05/03/13

ကျွန်တော်တို့လူသားများသည် လူ့လောကသို့ရောက်ရှိလာရန်မှာ လူ့ပြည်မှ အပ်တစ်စင်းနှင့် နတ် ပြည်မှ အပ်တစ်စင်းတို့ ထိစပ်ဖို့ လွယ်ချင်လွယ်မည်။ လူဖြစ်ရန် မလွယ်ကူဟူ၍ ရှေးဆိုရိုးစကားများကို ကြားခဲ့ဖူးပါသည်။ လူ့လောကထဲသို့ ခက်ခက်ခဲခဲ ရောက်ရှိလာပြန်သော်လည်း အချိန်မတန်မှီ လူ့လောကမှ ထွက်ခွါ ဖိတ်စင်မှုများလည်း အမြောက်အများရှိခဲ့ဘူးသည်။ ထိုအထဲတွင် ကုသိုလ်၊ အကုသိုလ်များကို ခွဲခြားမသိသေးသော်လည်း မိဘဘိုးဘွားများ၏ သွန်သင်ဆုံးမှုတို့ကြောင့် ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတွင် မထိုင်တက်မှီ။ စကားမပြောတတ်မှီကပင် ဘုရား၊ ဘုန်းတော်ကြီးများနှင့် အသက်ကြီးရွယ်ကြီး၊ အဘိုး အဘွားများကို မြင်တွေ့ရသည့်အခါ မိဘ၊ ဦးလေး၊ အဒေါ်၊ အကို၊ အမများမှ ကလေး၏ လက်နှစ်ဖက်အား ပူးတွဲ ထိကိုင်စေကာ “ဦးတော်” ဟူ၍ သွန်သင်လေ့ကျင့် ပေးခဲ့ကြသည့်အတွက် ကလေးငယ်လေးများမှ “ဦးတော်” ဟုဆိုလျှင် အလိုလိုပင် ဘုရားရှေ့၊ ဘုန်းတော်ကြီးများ၏ရှေ့တွင် အလိုလိုလက်အုပ်ချီကာ ဦးညွှတ်တတ်ခဲ့ကြသည်။ ထိုအရာကို ကုသိုလ်ဟူ၍ မသိသေးသော်လည်း ထိုအရွယ်ကတည်းကပင် ဘာသာတရားကို ကိုင်းရှိုင်းတက်နေပြီဖြစ်သည်။ ထိုကဲ့သို့သော ကလေးငယ်များ လူ့လောကထဲမှ ကြမ္မာ ဆိုးများနှင့် ကြုံတွေ့ထွက်ခွါသွားကြသောအခါ ကျွန်တော်တို့လူသားများပီပီ ရင်ထုမနာ ခံစားကြေကွဲ ခဲ့ကြသည်။ သူတို့၏မိဘများဆိုလျှင် ပြောဖွယ်ရာမရှိတော့ချေ။ ထိုပျောက်ချင်းမလှ ပျောက်ကွယ်သွားကြ ရရှာသော ဆည်းလည်းလေးများအသံသည် ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ပါတော့ချေ။

