06/16/13


ICUC ၏ နိဗ္ဗာန်ယာဉ်အလှူ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စ များအား နိဗ္ဗာန်မော်တော်ယာဉ် (၁၈) စီးဖြင့် တနေ့ပျမ်းမျှ နာရေးပေါင်း (၄ဝ) ကျော်တို့အား သယ်ယူ ပို့ဆောင်သင်္ဂြိုလ် ပေးလျှက်ရှိသည်။ နိဗ္ဗာန်ယာဉ်တစ်စီးလျှင် တနေ့ပျမ်းမျှ သုံးခေါက်မှ လေးခေါက်အထိ ပြေးဆွဲ သယ်ယူပေးနေရသည်။ သို့သော် ယခုအချိန်တွင် ရန်ကုန်မြို့တော်ကြီးတွင် မော်တော်ယာဉ်များ တိုးတက်များပြားလျှက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ကြုံတွေ့နေရသလို နိဗ္ဗာန်ယာဉ်များသည် လည်း ခရီးမတွင်သည့်အပြင် နားရေးရှင်၏အိမ်သို့ အချိန်မှီမရောက်နိုင်တော့သည်။ ထို့ကြောင့် နိဗ္ဗာန် ယာဉ်များ ထပ်မံဝယ်ယူ ဖြည့်တင်းရန် လိုအပ်လာပါတော့သည်။ သို့သော် နိဗ္ဗာန်ယာဉ်ဝယ်ယူနိုင်ရေးမှာ ကားတစ်စီးလျှင် ကျပ်သိန်း ရာဂဏာန်းကျော်မှ ရနိုင်သလို အသင်းအနေဖြင့် နာရေးကိစ္စတစ်ခုတည်း သာ မဟုတ်ပဲ မိဘပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝဘေးစစ်ဘေးတို့အပြင် နယ်မြို့များရှိ အသင်းအဖွဲ့များအား နာရေးယာဉ်၊ မီးသင်္ဂြိုလ်စက်၊ နိဗ္ဗာန်ရေယာဉ်၊ စာသင်ကျောင်းဆောက်လုပ် လှူဒါန်း ခြင်းများနှင့် သုခဆေးခန်းခွဲများဖွင့်လှစ်ခြင်း၊ ကိုယ်ထူကိုယ်ထ ဆေးခန်းများအား ဆေးဝါးနှင့်ငွေကြေးများ လစဉ်ထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွတ်ပေးလျှက်ရှိရာ ကျပ်သိန်းပေါင်း ရာဂဏာန်းသုံးစွဲ၍ နိဗ္ဗာန် ယာဉ်များ ထပ်မံဝယ်ယူနိုင်ရေးမှာ အများပြည်သူတို့လှူဒါန်းထားသောအလှူငွေအား ချင့်ချိန်သုံးစွဲ နေရ လေသည်။ သို့သော်လည်း နိဗ္ဗာန်ယာဉ်ဝယ်ယူနိုင်ရန် ကြိုးပမ်းနေစဉ်၌ ယခုကဲ့သို့ နိဗ္ဗာန်ယာဉ် အလှူရှင် များပေါ်ပေါက်လာသဖြင့် နာရေးကူညီမှု လမ်းကြောင်းများတိုး၍ ကူညီပေးနေရမှုများနှင့် ယာဉ်ကြောပိတ် ဆို့မှုများကြောင့် နိဗ္ဗာန်ယာဉ်မလုံလောက်မှု ပြဿနာအတွက် စိတ်သက်သာရာ ရခဲ့လေပြီဖြစ်သည်။

အဆိုပါနိဗ္ဗာန်ယာဉ် အလှူရှင်များမှာ (ICUC Golfer Group)မှ ပရဟိတအလှူရှင်များ စုပေါင်း၍ ကျပ်သိန်းပေါင်း (၁၆၅) သိန်းတန်ဖိုးရှိသော (TOYOTA Hilux–D4D 2007 Model) အမျိုးအစား မော်တော်ယာဉ်အား နိဗ္ဗာန်ယာဉ်အဖြစ်အသုံးပြုရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းပွဲအား မရမ်းကုန်း မြို့နယ် ရှစ်မိုင်လမ်းဆုံအနီးရှိ ပေါက်စေတီဘုန်းကြီးကျောင်း၌ ၁၅.၆.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင်ပြုလုပ်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့် ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ တက်ရောက်၍ လက်ခံရယူကြပြီးနောက် အလှူရှင်များနှင့်အတူ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရား နာယူခဲ့ကြသည်။ ထို့နောက် အလှူရှင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကြပြီး အသင်း၏ ဆောင်ရွက်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အလှူရှင်များမှ ဆရာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး မော်တော်ယာဉ်လှူဒါန်းပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ICUC Golfer Group မှ လှူဒါန်းခဲ့သော မော်တော် ယာဉ်ဖြင့် အသင်း၏ နာမှုနှင့်လူမှုကူညီရေးလုပ်ငန်းများအား ဖြည့်စွက်လုပ်ဆောင်ပေးနိုင်တော့မည်ဖြစ် သည်။ ထိုကဲ့သို့အများပြည်သူတို့၏ နာရေးနှင့်ပတ်သက်သော ကိစ္စရပ်များအား လျှင်မြန်ချောမွေ့စွာ ကူညီမှုပေးနိုင်ရန်အတွက် နိဗ္ဗာန်မော်တော်ယာဉ် လှူဒါန်းပေးခဲ့သော ICUC Golfer Group အား အများ ပြည်သူတို့ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်မိရင်း မြင့်မြတ်လှသော လူမှုရေးလုပ်ငန်းကြီးအား ပိုမိုတိုးချဲ့လုပ်ဆောင် ပေးဆပ်သွားရတော့ မည်ဖြစ်သည်။




