05/04/13


ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုဟာ ၄င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ဒီမိုကရေစီနိုင်ငံတိုင်းဟာ ဆန္ဒပြခြင်းနဲ့ ကျွမ်းဝင်နေကြတာချည်းပါပဲ..။ ဆန္ဒပြတယ်ဆိုတဲ့နောက်မှာလည်း တာဝန်ရှိသူက တာဝန်ခံတတ်တဲ့ အပေါ်လည်း မူတည်ပါတယ်။ ဆန္ဒပြခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) က ပေးအပ်ထားပြီး ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်မှုကိစ္စအ၀၀မှာ တည်ဆဲဆိုသည့်ဥပဒေများ၌သာ ရှိပါတယ်။ တကယ်က လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ခွင့်တွေ ပေးလိုက်တယ် ဆိုပေမယ့် တရားဥပဒေတွေကရော ဘယ်လောက်တိတိပပ ထိန်းကွပ်ဆောင်ရွက် ပေးနိုင်နေပြီ လဲ။

အစိုးရညံ့လို့ကိုယ်ကျိုးကြည့်လွန်းအာဏာရူးလွန်းလို့ဖြစ်နေတာပါ။ပြည်သူတွေကအေးအေးနေချင်တာပေါ့သူတို့က ပြည်သူတွေကိုချမ်းသာအောင်မလုပ်ပေးချင်နေဒုက္ခမပေးနဲ့ပြည်သူကြည်ညိုအောင်လုပ်ကိုယ်ကကြည်ညိုအောင်မလုပ်ဘဲအကြည်ညိုပျက်စေမှုနဲ့မစွပ်စွဲနဲ့ပေါ့။ ကျွန်တော်တို့ဆီမှာဖြစ်ပျက်နေတာတွေက လက်အောက်ခံနိုင်နေကျသူတွေလို ထစ်ခနဲဆို စိစစ်ရေးကနေ ခေါ်သတိပေးခိုင်းမယ် ။ ထောင်ဘယ်နှနှစ် ကျမယ် ခြိမ်းခြောက်လိုက်၊ တရားတွေ ခဏ ခဏ ထစွဲလိုက်။ ဥပဒေတွေဆိုပြီး ထိန်းကျောင်းဖို့ ပြောလိုက်ကြနဲ့ တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။

ကျွန်တော်တို့နိုင်ငံအတွက် လက်တွဲလျှောက်ရမယ့် ခရီးရှည်ကြီးမှာ ညီညွတ်ဖို့ အရေးကြီးလှပါတယ်။ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်မယ့် လွှတ်တော်စစ်စစ်နဲ့ အမိန့်ပေး စနစ်အောက်က မဟုတ်ဘဲ စဉ်းစားချင့် ချိန်ဉာဏ်နဲ့ ပြည်သူ့အကျိုးစစ်စစ် ဆောင်ရွက်မယ့် ဒီမိုကရေစီ လွှတ်တော်စစ်စစ်ပေါ်ပေါက်ရေးဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါပါတယ်။လွှတ်တော်မှာ လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှုတွေ၊ ဆွေးနွေးမှုတွေ တရားစီရင်ရေးမဏ္ဍိုင်က အချို့သော ဖြေကြားမှုတွေကတော့ စိတ်ပျက်စရာကောင်းတုန်းပါပဲ။ အမှန်ကို ၀န်ခံဖို့ ပြုပြင်ဖို့၊ စိစစ်ဖို့၊ ပြန်ကြားဖို့ဆိုတာ ဖြေတဲ့သူတွေရဲ့ တာဝန်ပါ။ ပြောပြန်ရင်လဲလွန်ရာကျပါမယ်။ယနေ့လွှတ်တော်မှာ တင်ပြနေတဲ့ အကြောင်းအရာတွေဟာ ပြည်သူလူထုအကျိုးစီးပွား အတွက်မဟုတ်ဘဲ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်နေသော အဆိုများကိုသာ ထောက်ခံနေကြပါတယ်။

ပြည်သူလူထုအကျိုးစီးပွားအတွက် တင်ပြချက်များကို အင်အားများရာနိုင်ကြေးဆိုသလိုစစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေက ကန့်ကွက်နေကြပြီး အခုလွှတ်တော်မှာ သူတို့မပြီးဆုံးနိုင်သေးတဲ့ အချိန်တွေအတွက်သန်းရွှေနှင့် အငြိမ်းစားဗိုလ်ချုပ် တွေရဲ့အလုပ်သမားတွေထောက်ပံ့ဖို့ပြည်သူ့လွှတ်တော်ကြီးကကျပ်သန်3း50 ကျော်ဘတ်ဂျတ်ခွင့်ပြုမိန့်ချပေးလိုက်ပြီးခံစားစေလိုက်ပါတယ်။တိုင်းပြည်ကိုချောက်ထဲမကျအောင်စွမ်းဆောင်ပေးခဲ့လို့ပါ(သူတို့အပြော)။ ပြည်သူတွေရဲ့ လက်တွေ့ခံစားမှုကတော့ တိုင်းပြည်ကိုချောက်ထဲကျအောင် အားထုတ်လုပ်ဆောင်ခဲ့မှုအတွက် ဆက်ကြေးကခုထိပေးနေရတုန်းပါပဲ ။

