲ ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ထိုသို့ပါဝင်နေရသည်မှာရှင်းလင်းမှု မရှိကြောင်းပြောကြားခဲ့သည်။

၎င်းနှင့် ပတ်သက်သည့် ကုမ္ပဏီများသည် ယခင်တပ်မတော်အစိုးရလက်ထက်က အဓမ္မမြေသိမ်းမှုများတွင် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၌ ပါဝင်နေသကဲ့သို့တိုင်းပြည်၏ အခွန်ဘဏ္ဍာနှင့် ပတ်သက်၍ လည်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးခံနေရသည် ဟူသော စွပ်စွဲချက်များ ရှိခဲ့သည်ဟု စကာင်္ပူအိပ်ချိန်း ကဆိုသည်။

စင်္ကာပူအိပ်ချိန်းက ရှယ်ယာရောင်းဝယ်ရေအဆိုပြုမှုပြီးနောက် Aussino ၏လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် မြေနေရာရယူခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏ sanction စာရင်းတွင် ရှိနေသေးသော ဦးဇော်ဇော်ပိုင်ဆိုင်သည့် ဘဏ်တွင် ငွေသားအမြောက်အများ ထည့်ဝင်မည့်ကုမ္ပဏီ၏ အစီအစဉ်နှင့် ပတ်သက်သည့်သူ၏ စိုးရိမ်ပူပန်မှုများကို ပြောပြခဲ့သည်။

“သူတို့ကြေညာချက်ကိုအခြေခံပြီး ပြောရရင်တော့ သူတို့ဟာ အစီအစဉ်ကိုခွင့်ပြုမယ့်သဘော မရှိပါဘူး။ မျှော်လင့်ချက်တွေကြောင့် ရှယ်ယာဈေးတွေအများကြီးတက်လာခဲ့ဖူးတယ်။ ဒါပေမယ့် အခုတော့ သူတို့ရှယ်ယာတွေကို အမြန်ပြန်ရောင်းနေကြတယ်”ဟု ကုန်သည်တစ်ဦးကဆိုသည်။

Yangon chronicle

ပြည်သူ့ခေတ်ဂျာနယ်မှာ အပတ်စဉ်လိုလို ပြောချင်လွန်းလို့ ပင်တိုင်ဆောင်းပါး ရေးနေတဲ့ကြားက ဘာတွေများ အရေးပေါ် ပြောချင်သေးလို့လဲ လို့ မျက်မှောင်ကြုတ်သွားကြမယ်ထင်ပါတယ်။

ဒီလိုပါခင်ဗျာ။ ဂျာနယ်ဆိုတာက တစ်ပတ်တစ်ကြိမ်ထုတ်ဝေတာဖြစ်လေတော့ နေ့စဉ်သတင်းစာလို သတင်းဆောင်းပါးတွေကို ဒီနေ့ရေး၊ နက်ဖြန် ပရိသတ်ဆီရောက် မပို့ဆောင်နိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ စာဖတ်သူများထံ ချက်ချင်းရောက်စေချင်တဲ့ သဘောထားအမြင်တချို့လည်း ရှိနေ၊ ဖေ့စ်ဘွတ်ဆိုတဲ့ အမြန်ယာဉ်ကလည်း အသုံးတည့်လေတော့ အရေးပေါ်ပြောချင်တာလေးတွေကို ချရေးလိုက်တာပါ။

(၁) ယခု ပထမဆုံး ပြောချင်တဲ့အကြောင်းအရာက နိုင်ငံတော်သမ္မတကြီး ချီးမြှင့်နေတဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆုနဲ့ ဆက်စပ်ပါတယ်။ ခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်စာမျက်နှာတချို့မှာ 7 Day News ဂျာနယ် ဧပြီ ၂၅ ၂၀၁၃ နေ့ထုတ်ပါ ငြိမ်းချမ်း တင်ပြတဲ့ မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော် ဦးဝိသုဒ်ဓနှင့် တွေ့ဆုံခြင်းဆိုတဲ့ သတင်းဆောင်းပါးဖတ်ရပါတယ်။ ကမ္ဘာကျော် ရှင်းဒလားရဲ့ စာရင်း (Shindler's List) တကယ့်ဖြစ်ရပ် ရုပ်ရှင်ကို ပြေးသတိရမိပါတယ်။ သည်လို ဆရာတော်မျိုးကို နိုင်ငံတော်က ဂုဏ်ပြုသင့်တယ်လို့ ကျွန်တော် အလေးအနက် ယူဆပါတယ်။

