06/19/13



အမေ့အတွက် surprise! ဖြစ်စေမဲ့ အာကာကျော်ရဲ့မွေးနေ့လက်ဆောင် လက်ရာပါ. 19-6-2013 နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ 68 နှစ်ပြည့်မွေးနေ့ အမှတ်တရအဖြစ် Graffiti ပညာရှင် အာကာကျော်က ဗဟန်းမြို့နယ်ရှိ NLDရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကို 18-6-2013 ညနေ 63း0 မှာ စတင်ရေးဆွဲခဲ့ရာ ည 9း00 မှာပြီးစီးခဲ့ပါတယ်။

Helen Ayekyaw facebook


photo..www.lonelyplanet.com
တို့မေကြီး ခရီးသွားသခိုက်ပြည်ပသတင်းထောက်ကြီးတွေကမေးချင်တာတွေ မွှေလို့ဖွလို့အပြီးမှာ မကြာခင်မှာလာတော့မယ့် မွေးနေ့အတွက် “ဘာဆုတောင်းမလဲ မရွှေဖဲ” လို့ မေးလိုက်တဲ့အခါ မယ်ဖျားက မြန်မာထုံးစံ “နိဗ္ဗာန်ရွှေပြည် ဆုပန်သည်” လို့တောင် မဖြေနိုင်ရှာပါဘူး။ သူ့ခမျာ တွေးတွေးဆဆနဲ့ ဖြေသွားတာက “Le Bonheur pour Mon Pays” ပါတဲ့။ တိုက်ရိုက်ဘာသာပြန်လိုက်ရင်တော့ “ပျော်ရွှင်ပါစေ မြန်မာပြည်” လို့ဆိုရပေမယ့် “Bonheur” ဆိုတဲ့ ပြင်သစ်စကားလုံးမှာ အဲဒီထက်ပိုတဲ့ အနက်ပွားတွေ အများကြီးပါပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း လို့လည်း ဆိုလို့ရတယ်။ သုတိမင်္ဂလာ ကျက်သရေတိုးပွားခြင်း လို့လည်း ပြန်လို့ရတယ်။ မင်္ဂလသုတ်ထဲမှာပါတဲ့ ၃၈ဖြာ မင်္ဂလာတွေအားလုံးကိုလည်း အနက်ပေးလို့ရတယ်။ မေးတဲ့သူက ပါးစပ်ကြီးရှိလို့ အားအားယားယား အာလုပ်စကားမျှလောက် မေးသွားပေမယ့် ဖြေတဲ့သူကတော့ စဉ်းစဉ်းစားစား စိတ်ထဲမှာ တကယ်ရှိတဲ့အတိုင်း ဖြေသွားတာ အဲဒီအင်တာဗျူးကြည့်ဖူးရင် သတိထားမိပါလိမ့်မယ်။ ဘာစကားလေးတစ်ခွန်းကိုမှ လက်လွတ်စပယ် ပြောလေ့မရှိပဲကိုး လို့ သာဓုခေါ်မိပါတယ်။ ကြံဖန်ချီးမွှန်းချင်လည်း သူ့အပြင်မရှိဘူးလို့ထင်ရင် ပြည်တွင်းက သတင်းစာ ဂျာနယ်အဟောင်းတွေ ပြန်ပြန်ဖတ်ကြပေါ့ဗျာ။ သိလာလိမ့်မယ်။ သူများပြောမှ သတိထားမိလိုက်တာကတော့ ညံ့တယ်ဆိုရင်လည်း ခံရမှာပါပဲ။ ဟုတ်ပါရဲ့။ သူ့မွေးနေ့ နီးလာပါပကောလားနော့။ သူကတောင် မြန်မာပြည်သူတွေအတွက် မေတ္တာစကား လက်ဆောင်ပါးသေးတဲ့ဥစ္စာ။ ကိုယ်တွေကလည်း မွေးနေ့အမှတ်တရ မေတ္တာစာကလေး တစ်ပုဒ်တလေတော့ ဂါရ၀လက်ဆောင် ပို့ချင်တဲ့စိတ်တွေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာပါတယ်။ မြင်းထိန်းငတာက သူများတာလို့ ၀င်တာတဲ့သဘောလည်း မရှိပါဘူး။ ခွေးတောဝက်ဝင် လူမမြင်သူမသိဘ၀ကနေ လမင်းကိုဟောင်တဲ့ ခွေးကလေးပါလားလို့ ကိုယ့်ကို ဟိုလူကြည့် သည်လူကြည့်လည်း အကြည့်မခံချင်ပါဘူး။ ကာယကံရှင်တောင် ဖတ်ချင်မှ ဖတ်မိမှာဖြစ်ပေမယ့်လည်း ပို့သသော မေတ္တာတွေကတော့ ရကိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေစက်တို့ အထုံတို့ဆိုတာ ဗုဒ္ဒဘာသာပီပီ သက်ဝင်ယုံကြည်ပေသကိုး။ တခါမှ မသိမကျွမ်းဖူးသော်ငြား မြင်လိုက်ရုံနဲ့ ယုံကြည်အားကိုးဖြစ်သွားတာ၊ သိဟောင်းကျွမ်းဟောင်းတွေလို တရင်းတနှီး ခင်မင်လိုစိတ်ဖြစ်သွားတာဟာ ရေစက်မပါပဲ ဘယ်ဖြစ်နိုင်ပါ့မလဲ။

လူမမြင်ဖူးခင် နံမယ်ကိုအလွတ်ရအောင် ကျက်ခဲ့ရတာကတော့ သုံးတန်းမှာ အာဇာနည်နေ့အကြောင်း စာစီစာကုံးပြိုင်တုန်းကပေါ့။ အောင်ဆန်းဦးရယ်။ အောင်ဆန်းလင်းရယ် အောင်ဆန်းစုကြည်ရယ် လို့ သိခဲ့ပြီး တာဝါလိန်းလမ်းကအိမ်ကြီးကို သွားကြည့်တဲ့အခါမှာလည်း ဟောသည်ရေကန်ကလေးက အောင်ဆန်းလင်းကလေး ရေတိမ်နစ်ခဲ့တာဖြစ်မယ် လို့ ဒဏ္ဍာရီထဲကလို ဆွတ်ပျံ့လွမ်းမောခဲ့မိသေးတယ်။ ကလေးဘ၀က ဆရာမတွေ သွန်သင်ပေးခဲ့လို့ အာဇာနည်နေ့ရောက်တိုင်း ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတဲ့အခါ တစ်မိနစ်ငြိမ်သက်ပြီး ၀မ်းနည်းကြောင်း အလေးပြုရမယ် ဆိုတာလည်း သိခဲ့တယ်။ လမ်းသွားလမ်းလာတွေတောင် ဥသြသံကြားရင် ခနရပ်ပြီး ငြိမ်သက်နေကြတာ မှတ်မိတယ်။ ကားတွေ ခနရပ်ပြီး ဟွန်းတီးတယ်။ အစည်းအဝေးဆိုတာတွေစရင် နိုင်ငံတော်အလံအား အလေးပြု ဆိုတာပြီးရင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ဆိုတာကိုလည်း မီလိုက်သေးတယ်။ အိမ်ကမိဘကိုယ်တိုင်က အာဇာနည်နေ့ရောက်ရင် အာဇာနည်ဗိပ္မာန်ကို လိုက်ပို့ပေးတတ်တယ်။ ခုတော့ ပါးစပ်ရာဇ၀င်လေးဖြစ်ခဲ့ပြီ မဟုတ်လား။

ဦးနေ၀င်းခေတ်မှာ လူဖြစ်ခဲ့တဲ့ ကိုယ်တွေတောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သိပ်မစိမ်းလှဘူးဗျ။ သို့သော်လည်း သူ့မိသားစုကိုတော့ အဝေးပို့ထားခဲ့တဲ့အတွက် တစ်နှစ်တစ်ခါတောင် မြင်ရဖို့ ခက်ခက်ပါ။ ဒါကလည်း အခုပြန်စဉ်းစားကြည့်တော့ ကျေးဇူးတောင် တင်ရဦးမလိုပါပဲ။ အာသောကရုပ်ရှင်ထဲက “ရန်သူကို မုန်းလို့ရှိရင် ကိုယ့်မျက်စိအောက်မှာပဲ ထားပါ။” ဆိုတဲ့ အဆိုအမိန့်ကို အဘိုးကြီး နားသျှမ်းသွားတယ် ထင်ပါရဲ့။ မြန်မာတစ်ပြည်လုံး ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး သူပြောသမျှ နားထောင်နေရတဲ့အချိန်မှာ ဟိုကတော့ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းအလယ်မှာ ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့ ကြီးပြင်းခွင့်ရလိုက်တယ်။ (တော်ပါသေးရဲ့။ မြန်မာပြည်မှာ ကျန်ခဲ့ရင် သမီးတော်ကြီးတွေလို အလွန်ဆုံးဖြစ်မှ ဆရာဝန်လောက်ပဲ နေမှာ) ပညာရေးနဲ့အတူ ရှင်သန်ဖွံ့ဖြိုးခွင့်ရလိုက်တာကတော့ Vision လို့ ခေါ်ရမယ့် အတွေးအမြင်၊ ဆင်ခြင်တုံတရားနေလိမ့်မယ်ဗျ။ ဘိုးတော်ကြီးဟာ သူ့ရဲ့ ရင်နှစ်သည်းချာတွေကိုတောင် အဲသဟာရအောင် သွန်သင်မသွားနိုင်ရှာဘူး မဟုတ်လား။ ဗူးဆို ဘယ်သူမှ ဖရုံမသီးရဲဘူးလေ။ သူပုံသွင်းထားတဲ့ ခွက်ကလေးတွေထဲကနေ အခုချိန်အထိ ထွက်မလာနိုင်တဲ့သူတွေ အဲဒီမျိုးဆက်တစ်ခုလုံးမှာ အံ့သြစရာ မကောင်းလောက်အောင် ပေါနေသေးတယ်။ (ကိုယ်တောင် ခွက်စော်နံတုန်းပဲလား မသိ)