လယ်ဝန်ကြီးမြင့်လှိုင် ကလည်း လယ်သမားတွေကို အကြွေးဆပ်စရာရှိလို့ ထမင်း တနပ်ပဲစားကြလို့ ဆိုပြန်ပါတယ် တနေ့မှတနပ်ပဲ စားရတဲ့ လယ်သမားတွေကို အငတ်နေခိုင်းသလိုဖြစ်မနေဘူးလား။လယ်မြေသိမ်းခံရတဲ့လယ်သမားတွေ အတွက်ကျတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိဘူး လေးစားလောက်ပါတဲ့ နိုင်ငံတော်ခေါင်းဆောင်တွေပါဘဲ ဒါတောင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်တာပါလို့ သူတို့က ညာခြင်ပါသေးတယ်။ နိုင်ငံတစ်နိုင်ငံရဲ့  လွှတ်တော်ထဲမှာ ဒီလို စကားမျိုးတွေ ပြောနေကြတဲ့ အမတ်မင်းများ ဒီလောက် အရည်အချင်း ညံ့ဖျင်းလွန်းတာ အံ့သြလွန်းလို့ ၊ ဒီလိုလူမျိုးတွေ လွှတ်တော်ထဲ ရှိနေသမျှ တိုင်းပြည်နဲ့  လူမျိုးအတွက် ရင်လေးစရာပါဘဲ။ မြန်မာနိုင်ငံ ခေတ်အစဉ်အဆက်ဆက် ကျေးဇူးရှင်လို့  သတ်မှတ်ထဲ့ကြတဲ့ တောင်သူလယ်သမားများရဲ့  ဘ၀တိုးတက်ဖို့  လယ်ယာမြေလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ အတွက် သင့်လျော်တဲ့ ထောက်ပံ့ကူညီမှုတွေကိုတော့ မလုပ်ဆောင်ပေးဘဲ၊ တောင်သူလယ်သမားတွေခမြာ လယ်မြေတွေ မတရားအသိမ်းခံနေရတဲ့၊ မရိုးသားသော ချေးငွေများ မြင့်မားသော အတိုးနှုန်းများနဲ့  လည်မြိုကို ညစ်သတ်မှု ခံနေရတဲ့ကြားထဲ ထမင်းတစ်နပ်ပါ လျှော့စားဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။

ပါတီစုံ မည်ကာမတ္တ ဒီမိုကရေစီ အာဏာရှင်စနစ်ကိုလုံးဝလက်မခံနိုင်ပါဘူး။ဥပဒေအသုံးပြုပြီးတရားစွဲဆိုတဲ့ ဥပဒေလက်တစ်လုံးကြားလုပ်တဲ့လက်စားချေဒီမိုကရေစီကိုလည်းမနှစ် သက် ပါဘူး။စစ်တပ်က ခဏခဏ အာဏာသိမ်းတဲ့၊ စစ်တပ်ကစွက်ဖက်တဲ့ ဒီမိုကရေစီကိုလည်း မလိုချင်ပါဘူး။

အဓိကပြသနာဟာ အစိုးရ၀န်ကြီးဌာနတွေရဲ့  အကျင့်ပျက်ခြားမူတွေဘဲ ဖြစ်ပါတယ်။တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ဟာ အကျင့်ပျက်ခြစားမူတွေကို ဘက်မလိုက်ပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ရပါမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ ဆိုတာက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။နစ်နာ သူ ပြည်သူ့ ဘက်က အစိုးရ ၀န်ကြီးဌာနတွေ နဲ့ တရားရုံးတွေ ကို အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေး ဘို့၊ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေးဘို့၊ လွတ်တော် ကိုယ်စား ဖွဲ့စည်း ထားသော ကော် မတီ ကော်မရှင် တွေလိုအပ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဟာ လဲပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေးကို ဆန့် ကျင် ပြ ဌာန်း လို့တော့ မရ ပါဘူး။ တရာသူကြီးတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင့်ပြီး လုပ်စားနေတာ၊ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။ ဒီ မိုကရေစီနိုင်ငံတွေမှာ လက်ပံတောင်းလိုကိစ္စမျိုးဆိုရင် တာဝန်ရှိသူတွေ တလှေကြီးအရေးယူခံရမယ်၊ ရာထူးကနှုတ် ထွက်ရလိမ့်မယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူတယောက်စီတိုင်းမှာ တန်ဘိုးကိုယ်စီရှိတယ်လို့ နားလည်ထားရ တယ်။ ခန္ဓာကိုယ်နာကျင်ဒဏ်ရာရဘို့ မဆိုထားနဲ့ ကိုယ့်အပြုအမူကြောင့် လူတယောက်ရဲ့စိတ်ထဲခံစားသွားရရင်၊ ဂုဏ် သိက္ခာညှိုးငယ်သွားရင် တရားစွဲခံရတယ်။ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ရဲဆိုတာပြည်သူနဲ့အနီးဆုံး လက်နက်ကိုင်တပ်ဖြစ်တယ်။ ပြည်သူကို အနီးကပ် စောင့်ရှောက်ရတယ်။ တာဝန်ချိန်အတွင်း၊ လူတွေကို ဘာအကူအညီလိုသလဲ၊ ဘယ်နေရာမှာ ဘာလုပ်ပေးဖို့ လိုအပ်သ လဲဆိုတာကိုပဲ အာရုံစိုက်တယ်။ ဒီကနေ့

ကျနော်တို့တိုင်းပြည်ဟာ လူမဆန်တဲ့စနစ်ဆိုးကြီးနဲ့ အင်မတန်မှ လူကိုလူလိုသိတတ်တဲ့၊ လူတဦးချင်းစီအပေါ် မှာရော အယုတ်အလတ်အမြတ်မရွေး လေးစားချစ်ခင်တဲ့ ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ဆီကို လှမ်းနေကြတာပါ။ လက် အောက်ခံ တပ်မတော်သားတွေရော၊ ပြည်သူ့ရဲရော ဘ၀တူတွေပါ။ နှစ်ပေါင်းများစွာ လူလိုသူလို အသိအမှတ်ပြုမခံရတဲ့ ကျောမွဲလူတန်းစားတွေထဲလည်း ဖြစ်တယ်။

လယ်သမားတွေ အလုပ်သမားတွေ ဆင်းရဲသလို သူတို့လည်း ချို့တဲ့ပါ တယ်။ အခွင့်အရေးမဲ့သူချင်း အတူတူပါ။ တကယ့်အခွင့် အရေးသမားတွေဘယ်သူလည်းဆိုတာ ပြည်သူက သိပါတယ်။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။ ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရပဲဖြစ်ပါတယ်။ ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်များက အုပ်ချုပ်မှုကို လုပ်ဆောင်ကြရပါတယ်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး သည် အားလုံးသောပြည်သူတို့၏ အကြိုက်ကိုလိုက်၍ ဆောင်ရွက်သည်ဟု ဆိုရပေမည်။

