05/18/13



တက္ကသိုလ်ပရိဝုဏ်ထဲမှာ ကျောင်းသားတွေစုနေရင်အန္တရာယ်ရှိတယ်လို့ စစ်အစိုးရက သက်မှတ်ခဲ့တယ် ။

အစိုးရဟာ ကျောင်းသားတွေကို ဆန္ဒပြလာမယ့်သူတွေအစိုးရပြုတ်ကျသွားအောင် တောင်းဆိုမယ့်
ပြဿနာလူငယ်တွေလို့ မြင်ခဲ့ကြတယ် ။

တကယ်လည်း... လူငယ်တွေဟာသူတို့ရဲ့အမြင်တွေကို ထုတ်ပြောချင်တယ်..အစိုးရတွေဟာ လုပ်သင့်တာတွေကိုမလုပ်ဘူးလို့ထင်ရင် အဲဒီအစိုးရတွေကို ဆန့်ကျင်လိုတယ် ။

ကျောင်းသားတွေကို ငြိမ်သက်သွားအောင်Campus Life တွေကိုဖျက်ဆီးလိုက်တာဟာ
တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲဖြစ်တယ် ။

မြန်မာနိုင်ငံမှာ ကျောင်းအိပ်၊ကျောင်းစားတက္ကသိုလ် မရှိပါဘူး ။နောက်ထပ်ပြောရမယ်ဆိုရင် တက္ကသိုလ်အနီးအနားမှာ
အဆောင်တွေကို ဆောက်ခွင့်မပြုပါဘူး ။ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်ခဲ့တာပါ ။

ကျောင်းသားတွေ အချင်းချင်းစုစည်းမိပြီး..အပြောင်းအလဲလုပ်ဖို့ အင်အားတွေဖြစ်မလာရအောင်အစိုးရနေနဲ့ သူတို့ကို ခွဲပြစ်လိုက်တာပဲဖြစ်တယ် ။

လူငယ်တွေဟာ အပြောင်းအလဲအတွက် အင်အားဖြစ်ဖို့လိုတယ် ။

Extract from Keynote Address by Aung San Suu Kyi on the UK's role in higher education reform in Burma.

မျှဝေသော Open Mindsett အားဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါတယ်..


နိုင်ငံရေးစနစ်ဆိုတာလူထုကို အခြေခံပါတယ်။ ဒီမိုကရေစီဆိုတာလူထုကပဲ အကောင်အထည်ဖေါ်ကြရတဲ့စနစ်ဖြစ်သလိုရေရှည်တည်တံ့အောင် လည်း လူထုကပဲ ထိန်းသိမ်းကြရတာဖြစ်ပါတယ်။ အစိုးရနဲ့လွှတ်တော်ဆိုတာက လူထု အလိုဆန္ဒတွေကို လူထုအလိုကျအကောင်အထည်ဖေါ်ပေးကြရတာသာဖြစ်ပါတယ်။

ဒီဆောင်းပါးကိုသာမန်အရပ်သူအရပ်သား နိုင်ငံရေးကိုအကျွမ်းတဝင်မရှိလှတဲ့အခြေခံလူတန်းစားအတွက်သာရည်ရွယ်ရေးသားတာ ဖြစ်ပါတယ်။ နိုင်ငံရေးကို နားလည်တတ်ကျွမ်းသူများနဲ့ပညာရှင် ပညာတတ်များ အတွက်အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။သာမန်လူထု
နိုင်ငံရေးနဲ့ရင်းနှီးကျွမ်းဝင်ရှိဖို့အရေးတကြီးလိုအပ်နေတဲ့အချိန်လို့ယူဆတာကြောင့် ရေးရခြင်းဖြစ်ပါတယ်။

နိုင်ငံရေးခေတ်(ဒီမိုကရေစီခေတ်)နဲ့ ဝေးကွာနေခဲ့ရတဲ့ကျွန်တော်တို့လူထုဟာ အစိုးရနဲ့လွှတ်တော် အကြောင်းရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားဖို့လိုအပ်နေပြီလို့ယူဆမိပါတယ်။အခြေခံဥပဒေခုံရုံးကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာအစိုးရနဲ့ လွှတ်တော်( ဦးသိန်းစိန်နဲ့ ဦးရွှေမန်း)ကြားထဲမှာ ပဋိပက္ခတွေပြသနာတွေ ပေါ်ပေါက်နေသယောင် ကောလဟာလတွေကပေါ်ပေါက်လာခဲ့ပြီး အချို့သော မီဒီယာသမားတွေက အဲဒီလိုပုံဖေါ်ဖို့ကြိုးစားကြတာလည်းအားလုံးအသိပါ။

အစိုးရနဲ့ လွှတ်တော်ကြားမှာ သဘောကွဲလွဲမှု ၊သဘောတူညီမှုဆိုတာရှိတတ်စမြဲဖြစ်ပြီး အကြောင်းအရာတစ်ခုအပေါ်မှာ သဘောတူညီမှုမရလို့ငြင်းကြခုံကြညှိနှိုင်းကြရတယ်ဆိုရင်ဒါကိုဒီမိုကရေစီစတင်အသက်ဝင်လာမှုဆိုတာ နားလည် သဘောပေါက်ကြဖို့လိုအပ်ပါတယ်။

သဘောမတူမှုများကိုလက်ခံခြင်း(agree to disagree)ရှိမှသာဒီမိုကရေစီထွန်းကားပါတယ်။ငါနဲ့မတူငါ့ရန်သူ၊ ရန်သူနဲ့အယူအဆ တူရင်လည်း ရန်သူဆို တဲ့ အတွေးအခေါ်တွေမစွန့်လွှတ်နိုင်သရွေ့တော့ ဒီမိုကရေစီဆိုတာ စဉ်းစားမနေပါနဲ့။ လုံးဝမဖြစ်နိုင်ပါဘူး။
ကိုယ်နဲ့မတူတဲ့ ဆန့်ကျင်ဖက် အယူအဆတွေကို အလေးအနက် လက်ခံစဉ်းစားတတ်ကြပြီဆိုမှ ဒီမိုကရေစီကိုမျှော်လင့်ကြပါလို့ ဆိုပါရစေ။

အစိုးရနဲ့လွှတ်တော်(ပါလီမန်)ဆိုတာက ပါဝါကိုယ်စီရှိတဲ့ institutionတွေဖြစ်ပြီး ဒီမိုကရေစီစနစ်မှာ မတူညီနဲ့ နယ်ပယ်နှစ်ခုကို တာဝန်ခံကြရပါတယ်။တာဝန်ယူကြရပါတယ်။အလွယ်ဆုံးပြောရရင် အစိုးရဆိုတာ အုပ်ချုပ်ရေးတာဝန်ယူရပြီး လွတ်တော်ကတော့
ဥပဒေပြုရေးတာဝန်ကိုယူရပါတယ်။ သာမန်လူထုက ဒီအချက်ကိုသိသလိုလိုနဲ့ဇဝေဇဝါ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် လွတ်တော်ဆိုတာလည်းအစိုးရပဲလို့ထင်မြင်ယူဆနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ
အစိုးရဆိုတာ လွှတ်တော်ကနေပေါက်ဖွားလာပြီး သမ္မတဆိုတာနိုင်ငံတော်ရဲ့အထွတ်အထိပ်ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတက အရေးကြီးတဲ့အလုပ်တွေကိုလွှတ်တော်ရဲ့သဘောတူညီချက်နဲ့ လုပ်ရကိုင်ရပါတယ်။

အစိုးရက တိုင်းရေးပြည်ရာတွေကိုစီမံခန့်ခွဲရပါတယ်။ ကောက်ခံရရှိတဲ့အခွန်ငွေတွေကို စီမံခန့်ခွဲရပါတယ်။ ဝန်ကြီးဌာနတွေသတ်မှတ်ပြီး စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေး စတာတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရတာဟာ
အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။လွှတ်တော်ဆိုတာကတော့ အဲဒီတိုင်းရေးပြည်ရာစီမံခန့်ခွဲမှုတွေမှာပါဝင်ဖို့ တာဝန်မရှိပါဘူး။ဒါပေမယ့် အစိုးရက အုပ်ချုပ်ရေး ကိစ္စတွေကိုအဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့ တိုင်းပြည်နဲ့ လူထုအမှန်တစ်ကယ်အကျိုးဖြစ်ထွန်းဖို့ အတွက်
လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲခြင်း၊ပြင်ဆင်ခြင်း စတာတွေ လုပ်ရပါတယ်။လွှတ်တော်ရဲ့ အရေးကြီးတဲ့ တာဝန်နောက်တစ်ခုကတော့ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်ရပါတယ်။ဘဏ္ဍာငွေခွဲဝေသုံးစွဲတဲ့နေရာမှာ ထိရောက်မှုရှိမရှိ၊ လေလွင့်မှုရှိ မရှိ စောင့်ကြည့် ရပါတယ်။

