06/08/13

မေတ္တာရှင်၊ ၊ ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက "မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ" တဲ့။

*** ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင်၊
၊အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

*** အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင်၊ ၊ မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။ မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။

*** အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင်၊ ၊ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

*** တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင်၊ ၊ အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

Min Kyaw Khine Facebook

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မြအေးဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ China Power Investment (CPI) ကုမ္ပ္ပ္ပဏီ သို့ ယမန်နေ့ ( ဇွန်လ၊ ၆ ရက် ) ဒေသစံတော်ချိန် ညနေ ၃း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးကြရာတွင် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီး ဆုံးရူံးမူ အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြ ခဲ့ကြသည်။

၎င်းနောက် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက မြစ်ဆုံဒေသသည် ကချင်ပြည်နယ်၊ ကချင်တိုင်းရင်းသား တို့၏ အထင်ကရ၊ အမှတ်တရ (Landmark) နေရာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေး၊ တိုင်းရင်းသားအရေး နှင့် ပတ်သက်ပြီး မြစ်ဆုံသည် အရေးကြီးသည့်နေရာဖြစ်ကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမူ သမိုင်းပြယုဂ် ဖြစ်သဖြင့် မြန်မာ တစ်မျိုးသားလုံးက အထူးတန်ဖိုးထားကြကြောင်း၊ ဧရာဝတီမြစ်ကို အသုံးပြု၍ မြန်မာနိုင်ငံ အထက်အောက် ကုန်သွယ်စီးပွား ကူးသန်းရေး၊ ခရီးသွားလာရေး များအတွက် အားထားနေရဆဲ ဖြစ်ကြောင်း၊ ဖော်ပြပါ အချက်အလက်များကြောင့် ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ ယဉ်ကျေးမူနှင့် စီးပွားကူးသန်း သွားလာရေးတို့အတွက် အဓိက အရေးပါနေသည်ကို ထောက်ရှု့သောအားဖြင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အလေးအနက် ပြောကြားသွားခဲ့သည်။

ယင်းနောက် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့လည်း ၄င်းတို့ လာရောက်ကြဦးမည် ဖြစ်ကြောင်း၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ပြောကြားသွားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုကို ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြသည်။

The 88 Generation Peace and Open Society

မြန်မာပြည်မှာက အနှစ် (၅၀) လုံးလုံး "နိုင်ငံရေး" ဆိုတာကြီးကို လူတွေကြောက်အောင် လုပ်ထားခံရတော့ သင်ယူလေ့လာသူ မရှိသလောက် ရှားခဲ့ရပါတယ်။ မတရားတာတွေကို တော်လှန်လိုစိတ်နဲ့ တော်လှန်နေသူတွေ ကိုယ်တိုင်အတွက်လည်း လေ့လာနိုင်ဖို့ အခွင့်အရေးက မရှိခဲ့ပါဘူး။

လူထုထဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောက်နိုင်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် တို့အပါအဝင် အနုပညာလုပ်ငန်းတွေမှာလည်း နိုင်ငံရေးဆိုတာ ... အင်္ဂလိပ်ကို တော်လှန်တာ၊ ဂျပန်ကို တော်လှန်တာ ဆိုတာမျိုးလောက်ထက် ဘာမှ ပိုခွင့် မရဘူး။ လွတ်လပ်ရေး မရသေးတဲ့ တော်လှန်ရေးရုပ်ရှင်မင်းသားတွေဆိုတဲ့ နာမည်တောင် ရသူတွေ ရကုန်ကြတဲ့အထိပဲ။ နိုင်ငံရေး စာပေ ဆိုတာ ... လွတ်လပ်ရေး အကြိုခေတ်နဲ့ လွတ်လပ်ပြီးစ ပါလီမာန် ဒီမိုကရေစီခေတ်မှာ ထွန်းကားခဲ့တဲ့ လက်ဝဲ စာပေ အဟောင်းတွေပဲ ရှိပြီး ... အဆိုပါစာပေတွေလည်း ပြန်လည်ထုတ်ဝေခွင့်ဆိုတာ မရှိခဲ့ဘဲ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရပါတယ်။

ဒီတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအသိနဲ့ နိုင်ငံရေးအမြင်တွေဟာ အနှစ် (၅၀) စာ ရပ်တန့်နေခဲ့တယ်။ ကမ္ဘာကြီးကတော့ အနှစ် (၅၀) လုံးလုံး တစ်ရက်မှ ရပ်မနေခဲ့ပါဘူး။ နိုင်ငံရေး အပါအဝင် ... စာပေအမျိုးအစား ပေါင်းစုံဟာ အရှိန်အဟုန်နဲ့ ချီတတ်နေကြပါတယ်။ အခု နည်းနည်းပါးပါး ပွင့်လင်းလာတဲ့ အချိန်မှာ မြန်မာတွေ "နိုင်ငံရေး" စကားတွေ ပြောလာကြတယ်။ ... ဒီအခါ အခက်အခဲတွေ တွေ့လာရပါတော့တယ်။

နိုင်ငံရေးအတွက် လေ့လာပြီးနောက် စာပေအဖြစ် အသိအမြင်တွေကို မြန်မာလို ဖလှယ်ပြီး ရေးသားတဲ့အခါ ... စကားလုံးတွေ မရှိဘူး ဖြစ်နေတာ တွေ့ရပါတယ်။ စကားလုံး ပေါ်ပေါက်လာပုံနဲ့ စကားလုံးနောက်ကွယ်က ဖြစ်ရပ် (Concept) တွေလည်း မရှိဘူး ဖြစ်နေတယ်။ တချို့ စကားလုံးတွေကို (အထူးသဖြင့်) အင်္ဂလိပ် ဘာသာကနေ တိုက်ရိုက် မွေးစားလိုက်ပေမယ့် စကားလုံးတွေရဲ့ သမိုင်းကြောင်းကို တိတိကျကျ မသိဘူးဖြစ်နေပါတယ်။ ဆိုလိုရင်းတွေက ဝေဝါးကုန်ပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ .. စကားလုံးတွေကို လွဲမှားစွာ နားလည်သဘောပေါက်မှုတွေနဲ့ အဲဒီ နားလည်မှု အလွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားမှုဟာ အဆိုးဆုံးပါပဲ။