ဇော်ဝမ်းမောင်


အစိုးရနယ်မြေခံတပ်က မတ် ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ဒီကေဘီအေတပ်ရင်း ၉၀၅ ကို နေရာကနေ ပြောင်းရွှေ့ပေးဖို့အမိန့်ပေးထားပေမယ့် ဖယ်မပေးနိုင်ဘူးလို့ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်) တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အရှေ့ပိုင်းတလျှောက်မှာ အခြေချနေတဲ့ ဒီကေဘီအေ ၉၀၅ တပ်ရင်းကို ဟတ်ကြီးရေကာတာတည်ဆောက်ရေးအတွက် နယ်မြေရှင်းလင်းဖို့ အစိုးရတပ်ရင်း ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက ဒီကေဘီအေ ဗျူဟာမှူးဆီ မနေ့က စာပေးပို့ပြီး ဖယ်ရှားခိုင်းခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

“ကျနော်တို့မှာ ဖယ်စရာ မြေလည်းမရှိတော့ဘူး။ ဒီလိုဖယ်ခိုင်းတယ်ဆိုတာ လာပြီး ကျနော်တို့ကို အနိုင်ကျင့်တယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့ကို ခြိမ်းခြောက်တယ်လို့လည်း ခံစားရတယ်။ အဲလို ခြိမ်းခြောက်တယ်ဆိုရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကြီးမားတဲ့ ဂယက်ရိုက်မယ်လို့ ကျနော်တို့ နားလည်တယ်။ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာလုပ်မယ်ဆိုရင် ကျနော်တို့ကို ခြိမ်းခြောက်စရာမလိုဘူး။”

ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို အစိုးရနဲ့လုပ်နေတာဖြစ်ပြီး တပ်က အခုလို လာပြီး ခြိမ်းခြောက်တာမျိုးတော့ လက်မခံနိုင်ဘူးလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ တပ်က ကျနော်တို့ကို ဒီလို အမိန့်လာပေးတယ်။ လက်ရှိ နိုင်ငံတော်အစိုးရကလည်း တမျိုး၊ သူ့တပ်ကလည်း တမျိုး ကျနော်တို့အနေနဲ့ ဘယ်သူ့စကား နားထောင်ရမှန်းမသိဘူး။ ကျနော်တို့ တရားဝင်လက်မှတ်ထိုးထားတာက နိုင်ငံတော်အစိုးရအဖွဲ့နဲ့လက်မှတ်ထိုးတာ။ လက်ရှိ သူ့တပ်မတော်က ကျနော်တို့ကို ဒီလို အမိန့်ပေးစရာလည်း အကြောင်းမရှိဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အစိုးရကနေ တရားဝင် စာနဲ့ပေနဲ့လာရမယ်။ တပ်က မင်းတို့ မဖယ်ရင် ပစ်မယ်ဆိုရင် ကျနော်တို့က ပြန်တုံ့ပြန်မယ်ဆိုတာ ရဲရဲတင်းတင်း ကျနော်ပြောတယ်။”

ဒီကေဘီအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်က ငြိမ်းချမ်းရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ ပြောကြားထားတာဖြစ်ပြီး အစိုးရက ပစ်ခတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိပြဿနာ ပြေလည်ရေးအတွက် ဒီကေဘီအေက အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကို ဆက်သွယ်နေတယ်လို့ ဗိုလ်မှူးဆန်းအောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသ ယောပုထရွာနဲ့ ကမမောင်းရွာကြား သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့တာကို ရပ်မပေးတဲ့အတွက် သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ဒီကေဘီအေနဲ့ အစိုးရတပ်အကြား ဧပြီ ၂၈ ရက်နေ့ထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် မနေ့က စာရေးပေးပို့ပြီး နယ်မြေကနေ ဖယ်ရှားခိုင်းခဲ့တာပါ။

ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်နေ့ကလည်း ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကေဘီအေနဲ့အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား ဇန်န၀ါရီ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဗွီဘီ

(3 May 2013 ရက်စွဲပါ Business Standard မှ US Lifts Visa ban on Myanmar, national emergency continue ကို ဘာသာပြန်ဆိုပါသည်)

အစိုးရ၏ ဆုံးဖြတ်ချက်များသည်စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းဖြစ်သည်ဟု စဉ်းစား လျက် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ဗီဇာကန့်သတ်မှု ပြုလုပ်ထားခြင်းများကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါ သည်။ သို့သော် မြန်မာနိုင်ငံအပေါ် နိုင်ငံအဆင့်အရေးပေါ်(National Emergency)သတ်မှတ်ထားခြင်းကို တစ်နှစ်ဆက်လက် ထားရှိဦးမည် ဖြစ်ပါသည်။

သမ္မတObama က မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် အမျိုးသားလုံခြုံရေးကို သာမန်ထက်ပိုသော အထူးခြိမ်းခြောက်မှုများရှိဆဲဖြစ်ပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့်စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေခြင်းကို ရှုမြင်ရာတွင်တွေ့ရကြောင်း မှတ်သားရသည်ဟု ဆိုပါသည်။

သမ္မတ Obama က ဆက်လက်ပြောကြားရာတွင် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကိစ္စနှင့် တိုင်းရင်းသား ဒေသများတွင် လက်ရှိပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ဆိုပါသည်။
“ဒီခြေလှမ်းတွေဟာ မြန်မာအစိုးရကလုပ်ဆောင်ခဲ့တဲ့ အရေးကြီးတဲ့ပြောင်းလဲမှုတွေအပေါ် မှန်ကန်ကြောင်း လက်ခံ လိုက်တဲ့သဘောပါပဲ၊ အစိုးရနဲ့ ပြည်သူတွေအပေါ်မှာလည်း နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ဆက်လျှောက်ဖို့အားပေးပြီး၊ ပါဝါတွေတိုးစေပါတယ်”ဟု ဗီဇာကိစ္စနှင့် ပတ်သက်ပြီး သမ္မတ Obama က အမိန့်ထုတ်ပြန်ပြီး နောက် အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောပါ သည်။

