06/15/13



ထိုင်းရုပ်ရှင်ဇာတ်ကားတစ်ခု မြန်မာနိုင်ငံမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ ရခဲ့တယ် ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုပါ။ ဒါပေမဲ့ ဇာတ်မြူးသရဲကားလေး Pee Makကတော့ မြန်မာပရိသတ်ရဲ့ အားပေးမှုကို အကြီးအကျယ် ပိုင်ဆိုင်နိုင်ခဲ့သလို ရုံပြည့်ရုံလျှံ ကြည့်ရှုသူတွေနဲ့ စည်ကားခဲ့ပါတယ်။ တကယ်တော့ Pee Makရဲ့ အောင်မြင်မှုဟာ ထိုင်းနိုင်ငံမှာလည်း ရုံဝင်ကြေး အမြင့်ဆုံး ရရှိတဲ့ ဇာတ်ကားတစ်ခု အနေနဲ့ မှတ်တိုင်တစ်ခု စိုက်ထူပြီးသားပါ။ မြန်မာပရိသတ်ကြားမှာ နိုင်ငံတကာ မျက်နှာသစ် ကြယ်တစ်ပွင့်အဖြစ် လူပြောများလာခဲ့တဲ့ သရဲမလေး Nak သို့မဟုတ် ထိုင်းမင်းသမီးချောလေး ဒါဗီကာရဲ့ အနုပညာရှင်ဘဝ ဖြတ်သန်းမှုကို Planet Myanmar ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

About Davika Hoorne
Date of Birth: May 16, 1992
Myanmar Nickname: Nak
Best known in Myanmar for: Actress
Nationality: Thailand

အဲဒီမင်းသမီးလေးကတော့ မီယာ ဒါဗီကာ ဟွန်းဖြစ်ပါတယ်။ (၁၉၉၂)ခုနှစ်၊ မေလ (၁၆)ရက်နေ့မှာ ဒါဗီကာကို ဘန်ကောက်မြို့တော်မှာပဲ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒါဗီကာဟာ ထိုင်းနိုင်ငံရဲ့ အနုပညာ နယ်ပယ်မှာ နာမည်ရနေတဲ့ တခြားကြယ်ပွင့် တချို့လိုပဲ အနောက်တိုင်းသွေးနှောတဲ့ ကပြားလေး တစ်ယောက် ဖြစ်ပါတယ်။ ဒါဗီကာရဲ့ ဖခင်က ဘယ်လ်ဂျီယံ နိုင်ငံသား တစ်ဦးဖြစ်ပြီး သူ့မိခင် ကန်ပါကတော့ ထိုင်းမှာ လူသိများတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါသတဲ့။ ဒါဗီကာဟာ ရုပ်ရှင်မင်းသမီး အနေနဲ့ စတင် အောင်မြင်တဲ့ အနုပညာရှင်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ အနုပညာဘဝ ပထမဆုံး ခြေလှမ်းကတော့ မော်ဒယ်လ် တစ်ယောက် အနေနဲ့ပဲ ဖြစ်ပါတယ်။

ဒါဗီကာ ငယ်ငယ်တုန်းက Sacred Heartကျောင်းမှာ မူကြိုကနေ အလယ်တန်းထိ ပညာသင်ယူပြီး အဲဒီနောက်မှာတော့ နိုင်ငံတကာ ကျောင်းတစ်ခုကနေ အထက်တန်း အောင်ခဲ့ပါတယ်။ ဒါဗီကာအနေနဲ့ အနုပညာ အလုပ်ကို လုပ်ကိုင်နေတယ် ဆိုပေမယ့် ပညာရေးကဏ္ဍက မပြီးပြတ်သေးပါဘူး။ Rangsit တက္ကသိုလ်မှာ သူဝါသနာပါရာ အထူးပြု မေဂျာအဖြစ် Faculty of Artsကို သင်ယူနေဆဲပါ။ ဒါဗီကာရဲ့ ထူးခြားတဲ့ အလှတရား တစ်ခုကတော့ ပိတုံးရောင် ဆံကေသာတွေပဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက သူ့အမေက ဒါဗီကာ ဆံပင်ရှည်ထားတာကို ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သမီးရဲ့ ဆန္ဒကို လိုက်လျောခဲ့တာလို့ သိရပါတယ်။ ဒါဗီကာ မော်ဒယ်လ်အဖြစ် စတင်လုပ်ကိုင်တော့ အဲဒီဆံနွယ်တွေကပဲ ထူးခြားတဲ့ ဆွဲဆောင်မှု တစ်ခုအဖြစ် လူသိများလာခဲ့ပါတယ်။ ဒါဗီကာဟာ အသက်(၁၃)နှစ်လောက် ကတည်းက လူငယ် သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်တချို့မှာ ကြိုကြားကြိုကြား ပါဝင်ခဲ့ဖူးပြီး အသက်(၁၇)နှစ်လောက်မှာတော့ မော်ဒယ်လ်ဘဝကို ခုံမင်ရွေးချယ်တဲ့ သူ့ရဲ့ အနုပညာ လမ်းကြောင်းက ခိုင်မာ အခြေကျလာပါတယ်။ အဲဒီနောက်မှာတော့ မော်ဒယ်လ်အနေနဲ့ရော၊ ရုပ်ရှင် သရုပ်ဆောင် အဖြစ်နဲ့ပါ အောင်မြင်တဲ့ ဘဝတစ်ခုဆီ လျှောက်လှမ်းလာနိုင်ပါတော့တယ်။

သရုပ်ဆောင် နယ်ပယ်မှာ Supermanဆိုတဲ့ Drama ဇာတ်လမ်းတိုလေးကို ရိုက်ကူးကတည်းက ဒါဗီကာကို ပရိသတ်က အသိအမှတ်ပြု သတိထားမိလာခဲ့ပါတယ်။ နောက်တော့ Cupid's Shadowဆိုတဲ့ ဇာတ်လမ်းက ထိုင်းမှာ အဆင့်အတန်းရှိတဲ့ Drama ဇာတ်ကားကောင်းလေး အနေနဲ့ ပရိသတ်ရဲ့ စိတ်နှလုံးကို ဖမ်းစားလာနိုင်ခဲ့တယ်။ တကယ်တော့ ဒါဗီကာဟာ သရုပ်ဆောင် အလုပ်မှာ အတွေ့အကြုံ များများစားစား ရှိလှသေးတာ မဟုတ်ပါဘူး။ ရုပ်ရှင် ဇာတ်ကားကြီးဆိုလို့ (၂)ခုသာ ရိုက်ကူးခဲ့ဖူးပြီး Drama ဇာတ်လမ်းတိုလေး နည်းနည်းနဲ့ TVစီးရီး (၃)ခုစာလောက်သာ ရိုက်ခဲ့ဖူးသေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လှပကျော့ရှင်းတဲ့ သူ့ရဲ့ ရုပ်ရည်ရယ်၊ ပါရမီအခံရှိတဲ့ သရုပ်ဆောင် စွမ်းရည်ရယ်ကြောင့် ထိုင်းမှာတော့ တစ်စထက်တစ်စ ပရိသတ် တိုးပွားပြီး အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။

ဒါဗီကာအနေနဲ့ သူ့ရဲ့ အလှအပကြောင့် ကြော်ငြာလုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တာလည်း မဆန်းတဲ့ ကိစ္စတစ်ခုပါ။ Ponds၊ D-Lite၊ Wellcom Mobileစတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဒါဗီကာဟာ ကြော်ငြာမော်ဒယ်လ် အနေနဲ့ ပါဝင်ခဲ့ရပါတယ်။ ပြီးတော့ Nikonကလည်း သူတို့ရဲ့ ထုတ်ကုန် CoolPix S8000အတွက် ဒါဗီကာနဲ့ အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါဗီကာ အနေနဲ့ ကြော်ငြာမော်ဒယ်လ် ဘဝမှာ အောင်မြင်နေသလို ရုပ်ရှင်ဘက်မှာလည်း မလစ်ဟင်းအောင် ဟန်ချက်ညီညီ လျှောက်လှမ်းနေရတာပါ။

သူနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ပရိသတ် မှတ်ချက် တစ်ခုကတော့ ဒါဗီကာဟာ Drama ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်တဲ့ မင်းသမီးလို့ ကောက်ချက်ချကြတာပါပဲ။ Cupid's Shadow၊ Superman၊ Dawn of Love၊ Love has Become Shameတို့လို ဇာတ်ကားတွေမှာ ကွဲပြားတဲ့ စရိုက်အဖုံဖုံကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြခဲ့ပါတယ်။ ရုပ်ရှင် ဇာတ်ကား အနေနဲ့ ပထမဆုံး ဒါဗီကာ ပွဲဦးထွက် ပါဝင်ခဲ့တာက (၂၀၁၂)ခုနှစ်က ရုံတင်တဲ့ Bpidtu Poom Prom Dan Haeng Rukဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ပေမယ့် ပြောင်ပြောင်မြောက်မြောက်တော့ သိပ်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ Pee Makကို (၂၀၁၃)မှာ ရုံတင်တော့ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

ဒါဗီကာဟာ လင်သားကို စွဲလန်းရင်း မကျွတ်မလွတ်နဲ့ သရဲတစ္ဆေဘဝ ရောက်ရရှာတဲ့ မိန်းကလေး တစ်ယောက်အဖြစ် သနားစရာ၊ ရယ်စရာ၊ ကြည်နူးဆွတ်ပျံ့စရာ ရသအမျိုးမျိုး ပေါ်လွင်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါရိုက်တာ ဘန်ဂျွန် ပီဆန်သန်နာကွမ် ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ မာရီယိုမော်ရာနဲ့ ဒါဗီကာတို့က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတာပါ။ ဒါဗီကာအနေနဲ့ Pee Mak ရုပ်ရှင် အကြီးအကျယ် အောင်မြင်ခဲ့တဲ့အတွက် ကိုယ်တိုင် အံ့ဩကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူက ခြောက်ခြောက်ခြားခြား ဇာတ်ကားမျိုးတွေကို ကြည့်လေ့ရှိသူ မဟုတ်ကြောင်း ဒါဗီကာက ဖွင့်ဟခဲ့ပါသေးတယ်။ Pee Makနဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ့ စကားပြောရာမှာ ဒါဗီကာက "ကျွန်မက Horror Movieတွေကို မကြိုက်ဘူးရှင့်။ အဲဒီလို ဇာတ်ကားတွေ ကြည့်ရတာ ကျွန်မ အရမ်းကြောက်တယ်"လို့ သူက ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒါဗီကာတစ်ယောက် သူမကြိုက်တဲ့ ဇာတ်ကားမျိုးနဲ့ အောင်မြင်လာတာကတော့ ကံတရားရဲ့ လှည့်ကွက်လို့ ဆိုရလေမလား။ Pee Makဟာ (၁၉၉၉)ခုနှစ်က ရုံတင်ပြီး နာမည်ကျော်ခဲ့တဲ့ Nam Nakဆိုတဲ့ ထိုင်းသရဲရုပ်ရှင် တစ်ခုကို ပုံစံပြောင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ထုပ်တန်းပေါ်က ဇောက်ထိုးဆွဲပြီး သရဲခြောက်ရတဲ့ အခန်းမှာ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ကြောင်းလည်း ဒါဗီကာက ဖောက်သည်ချပါသေးတယ်။ "ကျွန်မက ငိုရမှာလေ။ ကျွန်မအနေနဲ့လည်း Pee Makနဲ့ Nakတို့ရဲ့ သနားစရာ ဖြစ်ရပ်ကို တွေးပြီး စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဖွင့်ထားတဲ့ အလွမ်းတေးသွားလေးကလည်း အထောက်အကူတော့ ဖြစ်စေပါတယ်။ ဒါပေမဲ့ အဲဒီလို ဇောက်ထိုးကြီး ငိုရတာ အင်မတန်ခက်တယ်။ ပြီးတော့ ကျွန်မ မျက်လုံးတွေပါ နာလာရော"လို့ သူ့အတွေ့အကြုံကို ဒါဗီကာက ပြောပြပါတယ်။

ဘာပဲဖြစ်ဖြစ် အဆင်မပြေမှုလေးတွေက ခုချိန်မှာတော့ တန်နေပါပြီ။ Pee Makဟာ ထိုင်းမှာ ဝင်ငွေအကောင်းဆုံး ဖြစ်လာသလို တောင်အာရှ နိုင်ငံတချို့မှာလည်း အရှိန်ကောင်းကောင်းနဲ့ ထိုးဖောက်နေဆဲ ဖြစ်ပါတယ်။ ဒါဗီကာက သရဲအဖြစ် သရုပ်ဆောင်ဖို့ မိတ်ကပ်ကို အချိန်ယူ လိမ်းရလေ့ရှိပြီး သူနဲ့တွဲဖက် သရုပ်ဆောင်ရတဲ့ အဖွဲ့သားတွေကလည်း နှစ်လိုစရာပါလို့ ဆိုပါတယ်။ "သူတို့က ပျော်ပျော်နေတတ်တယ်။ တောက်လျှောက် ဟာသတွေ ပြောနေကြတာပါပဲ။ ဒါပေမဲ့ အလုပ်လုပ်တဲ့ အချိန်မှာတော့ စိတ်ကို နှစ်ပြီး လိုတဲ့အတိုင်း သရုပ်ဆောင်နိုင်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်က အလေးအနက် သဘောထားရှိတဲ့ သရဲမတစ်ယောက်အဖြစ် သရုပ်ဆောင်နေရပေမယ့် သူတို့ကို ကြည့်ပြီး မရယ်မိအောင် ကျွန်မ မနည်းစိတ်ထိန်းနေရတယ်"လို့လည်း ဒါဗီကာက ပြောပြပါသေးတယ်။

ဒါဗီကာ အနေနဲ့ လောလောဆယ်မှာတော့ ပညာရေးနဲ့ အနုပညာ အလုပ်ကို ဘက်မျှအောင် ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ (၂၀၁၃)ခုနှစ်အတွက် ပေါ်ပြူလာဖြစ်လာတဲ့ မင်းသမီး တစ်ယောက်အနေနဲ့ Talk About Awardဆုကိုလည်း ချီးမြှင့်ခံထားရပြီ ဖြစ်ပါတယ်။

(credit crystal royal)


ယနေ့ မနက်က မိချောင်းကန် အပိုင်း (၁ ၂ ) ရပ်ကွက်နေ ပြည်သူလူထု နှစ်ပေါင်း ၂၀ ခန့် နေထိုင်လာခဲ့သည့် မြေကွက်စိုက်ခင်းများမှ တပ်အင်အားသုံးပြီး အတင်း ဖယ်ရှားမောင်းထုတ် မှုကြောင့် ဒုက္ခရောက်နေသော ပြည်သူ ငါးရာ ခန့်ကို ယနေ့ မနက်က သွားရောက် အားပေး စကားများ ပြောကြားခဲ့သည်။
ဖြစ်သလို အမိုးအကာများဖြင့် လမ်းဘေးတွင် နေစရာမဲ့နေသော ပြည်သူလူထု ကို ကြည့်ပြီး ယနေ့ခေတ် အုပ်ချုပ်ရေး စနစ် အသွင်ပြောင်းလဲရန် လိုအပ်နေသေးသည့် အခြေအနေများကို သုံးသပ်မိပါသည်။

လူထုကိုသာ လက်နက် အင်အား အသုံးပြုပြီး အတင်း ဖယ်ရှား အနိုင်ကျင့်ကြသည်။
ယခုလို အသံဖိုင်နှင့် တကွ ဖြစ်စဉ်များ အတိအကျ တင်ပြတောင်းဆိုသော်လည်း ယခုထိတိုင် ကွင်းဆင်းစစ်မေး အရေးယူခြင်း ပြည်သူ့ ၀န်ထမ်းတိုက ပဋိဥာဉ်များ ချိုးဖေါက်ကာ ကိုယ်ကျိုးစီးပွားရှာစားမှု အကျင့် စရိုက်စွဲမြဲနေသော ၀န်ထမ်းဆိုများအား ဖေါ်ထုတ် အရေးယူခြင်း မပြူသေးသည့် အစိုးရအဖွဲ့သစ်၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု အခြေအနေ အားနည်းနေမှုကို လွန်စွာ ၀မ်းနည်း တသ ဖြစ်ရပါသည်။
သင်္ဃန်းကျွှန်း မိချောင်းကန် အပိုင်း ၁ ဝေဇယန္တာ လမးထောင့် မှ နှင်မောင်းထုတ်ခံ အိုးအိမ်မဲ့ ပြည်သူလူထုကို သွားရောက်အားပေးစကား ပြောကြား
http://www.youtube.com/watch?v=bqGykc3V6hM&list=UU8yFNrrKBoGlCmE64mLGBVw