အိမ်ထောင်ရက်သားကျသွားတော့ ခုခေတ်မှာလို မီဒီယာဂျာနယ်တွေ မပေါ်သေးပေမယ့် ပါးစပ်စကား အတင်းအဖျင်းတွေ ၀မ်းသာအားရ ဖောက်သည်ချနေကြတာ မှတ်မိလိုက်ပါသေးတယ်။ ဒါပေမယ့် ဘူတန်မှာ အလုပ်သွားလုပ်တဲ့အခါ ဘူတန်လူကြီးပိုင်းတွေကတော့ ကိုယ်တွေကို မြန်မာမှန်းသိလိုက်တာနဲ့ ၀မ်းသာအယ်လဲ သူတို့နှမ မာပါစ သာပါစ။ နေကောင်းထိုင်သာရှိပါစ။ လို့ မေးကြမြန်းကြတယ်။ ဒီမှာအလုပ်လုပ်သွားတုန်းက အင်မတန်ချစ်စရာကောင်းတဲ့ မြန်မာအမျိုးသမီးကလေး တစ်ယောက်ပါ လို့ တမ်းတမ်းတတဆိုပြီး ဆုမွန်ကောင်းများ တောင်းလေ့ရှိတယ်။ ခမည်းတော်မင်းတရားကြီးရဲ့ တိဘက်ဘာသာဆရာဖြစ်သူ ခင်ပွန်းသည်နဲ့ ယောင်နောက်ဆံထုံးပါရင်း သူကိုယ်တိုင်ပါ အလုပ်ဝင်လုပ်လို့ အေးအေးချမ်းချမ်းနေခဲ့တယ် လို့ဆိုတယ်။ သူ့ဘ၀ရဲ့ ကိုယ်ပိုင်အချိန်တွေကို စိတ်ကြိုက်အသုံးချခွင့် ရနေတဲ့ကာလဟာ အမေဒေါ်ခင်ကြည်ကြီး မကျန်းမာတဲ့အထိပဲ ရှိလိမ့်မယ် ထင်ပါတယ်။ အဲသည်နောက်မှာတော့ အနာရင့်မှည့်လို့ ပြည်တွေပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးအနာကြီးကို မျက်နှာလွှဲမထွက်သွားနိုင်တာ သူ့မိသားစုအတွက်တော့ ကံဆိုးရှာတယ်လို့ပဲ ပြောရလိမ့်မယ်။ အင်တာဗျူးထဲမှာ အဲသည်ကိစ္စကိုပြောတာတော့ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံလိုက်တယ်လို့တောင် မခံယူပါဘူးတဲ့။ “It was not a sacrifice. It was a choice.” လို့ဆိုတယ်။ အနစ်နာခံတယ်ဆိုရင် တစ်စုံတစ်ရာ ပြန်လည်မျှော်မှန်းရာ ကျမှာစိုးလို့ သူ့ဘာသာရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်တာသာ ဖြစ်ပါတယ် တဲ့။ ရင်ထဲထိသွားလွန်းလို့ အဲဒီနားလေးပဲ နှစ်ခါ သုံးခါ ပြန်ပြန်ရစ်ပြီး နားထောင်ကြည့်တယ်။ ကိုယ်လည်းမိဘနေရာ ရောက်ခဲ့ပြီ မဟုတ်လား။ သားရေးသမီးရေးထက် အလေးထားစရာ ဘယ်မှာရှိပါ့မလဲ။ ဒါပေမယ့် လောကမှာ သားရေးသမီးရေးကို ဦးစားမပေးနိုင်တဲ့အခါကလည်း တော်တော်များများ ရှိခဲ့သားပါလေ။ တော်တော် တစ်ကိုယ်ကောင်းဆန်တယ် လို့ ထင်ချင်လည်းထင်မှာပေါ့။ ဒါပေမယ့် တစ်ကိုယ်တည်းကောင်းဖို့အတွက်တော့ မဟုတ်ပါဘူး။ လူတွေအများကြီးရဲ့ အမေနေရာကို ၀င်ရတဲ့အခါ ကိုယ့်သားသမီးတွေအတွက် နေရာကျုံ့သွားတာ အသေအချာပေါ့။ ကိုယ့်ရင်သွေးကိုပစ်ပြီး တခြားအရာတစ်ခုကို ရွေးချယ်လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့နှလုံးသားဟာ သံတွေသံခဲတွေနဲ့ လုပ်ထားတာမှ မဟုတ်ပဲ။ သူ့ခမျာ ခံစားရရှာပေလိမ့်မယ်။ အဲသည်တစ်ချက်တည်းနဲ့တင်ပဲ ငါ့သား ငါ့မယားတွေ ကောင်းစားဖို့၊ ငါပြုတ်ရင် ငါ့စည်းစိမ်တွေ ဘယ်သူမှ မထိနိုင်အောင် ကာကွယ်ဖို့ အပတ်တကုတ် ကြိုးစားလာခဲ့သူ ယောင်္ကျားရင့်မကြီးများနဲ့ အပြတ်အသတ်ကွာတယ် မဟုတ်ဘူးလား။

ပျားရည် သကာ ဆိုတာ ချစ်သူတို့ကိုမှ ချိုစေတာ မဟုတ်ဘူးဗျ။ မုန်းသူတွေကိုလည်း ချိုစေတာ အမှန်ပဲ။ တို့ပြည်မှာ တို့မေကြီး ရှိခြင်း မရှိခြင်းဟာ သူ့ကို ချစ်ခင်သူတွေကိုမှ အကျိုးစီးပွားတိုးတက်စေနိုင်တာ မဟုတ်လေဘူး။ ခါးခါးသီးသီး မုန်းတီးသူအပေါင်းတို့ကိုလည်း ရှိပြီးဥစ္စာ တန်ခိုးအာဏာတို့ ကြီးကျယ်ပြန့်ပွား များစေနိုင်သဗျ။ မယုံမရှိနဲ့။ နဂိုတုန်းက ဘယ်သူမှ မသိတဲ့ မောင်ရစ်တောင် အနားကလူ ထထောင်းတော့မှ ရှင်ဘုရင် လက်သပ်မွေးတော်မူတယ် မဟုတ်လား။ ဧရာဝတီတိုင်းတုန်းက ကလေးကလား သဗ္ဗာန်တွေငှားပြီး လော်စပီကာကြီးတွေနဲ့ သင်္ဘောနောက်က တကောက်ကောက် လိုက်ဖွင့်ခိုင်းတဲ့ ဘဘကြီးဆို မီးရှူးမီးပန်းလွှတ်သလား မှတ်ရတယ်။ ဒိုင်းကနဲ ရာထူးတွေ ထိုးတက်သွားတာ။ (ခုတော့ ဂိမ်းသွားရှာပြီ။ ပဝေသဏီကတည်းက)။ ကျုံမငေးတံတားပေါ်မှာ “ရပ်” လို့ သေနတ်ကြီးနဲ့ချိန်ပြီးကာမှ ပစ်မိန့်မပေးလို့ ပုခုံးပေါ်ကအပွင့်တွေ ဆွဲဖြုတ်ပစ်တဲ့ဗိုလ်ကလေးရော ဘယ်ရောက်သွားပါလိမ့်နော်။ ဖလ္လသမာပတ်က နိုးထလာတဲ့ရဟန္တာကိုလှူမှ လက်ငင်းအကျိုးပေးတာ မဟုတ်ဘူး။ အဲသလို အဲသလို အကုသိုလ်အမှုတွေ ပြုလိုက်ရင်လည်း ချက်ချင်းလက်ငင်း အကျိုးပေးသန်တယ်ဆိုတာ သိကုန်တော့ ဖော်စားတဲ့သူတွေ ဘယ်မှာနည်းခဲ့လို့လဲ။ ဒီပဲယင်းက သူရဲကောင်းတွေကတော့... ပြောရဲဖူး။ သားသား ကြောက်ကြောက်။ ဒါကြောင့် တချို့တွေလည်း တကယ် မမုန်းပဲနဲ့ မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်းနဲ့ သရုပ်ဆောင်ပြနေတာ နေမှာပါ။ သတင်းဓါတ်ပုံထဲမှာ မြင်လိုက်ရတာကတော့ ခေါင်းဆယ်လုံးရှိရင် တစ်လုံးမှ မကျန်ဘူး။ လည်နေအောင် ငေးကြည့်နေကြတာ။ တကယ်တော့ တို့မေကြီးကို ကော့မှူးက ပြိုင်မယ့်အစား ဇေယျာသီရိတို့၊ မင်္ဂလာဒုံတို့ကနေ ပြိုင်ကြည့်စမ်းစေချင်တယ်။ သူကတော့ မနိုင်ပဲ ဘယ်နေမလဲ။ ကိုယ်တွေသာ ဟဲ ဟဲ။

ခုချိန်မှာတော့ ပွဲသိမ်းနေပါပြီလေ။ သူလိုချင်တဲ့နေရာ ရောက်သွားပြီ။ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနှီးနှောနိုင်ပြီ။ အဲဒါ အနာခံလို့ အသာစံရတာပေါ့ လို့ မထင်နဲ့ဗျ။ ဇာတ်လမ်းက ခုမှ စတာ။ နုနယ်သန်စွမ်းတဲ့ အချိန်တွေအားလုံးကို ပေးဆပ်ခဲ့ရပြီ။ အသက်အရွယ်နဲ့မမျှတဲ့ ဖိစီးမှုတာဝန်တွေကို ခေါင်းပေါ်ရွက်ပြီး နိုင်ငံရေးကြိုးတန်းပေါ် လမ်းလျှောက်နေရတာ။ ပင်ပန်းလွန်းလို့ ပုံပုံသွားတာ ခနခန။ တခါတခါကျရင် စာဖတ်ဖို့ တွေးဖို့တောင် အချိန်မရတာကြောင့် အေးအေးဆေးဆေးရှိတဲ့ နေအိမ်အကျယ်ချုပ်ကာလကလေးတွေတောင် ပြန်လွမ်းမိပါသတဲ့။ ဖြစ်မှ ဖြစ်ရလေတယ်။ အိမ်ကအမေဆို အလုပ်တွေ မလုပ်ပါနဲ့တော့။ ဘုရားတရားနဲ့ သက်သက်သာသာနေတော့လို့ အနားယူခိုင်းထားပြီ မဟုတ်လား။ အဲဒီကအမေတစ်ယောက်ကတော့ သွားများကျဲတောင် တောင်ဝှေးဆွဲထောင် ပွဲဖြစ်အောင် မယ်ရင်ကမှာ ရင်ရင်ကမှာ လေပါတီကမှ အလှူပွဲဖြစ်ကြမှာ လို့ အားတင်းထားတုန်း။ ဘာဆေးစားလို့ ဂလောက်တောင် စိတ်ဆောင်နေရသတုန်း လို့ ငေါ့မေးမေးတဲ့မေးခွန်းကိုတော့ “It is the sense of duty that makes a person straight and tall.” လို့ ဖြေပါတယ်။ တောင့်တင်းသန်မာဖို့ဆိုတာ ကြွက်သားအဖုအဖု ထုထုပြီး ခရာချင်စရာငယ် ဖြစ်နေမှ မဟုတ်ပါဘူး။ (ကြွက်သားကြီး ညှစ်ညှစ်ပြတဲ့သူတွေ မျက်စပစ်ပြရင် ဘယ်လောက်စိတ်ကုန်စရာကောင်းမှန်း မြင်ဖူးမှသိလိမ့်မယ်)။ တာဝန်သိတတ်မှု၊ တာဝန်ယူမှုရှိနေရင် လူဖလံကလေးလည်း စိတ်ဓါတ်အင်အား တောင့်တောင့်တင်းတင်း ရှိနိုင်တာပ။

