06/22/13

-အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ်မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ပတ်သက်သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်းသည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလိုချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီးဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ်...ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါးထဲမှာမြင်တွေ့ရတော့မယ်လို့ ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။

ပထမဆုံးစာပိုဒ်ကိုကြည့်ရအောင်ပါ။ ပထမဆုံးစာပိုဒ်မှာ အဖွင့်အပိတ်မျက်တောင်နဲ့ “the Burmese bin Laden” begins his sermon လို့စသုံးလိုက်ပါတယ်။ အပေါ်က ခေါင်းစဉ် Terror နဲ့ ဘင်လာဒင်ချိတ်လိုက်ရင် စာဖတ်သူက မျက်မှောင်စကြုံ့ပြီး ဒီရဟန်းအပေါ် ဘာသာေ၇းအစွန်းရောက်ခိုမေနီအလားမြင်လာစေမှာမလွဲပါ။ အဲ့ဒီပထမအပိုဒ်ရဲ့ အောက်ဆုံးစာကြောင်းမှာပဲ “Now is the time to rise up, to make your blood boil.” လို့သုံးလိုက်ပါတယ်။ အချိန်ကျပြီ။ သွေးတွေ ဆူပွက်အောင်လုပ်ကြ စသဖြင့်ပေါ့လေ။ ဒီလိုနည်းနဲ့ပိတ်လိုက်ခြင်းအားဖြင့် နိဒါန်းမိတ်ဆက်စာပိုဒ်မှာတင် စာဖတ်သူကို ဆောင်းပါးရှင်က ဒီဆောင်းပါးထဲပါသော ရဟန်းဟာ ဘင်လာဒင်လို ဘာသာရေးအစွန်းရောက် သွေးဆာသူ လို့ နိမိတ်ပုံပြပြီးဖြစ်စေပါတယ်။ ကျန်တဲ့စာပိုဒ်တွေကို ဆက်ဖတ်ဖို့ စာဖတ်သူရဲ့ အတွေးအာရုံဟာ ဘယ်ဖက်ကို တိမ်းညွှတ်မယ်ထင်ပါသလဲ။ အကောင်းဖက်လား။ အဆိုးဖက်လား။ သိသာနေပါတယ်။

"Buddhist blood is boiling in Burma, also known as Myanmar — and plenty of Muslim blood is being spilled." ဗုဒ္ဓဘာသာတွေရဲ့သွေးတွေဟာ မြန်မာ့မြေပေါ် ဆူပွက်နေတယ်။ မွတ်ဆလင်တွေရဲ့သွေးတွေဟာ မြေခနေရတယ် လို့ ဒုတိယအပိုဒ်ကို ဆက်ဖွင့်လိုက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်ရဲ့ပထမစာကြောင်းပါ။ ခုနက ခေါင်းစဉ်၊ ပထမစာပိုဒ်ထဲက အကြောင်းအရာတွေနဲ့ အခု ဒုတိယစာပိုဒ်အဖွင့်စာကြောင်းကို ဆက်လိုက်တဲ့အခါမှာ ...စာဖတ်သူက "ဟာ..အတော်ရက်စက်တဲ့ ဗုဒ္ဓဘာသာတွေပါလား"လို့တွေးချင်စရာကောက်ကြောင်းကြီးက ပီပီပြင်ပြင်ပေါ်လာခဲ့ပါတယ်။ မိတ္တီလာအရေးအခင်းမှာ အကြမ်းဖက်သူတွေဘေးကနေ ကာကွယ်ပေးခဲ့တဲ့ဆရာတော်၊ နော် ဘာသာမရွေးအကူအညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြီးမားတဲ့ကဏ္ဍ ပျောက်ကွယ်သွားပြီး 969 ဆိုတဲ့ Cultural Nationlistic Movement ကြီးဟာ အကြမ်းဖက်မှုဆိုတာကနေ မှေးမှိန်သွားကာ မြန်မာတစ်နိုင်ငံလုံား အာဖဂန်ရှိတာလီဘန်များစစ်သွေူးကြွသလို ကြွနေတယ်ဆိုတဲ့ ဖက်ကို ဆွဲခေါ်သွားပါတော့တယ်။

Over the past year, Buddhist mobs have targeted members of the minority faith. ဒါက ဒုတိယစာပိုဒ်ရဲ့ဒုတိယအကြောင်းပါ။ Minority in Faith လို့သုံးပြသွားပါတယ်။ ဘာသာခြားကိုးကွယ်သူ မည်သူမဆို ဆိုတဲ့အဓိပ္ပါယ်ပါ။ ဆိုလိုတာကတော့ ခရစ်ယာန်တွေကိုလဲ ဖိနှိပ်တယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာ မတိကျတဲ့ေ၇းသားမှုပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ Much of the violence was directed against the Rohingya, a largely stateless Muslim group in Burma’s far west that the U.N. calls one of the world’s most persecuted people. လို့ သုံးပြလိုက်ပါတယ်။ဒီမှာတင် ဒီစာဖတ်သူကြားထဲ ပါးပါးကလေးထည့်ချင်တဲ့ အချက်က ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ Minority လူနည်းစုဆိုတဲ့စကားကို ဒီမိုကရေစီသည်းခြေကြိုက်တွေအတွက် အရင် Minority in Faith လို့သုံးပြလိုက်ပြီး Minority Rohingya ဆိုပြီးဆက်စပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာလူများစုဟာ ရှိသမျှ လူနည်းစုကို ရိုဟင်ဂျာအပါအဝင် ......နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံ ထင်ရှားပြတ်သားစွာထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုနည်းအားဖြင့် ဘင်္ဂလီရိုဟင်ဂျာတွေအနေနဲ့ ဘာသာရေးပဋိပက္ခသားကောင်အဖြစ် အလိုလို ရောက်ရှိသွားပြန်ပါတယ်။ ဒီ Minority ဆိုတာကို ဆက်စပ်သုံးစွဲပြလိုက်ခြင်းအားဖြင့် စာဖတ်သူအတွေးကို ဘယ်ဖက်ရောက်သွားအောင်တွန်းပို့နေတာလဲဆိုတာကိုခွဲယူပြတာပါ။နောက်သုံးထားတဲ့ စကားလုံး Key Words တွေကတော့ Radical Monk, Virulent Sermons, စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ သဘောထားတင်းမာသူ ဘုန်းကြီး အဆိပ်သင့်တရားများဟောကြားနေသူ စတဲ့အဓိပ္ပါယ်ရောက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်အထိ စာရေးသူပုံဖော်ထားတဲ့ ဗုဒ္ဓဘာသာနဲ့မြန်မာပြည်ကောက်ကြောင်းပဲဖြစ်ပါတယ်။ ဆ

"Such hate speech threatens the delicate political ecosystem in a country peopled by at least 135 ethnic groups that has only recently been unshackled from nearly half a century of military rule" ဒါက တတိယအပိုဒ်၇ဲ့ ပထမအဖွင့်စာကြောင်းပါ။ ဆောင်းပါးရှင်ဘာကိုဆိုလိုချင်နေပါသလဲ တူးဖော်ကြည့်လိုက်ပါတယ်။ စာကြောင်းအဓိပ္ပါယ်က 135 မျိုးသောတိုင်း၇င်းသားတွေနဲ့ဖွဲ့...စည်းထားပြီး ရာစုနှစ်တစ်ဝက်နီးပါးကြာစစ်အုပ်ချုပ်ရေးအောက်က လွတ်ခါစ နုနယ်သော နိုင်ငံရေးစံနစ်ကို ဒီလို အမုန်းစကားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုလိုလိုက်တာဖြစပါတယ်။ ဒီအထိက အငြင်းပွားဖို့မလိုသေးပါ။ သူဘာဆက်ပြောမလဲ လိုက်ကြည့်ရအောင်ပါ။ Already some government officials are calling for implementation of a ban, rarely enforced during the military era, on Rohingya women’s bearing more than two children. ဒုတိယစာကြောင်းမှာတော့ အမုန်းစကားတွေရဲ့နောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် ကလေးနှစ်ယောက်ပေါ်လစီအဖြစ် အစိုးရအရာ၇ှိအချို့ကတောင်းဆိုနေကြောင်း ရေးသားလိုက်ပါတယ်။ အမုန်းစကားတွေကို ပြောနေတဲ့ဦးဝီရသူနဲ့ ဒီလို ရိုဟင်ဂျာတွေကို ကလေးမမွေးရအမိန့်နဲ့ ဆပ်စပ်လိုက်တဲ့အခါ ဗုဒ္ဓဝါဒီတွေအနေနဲ့ လူနည်းစုကို အတင်းကန့်သတ်နေပြီဆိုတဲ့ စာဖတ်သူအတွေးလမ်းကြောင်းကို ပိုမိုခိုင်မာမသွားစေဘူးလား။ နောက်ဆုံးမှာ အပိတ်စာကြောင်းကို ဒီလိုသုံးလိုက်ပါတယ်။ ကြည့်ရအောင်ပါ။ And many Christians in the country’s north say recent fighting between the Burmese military and ethnic Kachin insurgents, who are mostly Christian, was exacerbated by the religious divides. အဓိပ္ပါယ်ကချင်တွေဟာ ခရစ်ယာန်တွေဖြစ်တာမို့ ကချင်ဒေသစစ်ပွဲတွေပိုမိုငြ်းထန်လာခဲ့ရတယ်လို့ခရစ်ယာန်များစွာကပြောတယ်ဆိုတဲ့ စာကြောင်းဖြစ်ပါတယ်။ ဒိစာကြောင်းနဲ့ တတိယစာပိုဒ်ကိုပိတ်လိုက်ခြင်းအားဖြင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံဟာ အီရန်လို သီအိုခရက်တစ် ဘာသာရေးဖိနှိပ်မှုတွေနဲ့ ကြီးစိုးနေတဲ့နိုင်ငံလို့ ပီပီပြင်ပြင်ရေးခြယ်လိုက်ပါတယ်။

