05/28/13



ပေါက်လွှတ်ပဲစားတို့ရဲ့ မြစ်ဖျား
မောင်လူရေး
မြပုဏ္ဏမာအဖွဲ့သားတွေနဲ့ ပြည်သူ့အငြိမ့်ဆိုပြီး ဇာဂနာ၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ကုသိုလ်၊ အရိုင်းတို့နဲ့ သီးလေးသီးတို့ ပြည်သူ့ရင်ပြင်မှာ အငြိမ့်ကကြတယ်။ ဘယ်ရက်ကလဲတော့ မသိဘူး။ အဲဒီပွဲမှာ ဟာသတွေကို တခန်းရပ်ဆန်ဆန်ပြောရမလားမသိဘူး၊ ပျက်လုံးထုတ်ကြတယ်။

ပြက်လုံးတွေထဲမှာ ဆန္ဒပြပွဲတွေကို သရော်တဲ့အခန်းပါတယ်။ “ ဒို့အရေး ဒို့အရေး “နဲ့ “ အလိုမရှိ”ဆို တဲ့စာတမ်းတွေကိုင်ပြီး ဆန္ဒပြကြတဲ့အခန်းကို အရိုင်းကဦးဆောင်တယ်။ ဇာဂနာက မီဒီယာပေါ့လေ။ အဲဒီပြက်လုံးမှာ ဆန္ဒပြသူတွေဟာ အဖြစ်အပျက်တိုင်း၊ နေရာတိုင်း၊ မြို့တိုင်းမှာ ဒီလူတွေချည်းဘဲ၊ ဒီအဖွဲ့ဘဲဆိုတဲ့သဘောကိုပြတာပေါ့လေ။ လွိုင်ဇာလိုနေရာတောင် ဒီလူတွေကဘဲ လိုက်ပြနေတဲ့ သဘောပြော ထားသေးတယ်။ နေ့ရောညပါ နေရာတကာ ဒီလူတွေပါဘဲပေါ့။ စားဖို့ဘယ်ကပိုက်ဆံရလဲလို့ မီဒီယာဇာဂနာကမေး တော့ ဆန္ဒပြခေါင်းဆောင်အရိုင်းက တနေ့ကို သုံးထောင်ရတယ်ဟဲ့လို့ဖြေတယ်၊ အဲဒီမှာတောင် အရိုင်းက ယောက်ျားလေးတယောက်အနေနဲ့မဟုတ်ဘူး၊ အမျိုးသမီးအသွင်ဆောင်တာလား၊ အခြောက်အသွင်ဆောင်တာလားမသိဘူး၊ အမျိုးသမီးအဝတ်အစားတွေ ဝတ်ထားသေးတယ်။

အဲဒီပြက်လုံးကြည့်ရတုန်းက ရင်ထဲတော်တော်အောင့်တယ်။ ပိုဆိုးတာက ပြောတဲ့သူတွေက ဇာဂနာတို့ ဖြစ်နေတာကိုး။ ဒို့ပြည်သူတွေ ဒုက္ခမျိုးစုံရောက်၊ ဦးပိုင်၊ ဝမ်ဘောင်၊ ခရိုနီကြီးတွေ၊ တပ်မတော်တွေ၊ ရဲတွေ၊ ကုမ္ပဏီကြီးတွေ၊ အစိုးရတွေနဲ့ အားမမျှ အင်မမျှ၊ ယက်ကန်ရင်ဆိုင်နေကြရတဲ့အချိန်မှာ ဒီလိုမျိုးပြက်လုံးထုတ်ပြီး သရော်ရက်လောက်အောင် ဒီလူတွေနှလုံးသားတွေ ဘာတွေဖြစ်ကုန်ပြီ လဲပေါ့။