အမေရိကန်ကမူ မြန်မာနိုင်ငံကို ယခင်အမည် Burma ဟုသာ ရည်ညွှန်းပါသည်။

Obama က ကွန်ဂရက်သို့ပေးပို့သော စာတွင်ဖော်ပြထားရာ၌ မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများ လွှတ် ပေးခြင်း၊ လက်နက်ကိုင်(၁၁)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အောင်မြင်မှုရခြင်း၊ သတင်းစာဆင်ဆာများ ဖယ်ရှားရေးအတွက် ခြေလှမ်းများလှမ်းလျက်ရှိခြင်းနှင့် နိုင်ငံရေးစံနစ်တွင် အတိုက်အခံပါတီများ ပါဝင်ခွင့်ရလာခြင်းအပါအဝင် အရေးကြီးသော တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုပါသည်။

သို့သော် Obama က မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် အမျိုးသားလုံခြုံရေးကို သာမန်ထက်ပိုသော အထူးခြိမ်းခြောက်မှုများရှိဆဲဖြစ်ပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့်စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေခြင်းကို ရှုမြင်ရာတွင်တွေ့ရကြောင်း မှတ်သားရသည်ဟု ဆိုပါသည်။

သမ္မတ Obama က ဆက်လက်ပြောကြားရာတွင် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကိစ္စနှင့် တိုင်းရင်းသား ဒေသများတွင် လက်ရှိပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ဆိုပါသည်။

“အမေရိကန် ပြည်ထောင်စုဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ နောက်ပြန်မလှည့်ရေး သေချာစေဖို့ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများနှင့်အားကောင်းစေရန် ထောက်ခံကူညီမှုများ ပြုလုပ်ရန် သံန္ဒိဌာန်ချထားပြီး ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကို ဆက်ထားဖို့ လိုအပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု Obama က ၎င်း၏ စာတွင် ပြောကြားထားပါသည်။

အမည်မဖော်လိုသူ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကပြောကြားရာတွင် ယခုဆုံးဖြတ်ချက်ကြောင့် ၎င်းတို့အား ပြုပြင် ပြောင်းလဲရေးကြိုးပမ်းမှုတွေကို ဦးဆောင်ပြီး ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များနှင့် နှစ်ဦးနှစ်ဖက် ဆက်ဆံ ရေးကို ပိုမိုမြှင့်တင်နိုင်ရန် ခွင့်ပြုလာခြင်းဖြစ်ကြောင်း ဆိုပါသည်။

Yangon Chronicle


ကိုယ်တို့ဆီက ဘဘကြီးတွေ နိုင်ငံတကာ အခမ်းအနားတက်ကြရတဲ့အခါ သူတို့ရှေ့ကမိုက်ခွက်ငုတ်တိုကလေး ရှေ့မှာ နံမယ်ကို အင်္ဂလိပ်ဘာသာနဲ့ရေးပြီး H.E လို့ အထွဋ်တင်ထားတာတွေ့တဲ့အခါအဲဒါ ဘာပြောတာပါလိမ့်လို့ ချက်ချင်း သဘောမပေါက်ပါဘူး။ သတင်းတွေ ကြည့်ပါများမှ ဇာတ်ရည်လည်လာတာလက်စသတ်တော့ “၀န်မင်းဖျား” လို့ တပ်ထားတာပဲ။ “His Excellency” ပေါ့။ ဗြိတိသျှ အမွေအနှစ်ထင်ပါရဲ့ဗျာ။ဘုန်းတော်ကြီးဘုရား ဆိုရင် “Your Majesty” ။ ထိပ်တင်ကိုယ်တော်ကြီးဘုရားက “Your Highness” ။ ဘိုးဘိုးသက်တော်ရှည် ဆို “Your Grace” ။ ထီးသုံးနန်းသုံး အင်မတန်ယဉ်ကျေးပျူငှာတဲ့အခေါ်အဝေါ်များမို့ ဆရာဇော်ဂျီရေးတဲ့ “မဟာဆန်ချင်သူ” ကိုတောင် ပြန်သတိရမိပါသေးတယ်။ မင်းဆွေမင်းမျိုးမဟုတ်သူများကျတော့ရော အဲသလို အခေါ်ခံချင် ဘယ့်နှယ်လုပ်ရပါ့။ လွယ်ပါတယ်။ ရှင်ဘုရင်နဲ့တည့်အောင်ပေါင်းပေါ့။ မအေပေးရ ပေးရ၊ နှမပေးရ ပေးရ ပေးပေါင်း။ ဒါဆိုလည်း သူကောင်းမျိုးဖြစ်သွားပြီလို့ ခေါ်တယ်။ သူတို့လည်း ရှေ့ကနေ ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ခေါ်ရတယ်။ နယ်မြေရပ်ရွာ အပိုင်စားရတယ်။ သမိုင်းသင်တုန်းက ကျက်ခဲ့တဲ့ ဆာရယ်ဂျီနယ်ကရက်ဒေါက်တို့၊ လော့ဒ်ဒါလဟိုဇီတို့၊ဆာဟူးဘတ်ရန့်စ်တို့ ဆိုတဲ့ ဘုရင်ခံတွေဟာ အဲသည် သူကောင်းမျိုးတွေပဲ။ သူတို့ နံမယ်ရှေ့ကဆာတွေ လော့ဒ်တွေက ကိုယ့်မြန်မာလိုဆိုရင် ဘုရားထူးရတာနဲ့ တူတယ်။ ထားပါတော့လေ။ ဒါက အင်္ဂလန်ရွှေနန်းရှင်ကိုယ်တိုင်ကချီးမြှင့် မြှောက်စားထားတဲ့ ဘုရင့်ကိုယ်စားလှယ်တော်ကြီးများ မို့လို့။ တစ်ခွန်းဆယ်ပြားမရလည်းထူးပျော်ပါတယ်။ ပျော်ပျော်ကြီး ထူးကြတာပေါ့။

