05/13/13


စုံစမ်းရေးကော်မရှင်ကြီးအဖျားရှူးသွားလို့၊ စုံစမ်းရေးကော်မရှင်ကြီးအကြမ်းဖက်အစိုးရရဲ့ ရှေ့နေဖြစ်သွားလို့၊ စုံစမ်းရေးကော်မရှင်ကြီးက တရားခံပျောက်လုပ်လိုက်လို့ လက်ပန်းတောင်းအကြမ်းဖက်တရားခံတွေမဖေါ်ထုတ်နိုင်လို့၊ လက်ပန်းတောင်းဒေသလယ်သမားတွေ အားမငယ်ပါနဲ့ လို့ ဆော်ဩလိုက်ပါရစေ။ လက်ပန်းတောင်းလယ်သမားတွေနဲ့တသွေးတည်းတသားတည်းရပ်တည်ပြီး လယ်ယာအားလုံးပြန်ရသည်အထိဦးပိုင်ဝမ်ပေါင်ဖျက်သိမ်းသည်အထိ၊သံဃာမီးမြိုက်တဲ့အကြမ်းဖက်တရားခံတွေဖမ်းဆီးဖေါ်ထုတ်အရေးယူနိုင်သည်အထိ ထမင်းရှင်လက်ပန်းတောင်းလယ်သမားတွေနှင့်အတူ တသားတည်းရပ်တည်တိုက်ပွဲဝင်သွားကြမယ့် အမေရိကန်ရောက်မြန်မာပြည်သားတွေရှိနေပါသေးကြောင်း သတင်းအသံပြုလိုက်ပါရစေခင်ဗျာ။

အရှုံးမပေးနဲ့ အားတင်းထားပါ ကျေးဇူးရှင် လက်ပန်းတောင်းလယ်သမားများခင်ဗျာ။ ထမင်းရှင်တွေကျေးဇူး အထူးသိတတ်ကြမှာဖြစ်ပါတယ်။

မနေ့က မေလ ၁၂ရက် ၂၀၁၃ မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဝါရှင်တန်ဒီစီရှိ မြန်မာအခွန်ရုံး တရုတ်သံရုံးရှေ့ နဲ့ အမေရိကန် အိမ်ဖြူတော်ရှေ့မှာကျင်းပပြုလုပ်တဲ့"လက်ပန်တောင်းတောင်ဒေသနှင့်အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတောင်းဆိုဆန္ဒပြပွဲ" တရပ်ကို ကျင်းပ ပြုလုပ်ကြပါတယ်။
လက်ပန်တောင်းတောင် ဒေသခံရွာသားများက စစ်အုပ်စုတို့၏ အခြေပြု ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဟာ တရားမျှတသောစီမံကိန်း မဟုတ်ကြောင်း ဆန့်ကျင်နေမှုကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ထောက်ခံကြပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက လက်ပန်တောင်း ပြည်သူတွေအား ဦးသိန်းစိန် အရပ်သားအစိုးရ နဲ့ စစ်အုပ်စုမှ မီးလောင်ဗုန်း နဲ့ ပစ်ခပ်တိုက်ခိုက်သော တရားခံများအား မဖော်ထုတ်နိုင်သေးခြင်း၊ အမိန့်ပေးသူများအား မဖော်ထုတ်နိုင်သေးခြင်း၊ ဦးပိုင် ဝမ်ပေါင် ရဲ့ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအား ရပ်တံ့နိုင်ခြင်းမရှိသေးခြင်းတို့ကို လက်ပံတောင်းတောင်သူတွေရဲ့ ရတက်မအေးရသေးသည့် လူထုအပူမီးကို အထူးစာနာမိကြပါတယ်။

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နေသည်ဟုဆိုသော မြန်မာအရပ်သားအစိုးရ အမည်ခံ ဗိုလ်ချုပ်သိန်းစိန် ဟာ သမ္မတကြီး အဖြစ် တာဝန်ယူခဲ့ချိန်မှာ လက်ပံတောင်းတောင် ဒေသခံတွေ နဲ့ သံဃာတွေကို မီးလောင်ဗုန်းနဲ့ ပစ်ခပ်နှိမ်နင်းခံခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုတွေ စစ်ခရိုနီတွေ ပိုင်တဲ့ ဦးပိုင်နဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္မဏီတွေ ရဲ့ ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်သူတွေ မိဘပြည်သူတွေဟာ လယ်သိမ်းမြေသိမ်း အလုပ်ရပ် ခလေးငယ်တွေကျောင်းတွေရပ် သာသနိက အဆောက်အဦးတွေပါ ဖယ်ရှားပေးခဲ့ကြရမှုတွေကို လူးလှိမ့်ခံစားနေကြရတာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဟာ တရားမျှတသောစီမံကိန်း မဟုတ်ကြောင်း ထင်ရှားမှု သုံးခုရှိပါတယ်။ ပထမဆုံးအချက်မှာ ရွာသူရွာသားများ၏ ဆန္ဒမပါဝင်ဘဲ
ခြိမ်းခြောက် လျှော်ကြေးပေးခဲ့ခြင်း၊စီမံကိန်းအား ဒေသခံများထံတင်ပြပြီမှသာလုပ်မည်ဆိုသော်လည်း ပြောဆိုသည့်အတိုင်းအကောင်အထည်မဖော်ခြင်း၊ဒုတိယအချက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များ
အား ဒေသခံများခံစားခွင့်မရရှိခြင်း၊နံပါက်သုံးအချက်မှာသပိတ်စခန်းအတွင်းငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်သူများအား ပြည်တွင်းနှင့် နိုင်ငံတကာမှ လိုက်နာရမည့် ဥပဒေများအား လိုက်နာမှုမရှိဘဲ အကြမ်းဖက်ချေမှုန်းခြင်းစသည့်အချက်များပါဝင်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက သံဃာထု နဲ့ ဒေသခံ ပြည်သူလူထုကို ဓါတုလက်ပစ်ဗုံး နဲ့ မီးသတ်ရေပြင်းအား တွေ နဲ့ပစ်ခွင်းအင်အားသုံးဖြိုခွဲခဲ့အပြီး သံဃာတော်အများအပြားဟာ မီးလောင်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ကြရတာပါတယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ ဥပဒေမဲ့ နိုင်ထက်စီးနင်းလုပ်ဆောင်နေမှုများကို ရုတ်သိမ်းရန် ဆန္ဒပြပွဲပြုလုပ် တောင်းဆိုကြကြောင်း တွေ့ရသည်။ (၁) လျော်ကြေးငွေကို ငြင်းပယ်ထားသော ဒေသခံများ၏ လယ်မြေများ ပြန်လည် ရယူမှုကို အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိမ်နင်းခခြင်း (၂) လက်နက်ကိုင်ဆူပူလှုပ်ရှားမှု မပြုသော ပြည်သူများကို ပုဒ်မ ၁၄၄ ဖြင့် တားဆီးခြင်း (၃) ဒေသခံပြည်သူများကို ၀န်းရံပေးသော မြန်မာပြည်တ၀ှမ်းက ကျောင်းသားများ၊ မြန်မာ့အရေးလှုပ်ရှားသူများကို အမှုများ စွဲဆိုပြီး ပိတ်ဆို့ခြင်း စသည့် အစိုးရ၏ ကျုးလွန်နေမှုများသည် တရားမျှတမှု မရှိကြောင်း၊ ဒီမိုကရေစီရေ၊ ငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်စေကြောင်း အမြန်ဆုံး ဖြေရှင်းစေလိုကြောင်း ဆန္ဒပြပွဲပြုလုပ်သဘောထား ဖော်ထုတ်ကြပါသေးတယ်။