ကျနော်တို့ လယ်သမားခေါင်းဆောင်များနှင့် မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ညီအကိုများ ကားများ ဆိုင်ကယ်များဖြင့် ပုသိမ်သို့ ခရီးသွားစဉ် ဇွန်လ ၅ ရက်နေ့ နေ့လည်က ပန်းတနော်မြို့နယ် အင်းမ တံတား ထိပ်တွင် အင်းမ ရွာသား မဟုတ်သော လူစိမ်းများစွာ က တုတ်ဒါး လက်နက်များဖြင့် စောင့်ဆိုင်းနေကြသည်။ အရက်သေစာ မူးယစ်နေသူက အများစုဖြစ်သည်။ ထို အချင်းအရာများကို မြင်တွေ့ နေရသူ မိမိတို့က ဇွတ်တိုးခြင်း မပြုလုပ်ပဲ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူ ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူး ၀င်းမြင့်ထူး ထံ တယ်လီဖုန်းဖြင့် ချက်ချင်းဆက်သွယ် သတင်းပို့သည်။

၁၉(င) ဥပဒေကို ချိုးဖေါက်ကာ လက်နက် ဖြစ်သော ဒါးများကိုင်ဆောင်ထားသည့် လူအုပ်များ၊ တစုံတဦးက ခိုင်းစေသည့် အသွင်သဏ္ဍာန်ဆောင်သည့်  အကြမ်းဖက် တိုက်ခိုက် ရန်မူလိုသူ များ အန္တရာယ်မှ တုတ်ဒါးလက်နက် အပ်တိုတချောင်းမှ မပါရှိသော သာမန်ခရီးသွားပြည်သူ မိမိတို့အား ကာကွယ်ပေးပါရန် ဖုန်းဆက် သတင်းပို့သည်။ ရဲမှူးဝင်းမြင့်ထူးက နိုင်ငံ့ဝန် ထမ်း ပီသ စွာပင် ဖြေကြားသည်။ ရိုက်ရင်လည်း ခံလိုက်ပေါ့ ကွာ။ မင်းတို့လို သူခိုဂျပိုးတွေကို ကာကွယ်ပေးဖို့ မရှိဘူး ဟု ဆိုလေသည်။


ဥပဒေကို ချိုးဖေါက်ကာ ဒုတ်ဒါး လက်နက် ကိုင်ဆောင်သူကို ဖေါ်ထုတ်စုံစမ်း အရေးယူရမည့် အစား လူကိုပြန်ဟစ်နေသော ဥပဒေ ဘက်တော်သား များဖြင့် အနာဂတ် နိုင်ငံတော်သစ်ကို ဘယ်လိုများ ပြုပြင်ပြောင်းလဲ တည်ဆောက်နိုင်ပါမည်နည်းဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ တာဝန်ရှိသူ ခေါင်းဆောင်များကို ယခု သက်သေ အသံဖိုင်ဖြင့် နင်းပြား ပြည်သူများကိုယ်စား မေးခွန်းထုတ်လိုပါကြောင်း .....

နေမျိုးဇင်


အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာလည်း သူ့ရဲ့ကြံ့ခိုင်ဖွံဖြိုးရေးပါတီအနေနဲ့နိုင်ငံအကျိုးစီးပွားအတွက် လိုအပ်ရင် အန်အဲဒီနဲ့ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်မြို့ အေပီ သတင်းဌာနကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးရွှေမန်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်မှုတည်ဆောက်တာ၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိတယ် စတာမျိုး ပြောတာတွေဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွက် မဲ ရအောင် ပြောတာလားဆိုတာ စဉ်းစားစရာ ဖြစ်တယ်လို့နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ဘားမားတူဒေး သတင်းဌာနက အယ်ဒီတာ ဦးမြင့်လှိုင်က သူ့အမြင်ကို ပြောပါတယ်။

တိုင်းပြည်တိုးတက်ရေးအတွက် သူတို့ နှစ်ယောက် ပြောဆိုလုပ်ကိုင်ကြမယ်ဆိုတာ ယုံကြည်ပေမယ့် တခြားနိုင်ငံရေး အကျိုးအမြတ် ရဖို့အတွက် ဘယ်သူက ဘယ်အချိန်မှာ ဘယ်သူက ဘယ်လို နိုင်ငံရေး ကစားတယ်ဆိုတာ ပြောဖို့ခက်တယ် လို့ဦးမြင့်လှိုင်က ဆိုပါတယ်။

ဦးရွှေမန်းရဲ့ အမေရိကန်ခရီးစဉ်ပတ်သက်လို့တော့ ဦးရွှေမန်းကို အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ အမြင်မျိုးနဲ့ အရင်က အများက နားလည်နေခဲ့သလို တရုပ်ခေါင်းဆောင်ပိုင်းကလည်း အရင်က အဲဒီလို သိထားခဲ့တယ်လို့ သူယုံကြည်တယ်ကြောင်း ပြောပါတယ်။

အမေရိကန်တို့က မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင်မျိုးနဲ့ ဆက်ဆံဖို့ လိုအပ်သလို ဦးရွှေမန်းလို စစ်ဘက်က ထိပ်တန်းအရာရောက်တယ်လို့ ယူဆရတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့တွေ့ဖို့လည်း လိုအပ်တယ်၊ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ စထားတဲ့ ဆက်ဆံရေးကို ပို ခိုင်မာအောင်လုပ်ပြီး တရုပ်တို့နဲ့လည်း ဆက်သွယ်ရေးလမ်းကြောင်းကို မပျက်အောင် ထားနိုင်ရင် မြန်မာနိုင်ငံရဲ့ အလားအလာ အများကြီးကောင်းမယ်လို့ ဦးမြင့်လှိုင်သုံးသပ်ပါတယ်။

bbc

Photo..Mizzima
ရန်ကုန်ရှိ နိုင်ငံရေး အခမ်းအနားတော်တော်များကို ဒီနေ့ခေတ်မှာ တော်ဝင်နှင်းဆီတွင် သာအများဆုံး ပြုလုပ်ကြသည်ကို တွေ့လာရသည်။ ထို့ကြောင့် စစ်အစိုးရ လက်ထက် တော်ဝင်နှင်းဆီနိုင်ငံရေးလို့ ပြောရင်ရမယ်ထင်သည်။

၇ ဂျူလိုင်လို အခမ်းအနားမျိုးမှာ ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနိုင်လျှင်ကောင်းမှာပဲ ဖုန်းမော်နေ့လို့ အခမ်းအနားကို RIT ထဲမှာကျင်းပနိုင်ရင်ကောင်းမှာပဲလို့ မကြာမကြာတွေးဖူးသည်။ သူ့နေရာနှင့် သူ့အခမ်းအနားကိုက်ညီစွာ ကျင်းပနိုင်ဖို့ဆိုသည်မှာ နိုင်ငံရေး အခြေအနေနှင့် တိုက်ရိုက်ဆက်စပ် ပတ်သက်သည်။ ဒီအခြေအနေ ဘယ်တော့ရောက်မလဲလို့ စဉ်းစားလိုက်ရင် ရှိသမျှအား ထပ်၍ ညှုစ်ထုတ်ကြရအုံးမယ်။ လျှောက်ခံကြသောလမ်း တ၀က်တော့ ကျော်ခဲ့ကြပြီ။