၂၉.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ဦးကျော်သူ၏ နေ့စဉ်လှုပ်ရှားမှုများနှင့် အသင်း၏ဆောင်ရွက်မှုများကို “7 Day in Myanmar” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေရန် ပြင်သစ် နိုင်ငံမှ စာရေးဆရာများနှင့် ထိုင်း-မြန်မာနိုင်ငံတို့မှ ဓါတ်ပုံဆရာများပါဝင်သောအဖွဲ့သည် ဦးကျော်သူနှင့် တွေ့ဆုံကာ ဦးကျော်သူ၏ နေ့စဉ်လှုပ်ရှားမှုများအား မှတ်တမ်းယူရန်ရောက်ရှိခဲ့သည်။ စံပြဆေးရုံတွင် ကွယ်လွန်သွားသော မောင်ထက်မင်းပိုင် အသက် (တစ်လခွဲ)၏ ဈာပနလမ်းကြောင်းအား ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင် ကူညီမှုပေးရန် စံပြဆေးရုံသို့ ကလေးနိဗ္ဗာန်ယာဉ် (Baby Only) ဖြင့် သွားရောက် ကူညီပေးခဲ့သည်။ ဆေးရုံသို့ရောက်ချိန်တွင် ကျွန်တော်တို့မျှော်လင့်မထားသော အခြေအနေအား တွေ့မြင် ခဲ့ရတော့သည်။ ကွယ်လွန်သူ မောင်ထက်မင်းပိုင်မှာ သာမာန်ရောဂါကြောင့် ကွယ်လွန်ခြင်းမဟုတ်ပဲ မမျှော်လင့်သော ကြမ္မာဆိုး၏ ရက်စက်မှုကြောင့် ကွယ်လွန်ရခြင်းဖြစ်ကြောင်း မိဘများထံမှ သိရှိခဲ့ရသည်။ မိခင်ဖြစ်သူ၏ လက်ထဲတွင် ချစ်စရာသားငယ်လေး၏ မလှုပ်မရှက် ရှိနေသည်။ သူ့သားလေးကွယ်လွန် သွားရှာပြီဆိုသည်ကို လက်မခံ မယုံကြည်သလို အတွေးများနှင့် ငြိမ်းသက်နေရှာသည်။ မိခင်ဖြစ်သူ၏ ပြောကြားချက်အရ သားဖြစ်သူ မောင်ထက်မင်းပိုင်သည် နေအိမ်သို့ နေ့စဉ်ဆွမ်းခံကြွသော သံဃာတော် များအား “ဦးတော်” ဟူ၍ ရှိခိုးဦးချလေ့ရှိသည်။ ပြီးခဲ့သော သင်္ကြန်မတိုင်မှီမှ “ဖေဖေ .. မေမေ” ဟူ၍ ပီပီ သသ ခေါ်တတ်ခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူသည် ဓါတ်ဆီဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ၂၇.၄.၂ဝ၁၃ ရက်နေ့တွင် ဖခင်ဖြစ်သူ အလုပ်သွားရန် ထွက်ခွာခါနီးအချိန်တွင် ဖခင်၏အင်္ကျီစအား မလွတ် တမ်းဆွဲထားကာ “ဖေဖေ .. ဖေဖေ” ဟူ၍ အကြိမ်ကြိမ်ခေါ်ဆိုသဖြင့် ဖခင်မှ “ဒီနေ့ အလုပ်မသွားတော့ဘူး” ဟု ဆုံးဖြတ်ပြီးချိန်မှ အလုပ်မသွားလျှင် လစာအဖြတ်ခံရမည်ကို တွေးလျှက်ပင် အလုပ်သို့ထွက်ခွာသွားခဲ့ သည်။ နေအိမ်တွင် ကျန်ရစ်ခဲ့သော မောင်ထက်မင်းပိုင်နှင့် မိခင်တို့သည် အခြားရပ်ကွက်ရှိ အဖွား၏နေ အိမ်သို့ အလည်သွားရောက်ခဲ့ကြသည်။ အဖွား၏နေအိမ်သို့ရောက်ပြီး မကြာခင် မိခင်သည် အိမ်သာသို့ သွားရောက်ရာတွင် (သား) မောင်ထက်မင်းပိုင်မှ မိခင်နောက်မှ လိုက်ပါသွားခဲ့သည်။ ခဏအကြာ မိခင် အိမ်သာမှ ထွက်ခွာလာပြီး (သား) မောင်ထက်မင်းပိုင်အား မတွေ့တော့ချေ။ အနီးပတ်ဝန်းကျင်အနှံ့ လိုက်လံ၍ ရှာဖွေခဲ့ရာ မတွေ့ပေ။ (ဝဝး၁၅) မိနစ်ခန့်အကြာ အိမ်သာအနီး မြေနိမ့်ပိုင်းရှိ ရေနုတ်မြောာင်းအ တွင်းတွင် ထက်မင်းပိုင်၏ အင်္ကျီစအား တွေ့ရှိရ၍ ဆွဲယူကြည့်ရာ (သား) မောင်ထက်မင်းပိုင် တစ်ယောက် အသက်မရှုနိုင်တော့ချေ။