ဦးသိန်းစိန်အစိုးရ အနေနဲ့ ပြင်းထန်ရက်စက်စွာ ကာလ ကြာရှည်စွာခံစားနေရတဲ့ လက်ပန်တောင်းဒေသခံလူထုအတွက် ပြသနာများကို ဖြေရှင်းပေးရန် အတွက် စီမံကိန်းရပ်တံ့ရန် နဲ့ စီးပွားရေးအရတရားမျှတမှုရှိအောင် အစိုးရကလုပ်ဆောင်ပေးရန်၊ နိုင်ငံတကာကုန် သွယ် မှုစည်းကမ်းများနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်လေ့ရှိတဲ့ တရုတ်ကုမ္ပဏီများနှင့်အ ခြားသောနိုင်ငံတကာကိုယ်ကျိုးရှာကုမ္ပဏီများကိုသာအကာအကွယ်ဆက်လက်မပေးဘဲ လူထုတစ်ရပ်လုံးအကျိုးစီးပွါးကို ကာကွယ်ရန် တာဝန်ရှိပါတယ်။ ဒီကိစ္စမှာ စီးပွါးရေးလာလုပ်နေတဲ့ တရုတ်ကွန်မြူနစ်အာဏာရှင်အစိုးရမှာပါ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် တာဝန်ရှိပါတယ်။ ဒါကြောင့် မြန်မာ သံရုံး တရုတ်သံရုံး ကို ဆန့်ကျင်ဆန္ဒပြဖော်ထုတ်ကြပါတယ်။ မြန်မာ့အရေးကို အမေရိကန်အစိုးရ အနေနဲ့ သတိပြုမူမိစေရန် အိမ်ဖြူတော်ရှေ့ မှာပါ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါတယ်။

zaw win

ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတို ပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း “ကျောင်းသားလှုပ်ရှားမှု”ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေစိတ်ကြိုက်လုပ်ကြတယ်။

ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီးတစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။

အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။

ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။
အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။

၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။

ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။

ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲ မှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြောရေး ရုံး သွင်းခံရလိုခံရ။ ကျန်ကောင်း ကျန်ရာ လူ့သိက္ခာ ဗလာကျင်း အောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။ ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ် ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျွန်တော့်သွားတွေ အကုန်ကြွေကုန်တယ်။

၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။

ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။

၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တစ်ရှဉ်းတော့ “နတ်သင်း” ဖြစ်ရတယ်။

အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ်စစ် တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။

နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။

“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”

ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။ လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေး စားပါဦးတဲ့။

ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။ အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက် ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိ လုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။

ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ်ယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက် ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။
ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။

ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့် အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။ ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။
ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။
ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။ တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။

ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။
သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။

သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။
သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။
စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။

အရေးတော်ပုံ တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။

စစ်အာဏာရှင်တွေ တစ်မြုံလုံးကို

ကမ္ဘာမကျေဘူးဟေ့။

ဗမာမကျေဘူးဟေ့။

ငါမကျေဘူးဟေ့။

ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။

စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း “ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။

နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။

“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်”။


ဟံသာဝတီ ဦးဝင်းတင်

မြန်မာအင်ဒီပင်းဒန့်ဂျာနယ်။ ။ အောက်တိုဘာ ၁၃၊ ၂၀၁၂


နိုင်ငံရေးအကျဉ်းသားတွေအပေါ် အစိုးရက လည်ပင်းညှစ်ချင်တဲ့စိတ် ရှိနေသေးတယ်ဆိုတာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့အမှုက သက်သေပြနေတယ်လို့ ဟံသာဝတီဦးဝင်းတင်က မေလ ၁၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။



ဂျပန်နိုင်ငံရဲ့ ချစ်စရာ သတင်းအချက်အလက် များကို ဖတ်ရှုပေးပါ။

၁။ သင်သိပါသလား။ ဂျပန် ကလေးငယ်များဟာ မိမိတို့ ကျောင်းကို ဆရာ၊ ဆရာမများနှင့်အတူ ၁၅ မိနစ်ခန့် နေ့စဉ်သန့်ရှင်းရေး လုပ်ကြပါတယ်။ ဒီအလေ့အကျင့်ဟာ ခေတ်မီ သန့်ရှင်းမှုကို အလေးထားသော မျိုးဆက်သစ် ဂျပန်လူငယ်များ ပေါ်ထွန်း လားစေပါတယ်။

၂။ သင်သိပါသလား။ ခွေးတစ်ကောင် ပိုင်ဆိုင်တဲ့ မည်သည့် ဂျပန် နိုင်ငံသားမဆို ခွေးရဲ့ အညစ်အကြေးတွေကို သုတ်သင်ဖို့ အိတ်တွေ၊ အထူးပြုလုပ်ထားတဲ့ အိတ်တွေကို သွားလေရာ သယ်ယူသွားကြရ ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ သန့်ရှင်းစင်ကြယ်မှုကို ဂုဏ်ယူဖော်ပြလိုတဲ့ အချက်တွေဟာ ဂျပန် နိုင်ငံသားတိုင်းရဲ့ ကျင့်ဝတ်တွေ ဖြစ်ကြပါတယ်။

၃။ သင်သိပါသလား။ ဂျပန် သန့်ရှင်းရေး လုပ်သားတွေကို "ကျန်းမာရေး အင်ဂျင်နီယာများ" လို့ သမုတ်ကြပါတယ်။ သူတို့ဟာ လစာငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ အထိ တောင်းဆို နိုင်ကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို တွေ့ဆုံမေးမြန်းခြင်းဖြင့် သတင်းမီဒီယာ များမှာ ဂုဏ်ပြုချီးကျူး ခြင်း ခံကြရပါတယ်။