သမတကြီးက အဲဒီအငြိမ့်ခွေများကြည့်မိသလားမသိဘူး၊ ဇာတ်သမားရဲ့ ဘလပ်စကားတွေယုံပြီးတော့လား၊ ဇာဂနာတို့ရှေ့ကရှိတာဘဲ၊ ဂွင်တော့တွေ့ပြီဆိုပြီး သိသိကြီးနဲ့နင်းလိုက်သလားမသိဘူး၊ သုံးထောင်ရလို့ ဆန္ဒပြကြတာဆိုတဲ့ ပေါက်လွှတ်ပဲစားစကားတွေ အမေရိကန် လိုနိုင်ငံကြီးသွားတုန်း ပြောမိပါလေရော့။

သမတရော၊ ပြည်သူရော ဂွမ်းတာဘဲ။

ဟော ခုတော့ ရန်ကုန်မှာ သမတကြီးရဲ့ ပေါက်လွတ်ပဲစားစကားကိုမကျေနပ်လို့ ဆန္ဒပြကြတယ်တဲ့။

ကဲ တရားခံဘယ်သူလဲဆိုတာ သိပြီမဟုတ်လား။

ပြည်သူ့ရင်ပြင်မှာကတဲ့ ပြည်သူ့အငြိမ့်က ပြည်သူ့အချစ်တော် လူရွှင်တော်ဆိုတာကြီးတွေလေ။

တကယ်က လက်ရှိနိုင်ငံရေးအခြေအနေကိုအကြောင်းပြုပြီး ပြည်တွင်းပြည်ပ အကျိုးဗရပွခံစားနေကြရသူတွေထဲမှာ အဲဒီဆန္ဒပြ လမ်းပေါ် နိုင်ငံရေးသမားတွေ၊ အငြိမ်မနေနိုင်သူတွေမပါကြပါဘူး။

အခုတလော ပြည်သူကိုအထင်သေးကြတဲ့အထဲမှာ သမတအကြံပေးတွေ၊ နိုင်ငံရေးသမားလူရွှင်တော်တွေ၊ လူထုခေါင်းဆောင်တွေ၊ ခရိုနီ တွေ၊ အမတ်တွေ၊ INGOs ဝန်ထမ်းတွေ၊ မဟာဗျူဟာသမားတွေ၊ ပေါလတီကယ်ဆိုင်းယင့်ဆင်းတွေ တော်တော်လေးတွေ့ရပါတယ်။ အဲ အဲ ဖတ်နေ ကြားနေရပါတယ်။

ငါမကယ်သေဖွယ်ရှိဆိုတဲ့စကားမျိုးတွေနဲ့ပေါ့လေ။ ငါကယ်တင်လိုက်မှဘဲ နေရာပျောက်၊ ရေပါနောက်နဲ့ သေရွာရောက်ကုန်ကြတာတွေ အများကြီးပါ့။ လက်ပံတောင်းတောင်ပြဿနာဘဲကြည့်ပေါ့လေ။

ခု အဲဒီလို သမတကြီးက ကိုယ့်ပြည်သူပြည်သားတွေရဲ့ခံစားချက်တွေကို မသိဘဲ၊ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေမှန်ကို နားမလည်ဘဲ၊ ဒါမှမဟုတ် မသိကျိုးကျွန်ပြုပြီး သရော်စော်ကား ပြောလိုက်တဲ့စကားကို မကျေနပ်လို့ ဆန္ဒပြနေကြတယ်။ ဝိုင်းသမနေကြတယ်။ တကယ်တရားခံက ပြည်သူ့အသံဆိုတဲ့ မြပုဏ္ဏမာအဖွဲ့သားတွေပါ။ ခရိုနီ့အသံလား၊ ပလိုဂျိအသံလား၊ အလိုရိအသံလား၊ ဘယ်ပြည်သူ အဲလေ ဘယ်အဆီထူရဲ့အသံကို ကိုယ်စားပြုတယ်တော့ မသိဘူးပေါ့လေ။