သူတို့ဆီက သတင်းထောက်ဆိုတဲ့အစားဟာ ကိုယ်တွေဆီမှာလို ပြောချင်တာတွေ ဆုံးအောင်စောင့်၊ မတ်တပ်ရပ် လက်ညှိုးထောင်၊ စိစစ်ရေးကမေးခွင့်ပြုပြီးသား မေးခွန်းကလေးတွေကို ၀မ်း တူး သရီး အက်ရှင် ဂိုး ဆိုတော့ မှ “မေးပါရစေ အမေရယ်” လုပ်ကြတဲ့အစား မဟုတ်ဘူးဗျ။ မြင်မြင်သမျှ မိုက်ခွက်ကြီးလှမ်းထိုးပြီး “ဘယ်လိုခံစားရပါသလဲ” ကလွဲရင် မမေးတတ်တဲ့အစားထဲကလည်း မဟုတ်ဘူး။ ချွန်တတ်၊ တွန်းတတ်၊ မြှောက်တတ်၊ မတတ်၊ အရောက်ပို့တတ်ပါတယ်။ တခါတလေ သူတို့စကားတစ်လုံးမှ မပါပဲ ငုတ်တုတ်ထိုင်စောင့်နေရတဲ့ ပုံကလေးတစ်ခုတည်းနဲ့တင်ကို ပွစိတက်သွားအောင် ဖွလို့ရတယ်။ မြှောက်သလို ပင့်သလိုနဲ့ အစဆွဲထုတ်သွားတာကတော့ “နယ်ဆင်မင်ဒဲလားကြီးလိုပဲနော်” တဲ့။ မသိတဲ့လူဆို ကားကနဲမြောက်သွားဦးမှာ။ တို့တွေကို မြက်ဂါဝန်ကလေးတွေဝတ်ပြီး အူးလူးလူး အားလားလား လုပ်တတ်တဲ့သူတွေများ ထင်နေသလား မသိဘူး။ “ဘာဆိုင်လို့လဲ။ ဟိုက ယောင်္ကျား သည်က မိန်းမလေ။ ယောင်္ကျားနဲ့မိန်းမဟာ အတူတူမှ မဟုတ်ပဲ။” တဲ့။ တွေးစရာတွေ အများကြီးပဲဗျ။ နေရာတကာ တန်းတူအခွင့်အရေးတောင်းဆိုတဲ့ သူတို့ဆီမှာတောင် တန်းတူမဟုတ်တာတွေ အများကြီး မဟုတ်လား။ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှု၊ အာရှရဲ့ ယဉ်ကျေးမှုအရ မိန်းမသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ အရေးပါမှု၊ နေရာရမှုတွေဟာ သူတို့ အနောက်တိုင်းနဲ့တော့ ခြားနားတာ အမှန်ပါ။ ဒါပေမယ့် သူတို့ဆီမှာ ဟီလာရီကလင်တန်နဲ့ မာဂရက်သက်ချာပဲ ရှိသေးတယ်။ ကိုယ့်ဘက်မှာ အင်ဒီယာဂန္ဒီ၊ ဘနာဇီဘူတို၊ ယင်လက်၊ အောင်ဆန်းစုကြည်။ တက်လာတာချင်း တူရင်တောင် အတိုက်အခံဖိအားချင်းက သည်ဘက်က ပိုပါလိမ့်မယ်။ သည်ကနေ့သည်အချိန်မှာ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် မေတ္တာဓါတ်နဲ့ ဗုဒ္ဓံမြတ်စွာကလည်း အောင်ခြင်းတွေ ဆောင်နှင်းသွားတာ မဟုတ်ပါဘူး။ မိုးနတ်မင်းကြီး ဦးမာဃကလည်း ၀ရဇိန်ချိန်ကာရွယ်ကာ ခြိမ်းလားခြောက်လား မလုပ်ခဲ့ပါဘူး။ ကုလသမဂ္ဂကြီးတောင် ဘယ်တုန်းကမှ အားကိုးလို့ မရခဲ့ပဲနဲ့။ ပိတ်ချင်သူတွေ ပိတ်ချင်သလောက်ပိတ်ကြ။ တိုင်းပြည်သာ ဆင်းရဲချင်ဆင်းရဲမယ်။ မူဂါဘီကြီးဘုန်းကံက စိန်ကို တင်းတောင်းနဲ့ချင်နိုင်တယ် မဟုတ်ဘူးလား။

ဘယ်လို ပြည်ပဖိအားပေးမှုမျိုးကမှလည်း မြန်မာပြည်ကို နေ့ချင်းညချင်း ပြောင်းလဲစေခဲ့မယ် မထင်ပါဘူး။

ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ ဇွဲ သတ္တိ နဲ့ ခွန်အားတွေဟာ အခေါဘဏီတပ်ကြီးကိုတောင် ပြောင်းလဲသွားစေတယ် လို့ ပြောရမလိုဖြစ်နေပြီ။ သူတို့ တော်တော်များများ ပြောလေ့ရှိတာကတော့ “အဲသည်မိန်းမ တိုင်းပြည်အတွက် ဘယ်တုန်းက ဘာလုပ်ခဲ့ဖူးသတုန်း ပြောစမ်း။” တဲ့။ ဟုတ်ကဲ့။ သူဘာမှ မလုပ်ခဲ့ပါဘူး။ လုပ်စရာလည်း မလိုပါဘူး။ သူရှိနေတယ်၊ မားမားမတ်မတ် ရပ်တည်ပေးနေတယ် ဆိုရင်ကို လုံလောက်ပါပြီ။ ဖိနှိပ်ခံလူတန်းစားတွေအတွက်၊ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့သူတွေအတွက်၊ မြန်မာပြည်သူတွေအတွက် သူရပ်တည်ပေးခဲ့တယ်လေ။ ငြင်းဦးမလား။ သူ့ဘ၀တစ်သက်တာရဲ့ အချိန်ကာလတွေ မိသားစုဘ၀တွေနဲ့လဲပြီး မြန်မာတွေ လွတ်လပ်တဲ့လူ့အခွင့်အရေးတွေ ရဖို့အတွက် ကြံ့ကြံ့ခံပြီး စိတ်ရှည်စွာ တိုက်ပွဲဝင်ခဲ့တယ်။ မနေဘူး။ ပြန်မယ်။ နောက်ဘယ်တော့မှ မလာဘူး။ စိတ်နာတယ်။ တစ်ခွန်းတည်းနဲ့ ရနိုင်တဲ့ လွတ်မြောက်မှု၊ မိသားစုနဲ့ ပြည်လည်ပေါင်းစည်းမှုကို သူလက်ခံခဲ့တာမှ မဟုတ်ပဲ။ သူ့အဖေရေးခဲ့တဲ့ Bloody but Unvowed Head ဆိုတာ သူ့မှာ ရှိတယ်။ ငါတို့က မင်းတို့အခွင့်အရေးတွေကို ဘယ်တုန်းကများ မတရားသဖြင့် တာဆီးပိတ်ပင်ထားလို့တုန်းကွ လို့ ပြောချင်ရင်တော့ လောင်းကြေးစားကြေးဗျာ။ အခုမှတ်စုကလေးကို မြန်မာ့အလင်းထဲက ထည့်ပေးပါလား။ (အိမ်မှာ လာမဖမ်းသေးတာပဲ ကျေးဇူးတင်နေရသေး။ အရင်ပုံစံနဲ့သာဆို အထဲရောက်လို့ အရိုးတောင်ဆွေးလောက်ပြီ)။ မင်းတို့က ပုဂ္ဂိုလ်ရေး ကိုးကွယ်လွန်းအားကြီးတယ်ဆိုရင်တော့ ပြောစရာတစ်ခုရှိသဗျ။ ပုဂ္ဂိုလ်ခင်နေတာ မဟုတ်ပါဘူး။ တရားမင်နေတာသာ ဖြစ်ပါတယ်။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုတွေကို အစဉ်တစိုက် ဆန့်ကျင်လာတာ သူတစ်ယောက်သာရှိခဲ့တဲ့အတွက် အဲသလို အခါမျိုးကြုံလာလေတိုင်း ဓဇဂ္ဂသုတ်ရွတ်သလို သူ့ကို ပြေးပြေးတ လိုက်တော့ အားကိုးရာရသလိုလို ရှိလာတယ် မဟုတ်လား။

ဝေဿန္တရာဇာတ်တော်မှာ မင်းလေးပါးပြန်ဆုံကြတော့ ၀မ်းသာဝမ်းနည်း ငိုယိုမြည်တမ်းရင်း မြင်ရသူ ဆွေတော်မျိုးတော်အပေါင်းတို့ပါ မိန်းမောမေ့မျောသွားလို့ ပေါက္ခရ၀ဿမိုး ရွာသွန်းလို့ သတိပြန်လည်စေရသတဲ့။ နှစ်ဆယ့်လေးနှစ်လုံးလုံး ခွဲခွာစွန့်ထားခဲ့ရတဲ့ သားငယ်ကလေးတွေ အရွယ်လားမြောက်၊ မြေးကလေးတွေတောင် ရနေကာမှ ပြန်ဆုံကြရတဲ့အခါမှာလည်း ကာယကံရှင်တွေတင် မကပါဘူး။ ဓါတ်ပုံတွေ မြင်တဲ့သူတိုင်းက မျက်ရည်တ၀ဲဝဲ စာနာရင်နင့်မိကြပါတယ်။ သိကြားမင်းကြီး မဟုတ်လို့ စိုစွတ်စေလိုသူတို့ကိုသာ စွတ်စိုစေနိုင်တဲ့ ပေါက္ခရ၀ဿမိုး ရွာလာအောင် မတတ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်နဲ့ စိတ်သဘောချင်းတိုက်ဆိုင်သူတို့ကို ဖြေသိမ့်နိုင်စိမ့်သောငှာ တွေးမိတွေးရာကလေးများ မျှဝေပါ့မယ်။ ခုနကပြောတဲ့ သူမကို စိတ်ဆောင်မာန်တင်းထားနိုင်စေတယ်ဆိုသော Sense of duty တာဝန်သိစိတ်ပါ။ သူ့အတွက် ဘာတာဝန်တွေ ဦးလည်မသုန် ထမ်းရွက်နေရလို့တုန်း။ ကိုယ့်ဘာသာမြင်မိတာကတော့ သူ့အဖေက လက်ဆင့်ကမ်းလိုက်တဲ့တာဝန်တွေပါ။ ဖတဆိုးဖြစ်ချိန်တုန်းက လူမမယ်အရွယ်ကလေးပဲ ရှိခဲ့ပေမယ့်လည်း ဖခင်ရဲ့ ပုံရိပ်ကိုတော့ သူမှတ်မိသလောက် ပြန်ဖော်လိုက်တဲ့အခါ Very Disciplined Man ပါတဲ့။ လူသာမန်မဟုတ်တဲ့ အာဇာနည်ပုဂ္ဂိုလ်ထူးတွေဟာ မွေးစကနေ သေဆုံးချိန်အထိ အများတကာနဲ့မတူတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေ ရှိတတ်ပါတယ်။ မောင်ထိန်လင်း အဖြစ်နဲ့ကတည်းက ဆင်းရဲသားတွေဘက်က ရပ်တည်စာနာတတ်တဲ့စိတ်ထားဟာ ဗိုလ်ချုပ်ဖြစ်ချိန်မှာတောင် အ၀တ်အစားသုံးစုံ၊ ပဲပြုတ် နံပြားစားတဲ့အထိ မပြောင်းလဲခဲ့ပါဘူး။ ရှေးကလူတွေ လာဘ်မထိုးတတ်လို့ မထင်ပါနဲ့။ သူ့အနေအစားကို သနားလို့ အိမ်တိုင်ယာရောက် ရွှေချောင်းတွေ လာပေးတာတောင် ပါတီရံပုံငွေထဲလှူခိုင်းပါသတဲ့။ မင်းဘာသာ ယုံချင်ယုံ။ တို့ကတော့ မယုံဘူး လို့ ပြောမယ့်သူချည့်ပါပဲ။ ဒီခေတ်ကြီးထဲမှာ ယုံချင်စရာလည်း မကောင်း၊ ယုတ္တိလည်း မရှိဘူးမဟုတ်လား။ သူ့အဖေ သေသည်အထိ ဦးလည်မသုန် ထမ်းရွက်သွားတဲ့ သမိုင်းပေးတာဝန်ကတော့ မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက်ပါ။ အဲဒါကလွဲရင် ပါတီနိုင်ငံရေးတွေတောင် သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ရှင်ဘုရင့်သားမြေးများဟာ မိဘဘိုးဘွားသေရင် မရအရ အတင်းလိုက်ဆက်ခံလေ့ရှိကြတာ တီးမွေနန်းမွေပါ။ သူဌေးသူကြွယ်သားသမီးများကျတော့ ဥစ္စာဓနအမွေပေါ့။ အာဏာရှင်သားမြေးများလည်း အာဏာကို မက်မက်စက်စက် လိုက်ဆက်ခံလေ့ရှိကြတာ မြောက်ကိုရီးယားကို ကြည့်။ ဒါပေမယ့် တာဝန်အမွေဆိုတာကတော့ ဘယ်သူကများ သိတတ်စွာ မြတ်မြတ်နိုးနိုး ဆက်ခံချင်မှာလဲ။ တို့မေကြီးဟာ သူ့အဖေစောင့်ရှောက်ကာကွယ်ခဲ့တဲ့ သားမြေးများကို သူ့ရင်သွေးလေးတွေကိုတောင် မငဲ့ကွက်ပဲ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် သမိုင်းပေးတာဝန် ကျေတယ်လို့ပဲ ပြောရတော့မှာပေါ့။ သဘောချင်းမတိုက်ဆိုင်ရင်လည်း ငြင်းနိုင်ပါတယ်။