၎။ သင်သိပါသလား။ ဂျပန်နိုင်ငံဟာ သဘာဝ အရင်းအမြစ် မရှိတဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ငလျင်ဒဏ်ကို အကြိမ်ပေါင်း ရာချီ ခံစားနေရသော်လည်း ကမ္ဘာမှာ ဒုတိယ အကြီးဆုံး စီးပွားရေး ကိုပိုင်ဆိုင် နိုင်ကြတာပါ။

၅။ သင်သိပါသလား။ ဟီရိုရှီးမား မြို့ဟာ အက်တန်ဗုံး မကျခင်က အလွန်ကောင်းမွန်ခဲ့တဲ့ စီးပွားရေး အခြေအနေအတိုင်းကို ဆယ်နှစ်အတွင်း ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

၆။ သင်သိပါသလား။ ဂျပန်နိုင်ငံဟာ ရထားပေါ်၊ စားသောက်ဆိုင်တွေနဲ့ အခန်းတွင်းတို့မှာ မိုဘိုင်းဖုန်း သုံးစွဲမှုကို တားမြစ်ထားပါတယ်။

၇။ သင်သိပါသလား ။ဂျပန်ကျောင်းသူ ကျောင်းသားလေးများဟာ မူလတန်း ပထမတန်းမှ ဆဌမတန်းအထိ လောကနီတိကို လေ့လာ သင်ယူကြရပါတယ်။

၈။ သင်သိပါသလား။ ဂျပန်နိုင်ငံသားများဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်များ ဖြစ်ကြသော်လည်း သူတို့၏ အိမ်မှာ အစေခံ၊ အိမ်ဖော် မထားကြပါဘူး။ အိမ်တစ်အိမ်ရဲ့ အိမ်လုပ်ငန်းတွေနဲ့ ကလေးငယ်များအတွက် သူတို့ မိဘတွေက တာဝန်ယူကြပါတယ်။

၉။ သင်သိပါသလား။ ဂျပန်နိုင်ငံမှာ မူလတန်း ပထမတန်း မှ တတိယတန်းအထိ စာမေးပွဲဆိုတာ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ ပညာရေး ပန်းတိုင်ဟာ စာမေးပွဲတွေ၊ ပုံစံခွက် ရိုက်သွင်းခြင်းတွေ မရှိပဲ အယူအဆ သဘောတရားတွေနဲ့ စာရိတ္တ ကောင်းမွန်ရေးတို့ကို တဖြည်းဖြည်း နားလည် ခံယူသွားနိုင်အောင် လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။

၁၀။ သင်သိပါသလား။ သင်ဟာ ဂျပန်ရှိ စားသောက်ဆိုင်တွေကို သွားတဲ့အခါမှာ သူတို့ဟာ သူတို့ လိုသလောက်သာ မှာယူ စားသုံးကြတာကို သင် သတိထားမိမှာပါ။ စားကြွင်းစားကျန် အဖြစ် မထားကြပါဘူး။

၁၁။ သင်သိပါသလား။ ဂျပန်မှာ ရထားများ နှောင့်နှေးကြန့်ကြာ ချိန်ဟာ တစ်နှစ်လုံးမှာ (၇) စက္ကန့်သာရှိပါတယ်။ ဂျပန်နိုင်ငံသားတွေဟာ အချိန်ရဲ့ တန်ဖိုးကို တစ်မိနစ်၊ တစ်စက္ကန့် အထိအောင် အလေးထားလေ့ ရှိကြပါတယ်။

၁၂။ သင်သိပါသလား။ ကျောင်းမှာရှိကြတဲ့ ကလေးငယ်များဟာ အစာစားပြီးတိုင် သွားတိုက်ကြရပါတယ်။ ဂျပန်နိုင်ငံသားတွေဟာ ငယ်ရွယ်စဉ်ကာလ ကတည်းက မိမိကျန်းမာရေးကို ထိန်းသိမ်းတတ်ကြပါတယ်။

၁၃။ သင်သိပါသလား။ ဂျပန် ကျောင်းသူကျောင်းသားများဟာ အစာစားတဲ့အခါ နာရီဝက်ခန့် အချိန်ယူ သုံးဆောင်ကြပါတယ်။ အစာချေဖျက်မှု ကောင်းမွန်မှန်ကန်စေရန် ဖြစ်ပါတယ်။ ဒီကလေးတွေဟာ ဂျပန် နိုင်ငံရဲ့ အနာဂတ် ဖြစ်ပါတယ်။

Ref: https://www.facebook.com/FactsThatWillBlowYourMind?ref=stream&group_id=0


မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါ နောင်မြင်ရဖို့ လွန်စွာခဲယဉ်းပါသည်..။ ဗိုလ်ချုပ်လောက် ရိုးသားပြီး မာန် ၊ မာန ကင်းမဲ့သူတစ်ယောက်ကို နောင်တွင် မြင်ရကြုံရတော့မည်မထင်ပါ..။ စွန့်လွှတ်ခြင်း ၊ အနစ်နာခံခြင်း ၊ ရိုးသားခြင်း ၊ ဖြစ်သလိုနေတတ်ခြင်းက ကမ္ဘာ မှာ စံပြလောက်သည့် ပုဂ္ဂိုလ်ဖြစ်ပါသည်...။

ကျေးဇူးရှင်ခေါင်းဆောင်ကောင်းကို ဂုဏ်သိက္ခာ မှိန်ထား..ဖျောက်ထားသလို..၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို အမှောင်ချထားခဲ့ပြီး အခုမှပြောခွင့်ရလို့ ပြောရတာပါ..။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ သူရဲကောင်းပါ...။ မြန်မာပြည်မှာသာမက အနောက်တိုင်းကပါ အလွန်လေးစားရတဲ့ ဗိုလ်ချုပ်ပါ....။

