05/10/13



"ပုဒ်မ ၄၀၁ နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လွှတ်တဲ့အချိန်မှာ ထောင်ထဲရှိနေတဲ့အချိန်လက်မှတ်မထိုးခိုင်းခဲ့ဘဲေ ထာင်အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာလို့ အပြင်ရောက်မှပြောတာဖြစ်တယ်။ ကျွန်တော်တို့ သဘောမတူဘူးဆိုတာကို ဆိုလိုချင်တာပါ၊ နံပါတ် ၁ လုံးဝသဘော မတူဘူး၊ အကြွေးကျန်တဲ့ကိစ္စဟာ လုံးဝမရှိသင့်ပါဘူး၊ ဘာကြောင့်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ အသံကောင်းဟစ်ထားတယ်ဆိုရင် ဒါမလိုတဲ့ကိစ္စဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးပြောတယ်၊ တစ်နိုင်ငံလုံး လက်တွဲပီးတော့ ဒီမိုကရေစီလုပ်ရမဲ့အချိန်မျိုးမှာ ၄၀၁ အရ အကြွေး သတ်မှတ်ပီးတော့ ပြန်ပီးပစ်ဒဏ်အနေနဲ့ပေးချင်းဟာ နံပါတ်၁ လုံးဝသဘောမတူနိုင်ဘူး။ လုံးဝလက်မခံနိုင်သလို ဒီပုဒ်မအရ ကျန်ရှိနေတဲ့ ဒီအကြွေးမှန်သမျှကို ဖယ်ရှားတောင်းဆိုတယ်” လို့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ် မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သီပေါမြို့သူမြို့သားများကို ပြောကြား။
(သတင်းဓါတ်ပုံ - ကိုဆန်)
DVB TV News

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကို ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်တဲ့ နောက်ပိုင်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် လူထုက မေးခွန်းထုတ်သံတွေ ဆူညံလာခဲ့ပါတယ်...။

ထို့အတူ နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံကျော် စာရေးဆရာ၊ ဂမ္ဘီရပညာရှင်ကြီး ဒေါက်တာမင်းသိင်္ခရဲ့ တပည့်သားရင်းဖြစ်သူ ဆရာဇင်ယော်နီမှ ဗဟုသုတအဖြစ် သူ့ရဲ့ ဖေ့ဘုတ်ပေါ်မှာ အောက်ပါအတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။

//ဗဟုသုတအဖြစ်ပါ ....//

ဝမ်းသာနေကြတာတွေကိုတော့ လျော့မသွားစေချင်ပါ။
သိထားတာလေးတစ်ခု ဗဟုသုတအဖြစ် ပြောပြချင်လို့ပါ။ ကျွန်တော့်ဆီမှာ ကျွန်တော်တို့အဘ မင်းသိင်္ခရဲ့ ထောင်ထွက်လက်မှတ်မိတ္တူလေး ရှိနေပါတယ်။ ထောင်လွှတ်ဝရမ်း ခေါ်တာပေါ့ဗျာ ...။

အဲဒီမှာ ပုဒ်မ ၄၀၁ အရလွှတ်သည်ဆိုတာ ပါပါတယ်။ ဖိုးအိုဝမ်း လို့လည်း ခေါ်ကြပါတယ်။ သူက လွတ်ငြိမ်းချမ်းသာ အစစ်မဟုတ်ဘူး။ လွတ်ငြိမ်းသက်သာအဆင့် ...။ ထောင်သားအဖြစ်က ပျက်ပြယ်သွားတာမျိုး မဟုတ်ဘူး။ ကိုယ့်အိမ်ကို ပြန်ခွင့်တော့ပေးလိုက်တယ်၊ ဒါပေမဲ့ ထောင်စာရင်းမှာ ရှိနေဆဲဆိုတဲ့သဘောမျိုး၊ အရမ်းသတိထားရတယ်၊ အတိမ်းအစောင်းမခံဘူး၊ ခြေချုပ်သဘောမျိုးပါနေတယ် ...လို့ အဘမင်းသိင်္ခ ပြောပြဖူးပါတယ်။

ဗဟုသုတအဖြစ် ဖောက်သည်ချလိုက်ခြင်းဖြစ်ကြောင်းပါခင်ဗျား ...။ ။

Zinyaw Ni

Chinese Ambassador Yang Houlan met with U Nyi Pu, a CEC member of Myanmar's National League for Democracy (NLD) Party at the Embassy on 7 May 2013. Photo: mm.china-embassy.org

မြန်မာပြည်အာဏာရပါတီနဲ့  တရုတ်ပြည်ကွန်မြူနစ်ပါတီတို့ ဟာ မိတ်ဆွေပါတီများအဆင့်ထက် ပိုမိုလို့  ညီလေးအစ်ကိုကြီးပါတီများသဖွယ် ဆက်ဆံရေးအဆင့်ထိတိုးမြှင့်ထားရှိတယ်ဆိုတဲ့သတင်းကို အစိုးရသစ်တက်လာပြီး သိပ်မကြာခင်မှာနှစ်ပါတီကူးလူးဖလှယ်ရောယှက်နေတဲ့ လှုပ်ရှားဆောင်ရွက်မှုများကသက်သေထူလျက် ပြသခဲ့တယ်။ ဒီတုန်းက အာဏာရပါတီကလွဲပြီးအခြားသောတိုင်းရင်းသားပါတီ၊ ဒီမိုကရက်တစ်ပါတီများနဲ့  နွေးထွေးတဲ့ဆက်ဆံရေးကိုတရုတ်ကွန်မြူနစ်ပါတီဘက်က လက်ကမ်းစတင်ခြင်းမရှိခဲ့ဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ကြားဖြတ်ဝင်ပြိုင်ပြီးနောက်ပိုင်းတရုတ်ကွန်မြူနစ်ပါတီဟာ ဒီမိုမိတ်ဆွေများ ၁၁ ပါတီထဲက ပါတီအချို့ ကိုလက်တို့  ပုခုံးပုတ်ပြီး အခေါ်အပြောညက်ညက်နဲ့  ထိတွေ့ ဆက်ဆံလာတာကိုသတိပြုမိတယ်။

ရန်ကုန်အခြေစိုက်တရုတ်သံရုံးဟာလည်း အရင်ကလိုအထီးကျန်ဆန် သွေ့ ခြောက်မနေတော့ဘဲမြန်မာပြည်မှာရှိတဲ့နိုင်ငံရေးပါတီတွေနဲ့ 
အရပ်ဖက်အဖွဲ့ အစည်းအချို့ ကို ချဉ်းကပ်ထိစပ်မှုတွေ ခပ်စိပ်စိပ်လေး လုပ်လာတာသတိပြုမိပြန်တယ်။ ဒါတွေဟာ တရုတ်အစိုးရရဲ့  ပြီးခဲ့တဲ့နှစ် ၂၀ အတွင်းမြန်မာ့သယံဇာတများနဲ့  မြန်မာနိုင်ငံသားများအပေါ် ဂုတ်သွေးစုတ် ထင်တိုင်းကျဲ၊မြန်မာ့ရေမြေတောတောင်တွေကို သာလယံဇရပ်သဖွယ် သူတို့ နိုင်ငံအကျိုးအတွက်လုပ်ချင်သလိုလုပ်ခဲ့တဲ့ အိပ်မက်ဆိုးကြီး ထ မခြောက် ထ မလှန့် အောင်
အာဏာရပါတီ၊ အစိုးရနဲ့ တင် နှစ်ကိုယ့်တစိတ်လုပ်နေလို့ မရတော့ဘဲအခြားသော အဖွဲ့ အစည်းများနဲ့ ပါ ပြေလည်အလွမ်းသင့် (လာဘ်ထိုး)ထားရမယ်ဆိုတဲ့အချက်ကို သဘောပေါက်ပြီးတဲ့နောက် စတင်ခင်းကျင်းလိုက်တဲ့ တရုတ်ပြည်
ကွန်မြူနစ်ပါတီရဲ့  ဒီပလိုမေစီရွှေ့ ကွက်တွေဘဲ။