ထင်ရှားတဲ့ ဥပမာ ပြရမယ်ဆိုရင် "ဖက်ဒရယ်" ဆိုတာကို "ပြည်ထောင်စု" လို့ ဘာသာပြန်ရမှာကို ... ဆန့်ကျင်ဘက် အဓိပ္ပါယ်နဲ့ မှားယွင်းနားလည်ပြီး "ဖက်ဒရယ်" ဆိုတာ ပြည်ထောင်စု ပြိုကွဲစေမယ့် စနစ် ဖြစ်တယ်လို့ ထင်မြင်ယူဆနေမှုဟာ အများသိပြီးသား လွဲမှား နားလည်မှုပါပဲ။

အလားတူ "လော်ဘီ" ဆိုတဲ့ စကားလုံးဆိုရင် မကောင်းတာ၊ မမှန်တာ၊ မဟုတ်တာကို ဝါဒဖြန့်တယ်လို့ ယူဆနေတာကိုလည်း တွေ့ရမှာပါ။ စကားလုံးရဲ့ ဖြစ်ပေါ်ပုံ ဖြစ်ရပ် (concept) နဲ့ နောက်ကွယ်က သမိုင်းကြောင်းကို နားမလည်တာဟာ ဒီနေရာအတွက် ပြဿနာ ဖြစ်ပါတယ်။

"လော်ဘီ (Lobby)" ဆိုတာရဲ့ အင်္ဂလိပ် မူရင်းအဓိပ္ပါယ်မှာ အခန်း (room) တမျိုးဖြစ်တယ်လို့ ဖွင့်ဆိုထားတာ တွေ့ရမှာပါ။ ဟော်တယ်လုပ်ငန်းဆိုင်ရာ လုပ်သူတွေဆို ပိုသိကြပါတယ်။ Lobby room ဆိုရင် .. ဟော်တယ် အဝင်ဝကနေ လူတိုင်း ဝင်နိုင်ပြီး တည်းခိုသူတွေနဲ့ သူတို့ကို လာတွေ့တဲ့ ဧည့်သည်တွေက တွေ့ဆုံနိုင်ရာ နေရာ အခန်းကို လော်ဘီလို့ ခေါ်တာ ဖြစ်ပါတယ်။ ဟော်တယ်ကြီးတွေမှာ အဲဒီ အခန်းကို ကျော်ပြီး တည်းခိုသူ မဟုတ်တဲ့ လူတွေကို လုံခြုံရေးအရ ဝင်ခွင့်မပေးပါဘူး။ ဒီအခါ အဆိုပါ လော်ဘီ အခန်းမှာ တွေ့ဆုံ စကားပြောကြတာပါပဲ။

နိုင်ငံရေးမှာ "လော်ဘီ (Lobby)" ဆိုတာကတော့ ... အဲဒီ စကားလုံး ပေါ်ပေါက်လာပုံနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အခန်းလို့ တိုက်ရိုက်ဘာသာပြန်လို့ မရတော့ပါဘူး။ စကားလုံး ဖြစ်ပေါ်လာပုံကတော့ ယူကေနိုင်ငံက Westminster Parliament ရဲ့ House of Common လို့ ခေါ်တဲ့ အောက်လွှတ်တော်ကနေ စပြီး ဖြစ်ပေါ်လာခဲ့တာပါ။ အဲဒီ လွှတ်တော်ရဲ့ လူတွေ ဝင်လို့ရတဲ့ လော်ဘီ အခန်းမှာ ... လွှတ်တော်ဆွေးနွေးမှု မစခင်နဲ့ ဆွေးနွေးမှု အပြီး ကာလတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေက လက်ဖက်ရည်သောက် အနားယူကြပါတယ်။ ဒီအခါ ... လွှတ်တော်မှာ ဆွေးနွေးစေလိုတာ၊ ပြောစေလိုတာတွေကို ကန်ပိန်းသမားတွေ၊ စီးပွားရေးသမားတွေနဲ့ သတင်းသမားတွေက လွှတ်တော် ကိုယ်စားလှယ်တွေကို အဲဒီနေရာမှာ ခွင့်အရေး တစ်ခုအနေနဲ့ ဝင်ရောက်တွေ့ဆုံ စကားပြောကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အခွင့်အရေး တစ်ခု အနေနဲ့ လူထုရဲ့ အသံကို အဲဒီနေရာမှာ နားထောင်ခွင့် ရကြပါတယ်။ ဒါ့အပြင် လွှတ်တော်ကနေ ကြေငြာစရာတွေ ရှိလာရင်လည်း ဆွေးနွေးမှု ပြီးပြီးချင်း ပထမဦးဆုံး သတင်းပုံစံနဲ့ လော်ဘီ အခန်းထဲမှာ ကြေငြာပြီး သူတို့ မူဝါဒတွေကို လူထုက လက်ခံလာအောင် ကြိုးစားပါတယ်။ အဲဒီလို လုပ်ရာကနေ လော်ဘီ ဆိုတဲ့ စကားလုံး ပေါ်ပေါက်လာပါတော့တယ်။
ဒီတော့ လော်ဘီ ဆိုတာ ပြည်သူ၊ အစိုးရနဲ့ လူမှု့အဖွဲ့အစည်းတွေ ကြားမှာ မူဝါဒတွေကို လူသိများအောင် သတိထားမိအာင် ပြုလုပ်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို လော်ဘီလုပ်တယ်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ လော်ဘီ ဆိုတာ မဟုတ်တာတွေကို သတင်းဖြန့်ဖြူး ဝါဒဖြန့်တာဆိုပြီး ယူဆလာတာကို တွေ့ရပါတယ်။ နိုင်ငံရေး စာပေ မထွန်းခဲ့မှုရဲ့ အကျိုးဆက်တွေပါပဲ။