တစ်ခါက လွတ်လပ်ရေးရခါနီး စစ်ဝန်ကြီးအဖြစ်နဲ့ ဧရာဝတီတိုင်းအတွင်း ကွင်းဆင်းပြီး လှည့်လည်တရားဟောရာမှာ အပါးတော်မြဲ ဗိုလ်ထွန်းလှက ကားမောင်းပြီး စောဘဦးကြီး နဲ့ အတူ နောက်ခန်းက စီးကြရင်း ကျုံပျော်မြို့အ၀င်မှာ ဗိုလ်ချုပ်ဟာ ၀မ်းကလည်းလျှောနေတော့ ကားကိုရပ်ခိုင်းပြီး ချုံကွယ်မှာ တောထိုင်သတဲ့...။ ပြီးတော့ “ဗိုက်ဆာတယ်ဗျာ..” လို့ပြောရင်း ဟိုဟိုသည်သည် ကြည့်တော့ အတွင်းလမ်း ရွာအ၀င် ခရီးသည်တွေတည်းခိုတဲ့ ဇရပ်နားမှာ အကြာ်သည် အကြော်ကြော်နေတာတွေ့တာနဲ့ လမ်းလျှောက်ဝင်ပြီး အကြော်ကို အ၀စားကြသတဲ့လေ....။ “လမ်းမကြီးဘေးမှာ ဘာလို့မရောင်းတာလဲ...” ဟု အကြော်သည်ကိုမေးတော့... စစ်ဝန်ကြီးလာမယ်ဆိုလို့ ဖယ်ပေးရကြောင်း အကြော်သည်က ပြန်ဖြေတော့ ဗိုလ်ချုပ်က တဟား..ဟား..ရယ်ပြီး... “စစ်ဝန်ကြီးဆိုတာ ငါပဲ...၊ အပိုတွေလုပ်ကြတာ..၊ ငါခွင့်ပြုတယ်..၊ အတွင်းမှာမရောင်းနဲ့ ၀ယ်မယ့်သူရှိမှာမဟုတ်ဘူး..၊ အရှုံးပေါ်လိမ့်မယ်...၊ လမ်းမဘေးမှာပြန်ရောင်း....” လိုပြောသတဲ့....။

တစ်ခါကလည်း မြစ်ဝကျွန်းပေါ်ဘက်က ရွာလေးတစ်ရွာကို တရားဟောဖို့အသွား ကားမ၀င်နိုင်တဲ့ လှည်းလမ်းဖြစ်နေတယ်...။ မိုးကုန်ခါစ ကန်သင်းရိုးတွေအပေါ် ဖြတ်ဖောက်ထားတဲ့ ယာယီလမ်းဆိုတော့ လှည်းနဲ့ စက်ဘီးပဲ သွားနိုင်သတဲ့..။ ရွာကားလမ်းမကြီးက လေးငါးမိုင်ဆိုဝေးတော့ လှည်းကြုံမရှိတာနဲ့ နီးစပ်ရာမှာ ကားကိုအပ်..၊ စက်ဘီးတစ်စီးငှားပြီး အပါးတော်မြဲ ဗိုလ်ထွန်းလှကနင်း..၊ ဗိုလ်ချုပ်က ခွ စီးသတဲ့...။ ဗိုလ်ချုပ်က စက်ဘီးမနင်းတတ်ဘူးလေ...။ တစ်မိုင်လောက်နင်းပြီးတော့ ဗိုလ်ချုပ်က လယ်ကန်းသင်းရိုးတွေကြောင့် ဖင်နာတယ်ဗျာ...၊ လမ်းဆင်းလျှောက်ရအောင်ဆိုပြီး စက်ဘီးတွန်းခိုင်းပြီး လမ်းလျှောက်သတဲ့...။ ရွာကလေးကလည်း ဗိုလ်ချုပ်လာမယ်မှန်းမသိလို့ လာမကြိုမိတာကို တောင်းပန်ပြီး တရားဟောပွဲအပြီး အပြန်မှာတော့ လှည်းနဲ့ ပြန်လိုက်ပို့သတဲ့....။

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ နိုင်ငံရေးလုပ်ကတည်းက နတ်မောက်မှာရှိတဲ့ မိဘတွေအိမ်ကို တစ်ခါမှ ပြန်ပြီး မကန်တော့ဖူးဘူးတဲ့...။ လွတ်လပ်ရေးရခါနီး စစ်ဝန်ကြီးဖြစ်တော့ ဇနီးသည် ဒေါ်ခင်ကြည်နဲ့အတူ ပထမဆုံး သွားကန်တော့ကြသတဲ့..။ ကားမောင်းတာက အပါးတော်မြဲ ဗိုလ်ထွန်းလှ...။ ဗိုလ်ချုပ်ဟာ ပြည်မြို့နား ရောက်ခါနီးတော့ မွေးရပ်မြေရောက်ခါနီး ပျော်လို့ ထင်ပါရဲ့...။ စစ်ချီသီချင်းတစ်ပုဒ်ကို စိတ်ပါလက်ပါ ဆိုရင်း လက်ကလည်း စည်းဝါးလိုက်သလို ဒေါ်ခင်ကြည် ပေါင်ကိုပုတ်သတဲ့...။ မကြုံဖူးလို့ အပါးတော်မြဲ ဗိုလ်ထွန်းလှ ကနောက်လှည့်ကြည်မိတော့ ဒေါ်ခင်ကြည်က ရှက်ပြီး ဗိုလ်ချုပ်ကို မျက်စောင်းခဲတော့.... ဗိုလ်ချုပ်က သဘောကျပြီး တ..ဟား..ဟား... ရယ်သတဲ့လေ.....။

(ဗိုလ်ချုပ်အောင်ဆန်း ၏ လူများများမသိသေးတဲ့ အကြောင်းအရာအချို့ ကို သိချင်တာပါ.. ဆိုပြီး စာရေးဆရာ ဆောင်ပါးရှင် ထောင်မှူးကြီးသိန်းဝင်း ရေးသော “ကျွန်တော်ကြားဖူးသည့် တပ်မတော်၏ ဖခင်ကြီး..” ဆောင်းပါးမှ အမေး-အဖြေ သဘောမျိုးရေးထားသည်မှ အားလုံးသိရအောင် ထုတ်နှုတ်ပြီး ပြန်တင်ပေးလိုက်ပါတယ်..., ခင်မင်စွာဖြင့်,, နေမျိုး)

Credit: Ko Nay Myo


နိုင်ငံတော်သမ္မတရဲ့ မန္တလေးခရီးစဉ်အတွင်း တံခွန်တိုင်လေးမျက်နှာဘုရား အနီးကနေ သမ္မတကိုကြိုဆိုကြောင်း ဗီနိုင်ဆိုင်းဘုတ်များနှင့်အတူ မိမိတို့ရဲ့ နစ်နာမှု များကို ဖော်ထုတ်ပြဖို့ ကြိုးစားတဲ့ ယခင် မြရည်နန္ဒာရပ်ကွက်မှာ နေထိုင်ခဲ့သူတွေရဲ့ အစီအစဉ် တားမြစ်ခံရကြောင်း သတင်းရရှိပါတယ်။