ရေအိမ်သို့အသွား မြက်ခင်းပေါ်မှ လျှောက်လမ်းခဲ့ရာမှ ၄င်းရေမြောင်းအတွင်းသို့ ထိုးကျခြင်းဖြစ်ပြီး ကလေးငယ်၏ မျက်နှာတွင် ရေမြောင်းဘောင်ဖြင့် ရိုက်မိခဲ့ခြင်းကြောင့် မျက်နှာတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ စံပြဆေးရုံကြီးသို့ ချက်ချင်းဆိုသလို တင်ပို့ခဲ့သေသ်ာလည်း ကံဆိုးလှသူ မောင်ထက်မင်းပိုင် ဆေးရုံသို့ပင် အသက်မပါသွားခဲ့ပါ။ ဖခင်မှ သတင်းကြားချင်း ဆေးရုံသို့ မယုံတဝက် ယုံတဝက်ဖြင့် အပြေးအလွှား သားဇောဖြင့် ရောက်ရှိလာခဲ့သော်လည်း အရာအားလုံး နှောင်းခဲ့ပြီဖြစ်သည်။

ထို့ကဲ့သို့သော ရင်နင့်ဖွယ်ဖြစ်ရပ်လေးသည် ကလေးသူငယ်၊ လူမမယ်အရွယ် ချစ်စဖွယ်ကလေး ဘာသာတရားအား ရိုကျိုးခဲ့သော အနာဂတ်၏ သားကောင်းရတနာတစ်ဦး နိုင်ငံ့အတွက် ဆုံးဆုံးခဲ့သလို တဖက်မှလည်း မိဘများအနေဖြင့် မိမိတို့၏ ရင်နင့်သည်းခြာများကို ကိုယ်နှင့်မကွာ မျက်ခြေမပြတ် စောင့် ကြည့်၍ ထိန်းကျောင်းသင့်ကြောင်း တရားပြခဲ့သလို တွေးဆမိတော့သည်။ သို့သော် ကံကြမ္မာအကျိုးပေး ကြောင့် အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဘာသာတရားရိုကျိုး၍ အလှူဒါနအား ဝါသနာထုံသော (သား) မောင်ထက်မင်းပိုင်သည် ကောင်းရာသုဂတိလားမည်မှာ အသေအချာပင်ဖြစ်တော့သည်။ အခု တော့ “ဦးတော် မလုပ်နိုင်တော့ပြီပေါ့ ကလေးရယ် …” အချိန်မတန်မှီ ကြွေလွင့်သွားခဲ့ရသော ဆည်းလည်း လေးတစ်လုံးသည် နှမျောတသ ရင်ကွဲခဲ့ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


အိမ်နီးချင်းတိုင်းပြည်တစ်ခုစီးပွားရေးတောင့်တင်းတာ နဲ့ မိမိနိုင်ငံစီးပွားရေး တိုးတက်ရမယ်ဆိုတဲ့ ကောက်ချက်မျိုးတိုင်းသူပြည်သားတွေကိုထုတ်မပြောသင့်ဘူး၊၀ါဒမဖြန့် သင့်ဘူး။ နိုင်ငံတော်သမ္မတတစ်ယောက်အနေနဲ့  ကမ္ဘာ့ စီးပွားရေးနယ်ပယ်မှာ တရုတ်ဟာ အရှိန်အဟုန်ပြင်းစွာတိုးတက်နေတဲ့နိုင်ငံဖြစ်ပေမယ့် သူ့ အိမ်နီးချင်းနိုင်ငံဖြစ်တိုင်း စီးပွားရေးဖွံ့ ဖြိုးတာမဟုတ်ကြောင်းကို ကိုယ်သမ္မတလုပ်နေတဲ့ တိုင်းပြည်ကပြည်သူတွေကိုမှန်မှန်ကန်ကန် ဥာဏ်အလင်းရောင်ပေး သင့်တယ်။
“ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံလည်းဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်ရတာကို အားသာချက်အဖြစ် ရှုမြင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခွင့်အလမ်းတွေကို ဖန်တီးသွားရမယ်..”သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့် ခွန်းထဲက ပြောကြားချက်ဖြစ်ပါတယ်။

