06/07/13


အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာသည် ပွင့်လင်းမူမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

ယနေ့ညနေခြောက်နာရီတွင် နေပြည်တော် MICC၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တွင် ပြည်ပသတင်းဌာနတစ်ခု၏ မေးမြန်းမူကို ပြန်လည်ဖြေကြားရာတွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရသည် ပြည်သူလူထုအတွက် လုပ်နိုင်သည်ကိုစတင်ဆောင်ရွက်သင့်ကြောင်း ၊ ပြည်သူလူထု၏လိုအပ်ချက်ကို ဦးတည်စေချင်ကြောင်း ပြောသည် ။

ပြည်သူလူထုအတွက် အလုပ်အကိုင်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်ခြောက်ချက်ကို ၄င်းကထောက်ပြခဲ့သည်။

လက်ရှိတွင် ၄င်း၏ မဲဆန္ဒနယ်ဖြစ်သေည့် ကော့မူးတွင် အလုပ်လက်မဲ့လူငယ် ၇၅ %၇ှိနေကြောင်း ၊ မြန်မာနိုင်ငံရှိလူငယ် ၇၅%သည်အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်လက်မဲ့လူငယ်များသည်မျှော်လင့်ချက်ပျက်ပြားကာ လူမူရေးပြသနာများဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မေဇင်ဝင်း-

အစိုးရရဲ့ အတွင်းကျကျ မရိုးသားမှုကြီး ဒေါ်စု ဖော်ထုတ်

Burma လို့ပဲ ကျမ ဆက်လက်ခေါ်ရတဲ့ အကြောင်းတွေထဲမှာ ပြည်သူတွေရဲ့ သဘောထားနဲ့ ဒီနာမည်ကို ပြင်ဆင်ခဲ့ခြင်း မဟုတ်တာကြောင့်လဲ ပါပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်မှာ ပြည်သူတွေပါဝင်ခွင့် လုံးဝ မပါခဲ့ဘူး။ နောက်တစ်ခုက ဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်ထဲမှာ အတွင်းကျကျ မရိုးသားမှုတချို့ ရှိတယ်လို့ ကျမမြင်လို့ပဲ။ အဲ့ဒါဘာလဲဆိုတော့ "မြန်မာ" ဆိုတာ ပြည်ထောင်စုတွင်းမှာရှိတဲ့ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတယ်ဆိုတဲ့ အယူအဆမှားကြီးကို ဆိုလိုချင်တာပါ။ အရိုးရှင်းဆုံးပြောရရင် "မြန်မာ" ဆိုတာ "ဗမာ" ဆိုတဲ့ တိုင်းရင်းသားတစ်စုကိုပဲ အလင်္ကာမြောက်အောင် ရေးလိုက်တဲ့ စာလုံးဖြစ်ကြောင်း ကျမ ပြတ်ပြတ်သားသား ပြောထားပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင် အဲ့ဒီပြဿနာကို တည့်တည့်ရင်ဆိုင်ဖို့ လိုပါတယ်။ နာမည်လေး ပြောင်းလိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလေ။


ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ သတင်း အောက်မှာ ကွန်မန့် ပေးသူတွေမှာ လေ့လာမိသလောက် နဲ့ အတွေးကို ဆက်နယ်ချဲ့လိုက်တော့ ပုံရိပ်တခု ကို ပိုပြီး ပီပီပြင်ပြင် တွေ့လာတယ်။

အဲဒီ ကွန်မန့် တွေမှာ လူတစ်စုပေးတဲ့ ကွန်မန့်တွေရဲ့ သွားတဲ့ လမ်းကြောင်းတွေ စုလိုက်တော့
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင် ကုလားတွေကို အခွင့်အရေး ပေးတော့မယ်... ဆိုတဲ့ ဆိုက်ဝါး ကို အထင်းသား တွေ့လိုက်ရတယ်။ ဒီလို ဆိုက်ဝါးဟာ မသိနားမလည်တဲ့ ဗမာ လူထုရဲ့ အသဲနှလုံးတွေကိုလှုပ်ခါ စေတဲ့ စနက်တံ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဇာတ်ခုံမှာ ဒီမိုကရေစီ အိုင်ကွန် အနေနဲ့ နာမည်ကြီးလာတာနဲ့အမျှ နိုင်ငံတကာ စံချိန် စံညွန်းအရ ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စကားကိုတော့ ပြောရပါလိမ့်မယ်။ အဲဒါက ဥပဒေ ထဲက နိုင်ငံသား အခွင့်အရေး ပါပဲ။ ကုလားပဲ ဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ်၊ ဗမာ ပဲ ဖြစ်ဖြစ်၊ ကချင်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓပဲ ဖြစ်ဖြစ်၊ မူဆလင်ပဲ ဖြစ်ဖြစ်၊ ခရစ်ယာန်ပဲ ဖြစ်ဖြစ် မြန်မာ နိုင်ငံသား ဖြစ်နေရင် အခွင့်အရေး တန်းတူ ပေးရမယ် ဆိုတာ ဥပဒေ နားလည်သူတိုင်း သိတယ်လေ။ တကယ်လဲ ဥပဒေ စိုးမိုးရေးရှိပြီး ဒီမိုကရေစီ စစ်စစ်နဲ့ တိုးတက် တဲ့ နိုင်ငံ ဖြစ်ချင်ရင် လူ့အခွင့်အရေး ဆိုတာ အလေးမထားလို့ မရပါ။ လူ့အခွင့်အရေး ဆိုတာ တခြားမဟုတ်၊ ဥပဒေ တခု အောက်မှာ တန်းတူ အခွင့်အရေး ကို ပြောတာပါ။ အခုထိတော့ ၂၀၀၈ အခြေခံ ဥပဒေ တောင် ပြည့်မီအောင် မလိုက်နိုင်သေးပါ။