"ကျွန်မတို့က အရင်မြရည်နန္ဒာရပ်ကွက်မှာ နေခဲ့ကြတာပါ၊ မန်းစည်ပင်က ကျွန်မတို့ အိမ်တွေ၊ ၀ိုင်းတွေကို မနှစ်က (၉)လပိုင်းမှာတစ်ကြိမ်၊ ဒီနှစ် (၃)လပိုင်းမှာ တစ်ကြိမ် ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒီနေ့ သမ္မတကို ကြိုဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင် ပြီး၊ ကျွန်မတို့ နစ်နာတဲ့ အကြောင်း စာတစ်စောင်တင်ဖို့ကြိုးစားတာ ပြည်ကြီးတံခွန် ရဲမှူးက ကျွန်မတို့ ဗီနိုင်းတွေ သိမ်းသွားခဲ့ပါတယ်" လို့ မြရည်နန္ဒာရပ်ကွက်သူ မနွဲ့ယဉ်သင်းက မြန်မာဓိကကိုပြောပါတယ်။

ဗီနိုင်းဆိုင်းဘုတ်တွေမှာ "သမ္မတကြီးကိုကြိုဆိုပါ၏"၊ "သမ္မတကြီး သက်တော် ရာကျော်ရှည်ပါစေ"၊ "သမ္မတကြီးနိုင်ငံတော်ရဲ့ အကျိုးကို သယ်ပိုးနိုင်ပါစေ" စတဲ့ စာသားများနဲ့အတူ စည်ပင်သာယာ မြေထိုးစက်ကြီးများက နေအိမ်တွေကို ထိုးကော် ဖျက်ဆီးနေတဲ့ပုံများ ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးကို မြန်မာဓိက က ဆက်သွယ်မေးမြန်းရာမှာ "သမ္မတခရီးစဉ်အတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အခုလို တားဆီးခဲ့ရတာပါ"လို့ ပြောဆိုပါတယ်။

မန္တလေးမြို့မှာရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတဟာ ဒီနေ့မနက် အမျိုးသား ကဇာတ်ရုံမှာကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားအပြီး တိုင်းသမ၀ါယမအသင်းချုပ်ပိုင် နို့ချက်စက်ရုံဆီအသွား လမ်းမှာ မြရည်နန္ဒာရပ်ကွက်သူ၊ ရပ်ကွက်သား (၃၀)ခန့်က အခုလို ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။

ကျင့်ထုံး ပုဒ်မ ၄၀၁ (၁)ဖြင့် ခံဝန်ပြုလုပ်၍နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် ဥပဒေပညာရှင်များက ထောက်ပြ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်ပုဒ်မ ၄၅၅ တွင်အစိုးရအဖွဲ့ဝင်ဟောင်းများအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိရဟု အတိအကျပြဋ္ဌာန်းထားရာ၊ အစိုးရ အနေဖြင့် ၎င်းတို့ဆောင်ရွက်ချက်များကို နောက်ကြောင်းပြန်အရေးယူမှု မရှိစေရန်သတ်မှတ်ထားသော်လည်း နိုင်ငံရေး အကျဉ်းသားများကိုမူ မမျှတသောတရားစီရင်မှုဖြင့် တစ်ဖက်သတ်အရေးယူခဲ့သည့် ပြစ်ဒဏ်များအတွက် နောက်ကြောင်းပြန် ထောင်ဒဏ်ကျခံစေရန် ရေးဆွဲထားခြင်းမှာ ဒီမိုကရေစီစနစ်ကျင့်သုံးနေသော အစိုးရအဖွဲ့၏ တရားစီရင်ရေးဆိုင်ရာ ဖြောင့်မတ်မှန်ကန်မှုကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဥပဒေပညာရှင်များက ပြောဆိုခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောင်လာပြီးနောက်တွင် ပြစ်မှုတစ်ခုခုကျုးလွန် ခဲ့ပါက ကျန်ရှိနေသေးသော ပြစ်ဒဏ်များကိုပါထည့်ပေါင်းကာ ကျခံရသောကြောင့် ယခုကဲ့သို့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းမျိုးမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များက ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးနေမျိုးဇင်သည် အမှုတစ်ခုအတွက် ငွေဒဏ်မဆောင်ဘဲ ထောင်ဒဏ်ကျခံရန် ရွေးချယ်ခဲ့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိစဉ်က ကျန်ရှိခဲ့သော ထောင်ဒဏ် ၆ နှစ်ကျော် ကျခံစေရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေကျင့်ထုံး ၄၀၁ (၁) နှင့်လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သောကြောင့် ဥပဒေအရ ထောင်ဒဏ်အကြွေးများ ကျန်ရှိနေကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်ပြီး သမ္မတကြီးအနေဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ ကြွေးကျန် ထောင်ဒဏ်များကို ပယ်ဖျက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်ပါ ၀င်ရောက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ လွှတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ယင်းကဲ့သို့ကြွေးကျန်ထောင်ဒဏ်များရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရှိရသည်။

yangon chronicle



ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ဦးဆောင်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းဟာ ၇ ရက်ကြာ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်အပြီး တောင်ကိုရီးယားနိုင်ငံ(Guan Gu) မြို့မှာ ဂွမ်ဂျူး လူ့အခွင့်အရေးဆုနဲ့ အမေရိကန်နိုင်ငံ The National Endowment for Democracy (NED) ကပေးတဲ့ Democracy Award (2012) ဆုယူဖို့ တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကို ထွက်ခွာမယ်လို့ သိရှိရပါတယ်။

ရန်ကုန်မြို့မှ မေ ၄ ရက်၊ စနေနေ့ ည ၈ နာရီမှာ စတင်ထွက်လာပြီး ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ သီပေါ၊ နမ့်ဆမ် မြို့များမှ ဒေသခံပြည်သူများ လူမှုအဖွဲ့အစည်းများနဲ့ ဒေသတွင်းဖြစ်ပေါ်နေတဲ့ လူမှုဘ၀အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး နန့်ကျန်းမြို့မှာလည်း တအာင်းကျောင်းသားလူငယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မြန်မာဓိက ကို ပြောပါတယ်။

အဖွဲ့ဝင် ၁၈ ယောက်နဲ့ ၇ ရက်ကြာ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်ဟာ ဒေသတွင်း တိုင်းရင်းသားများနဲ့ ချစ်ကြည်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ရလို့ ၀မ်းသာရပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စမ်းချောင်းကိုကိုကြီးက မြန်မာဓိက ကို ပြောပါတယ်။