လွှတ်တော်က ဥပဒေနဲ့ပတ်သက်လို့ ဖြစ်စေ ၊အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကိုအဆင်ချောမွေ့အောင် ထောက်ပံ့ကူညီဖို့ ကိစ္စတွေ အတွက်ဖြစ်စေ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် လုပ်ကိုင်လို့ရအောင်ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက်ရပါတယ်။ အစိုးရအဖွဲဝင် ဝန်ကြီးတွေဟာအခါအားလျော်စွာ လွှတ်တော်အစည်းအဝေးများသို့ လာရောက်ပြီးလွှတ်တော်ရေးရာကော်မတီများ ၊လွှတ်တော်ကိုယ်စားလှယ်များကအုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးနဲ့သက်ဆိုင်လို့ (လူထုကိုယ်စား) မေးသမျှကို
ဖြေကြားကြရပါတယ်။ ဒီလိုလွှတ်တော်နဲ့ အစိုးရကြား အာဏာချိန်ခွင်လျှာညီမျှအောင်ဆောင်ရွက်ရခြင်းကို check and balance လို့ခေါ်ပါတယ်။

အစိုးရနဲ့ လွှတ်တော်ဆိုတာ တိုင်းရေးပြည်ရာတွေကို နီးနီးကပ်ကပ်အတူတကွဆောင်ရွက်ကြရတာဖြစ်လေတော့ သာမန်လူထုအနေနဲ့ သူတို့ရဲ့တာဝန်ဝတ္တရားတွေကို ရောရောထွေးထွေး ရှုမြင်မိကြတာမဆန်းပါဘူး။အုပ်ချုပ်ရေးအရ အမြင့်ဆုံးအာဏာက အစိုးရမှာရှိပြီး အစိုးရကို theExecutive လို့ခေါ်ပါတယ်။ ဥပဒေပြုရေးနဲ့ပတ်ကက်ရင်အမြင့်ဆုံးအာဏာရှိတဲ့လွှတ်တော်ကိုတော့the Legislature လို့ခေါ်ပါတယ်။

အုပ်ချုပ်ရေးတာဝန်တွေကို ထမ်းဆောင်ရတဲ့အစိုးရကလွှတ်တော်ရဲ့သဘောတူညီချက်ကိုယူရတာဖြစ်လေတော့
လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ယုံကြည်မှု confidence of a majority ကိုရရှိထားဖို့လိုအပ်ပါတယ်။
အမေရိကန်လို ဒီမိုကရေစီ ရင့်သန်ပြီးသားနိုင်ငံမှာတောင်မှ တစ်ခါတစ်ရံလွှတ်တော်နဲ့သမ္မတအကြား အကြီးအကျယ်သဘောထား ကွဲလွဲမှုရှိတတ်တာတွေ့ရပါတယ်။အဲဒီလိုအခြေအနေမျိုးမှာ သမ္မတဖြစ်သူကလွှတ်တော်အမတ်များကို တစ်ယောက်ချင်းလိုက်လံတွေ့ဆုံပြီး
သဘောတူညီမှုရအောင်အပြင်းအထန်ညှိနှိုင်းဆွေးနွေးရတာမျိုးတွေရှိပါတယ်။သဘောထားမတူညီတာဟာ ပြသနာမဟုတ်ပါဘူး။ တိုင်းပြည်အကျိုးကိုအမှန်တစ်ကယ် ဦးထိပ်ပန်ဆင်ထားကြရိုးမှန်ရင်နောက်ဆုံးမှာအစိုးရနဲ့လွှတ်တော်ဆိုတာ ညှိနှိုင်းလို့ရကြတာချည်းပါပဲ။

ကျွန်တော်တို့ နိုင်ငံကဒီမိုကရေစီကိုတည်ဆောက်ဆဲကာလပဲရှိပါသေးတယ်။ အစိုးရဆိုတာလည်းအုပ်ချုပ်ရင်းလေ့ကျင့် လေ့ကျင့်ရင်း
အုပ်ချုပ်ဆိုတဲ့အတွေ့အကြုံယူဆဲကာလလို့ပြောရင်မှားမယ်မထင်ပါဘူး။လွှတ်တော်တွေဆိုတာလည်းထိုနည်းလည်းကောင်းပါပဲ။ အခုအခါမှာပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်သူကလည်း တတ်စွမ်းသလောက် ကြိုးပမ်းနေတာသိသာပါတယ်။

သမ္မတကတော့ အထူးပြောနေစရာမလိုပါဘူး။လူထုထောက်ခံမှုကိုကောင်းကောင်းရပြီးသားပါ။လူထုဆိုတာလည်း
အစိုးရ၊လွှတ်တော် တို့နည်းတူဒီမိုကရေစီနိုင်ငံသားများအဖြစ် နဲ့ စံနှုန်းပြည့်ကိုက်ညီဖို့ လေ့ကျင့်ပြင်ဆင်ကြဖို့လိုတယ်ဆိုတာ မမေ့သင့်ပါဘူး။ အစိုးရတို့လွှတ်တော်တို့မှာသူ့တာဝန်နဲ့သူရှိကြသလို လူထုမှာလည်း လူထုတာဝန်ရှိတယ်ဆိုတာ
လူထုမှာ ခေတ်စနစ်ဆိုးရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းနဲ့လိုက်လျောညီထွေ ကျင့်ကြံနေထိုင်တတ်တဲ့ တန်ဖိုးတွေပါလျော့ပါးပျက်စီးခဲ့ရပါတယ်။ အစိုးရနဲ့လွှတ်တော်တွေက ဘယ်လောက်ပဲဟန်ချက်ညီညီနဲ့ ကြိုးစားပါစေ၊ လူထုက အင်တိုက်အားတိုက်ပါဝင်မှုမရှိခဲ့ရင်၊ဒိမိုကရေစီလူ့ဘောင်နဲ့ကိုက်ညီတဲ့ အမူအကျင့်တွေကို လေ့ကျင့်မွေးမြူကြဖို့ ပျက်ကွက်နေရင် ဒါမှမဟုတ်နှေးကွေးနေရင် ဒီမိုကရေစီပန်းတိုင်ကိုလည်းတော်တော်နဲ့ ရောက်နိုင်မယ်မဟုတ်ပါဘူး။

လွတ်လပ်ရေးဖခင်ကြီးပြောခဲ့သလိုပါပဲ။ကျွန်တော်တို့က သူများနောက်ကိုအများကြီးရောက်နေတဲ့ ခုလိုအခြေအနေမျိုးမှာ
ကုန်းလုပ်နိုင်မှကြုံးလုပ်နိုင်မှ ၊သူများခြေတစ်လှမ်းလှမ်းရင် ကိုယ်ကလေးငါးဆယ်လှမ်းလှမ်းနိုင်မှ တော်ရုံကျပါလိမ့်မယ်။
လူထုမပါတဲ့ နိုင်ငံရေးစနစ်ဆိုတာ ဘယ်တော့မှမအောင်မြင်ပါဘူး။

အနောက်နိုင်ငံတွေမှာဒီမိုကရေစနစ်အောင်မြင်တယ်ဖြစ်ထွန်းတယ်ဆိုတာလူထုကိုယ်တိုင်က နိုင်ငံရေးကိုသိအောင်နားလည်အောင်
ကြိုးစားကြလို့၊အစိုးရတွေ၊လွှတ်တော်တွေက လူထုသဘောထားတွေ လိုလားမှုတွေကို မျက်ကွယ်ပြုလို့မရလောက်အောင် လူထုရဲ့
နိုင်ငံရေးအသိတွေနဲ့ နိုင်ငံရေးမှာ လူထုပါဝင်ထမ်းဆောင်ရမယ့်တာဝန်တွေကိုပြည့်ပြည့်ဝဝ ပါဝင်ထမ်းဆောင်ကြတဲ့ လူထုတွေ ရှိကြလို့သာအောင်မြင်ရခြင်းဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် နိုင်ငံရေးစနစ်ဆိုတာလူထုကိုအခြေခံပါတယ်။ဒီမိုကရေစီဆိုတာလူထုကပဲအကောင်အထည်ဖေါ်ကြရတဲ့စနစ်ဖြစ်သလိုရေရှည်တည်တံ့အောင်လည်း လူထုကပဲ ထိန်းသိမ်းကြရတာဖြစ်ပါတယ်။ အစိုးရနဲ့လွှတ်တော်ဆိုတာက လူထု အလိုဆန္ဒ
တွေကို လူထုအလိုကျအကောင်အထည်ဖေါ်ပေးကြရတာသာဖြစ်ပါတယ်။ လက်ရှိအစိုးရမှာဖြစ်စေ လွှတ်တော်မှာဖြစ်စေ အားနည်းချက်တစ်စုံတစ်ရာရှိခဲ့ရင်လည်းလူထုကနားလည်ပေးဖို့စိတ်ရှည်လက်ရှည်နဲ့တတ်စွမ်းသမျှပူးပေါင်းကူညီဆောင်ရွက်ကြဖို့
လိုအပ်ပါတယ်။