သားသမီးများဆိုတာ တခါတခါ ခလုတ်ထိမှ အမိတ တဲ့အခါလည်း ရှိသဗျ။ သူများက အနိုင်ကျင့်လာခဲ့ရင် အမေ့ လို့ အားကိုးအားထား ရှာတဲ့အခါလည်း ရှာသဗျ။ ဒီအခါမျိုးမှာ အမေက အလုပ်တွေရှုပ်နေလို့ ဒေါင်းတိမောင်းတိ လိုက်မရှင်းပေးနိုင်ရင်တောင် “ငါ့သားလေး ဘယ်နာသွားသေးသလဲ။” လို့ အမေးမခံရရင် တို့အမေက တို့ကို ဂရုမစိုက်ပဲကိုးဆို ၀မ်းနည်းသွားတတ်တာ ဓမ္မတာပါ။ ဒါပေမယ့်လည်း ကိုယ်မွေးထားတဲ့ သားယောင်္ကျားလေးကို ကျားကျားယားယား ယောင်္ကျားပီသစေချင်ရင် အမေက နေရာတကာ ကြက်မကြီးလို ရင်အုပ်မကွာ လိုက်ကာနေလို့ မဖြစ်သေးဘူးဆိုတာ တွေးကြည့်ရင် သဘောပေါက်ကြပါလိမ့်မယ်။ ရခိုင်အရေးမှာ တို့အမေက ပါးစပ်ကြီးပိတ်ပြီး ဟိုဘက်က ကုလားကြီးတွေနဲ့ ဖက်လှဲတကင်း ရန်ပြေမာန်ပြေစကားတွေ ဆိုနေနိုင်လိုက်တာ လို့ ကလေးဆန်ဆန် စိတ်ကောက်မိတဲ့ သူတွေထဲမှာ ကိုယ်တောင် ပါခဲ့သလိုရှိပါတယ်။ တကယ်တော့ ဘာဆိုင်လို့လဲဗျာ။ ဒါ ယောင်္ကျားချင်း ရှင်းရမယ့်ကိစ္စ။ ကိုယ့်အမေ စိတ်ပူနေမှာစိုးလို့ အသိတောင်မပေးသင့်ဘူး။ သူက သူ့အဖေ မပေးအပ်ခဲ့တဲ့တာဝန်တွေတောင် သိသေးရင် ကိုယ်ကရော ကိုယ့်တာဝန်တွေကို ဘာလို့ မသိရမှာလဲ။ အခုချိန်မှာ တိုင်းပြည်တာဝန်တွေကို ကိုယ်တတ်တဲ့ပညာနဲ့ ရောက်ရာအရပ်က ဘယ်လိုအခြေအနေ ရှိသည်ဖြစ်စေ မကျေကျေအောင် ထမ်းတယ်ဗျာ။ မက်လောက်စရာလခ၊ စားပွဲအောက်က၀င်ငွေ၊ လူမလေးခွေးမခန့်ရာထူးကြောင့်လို့ထင်ရင် ခေါင်းလာဖြတ်ယူသွားလှည့်။ အဲဒါနဲ့မှ မလုံလောက်သေးဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးတကြီးလိုအပ်လာပြီဆိုရင် ဒီအသက်အရွယ်အထိ အစေးမကပ်ခဲ့တဲ့ (အမှန်အတိုင်းပြောတာ။ စိတ်တော့ မရှိနဲ့) စစ်တပ်ထဲကို ၀င်ဖို့လည်း ၀န်မလေးပေါင်ဗျာ။ မင့်ဗလနဲ့ အထုပ်ပိသေရုံအပြင် မရှိဘူးထင်ရင် စမ်းကြည့်ကြတာပ။ တာဝန်သိစိတ် Sense of duty ဆိုတာ ဘယ်လောက်စွမ်းမစွမ်း။ အဲ့တော့ ဒီနှစ်မွေးနေ့မှာ အမေ့ကို ဘာလက်ဆောင်ပေးမလဲဆိုရင် ကျွန်တော်လည်း တာဝန်သိတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိကို ပျော်ပျော်ကြီး ပေးပါသဗျား။ တို့အမေ သက်တော်ရာကျော် ရှည်ပါစေ။

Soe Min

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စုတစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံမူးအောင် သောက်ကြပြီးနောက် ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက်ရာမှတစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့်တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီ ကေတီဗွီမာဆက်နားမှာ အဲဒီလိုရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏ ဖြစ်နေတာပဲ။ ဆိုင်မှာ လာသောက်စားကြ၊ ပြီးရင် လမ်းသွားလမ်းတွေပါ မချန် ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာက ရိုးနေပါပြီ။ ဒါ ရပ်ကွက်ထဲမှာ ကေတီဗွီ၊မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီ ကေတီဗွီသွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ်နားလေးကဆိုင်က မာဆက်လည်း ရတယ်။အဆောင်လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာတက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။

"အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက်ဆိုင်လေးတွေရှိတယ်၊ အဲဒါ ကျောင်းဧရိယာနဲ့မလွတ်လို့ဆိုပြီး သက်ဆိုင်ရာက ဖယ်ခိုင်းတယ်၊ ဒါမျိုးကြီး ကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်းများစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အဆိုပါ မြို့သစ်ရပ်ကွက်အပြင် မုံရွာမြို့အနှံ့ ကေတီဗွီ၊ မာဆက်အတော်များများကို ဖွင့်လှစ်ထားကာ သူ၏ နောက်ကွယ်တွင် အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးက ကျောထောက်နောက်ခံ ပြုထားကြောင်း၊ အခြား ရှယ်ယာဝင်များလည်း ပါဝင်ကြောင်း သူနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

မြို့သစ်ရပ်ကွက်နှင့် အခြား မုံရွာမြို့အနှံ့တွင်ရှိသော အခြား ကေတီဗွီ၊မာဆက်များမှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးစသည်ဖြင့် ဗိုလ်များနှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြောင်း၊ အချို့မှာလည်း အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက်သားများမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိကြကြောင်းကိုလည်း သိရသည်။

ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာ ငွေကြေးရှာဖွေမှုများကို ခွင့်ပြုထားသောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေး စိတ်မ၀င်စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက်ရဲသောအဖြစ်၊ လမ်းတွင် ဆိုင်ကယ်မောင်းရင်းဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့် ယောကျာ်းဖြစ်သူကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏ အငွေ့အသက်ကို မရရှိသည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေးများ၊ ပျောက်ဆုံးသွားသော မိသားစု ညစာများ၊ မှိုင်းမိရာမှတစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟု တေးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာ ပျော်ပါးနေသူများမှာ ငွေရေးကြေးရေး များစွာအဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊
စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ်သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေးများ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားသော၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက် ရယ်ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူစရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။

တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများအတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏ သားသမီးအား မုံရွာသို့ ပညာသင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာ ဖြစ်ပေတော့သည်။

ThanLarWaddy Times

အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက်အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင်အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။

The Voice Weekly

မှော်ဘီ သံဃာ့ညီလာခံ အစုအဖွဲ့များ ဆွေးနွေးပွဲ။ 13.6.2013- 163း0-18း00
မှော်ဘီ သံဃာ့ညီလာခံ ဆွေးနွေးပွဲ။

ဗုဒ္ဓ ဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြားအမျိုးသား တဦးနှင့်လက်ထပ်မည် ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ သံဃာတော်တချို့ မှော်ဘီမြို့တွင် မကြာသေးခင်က ဆွေးနွေးခဲ့ကြသည်။ ဦးဆောင်ဆွေးနွေးသည့် ဆရာတော်များကတော့ ဦးဝီရသူနှင့် ဦးဓမ္မပီယတို့ ဖြစ်ကြောင်း တွေ့ရသည်။ အဲတာအပြင် ထိုဆရာတော်များနှင့်အတူ လူ့အခွင့်အရေး အာမခံချက်ရှိသော၊ ဒီမိုကရေစီ ဘိုးအေလည်းဖြစ်သော အင်္ဂလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိထားပြီး ယခုအခါ ဗြိတိန်နိုင်ငံသား ဖြစ်နေသော ဆရာတော် ဦးဥတ္တရကိုလည်း ဓာတ်ပုံထဲတွင် တွေ့ရသည်။

၁။ ဒီအဆိုကိုပြန်ကြည့်ပြီး သုံးသပ်လိုက်တဲ့အခါ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများကို ကာကွယ်ပေးဖို့ဟု ရည်စူးထားဟန် တူသော်လည်း လက်တွေ့တွင် အမျိုးသမီးများအား ချုပ်ချယ်ကန့် သတ်ထားသော လူ့အခွင့်အရေးကို သွယ်ဝိုက်၍ ချိုးဖောက်ထားသော အဆိုဖြစ်နေသည်။ ဆိုလိုတာ ကတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ သူတို့နှစ်သက် သဘောကျသည့် အိမ်ထောင်ဖက်နှင့် ထိမ်းမြားရန် ကန့်သတ်ထားသည့် အဆိုဖြစ်နေသည်။