လေးပိုဒ်မြောက်စာပိုဒ်မှာတော့ဒီလိုဖွင့်လိုက်ပါတယ်။ Radical Buddhism is also thriving in other parts of Asia.အာရှာမှာလဲ ဒီလို အစွန်းရောက်ဗုဒ္ဓဘာသာတွေကြီးထွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ရဟန်းတွေဟာ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကို ဖိနှိပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာနဲ့ ထပ်မံအင်အားဖြည့်ပါတယ်။ နောက် တတိယအချက်အနေနဲ့ ထိုင်းမှာရှိတဲ့သံဃာတွေအနေနဲ့ ထိုင်းစစ်တပ်ရဲ့ စောင့်ရှောက်မှုကို ယူနေရပြီး "လက်နက်ကိုင်ဘုန်းကြီးတွေ" (mons ,some of whom have armed themselves) ဆိုတဲ့ စာသားကိုသုံးပြီး ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဆိုတဲ့ Argument ကိုတည်ဆောက်ယူပြသွားခဲ့ပါတယ်။

နောက်ထပ်စာတစ်ပိုဒ်မှာကတော့ ဆောင်းပါးရှင်ဟာ သူ့ရဲ့ စာရဲ့ ဟန်ချက် (Balance) ကိုထိန်းတဲ့အနေနဲ့ မလေးရှားမှာရှိတဲ့မြန်မာတွေဟာ မွတ်ဆလင်တွေအသတ်ခံရမှုအတွက်ပြန်လည်လက်စားချေခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုဖော်ပြသွားပြန်ပါတယ်။ ဟန်ချက်ထိန်းတဲ့သဘောလို့ယူဆပါတယ်။ တစ်ဖက်သတ်ဖြစ်လာရင်စာဖတ်သူ သံသယဝင်လာတတ်တဲ့အချိန်ဒီလိုပြန်ထိန်းပေးရတဲ့သဘောတွေရှိပါတယ်။ နောက်ထပ်တစ်ပိုဒ်ဟာလဲ ဟန်ချက်ကို ပြန်ထိန်းပေးပြန်ပါတယ်။ ဟင်ဒူ၊ မွတင်ဆလင်၊ ခရစ်ယာန် အစွန်းေ၇ာက်တွေရှိပေမယ့် ဗုဒ္ဓဝါဒီတွေကတော့ ဒီစမ်းသပ်မှုဒဏ်ကို ကြံကြံ့ခံနိုင်ခဲ့ကြတယ်။ အခုတော့ ဘာသာရေးလူမျိုးကြီးဝါဒရဲ့ဖြားယောင်းမှုကို ရဟန်းတွေမတောင့်ခံနိုင်တော့ဘူးလို့ ရေးပြသွားပါတယ်။ ဒီစာပိုဒ်မျိုးဟာ အဖြည်သဘောလို့ယူဆပါတယ်။ တစ်ဖက်က တည်ဆောက်လာတဲ့ Arugment က ဗုဒ္ဓဘာသာတွေများပြီး ဖိနှိပ်မှုသိပ်ကြီးနေတဲ့တိုင်းပြည်လို့ ပုံဖော်လာပြီး ဒီလို ဘာသာရေးဖိနှိပ်မှုတွေဟာ ဖြစ်တတ်တယ်လို့ ဖြည်တတ်ပါတယ်။

နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လိုဖော်ပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူအစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကိုဖော်ပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓသွန်သင်မှုမျ...ားနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့အဆိပ်ခတ်ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။

အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကိုခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင်သင့်မယ်ထင်ပါတယ်။အဲ့ဒီအောက်မှာတော့ U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်းမွတ်ဆလင်သွေးနှောဇာတ်နိမ့်ပါပဲလို့ပြောတယ်လို့ရေးပြထားပါတယ်။ နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ်အကြမ်းဖက်မှန်းသိပေမယ့်ခပ်တည်တည်နဲ့ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေးအစွန်းရောက်အကြမ်းဖက်အသွင်ဖြစ်ပုံဖော်ယူသွားပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေပါလာတာကိုတတွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စ၇ာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်းရှစ်ယောက်အနက် ပါးစပ်တစ်ပေါက်သက်သာပြီးရောအနေနဲ့ဘုန်းကြီးကျောင်းပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်းအချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွားနေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့အကြောက်တရားကလဲရှိပါသေးတယ်လို့ေ၇းသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ဘာသာေ၇းအရူးအနှမ်းတစ်ယောက်အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့အရူးအနှမ်းတွေသာသာဖြစ်ကုန်ပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့စိတ်တွင်းအမုန်းကိုတစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက်ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲပြောပြီး အများစုကခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ နောက်တစ်ချက်ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာအသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disporportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာတစ်ယောက်သေရင် မွတ်ဆလင်အများကြီးသေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲသုံးသွားပါတယ်။ နောက်ပြီး ဒီစာပိုဒ်အဆုံးသတ်မှာတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်ကကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင်ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန်မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကိုကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။)

နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,” ကျမသားလေးဟာ မွတ်ဆလင်လေးမို့အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို ဂျာနယ်လစ်တွေဝင်ခွင့်မရှိဘူးလို့လဲ ...ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်ဖော်ပြဖို့ကျန်နေတာလား တမင်ချန်ထားတာလားမသိတာကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။

"ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီ၇ိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါးရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံးအကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်ကဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်သွားစေပါတော့တယ်။ “This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာတိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။ “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေးဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။

"ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့မကွာလှတဲ့နမူနာကိုပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။ “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့မလုံသလိုခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကိုကာကွယ်ရမှာပဲလေလို့ ပစ္စတိုသုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းကရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်းမွတ်ဆလင် တော်လှန်ရေးသမားတစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကိုပိတ်သိမ်းလိုက်ပါတယ်။ “Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။ ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်းထင်းထင်းကြီးပေါ်လာပါတော့တယ်။

နောက်ဆုံးစာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကိုပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည်နိုင်အောင်ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ...့ ဟာကိုလိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။

နောက်ဆုံးနိဂုံးမှာတော့စာရေးသူရဲ့အဘော်ကို အထင်ရှားဆုံးမြင်လိုက်ရပါတော့တယ်။စာရေးသူဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလိုသက်ရောက်သွားစေပါတော့တယ်။ ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လံုးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ်ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ်တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင်ထည့်ပေးသွားပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။

ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။

ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိပ်သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။

Myo Set Facebookမှ

ဒီမျိုးစောင့်ဥပဒေဆိုတာကြီးကို ဥပဒေအဖြစ်ပြဌာန်းဖို့မပြောနဲ့ လွှတ်တော်မှာအဆို တင်သွင်းခွင့်တောင်ရဖို့ မဖြစ်နိုင်လောက် တာ အမတ်တွေအပါအ၀င်ပြည်သူတော်တော်များနားလည်မှာပါ။

ဒါဆို အဲ့လို တကယ်ဖြစ်လာနိုင်ချေမရှိတဲ့ ဒီမျိုးစောင့်ဥပဒေကြီးကိုပြဌာန်းသင့်တယ်ဆိုပြီး ဘာလို့လက်မှတ်တွေလိုက်ကောက်နေတာလဲ။

၁ ဒီဥပဒေဟာ ခေတ်နောက်ပြန်ဆွဲပြီး ဗုဒ္ဓ၀ါဒကို သိက္ခာကျအောင်လုပ်မှာဖြစ်တဲ့အတွက် ဒါကိုသိတဲ့ ပညာရှင်များ၊ လူမှုရေးနိုင်ငံရေးသမားများက ကန့်ကွက်ကြမယ်။

၂ အမျိုးဆိုတဲ့ စကားနဲ့ချည်ထားပြီး၊ မလေးရှားက အဖြစ်အပျက်နဲ့ ချိန်ကိုက် ချိတ်ဆက်ထားတဲ့အတွက် အမျိုးထိလို့နာထားတဲ့ပြည်သူတွေဟာ
အများကြီးမစဉ်းစားပဲ ထောက်ခံကြမယ်။

၃ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ့အခွင့်အရေး ဒီမိုကရေစီရေးသမားများက
ဘယ်လိုမှမဖြစ်သင့်မှန်းသိပြီး မီဒီယာကလည်းမေးလာလို့ ကန့်ကွက်ကြောင်းဖြေရမယ်။

ဒီအမျိုးစောင့်ဥပဒေကန်ပိန်းက လိုချင်တာဒါပါပဲ...