အစိုးရနဲ့လွှတ်တော်အကြားသဘောမတူညီမှုများရှိခဲ့ရင်လည်းဒီမိုကရေစီရဲ့သရုပ်သကန်ဆိုတာသိကြရပါမယ်။အချို့သောမီဒီယာသမားများပုံဖေါ်တတ်သလို ဒီမိုကရေစီဆုတ်ယုတ်မယ့်ပြသနာမဟုတ်ဘူး တိုးတက်တဲ့လက္ခဏာပဲဆိုတာ ကိုယ့် ဆင်ခြင်ဥာဏ်နဲ့သိနိုင်အောင် လူထုကကြိုးစားကြပါလို့တိုက်တွန်းပါရစေ။ လူထုရဲ့နိုင်ငံရေးအသိတရားရင့်ကျက်သလောက် လူထုရဲ့ပူးပေါင်းပါဝင်မှု အားကောင်းသလောက်သာ အစိုးရနဲ့လွှတ်တော်များလည်းရင့်ကျက်လာနိုင်မယ် အားကောင်းလာနိုင်မယ်၊ ဒီမိုကရေစီလည်း
ရင့်ကျက်အားကောင်းလာနိုင်မယ်ဖြစ်ပါတယ်။ ။

ပိုက်တင်

ပြည်သူ့ခေတ်ဂျာနယ်မှတဆင့် ကူးယူဖော်ပြလိုက်ပါတယ်..


လွတ်ငြိမ်း ချမ်းသာခွင့် အရလွတ်ပေးခဲ့တာလဲ အကြိမ်ကြိမ်။ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘဲ ဖမ်းဆီး အပြစ်ပေးတာလဲ ဒီနောက်မှာ အများကြီး ရှိနေသေးတယ်။

ဒီမိုကရေစီဆိုတာ ပျက်နေတဲ့ ကတ္တရာ လမ်းကြီးကို ဖာထေးနေသလို လုပ်နေလို့ ကတော့၁၂လရာသီလုံး ပြင်လို့ မပြီးတဲ့ ရွာရှေ့ကလမ်းလိုဖြစ်နေမှာဘဲ။လမ်းအောက်ခြေကလှန်ပြီးအခြေခိုင်အောင် ပြုပြင်လိုက်ပါမှ လမ်းကောင်းကိုလျှောက်နိုင်တော့မှာပါ။

ဒီလိုနည်းတူ ပြန်လွှတ်လိုက် ပြန်ဖမ်းလိုက်၊ဘာမှန်းရေရာတဲ့ ဥပဒေမရှိ။သောက်မြင်ကပ်ပုဒ်မ တွေလို့ ဘဲယူဆမိတယ်။

မြန်မာပြည်တရားစီရင်ရေး ကိုသာ မှန်ကန်အောင်ပြုပြင်ပေးလိုက်ပါ။

နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်လို့ ဝမ်းသာရပေမဲ့ နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးကစားကွက် မှာအသုံးချနေတယ်လို့ မြင်မိတယ်။ယူဆမိတယ်။

Photo..VOA
Ma Oo


Photo.Voa burmese

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ မနေ့က သောကြာနေ့ညက ရန်ကုန်ကနေ အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန် မြို့ကို ထွက်ခွာသွားပါပြီ။

ဒါဟာ နှစ်ပေါင်း ၅၀ နီးပါး အတွင်း အမေရိကန် အစိုးရက ပထမဆုံး အကြိမ် ဖိတ်ခေါ်ခဲ့တဲ့ မြန်မာ သမ္မတ တစ်ယောက်ရဲ့ တရားဝင် ခရီးစဉ် ဖြစ်ပါတယ်။

သမ္မတ အိုဘားမားနဲ့မေလ ၂၀ ရက်နေ့ ကျရင် အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ မယ်လို့အမေရိကန် အစိုးရ ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

သမ္မတရဲ့ ခရီးစဉ်မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ ပြန်ကြားရေး စတဲ့ ဝန်ကြီး ဌာန တွေက ဝန်ကြီးတွေနဲ့ ဒုတိယ ဝန်ကြီး ၁၀ ယောက်ကျော် ပါဝင်တယ်လို့ အစိုးရနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက် ဒီနေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး ဝါရှင်တန်မှာ ရှိတဲ့ မြန်မာ သံရုံး မိသားစု တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။

မေလ ၁၉ ရက် တနင်္ဂနေင်္ွနေ့မှာတော့ ဝါရှင်တန်မြို့က ဗွီအိုအေရဲ့ အစီအစဉ်နဲ့အမေရိကန်ရောက် မြန်မာ တွေနဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။

နောက်တနေ့တနင်္လာနေ့ မနက်မှာ သမ္မတ အိုဘားမားနဲ့တွေ့ဆုံပြီး ညနေပိုင်းမှာ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး နဲ့အမေရိကန် မြန်မာ ဆက်ဆံရေး အကြောင်း သမ္မတဦးသိန်းစိန်က ဟောပြောဖို့အစီအစဉ်ရှိပါတယ်။

ညပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေး ဆိုင်ရာ သဘော တူညီချက် တချို့ကိုလည်း လက်မှတ် ရေးထိုးဖို့ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာ ဘက်က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ဒီခရီးစဉ်မှာ လိုက်ပါ သွားတာကို ကြည့်ရင် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့မျှော်လင့်ရ ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ မေလ ၂၁ ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု ကနေ မြန်မာ နိုင်ငံကို ပြန်လည် ထွက်ခွာ လာဖို့ရှိပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် မလာခင် တရက်မှာဘဲ အမေရိကန် ကွန်ဂရက် အမတ် Joe Crowley က မြန်မာနိုင်ငံကို ကုန်သွယ်ရေး ပိတ်ဆို့မှု သက်တမ်း ထပ်တိုးဖို့ အဆိုပြု ထားပါတယ်။

ဒီခရီးစဉ်ကို လူ့အခွင့်အရေး အဖွဲ့တွေက အချိန်မကျသေးဖူးလို့ ဝေဖန် နေကြပေမယ့် အမေရိကန် ပြည်ထောင်စု North Illinois တက္ကသိုလ်က သမိုင်း ပါမောက္ခ Kenton Clymer ကတော့ သံတမန်ရေး ပုံမှန် ဆက်ဆံ လာနိုင်တဲ့ အခုအခါ ဒီခရီးစဉ်ဟာ အချိန် ကျရောက်ပြီလို့ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ


မတ်လ ၂ ရက်နေ့ ပန်းတနော် တရားရုံးက နေ ပုဒ်မ ၅၀၀ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြည်ညို ပျက်စေမှု မှာ အပြစ်ရှိတယ် ဆိုပြီး ဒါဏ်ငွေ နှစ်သောင်း ဆောင်ရန် သို့မဟုတ်ပါက ထောင် ဒါဏ် သုံးလ ကျခံစေရန် ဆိုပြီး အမိန့်ချစဉ်က ကျနော် ဒါဏ်ငွေ နှစ်သောင်း ဆောင်လိုက်ရင် အေးဆေး ပြသနာ ပြေလည်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က အခု ပြသနာကို ပေါ့ပေါ့ မဟုတ်ဘူး ၊ တစုံ တဦးက နောက်ကွယ်က နေ ထိန်းချုပ်စေခိုင်းတာ ရှိမယ်။ ပြီးတော့ ဧရာဝတီတိုင်းတွင်းမှာ ကျနော်တို့ အဖွဲ့ရဲ့ လုပ်ဆောင်ချက်အပေါ်ကို မြင်ပြင်းကတ် နေတဲ့ လုပ်ငန်းရှင်ကြီးတွေ အာဏာရှိသူတွေ ရှိနေတယ်။ ဒီအချိန်မှာ အခုလို တရားစွဲခံထိပြီး အမိန့်ချခြင်းရဲ့ နောက်ကွယ်မှာ တခုခုတော့ မြုပ်ကွက် ရှိရမယ်ဆိုပြီး ထောင်ဒါဏ်သုံးလ ကို တမင်တကာ ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။

