05/09/13

ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ်လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာတွေ တိုးလာသဗျာ။ ကိလေသာမကုန်သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင်ဖြစ်လာသေး။

ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။

ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါးအပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲအကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာလို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။

ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေကြော်တဲ့၊ လှော်တဲ့ လူ့ငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ အာဏာရှင်စစ်သူရဲတွေရဲ့ တရှဲရှဲဆီပူထိုး ချိုးကပ်တဲ့ညှော်နဲ့ဆိုးလားဟဲ့။

မဖြစ်ချေဘူးကွယ်ရို့။ ငရဲအိုးတွေချိုးမကပ်အောင်တော့ ခွာကြမှ တော်မယ်ကွယ်။ ငါကိုယ်တိုင် အဲ့ဒီငရဲအိုးတစ်မျိုးမျိုးထဲ ဆင်းရဦးမှာလားတောင် မသိတာ။ ဆီပူအိုးဆိုတာ ချိုးရှိရင်နောက်ထည့်ပစ္စည်း ချိုးကြီးကပ်ဖို့ နီးသဟဲ့။

ငါ ဆီပူလောင်ပြန်ဦးမှာလား။ ချိုးကြွပ်ကပ် ပြန်ဦးမှာလား။
ဒီလိုပဲပေါ့ဗျာ။ တွေးတောယုံမှားခြင်းတွေ ကျုပ်ကို ညှဉ်းဆဲနေသဗျ။ အေးအေးသတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။ အပူကင်းကြပါစေ။ ငရဲအိုးတွေချိုးမကပ်ကြပါစေနဲ့။ အမျှ အမျှ အမျှ။

ငရဲအိုးတွေကိစ္စ ပြောမယ့်သာပြောရတာ။ ကျုပ်တို့၊ ခင်ဗျားတို့ခေတ်မှာ စစ်အာဏာရှင်ငရဲအိုးတွေ အမျိုးအမျိုး ပေါ်ခဲ့တာဆိုတော့ ရိုးနေတဲ့ကိစ္စပဲပေါ့လေ။

အခု သမ္မတဦးသိန်းစိန် အစိုးရခမျာလည်း အဲဒီငရဲဆီပူအိုးတွေကို ချိုးခွာရမယ့် တာဝန်ကြီး ပိနေရှာတယ်။ သနားစရာပဲဗျာ။ သမ္မတကြီးလည်းချွေးတလုံးလုံးနဲ့ဗျာ။ စစ်အာဏာရှင်တွေကြော်ခဲ့၊ လှော်ခဲ့ကြတာဗျ။ အဲဒီတုန်းက ဗိုလ်သိန်းစိန်တစ်ယောက် မှူးကြီး-ချုပ်ကြီး ဗိုလ်ရာဝင်ပြီလား။ ရှေ့တန်းရောက်နေပြီလား၊ မသိပါဘူးဗျာ။ အဲ ဗိုလ်ချုပ်ကြီးတွေ လက်စွမ်းပြခဲ့ကြတဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဟန့်တားမှုတွေက နည်းမှတ်လို့။ အဲဒါတွေရဲ့ သင်္ကေတ ပြယုဂ်ဖြစ်တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ဆိုတာကလည်း များမှများ။ တစ်ပြည်လုံး ပလူပျံနေတာလေ။

လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်အတွင်း လူငယ်ကျောင်းသား၊ ရဟန်းရှင်လူအများကို ထောင်ငရဲအိုးတွေမှာ ကြော်ခဲ့၊ လှော်ခဲ့သဗျ။ စစ်ထောက်လှမ်းစခန်းတွေမှာလည်း ထိုနည်းလည်းကောင်း။ အဓမ္မအလုပ်စခန်းတွေမှာလည်းအလားတူစွာပေါ့။ မီးပြင်းတိုက်၊ ဆီပူထိုး၊ ချိုးကပ်အောင် ကြော်သပေါ့လေ။ အဲဒီမီးပြင်းတွေ၊ အဲဒီဆီပူတွေဆိုတာက ပြောခဲ့တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေပဲပေါ့ဗျာ။

