06/23/13



မြန်မာ့ နိုင်ငံရေး အပြောင်းအလဲမှာ လက်ရှိ ဖွဲ့စည်းပုံက အတားအဆီး ဖြစ်နေကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်တွေက ယူကေက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

ကိုမင်းကိုနိုင် ၊ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ခေါင်းဆောင် ၈ ဦးဟာ စနေနေ့တုန်းက လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနဲ့အာဖရိကလေ့လာရေးကျောင်းမှာ ယူကေတဝန်းက မြန်မာတွေရော၊ မြန်မာ့အရေးစိတ်ဝင်စားသူတွေရဲ့ မေးခွန်းတွေ ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။


သမ္မတ ဦးသိန်းစိန်ကို ယုံကြည်သလားဆိုတဲ့ မေးခွန်းကိုတော့ ကိုမင်းကိုနိုင်က သမ္မတကိုယ်တိုင် ဖွဲ့စည်းပုံကြားပိတ်မိနေတယ်လို့ ပြောပါတယ်။

သမ္မတ လုပ်ပိုင်ခွင့်ကလည်း တင်းကျပ်တဲ့ ဖွဲ့စည်းပုံ အောက်မှာ အကန့်အသတ်ရှိတယ်လို့ သူက ထောက်ပြပါတယ်။

ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံမှာ constitutional military coup စစ်တပ်ကို တရားဝင် အာဏာသိမ်း ခွင့်ရအောင် ကြိုးပမ်းထားကြတယ်လို့ ဦးကိုကိုကြီးကလည်း ပြောပါတယ်။

လွှတ်တော်တွင်းမှာလည်း ပြည်သူက တကယ်ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေသာ ရှိသင့်တယ်လို့၈၈ ခေါင်းဆောင်တွေက ပြောခဲ့ကြပါတယ်။

ယူကေရောက် မြန်မာတွေနဲ့ တွေ့တဲ့ ပွဲမှာ ၈၈ မျိုးဆက်တွေ ရေးသားခဲ့တဲ့ သီချင်းတွေလည်း မြန်မာတေးဂီတအဖွဲ့က သီဆိုခဲ့ကြသလို နောက်ဆုံးပိတ် အစီအစဉ်မှာတော့ တချိန်က ကိုထူးအိမ်သင် ရေးဖွဲ့ခဲ့ပြီး ကိုမွန်းအောင် သီဆိုခဲ့တဲ့ အရေးကြီးပြီ သီချင်းကိုလည်း ၈၈ မျိုးဆက် ခေါင်းဆောင်တွေဟာ ပရိသတ်နဲ့အတူ သံပြိုင် သီဆိုခဲ့ကြပါတယ်။


ဘီဘီစီ

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် ပါတီဖွဲ့ရန် ဆွေးနွေး ဆုံးဖြတ်ထားခြင်းမရှိကြောင်း ၈၈ အဖွဲ့ဝင်များအနက် လွှတ်တော် တွင်းဝင်ရောက်လိုသူများ ရှိပါက ခွဲခြားတာဝန်ခွဲဝေမှုဖြင့် လုပ်နိုင် ကြောင်း ကိုမင်းကိုနိုင်က ပြော သည်။ ၈၈မျိုးဆက် အဖွဲ့ဝင် အင်္ဂလန်ခရီးစဉ်အဖြစ် လန်ဒန်သို့ ရောက်ရှိစဉ် ဇွန် (၁၈) ရက်နေ့ က ဘီဘီစီသတင်းဌာနနှင့် တွေ့ ဆုံခန်း၌ ကိုမင်းကိုနိုင်ကအထက် ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

မြန်မာနိုင်ငံတွင်အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန်အင်မတန် အရေးကြီးကြောင်း ၎င်းအ နေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေး ပြည်သူ့ဒီမိုကရေစီရေးတို့တွင် အာရုံစိုက်က တစိုက်မက်မက်ပြု လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။၎င်းအပြင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံ၏ ပြောင်းလဲမှု များကိုအများကြီးပြောင်းလဲသည် ဟု မသတ်မှတ်သင့်ကြောင်း၊ အ ချို့မှာအပေါ်ယံပြောင်းလဲမှုသာ ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးက အပြောင်းအလဲကို လိုလားတဲ့အပြင် ပြောင်းလဲမှုများ အတွက် အားထုတ်ကြိုးပမ်းမှု များလည်း ရှိခဲ့သဖြင့် မပြောင်း မဖြစ်ပြောင်းလဲခဲ့ရသည်များလည်း ရှိကြောင်း သို့ရာတွင် အများကြီး ပြောင်းလဲသည်ဟု မသတ်မှတ် သင့်ကြောင်း အပြောင်းအလဲ အချို့မှာ အပေါ်ယံသာဖြစ် ကြောင်း ကိုမင်းကိုနိုင်က ဆက် လက်ပြောကြားသည်။