ထင်တဲ့ အတိုင်းပါပဲ။ ထောင်ထဲ ရောက်ပြီး ငါးရက် အကြာမှာ အပြင်က ပန်းတနော် တောင်သူဦးကြီးတွေက ကျနော့် အတွက် ဒါဏ်ငွေ နှစ်သောင်းကျပ်ကို ကိုယ်စား သွားဆောင်ပေးပြီး ပြည်သူ့ ဘက်တော်သား ထောင်ကျ အကျဉ်းသားကြီးအတွက် ထောင်လွတ် ၀ါးရမ်းကို ပို့ပေးစေခဲ့တယ်။ ထောင်ရှေ့ ( မအူပင် ထောင်ရှေ့) မှာ လူတွေ ရာနဲ့ချီပြီး ကျနော့်ကို လာကြိုဆိုကြတယ်။

အဲဒီ အချိန်မှာပဲ ချိန်သားကိုက်စွာနဲ့ ကျနော့်ကို ထောင် နောက်ထယ် ခြောက်နှစ်နဲ့ ဆယ်လ ချမှတ်တဲ့ အမိန့်စာ ကို ခရိုင် အုပ်ချုပ်ရေးမှူးက လာဖတ်ပြပါတယ်။ ( အခုထိ အဲဒီ အမိန့်စာကို တောင်းယူ ရရှိခြင်း မရှိသေးပါဘူး။ ဖတ်ပြတာကိုပဲ နားထောင်ရတာပါ။ စာရွက်ကို မမြင်ဖူးလိုက်ပါဘူး၊ ရှေ့နေနဲ့ တရားဝင် တောင်းဆိုတော့လည်း ဟိုရုံးလိုလို ဒီရုံးလိုလိုနဲ့ အခုထိ အဲဒီ အမိန့်စာ ဘယ်သူ့ဆီ တောင်းရမယ်မှန်း မသိသေးပါဘူး )

ကျနော်က ကြိုတွက်ဆ ထားပြီးသားဖြစ်လို့ မတုန်လှုပ်ပါဘူး။ ဒီလိုမျိုးဖြစ်လာနိုင်တယ် ဆိုတာကို ပန်းတနော် တရားရုံး ကထဲက ကြိုတွေးထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်လက်ရှိ အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် သက်ဆိုင်ရာ တာဝန် ရှိသူတွေ ဘယ်လို ဘယ်လောက် ဘာတွေ ကို တန်ဖိုးထား လုပ်ဆောင်နေသလဲ သိလိုတာလဲ ပါပါတယ်။

ပန်းတနော် ဒေသမှာ ရဲတပ်ဖွဲ့တွေ လာဘ်စား မစား ပြည်သူလူထုတွေ သိပါတယ်။ ဒေသ ခံ ရဲ အဖွဲ့တွေ ဘယ်လောက် လူထု ရဲ့ ယုံကြည်ကိုးစားမှု ရတယ် မရဘူး ဆိုတာလည်း လူထုက ကောင်းကောင်းသိပါတယ်။
ဒီလို အချိန်မှာ အကျင့်ပျက် ရဲဝန်ထမ်းတွေရဲ့ အနိုင်ကျင့် ဖိစီးနှီပ်စက်မှုကို ကြောက်ရွံ့စိုးထိတ်စရာ မလိုတော့ဘူး ခေတ်ပြောင်းသွားပြီလို့ လူထုကို ကျနော် ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်ကို ရဲတပ်ဖွဲ့ က သူတို့ကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲပြီး အခုလို တရားစွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုလည်း တရားရုံးတော်က ဖြစ်နိုင်မဖြစ်နိုင် စုံစမ်း မေးမြန်းခြင်း မပြုပဲ ရဲဘက်က တင်သွင်းလာတဲ့ သက်သေ တွေ တပုံစံတည်း ထွက်ဆိုသမျှကို အတည်ယူပြီး အပြစ်ရှိကြောင်း အမိန့်ချ လိုက်ပါတယ်။ ဒါ ယနေ့ မြန်မာ့ တရားစီရင်ရေး စနစ်ရဲ့ ပြယုဂ်ဖြစ်ပါတယ်။
ဖြစ်ခဲ့ပြီးတာတွေကို ရေ မနူးတော့ပါဘူး။ လက်ရှိဖြစ်နေတာတွေ အတွက်ပဲ အကောင်းမြင်ချင်ပါတယ်။
ကျနော့်ကို ချွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့သော နိုင်ငံတော် သမ္မတကြီးနဲ့ တကွ အစိုးရအဇွဲ့ အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသော ခေါင်းဆောင် အပေါင်းကို အထူးပင် ကျေးဇူးတင် နေမိပါတယ်။

နိုင်ငံ အတွက် ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ နိုင်ငံတကာ အလယ်မှာ မျက်နှာပွင့် ဂုဏ်တင့် နေပြီဖြစ်တဲ့ အမိမြန်မာနိုင်ငံ အတွက် ယနေ့ ထုတ်ပြန်ကြေငြာတဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ အခုလို ကျနော် အပါအ၀င် အကျဉ်းသား နှစ်ဆယ်ကျော်ကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာဟာ တိုင်းပြည် အတွက် အလွန်ကို အဖိုးတန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ မှန်ကန်သော စိတ်နေစိတ်ထားနဲ့ ပြည်သူပေါ် ထားရှိတဲ့ အစိုးရသစ်ရဲ့ စေတနာမှန်ကို ပြသ သွားတယ်လို့ ယုံကြည်ပါတယ်။

နောက်နေ့များမှ စာများကို ဆက်ရေးပါအုံးမယ်

ထောင်ထဲမှာ ကျနော် အကျဉ်းစံနေခိုက် ဆုတောင်းကြသော မိတ်ဆွေချစ်ဆွေ အားလုံး လွတ်မြောက်ရေး ကြိုးပမ်းကြသော မိတ်ဆွေ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်းနဲ့ ဦးတိုက် ကန်တော့ ကျေးဇူးတုန့်ပြန်လိုက်ပါတယ်။ တတ်နိုင်ရာ နေရာ အသီးသီးမှနေပြီး အကျဉ်းကျနေတဲ့ မိမိတို့ လွတ်မြောက်ရေး ကြိုးပမ်းပေးခဲ့ကြသူ အပေါင်းကို အထူးပင် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ထောင်က အပြန် ဦးစွာ နှုတ်ခွန်းဆက် စကားလေး ပါးလိုက်ပါရစေ။

ဒီအကောင့်လေးကို ပြန်လည် ရယူပေးခဲ့တဲ့ မဟာ လူသားကိုလည်း ထပ်ဆင့်ကျေးဇူးတင် စကားလေး ဆိုပါရစေ

နေမျိုးဇင်
ဖုန်း 0949328559


Photo Credit by Global Post
( Planet Washington မှ16 May 2013 ရက်စွဲပါ Myanmar or Burma? Nation`s president will visit the White House သတင်းကိုဘာသာပြန်ဆိုသည်။)
သမ္မတ အိုဘားမား ယခင်နှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ ချိန်က အိမ်ဖြူတော်သည် မြန်မာနိုင်ငံအား ယခင်နာမည် Burma ဟု အထူးသတိထားခေါ်ဝေါ်ခဲ့သည်။

သို့သော် ယခုသီတင်းပတ်တွင်မူ ထိုနိုင်ငံမှ သမ္မတလာရောက်လည်ပတ်မည့်ခရီးစဉ်ကို အိမ်ဖြူတော် တာဝန်ရှိသူများက ထုတ်ပြန်ကြေညာရာတွင် Myanmar ဟု သုံးနှုန်းလိုက်ကြသည်။

အဘယ်အကြောင်းကြောင့် ပြောင်းလဲသွားရပါသလဲ

အမေရိကန်အစိုးရသည် သံတမန်ချစ်ကြည်ရေးအရ Myanmar အမည်နာမက အကန့်အသတ်ဖြင့် စတင် သုံးနှုန်းနေသော်ငြားလည်း Burmaသည်သာနာမည်ရင်းဖြစ်သည်ဟု မူဝါဒဆက်လက်ချမှတ်ထားကြောင်းအမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားသည်။