တကယ်တမ်းပြောမယ်ဆိုရင် အာဏာရှင်ခေတ်ဆိုးရဲ့ ချိုးတွေက ကျုပ်တို့တစ်မျိုးလုံးကို ကပ်နေတာဗျ။ အဲဒါတွေကို ကျုပ်တို့ တစ်မျိုးလုံးပဲ ကုန်းရုန်းတွန်းတိုက် မိုက်မိုက်ကန်းကန်း ခွာကြရမှာဗျ။ ခြစ်ကြရမှာဗျ။ ချွတ်ကြရမှာဗျ။ ပွတ်ကြရမှာဗျ။ ဖဲ့ကြရမှာဗျ။

ဒီနေ့ ကျုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ခါးခါးသီးသီး တွေ့ကြုံခံစားနေကြရတဲ့ ရခိုင်ပြဿနာ၊ ကချင်စစ်ပွဲ၊ လက်ပံတောင်း သယံဇာတိကျိန်စာ၊ လယ်မြေအဓမ္မသိမ်း၊ စက်မှုကျွန်ခိုင်း၊ ပညာရေးဦးနှောက်ချောင်၊ ကျမ်းမာရေးလူညွန့်တုံး၊ အလုပ်သမား-လယ်သမား-လက်လုပ်လက်စား ဘဝပျက်၊ အရာရှိ-အရာခံ ဝန်ထမ်းလုပ်သား အကျင့်ပျက်၊ ပြည်သူတိုင်းရင်း ဆင်းရဲတွင်းနက်၊ စာနယ်ဇင်း အလင်းမဆောင်နိုင်၊ လွှတ်တော်ထဲက မရွေးအမတ်အသံ၊ အာဏာကပ်ပါး ခရိုနီတို့ရဲ့ခြေလှမ်း၊ အားလုံးပေါ့လေ။ စစ်အာဏာရှင်ခေတ်ဆိုးရဲ့ချိုးတွေဗျ။ ခွာကြဟေ့၊ ခွာကြ။

အဲ..... အဲ..... အညစ်ဆုံး၊ အမှောင်ဆုံး တဒယ်အိုးလုံးကို မီးသွေးတုံးကြီးလို စွဲကပ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ချိုးကြီးကိုလည်း ခွာကြရဦးမယ်ဗျ။

သမ္မတဦးသိန်းစိန် အစိုးရလည်းလက်ပိုက်ကြည့်မနေရှာပါဘူး။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်စရိုက်မကျင့်မိလေအောင် အလိုက်သင့်ကလေး စစ်အာဏာရှင်စနစ်ဆိုးချိုးတွေနွှာ၊ အိုးတွေခွာပေးနေတယ်ဗျာ။ ၁၉၈၈ ကတည်းကထုတ်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ အမိန့်ကြော်ငြာစာ ၂/၈၈ ကိုနှစ်အစိတ်ပြည့်လုတဲတဲလေးမှာ ရုပ်သိမ်းလိုက်တာကြည့်။

ကောင်းတယ်။ ကောင်းချီးပေးကြပါ။ သရီးချီးယား ဟစ်ဟစ်ဟူးရေးလို့ ဘိုလိုအော်ချင် အော်ကြပါ။

သမ္မတကြီးဟာ နှလုံးသမားဗျ။ ဟိုနှစ်လုံးသမား ပြောတာမဟုတ်ပါဘူး။ နှလုံးရောဂါသမားလို့ပြောတာပါ။ နှလုံးသမားဆိုတာ စိတ်မချရဘူး။ အဲဒီရောဂါမျိုးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဗျ။ တစ်နေ့နေ၊ တစ်နေ့ အဲ ..... အဲ .... သက်တော်ရာကျော်ရှည်ဆိုတာမျိုးဗျ။

ကျုပ်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို အာဖြဲဟစ်လိုက်ချင်စိတ် ပေါက်လာတယ်ဗျာ။ ကျုပ် သူငယ်ပြန်တာ မဟုတ်ပါဘူးနော်။ သူငယ်ပျော်တယ် ဆိုချင်ဆိုပါ။

ကိုင်း .... ကိုင်း ... ကျုပ်နဲ့အတူ အတင်းအာဖြဲ သီချင်းကဗျာ ဟဲကြစို့။

“နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် နှလုံးသမားကို တအားကူမယ် စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ် .... ” ကိုင်း ..... ငရဲပြည်ကို၊ ငရဲကျွတ်တို့၊ ငရဲလူထွက်တို့ ....။

..... သမ္မတ ထောက်ခံကဗျာတေးကို ကျကျနန နောက်တစ်ပြန် လျှာသွေးလိုက်ကြပါဦး။ ဝမ်း .... တူး ... သရီး ...

“ နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် .... .... .... စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ်”။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၅)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်း အပြန်အလှန် ပစ်ခတ်မှုတစ်ရပ် ယနေ့ ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် စီဂွန်ဒီဝါ ကျေးရွာ မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးဒဏ်ရာရရှိမှု အခြေအနေကို ရှင်းရှင်းလင်း မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ဒုတိယရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး နာနာမ်းဆူကာနာက ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း ဗန်ဒေါင်းမြို့ကပေးပို့ထားတဲ့ အေပီသတင်းတစ်ရပ်ကို ကိုးကားပြီး “The Wichita Eagle” အင်တာနက်သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။

အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး တိမုရ ပရာဒိုဗို ရဲ့အဆိုအရ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရခြင်းမှာ စစ်သွေးကြွဟု သံသယရှိခံရသူများ ခိုအောင်းနေသော နေအိမ်အတွင်းမှ စတင်ကာခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာ နေအိမ်နှင့်အနီးတ၀ိုက်တွင် ဒေသခံများကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ ကြောင်းသတင်းစာမျက်နှာမှဆြက်လက်ဖေါ်ပြထားပါတယ်။

“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီး တိမုရ ပရာဒိုဗို ကပြောသည်။
အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော အေပီသတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့၏လက်နက်ချရန်ကြိုတင်သတိပေးချက်များကို လစ်လျူရှုကာ နေအိမ်အတွင်းမှ စတင်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ဒေသတွင်း ရုပ်/သံ သတင်းဋ္ဌာန Metro TV မှ ရုပ်သံသတင်းရိုက်ကူးသူတစ်ဦးကလည်း အခင်းဖြစ်ပွားမှု မှတ်တမ်းတစ်ခု အမိအရ မှတ်တမ်းးတင် ရိုက်ကူးနိုင်ခဲ့ကြောင်း၊
ဒီနှစ် မေလ လဆန်ပိုင်း မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်ရန်ကြံစည်မှုဖြင့် သံသယရှိသူ အစွန်းရောက်စစ်သွေးကြွ ၂ ဦးကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ်တွင်လည်း ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များ တိုက်ခိုက်ခံရခြင်းအတွက် လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းမှာ ဆက်လက်ဖေါ်ပြထားပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့အဆိုအရ မကြာခင်ရက်များအတွင်း ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ခဲ့တဲ့ အစွန်းရောက်စစ်သွေးကြွ အဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဒီနေ့ဖြစ်ပွားခဲ့တဲ့အလားတူ စီးနင်းတိုက်ခိုက်မှုတစ်ခုမှာလည်း အင်ဒိုနီးရှား အကြမ်းဖက်မှု နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များမှ အစွန်းရောက်စစ်သွေးကြွတစ်ဦးကိုပစ်သတ်ခဲ့ပြီး အခြားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း
သတင်းမှာဆက်လက်ဖေါ်ပြထားပါတယ်။ ။
s.m.Aunng/မြန်မာဓိက
ကိုးကား - http://www.kansas.com/2013/05/08/2794012/indonesia-raids-suspects-wanted.html

ZinYawNews

( 6 May 2013 ရက်စွဲပါ Energy Tribune မှ Tim Daiss ၏ China’s Myanmar Pipeline drama continues to unfold သတင်းကို ဘာသာပြန်ဆိုသည်။)

Photo Credit by Offshore - asia.blogspot.com

မည်သို့ပင် အခက်အခဲများ ရှိနေစေကာမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ရေနံနှင့် ဂက်စ်ပိုက်လိုင်း လုပ်ငန်း များအား ဆက်လက်အကောင်အထည်ဖော်သွားမည်ပင်ဖြစ်သည်။ ပြည်တွင်း မီဒီယာများမှ နေ့စဉ်နှင့်အမျှ ဝေဖန် ပြောဆို မှုများ ပြုလုပ်နေသော်လည်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသော ရွေသဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းအား အပြင်းပွားမှုများ ကြားမှ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သော ပိုက်လိုင်းစီမံကိန်းသည် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံများကို မလက္ကာ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းကာ ပို့ဆောင်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ စွမ်းအင်လုံခြုံရေးအတွက် အပိုရေနံ နှင့် သဘာဝဓါတ်ငွေ့များကိုပါ ပေးစွမ်းနိုင်မည်ဖြစ်သည်။