နိုင်ငံရေးကို ရှင်းပြဖို့ ကြိုးစားရာမှာလည်း တချို့ စကားလုံးတွေကို ဘာသာပြန်ဖို့ ကြိုစားတဲ့အခါ မလိုအပ်ဘဲ စကားလုံး ဖေါင်းပွပြီး လိုရင်းပျောက်ကုန်တာမျိုးလည်း ကြုံရပါတယ်။ ဥပမာ ... Consensus parliament လို့ ပြောရင် အင်္ဂလိပ်လိုမှာ အတော်ကို ခရီးတွင်ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူ အင်္ဂလိပ်စာပေ နားလည်သူတိုင်း ဆိုလိုရင်း အလွယ်တကူ သိကြပါတယ်။ ဒါကို မြန်မာလို ဘာသာပြန်တဲ့အခါ "အများသဘောတူအောင် ကြိုးစားညှိနှိုင်းသော လွှတ်တော်" လို့ ဘာသာပြန်နိုင်ပါတယ်။ ဒီအခါ ဘယ်လွှတ်တော်က အများသဘောမတူတာကို လုပ်လို့လဲ ဆိုပြီး မေးစရာ ရှိလာပါတယ်။ အများသဘောတူမှ ဥပဒေဖြစ်လာတာ မဟုတ်လား။ ညှိမရရင် မဲခွဲပြီး မဲများတဲ့ ဘက်က အနိုင်ရတာ မဟုတ်လား။ ဒါကို အများက သဘောတူလက်ခံကြတာပဲ မဟုတ်လား။ အထွေးအထူး ပြောစရာလားလို့ ထင်စရာ ရှိလာပါတယ်။

Consensus parliament ဆိုတာမှာ ... လွှတ်တော်ထဲမှာ ပါတီ အကြီးကြီး တစ်ခု၊ နှစ်ခုတည်းက လွှမ်းမိုး အနိုင်ရထားတဲ့ ပုံစံ မဟုတ်ဘဲ ... ပါတီတွေက သူမသာ၊ ကိုယ်မသာ အင်အားတူလောက် အနိုင်ရထားပြီး ဘယ်သူကမှ လွှမ်းမိုးလို့ မရတဲ့ အခြေအနေဖြစ်တာကြောင့် သဘောထား တစ်ခုကို အကုန်လုံး သဘောတူအောင် ညှိနှိုင်းရတဲ့ လွှတ်တော်ကို Consensus Parliament လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီအခါ Consensus parliament လို့ ပြောရမယ့် နေရာမှာ ဒီစကားလုံးကို ဖေါင်းပွအောင် ရှင်းပြပြီးမှ ဆက်သွားလို့ ရမယ့် အဖြစ်မျိုးကို ကြုံလာရတွေ ရှိပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေး သေသွားခဲ့ရခြင်းရဲ့ ဆိုးကျိုးတွေ ပါပဲ။

အထက်ပါ အခက်အခဲတွေကို ကျော်လွှားပြီး ... အနာဂတ် လူငယ်တွေ နိုင်ငံရေးကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ အတွက် .... မြန်မာပြည်မှာ နိုင်ငံရေး စာပေတွေကို များများ ရေးသားပြီး ... နိုင်ငံရေး စကားလုံးတွေရဲ့ မူရင်းဆိုလိုရင်း အဓိပ္ပါယ်တွေ အပါအဝင် စကားလုံး ဖြစ်ပေါ်လာပုံတွေ၊ စကားလုံးအသစ်တွေ မြန်မာ့ နိုင်ငံရေးစာပေမှာ တိုးတတ် ထွန်းကားလာဖို့ ... ပညာရှင်များအပါအဝင် အားလုံးမှ နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ နှိုးဆော်လိုက်ရပါတယ် ... ။

(ကိုထိုက်)

မုံရွာမြို့မှ ဗကသ ကျောင်းသားများ နှင့် လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ အတွင်းရေးမှူးတို့အား တောင်ကြည့်ပွဲကျင်းပရာတွင် ခွင့်ပြုချက် မရယူ၍ မုံရွာမြို့ တရားရုံးက ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ပြစ်ဒဏ် အသီးသီး ချမှတ်သည်။

“ကျနော်နဲ့ ကိုနွေဦးကို ငွေ သုံးသောင်းဆီ ဒဏ်ငွေ ဆောင်ရတယ်။ ဦးမြင့်အောင်ကိုတော့ ဒီနေ့ပဲ အမိန့်ချလိုက် တယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်။ ကျနော်တို့ ၃ ယောက်စလုံးက အမှုတွဲ အတူတူပါ။ ဘာကြောင့် ပြစ်ဒဏ် မတူတာလည်း ကျနော်တို့လည်း နားမလည်ဘူး” ဟု ပြောသည်။

လက်ပံတောင်တောင် ကယ်တင်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးမြင့်အောင်သည် အပြစ်ဒဏ် ချမှတ်ခံ ရချိန်တွင် အသက်အရွယ်အားဖြင့် ၆၀ ကျော်နေပြီဖြစ်ကြောင်း ကော်မတီက ဥက္ကဋ္ဌ ဦးချစ်ခင် က ပြောသည်။
“ဒါက မတရားချမှုပဲလို့ မြင်တာဗျာ။ သူတို့ တောင်ကြည့်ပွဲနဲ့ ပါတ်သက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ဘယ်သူကိုမှ အနှောက်အယှက် မဖြစ်စေဘဲနဲ့ ငြိမ်းချမ်းစွာ တောင်ကြည့်ပွဲ ကြည့်ကြတာပဲ။ အဲဒါကို ဒီလိုလုပ်တာဟာ မမှန်ကန်တဲ့ ဟာပါ။ ဘာကြောင့် ပြစ်ဒဏ် ကွဲပြားနေတယ်ဆိုတာ မသိဘူး။ ဒါဟာ ဥပဒေကို လိုသလို ဆွဲယူလိုက်တာပါဗျာ” ဟု ဦးချစ်ခင်က ရှင်းပြသည်။

ဗုဒ္ဓဟူးနေ့ကလည်း ညောင်ရေသွန်းပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ဗကသ ကျောင်းသားများဖြစ်သည့် ကိုနွေဦးကို၊ ကိုဟိန်းဇော်ဝင်းနှင့် ကိုထင်ရှား တို့အား ပုဒ်မ ၁၈ ဖြင့် ငွေဒဏ်စီရင်ခဲ့သေးသည်။

အပတ်စဉ် တနင်္ဂနွေနေ့များတွင် မေလ ၁၂ ရက်နေ့မှ စတင် ပြုလုပ်ခဲ့သည့် တောင်ကြည့်ပွဲ အခမ်းအနား များအား ခွင့်ပြုချက် မယူသည့်အတွက် အာဏာပိုင်များက တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။

“ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး တရားရုံးက ကျနော်တို့ကို မေးတယ် အပြစ်ရှိလားတဲ့။ ကျနော်တို့က မရှိဘူး ဖြေတယ်” ဟု ဗုဒ္ဓဟူးနေ့က တရားရုံး၌ ခုခံဖြေဆိုသူ ကိုထင်ရှား က ပြောပြသည်။