နှစ်ပေါင်း ၅၀ကျော် အမှောင်ခေတ်ကြီးထဲမှာ စီးပွားရေး၊ပညာရေး၊ချွတ်ခြုံကျပြီး လှုမှုအတွေးအခေါ်တွေ ဖရိုဖရဲဖြစ်နေရတဲ့ ပြည်သူအများစုဟာ အမျိုးဆိုတဲ့ စကားနဲ့ သူများနိုင်ငံမှာ သတ်ခံရလေခြင်းဆိုတဲ့ ဂရုဏာဒေါသပေါင်းမိတဲ့အခါ ဥပဒေကိုထောက်ခံဖို့ဖြစ်သွားကြသလို ကန့်ကွက်သူတွေကို အမြင်စောင်းဖို့လည်း အဆင်သင့်ဖြစ်သွားပါတော့တယ်။

အောင်မြင်သင့်သလောက်အောင်မြင်ကြပါတယ်။
မနှစ်ကတည်းက စလိုက်တဲ့ အမျိုးမျိုးသောကန်ပိန်းတွေကြောင့်.....
ရခိုင်ပြည်နယ်၊ မိထ္တီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ လားရှိုး၊ တို့အပြင် မလေးရှားထိပါ ပစ်မှတ်တွေအားလုံးထိမှန်ခဲ့ပြီး၊ ပြည်သူတွေအကြားမှာလည်း၊ ထောက်ခံသူ၊ကန့်ကွက်သူ၊ ကန့်ကွက်သူကို ထောက်ခံသူ စသဖြင့် အစိတ်စိတ်ကွဲထွက်သွားပါတယ်။
အဲ့သလို ပြိုကွဲမှုတွေနဲ့အတူ ရွှေ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီးကိစ္စ၊ လက်ပံတောင်းတောင် ကိစ္စ၊ လယ်ယာမြေများအသိမ်းခံနေရမှုကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ စတဲ့ကိစ္စကြီးတွေက အစ ဘတ်စ်ကား အစီး ၃၀၀၀ ရောက်လာမယ်ဆိုတဲ့ ကိစ္စလေးတွေနဲ့ ရန်ကုန်မှ ၂၄နာရီ မီးလာမယ်ဆိုတဲ့ကိစ္စတွေ အားလုံး အမုန်းမီးထဲပါသွားကြပါပြီ။

ဒါ့အပြင် ကိုယ့်နိုင်ငံသားခြင်း ကိုးကွယ်တဲ့ဘာသာ၊ မွေးဖွားရာလူမျိုးကို တံဆိပ်ကပ်ပြီး မခွဲခြားသင့်ကြောင်း အမှန်ကို အမှန်အတိုင်း ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဒီမိုကရေစီရေးသမားများ၊ လူ့အခွင့်အရေးသမားများ၊ ( ဒီတိုင်းပြည်ကြီး ခုလို အပြောင်းအလဲ ဖြစ်ဖို့ ထောင်တွေကျခံ၊ ဘ၀တွေပျက်ခံ၊ မိသားစုတွေအပြိုကွဲခံပြီး ပေးဆပ်ကြိုးစားခဲ့သူတွေ) ဟာ ခုဆိုရင် မျိုးမစစ်၊ သစ္စာဖောက်လောက်ကောင်လိုလို ဝေဖန်ပြောဆိုခံလိုက်ရပါပြီ။ နောက်ဆက်တွဲအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံမဲတွေ လျော့နည်းသွားတော့မယ့်သဘောဖြစ်နေပါပြီ။

ရပါပြီ။ ကန်ပိန်းအောင်ပါပြီ။ OIC ကိုကန့်ကွက်ဖို့ သမ္မတကို အလွတ်ကြီးထထောက်ခံပြတယ်။ NLD ကို မွတ်ဒေါင်းလို့ စော်စော်ကားကားပြောတယ်။ (မှတ်ချက် ကျနော် NLD လုံးဝမဟုတ်ပါ)။ ဒေါ်စုကို အချွန်နဲ့လိုက်လိုက်မတယ်။ဒီလောက်ဆို ရည်ရွယ်ချက်တွေ ထင်သာမြင်သာရှိလောက်ပါပြီ။

အဲ့တော့ ပြည်သူများရိုးရိုးရှင်းရှင်း စဉ်းစားကြဖို့ပါပဲ။

ဒီလို ပြည်သူကိုေ၀၀ါးသွားအောင်ခြေထိုးနေတဲ့ ကိစ္စတွေမှာ အငြင်းပွားနေကြမလား။
၂၀၁၅ မတိုင်ခင် လုပ်စရာရှိတာတွေလုပ်ကြမလား။ အချိန်ကလူကိုမစောင့်ပါ။
လုပ်စရာတွေဒီမှာ ချရေးကြည့်မယ်၊

ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး။ အခြေခံလူတန်းစားထိ အကျိုးရှိမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဖော်ဆောင်ရေး၊ ပညာရေးမူဝါဒသစ်ပြဌာန်းရေး၊
တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ပေါ်ပေါက်ရေး၊ ရေး...ရေး....

အဲ့ဒီအရေးတွေမေ့ထားပြီး... အဖြေမရှိတဲ့ အဖြေမဟုတ်တဲ့၊ ပြသနာလည်းမဟုတ်တဲ့ ဒီ အမျိုးသားရေးဆိုတဲ့ ကိစ္စကြီးနဲ့ ကျုပ်တို့ပြည်သူတွေ အချိန်ကုန်အငြင်းပွားနေရင်ဖြင့်
..........................................................................................
..............................................
ဇာတ်စင်နောက်က ကြိုးဆွဲလက်များက ၀မ်းပန်းတသာနဲ့ ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေကို စီးပွားရေး၊လူမှုရေး မုဒိမ်းကျင့်နေဦးမှာဖြစ်ပါကြောင်း...

မိုဃ်းသွေး

မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေ ရှယ်ယာ ပါပြီးသား…

နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလားပဲ….
မြန်မာပြည်သားများ ခမျာ ဘယ်ပစ္စည်းမှ ဖောဖောသီသီ သုံးခဲ့ရတာ မရှိပါဘူး။ မြန်မာပြည်က ကုန်ဈေးနှုန်းများ ကျတယ်ဆိုတဲ့ ဝေါဟာရကို မတီထွင်ခဲ့မိသယောင် တက်ကြီးကို တက်နေတော့တာပါဘဲ။ နိုင်ငံတော် ခေါင်းဆာင်ကြီးတွေက “ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ” ဆိုပြီး ဖွဲ့စည်းကာ သူတို့ အစည်းအဝေး တစ်ခါထိုင်လိုက်တိုင်း တစ်ခါ ဈေးတက်နေလေတော့ “ကုန်ဈေးနူန်း မှန်ကန်မြန်ဆန်ရေး ကော်မတီ” ဆိုပြီး ပြောင်းခေါ်လိုက်ရ ပါလေရောလား???။

နောက် တစ်ခုရှိသေးတယ် “တန်ဖိုးနဲ အိမ်ယာ” ဆိုပြီး လုပ်လိုက်ကြတာ… ဆင်းရဲသားတွေ အနေနဲ့ ဘယ်လိုမှ မကပ်နှိုင်တာ သိတော့ “တန်ဖိုးမျှတအိမ်ယာ” ဆိုပြီး ပြောင်းခေါ်လိုက်ရ ပြန်ပါလေရောလား???....ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတိုးဝါးတားပါပဲ။

၈၈ အရေးအခင်းတုန်းက “ဆန်တစ်ပြည် ၁၅ ပြား စိန်လွင် သေမှစား၊ ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင် ခေါင်းကိုဖြတ်” “ဘဲဥတစ်လုံး နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ” တဲ့။ ဆန်တစ်ပြည် ၁၅ ကျပ်မို့လို့ လူတွေ ပေါက်ကွဲခဲ့ကြပုံများ၊ အခုတော့ ဆန်တစ်ပြည် ထောင် ကျော်ပြီမို့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုန်ဈေးနှုန်းများ အဆ ၂၀၀ ကျော် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလားပဲ။
မြန်မာပြည် စီးပွားရေးလောကမှာအစိုးရ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ် ဆိုတော့ အသံတာကြားရတာနဲ့တင် နားအရသာ ရှိလှပါတယ်။ ကိုယ်မပိုင်ရရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့ စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ။

