05/08/13

နေမျိုးဇင် (တပ်ထွက် ဗိုလ်ကြီးဟောင်း)နဲ့  တစ်မိနစ်တာလောက် စကားပြောခဲ့ဖူးတဲ့ဖြိုးဝေအောင် မြေချ အခမ်းအနားကအပြန်ကို သတိရတယ်ဆိုတာ က နေမျိုးဇင်ဒဏ်ငွေမဆောင်ဘဲ ထောင်ကိုရွေးလိုက်တဲ့ကိစ္စပေါ်အခြေတည်တယ်။အရင်ရက်တွေက ရေးမယ်ရေးမယ်ဆိုပြီး ရေးလိုက်ပြန်ဖျက်လိုက် လုပ်ခဲ့ရတဲ့စတေးတပ်တစ်ခုမှာ နေမျိုးဇင်ရဲ့  နောက်ဆက်တွဲ ပြဿနာတွေ ပါခဲ့တယ်။
ငါများ ရေးလိုက်ရင် သူ့ ကို ထောင်ဒဏ်ပိုချအောင် အစဖော်ပေးလိုက်သလိုဖြစ်နေမလားမသိ ဆိုပြီး တွေးရတာကတစ်ဖက်၊ သိသင့်သိထိုက်တဲ့ မက်ဆေ့ကိုပေးသင့်တယ် ဆိုပြီး ခုခံချေပရတာကတစ်ဖက်နဲ့  အတော်ခက်ပြီးနောက်မရေးဖြစ်ခဲ့ဘူး။

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတုနဲ့  အပြင်ကိုပြန်ရောက်လာတဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး။ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံချစ်စိတ်ရှိကြတဲ့ နိုင်ငံသားတွေရဲ့  ခြေကျင်းဝတ်တန်းလန်းနဲ့  လွတ်မြောက်မှုဘဲ။

ထောင်ဒဏ် နှစ် ၆၀ ကျော် အချခံရပြီး ပြန်လည်လွတ်မြောက်ခဲ့တဲ့သူတချို့ နဲ့ လူထုလူတန်းစားအချို့  လမ်းပေါ်ထွက်ဆန္ဒပြမှုတွေထဲ လက်ရှောင်နေခဲ့တဲ့ကိစ္စကိုစကားစမြည်ဆိုကြည့်တဲ့အခါဒီတစ်ခါဆွဲစိရင်အရင်ကျန်နေသေးတဲ့ထောင်ကြွေးဟောင်းတွေပါ ပေါင်းထည့်ခံရနိုင်တယ် လို့  သုံးသပ်ပြောဆိုမှုကိုနားနဲ့ ဆတ်ဆတ် ကြားလိုက်တဲ့အခါ ဒီလို စဉ်းစားချက်မျိုး သူတို့ တတွေခေါင်းထဲ
ကျန်နေရကောင်းလားလို့  မြင်မိတာထက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်မှုဟာ စစ်အာဏာရှင်တစ်စုရဲ့  ဟန်ရေးပြ၊ အမှတ်ယူရေး၊ နိုင်ငံရေးအမြတ်ထုတ်မှု ဆိုတာကို ပိုမိုပြီး ရှင်းရှင်းထင်းထင်း မြင်လိုက်မိတယ်။

အခုထိ သူတို့ တတွေဟာ ရွှေရည်စိမ်လွတ်မြောက်မှုကို မေ့တေ့တေ့ မဖြစ်နိုင်သေးဆိုတာ ယုံကြည်မိတယ်။ သူတို့ တတွေဟာ ပြည်သူ့ လွတ်လပ်ခွင့်၊ ပွင့်လင်းလူ့ အဖွဲ့ အစည်းဆိုတာထက် သူတို့ တတွေရဲ့  မျော့ကြိုးလို တန်းလန်းငြိပါနေတဲ့
ကြွေးကျန်ထောင်ဒဏ်နှစ်များစွာကိစ္စကို အရင်ဦးစွာ ဖြေရှင်းသင့်တယ်။

ခုတော့ နေမျိုးဇင်ရဲ့  ကြွေးကျန် ၆ နှစ် တပေါင်းတည်း ကျခံစေဖို့  ဦးသိန်းစိန်အစိုးရရဲ့  တရားရေးမဏ္ဍိုင်က ဆုံးဖြတ်ချက်ဟာ ဒီအချက်ကို ပြန်အစဖော်ပေးတဲ့လုပ်ကွက်တစ်ခုလို့  မြင်တယ်။ အတိုက်အခံတွေဘက်ကသာ ယုံကြည်မှုအသေအလဲ တည်ဆောက်ချင်တာ နန့် နန့် တက် ထွန့် ထွန့် လူးနေပေမယ့်စစ်အုပ်စုအနေနဲ့  သူတို့ ရပ်တည်ချက်ကို တစ်ပြားသားမှ ဈေးဆစ်မခံ၊လျှော့ဈေးချမပေးဘူးဆိုတာ ခုထိ သဘောမပေါက်သေးရင်တော့ ပြည်သူတွေကွဲကြ ပြဲကြဦးမှာဘဲ။

