05/23/13



၂၀၁၃ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
တစ်မျိုးသားလုံးအတွက် အရေးကြီးလို့ပါ..သည်တစ်ပတ်ဖြင့် ပုံမှန်ဆောင်းပါး မရေးတော့ဘဲ အပြည့်အ၀ အနားယူ လိုက်မယ်လို့ စိတ်ကူးထားတာ မရေးမဖြစ် ရေးချင်စိတ်ပေါ်လာအောင် စေ့ဆော်ပေးတဲ့ အကြောင်းတစ်ခုကြောင့် ရေးဖြစ်သွားပါတယ်ခင်ဗျာ။

အကြောင်းက ကျွန်တော် အများဆုံးရေးလေ့ရေးထရှိတဲ့ နိုင်ငံရေး အကြောင်းအရာ မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးဖြစ်ပေမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်လို့ ယုံကြည်တဲ့အတွက် အလေးထားပြီး ရေးသားလိုက်ရပါတယ်။


မီဒီယာတွေက ပြောခဲ့ပေါင်း
များပြီ

မီဒီယာတွေမှာ သည်အကြောင်းအရာကို ဖွင့်ချဖော်ထုတ်ရေးခဲ့တာ တွေလည်း ဖတ်ဖူးပါတယ်။ တစ်ချိန်တည်းမှာ စောင်ရေကောင်းလှသော မီဒီယာကြီးအချို့မှာကို သူတို့ရဲ့ ဆေးခန်းကြော်ငြာကြီးတွေနဲ့ မစားရ၀ခမန်း အလိမ်အညာ ရေးသားချက်တွေကို အပတ်တိုင်း တွေ့နေရပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲ့ ဆက်တိုက်ဖိထားလေတော့ စောစောက မီဒီယာလေးတွေမှာရေးခဲ့တဲ့ အဲဒီ မသမာဆေးခန်းတွေအကြောင်းက စာဖတ်ပရိသတ်များများ မဖတ်မိလိုက်ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန် ပါလေရော။

ကျွန်တော်က ကိုယ်တိုင်ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသ ခံယူနေရသူဖြစ်လို့ ရောဂါဝေဒနာရှင်များကို ကိုယ်ချင်းစာနာမိပါတယ်။ မိမိမှာ စွဲကပ်နေတဲ့ ရောဂါကို အမြန်ပျောက်ကင်းချမ်းသာလိုတယ်။ ဖြစ်နိုင်ရင် ဥုံဖွမန်းမှုတ်လိုက်ရုံနဲ့ ပျောက်တယ်ဆိုရင်လည်း မန်းမှုတ်ခံလိုက်ချင်တာပဲ။ ဘယ်က ဆရာကတော့ ဆေးတောင်ဝှေးနဲ့တို့လိုက်ရုံနဲ့ ပျောက်ကရောဆိုလည်း ပျောက်ချင်ဇောနဲ့ ပြေးသွားချင်တာပဲ။

လူနာကို စကားပြန်နဲ့ပြောရတယ်

သည်လိုအချိန်မျိုးမှာ နိုင်ငံရေးပွင့်လင်းလာချိန် အသွင်ကူးပြောင်းရေး ကာလကို အခွင့်ကောင်းယူပြီး သည်ဆေးခန်းတွေ သည်လူတွေ ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ လူဝါမျိုး နိုင်ငံခြားသားတွေဖြစ်ပြီး လူနာတွေကို စကားပြန်နဲ့ ပြောရပါသတဲ့။ ရောဂါမပျောက်ရင် ဆေးဖိုးဝါးခတွေအားလုံး ပြန်လျော်မယ်လို့ ကြော်ငြာမှာ လိမ်ညာကြော်ညာထားပေမယ့် ဘာမှ ထပ်မံ ပြောဆိုခွင့်မရကြပါဘူး။ ဆေးပေးခနဲ့ ဆေးဖိုးက မြန်မာငွေ သိန်းချီပြီး ယူပါတယ်။ မီဒီယာတချို့က တာဝန်သိသိနဲ့ အဲဒီမသမာဆေးခန်းတွေ အကြောင်း၊ စကားပြန်နဲ့ ပြောရတဲ့ ဆေးဆရာဆိုသူတွေအကြောင်းကို ရေးခဲ့ကြတာ ကြာပါပြီ။ သို့ပေမယ့် ဘာတစ်ခုမှ စစ်ဆေး အရေးယူမှုပြုလုပ် တယ်ဆိုတာ မကြားမသိရပါဘူး။ တရားဥပဒေစိုးမိုးရေးလက်တံက အဲဒီ ဆေးခန်းတွေဆီ မရောက်ဘူးထင်ပါ့ဗျာ။

ဒေါက်တာမြသိန်းဟန်နှင့်တွေ့ဆုံခန်း

ခုတော့ တာဝန်သိမီဒီယာတစ်ခုဖြစ်တဲ့ မော်ဒန်ဂျာနယ် (၁၇ မေ ၂၀၁၃)မှာ သတင်းထောက် ဟေမာန်ညီညီရဲ့]]အမြစ်ပြတ်ကုသည်ဆိုတိုင်း ယုံသင့်သလား၊ ရင်ခေါင်းနှင့် အထွေထွေ ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြသိန်းဟန်နှင့် တွေ့ဆုံခြင်း}}ဆိုတဲ့ မျက်နှာပြည့် အင်တာဗျူး ဆောင်းပါးဖတ်လိုက်ရလို့ မော်ဒန်ကို အထူးကျေးဇူးတင်လျက် ကျွန်တော့် ပြည်သူ့ခေတ်ကော်လံကပါ စာဖတ်ပရိသတ် မြန်မာ တိုင်းရင်းသားပြည်သူများထံ ထပ်ဆင့် နှိုးဆော်လိုက်ပါရစေ။

သည်ကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ သတိပေးနှိုးဆော်မှုဟာ မီဒီယာကြီးတချို့မှာ မျက်နှာပြည့် မျက်နှာဝက် ကြော်ငြာကြီးတွေနဲ့ ဖိထားတဲ့အောက်မှာ ]သက်ငယ်ချောင်းနဲ့ ခေါင်းလောင်း ထိုး}ရသလိုများ ဖြစ်သွားလေမလားလို့ အားငယ်မိပါတယ်။

သို့ပေမယ့် ပြည်သူ့ခေတ်ဂျာနယ်ဖတ်တဲ့ ပရိသတ်၊ ကျွန်တော့် ပင်တိုင်ဆောင်းပါး ပုံမှန်ဖတ်တဲ့ ပရိသတ်များကို ရွှေပေလွှာဆရာတွေလိုပဲ ပန်ကြားလိုတာက သည်ဆောင်းပါးဖတ်ပြီးတဲ့အခါ စကားစပ်မိသမျှ မိတ်ဆွေ သင်္ဂဟများကို လက်ဆင့်ကမ်း သတင်းပေးကြဖို့ ဖြစ်ပါတယ်။

စီးပွားရေးတင်မကဘူးထင်မိတယ်

ဒါဟာ မသမာစီးပွားရေးသမားတချို့ရဲ့ လုပ်ရပ်သာ ဖြစ်နိုင်ပါတယ်၊ သိပ်လည်း အတွေးမခေါင်ပါနဲ့လို့ ပြောချင်လည်း ပြောကြပါတော့။ ကျွန်တော်ကတော့ သည်လောက် ငွေကြေးရော၊ သြဇာအာဏာရော ပုံအောပြီး မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ ပြည်သူ့ကျန်းမာရေးကို ဘက်စုံ ထိခိုက်အောင်၊ လမ်းလွဲရောက်အောင် ထိထိရောက်ရောက် လုပ်လာနေ တာဟာ စီးပွားရေးရည်မှန်းချက်လောက် မကဘူးလို့ ထင်တယ်ဗျ။ အနောက်နိုင်ငံတွေကို စားသောက်ကုန်တွေပို့ရင် စည်းမဲ့ကမ်းမဲ့မလုပ်ရဲပေမယ့် နယ်စပ်ကနေ မြန်မာနိုင်ငံကို ပို့တဲ့စားသောက်ကုန်တွေကျတော့ တမြေ့မြေ့ သေစေနိုင်တဲ့ အဆိပ်အတောက်ပါတာတွေကို ဈေးပေါပေါနဲ့ ပို့တတ်တဲ့ ရာဇ၀င်ရှိသူ သည်လူတွေကို သတိထားနိုင်မှ တန်ကာကျမယ်လို့ ကျွန်တော်က အလေးအနက်သတိပေးချင်တယ်ဗျာ။