လူ့ အခွင့်အရေး၊လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့ သောသ၀ဏ်လွှာ

လူ့ အခွင့်အရေး၊လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဥက္ကဌသစ် ဦးလူမင်းအမှာစကား

လူသားတိုင်း မွေးကတည်းက တူညီသော အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ရှိသည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ရုပ်ရှင်ပွဲတော်ကို ဒီညနေ ရန်ကုန်မှာ စဖွင့်တယ်။ ဖွင့်ပွဲကို သံတမာန်တွေ၊ အနုပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ကျဉ်းတွေနဲ့ စိတ်ပါဝင်စားသူအများအပြားတက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာကို ဖတ်တယ်။ ကိုမင်းကိုနိုင် တက်စကားပြောတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်က မတ်လ ၁၃ ကို လူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပုံပြောတော့ အတိတ်ကို ပြန်စိတ်လှုပ်ရှားရတယ်။ ဒီပွဲတော်ဖြစ်မြောက်ရေး ပံ့ပိုးတဲ့ ချက်နိုင်ငံက အီဂေါက သက္ကရာဇ် ၂၀၀၀ မှာ ပရက်မြို့ လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားတွေအတွက် ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗာကလက်ဟာဗဲလ်က ပေးလိုက်တဲ့ ဆုအကြောင်းပြောပြီး ဂါရဝပြု ဦးညွှတ်တော့ ရင်ခုန်ရတယ်။ ရုပ်ရှင်ဥက္ကဌ ကိုလူမင်းက မြန်မာပြည်က ရုပ်ရှင်အနုပညာသည်တွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယူဆပုံကို ရိုးရိုးသားသား ဝန်ခံတာ နှစ်လိုအားရတယ်။

အဖွင့်ကား အကျဉ်းစံကိုပြပြီးတော့ အဓိက ဇာတ်ဆောင် ထောင် ၃၆ နှစ် ချခံရတဲ့ ကိုစန်းဇော်ထွေးနဲ့ ဒါရိုက်တာ ကိုရည်နန်းသိုက်တို့က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆက်ပြီး ပိုလုပ်မယ်လို့ပြောကြတယ်။ ဒီပွဲကို ကိုအောင်မျိုးမင်းက အခမ်းအနားမှူးလုပ်တယ်။ ပြည်တွင်း ပြည်ပက ၂၅ နှစ်တာ ယုံကြည်ချက်အတွက် ပေးဆပ်လာသူတွေကိုလည်း တွေ့ရပြီး သူတို့ ဖြတ်သန်းမှု မှတ်တမ်းတွေကို မြန်မာပြည် ရန်ကုန် မြို့လည် ရုပ်ရှင်ရုံမှာ တင်ပြနေတော့ အိပ်မက်များလားလို့ ရင်ခုန်မိတယ်။။ ခင်ဗျား အကယ်ဒမီရတာထက် ဒီပွဲမှာ တဖြောင်းဖြောင်းတီးနေတဲ့ လက်ခုပ်သံတွေက ပိုတန်ဖိုးရှိတယ် ကိုမင်းထင်။ လေးစားဂုဏ်ပြုလိုက်ပါတယ်။
Ye Ni

ကွန်ပျူတာဖန်သားပြင်ပေါ်၊ ပေါ်လာသည့် Facebook စာသားများကို ကြည့်ရင်းကျွန်တော်တဒင်္ဂ မှင်သက်သွား မိသည်။ ရှေ့ဆက်ဖတ်ရ မည့်စာသားများ ကို ဆက်လက်ဖတ်ရှုရန် လည်း မေ့လျော့ နေမိသည်။
သြော် ငွေရတုတဲ့လား။