အောင်မျိုးထွန်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ
=========================
May 7, 2013

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိလာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင်ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါသလားလို့မေးတယ်၊ ရှေ့နေကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေပဲ နောက်ဆုံးသွားတွေ့လာခဲ့ပါတယ်”

ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

RFA Burmese


Ambassador Mitchell attended a government-sponsored parliamentary workshop on agriculture.
Photo..U.S. Embassy Rangoon

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ လိုအပ်နေသော စိုက်ပျိုးရေးစရိတ်များကို အစိုးရမှ ချေးငွေလုံလောက် စွာ ထုတ်ပေးနိုင်ခြင်းမရှိသောကြောင့် တောင်သူလယ်သမားများအတွက် ကာလရှည်အတိုးနည်းချေးငွေကို အမေရိကန်အစိုးရမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က ကျင်းပသော လယ်ယာစိုက်ပျိုးရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။

အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေများကို ရယူနေရသည့် မြန်မာလယ်သမားများကို Soft Loan ( ကာလရှည် အတိုးနည်းချေးငွေ) ကို အမေရိကန်အစိုးရမှ ထုတ်ချေးပေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်း ကတိုက်တွန်းပြီးနောက် ရန်ကုန်မြို့၊ ပြည်ထောင်စုလွှတ်တော်ရုံးခွဲတွင်ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေး ကနဦးအလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါချေးငွေ ပေးအပ်နိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်ပြီး အစိုးရ အုပ်ချုပ် ရေးယန္တရားအတွင်း အကျင့်ပျက်ချစားမှုများကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီးမှပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ကာလတိုချေးငွေကို နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန်ပြည်ထောင်စု အေဂျင်စီ (USAID) ကမြန်မာလယ်သမားများအတွက် ရှာဖွေပေးနိုင်ပါကများစွာ အကျိုးရှိမည်ြ ဖစ်ကြောင်း သူရဦးရွှေမန်းမှ ပြောကြားခဲ့သည့်အပြင်အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် မှလည်း လယ်သမားများကိုလုံလောက် သောချေးငွေထုတ်ပေးရန်လိုအပ်ပြီး လက်မှု လယ်ယာမှ စက်မှုလယ်ယာ သို့ကူးပြောင်းရာတွင် အစိုးရမှ အကူအညီပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်သမားများအား ချေးငွေထုတ်ပေးမည့်ကိစ္စအပြင် နိုင်ငံရေးတည်ငြိမ်မှုအတွက် အဓိကကျသော ဆန်းစပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် လယ်သမားများ ဆန်စပါးကို ထိုက်သင့်သောနှုန်းဖြင့် ရောင်းချနိုင်ရေး အတွက် လယ်သမားကာကွယ်စောင့်ရှောက်ရေးဗဟို ကော်မတီဖွဲ့စည်းရန် လယ်သမားကာ ကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းတွင် ရေးဆွဲထားကြောင်း သူရဦးရွှေမန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လယ်သမားများကို လုံလောက်သော ချေးငွေထုတ်ချေးခြင်း၊ အတိုးနည်းချေးငွေရှာဖွေပေးခြင်း၊ စပါးဈေးထိုး မကျစေရန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးခြင်းနှင့် ဆန်စပါးဈေးကို ဆန်ကုန်သည်များမှ ဈေးကွက်ပေါက်ဈေးထက် ထိုးတင်ရောင်းချခြင်းမပြုရန် အမြင့်ဆုံးရောင်းချနိုင်သည့် ဈေးနှုန်းသတ်မှတ်ပေးခြင်း တို့ကိုယင်း ဗဟိုကော်မတီက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

စပါးစိုက်ပျိုးသည့် အခြားနိုင်ငံများတွင် စပါးရိတ်သိမ်းပြီးပါက အောက်တိုဘာလတွင်ဆန်စပါးဈေး ထိုးကျနိုင်ပြီး ပြည်တွင်းလယ်သမားများ အရှုံးပေါ်နိုင်သဖြင့် ယခုဥပဒေကြမ်းကို ဇွန်လအတွင်း ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးတွင် အပြီးဆုံးဖြတ်သွားဟု သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း သိရှိရသည်။