ကိုင်း... ဆရာကြီး ဒေါက်တာ မြသိန်းဟန်က မော်ဒန်ဂျာနယ်ကို သူ့ကိုယ်တွေ့ ပြန်ပြောတာတွေထဲက သိသင့်တာလေးတွေ ထပ်ဆင့်ဝေမျှ ပေးလိုက်ပါတယ်။

သုံးတဲ့စက်တွေကြည့်ခွင့်မပေး


]]ဆရာ့အနေနဲ့ လိပ်ခေါင်းရောဂါ၊ ရင်သား ခွဲစိတ်ကုသတာတွေ လုပ်တဲံအတွက် သူတို့ရဲ့ ကုသနည်းတွေ ကောင်းရင် လူနာတွေကို လွှဲပေးချင်တဲ့ ဆန္ဒရှိလို့ ဆရာကိုယ်တိုင် သွားလေ့လာတယ်။ ဆေးခန်းတစ်ခုကို ဆရာသွားပြီး ကျွန်တော်က ဆရာဝန်ပါ၊ ကုသတာကောင်းရင် လူနာတွေကို ပို့ချင်လို့ ဆေးကုသတာ ကြည့်ချင်တဲ့အကြောင်း၊ သုံးတဲ့စက်တွေကို ကြည့်ချင်တဲ့အကြောင်း ပြောတယ်။ သူတို့က ကြည့်ခွင့်မပေးဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊}}

ဘယ်လိုနည်းနဲ့ ဆေးခန်းလိုင်စင်ရနေသလဲမသိ

မေး။ အဲသည်ဆေးခန်းတွေက ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိလားဆရာ။

ဖြေ။ ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိမရှိကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊အလိုက် ဆေးရုံ ဆေးခန်း ကြီးကြပ်ရေးကော်မတီကနေ သွားစစ်ဆေး တယ်။ တချို့ဆေးခန်းတွေမှာ ဆေးခန်းဖွင့်ခွင့်လိုင်စင်မရှိဘူး။ လိုင်စင်ရမှ ဖွင့်ဖို့ ပြောပြီး ခဏပိတ်ထားခိုင်းလိုက်တယ်။ အဲသည်လို ပိတ်ထားခိုင်းချိန်မှာပဲ အလားတူ ဆေးခန်း သုံးလေးခု ပေါ်လာတယ်။ လိုင်စင်ရနေတယ်။ သူတို့ ဘယ်လိုနည်းနဲ့ရလဲ မသိဘူး။ လိုင်စင်နဲ့ဖွင့်နေတာတွေကော လိုင်စင်မရှိဘဲ ဖွင့်နေတာတွေပါ တွေ့နေရတယ်။

ဆေးကောင်စီကိုလည်း မလာဘူး

]]ဆေးကောင်စီက အနောက်တိုင်းဆေးပညာအတွက် လိုင်စင် ထုတ်ပေးတာ။ အခုဟာက ဆရာတို့နဲ့ ပတ်သက်တဲ့ ဆေးပညာ မဟုတ်ဘူး။ အနောက်တိုင်းရော တိုင်းရင်းဆေးရော အားလုံးပေါင်းပြီး မဆီမဆိုင် စာလုံးတွေနဲ့ ရေးပြီး ကြောငြာထားတာ။ ဆရာတို့လို ဆေးပညာရှင်တွေ နားမလည်နိုင်အောင် ရေးထားတာ။ နိုင်ငံခြားသားဆရာဝန်က အနောက်တိုင်း ဆေးပညာနဲ့ မြန်မာနိုင်ငံမှာ ကုချင်ရင် ဆေးကောင်စီကို လျှောက်ထားရတယ်။ ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ပေးသင့်မပေးသင့် စဉ်းစားတယ်။ _ _ _ အခုဆေးခန်းတွေက ဆရာတို့ ဆေးကောင်စီကိုလဲ မလာဘူး။}}

မီဒီယာကကြော်ငြာတွေ

]]သည်လိုဆေးခန်းတွေရှိနေတာကို မီဒီယာတွေကတစ်ဆင့် ပြည်သူတွေ သိရတာ များတယ်။ မီဒီယာတွေကို သည်လို ကြော်ငြာတွေ မထည့်ပါနဲ့ လို့ မပြောလိုပါဘူး။ ဒါပေမယ့် အထောက်အထား ခွင့်ပြုချက် ယူပြီးမှ လုပ်ရင် ပိုပြီး ပြည်သူကို ကာကွယ်ပေးရာရောက်မယ်။ ပြောင်းလဲလာတဲ့ အခုလိုအချိန်မှာ ပြည်သူကို ကူညီပံ့ပိုးရမယ့်အစား စီးပွားရေးသမားတွေကို အားပေးသလို ဖြစ်နေတာမျိုး မဖြစ်စေချင်ပါဘူး}}

ဆရာကြီးဒေါက်တာ မြသိန်းဟန်က တာဝန်သိ ဆရာဝန်ကြီး တစ်ယောက်အနေနဲ့ရော၊ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ရော လုပ်သင့်လုပ်ထိုက်တာတွေလုပ်ခဲ့တယ်ဆိုတာ မော်ဒန်ဂျာနယ်ရဲ့ အင်တာဗျူးမှာ အထင်အရှားတွေ့ရပါတယ်။ အဲဒီ နိုင်ငံခြားသားဆရာဆိုသူတွေ စကားပြန်နဲ့ ရမ်းကုလုပ်နေတဲ့ ဆေးခန်းတွေမှာ ငွေသိန်းနဲ့ချီပေးခဲ့ရပြီး ဘာရောဂါမှ မပျောက်သူ လူနာတွေက ဆရာကြီးဆီလာရောက်တိုင်ပင်တဲ့အခါ သိရတာတွေကိုလည်း ပြောပြထားပါတယ်။

ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ သည်မသမာသူတွေရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေက အဂတိတရားကင်းကင်းနဲ့ တားမြစ်အရေးယူဖို့လိုသလို ပြည်သူတွေအပိုင်း ကလည်း သူတို့ ကြော်ငြာကောင်းတိုင်း မယုံကြပါနဲ့၊ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြပါ၊ တတ်သိနားလည်တဲ့ မြန်မာဆရာဝန်ကြီးများနှင့်တိုင်ပင်ပြီးမှ ကျန်းမာရေးဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါကြောင်း။

၁၉ ၀၅ ၂၀၁၃

maungwuntha@gmail.com


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်း လဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြော ကြားလိုက်ပါတယ်။

"ပြောစကားတွေထက် အလုပ်ကို နည်းနည်းပြဖို့လိုလာပြီလို့ ထင်ပါတယ်၊ ဘာပဲပြောပြော ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာ အခု ၃ နှစ်ပြည့်တော့မယ်၊ ၃ နှစ်ဆိုတာဟာ ရေတိုပဲ၊ အဲတော့ ရေတိုအကျိုး စီးပွားတွေကို မြင်ဖို့လိုလာပြီ၊ ရည်ရွယ်ချက်တို့ လုပ်ချင်တာတို့ ပြောတာကတော့ ဟုတ်ပါပြီ၊ အခုကျတော့ ဘာလုပ်နိုင်လဲ၊ ဘာလုပ်ခဲ့လဲဆိုတာ ကို ပြဖို့အချိန် ရောက်လာပြီလို့ ထင်ပါတယ်"