အပြစ်ဒဏ်ချမှတ်ခံရသူ များအနေဖြင့် ဒဏ်ငွေပေးဆောင်သွားမည်ဖြစ်သလို ပုဒ်မ ၁၈ အား ဆက်လက် ကန့်ကွက် သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ပုဒ်မ ၁၈ ကို လုံးဝ ကန့်ကွက်ပါတယ်။ အဲဒီဟာ ရှိနေသရွှေ့ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီ နိုင်ငံ လုံးဝ မဖြစ်နိုင်ဘူး” ဟု ကိုဟိန်းဇော်ဝင်း က ယနေ့ညနေပိုင်း တရားရုံးမှ အပြန်တွင် ပြောဆိုသွားသည်။


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက်အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင်သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကဏ္ဍစုံ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့် ပေးထားပေမဲ့လည်း စီးပွားရေး လုပ်ငန်းတွေ ပေါပေါများများ မတွေ့ရသေးတာဟာ လက်တွေ့ ရင်းနှီးမြှုပ်နှံတာထက် လေ့လာစုံစမ်းတာက ပိုများနေသေးတာကြောင့်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လာလည်ကြ ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုက လိုက်မလာတာကိုတွေ့ရမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ သူတို့တွေ ဘာ့ကြောင့် တွန့်ဆုတ်ကြတာလဲ ဆိုတာအပေါ် သူတွေ့ရတဲ့ကိစ္စရပ်နှစ်ခုကို အခုလိုပြောခဲ့ပါတယ်။

"သူတို့ရဲ့စိုးရိမ်ချက်ကို အခု ကျမတွေ့ရတာက အခြေခံအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းပါ ပဲ။ ဒီနှစ်ခုဟာ တကယ့်ရင်းနှီးမြှု့ပ်နှံမှုတွေအတွက် အတားအဆီးတွေပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ဒီကိုလာပြီး အခုအချိန်ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးအချိန် ဟုတ်ရဲ့လားဆိုတာ ကြည့်ပါတယ်။ ဒီနိုင်ငံမှာ ကြီးမားတဲ့ဖြစ်နိုင်ခြေတွေ ရှိနေတယ်၊ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်ဆိုတာ သူတို့ သေချာပေါက်တွေ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ၀င်မလာသေးပါဘူး။ သူတို့ဟာ တရားဥပဒေစိုးမိုးရေး အခြေအနေပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ အားနည်းတာကလည်း အရမ်းကို ကြီးမားနေပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စစ်ဘက်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့တာပါ။ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ ငွေအရင်းအနှီး အလုံးအရင်းဟာ သူတို့တွေ့လက်ထဲမှာပဲ ရှိနေတာကြောင့်လည်း ဒီကနေ့အချိန်လို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ချိန်မှာ စစ်ဘက်နဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ်သွားမလားလို့ စိုးရိမ်တာတွေကရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သတင်းမီဒီယာမှာပဲဖြစ်ဖြစ် ဘယ်လိုရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ပြောပြီး စစ်ဘက်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုရှင်းပြပါတယ်။

"စစ်ဘက်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတဲ့တချိန်တည်းမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းကောင်းဖြစ်လာစေမယ့် အကျိုးအတွက် စစ်တပ်ကို မျက်စိဖွင့်ပေးရပါမယ်။ ဒါဟာ သင်ယူခြင်း-သင်ပြခြင်း လုပ်ငန်းစဉ်ဖြစ်သင့်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၇ ရက် သောကြာနေ့က မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံ မှုကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကိစ္စ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတ၀န်းက လူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ အဓိကကျပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့အကျိုးအမြတ်ကိုရော သူတို့လာပြီးရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်ရဲ့အကျိုးအမြတ်ကိုရော နှစ်ခုစလုံး ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးသူအားလုံးက ကျွမ်းကျင်လုပ်သား အများအပြား မွေးထုတ်ရေးကိစ္စမှာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့၊ ကလေးငယ်တွေ အာဟာရပြည့်ဝအောင်လုပ်ဖို့၊ လက်မှတ်ရရုံ သက်သက် ကျောင်းသင်ပညာရေးကိုသာ လိုက်မနေဘဲ အဆင့်မြင့် ၀င်ငွေကောင်း အလုပ်အကိုင်တွေရစေမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင် ပညာရေးကိုလည်း ထွန်းကားအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

VOA

ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် ရေခံမြေခံကောင်းမွန်ပြီးမြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသောမြို့နယ်ဖြစ် သည်။ စိုက်ပျိုးရေးကို အခြေခံပြီးတိုးတက် လျက်ရှိကာ မိုးညှင်းမြို့နယ်သည်ကချင် ပြည်နယ်၏စပါးကျီအဖြစ်သတ်မှတ်ခံထား ရပေသည်။ မိုးညှင်းမြို့နယ်မှ ထွက်ရှိသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကချင်ပြည်နယ်အနှံ့အပြားတွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့အထိ ကုန်စည်စီးဆင်းလျက်ရှိသည်။

ပညာရေးအလေးပေးသောမြို့တစ် မြို့ဖြစ်ပြီးနှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင် ချက်ကောင်းပြီး ကချင်ပြည်နယ်တွင် ပထမအဆင့်အဖြစ်အဆက်ဆက်ရရှိခဲ့ သဖြင့် မိုးညှင်းခရိုင်အဖြစ်တိုးမြှင့်သတ်မှတ် ကာအစိုးရနည်းပညာကောလိပ်ကျောင်းနှင့် မိုးညှင်းဒီဂရီကောလိပ်တို့ဖွင့်လှစ်ကာနိုင်ငံ တော်အတွက် မျိုးဆက်သစ်လူငယ်များ ထွန်းကားသောမြို့တစ်မြို့ဖြစ်ပေသည်။
သို့သော်မိုးညှင်းမြို့သည်ခရိုင်မြို့တစ် မြို့ဖြစ်သော်လည်း လျှပ်စစ်မီးရရှိမှု၊လမ်း ပမ်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများချ ထားပေးမှုတို့မှာ ခရိုင်မြို့အဆင့်နှင့် မညီ ညွတ်ကြောင်း လေ့လာတွေ့ရှိရသည်။