မွတ်စလင်ဘာသာဝင် အမျိုးသားများနှင့် ဗုဒ္ဓဘာသာဝင် အမျီုးသမီးများ လက်ထပ်မှာကို စိုးရိမ်ပြီး ဒီအဆိုကို ဆွေးနွေးခဲ့ ကြသည်လို့ မြင်သည်။ ဘာသာခြားနှင့် အိမ်ထောင်ပြုသည့် ကိစ္စဟုဆိုထား သဖြင့် ပြောရမည်ဆိုလျှင် ဤအဆိုသည် ဥပဒေတခုဖြစ်သွားပါက အစ္စလမ် ဘာသာဝင်သာမက ခရစ်ယန်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ၊ ရေဝတီဘာသာ အစရှိသော ဘာသာဝင်အမျိုးသားများ အတွက်ပါ အကြုံးဝင် သွားမည်ဖြစ်သည်။

ဒီအဆိုကို ဥပဒေတခုဖြစ်လာအောင် ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်သလား ဆိုတာ ပြန်ကြည့်ဖို့လို လာသည်။ ဆိုလိုသည် ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မြန်မာပြည်တွင်းတွင် ဘာသာခြား အမျိုးသားများနှင့် လပ်ထပ်ထိမ်းမြားနေတဲ့ ရာခိုင်နှုန်း စိုးရိမ်ကြောင့်ကျဖွယ် တိုးတက်များပြား လာနေ ၍လော။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင်တွေနဲ့ ယူနေသည်မှာ သန်းဂဏန်းအထိ ရောက် ရှိနေ၍လော။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မြန်မာနိုင်ငံ သား မွတ်စလင်များနှင့် လက်ထပ် ထိမ်းမြားမှု အနည်းအကျဉ်း ရှိနိုင်သော်လည်း များသထက်များလာတယ်လို့ မကြားမိပါ။ အမျိုသမီးထုကို အထင်အမြင်သေးသည့် အမြင်ကနေ ပေါ်ပေါက်လာသည်ဟု ပြောလိုသည်။ မိန်းမဆိုတာ နှာခေါင်းမပါရင် ဟိုဟာတောင် စားမယ်ဟု အထင်ရောက်နေသည့် ယောက်ျားကြီးဝါဒကနေ ပေါက်ဖွားလာတာဟု ဆိုပါရစေ။ အမျိုးသမီး များကို အထင်အမြင် မသေးသင့်ပါ။ အမျိုးသားတွေလည်း မိခင်ဆိုသော အမျိုးသမီးများ၏ ဝမ်းကြာတိုက်မှ မွေးဖွားပေး လိုက်၍ လူဖြစ်လာကြသည် မဟုတ်လော။

၂။ ဒီအဆိုဟာ ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်သည်။
မြန်မာနိုင်ငံကို ဂုတ်ခွစီးပြီး အမြတ်ထုတ်နေတာ မြန်မာနိုင်ငံသား မွတ်စလင်များမဟုတ်ပါ။ ဦးပိုင်နှင့် ပေါင်းစားနေသော တရုတ်ကုမ္ပဏီများသာ ဖြစ်သည်ကို မမေ့သင့်။ စစ်တပ်လူတန်းစားနှင့် တရုတ်တို့သာ အမြတ်ထွက်နေသည်ကို ဘာကြောင့် မေ့ထားကြသနည်း။ ဥပမာတခုပြောမည်ဆိုလျှင် ယခုအချိန် မန္တလေးကို စီးပွားရေး လူမျိုးရေးအရ စီးထားသည်မှာ နောက်ဝင်လာသော မြန်မာစကား မတတ်သည့် တရုတ်များသာဖြစ်သည်။ မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ ငွေပေး ၍ မြန်မာမှတ်ပုံ တင်ကိုင်ထားသည့် ကိစ္စကိုတော့ ဘာကြောင့် အခုအထိ မပြောကြသေးသနည်း။ အခုတော့ မှတ်ပုံတင်ကို ကိုင်ရုံမဟုတ် မြေတွေယာတွေပါ တစတစ သူတို့ဝယ်ယူပိုင်ဆိုင် ထားသည်မှာ မနည်းတော့။

မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊ ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည့် ကိစ္စ အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန် လမ်းလွှဲသော လုပ်ရပ်ဟု ထပ်ပြောလိုသည်။ ကုလားမုန်းတီးရေး မွတ်စလင်မုန်းတီးရေး လုပ်နေကြသည်။ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင်သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေးကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု မေးခွန်းမေး စရာ ဖြစ်လာသည်။ မွတ်စလင်မုန်းတီးရေးကို ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ် ကနေ ငွေကြေးထောက်ပံ့ နေသလားဟုပင် ထင်ရသည်။

သမ္မတအကြံပေးဆိုသူများတွေလည်း ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုခြင်း မရှိကြ နုတ် ဆိတ်နေကြသည်။ အလားတူပင် နိုင်ငံရေးသမားများလည်း ပါးစပ်ပိတ်နေကြသည်။ မီဒီယာများလည်း ကြားနေနေကြသည်။ အကျဉ်းသား ဟောင်း သူရဲကောင်းများလည်း အာစေးမိနေကြသည်။ နည်းနည်းဝင်ပြောမိသည့် ဒေါ်စုလည်း ထောင်ချောက်ကို မြင်လို့လားမသိ ကိုယ်ရှိန်သတ်သွားသည်။ ဒီကြားထဲ ကုလားနဲ့ ပေးစားခံလိုက်ရသေးသည်။ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြေးဖြေးနှင့် လက်နက်တခုသဖွယ် ဖြစ်လာသည်။ လူ့အခွင့်အရေးဟု မွတ်စလင်များဖက်မှ ပြောမိသူနိုင်ငံရေးသမားသည် ရွေးကောက်ပွဲတွင် မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်။

၃။ အင်စတီကျူးရှင်းများကို အလွဲသုံးစားလုပ်
မြန်မာပြည်တွင် ရိုးရာအရ အင်အားကောင်းသော အင်စတီကျူးရှင်း (အဖွဲ့အစည်း) နှစ်ရပ်သာ ရှိသည်။ အဲဒါကတော့ စစ်တပ်နဲ့ ဗုဒ္ဓဘာသာ သံဃာတော်များ ဖြစ်သည်။ လူအနေနဲ့ ရှစ်တန်းပင် မအောင်သော သူများက မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားရေး ဥပေဒေပြုလုပ် လိုသည် ဆိုလျင် ဘယ်သူကမှ အရေးစိုက်မည်မဟုတ်။ ပညာရှင် အတော်များများက ပြောလာသည်ဆိုပါက အနည်းနဲ့အများ လူတွေက စိတ်ဝင်စားနိုင်သေးသည်။ အခုဖြစ်နေ တာက လူတွေက ကြောက်နေရသော စစ်တပ်က ၂ဝဝ၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးခဲ့၍ အတည်ပြုခဲ့သည်။ အခုတခါ လူတွေကြည်ညိုသော သံဃာတော်ဆရာတော် တချို့က လက်ထပ်ထိမ်းမြှားရေး ဥပေဒသစ်တခုကို ဖန်တီးဖို့ ကြိုးစား နေသည်။ ဒါဟာ မိမိတည်မီနေတဲ့ အင်စတီးကျူးရှင်းကို နောက်ခံထားပြီး အလွဲသုံးစားလုပ်တာပင်ဖြစ်သည်။
လက်ထပ်ထိမ်းမြားရေးနှင့် ပတ်သက်၍ ဥပဒေအသစ် လိုအပ်ပါက တိုင်းသူပြည်သား လူအများက နိုင်ငံရေးအရ တခဲနက် တောင်းဆိုလာလိမ့်မည်။ အခုဖြစ်နေသည်က လူတွေနားမလည်၍ သံဃာတော်များက ဦးဆောင်ပေးနေရသည်ဆိုတဲ့ ပုံစံမျိုးကို သွားနေသည်။ လက်ပန်တောင်းလို အရေးအခင်းမှာ နစ်နာနေတဲ့ လယ်သမားတွေနဲ့ အတူရပ်ခံခဲ့တဲ့ သံဃာတော်များကို အထူးလေးစားသည်။ ဒါပေမယ့် တချိန်ထဲမှာလည်း အီရန်က သြဇာအာဏာ ကြီးမားသော ဘာသာရေးခေါင်းဆောင်များကို အားကျနေသော မြန်မာဗုဒ္ဓဘာသာ သံဃာတော်များ ရှိနေသလောဟု အတွေးရောက် မိသည်။ ဗုဒ္ဓဘာသာ အမျိုးသမီးသည် ဗုဒ္ဓဘာသာ အမျိုးသားနှင့်သာ လက်ထပ်ရမည်၊ အမျိုးသားဖက်က ဘာသာ ခြားဆိုပါက ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဟု ဆိုသည်ကို ဥပဒေပြုမည်ဟု ကြိုးစားလာသည်။ ဤသည်မှာ လူတဦးကို ကန့်သတ်ချုပ်ချယ်ထားသလို နောက်လူတဦး ကိုလည်း ၎င်း၏ယုံကြည်သက်ဝင်မှုကို စွန့်လွှတ်ရမည်ဟု ဆိုခြင်းပင်ဖြစ်သည်။ တရားပါသလော။

၎။ ဒီကိစ္စဟာ ဒီမှာရပ်နေမည်မဟုတ်။
ဥပဒေပြုတာက အတည်ဖြစ်သွားရင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအတွက် တသက်တာ စိတ်ချသွားရပြီလို့ ဆိုနိုင်သလား။ ဥပမာ မွတ်စလင်ကိုးကွယ်သူ အမျိုးသားတဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတဦးနဲ့ ချစ်ကြိုက်လို့ အိမ်ထောင်မပြုခင် မွတ်စလင်ထဲကထွက် ဗုဒ္ဓဘာသာ ကူးပြောင်းတယ်ဆိုပါစို့။ အဲဒီသူဟာ တချိန်က မွတ်စလင်ဖြစ်ခဲ့တာမို့ မွတ်စလင် ရပ်ကွက်တွေကို ရိုးရိုးသားသား အလည်အပတ် သွားတာမျိုး ရှိနိုင်သည်။ ဗလီမှာ မိတ်ဆွေတွေ သူငယ်ချင်း တွေနဲ့ သွားစကားပြောမျိုး ရှိချင်ရှိလိမ့်မည်။ အဲသလို အခါမျိုးမှာ ဒီလူဟာ ဗုဒ္ဓဘာသာကို တကယ်မယုံကြည်ဘဲ အိမ်ထောင်ပြုဖို့ အတွက်သာ ဘာသာပြောင်းခြင်ယောင် ဆောင်ထားတယ်လို့ ရုံးတင်စွပ်စွဲပြီး ထောင်ချမလား။ တခါက မွတ်စလင် ဖြစ်ခဲ့တာမို့ အရင်ကလည်း ဝက်သားမစားဘူး အခုလည်း မစားဘူး။ သို့သော် ဗုဒ္ဓဘာသာ ကူးပြောင်းတာ စစ်စစ်မှန်မှန် ဖြစ်ကြောင်း ပြသဖို့ လူတွေရှေ့မှာ ဝက်သားစားပြရမှာလား။ ဝက်သားစားမပြရင် ဒီလူဟာ တကယ် ဗုဒ္ဓဘာသာမဟုတ်သေးဘူးလို့ စွပ်စွဲပြီး လိမ်လည်မှုနဲ့ ထောင်ချမလား။ မုတ်ဆိပ်မွှေး မရိပ်ဘဲ ဆက်ထားရင် ဒါဟာ မွတ်စလင်ဖြစ်နေသေးကြောင်း သက်သေ ဖြစ်တယ်လို့ စွပ်စွဲခံရပြီး ရုံးရောက်ဂတ်ရောက် ဖြစ်ဦးမလား။