အခုဆိုNLDစီအီးစီက ဦးညီပု၊ မဖြူဖြူသင်းတို့ ဟာဘီဂျင်းမြို့ တော်ဆီကိုရောက်ရှိနေပြီး(သူတို့ အခေါ်) ပေါက်ဖော်သဖွယ် နှစ်နိုင်ငံ
ချစ်ကြည်ရင်းနှီးရေးလုပ်ငန်းဆောင်တာများကို စတင်နေပြီဖြစ်ပေမယ့် ဒီခရီးစဉ်ကို NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားခြင်းမရှိတာကို ပါတီပြောရေးဆိုခွင့်ရဦးဥာဏ်ဝင်းက တရုတ်ပါတီအနေနဲ့  ဖိတ်စာနဲ့ ဖိတ်တဲ့အခါ အသက်အရွယ်
ကန့် သတ်ပြီးဖိတ်တဲ့အတွက် (အသက် ၆၀ ထက် မကြီးစေရ) ဒေါ်စုဟာလိုက်ပါလို့ မရခြင်းဖြစ်ပါတယ်ဆိုတဲ့သဘောလို့  ကြားခဲ့ရပေမယ့် ဒီအချက်ကိုဘယ်လိုနားလည်ရမလဲဆိုတာ မစဉ်းစားတတ်အောင်ပါဘဲ။ ဒီလို အသက်ကန့် ပြီးနိုင်ငံရေးပါတီကိုယ်စားလှယ်တွေကို ဖိတ်ကြားတဲ့အစဉ်အလာမျိုး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ အနေနဲ့  အရင်ကရော လုပ်ရိုးလုပ်စဉ် ရှိခဲ့သလားကို
မဖြစ်မနေ တွေးရပါတော့မယ်။ အခြားသောတိုင်းပြည်တွေက နိုင်ငံရေးပါတီများကိုချစ်ကြည်ရင်းနှီးရေး ခေါင်းစဉ်အောက်က ကူးလူးဆက်ဆံတဲ့အခါ “အသက် ၆၀အောက်သာ” ဆိုတဲ့ စည်းမျဉ်း မူတစ်ခု ချမှတ်ထားသလားဆိုတာ တွေးစရာပါဘဲ။

သို့ သော် အဖြေရှိနေပါတယ်။ ဦးညီပုတို့ ကိုယ်စားလှယ်အဖွဲ့ မသွားခင်တရုတ်ကွန်မြူနစ်ပါတီ ဖိတ်ကြားချက်နဲ့  NLD ပါတီထက်စောစီးစွာ ၂၀၁၀ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ပါတီအချို့ ကကိုယ်စားလှယ်ခေါင်းဆောင်တွေ ကိုဘီဂျင်းမြို့ တော်ဆီ ခြေချလေ့လာပြီးခဲ့ တဲ့ နိုင်ငံရေးသမားတွေထဲက NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေဟာ အကောင်းဆုံး သာဓကလို့  ဆိုနိုင်ပါတယ်။
NDF ဥက္ကဌ ဦးခင်မောင်ဆွေတစ်ယောက် တရုတ်ပြည်ရောက်တဲ့အချိန်မှာအသက် ၆၀ ပြည့်ပြီးပြီဆိုတာ သိပ်သေချာပါတယ်။ အဲဒီ ပါတီစုံ ပုဂ္ဂိုလ်တွေထဲ၆၀ ကျော် အိုကြီးရင့်မတွေ ပါကောင်းပါနိုင်သေးတယ်။ ဒါဆိုရင် တရုတ်ကွန်မြူနစ်ပါတီရဲ့  “အသက် ၆၀ အောက်သာ” စည်းမျဉ်းဟာ “မူ” မဟုတ်ဘူးဆိုတာရှင်းလင်းသွားတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ပါပြီ။ NLD ပါတီကို တရုတ်ပြည်လာဖို့ ဖိတ်ခေါ်ကမ်းလှမ်းတဲ့အခါ “အသက် ၆၀ အောက်သာ” ဆိုတာကြီးကဒေါ်အောင်ဆန်းစုကြည် မလာဖြစ်၊ မပါဖြစ်အောင် တင်ကြိုစီစဉ် အကွက်ချထားတဲ့
လုပ်စဉ်လုပ်ပွဲကြီးဆိုတာ အတိုင်းသားပေါ်လွင်နေပါပြီ။

လောလောဆယ်ကာလမှာ“တရုတ်နိုင်ငံ ဘေဂျင်းမြို့ တော်သို့  မြန်မာ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခြင်း” ဆိုတဲ့ မြင်ကွင်းပုံရိပ်ဖြစ်စဉ်ကိုပေါ်ပေါက်မလာစေလိုသေးတဲ့ ကြိုးကိုင်ဆရာကြီးများတစ်စုရဲ့  ပိရိသေသပ်တဲ့၊အကွက်ကျကျ ဖန်တီးစီမံထားတဲ့ နိုင်ငံရေးအစီအစဉ်ကြီးတစ်ခုလို့  ဝေဖန်ကောက်ချက်ချရင် မှားနိုင်မယ်ဖြင့်မထင်မိပါ။

ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တရုတ်ကွန်မြူနစ်ပါတီရယ်၊ ပြည်တွင်းကြိုးကိုင်ဆရာကြီးတစ်စုရယ်ဟာ မြန်မာ့နိုင်ငံရေးတစ်ခုလုံးကို ချယ်လှယ် အကွက်ရွှေ့ နေပုံရတယ်။ လိုအပ်လာရင် အခုလို “အသက် ၆၀ အောက်သာ” ဖြီးလုံးမျိုးနဲ့ 
မျက်နှာပြောင်တိုက်ချင်တိုက်တတ်တယ်။ ပေါ်တင် လိမ်နိုင်တယ်။ ဒီမိုကရေစီချစ်ကြသူများ ဝေဖန်ဖို့ နဲ့  တွေးဆဖို့ ပါ။

အောင်မျိုးထွန်း



နိုင်ငံတော်သမ္မတရုံးမှလက်ရှိအကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်းသား များအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်နိုင်ရန် အစိုးရဝန်ကြီးဌာနကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့တို့မှ ကိုယ်စားလှယ်များပါဝင်သော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြော်ငြာစာ အမှတ်(၄၃/၂၀၁၃)ကို မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခု တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ တာဝန်ယူ၍ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ House of Media Entertainment မှ ဦးသူဂ(ဇာဂနာ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့်၊ မြန်မာအမျိုးသား ကွန်ကရက် ပါတီ မှ ဦးကောင်းမြင့်ထွဋ် အပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၁၉)ဦးဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသားပောာင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီးပောာင်းနေမျိုးဇင်၏ ဒဏ်ငွေကျပ်နှစ်သောင်း ပေးဆောင်ခြင်း မရှိဘဲ ထောင်ဒဏ်သုံးလကျခံမည်ပာု ရွေးချယ်ခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ယခင်ကြွေးကျန် ထောင်ဒဏ် ၆ နှစ် ပြန်လည်ကျခံစေရန် အမိန့်ချမှတ်မှုများမှာ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြိမ်းခြောက်လိုက်ခြင်း ပင်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားပောာင်းများက ဝေဖန်ခဲ့သည်။

Yangon chronicle

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊၄၃/၂ဝ၁၃

၁၃၇၅ခုနှစ်၊တန်ခူးလပြည့်ကျော်၁၃ရက်

(၂ဝ၁၃ခုနှစ်၊မေလ၈ရက်)

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ရန် အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ ပါဝင်သော ''လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ'' ကို အောက်ပါ အတိုင်းတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်-

(၁)
ဦးစိုးသိန်း

ပြည်ထောင်စုဝန်ကြီး

သမ္မတရုံးဝန်ကြီးဌာန(၃)

ဥက္ကဋ္ဌ



(၂)

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

ဒုတိယဝန်ကြီး

ပြည်ထဲရေးဝန်ကြီးဌာန

အဖွဲ့ဝင်



(၃)

ဦးထွန်းထွန်းဦး

ဒုတိယရှေ့နေချုပ်

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်



(၄)

ဦးအောင်စောဝင်း

ညွှန်ကြားရေးမှူးချုပ်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

အဖွဲ့ဝင်



(၅)