မြန်မာနိုင်ငံဟာ အပြုသဘောပြုပြင်ပြောင်းလဲမူတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့က လည်း မြန်မာအစိုးရနဲ့ထိတွေ sanctions တွေဖြေလျော့ပေးခြင်းအားဖြင့် အသိအမှတ်ပြု တုန့်ပြန်ခဲ့ပါတယ်။ ပြီးတော့ သံတမန်ချစ်ကြည်ရေးသဘောအရ Myanmar ဆိုတဲ့အမည်ကို မကြာခဏ ပိုမိုသုံးနှုန်းပေးနေပါတယ်။

“ရည်မှန်းချက်ကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လုပ်ဆောင်နေတဲ့ မြန်မာအစိုးရအပေါ် လေးစားမှု ပြသတာဟာ သူတို့ရဲ့ ကြိုးပမ်းမူကို အားပေးထောက်ခံတဲ့ အရေးကြီးလက္ခဏာတစ်ခုဖြစ်ပြီး၊ အသွင်ကူးပြောင်းမှု အောင်မြင်အောင် ကူညီပေးချင်တဲ့ ဆန္ဒကို ထင်ဟပ်ပြသတာဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။” ဟု သူမက ရှင်းလင်းပြောကြားသည်။

စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကမ္ဘာတွင်အပယ်ခံဖြစ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီသို့ ကူးပြောင်းနေသော တိုင်းပြည်အဖြစ် ခေါင်းပြူလာပြီဖြစ်သည်။ မြန်မာအာဏာပိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမူများကို ဖြစ်ပေါ်စေခဲ့သော “မြန်မာနိုင်ငံအပေါ် တရားဝင်ပြန်လည် သုံးသပ်မူ” ကို 2009 ခုနှစ်တွင် အိုဘားမားအစိုးရက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း 2010 ရွေးကောက်ပွဲအပြီး ဆက်လက်ပေါ်ထွက်လာသော ပြောင်းလဲမှုများတွင် တိုင်းရင်းသားအုပ်စုများစွာနှင့် အပစ်ရပ်ခြင်း၊ နိုင်ငံသားအကျဉ်းသား မြောက်များစွာလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာချုပ်ချယ်မူရုတ်သိမ်း ပေးခြင်း၊ အလုပ်သမားဥပဒေများ ပြင်ဆင်ပေးခြင်းတို့ ပါဝင်ပါသည်။

လာမည့် တနင်္လာနေ့တွင်မူ အိမ်ဖြူတော်သို့ သမ္မတဦးသိန်းစိန်လာရောက် လည်ပတ်တော့မည် ဖြစ်သည်။

သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရန်၊ လူမျိုးရေးတိုင်းရင်းသားရေး တင်းမာမူများကို ဖြေရှင်းရန်၊ မြန်မာပြည်သူများအတွက် စီးပွားရေးအခွင့်အရေးများ ယူဆောင်ပေးရန် လုပ်ဆောင်ကြရမည့် ကျန်ရှိ စိမ်ခေါ်မူများစွာကို သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ ကူညီပေးနိုင်မည်ဆိုသည်ကိုလည်း လေ့လာသုံးသပ်ကြမည်ဟု အိမ်ဖြူတော်က ဆိုပါသည်။

“ပြုပြင်ပြောင်းလဲရေးကိုအားပေးဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ အစိုးရတွေကို ထောက်ခံ အားပေးသွားမယ် ဆိုတဲ့ သမ္မတအိုဘားမားရဲ့ တာဝန်ခံမူကို သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်က ပြသနေပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ သာမန်ထက်ထူးကဲတဲ့ သူတို့တိုင်းပြည်ရဲ့ အလားအလာကောင်းတွေကို သိရှိသွားအောင် ကူညီပေးချင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ရင်းစေတနာကိုလည်း ထင်ဟပ်ပြသနေ ပါတယ်” ဟု အိမ်ဖြူတော် တာဝန်ရှိသူက ပြောကြားသွားသည်။

Yangon chronicle


မအူပင်အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ်နှင့် ၃ လ ကျခံနေရသူ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြန်လည်လွတ်မြောက်

ဦးဝင်းမြင့်(၁၇/၁ - ဖေါက်ခွဲ ၄) ၄၀၁ (၁) အရလွှတ်ပေးခြင်းဖြစ်သည်။

ကံမင်းသာ (၁၇/၁- ဖေါက်ခွဲ ၄)


စိုင်းတင်မင်းကို ပေါက်ကွဲ-၄(ခ) /၆

ထွန်းဦး ၁၇(၁)/ ပေါက်ကွဲ(၃)

ဦးရဲထွဋ်ခေါင်၂၉၄(ခ)/ ၂၉၅(က)/

ဦးစိုးရွှေ(ခ)ပညာဝံသ ၁၉(က) /

ဦးကျော်မိုးထက်၂၉၄(ခ)/ ၂၉၅(က)

ဟေမာနေ၀င်း (ပေါက်ကွဲ-၃/ ၁၂၂(၁)

ယနေ့လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကြိုဆိုကူညီပေးပြီး icrc သို့ပို့ဆောင်ပေးပြီးလိုအပ်သည်များကိုဆက်လက်ကူညီပေးလျက်ရှိပါသည်။
 Photo..Politcal prisoner facebook

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီကနေ့မှာ အရေအတွက် အနည်းငယ် ပြန်လည် လွတ်မြောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ သွားရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေး လိုက်တာပါ။ အပြည့်အစုံကို ရန်ကုန်၊ အင်းစိန်ထောင်ရှေ့သွားရောက်ပြီး လွတ်မြောက်လာသူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မန္တလေးထောင်၊ တောင်ငူထောင်၊ မအူပင်ထောင်၊ ပုသိမ်ထောင်နဲ့ လားရှိုးထောင်တွေ ကနေ နိုင်ငံရေးအကျဉ်းသား ၂၃ ယောက်ကို မေလ ၁၇ ရက်၊ သောကြာနေ့မှာ ပြန်လွှတ်ပေးလိုက်တာပါ။ ပြည်ထောင်စု ၀န်ကြီး တစ်ဦး ဦးဆောင်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဆိုတာကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသား တချို့ ထပ်ပြီး လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။

ဒီလိုလွှတ်ပေးတာဟာ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်လို့ ပြောသူကတော့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူ ဆယ်ဦးထဲမှာ ပါဝင်တဲ့ ကိုရဲထွဋ်ခေါင်ပါ။

“ပထမအကြိမ် အီးယူရဲ့ sanction တွေကို ဖွင့်ပေးကာနီးမှာ ဒီကော်မရှင်ကို ဖွဲ့စည်းတယ်။ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ အကျဉ်းသား ၉၀ လောက်ကို လွှတ်ပေးလိုက်တယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပဲ ပါတယ်။ တချို့ဆိုရင် ဆေးမှုတွေ၊ လူသတ်မှုတွေတောင် ပါတယ်။ နိုင်ငံရေးအကျဉ်းသားက ၅၉ ယောက်ပဲ ပါတယ်။ အခုတကြိမ် သမ္မတကြီးက အမေရိကန် ခရီးစဉ်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို နိုင်ငံရေး ကစားတဲ့အနေနဲ့ ထပ်လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ မပြောပလောက်ပါဘူး။ ၂၃ ယောက်ထဲရယ်။”

သူဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၂၀၉ ရဲ့ စစ်ရေးလူငယ်တာဝန်ခံအဖြစ် လုပ်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပထမတစ်ကြိမ် အဖမ်းခံရတုန်းက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာကိုပဲ အခု တစ်ကြိမ် လွတ်တာနဲ့ဆိုရင် စုစုပေါင်း သုံးကြိမ် အဖမ်းခံရ၊ ထောင်ချခံခဲ့ရသူဖြစ်ပါတယ်။

တကယ်ကတော့ သူဟာ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်ကုန်ဆုံးပြီး ပြန်လွတ်ဖို့ ငါးလနီးပါးပဲကျန်တော့တယ်လို့ ပြောပါတယ်။
ဦးစိုးရွှေ ခေါ် ဦးပညာဝံသကတော့ ၂၀၀၃ ခုနှစ် ၁၁ လပိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှု သံသယနဲ့ သင်္ကန်းဝတ်နဲ့ပဲ ဖမ်းဆီး စစ်ဆေးခံရ ပြီး အမှုမထင်ရှားတဲ့အတွက် မူးယစ်ဆေးဝါးမှုတပ်ပြီးတော့ ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ပြောပါတယ်။ ကြားထဲမှာပေးခဲ့ တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကြောင့် ပြစ်ဒဏ် လျော့လျော့လာခဲ့ပြီး စုစုပေါင်း ၉ နှစ် ၇ လကျော်နေခဲ့ရပြီးတဲ့နောက် လွတ်ဖို့ တစ်နှစ်ပဲကျန်တော့တဲ့အချိန်မှာ ပြန်လည် လွတ်မြောက်လာသူပါ။

“ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲရရ - အခုဆို အခုထိ ကျနော် မနက်စာ ထမင်းမစားရသေးဘူး။ ဒါပေမဲ့ ကျနော် ဗိုက်မဆာသေးဘူး၊ ရင်ထဲမှာတော့ ပျော်နေတာပေါ့။ ”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်လာပြီးတဲ့နောက်ပိုင်း အကျဉ်းထောင်တွေရဲ့ အခြေအနေ ယေဘုယျအားဖြင့် တိုးတက်လာခဲ့တယ်လို့ ပြောတာတွေရှိပေမဲ့လည်း အဲဒါဟာ ထောင်တစ်ခုချင်းစီမှာ ကွာခြားပုံတော့ ရပါတယ်။ အခုလက်ရှိ အင်းစိန်အကျဉ်းထောင်မှာဆိုရင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် တင်းကျပ်တာတွေရှိပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အလွန်အမင်း ဆိုးရွားနေဆဲပဲလို့ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

“ကျနော်ကိုယ်တိုင် ဆေးကုသမှု တောင်းဆိုခဲ့တာကို အရင်တစ်ခေါက် ထောင်ကျတုန်းက ပါရဂူ လေးယောက်နဲ့ တွေ့ခွင့်ရတယ်။ အခု ကျနော့်ကို ဆေးခန်းပြဖို့ ခွင့်မပြုဘူး၊ ဆေးရုံတင်ဖို့ကိုလည်း ခွင့်မပြုဘူး။ ပါရဂူတောင်းဆိုတာကိုလည်း ခွင့်မပြုဘူး။ ကျန်းမာရေးက အရင်တစ်ခါ ထောင်ကျတုန်းက စစ်ခွေးတိုက်မှာ ကျနော့်ကို ညှင်းပန်းနှိပ်စက်ပြီးတော့ စစ်ဆေးချက်တွေ ယူခဲ့တဲ့အတွက် အောက်ပိုင်းချိသွားဖူးတယ်။ အဲဒါကြောင့် ပါရဂူနဲ့တွေ့ရတာပေါ့။ အခုတစ်ခေါက်ကျတော့ တိုက်ခန်းထဲမှာ အေးတော့ အဲဒီ အောက်ပိုင်းဝေဒနာ ပြန်ပြီးခံစားရတဲ့အတွက် ဆေးကုသမှု ပေးပါဆိုပြီး ခွင့်တောင်းခဲ့တယ်။ ဆေးတပ်သားကို ပြောတော့ ထောင်ပိုင်ကြီးခွင့်ပြုချက် မရလို့ဆိုပြီး ထောင်မကြီးကို မပို့ဘူး။ အဲဒီတော့ ဆေးကုသခွင့်မပေးရင် ဆေးဝါး ကောင်းကောင်းတွေ ကျနော့်ကို ပေးပါ ဆိုတော့လည်း သူတို့ပေးတဲ့ဆေးက ပါရာစီတမောလ်တို့၊ ဗာမီတွန်တို့ဆိုတာက သာမန်အကျဉ်းသားကို ပေးတဲ့ ဆေးမျိုးတွေ၊ ဒီဆေးမျိုးတွေက ကျနော့်ရဲ့ဝေဒနာကို မပျောက်ကင်းနိုင်ဘူး။”

အခု ပြန်လည်လွတ်မြောက်လာသူတွေဟာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ တင်ပြထားတဲ့စာရင်းထဲက လူတွေဖြစ်ပေမဲ့လည်း ကော်မတီအနေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းကို ခုချိန်ထိ တိတိကျကျ မသတ်မှတ်နိုင်သေးဘူး လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊ စိစစ်ရေးကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးရဲအောင်က ပြောပါတယ်။

“ကော်မတီမှာက တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းစီကတင်ပြတဲ့စာရင်းတွေပဲ ရှိပါသေးတယ်။ အဲဒီတော့ တင်ပြတဲ့စာရင်းတွေပေါ်မှာ ကျနော်တို့က ဒီစာရင်းတွေဟာ နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ကော်မတီဝင် တစ်ဦးချင်းစီကနေ ပြန်ပြီးတော့ ပြန်ပြီး အသိအမှတ်ပြုပေးရပါတယ်။ ပြုပေးပြီးတော့မှ ကော်မတီစုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့ လိုအပ်လို့ရှိရင် ကော်မတီကနေ သမ္မတဆီကို တင်ပြမှာပါ။ အခုအချိန်မှာ အဲဒီအဆင့်အထိ လုပ်မပေးရသေးဘူး၊ မလုပ်နိုင်သေးပါဘူးခင်ဗျ။ အဲဒီတော့ အခု လွတ်လာတာက ကျနော်တို့ ကော်မတီ အစည်းအဝေးလုပ်ပြီးမှ နှစ်ကြိမ်ရှိသွားပါပြီ။ ဒီနှစ်ကြိမ်လုံးက ညှိနှိုင်းပြီးတော့ လွှတ်ပေးတဲ့ စာရင်းတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တင်ပြထားတဲ့စာရင်းတွေတော့ ပါပါတယ်။ ကျနော်မြင်တာကတော့ လုံးဝ မလွတ်ခဲ့တာ စာရင် အခု စပြီးလွှတ်နေပြီ။ နောက် ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်တဲ့အတွက်ကြောင့် ရှေ့ဆက်ပြီးတော့လည်း လွှတ်ပေးလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ လွတ်ဖို့လည်း အများကြီး မျှော်လင့်ပါတယ်။”

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးပဲကျန်တော့တယ်ဆိုရင်တောင်မှာ များလွန်းနေသေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ အဟန့်အတားဖြစ်နေဦးမှာပဲလို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးနိုင်ဖဲတစ်ခုလို သဘောထားပြီး ကိုင်တွယ် ကစားနေတာထက် တကယ့်ကို စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ ပြန်လွှတ်ပေးသင့်တယ်လို့လည်း တိုက်တွန်း ပြောဆိုကြပါတယ်ခင်ဗျား။

Voa

ကျုပ်အသက်ကလည်း မသေးတော့ဘူးဗျ။ တဲခေါင်မိုးထိုးနေပြီ။ အာကာသထဲ ဖောက်ထွက်သွားမယ့် အချိန်က တယ်မဝေးလှတော့ဘူး ထင်ပါရဲ့ဗျာ။ လူကသာ သချုင်္ိင်းကုန်း ခြေတစ်ဖက်လှမ်းနေတာ၊ ခါးကတော့ လိမ်ခွေခေါက်ချိုး ဇောက်ထိုးပြာကပ် ဖြစ်နေပြီဗျ။ မနိုင်ဝန်တွေပိတာ၊ ဖိတာကိုး။ အလုပ်တွေက လူကိုသာ ဖိတာ၊ ထောင်းတာမဟုတ်ဘူး။ စိတ်ကိုပါ စီးတာ၊ မောင်းတာဗျို့။

နေပါဦး။ ခင်ဗျားကြီးက သေခါနီးအထိ အလုပ်လုပ်တုန်းလားလို့မမေးပါနဲ့။ ကျုပ်ကနိုင်ငံရေး နောက်လိုက်ဆိုတော့ ပါတီထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း အလုပ်တွေလောက်တော့ ရှုပ်ပွေနောက်အောင် လုပ်နေရတာပေါ့။ ကုလားထိုင်ဖက်သေမဟဲ့ အိုနာကျိုးကန်မျိုးမဟုတ်ပေတာတော့မှန်ရဲ့။ ဒါပေမဲ့ ဖွဲတစ်ဆုပ်နိုင်တုန်း ရုန်းလိုက်ဦးမဟဲ့ဆိုတဲ့ ဟို ရှေးရှေး နိုင်ငံရေးဘဘကြီးတို့ရဲ့ ခေတ်ထုံးကို နှလုံးမူမိဆဲတော့ ဖြစ်ပေသဗျာ။ မတတ်နိုင်ဘူး။ တစ်နေ့တစ်နေ့ မနက် ၈ နာရီ ဝတ်သွားတဲ့ အပြာ (ထောင်ရောင်) ဝတ်စုံဟာ ည ၁၀ နာရီမှ ချွတ်ရတဲ့အဖြစ်မျိုး ဆိုက်နေသဗျ။ အလုပ်က ငရဲမီးလိုက်သလို အမြဲကြီး ကိုက်ခဲနေတော့လည်း အဲဒီလိုဖြစ်နေရတာပေါ့ဗျာ။ ကျုပ် ငုတ်တုတ်မေ့နေတတ်တာကလည်း တမှောင့်ပေါ့။