ဒီအချက် ကို ကြံ့ဖွတ်ပျူရိုကရေစီက ကောင်းကောင်းနားလည်တယ်။ အဲဒါကြောင့် မူဆလင် တိုက်ပွဲစလိုက်တာနဲ့ ခေတ်အဆက်ဆက် လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ တရားဟောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ ကျောင်းသား အဖွဲ့ကို တိုက်ခိုက်ဖို့ အခွင့်ကောင်း ရသွားတယ်။

မြန်မာ နိုင်ငံမှာလဲ နိုင်ငံရေး ခေတ် ရေစီးကြောင်း နားမလည်သူတွေက ခတ်များများ ဆိုတော့ လူများစု ဖြစ်တဲ့ ဗမာတွေအတွက် အမျိုး၊ ဘာသာ၊ သာသနာ ဆိုတာနဲ့ အားလုံး ရူးတော့တာပဲ။ လူပြိန်းကြိုက် နိုင်ငံရေး သမားများကတော့ မျက်နှာပန်းလှအောင်၊ ဖြစ်တဲ့နည်းနဲ့ မဲ ရအောင် လုပ်တော့မယ်လေ။ အဲဒါကိုက ကြံ့ဖွတ်အမတ် တွေရဲ့ ၂၀၁၅ ပန်းတိုင်ပဲ။

ခေတ်သစ်ကမ္ဘာ နဲ့ ရင်ဘောင်တန်းပြီး စကားပြောနေတဲ့ ဒီမိုကရေစီ ဖက်တော်သားတွေဟာ လူမျိုးမရွေး၊ ဘာသာမရွေး တန်းတူ အခွင့်အရေး ဆိုတာ ထုတ်ပြော လိုက်တာနဲ့ အမတ် နေရာ ပျောက်တော့မယ်။ အဲဒီလို လူ့အခွင့်အရေး ရှေ့တန်းတင် တဲ့ ပါတီ လဲ လူကြိုက်နဲသွားအောင် အခုကနေ အရှိန်အဟုန် ကောင်းအောင် လော်ဘီ လုပ်နေတယ် ဆိုတာ သိသာလွန်းနေပါတယ်။

ကြံ့ဖွတ်ကတော့ ရှင်းတယ်... သူတို့ နေရာ ရလာတာကိုက လူ့အခွင့်အရေး ဆိုတာ ချိုသလား၊ ခါးသလားမှ မသိပဲ။ သူတို့ နေရာရဖို့က အဓိက လေ။ ဒီတော့ ကုလား တိုက်ပွဲမှာ လူ့အခွင့်အရေး အရေးမကြီးဘူး၊ လို့ ကြိုးစားပြီး ပြောနေတဲ့ လူတွေဟာ အရင်က စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာလဲ လိုအပ်ချက် တခု အနေနဲ့ အသိအမှတ် ပြုပြီးသား ဖြစ်သွားပြီလေ။ အခုထိလဲ အထက်ပိုင်း ပါတီလူကြီးတွေကို အောက်ခြေ ပါတီ ၀င်တွေ ဝေဖန်ရဲသေးတာမှ မဟုတ်တာ။ ပါတီ အတွက် ရွေးကောက်ပွဲလဲ မလို၊ ပါတီ ရဲ့ ဖွဲ့စည်းပုံကလဲ မရှင်းမရှင်း။ အထက်လူကြီးတွေရဲ့ စိတ်ကြိုက်။ အောက်ခြေ ပါတီ ၀င်တွေကတော့ အထက်ဖါးအောက်ဖိ။ လူ့အခွင့်အရေး ဆိုတာ ကြံ့ဖွတ် အတွက် မလို။ အာဏာ နဲ့ ပါဝါ၊ ဓန အင်အားပဲ လိုတယ်။

ဒီအချက်တွေကို တွက်ဆ လိုက်တော့မှ ဘယ်သူကစပြီး ဘယ်ဖက်ကို ဦးတည် နေတယ် ဆိုတဲ့ လမ်းကြောင်းကို ပိုရှင်းအောင် သိလာရတယ်။

Duwa kachin


မေ့တက်သူကို သတိပေးပါ ။
ဆန္ဒပြချင်ရင် တရားဝင်စာတင်းပါ ။ ခွင့်ပြုမယ်လို့ ကတိပေးထားပါတယ် ။
တရားဝင် ခွင့်မပြုရင် တရားမ၀င် ခွင်ပြုပြီးမှ ဥပဒေအရဆိုပြီး အရေးယူတာမမှန်ပါ ။