ဒီဟာသအကွက်ကို ဘယ်သကောင့်သားရဲ့ ရင်တွင်းက ဖြစ်သလဲတော့ မေးရတော့မှာပေါ့လေ၊ ပွင့်လင်းမြင်သာမှုကိုတောင်းဆိုနေတဲ့ ကမ္ဘာ့အဆင့်မီ မဟာဒီမိုကရေစီလူရွှင်တော်ကြီးတွေဆိုတော့ကာ၊ နောက်ပြီး ပြည်သူ့အသံကိုယ်စားလှယ်ကြီးရှင်တွေဆိုတော့ကာ ပြည်သူ ကိုပြောလိမ့်မယ်ထင်ပါတယ်။


ဇာဂနာတို့ထောင်ကျတော့ ဒီလိုအငြိမ်မနေနိုင်သူတွေ( သူများအရေး၊ နိုင်ငံတော်အရေး ကိုယ့်အရေးမှတ်သူတွေ) က ကိုယ့်ထမင်းကိုယ်စား တောင်းဆိုခဲ့ကြတာပါ။ တောင်းဆိုတဲ့ထဲမှာ အရိုင်းတို့တောင် ပါခဲ့မယ်မထင်ပါဘူး။

မိုးမခ မီဒီယာမှတဆင့်ကူးယူဖော်ပြပါတယ်..


သည်ကနေ့ ၂၇.၅.၂၀၁၃ နေ့သည် ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့သည့် ၂၃ နှစ် မြောက်နေ့ဖြစ်သည်။

ပြန်တွေးမိတော့ မကြာလှသေးဟုပင် ထင်ရသည်။ သို့သော်ရာစုနှစ် လေးပုံတစ်ပုံနီးပါးပင်ရှိခဲ့ပြီ။ လူတစ်ယောက် အရွယ်ရောက်နိုင်သည့် ကာလတစ်ခုပင်ဖြစ်တော့၏။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဟူသော စစ်အာဏာရှင်စနစ်ကြောင့် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်ခဲ့ရလျက် စီးပွားရေး၊ ပညာရေးတို့မှစ၍ ဘက်စုံချွတ်ခြုံကျခဲ့ရသည့်အခါ တစ်နိုင်ငံလုံးမှ ပြည်သူများက မခံမရပ်နိုင်တော့သဖြင့် တစ်ပါတီအာဏာရှင်စနစ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဆိုသကဲ့သို့ အုံကြွတော်လှန်ခဲ့ကြသဖြင့် တပ်မတော်မှ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်တွင် အာဏာသိမ်းကာ တစ်ပါတီအာဏာရှင်စနစ် ပြိုကျသွားခဲ့သည်။

ထိုစဉ်က တပ်မတော်၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၁၉၉၀ မေ လ ၂၇ ရက်တွင် ကျင်းပပေးမည်။ ထိုသို့ကျင်းပပြီးလျှင် အနိုင်ရလာသည့်ပါတီက အစိုးရဖွဲ့ကြ၊ ဖွဲ့စည်းပုံရေးကြ။ စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြည်သူများကို ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းဖြင့် အတိအလင်း ပြောကြားခဲ့သည်။

န၀တက ဦးစီးကျင်းပပေးခဲ့သော ထိုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံခဲ့သဖြင့် မြန်မာ့သမိုင်းတွင် နိုင်ငံရေးပါတီ အများဆုံး ပါဝင်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲအဖြစ်လည်း ထူးခြားခဲ့လေသည်။

ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၈၅ နေရာအတွက် ရွေးကောက်တင်မြှောက်ရန် ဖြစ်လေသည်။ ရွေးကောက်ပွဲသို့ မဲလာပေးသည့် ဗိုလ်ချုပ်မှူးကြီးစောမောင် ကိုယ်တိုင်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့သေးသည်။ အလားတူပင် စစ်အစိုးရက ကျင်းပပေးသော ထိုရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း တစ်ကမ္ဘာလုံးကလည်း တညီတညာတည်း အတည်ပြုပြောကြားခဲ့ကြသည်။