ပိုက်လိုင်းများကို မြန်မာ့အနောက်ဘက်ကမ်းရိုတန်းတစ်လျှောက် ဆောက်လုပ်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ ယူနန်ဒေသ နယ်စပ်မြို့ဖြစ်သော Ruili သို့မရောက်ရှိခင်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ထို့အပြင် ရေနံစိမ်းအတင်အချ ပြုလုပ်မည့် ဆိပ်ကမ်း တစ်ခုကိုလည်း မြန်မာ့အနောက် ဘက် ကမ်းရိုးတန်းရှိ ကျောက်ဖြူဒေသတွင် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများသည် ရွှေ ကမ်းလွန်ရေနံလုပ်ကွက်မှ သဘာဝဓါတ်ငွေ့များကို သယ်ယူပို့ ဆောင်သွားမည်ဖြစ်သည်။

ရေနံပိုက်လိုင်းမှာ ၇၇၁ ကီလိုမီတာ ( ၄၇၉ မိုင်) ရှည်လျားမည်ဖြစ်ပြီး သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများကို တရုတ်နိုင်ငံ Kunming , Guizhou နှင့် Guangxi ဒေသများအထိ တိုးချဲ့သွားမည်ဖြစ်ကာ စုစုပေါင်းအနေဖြင့်၂,၈၀၆ ကီလိုမီတာ ( ၁,၇၀၀ မိုင်) ရှည်လျားမည်ဖြစ်သည်။ အဆိုပါပိုက်လိုင်း စီမံကိန်းများကို ဇွန်လတွင် ပြီးစီး၍ ရေနံစတင် တင်ပို့နိုင်ရန်စီစဉ် ထားပါသည်။

ရေနံပိုက်လိုင်းများကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ( MOGE ) တို့မှ ပူးပေါင်းရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEACOP) မှ စီမံခန့်ခွဲသွား မည်ဖြစ်သည်။

သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိုမူ CNPC, MOGE , Daewoo International , KOGAD နှင့် Indain Oil and GAIL တို့မှ ပူးပေါင်းရင်းနှီးမြုပ်နှံကာ တည်ဆောင်သွားမည်ဖြစ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများအား CNPC ၏ လက်အောက်တွင်ရှိသော အရှေ့တောင်အာရှဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ ( SEAGP) မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ထပ်မံဖြည့်စွက်ရပါက CNPC သည် ရွှေရေနံလုပ်ကွက်ရှိ A – 1 နှင့် A – 3 အကွက်များမှ သဘာဝဓါတ်ငွေ့ ၀ယ်ယူ ရန် အတွက် နှစ် ၃၀ စာချုပ်ဖြင့် လက်မှတ်ရေးထိုး သဘောတူညီပြီးဖြစ်သည်။

သို့သော် ပိုက်လိုင်းစီမံကိန်းသည် စတင်ဆောက်လုပ်စဉ်ကပင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး စီမံကိန်းပြီးဆုံး ကာနီးလေလေ သဘောမတူကြောင်း ကန့်ကွက်မှုများ များလာလေလေပင် ဖြစ်သည်။

တရုတ်အစိုးရအဖြင့် CNPC မှတစ်ဆင့် အဆိုပါ အရှေ့တောင်အာရှသားများ၏ ပဋိပက္ခပြဿနာများကိုကိုင်တွယ် ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

မြန်မာ - တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ ( MCPWC) မှ အစီရင်ခံစာ တစ်စောင်ကို ဧပြီလကုန်တွင်

ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် ပိုက်လိုင်းတည်ဆောက်မှုကြောင့်ဖြစ်ပေါ်လာမည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက် မှုများအပေါ် အကဲဖြတ်မှုများကို ဖော်ပြထားခဲ့သည်။ အချို့သော မြေယာသိမ်းဆည်းခံရသူများက သိမ်းဆည်းခံရသော မြေယာများအတွက် ပေးသော နစ်နာကြေှးများမှာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွှတ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့သို့ မကျေနပ်မှုများရှိနေသောလည်း MCPWC မှ ပိုက်လိုင်းအသုံးစရိတ်၏ .၀၁၂၈ ရာခိုင်နှုန်းကိုသာ မြေယာ သိမ်းဆည်းခံရသူများ၏ နစ်နာကြေးငွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အခြားသောအဖွဲ့အစည်းများမှ ပြောကြားရာတွင် တာဝန်ရှိသူများမှာ စီမံကိန်းဆောက်လုပ်ရန်အတွက် မြေယာသိမ်း ဆည်းခံရသူများအားလုံးကို နစ်နာကြေး ပေးနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ မြေယာသိမ်းဆည်းခံရသော ရွာသူ ရွာသားများ၏ သုံးပုံနှစ်ပုံခန့်မှာ မြေယာသိမ်းဆည်းခံရမှုအတွက် မည့်သည့်နစ်နာကြေးမှ ရရှိခြင်းမရှိသေးကြောင်း အဆိုပါ အဖွဲ့အစည်းများမှ ဝေဖန်ပြောဆိုခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့ ဧရာဝတီသတင်းဌာန၏ သတင်းအရ ရှမ်းပြည်နယ်မှ မြေယာသိမ်းဆည်းခံရသော လယ်သမား များသည်လည်း လျောကြေးငွေ မရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီသတင်းဌာနမှ နိုဝင်ဘာ ၂၀၁၀ တွင် မြေယာသိမ်းဆည်းခံခဲ့ရသော လယ်သမားတစ်ဦးအကြောင်း ထုတ်နုတ်ဖော်ပြထားရာတွင် အဆိုပါလယ်သမားသည် ၎င်း၏ ဟက်တာဧက ၆၀ ကျယ်ဝန်းသော မြေနေရာ အတွက် လျောကြေးငွေ ကျပ်သိန်းလေးဆယ် ( ဒေါ်လာ ၄,၆၂၅) သာရရှိခဲ့သည်။ သူသည် အဆိုပါမြေနေရာ တွင်လက်ဖက်စိုက်ပျိုး ခြင်းဖြင့် နှစ်စဉ် သိန်းငါးဆယ် (ဒေါ်လာ ၅,၇၀၀) ရရှိခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

သို့သော် အဆိုပါလယ်သမားသည် နစ်နာကြေးငွေအပြည့်ဖြစ်သော တစ် ဟက်တာဧကလျှင် ကျပ် သိန်းလေးဆယ် ( ဒေါ်လာ ၄,၆၂၅) ရရှိခဲ့ကြောင်း ဖော်ပြချက်များ ရှိနေခဲ့သည်။

ထိုကဲ့သို့ပင် ပိုက်လိုင်းတည်ဆောက်ထားသော မြန်မာနိုင်ငံရှိ မြို့နယ် ၂၁ ခုတွင်လည်း အလားတူ ပြဿနာများ ရှိနေဆဲပင်ဖြစ်သည်။ ပိုက်လိုင်းစီမံကိန်းစတင်ရာ ဒေသဖြစ်သည့် မဒေးကျွန်းမှ နယ်ခံများက သိမ်းဆည်းခံထားရသော မြေနေရာများအတွက် လျောကြေးငွေများ အပြည့်ဝရရှိခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သည်။

သို့သော်လည်း ပိုက်လိုင်းစီမံကိန်းစတင်ရာ မဒေးကျွန်းပေါ်ရှိ မြေနေရာအများစုမှာ မြေလွတ်နေရာများအဖြစ် တရားဝင်မှတ်တမ်းများ ရှိနေသောကြောင့် မြေယာသိမ်းဆည်းခံရသူများကို လျောကြေးငွေပေးအပ်ရန် ဖြစ်စဉ်သည် အခက်အခဲများရှိနေကြောင်း CNPC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မဒေးကျွန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်မှ ကျွန်းသူကျွန်းသား အများစု၏ မြေယာပိုင်ဆိုင်ကြောင်း တရားဝင် စာရွက်စာတမ်း မရှိမှုနှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုရာတွင်