နှစ်ပေါင်း ၂၅ နှစ်တောင်ကြာခဲ့ပြီ ကိုး။ ကျွန်တော်ကွန်ပျူတာကို ဆက်လက် ကြည့်ရှုရန် ခံစားနိုင်စွမ်းအားမရှိတော့ သဖြင့်၊ ထိုရှေ့မှ ထကာခြံအတွင်း ဆင်းသက်လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုအချိန်မိုးဖွဲလေးများက ကျွန်တော့် ဦးခေါင်းပေါ်သို့စတင်ဆင်းသက်လာကြ သည်။ မိုးဖွဲများခန္ဓာကိုယ်ပေါ်ကျဆင်းမှု ကို ခံစားရင်း၊ ကျွန်တော့်အတွေးများသည်။ လွန်ခဲ့သည့်နှစ်ဆယ့်ငါးနှစ်ကာလဆီသို့ စီးမျောသွားခဲ့ကြသည်။

ဘာလိုလိုနှင့် ကျွန်တော့်အသက် တောင်လေးဆယ်ကျော်သွားပြီး လွန်ခဲ့ သည့်နှစ်ဆယ့်ငါးနှစ်တာအချိန်ကာလက ယုံကြည်ချက်ခိုင်မာပြီး တိုင်းပြည်အတွက် ဒီမိုကရေစီအရေးကို ဦးစားပေးတိုက်ပွဲဝင် ခဲ့သူနှမလေးအေးမွန်ကို ကျွန်တော်လွမ်း မိသည်။ သူ့အသက်ဝိဉဉ်ကျဆုံးခဲ့စဉ်က ယခုကဲ့သို့ကောင်းကင်တစ်ခုလုံးညှိုမှိုင်း ကာမိုးဖွဲလေးများ ရွာနေခဲ့သည်။ ထိုမိုးဖွဲ များ အောက်မှ လောကဓံကိုရွက်တိုက် ဖြတ်သန်းရင်း အနာဂတ်မြန်မာနိုင်ငံဒီမို ကရေစီအရေးအတွက်တိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်သည့်မိုးကျော်သူကိုလည်း ကျွန်တော်လွမ်းခဲ့မိသည်။

ထို့အတူ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလ၊ အင်းစိန်မြို့ကြီးဝရုန်း သုဉ်းကားဖြင့် မီးလောင်ပြာကျမည့်အရေး အား စွမ်းစွမ်းတမံကာကွယ်ဆောင်ရွက်ခဲ့ သည့်ဆရာငြိမ်းကျော်ကိုလည်း ကျွန်တော် လွမ်းမိပါသည်။ ကွယ်လွန်သွားရှာကြပြီ ဖြစ်သည့်ဒီမိုကရေစီအရေးတော်ပုံကာလ လုပ်ဖော်ကိုင်ဖက်များကို လွမ်းနေမိသည်။ အလွမ်းအတွေးများ၌ သက်ရှိထင်ရှား ကျန်ရှိနေကြသေးသည့်သူငယ်ချင်းများကို လည်း အမှတ်တရဖြစ်မိပါသည်။
၈၈ အရေးတော်ပုံကာလ၌ အင်းစိန် လူငယ်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့သူကိုကျော်ကျော်မင်း (နိုင်ကျဉ်း အဖွဲ့)၊ အတွင်းရေးမှူးအဖြစ်ဆောင်ရွက် ခဲ့သူ ကိုအောင်မြတ်ထွန်း (ထောင်မှ လွတ်လာပြီးအချိန်မှစ၍ ယခုအချိန် အထိ ဘုန်းကြီးဝတ်နေဆဲ)၊ ကိုဝင်းလွင်ဦး၊ မညိုမီ၊ ကိုရဲအောင်အစရှိသည့်အတူတကွ ဆောင်ရွက်ခဲ့ကြသည့်သက်ရှိထင်ရှားရဲ ဘော်ရဲဘက်များကိုလည်း အလွမ်းစိတ်ဖြင့် တွေးရိပ်ထင်ခဲ့မိပါသည်။

