05/12/13



(Bangkok Post မှ 10 May 2013 ရက်စွဲပါ “Suu Kyi predicts charter change”သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်က ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်မှုများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ တွန်းအားပေးနိုင်ဖွယ်ရှိသည်ဟုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြား သည်။

“၂၀၁၅ မတိုင်မီ အခြေခံဥပဒေကိုပြင်ဆင်ဖို့ ကြိုးစားကြမှာပါ။ ကျွန်မတို့လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

၁၉၈၉ မှ ၂၀၁၀ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက လစ်လပ် ၄၅ နေရာအနက် ၄၃ နေရာအနိုင်ရရှိပြီးနောက် သူမ ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအစိုးရ၏ ထိပ်တန်းအာဏာပိုင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သော ဆက်ဆံရေးကို တည်ဆောက်ထားပါ သည်။

သမ္မတဦးသိန်းစိန်သည် စစ်သားလူထွက်အများစုဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ပြီးနောက် လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်လျှက်ရှိသည်။

“အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရမယ့် အရေးကြီးကိစ္စရပ်တွေကို အကြီးတန်းပြည်ခိုင်ဖြိုးပါတီဝင်တွေက တင်ပြ ခဲ့ကြပြီး ကန့်ကွက်မှုမရှိ အတည်ပြုနိုင်ခဲ့တဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီကလည်း လိုလားတယ်လို့ ကျွန်မယုံကြည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော တပ်မတော်လွှမ်းမိုးမှုကို ပျက်ပြယ်စေမည့် ဥပဒေမှန်သမျှကို အလုံအလောက် ပယ်ချနိုင်ရန် လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ၂၅ % ထည့်သွင်းထားသော အချက်မှာ ၂၀၀၈ အခြေခံဥပဒေ၏ အငြင်းပွားဆုံး ကိစ္စဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးသည် ခက်ခဲလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံထားပါသည်။

မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ၂၀၁၅ တွင် စီစဉ်ထားပြီး ပြည်ပနိုင်ငံသားနှင့် လက်ထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရွေးပွဲမဝင်နိုင်အောင် လက်ရှိအခြေခံဥပဒေက တားဆီးထားသည်။
Yangon Chronicle


ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုရင် USDP နဲ့ မဖြစ်မနေပူးပေါင်းရမယ်လို့ ထင်ပါတယ်... အဲ့ဒီတော့ USDP ပါတီကကော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တဲ့ဆန္ဒ ရှိတယ်လို့ အန်တီ မြင်ပါသလား... တကယ်လို့ ပြင်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်ကော သူတို့နဲ့ ပူးပေါင်းပြီး ပြင်မှာလား... ၂၀၁၅ မှာကော USDP နဲ့ NLD မဟာမိတ် ဖြစ်လာနိုင်လား... ဆိုသည့် မေးခွန်းကို အမေစု ၏ အဖြေ ပါခင်ဗျာ... (ရိုက်ကူးတည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်)


ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကုန်လုံးပြုပြင်ပြောင်းလဲမှာလား... အပိုင်းလိုက် အပိုင်းလိုက်ကို အန်တီတို့ ကြိုးစားပြုပြင်မှာလား ဆိုသည့် မေးခွန်းအပေါ် အမေစု ၏ ဖြေကြားချက်... (ရိုက်ကူးတည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်) —

တပ်မတော်သား ၂၅% ကို ထည့်သွင်းစဉ်းစားထားလား...
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် အန်တီအနေနဲ့ လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား ၂၅% ကို ထည့်သွင်းစဉ်းစားထားလား... အခြေခံလူတန်းစားတွေ မျှော်လင့်တဲ့အချက်မျိုး ပါမပါဆိုသည့် သတင်းထောက်တစ်ဦး၏ မေးခွန်းကို အမေစု ကယခုလို ပြန်လည်ဖြေကြားခဲ့သည်.

၂၀၀၈ ဖွဲ့စည်းပုံဟာ ဘက်လိုက်မှုတွေ၊ မတရားမှုတွေ၊ အတ္တလွန်ကဲမှု၊ အဓိပ္ပါယ်ဖော်ရခက်တယ်ဆိုတဲ့ စကားတွေ နဲ့ ပြည့်နေတယ်ဆိုတဲ့ အပေါ် အန်တီအမြင် ဘယ်လိုရှိလဲဆိုသည့် မေးခွန်းကို အမေစု ၏ အဖြေပါ ခင်ဗျာ... (ရိုက်ကူးတည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်)


တောင်ကိုရီးယား နိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား
သွေးရင်းသားရင်း ညီအကို မောင်နှမ အပေါင်းတို့

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော(၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဂျင်မီ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ ဥက္ကဌ ကိုသံခဲ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဥက္ကဌ ကိုအောင်မိုးဇော် တို့နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံ ဆွေးနွေးပွဲ အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ရုံးခမ်းမဆောင်တွင် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကို မောင်နှမ အပေါင်းတို့ အနေဖြင့် မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖြင့် အသိပေးဖိတ်ကြားအပ်ပါသည် ။ ။
အပိုင်း(၁)
၂၀၁၃ ခုနှစ် မေလ ၁၈ ရက် စနေနေ့၊ည ၈နာရီ မှ ည ၁၀ နာရီ ၃၀ မိနစ် အချိန်အထိ။
(ကိုမင်းကိုနိုင် နှင့် ကိုကိုကြီး တို့မှ အဓိက ဦးဆောင် ဆွေးနွေးမည်)
အပိုင်း(၂)
၂၀၁၃ ခုနှစ် မေလ ၁၉ ရက် တနင်္ဂနွေနေ့၊မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ အချိန်အထိ။
(ကိုဂျင်မီ၊ကိုသံခဲ နှင့် ကိုအောင်မိုးဇော် တို့မှ အဓိက ဆွေးနွေးမည်)

မူရင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ
သတင်းနှင့်ပြန်ကြားရေး

ရန်နိုင်ထွန်း

ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ.....မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့အပိုအလျှံ အိုဒဏ်ပေးလေတယ်မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေးခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ်တွေကို ဖတ်ပြီးမှ သေကြဟဲ့”လို့အမိန့်တော်မြတ်ချမှတ်တော်မူလေသလားမသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင်မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲတည့်ပြောနေရဦးမှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီးသားတော်-သမီးတော်တွေကို ရေပူ-ရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူး ရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင်ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေလေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော်သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာမဟုတ်ဘူးလေဗျာ။ သူတို့အလိုက်ကမ်းဆိုးသိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြရမှာလား။ တရုတ်ကိုယ်တော်ကြီးတွေကိုဆိုဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်း များက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက
စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင်ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလားရယ်လို့ ဗိုက်တပွတ် ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့သယံဇာတရင်း မြစ်တွေကိုတူးဆွခြေမွအမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက်ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီအရေးတော်ပုံတပ်သားတွေရဲ့ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.