“ ကျွန်းသူကျွန်းသားတွေက ဒီမြေပေါ်မှာဘဲ ဓါးမဦးချလုပ်ကိုင်ရင်း နေလာခဲ့ကြတာပါ .. တကယ်လို့ သူတို့ ( CNPC) က မြေယာပိုင်ဆိုင်ကြောင်း တရားဝင်စာရွက်စာတမ်း မပြနိုင်တဲ့သူတွေကို နစ်နာကြေးမပေးဘူး ဆိုရင်တော့ ကျွန်တော်တို့ လူတွေရဲ့ အခွင့်အရေးအတွက် ဆက်ပြီး တွန်းအားပေးသွားရမှာဘဲ” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

သိမ်းဆည်းမြေယာများအတွက် လျောကြေးသည် CNPC မှဖြေရှင်းရမည့် ပြဿနာများ၏ အစကနဦးမျှပင်ရှိ သေးသည်။ ဒေသခံများနှင့် ရေနံကိစ္စကို ပြေလည်အောင်ဖြေရှင်းကောင်းဖြေရှင်းနိုင်ခဲ့သည်ရှိစေဦး ။ ပိုက်လိုင်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ခက်ခဲသော အချိန်ကာလတစ်ခု ရှိနေဦးမည်သာဖြစ်သည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အစိုးရစစ်ကြောင်းများသည် ပိုက်လိုင်းတည်ရှိရာ မြောက်ဘက် ယူနန်ဒေသ အနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ပြည်တွင်းမီဒီယာများမှ ဖော်ပြထားသောကြောင့် ပိုက်လိုင်းများ၏ လုံခြုံရေးကိစ္စသည် အထူးတလည် သံသယဖြစ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

“မြေပေါ်ပိုက်လိုင်းတွေ တည်ရှိတဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာက တကယ်ကို နီးကပ်နေပါတယ်” ဟု Interfax သတင်းအေဂျင်စီမှ အနောက်တိုင်းလုံခြုံရေးအကြံပေးတစ်ဦး၏ စကားကို ကိုးကားဖော်ပြခဲ့သည်။ တိုက်ပွဲများထံမှ ကျည်ဆံ များသည် ပေါက်ကွဲမှုကို အလွယ်ကူဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် CNPC မှတာဝန်ရှိအကြီးအကဲများအတွက် အမင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားလိုက် ရသည်နှင့် တူပေသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုသည် အမုန်းတရားများ ဖန်တီးနေ သကဲ့သို့ဖြစ်နေသည်ကို ပိုက်လိုင်းတည်ဆောက်မှုများ ပြီးဆုံးသည်နက်တစ်ပြိုက်နက် ဘိုးဘွားပိုင် မြေများနှင့် အသက်မွေး ၀မ်းကြောင်းလုပ်ငန်းများကို သိမ်းယူခံလိုက်ရသောကြောင့် ဒေါသထွက်နေကြသည့် လယ်သမားများ၏အဖြစ်ကို ထောက်ရှု ခြင်းအားဖြင့် သိနိုင်မည်ဖြစ်သည်။

အခြားသော စွပ်စွဲပြောဆိုထားမှုများသည် ပို၍ပင် စိတ်ပျက်ဖွယ်ကောင်းလှသည်။ အချို့သော ဒေသခံများမှ တရုတ်လူမျိုး ပိုက်လိုင်းအလုပ်သမားများနှင့် စစ်သားများသည် ဒေသခံအမျိုးသမီးများကို လိင်အကြမ်းဖက်မှု များပြုလုပ် ခဲ့သည်ဟု စွပ်စွဲပြောဆိုထားခဲ့သည်။

စစ်သားများ ပိုက်လိုင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရောက်ရှိလာစဉ်ကတည်းပင် ၎င်းတို့အပေါ် ကန့်သတ် တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။ သို့သော် ထိုကဲ့သို့ ပြန်လည်ပြောဆို ၀ံ့သော ဒေသခံများမှာ မကြာခဏ ထောင်ဒဏ်ကျခံလေ့ရှိသည်။ ဥပမာအားဖြင့် ဧပြီလ ၂၅ ရက်နေ့တွင် မဒေးကျွန်းဒေခံများ သည် ခွင့်ပြုချက်မရှိဘဲ ပိုက်လိုင်းများတည်ဆောက်မှုကို ဆန္ဒပြခဲ့သောကြောင့် ထောင်ဒဏ်ကျခံခဲ့ရသည်ဟု မြန်မာတိုင်းမ်တွင် ဖော်ပြထားခဲ့သည်။ သို့သော် ဆန္ဒပြသူများက နှစ်ကြိမ်တိတိ( ဒီဇင်ဘာလနှင့် မတ်လ) ဆန္ဒပြခွင့်လျှောက်ထားခဲ့ သော် လည်း ပယ်ချခံခဲ့ရကြောင်း သိရှိသည်။