ဦးသန်းဌေး

ညွှန်ကြားရေးမှူးချုပ်

အကျဉ်းဦးစီးဌာန

အဖွဲ့ဝင်



(၆)



ဦးစစ်မြိုင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး

ကော်မရှင်

အဖွဲ့ဝင်



(၇)



ဦးကြည်

မြန်မာနိုင်ငံကြက်ခြေနီအသင်း

အဖွဲ့ဝင်



(၈)



ဦးလှမောင်ရွှေ

Myanmar Egress

အဖွဲ့ဝင်



(၉)



ဦးဘိုကြည်

နိုင်ငံရေးအကျဉ်းသားများ

ကူညီစောင့်ရှောက်ရေးအသင်း

အဖွဲ့ဝင်



(၁ဝ)



ဦးညိုထွန်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်

အဖွဲ့ဝင်



(၁၁)



ဦးရဲအောင်

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့

အဖွဲ့ဝင်



(၁၂)



ဦးသူရ(ဇာဂနာ)

House of Media Entertainment

အဖွဲ့ဝင်



(၁၃)



ဦးဉာဏ်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အဖွဲ့ဝင်



(၁၄)

ဦးခွန်ထွန်းဦး

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်

အဖွဲ့ဝင်



(၁၅)

ဦးကိုကိုကြီး

၈၈ မျိုးဆက်

(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

အဖွဲ့ဝင်



(၁၆)

ဒေါက်တာဝင်းနိုင်

အမျိုးသားဒီမိုကရေစီအင်အားစု

အဖွဲ့ဝင်



(၁၇)

ဦးသိန်းညွန့်

အမျိုးသားဒီမိုကရေစီပါတီသစ်

အဖွဲ့ဝင်



(၁၈)

ဦးကောင်းမြင့်ထွဋ်

မြန်မာအမျိုးသားကွန်ဂရက်ပါတီ

အဖွဲ့ဝင်



(၁၉)

ဦးအောင်သိမ်း

ဒုတိယဝန်ကြီး

သမ္မတရုံးဝန်ကြီးဌာန (၄)

အတွင်းရေးမှူး



(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ”

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

(ေဇယ်သူ)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒကို တစ်ဆစ်ချိုး ပြောင်းစေခဲ့သူဟု လူပြောများကြသည့်၊ နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်မှာ ဆယ်လ ရှိပြီဖြစ်သည့် ဒဲရစ်မစ်ချယ် မိတ္ထီလာမှအပြန် သူ၏ နေအိမ်တွင် The Voice က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။

Voice : သံအမတ်ကြီး ဒီကို ရောက်လာတဲ့အကြောင်းက စလိုက်ရအောင်။ ၂၀၀၇ က Foreign Affairs (အမေရိကန် နိုင်ငံခြားရေးမူဝါဒ အထူးပြုသြဇာကြီး မဂ္ဂဇင်း) မှာ ခင်ဗျားရေးလိုက်တဲ့ ပညာရပ် ဆိုင်ရာ ဆောင်းပါးကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေး မူဝါဒ လမ်းကြောင်း ပြောင်းသွားတယ်လို့ ပြောကြတယ်။ အဲဒီဆောင်းပါးကို ဘာလို့ ရေးလိုက်တာလဲ။

DM : ၁၉၉၀ ပြည့်နှစ်တွေတုန်းက National Democratic Institute မှာ ကနဦးကတည်းက ပါဝင်ပတ်သက်ခဲ့တဲ့ သူတစ်ယောက် အနေနဲ့ ဒီဆောင်းပါးကို ကျွန်တော်ရေးခဲ့တာ။ အဲဒီတုန်းက မြန်မာပြည်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ကြုံတွေ့ သိမြင်ရတဲ့ တခြားအမေရိကန်တွေ၊ ကမ္ဘာက တခြားပုဂ္ဂိုလ်တွေလိုပဲ ကျွန်တော်လည်း စိတ်ရောကိုယ်ပါ ဝင်စားမိတယ်။ ဒီလို လူတွေထဲက တစ်ယောက် အနေနဲ့ပါ။ မူဝါဒ ရေးရာတွေကို အဲဒီတုန်းက ကျွန်တော် စိတ်ဝင်စား နေခဲ့တာကြောင့်လည်း ပါတယ်။ ၁၀ နှစ်လောက် ကျွန်တော် တခြားအလုပ် တွေလုပ်ခဲ့တယ်။ ကျွန်တော် ပင်တဂွန် စစ်ဌာနချုပ်ကို ရောက်တယ်။ တခြား Think Tank တွေကို ရောက်တယ်။ မြန်မာနိုင်ငံ တစ်ခုတည်းကို အာရုံစိုက် လုပ်ခဲ့တာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ ဆိုင်ရာတွေက တန့်နေမှန်း ၂၀၀၇ လောက်ကျ ကျွန်တော်သဘောပေါက် လာတယ်။ အမေရိကန်မူဝါဒ တန့်သွား တယ်။ ကျွန်တော်တို့ တကယ့်ကို တီထွင်ကြံဆ စဉ်းစားတတ်ဖို့ လိုလာတာပေါ့။

အရေးယူပိတ်ဆို့မှုနဲ့ ထိတွေ့ဆက်ဆံရေး နှစ်ခု၊ ဘာလုပ်ရင် ကောင်းမလဲလို့ ကျွန်တော်တို့ တကယ့်လှေကြီးထိုး ရိုးရိုးကြီး စဉ်းစား ငြင်းခုံကြတယ်။ ဒီလိုငြင်းခုံနေတာက ဘာမှဖြစ်မလာဘူး။ အခုဆိုရင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဒီကတိုးတက်မှုတွေကို ကူညီပေးနေပြီ။ အဲဒါနဲ့ပဲ ကျွန်တော့်စိတ်ထဲက ရေးချင်လာလို့ ဒီဆောင်းပါးကို ရေးဖြစ်သွားခဲ့တယ်။ မြန်မာကိစ္စနဲ့ ပတ်သက်ရင် အမေရိကန် ပြည်ထောင်စုက ဘယ်လိုတစ်မျိုးပြောင်း စဉ်းစားသင့်လဲဆိုတဲ့ ကျွန်တော့်အမြင်ကို ရေးထားတာပါ။ (၂၀၀၈ ခုနှစ်မှာ) အနည်းဆုံးတော့ အိုဘားမားအစိုးရသစ် တက်လာတဲ့အခါ ကျွန်တော့်ဆောင်းပါးက သူတို့ကို အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ နောက်ဆုံးတော့ ဒီက လူတွေ၊ အစိုးရနဲ့ စစ်တပ်က လူတွေက အပြောင်းအလဲ လုပ်ကြမယ်လို့ ဆုံးဖြတ်ချက် ချလိုက်လို့ ဒီလိုတွေ ဖြစ်လာတာပါ။ ဒါပေမဲ့ အမေရိကန် မူဝါဒ၊ အမေရိကန် အစိုးရကို ဒီဆောင်းပါးက အကြံဉာဏ်ကောင်း ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

Voice : ဒီဆောင်းပါးကြောင့် မြန်မာနိုင်ငံကို ရောက်လာခဲ့တယ်လို့ ဆိုနိုင်တာပေါ့။

DM : ဟုတ်တယ်။

Voice : သံအမတ်အဖြစ်နဲ့ ရောက်လာတာ ကိုးလ၊ ဆယ်လလောက် ရှိပြီ။ ဒီတော့ ဒီရောက်ပြီး ပထမဆယ်လက ဘယ်လိုနေ ပါလဲ။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား။