မိုးညှင်းမြို့နှင့် လျှပ်စစ်မီးမိုးညှင်းမြို့သည်ဂလိုင်ချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထုတ်လုပ် သော လျှပ်စစ်မီးကိုအသုံးပြုနေရပေသည်။ ဂလိုင်းချောင်းဓာတ်အားပေးစက်ရုံသည် ဟိုပင်မြို့နယ်ခွဲ၊ ငါးမိုင်ကျေးရွာ၏အရှေ့ ဘက် (၃) မိုင်ခန့်အကွာတွင် တည်ရှိကာ အဆိုပါစက်ရုံကို (၁၉၉၀) ခုနှစ် ဖေဖော်ဝါရီလတွင် စတည်တည်ဆောက် ကာ (၁၉၉၁) ခုနှစ်အောက်တိုဘာလ (၇) ရက်နေ့တွင် ဓာတ်အားများထုတ် လွှတ်အသုံးပြုနိုင်ခဲ့သည်။

အဆိုပါစက်ရုံတွင် (၆၃၀) ကီလိုဝပ် စက်ကြီး (၂) လုံးတပ်ဆင်ထားပြီးပြည်သူ လူထုထည့်ဝင်ငွေ (၂၀၄) သိန်း၊ နိုင်ငံတော် မှထည့်ဝင်ငွေ (၆၈) သိန်း၊ နိုင်ငံခြားမှ ကူညီငွေ (၁၂) သိန်း၊ စုစုပေါင်း (၂၈၄) သိန်းကုန်ကျခဲ့ပေသည်။ ယခုအခါစက်ရုံ သက်တမ်းမှာ (၂၂) နှစ်အတွင်းရောက်ရှိ ခဲ့ပြီး စက်ကရိယာများလည်း ထုတ်လုပ် မှုစွမ်းအားကျဆင်းကာပျက်စီးယိုယွင်း သည့်ဘက်သို့ရောက်ရှိနေပေပြီ။
ထိုသို့စက်ရုံမှဓာတ်အားထုတ်လုပ်မှု ကျဆင်းလာသော်လည်း မိုးညှင်းမြို့နယ် အတွင်းရှိ ဟိုပင်မြို့နယ်ခွဲ၊ နမ်္မားဒေသနှင့် မိုးညှင်းမြို့တို့တွင်ခေတ်စနစ်တိုးတက်ပြောင်း လဲလာသည်နှင့် အညီလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် မမျှ မတဖြစ်ကြရပေသည်။

နိုင်ငံတော်မှ ကချင်ပြည်နယ်အတွင်း အသုံးပြုနိုင်ရန်အတွက် (၂၀၀၉) ခုနှစ် မှစတင်၍ မိုးညှင်းမြို့တွင် (၆၆ KV) ဓာတ်အားခွဲစက်ရုံတစ်ရုံ၊ မိုးကောင်းမြို့ တွင် (၆၆ KV) ဓာတ်အား ခွဲစက်ရုံတစ် ရုံတည်ဆောက်ကာတာပိန်ရေအားလျှပ်စစ် ထုတ်လုပ်ရေးမှ ဖြန့်ဖြူးရန်စီစဉ်ခဲ့သည်။
အဆိုပါဓာတ်အားခွဲစက်ရုံများ (၂၀၁၀) ခုနှစ်တွင်ပြီးစီးခဲ့သော်လည်း ဓာတ်အားလက်ခံရယူဖြန့်ဖြူးနိုင်ခြင်းမရှိ ချေ။ ကချင်ပြည်နယ်တည်ငြိမ်အေးချမ်း မှုမရှိ၍ တာပိတ်ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိ၍ ကျောက် ပုထိုးဓာတ်အားခွဲရုံမှပေးမည်ဟူ၍လည်း ကောင်း၊ ချီဖွေငယ်ရေအားလျှပ်စစ်မှရ မည်ဟူ၍လည်းကောင်း၊ မိုးညှင်းခရိုင်ဒေသ ခံပြည်သူတို့ပျားရည်ဖြင့် ၀မ်းချခံနေကြ ရသည်။ သို့သော်လျှပ်စစ်မီးကတော့ မျှော်သာမျှော်မပေါ်လာခဲ့ပါ။

မိုးညှင်းမြို့နှင့် လမ်းပမ်းဆက်သွယ်ရေးကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် မန္တလေး၊မြစ်ကြီးနား၊ မီးရထားလမ်း၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားပြည်ထောင် စုကားလမ်းမကြီးတို့ဖြတ်သန်းသွားသည့် မြို့တစ်မြို့ဖြစ်သည်။ ပြည်ထောင်စုကား လမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်းအသုံး ပြု၍မရဘဲသွားလာမှုခက်ခဲသောလမ်း တစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊အင်းတော်မြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးမှာ ဆုထူးပန် ကုမ္ပဏီမှတာဝန်ယူခင်းခဲ့ပြီးကောင်းမွန် သောလမ်းဖြစ်လာခဲ့သော်လည်း အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာ အလွန်၊ ကချင်ပြည်နယ်အ၀င်၊ မိုးညှင်းမြို့ နယ်အစတွင် ပြည်ထောင်စုလမ်းမကြီး မှာ သွားလာမှုခက်ခဲနေပါသည်။
၁၉၉၅ ခုနှစ်ကာလတွင် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားပြည်ထောင်စုလမ်းမ ကြီးအား ပြည်သူလူထုများပူးပေါင်း၍ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါကတ္တရာဆို၍ အစအနရှာမရ သည့်နေရာများအတော်များများရှိနေပါ သည်။ မှော်ဒေသသို့ကျောက်မျက်တူး ဖော်ရေးလုပ်ငန်းလုပ်ကိုင်ကြသည့်ကုမ်္ပဏီ မှ ကားကြီးများ၏ဒဏ်ကိုဒေသခံပြည်သူ တို့ခံစားရခြင်းဖြစ်ပေသည်။

ထိုကဲ့သို့ပြည်ထောင်စုလမ်းမကြီး ညံ့ဖျင်းသလိုမန္တလေး၊ မြစ်ကြီးနား၊ ရထား လမ်းမှာလည်းညံ့ဖျင်းလှပါသည်။ မကြာ ခဏလမ်းချော်ခြင်း၊ တောင်ပြို၍ရထား လမ်းပျက်စီးခြင်း၊ ရေကျော်၍ရထားများ အချိန်မမှန်ခြင်းတို့ဖြစ်ကြရသည်။ အချို့ နေရာ (ဘုံချောင်းနှင့် နမ်းခမ်းဘူတာ) အကြားတွင် မကြာခဏတောင်ပြိုခြင်း၊ လမ်းပျက်ခြင်းတို့ကြောင့် ခရီးသွားပြည်သူ တို့အခက်အခဲဖြစ်ကြရပေသည်။