ဒီဥပဒေ အတည်ဖြစ်သွားခဲ့ရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ ပြောလိုသည်။ ခရစ်ယန်များတဲ့ ပြည်နယ်ကလည်း ခရစ်ယန်အမျိုးသမီးများ အကာအကွယ်ရရှိဖို့ ဥပဒေပြုပေးဖို့ တောင်းဆိုလာနိုင်သည်။ ရှမ်းပြည်မှာလည်း ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပေမယ့် ရှမ်းလူမျိုးရဲ့ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုတွေ မတိမ်ကောစေဖို့ ရှမ်းပြည်နယ် ဒေသအတွင်း ရှမ်းအမျိုးသမီးတွေ တခြားတိုင်းရင်းသား လူမျိုးတမျိုးမျိုးနှင့် လက်ထပ်ခွင့်မရှိ ဆိုတဲ့ ဥပဒေမျိုးလည်း ပေါ်လာနိုင်သေး သည်။ တခါ ရှမ်းပြည်အတွင်း မြန်မာအမျိုးသားတဦး ရှမ်းအမျိုးသမီးတဦးနှင့် လက်ထပ်ထိမ်းမြားလိုပါက ဗုဒ္ဓဘာသာခြင်း တူတာမှန်ပေမယ့် လူမျိုးမတူ တာကြောင့် မြန်မာအမျိုးသားဟာ ရှမ်းစကား ရှမ်းစာပေ တတ်အောင်သင်ပြီးမှာ လက်ထပ် ခွင့် ရှိမယ်လို့ ဥပေဒ ပြဌာန်း ထားရင်ကော မြန်မာတွေဖက်က ဘယ်လိုမြင်မလဲ။

၅။ ကယ်တင်ပုံကယ်တင်နည်း
လူတွေဟာ ဆင်းရဲတွင်းထဲမှာ နက်သထက်နက်အောင် နေလာရရင် မထူးဇာတ်ခင်းလေ့ရှိတဲ သဘာဝ ရှိသည်။ သူခိုး ဂျပိုးတွေ များလာသလို ပြည့်တန်ဆာဖြစ်တာတွေလည်း များလာလေ့ ရှိသည်။ ဘဝထွက်ပေါက်အတွက် ပိုက်ဆံရှိသော ချမ်းသာသော ဘာသာခြားနှင့်လည်း (မွတ်စလင်ဖြစ်ဖြစ် ၊ ခရစ်ယန်ဖြစ်ဖြစ်) ယူကောင်းယူနိုင်သည်။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးတွေ ဘာသာခြားနှင့် အထူးသဖြင့် မွတ်စလင်ဘာသာဝင်များဖြင့် အိမ်ထောင် မပြုစေလိုပါက လူထုအား ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်အောင် စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲရမည်။ ပညာမဲ့ ဘဝ မှနေ၍ ပညာတတ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရမည်။ ဤသည်သာ မှန်ကန်သော ကယ်တင်မှုဟု ဆိုရပေမည်။ ဥပဒေပြုတာ တခုထဲနဲ့တော့ မကယ်တင်နိုင်ပါဟု ထောက်ပြလိုသည်။ နောက်ဒီလို ဥပဒေမျိုးက အမျိုးသားရေး အစွန်း ရောက်တာမို့ ဒီမိုကရေစီကိုချီတက်နေသော တိုင်းပြည်တခုမှာ ပြုကောင်းသည့် ဥပဒေမျိုးလည်း မဟုတ်ပါ။

နောက်ဆုံးအချက် တိုင်းပြည်နဲ့ နိုင်ငံသားတွေ ဆင်းရဲနေတာ ဘယ်သူ့ကြောင့်လဲ ဘယ်သူတရားခံလဲ ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်လို့ ပြောလိုသည်။

နောက်တခုကတော့ ချွင်းချက်ဖြစ်သည်။ ချွင်းချက်လို့ ဆိုတာက ဘာသာမတူသော်လည်း လူသားတွေ ဖြစ်တာမို့ တဦးနှင့် တဦး မေတ္တာသက်ဝင်ပြီး တအိုးတအိမ် ထူထောင်နိုင်တာမျိုးလည်း ရှိနိုင်သည်။ တဦးနှင့်တဦး မိုင်ပေါင်း ထောင်ချီဝေးသော နေရာမှ လူများ တွေ့ကြဆုံကြ၊ ဆက်ဆံကြ၊ ပေါင်းသင်းကြ ဆိုသည်မှာ ရှေးကပါလာသည့် ပဌာန်းဆက်ကြောင့် ဖြစ်သည် လို့ ဗုဒ္ဓဘာသာမှာ ဆိုထားသည် မဟုတ်လော။

ဇော်မင်း
၁၄ ရက် ဇွန်လ ၂ဝ၁၃ ခုနှစ်

ရွတ်မွန်စာမျက်နှာ

အဏ္ဏဝါစိုးမိုး

မြန်မာနိုင်ငံမှာ သဘောင်္သားဆိုတာ အခြေခံ လူတန်းစားတွေထဲမှာတော့ စားနိုင်၊ သောက်နိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်၊ ကိုယ်ပိုင်ကား စီးနိုင်သူဖြစ်လို့ ချမ်းသာ သူလို့ ပြောလို့ရသည်။

ကျွန်တော်သည် သဘောင်္သားဖြစ်သည်။ သဘောင်္သားဘဝဖြင့် သဘောင်္လိုက်နေတုန်းက ကျွန်တော်ချမ်းသာခဲ့ဖူး သည်။ ကိုယ်ပိုင်အိမ်ဖြင့် နေနိုင်ခဲ့သည်။ ကိုယ်ပိုင်ကား စီးနိုင်ခဲ့သည်။ တီဗွီ၊ ဗွီဒီယိုဆိုတာပေါ်တာနဲ့ ဝယ်သုံးနိုင်ခဲ့သူဖြစ်သည်။ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄၅ဝ ရသည့်ခေတ်မှာ လစာဒေါ်လာ ၂,ဝဝဝ လောက်ရသူဖြစ်လို့ တစ်လကို ဝင်ငွေ ကိုးသိန်းလောက် ရခဲ့ဖူးသူ ဖြစ်သည်။ ချမ်းသာခဲ့ဖူးသည်လို့ ပြောလို့ရမည်ထင်သည်။

အသက်ကြီးလာလို့ သဘောင်္မလိုက်ရတော့သည့်အခါ ဝင်ငွေမရှိ ဖြစ်သွားတော့သည်။ ဝင်ငွေမရှိတော့သော်လည်း မိသားစု၏ ဝန်ဆောင်စရိတ်က လျော့ကျမသွားသည့်အပြင် နေ့စဉ်တိုးများလာနေသည်။

စားသောက်ကုန် ဈေးနှုန်းတွေ အဆများစွာ တိုးတက်လာသည်။ ရေ၊ မီး၊ လောင်စာ၊ မိလ္လာ၊ တယ်လီဖုန်း အခွန်အခ
တွေပါ အဆများစွာ တက်လာသည်။ သာရေးနာရေး၊ လူမှုရေးကူငွေ၊ လှူငွေ ပိုများလာသည်။ ဒီဝန်ဆောင်စရိတ်
တွေကို ကျေပွန်ဖို့အ တွက် ဝင်ငွေမရှိတော့လို့ အတွင်းပစ္စည်းတွေကို တဖြေးဖြေး ထုခွဲရောင်းချပြီး သုံးစွဲနေရ သည်။

အဆောင်အယောင်၊ အသုံးအဆောင်တွေ၏ ပြင်ဆင်မွမ်းမံစရိတ်တွေကလည်း မကြာခဏ ပေါ်လာသည်။ အိမ်သုံးပစ္စည်းတွေပျက်သည်။ ပြုပြင်ရသည်။ အသစ်ဝယ်ရသည်။ ပြုပြင်စရိတ်၊ ဝယ်စရိတ်တွေကဈေးကြီးလို့ မနိုင်ဝန်ထမ်းနေရတော့သည်။ ဓါတ်ဆီတစ်ဂါလံကို ၂၅ လောက်ကစပြီး ကိုယ်ပိုင်ကားစီးလာခဲ့တာ ဖြစ်သည်။ တစ်ဂါလံကို ၃,၃၅ဝ ဖြစ်လာသည့် အခါ မောင်တော်ကားကို စက်တောင်မနှိုးရဲ ဖြစ်နေတော့သည်။

ကျွန်တော်သည် ကျွန်တော်၏ ပိုင်ဆိုင်မှုတွေနှင့် အသုံးအဆောင်တွေကိုကြည့်ပြီး စိတ်မောနေသည်။ ဒါတွေရဲ့ ဝန်ဆောင်စရိတ်တွေကို မတတ်နိုင်တော့လို့ ဒါတွေကိုကြည့်ပြီး စိတ်မောနေတာ ဖြစ်သည်။ ဒါတွေဟာ ငါ့အတွက် တကယ်လိုအပ်သလား၊ ဒါတွေမရှိရင် မဖြစ်ဘူးလား တွေးရတော့သည်။ ဒါတွေကို ဝယ်ယူစဉ်ကပင် လိုအပ်လို့ ဝယ်ယူခဲ့တာတွေ မဟုတ်၊ လိုချင်လို့ဝယ်ယူထားခဲ့သည့် ပစ္စည်းတွေ ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုးမိနေပြီး ဖြစ်သည့် ပစ္စည်းမျိုးစုံကိုကြည့်ပြီး မိမိကိုယ်မိမိပြောမိသည်။

''ယနေ့ကစလို့ ငါသည် လိုအပ်တာနဲ့ လိုချင်တာကိုခွဲခြားသိဖို့လိုပြီး အဓိကနဲ့ သာမညကို ကွဲပြားနားလည်ဖို့ လိုပြီ'' ဒါတွေကို ပိုင်ဆိုင်ထားတာဟာ ချမ်းသာတာလား၊ ဒါတွေကို ပိုင်ဆိုင်ထားမိတဲ့အတွက် ဒါတွေရဲ့ ဝန်ဆောင်စရိတ်
တွေကို မထမ်းဆောင်နိုင်တော့လို့ ငါ စိတ်ဆင်းရဲနေတာပါကလား၊ ဒါတွေမရှိလျှင် ငါဘာဖြစ်သွားမလဲ၊ ဒါတွေထဲက ဇိမ်ခံပစ္စည်းတချို့ကို သုံးစွဲဇိမ်ခံသည့်အတွက် အချိန်ကုန်သည်။ ရောဂါရှာသည်။ ထိုင်ပြီး ဇိမ်ခံ နေလို့ ကိုယ်လက် လှုပ်ရှားမှုမရှိ ဖြစ်ခဲ့သည်။