လက်ပံတောင်းဒေသခံတွေကို ခွင့်ပြုမိန့် မပေးတာဟာ နိင်ငံသားအခွင့်အရေး ဆုံးရှုံးတာပါပဲ ။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်

kowai lu


ရေးသားသူ- မင်းသန်းထိုက်(ဒေးဒရဲ)

ကျွန်တော်က မနက်ပိုင်းအချိန်များဆိုလျှင် အိမ်မှာ ရှိခဲသဖြင့် အိမ်ကို ဆွမ်းခံဝင်သော ရဟန်း၊ ကိုရင်များနှင့် ဆုံလေ့ဆုံထသိပ်မရှိပါ။ တစ်ခါတစ်ရံ အလုပ်မသွားရသည့် အခါများ၊ မနက်ပိုင်း စောစောပြန်ရောက်သည့်အခါများ၌သာ ရဟန်းတစ်ပါးတလေနှင့် ဆုံတတ်
ပါသည်။

ထိုနေ့က အနည်းငယ် နေထိုင်မကောင်းသဖြင့် ကျွန်တော်အလုပ်မသွားဖြစ်ပါ။ အလုပ်သွားနေကျမသွားရသဖြင့် ဟိုယောင် သည်ယောင်နှင့် စာလည်းမဖတ်ဖြစ်၊ စာလည်းမရေးဖြစ်ဘဲ ရေဒီယိုတစ်လုံးကို ဟိုကလိသည် ကလိရင်း အချိန်ကုန်နေပါသည်။ သို့နှင့် ဆွမ်းခံဝင်ချိန်ရောက်လာတော့ အိမ်ရှေ့မှာ လူပိုသက်သက်ဖြစ်နေသော ကျွန်တော့်ကို အိမ်ရှင်မက ဆွမ်းလောင်းဖို့ တာဝန်ပေး
လိုက်ပါသည်။ ဤတွင် ယခုစာစုကိုရေးရန် အကြောင်းဖန်လာခြင်းဖြစ်ပါသည်။

ပထမ ဆွမ်းခံဝင်လာသော တစ်ကျောင်း၊ နှစ်ကျောင်းမှာ ခပ်ရွယ်ရွယ်ရဟန်းတော်များဖြစ်သဖြင့် သူတို့ကလည်း စက္ခုနြေချ
လျက်အိမ်ရှေ့လာရပ်၊ ကျွန်တော်ကလည်း ရိုရိုသေသေ ဆွမ်းလောင်း၊ ပြီးလျှင် ပြန်ကြွသွား၊ ဘာမျှ ထူးထူးခြားခြားမရှိပါ။ သည်လိုနှင့် လေးကျောင်းမြောက်မှာ ဆွမ်းခံဝင်လာသည်က ရဟန်းတော် မဟုတ်။ အသက်ကိုးနှစ်၊ ဆယ်နှစ်ခန့်ရှိမည့် ကိုရင်လေးတစ်ပါး ဖြစ်သည်။ သူ့နောက်မှာလည်း ထိုကိုရင်လေးနှင့် သက်တူရွယ်တူလောက်ရှိမည့် ဘုန်းကြီးကျောင်းသားလေးတစ်ယောက် ဆွမ်းဟင်းခွက်များထည့်ထားသည့် ခြင်းကိုဆွဲလျက်ပါလာသည်။ (ကျွန်တော်တို့မြို့ကရဟန်းတစ်ပါးချင်း ဆွမ်းဖိတ်သည်မဟုတ်ဘဲ ကျောင်းအလိုက်ဆွမ်း ခံဝင်ပါသည်။ ထို့ကြောင့် အိမ်တစ်အိမ်ကို တစ်ကျောင်းတည်းမှ ရဟန်းနှစ်ပါးဆွမ်းခံဝင်လေ့ မရှိပါ။ စကားချပ်)

ကျွန်တော်လည်း ရှေ့ကဆွမ်းခံဝင်သွားသည့် ရဟန်းတော်များလိုပဲ ဆွမ်းလောင်း၊ ဆွမ်းဟင်းခွက် ထည့်ပေးပြီး သည်လိုပဲ နေလိုက်ပါသည်။ သို့သော် ကိုရင်လေးက ပြန်ကြွမသွားဘဲခုံပေါ်မှာပဲ ထိုင်မြဲထိုင်လျက် ကျွန်တော့်ကိုကြည့်နေသည်။ သို့နှင့် ကျွန်တော်က “ကိုရင် ဘာလိုသေးလို့လဲ” ဟု မေးတော့မှ မီးဖိုခန်းထဲမှ ဇနီးသည်က ကျွန်တော်အသံကို ကြားသွားပြီး “ကိုရင်လေးဆို ရေကပ်လိုက်ဦး။ ကိုရင်က ဒီအိမ်ရောက်ရင် ရေသောက်နေကျ” ဟု လှမ်းအော်ပြောသဖြင့် ကျွန်တော်လည်း ရေအိုးစင်မှရေတစ်ခွက်ခပ်၍ ကပ်လိုက်ရသည်။ ကိုရင်သည် ရေသောက်ပြီးနောက်ခွက်ကို ကျွန်တော့်ထံ လှမ်းပေးရင်း “မနက်ဖြန်ဆို ဒကာကြီးတို့ ရေတိုက်ချင်လို့တောင် မတိုက်ရတော့ဘူး။ ကိုရင်က လူထွက်ရတော့မယ်” ဟု ငိုသံပါကြီးနှင့် ပြောလေသည်။ ကျွန်တော်က “ဟင်၊ ဘယ်လိုဖြစ်လို့လဲ” ဟု မေးနေစဉ် ကျွန်တော့်ဇနီးလည်း ကျွန်တော်တို့ အသံတွေကို ကြားသဖြင့် အိမ်ရှေ့ခန်းကိုထွက်လာသည်။ “ကိုရင်က ငယ်ငယ်လေးရှိသေးတာ။ လူထွက်ပြီး ဘာလုပ်မှာတုံး။ စာသင်ဦးလေ” ဟု ဇနီးဖြစ်သူက ကျောင်းဆရာမပီပီပြောတော့ “အမေက ထမင်းဆိုင်မှာ စားပွဲထိုး လုပ်ဖို့စပ်ပြီးပြီ။ ဒလကိုသွားရမှာ။ သူ့ရောပဲ” ဟု ဆိုကာ ကျောင်းသားလေးကိုပါ မေးထိုးပြသည်။ ကျွန်တော် ရင်ထဲမှာ စစ်ခနဲနာကျင်သလို ခံစားလိုက်ရသည်။ “ကိုရင်တို့က ညီအစ်ကိုတွေလား” ဟု ဇနီးသည်က ဆက်မေးတော့ “တစ်ဝမ်းကွဲ” ဟု ဖြေလေသည်။