DM : ကျွန်တော် (သံအမတ်မဖြစ်ခင်) အမေရိကန်ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ တစ်နှစ်လောက် တာဝန်ယူခဲ့တယ်။ တစ်လ တစ်ခေါက်လောက် အထူးကိုယ်စားလှယ် အဖြစ်နဲ့ ဒီကိုရောက်တယ်။ ဒါပေမဲ့ တစ်ခေါက်လာ တစ်ပတ်လောက်နေတာနဲ့ ဒီမှာ အမြဲနေရတာနဲ့ ကွာပါတယ်။ ကျွန်တော် အံ့အားသင့်တယ်လို့ ပြောလို့တော့ မရပါဘူး။ ဒီကလူတွေက ကြိုကြိုဆိုဆို ရှိတယ်၊ ရင်းရင်းနှီးနှီးရှိတယ်ဆိုတာ ကျွန်တော် အမြဲသိနေခဲ့တယ်။ ဒီနိုင်ငံရဲ့ ထွေပြားစုံလင် တဲ့ ယဉ်ကျေးမှုတွေ၊ ဒီနိုင်ငံရဲ့ စရိုက်သဘာဝ တွေကို ထိတွေ့နားလည်ရတာ ကျွန်တော့် ဘဝ သာယာနေပါတယ်။ နှစ် ၂၀ ကျော် အတွင်း ပထမဦးဆုံးသော အမေရိကန် သံအမတ်ကြီး ဖြစ်ရတာကို လုံးဝ ဂုဏ်ယူပါတယ်။ (အခုဆို) ကျွန်တော်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနာလို စရာပုဂ္ဂိုလ် ဖြစ်နေပြီ။

နိုင်ငံခြားရေးဝန်ကြီး ဌာနက လူတိုင်းက ကျွန်တော့်ကို ပြောတယ် “ခင်ဗျားကို ကျွန်တော် မနာလိုဘူးဗျာ” တဲ့ (ရယ်လျက်)။ ပြီးတော့ သူတို့အားလုံးက ဒီမှာ ဖြစ်နေတာတွေကို သဘောပေါက် ကြတယ်၊ အသိအမှတ်ပြုကြတယ်။ ရင်ခုန်စရာ ကောင်းတယ်၊ ခက်တယ်၊ စိန်ခေါ်မှုတွေ ရှိတယ်။ ဘယ်လိုအဆုံးသတ်မယ် ဆိုတာ မသေချာမရေရာဘူး။ ဒါပေမဲ့ ကမ္ဘာမှာ အများကြီး ဖြစ်နေပျက်နေကြတဲ့ အထဲ ဒီနေရာက တကယ့်ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုပြီး လူတွေ စိတ်အားတက်ကြွကြတယ်။ ဒီလို ဖြစ်ပေါ် နေတာတွေရဲ့ အလယ်မှာ၊ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော့်နိုင်ငံကို ကိုယ်စားပြုရတာ တကယ့်ကို ဂုဏ်ယူပါတယ်။

Voice : မြန်မာ-အမေရိကန် ကုန်သွယ်ရေး၊ စီးပွားရေးတိုးမြှင့်ဖို့ လွန်ခဲ့တဲ့တစ်ပတ် လောက်က ရောက်လာခဲ့တဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Marantis ကို ကျွန်တော် သီးသန့် တွေ့ဆုံ မေးမြန်းခဲ့တယ်။ သူပြန်သွားပြီးမကြာခင် ရက်ပိုင်းလောက်ပဲ ရှိသေးတယ် အရေးယူ ပိတ်ဆို့မှုကို အမေရိကန်က တစ်နှစ် သက်တမ်းတိုးကြောင်း ကြေညာလိုက်တယ်။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်သလိုလို မညီညွတ်သလိုလို ဖြစ်နေတဲ့ ဒီမူဝါဒတွေက ဘာကိုဆိုလိုတာလဲ။

DM : မနေ့တစ်နေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က အရေးယူပိတ်ဆို့မှု တွေကို လေ့လာသုံးသပ် ပြင်ဆင်နိုင်ဖို့ နှစ်စဉ်ဆောင်ရွက်ရမယ့် ဟာကို သမ္မတက လုပ်ဆောင်တာပါ။ (လိုရင် လိုသလို) အရေးယူပိတ်ဆို့မှုတွေ အာဏာမသက် ရောက်အောင်၊ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်နိုင်အောင် လုပ်ရတဲ့အစီအစဉ်ပါ။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကုန်သွယ်ရေး ဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ၊ ပိုတိတိကျကျ ပြောရရင် “ရွေးပြီးလုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ” ကို ကျွန်တော်တို့ အာဏာမသက်ရောက်အောင် လုပ်ခဲ့တယ်။ အဲဒီနေ့က ကြေညာချက်က သမ္မတအနေနဲ့ အရေးယူပိတ်ဆို့မှု တွေကို ဆက်ပြီး လေ့လာသုံးသပ် ပြင်ဆင်နိုင်အောင် ဆောင်ရွက်ပေး တာပါ။ ဒီတော့ ရှေ့နောက်မညီတာ မဟုတ် ပါဘူး။ “တာဝန်ယူမှုရှိတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု” ဆိုင်ရာ ဆက်ဆံမှုကို တည်ဆောက်ချင်တဲ့ မူဝါဒကို ကျွန်တော်တို့ စွဲမြဲထားဆဲပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ပြုပြင်ပြောင်းလဲရေးတွေ ဆက်သွားနိုင်ဖို့ ဖွံ့ဖြိုးမှုတွေ ဖန်တီးပေးဖို့ ဒါတွေကို ဆက်လုပ်ချင်တယ်။ ဒါပေမဲ့ နှစ်တိုင်းနှစ်တိုင်း သမ္မတက ဒီစနစ်ကို အတည်ပြုရပါတယ်။ ဒါကြောင့် အချိန် ကာလက အခုအချိန်နဲ့ တိုက်သွားတာပါ။ အရေးယူပိတ်ဆို့မှု စနစ်ကို သက်တမ်းတိုးတဲ့ ကြေညာချက် ထွက်တာနဲ့ တစ်ချိန်တည်း မှာပဲ ၁၉၉၆ က ချမှတ်ခဲ့တဲ့ အရေးယူမှု တစ်မှုဖြစ်တဲ့ “အရင်အစိုးရနဲ့ ပတ်သက်သူ တွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ချက်” (President of Proclamation) ကို ဖယ်ရှားတဲ့ ကြေညာချက် ထုတ်လိုက်တာကို တွေ့ပါလိမ့်မယ်။ အဲဒီတော့ ကန့်သတ်မှုတွေ အားလုံးကို အလွှာလိုက် အလွှာလိုက်ပြန်ပြီး ဖယ်ရှားနေပါတယ်။ ဒီဘက်က တိုးတက်လာတယ်လို့ မြင်တာနဲ့ ကျွန်တော်တို့ ဘက်က ဖယ်ရှားလိုက်နဲ့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်သွားမှာပါ။ ဒါပေမဲ့ အရေးယူပိတ်ဆို့တာ ထက်စာရင် ထိတွေ့ ဆက်ဆံတဲ့ ဘက်ကို ကျွန်တော်တို့ရဲ့ မူဝါဒ က အများကြီးရောက်သွားပြီ ဖြစ်ပေမယ့် အရေးယူပိတ်ဆို့တဲ့ စနစ်က ရှိကို ရှိနေပါ သေးတယ်။

Voice : နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ် လောက်အတွင်း ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး ဟောပြောတဲ့ အမေရိကန် သံအမတ်ကြီးအဖြစ်နဲ့ သွားဟောပြောဖြစ် တယ်နော်။ ဘာတွေ ပြောဟောခဲ့သလဲ။