ဒါပေသိကိုယ်ရွှေအင်္ဂလိပ်ကြီးတွေက လူလည်ကျသဗျ။ သူတို့ဟာသူတို့ ဥရောပတိုက်မှာ ကလေကချေ သူခိုးကြမ်းပိုးလုပ်လာခဲ့လည်း ကျုပ်တို့ မြန်မာပြည်ရောက်ရင် အုပ်ချုပ်ရေးပိုင်းတန်းဝင်၊ ဆာတပ်ခေါ်ပြီးဘုရားထူးရတယ်။ မြန်မာလိုပြောရင်တောင် သခင်ကြီး၊ မင်းကြီး၊ ကျွန်တော်မျိုးက အဲသလို ပြောရဆိုရတယ်။ပညာမတတ်လို့ မသိတဲ့သူအများစုကတော့ ဟိုက ဘလယ်ဒီဖူး ဆိုရင်တောင် ကိုယ့်ဆဲမှန်းမှ မသိတာ။မနာတတ်ပါဘူး။ သို့သော်လည်း မြန်မာပညာတတ်တွေ ပေါ်လာတဲ့အခါမှာတော့ (မြန်မာထဲက သူတို့ ခိုင်းကောင်းတဲ့သူတချို့ကိုအင်္ဂလန်ခေါ်ပြီး ဆာဘွဲ့ပေးပလိုက်တာကိုး) “ကြည့်စမ်းပါဦး။ ဒါ ငါတို့ကို ဘိုတွေက သက်သက်နှိမ်ထားတာပဲ။သူတို့ကို သခင်ခေါ်ရအောင် ငါတို့က ကျွန်ဖြစ်နေတာ မှ မဟုတ်တာ။ နေရာတကာ ကျွန်စိတ်မွေးနေလို့မဖြစ်သေးဘူး။ ကိုယ့်စိတ်ဓါတ်ကို မြင့်မြင့်ထားကြမှတော်မယ်။” လို့ တွေးမိတဲ့အတွက် မြန်မာတွေလည်းကိုယ့်နံမယ်ရှေ့မှာ သခင်တပ်ပြီး တို့ဗမာအစည်းအရုံးကြီး ပေါ်လာခဲ့ပါတယ်။ အဲသည်ခေတ်က သူတို့ကြွေးကြော်တဲ့ Slogan က “သခင်မျိုးဟေ့ တို့ဗမာ” တဲ့။ အမျိုးသားရေး အသိအမြင်တွေ ပွင့်လင်းလာတဲ့ရလာဒ်တစ်ခု ဆိုကြပါစို့။ ဒါပေမယ့် သည်ကနေ့ခေတ်မှာတော့ သွေးကွဲစကားတွေကြောင့် အမျိုးသားရေးအားအင်ချိနဲ့လာချိန်မှာအဲသည်စကားကို အထအနကောက်ပြီး “နင်တို့က သခင်မျိုးဟေ့ တို့ဗမာဆိုတော့ ငါတို့တိုင်းရင်းသားတွေကကျွန်တွေမို့လို့လား။” လို့ မေးစရာ ပြောစရာ ဖြစ်လာပါတယ်။ ဒါကတော့ သက်သက် ကန့်လန့်တိုက်တာပါ။အဲသည်ခေတ်ကအော်ခဲ့တဲ့ တို့ဗမာဆိုတာ တိုင်းရင်းသားမပါဘူးလို့ ဘယ်သူကပြောလဲ။ သည်မြေသည်ရေမှာအတူမွေးဖွားကြီးပြင်းလာခဲ့တဲ့သူ အားလုံးပါတယ်။ “တောင်တောရယ်သာ” လို့ဆိုတာဟာ “မြောက်တောကမသာဘူး” လို့ ဆိုချင်တာမှ မဟုတ်တာ။ တကယ်တမ်း အပြောထက် လက်တွေ့ကျတာတွေကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင်တော့သူတို့ဘက်က အဲသလို တွေးကုန်ကြတာ အလွန်တော့ မဟုတ်ဘူး။ လက်တွေ့ဘ၀ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းမှာညီလိုအကိုလို တန်းတူညီမျှ ဆက်ဆံခဲ့ကြသလားဆိုတာ ပြန်စဉ်းစားကြည့်ကြပေါ့။

ကိုယ်တို့မြန်မာတွေ ကမ္ဘာမကြေ ဆိုကြတဲ့အခါ “တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ” ဆိုတာ ပါပါတယ်။သည်ကနေ့သည်အချိန် ပထ၀ီစာအုပ်ထဲမှ မြေပုံလှလှကလေး ဆွဲနိုင်ဖို့ မြန်မာနိုင်ငံလို့ ဧရိယာနယ်နိမိတ်သတ်မှတ်ခံရဖို့ဆိုတာ တကယ်ကို တို့ဘိုးတို့ဘွားများ ပေးအပ်သွားတဲ့ အမွေအနှစ်စစ်စစ် ဖြစ်ပါတယ်။ရာဇ၀င် သမိုင်းကြောင်းရှိခဲ့လို့ အစ္စရေးတွေလိုလည်း ပါလက်စတိုင်းတွေဆီမှာ အရိုးတွေအသားတွေတောင်လိုပုံအောင်ဖို့ပြီး တိုက်မယူခဲ့ရဘူး။ ဘင်္ဂါလီတွေလို ဖြစ်တည်မှုသက်သေ ဘယ်နေရာမှာမှရှာမရတဲ့ အဖြစ်မျိုးလည်း မရှိဘူး။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မြစ်ဝှမ်းလွင်ပြင်တွေကိုရေဝေရေလဲနဲ့တကွ ပိုင်စိုးခဲ့ပြီး တောင်တန်းကြီးတွေ အနားသပ်လို့ ပင်လယ်ကမ်းစပ်ထိအောင်မြန်မာပြည်ဖွား တိုင်းရင်းသားတွေ အခြေချနေထိုင်ခဲ့တယ်။ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ပဒေသရာဇ်မင်းဆက်တွေ အုပ်စိုးခဲ့တယ်။ ကိုလိုနီစံနစ်ကြီးကို တောင့်မခံနိုင်တဲ့အခါ သူ့ကျွန်ဘ၀ကိုလည်းရောက်ခဲ့ရတယ်။ နောက်ဆုံးတော့ လွတ်လပ်ရေးကို မရအရ တိုက်ယူခဲ့ရတယ်။