သို့သော်.. ရွေးကောက်ပွဲရလဒ်က န၀တစစ်အစိုးရကိုရော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုပါ မှင်တက်မိသွားရလောက်အောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း၏ ၈၂ ရာခိုင်နှုန်းအထိ တောင်ပြိုကမ်းပြို အနိုင်ရလိုက်လေသည်။ သည်အခါတွင်တော့ အနိုင်ရပါတီက အစိုးရဖွဲ့ကြပေါ့။ စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောထားသည့် ဗိုလ်ချုပ်မှူးကြီးစောမောင်လည်း နှုတ်ဆိတ်သွားတော့သည်။

တကယ်တမ်းတွင် န၀တက ရော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကပါ ခန့်မှန်းတွက်ချက်မှု လွဲမှားကြခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ၂၆ နှစ်တိုင် တည်ဆောက်ထားခဲ့သော ပါတီအောက်ခြေကိုလည်း ခိုင်မာဆဲရှိလိမ့်ဦးမည်။ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ပစ်စလက်ခတ်ကြီး ရှုံးသွားနိုင်မည်မဟုတ်ဟု တွက်ဆထားခဲ့ကြပုံရသည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာတွင်မှ ၁၀ ဦးသာ အနိုင်ရရှိလိုက်လေသည်။ န၀တကိုယ်တိုင် ကျောထောက်နောက်ခံ ပြုပေးထားသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ မရှုမလှရှုံးနိမ့်သွားရသည့်အခါ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်ခေါ်ပေးပြီး အာဏာလွှဲရန် တွန့်ဆုတ်လာလေတော့သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းက စစ်တပ်မှ လက်လွန်ခြေလွန် သွေးထွက်သံယိုကိစ္စများကြောင့် စိုးရိမ်စိတ်ပင်ဖြစ်လေသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တွေ့ဆုံညှိနှိုင်းအဖြေရှာရေး၊ အာဃာတကင်းစင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မည်မျှပင်ပြောနေစေကာမူ ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ အများစုပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို န၀တက မယုံကြည်နိုင်ဖြစ်ခဲ့သည်။ ထိုအခြေအနေကို ရိပ်စားမိပုံရသော ဦးအောင်ကြီး၏ပါတီက ဤရွေးကောက်ပွဲသည် ဥပဒေပြုရေး အတွက်သာဖြစ်ကြောင်း ပြောလာသည်။

ဝိဓူရသခင် ဦးချစ်မောင်ကလည်း အနိုင်ရပါတီသည် ပါတီစွဲ ပုဂ္ဂိုလ်စွဲနှင့် မဆောင်ရွက်သင့်ဘဲ အားလုံး ညှိညှိနှိုင်းနှိုင်းဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ပြောလာသည်။

ထိုသို့ဖြစ်ပေါ်လာသော အခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များဖြစ်သော ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်း နေအိမ်အကျယ်ချုပ်များနှင့် အကျဉ်းကျနေချိန် ဖြစ်သဖြင့် အနိုင်ရလိုက်ခြင်းအပေါ် မည်သို့ဆောင်ရွက်ရမည်ကို ချက်ချင်းမဝေခွဲနိုင်ကြ။ ထို့ကြောင့် န၀တ ရော၊ အင်န်အယ်လ်ဒီပါတီပါ ရွေးကောက်ပွဲရလဒ်အပေါ် မှင်တက်နေရင်း သြဂုတ်လအတွင်းရောက်မှ အင်န်အယ်လ်ဒီပါတီက ဂန္ဒီညီလာခံကို ခေါ်ယူရန် စီစဉ်ရသည်။

ထိုသို့ စီစဉ်သည်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်မည့် ထိုညီလာခံကို န၀တက စိုးရိမ်ကြောင့်ကြစိတ်ရှိသည်။ ထို့ကြောင့်လည်း ဂန္ဒီညီလာခံကျင်းပမည့် ရက်ထက် တစ်ရက်စောလျက် သြဂုတ်လ ၂၇ ရက် နေ့စွဲဖြင့် ၁/၉၀ ကြေညာချက်ကို န၀တက ထုတ်ပြန်လိုက်တော့သည်။

ထို ၁/၉၀ ၏ သဘောမှာ ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် န၀တက ဦးစီးကျင်းပမည့် အမျိုးသားညီလာခံသို့ တက်ရောက်၍ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ရေးဆွဲရမည်ဖြစ်ကြောင်းနှင့် မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဖြစ်လေသည်။