ဝယ်ထားသည့် အရက်ပုလင်းတွေနှင့် လက်ဆောင်ရသည့် ဝိုင်ပုလင်းတွေကိုကြည့်ပြီး စိတ်ကုန်လာသည်။ အသက် ရှည် ကျန်းမာရေးအတွက် အထောက်အကူမဖြစ်သည့် ရန်သူတွေလို့ မြင်လာသည်။ အနှစ် နှစ်ဆယ်ကျော် သက်တမ်းရှိပြီး အင်ဂျင်ကျနေလို့ ဆီးစားများနေသည့် မော်တော်ကားကြီးကိုကြည့်ပြီး ဘဝလက်တွဲဖော်မိတ်ဆွေကြီး လို့ မမြင်နိုင်ဖြစ်နေသည်။ ငါ့အိတ်ထဲက ပိုက်ဆံတွေကို နုတ်ယူဖို့စောင့်နေတဲ့ ရုပ်ဝတ္ထုပစ္စည်းကြီးလို့ မြင်လာသည်။

''ချမ်းသာခြင်းဆိုတာဘာလဲ၊ ရုပ်ဝတ္ထုပစ္စည်း တွေ အများအပြားပိုင်ဆိုင်တာကို ချမ်းသာတယ်လို့ ခေါ်သလား၊ အိမ်နှင့်မော်တော်ကား မဆိုထားနဲ့ နွားလှည်းတောင်မစီးဘဲ ခြေလျင်သွားပြီး သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်ရင်းမှာ သီတင်းသုံး သည့် ရသေ့၊ ရဟန်းတွေဟာ မချမ်းသာဘူးလား'' ကျွန်တော့်ကိုယ်ကျွန်တော် မေးမိသည်။

ကျွန်တော်မဖြေနိုင်သေးဘဲ တွေဝေနေသည်။ ဒီမေးခွန်၏အဖြေသည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကတ်တော်တွေထဲမှာ ရှိနိုင်သည်။ သုတ္တန်ပိဋကတ်တော်မှာ ရှာကြည့်သည်။ တွေ့ပါသည်။ တွေ့တာမှ နှယ်နှယ်ရရ မဟုတ်၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကို မင်းသားတစ်ပါးက မေးလျှောက်သည့်အကြောင်းကို သွားတွေ့သည်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။ အာဠဝီပြည်က မင်းသားတစ်ပါးဖြစ်သည့် ဟတ္ကာအာဠာဝက အမည်ရှိ မင်းသားသည် တောကစားထွက်တော်မူသည်။ မင်းသားသည် သားကောင်ကိုရှာဖွေရင်း တောအုပ် တစ်ခုအတွင်းကို ရောက်သွားသည်။ အဲဒီ တောအုပ်ထဲက တိရစ္ဆာန်တွေသွားသည့် လမ်းဘေးက သစ်ပင်ကြီး တစ်ပင်အောင်မှာ ထိုင်တော်မူနေသည့် မြတ်စွာဘုရားကို သွားတွေ့သည်။ မြတ်စွာဘုရားသည် တည်ငြိမ်အေးချမ်း သည့် အသွင်ဖြင့် ရှေ့ကိုတူရူကိုကြည့်ရှုပြီး ဆိတ်ငြိမ်စွာ ထိုင်တော်မူနေသည်။ မင်းသားသည် လေးနှင့်မြှားတွေကို အသာချပြီး မြတ်စွာဘုရားကို ရှိခိုးဦးချသည်။ မြတ်စွာဘုရား၏ အနေဆင်းရဲခြင်းကိုကြည့်ပြီး မြတ်စွာဘုရားကို အတော် သနားသွားဟန်တူသည်။ မြတ်စွာဘုရားကို လက်အုပ်ချီလျက် ရိုသေစွာ လျှောက်ထားမေးမြန်းသည်။

''အရှင်မြတ်ဘုရား၊ ချမ်းသာစွာ အိပ်စက်ရပါသလားဘုရား'' ''ချမ်းသာစွာအိပ်စက်ရသော သူတွေထဲမှာ ငါဘုရား လည်း တစ်ပါးအပါအဝင်ဖြစ်တယ် မင်းသား၊ ချမ်းသာစွာအိပ်စက်ရပါတယ်'' ''အရှင်မြတ်ဘုရား၊ ရာသီဥတုကလည်း အလွန်အေးပါသည်။ အရှင်ဘုရား ထိုင်နေသည့် မြေပြင်ကလည်းမညီမညာ၊ တိရစ္ဆာန် ခြေရာခွက်တွေဖြင့် ဖုထစ်
နေပါသည်။ ခင်းထားသည့် သစ်ရွက်ခြောက်တွေကလည်း ပါးလွှာလွန်းပါသည်။ ဒီနေရာမျိုးမှာ ချမ်းသာစွာ အိပ်စက် လို့ရပါသည်ဆိုတာ ဖြစ်နိုင်ပါ့မလားဘုရား'' ''မင်းသား နွေးထွေးလုံခြုံသည့် အခန်းတွင်းက နူးညံ့၊ အိစက်ညက်ညော သည့် ဖဲမွေ့ရာဖြင့် အိပ်စက်နေပါသော်လည်း၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿ၊ မစ္ဆရိယ၊ ကုက္ကုစ္စဆိုတဲ့ ကိလေသာစိတ်အပူမီးတွေ အားလုံးကို ငြိမ်းသတ်ထားပြီးဖြစ်လို့ မည်သည့်နေရာမှာမဆို ချမ်းသာစွာနေနိုင်၊ အိပ်စက်နိုင်ပါသည်'' မြတ်စွာဘုရား မိန့်ကြားတာကို ကြားတော့ ဟတ္တာအာဠာဝကမင်းသား အံ့သြသွားသည်။

သတိတရားရသွားသည်။ မင်းသားသည် အရိယာ ဖြစ်သွားသလား၊ သောတာပန် ဖြစ်သွားသလား၊ ကျွန်တော်မသိ။ ဒီသုတ္တန်ဝတ္ထုကို ဖတ်မိသည့် ကျွန်တော်ကတော့ ဘာကိုမျှ ပိုင်ဆိုင်လိုစိတ် မရှိတော့သည့်အတွက် မော်တော်ကား ကစပြီး ရောင်းပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ကျွန်တော့်မော်တော်ကားကို ဝယ်ချင်နေသူကို ဖုန်းဆက်ခေါ် လိုက်သည်။ ကားဝယ်မည့်သူ ချက်ချင်း ရောက်လာသည်။

ကားဈေးကောင်းစဉ်ကသိန်း ၂ဝဝ ဖြင့်တောင် မရောင်းခဲ့သည့်ဟာကို သိန်း ၇ဝ တည်းဖြင့် ရောင်းလိုက်သည်။ တီဗီ၊ ဗွီဒီယို အဟောင်း အပျက်တွေဝယ်တယ်၊ မီးအားမြှင့်စက် အဟောင်းအပျက်တွေ ဝယ်တယ်၊ လက်ပတ်နာရီ အဟောင်း၊ ဖောင်တိန်အဟောင်းအတွေ ဝယ်တယ်လို့ အိမ်ရှေ့ကိုလာပြီး အော်နေသူကိုခေါ်ပြီး အဟောင်းတွေ မှန်သမျှ အကုန်ရောင်းသည်။

''နောက်ထပ် ဘာအဟောင်းတွေ ဝယ်သေးလဲ'' ''အဟောင်းမှန်သမျှ အကုန်ဝယ်ပါတယ် အန်ကယ်'' ''လူအဟောင်း ဝယ်သလား၊ အမျိုးသမီးကြီး အဟောင်းကြီးတစ်ယောက် ရှိနေတယ်'' ''လူကိုတော့မရောင်းပါနဲ့ အန်ကယ်။ ဆက်ပေါင်းနေလိုက်ပါ၊ လူဆိုတာ ဟောင်းလာတော့မှ ပိုပြီး တန်ဖိုးရှိလာတာပါ'' သူပြောတာ ဖြစ်နိုင်သည်။ ကျွန်တော်သည်ပင် အိုဟောင်းလာတော့မှ အတွေးအခေါ်၊ အယူအဆတွေ ပိုကောင်းလာတာ ဖြစ်သည်။ လိုချင်တပ်မက်သည့်စိတ်တွေ ကုန်ခမ်းလာသည်။

အာရုံခံစားချင်စိတ်တွေ လျော့နည်းလာသည်။ ရှင်းအောင်ပြောရလျှင် ဘာကိုမျှ လိုချင်ပိုင်ဆိုင်လိုစိတ်မရှိ ဖြစ်လာ သည်။ ဘာမျှမရှိတာ ပိုင်ဆိုင်မှုကင်းမဲ့တာကို ဆင်းရဲတာလို့ဆိုလျှင် ဆိုကြစေတော့၊ ကျွန်တော်ကတော့ ဆင်းရဲတော့မှ စိတ်ချမ်းသာတော့သည်။

လယ်ယာမြေကိစ္စနှင့်ပတ်သတ်၍ ဖမ်းဆီးခံထားရသည့် လယ်သမားများ၊အလုပ်သမား အခွင့်အရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် အလုပ်သမားများ၊ ပြည်ပတွင် အကြမ်းဖက်သတ်ဖြတ်ခံရသည့် ပြည်သူများနှင့်ပတ်သတ်၍ ဇွန် ၁၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့ဆူးလေ စေတီတော်၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

" မတရားဖမ်းဆီးနေတာဟာ ဥပဒေစိုးမိုးမှုမရှိတာကို သက်သေပြနေတယ် လို့မြင်ပါတယ်။ ဆန္ဒပြသူတွေကို ခွင့်ပြုချက်မယူလို့ ဖမ်းတယ်ဆိုတာသာ
လုပ်ကြတယ် ဘာကြောင့်ဆန္ဒပြတယ်ဆိုတာကို အစိုးရအနေနဲ့ စဉ်းစားခြင်းမရှိလို့ ဆန္ဒပြတာတွေ ခဏခဏဖြစ်နေတယ်လို့ ထင်ပါတယ် " ဟု အဆိုပါ
ဆုတောင်းပွဲတွင် ပါဝင်သည့် Generation Youths မှ ကိုတင်ထွဋ်ပိုင် ကပြောကြားသည်။

အဆိုပါဆုတောင်ပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်းများက စုပေါင်းပြုလုပ် ခဲ့ပြီး ပြည်တွင်းစစ်ပွဲနှင့် ဘာသာရေးအဓိကရုဏ်းများကြောင့် သေဆုံးသွားသူများအတွက်လည်း ဆုတောင်းမှုပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဆုတောင်းပွဲသို့ သံဃာတော်များ အပါအ၀င် လူမှုအဖွဲ့အစည်များမှ လူဦးရေ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ပြီး ဖယောင်းတိုင်မီး ပူဇော်ခဲ့ကြသည်။

သတင်း။။။.ယနေ့ခေတ်

(17 June 2013 ရက်စွဲပါ Financial Times မှ Jamil Anderlini ရေးသားသော Myanmar‘s Old Friend China is Left Wondering Where it won’t wrong ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ ထူးဆန်းသောမြို့တော် နေပြည်တော်ရှိ တောက်ပသည့် ကွန်ဗက်ရှင်းစင်တာကို မတွေ့ဘဲ မျက်စိလျှမ်းသွားဖို့ မဖြစ်နိုင်ပေ။ ၄င်းကို လွန်ခဲ့သော နှစ်အနည်းငယ်က တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက စစ်အစိုးရသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ယခုလ အစောပိုင်းတွင် အဆိုပါစင်တာ၌ ကမ္ဘာတစ်ဝှမ်းမှ အမှုဆောင် ( ၉၀၀ )ကျော်သည် မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြရာ တရုတ်မှတက်ရောက်ခြင်း မရှိသည်ကို အလွယ်တ ကူ တွေ့နိုင်ပါသည်။ တရားဝင် WEF စာရင်းအရ ၊ တရုတ်ပြည်မကြီးမှ ( ၁၆ ) ဦးသာ ပါဝင်သည်ကို တွေ့ရပါသည်။