Yangon chronicle


သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြလိမ့်မယ်လို့ ထင်မိတယ်ဗျာ။

လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။

ကျုပ်က သမ္မတကိုတော့ ယုံတုံတုံပါ။ ဒါပေမဲ့ သူ့အစိုးရရဲ့ လယ်ဝန်းကြီးတစ်ပါးကတော့ လယ်သမားကို ထမင်းတစ်နပ်လျှော့စားခိုင်းထားတယ် မဟုတ်လား။ အဲ့ဒီဝန်ကြီးရဲ့ ဓာတ်တွေများ ကူးစက်သွားလေမလားဟဲ့ရယ်လို့ ရင်တမမ ဖြစ်နေမိတာလည်း အမှန်ပဲဗျာ။ အဲ အဲ သမ္မတကိုယ်တိုင်ကလည်း ဆင်းရဲသားလယ်သမား သားသမီးဆိုတော့ ကိုယ်ချင်းစာစိတ်ကလေး တစ်ဆိတ်တစ်ဖဲ့တော့ ရှိဦးမှာပါ။ လယ်သမားတွေထမင်းတစ်နပ်တောင် မဝတဝစားနေရတာဆိုတော့ တစ်နပ်လျှော့စားခိုင်းမယ် မထင်ပါဘူး။

ကျုပ်တို့ သမ္မတကြီး ကချင်ပြည်နယ် တိုင်းခန်းလှည့်လည်ခြင်း မပြုနိုင်သေးတာတော့ စိတ်ထဲ၊ ရင်ထဲ မချင့် မရဲ ဖြစ်ရတာပေါ့ဗျာ။ ဟိုလွှတ်တော် ဥက္ကဋ္ဌကြီးဘယ်သူဆိုလားတောင် မမှတ်မိပါဘူး။ ကချင်ပြည်နယ်ကို ထွက်တော်မှူးကြီးနဲ့ လှည့်သွားပြီးပြီလေ။ ကျုပ်တို့ သမ္မတကြီး တဖူနာသွားတယ်မပြောနဲ့။ ဘာတဖူနာ ရမှာလဲ။ တစ်နေ့နေ့တော့ သမ္မတကြီးလည်း ကချင်ပြည်နယ် စစ်မြေပြင်တွေအရောက် ကြွချီတော်မူဦးမှာပေါ့ကွယ်။

သမ္မတကြီးက ဟိုလွန်လေပြီးသောအခါက စစ်အာဏာကောင်စီတွေရဲ့ အတွင်းရေးမှူးကြီး၊ စစ်စိုးရတွေရဲ့ဝန်ကြီးချုပ်ကြီး၊ စစ်အာဏာသား (ဟုတ်ပေါင်) အမျိုးသားညီလာခံကြီးရဲ့ ဥက္ကဋ္ဌကြီး စတာတွေအဖြစ် ဆောင်ရွက်ခဲ့သူမဟုတ်လား။ ဒီတော့ ကချင်စစ်မြေပြင်မှာ လေယာဉ်ဒုံးစာ၊ ဗုံးစာတွေမိပြီး ကျဆုံးရှာခဲ့ကြရတဲ့ ကချင်လက်နက်ကိုင် ရဲဘော်လေးတွေရဲ့ လက်ဝါးကပ်တိုင်လေးတွေမှာ အလေးပြုပြလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်ဗျာ။

ဒီရက်ပိုင်းအတွင်း ဗြိတိသျှဝန်ကြီးချုပ်တစ်ယောက် အိန္ဒိယရောက်နေတယ်။ လွန်ခဲ့တဲ့ နှစ်တရာလောက်က ဗြိတိသျှတွေလက်ချက်နဲ့ ကျဆုံးခဲ့ကြရတဲ့ ပန်ချာပီစစ်သားတွေရဲ့ သင်္ချိုင်းမှာပန်းခွေချ အလေးပြုခဲ့တယ်။ လွန်သမျှဝန်ချတယ်ရယ်တော့ မဟုတ်ပါဘူး။ ဒီလောက်ကလေး လုပ်ပြလိုက်တာနဲ့ အိန္ဒိယပြည်သူတွေ ဝမ်းသာလိုက်ကြတာ။