ရှစ်လေးလုံးလို အခမ်းအနားကို ရန်ကုန်မြို့တော်ခမ်းမရှေ့ မှာ ချီတက်ပွဲများနှင့်အတူ ကျင်းပနိုင်လျှင်ကောင်းမှာ ပဲဟု တွေးထင်သည်။ ရန်ကုန်မြို့တော် ခမ်းမရှေ့  ခြေစုံရပ် ရှစ်လေးလုံးကို ဂုဏ်ပြုချင်သည်။ မုံရွာက ရှစ်လေးလုံးကို ၈၈ကလို မြို့လည်နာရီစင်လိုနေရာမျိုးမှာ စုရပ်လုပ် ကျင်ပပြီးလုပ်နိုင်လျှင်ကောင်းမှာပဲဟု ဒီနှစ်လို အခါမျိုးမှာ အထပ်ထပ် စဉ်းစားမိလာသည်။

ရှစ်လေးလုံးဟာ ၈၈ကာလက တရက်ထဲမှာ တပြိုင်တည်းဖြစ်တာမို့ နေရာအနှံ မြို့ အနှံ့  မှာ ဖြန့်ကျက် ကျင်းပနိုင် လျှင်ကောင်းမည်းဟုထင်မြင်မိသည်။ စစ်အစိုးရက ခွင့်မပြုလဲ ချီတက်ပွဲများဖြင့် လုပ်နိုင်လျှင်ပိုကောင်းပေသည်။ အားလုံး ၈၈ကလို တိုင်မင်ခေါ်၍ ငွေရတုကို တနိုင်ငံလုံ ဂုဏ်ပြုနိုင်လျှင် နိုင်ငံရေးလှုပ်ရှားမှုအသွင် ဖန်တီးနိုင်လျှင် ပိုကောင်းမည်ဟု စဉ်းစားမိသည်။

ထို့ကြောင့် ဒါတွေအားလုံးသည် နိုင်ငံရေးအခြေအနေပေါ်မူတည်သည်။ အထပ်ထပ် အလီလီဖြစ်နေသော တော်ဝင်နှင်းဆီ နိုင်ငံရေးထက် ကျော်လွန်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိသည်။ စဉ်းစားလဲ စဉ်းစားသင့်သည်။

နိုင်ငံရေးအခြေအနေဆိုရာမှာ ပေးတဲ့ ခွင့်ပြုတဲ့အခြေအနေပေါ်မူတည်မလား (သို့မဟုတ်) ကိုယ်က ဖန်းတီးမလားဆိုသည့်အပေါ်မူတည်၍ ပြောင်းလဲသွားပေလိမ့်မည်။

ရဲဘော်သံဒုတ်

ယနေ့မလေးရှားနိုင်ငံ Royal Police Malaysia မှ ရဲချုပ်မှ မြန်မာနိုင်ငံ ဆိုင်ရာ သံမှူးဦးကျော်စွာအား အောက်ပါအတိုင်းပြန်လည်ပေးပို့ကြောင်း သိရပါသည် ။ ပေးစာအပြည့်အစုံမှာ ....

ဦးကျော်စွာ 10.6.2013
သံမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
8C ဂျလန်းအန်ပန်းဟီလာ
ကွာလာလမ်ပူ

အကြောင်းအရာ ။ ။1.6.2013 ပါ ဆလာရန်းတွင် မြန်မာမားတိုက်ခိုက်ခံရမှု့အပေါ်တောင်းဆိုချက်ကို ပြန်ကြားခြင်း


1. မလေးရှားနိုင်ငံတွင် လာရောက်နေထိုင်သည့် သို့မဟုတ် လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအားလုံး၏ အားလုံးအား စောင့်ကြည့်ရန် မလေးရှားပြည်နယ်အားလုံး၏ရဲဌာနများအား ညွှန်ကြားထားပြီးဖြစ်ပါတယ် ။ မလေးရှားတော်ဝင် ရဲဌာကလည်း အခြားသော အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တရားမဝင်ပြောင်းရွေ့နေထိုင်သောမြန်မာနိုင်ငံသားများအား နှင့် မသင်္ကာသူများကို ဖော်ထုတ်ဖမ်းဆီးရန် ဆောင်ရွက်လျှက်ရှိပါသည် ။

2. တစ်ချိန်းတည်းမှာပဲ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော မြန်မာနိုင်ငံသားများ နှင့် ထိခိုက်ဒဏ်ရာရရှိမှု့များကို စုံစမ်းဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည် ။

3. ထို့အတူ မြန်မာနိုင်ငံသားများကလည်း မိမိတို့ အန္တရာယ်ကို သတိဝရိယ ထားပြီး နေထိုင်သွားလာကြပါရန် အကြံပြုပါသည် ။ မိမိတို့ မသင်္ကာမှု့ခြိမ်းခြောက်ခံရမှု့များရှိပါက အနီးဆုံးရဲစခန်းသို့ ချက်ချင်းဖုန်းဆက်သတင်းပေးပို့ပါရန် တို့ဖြစ်ပါသည် ။

Dato' Wan Ahmad Najmuddin Bin Mohd
တော်ဝင်ရဲတပ်ဖွဲ့အတွင်းရေးမှူး
မလေးရှားတော်ဝင်ရဲတပ်ဖွဲ့

တို့ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိအောင် တင်ဆက်ပေးလိုက်ပါသည် ။

မလေးရှားရောက်မြန်မာများ


ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ သဘောထားဆန္ဒမပါဘဲ သံဃာအချို့က ရေးဆွဲထားတဲ့ မျိုးစောင့်ဥပဒေကြမ်း ဟာ နိုင်ငံတော်ဘာသာတစ်ခုထူထောင်လာနိုင်သလို ပဒေသရာဇ်ခေတ်ကို ပြန်လည်ဦးတည်နေတယ်လို့ ရွှေဝါရောင်ကွန်ရက် ဦးဆောင်ဆရာတော်က ဇွန်လ ၁၄ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ဆင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။

DVB TV News


မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ် ခံရပြီးနောက် မလေးရှားအစိုးရက မြန်မာနိုင်ငံသား ထောင်ပေါင်းများ စွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့ မည်ဟု ပြောသည်။

ကွာလာလမ်ပူမှလာသော အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် မလေးရှား ဒုတိယပြည်ထဲရေးဝန် ကြီး ဝင်န်ဂျူနာဒီ၏ပြောဆိုချက် ကို ကိုးကားဖော်ပြရာ၌ မြန်မာ များ အချင်းချင်း ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွား မှုကို မလေးရှားသို့ယူဆောင်လာ ခြင်းဖြစ်ကြောင်း သတင်းထောက် များကို ဒုဝန်ကြီး ကပြောဆိုကြောင်း သိရသည်။ ''လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းစခန်းမှာ မြန်မာ ၄၄၀၀ ထိန်း သိမ်းထားပါတယ်။ ကျွန်တော်တို့ မြန်မာအာဏာပိုင် အထူး သဖြင့် မြန်မာ သံရုံးကို ဖိတ်ခေါ်ထားပါ တယ်။ အဲဒီ သူတွေကို ပြန်ခေါ်သွားဖို့ပါ'' ဟု ဒုဝန်ကြီး ကပြောသည်။

ထို့ပြင် သူက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ကို သူတို့ကိုယ်သူတို့ ဒုက္ခသည် များဟု ပြောဆို ပြီး မြန်မာပြည် ကို လုံခြုံမှုမရှိ၍မပြန်လိုကြောင်း ပြောဆို နေသူများ အား အလျင် အမြန် စိစစ်ပေးရန် တောင်းဆို လိုက်သည်။ အေဂျင်စီတွင် အထောက် အထား အရ မြန်မာဒုက္ခသည် ၉၅၀၀၀ ခန့် မလေးရှားတွင်နေ ထိုင်ကြောင်း သိရသည်။ သူတို့ ကို မည်သည့် တရားဝင်အဆင့် အတန်းမှ သတ်မှတ်ပေးမထား သော်လည်း ယာယီ နေ ထိုင်ခွင့် တော့ပေးထားသည်။ ထိုအထဲ တွင် ၂၈ဝဝဝခန့် မှာ မူဆလင်ရိုဟင်ဂျာများဖြစ် သည်ဟု ဆိုသည်။ ပြည်ထဲရေးဒုဝန်ကြီးက ဆက်လက်ပြော ဆိုရာ တွင် မလေး ရှား၌ မြန်မာနိုင်ငံသား ၂၅၇၀၀၀ ခန့် အလုပ် လုပ်နေကြပြီး ယင်း တို့အနက် ၁၄၄၀၀၀ မှာ တရား မဝင် အလုပ်သမားများ ဖြစ်ကြ ကာ လစာနည်း အလုပ် များ ဖြစ် သည့် စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး နှင့် မလေးရှားနိုင်ငံသားများ မလုပ်လိုသည့် အလုပ်များ လုပ် ကိုင်နေကြသည်ဟု ထည့်သွင်း ပြောဆို သွား သည်။