သည့်နောက်မှာ ဆက်၍ မေးရင်းသိရသည်မှာ ကိုရင်လေးက ပြီးခဲ့သည့်နှစ် သုံးတန်းအထိကျောင်းနေခဲ့သည်။
ယခုနှစ် သင်္ကြန်မတိုင်မီမှာ ပရဟိတအဖွဲ့တစ်ဖွဲ့က ဆင်းရဲနွမ်းပါးကလေးများကို ရှင်ပြုပေးသဖြင့် လူပြန်မထွက်ဘဲ ကိုရင်ဆက်ဝတ်
နေခြင်းဖြစ်၏။ မိဘရှိသော်လည်း ဖအေက ဘာမျှမလုပ်၊ သိပ်ငတ်လာလျှင် ပဉ္ဇင်းတက်လိုက်၊ ပြီး လူပြန်ထွက်လိုက်နှင့် လက်ကြောမတင်းသူဖြစ်သည်။ မိခင်က ရေခဲချောင်းရောင်းလိုက်၊ မုန့်ကြော်ရောင်းလိုက် ကြုံရာကျပန်းလုပ်ရင်းကိုရင်လေး အပါအ၀င် ကလေးသုံးယောက်ကို လုပ်ကိုင်ကျွေးမွေးနေရသည်။ သည်အထဲ ညီမလုပ်သူက ဆုံးပါးသွားတော့ ကျန်ခဲ့သည့်သား (ဘုန်းကြီးကျောင်းသား)ကို ဖအေလုပ်သူက သူ့ဆီမှာအပ်ပြီး မြ၀တီဘက် တက်သွားလိုက်တာ ဘာသတင်းမှ မရတော့။
သည်တော့ သားသမီးသုံးယောက်ကိုတောင် မနည်းရှာကြံကျွေးမွေးနေရသည့်အထဲ တူတစ်ယောက်ပါးစပ်ပေါက်ပါ တိုးလာတော့
သားကိုရင်ကို အကြောင်းပြုပြီးတူကိုပါ ဘုန်းကြီးကျောင်းပို့ထားသည်။ ယခုတော့ နှစ်ယောက်စလုံးကိုပဲ ဒလပို့ပြီး ခိုင်းစားရတော့မည်။ ဘုန်းကြီးကျောင်းသားလေးကလည်း ကိုရင်နှင့် ရွယ်တူလောက်အလွန်ဆုံးရှိမှ ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာ ရှိလိမ့်မည်။
သူကတော့ ကျောင်းတောင်မနေဖူးဘူးဟုဆိုလေသည်။

ကျွန်တော့်မှာ မေးမိပြီးမှ စိတ်မကောင်းဖြစ်ရသည်။ ခါတိုင်းလို အိမ်မှာ မရှိလျှင်လည်း အကောင်းသား။ သူများပြန်ပြောပြမှ တစ်ဆင့်သိရလျှင် သည်လောက် စိတ်ထိခိုက်မည်မဟုတ်။ ယခုတော့ ကျွန်တော့်မှာ ကိုရင်လေး ညီအစ်ကိုအကြောင်းကိုပဲ တွေးပြီး တစ်နေ့လုံးစိတ်ထိခိုက်နေမိသည်။