ကျုပ်တို့သမ္မတကြီးလည်း ဒီလို `လုပ်ပြ´လေးတွေ လုပ်တက်ပါတယ်။ အဲဒီလို အပြလေးလောက် လုပ်ပြလိုက်ရင် ကချင်လူထုကြီးကရော၊ တခြားတိုင်းရင်းသား ပြည်သူတွေကပါ ဝမ်းသာလိုက်ကြမယ့်ဖြစ်ချင်း။ ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးစုတစ်စုဆိုတော့ ဗမာတွေလည်း ဝမ်းသာကြမှာပေါ့ဗျာ။

မနေ့တစ်နေ့က သမ္မတကြီးလူတွေ ထိုင်းနိုင်ငံသွားလုပ်နေတဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို ဟာမျိုးတွေလည်းဇာတ်ပေါင်းခန်းမြန်မြန်ဝင်နိုင်မှာပေါ့ဗျာ။
အေးဗျာ။ ကျုပ်တို့ကတော့ မွေးကတည်းက ကြားလာခဲ့ကြရတဲ့ သေနတ်သံတွေ တိတ်သွားဖို့ စိတ်ကူးယဉ် ကြည့်နေမိတုန်းပေါ့လေ။ အဲဒီတုန်း ဘယ်နှယ့်များ ရှမ်းပြည်နယ်က သေနတ်သံတွေ ထွတ်လာရပြန်တာလဲဗျို့။ မဟုတ်သေးဘူး ထင်တယ်နော်။ ကြည့်လုပ်ကြပါဦး။

နောက်တစ်မီးက ငြိမ်းမယောင်ယောင် ထတဲ့လို့လောင်ပြန်သဗျ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ဘက်မှာတဲ့။ အိမ်ကိစ္စဆိုလား။ စာသင်ကျောင်းကိစ္စဆိုလား။ ဗလီကိစ္စဆိုလား။ သေချာမသိပါဘူး။ ပြဿနာဆိုတာ ဒီလိုပဲဗျ။ လောင်စာကြွင်းရှိသရွေ့တော့ တဗျင်းဗျင်း ထလောင်တတ်တာမျိုးကလား။ ဝိုင်းငြှိမ်းကြဦးစို့ရဲ့ပေါ့။

ဒါထက် စကားမစပ် ပြောရဦးမယ်။ ရခိုင်အရေးကိစ္စကကော ဘယ်စခန်းဆိုက်နေသလဲဗျ။ စုံစမ်းရေးကော်မရှင်က ဘာသံမကြား၊ ညာသံမကြား။ ငြိမ်လို့ပါလား။

လွှတ်တော်ထဲက ထွက်လာတဲ့ အသံကတော့ ရခိုင်ဒေသမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးတဲ့။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ရိုဟင်ဂျာရယ်လို့ ဖော်ပြတာမပါဘူးတဲ့။ မြန်မာအစိုးရတွေလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲတဲ့။

ပြည်ထဲရေးဌာနဒုတိယဝန်ကြီးကလွှတ်တော်မေးခွန်းကိုဖြေရင်း ပြောသွားသတဲ့။

အေးဗျာ။ သမ္မတကြီး ကျန်းမာပါစေ။ သူက အိတ်ခ်ျရောဂါသမားဆိုတော့ သူ့ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေလေ။ သူ့ရဲ့အိတ်ခ်ျရောဂါကဒေါ်ဖြူဖြူသင်း ကူရှင်းပေးစရာလိုတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ဟတ်ဒီစီဆိုလား နှလုံးရောဂါတဲ့ဗျား။

နေပြည်တော်မှာ အထူးကုသမားတော်ကြီးတွေ တစ်ပတ်နှစ်ကြိမ် နှလုံးရောဂါ စမ်းသပ်ကုသပေးနေသတဲ့။ တပ်ချုပ်ဟောင်းကြီးကို စမ်းပေးနေသတဲ့။ ဦးသိန်းစိန်လည်း တပ်ချုပ်ဟောင်းကြီးနဲ့ အပေါင်းအသင်းလုပ်နေလိုက်ရုံပါပဲ။ မျှောကု၊ ရောကု လုပ်နိုင်သပေါ့ဗျာ။ ကောင်းသွားမှာပါ။ ကောင်းသွားမှာပါ။