မလေးရှား အာဏာပိုင်များ က မလေးရှားများက ဝိုင်းဝန်း တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံ သားများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အရေးကိစ္စအပေါ် ပြန်လည် လက်စား ချေ လိုသော ကြောင့် ဖြစ်သည်ဟုပြောသည်။ သို့သော် မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကမူ ထိုဖြစ်ရပ်သည် ဘာသာရေး ကိစ္စ ကြောင့် မဟုတ် ဘဲ ဂိုဏ်းဖွဲ့တိုက်ခိုက်ခြင်းမျိုးဟု ယုံကြည်ဖွယ်ရာ ဖြစ်နေကြောင်း သီးခြားမှတ်ချက်ပေးသည်။ ''ဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသား တွေကို အကာ အကွယ်ပေးဖို့ မလေးရှား အစိုးရကို ကျွန်တော်တို့ အကူ အညီ တောင်းထားပါတယ်။ တ ချို့က မြန်မာပြည်ပြန်လိုနေကြ ပါတယ်။ သူတို့ မြန်မြန်ပြန် နိုင်အောင် ကျွန်တော် တို့စီစဉ်နေပါ တယ်''ဟု ဦးဇင်ယော်က ဆက် လက်ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ အ လုပ်သမားအရေး ဆောင်ရွက် သူ ဦးရဲနိုင်ဝင်းက ''ပြည်ပက မြန်မာလုပ်သားတွေကို ပြန်လက် ခံရုံနဲ့မပြီးဘူး။ အစိုးရက မူဝါဒ ချမှတ်ပြီးတော့ ပြည်ပ လုပ်သား တွေအတွက် လုပ်သင့်တယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ကမရှိဘူး။ သူတို့ ဟိုမှာရတဲ့လစာနဲ့ ဒီမှာရ တဲ့ လုပ်အားခက ကွာခြားမယ်။ အဲဒါကြောင့် ပြန်လာ ပြီးလဲ ပြန် ထွက်သွားကြမှာပဲ။ အဲဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အ လုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ ရေရှည် မူဝါဒ ချပြီးလုပ်ရမယ်''ဟု ပြောသည်။

ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''နိုင်ငံခြားကို အလုပ်သမား သွားလုပ်တယ်ဆို တာ ပြည်တွင်းမှာ မလုပ်ချင်လို့ ထွက် သွားကြတာ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက လဲမရှိဘူး။ သူများနိုင်ငံမှာတော့ ဘယ်သူမှ အောက်ကျခံပြီးမလုပ် ချင်ကြဘူး ။ အခုလိုဖြစ် တော့ လဲ ကိုယ့် မြန်မာနိုင်ငံသား တွေဖြစ် တဲ့အတွက် ပြန်ခေါ်ရမယ်။ အ လုပ်အကိုင်တွေကို ပြည်တွင်းမှာ ဖန်တီးပေးရမယ်''ဟု သုံးသပ်ပြော သည်။

ညီလတ်

Yangon Media Group

“တစ်ကောင်တည်းဒါပေမဲ့ခြင်္သေ့”ဆို သော စာအုပ်အမည်လေးကို သတိရမိ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းခြံဝင်း ကြီးထဲတွင် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ အထိ နှစ်ပေါင်းများစွာတစ်ကိုယ်တည်းအကြိမ် ကြိမ်နေထိုင်ခဲ့ရသူဖြစ်သည်။ လွှတ်လိုက်၊ ပြန်ဖမ်းလိုက်သံသရာထဲတွင် တစ်ကိုယ်တည်း နှစ်ပေါင်းများစွာေ နထိုင်ခဲ့ရသူသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အကျဉ်းသားဘ၀ဖြင့် နေထိုင်နေရစဉ်ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ကွယ်လွန်သွား ခဲ့သည်။ ခင်ပွန်းသည်၏ဈာပနကို မြန်မာ ပြည်ဒီမိုကရေစီအရေးနှင့် နှိုင်းယှဉ်ရွေးချယ်ခဲ့ ရလေရာ မြန်မာပြည်အတွက်သာ သူမ ရွေးချယ်ခဲ့သည်။ သည့်အတွက် ခင်ပွန်း သည်၏နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင် ခွင့်မရခဲ့။ ခင်ပွန်းသည်၏အလောင်းကို မမြင်တွေ့နိုင်ခဲ့ပါချေ။ အရွယ်မရောက် သေးသောသားနှစ်ယောက်၏ ဘ၀ရှေ့ရေး၊ ပညာရေး၊ လူမှုရေးအစစအရာရာကို လျစ်လျူရှုကျောခိုင်းခဲ့ရသည်။ တွမ်နှင့် အလက်ဇန်းဒါးသားနှစ်ယောက်၏ဘ၀မှာ ဖခင်မဲ့သွားရသောဘ၀တွင် မိခင်ကလည်း မြန်မာပြည်ထဲတွင် အကျဉ်းကျနေရသည်။ မြန်မာစစ်အစိုးရ၏ အရေးအကြီးဆုံး၊ အတင်းကြပ်ဆုံးအကျဉ်းသားမှာ အလက် ဇန်းဒါးနှင့် တွမ်တို့၏ မိခင်ဖြစ်နေလေ သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှကြည့် လျှင် အမိမြန်မာပြည်နှင့် သန်း ၆၀ ပြည် သူတို့၏ဘ၀အတွက် မိမိသားနှစ်ဦးကို စွန့်ပစ်ထားခဲ့ရသည်။ ခင်ပွန်းသည်မှာ သူ့ဇနီး၏မျက်နှာကို နောက်ဆုံးအကြိမ်ပင် မြင်သွားခွင့်မရခဲ့နိုင်ပါချေ။ အလွန်ညံ့ဖျင်း လှသောတယ်လီဖုန်းကြိုးထဲမှ ကြားတစ် ချက်၊ မကြားတစ်ချက်ဇနီးသည်၏အသံ ကိုသာ ခက်ခက်ခဲခဲကြားလိုက်ရခြင်းသည် သာ သူ့အတွက်ဇနီးသည်မှ ပေးအပ်နိုင်ခဲ့ သော ဆန္ဒမျှသာဖြစ်ခဲ့ရသည်။

ကျွန်တော်သည် ၁၉၈၈-၈၉ ကာလ များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခြံ ၀င်းထဲတွင် နေထိုင်ခဲ့ဖူးလေရာမိုက်ကယ် ကိုလည်းကောင်း၊ တွမ်နှင့် အလက်ဇန်းဒါး တို့ကိုလည်းကောင်းအနီးကပ်ဆက်ဆံခဲ့ဖူး ပါသည်။
ကျွန်တော်တို့နှင့် ဒေါ်အောင်ဆန်း စုကြည်နေ့ဘက်၊ တစ်ခါတစ်ရံညဖက်ညဥ့် နက်သည့်တိုင် နိုင်ငံရေးကိစ္စများဆွေးနွေး နေသည်ကို ဘာတစ်ခုမျှဝင်မပါဘဲ ဧည့်ခန်း၏ထောင့်တစ်နေရာတွင် တိတ် ဆိတ်စွာထိုင်နေတတ်သော မိုက်ကယ်ကို ကျွန်တော်မြင်ယောင်နေမိပါသေးသည်။