မိမိနေထိုင်ရာတိုင်းပြည်နဲ့  ဘေးချင်းကပ်ထိစပ်နေတဲ့နိုင်ငံမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားနေတာ အားသာချက်တစ်ခုအဖြစ် ရှုမြင်ပြီးမိမိတိုင်းပြည်အတွက် အသုံးချရမယ်ဆိုတဲ့စကားကို ဒီ့အပြင် နိုင်ငံရေးသမား
ပြောတာဆိုရင်တောင် ပြန်ပက်စရာတွေ အပြည့်။ ခုတော့ အရင် စစ်အာဏာရှင်အစိုးရလက်ထက် ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးနှုတ်ထွက်စကားမို့  ပြန်ပြီးတုန့် ပြန်ရမယ့်တာဝန်ဟာ နိုင်ငံသားတစ်ယောက်ရဲ့ 
တာဝန်ဖြစ်ပေတယ်လို့  ယုံမှတ်တယ်။

အဦးဆုံးက ယနေ့ ကမ္ဘာ့ မြေပုံကို ဖြန့် ချပြီး ဦးသိန်းစိန်ရည်ညွှန်းတဲ့တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ သူ့ အိမ်နီးချင်းနိုင်ငံတွေကို ရှုမျှော်ကြည့်ဖို့ လိုတယ်။“မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ဘူတန်၊ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်၊
တာဂျက်ကစ္စတန်၊ ကာရာဂျီစတန်၊ ကာဇက်စတန်၊ မြန်မာနဲ့  ရုရှား”စတာတွေဟာတရုတ် ဘေးပတ်ချာလည်က နိုင်ငံတွေဖြစ်ပါတယ်။

ဒီတိုင်းပြည်တွေထဲမှာတစ်ပါတီစနစ်၊ ပါတီစုံစနစ် စတဲ့အမျိုးမျိုးသောစနစ်တွေနဲ့  အုပ်ချုပ်နေကြပါတယ်။မိမိတို့ နိုင်ငံထက် စီးပွားရေးအရ အင်အားတောင့်တင်းတဲ့နိုင်ငံရှိသလို မိမိတို့ လိုထူးမခြားနားနိုင်ငံတွေရှိတဲ့အပြင် မြန်မာနိုင်ငံထက် ပိုမိုဆိုးရွားတဲ့ တိုင်းပြည်အချို့ ကိုလည်း တွေ့ ရပါတယ်။ပထ၀ီအနေအထားအရအိမ်နီးချင်းတိုင်းပြည်တစ်ခုစီးပွားရေးတောင့်တင်းတာ နဲ့ မိမိနိုင်ငံစီးပွားရေးတိုးတက်ရမယ်ဆိုတဲ့ ကောက်ချက်မျိုးတိုင်းသူပြည်သားတွေကိုထုတ်မပြောသင့်ဘူး၊၀ါဒမဖြန့် သင့်ဘူး။ နိုင်ငံတော်သမ္မတတစ်ယောက်အနေနဲ့  ကမ္ဘာ့ စီးပွားရေးနယ်ပယ်မှာ တရုတ်ဟာ အရှိန်အဟုန်ပြင်းစွာတိုးတက်နေတဲ့နိုင်ငံဖြစ်ပေမယ့် သူ့ အိမ်နီးချင်းနိုင်ငံဖြစ်တိုင်း စီးပွားရေးဖွံ့ ဖြိုးတာမဟုတ်ကြောင်းကို ကိုယ်သမ္မတလုပ်နေတဲ့ တိုင်းပြည်ကပြည်သူတွေကိုမှန်မှန်ကန်ကန် ဥာဏ်အလင်းရောင်ပေး သင့်တယ်။