ဟိုတစ်လောတုန်းကလည်း ကျွန်တော်ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို စားပွဲထိုးကလေးငယ်တစ်ယောက် အသစ်ထပ်ရောက်လာသည်။ သနပ်ခါးကွက်ကျားလေးနှင့် သန့်သန့်ပြန်ပြန် ချစ်စရာလေး။ လက်ဖက်ရည် လာချပေးတော့ ကျွန်တော်က စပ်စုမိသည်။ သူ့အသက်က ၈ နှစ်သာ ရှိသေး၏။ လှိုင်သာယာကနေ ပွဲစားတစ်ယောက်နှင့် ချိတ်ဆက်ပြီးသည်ကို ရောက်လာခြင်းဖြစ်သည်။ သူ့မှာ အဖေမရှိတော့။ အမေကအ၀တ်လျှော်သည်ဟု ကောင်လေးကပြောပြသည်။ သူ့တို့ မိသားစုမှာ သူကအကြီးဆုံး။ သူ့အောက်မှာ အငယ် ၂ ယောက်
ရှိသေးသတဲ့။ သူငယ်တန်းတစ်နှစ်သာ ကျောင်းနေဖူးသည်ဟု ကောင်လေးကပြောပြသည်။ သြော် ကိုယ့်နိုင်ငံက အချို့သော ကလေးငယ်များ၏ ဘ၀ကဆိုးရွားလှသည်။

မူလတန်းပညာရေးကို နိုင်ငံတော်က အခမဲ့ပြဋ္ဌာန်းပေးထားသည့်တိုင်၊ အချို့ကလေးငယ်များ ကျောင်းနေနိုင်ရေး ကူညီပေးနေ ကြသည့်တိုင်၊ နိုင်ငံတစ်ဝန်းလုံး၌ မူလတန်းပညာရေးလောက်ကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကလေးတွေက မြောက်မြားစွာရှိနေလေသည်။

မြို့ပြတွေရဲ့ လမ်းကြို လမ်းကြားတွေမှာ မြွေရေခွံအိတ်တစ်လုံးနှင့် သံစူးတပ်တုတ်တစ်ချောင်း ကိုင်ပြီး ပလတ်စတစ် လိုက်ကောက်နေသည့် ကလေးတွေကို မမြင်ချင်အဆုံး တွေ့နေရသည်။ သင်္ဘောဆိပ်တွေ၊ ဘူတာရုံတွေမှာ ဆေးလိပ်တို၊ တစ်ရှုးတို့လိုက်ရောင်းနေသည့် ကလေးတွေက တစ်ပုံတပင်။ လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ ယုတ်စွအဆုံး အရက်ဆိုင်တွေမှာပါ စားပွဲထိုးလုပ်နေကြသည့် ကလေးတွေက အမြောက်အမြား။

ဘ၀ကကြမ်းတော့ စရိုက်တွေ က ကြမ်းကုန်ကြသည်။ အချို့ကလေးတွေ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးအကုန် လောင်းကစား
တတ်ကြသည်။ အချို့ကလေးတွေ ဆေးလိပ်၊ အရက်သောက်တတ်ကြသည်။ ကော်ရှုတတ်ကြသည်။ ပညာရေးစနစ်ညံ့ဖျင်းလှ၍ ကျောင်းတွင်းက ကလေးတွေအတွက် ရင်လေးနေရသည့်အထဲ ထိုညံ့သည့် ပညာရေး စနစ်ကိုပင်ထိတွေ့ခွင့်မရသည့် ကလေးတွေက အမြောက်အမြားရှိနေသည်။

မြို့ပြရဲ့ ပုံရိပ်တွေက သည်လို အကြည်းတန်လို့ ကျေးလက်က ရောလှသလားဆိုတော့ မြေသိမ်း၊ လယ်သိမ်းကိစ္စတွေနှင့် လူကြီးတွေ ထမင်းအိုး ပျောက်သွားတော့ စားကျက်သစ်ရှာရာနောက်ကို လိုက်ရင်း အချို့ကလေးတွေ အတန်းတစ်တန်းကိုပင် နှစ်ပေါက်အောင်မနေကြရ။ အချို့ရွာငယ်ကလေးတွေ ကျတော့လည်း တက်စရာကျောင်းကို မရှိလို့ ကျောင်းဆိုလျှင် ဘုန်းကြီးကျောင်းလောက်သာ တွေ့ဖူးသည့် ကလေးတွေကလည်း အများအပြားရှိနေ၏။ ဤပြဿနာကို ပေါ့ပေါ့တန်တန်သဘောထား၍ မရနိုင်ပေ။

ကလေးငယ်တွေ အကြောင်းအမျိုးမျိုးနှင့် ပညာသင်ကြား ခွင့်ဆုံးရှုံးနေခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် ရင်လေးစရာကောင်းလှ
ပါသည်။ အရွယ်မရောက်သေးသည့် ကလေးငယ်များကို မိဘများကိုယ်တိုင်က ခိုင်းစားနေခြင်းကို မည်သို့တားဆီးနိုင်မလဲ။ လုပ်ငန်း
ခွင်တွေမှာကလေးငယ်များ၏ လုပ်အားကို ဈေးချိုချိုနှင့် ရယူနေခြင်းကို မည်သို့ကာကွယ်နိုင်မလဲ။ လေလွင့်ပြီး လမ်းပေါ်ရောက်နေသော ကလေးငယ်များကို မည်သို့ စည်းရုံးနိုင်မလဲ။ မိဘတွေ အလုပ်ပြောင်းရာနောက်လိုက် ပြောင်းနေရသည့် ကလေးတွေ နှစ်ပေါက်အောင် ပညာသင်နိုင်ဖို့ မည်သို့ကူညီနိုင်မလဲ။ စာသင်ကျောင်းမရှိတဲ့ ရွာက ကလေးတွေအတွက် မည်သို့ စီစဉ်နိုင်မလဲ။

သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများက ညွှန်ကြားချက်ထုတ်ရုံ၊ အောက်ခြေအဖွဲ့အစည်းများကလည်း စာရင်းလိုက်ကောက်ရုံ၊ အထက်သို့ပြန်တင်ရုံနှင့်တော့ ဤပြဿနာများ ပြေလည်မသွားနိုင်ပေ။ လက်တွေ့ကျသော နည်းလမ်းများကို ၀ိုင်းဝန်းကြံဆကြ
ရပါလိမ့်မည်။ ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများ အားကောင်းလာအောင် အုပ်ချုပ်ရေးပိုင်းက အားပေးကြရပါမည်။ အသိအမြင်နည်းပါးသော မိဘများကို ပညာပေး စည်းရုံးတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရပါမည်။

ဆင်းရဲနွမ်းပါး ကလေးငယ်များ ပညာသင်ကြားရေးအတွက် နိုင်ငံတော်က သီးခြားဘတ်ဂျက်ခွဲဝေ၍ သုံးစွဲသင့်လျှင် သုံးစွဲရပါမည်။ စာသင်ကျောင်းမရှိသည့် ရွာများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ထွန်းကားလာအောင် အားပေးရပါမည်။ စေတနာရှင်၊
အလှူရှင်တွေ များများပေါ်လာအောင် စည်းရုံးရပါမည်။

အလုပ်ခွင်တွေမှာ ကလေးအလုပ်သမားတွေရှိနေသေးသမျှ၊ လမ်းကြိုလမ်းကြားတွေမှာ ပလတ်စတစ်ကောက်သည့် ကလေးတွေကို တွေ့နေသေးသမျှ၊ ဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေမှာ ကလေးဈေးသည်တွေ ရောင်းနေသေးသမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အလှမ်း
ဝေးနေပါဦးမည်။

သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ တာဝန်ရှိသူများအားလုံးသွေးအေးမနေဘဲ အပူတပြင်း လုပ်ဆောင်ကြဖို့ အချိန်တန်ပြီဟု ထင်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
Letter from Burma
Goshal Lay




ဇွန်လ ၆ ရက်နေ့က ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံ အနာဂတ်ခေါင်းစဉ်နဲ့ ဘီဘီစီ debate အစီအစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဇင်မာအောင်၊ ဒေါက်တာ သန့်မြင်ဦးတို့ ပါဝင်ဆွေးနွေး

လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ ဘယ်ကိစ္စမဆို စစ်တပ်ကပဲ လုပ်ပါတယ်၊ စစ်တပ်ဟာ ဘာမဆိုလုပ်နိုင်တယ်လို့လဲ ထင်ကြပါတယ်။ အခုတော့ ဒီမိုကရေစီ အစိုးရလက်ထက်ကို ပြောင်းနေပါပြီ။ ပြောင်းပုံပြောင်းနည်းက ဖျတ်ကနဲ ပြောင်းတာမျိုးက တိုင်းပြည်အတွက် မကောင်းပါဘူး။ ကျနော့် အမြင်ကတော့ တဖြည်းဖြည်း ပြောင်းလဲခြင်းပါ။
(ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း)

စစ်ခေါင်းဆောင်တွေ အားလုံးကို နားချသိမ်းသွင်းနိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။ဒီမိုကရေစီဘက်တော်သား ခေါင်းဆောင်တွေအားလုံးကိုတောင် ကျမနဲ့ တသဘောထဲဖြစ်အောင် နားမချနိုင်ပါဘူး။ စစ်ခေါင်းဆောင်တွေ အားလုံးကို နားချသိမ်းသွင်းနိုင်ဖို့ကတော့ နဲနဲ လွန်လွန်းတဲ့ ဖြစ်ချင်ဇော တွေးဆချက်မျိုးပဲ ထင်ပါတယ်။ ဒါပေမယ့် ကျမတယောက်ထဲ မဟုတ်ပါဘူး။ မြန်မာပြည်သား အများစုကနေပြီးတော့ တိုင်းပြည်ကောင်းစားဖို့အတွက် အလုပ်အတူတွဲလုပ်ကြဖို့ စစ်ခေါင်းဆောင်တွေကို ဖျောင်းဖျနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်ဖို့ ပြည်သူလူထုရဲ့ နှလုံးသားထဲက အထူးတနေရာမှာရှိတဲ့ စစ်တပ်၊ စစ်သားပီသတဲ့စစ်တပ်။ ဂုဏ်ပြုထိုက်တဲ့စစ်တပ်ကို လိုအပ်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်)