ဒါပေမဲ့ပေါ့လေ… ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ မပြီးသေး၊ လွှဲ ပြောင်းပြီးသွားပြီ်။

ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ ဘယ်သူတွေကများ လက်ဦးမှု ယူသွားကြပါလိမ့်??? လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို လက်မြန်ခြေမြန်နဲ့ အဲဒီ ၁၀ ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှခွဲဝေယူနေကြတာကိုး…..ဘာ့ကြောင့်များပါလိမ့်??? ပြန်လည်ဆန်းစစ်ကြည့်လိုက်တော့ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေ ရှယ်ယာ ပါပြီးသားဖြစ်နေတာကိုးဗျ…။
မြန်မာစစ်ဗိုလ်ချုပ်များက ဤသို့ ဤပုံ ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားကြတာလေ.. ။
ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြ တယ်။

သူတို့ဟာက မ.ဆ.လ ခေတ် ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး “ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ပေါ်နေတော့တာဘဲ ဘယ်အချိန် ဘယ်လို ကုန်အောင် ရောင်းလိုက်မှန်းမသိ။ ဘယ်လိုဘဲ မျက်စိရှင်အောင် ထားထား၊ မည်ကဲ့သို့ပင် အိပ်ရေးပျက်ခံပြီး လာစောင့်စောင့် လက်မှတ်ရောင်းတာကို အမြဲတမ်းလိုလို မတွေ့ရ။ “ကုန်ပြီ” ဆိုတဲ့ စာတမ်းက နေရာယူထားပြီးသားကို တွေ့မြင်ကြရတာ များပါတယ်။မဆလခေတ် ရုပ်ရုင်ရုံလက်မှတ် တန်းစီ သလိုပေါ့ဗျာ….

မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေး တွေ က တရားဝင် လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူပြနှိုင်တယ်။အဲဒီတော့ အကြောင်းတစုံတရာ ကြောင့် မြန်မာစစ်ဗိုလ်ချုပ်များကို အဂတိလိုက်စားမှုနဲ့ တရားစွဲ၊ လူကိုသာ ထောင်ထဲ ပို့လို့ရမယ်။ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေး တွေရဲ့ လုပ်ငန်း ကိုတော့ သိမ်းလို့ မရ။ အားလုံးက တရားဝင် လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ မပိုင်ဘူးလား။ အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သောလှည့်ကွက်ပင် ဖြစ်ပါတယ်။သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။

ဥပဒေကသက်သေမရှိရင်အရေးယူလို့မရတဲ့ကျူးလွန်သူတွေ အတွက် ကာဗာတစ်ခုလိ ဖြစ်သွားပြီပေါ့၊ ဘယ်လောက်ခိုးခိုး သက်သေမရှိရင်တော့ ဥပဒေအရ၊ အရေးယူလို့မရဘူးပဲပေါ့၊ ဌာနဆိုင်ရာဝန်ထမ်းငယ် အယောက်တစ်သောင်း လက်ဘက်ရည်ကြေး၊ လိုင်းကြေး တောင်းတာ၊ မုန့်ဘိုးတောင်းတာ လာဘ်ယူတာထက် အကြီးအကဲ တစ်ယောက်ကဒေါ်လာသန်းချီ အဂတိလိုက်စားတာက ဘယ်ဟာပိုဆုံးရှုံးသလဲ အပြစ်ရှိသလဲဆိုတာ တွေးတတ်ကြမှာပါ။

ပုဂ္ဂလိကလုပ်ငန်းလူကြားကောင်းအောင် ပုဂ္ဂလိက ချပေးနေတယ်ဆိုတာကို သွားမယုံလိုက်ပါနဲ့။ အမှန်မှာတော့ ပုဂ္ဂလိက ချပေးနေခြင်း မဟုတ်ပါ။ နီးစပ်ရာကို အကျိုးတူ လုပ်ပိုင်ခွင့်များ ချပေးနေခြင်းသာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အဂတိ လိုက်စားနေရတာကို ကျောမလုံဘူးလေ ဒါ့ကြောင့် စစ်ဗိုလ်ချုပ်သား/သမီးတွေ ရှယ်ယာပါတဲ့ ကုမ္ပဏီများ၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကနာမည် တပ်ပေးလိုက်တဲ့အတွက် လွတ်လွတ်လပ်လပ်ကို စားချင်တိုင်း စားလို့ ရသွားတော့တာပေါ့။

မြန်မာပြည်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ကြီးတွေဘဲ လုပ်နေကြတာမို့ အဲ့ဒီ ကိုယ်စားလှယ်ကြီးတွေ တင်သမျှ ဈေးနဲ့ဘဲ ဝယ်ယူ စားသုံး/သုံးစွဲ နေကြရတာပါ။ သူတို့က ပိတ်ချင်တဲ့ ပစ္စည်းကိုပိတ် ဖွင့်ချင်တဲ့ သူကိုတော့ဖွင့် ဒီလိုလုပ်ခဲ့ကြတာကိုးဗျ။

ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။ ပုဂ္ဂလိကတော့ ပုဂ္ဂလိကဘဲ။ ဒါပေမယ့် နီးစပ်ရာ ပုဂ္ဂလိက ဖြစ်နေတာကိုး။ အဲဒီလိုနဲ့ ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အာရှအဆင်းရဲဆုံး နိုင်ငံ တနိုင်ငံဖြစ်သွားရတာပါပဲဗျာ….။

အစိုးရကပြုပြင်ပြောင်းလဲတယ်ဆိုတာတကယ်မပြောင်းလဲပဲပြောင်းလည်းတယ်လို့နာမည်ခံချင်တာ လား၊ ပြုပြင်ပြောင်းလဲတယ် ဆိုတာကို လိုချင်တာ လား၊ ပြုပြင်ပြောင်းလည်းပါတယ် လို့သူများက မြင်တာ တော့ ခံချင်နေတာကျတော့ တပိုင်းကိုသေနေတာပဲ၊ ၂၀၀၈အခြေခံဥပဒေ ၄၄၅ မှာနအဖကို အခုအစိုးရက ဆက်ခံတယ် ဆိုတာကဘာကိုဆက်ခံတာလဲ? တာဝန်ခံတာလား၊ခေါင်းခံတာလား၊ဘာပဲပြောပြောဆက်ခံတယ်ဆိုရင် အရင်အစိုးရ (သူတို့အပြော) ကလုပ်ခဲ့သမျှ ကိစ္စ အရပ်ရပ်ကို တာဝန်ယူ ဖြေရှင်း ပေးရမှာပေါ့။ အခုဟာက ပြည်သူက ထောက်ခံ မဲ့လမ်းကိုကျတော့မရွေးချင်ဘူး၊ ပြုပြင်ပြောင်းလည်းပါတယ်လို့သူများကမြင်တာတော့ခံချင်တာ တပိုင်းကိုသေနေတာပဲ။

ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ လည်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့၉၀ရာခိုင်နှုန်းကခရိုနီတွေနဲ့သာသက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။တစ်သက်လုံးအညွန့်ခူး၊ အခွင့်ထူးခံယူ၊ အခွန်လုံးဝမဆောင်ဘဲ အခုအစိုးရ ခေတ်မှာလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ပြီး စီမံကိန်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ဆောင်ပြီး ဖြစ်ကြောင်းငွေဖြူမပြရုံသာမက၊ တင်သွင်းလာတဲ့ စက်ပစ္စည်းတွေအတွက် အခွန်လည်းမပေးရ၊ ၀င်ငွေခွန်လည်း ငါးနှစ်သက်သာခွင့်ရနိုင်တဲ့ အခွင့်အရေးလည်းရတယ်။ ဘယ်လောက်မမျှတပါသလဲ၊ တိုင်းပြည်ကို ဘယ်လောက်နစ်နာစေပါသလဲ။

အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။
အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။ ရန်ကုန်ရှိ လူအများစုမှာ စီးပွားရေး မပြေလည် ကျပ်တည်းသည့် ဒါဏ်ကို လူးလှိမ့်ခံနေကြရပါ တယ်။ အထူးသဖြင့် ၀န်ထမ်းများနှင့် လက်လုပ်လက်စား နေ့စား အလုပ်သမားများ အတော်ကျပ်တည်း ကြပါ တယ်။ ၀င်ငွေနှင့် ထွက်ငွေ မလုံလောက်ကြဘူး၊ တနေ့လုံး မနေမနား တစ်ဝမ်းတစ်ခါးကို ရုန်းကန်လှုပ်ရှားနေရတဲ့ ပြည်သူလူထုဟာ ညနေစောင်း အိမ်အပြန် ခရီးသည်တင် ကားတွေပေါ်မှာ “ခြေထောက်တစ်ချောင်း” ချခွင့်ရဖို့ ကားပေါ်လိုက်ပါခွင့်ရဖို့ သိန်းထီပေါက်တာထက် ခက်ခဲရတဲ့ကြားထဲ ဒုက္ခရောက်နေကြရတာကိုလဲ တွေ့မြင်နေရပါတယ်။

နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားကြီးအတွင်း၌ ဆောင်ရွက်နေကြသော ပျက်စီးမှု အဝဝတို့၌ အသားကျနေကြသော ခေါင်ထက်၌ အတွင်းတွင် ပေါက်ထွက်နေသော အုပ်ချုပ်ရေး ယန္တယားကြီးကို လည်း အမြန်ဆုံး ပြုပြင်ဖို့ရာ လိုအပ်ပါတယ်။အရိုးစွဲအောင် ကျင့်သားရနေကြတဲ့ လူလူချင်း ခေါင်းပုံဖြတ် မတရားအမြတ်ရှာတဲ့ စီးပွားရေး စနစ်ဆိုး နိုင်ငံတော်စီးပွားရေးမှန်သမျှ လက်ဝါးကြီးအုပ်ထားတဲ့ စနစ် ကို ဖျက်ပြီး ပြည်သူ့စီးပွားရေးစနစ် ဖြင့် အစားထိုးရပါမယ်။အဲဒီလို ပြည်သူ့ စီးပွားရေး စနစ်ကို အစားထိုးရာတွင်လည်း အုပ်ချုပ်သူလူတန်းစားများနှင့် အာဏာရ အသိုင်းအဝန်း လက်ဝါးကြီးအုပ် စီးပွားရေးဦးပိုင်စနစ် နှင့် တိုင်းသူပြည်သားတို့ရဲ့ အတွေးအခေါ် ပိုင်းဆိုင်ရာကို အမြစ်ကလှန်ပြီး ပြောင်းလဲဘို့လိုပါတယ်။

ဇော်ဝမ်းမောင်….

မကြာသေးမီက ကရင်ပြည် နယ်၊ ကော့ကရိတ်ခရိုင်ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် တည်ဆောက် ဆဲဖြစ်သော ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည်တွင်း၌မဖြည့်တင်းဘဲအခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချ ပါက လက်ခံမည်မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ D.K.B.A ကပြောသည်။

“အခုကျွန်တော်တို့ကြားနေ တာဟက်ကြီးရေအားလျှပ်စစ်စီမံ ကိန်းက ထွက်တဲ့လျှပ်စစ်ဓာတ် အား ၇၀ ရာခိုင်နှုန်း ထိုင်းကို ရောင်းမယ်။ မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းလောက်ပဲရမယ်လို့ကြား တယ်။ ဒီလိုဆိုရင်ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုအပ်တဲ့ နေရာတွေအများကြီးရှိနေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဒီဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကထွက် တဲ့ ဓာတ်အားတွေကို မြန်မာ အတွက်အသုံးမချဘဲအခြားနိုင်ငံ တွေကိုရောင်းချမယ်ဆိုရင် ဘယ်လို မှလက်ခံမှာမဟုတ်ပါဘူး”ဟု တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် D.K.B.A မှစစ်ဗျူဟာ မှူးဗိုလ်မှူးဆန်းအောင်ကပြော သည်။

၂၀၁၀ ခုနှစ်တွင် တပ်မတော် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ D.K.B.A တို့သည် အပစ်အခက်ရပ်စဲနိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ အပစ်အခတ်အနည်း အငယ်ဖြစ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံကထွက်တဲ့ သယံဇာတကို မြန်မာနိုင်ငံသားတွေ ပဲခံစားသင့်တယ်။ ဒါကိုမှ မဟုတ်ဘဲတစ်ခြားနိုင်ငံတွေကို ထုတ်ရောင်းမယ်ဆိုရင်မဟုတ်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ စီမံကိန်းတစ်ခုလုပ်တော့ မယ်ဆိုရင် ပြည်သူတွေကို အရင် မချပြဘူး။ မတိုင်ပင်ဘူး။ မဆွေးနွေး ဘူး။ စီမံကိန်းကို လုပ်ကိုင်တော့ မယ်ဆိုတော့မှ ပြည်သူတွေကို ချပြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ ကျွန်တော်တို့တပ်တွေ အပစ်အခတ်တွေရှိခဲ့တယ်”ဟု ဗိုလ်မှူးဆန်းအောင်ကပြောသည်။

အိမ်နီးချင်းထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကိုမြန်မာနိုင်ငံ ကျေးရွာများအထိရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်သည့်နိုင်ငံတစ်ခုဖြစ် ကြောင်း သိရသည်။

The hot news weekly

(Radio Australia မှ 21 June 2013 ရက်စွဲပါ Japanese bank fined for violating US sanctions on Iran and Myanm ar ကိုဘာသာပြန်ဆိုသည်)
Photo Credit by Reuters

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်လုပ်ကိုင်လျက်ရှိသော ဂျပန်ဘဏ်လုပ်ငန်းကြီးတစ်ခုသည် အမည်မည်းစာရင်းသွင်းထား သည့် နိုင်ငံများ ကိုယ်စား ငွေကြေးလွှဲပြောင်းမှု များ ပြုလုပ်ပေးခဲ့ခြင်း ကြောင့် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ဒေါ်လာ သန်း ၂၅၀ ချမှတ်ခံလိုက်ရကြောင်းသိရသည်။

ယင်းသို့ ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ပေးခဲ့သည့် ဘဏ်မှာ Tokyo Mitsubishi-UFJ ဘဏ်ဖြစ်ပြီး ယင်းဘဏ် သည် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားသော အီရန်၊ ဆူဒန် နှင့် မြန်မာနိုင်ငံတို့ အတွက်လုပ်ကိုင် ပေးခဲ့ခြင်း ကြောင့် နယူးယောက်ပြည်နယ်က ပြစ်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရ အာဏာပိုင်များအဆိုအရ အဆိုပါ ဂျပန်ဘဏ်သည် အမေရိကန်ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်သည့် လုပ်ရပ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖယ်ရှားပေးရန် ဘဏ်ဝန်ထမ်းများအား ညွှန်ကြားချက်ပေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ယင်းဘဏ်က တရားမဝင် ငွေကြေးလွှဲပြောင်း မှုပြုလုပ်ခဲ့သည့် တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဘီလီယံခန့်ရှိသည်။

ပိတ်ဆို့အရေးယူခံထားရသော နိုင်ငံသုံးနိုင်ငံအတွက် တရားမဝင်ငွေကြေးလွှဲပြောင်းပေးမှု အကြိမ် ၂၈၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး ယင်းသို့လုပ်ဆောင်ခဲ့သည့် သတင်းအချက်အလက်များကို ဂျပန်ဘဏ်ဝန်ထမ်းများက စနစ်တကျပယ်ဖျက် ပစ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

နယူးယောက်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှု ကြီးကြပ်ရေးဌာနမှ ဘန်ဂျာမင်လောစကိုင်းက ၎င်းတို့အနေဖြင့် ဘဏ်လုပ်ငန်းများအပေါ် တင်းမာသည့် ဆောင်ရွက်ချက်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားသည်။

“ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆိုးဆိုးရွားရွား လွဲမှားစွာလုပ်ကိုင်နေတာကို တွေ့ရတာနဲ့ ခိုင်မာပြတ် သားမှုရှိတဲ့လုပ်ဆောင်ချက်တွေနဲ့ ကျွန်တော်တို့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံကို အသုံးပြုပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ တခြားအန္တရာယ်ပြုမှုတွေကို ကာကွယ် ဟန့်တားသွားမှာဖြစ်ပါတယ်” ၎င်းက ပြောကြားသည်။

အဆိုပါ ဂျပန်ဘဏ်က ၎င်း၏ အမှုကို နယူးယောက်ပြည်နယ်တွင် ရင်ဆိုင်ဖြေရှင်းလျက်ရှိပြီး ဒဏ်ငွေပေးဆောင် ရန်လည်း သဘောတူညီထားပြီဖြစ်သည်။