လွတ်လပ်ရေးရတဲ့အခါသီဟတင်စိုး ကို ဇင်မာဦး နဲ့ ပြေးဖက်ခိုင်းပြီး ပြီးပါပြီ ဇာတ်သိမ်းလိုက်လို့ မရဘူး။ဇာတ်လမ်းက အခုမှ စမှာ။ နိုင်ငံတစ်ခု ထူထောင်ရတော့မယ်လေ။ State Building တဲ့။ ဘယ်နေရာကဘယ်နေရာအထိ နယ်နိမိတ်သတ်မှတ်ပြီး ဘယ်သူတွေက အုပ်ချုပ်မှာလဲ။ နိုင်ငံထူထောင်ချင် အစိုးရအဖွဲ့ရှိရတယ်။ ဘယ်မလဲ အစိုးရ။ တောင်သူကြီးမင်းခေတ်တုန်းကလို ရှင်ဘုရင် လှံနဲ့ထိုးလိုက်လို့ထိုးတဲ့လူ ရှင်ဘုရင် မြှောက်လိုက်လို့ မရဘူး။ အစိုးရအဖွဲ့ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဖွဲ့စည်းရတယ်။ မင်းတို့နိုင်ငံကို ဘယ်လိုဖွဲ့စည်းပုံမျိုး နဲ့ တည်ဆောက်မှာလဲ။

အဲဒါကြောင့်လွတ်လပ်ရေးလိုချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့က အခြေခံဥပဒေဆိုတာကို ရေးဆွဲခဲ့ရတာပေါ့။အဲသလို ရေးဆွဲတဲ့အခါ လမ်းဆုံတစ်ခုကို ရောက်လာခဲ့ပါတယ်။ Union of Myanmar ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုပြီး ဗဟိုဦးစီး ချုပ်ကိုင်မှုနဲ့ သွားတဲ့ ပုံစံရယ်။ လွတ်လပ်သောမြန်မာ့ပြည်ထောင်စုအဖွဲ့အစည်း Federation of Burma ဆိုပြီး ပြည်နယ်တွေကို လွတ်လပ်ခွင့်ပေးတဲ့ ပုံစံရယ်။ သို့သော်လည်း အဲဒီအချိန်က နိုင်ငံတော်တည်ဆောက်ရေး State Buildingလိုပဲ အမျိုးသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး Nation Building ဆိုတာလည်း အရေးကြီးလာတယ်။မင်းတို့သီးသန့် ထူထောင်လိုက်တဲ့ မြန်မာဆိုတာ ဘယ်လိုလူမျိုးလဲ။ ဘယ်လိုစရိုက်လက္ခဏာ ယဉ်ကျေးမှုဘာသာစကား ရှိသလဲ။ အစရှိတဲ့ အမျိုးသားရေးလက္ခဏာ National Identity ဟာ ဘယ်လိုမျိုးလဲ ဆိုတာထင်ထင်ရှားရှား ပြသဖို့လည်း လိုလာပါတယ်။ ဒါကြောင့် မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည်တို့စာ၊ မြန်မာစကားသည် တို့စကား၊ သတ်သတ်မှတ်မှတ် ကြေငြာရတယ်။ အဲသည်အချိန်မှာ အင်္ဂလိပ်ကတောင်တန်းသားတွေဆီသွားပြီး “မင်းတို့ကရော မြန်မာတွေနဲ့အတူတူ လွတ်လပ်ရေး လိုချင်တာ ဟုတ်လို့လား။သူတို့နဲ့ မလိုက်ချင် ငါတို့နဲ့ နေချင်နေခဲ့လေ။ နောက်အေးအေးဆေးဆေးကျမှ ငါတို့လည်း မင်းတို့ကိုသီးခြားလွတ်လပ်ရေး ပေးမှာပေါ့။” ဆိုတဲ့ စကားမျိုး ပြောပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံထူထောင်ဖို့တိုင်းရင်းသားတွေနဲ့ မခွဲအတူ စည်းလုံးမှု ယူရမယ် ဆိုပြီး ပင်လုံစာချုပ် ဆိုတာ ပေါ်လာရော။ခွဲထွက်ချင်လည်း နောက်မှ ကိုယ့်ချင်းကိုယ့်ချင်း ပြန်ညှိမယ်။ လောလောဆယ်တော့ အိမ်ဦးခန်းကဖုတ်ကောင်အရင်ထုတ်ကြဦးစို့ရဲ့ လို့ စိတ်ဝမ်းတူညီခဲ့ကြတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးကိုတော်တော်စောစော ရခဲ့တယ်။


ဒီလိုနဲ့အချုပ်အခြာအာဏာဟာ မြန်မာတွေလက်ထဲ ပြန်ရောက်ခဲ့ပါတယ်။ သည်အခါမှာ ဗိုလ်ချုပ်အောင်ဆန်းလည်းမရှိတော့ဘူး။ သူနဲ့အတူ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ ပညာတတ်၊ နိုင်ငံရေးသမားတွေလည်းပါသွားတယ်။ ကျန်တဲ့သူတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။ မရှိတာက လက်ထဲရောက်လာတဲ့ အာဏာကြီးကိုဘယ်ပုံဘယ်နည်း ခွဲဝေ ချုပ်ကိုင်ကြမတုန်း။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲကို လုံးလုံးလျားလျားရောက်မသွားအောင် ချိန်ခွင်လျှာကို ဘယ်လိုထိန်းကြမတုန်းဆိုတဲ့ Check and Balance မရှိတာလို့ ထင်ပါရဲ့။ အာဏာလုပွဲ၊ အကွဲအပြဲ ဇာတ်လမ်းတွေ တားမရ ဆီးမရ ပေါ်လာတယ်။ နောက်ဆုံးတော့နိုင်ငံတော်ကြီးကို တပ်မတော်က ကယ်တင်ထားရတာ ၁၉၆၂ ကနေ ၂၀၁၂ နီးနီးဆိုတော့ နှစ် ၅၀ တိုင်ခဲ့ပြီ။အရေးမကြီးပါဘူး။ သူ့ကျွန်ခံရတာမှ မဟုတ်ပဲ။ ကိုယ့်ကျွန်ကိုယ်ဆက်ခံရတာ။ ဘာဖြစ်သေးတုန်း။သူတို့ဟာသူတို့ လုပ်ချင်ရာ လုပ်ချင်သလိုလုပ်၊ ကိုယ်တွေ ထမင်းလေးနပ်မှန်ရင်တော်ပြီ။မပြောနဲ့ဆို မပြောဘူး။ မကြားနဲ့ဆို မကြားဘူး။ မကြည့်နဲ့ဆို မမြင်ဘူးပေါ့။