အမေရိကန်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးပို့ သူ့အနေနဲ့ ထောက်ခံပြောဆိုတော့မှာ မဟုတ်ဖူး၊ ပိတ်ဆို့မှုတွေကို ဆက်ထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပျက်စေမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က-

"ဒီကိစ္စလဲ မစ်ခ်ျ မက်ကောနယ်လ် တို့နဲ့လည်း ဆွေးနွေးပါတယ်၊ ပိတ်ဆို့မှုတွေကို ဖယ်ရှားတာလည်း ကောင်းပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာလည်း တကယ့်ပြုပြင်ပြောင်းလဲရေးရဲ့ ရလဒ်တွေဆိုတာကိုတော့ ပြည်သူတွေ မခံစားရသေးပါဘူး၊ အဲဒီဟာတွေကတော့ ခံစားလို့ရအောင်လုပ်ဖို့ မြန်မာနိုင်ငံအစိုးရမှာ လိုနေသေးတာကို ကျမထောက်ပြပါတယ်"

တရုတ်ခါင်းဆောင်တွေက NLD ကိုယ်စားလှယ်အဖွဲ့ကို မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ချင်တဲ့အကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့တော့ အဲဒီကိစ္စဟာ သူတို့ပါတီနဲ့ သက်ဆိုင်တဲ့အချက်မဟုတ်ဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဒီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ဆိုရင် အခုအစိုးရကနေ ပြောရမှာလို့၊ ဘာဖြစ်လို့ ကျမတို့ ကိုယ်စားလှယ်တွေကို ပြောတာလဲလို့၊ ကျမတို့ ကိုယ်စားလှယ်တွေက လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ ဒါသမ္မတ ဦးသိန်းစိန်နဲ့ ဆိုင်တဲ့ကိစ္စပဲ၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြောပေါ့"

ဒါ့အပြင် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အခုအချိန်ထိ ပွင့်လင်းမှုမရှိဖူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
DVB TV News,RFA


စစ်အုပ်စုက အာဏာသိမ်းတော့ ကျနော်တို့ကျောင်းသားတွေပြည်သူလူထုနှင့် သံဃာတော်တွေ သွေးမြေကျခဲ့ရသလို စစ်အုပ်စု အကြမ်းဖက်ဗိုလ်ကျနေတဲ့အတွက်အပြစ်မဲ့သူတွေဟာလွတ်မြောက်နယ်မြေတွေကိုရောက်သွားကြသလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး မိသားစုနဲ့ဝေးတဲ့နယ်ထောင်တွေ ဆီပို့ထားခြင်းခံခဲ့ကြရပါတယ်။

ဒီလိုဖြစ်ရပ်ဆိုးတွေဟာ စစ်အုပ်စု၊စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ခဲ့ရတဲ့ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုး တွေဖြစ်ပါတယ်။ စစ်အုပ်စုအာဏာ သက်တမ်းရှည်နေသရွေ့ ဒီလိုဖြစ်ရပ်ဆိုးတွေ ကြုံနေ ကြားနေဖြစ်နေပါလိမ့်ဦးမယ်။ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေကို မှတ်မှတ်ထင်ထင်သတိရနေဖို့ သင်ခန်းစာယူဘို့ သိပ်ကိုအရေးကြီးပါတယ်။လူတွေကနိုင်ငံရေးကိုစိတ်ပါဝင်စားတာ၊ ကိုယ်ထိလက်ရောက် ပါဝင်လာတာတွေ ကိုကျနော်တို့သဘောကျပါတယ်။ ကြိုဆိုပါတယ်။ အုံနဲ့ ကျင်းနဲ့အားလုံးပါဝင်လာအောင်ဝိုင်းကြဝန်းကြ နှိုးဆော်သ မှု ပြုကြရမှာပါ။

ဒီမိုကရေစီမှာ ဘယ်သူပဲပါရမယ် ဘယ်သူမပါရ … လို့ ကန့်သတ်တားမြစ်ထားတာမရှိပါဘူး။ ကန့်သတ်ထားမြစ်ထားတဲ့ ဥပဒေမှန်သမျှ တာဝန်အရဖီဆန်ဖြိုချဖျက်သိမ်းပစ်ရမှာပါ။လူ့အဖွဲ့အစည်းတရပ်တွင်အရေးကြီးဆုံးဖြစ်သော နိုင်ငံရေးဆိုင်ရာကိစ္စအရပ်ရပ်တို့တွင်နိုင်ငံသူနိုင်ငံသားများက မိမိတို့ ဆန္ဒအရ လွတ်လပ်စွာပါဝင် ဆုံးဖြတ်နိုင်ခွင့်ရှိဖို့လိုအပ်တယ်။ ဒီမိုကရေစီဟာ နိုင်ငံရေးရာကိစ္စအဖြစ်သာမက လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြုလေးစားမှုနဲ့ အလိုဆန္ဒတို့ကိုဖြည့်ဆီပေးနိုင်မှုတွေ တန်းတူညီမျှခြင်းနဲ့လွတ်လွပ်ခြင်းတို့သည် ဒီမိုကရေစီ၏ ထူးခြားသော ဂုဏ်အင်္ဂါများအဖြစ် ဖြစ်နေပြီး၊ နိုင်ငံသားအားလုံးကို ဥပဒေအောက်တွင် ညီမျှမှုနဲ့ ဥပဒေပြုမှုတို့တွင် ညီမျှစွာပါဝင်နိုင်ခြင်းတွေဟာ မရှိမဖြစ်လိုအပ်နေပါတယ်။

ယနေ့နိုင်ငံရေးပါတီတွေ ဟာ တိုင်းသူပြည်သားတွေအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီအဖွဲ့အစည်းတွေဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာပြည်သူလူထုအကျိုးကို ဘယ်လောက်သယ်ပိုးရွက်ဆောင်သလဲဆိုတဲ့အချက်နဲ့တိုင်းတာရပါတယ်။ ရွေးကောက်ပွဲ ကျင်းပတယ် ဆိုတာဟာလည်း နိုင်ငံရဲ့ အကျပ်အတည်းမှ ထွက်ရပ်လမ်းမဟုတ်သေးပါဘူး။အခြားနည်းလမ်းတွေနဲ့လည်းအကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ်၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ရွေးကောက်ပွဲတွေတခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။မရခဲ့ဘူး။ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာမဟုတ်ဘူး။

ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။မဖြစ်စေချင်ဘူး။ အခြေအနေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာလူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာနိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါ။ ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာတိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကိုဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် နည်းလမ်းတွေကို ရှာကြရမှာပဲ။ ဥပဒေတစ်ရပ်ဖြစ်လာရင် ထိုဥပဒေဟာ ပြည်သူပြည်သားတွေ လိုက်နာနိုင်သော တရား မျှတသော ဥပဒေများဖြစ်ဖို့လိုပါတယ်။ တရားမျှတမှုမရှိသော ဥပဒေများဖြစ်လျှင် ၎င်းကို အကြောင်းပြု ပြီး မလိုက်နာနိုင်ကြတဲ့ပြည်သူတွေဟာ အလိုအလျောက် ဥပဒေချိုးဖောက်သူတွေ၊ လိုက်နာရန် ပျက်ကွက်သူတွေဖြစ်ပြီး ပြစ်ဒဏ်တွေ ခံရလျှင် ဝမ်းနည်းစရာ ကောင်းပါတယ်။