စစ်အစိုးရအာဏာသိမ်းပြီးနောက် သုံးရက်မြောက်သော နေ့တွင် မိုးသည်း သည်းညအခါကာလ၌ ခြေသံပြင်းပြင်း နင်းလျှောက်သံများနှင့် အတူ တီအီးကား စက်သံများဆူညံစွာဖြင့် ငရဲခန်းတစ်နေရာ ဆီသို့ခေါ်ဆောင်သွားခြင်းခံခဲ့ရသည့်အဖြစ် ကို တွေးရင်းကြက်သီးမွေးညင်းများထကာ ကျွန်တော်၏ညာဘက်နားကို ယောင်ယမ်း ၍ ကိုင်တွယ်လိုက်မိသည်။ ကျွန်တော် ငရဲခန်းသို့ရောက်သည့်ကာလ၌ ကျွန်တော် ၏အသက်မှာ ၁၈၊ ၁၉ ခန့်သာရှိသေး သည့်အတွက် လူပျိုပေါက်ကလေးသာသာ အဆင့်ဖြစ်နေရပါလိမ့်မည်။
ကျွန်တော့်ကို ငရဲသားများလာ ရောက်ခေါ်ဆောင်သောအချိန်၌ စွပ်ကျယ် ချိုင်းပြတ်နှင့် ဘောင်းဘီတိုကိုဝတ်ဆင် ကာအိပ်ရာဝင်စပြုသည့်အချိန်လည်းဖြစ် ပါသည်။ ထိုအချိန်၌ပင်ကျွန်တော်တို့၏ သေးငယ်သောအိမ်ကလေးသိမ့်သိမ့်တုန် အောင်လှုပ်ခါသွားစေသည့်ငရဲသားတို့၏ ခြေလှမ်းများကြောင့် ကျွန်တော်၏မိခင် မုဆိုးမကြီးမှာ တုန်လှုပ်ချောက်ချားသောကပွားခဲ့ရပါသည်။

မည်သည့်စကားမျှမပြောနိုင်လောက်အောင်ဆွံ့အသွားသကဲ့သို့ ဖြစ်ခဲ့ရပါသည်။ မိခင်တစ်ဦးသည်ရင်၌ ကိုးလလွယ်၊ ဆယ်လဖွားခဲ့ရသည့် မိမိ၏ သားတစ်ဦးကို မိမိရှေ့မှောက်၌ သေနတ် ဒင်ဖြင့် ထုခြေဖြင့်ကန်၊ မျက်နှာဖုံးစွပ်လုပ် နေသည့်ဖြစ်ရပ်ကိုမြင်တွေ့နေရသည့် အပြင် ကိုယ်တိုင်လည်း သေနတ်ဖြင့် အချိန်ခံနေရသောကြောင့် ၀င်ရောက်ဆွဲ ငင်နိုင်မှုမရှိခဲ့ချေ။သို့အတွက် မျက်ရည်မိုး စွေရုံမှ တစ်ပါးသူမပို၍မပေးစွမ်းနိုင်ခဲ့ပေ။

ထိုသို့သော အိပ်မက်ဆိုးအတွေးများ ကိုလည်း ဖျတ်ခနဲတွေးလိုက်မိပါသေး သည်။ အဆိုးထဲကအကောင်းဇတ်ဝင်ခန်း တချို့ကိုလည်း ကျွန်တော်အမှတ်ရလိုက် မိပါသည်။ ကျွန်တော်တို့ခေါ်ဆောင်သွား သည့်ငရဲသားများသည်မှောင်ပိန်းနေသော ငရဲခန်းအတွင်းသို့တွန်းပို့ချုပ်နှောင်လိုက် သည့်အခါ၌ (မျက်နှာဖုံးကို ချွတ်လိုက်သော် လည်း မှောင်နေဆဲအခန်း)၊ ထိုအချိန် အခိုက်အတန့်အတွင်းကြင်နာယုယသော လက်တစ်စုံဖြင့် အတူနှလုံးသားမှ ယိုစီး လာသည့်စုတ်သပ်လိုက်သည့်အသံတစ်ခု ကို ကျွန်တော်ကြားသိလိုက်ရသည်။ အချိန်အနည်းငယ်အတွင်းအမှောင်ခန်း ကိုရင်ကျက်မိသောအခါ ဘယ်ကလာမှန်း မသိသည့်အသံတစ်ခုသည်ကျွန်တော်၏ အနီးနား၌ရှိနေသော သူတစ်ယောက်ထံ မှဖြစ်နေသည်ကိုသိလိုက်ရပါသည်။
မကြာမီအချိန်အတွင်းအမှောင်ခန်း အတွင်းမှ ငရဲသားအချို့ကထိုသူကိုလာ ရောက်ခေါ်ဆောင်သွားရာ ထိုငရဲခန်း အတွင်း ကျွန်တော်တစ်ဦးတည်းသာအား ငယ်စွာကျန်ရှိခဲ့ရပါသည်။ နောက်တစ်ကြိမ် ဆီငတ်နေသောသံတံခါးဖွင့်သံဖြင့် အတူလာရောက်ခေါ်ယူခြင်းခံရသူမှာ ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ကျွန်တော်တို့နှစ်ဦးကို တစ်ယောက်တစ်လှဲ့ခေါ်ယူတာဆိုင်ကယ်စီးခိုင်းလိုက် လေယာဉ်ပျံစီးခိုင်းလိုက်ဖြင့် ငရဲသားများ တီးခတ်သော ၀ုန်းဒိုင်းကျဲဂီတသံများကို လည်း ကျွန်တော့်ညာဘက်နားအုံမှ သွေး များစီးကျလာသည်အထိနားဆင်ခိုင်းလိုက် ပြုလုပ်ခြင်းကိုခံခဲ့ကြရသည်။ ထိုအချိန် သည်မိုးအကုန်ဆောင်းအကူးကာလဖြစ် သည်။ ယင်းအချိန်နားအုံမှ ဒဏ်ရာ၏ နာကျင်ကိုက်ခဲ့မှုနှင့် ချမ်းအေးသည့် ဒဏ်ကိုစွပ်ကျယ်လက်ပြတ်ဖြင့် ခံစားနေရသည့်ကျွန်တော့်ကို တစ်ခန်းတည်းအတူ နေရသည့်မိတ်ဆွေက သူပိုင်ဆိုင်သည့် ပေါက်ပြဲနေသည့်အနွေးထည်နွမ်းနွမ်း တစ်ထည်းနှင့် ပုဆိုးအစုတ်တစ်ထည်ဖြင့် နွေးထွေးစေခဲ့ပါသည်။ ထိုမိတ်ဆွေကို ကျွန်တော်မမေ့။ထိုမိတ်ဆွေကားအခြား မဟုတ်ရှေ့နေကိုနေမင်းခေါ်ခရစ်စတိုဘာဂါးနက်ဖြစ်သည်။ သူ့ကိုကျွန်တော်ကျေးဇူး တင်စွာအမှတ်ရနေမိပါသည်။