မိုးညှင်းမြို့တွင်လည်း ဆက်သွယ် ရေးစနစ်တိုးတက်လာသည်နှင့် အမျှလူ တိုင်းနီးပါးဖုန်းကိုင်လာကြသည်။ တန်ဖိုး ကြီးသော ဆယ်လူလာ၊ စီဒီအမ်အေ လက်ကိုင်ဖုန်းများကို လူအများမသုံးနိုင် ကြသော်လည်း (၂) သိန်းတန် GSM မှ စ၍မိုးညှင်းမြို့နေအိမ်ထောင်စုအတော် များများဝယ်ယူလျှောက်ထားသုံးစွဲလာ ကြသည်။ သို့သော် (၂) သိန်းတန် GSM လက်ကိုင်ဖုန်းမှာ မိုးညှင်းမြို့တွင် သုံးစွဲလို သူများအတွက်လုံလောက်သောအရေ အတွက်ရောင်းချပေးနှိုင်ခြင်းမရှိပေ။

ထို့နောက် ၁၅၀၀ ကျပ်တန်၊ တန်ဖိုး နည်းဖုန်းကတ်များ မိုးညှင်းမြို့တွင် ဧပြီ လ ၂၄ ရက်နေ့တွင် မဲစနစ်ဖြင့် စနစ်တကျ ရောင်းချပေးခဲ့ရာ အဆိုပါမဲနှိုက်မှုအတွက် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ချထားပေးသော ခွဲတမ်းစနစ်အား အများ ပြည်သူတို့ မကျေနပ်မှုများဖြစ်ပွားခဲ့ပေ သည်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်ခွဲတမ်း အတွက် (၁၅၁၇) လုံးဟုအစောပိုင်းကာ လကကြေညာထားသော်လည်း လက်တွေ့ ရောင်းချပေးသည့်အခါ (၁၀၁၇) လုံးသာ ရောင်းချပေးခဲ့သည်။ ပျောက်ဆုံးသွား သော အလုံးအရည်အတွက် (၅၀၀) မှာ မှားယွင်းပါလာသဖြင့် နေပြည်တော်မှ ပြန်ယူသွားကြောင်း ဆက်သွယ်ရေးဝန် ထမ်းတစ်ဦးမှဖြေရှင်းချက်ပေးခဲ့သည်။

အဆိုပါဖြေရှင်းချက်နှင့် ပတ်သက် ၍ ပြည်သူတစ်ဦး၏မှတ်ချက်မှာ “ဒီဖြေ ရှင်းချက်ဟာလက်ခံနိုင်ဖွယ်မရှိပါဘူး။ မိုးညှင်းမြို့ကိုချပေးတဲ့ ခွဲတမ်းဟာ ကချင် ပြည်နယ်ခွဲတမ်းထဲက ချပေးတာဖြစ်တယ်။ ပြန်သိမ်းမယ်ဆိုရင်လဲ ပြည်နယ်ကသာပြန် သိမ်းရမှာဖြစ်တယ်။နေပြည်တော်ကလာ သိမ်းစရာအကြောင်းမရှိဘူး။ မှားယွင်း တယ်ဆိုတာကလဲ မဖြစ်နိုင်ဘူး။ ဒီတာဝန် ကိုယူထားတဲ့ လူတွေကမှားပြီးပေးရလောက် အောင်ညံ့ဖျင်းနေသလား။ ဒါဟာလက်မ ခံနိုင်တဲ့ကိစ္စပဲ”ဟု ရင်တွင်းစကားပြောကြား ခဲ့သည်။
မိုးညှင်းမြို့နယ်အတွက်ရရှိသော (၁၀၁၇) လုံအားခွဲဝေရာတွင် ၀န်ထမ်းများ အား (၂း၃)ဖြင့် သတ်မှတ်ခဲ့သဖြင့် ပြည်သူလူထုအား (၆၇၈) လုံး၊ ၀န်ထမ်း များအား (၃၃၉) လုံးခွဲတမ်းချရောင်းပေး ခဲ့သည်။ လျှောက်ထားသည့်ဝန်ထမ်းအရေ အတွက်မျာ (၃၂၇) ဦးသာရှိသဖြင့် (၁၂) လုံးပိုနေသည်။ ပြည်သူလူထု၏လျှောက် ထားမှုမှာ အလုံး (၁၃၀၀) ကျော်ရှိနေ သဖြင့် လျှောက်ထားသူအရေအတွက်၏ တစ်ဝက်ခန့်သာရရှိကြသည်။

ယခုအခါတန်ဖိုးနည်းဖုန်းများကို မြန်မာပြည်အနှံ့တွင် ဒုတိယအကြိမ်ရောင်း ချပြီးဖြစ်သော်လည်း မိုးညှင်းမြို့အတွက် ခွဲတမ်းမရှိဟုသတင်းစကားရရှိပြီး ဒုတိယ အသုတ်မရောင်းချတော့ပေ။ မိုးညှင်းမြို့ ကြီးကံဇာတာညှိုးမှိန်နေဆဲပါ။ တချို့က လည်း မိုးညှင်းဆိုတော့ မင်းညှိုးတာပေါ့ ဟုပြောနေကြသည်။

မိုးညှင်းမြို့ကြီးကံဇာတာတက်ပြီး လျှပ်စစ်မီးများအများနည်းတူရရှိအောင် ပြည်ထောင်စုလမ်းမကြီးအခြားပြည်နယ် နှင့် တိုင်းများကဲ့သို့ရာသီမရွေးသွား လာနိုင်အောင် တယ်လီဖုန်းခွဲတမ်းများ အခြားခရိုင်မြို့ကြီးများရရှိသလိုရရှိအောင် အာဏာပိုင်များနှင့် တာဝန်ရှိသူအပေါင်း တို့မှကူညီစောင့်ရှောက်မှုအပေါင်းကို မိုးညှင်းခရိုင်ဒေသခံပြည်သူတို့မျှော်လင့် စောင့်စားလျက်ရှိပါကြောင့် စတုတ္ထ မဏ္ဍိုင်ကဏ္ဍမှ ရေးသားလိုက်ရပါသည်။

သစ္စာ(မိုးညှင်း)