ဒါပေမယ့်အဲသလိုမျိုး အတိုက်အခံ အထိန်းအကွပ်မရှိ အကြွင်းမဲ့ အာဏာနဲ့ အုပ်ချုပ်တဲ့အခါ နတ်ဝတ်ပုဆိုးတိမ်မီးခိုးနဲ့ ဘုရင်ကြီးလို ပြောင်တော်မူရုံမကလို့ ပြူတော်မောင်ကြီးပဲ ဖြစ်နေနေ သူ့အနားကမင်းကြီးများ ဘုရားကတော့ ဘုန်းတော်ကြောင့် လုပ်မြဲလုပ်ဦးမှာပဲ။ ကိုယ့်မြန်မာအချင်းချင်းတော့ဘယ်သူမှ ဘာမှ မပြောဘူးပေါ့။ သူများနိုင်ငံကလူတွေက ပေတံကြီးနဲ့ ထုတ်တိုင်းကြတဲ့အခါ မဟာအရှက်တော်ကွဲတော့တယ်။(ဒေတာတွေကို တိုင်းတာပါနော်) အိုလံပစ်ကို အနားမသီနိုင်ပေမယ့် ဖွံ့ဖြိုးမှုနောက်ကျဆုံးနိုင်ငံတွေထဲမှာမြန်မာက တံခွန်စိုက်လို့ချည့် နေတော့တယ်။ မဟုတ်တမ်းတရားပါလို့လည်း ငြင်းမရ။ ဓါတ်ပုံကြီးနဲ့တောင်ပြထားတယ်။ မြန်မာတွေက ၁၉၀၀ ပြည့်နှစ်လောက်တုန်းက လှည်းယာဉ်ကလေးနဲ့ သွားကြပါတယ်တဲ့။အခု ၂၀၁၀ မှာလည်း လှည်းယာဉ်လေးနဲ့ သွားမြဲပါပဲတဲ့။ အောင်မယ် ဒင်းတို့မသိလို့။ ဗုဒ္ဓ၀င်ဖွားတော်မူခန်းပြီးတော့သုဒ္ဓေဒနမင်းကြီး လယ်ထွန်မင်္ဂလာခင်းတဲ့အခါ “ယမထာ ရွှေကြိမ်လုံးရယ်နှင့် ထွန်တုံးကိုတဲ့ခြေတော်တင် နွားကြန်စုံနှင်” ဆိုတာလေ။ မယုံသွားကြည့်။ အဲသည်နွားကြန်စုံ ခုထိရှိတုန်း။ကိုယ့်ဆီမှာ လျှပ်စစ်ဓါတ်တွေ ပိုနေလို့ သူများနိုင်ငံကိုတောင် ရောင်းစားနေရပါတယ် လို့လူသိရှင်ကြားပြောသွားတော့ ဟိုက “ပိုမှာပေါ့။ မြန်မာဆိုတာ ကမ္ဘာမှာ လျှပ်စစ်ဓါတ်အား အသုံးအနည်းဆုံးနိုင်ငံထဲမှာပါတယ်လေ။” တဲ့။ အာလာဒင်ပွတ်တဲ့ မီးခွက်တွေ သူတို့ သုံးနေကြတုန်းဟာကို။ (နိုင်ငံရဲ့၈၅% ဟာ လျှပ်စစ်မီး မရပါဘူးတဲ့) ဒါဥပမာပဲ ရှိသေးတာ။ နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှဝင်ငွေ၊ထုတ်ကုန်တန်ဖိုး၊ တိုင်းချင်တာနဲ့တိုင်း၊ ကိုယ့်နောက်မှာ ဟေတီ နဲ့ ရ၀မ်ဒါပဲ ကျန်တော့တယ်။(ဟွန့်။ ငါသာ ခရိုနီ ဖြစ်လို့ကတော့ ဟိုတယ်ရ၀မ်ဒါတွေ တစ်နိုင်ငံလုံး လျှောက်ဖွင့်ပစ်မယ်)

အဲလိုမျိုးသူများရှေ့မှာအရှက်ကွဲပေါင်းများတဲ့အတွက်သည်တစ်ခါတော့အပြောင်းအလဲဟာ ပြည်သူတွေက တောင်းဆိုတာသက်သက်မဟုတ်ပဲ (သူ့ချည်းသက်သက်ဆို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ) အုပ်ချုပ်သူတွေ ကိုယ်တိုင်ကလိုလိုလားလား ပြောင်းလဲဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ မဖြစ်မနေ ဆိုတာလည်း ပါချင်ပါမှာပေါ့။ဒီလိုနဲ့ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရ (ဘောင်းဘီချွတ် ဖြစ်ချင်ဖြစ်ပစေ) လက်ထဲကိုစံနစ်တကျ အာဏာလွှဲပြောင်းပေးခဲ့ပါသတဲ့။