ကျုပ်ကတော့ဆုတောင်းရုံတောင်းတတ်တော့သဗျာ။

ကျုပ်လိုဟတ်သမားကြီးတွေ မာပါစေ။ ချာပါစေ။ သာပါစေပေါ့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၈)။။။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမကြီးတွင် ၂၈.၄.၂ဝ၁၃ ရက်နေ့ ညနေ (၆းဝဝ) နာရီအချိန်၌ မဟာသင်္ကြန်ရက်များအတွင်း အများပြည်သူတို့အား “ပေးဆပ်သူများ” သံချပ်အဖွဲ့တွင်ပါဝင်၍ ကူညီပံ့ပိုးပေးခဲ့ကြသူ များအား ဂုဏ်ပြုပွဲနှင့် ဖျော်ဖြေပွဲအား ကျင်းပခဲ့သည်။ “ပေးဆပ်သူများ” သံချပ်အဖွဲ့သည် မဟာသင်္ကြန်ရက်များ အတွင်း ဖိတ်ကြားထားသည့် သင်္ကြန်မဏ္ဍပ်များ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးများသို့တွင် အများပြည်သူတို့မှ ချီးမြှင့် ပေးအပ်သည့် ဆုကြေးငွေ သိန်းတစ်ရာလေးဆယ်ကျော်တို့အားနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်လှူဒါန်းခဲ့ပြီးယင်းငွေကြေးများဖြင့် ပြည်မြို့ လေဘေးဒုက္ခသည်များထံသို့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုခြင်း၊ ချီးမြှောက်ထိုက်သူအား ချီးမြှောက်ခြင်းဖြင့် ပေးဆပ်သူတို့အား ဂုဏ်ပြုပွဲစီစဉ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

ထိုဂုဏ်ပြုပွဲ၌ သံချပ်စကားလုံးများ စီစဉ်ရေးသားပေးခဲ့သော ဦးမောင်မောင်လှ၊ သင်္ကြန်ရက်တွင်း အသင်း၏ ကိစ္စရပ်များအတွက် အသုံးပြုနိုင်ရန် Taxi ကူညီပံ့ပိုးပေးခဲ့သော ဦးပေါက်ကြီး၊ သံချပ်အဖွဲ့၏ ဖျော်ဖြေမှုခရီးစဉ် လိုက်ပါကူညီပေးခဲ့သော ဟာသသရုပ်ဆောင် ထက်ထက်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဝန်ထမ်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ ကိုညီညီအောင်၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ ကိုသူရိန်ဝင်း၊ အသင်းသား/သူများနှင့် သံချပ်အဖွဲ့ဝင်များ၊ အကအဖွဲ့ဝင်များ၊ အထူးဧည့် အသင်းသား/သူများဖြစ်ကြသည့် တေးရေး/တေးဆို ဆောင်းဦးလှိုင်၊ပိုပို၊နန်းခင်ဇေယျာ၊သံချပ်လှည့်လည် ဖျော်ဖြေရေး မော်တော်ယာဉ်များ ကူညီပံ့ပိုးပေးခဲ့သော ရွှေစင်စကြ်ာယာဉ်လိုင်း ဦးလှမိုးနိုင်နှင့် မော်တော်ယာဉ်မှူးများ၊ ယာဉ် နောက်လိုက်များ၊ သံချပ်အဖွဲ့အား အဖက်ဖက်မှတက်ကြွစွာ တာဝန်ထမ်းဆောင်ပေးခဲ့ကြသော လုံခြုံရေးအဖွဲ့၊ ဆက် သွယ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဒီဇိုင်းပြင်ဆင်ရေး အစရှိသည့် လုပ်အားပေးလူငယ်/ ရွယ်များတို့အား ဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် အသင်းသူ/သားများ၊ တေးသံရှင် ကိုဆောင်းဦးလှိုင်နှင့် ပိုပိုတို့မှ သီချင်းများသီဆို ဖျော်ဖြေခဲ့ကြပြီး ထူးခြားမှုတစ်ရပ်အဖြစ် ကိုဆောင်းဦးလှိုင်မှ Keyboard တီးခတ်ပေးခဲ့၍ ဦးကျော်သူနှင့် တွဲဖက်ကာ “ငွေသော်တာရောင်ခြည်” သီချင်းအားသီဆိုခဲ့ကြသည်။ “ပေးဆပ်သူများ” သံချပ်အဖွဲ့၏ ဖျော်ဖြေမှုအား နားသောတဆင်ကာ အသင်းသား/သူများ၊ ဝန်ထမ်းများတို့ အားလုံး ဘူဖေးဖြင့် ညစာ ဧည့်ခံသုံးဆောင်ကြပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အောင်မြင်စွာအဆုံးသတ်ခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ပေးဆပ်သူများ” ပြည်သူ့အကျိုးပြု သံချပ်အဖွဲ့၏ ခြေလှမ်း တိုင်းသည် အများပြည်သူတို့အတွက်ဖြစ်သည်နှင့်အညီ နောင်နှစ်များတွင်လည်းအများပြည်သူတို့အတွက် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ပေးဆပ်သွားဦးမည်ဖြစ်သည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.