ဦးသိန်းစိန်ကိုယ်တိုင် ငြင်းဆန်လို့ မရတဲ့အကြောင်းတရားက အထွေထွေ နိမ့်ပါးကျဆင်းနေတဲ့ မြန်မာပြည်ဖြစ်ကြောင်းနဲ့  ထိုကဲ့သို့  အဖက်ဖက်က ဆင်းရဲမွဲတေစုတ်ပြတ်ရခြင်းရဲ့  လက်သည်တရားခံတွေထဲမှာ သမ္မတဦးသိန်စိန်ကိုယ်တိုင်
တထောင့်တနေရာက ပါဝင်ကူလှော်ပေးခဲ့ခြင်းဆိုတဲ့ ဖြစ်စဉ်မှန်တွေဘဲ။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလတလျောက် စစ်အာဏာရှင်စနစ်အုပ်စိုးစဉ်မှာမိမိတို့ နိုင်ငံဟာ ရုပ်ပျက်ဆင်းပျက်ကြီးကို ချွတ်ခြုံကျ၊ နောက်ကောက်ကျ၊
နာမည်ပျက်နဲ့  ကမ္ဘာကျော်ခဲ့ရ၊ လူမျိုးနဲ့ ချီပြီး ခေါင်းမဖော်နိုင်အောင်ဖြစ်ရ..စတဲ့ အကောင်းတစက်မှ ရှာမရတဲ့အဖြစ်ဆိုးမျိုး တမုဟုတ်ချင်း ရောက်သွားအောင်တွန်းပို့ ခဲ့တဲ့၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရပ်တည်နိုင်အောင် ကျားကန်ပေးတဲ့
အစိုးရထဲမှာ အိမ်နီးချင်းတရုတ်ပြည်ဟာ ထိပ်တန်းက ပါဝင်တယ်။

အခု သမ္မတကနိုင်ငံ့စီးပွားရေး တိုးတက်ဖို့ အားသာချက်အဖြစ်ရှုမြင်ရမယ် လို့  ရည်ညွှန်းလေတဲ့နိုင်ငံကြီးဟာ မိမိတို့ တိုင်းပြည်သယံဇာတတွေကို ဖြဲစုတ်ချေမွ နိုင်ထက်စီးနင်းပြုကျင့်သွားတဲ့ တရုတ်ပြည်ဘဲ။ ဒီကနေ့ အထိ အိမ်နီးချင်းတရုတ်အစိုးရရဲ့ 
မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး ထိန်းချုပ်အမြတ်ထုတ်နေတုန်းဆိုတာပြည်သူပြည်သားတွေ နားလည်သဘောပေါက်တယ်။ တရုတ်အစိုးရ တံခါးမရှိဓားမရှိ စိတ်တိုင်းကျ ချယ်လှယ်ခွင့်ရအောင် ခွင့်ပြုပေးတဲ့ မိမိနိုင်ငံအစိုးရရဲ့ တိုင်းပြည်မျက်နှာမထောက်၊ ပြည်သူတွေဘက် မငဲ့ကွက်ဘဲ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အုပ်စုအသိုင်းအ၀ိုင်း ကွက်ကွက်လေးသာ ရှင်သန်ကောင်းစားလို့  ရှိရှိသမျှ
လောကီစည်းစိမ်များ ငါတို့ သာ သုံးဖြုန်းခံစားနိုင်ရေးဆိုတဲ့ အောက်တန်းစားဆန်လူမပီသတဲ့ စိတ်ဓာတ်ယုတ်ကြောင့် အိမ်နီးချင်းတရုတ်အစိုးရဟာ မြန်မာပြည်ကိုခြင်းထဲကကြက်သဖွယ် သဘောမှတ်ခဲ့တယ်ဆိုတာ မသိရလောက်အောင်
မြန်မာတွေ နိုင်ငံရေးရေချိန်မညံ့လှဘူး။

တရုတ်ပြည်စီးပွားရေး လက်မထောင်ရင်ကော့ပြနိုင်အောင် ကျေးဇူးပြုခဲ့တဲ့နိုင်ငံတွေကို တန်းစီလိုက်ရင် မြန်မာပြည်ဟာ
ရှေ့ နားတစ်နေရာက ထင်းထင်းကြီး ပါဝင်နေတယ်။ နိုင်ငံသားတွေ ဆင်းရဲခံချို့ တဲ့ငတ်ပြတ်ခံပြီးတော့ကို တရုတ်ပြည်ကြီးကို အဓမ္မ အလုပ်အကျွေးပြုခဲ့တာလို့ ဆိုနိုင်တယ်။ အုပ်ချုပ်တဲ့အစိုးရရဲ့ အပြစ် ရာနှုန်းပြည့်ပါတယ်။ ဦးသိန်းစိန်လည်း
ဒီအထဲမှာ ပါတယ်။