ငုတ်တုတ်မေ့ဆိုလို့ ဟိုတစ်နေ့က မေ့မြောမောကြောင် ဖြစ်ရပုံလေးပြောရဦးမယ်။

အဲဒီနေ့ညက ကျုပ်နေတဲ့အိမ်ဝင်းအပြင်က သစ်ပင်တွေ ရောရှုပ်နေတဲ့တောအုပ်လိုနေရာ လှမ်းကြည့်လိုက်တယ်။ မီးတွေ ထိန်ထိန်လင်းလို့ပါကလား။ လန်ဒန် အိုလံပစ်ကစားပွဲကြီး ဖွင့်နေသလားထင်ရတယ်။ သစ်ပင်တွေကြားမှာ ပြည်ဖုံးကာကြီးတွေချလို့ဗျ။ တခမ်းတနားပဲ။ လူတွေကလည်း ပျားပန်းခပ်နေကြလေရဲ့။

အောင်မယ် တစ်ပါတီအာဏာရှင် ခေတ်တွေ၊ စစ်အာဏာရှင်ခေတ်တွေက လူကြီးလူငယ် လူကြွယ်လူထောကြီးတွေပါကလား။ သူတို့ကို ဝိုင်းဝိုင်းလည်နေကြတာက အာဏာကပ်ပါး စီးပွားဓားပြတွေပါကလား။ အိပ်မက်မဟုတ်ဘူးဗျ။ ကျုပ်နိုးနေတယ်။ သိသိကြီးထိုင်၊ ငိုင်ငိုင်ကြီး ငေးကြည့်နေတာပဲဗျာ။ အင်္ဂလိပ်စကားရှိတယ်လေ။ Hallucination တဲ့။ ဝိပဿနာစကားလည်း ရှိတယ်။ စိတ္တ ဝိပ္ပလ္လာသတို့၊ သညာဝိပ္ပလ္လာသတို့ ဆိုတာလေ။ အသိဖောက်ပြန်မှု၊ အမှတ်ဖောက်ပြန်မှုတွေပေါ့။

ဒါတွေထားပါ။ ကျုပ် မျက်ဝါးထင်ထင် မြင်ခဲ့ရပုံတွေ ပြောပြမယ်။
အခမ်းအနားမှူးလား မသိပါဘူး။ မောင့်ကျက်သရေခေါင်းပေါင်းစ တလူလူတစ်ယောက် ကြေညာတယ်။ “လက်ဆုပ်ဖြေပွဲကြီး ဖွင့်ပါဦးခင်ဗျား” တဲ့။ မျက်နှာပက်ပြဲ ပုမည်းသဲလူ တက်လာတယ်။ ပြုံးရွှင်မြူးထူး မျက်နှာမူးလူ တက်လာတယ်။ အမောက်ထောင်ထောင် မျက်နှာပြောင်လူ တက်လာတယ်။ မှုန်တေပုပ်သိုး မျက်နှာဆိုးလူ တက်လာတယ်။ ....... အများကြီးပဲဗျာ။ အများကြီးပဲ။

တိုတိုပြောရရင် အဲဒီအားလုံးက ဟိုတုန်းက (ဟိုတုန်းကဆိုတာ ဟိုးရှေးရှေးပဝေဏီတုန်းက) သူတို့ ခိုးထား ဝှက်ထား၊ သိမ်းထားဆည်းထား၊ တောင်းထားရမ်းထား၊ စားထား ဝါးထား၊ လာဘ်စားထား၊ ကပ်ပါးထား၊ အပြိုင်လှီးထား၊ အပိုင်စီးထား၊ အကန်တော့ခံထား၊ အပျော့နှံထားတာတွေကို ပြည်သူ့ထံ လက်လွှဲအပ်နှံပွဲလုပ်ပါသတဲ့။ အဲ တော်ပါတော့။ မောလိုက်တာ။ စုံရောဆိုပါတော့။ အာဏာတစ်သက်တာမှာ ဆယ်သက်စာ ရှာမှီးသိုလှောင် မောင်ပိုင်လုပ်ထားတာတွေကို အိတ်သွန်ဖာမှောက်၊ ဒူးထောက်ဦးလှန်၊ ဝန်ခံသံဝေစကားတွေ ပြောရှာကြသဗျ။ သူတို့သယ်လာခဲ့သမျှ ဥစ္စာဓန ကျောက်သံပတ္တမြားတစ်ပြားတစ်ချပ်မကျန်အောင် ပြည်သူလူထုကြီးထံ အပ်နှံပါကြောင်း ကောင်းသောစကားတွေ ရွတ်ဖတ်သရဇ္ဈာယ် သွားရှာကြသဗျ။

သာဓု.... သာဓု....သာဓု။ ကျုပ်ကလည်း နှစ်ပြားတစ်ပဲ၊ စွန်ကြဲပေးကမ်းခံရင်း နှုတ်ကျိုးနေတဲ့၊ စကားလုံးနဲ့ ကောင်းချီးပေးလိုက်တယ်။

“ဘာတွေ သာဓုခေါ်နေတာတုံး အဘရဲ့”။ အနားထိုင်နေတဲ့ကောင်လေးက မေးတယ်။

“သြော်ကွယ် .... နိုင်ငံရေးဗျသနတရားနဲ့ မညားချင်တဲ့ သံဝေဂ တရားရှင်ကြီးတွေက သူတို့ရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ အကျိုးစီးပွားအားလုံးကို ပြည်သူတွေထံပြန်လည်အပ်နှံ ဆလံမာလေးကွန်း၊ အောင်စည်ယွန်းသံ တညံညံ၊ ကန်တော့ပွဲပြောင်းပြန် လုပ်တာကို ကြည့်၊ ပီတိဖြစ်လွန်းလို့ပါကွယ်။ သာဓု ခေါ်မိတာပေါ့”

“အဘကတော့ ရေဝေးလမ်းကျော်၊ တံတားလေးပေါ် ရောက်တော့မယ်ထင်တယ်။ နေပြည်တော်မှာဖြင့် အဲဒီကိစ္စအဆိုကြီး ဟက်တက်ပြဲ ဝက်ဝက်ကွဲ အရှုံးမဲသရဖူးကြီး ဆွတ်ခူးသွားပါပကော”

“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”

“အဘမြင်ချင်တာ မြင်နေ။ ဒီချုပ်အမတ်တင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၎င်းတို့၏ ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာမှတ်ပုံတင်ရန် အဆို ရှုံးသွားပြီဗျ”

“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”

“အဘမြင်ချင်တာ မြင်နေ။ မဲစာရင်း အတိအကျ သိချင်သေးလား။ ထောက်ခံမဲ ၆၈၊ ကန့်ကွက်မဲ ၂၇၁ မဲတဲ့။ ကြားနေမဲ ၁၅ မဲတဲ့”

“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”

“အပြတ်အသတ်ပဲဗျ။ ဒါတောင် ကြိုတင်မဲ မပါသေးဘူးတဲ့”

“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်သာကွ”

“တပ်မတော်သား ကိုယ်စားလှယ်ကြီးတွေက အဆိုကို ပြန်သုံးသပ်ဖို့ အကြံကောင်းတောင် ထပ်ဆောင်းပေးသွားသေးသတဲ့ဗျ”

“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”

“ဟလို .... ဟလို... ဆရာနီလုံရေ့။ ဒီလှိုင်လား၊ ဆူးနာမီလားတော့ မသိဘူး။ ဟံသာကလောင်ကြမ်းတော့ ကယောင်ကတမ်းဖြစ်နေပြီ။ တက္ကစီ ခေါ်ခဲ့ဗျို့။ ရေဝေးအလွန် တစ်ဘူတာ၊ တံတားကလေးရိပ်သာ သွားကြရအောင်”

“သာဓု ... သာဓု ... သာဓု .....”