နိုင်ငံ့စည်းလုံးညီညွတ်မှု အားနှင့် စွမ်းဆောင်မှုအားတွေယုတ်လျော့သွားစေပါတယ်။ ဒါကြောင့် ဥပဒေ အရပ်တိုင်းမှာ အကြောင်း အကျိုးလျော်ညီသော၊ တရားမျှတသော၊ အားလုံးကလိုက်နာသင့်သော၊ လိုက်နာနိုင်သောဥပဒေများ ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ပြည်သူတွေရဲ့ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေဟာ ပိတ်ဆို့သွားခဲ့ပါတယ်။ မြန်မာနိင်ငံသား လူမျိုးအားလုံး ဟာ ရိုးတယ် အတယ် သဘောကောင်းကြပါတယ် သူတို့သဘောကျတဲ့သူ ပြောရင်ယုံကြပါတယ်။ လူတိုင်းဟာ မိမိတို့ရဲ့ ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။

ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင် တွေးခေါ်ဖို့ပဲဖြစ်ပါတယ်။အထူးသဖြင့် ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ ဖြစ်ပါတယ်။ မြန်မာပြည်သားအားလုံး အချိန်ကိုတန်ဘိုး ရှိစေချင်ပါတယ်။ အများအကျိုးအတွက် လုပ်နေသူများကိုလဲ ကျေးဇူးတင်ပါတယ်။ အခု မြန်မာပြည်သားတွေ အတော်များများ တိုင်းပြည်အတွက် ကိုယ်တိုင်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကိုတင်ပြီး ပြောနေဆိုနေတာ တွေဟာအရမ်းရှားပါးနေသလိုပါဘဲ။ တစ်ကယ်လုပ်ဆောင်နေသူတွေကိုအတင်း အဖျင်းပြော စိက်ထင်ရာတွေနဲ့ ဝေဖန်ပြောဆိုနေပြီး ကိုယ်မနိုင်လျှင် အတ္တဆန်စွာ ဆဲဆို ဘလောက်တာတွေ များလာသည်ကိုလည်း တွေ့လာရပါတယ်။ နိုင်ငံကိုချစ်ရင် အရာအားလုံးကိုလေ့လါပါ။

ကိုယ်လုပ်ရပ်၊ ကိုယ့်ဘက်က မှန်ကန်သောလူ၊အဖွဲ့၊ပါတီ၊တွေရဲ့ ကြားထဲမှာ သွေးထိုးနေတဲ့ စုန်းပြူးတွေလဲရှိပါတယ်။သူတို့တွေကလည်း အငှား လူမိုက်လုပ်ထားသူတွေဆိုတော့ အခွင့်သာရင် ၀င်လှော်မယ်ဆိုပြီး ချောင်းနေကြတဲ့ ဝေလေလေ စုန်ပြူးတွေက အခွင့်အရေးတစ်ခုရပြီဆိုတာနဲ့ ဘယ်ပြောကောင်းမလဲ ၀င်လှော်ကြတော့တာပါဘဲ။ဒီ မိုကရေစီနိုင်ငံတွေမှာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေမှာ လူတယောက်စီတိုင်းမှာ တန်ဘိုးကိုယ်စီရှိကြပါတယ်။ ခန္ဓာကိုယ်နာကျင်ဒဏ်ရာရဘို့ မဆိုထားနဲ့ ကိုယ့်အပြုအမူကြောင့် လူတယောက်ရဲ့စိတ်ထဲခံစားသွားရရင်၊ ဂုဏ် သိက္ခာညှိုးငယ်သွားရင် တရားစွဲခံရတယ်။ပြည်သူ့ ရဲဆိုတာကလည်း ဆောင်ပုဒ်ချိတ်ထားရုံသက်သက်မဟုတ်ဘဲ လက်တွေ့ ပြည်သူတွေအသက်နဲ့ စည်းစိမ် ဥစ္စာလုံခြုံရေးကို စောင့်ရှောက်တာ ဖြစ်တယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ ရဲဆိုတာပြည်သူနဲ့အနီးဆုံး လက်နက်ကိုင်တပ်ဖြစ်တယ်။ ပြည်သူကို အနီးကပ် စောင့်ရှောက်ရတယ်။ တာဝန်ချိန်အတွင်း၊ လူတွေကို ဘာအကူအညီလိုသလဲ၊ ဘယ်နေရာမှာ ဘာလုပ်ပေးဖို့ လိုအပ်သ လဲဆိုတာကိုပဲ အာရုံစိုက်ရတယ်။ အကောင်းအဆိုးတွေရှိတဲ့ထဲမှာ ရဲဆိုရင် ပြည်သူ တွေက အဆိုးမြင်တာ သိပ်မကောင်းလှဘူး။ ဒီလိုဖြစ်အောင်လည်း ကျနော်တို့တိုင်းပြည်က ခေတ်စနစ်နဲ့၊ အုပ်ချုပ်ရေး ယန္တရားကြီးက ပြဋ္ဌာန်းပေးလိုက်တာပါ။ မြန်မာ့ရဲတပ်ဖွဲ့ဟာ လက်နက်ကိုင်တပ်တွေထဲမှာ အောက်ကျနောက်ကျဆုံး ဖြစ် အောင်၊ အခွင့်အရေး အမဲ့ဆုံးဖြစ်အောင်၊ ပြည်သူ့ချဉ်ဖတ်ဖြစ်အောင် စစ်အာဏာရှင်စနစ်ကြီးက သွတ်သွင်းပေးလိုက် တာ ဖြစ်တယ်။

တပ်မတော်သားတွေကိုယ်တိုင်က ရဲဆိုရင် နှိမ့်ချ ဆက်ဆံတတ်သလို၊ ရဲတွေကိုယ်တိုင်က စစ်သားကိုတောင် ကြောက်ရွံ့ နေရတာပါ။ ကျနော်တို့ နိုင်ငံမှာ အဲလိုမျိုး ၀န် ထမ်းချင်းအတူတူ၊ အဆင့်ခွဲခြားဆက်ဆံခံနေရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါကိုထုံးစံလို့ပဲ မြင်နေကြပါတယ်။ ကျနော်တို့ဆီက ရဲတွေရဲ့ဘ၀အခြေအနေကနိမ့်ကျသလို၊ လည်သလိုရှာစားနေရတော့ အများမကြည်ဖြူ၊ မလေးစားတဲ့ အခြေအနေဆိုက်နေတယ်။ ဒီအတွက် ရဲအမှုထမ်းတွေကိုယ်စီသာမက၊ အထက်အာဏာပိုင်တွေမှာလည်း တာဝန်ရှိပါ တယ်။တကယ်တမ်း ကျွန်တော်တို့တစ်တွေဟာ လူသားတွေအတွက် ဘယ်လောက် လုပ်ပြီးပြီလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုကြပါလိမ့်မယ် ၊ တိုင်းပြည်တည်ဆောက်ဖို့အတွက် မျိုးချစ်စိက်ရှိရင် စိက်ကူးတွေ အကြံဥာဏ်တွေ နဲ့ ရဲဘော်တွေ တစ်ဦးနှင့်တစ်ဦး အားလုံးလက်တွဲပြီး ခွင့်လွှတ်ခြင်းနှင့်အတူ ဆက်လက် လုပ်ဆောင်နိုင်ကြရပါမယ်။

ဒီကနေ့ ကျနော်တို့တိုင်းပြည်ဟာ အင်မတန်မှ လူကိုလူလိုသိတတ်တဲ့၊ လူတဦးချင်းစီအပေါ် မှာရော အယုတ်အလတ်အမြတ် မရွေး လေးစားချစ်ခင်တဲ့ ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ဆီကို လှမ်းနေကြတာပါ။ လက် အောက်ခံ တပ်မတော်သားတွေရော၊ ပြည်သူ့ရဲရော ဘ၀တူတွေပါ။ နှစ်ပေါင်းများစွာ လူလိုသူလို အသိအမှတ်ပြုမခံ ရတဲ့ ကျောမွဲလူတန်းစားတွေထဲ ကလည်း ဖြစ်ပါတယ်။