DM : ပထမဆုံးအနေနဲ့ အဲလိုသွား ပြောရတာ ကြိုက်တယ်ဗျ။ ဒီလို သမိုင်းကြောင်း ရှိခဲ့တဲ့ တက္ကသိုလ်မှာ ကျွန်တော် အဲလိုပြောခွင့်လုပ်ခွင့် ရတာ တကယ့်ကို၊ အလွန့်ကို ကံကောင်းပါတယ်။ နောက်တစ်ခေါက် အဲဒီတက္ကသိုလ်မှာ ထပ်စကား ပြောချင်ပါသေးတယ်။ နိုင်ငံထဲက တခြား တက္ကသိုလ်တွေမှာလည်း ဒါမျိုး ထပ်ပြော ချင်ပါသေးတယ်။ အမေရိကန်မူဝါဒ အကြောင်း၊ အမေရိကန်နိုင်ငံခြားရေး မူဝါဒအကြောင်းနဲ့ စပြောပါတယ်။ ပိုကျယ်တဲ့ အာရှနဲ့ အမေရိကန်က ထိတွေ့ဆက်ဆံ ရာမှာ မြန်မာက ဘယ်လိုဝင်နေလဲ ဆိုတာ ပြောတာပါ။ အဲဒီနေရာမှာ နားလည်မှု လွဲနေကြတာ ရှိပါတယ်။ ကျောင်းသူ ကျောင်းသားတွေက နိုင်ငံခြားရေးမူဝါဒ သင်တန်းသားတွေ၊ နိုင်ငံတကာဆက်ဆံရေး ကျောင်းသားကျောင်းသူ တွေ။ ဒီတော့ အာရှကို ကျွန်တော်တို့ ဘယ်လို သဘောထားလဲ၊ ဒီနိုင်ငံကို ကျွန်တော်တို့ ဘယ်လို သဘောထားလဲ ဆိုတာ သူတို့ကို ကျွန်တော် ပြောပြချင်တာပါ။ သူတို့ဆီက မေးခွန်းတွေလည်း တက်လာတယ်။ မိနစ်လေးဆယ် လောက် မေးချင်ရာမေး၊ ကျွန်တော်လည်း သဘောကျတယ်။ အရေးယူပိတ်ဆို့မှု မူဝါဒ အကြောင်းက နေပြီးတော့ တရုတ်ရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ အမေရိကန် သံရုံးမှာ အလုပ်ရနိုင်မလား၊ ဘယ်လိုရအောင် လုပ်ရမလဲ စသည်ဖြင့် ပေါင်းစုံကို မေးကြတာပဲ။

ဒါနဲ့ ဖြတ်ပြောရဦးမယ်။ ကယား ပြည်နယ် လွိုင်ကော်ကို ကျွန်တော် ရောက်တုန်းကလည်း ဒီလိုပဲ စားပွဲဝိုင်း ဆွေးနွေးပွဲလေး လုပ်ခဲ့သေးတယ်။ နေရာ အနှံ့မှာ ဒါမျိုးတွေ လုပ်ချင်ပါတယ်။


Voice : ခင်ဗျားရဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အခုလောလောဆယ် အကြီးဆုံးစိန်ခေါ်မှုက ဘာလို့ထင်ပါသလဲ။

DM : ပြုပြင်ပြောင်းလဲရေးတွေ တကယ်ဖြစ်မြောက်လာအောင် အကောင် အထည်ဖော်ရတာ အင်မတန်ကို ခက်ခဲလိမ့် မယ် ထင်တယ်။ စိန်ခေါ်မှုတစ်ခုက ပြုပြင် ပြောင်းလဲရေးတွေဟာ ပြည်သူတွေရဲ့ဘဝကို ပြောင်းလဲသွားစေတယ် ဆိုတာ သက်သေ ပြနိုင်ဖို့၊ ပြုပြင်ပြောင်းလဲရေးတွေဟာ ပြည်သူတွေနဲ့ ချိတ်ဆက်နေတယ်လို့ မြင်လာဖို့ လိုတာကိုး။ ဒါမှ အခုဘာတွေ ဖြစ်နေဖြစ်နေ လက်ခံနိုင်မယ်၊ စိတ်ရှည်ကြမယ်။ သူတို့ရဲ့ ဘဝတွေ သိသိသာသာ ပိုကောင်းလာတယ်လို့ ခံစားမိဖို့ လိုတယ်။ ဒါက ပြုပြင်ပြောင်းလဲရေးကို စိန်ခေါ်မှုရဲ့ အဓိက အစိတ်အပိုင်းဖြစ်မယ်နဲ့ တူတယ်။ ပြုပြင်ပြောင်းလဲရေးရဲ့ အရှိန်၊ သဘာဝတို့ အပေါ် အမြင်ကွဲပြားတာတွေ အစိုးရထဲမှာ ရှိချင်ရှိမယ်။ ဒါက ပြုပြင်ပြောင်းလဲရေးတွေရဲ့ သဘောသဘာဝပဲ ဖြစ်တယ်။ ဒါကို အဖြေ ရှာနိုင်ဖို့ လိုတယ်။ အရင်အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တွေအများကြီး လွှတ်တော်ထဲမှာပဲ ဖြစ်စေ၊ အုပ်ချုပ်ရေးထဲမှာဖြစ်စေ ဒီအစိုးရ ထဲမှာ ပါဝင်နေတာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးတွေမှာ စပ်ကူး မတ်ကူး ကာလဟာ ရှုပ်တယ်၊ ခက်တယ်၊ လမ်းကြမ်းတယ်၊ မချောမွေ့ဘူး။ ဒါတွေကို ကျော်ဖြတ်ဖို့လိုတယ်။ မျှော်လင့်ချက်တွေ ကလည်း နောက်ထပ်ကိစ္စ တစ်ခုပဲ။ ညတွင်းချင်း အခြေအနေတွေ ပြောင်းလဲမသွားနိုင်တာ လူတွေနားလည်ဖို့လိုတယ်။ အကောင်း ဆုံးအခြေအနေမှာတောင် လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲ တွေကြောင့် အပြောင်းအလဲဟာ အချိန်ယူရ မယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် နေပေမယ့် အခက်အခဲတွေ ဆက်ရှိနေဦး မယ်။ ဒီလိုအခက်အခဲတွေ ကြားထဲက ကျော်ဖြတ်နိုင်အောင် စိတ်ရှည်ဖို့ လိုပါတယ်။

Voice : မိတ္ထီလာက ပြန်ရောက်တာ မကြာသေးဘူးလို့ ကြားမိပါတယ်။ ဘာသွား လုပ်တာပါလဲ။

DM : အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မိတ္ထီလာ၊ ရခိုင်နဲ့ ပဲခူးမှာ ဖြစ်နေတာတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ အကြမ်းပတမ်းဖြစ်ရပ်တွေ ပျံ့နှံ့လာတာ အထူးသဖြင့် မွတ်ဆလင် အသိုင်းအဝိုင်းတွေဆီကို ပျံ့နှံ့လာတာ အတော်စိတ်ပူမိပါတယ်။ ကြည့်ရတာ ရပ်မယ့်ပုံမပေါ်ဘူး။ ကြည့်ရတာ အုပ်စုကွဲ တွေက စည်းရုံးပြီး စနစ်တကျ လှုပ်ရှားပုံ ရတယ်။ ဒါနဲ့ပတ်သက်လို့ မေးခွန်းတွေ အများကြီး မေးစရာပေါ်လာပါတယ်။ မျက်မြင် ကိုယ်တွေ့ သွားကြည့်တာ အကောင်းဆုံး ဖြစ်တာကြောင့် ကျွန်တော်ကိုယ်တိုင် မိတ္ထီလာကိုသွားပြီး အိမ်တွေ၊ လုပ်ငန်းတွေ၊ ဗလီတွေ အကြမ်းပတမ်း ဖြစ်ရပ်ကြောင့် ပျက်စီးတာတွေကို သွားကြည့်တာပါ။ စခန်း တွေကို ရွှေ့နေရတဲ့ မွတ်ဆလင်တွေ၊ ဗုဒ္ဓ ဘာသာဝင်တွေရဲ့အခြေအနေကို ကြည့်ဖို့ လည်းသွားတာပါ။ ရှေ့ကို ဘယ်လိုဆက် သွားချင်လဲ၊ အတူတူ ပြန်နေကြဖို့ နည်းလမ်း မြင်မိသလား ဆိုတာတွေလည်း သူတို့ဆီက ကြားချင်လို့ပါ။ ။ မိတ္ထီလာရော ရခိုင်မှာပါ ပြန်လည်ရင်ကြားစေ့ရေး၊ ပြန်လည် ထူထောင်ရေးတွေ အတွက် အမေရိကန် ပြည်ထောင်စုက ငွေကြေးထောက်ပံ့ခဲ့တယ်။ ဒီအထောက်အပံ့ကို နည်းလမ်းတကျ ပေးနိုင်မယ့် နည်းလမ်းတွေလည်း ကျွန်တော် ကြည့်ချင်တယ်လေ။ ပြောချင်တာကတော့ ခင်ဗျားတို့နိုင်ငံကို တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံကို တန်ဖိုးထားတဲ့ ထွေပြား စုံလင်နိုင်ငံအဖြစ် ကျွန်တော်တို့ အောင်မြင်စေချင်တယ်။ ဒါက စမ်းသပ်မှုပဲ။ ဒီစမ်းသပ်မှုမျိုး အမေရိကန်ပြည်ထောင်စုလည်း ကြုံခဲ့ ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီစမ်းသပ်မှုတွေကို ရင်ဆိုင်ရတဲ့ နှစ် ၂၀၀ ကျော် အတွေ့ အကြုံတွေရှိတယ်။ ကျွန်တော်တို့ ပြည်တွင်း စစ်တွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခင်ဗျားတို့တွေကို အောင်မြင်စေချင်တယ်။ ရှေ့ကိုတူတူ ဘယ်လိုချီတက်ရမလဲဆိုတဲ့ လမ်းကို ရှာတွေ့စေချင်တယ်။ အကြမ်း ဖက်တာ၊ နားလည်မှုလွဲတာ၊ ကြောက်စိတ်၊ သည်းခံစိတ်နည်းပါးတာ အထူးသဖြင့် ဘာသာရေး အသိုင်းအဝိုင်းတစ်ခုခုကို သည်းခံ စိတ်နည်းတာ၊ အဲဒါတွေက မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းစေ ချင်တဲ့၊ ဖွံ့ဖြိုးရေး အခြေခိုင်စေချင်တဲ့ ကျွန်တော်တို့အတွက် စိုးရိမ်သောက ဖြစ်စေပါတယ်။ဘာလို့လဲ ဆိုတော့ ဒါကပြုပြင်ပြောင်းလဲရေးကို လုံးဝ ထိခိုက်တယ်၊ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို၊ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်တယ်။