သမ္မတတစ်ယောက်အနေနဲ့  ကမ္ဘာ့ မြေပုံကို သေသေချာချာ ကြည့်စေချင်တယ်။ကမ္ဘာပေါ်ကဘယ်နိုင်ငံတွေ စီးပွားဖွံ့ ဖြိုးတိုးတက်ပြီး သူ့ တိုင်းသူပြည်သားတွေသက်တောင့်သက်သာ နေထိုင်ရှင်သန် ပျော်ရွှင်နေကြသလဲဆိုတာရိုးသားတဲ့စိတ်အခံနဲ့  ဝေဖန်ဆန်းစစ်ကြည့်စေချင် တယ်။ အိမ်နီးချင်းနိုင်ငံတွေ စီးပွားရေးနိမ့်ကျဆင်းရဲနေလျက်နဲ့  မိမိနိုင်ငံတိုးတက်ဖွံ့ ဖြိုးနေတာတွေ၊ တချို့ ဆို
ရေပတ်လည်ဝန်းရံ ကပ်လျက်အိမ်နီးချင်းနိုင်ငံမရှိပေမယ့် ထိပ်တန်းကျကျအဆင့်မီမီ ဘက်ပေါင်းစုံက ဖွံ့ ဖြိုးတိုးတက်ပြီး စံနမူနာယူရမယ့်နိုင်ငံတွေ၊လွတ်လပ်ရေးရတာကိုယ့်ထက်နောက်ကျပြီးသယံဇာတကနတ္ထိအပြင်ပြဿနာပေါင်းစုံနဲ့ လုံးထွေးခဲ့ရတဲ့နိုင်ငံတချို့ ဟာ မိမိတို့ ထက် အဖက်ဖက်ကနှာတစ်ဖျားမက ရုန်းထွက် တိုးရောက်သွားတဲ့နိုင်ငံတွေကို ကမ္ဘာ့ မြေပုံ ရှေ့ မှာဖြန့် 
နောင်တတရား မှန်မှန်ကန်ကန် ရယူလို့  တိုင်းရင်းသားပြည်သူလူထုအကျိုးမျှော်ကိုးပြီး အဖိုးတန် အကျိုးရှိစွာနဲ့  ရေဒီယိုမိန့် ခွန်း ပြောသင့်တယ်။

အဓိကအချက်ဟာ အုပ်ချုပ်တဲ့အစိုးရဘက်က ထစ်ခနဲရှိ ငါ့အုပ်စု နိုင်ငံရေးအမြတ်ထွက်မှ တစ်ခုခု လုပ်ပေးနိုင်မယ် ဆိုတဲ့ စိတ်ဓာတ်ကို နိုင်ငံချစ်စိတ်အရင်းခံနဲ့ မြေလှန်ပစ်လိုက်ဖို့ ဘဲ။ ပြည်သူနဲ့  ရင်ချင်းအပ်ပစ်လိုက်ဖို့ ဘဲ။

-အောင်မျိုးထွန်း

ပါတီဥက္ကဋ္ဌရာထူးရယူထားခြင်းကြောင့် ဝေဖန်မှုများခံနေရသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူလိုက်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒု - ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်းယူလိုက်ကြောင်းကို ယနေ့ ကျင်းပပြု လုပ်ခဲ့သည့် ကြံခိုင်ရေးပါတီလူငယ်ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးအောင်သိန်းလင်း ကအတည်ပြုပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကြံခိုင်ရေးပါတီဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီ တစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွဲအပ်ထား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌသစ် သူရဦးရွှေမန်းသည် ယနေ့နံနက်တွင်ကျင်းပခဲ့သည် ပါတီ၏ လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စွမ်းရည်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး သဘာပတိ ပြု လုပ်ကာ အဖွင့်မှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