တစ်ခါက ကျွန်တော်ဒေါ်အောင်ဆန်း စုကြည်နှင့်စကားပြောနေလေရာနေ့လည် စာစားချိန်တွင် တွမ်သည်သူ၏မိခင်ကိုယ် တိုင်နေ့လည်စာကျွေးမွေးပေးစေလိုသဖြင့် ကျွန်တော့်ကြောင့် အလုပ်များနေရသော မိခင်ကိုစိတ်ဆိုးနေပါသည်။ စိတ်ကောက် နေပါသည်။ ထိုအခါဒေါ်စုက သားငယ် ၏ဆန္ဒထက်နိုင်ငံရေးကိစ္စကို မပျက်ပြား လိုသဖြင့် တွမ်ကို Tom Go Away ဟု ခပ်မာမာလေသံဖြင့် ပြောဆိုလိုက်ရာတွမ် မှာ မျက်နှာလေးမဲ့ကာမဲ့ကာ၊ မျက်ရည် များလည်လျက် မိခင်အပါးမှ ထွက်သွား ခဲ့သည်ကို အမှတ်ရနေမိပါသည်။

အထီးကျန်ရက်လနှစ်များကို တစ်ကိုယ် တည်းဖြတ်သန်းခဲ့ရသော ဒေါ်အောင်ဆန်း စုကြည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော်တို့စတွေ့သည့်အချိန်က အန်တီ စုသည် ၄၄ နှစ်သာရှိပါသေးသည်။ တကယ် တော့ ဒေါ်အောင်ဆန်းစုကြည်အသက် ၄၅ နှစ်လောက်ကတည်းကပင် သူမ၏ ခင်ပွန်း၊ သားနှစ်ယောက်နှင့် နှစ်ရှည်ကွဲ ကွာအကျဉ်းသားဘ၀ဖြင့် တစ်ကိုယ်တည်း အထီးကျန်ဘ၀ကို စတင်လျှောက်လှမ်းခဲ့ ရသူဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့မှာ အသက် ၂၄ နှစ်သာရှိသေးသဖြင့် ကျွန်တော်တို့ထက် အနှစ် ၂၀ ကြီးသော အန်တီစုကို အမေအရွယ်၊ အစ်မအရွယ် ထင်ခဲ့မိသည်။ တကယ်တမ်းကျွန်တော်တို့ အရွယ်ရောက်သဖြင့် အသက် ၄၅ နှစ် အရွယ်ဖြင့် တစ်ကိုယ်တည်းခရောင်းလမ်း၊ ဆူးခင်းလမ်း၊ ဓားတောင်များနှင့် မီးပင် လယ်များကို ဖြတ်သန်းခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ် နှင့် အလွန်ပင်ငယ်ရွယ်နေခဲ့မှန်း ယခုမှ သိမြင်လာခဲ့သည်။ အသက် ၄၅ နှစ် အရွယ်သာရှိသေးသော မိန်းမတစ်ဦး၏ ဘ၀မှာ ခင်ပွန်း၊ သားနှစ်ယောက်နှင့် ထာဝရနီးပါးခွဲခွာနေထိုင်ခဲ့ရခြင်းလည်း ဖြစ်လေသည်။

မိခင်ကြီးဒေါ်ခင်ကြည်ကွယ်လွန်ခဲ့ခြင်းနှင့် နောက်ပိုင်းဖြစ်ရပ်များ


၁၉၈၈ ခုနှစ် နိုဝင်ဘာလထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး၊ အန်တီစု၏ မိခင်ကြီးဒေါ်ခင်ကြည်သည် ကြာရှည် မကျန်းမမာဖြစ်နေရာမှကွယ်လွန်သွားခဲ့ လေသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ မိခင် ကြီးကိုအလွန်ပင်ချစ်မြတ်နိုးသူဖြစ်သည်။ အင်္ဂလန်တွင် မဟာဝိဇ်္ဇာအတွက် ကျမ်းပြု စုနေစဉ်မိခင်ဒေါ်ခင်ကြည်နေမကောင်း သဖြင့် မြန်မာပြည်သို့ပြန်လာခဲ့ရာမှ အစပြု၍ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့တိုင်းပြည် သန်း ၆၀ ၏ အရေးအရာကိစ္စများထဲသို့ တဖြည်းဖြည်းချင်းထဲထဲဝင်ဝင်ဝင်ရောက် လာခဲ့မိရာမှ သန်း ၆၀ ၏ အားအကိုး၊ အားအထားဆုံးလူထုခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လေတော့သည်။
၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်တွင် မွေးဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်ဂျပန်တော်လှန် ရေးကာလအတွင်းက မိခင်ဒေါ်ခင်ကြည် ၏ဗိုက်ထဲတွင် ကိုယ်ဝန်အရင့်အမာကြီး နှင့် လိုက်ပါတိမ်းရှောင်နေခဲ့ရသော အနေအထားဖြင့်ဘ၀ကို စခဲ့သူဖြစ်သည်။

သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေး ကာလက ဒေါ်ခင်ကြည်သည်ဗိုလ်ချုပ် အောင်ဆန်း၏ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ထားရှိရာဧရာဝတီမြစ်ကမ်းသရက် မြို့အနောက်ဘက်တောနက်ကြီးထဲတွင် လိုက်ပါတိမ်းရှောင်ခဲ့ရသည်။ ထို့အတွက် လူထုခေါင်းဆောင်ဖြစ်လာမည့်ဒေါ်အောင် ဆန်းစုကြည်၏အစလူ့လောကထဲသို့မ၀င် ရောက်မီပဋိသန္ဓေအရင့်အမာနှင့် ဘ၀က တည်းက ဒေါ်အောင်ဆန်းစုကြည်သည် တော်လှန်ရေးကာလ၊ တော်လှန်ရေး မိုးသံ လေသံ၊ ကြမ်းတမ်းခက်ခဲသော အခြေအနေ ကြားမှပင် ဖြတ်သန်းမွေးဖွားခဲ့သူဟု ဆိုနိုင်လေသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးဖွားပြီး ၁၉၄၇ ဇူလိုင် (၁၉) ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းစုကြည်သည် ၂ နှစ် မပြည့်မီ တစ်လအလို ၁ နှစ်နဲ့ ၁၁ လ သမီးကို ဖခင်ကြီးက ထာဝရခွဲခွာခဲ့ ရသူ ကံဆိုးရှာသူဖြစ်ခဲ့ရသည်။ ဖခင်ဗိုလ် ချုပ်အောင်ဆန်းနှင့် ၂ နှစ် သမီးအထိ မနေထိုင်ခဲ့ရသော်လည်း ဒေါ်အောင်ဆန်း စုကြည်၏ စိတ်ဓာတ်နှင့်ရုပ်လက္ခဏာ မျက်နှာသွင်ပြင်ပါဗိုလ်ချုပ်အောင်ဆန်း နှင့် ချွတ်စွပ်ထပ်တူကျနေသည်ကို တွေ့ခဲ့ ရလေသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပြောပြ ရာတွင် သူ့ဖခင်အပေါ်တွင် သူ့ဖခင်က ချစ်လွန်း၍ ကလူကျီစယ်သည်များကို တစ်ချက်တစ်ချက်မှတ်မိကြောင်းသာ ပြောပြနိုင်တော့သည်။

ကျွန်တော့်အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောပြ ခဲ့သည်များတွင် သူ့မွေးချင်း (၃) ယောက် အနက် ကိုလင်း (အောင်ဆန်းလင်း)အား သူမသည်အလွန်ပင်ချစ်မြတ်နိုးသတိရ နေဆဲဖြစ်ကြောင်း သိရလေသည်။ ကန်တော်ကြီးနတ်မောက်လမ်းထဲရှိ ရေ ကန်ကလေးထဲတွင် ကံဆိုးလှစွာရေနစ်သေ ဆုံးခဲ့ရသော အောင်ဆန်းလင်းသာရှိခဲ့ လျှင် သိပ်ကောင်းမှာပဲဟူသောစကားမျိုး ကျွန်တော်တို့အား ပြောပြတမ်းတလေ သည်။ အောင်ဆန်းလင်းကလည်း သူ့ညီမ လေးအား အလွန်ချစ်မြတ်နိုးခဲ့လေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀သည် သူအလွန်ချစ်မြတ်နိုးသော ဖခင်နှင့် အစ်ကိုအောင်ဆန်းလင်းတို့အား လူမမည် စာမမြောက်ဘ၀တည်းက ခွဲခွာခဲ့ရသည်။ နောက်တော့ အိန်္ဒိယနှင့် အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စုစသည်တို့တွင် တစ်ကိုယ်တည်းပညာသင်ကြားရင်းရုန်းကန် နေခဲ့ရသည်။ ကျွန်တော်နယူးယောက်တွင် နေထိုင်စဉ်မြေအောက်ရထားကို တစ်ခါ တစ်ရံကျပ်ကျပ်တည်းတည်းစီးပြီး သွားလာ ရသည့်အခါကုလသမဂ်္ဂအဆောက်အဦ ဌာနချုပ်သို့ရောက်သွားသည့်အခါများတွင် အန်တီစုအားသတိရမိလေသည်။ ဤမြေ အောက်ရထားနှင့် ကုလသမဂ္ဂ UN ဌာန ချုပ်ဝန်းကျင်လမ်းမများတွင် လွန်ခဲ့သော အနှစ် ၂၀ ၀န်းကျင်က အန်တီစုတစ်ယောက် အပြေးအလွှားရုံးတက်ရုံးဆင်းရုန်းကန် လှုပ်ရှားခဲ့မည့်ပုံရိပ်များကို စိတ်တွင်မှန်းဆ ၍ မြင်ယောင်မိပါသည်။