Voice : ဒီလို ခင်ဗျားပြောတဲ့ အတိုင်း နှစ်၂၀၀ ကျော် အတွေ့အကြုံတွေရှိတယ် ဆိုရင် ဒီလို လူ့အသိုင်းအဝိုင်း တစ်ခုနဲ့တစ်ခု တစ်ဘက်နဲ့တစ်ဘက် တိုက်ကြခိုက်ကြ တာမျိုးတွေကို အမေရိကန်ပြည်ထောင်စုက ဘယ်လိုကိုင်တွယ် ဖြေရှင်းခဲ့လဲ။

DM : အမေရိကန်ပြည်ထောင်စုက ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်တယ် (မြန်မာနဲ့ မတူဘူး၊ မြန်မာက ဖွံ့ ဖြိုးဆဲနိုင်ငံ)။ ကျွန်တော်တို့မှာ နှစ်၂၀၀ကျော် အတွေ့အကြုံတွေ ရှိတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အခြေအနေကို ကျွန်တော်တို့ သိတယ်၊ နောက်ကြောင်း နောက်ခံတွေကို ကျွန်တော်တို့ နားလည် တယ်။ ဒီနိုင်ငံက ညတွင်းချင်း အဲလိုမျိုး ဖြစ်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ ကျွန်တော်တို့ မျှော်မှန်းလို့မရပါဘူး။ အင်ဒိုနီးရှား ပြောင်းလဲတုန်း၊ စပ်ကူးမတ်ကူးကာလတုန်း လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက် တုန်းကလည်း ဘာသာရေးအုပ်စုတွေ အကြားမှာဒါမျိုး ပြဿနာတွေ ကြုံခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ စက်တင်ဘာ ၁၁ တုန်းက အားလုံးသိတဲ့အတိုင်း ကျွန်တော် တို့ကို မွတ်ဆလင်တွေ၊ အစွန်းရောက် မွတ်ဆလင်တွေ တိုက်ခိုက်တာ ခံခဲ့ရတယ်။ မကြာသေးခင် လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတင် ဘော့စတွန်မှာ အစွန်းရောက် မွတ်ဆလင် အယူအဆကို အခြေခံထားတဲ့ အစွန်းရောက် မွတ်ဆလင်တွေရဲ့ အတိုက်ခံ ခဲ့ရသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ မှာ ရှိတဲ့ မွတ်ဆလင်တွေက ကျွန်တော်တို့ရဲ့ စနစ်မှာ မပါမဖြစ်ပါ။ ၁ ရာခိုင်နှုန်းသော လူဦးရေက မွတ်ဆလင်တွေပါ။ ပြီးတော့ သူတို့က ရာနှုန်းပြည့် နိုင်ငံသားတွေပါ။ သူတို့ဘက်ကို ကျွန်တော်တို့ မလှည့်ပါဘူး။ သူတို့ကို အတွင်းရန်တွေလို့ ကျွန်တော်တို့ မမြင်ပါဘူး။ သူတို့ဟာ အမေရိကန် အိပ်မက်မှာ တင်းပြည့်တန်းတူ ပါဝင်သူတွေ ဆိုတာကလွဲလို့ တခြား ဘယ်လိုမှ မမြင်ပါဘူး။ ယုတ်ညံ့တဲ့ရည်ရွယ်ချက် အတွက် ပုံဖျက်ထားတဲ့ ဘာသာအမျိုးအစားနဲ့ ဘာသာကြီး တစ်ခုကို ကိုးကွယ်တဲ့ တန်းတူ အခွင့်အရေးရှိတဲ့ နိုင်ငံသားတွေ မတူဘူး ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ မွတ်ဆလင်တွေ ဖြစ်နေတာနဲ့ပဲ အစွန်းရောက် လှုပ်ရှားမှုတွေထဲ ပါရောလို့ ကျွန်တော်တို့ မမြင်ဘူး။ အဲဒါက ကျွန်တော်တို့ ပေးနိုင်မယ့် သင်ခန်းစာပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ကြောက်စိတ် အခြေခံနဲ့ ပြောကြတယ်ဆိုတာ နားလည်ပါတယ်။ နိုင်ငံကြီးတွေကြားထဲက နိုင်ငံငယ်လေး ဆိုပြီး စိုးရိမ်ကြတာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ သန်း ၁၆၀ သော မွတ်ဆလင်တွေ ရှိတဲ့အချိန်မှာ ခင်ဗျားတို့ဟာ သန်းခြောက်ဆယ်လောက်ပဲ ရှိတဲ့ နိုင်ငံဆိုတာ ကျွန်တော်တို့ နားလည် ပါတယ်။ သမိုင်းကြောင်း ကွဲပြားတာရယ်၊ ကိုလိုနီအမွေဆိုးက ပေးခဲ့တာရယ်က ဒီဇာတ်လမ်းတွေထဲ ရောက်လာတာတွေ ကိုလည်း သိပါတယ်။ ဒီလူ့အသိုင်း အဝိုင်းတွေက ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓ ဘာသာ စရိုက်လက္ခဏာကို ဘာတွေ ဖြစ်လာစေမလဲဆိုတဲ့ ကြောက်စိတ်က ရှိနေတယ်။ ကြောက်စိတ်ရယ်၊ မသေချာ မရေရာတာရယ် ရှိနေတဲ့အခါ အကြမ်းပတမ်း ဖြစ်ရပ်တွေက အဖြေမဟုတ်ပါဘူး။သံသယ ရှိနေရင် ရှေ့ကိုကြိုမြင်နိုင်တာ၊ ပြောဆို ဆွေးနွေးကြတာနဲ့ နားလည်မှုက ရှေ့ဆက် ရမယ့်လမ်းပါ။ ကိုယ့်ရဲ့ လုံခြုံရေးကြောင့် ဆိုပြီး သူ့သဘာဝအတိုင်း သူနေတဲ့လူတွေ ဘက် လှည့်ရင် နောက်ဆုံး ကိုယ့်လုံခြုံရေးပဲ ထိခိုက်လိမ့်မယ်။ ဖြစ်နေရတာတွေ မြင်ရ တာက တိုင်းပြည်ရဲ့ အသက်ဝိဉာဉ်က အန္တရာယ်ရှိနေပါပြီ။ ဘယ်လို နိုင်ငံမျိုး ပေါ်လာစေချင်လဲ။ ဘယ်လို မြန်မာနိုင်ငံ သစ်မျိုး ခင်ဗျားတို့ ဖြစ်စေချင်လဲ။ ဒီ ကြောက်စိတ်၊ သည်းမခံနိုင်မှု၊ အကြမ်း ပတမ်းလုပ်ရပ်ပေါ်မှာ အခြေခံမှာလား။ ဒါမှမဟုတ် စာနာမှု၊ နားလည်မှု၊ ဆွေးနွေးမှု၊ ကွဲပြားစုံလင်မှုကို လေးစားမြတ်နိုးမှုပေါ် အခြေခံမှာလား။ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့ နိုင်ငံဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာရှိတဲ့ နိုင်ငံအဖြစ် လူတိုင်းမြင်ချင်ကြတယ်လို့ ထင်တယ်။ ဘယ်ဘက်ကို သွားချင်လဲဆိုတာ နိုင်ငံနဲ့ မှီတင်းနေထိုင်တဲ့ လူတွေကပဲ ဆုံးဖြတ်ရမှာပဲ။