ကျွန်ုပ်တို့ လူသားများသည် ကမ္ဘာမြေပြင်ပေါ်တွင် အသက်ရှင်နေထိုင်လျှက်ရှိသည်။ ထို့ကြောင့် ကမ္ဘာမြေ ပြင်ကြီးသည်လည်း ထာဝရရှင်သန်နေဖို့လိုသည်။ ကမ္ဘာမြေကြီးရှင်သန်မှုအတွက် ကျွန်ုပ်တို့သည် သစ်ပင်စိုက်ပျိုးရ မည်ဖြစ်သည်။ ထို့ကြောင့် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အား ရည်ရွယ်လျှက် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခခန်းမဆောင်ကြီးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ ဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲအား နံနက် (၈း၃ဝ) အချိန်မှ စတင်ကျင်းပ ခဲ့ရာ ကာတွန်းဆရာ အော်ပီကျယ်မှ “အိမ်မက်သေးသေးမက်ပါစေ” ခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ “သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြစို့” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လက်ရှိမြေနေရာသည် အမှိုက်ပုံ (ကြွတ်ကြွတ်အိတ်) များဖြစ်နေသည့်အတွက် အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုး ရာတွင် အင်မတန်ခက်ခဲပေသည်။ ကိုကြည်စိုး (Monsoon Nursery & Landscape Care Group)မှ ဝန်ထမ်းများတို့၏ အင်တိုက်အားတိုက် စိုက်ပျိုးပေးခဲ့သည့်အတွက် ယခုအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသည် စိမ်းလန်းစိုပြေလျှက်ရှိခဲ့ပြီး သစ်ပင်ပျိုးပင်များ၊ ပန်းအလှပင်များတို့အား အစဉ်တစိုက် လှူဒါန်းပေးခဲ့သူ ကိုကြည်စိုးနှင့် သစ်ပင်ပျိုးပင်များအား လှူဒါန်းပေးခဲ့သော ဒေါ်ခင်စိုးရီ (သဇင်ပျိုး ဥယျာဉ်) တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာ ချီးမြှင့် ပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ လူမှုရေးအသင်းအဖွဲ့များဖြစ်ကြသော ရွှေပြည်သာမြို့နယ် “ဗြဟ္မာစရိယ-နာရေး ကူညီမှု” ၊ မြောက်ဥက္ကလာပမြို့နယ် “သံဝေဂ-နာရေး ကူညီမှု” ၊ ပဲနွယ်ကုန်းမြို့ Hundred Power (ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြုအဖွဲ့) ၊ တောင်ဒဂုံမြို့နယ် “(၁၉) ရပ်ကွက်လုံးဆိုင်ရာ နာရေးကူညီမှု” ၊ ပြည်ခရိုင် “ထုံးဘို-လူငယ်သာရေးနာရေး”၊ ပုတီးကုန်းမြို့ “စေတနာရှင်-နာရေးကူညီမှုအသင်း”၊ သင်္ဃန်းကျွန်း “နာရေးကူညီမှု” ၊ သန်လျင်မြို့နယ် “နာရေးကူညီမှု” ၊ မင်္ဂလာဒုံမြို့နယ် “နာရေးကူညီမှု” ၊ သာကေတမြို့နယ် “မြတ်သုခ နာရေး ကူညီမှု” ၊ ဒဂုံအရှေ့ပိုင်းမြို့နယ် “သံသရာခရီးသည် နာရေးကူညီမှု” ၊ မင်္ဂလာဒုံမြို့နယ် “ဂရုဏာမွန်” ၊ ဒဂုံအရှေ့ပိုင်းမြိုကနယ် “မေတ္တာပါရမီ” ၊ မြောက်ဒဂုံမြို့နယ် “ရောင်နီသစ်-ပရဟိတ” ၊ ရွှေတောင်မြို့ဘ “ပရဟိတ-နာရေးကူညီမှု” ၊ တောင်ဥက္ကလာပမြို့နယ် “လောကနတ်-လူမှုကူညီရေး” ၊ DNA (ခြေတစ်လှမ်းထား လက်ဆက်ပွား ရွှေ့လျားပညာ)၊ “သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်)” ၊ သင်္ဃန်းကျွန်းမြို့နယ် “ပီတိသုခစေတနာရှင်” ၊ “Monsoon Nursery & Landscape Care Group” ၊ “KMA Construction Group” ၊ ဒဂုံဆိပ်ကမ်းမြို့နယ် “ထိန်လင်း-ကုသိုလ်ဖြစ်ဆေးခန်း” ၊ “ကရုဏာ-နာရေးကူညီမှုညီအစ်ကိုများ” ၊ “လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက် သူများ” ၊ “B.G သွေးလှူအဖွဲ့” ၊ “PANN GABAR LANDSCAPING GROUP” ၊ ဒဂုံဆိပ်ကမ်းမြို့နယ် “ရွှေသံလျင်-နာရေးကူညီမှု” ၊ မှော်ဘီမြို့နယ် “မြို့မ-လူမှုကူညီရေး စသည့် မြန်မာနိုင်ငံအတွင်းရှိ အမြို့မြို့အနယ်နယ်မှ လူမှုရေး အသင်းအဖွဲ့များအပြင် အခြားသော သဘာဝပတ်ဝန်းကျင်အား စိတ်ပါဝင်စားကြသော လူမှုရေးသမားများမှ တက်ရောက်အားပေးခဲ့ကြသည်။ ထို့အပြင် ဂီတပညာရှင်များဖြစ်ကြသော ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်၊ အရိုး၊ E-ချို တို့အပြင် ပြည်တွင်းမီဒီယာများနှင့် အမေရိကန်အခြေစိုက် CNN သတင်းဌာနမှ စိတ်ဝင်တစား တက်ရောက်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူအပေါ် အခမဲ့ ကူညီဆောင်ရွက်ပေးဆပ်မှုများနှင့် ဥက္ကဌ ဦးကျော်သူ အား အင်တာဗျူးအစီအစဉ် ရိုက်ကူးခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲအပြီးတွင် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားအား ဆက်လက် ကျင်းပခဲ့ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင် များစိုက်ပျိုးရန် မြေနေရာအား ရန်ကုန်မြို့တော်စည်ပင်သာယာ ညွှန်ကြားရေးမှူးမှ မြေနေရာများ ညွှန်ကြားပြသ ခဲ့သည့် မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် (ဝဲ / ယာ) များတို့တွင် ခရေပင် (၈ဝ)၊ စိန်ပန်းပင် (၃ဝ)၊ ထိုင်ဝမ်ဗန်ဒါပင် (၂ဝ)၊ တည်ပင် (၂ဝ)၊ ရေတမာပင် (၅ဝ)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ၊ ဒု-ဥက္ကဌ၊ လုပ်အားပေးအသင်းသား/သူများ၊ ဂီတပညာရှင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် ဌာန၊ Monsoon Nursery & Landscape Care Group အဖွဲ့သားများ၊ KMA Construction Groupအဖွဲ့သားများ နှင့်နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်သည်လည်း ခြေထောက်အရိုး အက်နေ၍ ကျောက်ပတ်တီးဖြင့် မိုးရေစက်များ ထဲတွင် စိုက်ပျိုးရန်သတ်မှတ်ထားသည့် လမ်းတစ်လျှောက်နှင့် အမှတ် (၂) အခြေခံပညာမူလတန်း ကျောင်းပတ်ဝန်းကျင်အား သန့်ရှင်းရေးများပြုလုပ်ခဲ့ကြပြီး သစ်ပင်များစိုက်ပျိုးခဲ့သည်။