နယူးယောက်မြို့တော်ဝန် အင်ဒရူး ကူမိုက ယခုဖြစ်ရပ်သည် Wall Street ငွေကြေးလုပ်ငန်းကြီးတစ်ခုလုံး အတွက် သတိပေးချက်တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“ယနေ့ရရှိလိုက်တဲ့ သဘောတူညီမှုက ကျွန်တော်တို့အနေနဲ့ Wall Street နဲ့ပတ်သက်တဲ့တာဝန်ယူမှုတွေကို ပြင်းပြင်းထန်ထန်လုပ်ကိုင်နေတယ်ဆိုတာ ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ထုတ်ဖော်ပေး လိုက်တာပဲဖြစ်ပါတယ်။ တရား ဥပဒေကိုမလှိမ့်တပတ်လုပ်ဖို့ ကြိုးစားနေတဲ့သူတွေကိုလည်း သတိပေးလိုက်ရာရောက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းဂျပန်ဘဏ်က ကြေညာချက်ထုတ်ပြန်ရာတွင် မိမိတို့အနေဖြင့် ၂၀၀၇ ခုနှစ်တွင် အမေရိကန်ပိတ်ဆို့ အရေးယူ မှုများကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင် ရွက်ကာယင်းသို့ လုပ်ကိုင် ဆောင်ရွက်မှုများကို ချက်ချင်းပင်ရပ်ဆိုင်းပစ်ခဲ့ကြောင်းဖော်ပြထားသည်။

Yangon chronicle

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသားဖော်ပြချက်အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်
21, June 2013 သောကြာနေ့
နံနက် 9 နာရီ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။

ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။ မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။ ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။
The First Weekly News Journal နှင့်
The First Media Group

"Buddhist Terror လို့လုပ်တာက တော်တော်ဆိုးပါတယ်။ ဒီပြဿနာက နိုင်ငံခြားက လူတွေက မွတ်ဆလင် ဘက်ကနေ လိုက်တယ် ဘာညာဆိုတာကတော့ ရှိနေတာပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဘက်ကလည်း ၉၆၉ တို့ဘာတို့ ပေါ်လာတယ်ဗျာ၊ မွတ်ဆလင်မှာလည်း အစွန်းရောက်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းမရဘူး။

တစ်ကမ္ဘာလုံးမှာ သတ်လိုက်တာမှ သူတို့ အချင်းချင်းလဲ သတ်နေတာပဲ။ ဗုဒ္ဓဘာသာမှာလည်း အစွန်းရောက်တာတွေ ရှိလာတယ်။ ၉၆၉ တို့ဘာတို့ ဆိုတာတွေ၊ ၀ီရသူ တို့တွေပေါ့၊အဲဒီလိုတွေ ပေါ်လာတာကတော့ မကောင်းဘူး။

လူတွေ ကြားထဲမှာ ပဋိပက္ခဆိုတာက ရှိတတ်တာပဲ၊ ပဋိပက္ခကို ပဋိပက္ခလိုပဲ ရှင်းရမည်။အဲဒါတွေကို ဖြေရှင်းဖို့ တရားဥပဒေ ထိရောက်ဖို့လိုတယ်။ အဲလိုမရှင်းပဲ ဘာသာရေး အကြောင်းပြတယ်၊ နောက်ပိုင်း ကြတော့ နောက်ကြောင်း ပြန်ချင်တဲ့
ကောင်တွေက ၀င်အသုံးချလိုက်တော့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်သွားတယ်။

ကျွန်တော်စိုးရိမ်တာက တိုင်းစ်မဂ္ဂဇင်းလို သြဇာအလွန်ကြီးတဲ့ မဂ္ဂဇင်းက ဦးဝီရသူပုံကိုပြပြီး မြန်မာပြည်ထဲက အကြောင်းတွေရေးတာ နာမည်ကလည်း
တော်တော်ဆိုးတယ်၊ ကျွန်တော်က ကောင်းတယ်ဆိုးတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒီဟာကြီးရဲ့ အန္တရာယ် အတိုင်းအတာက ကြီးသွားပြီ။

ဝီရသူတို့ရဲ့ တုန့်ပြန်မှုကလည်း ပြင်းထန်တော့မယ်၊ အဲလိုပဲ ၀ီရသူကို ဆန့်ကျင်တဲ့ လူတွေကလည်း ပြင်းထန်တော့မယ်။ ဒါကြောင့် ကျွန်တော်ထင်တယ် ၂ ဘက် ရန်လိုမှုကလည်း ပိုမြင့်တော့မယ်။"

နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
(၂၀၀၁ ခုနှစ် ရွှေကလောင်ဆုရှင်)
"ကျွန်တော်ကတော့ ဒီလိုလုပ်တာကို သိပ်တော့ ဘ၀င်မကျဘူး။ ပုဂ္ဂိုလ် တစ်ဦး
တစ်ယောက်ကို ဒီလိုတပ်ပြီး ပြောတာ၊ ဘာသာရေးကို တပ်ပြီးပြောတာက မလုပ်သင့်တဲ့ ကိစ္စပါ။

အကြမ်းဖက် ကိစ္စတွေမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက ဘယ်လောက် အထောက်အထား ရှိသလဲ၊ ကျွန်တော့်အနေနဲ့ ဒီကိစ္စကို သဘောမတူပါဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်း
ကတော့ တစ်ပိုင်းပါ။ ဒီလိုဖော်ပြတဲ့ အတွက် နိုင်ငံနဲ့ ဘာသာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ကျွန်တော် ထင်တာကတော့ ဒီကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်ပါဘူး။ ဒီလိုဖော်ပြတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ လူတစ်ယောက် ဂုဏ်သိက္ခာအရ ထိခိုက်သွားအောင် ဘာသာရေးနဲ့ အကြမ်းဖက်မှုတွဲပြီး ပြောသွားတာ ကျင့်ဝတ်နဲ့ မညီပါဘူး။ ဒါမျိုးမလုပ်အပ်ဘူး။ တိုင်းစ် မဂ္ဂဇင်းဆိုတာ နာမည်ကျော်
မဂ္ဂဇင်း တစ်စောင်ပါ။"

ဦးကျော်မင်းဆွေ
(အယ်ဒီတာချုပ်, The Voice Daily)
"ကျွန်တော်အနေနဲ့ ဆရာတော်ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝ လက်မခံဘူး။ သံဃာတစ်ပါးအနေနဲ့တော့ ပါရာဇိကကံ မကျသ၍ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။

ဘာသာရေးဟာ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်တာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပက်သတ်လို့ အလွန်အကျွံ အစွန်းရောက်တာတွေ၊ လူနည်းစု မွတ်စလင်တွေကို အမုန်းပွားပြီး သူတို့ရဲ့ စီးပွားရေး လူမှုရေး ထိခိုက်အောင် လုပ်တာတွေကိုတော့ ကျွန်တော် လုံးဝ သဘောမတူပါဘူး။ ဆရာတော် ဦးဝီရသူနဲ့ အမြင်မတူတာက သီးခြားစီပါ။ Time မဂ္ဂဇင်းက အခုလို လုပ်တာကိုတော့ လက်မခံနိုင်ပါဘူး။

Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်က မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ဘာသာ၊သာသနာကို အထင်သေး အမြင်အသေး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်။

Time ရဲ့ ဒီလုပ်ရပ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခကို ပိုဆိုးသွားစေနိုင်တယ်" -

ဒေါက်တာ သန်းထွဋ်အောင် CEO (Eleven Media Group)
Eleven Media Group

( Reuters မှ 21 June 2013 ရက်စွဲပါ “ Constitution may desh Suu Kyi ‘s Presidential hopes” သတင်းကို ဘာ သာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နောက်လာမည့် သမ္မတဖြစ်လာရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရည်မှန်းထား ခြင်းကို သူမအပေါ် ချစ်ခင်လေးစားသော ပြည်သူများက ယုံကြည်ကြသော်လည်း သေချာပေါက်ပြော၍ မရပါ။

နိုဘယ်ဆုရှင်သည် ပြီးခဲ့သောနှစ် ဧပြီလကြားဖြတ်ရွေးကောက်ပွဲများတွင် သူမ၏ ပါတီအောင်ပွဲရကာ လွှတ်တော် သို့ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းပြည်ပ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။

တပ်မတော်အကြီးအကဲဟောင်း စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေက သူမအားအမြင့်ဆုံး အာဏာမရ အောင် တားဆီးနေသည့်တိုင်အောင် ယခုအခါ ကျော်လွှားနိုင်မည့် အခက်အခဲဟု ရှုမြင်နေကြသည်။

ယခုအခါ နိုင်ငံရေးအကျဉ်းသားဘဝမှ သမ္မတဖြစ်လာရေး ရည်မှန်းချက်သည် ယခင်ကထက် ပိုမိုရှင်းလင်းလာသည့် တိုင်အောင် မသေချာမှုများ ကြီးမားနေသည့်လက္ခဏာရှိသည်။

“ကျွန်မ သမ္မတဖြစ်ချင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပါပဲ။”ဟု နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် သူမကသတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော်သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတဖြစ် လာရန်အတွက် စိမ်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရပါလိမ့်မည်။