The hot news weekly


အလွန်ထူးဆန်းဖွယ် မြင်ကွင်းဖြစ်ပါသည်။ ဘဏ်ကောင်တာများပေါ်တွင် ငွေပုံကြီးတင်ထားသည်ကို တွေ့ရပါ သည်။ များစွာသောဝန်ထမ်းများက ထောင်တန်စည်းများကို တစ်ခုနှင့်တစ်ခု ထပ်၍ ကြမ်းပေါ်တွင် ပုံထားပါသည်။ ဘဏ်သို့ လာသူများကလည်း ဈေးဝယ်သောအိတ်များဖြင့် ငွေများသယ်ယူလာခြင်း၊ လုံခြုံရေးကလည်း ဆန်အိတ်အရွယ် ငွေထုတ်ကြီး များထမ်း၍ ဝင်လာခြင်းများ တွေ့ရပါသည်။
( 7 June 2013 ရက်စွဲပါ CNN မှ Andrew Stevens ရေးသားသော Can Myanmar fix its outdated banking system? ကိုဘာသာပြန်ဆိုသည်။)

ငြိမ်းချမ်းအောင်သည် ရန်ကုန်ရှိ ၎င်း၏အိမ်ကို ရောင်းချခဲ့ပြီး ဝေခွဲမရသော ကိစ္စတစ်ခုနှင့် ကြုံခဲ့ရပါသည်။ ရှေ့ဆက် ဘာလုပ်ရမည်နည်း ဆိုသည့် ကိစ္စဖြစ်ပါသည်။ ငွေများကို ဘဏ်တွင်အပ်မည်လော သို့မဟုတ် အိမ်တွင်သာ ထားမည်လော။

နောက်ဆုံးတွင် သုံးပုံတစ်ပုံကို ဘဏ်တွင်အပ်နှံပြီး ကျန်သောငွေများကို အိမ်တွင်ထားရန် ညှိနှိုင်းခဲ့ပါသည်။ ဘဏ် တွင် အပ်ရခြင်းမှာ အိမ်မီးလောင်မည်ကို စိုးရိမ်၍ဖြစ်ပါသည်။

ဤသည်ကား 2013 ခုနှစ်ရှိ မြန်မာနိုင်ငံ၏ ဘဏ်စနစ် ဖြစ်တော့သည်။ ဘဏ်စနစ်မှာ ခေတ်မမှီတော့ဘဲ၊ လူများ ယုံကြည်မှုမရှိသည့် စနစ်ဖြစ်ကာ ပြီးခဲ့သည့် စစ်အစိုးရ၏ လွဲမှားစွာအသုံးချခဲ့မှုကြောင့် လူဦးရေ၏ 90%က ဘဏ်ကို အသုံးပြု ရန် ရှောင်ကျဉ်ခဲ့ကြပါသည်။

လူအများသည် ဘဏ်ကို ရှောင်ကြဉ်ကြပြီး ငွေများကို အိမ်တွင်သာ ထားကြပါသည်။ ကမ္ဘာပေါ်တွင် ငွေသားကို သာ ကိုင်၍ သုံးသော စီးပွားရေးစနစ်ရှိသော နိုင်ငံအဖြစ်တွေ့ရပါလိမ့်မည်။

မြန်မာအစိုးရသည် ဘဏ်စနစ်ကို ဦးစားပေး၍ ပြင်ဆင်ရန် ကြိုးစားခဲ့ပါသည်။ သို့သော် ဘဏ်ခွဲတစ်ခုသို့ သွား ရောက် ကြည့်ရှုလိုက်ပါက ၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာ၏ အရွယ်အစားကို ဖော်ပြပါလိမ့်မည်။

အလွန်ထူးဆန်းဖွယ် မြင်ကွင်းဖြစ်ပါသည်။ ဘဏ်ကောင်တာများပေါ်တွင် ငွေပုံကြီးတင်ထားသည်ကို တွေ့ရပါ သည်။ များစွာသောဝန်ထမ်းများက ထောင်တန်စည်းများကို တစ်ခုနှင့်တစ်ခု ထပ်၍ ကြမ်းပေါ်တွင် ပုံထားပါသည်။ ဘဏ်သို့ လာသူများကလည်း ဈေးဝယ်သောအိတ်များဖြင့် ငွေများသယ်ယူလာခြင်း၊ လုံခြုံရေးကလည်း ဆန်အိတ်အရွယ် ငွေထုတ်ကြီး များထမ်း၍ ဝင်လာခြင်းများ တွေ့ရပါသည်။

မြန်မာနိုင်ငံသည် တကယ့် ခရက်ဒစ်စနစ်ကို အသုံးပြုနေဆဲဖြစ်ပြီး ATM စက်များက ဖွံ့ဖြိုးမှုအသစ်တော့ ဖြစ်ပါ သည်။ မြို့အနှံတွင် မကြာခဏ မီးပျက်ခြင်းကြောင့် ATM စက်များမှာ အလုပ်မလုပ်ပေ။ စာရေးသူသည် တစ်ရက်တွင် သုံးကြိမ်ခန့် ATM စက်များကို အသုံးပြုကြည့်ရာ တစ်ခုမျှ အလုပ်မလုပ်ပေ။

သို့သော် ပြဿနာမှာ ထိုထက်ပို၍ နက်ရှိုင်းပါသည်။ အခြားနိုင်ငံများ၏ ဘဏ်စနစ်တွင် လွယ်ကူသောချေးငွေများ၊ ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဘဏ်အတွင်း စီမံချက်များ၊ ခရက်ဒစ်များ ခွင့်ပြုထားပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါ စနစ်များ လုံးဝနီးပါးမရှိပေ။ မြန်မာနိုင်ငံတွင် ကော်ပိုရေးရှင်းများနှင့် ဆိုင်သော ဘဏ်စနစ်မရှိပေ။ စီးပွါးရေးလုပ်ငန်းများ သည် ချေးငွေပြန်ဆပ်သည့် အစီအစဉ်တွင် တစ်နှစ်ထက်ပို၍ မချေးနိုင်ပေ။ ဆိုလိုသည်မှာ ကော်ပိုရေးရှင်းဆိုင်ရာ ငွေချေး မည့် (သဘာဝကျသော ပြန်ဆပ်မည့် အစီအစဉ်ပါဝင်သော) စနစ်မရှိပေ။