၎င်း၏အမှာစကားတွင် ပါတီစတင်တည်ထောင်ခဲ့သော ၁၉၉၃ ခုနှစ် ကတည်းကပင် လူငယ်များနှင့်စတင်ဖွဲ့ စည်းခဲ့ ခြင်းဖြစ်ကာ ပါတီ၏ သမိုင်းကြောင်းကို ကြည့်ပါက လူငယ်များကို မဏ္ဍိုင်ပြု၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအစဉ်လာ ကောင်း ကို ဆက်လက်ထိန်းသိမ်းရန်အတွက် လူငယ်များနှင့် အားသစ်လောင်းရန်လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောင်နိုင်ရန်အတွက် လွှတ်တော် အသီးသီးတွင် နေရာယူထားကြသော ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အစိုးရ အကောင်အ ထည်ဖော်နေသော ကဏ္ဍများတွင် အဆင်ပြေချောမွေ့နိုင်ရန် ကူညီဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာလျှင် ပါတီ၏အစဉ်လာကောင်းကို ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ် အောင်မြင်ရန်အတွက် ဦးနှောက်နှင့်တွေး၊ ပါးစပ်နှင့်ပြောနေရုံဖြင့် မရဘဲ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဖြစ်ပြီး အပြောနှင့်အလုပ်မညီပါကလည်း ပြည်သူလူထုမှ ပါတီအပေါ် ယုံကြည်မှုကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် ယခင်ကာလများကဖြစ်ပွားခဲ့သည့် မကောင်းသည့် အစဉ်အလာကိစ္စရပ်များကို သင်ခန်းစာယူကာ ဖျောက်ဖျက်ရမည်ဖြစ်ပြီး ထိုသို့ဖျောက်ဖျက်နိုင်ရာတွင် အကြံပြုချက်များကို နားထောင်ရန်၊ ဆွေးနွေးချက် များကို လက်ခံရန်၊ အပြန်အလှန်ဆွေးနွေးမှုအပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် တို့ကိုအကောင် အထည်ဖော်ရမည် ဖြစ် ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့ပါတီအနေဖြင့် မပြတ်နားစွင့်နေရမည်ဖြစ်ပြီး လူပုဂ္ဂိုလ် တစ်ယောက်၏ အကျိုးနှင့် ပါတီ၏ အကျိုးကိုယှဉ်လာမည်ဆိုပါက ပါတီ၏အကျိုးကိုဦးစားပေးမည်၊ ပါတီ၏ အကျိုးနှင့် နိုင်ငံ၏ အကျိုးယှဉ်လာပါက နိုင်ငံ၏အကျိုးကိုဦးစားပေးမည် ဟူသည့် ပါတီ၏ခံယူချက်အတိုင်း လက်တွေ့ဆောင်ရွက်နိုင်ပါက ပြည်သူ များ၏ ယုံကြည်လေးစားမှုကို ရရှိလာမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ဦးသူရရွှေမန်းအပါအဝင် ပါတီဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌများ(ဝန်ကြီးချုပ်)၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယများ အပါအဝင် ဖိတ်ကြား ခံရသူ ၆၂၇ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Yangon chronicle



ရဲတပ်ဖွဲ့ဝင်များလဘ်စားသည်ဟု ပြောဆိုခြင်းကြောင့် ပန်းတနော်တရားရုံးက မေ ၂ ရက်နေ့ တွင် ဒဏ်ငွေ နှစ်သောင်း(သို့မဟုတ်) ထောင်ဒဏ် ၃ လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ကိုနေမျိုးဇင်က အပြစ်မရှိဟုဆိုကာ
ဒဏ်ငွေမဆောင်ခြင်းကြောင့် လက်နောက်ပြန်ကြိုးတုတ်၍ မအူပင်တောင်သို့ခေါ်ဆောင်သွားကြောင်း ကိုနေမျိုးဇင်၏ ညီ ကိုခင်မောင်ဌေးက ယနေ့ခေတ်သို့ ပြောကြားသည်။