တရုတ်ပြည်သူ သမ္မတနိုင်ငံ ထူထောင်ပြီးနောက် ဆယ်စုနှစ်များစွာ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် အမြဲတစေ စဉ်းစားစေခဲ့သော မေးခွန်းမှာ “တရုတ်ကို မည်သူ ဆုံးရှုံးခဲ့သနည်း”ဟူသော မေးခွန်းဖြစ်ခဲ့ပါသည်။

ယနေ့အချိန်အခါတွင် Beijing အတွက် တရုတ်အရာရှိကြီးများနှင့် ကွန်မြူနစ်ပါတီ သြဇာရှိသူများမေးသော မေးခွန်းတစ်ခုမှာ “မြန်မာနိုင်ငံကို မည်သူဆုံးရှုံးခဲ့သနည်း” ဟူသောမေးခွန်းဖြစ်ပါသည်။

လွန်ခဲ့သည့်၂ နှစ်က တရုတ်၏ ဖောက်သည် အပယ်ခံအာဏာရှင်နိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် တံခါးများဖွင့်ခဲ့ပြီး ၊ ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုများ အတွက် သက်သေများကို နေရာတကာတွင် တွေ့နိုင်ပါသည်။

အနောက်ပိုင်းနိုင်ငံများ၏ အရေးယူမှု အများစုလည်း ရုတ်သိမ်းသွားခဲ့ပြီး ၊ ကမ္ဘာအနှံမှ ရင်းနှီးမြှုပ်နှံသူများသည် ဆယ်စုနှစ်များစွာ ခေတ်နောက်ကျနေသော အခြေခံအဆောက်အဦနှင့် သန်း(၆၀)ရှိသော စားသုံးသူများကို မြှင့်တင်မည့် ဈေးကွက်အတွက် နေရာယူရန် စိုင်းပြင်းနေကြပါသည်။

ယခုလ WEF တွင် ယခင်ဗိုလ်ချုပ်ဟောင်းများသည် မြန်မာရိုးရာဝတ်စုံကို ဝတ်လျှက် ထိုင်း၊ ဗိီယက်နမ်၊ ဥရောပ၊ အမေရိကန်၊ ဂျပန်တို့မှ အမှုဆောင်များနှင့် ပုခုံးချင်းယှဉ်၍ စကားပြောနေကြပါပြီ။

WEF တွင် တရုတ်တို့ လာရောက်မှု သိသာစွာ အားနည်းရခြင်းမှာ မြန်မာဝန်ကြီးနှင့် လွှတ်တော်အမတ်များ၏ ဆက်ဆံပုံ နည်းလမ်းကြောင့် ဖြစ်ပါသည်။၎င်းတို့သည် သူတို့၏ Beijing မှ ရဲဘော်ရဲဘက်ဟောင်းများကို အများရှေ့တွင် ဂရုပြု၍ ယဉ်ယဉ်ကျေးကျေးညွန်းဆိုသော်လည်း ၊ ပုဂ္ပလိက သိီးသန့်တွေ့ဆုံမှု များတွင် ပြင်းထန်စွာ ဝေဖန်မှုများ ရှိပါသည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ရဲ့ ကူညီမှုတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။ ဒါပေမယ့် အခုတော့ သွားပါတော့လို့ပဲ ပြောချင်ပါတယ်”ဟု မြန်မာဝန်ကြီးတစ်ဦး၏ အကြံပေးတစ်ဦးက ပြောပါသည်။

တရုတ်ဆောက်လုပ်ပေးခဲ့သော အဆောက်အဦး၌ ကျင်းပသော ဖိုရမ် ပထမနေ့တွင် သမ္မတ ဦးသိန်းစိန် အဖွင့်အမှာ စကားပြောကြားရာတွင် Beijing ၏ အိမ်နီးချင်းသေးငယ်ပြီး ဆင်းရဲသော နိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှုကို ၄င်း၏ ပုဂ္ဂိုလ်ရေးခံစားချက်အရ ကြိုက်နှစ်သက်ခြင်း မရှိကြောင်း စာလုံးပါဝင်ခဲ့ပါသည်။ ဖိုရမ် ဒုတိယနေ့တွင် တရုတ်နိုင်ငံပိုင် China Mobile သည် Vodafone နှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွက်ရေးအတွက် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုကို မပြုလုပ်တော့ကြောင်း သတင်းများထွက်ပေါ်လာပါသည်။တရုတ်ကုမ္ပဏီမှာ တင်ဒါအောင်မြင်ရန် မျှော်လင့်ချက် မရှိကြောင်း သိရှိသွားသောကြောင့် ဖြစ်မည်။

Beijing နှင့် နေပြည်တော်တွင် တရုတ်သည်နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ကိုင်တွယ်ခဲ့သည်ဟု နားလည်အသိအမှတ်ပြု နေကြပါသည်။ အကြောင်းမှာ တရုတ်၏ မောက်မာမှု ၊ လှစ်လျူရှုမှုနှင့်တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) ၏ အစိတ်အပိုင်းများက ဝင်ရောက်စွက်ဖက်ခြင်းများ ရောထွေးနေခဲ့မှုကြောင့် ဖြစ်ပါသည်။

PLA သည် မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှု ကြီးမားပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ကြီးစွာ ပါဝင်ပတ် သက်လျှက်ရှိပါသည်။

နှစ်နိုင်ငံဆက်ဆံရေးအတွက် နေ့စဉ်ကိုင်တွယ်လုပ်ဆောင်မှုများကို ယူနန်ရှိ ပြည်နယ်အစိုးရနှင့် စစ်ဌာနချုပ်သို့ အာဏာရှင်အပ်နှင်းပေးထားပါသည်။ ယူနန်သည် မြန်မာနိုင်ငံနှင့် ရှည်လျားပြီး ဥပဒေစိုးမိုးမှု မရှိသည့် နယ်စပ် ပိုင်ဆိုင် ထားပါသည်။

ယခုအထိကြည့်ပါက မြန်မာနိုင်ငံနှင့် တရုတ်တို့၏ လေကြောင်းပျံသန်းမှုအားလုံးသည် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ တဆင့်သာသွားကြရပါသည်။ မြန်မာနိုင်ငံသည် ရန်ကုန်မှ ဆိုးလ်၊ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်၊ ဟိုချီမင်း နှင့် အခြား မြို့ကြီးများသို့ တိုက်ရိုက်ပျံသန်းနေပါသည်။

မြန်မာဗိုလ်ချုပ်များ တဖြည်းဖြည်း ဆုံးဖြတ်ချက် ချခဲ့သော အချက်မှာ အဆင့်နိမ့်သော တရုတ်မာစတာများ၏ ကျေးဇူးကြီးမားနေသောကြောင့် အလျော့အတင်းလုပ်ရန် အကောင်းဆုံးမှာ မိမိတို့ အခြေပြုရမည့် မိတ်ဆွေပြောင်းလဲ ပစ်ရန်ဖြစ်ကြောင်း သဘောပေါက်လာသည့် အချက်ဖြစ်ပါသည်။

ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲရေး အစိုးရသည် Beijing အပေါ်လုံးဝကျောခို်င်းလိမ့်မည်ဟု ပြောခြင်းတော့ မဟုတ်ပေ။

အချက်တစ်ချက်အားဖြင့် ပိုက်လိုင်းသစ်သည် မြန်မာနိုင်ငံမှ ဓါတ်ငွေ့များကို မကြာမီလများအတွင်း တရုတ် နိုင်ငံသို့ ပို့လွှတ်တော့မည် ဖြစ်ပါသည်။တရုတ်ကုမ္ပဏီများသည် အနောက်ပိုင်းနိုင်ငံများ၏ နှစ်ပေါင်းများစွာ အရေးယူ မှုများကြောင့် များစွာ အသာစီးရခဲ့ပါသည်။

၎င်းတို့အနေဖြင့် အမေရိကန်၏ Fresno မြို့ ( သို့မဟုတ် ) အင်္ဂလန်မှ Bristol မြို့ တစ်မြို့၏ GDP နှင့် အတူတူသာ ရှိသည့် တိုင်းပြည်တစ်ခုကို သင်ကြားပေးရမည့်အချက်များစွာ ရှိပါသည်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကြံပြုဖော်ပြသော နိုင်ငံတကာဆက်ဆံရေးကို ညဏ်ကြီးကြီး ဖြင့် ကိုင်တွယ်ရန်များ ထွက်ပေါ်လာပြီဖြစ်၍ တရုတ်အပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြိုင်ဆိုင်သူ များသည် ကျွမ်းကျင်သော ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်မှု ပါဝင်ရန် လိုအပ်ပါသည်။

“အခုကတော့ စိတ်လှုပ်ရှားစွာနဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်နေပါတယ်။ ဒါမျိုးတော့ သိပ်ဆွဲဆောင်မှု မရှိနိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှ ဖိုရမ်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

Beijing ၏ ပြိုင်ဆိုင်မှုကြားတွင် ပျောက်ဆုံးခဲ့ရသော မိမိ၏ သြဇာများ ပြန်လည် ရရှိရန် ကြိုးပမ်းမှုမှာ ၄င်း၏ ဖောက်သည် ဟောင်းကိုဖယ်ရှားရန် မည့်သို့ စီမံနိုင်သည် ဆိုသည်နှင့် တရုတ်အတွက် မြန်မာနိုင်ငံက ပေးသော တကယ်သင်ခန်းစာများမှာ မည့်သည်များဖြစ်သည် ဆိုသည့် အချက်များ၏ ထင်ဟပ်မှုပင် ဖြစ်လိမ့်မည်။

ကံမကောင်းသည့်အချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်ဆွေးနွေးမှုများကို တရုတ်၏ အဓိက မီဒီယာများတွင် ပိတ်ပင်ထားပြီး ဟောလိဝုဒ်၏ ဒေါ်အောင်ဆန်းစုကြည်အကြောင်း “ The Lady ”ရုပ်ရှင်ကို တရုတ် ပြည်မကြီး တွင်ပြသခွင့်မရပါ။

နောက်ဆုံးတွင် တရုတ်ခေါင်းဆောင်များသည် ၄င်းတို့၏ အိမ်နီးချင်းအပေါ် လျော့ပါးသွားသော ၄င်းတို့၏ သြဇာ များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လျော့ကျသွားသည်သဘောရှိပြီး ၊ မြန်မာဒီမိုကရေစီကို နိုးထစေသည်မြန်မာ့နွေဦး သည် နယ်စပ်ကိုကျော်၍တရုတ်နိုင်ငံ ရောက်မလာရေးကို ပိုမိုပူပန်လာနေပါပြီ ။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.