ဟောသမိုင်းဘီးကြီး တစ်ပါတ်လည်လာပါပြီခင်ဗျာ။ State Building က ပြန်စကြပါစို့။ ဖွဲ့စည်းပုံအခြေခံဥပဒေလား။ ဆယ့်ငါးနှစ်တိုင်တိုင် အချိန်ယူပြီး ရေးဆွဲထားတာ။ ညောင်နှစ်ပင်မှာလေ။သည့်ထက် အေးဆေးတာ ရှိဦးမလား။ ဒါပေမယ့် ဒါပေမယ့်ပေါ့ခင်ဗျာ။ ဘယ်လောက်ကြာအောင်တည်တည်ကောက်ညင်းမနပ်တော့ အရပ် အပြစ်တင်ကာမှ တင်ရော။ အဲသဟာကြီးက မနူးမနပ်နဲ့မို့ ထပ်ပြင်ဆင်စရာတွေရှိပါတယ်တဲ့။ ဆွဲတုန်းကလည်း ဟုတ်ဘူးလား ငါ့တူရယ်၊ ဟုတ်တာပေါ့ ကြီးတော်ရယ် နဲ့ ဆွဲခဲ့ကြတာပါပဲ။အခု ပြင်မယ်ဆိုလည်း ပြင်ပေါ့။ သို့ပေတဲ့ ဘာတွေ ပြင်မလို့များပါလိမ့်လို့တော့ စိတ်ဝင်စားမိတာပေါ့။ချွန်တဲ့သူကလည်း ချွန်ရှာပါတယ်။ ရှင်စောပု နန်းတင်လို့ရအောင် ပြင်မှာပါတဲ့။ (တို့ မယုံဘူး)ပြင်လက်စနဲ့တော့ မထူးပါဘူးကွယ်။ ပြည်နယ်ပြည်မ အခွင့်အရေးလေးတွေ မျှသွားအောင်Federalism ကလေးပါ ၀င်ဆွေးနွေးကြည့်ကြရအောင် လို့ မျှော်လင့်ထားသူတွေကလည်း တပုံကြီးပါပဲ။ခွဲမထွက်နဲ့ဆိုလည်း မထွက်ပါဘူး။ ဒါပေသိ မြန်မာနဲ့ တိုင်းရင်းသားတွေအကြားမှာ ဘီလူးစည်းလူ့စည်းတိတိပပ ရှိစေချင်လို့။ အာဏာကို ဘယ်လိုခွဲကြမတုန်း။ တာဝန်ကို ဘယ်လိုခွဲကြမတုန်း။ အရင်းအမြစ်နဲ့သယံဇာတကို ဘယ်လိုခွဲကြမတုန်း၊ ငွေရေးကြေးရေးကို ဘယ်လို စီမံခန့်ခွဲကြမတုန်း တဲ့။

တခါကခရီးသွားတစ်ယောက်ဟာ ဗိုက်ဆာလွန်းလို့ ဘုန်းကြီးကျောင်း တစ်ကျောင်းပေါ်တက်ပြီး ဆွမ်းကျန်ဟင်းကျန်ကလေးများပေးပါကျွေးပါ တောင်းသတဲ့။ အဆင်မပြေပါဘူး။ ဘုန်းကြီးက တွင်တွင်ခေါင်းခါလို့ ခေါင်းငိုက်စိုက်နဲ့ကျောင်းပေါ်ကဆင်းလာရတယ်။ ကျောင်းအောက်က ကိုရင်ကြီးက မြင်တော့

“ရော်။ဒကာ့နှယ်။ ငါ့ဘုန်းကြီးအကြောင်းလည်း မသိပဲနဲ့။ ငါပြမယ်။ လာလိုက်ခဲ့။”
ဆိုကျောင်းပေါ် ပြန်ခေါ်သွားသတဲ့။ ကျောင်းပေါ်မှာ ဘုန်းကြီး ဦးချပြီး စပ်ဖြဲစပ်ဖြဲနေတဲ့ကိုရင့်ကို ဘုန်းကြီးက

“ဟဲ့ကိုရင်။ ဘာတွေ အူမြူးနေသတုန်း။ ပြုံးစိစိနဲ့။”လို့မေးတော့ ကိုရင်က

“မှန်လှပါ။တပည့်တော် အိပ်မက်မက်တယ်ဖျာ့။ အိပ်မက်ထဲမှာ ဆရာတော်က ရှင်ဘုရင်ကြီး ဖြစ်လို့ဖျာ့။”လို့ လျှောက်သတဲ့။ ဘုန်းကြီးလည်း ပြုံးဖြီးဖြီးလုပ်လို့မှမဆုံးသေးဘူး။ ကိုရင်က

“အရှင်ဘုရားတိုင်းပြည်ကြီးက ကျယ်လိုက်တာဖျာ့။ တပည့်တော်ကို ကျောက်ပန်းတောင်း နယ်ကလေးတစ်နယ်လောက်အပိုင်စားပေးပါလားဖျာ့။”

“ဟေ့အေးလကွာ။ကိုရင့်နှယ် ငါ ထန်းလျက်ကြိုက်မှန်း သိလျက်နဲ့။ ကျောက်ပန်းတောင်းက ထန်းလျက်ပေါသယ်ကွ။”

“ဒီလိုဆိုလည်းရှမ်းပြည်က သီပေါလေးဖြစ်ဖြစ်။”

“လုပ်ပြန်ပြီ။သည်ကိုရင်။ ငါလက်ဘက်ကြိုက်တာ မင်း မသိဘူးလား။ ပေးနိုင်ဘူးကွာ။”

“တော်ပါပြီဆရာတော်ရယ်။ ဒါဖြင့်လည်း ဘာမှမထွက်တဲ့ ပခုက္ကူသာ ပေးရစ်ပါတော့။” လို့လည်းဆိုရော ဘုန်းကြီးလည်းကြိမ်လုံးထဆွဲပြီး

“တယ်လည်းအတောင်းအရမ်းထူတဲ့ ကိုရင်။ ပခုက္ကူမှာ ရှင်မတောင်က သနပ်ခါး ထွက်တယ်လဟ။ ငါ့မိဖုရားကြီးသနပ်ခါးလိမ်းဖို့ ထားရဦးမှာ။”ဆိုလိုက်ရိုက်တော့ ကိုရင်က ခရီးသွားတကာကို

“ကဲငါ့ရှင်။ မြင်ပြီ မဟုတ်လား။ ငါ့ဆရာတော်က ငါ့ဟာငါ အိပ်မက်ထဲမက်တဲ့ဟာတောင် သူ့ဆီတောင်းရတဲ့အစား မဟုတ်ဘူး။” လို့ ပြောသတဲ့။

ကိုယ့်လူတို့လည်းလိုချင်သမျှ တောင်းချင်သပဆို တောင်းကြည့်ကြပေါ့ဗျာ။ ကိုရင်ကတော့ လစ်ပြီ။ တာ့တာ။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.