တပ်မတော်ကြီးစိုးထားသော လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ခံလာအောင် သူမ စည်းရုံး ရလိမ့်မည်။

အကယ်၍ ဤကိစ္စကို လုပ်ဆောင်နိုင်ပြီး အခြေခံဥပဒေကို အချိန်မှီ ပြင်ဆင်နိုင်ခဲ့သည့်တိုင်အောင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်သည့်သဘောထားကြောင့် ဆန္ဒရှင်များ၏ တုန့်ပြန်မှုကို ရင်ဆိုင်ရဖွယ်ရှိနေသည်။

ဗုဒ္ဓဘာသာ လူများစုနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင် ကိစ္စအပေါ် နှုတ်ဆိတ်နေသည့် သူမအား လူထုထောက်ခံမှု လျော့ကျအောင် ပြိုင်ဘက်ကွန်ဆားဗေးရှင်းတစ်အုပ်စုများက အသုံးချနေကြသည်ဟု အချို့က မှတ်ချက်ပေးသည်။

သူမအနေဖြင့် အာဏာရရန်အတွက် ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးဖြစ်သူ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် လက်ရှိ သမ္မတ ဦးသိန်းစိန်တို့ကို ယှဉ်ပြိုင်အနိုင်ယူရမည်ဖြစ်သည်။ ဦးသိန်းစိန်သည် ကျန်းမားရေးပြဿနာများ ရှိနေသော် ငြားလည်း သမ္မတသက်တမ်းကို ကြိုးစားဖွယ်ရှိနေသည်။

သူမ၏ချက်ခြင်းလက်ငင်းပြဿနာမှာ အခြေခံဥပဒေပြင်ဆင်ရေး ပင်ဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးမှာလည်း ဗြိတိန်နိုင်ငံသားခံယူထားသောကြောင့် အခြေခံဥပဒေပါ တားမြစ် မှု နှင့် ညှိစွန်းနေသည်။

မြန်မာအခြေခံဥပဒေ ဆိုင်ရာပြင်ဆင်ရေး စီမံချက် ဒုတိယဒါရိုက်တာ Sydney Law School ပါမောက္ခ အင်ဒရှုး မတ်ကလွိုက်က “ ဒီလိုရေးဆွဲထားရတဲ့အကြောင်းရင်းအားလုံးဟာ သူမကိုရည်ရွယ်တာဖြစ်ပါတယ်”ဟု ပြောကြားသည်။ အခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရရန် လိုအပ်ပြီး၊ တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းနေရာ ယူထားသောကြောင့် ယင်းကိစ္စသည် လွယ်ကူသောအလုပ်မဟုတ်ပါ။

အကယ်၍ လွှတ်တော်က အတည်ပြုခဲ့တိုင်အောင်၊ ဆန္ဒပြခံယူပွဲတွင် ထောက်ခံမဲထက်ဝက်ကျော် ရရှိဖို့ လိုပါသည်။ ယင်းလုပ်ငန်းအားလုံး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီပြီးစီးရန် အချိန်မလုံလောက်နိုင်ဟု အချို့အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။

ထို့အပြင် သူမသည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များ ခွဲခြားဖိနှိပ်ခံနေရခြင်းကိုကာကွယ်ပေးရန် နိုင်ငံတကာလူအခွင့်အရေးအုပ်စုများ၏ ဖိအားပေးမှုကိုလည်း ရင်ဆိုင်နေရသည်။

yangon chronicle

သေခါနီးလေ . . . ပျော်စရာကောင်းလေ

ခန္ဓာကိုယ်တွင်းရှိ ကလီစာများအား ဖြတ်တောက်ခံရသကဲ့သို့ ခံစားမှု၊ အရိုးအကြောများ အပိုင်းပိုင်း ရိုက်ချိုးခံရသကဲ့သို့ ခံစားမှု၊ နှလုံးသားအား ဆုပ်ကိုင်ဖြစ်ညှစ်သကဲ့သို့ ခံစားမှု၊ အသက်ရှူလမ်းကြောင်း အား ဖိညှစ်ပိတ်စို့ခြင်းခံရသကဲ့သို့ ခံစားမှု၊ အသွေးအသားများ ဖောက်ထုတ်စုတ်ယူ ခံရသကဲ့သို့ ခံစားမှု စသည့် အနိဠာရုံခံစားမှုများသည် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့ရသည်။ ဤသည်ကား ကိုယ်ခန္ဓာ (ကာယကံ) ခံစားမှုများတည်း။

အသံနက်ကြီးဖြင့် စိမ်းစိမ်းဝါးဝါး အော်လိုက်သံ၊ အမေကယ်ပါ … အဖေကယ်ပါ ဟူ၍ ညည်းညူ အော်ဟစ်သံ၊ ကျိတ်မနိုင်၊ ခဲမနိုင် ဖျစ်ညှစ်အော်လိုက်သည့်အသံများ၊ အထိတ်တလန့် လျှပ်တစ်ပြက် အော် ဟစ်လိုက်သံ၊ ခြောက်ခြားဖွယ်ထွက်ပေါ်လာသော အံကြိတ်သံ၊ ဖြေညှင်းစွာလေသံပျော့ဖြင့် ညည်းတွား လိုက်သံ စသည့် နှုတ်ဝဇီမှ ထွက်ပေါ်လာသော ခံစားမှုများသည် ဝဇီတည်းဟူသော မိမိ၏နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။ ဤသည်ကား နှုတ်ခမ်းပါးစပ်မှ (ဝဇီကံ) ခံစားမှုများပင် ဖြစ်သည်။

လူတို့၏ စိတ်အလျင်တို့သည် ကာယကံ၊ ဝဇီကံတို့အပေါ်တွင် အမှီသဟဲပြုသည်။ စိတ်ကြောင့် ခန္ဓာကိုယ်မှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို စိတ်ကြောင့်ပင် ဝဇီကံဖြစ်သော နှုတ်မှပြောစကားများ ထွက်ပေါ် လာသည်။ ထိုကဲ့သို့ပင် ကာယတည်းဟူသော ခန္ဓာကိုယ်၏ ဖြစ်ပျက်ခံစားမှုတို့ကြောင့် ဝဇီတည်းဟူသော နှုတ်မှလည်း အသံမျိုးစုံ ထွက်ပေါ်လာခဲ့ရသည်။ ဤသည်ကား စိတ်(မနောကံ)၏ ခံစားမှုများပင်ဖြစ်သည်။

လူတို့သည် ကျန်းမာနေစဉ်အချိန်ကာလများ၌ စိတ်ဦးဆောင်မှုဖြင့် ခန္ဓာကိုယ်မှ လှုပ်ရှားခြင်း၊ နှုတ် ခမ်းများ၊ ပါးစပ်များမှပြောဆိုခြင်း အမှုများကို ပြုလုပ်တတ်ကြသည်။ ဝေဒနာခံစားနေရသော အချိန်ဖြစ် သည့် ကျန်းမာရေးချို့ယွင်းပြီး သေအံ့ဆဲဆဲဖြစ်နေသည့်အချိန်တွင် ခန္ဓာကိုယ်၏ ခံစားမှုအသီးသီးတို့ အပေါ်မှုတည်၍ နာကျင်မှု ခံစားရမှုများအပေါ် ဝဇီ(နှုတ်)မှ ညည်းညူးအော်ဟစ် ညည်းတွားသံများ ဖြစ်ပေါ် လာခဲ့ရသည်။ ထိုအခါ မနောတည်းဟူသော စိတ်အလျင်တို့သည် မိမိတို့၏သံယောဇဉ်များ၊ ကိလေသာ တဏှာများ၊ ပစ္စည်းဥစ္စာများ၊ သား-သမီး-မြေး-မြစ်များ၊ ဆွေမျိုးမိတ်ဆွေများ၊ တိုက်တာအိုးအိမ်များ၊ ရွှေငွေ လက်ဝတ်ရတနာများနှင့် မိမိတို့စွဲလမ်း တပ်မက်ခဲ့မှုများအပေါ် တောင်းတမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို ကဲ့သို့ သေအံ့ဆဲဆဲလူတို့တွင် ထိုသံယောဇဉ် အမျှင်အတန်းများ ဖြစ်ပေါ်လာခဲ့ပါက ဘဝကူးကောင်းမည် မဟုတ်ချေ။ မည်မျှပင်လူ့လောကကောင်းကျိုးကို လုပ်ဆောင်ပေးခဲ့စေကာမူ ဘဝကူးခါနီး အချိန်စက္ကန့် လေးအတွင်း အကုသိုလ်ကိစ္စရပ်ဖြစ်စေ၊ သံယောဇဉ် အမျှင်အတန်းလေး တစ်ခုဖြစ်စေ သမုဒယသစ္စာ ပေါ် ပေါက်လာပါက ဘဝကူးပြောင်းမှုသည် ရှောရှောရှူရှူ ဖြစ်မည်မဟုတ်။ ဤအချိန်အပိုင်းအခြားလေးသည် အလွန်အရေးကြီးလှပေသည်။ မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့သော အရက်သမားတစ်ဦးသည် ဘဝကူးပြောင်းခါ နီး အချိန်လေးတွင် သရဏဂုံကြောင့် တည်ခွင့်ရခဲ့သည့်အတွက် နတ်ပြည်သို့ရောက်ရှိခဲ့ကြောင်း ဘုရား ဟောထဲတွင် ပါရှိခဲ့သည်။ ထိုကဲ့သို့ ဘဝကူးကောင်းရန်အတွက် ကျွန်ုပ်တို့သည်ကောင်းမှု ကုသိုလ်ရေး ကိစ္စရပ်များအား စဉ်ဆက်မပြတ် လုပ်ဆောင်နေပါမှ ထိုကောင်းမှုအရှိန်ကြောင့် ဘဝကူးကောင်းဖို့ လွယ်ကူ မည်။ သို့တည်းမဟုတ် အကုသိုလ်ကိစ္စများနှင့် ကျင်လည်နေမည်ဆိုပါက အသေလှမည်မဟုတ်၊ ဘဝကူး ကောင်းမည်မဟုတ်ချေ။

ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှု၊ ကြေကွဲမှု စသည့် ခံစားမှုမျိုးစုံတို့အတွက် ကျွန်တော်တို့ ကိုယ် ချင်းစာစိတ်ဖြင့် ကြိုးစားဖေးမလိုစိတ် ဖြစ်ပေါ်လာသည်။ လူ့ဘဝသက်တမ်း၏ နောက်ဆုံးအချိန်လေး အတွင်း ရောက်နေချိန်တွင် ဆင်းရဲသောမိသားစုဝင်များသာ ယခုကဲ့သို့ သံယောဇဉ်အမျှင်တန်းခြင်းမျိုးကို ခံစားရသည်မဟုတ်။ ချမ်းသာသော အသိုင်းအဝိုင်းက ပို၍သာ သံယောဇဉ်အမျှင်တန်းမှုမျိုး ဖြစ်ပေါ်စေ သည်။ ပိုင်ဆိုင်မှုများကြောင့်ပင် မဟုတ်ပါလား။ “ဘာမှမလိုချင်ရင် … ဘာမှ ကြောက်စရာမရှိဘူး” ဟူ သော ကျွန်တော်၏ဇနီး ရွှေဇီးကွက်၏ ဖခင်ပြောစကားကား မှန်ကန်လှပေသည်။ စဉ်ဆက်မပြတ် ကုသိုလ်ရေးများ လုပ်ကိုင်နေကာမှ သေခါနီးတွင် ဘဝကူးကောင်းရန် အမှတ်သညာ ရရှိမည်ဖြစ်သည်။ အကြောင်းတရားကြောင့် အကျိုးတရားခံစားရမည် ဖြစ်တော့သည်။ သို့ရာတွင် ယခုကဲ့သို့ ဆုတ်ကပ်ကြီး ထဲ ရောက်ရှိနေစဉ် လူသားအများစုတို့သည် ဘဝရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများကြောင့် ထိုအကုသိုလ်ဇောများ ကပ်တွယ်ညှိနေမှုတို့ကြောင့် ဘဝကူးကောင်းရန် ခက်ခဲလှတော့သည်။

ထိုသို့သော ဘဝကူးခါနီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကျွန်တော်တို့ လျစ်လျူရှု ထား၍မရတော့ချေ။ ထိုသူတို့အားသွားရောက်၍ ဆေးသွင်းပေးခြင်း၊ အားပေးစကား ပြောကြားခြင်းတို့နှင့် မလုံလောက်။ ရှောင်လွဲ၍မရသည့်အရာဖြစ်သော သေချင်းတရားသည် တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေ ရာတွင် ကြုံတွေ့ရမည်။ ထိုအခါ သေအံ့ဆဲဆဲ၊ သေအံ့မူးမူး၊ သေလုမျောပါး ဝေဒနာခံစားနေရသော လူများကို တွေ့ရှိရသောအခါ ဘယ်လိုများ လုပ်ပေးရမလဲဆိုသည့် အတွေးမျိုးတွေးမိသည်။ (တစ်ချိန်က ရောဂါဝေဒနာ ခံစားနေရသော လူမမာတစ်ဦးမှ ငွေလှူဒါန်းမှုပြုလုပ်လိုကြောင်း အကြောင်းကြားခဲ့၍ သွား ရောက်အလှူခံခဲ့ပြီး သာဓု … သာဓု … သာဓု ခေါ်ဆိုနိုင်ခဲ့သောဖြစ်ရပ်တွင် ထိုလူနာသည် နောက်ပိုင်း ကျန်းမာသန်စွမ်းလာပြီး နှစ်ရှည်နေထိုင်သွားနိုင်ခဲ့ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ဘူးသည်။ နောက်တစ်ဦးမှာ လည်း မဆုံးခင်စပ်ကြား လှူဒါန်းမှုပြုလိုသောဆန္ဒကြောင့် ကျွန်တော်တို့အား အကြောင်းကြားခဲ့၍ ထိုလူနာ ရှိရာ နေအိမ်သို့သွားရောက်ခဲ့ရာ ကားလမ်းပိတ်ဆို့မှုများကြောင့် အတန်ငယ် နောက်ကျသွားခဲ့သည်။ ထိုအချိန် လူနာ၏ အိမ်သို့ဝင်ရောက်သည်နှင့် မိသားစုများ၏ မျက်လုံးများသည် ကြေကွဲမျက်ရည်စများနှင့် ဆီးကြိုကြသည်။ လှူဒါန်းမည့်လူနာထံသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားခဲ့ရာ လူနာသည် လက်ထဲ တွင် လှူဒါန်းမည့်ငွေအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အသက်ကားမရှိတော့ချေ။ ထိုဖြစ်ရပ်အား ကျွန်တော်တို့၏ လူမှုရေးသက်တမ်းတစ်လျှောက် ရင်နာဖွယ်ရာ ဖြစ်ရပ်ဖြစ်ခဲ့ရသည်။)

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သေဆုံးသွားသော ဆင်းရဲချမ်း သာ၊ လူမျိုးဘာသာမရွေးတို့အတွက် (အခမဲ့) သင်္ဂြိဟ်ပေးရုံဖြင့် တာဝန်ကျေပွန်ပြီဟု သတ်မှတ်၍မရချေ။ ဘဝကူးပြောင်းခါနီး သေဆုံးအံ့ဆဲဆဲ လူသားများအတွက် ဘဝကူးကောင်းရန် တာဝန်ကိုပါ ထမ်းဆောင် ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဝေဒနာခံစားနေရသော ကျန်းမာရေးချို့တဲ့နေကြသော ကာယကံရှင် တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ မိသားစုဝင်တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ ဆရာတော် သံဃာတော်တို့၏ မေတ္တာပို့သသံ၊ သရဏဂုံ ဆောက်တည်မှုပေးသော တရားသံ၊ မသေခင်စိတ်ချရသော တရားထူးတို့အား လိုလားတောင်းတခဲ့ပါလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဆရာတော် သံဃာတော်တို့အားပင့် လျှောက်ကာ ကာယကံရှင်ရှိရာ ဆေးရုံ (သို့) နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးသော ကောင်းမှုကုသိုလ် တော်ကြီးတစ်ရပ်အား လုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ရပါတော့သည်။ ဘဝကူးမည့်သူများအတွက် ဘဝ ကူးကောင်းရန် လမ်းစတစ်ခုကို ကျွန်တော်တို့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ စတင်လမ်းဖောက် ပေးခဲ့ပြီ ဖြစ်တော့သည်။ မြန်မာပြည်အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့များသည်လည်း ဤကောင်းမှုတော် ကြီးအား လုပ်ဆောင်ကြရန် ဝန်လေးမည်မဟုတ်ဟု ယုံကြည်မိပါသည်။

ထို့ကြောင့် သေခါနီးသောသူတို့အတွက် ရဲရဲကြီး သေရဲပြီး အရာအားလုံးအား သံယောဇဉ်ဖြတ်နိုင် ကြကာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြားထားသကဲ့သို့ “သေခါနီးလေ ပျော်စရာကောင်းလေ” ဟူသော စကားရပ်အတိုင်း ဘဝ ဘဝတို့သည် ကူးပြောင်းခြင်း လှပစေတော့မည့် ကုသိုလ်ကောင်းမှုတော်ကြီးတစ်ရပ်အား ၂ဝ၁၃ ဇူလိုင် (၁၉) ရက် (အာဇာနည်နေ့) မှစတင်၍ ပေးဆပ် တော့မည်ဖြစ်ပါသည်။

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.