မိုးတဖွဲဖွဲကြားမှ အင်တိုက်အားတိုက် တက်ညီလက်ညီဖြင့် ဗိုလ်မှူးဗထူးလမ်းမတလျှောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှေ့မှ ဒဂုံတက္ကသိုလ်အထိ စိုက်ပျိုးခဲ့ကြရာ အခြားသောနေရာများတွင် အဆင်ပြေချောမွေ့ ခဲ့သော်လည်း ယခင်ကာလများတွင် စွန့်ပစ်အမှိုက်ပုံအဖြစ် အသုံးပြုထားသော အသင်းရုံးအရှေ့တွင် သစ်ပင်စိုက်ပျိုး ရန် မြေတူးရာတွင် မြေအောက်မှ ပလက်စတစ်အမှိုက်များ ထွက်ပေါ်လာဖြင့် အဆင်မပြေမှုများရှိခဲ့သည်။ နာရေး ကူညီမှုအသင်း(ရန်ကုန်)သည် ၄င်းကျွတ်ကျွတ်အိတ် အမှိုက်၏ဆိုးကျိုးများကို တွေ့ကြုံခံစားခဲ့ရသဖြင့် အမှိုက် ကောက်ရန် ကြိုးစားခဲ့သော်လည်း ကောက်ခွင့်မရခဲ့သဖြင့် ယခုလို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် သစ်ပင်စိုက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေကြီးစိမ်းလန်း သာယာစေရန် အတွက်၎င်း၊ မြန်မာလူမျိုးများ သစ်တောနှင့်သစ်ပင်အား ချစ်ခင်မြတ်နိုး တန်ဖိုးထားတက်စေရန်အတွက်၎င်း နာရေး ကူညီမှုအသင်း(ရန်ကုန်) မှဦးဆောင်ကာ အလှူရှင်များ၊ သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးကြသော လူမှုရေး သမားများနှင့် လက်တွဲကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ဖြစ်သည့် ယနေ့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြသည်။

ဆရာအော်ပီကျယ်မှ လူတစ်ယောက် သစ်တစ်ပင်နှုန်းဖြင့် စိုက်ပျိုးထိန်းသိမ်း ပြုစုပျိုးထောင်ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ လူဦးရေ သန်း (၆ဝ) သစ်ပင်ပေါင်း သန်း (၆ဝ) စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် “တစ်ယောက်တစ်ပင်နှင့် ကမ္ဘာကြီးကိုကယ်တင်ကြစို့” ဖြင့် ကမ္ဘာ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုခြင်းဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သစ်ပင်စိုက်ပျိုး၍ ကဗျည်းမော်ကွန်း ရေးထိုးခဲ့ပါတော့သည်။

မြန်မာနိုင်ငံအတွင်း လူမှုအဖွဲ့အစည်းအတွက် လိုအပ်သည့်လုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ/အဖွဲ့အစည်းတို့အား ပြည်ပရောက် မြန်မာမိသားစုများ စုစည်းညီညွတ်မှုအားဖြင့် စုပေါင်းဂုဏ်ပြုသည့် ပြည်သူ့ ဂုဏ်ရည်ဆု (Citizen of Burma Award) စတုတ္ထအကြိမ် ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် မပျက်မကွက်တက်ရောက် ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်း

နေ့ရက်။ ။ ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက် (တနင်္လာနေ့)
အချိန်။ ။ မွန်းလွဲ ၃ နာရီမှ ၅ နာရီ
နေရာ။ ။ တော်ဝင်နှင်းဆီ
အမှတ် ၂၂၁-၂၂၃ ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.