လယ်သမားတွေ အလုပ်သမားတွေ ဆင်းရဲသလို သူတို့လည်း ချို့တဲ့ပါ တယ်။ အခွင့်အရေးမဲ့သူချင်း အတူတူပါ။ တကယ့်အခွင့် အရေးသမားတွေဘယ်သူလည်းဆိုတာ ပြည်သူက သိပါတယ်။စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးကြလျင် တည်ငြိမ်မှုကို ရေရှည်ထိမ်းထားနိုင်တယ်လို့ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူက သူတို့ကိုယ်တိုင် သူတို့ ယုံကြည်သောသူများကို ရွေးကောက်ထားသောကြောင့်ဘဲဖြစ်ပါတယ်။ နောက်ပြီး လွတ်လွပ်မှုသည် ဒီမိုကရေစီစံနစ်တွင် မရှိမဖြစ်လိုအပ်နေသော အချက်တစ်ခုဖြစ်နေပြန်ပါတယ်။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင် လည်း ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။

ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။တစ်မြေတည်းအတူနေထိုင်သူများ၊ လူမျိုး-ဘာသာ-အယူအဆ-အလုပ်အကိုင်-အကျိုးစီးပွား-တူညီသောလူများစသည်တို့အတွင်းတွင်အစိုးရတရပ်ရယ်လို့ရှိနေစေရေးဟာဒီမိုကရေစီကိုအတွေးအခေါ်ပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သာမန်ပြည်သူတွေ နှစ်ပေါင်းများစွာကပင် သဘောတူလက်ခံထားခဲ့သော အချက်တစ်ချက် ဘဲဖြစ်ပါ တယ်။သာမန်ပြည်သူတွေအနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်း ပြည်သူအများ၏ ဆန္ဒအစစ်အမှန်ကို ရောင်ပြန်ဟတ်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူသာလျင်ဖြစ်၍ ပြည်သူနဲ့အာဏာဟာ ခွဲခြားထား၍ မရသော အရာတွေဟာ ဒီမိုကရေစီရဲ့ အဓိကကျသော ပင်ကိုအရည်အသွေးတရပ် ပင်ဖြစ်ပါတယ်။

ဒီမိုကရေစီကျကျ အစိုးရကို ဖွဲ့စည်းထားမယ်ဆိုရင် လူ့အခွင့်အရေးများကို လည်းအကောင်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ မွေးရာပါအရည်အချင်းတွေကို အသိအမှတ်ပြုမှုအပေါ် အခြေခံထားတဲ့အတွက်ဖြစ်ပါတယ်။ ပြည်သူသာလျင် အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောကြောင့် ပြည်သူတို့၏ဆန္ဒအရ လိုသလို ကျင့်သုံးနိုင်ရေးလည်းဖြစ်ပါတယ်။ ဒီမိုကရေစီ၏သဘောမှာက လူအများစု၏ ဆန္ဒဖြင့် အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်ဖြစ်နေသောကြောင့် လူနည်းစု၏ဆန္ဒကို ဆန်ကျင်သော သဘောဖြစ်နေပါတယ်။ များရာနိုင်တိုင်း မှန်သလားဆိုတော့ လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဥာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ် စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။

အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကို ပေါက်ရောက်မယ်မဟုတ်ဘူး ။သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုရတယ်။ အဲဒီရေးသားထုတ်ဝေ ခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာ တိမ်မြုပ်သွားနိုင်တယ်။ ရေးသားတဲ့အခါမှာလည်း သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။လက် လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါး လိုက်စားရေးတာမျိုး မပြုအပ်ပါ။ ပြည်သူလူထုအကျိုးရှိမယ့် အကြောင်းအရာတွေ သာ မကွယ်မ၀ှက်ပဲ ဝံ့ဝံ့စားစား ရေးရပါမယ်။

နိုင်ငံတော်၏ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်း လုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေဆိုတာကလည်း အများသဘောတူ ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းလိုက်နာကြရပါတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေလည်းဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကို သက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေ နှင့်အညီဆိုရာမှာ ၎င်းဥပဒေတွေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းက ဥပဒေ တွေကို လိုက်နာရပါတယ်။ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့ အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘ၀လိုအပ်ချက်များ ရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဥာဏ်ပညာ အဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ဒီမိုကရေစီနိုင်ငံရေးဝန်းကျင်နှင့်ဆယ်စုနှစ်ပေါင်းများစွာဝေးကွာနေခဲ့သော မြန်မာပြည်သူ လူကြီး၊ လူလတ်၊ လူငယ်တို့ဟာ ပါတီနိုင်ငံရေး၊လွှတ်တော်နိုင်ငံရေးအခင်းအကျင်းတွင်အရေးပါသည့်နေရာများမှပါဝင်လာကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါတယ်။ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရမဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ ယူဆပါတယ်။

ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေမှာနိုင်ငံသားတိုင်းပါဝင်ခွင့်ရှိပါတယ်။တချိန်ကလူကြီးတွေမှားခဲ့တဲ့အမှားတွေကိုကျွန်တော်တို့က
သင်ခန်းစာယူပြီး၊ကျွန်တော်တို့ ဆင်ခြင်တုံတရားတွေရှိရမယ်၊အသစ်အသစ်တွေပြောင်းလဲရမယ်။အကျင့်ဟောင်းတွေကို သတ္တိရှိရှိ၊သတိရှိရှိမောင်းထုတ်နိုင်ရ မယ်။

ယနေ့အချိန်သည်နာမည်၊အစဉ်အလာ၊ကျော်ကြားမှု၊အခြွေအရံပေါများမှုစသည်တို့ကိုရင်မခုန်ပဲ၊ကိုယ့်လမ်းကိုယ်လျှောက်ရမည့်အချိန်ဖြစ်ပါတယ်။နိုင်ငံရေးပါတီဖွဲ့လိုသူများကနိုင်ငံရေးပါတီထူ ထောင်ပြီး၊ပါတီနိုင်ငံရေး၊လွှတ် တော်နိုင်ငံရေးထဲဝင်ရောက်နိုင်အောင်ကြိုတင်ပြင်ဆင်ရမည့်ကာလ ဖြစ်ပါတယ်။ နောင်အနာဂတ်မျိုးဆက်လူငယ်များကလည်း ပြည်သူလူထု၏ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ အားကိုးမှုများနှင့်ကိုက်ညီသော လမ်းကြောင်းဘက် တွင် အခိုင်အမာရပ်တည်ရမည်မှာ သမိုင်း၏လိုအပ်ချက်ပင်ဖြစ်ပါတယ်။

တိုင်းပြည်နှင့်လူမျိုးအတွက် အရည်အသွေးမြင့်သော နိုင်ငံရေးသမား များဖြစ်လာအောင် မိမိကိုယ်ကို တည်ဆောက် ရေးသည် လဲ တစ်ခုအပါအဝင်ဖြစ် ပါတယ်။ ကျင့်ဝတ်သိက္ခာ၊ အသိပညာ၊ လုပ်ရည်ကိုင်ရည်ပြည့်ဝသော နိုင်ငံရေး သမားကောင်းများဖြစ်လာရေးက အလွန်အရေးပါ ပါတယ်။ အောက်ခြေပြည်သူလူထု အများစုကြီးနှင့် အမြဲမပြတ် ထိတွေ့နေရမည့်အပြင်၊ အောက်ခြေပြည်သူတို့၏ ရင်ဖွင့်သံများ၊ မကျေနပ်ချက်များကို များများ နားထောင်ရမည်မှာ နိုင်ငံရေးသမားကောင်းတိုင်းလုပ် ရမည့်အလုပ်ဖြစ်ပါတယ်။