ထိုအမိန့်ကြေညာချက်သည် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လုံးဝအာဏာလွှဲမည်မဟုတ်တော့ကြောင်း အတိအလင်း ပြောကြားလိုက်ခြင်းပင်ဖြစ်လေသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဂန္ဒီကြေညာစာတမ်းက မိမိတို့တွင် အသင့်ရေးဆွဲပြီးသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းရှိပြီးဖြစ်၍ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားကာ န၀တက လွှတ်တော်ခေါ်ယူပေးရန် တောင်းဆိုလိုက်သည်ဟု ဆိုစေကာမူ န၀တက သူ၏ ၁/၉၀ ကြေညာချက်မှ တစ်ပြားသားမျှ မလျှော့ပေးခဲ့တော့။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ခေါ်ယူရေး၊ အာဏာလွှဲပြောင်းရေး ကြိုးပမ်းကြသူတွေကိုသာ ပုဒ်မအမျိုးမျိုးတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ စီရင်ခဲ့တော့သည်။ သို့နှင့်ပင် ရွေးကောက်ပွဲအနိုင်ရသည့်ပါတီကို အာဏာမလွှဲသော သမိုင်းအမည်းစက်တစ်ခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။

ဤအဖြစ်အပျက်များကို ပြန်လည်သုံးသပ်သည့်အခါ ကျူးလွန်မိခဲ့သည့် သွေးထွက်သံယိုကိစ္စများအပေါ် စိုးရိမ်စိတ်လွန်ကဲခြင်း၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းကို လက်သင့်မခံနိုင်ခဲ့ခြင်းတို့ကြောင့် တိုင်းပြည်သည် ရာစုနှစ် လေးပုံတစ်ပုံနီးပါးကြာအောင် နစ်နာခဲ့ရခြင်းဖြစ်သည်ဟု ကောက်ချက်ဆွဲမိသည်။ အလဟဿ ကုန်လွန်ခဲ့ရသည့် အချိန်များကိုလည်း နှမြောတသမိရသည်။

ဆက်လက်၍လည်း တစ်ဦးအပေါ်တစ်ဦး ခိုင်မာသောယုံကြည်မှုများ တည်ဆောက်နိုင်ပါစေ။ သံသယများ အပြန်အလှန် ကင်းစင်နိုင်ကြပါစေ။ တိုင်းပြည်ကောင်းကျိုး အတူတကွလက်တွဲဆောင်ရွက်နိုင်ကြပါ စေဟု.....။

အယ်ဒီတာ့အာဘော် 7Day Daily



သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင် ပြောင်းလဲမှု တွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး မေးခွန်း ထုတ်လိုက်ပြီး တိုးတက်မှု မရှိဘူးလို့ မေလ ၂၇ရက်နေ့မှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဗဟိုကော်မတီအစည်းအဝေးတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း။


လာမည့် ဇွန်လဆိုလျှင် နိုင်ငံသား တဦးဖြစ်သည့် ကျနော် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားခဲ့သည်မှာ ( ၁) နှစ် ပြည့်တော့မည်ဖြစ်ပါသည်။ သတင်းစာ ဂျာနယ်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်ပတ် အတွင်း နိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေပါကြောင်းနှင့် မည်သည့် အကြောင်းကြောင့်ဖြစ်စေ ကြန့်ကြာမှုများမဖြစ်ပေါ်ရန် စနစ်တကျ ဆောင်ရွက်နေကြောင်း စာလုံးကြီးခေါင်းစီးများဖြင့် ဆက်တိုက် ဆိုသလို ဖေါ်ပြနေကြပါသည်။