စိတ်ဝင်စားစရာကောင်းနေသည်မှာ CNPC ရုံးအားဆန္ဒပြခဲ့ကြသော လူအယောက် ၂၀၀ ထဲမှ အဖမ်းခံထားရသော လူ ၁၀ ယောက်သည် CNPC မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ်တွင် သူတို့၏ မကျေနပ်ချက်များကို ဖော်ထုတ်ခွင့် ရရှိခဲ့ သည်။ သို့သော် CNPC မှ ဆန္ဒပြသူများကို ဖမ်းဆီးရန်တောင်းဆိုခဲ့ခြင်းမရှိကြောင်း ပြောဆိုထားခဲ့သည်။

အဆိုပါ ဒွိဟများသည် မြန်မာနိုင်ငံတွက် ဆက်လက်ဖြစ်ပေါ်နေဦးမည်သာ ဖြစ်သည်။ ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းများပြီးစီးကာ လုပ်ငန်းများကို တစ်လ နှစ်လ အတွင်းစတင် ဆောင်ရွက်နိုင်လိမ့်မည်ဆိုပါက တရုတ်၏ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဆိုသော နည်းလမ်းမှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အကယ်၍သာ ပိုက်လိုင်းတည်ဆောက်ရာ၌ပင် ဤမျှပြဿနာဖြစ်နေပါက ပြီးစီး၍ လုပ်ငန်းလည်ပတ်ချိန်တွင် အိပ်မက်ဆိုးများ ကြုံရတော့ မည်ဟုသက်သေပြနေသလိုပင်။

Yangon Chronicle


ကျွန်တော်တို့ တိုင်းပြည်မှာ လူတွေက မဲတောင်မပေးတတ်သေးဘူး
မေး ။ ။ အချိုးကျရွေးကောက်ခံမှု PR စနစ်ကို အခုဆိုရင် ကျွန်တော်တို့ ဆီမှာ အပြောများလာကြတယ်။ ဒါပေမဲ့ အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲ ခင်ဗျ။


ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန် တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ပြောချင်တယ်။

မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။

ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့ သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲ ပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလိုအဖွဲ့အစည်းတွေ ဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအ ဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။

မေး။ ။ PR စနစ်ဆိုတာကို နားလည် အောင်ရှင်းပြပါဦးခင်ဗျ။


ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကို မဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေး တိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ် တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ်( ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာ ရမှာပဲ။ ဒီလို ဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ ကိုယ်ပိုင်ပါတီလေးတွေ (အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။

မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။

ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ် အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့

ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေ ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ ပါတီ ကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင် လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ် ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီ ထောင်တဲ့လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူ တို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ် တွေ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက် ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအ ထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည် မှာ လူတွေက မဲတောင် မပေးတတ်သေး ဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦး ဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီ လေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကို ဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်း ပြည်ကို ဘယ်လိုဦးဆောင်မှာလဲ။ လွှတ် တော်ထဲရောက်ရင်လည်း အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိ တဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက် ထိ လူထုထောက်ခံမှုရတဲ့လွှတ်တော် ဖြစ်မှာလဲ။ အဲလို ပြောစရာတွေ ရှိပါတယ်။

မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။

ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရ တဲ့ပါတီက ၄၅ မဲရပြီး နိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စား မပြုဘူးလို့ ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ် တစ်ယောက်က ဘယ်ပါတီက ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူ တွေရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့ ကြေညာလို့လည်း မရဘူး။ သိ လည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာ တော့ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ ဆိုတော့ အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေက ပြန့် ကျဲနေမယ် ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ် အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့် ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ် စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ် တာ။ သူက မြောက်ဥက္ကလာပမြို့နယ် အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်သူအား လုံးရဲ့ အကျိုးစီးပွားကိုလုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြု မှုနည်းတယ်။ များတယ် ။ ကိုယ်စားပြုမှု မရှိဘူးဆိုတာတွေလည်း မှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက် က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာ တွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီ အဖွဲ့အစည်းတွေကသာလျှင် ယှဉ်ပြိုင် ပြီးတော့ ပြည်သူအကျိုးကို ဘယ်လို ထမ်းရွက်မလဲဆိုတာကို ဆောင်ရွက် သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင် အားကြီးတာနဲ့အတူ ပြည်သူလူထု ထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာ အစိုးရ ဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက် အခံပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်က လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင် တဲ့ လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စ ဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုက ဒီက ကောက်သင်းကောက်သလို ထည့် ချင်တာထည့် ကောက်ကြီးစပါးလည်း ပါမယ်။ ဧည့်မထလည်းပါမယ်။ ငစိန် လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရ ဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင် ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင် အားကြီးတဲ့ ပါတီအဖွဲ့အစည်းတွေက သာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး တော့ အနိုင်ရအောင်လုပ်။ လူထု ထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ် တော်ထဲရောက်ရင် အင်အားကြီးရင် ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ ကျွန်တော် ကတော့ သဘောထားတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ ဒီမို ကရေစီအရေး၊ တိုင်းပြည်ရဲ့ လူ့အခွင့် အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စု အရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင် မှန်တယ်လို့ ကျွန်တော်ယူဆတယ်။

မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲခင်ဗျ။


ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ ဏျွ စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ် တော်ထဲကိုရောက်တာနဲ့တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော် ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခုရှိမယ်။ ဟိုအချိန် ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက် လွှတ်တော် အောက် လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာလည်း လျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အား အကွဲကွဲအပြဲပြဲဖြစ် မယ်။ ပါတီငယ်လေးတွေကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြု သူတွေရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ် တော်က သုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာ မဟုတ်တော့ဘူး။

မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။

ဖြေ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့ သူတွေက နှစ်မျိုးရှိတယ်လို့ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင် သူရာ တွင်ထောက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR စနစ်ကို ) ထောက်ခံမှု ဆန္ဒသဘော ထားလို့ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့ သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြား အခြားသော အင်အားစုတွေ၊ အဲလိုအဖွဲ့ အစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင် ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင် တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေ စုထားရင် ဟိုပါတီဒီပါတီကို တပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ရတယ်။သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလို ဟာမျိုးအတွက် အကြံအစည်သာဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာ ပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PRျ စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော် တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ် ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော်တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ ၊ ဒီစနစ်ကို လက် မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေး နေဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာ ပေးဖို့အကြောင်းကျွန်တော်မပြောချင်ဘူး။ ပြောလည်းမပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန်မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့ ဒီစနစ်ကို လက်မခံပါနဲ့ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကို လက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါကကော်မရှင်နဲ့လည်း မဆိုင်ဘူး။ လွှတ် တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။

မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲ စနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲ စနစ်က များရာသူက နိုင်ဖို့ပဲ။ လူထု ထောက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ ရှိရင် ၁၉၈၈ စက်တင်ဘာလ ၂၇ ရက် နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တို ဘာလအတွင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူ တချို့က တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့ လက်မခံဘူးဆိုပြီး ငြင်း ခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့် ရွေးကောက်ပွဲ ကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို လက်ခံစရာ မရှိဘူးလို့ ယူဆထားတယ်။

မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။


ဖြေ။ ။လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည် က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံး ကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေး ကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲ တွေမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ အဲဒီအဆင့်( PR အဆင့်) ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည် နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ် ဆိုရင်ရောခင်ဗျ။

ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ် ဟာ တိုင်းပြည်အတွက် အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူးလို့
ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့်လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦး လို့ပြောတာပါ။

မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင် အချို့က ဆိုထားတယ်ခင်ဗျ။

ဖြေ။ ။ ပညာရှင်တွေ ဆိုရင်တော့ သူတို့ နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသဘောတရားအရ များရာဟာပဲကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။

မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။

ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါ တယ်။ မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့် သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့ လိုတယ်ဆိုရင် (ကျွန်တော်တို့က လက် မခံတဲ့အတွက် ပညာပေးလည်းမလုပ် ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ် လ င်းေ အာ င်ေ တွ့ ဆုံေ မး မြ န်း သ ည်
http://popularmyanmar.com/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.