ဘဏ်မန်နေဂျာများသည် နေ့စဉ် စာရင်းပိတ် လက်ကျန်အခြေအနေကို ဗဟိုဘဏ်သို့ တယ်လီဖုန်းဖြင့် အစီရင်ခံ ကြရပါသည်။

ယခုအခါ ဘဏ်နှင့်ဆိုင်သော ဥပဒေကို လွှတ်တော်တွင် ရေးဆွဲလျက်ရှိရာ၊ ထိုဥပဒေ အတည်မပြုမချင်း၊ အမြစ် မှစ၍ အကိုင်းအခက်များအထိ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ဦးမည်မဟုတ်ပေ။ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည့်တိုင် ဘဏ်များသည် မျိုးဆက်နှစ်ခုခန့် စီမံခန့်ခွဲမှုအမှားများဖြင့် တည်ဆောက်လာသော ဘဏ်စနစ်အတွင်း ကြိးမားသော ယုံကြည်မှု မရှိခြင်းကို ကျော်လွှားရဦးမည် ဖြစ်ပါသည်။ ပြည်သူအများစုက ဘဏ်များအပေါ် ကြီးစွာသံသယရှိနေဆဲ ဖြစ်ပါသည်။

ပြောင်းလဲမှုအတွက် ထင်ရှားသော လက္ခဏာတစ်ခုမှာ ခရက်ဒစ်ကဒ်များ တွေ့လာရခြင်း ဖြစ်ပါသည်။ သို့သော် Visa နှင့် Mastercard တို့သာ ဖြစ်ပါသည်။ ပြည်တွင်းခရက်ဒစ်ကဒ်များ မရှိသေးပေ။ Visa သည် ယခုနှစ်ကုန်တွင် ငွေကြို တင်သွင်းသော ခရက်ဒစ်ကဒ်ထုတ်ရန် စီစဉ်နေပါသည်။

၎င်းမှာ သေးငယ်သောခြေလှမ်းမျှသာဖြစ်ပါသည်။ သို့သော်မြန်မာနိုင်ငံတွင် ဤသေးငယ်သော ခြေလှမ်းကိုပင် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိစေရန် အရေးပါလှပါသည်။ သို့မှသာ ကမ္ဘာကြီး၏ ပေါင်းစုထားသော ငွေကြေးစနစ် ကြီး၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရန် အသင့်ဖြစ်မည် ဖြစ်ပါသည်။

့yangon chronicle




မေး ။ ။ မျိုးဆက်သစ်လူငယ်တွေ ၊ အလုပ်လက်မဲ့ ပြသာနာအကြောင်းတွေကို ပြောနေကြတော့ အဲဒါနဲ့ ဆက်စပ်ပြီး တစ်ခု မေးချင်ပါတယ် ။ ဒေါ်စုအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်ဆိုတော့ NLD ကို ဘယ်လို အင်အားဖြည့်သွေးသစ်လောင်းမှာပါလဲ ။ NLD ခေါင်းဆောင်ပိုင်းဟာ သက်ကြီးပိုင်းတွေ ဖြစ်နေပြီဆိုတဲ့ ဝေဖန်မှုတွေ မကြာခဏ ရှိနေပါတယ် ။ ဒီတော့ ပါတီကို တနည်းနည်းနဲ့ အရည်အသွေးပြန်ကောင်းအောင် လုပ်ဖို့ အစီအစဉ်ရှိပါသလား ။


ဖြေ ။ ။ NLD ပါတီ ရဲ့ မြို့နယ် အဆင့် ၊ ကျေးရွာအဆင့်တွေမှာ လူငယ်တွေ အများကြီးရှိပါတယ် ။ ပါတီရဲ့ Central Committee အတွင်းမှာတောင် လူငယ်တွေ ရှိပါတယ် ။ ခေါင်းဆောင်ပိုင်း Central Executive Committee အတွင်းမှာတော့ လူငယ်တွေ လုံလောက်အောင် မရှိဘူး ဆိုတာ မှန်ပါတယ် ။ ဒါက ဘာကြောင့်လည်းဆိုတော့ ကျမတို့လူငယ်တွေရဲ့ အရည်အသွေးကို ပျိုးထောင်ပေးရဦးမှာမို့လို့ပါ ။

ကျမ ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုပါတယ် ။ မြန်မာပြည်ရဲ့ မျိုးဆက်သစ်တွေဟာ အရင်မျိုးဆက်ဟောင်းတွေနဲ့ ယှဉ်ရင်တော့ ပညာတတ်နည်းပါတယ် ။ ဒါဟာ ဒီလူငယ်တွေရဲ့ အပြစ်မဟုတ်ပါဘူး ။ အဆင့်မမှီတဲ့ ပညာရေးကို အနှစ်ငါးဆယ်လောက် ရခဲ့ကြလို့ပါ ။

လေ့လာတွေ့ရှိချက်တစ်ခုအရ လွန်ခဲ့တဲ့ အနှစ် ( ၂၀ ) က လူတွေနဲ့ယှဉ်ရင် မျိုးဆက်သစ်လူငယ်တွေ ပညာတတ်နည်းတဲ့ တိုင်းပြည် အနည်းငယ်သာရှိပါတယ် ။ အဲဒီအနည်းငယ်သော တိုင်းပြည်တွေထဲမှာ မြန်မာပြည်ပါနေတယ် လို့ သိရပါတယ် ။

သေချာတာကတော့ လွန်ခဲ့တဲ့ အနှစ် (၅၀) က မြန်မာပြည်ပညာရေးကောင်းခဲ့တာနဲ့ ယှဉ်ရင် ခုခေတ် မျိုးဆက်လူငယ်တွေဟာပညာတတ်နည်းပါတယ် ။ ဒီတော့ လူငယ်တွေကို capacity ပြည့်အောင် ပျိုးထောင်ပေးဖို့ကျမတို့မှာ အချိန်အတိုင်းအတာ တစ်ခု လိုပါတယ် ။ ဒါပေမယ့် ဒါက NLD တခုတည်းရဲ့ ပြသာနာမဟုတ်ပါဘူ ။ လူတွေက ဒါကို NLD တစ်ခုတည်းရဲ့ ပြသာနာလိုလို ပြောနေကြတယ် ။ ဒါဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြသာနာပါ ။ တနိုင်ငံလုံးက လူငယ်တွေကို အရည်အသွေး မြှင့်တင်ပေးဖို့ လိုနေပါတယ် ။

Spring Flowers

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.