Voice : ဒီကိစ္စကို ထိန်းသိမ်းကြတဲ့ အခါ ဘယ်ဟာက အခက်ခဲဆုံးလဲ။ ဥပမာ ယုံကြည်မှုလား၊ တရားဥပဒေ စိုးမိုးရေးလား၊ ဘယ်အရာက အဓိကကျလဲ။

DM : အဓိကကျတာ သုံးလေးခု လောက် ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေကို ဖြေရှင်းတဲ့အခါ အကြမ်းပတမ်း လုပ်တာဟာ ဘယ်တော့မှ လက်ခံနိုင်စရာမရှိဘူး ဆိုတာ သဘောပေါက်ရပါမယ်။ ဒုတိယက တခြားတစ်ဖက်အကြောင်း စဉ်းစားကြည့်တာပါ။ ရန် ငါ စည်းတားတာ၊ သူနိုင်ငါရှုံး၊ ငါနိုင်သူရှုံး သဘောမျိုး စဉ်းစားတာမျိုး မလုပ်ဘဲ မတူကွဲပြား ခြားနားတာတွေ အကြောင်း ထိုင်ပြီး ဆွေးနွေးကြဖို့ပဲ။ ဆွေး နွေးတိုင်ပင်တဲ့ ယဉ်ကျေးမှု၊ ဒီယဉ်ကျေးမှုနဲ့ တခြားတစ်ဖက်ကို ခံစားသိမြင်တာက ဒီမိုကရေစီရဲ့ အဓိကဖြစ်တယ်၊ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အဓိကကျတယ်။အဲဒီ ယဉ်ကျေးမှု ဖွံ့ဖြိုးလာဖို့ လိုတယ်။ ဒီကြောက် စိတ်ကို ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) ပြောသလို စဉ်းစားကြည့်တာကောင်းတယ်။ ဒေါ်စုကပြောတယ် “fear corrupts” “လူတွေကို ကြောက်စိတ်က ဖျက်ဆီးတယ်” တဲ့။ ဒီအတိုင်းနေရင် ကောင်းတဲ့သူတွေဟာ ကြောက်စိတ်ကြောင့် မလုံမခြုံ ဖြစ်ကြတယ်။ မလုံမခြုံ ခံစားရတာကြောင့် အကြမ်း ဖက်ကုန်ကြတယ်။ ဒီကြောက်စိတ်ကို အပြု သဘော နည်းလမ်းနဲ့ ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ သိဖို့လိုတယ်။ အဲလိုမသိရင် ကိုယ်က ကိုယ့်လူ့အဖွဲ့အစည်း လုံခြုံအောင် လုပ်နေတယ်လို့ ထင်ပေမယ့် တကယ်တမ်းကျ ကိုယ့်လူ့အဖွဲ့အစည်း မလုံခြုံအောင် လုပ်နေသလို ဖြစ်လိမ့်မယ်။ လူ့အခွင့်အရေးကို ခွဲခြားလို့မရပါဘူး။ ဒီမိုကရေစီ စမ်းသပ်ချက် အောင်မြင်စေလိမ့်မယ်။ ဒီမိုကရေစီဆိုတာ အမြဲတမ်း စမ်းသပ်ချက်ပဲဆိုတာ အမြဲသတိ ရရပါလိမ့်မယ်။ အမေရိကန်မှာလည်း ကျွန်တော်တို့ ဒီတိုင်းပဲ ပြောကြတယ်။

Voice : ဒီလို အကြမ်းပတမ်း ဖြစ်ကြတာတွေက ပြုပြင်ပြောင်းလဲရေးရဲ့ ဘေးထွက်ဆိုးကျိုး တွေလား၊ အပြောင်းအလဲနဲ့ တစ်ပါတည်းပါလာတတ်တဲ့ ဖြစ်ရပ်တွေလား၊ ပြုပြင်ပြောင်းလဲရေး ကို အကောင်အထည် ဖော်တဲ့အခါ ဖြစ်တတ်တာတွေ ကြောင့်လား။ ဘယ်လိုမြင်ပါသလဲ။

DM : ဘယ် အကြမ်းပတမ်း လုပ်ရပ်ကိုမှ သဘာဝပဲလို့ ရှင်းပြပြီးတော့ မကာကွယ်ချင်ပါဘူး။ ဒါပေမဲ့ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်း ဗဟိုချုပ်ကိုင်တဲ့၊ ဖိနှိပ်တဲ့၊ စစ်အာဏာရှင်စနစ် အောက်မှာ ရောက်ခဲ့တာကြောင့် မရှင်းလင်းရသေးတဲ့၊ မပြီးပြတ်သေးတဲ့ တင်းမာမှုတွေ လူ့အဖွဲ့ အစည်းထဲမှာ ရှိနေတယ်လို့ ထင်ပါတယ်။ပွင့်လာပြီ ဖြစ်တဲ့ အတွက်ကြောင့် တင်းမာမှု အချို့ကို ရှင်းလို့ ရလာပြီ။ ဥရောပမှာ၊ အရှေ့ဥရောပမှာ၊ အင်ဒိုနီးရှားမှာ၊ နေရာ အများကြီးတွေမှာပဲ။ ရှင်းကိုရှင်းရမယ်။ လူတွေက ပြောခွင့်ဆိုခွင့် ရလာတဲ့အခါ တချို့ကိစ္စတွေမှာ အပြုသဘော မဆောင်တဲ့ နည်းမျိုးနဲ့ ပြောလာကြတယ်။ ဒီတော့ တစ်နည်းနဲ့ ကြည့်ရင် မရှင်းရသေးတဲ့အရာ တွေကို ရှင်းကြတာ သဘာဝပါပဲ။ ဒါပေမဲ့ မေးစရာက ဘယ်လိုနည်းနဲ့ ရှင်းမှာလဲ။ တစ်နည်းနဲ့ ကြည့်ရင် လူတွေက ကိုယ်ပြော ချင်တာကို လွတ်လွတ်လပ်လပ် ပြောခွင့်ရ လာတာ ပြုပြင်ပြောင်းလဲရေးရဲ့ သဘာဝပါပဲ။ ဒါပေမယ့် အကြမ်းပတမ်း ဖြစ်ရပ်တွေက သဘာဝ လို့တော့ မပြောချင်ပါဘူး။

Voice : မေးနေကျ မေးခွန်းတစ်ခု မေးပါ့မယ်။ အမေရိကန်နိုင်ငံ မြန်မာနဲ့ ထိတွေ့ဆက်ဆံလာတာက “တရုတ်ကြောင့်” လို့ အပြောများကြတယ်။ ခဏခဏလည်း ဒီမေးခွန်းကို ဖြေဖူးမှာပါပဲ။ ဒါပေမဲ့ အခု ထပ်မေးလိုက်ပါဦးမယ်။ ဒီကိစ္စကို ဘာများ ပြောချင်လဲ။