ပန်းတနော်မြို့နယ် အောက်ကဇင်းကျေးရွာလူထုတွေ့ဆုံပွဲတစ်ခုတွင်မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် မှ ကိုနေမျိုးဇင် က ရဲများလဘ်စားသည် ဟုထည့်သွင်းပြောဆိုခဲ့ခြင်းကြောင့်ပန်းတနော်မြို့ ရဲမှူးက ကိုနေမျိုးဇင်အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင်
ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ (အင်တာနက်)
ပုဒ်မ လှလှ လေးတပ်ပြီး ကိုနေမျိုးဇင် ကို အထဲမရောက် ရောက်အောင် ထည့်လိုက်ပါပြီ။ နိုင်ငံတော် အကြီးအကဲတွေရော ၀န်ကြီးဌာန Internet စာမျက်နှာ တွေမှာပါ အကျင့်ပျက် လာဘ်စားမှူတွေ ရှိနေပါတယ်ဆိုတဲ့အကြောင်း ပလူပျံအောင်ဝန်ခံပြောဆိုပြီး ထိုထိုသောအကျင့်တွေ ပပျောက်အောင် ၀ိုင်းဝန်းကြိုးစား နေကျတဲ့ အချိန်မှာ တရားသူကြီးက ရဲတပ်ဖွဲ့ကို အသရေဖျက်မှူနဲ့ ထောင်ဒဏ် ၃ လ (သို့) ငွေဒဏ် ၂ သောင်း ကျခံစေရန် အမိန့်ချလိုက်ခြင်း သည် တည့်မတ်အောင် ကြိုးစားနေပါသည်ဆိုသည့် တရားစီရင်ရေးမဏ္ဍိုင်ကို မေးခွန်းထုတ်စရာ အများကြီး ရှိလာပါသည်။
၂ သောင်းပေးပြီး ကိုယ်ပြောတာကို မှားတယ်လို့ဝန်ခံ မလား, ဒါမှမဟုတ် ထောင်ထဲ ၃ လ သွားနေမလားလို့ မေးလိုက်ခြင်းပါ။ ယောက်ျားပီသသော ယောက်ျားတစ်ယောက်အတွက် ဒုတိယ မြောက်ကိုပဲ သိက္ခာရှိရှိ ရွေးချယ်သွားမှာပါ။
ပထမ အကြိမ် ထောင်တွင်းရရှိခဲ့သော ခါးဒဏ်ရာ(ခါးဆစ်ရိုးပဲ့) ကိုမမှူပဲ တစ်ရက်မှမနား သွားလိုက်တဲ့ခရီး၊ လုပ်လိုက်တဲအလုပ်၊ ဖွင့်လိုက်တဲ့အခမဲ့ ကွန်ပြူတာသင်တန်း တောကြိုအုံကြားပါမကျန်။ ဆရာဝန်က bad rest ယူရမယ် ဆိုတာတောင် လုံးဝ မယူခဲ့သူက အခုတော့ မအူပင်မှာ သွားအနားယူတယ်လို့ ကြံဖန် ၀န်းသာရမှာပါ။
ကိုနေမျိုးဇင် ပတ်ဝန်းကျင်လောကကြီးနဲ့ ခေတ္တခဏခွဲခွာနေရပေမဲ့ သူရဲ့ MSDN ကတော့ အရှိန်အဟုန်မပြတ် ဆက်ပြီးသွားနေဥိးမှာပါ။ ကျေးလက်တွေမှာ Computer သင်တန်းတွေဆက်ဖွင့်ဦးမယ်၊ ဒုက္ခရောက်နေတဲ့ ဒေသတွေကို ဆက်ပြီးအကူအညီပေးဦးမယ်၊ ကျွန်တော်တို့ရဲ့ကျေးဇူးရှင် လယ်သမားကြီးတွေရဲ့ ဒုက္ခတွေကို ဖေးမ ကူညီပေးဦးမယ်။ ဆက်ပြီး.... ဆက်ပြီး....
(သော်ဇင်ဧ)
ဆက်သွယ်စရာ အကြောင်း ရှိပါလျှင်
ကိုသော်ဇင်ဧ - ၀၉၅၁၉၁၉၉၅
ကိုအေးကျော် - ၀၉၄၉၃၂၆၇၆၇ ၊ ၀၉၅၁၃၆၇၆၇

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.