မေ ၁၄ အင်္ဂါနေ့ညမှာ တောင်ကိုရီးယားနိုင်ငံသို့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ ၂ ဦး သွားပါမယ်။ မေ ၁၅ မှာ ဆိုးလ်မြို့ကို ရောက်ပါမယ်။ မေ ၁၆ မှာ ဂွမ်ဂျူးမြို့ကို သွားပြီးတော့ ၁၈ ရက်မှာ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကို ကိုမင်းကိုနိုင် ယူပါမယ်။ ဆိုးလ်မြို့ကိုပြန်ပြီး မြန်မာမိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပါမယ်။ အဲဒီနေ့ပဲ ကိုကိုကြီးဟာ ဆိုးလ်မြို့ကို ရောက်ပါမယ်။ မေ ၁၉ မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ၂ ဦးဟာ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့ကို သွားမယ်။ အမေရိကန်မှာ (NED) အဖွဲ့ကပေးတဲ့ Democracy Award (2012) ဆုယူမယ်။ ဇွန် ၁ဝ ရက်မှာ သူတို့နှစ်ယောက် ရန်ကုန်ကို ပြန်ရောက်မယ်။

"ကျွန်တော်ကတော့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲတက်ဖို့ ဆိုးလ်မြို့မှာပဲ နေခဲ့ပြီး ရန်ကုန်ကို မေ ၂၈ မှာ ပြန်ရောက်မယ် " လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က ပြောပါတယ်။

ဒိုးကြီး- မြန်မာဓိက

ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာ့ဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်က ထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့ တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလားမသိပါဘူး။ အော်.........ဆင်းရဲ......ဆင်းရဲ။

ဒါနဲ့ကျုပ်စိတ်ထဲ လူ့ငရဲထောင်ဘဝကို ပြန်လည်တမ်းတ လွမ်းသမိသဗျာ။ ကောင်းတာရယ်လို့ ဘာမှမရှိတော့ မကောင်းတာ၊ ဆင်းရဲတာ၊ ငတ်တာ၊ ပြတ်တာ၊ နာတာ၊ ကျင်တာ၊ သေငယ်ဇော မျောတာတွေကိုပဲ လွမ်းသ တမ်းတရပေသပေါ့ဗျာ။

လယ်တီဆရာတော်ဘုရာကြီး ရေးဖွဲ့ဆုံးမတဲ့ ကဗျာတွေထဲကလို ငါတို့ “ အလကားတောမှာ ဗျာမောကျယ်” နေကြတာပါကလားလို့တွေးမိတယ်။ “ ခွင့်သာတုန်းမှာ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်ရှိသေးပေလိမ့်လား” ဆိုတဲ့စကားကိုလည်း အမှတ်ရမိတယ်။ ရုန်းကြရတော့မယ်ဗျို့။

လယ်တီဆရာတော်ဘုရားကြီးရဲ့ကဗျာတွေကို အမှတ်ရမိရာကနေ လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ လယ်တီ ဆရာတော်ရဲ့သာသနာ့ဗိမာန်တွေကို တရုတ်ဝမ်ပေါင်ဆိုလား ပေါင်ဝမ်ဆိုလားက အပြောင်နှံပစ်ဖို့လုပ်နေတယ်ဆိုတာ ကြားနေပြန်သဗျာ။ စိတ်မချမ်းသာဘူး။ ဗမာမောင်ပိုင်ဆိုလား၊ ဦးပိုင်ဆိုလားနဲ့ ပေါင်းဖြိုနေကြ ဆိုလားပဲ။

နေပါအုန်း၊ အဲ့ဒီမောင်ပိုင်က ဘယ်လိုလုပ် တရုတ်နဲ့ပေါင်းမိ၊ ချိတ်မိတာလဲ။

ဟာဗျာ....ဇာတ်လမ်းက အရှည်ကြီးဗျ။ ဗမာအစိုးရက တရုတ်အစိုးရနဲ့ ကြေးနီလုပ်ငန်းသဘောတူစာချုပ်ချုပ်သတဲ့။ တရုတ်အစိုးရ လက်သုံးတော်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဗမာအစိုးရလက်စွဲတော် ဦးပိုင်တို့ ပေါင်းပြီးမြေလှန်ကြတာတဲ့။ အဲ့ဒီမှာ လယ်တီ ဗိမာန်တွေပါ အပိုစွက်ပြီး အဖြိုအဖျက်ခံရတာလို့ မိတ်ဆွေတွေက ပြောကြတယ်။

မြေတွေလှန်၊ ယာတွေဖျက်၊ ရွာတွေပျက်၊ ရေတွေဆိုး၊ လေတွေလဲ သိုးကုန်သတဲ့။ ဒီတော့ ဒေသခံက ကန့်ကွက် ဆန္ဒပြကြသတဲ့။ စီမံကိန်းကြီးဖျက်သိမ်းဖို့ တောင်းဆိုသတဲ့။ ပါတ်ဝန်းကျင်က ပြည်သူတွေရော တစ်ပြည်လုံးက လူတွေရော၊ ကျောင်းသားတွေရော၊ ဘုန်းကြီးတွေရော ဝိုင်းကူလာကြသတဲ့။ သပိတ်စခန်းတွေဖွင့်ခဲ့ကြသတဲ့။ အစိုးရက သပိတ်စခန်းကို မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလားနဲ့ပစ်ပြီး အကြမ်းဖက် ဖြိုခွဲသတဲ့။

သမ္မတဦးသိန်းစိန်အစိုးရက လုပ်တာလား။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးတစ်ပါးကတော့ နေပြည်တော်က အမိန့်အရ လုပ်တာလို့ဆိုတာပဲ။

အင်းလေ....စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရဆိုကိုး။
ဒီလောက်တော့ စီးမှာ ကန်းမှာပေါ့ဗျာ။ နေပါအုန်း။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါနေဆို။

ပါတာပေါ့။ သူမပါလို့ဖြစ်မလားဗျာ။ တိုင်းပြည်ကြီး အမှိုက်ကစ ပြဿဒ်မီး လောင်တော့မယ့်ကိစ္စ။ သူက နိုင်ငံရေး မီးသတ်သမားပဲဟာ။