သတိတရဖြင့် အလွမ်းများကို စာစီ ရမည်ဆိုလျှင် တစ်ထောင့်တစ်ညပုံပြင် ဆန်သွားမည်ကိုစိုးမိသည့်အတွက် ကျွန်တော့်အတွေးများမှာထင်ဟပ်လာသည့် အတွေးပုံရိပ်များကို အကုန်အစင်မတင် ပြချင်တော့ပါ။ သို့သော်လည်းချန်ထား၍ မရသည့်အတိတ်ဇတ်ကြောင်း တစ်ခုကို မူပြန်လှည်တင်ပြချင်ပါသေးသည်။

ငရဲခန်း၌ကြာရှည်စွာနေခွင့်မပြုဘဲ ပြန်လည်လွတ်မြောက်ခွင့်ရရှိခဲ့သည့်ကျွန်တော်ဒီမိုကရေစီအရေးအတွက်နိုင်ငံ ရေးဇာတ်ခုံပေါ်ဘာပဲလုပ်ရ၊ လုပ်ရ၀င်က ရန် သရုပ်ဆောင်ရန် ကြိုးစားခဲ့သည့်အခါ (ကျွန်တော်တို့အင်းစိန်တစ်မြို့တည်းကိုဆို လိုပါသည်) ငရဲခန်းကထွက်လာခါထိ ကျွန်တော့်အတွက်ဖိနပ်သိမ်းအလုပ်ကိုပင် လုပ်ကိုင်ခွင့်မရဘဲ။ ကန်ထုတ်ခြင်းကိုခံခဲ့ ရပါသည်။ ထိုကာလတွင်အင်းစိန်မြို့ ၈၈ ဒီမိုကရေစီတိုက်ပွဲနိုင်ငံရေးကာလတစ် လျှောက်မမြင်ဘူးမတွေ့ဘူးခဲ့သည့်သူများ မှာ ပင်နီတိုက်ပုံတကားကားဖြင့် ပါတီအသီးသီး၏ပါတီဝင်များဖြစ်နေသည်ကို ကျွန်တော်တွေ့ရှိခဲ့ရပါသည်။

၈၈ အရေးအခင်းကာလအတူလက် တွဲလုပ်ကိုင်ခဲ့သည့်လုပ်ဖော်ကိုင်ဖက်များအနက်မိုးကျော်သူ၊ ကျော်ကျော်မင်းတို့ မှာ သာယာဝတီ၊ သရက်စခန်းများတွင် စံမြန်းနေခဲ့ကြရသည်။သို့အတွက် အပြင်တွင်ရှိနေသည့်ယခင်အတွင်းရေးမှူးလုပ် ခဲ့သည့်အောင်မြတ်ထွန်းနှင့် ဆက်သွယ် ကာလူငယ်ပါတီတစ်ခု၌ ၀င်ရောက်လှုပ်ရှား ဖြစ်ခဲ့ပါသည်။ ထိုအဖွဲ့မှာ ပါတီဟူ၍ပင် အမည်မပါသည့်ပြည်ချစ်လူငယ်များ အစည်းအရုံးဖြစ်ပါသည်။ ထိုအစည်းအရုံး ကို လှည်းတန်းမီးပွိုင့် ယခင်ရိုးရှိုးစတိုး အပေါ်ထပ်၌ ဖွင့်လှစ်ထားသည်ကို ဘတင့်ဆွေ၊ ကိုရန်ကျော် (ပုဇွန်တောင်) ဘွဲ့ရလူငယ်များအဖွဲ့၊ ကိုခင်မောင်မြင့် (၁) (ဖျာပုံ)၊ ကိုခင်မောင်မြင့် (၂) (ကျူရှင်)၊ မောင်မောင်အောင် (မီးအိမ်၊ ဘွဲ့ရကျောင်းသားများ) အစရှိသည်ဖြင့် လူငယ်နိုင်ငံရေးသမားများနှင့် ဆုံဆည်း ခွင့်ရခဲ့သည့်အဖြစ်ကိုလည်း မိုးဖွဲများနှင့် အတူ ကျွန်တော်လွမ်းနေဆဲဖြစ်ပါသည်။