(၂) မေ ၃ ၂၀၁၃ (ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့) ညနေ ၆နာရီမှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံကြီးမှာ အမျိုးသား သတင်းဆု ကော်မတီက ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အမျိုးသား သတင်းဆု ပေးအပ်ပွဲ ရှိပါတယ်။ ကျွန်တော်ကတော့ စင်ကာပူမှာ ဆေးကုသမှုခံနေတဲ့အတွက် မတက်ရောက်နိုင်ပေမယ့် လုပ်ဖော်ကိုင်ဖက်များရဲ့ အကြံပေးချက်အရ ဗီဒီယို နှုတ်ခွန်းဆက် သ၀ဏ်ပို့ထားပါတယ်။

အခမ်းအနားအစအဆုံး စကိုင်းနက်က တိုက်ရိုက်လွှင့်ပေးမယ်လို့ သိရပါတယ်။
အခု တစ်ပါတည်း တင်ပြချင်တာက နောက်နှစ်ခါ ၂၀၁၃ခုအတွက် အမျိုးသား သတင်းဆုများ ပေးအပ်ဖို့ စဉ်းစားတဲ့အခါ အထက်ပါ မိတ္ထီလာက လူ ၈၀၀ကျော်ကို အသက်ကယ်ခဲ့တဲ့ ဆရာတော်သတင်းကို ဆုပေးဖို့ ဦးစားပေးစဉ်းစားသင့်ပါကြောင်း ယခုကတည်းက (စာဖတ်ပရိသတ်ရဲ့ တစ်ဦးချင်း ဆန္ဒပြုခွင့်လည်း ရှိတာမို့) ဆန္ဒပြုထားလိုက်ပါကြောင်း။

(၃) ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ အစီရင်ခံစာထုတ်ပြန်ချက်ကို ဖတ်မိကြမယ်ထင်ပါတယ်။ ယခင်က သတင်းစာရှင်းလင်းပွဲတွေမှာ ဥက္ကဌကြီးဒေါက်တာ မျိုးမြင့်နဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော် ပါဝင်ပေမယ့်
ဧပြီ ၂၉ သတင်းစာရှင်းလင်းပွဲမှာ မတွေ့ရလို့ မိတ်ဆွေတချို့ ကျွန်တော့်အိမ်ကို ဖုန်းဆက်မေးကြကြောင်း ရန်ကုန်က သမီးလတ် လွတ်လပ်စိုးက စင်ကာပူကို လှမ်းပြောပါတယ်။

ဒါကြောင့် ကျွန်တော် ကျန်းမာရေးကိစ္စအတွက် စင်ကာပူရောက်နေကြောင်း၊ ဒေါက်တာမျိုးမြင့်လည်း ကျန်းမာရေးကိစ္စနဲ့ပဲ စင်ကာပူရောက်နေပါကြောင်း မသိသေးသူ မိတ်ဆွေများထံ သတင်းစကားပါးအပ်ပါတယ်။
အစီရင်ခံစာပါအချက်အလက်များကိုကျွန်တော့်အနေနဲ့အားလုံးသဘောတူကြောင်းကိုလည်း ကော်မရှင်အဖွဲ့ဝင်များထံ မေးလ်ဖြင့်
ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

သည်လို လွတ်လပ် မျှတ ဓမ္မဒိဋ္ဌာန်ကျတဲ့ အစီရင်ခံစာမျိုး ပေါ်ထွက်လာခြင်းအတွက် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရခြင်းကို ဂုဏ်ယူနေမိပါတယ်။
maungwuntha@gmail.com