သို့ပေသော်လည်း ကျနော့်မှာတော့ ပတ်စ်ပို့ ရရှိဖို့ အရေး နိုင်ငံကူး လက်မှတ် သက်တမ်းတိုးမြင့်ခွင့် ရရှိဖို့ အရေး တနှစ်တာပတ်လုံး သည်းခံပြီး စောင့်ဆိုင်းခဲ့ပါသည်။ မနေ့က အထိ ဖုန်းဆက်သွယ် မေးမြန်းပါသည်။ ကျနော့် နိုင်ငံကူး လက်မှတ် သက်တမ်းတိုးခွင့်ရရှိရေး အတွက် အထက်သို့ တင်ပြ ထားပါသည် ဟု သာပြန်ကြားပါသည်။ မည်သည့် အထက် ဟုကား မသိပါ။

ဘာ ဥပဒေ ၊ ဘယ်လို ပုဒ်မတွေနဲ့ ညိစွန်းနေသဖြင့် မိမိကဲ့သို့ သော သာမန် နိုင်ငံသားတဦးကို ပတ်စပို့ အဘယ်ကြောင့် ထုတ် မပေးခြင်း ဖြစ်ပါသလဲ ဟု တာဝန်ရှိသော ရဲမှူးကြီးကို မေးမြန်းသော အခါ မည်သို့မျှ ဖြေကြားခြင်း မရှိခဲ့ပါ။

ကနေဒါ နှင့် အမေရိကန်မှ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လိုသူ မြန်မာ့မိတ်ဆွေများက အလည်ဖိတ်ခေါ်ပြီး ကျေးလက် လူတန်းစား အများစု ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲဆောင်ရွက်ရန် ဆွေးနွေးစည်းဝေးခြင်းများ ပြုလုပ်မည်ဖြစ်သောကြောင့် ကျနော့်အား ဖိတ်ကြားသည်။ ကျနော့်တွင် နိုင်ငံကူး လက်မှတ် မရှိ။

သို့နှင့် မိမိမှာ အခြား ရွေးချယ်စရာ လမ်းမရှိဖြစ်နေရပါသည်။

နောက်ဆုံး အနေဖြင့် အကြောင်းပြချက် ခိုင်လုံစွာ ဖေါ်ပြနိုင်ခြင်း မရှိ၊ အခြေခံ ဥပဒေပါ ပြဌာန်းချက် များမှ ငြိစွန်းသော ပုဒ်မ အချက်အလက် အထောက်အထား ခိုင်မာစွာပြဆိုနိုင်ခြင်း မရှိပဲ သော်လည်းကောင်း၊ မိမိတို့ကဲ့သို့သော နိုင်ငံသား တဦးအား အကြောင်းပြချက် မပေးပဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း မပြုသည့် ကိစ္စအတွက် ၊ ဆုံးရှုံးနေသော နိုင်ငံသား အခွင့်အရေး အတွက် သော်လည်းကောင်း ရန်ကုန်မြို့ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံး အရှေ့တွင် တရားဝင် တကိုယ်တော် ဆန္ဒ ထုတ်ဖေါ်တောင်းဆိုရန် ကြိုးစားခြင်း အခွင့်အလမ်း တခုသာ ကျန်ရှိပါတော့ကြောင်း စဉ်းစားမိပါသည်။

ယခု ရက်ပိုင်းအတွင်း တာဝန်ရှိသူများဧ။် စေတနာထား တုန့်ပြန်မှုကို စောင့်ကြည့်ပြီး တကိုယ်တော် ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခြင်း အစီအစဉ်ကို လုပ်သင့် မသင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။

နိုင်ငံသားတဦးအတွက် အခြေခံ ဥပဒေ ပြဌာန်းချက်များပါ နိုင်ငံသား အခွင့်အရေးကို အကြောင်းပြချက် မရှိပဲ ဖယ်ရှားဖိနှိပ်သည်ဟု ယုံကြည်နိုင်လောက်သော အကြောင်းများ ရှိသည်ဆိုပါက ဆန္ဒ ထုတ်ဖေါ်တောင်းဆိုရန် ရက်စွဲ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ ရဲစခန်းတွင် လျောက်ထားမှုများကို တရားဝင်ကြေငြာကာ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။

နေမျိုးဇင်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.