အကြိမ်ကြိမ်အခါခါ၊ ငရဲခန်းအတို အစများမှ ခေါ်ယူကျွေးမွေးဧည့်ခံခြင်းကို ခံခဲ့ရသည့်ကျွန်တော့်အနေဖြင့် ငွေရတု ရောက်ခဲ့သည့်တိုင် တိုးတိုးတိတ်တိတ်၊ ကြိတ်၍လွမ်းနေရသည့်အဖြစ်တွေ ထိုအလွမ်းတွေအားလူအများသိစေရန် ရင်ဖွင့်ခွင့်မကြုံခဲ့ရခြင်းမှ အချိန်ကာလအား ဖြင့် နှစ်ဆယ့်ငါးနှစ်တာကြာခဲ့ပြီးဖြစ်သည်။

အသံသေးအသံကြောင်ဖြင့် စီးချက် မညီသည့်ရင်ဖွင့်ခံစားအလွမ်းသီချင်းများ ကိုလည်း ကျွန်တော်မဆိုချင်ပါ။ နာကြည်းချက်ဖြင့် အမုန်းတရားများကို ရင်မှာပိုက် ၍ ကြေကွဲအော်ဟစ်နေရသည့်အခြေ အနေမျိုးကိုလည်းမကြုံတွေ့ချင်တော့ပါ။ ညီညွတ်မျှတသည့်စနစ်တစ်ခု၏အောက် တွင် အေးချမ်းပျော်ရွှင်နေကြမည့်မြန်မာ ပြည်သူပြည်သားအများစုပျော်ရွှင်မှုကိုသာ ကျွန်တော်မြင်တွေ့ချင်ပါသည်။ “ပေ” ဖြစ်တုန်းဘ၀ကခံခဲ့ရသည့်အတိတ်ဘ၀ ဆိုးများအတွက် “တူ” ဖြစ်သည့်အခါနှံလို သည့်စိတ်မျိုးအလျဉ်းမရှိခဲ့ပါ။ ဘယ်သော အခါမှလည်း “တူ” ဘ၀ကိုရောက်ကြလိမ့် မည်ဟုမထင်ပါ။
ကလဲ့စားချေလိုသည့်စိတ်မည်သည့် အခါမျှမမွေးဘဲ ငြိမ်းချမ်းရေးကိုသာရှေ့ရှု မျှော်ကိုးနေမိပါသည်။
ဘယ်တော့များမှ ငြိမ်းချမ်းကြမှာပါ လိမ့်။

သူ့အတ္တ၊ ကိုယ့်အတ္တ၊ သူ့အဖွဲ့အစည်း ကောင်းစားရေး၊ ကိုယ့်အဖွဲ့အစည်းကောင်း စားရေး၊ သူ့အလိုကျ၊ ကိုယ့်အလိုကျ၊ အပြိုင်အဆိုင်အလုအယက်ဆွေးနွေးနေ ကြသော ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်း စဉ်အောက်မှလူများကိုလည်း (အားနာ မိပါသည်) အမှန်တကယ်ငြိမ်းချမ်းရေးလို လားမှုကို ရင်တွင်းထည့်ပြီးမှသာ ဆွေးနွေး ကြဖို့တိုက်တွန်းလိုက်ချင်ပါသည်။ အတိတ် သမိုင်းကြောင်းက ဆိုးရွားခဲ့သည့်သူ့အဖွဲ့ ကိုယ်သတ်၊ ကိုယ့်အဖွဲ့သူတော်လှန်၊ နိုင်သူ မင်းလုပ်အုပ်ချုပ်သည့်စနစ်ဆိုးကို အမြန် ဆုံးပြုပြင်ကြရန် တိုက်တွန်းလိုက်ချင်ပါ သည်။