အန်တီဒိုရာသန်းအေး (ဗိုလ်ချုပ် အောင်ဆန်းအကြိုက်ဆုံးသီချင်း “လှေကလေးကိုလှော်မည်”ကို သီဆိုသူ တေးသံရှင်) ရေးသားခဲ့ဖူးသော စာတစ် ပိုဒ်ထဲတွင် အန်တီစုတစ်ယောက်နယူးယောက် ၏ အလွန်ပင်ရက်စက်အေးမြလှသော ရာသီဥတုထဲတွင် ဘ၀ကို ရုန်းကန်ခဲ့ရပုံ များကို ဖတ်ရသည်။ ထိုအချိန် ထိုစဉ်က ဗိုလ်မှူးကြီးလွင်က ဒေါ်အောင်ဆန်းစုကြည် ၏ သံတမန် Passport ကို ပြန်သိမ်းကာ သာမန်မြန်မာနိုင်ငံသား Passport ကိုသာ အစားထိုးပေးခဲ့ပုံကိုလည်း မှတ်မိနေပါ သည်။ အမျိုးသားခေါင်းဆောင်ကြီးတစ် ဦး၏ သမီးဖြစ်သူ သံတမန် Passport ပြန်သိမ်းခံလိုက်ရသည့်နောက်ပိုင်း USA တွင် နေထိုင်ရသည့်ဘ၀သည်ပို၍ပင် ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရလေသည်။

ပြည်ပတွင် နှစ်ပေါင်း ၃၀ နီးပါး ကျင်လည်ရုန်းကန်ခဲ့ရသော်လည်း မိခင် မြန်မာနိုင်ငံသားနှင့် မြန်မာ Passport ကို လုံးဝမစွန့်လွှတ်ခဲ့တဲ့ ကြံ့ကြံ့ခံကာ တစ်နေ့မြန်မာပြည်ပြန်မည်ဟုဆုံးဖြတ် ထားခဲ့သော သံနိ္ဓဋ္ဌာန်ကို ကျွန်တော် ပြည်ပတွင် နှစ်ပေါင်း ၂၀ နီးပါးနေထိုင် ခဲ့ရဖူးသဖြင့် ပို၍ပင် သဘောပေါက်လေး စားမိခဲ့လေတော့သည်။
အဘွားဒေါ်စုနှင့် ဒေါ်အောင်ဆန်းစုကြည်ဒေါ်အောင်ဆန်းစုကြည်၏အဘွား ဗိုလ်ချုပ်အာင်ဆန်း၏ မိခင်ကြီးဘ၀ကို ကျွန်တော်အလွန်ပင်လေးစားရသောအချက်မှာ မြန်မာ့လွတ်လပ်ရေးအတွက်အဘွား ဒေါ်စုသည်သားသုံးယောက်ရှိသည့်အတွက် နှစ်ယောက်ကိုစတေးခဲ့ရသည်။ အကြီးဆုံး အလိမ်္မာဆုံးသားကြီးအမျိုးသားကျောင်း ကျောင်းအုပ်ကြီးဦးဘ၀င်းနှင့် အငယ်ဆုံး သား၊ ဇွတ်တရွတ်လုပ်တတ်ဆုံးသား ဗိုလ်ချုပ်အောင်ဆန်းနှစ်ယောက်စလုံး၏ ရုပ်ကလာပ်များ လဲလျောင်ထားရှိရာ ဂျူဗလီတာခန်းမထဲသို့ ၁၉၄၇ ခုနှစ် ဇူလိုင်လမိုးသည်းသည့်ကြားတွင် အဘွား စုသည်အပြေးဝင်ရောက်လာခဲ့စဉ်က အဘွားစုခံစားခဲ့ရသော ဝေဒနာကို ကျွန်တော်မှန်းဆ၍ အလွန်ပင်ကြေကွဲမိခဲ့ သည်။

မိမိရင်မှ ၀မ်းနှင့် လွယ်ကာ၊ လွယ်မွေး ခဲ့ရသော သားအရင်းနှစ်ယောက်စလုံး၏ ရုပ်ကလာပ်များရှိရာ ဂျူဗလီတာခန်းမကြီး ထဲသို့မိခင်ကြီးဒေါ်စုသောကဗျာပါဒများ ဖြင့် မျက်ရည်များပြိုကျလျက် ၀င်ရောက် လာခဲ့ရလေသည်။ သားကြီးနှင့် သားထွေး တို့၏အလောင်းများ ရုပ်ကလာပ်များဆီ သို့တစ်လှည့်စီကြည့်ရှုငိုကြွေးခဲ့လေသော နတ်မောက်မှအဘွားစု၏ဝေဒနာကို ယူကျုံးမရကျွန်တော်ဖြစ်ခဲ့ရပါသည်။

အဘွားစုသည်သားအရင်းနှစ်ယောက် ကိုပေးဆပ်၍ မြန်မာ့လွတ်လပ်ရေးအတွက် ပါဝင်ကြိုးပမ်းခဲ့သော အာဇာနည်တို့၏ မိခင်ကြီးဖြစ်သည်။ ခင်ပွန်းလည်းဆုံး သားကြီး၊ သားငယ်တို့ မိမိထက်အရင်လူ့ လောကမှ ရုတ်တရက်ထွက်ခွာသွားခဲ့ကာ မိမိအားထားရစ်ခဲ့ကြပြီး အထီးကျန်ရက် လနှစ်များကို နတ်မောက်အိမ်တွင် အဘွားစုတစ်ကိုယ်တည်းဖြတ်သန်းခဲ့ရဖူး သည်။
တစ်ဖန်အဘွားစု၏မြေးဒေါ်အောင် ဆန်းစုကြည် (အန်တီစု) သည်လည်း မိမိ အကျဉ်းကျနေရာ ရန်ကုန်မြို့၏ အနောက် ဘက်မိုင်ထောင်သောင်းချီဝေးသောအရပ် တွင် ခင်ပွန်းသည်ကွယ်လွန်၍ အဖမဲ့အမိ မဲ့ဖြစ်နေသော သားတွမ်နှင့်အလက်ဇန်း ဒါးတို့အားပစ်ထား၍ မြန်မာလူမျိုးသန်း ၆၀ အတွက် မိမိဘ၀ကို တစ်ကိုယ်တည်း ဖြတ်သန်းနေခဲ့ရလေသည်။ အဘွားစုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ဘ၀သည် ခပ်ဆင်ဆင်ပင်ဖြစ်ခဲ့လေသည်။
ကျွန်တော့်အမြင်တွင် ဗိုလ်ချုပ် အောင်ဆန်း၏အဘိုးဗိုလ်မင်းရောင်သည်နယ်ချဲ့အင်္ဂလိပ်တို့၏လက်ချက်ဖြင့် ခေါင်း ဖြတ်အသတ်ခံခဲ့ရသည်။
ထို့ကြောင့် “အောင်ဆန်းမိသားစု” သည် မြန်မာ့လွတ်လပ်ရေးအတွက် မြန်မာဒီမိုကရေစီအရေးတော်ပုံအတွက် တိုင်းရင်းသားအားလုံးအပါအ၀င် သန်း ၆၀ သောပြည်သူတို့အတွက်သာ အသက် ရှင်နေသော စတေးခဲ့ရသော ပေးဆပ်ခဲ့ ရသော မိသားစုသာဖြစ်သည်။