အစိုးရက သူ့ကိုအသုံးချတာပေါ့။ ဒေါ်စုစကားရှိတယ်လေ။ တိုင်းပြည်ကောင်းဖို့ကိစ္စမှာ သူ့ကိုအသုံးချရင်လဲခံမယ်တဲ့။ အဲ့ဒါပဲဗျ။ ထိပ်ထားလမ်းကြောင်းဆိုတာ။ ပြောပါအုန်း။ ဒီလိုဗျ။ ၁၉၉၃-၉၄ လောက်မှာ ကျုပ်အမေရိကန်သတင်းမဂ္ဂဇင်း Time တစ်စောင်ဖတ်ရတယ်။ ထောင်ထဲမှာ။ မဂ္ဂဇင်း မျက်နှာဖုံးက ဒေါ်စုရဲ့ပုံ မျက်နှာအပြည့်။ ဒေါ်စုပုံအောက်မှာ အဲဒီတုန်းက စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်(ထောက်လှန်းရေးထိပ်သီး) ရဲ့ပုံ။ ခေါင်းစီးက The Lady and The General တဲ့။ ကျုပ်က ဆောင်းပါးကိုဘာသာပြန်၊ ပလပ်စတစ်ပေါ်မှာ သံချွန်နဲ့ရေး၊ ထောင်ထဲက ရဲဘော်တွေဆီဖြန့်။ ဘာသာပြန် ခေါင်းစီကို “ ထိပ်ထားနဲ့သေနာ” လို့တပ်လိုက်တယ်။ (သေနာဆိုတာ သေနာပတိကြီး ဗိုလ်ချုပ်မှူးကြီးလို့ ဆိုလိုတာပါ။ ထိပ်ထားရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီစနစ်။ သေနာရဲ့ နိုင်ငံရေးဟာ အာဏာရှင်စနစ်။ ထိပ်ထားရဲ့ နိုင်ငံရေး လုပ်ဟန်က ညှိနှိုင်း ဖြေရှင်းခြင်း။ သေနာရဲ့ နိုင်ငံရေးလုပ်ဟန်က အမိန့်အာဏာ။ (စည်းကမ်းလို့ တံဆိပ်ကပ်တယ်)။

ဒီနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ၊ လိပ်ခဲတည်းလဉ်းတွေ၊ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်တွေ၊ ရန်-ငါတွေ၊ သူမသာကိုယ်ဈာပနတွေ။ ဒါတွေအားလုံးရဲ့ ဇစ်ဖြစ်က ဘာလဲ။

ချုပ်ပြောရင် ရှင်းတယ်ဗျ။ ဒီနေ့ ကျုပ်တို့ ဘယ်လမ်းလိုက်မလဲ။ ထိပ်ထားလမ်းလား။ သေနာလမ်းလား။ တစ်လမ်းလှမ်းရင် တစ်လမ်းခွာရမယ်ဗျ။ ဒီမိုကရေစီလမ်းလား။ အာဏာရှင်လမ်းလား။ အမိန့်အာဏာလမ်းလား၊ ညှိနှိုင်း ဖြေရှင်းလမ်းလား။ ရွေးကြပေတော့။

ဒီမိုကရေစီထိပ်ထားလမ်းသစ်လမ်းကောင်း ရှေ့မှာရှိတယ်။ အာဏာရှင်သေနာလမ်း ဟောင်းလမ်းဆိုးလဲ ရှေ့မှာပဲရှိသေးတယ်။

ထိပ်ထားလမ်းရွေးကြရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီး ကို ပြင်ရမယ် ဗျ။ ပြောင်းရမယ်ဗျ။ ဖြုတ်ရမယ်ဗျ။ ဖျက်ရမယ်ဗျ။ ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၇)

“စိတ်ညစ်လျှင် ရေချိုးပါ” ဆိုသော်လည်း
ဆရာတော်ရဝေနွယ်(အင်းမ) ရေးသားထားသော “စိတ်ညစ်လျှင်ရေချိုးပါ” ဆိုသော ခေါင်းစဉ်လေး အတိုင်း မကျင့်သုံးနိုင်ကြသူများအား စိတ်ညစ်ချိန်တွင် ရေဝဝလင်လင် ချိုးနိုင်ခွင့်ပေးနိုင်ခဲ့ပါသည်။ ၁ဝ.၅.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်ထံသို့ လူဦးရေ (၁၈ဝ) ခန့်နေထိုင်သော မိဘမဲ့ဂေဟာမှာ သောက်သုံးရေပြတ်လပ် ကြောင်း ဆက်သွယ်၍ အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် မြောက်ဒဂုံမြို့နယ်၊ ကျန်းမာရေးမှတ်တိုင် အနီးရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာ၌ သောက်သုံးရေ အမှန်တကယ်ပြတ်လပ်မှု ရှိ/မရှိအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီး အမှန်တကယ် လိုအပ်နေသဖြင့် လှူဒါန်းမှုအား ပြုလုပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နွေရာသီဇာတ်လိုက်ကြီးဖြစ်သည့် ရေသယ်ယာဉ်ကြီး ဖြင့် ညနေ(၄း၄၅)နာရီအချိန်တွင်နာရေးကူညီမှုအသင်း(ရန်ကုန်)၏အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါ်ဧရာမောင်မောင်၊ ဒေါ်စောသဉ္ဇာစိုးတို့နှင့်အတူ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ အမှတ် ၂၇ဝ/ ၂၇၁၊ အောင်တံခွန်လမ်း၊ (၄၈) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု (ပထမ)အဆင့် “အိမ်မက်လှရထားလေး (Dream Train)” လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ရေလှူဒါန်း မှုပြုလုပ်ခဲ့သည်။ “အိမ်မက်လှရထားလေး (Dream Train)” လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသည် ၂ဝ၁ဝ ခုနှစ်တွင် Dr.Yoshioka မှတည်ထောင်ပြီး ဌာနေကိုယ်စားလှယ်မှာ ဦးသိန်းဇော်ဖြစ်သည်။ “အိမ်မက်လှရထားလေး(DreamTrain)” ဂေဟာသည်မိဘမဲ့ကလေးများအားအဓိကထားကာ စောင့်ရှောက်ပေးနေ သော ဂေဟာတစ်ခုဖြစ်ပြီး ခါ၊ ကချင်၊ ဝ၊ လားဟူ၊ ဗမာလူမျိုးများအား စောင့်ရှောက်ပေးထားပြီး ဆင်းရဲ၍ သားသမီးများအား မကျွေးမွေး၊ မစောင့်ရှောက်နိုင်ကြသဖြင့် လာရောက်၍ အပ်နှံထားရှိသော ကလေးငယ် များလည်းပါဝင်သည်။ ယင်းဂေဟာတွင် ယောင်္ကျားလေး (၈ဝ) ဦးနှင့် မိန်းကလေး (၇၅) ဦးတို့အား ကျွေးမွေးပြုစု စောင့်ရှောက်ထားလျှက်ရှိသည်။ “ဆရာမ ဒေါ်သန်းမြင့်အောင်၏ သုခရိပ်မြုံမှာ ကျွန်မတို့ဆီက (HIV) ကလေးနှစ်ဦးထားရှိတယ်။ ယောင်္ကျားလေး (၂) ဦးပါ။ (၁) ဦးက ရောက်ရောက်ချင်းဆုံးသွားတယ်။ နောက် (၁) ဦးကတော့ ခုဆို ဆရာမဆီမှာ (သုခရိပ်မြုံ) မှာပါ ဆရာမနဲ့ရင်းနှီးတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဒီလိုရေအလှူ ပေးနေတယ်ဆိုတာ သိခဲ့ရတာပါ။” ဟု ဂေဟာမှူး ဒေါ်ညွန့်ရီမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေ အကူအညီတောင်းခံမှုအား ပြောကြားသွားခဲ့သည်။ ကျွန်မတို့သည် နွေရာသီဇာတ်လိုက်ကြီး ရေဂါလံ (၃၆ဝဝ) ဝင်ဆံသည့် ရေသယ်ယာဉ်ကြီးဖြင့် “အိမ်မက်လှရထားလေး(Dream Train)” ဂေဟာသို့ရောက်ရှိ သည်နှင့် ကလေးငယ်များတို့၏ ဖော်ရွေစွာ ဖိတ်ခေါ်မှုတို့ကြောင့် အမောပြေခဲ့ရသည်။ အရွယ်ရောက် ယောင်္ကျားလေးများမှ ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး ကျန်ကလေးငယ်များမှ ရေဖြည့်နေစဉ်အချိန်တွင် ကန်ထဲ၌ ရေပြည့်ချိန်တွင် ကားထဲရှိ ရေလက်ကျန်များ ရှိနေသေည့်အတွက် တလက်စတည်း ရေဝဝလင်လင် ချိုးနိုင်ရန် အခွင့်အရေးရခဲ့သည်။ ထို့ကြောင့် ကိုယ်စီကိုယ်စီ သဘက်လေးများကိုင်ကာ ထွက်လာကြပြီး ပျှော်ရွင်စွာရေချိုးခဲ့ကြသည်။ “သားတို့ရေမချိုးရတာ (၃ - ၄) ရက်လောက်တော့ရှိပြီ” ဟု အတန်းကြီး ကလေးများမှ ပြောကြား ခဲ့သည်။ ရေချိုးရန် အငယ်များအား ဦးစားပေးသည်ဟုလည်း သိရသည်။