“ခေါ် ... ခေါ်။ သာဓုတွေ ခေါ်ချင်သလောက် ခေါ်ထား။ အဘကြီးရေ့.....။ တံတားပေါ်ရောက်ရင်သာ အော်ချင်းမချနဲ့”။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၁)၊ အမှတ်(၃၁)

မိမိမျှော်လင့်မထားဘဲ ရောက်ရှိလာသော link များကို ဘယ်တော့မှမနှိပ်ပါနှင့်။

ဒါကအရေးကြီးဆုံး အချက်၁ချက် ဖြစ်ပါတယ်။ ဟက်ကာတွေက link ဒါမှမဟုတ် attachment တို့ ဖြင့် ကွန်ပျူတာ အသုံးပြုသူတွေကို သွေးဆောင်ကာ ကွန်ပျူတာများထဲသို့  virus ဖြန့် လေ့ရှိသည်။ တခါတရံ email တွေထဲတွင် စာလုံးပေါင်းသတ်ပုံ မှားယွင်းနေခြင်း နှင့် သဒ္ဒါမှားယွင်းခြင်း တို့ ဖြင့်ရောကာ virus ပေါင်းစပ်ပါဝင်နေတတ်သည်။ ထို့ ကြောင့်လဲ ဟက်ကာတွေက လက်တွေ့ အသုံးဝင်သော email များနှင့် မခွဲနိုင်အောင်တူသော email တို့ ဖြင့် သူတို့ ပစ်မှတ်ထားသူတွေရဲ့  ကွန်ပျူတာမှအချက်အလက်များကို ရယူနှောက်ယှက်ခြင်းများ ပြုလုပ်ကြသည်။ ဟက်ကာတွေကို သူတို့ ရဲ့ ပစ်မှတ်တွေကို စိတ်ဝင်စားစရာကောင်းသော စာစောင်ပေးပို့ ခြင်း နဲ့  ဖိတ်ကြားမှုတစုံတရာအားနှိပ်စေခြင်း တို့ ဖြင့် Social media ကလဲ တဖက်တလမ်းမှ အားပေးကူညီရာရောက်နေပါသည်။ ထို စာစောင်များနှင့် ဖိတ်ကြားမှုများကို မနှိပ်မိစေပါနှင့် ။

မတူညီသော website များတွင် မတူညီသော စကားဝှက် (password) များကို အသုံးပြုပါ။

လူ၁ယောက်တွင် online account စုစုပေါင်း ၁၀ခု ထက်မနည်းရှိတတ်ကြပါသည်။ ဒီအတွက်ကြောင့်လဲ account အားလုံးအတွက် စကားဝှက် (password) ကို မိမိချစ်တဲ့သူ နာမည် ၊ မိမိတို့ ရဲ့ ပထမဆုံး အိမ်မွေးတိရိစ္ဆာန်နာမည် ဒါမှမဟုတ် မိမိကြိုက်နှစ်သက်တဲ့ အားကစားအသင်းနာမည် အစရှိတဲ့ လွယ်ကူတဲ့ စကားဝှက် (passwoed) ၁မျိုး သို့ မဟုတ် ၂မျိုးပဲ ထားရှိတတ်ကြသည်။ Ofcom ရဲ့ လေ့လာတွေ့ ရှိချက်အရ UK မှာရှိတဲ့ လူကြီးပိုင်း ၅၅% က account အားလုံးကို တူညီတဲ့ စကားဝှက် (password) ၁ခုတည်းထားလေ့ရှိသည်။ အဲ့ဒီထဲက ၄ယောက်ထဲမှ ၁ယောက် (၂၆%) နှုန်းက သူတို့ ရဲ့  မွေးနေ့ ဒါမှမဟုတ် နာမည်တွေကို စကားဝှက်(password) အနေနဲ့ ထားရှိတတ်ကြသည်။ အဘိဓာန်မှာရှိတဲ့ စာလုံးတွေကလဲ crack လုပ်ရလွယ်ကူပါတယ်။ ထို့ ကြောင့် မိမိနှစ်သက်တဲ့ သီချင်း သို့ မဟုတ် ကဗျာ တွေရဲ့  မှတ်မိလွယ်တဲ့ စာသား၊ ကိန်းဂဏန်းများထည့်ခြင်းတို့ ဖြင့် စကားဝှက် (password) ပြုလုပ်ခြင့်း က ပိုမိုလုံခြုံမှု ရှိစေပါသည်။

အများပြည်သူသုံး Wi-Fi ကို လည်းသတိထားပါ။

Wi-Fi hotspots အများစုက တိကျတဲ့ သတင်းအချက်အလက် ပေးထားခြင်းမရှိဘူး။ အကယ်၍ သင်က အများပြည်သူသုံး Wi-Fi ကို အသုံးပြု ပြီး web ၁ခုမှာ မိမိရဲ့  အရေးကြီးတဲ့ ကိုယ်ရေးသတင်းအချက်အလက်ကို ဖြည့်စွက်နေရင် program ၁ခုက မိမိကို အနှောက်အယှက်ပေးခြင်းဖြင့် မိမိရဲ့  သတင်းအချက်အလက်တွေကို ခိုးယူသွားလို့ ရပါတယ်။ ဒါကြောင့်မလို့  အများပြည်သူသုံး Wi-Fi ကို အသုံးပြုမယ်ဆိုရင် မိမိတို့ ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မဖြည့်မိဖို့  သတိပြုကြပါ။ Facebook အစရှိတဲ့ social network တို့ ရဲ့ စကားဝှက် (password) တို့ လဲမဖြည့်စွက်မိပါစေနှင့်။

Macs ကလဲ PCs တွေလိုပဲ လုံခြုံမှုမှရှိပါဘူး။

သတိမမူရင် သင်တို့ ရဲ့  MacBook Air ထဲက သတင်းအချက်အလက်တွေလဲ ခိုးယူခံရ မှာပါပဲ။ ဟက်ကာတွေက Macs ကို အသုံးပြုသူတွေကို သိပ်ပြီးပစ်မှတ်မထားပါဘူး ။ ဘာကြောင့်လဲဆိုတော့ Windows အသုံးပြုတဲ့ သူတွေက ပိုများလို့  ဟက်ကာတွေက Windows အသုံးပြုသူတွေကို အဓိက ပစ်မှတ်ထားကြပါတယ်။ Apple နှင့် Microsoft တို့ ကလဲ သူတို့ ရဲ့  software လုံခြုံမှုတွေကို တင်းတင်းကြပ်ကြပ် ထားရှိထားသော်လည်း ဟက်ကာတွေကတော့ နည်းလမ်းသစ် တစ်နည်းမဟုတ်တစ်နည်းဖြင့် ကွန်ပျူတာမှအချက်အလက်တွေကို ခိုးယူရရှိနေဦးမည် ဖြစ်ပါသည်။

မိမိတို့ ၏ ဖုန်းနှင့် tablet ကိရိယာများကို lock လုပ်ထားပါ။

ဖုန်း နှင့် tablet ကိရိယာများကို စကားဝှက် (password) ဖြင့် lock လုပ်ထားခြင်းသည် မိမိ၏ သတင်းအချက်အလက် ကို ကာကွယ်ပေးထားခြင်းဖြစ်သည်။

Facebook account ကို လဲ သေချာ ထိန်းချုပ်ထားပါ။

Facebook က timeline နှင့် privacy setting တွေကို အမြဲ update လုပ်လေ့ရှိသည်။ ဒါကြောင့်မလို့ လဲ မိမိရဲ့  profile ကိုစိတ်တိုင်းကျ ပြုပြင်လို့ ရပါသည်။ ပထမဆုံးအချက်ကတော့ privacy setting menu ရဲ့ “who can see my stuff?” တွင် “friends” လို့ ရွေးချယ်လိုက်ပါ။ “friends of friends” ကို ရွေးချယ်လိုက်ခြင်းက မိမိ၏ သတင်းအချက်အလက်တွေကို ပျမ်းမျှအားဖြင့် လူပေါင်း ၁၅၆,၅၆၉ ယောက်နဲ့ ဝေငှပေးလိုက်တာနဲ့ တူပါသည်။ ထို့ နောက် မိမိ၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးနေ့ နှင့် တခြားကိုယ်ရေး အချက်အလက်များကိုလဲ private လုပ်ထားသင့်ပါသည်။


http://www.guardian.co.uk/technology/2013/may/12/20-ways-keep-internet-identity-safe မှ မြန်မာပြည်မှ အင်တာနက်အသုံးပြုသူများနှင့် ကိုက်ညီသော အချက်များကို ကူးယူဘာသာပြန်ဖော်ထုတ်ထားပါသည်။

Credit to : https://www.facebook.com/mspiral

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.