အောင်ဆန်းမျိုးဆက်၏ အမြင့်မား ဆုံးအလံတော်ကို သမီးဒေါ်အောင်ဆန်း စုကြည်က လွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းခဲ့ရသော ဆက်လက်လျှောက် လှမ်းနေရဆဲဖြစ်သော ခရီးကြမ်းကား ဓားတောင်တန်းများနှင့် မီးပင်လယ်ပြင် ကြီးကာဆီးနေသော ခရီးကြမ်းသာဖြစ် ချေသောကြောင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်သောရဲရင့်သောပုဂ်္ဂိုလ်သည်ဒေါ်အောင် ဆန်းစုကြည် (သို့မဟုတ်) ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်နေသူသာ ဖြစ်ချေတော့သည်။

မိုးဟိန်း(၈၈- အရေးတော်ပုံ)
The hot news weekly

(Energy Tribune မှ 13 June 2013 ရက်စွဲပါ “Burma gas pipeline complete but cites China delays” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်သို့ ဆက်သွယ်သော ဓါတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင်လတွင် ဓါတ်ငွေ့လွှတ်ရန် အဆင်သင့်ဖြစ်နေသော်လည်း တရုတ်ဖက်တွင် ပိုက်လိုင်းတည်ဆောင်မှု နှောင့်နှေးနေခြင်းကြောင့် နောက်ထပ် ၃ လခန့် လည်ပတ်နိုင် ဦးမည်မဟုတ်ကြောင်း မြန်မာစွမ်းအင်ဝန်ကြီးကပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာမှ တရုတ်နိုင်ငံနယ်စပ်သို့ ကီလိုမီတာ ၈၇၀ သွယ်တန်းထားသော ဒေါ်လာဘီလျံများစွာ ကုန်ကျသည့် ပိုက်လိုင်းသည် စွမ်းအင်လိုအပ်နေသော တရုတ်အနောက်တောင်ပိုင်းဒေသများကို ရေနံနှင့်ဓါတ်ငွေ့ ဖြည့်ဆည်းပေးမည်ဖြစ် သည့်အပြင် မြန်မာပြုပြင်ပြောင်းလဲရေးအစိုးရအတွက် များစွာလိုအပ်နေသော ဘဏ္ဍာငွေကိုလည်း ရှာဖွေပေးပါလိမ့်မည်။

“မြန်မာဖက်ခြမ်းက ပိုက်လိုင်းက ရာနှုန်းပြည့်ပြီးစီးနေပါပြီ။ ဒါပေမဲ့တရုတ်ဖက်ခြမ်းက ကီလိုမီတာ ၁၆၀၀ ကျော်တဲ့ အတွက် အချိန်မှီမပြီးသတ်နိုင်သေးဘူး” နေပြည်တော် တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သော စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပိုက်လိုင်းစတင်လည်ပတ်ရန် နှစ်လ၊ သုံးလခန့် ကြာဦးမည်ဟု ခန့်မှန်းထားသည်။

ပိုက်လိုင်းကြန့်ကြာနေသော်လည်း ဇူလိုင်လတွင် စတင်ထွက်ရှိလာတော့မည့် ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့များကို တရုတ်ဖက်ခြမ်းတည်ဆောင်မှုမပြီးခင် အချိန်ထိပြည်တွင်း၌ သုံးစွဲသွားမည်ဟု စွမ်းအင်ဝန်ကြီးက ဆိုသည်။

ဒေါ်လာ ၂.၃ ဘီလီယံ ကုန်ကျ၍ ကီလိုမီတာ ၇၇၀ ခန့်ရှည်သော ရေနံ၊ ဓါတ်ငွေ့ အမြွာပိုက်လိုင်းသည် စက်တင်ဘာလတွင် လုံးဝပြီးစီးလိမ့်မည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရခိုင်ကမ်းရိုးတန်း ရွှေဓါတ်ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့များ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရောက်လာမည့် ရေနံစိမ်းများကို ပို့ဆောင်မည့်အဆိုပါ ပိုက်လိုင်းများကို တရုတ်နိုင်ငံပိုင် Chian National Petroleum Corp (CNPC) ရေနံကုမ္ပဏီက ပိုင်ဆိုင် ပါသည်။

CNPC ကုမ္ပဏီက ဓါတ်ငွေ့ပိုက်လိုင်းပြီးစီးနေပြီဖြစ်ပြီး၊ ရေနံစိမ်းပိုက်လိုင်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ယခင်အပတ်တွင် ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာအနောက်ဖက်ကမ်း ရိုးတန်းကျွန်းပေါ်တွင် ရေနံစိမ်းသိုလှောင်ကန် ၆ ခု ပြီးစီးနေပြီဖြစ်ကာ၊ မကြာမှီ နောက်ထပ်သိုလှောင်ကန် ၆ ခုပြီးစီးလိမ့်မည်ဟု အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ မြန်မာဖက်မှ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ CNPC ကုမ္ပဏီက နောက်ထပ်မှတ် ချက်ပေးခြင်း မရှိသေးပါ။

လူအများစိတ်ဝင်စားနေကြသော တရုတ် - မြန်မာဓါတ်ငွေ့ပိုက်လိုင်းသည် စီမံကိန်းအပြီးသတ်ချိန်တွင် လုံခြုံရေး ဆိုင်ရာ ပြဿနာအချို့ထွက်ပေါ်လာခဲ့သော်လည်း ပိုက်လိုင်းစတင်လည်ပတ်မှုကို ထိခိုက်စေခြင်းမရှိဟု နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

မွတ်စလင်-ဗမာအဓိကရုန်းများ လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံသည် တရုတ်လွှမ်းမိုးမှုကိုလည်း လိုလားခြင်း မရှိသည့်အလျှောက်၊ ယခင်ကတပ်မတော် အစိုးရအားကိုးဖြင့် ခြေလှမ်းကျဲလွန်းခဲ့သော တရုတ်တို့သည် ယခုအခါ မြန်မာပြည်သူ တို့ကို စည်းရုံးရန်အတွက် ဗုဒ္ဓစွယ်တော်ပွားများ လှူဒါန်းခြင်း၊ CNPC စပွန်ဆာပေးသော တီဗီဒရာမာစီးရီးထုတ်လွှင့်ရန် ကြိုးစားခြင်းတို့ဖြင့် ချည်းကပ်ပုံနည်းဗျူဟာပြောင်းလဲ လျှက်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးပြောဆိုထားသည်။

အဆိုပါပိုက်လိုင်းစီမံကိန်းကို ယခင်တပ်မတော်အစိုးရလက်ထက်က များစွာလိုအပ်နေ သော နိုင်ငံခြားငွေ ရရှိရန်အတွက် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း ၂၀၁၁ မတ်လတွင် အာဏာရှင်အကြီးအကဲက နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ ပြုလုပ်ရန်အတွက် အရပ်ဖက်အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးခဲ့ရာ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ထွက်ပေါ်လာကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက် မြင့်မားလာခဲ့သည်။

မြန်မာနိုင်ငံသည် အသစ်ထပ်မံတွေ့ရှိသည့် စွမ်းအင်ရင်းမြစ်များ ကိုယခင်ကဲ့သို့ တရုတ်နှင့်ထိုင်းနိုင်ငံသို့ အကုန်ရောင်းချတော့မည့်မဟုတ်ဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်သုံးစွဲသွားမည်ဖြစ်ပြီး ပိုလျှံမှသာလျှင် ပြည်ပသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် လျှပ်စစ်ဓါတ်အားသည် လွန်စွာ အရေးကြီးကြောင်း၊ ရေအားလျှပ်စစ်ထုတ်ယူမှုမှာမူ ရာသီဥတုအပြောင်းအလဲများကြောင့် မရေရာကြောင်း၊ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားထုတ်လုပ်မှုကို လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဦးသန်းဌေးက ဆက်လက်ရှင်း လင်း ပြောဆိုသွားခဲ့သည်။
Photo..irrawaddy
Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.