“ရေက ဧပြီလမှာကတည်းက ပျက်လပ်နေပြီ။ အရင်က ရေပေါတယ်။ အဝီစိတွင်းက ရေမလိုက်တော့ဘူး ခုတ်တော့လည်း (၅) မိနစ် (၁ဝ) မိနစ်လောက်မှ ကျတယ်။ ကျတော့လည်း နည်းတယ် ဟင်းချက်လောက်တော့ရတယ်။ ဘေးက ချင်း ကျောင်းတစ်ကျောင်းရှိတယ်။ သူတို့လည်း ရေပျက်နေတာ။ အရင်ကဒီဘက်ကပေးတယ်။ အခုပေးလို့ မရတော့ဘူး။ ဒီနေ့လည်း နာရေးအသင်းက လှူတဲ့ရေကို ချင်းကျောင်းကို ပေးဝေမှာပါ” ဟု ဂေဟာမှူး ဒေါ်ညွန့်ရီမှ တဖန်ပြောကြားခဲ့သည်။ ရေဝဝမချိုးရသဖြင့် မိတ်ဖုများဖြင့်ပြည့်နေသော ကလေးများလည်း ရှိသည်။ ကျွန်မသည် သူတို့နေထိုင်ရာ အနောက်ဆောင်သို့ ရောက်ရှိချိန်တွင် မလျှော်ရသေးသော အဝတ် အထည်များသည် ခြင်းကြီး (၃) ခြင်းခန့် ပြည့်နှက်နေသည် ကိုတွေ့ရသည်။ ၄င်းတို့ရေချိုးပြီးချိန် ညနေ (၆း၃ဝ) နာရီအချိန်တွင် မိမိတို့အဆောင်ရှိ မှန်ရှေ့တွင် ကိုယ်စီကိုယ်စီ သနပ်ခါးလိမ်းခြယ်နေကြပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကိုကို၊ မမများတို့နှင့်အတူ့ ဓါတ်ပုံရိုက်ဦးမည်ဖြစ်သည်။ ၄င်းတို့ ရေချိုး လိုက်ကြသဖြင့် လန်းဆန်းလတ်ဆက်မှုသည် ကျွန်မတို့ထံသိုပ ကူးစက်စေခဲ့သည်။ ညနေ (၇းဝဝ) နာရီ အချိန်တွင် ကလေးငယ်များအသီးသီး အဆောင်ထဲသို့ဝင်ရောက်ချိန် ကျွန်မတို့အားလုံးလည်း ဂေဟာမှ ထွက်ခွါလာခဲ့ကြသည်။ ထို့နောက် ဂေဟာရှေ့အဝင်၌ ဘယ်အချိန်တွင် ဘယ်လိုရောက်နေမှန်းမသိသော ကလေးများတန်းစီ၍ လက်ပြနှုတ်ဆက်နေကြသည် သူတို့၏အပြုံးများ ထပ်မံကူးစက်ခဲ့ပြန်သည်။

ကလေးငယ်တို့အတွက် လန်းဆန်းလတ်ဆတ်မှုသည် ရေရရှိချိန် တဒင်္ဂလေးတွင် ဖြစ်လင့်ကစား ကျွန်မတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရင်တွင်းတွင် နင့်နေအောင်ခံစားခဲ့ရသည်။ သူတို့ သူတို့တွင် မိဘများမရှိသဖြင့် ခံစားရခြင်း (ရင်တွင်းအပူ)၊ ရေမရရှိသဖြင့် (ခန္ဓာကိုယ်အပူ) ထိုထိုသော အပူများအား တဒင်္ဂလေး ငြိမ်းသတ်ပေးလိုက်နိုင်ခြင်းမှာ အများပြည်သူတို့၏ကောင်းမှုပင်ဖြစ်သည်။ ထိုကောင်းမှုအစုစု တို့အပေါ် သာဓုခေါ်ဆိုရင်း ကလေးငယ်များတို့၏ဘဝအား ဒီဘဝ ဒီမျှနှင့်သာ ရှိပါစေတော့ဟု နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတော့သည်။
(ဇူးဇူး)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.