ဇော်ဝမ်းမောင်…


Photo..EMG
လက်ရှိ မိတ္ထီလာခရိုင်အတွင်းထုတ်ပြန်ထားသည့် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာ တည်သောအမိန့် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကို မေလ ၂၁ ရက်နေ့မှစတင်၍ ဇူလိုင် ၂၀ ရက်နေ့အထိ ရက်ပေါင်း ၆၀ တိတိ ဆက်လက်အာဏာတည်စေမည်ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌် အထူးအစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခဲ့သည်။

မလ ၂၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန်ကြီးဦးဆန်းဆင့်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှအတည်ပြုပေးရန်” အဆိုတင်သွင်းမှုအား မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် မိတ္ထီလာခရိုင်အတွင်း အရေးပေါ်အခြေအနေထုတ်ပြန်ခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဒေါက်တာစိုးရင်၊ ဦးဝင်းထိန်၊ ဦးမြင့်စိုး၊ ဦးဝင်းမြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာအေးမောင်၊ ဦးပေါ်လျှံလွင်၊ ဦးတင်မြ၊ ဒေါ်ရီရီမြင့်၊ ဦးတင်မောင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးအောင်ကိုတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၁/၂၀၁၃)နဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးရှုထောင့်၊ ဒီမိုကရေစီအဆောက် အအုံများ ခိုင်မာရေးရှုထောင့်တို့ကနေ ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို နှစ်သက်သူများအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များဆိုတာ အင်မတန်မှသတိကြီးစွာ ချဉ်းကပ်ရမယ့်အရာဖြစ်ပါတယ်။ တရားဥပဒေနဲ့ အမိန့်အကြား ကွာခြားမှုပာာ ကြီးလွန်းတာကြောင့် ဆန့်ကျင်ဘက်လို့တောင်ပြောနိုင်ပါတယ်။ တရားဥပဒေဆိုတာ အများ ပြည်သူကနေ တရားတယ်၊ လိုအပ်တယ်လို့ လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များဖြစ်ပါတယ်။ အမိန့်ဆိုတာ အာဏာရှိသူများက အထက်ကနေပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ချမှတ်သတ်မှတ်တယ်။ ဒါကြောင့်မို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ပတ်သက်လို့ သတိကြီးကြီးနဲ့ဆောင်ရွက်စေချင်ပါတယ်”ပာု တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မတ်လအတွင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဓိကရုဏ်းဖြစ်စဉ်များကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထိုသို့ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့ တစ်မြို့လုံးတွင်လည်း စစ်တပ်နှင့်ရဲများက နေရာအပြည့်ယူ၍ ညစဉ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ရပ်ကွက်အနှံ့ လှည့်လည်ကြည့်ရှု ကင်းလှည့်ခဲ့သည့်အပြင် ဒေသခံပြည်သူလူထုက ရပ်ကွက်အလိုက် ကင်းစောင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ကြေညာထားသော်လည်း အဆိုပါဥပဒေအား ဖောက်ဖျက်ကျုးလွန်မှုများအပြင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် စုစုပေါင်း(၇၇)ဦးအား ဥပဒေအရ ရုံးတင် အမှုဖွင့်ထားပြီး နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေ ချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဘုန်းတော်ကြီးဦးသောဘိတအား ဓာတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်ခဲ့သည့် တရားခံ(၇)ဦးဖြစ်သည့် မြတ်ကိုကို(ခ)အဏ္ဏဝါအား လူသတ်မှုဖြင့်ထောင်ဒဏ်(နှစ် ၂၀)၊ တစ်သက်တစ်ကျွန်း၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆူပူမှုများဖြစ်ပေါ်စေရန် ဖန်တီးမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၂၄ နှစ်နှင့် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည့်အပြင် လူသတ်မှုကိုအားပေးကူညီမှု၊ သာသနာညှိုးနွမ်းစေမှု၊ ဆူပူမှုဖန်တီးမှု၊ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် တရားခံမျိုးထွန်းထွန်းအား ထောင်ဒဏ်(၁၆)နှစ်၊ မျိုးချစ်(ခ) မျိုးညွှန့်ဦးအား ထောင်ဒဏ်(၁၄)နှစ်၊ ဖိုးချိုအား ထောင်ဒဏ်(၂၈)နှစ်၊ ဇော်ထက်နိုင်အား ထောင်ဒဏ်(၄)နှစ်၊ မျိုးဝင်း(ခ)ဒါဂျိဂန်အား ထောင်ဒဏ်(၂)နှစ် အသီးသီး ချမှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် တရားခံညီညီနိုင်အား ကလေးသူငယ်တရားရုံးက ထောင်ဒဏ်(၇)နှစ် ချမှတ် ခဲ့ကြောင်း သိရသည်။

မိတ္ထီလာပဋိပက္ခတွင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုနှင့် ပုဒ်မ ၁၄၄ အားဖောက်ဖျက်မှုတို့ဖြင့် စုစုပေါင်း(၇၇)ဦးအား ဥပဒေအရရုံးတင်အမှုဖွင့်ထားပြီး နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်မှုနှင့် လူသေဆုံး မှုများဖြစ်ပေါ်ခဲ့သည့်အပြင် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရမှုတို့ကြောင့် လူပေါင်းထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ကာဒုက္ခ ရောက်ခဲ့ရသည်။

Yangon chronicle



ဗြဟ္မစိုရ် ဓါး

ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ပညာရေးကဏ္ဍအားတိုးမြှင့်၍ နိုင်ငံထူထောင်ရာတွင် စွမ်းအားမြှင့်သော လက်နက်တစ်ခုအဖြစ် အသုံးချလေ့ရှိသည်။ ထိုလက်နက်အတွက် အသုံးချသော ဆောင်ပုဒ်အသီးသီးတို့ ရှိသည့်အနက် “ပညာရွှေအိုး လူမခိုး” ၊ “လက်ဦးဆရာက မိဘ၊ ဒုတိယဆရာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ တတိယဆရာက စာအုပ်စာပေ” ၊ “မိခင်၏ နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ် သည်။” ၊ “ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ” ၊ “အရေးကြီးတဲ့လုပ်စရာတွေ အများကြီးရှိတယ်။ ကောင်းတဲ့စာပေတွေ လေ့လာရမယ်။ ဘဝနဲ့ပတ်သက်ပြီး လေးနက်တဲ့ကိစ္စတွေ ဆွေးနွေးရမယ်၊ စဉ်းစား ရမယ်။ အတတ်ပညာ၊ အသိပညာအမျိုးမျိုး လေ့လာရမယ်၊ လေ့ကျင့်ရမယ်။” ဆိုသော ဆောင်ပုဒ်များ ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်မှုတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းရှိ၍ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်ရာတွင် နိုင်ငံတော်အစိုးရ တစ်ဦးတည်းတွင် တာဝန်ရှိသည်မဟုတ် ပြည်သူလူထုတစ်ဦးချင်း၏ တာဝန်စည်းကမ်းရှိမှုအပြင် ကျွန်တော်တို့ အစိုးရမဟုတ်သော အရပ်ဘက်လူ့အဖွဲ့အသီးသီးတို့လည်း တာဝန်ရှိပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ စစ်ဘေးတို့အပြင် ပညာရေးကဏ္ဍ တိုးတက်မှုအတွက် တစ်ဖက်တစ်လှမ်း အင်အားဖြည့်ပေးလျှက် ရှိသည်။

ထိုသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခအလင်း ပညာဒါန”မှ လူမှုရေးသမားများ၊ ပရဟိတ ဆရာ/ဆရာမများနှင့် ပညာဒါနအလှူရှင်များ အင်အားတို့ဖြင့် ပြုလုပ်ခဲ့သော ပညာဒါနလုပ်ငန်းရပ်များနှင့် ပတ်သက်၍ “သုခအလင်း ပညာဒါန” ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အစ အမေ့အိမ် ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာ ရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန်လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ် ပြုချီးမြှင့်မှုများ၊ ဘွဲ့ရကျောင်းသား/သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် LCCI စာရင်းကိုင်ပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေးသူငယ်များအတွက် အနာဂတ်တွင် အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများ အတွက်လည်း (TOT) သင်တန်းများအားလည်း (Camp) သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသ များရှိ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များအတွက်လည်း စာအုပ်၊ စာပေများအား စဉ်ဆက်မပြတ် လှူဒါန်း မှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့သွားရောက်၍ ပညာဒါနပြုလုပ်ပေးကာ အချို့ဒေသများ၌ ပျက်စီးယိုယွင်း နေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ် လှူဒါန်းပေးသော စသည့်ကဏ္ဍ များအား လုပ်ဆောင်ပေးဆပ်ခဲ့ကြသည်။

အခါအားလျှော်စွာ မြန်မာပြည်တွင်းရှိ နယ်ဒေသအသီးသီးသို့ သွားရောက်၍ လူမှုရေးပရဟိတ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်ပွဲများသို့လည်း တက်ရောက်ဖွင့်လှစ် အားပေးစကားများ ပြောကြားခဲ့ကြသည်။ ၂ဝ၁၃ ခုနှစ်၊ မတ်လခန့်က မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ပြင်ဦးလွင် စသည့် မြို့များသို့သွားရောက်ပြီး ကျွန်တော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများဖြင့်သွားရောက်ကာ လူမှုရေးပရဟိတဟောပြောပွဲများ ပြုလုပ်ခဲ့ရာတွင် မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ “ဇွဲသစ်” (အခမဲ့) ပညာဒါနစာသင်ခန်းအား သွားရောက်လေ့လာခဲ့သည်။ ယင်းစာသင် ကျောင်းဆောင်လေးအား မဇာဇာထွန်း M.Com, PGDMC(SG), MYOB(UK)DMM(MRCC) အစရှိသည့် ဘွဲ့ထူးဂုဏ်ထူးများ ရရှိထားသော အသက် (၃ဝ) ကျော်အရွယ် အမျိုးသမီးငယ်မှ သူငယ်ချင်းဖြစ်သူ မကေ သီအောင် B.A (Eng;)နှင့် မဇင်မာထွေး B.Sc (Maths;) အသက် (၂ဝ) ဝန်းကျင် အရွယ် အမျိုးသမီး (၃) ဦးတို့မှ ဦးဆောင်ဖွင့်လှစ်ထားပြီး “ဇွဲသစ်” စာသင်ခန်းတွင် ကျောင်းသား/သူ ကလေးငယ် (၃ဝဝ) ဦးခန့် တက်ရောက်၍ ပညာသင်ကြားလျှက်ရှိသည်။ နေ့ထူး၊ နေ့မြတ်မှလွဲ၍ ပိတ်ရက်မရှိ သင်ကြားပေးလျှက် ရှိပေသည်။ “ဇွဲသစ်” စာသင်ခန်းလေး၏ ပံ့ပိုးကူညီပေးမှုတို့ကြောင့် အနာဂတ်ကလေးငယ်လေးများ၏ မရှိ မဖြစ်လိုအပ်သော စာရိတ္တ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေးများကို အထောက်အကူဖြစ်စေခဲ့သည်။ “ဇွဲသစ်” သို့လာရောက်ကြသော ကလေးငယ်များ ပညာရေးတိုးတက်မှု၊ စာရ၍ ပျော်ရွှင်သွားကာ စိတ်အား တက်ကြွသွားမှုများကို မြင်တွေ့ရသောအခါ သင်ကြားပေးသော ဆရာ/မများ လွန်စွာမှ ပီတိဖြစ်ရကြောင်း သိရှိခဲ့ရသည်။ ၄င်းကလေးငယ် (၃ဝဝ) ဝန်းကျင်ခန့်သည် ဆင်းရဲနွမ်းပါးလှသော မိသားစုအသိုင်းအဝိုင်းမှ မွေးဖွားလာကြသည့် ပညာရေးကို လိုလားကြသော ကလေးငယ်များလည်းဖြစ်သည်။ “ဇွဲသစ်” (အခမဲ့) ပညာဒါန စာသင်ဆောင်လေးသည် ပညာလာရောက်သင်ကြားကြသော ကလေးငယ် (၃ဝဝ) အင်အားနှင့် မျှတမှုမရှိပေ။ အမိုးအကာ ယိုင်နဲ့နေမှုတို့ကို တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ယိုင်နဲ့နေသော ကျောင်းဆောင် ငယ်လေးအတွင်း အနာဂတ်ကလေးငယ်များ၏ အင်တိုက်အားတိုက် ရွတ်ဆိုနေကြသော အနာဂတ် တိုင်းပြည်အတွက် စိတ်ဓာတ်တက်ကြွဖွယ် သီချင်းသံ၊ စာရွတ်သံ၊ စာဖတ်သံတို့သည် ထိုအင်အားချိ့နဲ့ နေသော ကျောင်းဆောင်ငယ်လေး ပြိုကျသွားမတတ် ပဲ့တင်ထပ်နေတော့သည်။ ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ မိမိတို့နှင့်အတူတကွ သယ်ဆောင်လာသော ခဲတံ၊ ဗလာ စာအုပ်နှင့် ကလေးငယ်များအား သြစတြေးလျနိုင်ငံရှိ မူလတန်းကလေးငယ်များအား သင်ကြားပေးနေ သော ဆရာမ ဒေါ်ယင်းမာဇော် ရေးသားထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်အား တတ်နိုင်သလောက် လှူဒါန်းခဲ့ကာ ကျွန်တော်တို့၏ လူမှုရေးဟောပြောပွဲခရီးစဉ်များအား စတင်ခဲ့တော့သည်။

ခရီးလမ်းတစ်လျှောက် ကျွန်တော်တွေးတောမိနေသည်။ ပရဟိတဆရာ/မများ၏ အနစ်နာခံ၊ အနွံတာခံ၊ ကရုဏာထား၍ ပညာတတ်ကြီးများဖြစ်စေလိုသော စိတ်ဆန္ဒများနှင့် ပညာရေးအား အပတ် တကုတ် ကြိုးစားပမ်းစား သင်ကြားလိုသော ပညာရေးအား ငတ်မွတ်ခေါင်းပါးနေကြသော အနာဂတ် ကလေးငယ်များ၏ ဘဝများကို တွေးတောနေမိသည်။ ကျွန်တော်တို့ နာရေးကူးညီမှုအသင်း(ရန်ကုန်) အနေဖြင့် မြန်မာပြည်အရပ်ရပ်ရှိ ပြည်သူလူထုတို့ လိုလားချက်များအား နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ ရေဘေး၊ စစ်ဘေးဒုက္ခ၊ အရေးပေါ်ကယ်ဆယ်ရေးစသည့် ကဏ္ဍများအား မိမိတို့အား အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများကို ခွဲခြားကန့်သတ်စီစစ်၍ ပံ့ပိုးကူညီပေးဆပ်မှုများကို အချိုးကျ ပြုလုပ်ရ သည်ဖြစ်၍ ဆရာမ မဇာဇာထွန်း ဦးစီးတည်ထောင်ထားသော “ဇွဲသစ်” (အခမဲ့)ပညာဒါန စာသင်ခန်းအား စာသင်ကျောင်းဆောင်အဖြစ် သီးခြား မြေကွက်တစ်ကွက်တွင် စာသင်ကျောင်းအဖြစ် တည်ဆောက် လှူဒါန်းမှုပြုပေးရန် အခက်အခဲဖြစ်ခဲ့ရကြောင်း ဝမ်းနည်းစွာ တွေးတောမိသည်။ ထိုစဉ် မဇာဇာထွန်း ကျွန်တော့်အား ပြောကြားခဲ့ဖူးသော “ဓားတစ်လက်သမိုင်း” အား ဖြတ်ခနဲ ပေါ်လာတော့သည်။