တဖွဲဖွဲရွာနေသော မိုးစက်များသည်။ သဲသဲမဲမဲရွာသည့်အဖြစ်သို့ကူးပြောင်း သွားစဉ်အခိုက်အတိတ်ဆီမှရုန့်ရင်းကြမ်း တမ်းသော အဖြစ်ဆိုးစနစ်ဆိုးများမှာလည်း ရုတ်တရက်ရပ်တန့်သွားခဲ့ပါသည်။ သည်းထန်စွာရွာချနေသော မိုးရေစက် များသည်။ ကျွန်တော့်မျက်နှာပြင်တစ် လျှောက်စီးမျောနေကြသည်လား။ ကျွန်တော့်မျက်ရက်စက်များဖြင့် ရွှဲရွှဲစိုနေ သည်လား။ ကျွန်တော်မခွဲခြားချင်တော့ ပါ။ ထိုရေစက်ရေပေါက်များအေးမြနေ သည်ကိုတော့ ကျွန်တော်သိနေသည်။ အကယ်၍ ထိုရေစက်များသည် ကျွန်တော့်မျက်ဝန်းမှစီးကျနေသော မျက်ရည်များဖြစ်ပါမူငွေရတုမှသည် ရွှေရတုဆီသို့ထိုမျက်ရည်များကို သယ်ဆောင်မသွားလိုတော့ပါ။
နောင်လာမည့်ရွှေရတုကာလတွင် မြန်မာပြည်ငြိမ်းချမ်းပါစေကြောင်း မျှော်လင့်အတွေးများဖြင့်သာ အနာဂတ် ကာလကိုကျွန်တော်ဖြတ်ကျော်ချင်မိပါ တော့သည်။

ရုတ်တရက်မိုးခြိမ်းသံကိုကြားလိုက် သည့်အခါ၊ ကျွန်တော်၏အကြားအာရုံမဲ့ နေသည့်ညာဘက်နားကိုကိုင်ရင်း………..

ကိုရွှေအောင်သင်း
The hot news weekly

မြန်မာနိုင်ငံ၏ အစိုးရသစ် သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် လာမည့် ၂၀၁၅ ခုနှစ်အတွက် သမ္မတ လုပ်လိုသည်ဟု ပြောဆိုလာသူ သုံးဦးအကြောင်း ပြည်သူများအကြား ရေပန်းစားနေသည်။
သမ္မတ ဖြစ်လိုသူ သုံးဦးမှာ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပင် ဖြစ်သည်။

“နိုင်ငံရေးသမားဆိုတာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။ လူထုခေါင်းဆောင်ဆိုတာ နောင်လာမယ့် မျိုးဆက်သစ်တွေ စဉ်းစားမယ်”ဆိုသော စကားမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ သမိုင်းဝင်စကား ဖြစ်သည်။

“အမှန်တော့ နိုင်ငံရေးသမား တစ်ယောက်က နိုင်ငံရေးအာဏာ ရယူလိုတာ သဘာဝကျတယ်။ နိုင်ငံရေးမှာ အာဏာရှိမှ မိမိယုံကြည်ရာ မူဝါဒများဖြင့် တိုင်းပြည် ကောင်းကျိုးအတွက် အကောင်းဆုံး လုပ်နိုင်မယ်၊ သမ္မတအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြတာ တိုင်းပြည်ကို အကောင်းဆုံး အလုပ်အကျွေး ပြုလိုတယ်လို့ ပြောတာနဲ့အတူတူပဲ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုသည်။

“ပြည်သူက တာဝန်ပေးမယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူပါမယ်” ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလက နိုင်ငံတော်သမ္မတက အမေရိကန် ခရီးစဉ်တွင် စတင်ပြောဆို ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်၌ ၂၀၁၅ ခုနှစ်တွင် သမ္မတ လုပ်လိုသည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း၌လည်း မကြာခဏ ယင်းစကားကို ဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း အမေရိကန် ရောက်ရှိစဉ် သမ္မတ လုပ်လိုသည်ဟု ဆိုပြန်သည်။ ထိုသုံးဦးစလုံးသည် ကမ္ဘာ့ ဆူပါပါဝါ အမေရိကန်သို့ ရောက်ရှိစဉ်တွင် နိုင်ငံတကာ အလယ်တွင် သမ္မတ လုပ်လိုသည်ဟု တူညီစွာ ပြောဆိုခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံတော်သမ္မတ ဖြစ်ရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး ဖြစ်နေသည့် အချက်များကို ဦးစွာပြင်ရမည် ဖြစ်ပြီး အဆိုပါ အချက်များကို ပြင်ဆင်ပြီးမှသာလျှင် အခြေခံဥပဒေ၏ အဓိက ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခြေခံဥပဒေ ပုဒ်မ ၅၉ မှာပါတဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) မှာ တစ်စုံတစ်ယောက် အတွက် ကန့်ထားတဲ့ အချက်မျိုးကို ပြန်စဉ်းစားဖို့ လိုတယ်” ဟုလည်း ဆရာကျော်ဝင်း အကြံပြု ပြောကြားသည်။

လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်သမ္မတ ဖြစ်ရန်အတွက် အရွေးခံလျှင် အခြေခံဥပဒေတွင် ကန့်သတ်ထားချက် များအရ လွှတ်တော် အမတ်များ၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရသည့်တိုင် တပ်မတော်သား တစ်ဦး၏ ထောက်ခံမှုကို လိုအပ်နေဦးမည် ဖြစ်သည်။

အရပ်သားအစိုးရ လက်ထက်တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟု ထင်ကြေး ပေးခံရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉ ဖြင့် ငြိစွန်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်းကို ပြောင်းလဲ အဆိုပြုခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာလည်း နိုင်ငံသား မဟုတ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ သဘောတူညီမှု ရရှိရန်မှာ ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

“သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု လွှတ်တော်ပြင်ပတွင် ပြောဆိုနေခြင်းကို အမှန်တကယ် လွှတ်တော်အတွင်း ပြင်ဆင်နိုင်မည်လောဟု မေးခွန်ထုတ်စရာ ဖြစ် နေသည်။

ပြည်တော်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံးမှာ ၆၆၄ ဦး ရှိသည့်အနက် တိုင်းရင်းသားပါတီ အားလုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့သော အတိုက်ခံ ပါတီများ၏ ကိုယ်စားလှယ် ၁၀၁ ဦးသာရှိကာ ကျန်သည့် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့မှ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိနေသည်မှာ တစ်နှစ် သက်တမ်းရှိချိန်ထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။ ဝင်ရောက် ဆွေးနွေးမှုသာ ရှိခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရသည့် အတွက် အခြေခံဥပဒေ ပြင်ဆင်ရာ အချက်များကို ပြင်ဆင် ရန်တွက် ရိုးသားစွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့်ပေးကာ တရားမျှတဖို့ လုပ်ဆောင်သင့်သည် ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မှတ်ချက် ပေးကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သမ္မတဖြစ်ရန် အချက်တစ်ချက်တည်းဖြင့် ဖွဲ့စည်းပုံ အခြေဥပဒေကို ပြင်ခြင်းထက် ပြင်သင့်သည့် အချက်များကို ပြင်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ ရပိုင်ခွင့်နှင့် ပြည်သူလူထု ယုံကြည် အားကိုးရသော အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် နိုင်ငံ၏ကျောရိုး ဖြစ်ကြောင်း ပြောကြားသည်။
“သမ္မတ ဖြစ်ချင်တာကိုတော့ အပြစ် မပြောလိုဘူး” ဟုလည်း ၎င်းကဆိုသည်။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ နှစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လက်ခံလာသော မြန်မာနိုင်ငံရေး ခေါင်းဆောင်သုံးဦး ဖြစ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် တာဝန်ယူလိုသည်ဟု ထုတ်ဖော် ပြောကြားလာခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ပိုမိုမြိုင်ဆိုင် သွက်လက်၊ ရင့်ကျက် လာလိမ့်မည်ဟု စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပေးသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုထားသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအတွက် အနိုင်ရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ထောက်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်ရာများ ရှိလာနိုင်သလောဟု ငြင်းချက်များလည်း ရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်သည် နိုင်ငံတကာ အလယ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ မှတ်တိုင်အဖြစ် အသိအမှတ် ပြုထားသည့်အပြင် မြန်မာလူထု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးမသတ်နိုင်သည့် အချက်ကလည်း ရှိနေဆဲ ဖြစ်သည်။

လူထုခေါင်းဆောင်အဖြစ် နှစ်ရှည် ရပ်တည်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမှာ သံသယ မရှိနိုင်သော်လည်း လူ့အခွင့်အရေး ရှုထောင့်မှ ပွင့်ပွင့်လင်းလင်း ပြောတတ်မှု၊ လူကြိုက် မများသော ဆုံးဖြတ်ချက် အချို့ကြောင့် လူအချို့၏ ဝေဖန်ခံခဲ့ရ ဖူးသည်။

ရန်ကုန်မြို့တော် ၃၁ လမ်းထိပ်တွင် ကွမ်းယာရောင်းသူ ၅၆ နှစ်အရွယ်ရှိ ဦးဂါလူး အတွက်မူ ဘယ်သူတက်တက် အရေးမကြီး။
“ဘယ်သူတက်တက် ကောင်းတဲ့သူတက်ဖို့ အရေးကြီးတယ်။ လူသစ် ဆိုရင်တော့ ပိုမျှော်လင့်လို့ ရတာပေါ့”ဟု သူကဆိုသည်။

Written by မင်းထက်စံ၊ အောင်ဘိုဘိုရှိန်
The voice weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.