မြန်မာပြည်အတွင်း ခရီးသွားနေသော ပြည်သူတရပ်လုံး အတွက် လုံခြုံမှု ကင်းမဲ့နေကြောင်း ပြသနေသည့် ဥပဒေမဲ့ဖြစ်စဉ်ကြီးတခု၊ လူကို လူလို တန်ဖိုး မထား၊ အုပ်ချုပ်တာဝန်ရှိသူများ၊ ဆေးရုံတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ လစ်လျူရှု တာဝန်မဲ့မှု ကြောင့် ပူဆွေးသောက ရောက်နေရသော သမီးဆုံးရှုံးခဲ့သည့် မိသားတစုနှင့် တာဝန်မဲ့သော ယာဉ်လိုင်းတခုအကြောင်း။ ယခုတိုင် တာဝန်ရှိသော ယာဉ်လိုင်းမှ ဖြေရှင်း ဆောင်ရွက်ပေးမှု တခုမှ မရှိသေးပါ။ ယာဉ်စီးနင်းမှု လက်မှတ်မှာလည်း နံမည် အရင်း ကို တွေ့ရသည်။ ယာဉ်မောင်း နှင့် နောက်လိုက် နှစ်ဦးစလုံး မူးယစ်သောက်စားပြီး ယာဉ်ကို မဆင်မခြင် မောင်းနှင်ခြင်းကြောင့် အပြစ်မဲ့သော ခရီးသည် မလှိုင်ဝင်းမော် ( မိဘ နှစ်ပါးကို လုပ်ကျွေးနေသူ ) မှာအောင်စစ်သည် ခရီးသည်တင် ယာဉ်ပေါ်တွင်ပင် ပွဲချင်းပီး သေဆုံးခဲ့သည်။ ယာဉ်လိုင်းတာဝန်ရှိသူများမှ ဆေးရုံသို့ အလောင်း ပေးပို့ရာတွင် နံမည် လွဲပြီး စနစ်တကျ အကွက်ချကာ အလောင်းဖျောက်ရန် ကြံစည်ခဲ့ကြသည်။ ကွယ်လွန်သူဧ။် မိဘများက သတင်းကြားပြီး အားချင်း သွားရောက် မေးမြန်းရာမှ ဆေးရုံတွင် နံမည်လွဲဖြင့် ပိုင်ရှင်မဲ့ တင်ထားသော ရုပ်ကလာပ်ကို မှီယုံမှီလိုက်သဖြင့် အဖြစ်မှန်ကို သိရှိရသည်။

ယခုကဲ့သို့ ယာဉ်လိုင်းများတွင် ယာဉ်တိုက်မှုများဖြစ်ပွားပါက ယခုလို အလောင်းနံမည် လွဲပြီး ပိုင်ရှင်မဲ့ လုပ်ဆောင်ခြင်းဖြင့် ယာဉ်ပိုင်ရှင် ယာဉ်မောင်း တို့ အပေါ် အမှုစွဲဆိုခြင်းမဖြစ်အောင် လုပ်ဆောင်လေ့ရှိသည်ဟု သိရပါသည်။ ဆေးရုံမှ လည်း ယခုလို နံမည်လွဲဖြင့် အလောင်းလာပို့ခြင်းကို ဘာကြောင့် လက်ခံ သလဲ။

သက်ဆိုင်ရာ ရဲစခန်းကရော ယခုလို လူတဦး ရုပ်ကလာပ်ကို ဖြစ်သလို တာဝန်မဲ့စွာ ဆောင်ရွက်သလား။

သက်ဆိုင်ရာ ခရီးသွားယာဉ်လိုင်း ကရော မိမိတို့ ယာဉ်ဖြင့် ခရီးသွားရင်း ယာဉ်မောင်းဖြစ်သူ မူးယစ်ရမ်းကားမှုကြောင့် အသက်ပေးသွားခဲ့ရသော ခရီးသည် အတွက် ဘာတာဝန်ကိုမှ မယူပဲ ကြက် ငှက်ကလေး တကောင် သေသွားသလို လစ်လျှူ ရှုနေနိုင်ရက်သည်လား ဖြစ်စဉ်ဖြစ်ပွားခဲ့သည်မှာ တလ ပြည့်ခဲ့ပြီ။

မြန်မာပြည်ဧ။် တရားဥပဒေ စိုးမိုးမှု ကို ပြသနေသော လတ်တလော ဖြစ်ရပ်တခုကို ပြည်သူ့ အကျိုး ငှာ တင်ပြလိုက်ပါသည်။
ထို အမှုကို သက်ဆိုင်ရာမှ မည်သို့ စုံစမ်းစစ်မေး ဖေါ်ထုတ် အရေးယူမည်ကို စောင့်ကြည့်နေမည်ဖြစ်ပါသည်။ စစ်မှုထမ်းဟောင်း အောင်စစ်သည် ယာဉ်လိုင်းဖြစ်သောကြောင့် ဥပဒေ က နှုတ်ဆိတ်နေမည် ဆိုပါလျှင် .............................

ကိုနေမျိုးဇင်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.