DM : ဒီမေးခွန်းကတော့ ဆက်ပြီး အမေးခံနေရတာပဲ။ ဘာလို့ ဒီနေရာကို အရမ်း ဂရုစိုက်နေရတာလဲ။ ဘာလို့ သမ္မတ အိုဘားမားက အရမ်း စိတ်ဝင်စားနေတာလဲ။ ဘာလို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အရမ်းစိတ်ဝင်စား နေတာလဲ။ အမေရိကန် ပြည်သူတွေက ဘာလို့ အရမ်းစိတ်ဝင်စား နေတာလဲ စတဲ့ မေးခွန်းတွေပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဒီနိုင်ငံက ထူးခြားတဲ့ နိုင်ငံ မို့လို့ပါ။ လူတွေက ဒီနေရာကို သဘောကျ နေတယ်လို့ထင်တယ်။ (ရယ်လျက်) အကြာကြီး ပိတ်ထားခဲ့တဲ့ နိုင်ငံ။ ဒေါ်စု၊ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်အရမ်း ဝင်စားကြတယ်။ သူက တစ်ကမ္ဘာလုံးမှာ ကိုယ်စားပြုပုံရိပ်လေ။ သူရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အားထုတ်ပင်ပန်းခံ။
စစ်အာဏာရှင်စနစ် ရှိတယ်။ ဒါကို အမေရိကန်တွေက ဒေါသထွက်ကြတယ်။ ဒီတော့ ဒီမှာဖြစ်ပျက်နေတာ တွေကို လူတွေ စိတ်ဝင်စားကြနေကြတာ ကြာလှပါပြီ။ ကမ္ဘာပေါ်မှာ ကြားရတဲ့ သတင်းကောင်း နည်းနည်းလေးထဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးက တစ်ခုဖြစ်နေတယ်။ ဒီမိုကရေစီကို ပြောင်းသွားတယ်ဆိုရင်ကို စိတ်ဝင်စားတတ်တဲ့ ပျော့ကွက် အမေရိကန် တွေမှာရှိတယ်။ အမေရိကန်နိုင်ငံဖွံ့ ဖြိုးရေး အတွက် အာရှက အရေးကြီးတယ်လို့ မြင်တာက နောက်တစ်ခုပါ။ အာရှရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး လုပ်နိုင်မယ့် အခွင့်အလမ်း။ ဒီနိုင်ငံက အာရှရဲ့ လမ်းဆုံလမ်းခွပါ။ သူ့မှာရှိတဲ့ အလားအလာအတိုင်း အပြည့်အဝ တိုးတက်လာမယ် ဆိုရင် ဒီနိုင်ငံက ဒီဒေသ ဖွံ့ ဖြိုးမှုကို တွန်းအားပေးမယ့် အင်ဂျင်ဖြစ် လာမှာပါ။ တောင်အာရှကို ဒီနိုင်ငံက အရှေ့ တောင်အာရှနဲ့ ချိတ်ဆက်ပေးနိုင်တယ်။ အားလုံး ချိတ်ဆက်နေတာကြောင့် ဒီမှာ ကောင်းလာတာတွေက အမေရိက အတွက်လည်း အကျိုးရှိမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်တာတွေလည်း ကျွန်တော်တို့ စိုးရိမ်တာတွေ ရှိပါတယ်။ ဒီကိစ္စတွေက နယ်ခြားမရှိဘူး မဟုတ်လား။ မှောင်ခိုမှုတွေ၊ HIV၊ ငှက်ဖျား။ ဒါတွေက ခင်ဗျားတို့ တစ်နိုင်ငံတည်းတင် မဟုတ်ဘဲ တခြားနေရာ မှာပါ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ အရာ တွေပါ။ ကျန်းမာရေး အန္တရာယ်တွေက လေယာဉ်ပေါ် တက်စီးပြီး ရောက်ချင်တဲ့ နေရာ ရောက်သွားတတ်တာ မျိုးလေ။ မြန်မာနိုင်ငံကို အကူအညီပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်းအားလုံးဟာ ဒီစိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်မှ အားလုံး လုံခြုံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကိုလည်း ဖြည့်ရာ ရောက်ပါတယ်။ ဒီတော့ “တရုတ်ကြောင့် မဟုတ်ပါဘူး”။ တရုတ်မြင့်တက်လာတာကို စိုးရိမ် မနေကြခင်၊ အာရှမှာ တရုတ် ထိပ်မရောက်ခင် ဟိုးအချိန်ကတည်းက ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ထိတွေ့ ဆက်ဆံခဲ့တာပါ။ ပထဝီမဟာဗျူဟာ သဘောအရ အရေးပါမှုထက် ဒီက လူတွေအားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက်ပဲ ကျွန်တော်တို့ အာရုံစိုက်တယ်လို့ ပြောနိုင် ပေမယ့် ကျွန်တော့် စကားလုံးတွေထက် ကျွန်တော်တို့ လုပ်ရပ်တွေက သက်သေပိုပြ နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

The Voice weekly


Myanmar Deputy Minister for Electric Power Aung Than Oo, fourth left, and Supasit Skontanarat, Green Earth Power (Thailand) managing director, right, on Thursday signed a memorandum of understanding for Myanmar
(PV TECH NEWS မှ 7 May 2013 ရက်ဆွဲပါ “Myanmar to host world’s third largest solar plant” သတင်းကိုဘာသာပြန်ဆိုသည်။)

ထိုင်းအခြေစိုက် Green Earth Power (GEP) ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဒေါ်လာ၂၇၅ သန်းတန် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့တတိယအကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် ၁၈ လအတွင်းပြီးစီးမည်ဖြစ်ပြီး၊ ဓါတ်အား၂၁၀ မီဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိမည်ဟု ထုပ်ဖော်ပြောကြားသော GEP ကုမ္ပဏီကို ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုက ရှယ်ယာအများစုပိုင်ဆိုင်သည်။

GEP ကုမ္ပဏီ ဥက္ကဋ္ဌ ပေါဘားနဒ်ရန်းက မိမိတို့ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ကို မြန်မာဝန်ကြီးဌာနများနှင့် လာမည့် ၃လအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ရကြောင်း Bangkok Post သို့ ပြောကြားသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံသည် ဟက်တာ ၃၀၀ ကျယ်ဝန်းပြီး နေပြည်တော်နှင့် မလှမ်းမကမ်းရှိ မကွေးတိုင်း မင်းဘူးမြို့နယ်တွင်တည်ရှိသည်။

၎င်းစီမံကိန်းကို ၅၀ မဂ္ဂါဝပ်၊ ၇၀ မဂ္ဂါဝပ်နှင့် ၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိသော အဆင့်သုံးဆင့်ဖြင့် အကောင်ထည်ဖော်မည်ဟု မျှော်လင့်ရသည်။ စီမံကိန်းကုန်ကျစရိတ် စုစုပေါင်း၏ ၇၀%ကို ချေးငွေမှရရှိမည်ဖြစ်ပြီး ကျန်၃၀%ကို ကုမ္ပဏီပိုင်ငွေမှစိုက်ထုတ်မည်ဟုသိရသည်။ ချေးငွေရရှိရန်အတွက် ပြည်တွင်းပြည်ပဘဏ်များနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟုသိရသည်။

GEP သည် ထိုင်းနိုင်ငံမှ နာမည်ကြီးကုမ္ပဏီများအပါအဝင် အလားအလာရှိသော မဟာဗျူဟာမြောက် လက်တွဲဘက်များနှင့် ဆွေးနွေးနေသည်ဟု ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဆူပါစစ်ဆခွန်တာနာရတ်က ပြောကြားသည်။

ကုမ္ပဏီ ဥက္ကဋ္ဌ ဘားနဒ်ရန်းက ဒါ့အပြင် မန္တလေး (သို့) ရန်ကုန်မှာတည်ဆောက်ဖို့ရှိတဲ့ နောက်ထပ်စီမံကိန်းအတွက် ဒုတိယမြောက်စာချွန်လွှာကိုလည်း ဆွေးနွေးညှိနှိုင်းနေပါသည်။ နောက်စီမံကိန်းကတော့ ၂၀၀ မီဂါဝပ်ကျော်ကျော် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဒီနှစ်အတွင်း သဘောတူညီမှုရရှိဖို့ ပြင်ဆင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်ဟု ပြောကြားပါသည်။

လက်ရှိမြန်မာတစ်နိုင်ငံလုံး၏ ၂၆% သာ လျှပ်စစ်မီးသုံးနိုင်ပြီး၊ လျှပ်စစ်မီးရရှိသော ကျေးလက်ဒေသမှာ ၄% မျှသာ ရှိသည်ဟုသိရသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.