“ဓား တစ်လက်သမိုင်း”

ဦးကံပွင့် + ဒေါ်ဖွားမြစ်မှ ဘဘ ဦးထွန်းတင်အား (………) နေ့တွင် မန္တလေး၌ ဖွားမြင်ခဲ့သည်။ လူမှုရေးလုပ်ငန်းများဖြစ်သော မလွန်ဆန်လှူအသင်းတွင် စာရင်းကိုင်၊ မြင်းစီးကလပ်တွင်လည်း စာရေး အဖြစ် လုပ်ကိုင်ခဲ့သည်။ (……)တွင် ငွေတောင်ကျောင်းတိုက် အ.မ.က (၁၇) တွင် ကျောင်းအုပ်အဖြစ် လုပ်ခဲ့သည်။ (၁၉၃၉ - ၄၅)တွင် စစ်မှုထမ်းခဲ့သည်။ အဲလီဇဘက် ဘုရင်မကြီးကိုယ်တိုင် ဓါးတစ်လက်နှင့် ဆုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ရာ ယခုအခါ ထိုဓား၏ သက်တမ်းမှ (၁ဝ၆) နှစ် ရှိနေပြီဖြစ်သည်။

ထိုဓားဖြင့် ပညာရေးပရဟိတလုပ်ငန်းကို မည်သို့အသုံးချနိုင်သည်ကို သိရှိလိုပါသည်။

ဘဘ ဦးထွန်းတင်သည် (၂၅.၈.၂ဝဝ၆) နေ့တွင် ကွယ်လွန်သွားခဲ့သည်။

(ဦးထွန်းတင် + ဒေါ်အေးလှိုင်) တစ်ဦးတည်းသောသား (ဦးသန်းထွန်းဦး + ဒေါ်သန်းနု၏သမီး မဇာဇာထွန်း ညည.၂၁/၄၄(က)၊ မန္တလေး။ ဟူ၍ဖြစ်သည်။

ဦးထွန်းတင်သည် အင်္ဂလိပ်ခေတ်မှစ၍ မလွန်ဆန်လှူအသင်းကြီး (မန္တလေးမြို့) ၁၃၃၄ ခုနှစ်၊ မန္တလေးမြို့ နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကျောင်း မန္တလေးခရိုင် ကျောင်းသား/သူများ အစည်းအရုံး အလုပ်အမှုဆောင် ၁၉၅၂ - ၅၃ ခုနှစ်၊ မန္တလေးမြို့ မြင်းပွဲကလပ်စွတ်ဒိုင် စာရေးများသမဂ္ဂ (၁၉၅၁ ခုနှစ်) တို့အပြင် ပညာရေးနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီးအဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာမြန်မာပြည်သူ လူထုအား ပေးဆပ်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဘဘဦးထွန်းတင်အား အဲလစ်ဇဘက် ဘုရင်မကြီး ကိုယ်တိုင် အသိအမှတ်ပြု ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ခဲ့သော သမိုင်းဝင် ဓားတစ်လက် ရရှိခဲ့ သည်။ ယခုအချိန်တွင် အဖိုးဖြစ်သူ ဘဘဦးထွန်းတင်နည်းတူ မြေးဖြစ်သူ ဆရာမ မဇာဇာထွန်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဤသမိုင်းဝင် ဓား၊ လူ့သွေးမသောက်ခဲ့သော ဓား၊ သက်တမ်း (၁ဝ၆) နှစ်ရှိပြီဖြစ် ဓား၊ အမွေရရှိခဲ့သော ရှေးဟောင်းအဖိုးတန်ဓားဖြင့် ဆရာမ မဇာဇာထွန်း ဖြစ်ချင်သော ဆန္ဒ၊ မြတ်စွာဘုရား နှစ်သက်အားပေးလိုသော ပညာရေးပရဟိတလုပ်ငန်းရပ်အား အကောင်အထည် ဖော်ခွင့်ရရှိအောင် အများပြည်သူလူထုနှင့် ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထား စုဆောင်းကြသော သူအပေါင်းတို့အား ကျွန်တော်နှိုးဆော်လိုက်ရပါသည်။

ပရဟိတသမားတို့မည်သည် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးကြရသည်။ ယင်း ဗြဟ္မစိုရ်တရားလေးပါးမှာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ဟူ၍ဖြစ်သည်။ မေတ္တာ … လူတိုင်းကိုချမ်းသာစေလိုခြင်း။ ကရုဏာ … ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ချမ်းသာသုခ မြဲစေလို ခြင်း။ မုဒိတာ … ချမ်းသာသုခရရှိနေသူအားလုံးကို ချမ်းသာသုခမြဲစေလိုခြင်း။ ဥပေက္ခာ … ချစ်ခြင်း၊ မုန်းခြင်းကင်း၍ အညီအမျှထားနိုင်ခြင်း၊ မည်မျှပင်ဆင်းရဲဒုက္ခ ရောက်နေပါစေ စိတ်ကိုတည်ငြိမ် ငြိမ်းချမ်းစွာ ထားနိုင်ခြင်း ဥပေက္ခာပါရမီ (EQUANIMITY) ဟု မြတ်စွာဘုရားဟောကြားထားသည်။ ထို့ကြောင့် ပရဟိတသမားတစ်ဦးဖြစ်သူ ဆရာမ မဇာဇာထွန်း၏ ဆန္ဒအလျှောက် ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သူ အဖိုး ဦးထွန်းတင်ထံမှ အမွေရရှိခဲ့သော ရှေးဟောင်းသမိုင်းဝင် သက်တမ်း (၁ဝ၆) နှစ်ရှိပြီဖြစ်သော ယင်းဓားအား စိတ်ဝင်စားသူ ပြည်တွင်း/ပမှ ပညာရေးပရဟိတလုပ်ငန်းအား မြှင့်တင်ပေးလိုသူ အလှူရှင်များအနေဖြင့် ၄င်း၊ အဖိုးတန်ရှေးဟောင်းပစ္စည်း စုဆောင်းလိုသော သူအပေါင်းတို့အား၎င်း၊ ပညာရေးလောကတွင် ဟောင်းနွမ်းဆွေးမြေ့ ပိတ်ဆို့ကာဆီး ရှုတ်ထွေးနေသော ချုံနွယ်ပိတ်ပေါင်းတို့အား မြန်မာနိုင်ငံပညာရေး စနစ်တိုးတက်မြင့်မားစေလိုသော စိတ်ဆန္ဒဖြင့် ဤဗြဟ္မစိုရ်ဓားဖြင့် ခုတ်ထွင်းရှင်းလင်း လမ်းဖောက်ပေးကြ ပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။ (ယင်းရှေးဟောင်း အဖိုးတန်ဓားအား စိတ်ဝင်စားသူ ပညာဒါနလုပ်လိုသူ အလှူရှင်များအနေဖြင့် ဆရာမ မဇာဇာထွန်း ညည.၂၁/၄၄(က)၊ အောင်မင်္ဂလာလမ်း၊ ၅၇×၅၈ကြား၊ မန္တလေး။ ဆက်သွယ်ရန်ဖုန်း - ဝ၉ - ၃၃ဝ ၅၁ ၈ဝ၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ပညာရေးအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။)

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.