၈၈ မျိုးဆက်အဖွဲ့ဝင် ယခု ခရီးစဉ်မှာ ဗြိတိန်အစိုးရ၏ ဖိတ် ကြားမှုအရ ဗြိတိသျှကောင်စီနှင့် ဗြိတိသျှသံရုံးတို့ အစီအစဉ်ဖြင့် သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ် အတွင်း ဗြိတိန်အစိုးရ၏နိုင်ငံခြား ရေးနှင့် ဓနသဟာယရုံးဝန်ကြီး များနှင့် တွေ့ဆုံခြင်း၊ ဗြိတိသျှ ပါလီမန်လွှတ်တော်တွင်းပါလီမန် အဖွဲ့များနှင့် တွေ့ဆုံခြင်း၊ ဘက် ကင်ဟမ်နန်းတော်သို့သွားရောက် လေ့လာခြင်း၊ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအတွက် လေ့လာရန် မြောက်အိုင်ယာလန်သို့လည်း ကောင်း၊ ပညာရေးဆိုင်ရာလေ့ လာမှုများအတွက် Dxford တက္ကသိုလ်သို့လည်းကောင်း သွား ရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

The hot news weekly





ဘိုဘိုမင်း

မျိုးစောင့်ဥပဒေ ဆိုတာကို စပြီးကြားရစဉ်က အခုဖတ်ရတဲ့အတိုင်း တကယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုလို့ ကျွန်မ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာ ကြာကြာမ၀င်ဖြစ်ဘဲ အကုန် လိုက်မဖတ်ဖြစ်ခဲ့တော့ ဆရာတော် ဦးဝီရသူရဲ့ လုပ်ရပ်တွေ၊ ဟောပြောမှုတွေကို မကြိုက်လို့ ဆန့်ကျင်သူတချို့က တမင်အရွဲ့တိုက် ဟာသလုပ်ပြီး တင်ထားတယ်လို့ ထင်ခဲ့တာ အမှန်ပါ။ နောက်တော့ အွန်လိုင်းပေါ် တခါဝင်လာတိုင်း ဒီအကြောင်းကိုပဲ လူတွေက ပြောနေတင်နေကြတာ တွေ့ရတော့မှ ဒါတကယ်ရေးထားတာပဲ ဆိုတာ သိလိုက်ရတယ်။ သိရပေမယ့်လည်း ဘာတွေရေးထားတယ်ဆိုတာကိုတော့ ကိုယ်တိုင်မဖတ်ရခင်ထိ တိတိကျကျ မသိရသေးဘဲနဲ့ ကျွန်မဘာမှ ၀င်မပြောဖြစ်ဘူး။ ဒီနေ့တော့ ကိုကိုးအိမ်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ မျိုးစောင့်ဥပဒေကို ပေးထားတဲ့လိပ်စာအတိုင်း ဒေါင်းလုပ်ပြီး ကိုယ်တိုင် ဖတ်လိုက်ရပြီးမှ မပြောချင်မရေးချင်ပေမဲ့ ပြောသင့်ရေးသင့်တယ်ထင်လို့ အခု ဒီပို့စ်ကို ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။

စာမျက်နှာ ၂၇ မျက်နှာရှိတဲ့ မျိုးစောင့်ဥပဒေကို ဖတ်ကြည့်တော့ ဒီဥပဒေကို ရေးသားတင်ပြရတဲ့အကြောင်းအရင်းနဲ့ အကိုးအကားတွေက ပိုများတာကို တွေ့ရပြီး ဖတ်ချင်နေတဲ့ အဓိက အကြောင်းအရာ မိန်းအိုင်ဒီယာကို နောက်ဆုံးမျက်နှာရောက်မှ တွေ့ရပါတယ်။ ဒီဥပဒေကြမ်းက ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်တွေကို ကိုးကားပြောဆိုထားတဲ့ တချို့နေရာတွေမှာ ဖတ်ရတာ ငြီးငွေ့သလို ဖြစ်ပေမဲ့ နောက်ဆုံးစာမျက်နှာ မရောက်ခင်အထိ အထူးသဖြင့် ရေးသားသူတွေက ဒီဥပဒေ ဖြစ်လာအောင် သူတို့ကို စေ့ဆော်ပေးတဲ့ အကြောင်းရင်းကို တင်ပြတဲ့ သမိုင်းနောက်ခံ အချက်အလက်တွေမှာတော့ ကျွန်မ စိတ်အစဉ်ကို တကယ်ပဲ ဆွဲဆောင်မှုပေးခဲ့ပြီး ဆွဲခေါ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်တဲ့ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်ဘာသာတွေရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေသာ ဥပဒေတခုစီအနေနဲ့ တရားဝင် ရှိနေပြီး ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ထုံးတမ်း လက်ထပ်ထိမ်းမြားခြင်း ဥပဒေဆိုတာက ဥပဒေတခုအနေနဲ့ တရားဝင် ပြဌာန်းထားတာမျိုးမဟုတ်ဘဲ ဓလေ့ထုံးတမ်း တခုအနေနဲ့သာ ရှိနေသေးကြောင်းကိုလည်း ဒီဥပဒေကြမ်း ဖတ်ရမှပဲ ကျွန်မသိခဲ့ရတော့ ကျွန်မအတွက် ဗဟုသုတ အသစ်တခု တိုးစေခဲ့တာ အမှန်ပါ။ ဒါကိုဖတ်ရင်း ရေးသားတင်ပြသူတွေရဲ့ အမျိုးဘာသာ သာသနာအပေါ်ထားရှိတဲ့စေတနာနှင့်၊ သာသနာ ရောင်ဝါထွန်းလင်း တောက်ပနေတဲ့ ဒီတိုင်းပြည်ကြီးဟာ တနေ့တချိန်ကျရင် အာဖဂန်နစ္စတန်တို့ အင်ဒိုနီးရှားတို့လို ဘာသာခြားတွေ လွှမ်းမိုးခံသွားရပြီး ဗုဒ္ဓသာသနာတော်ကြီး အမိမြေမှ ပျောက်ကွယ်ပျက်စီးသွားမှာကို စိုးရိမ်မှုတွေက ကျွန်မကို ရေးသူတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရစေပါတယ်။

ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်း နောက်ဆုံး အဓိကမိန်းပွိုင့်ကို ရောက်လာတော့မှပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် မယုံကြည်နိုင်လောက်အောင် အဓိပ္ပာယ်ကင်းမဲ့နေတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့လိုက်ရလို့ ကျွန်မကို တကယ်ပဲ အံ့သြသက်စေပြီး ဆွေးနွေးစရာ မေးခွန်းထုတ်စရာတွေ အစီအရီဖြစ်လာစေခဲ့ပါတယ်။ အားနည်းချက် အားသာချက်ဆိုတာ အနည်းနဲ့ အများကွာတာကလွဲပြီး နေရာတိုင်းမှာ ရှိတတ်ပေမဲ့ ဒီဥပဒေကို ကျွန်မ ဖတ်ရတာ အားသာချက်တချက်မှ မတွေ့ရတော့ စေတနာနဲ့ ရေးဆွဲထားသူတွေကို အပြစ်တင်လိုချင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း ထောက်ပြချင်လိုတဲ့စိတ်ကို တားမရဆီးမရ ဖြစ်စေခဲ့ပါတယ်။ ကျွန်မတချက်ချင်းစီကို ဆန်းစစ်သုံးသပ်ပြီး ဆွေးနွေးပြချင်ပါတယ်။ ပထမအချက် (၁) ဤဥပဒေကို ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။

မျိုးစောင့်ဥပဒေ ဆိုလို့ ဒီလူမျိုးတွေမှီတင်းနေထိုင်ပြီး ဒီလူမျိုးကပဲ အုပ်ချူပ်နေတဲ့ နိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုတော့ တမျိုးဖြစ်နေလို့ စကြားတုန်းက သူများ ဟာသလုပ်ထားတယ်လို့ ထင်တယ်ဆိုတာ အမှန်ပဲဖြစ်တယ်။ ဗြိတိသျှလက်ထက်က နီုင်ငံခြားသားက ကိုလိုနီပြုထားလို့ ကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှုကို ပေါ်လွင်အောင် ပေးထားတဲ့ ဒို့ဗမာအစည်းအရုံးတို့ ဗုဒ္ဓကလျာဏယုဝအသင်းတို့ဆိုတာက နားထောင်လို့ကောင်းသလို သဘာဝလည်းကျပါတယ်။ အခုတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နီုင်ငံမှာ ဘာသာတခုတည်းကို ကိုယ်စားပြုပြီးခေါ်တဲ့ ဥပဒေက မျိုးစောင့်ဥပဒေဆိုတော့ ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုးတွေကို မလေးစားရာရောက်နေပါတယ်။ ဒါပေမဲ့ ဒါကိုထားလိုက်မယ် အဓိကပြောချင်တာက အောက်ကအချက်တွေ ဖြစ်တယ်။

(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။ စဖတ်လာတုန်းက အကောင်းကြီး၊ ကျွန်မကို စိတ်ကုန်စေတာ အဲဒီအချက်ကနေ စပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်စင်စစ်က ဘာသာတူမှ လက်ထပ်ရမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောတဲ့တရားတွေထဲမှာ မရှိဘူး။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ပြီး ဘုရားနဲ့ သံဃာတော်တွေကို အင်မတန်မှ ကြည်ညိုသဒ္ဒါပွားခဲ့တဲ့ ဥတ္တရဆိုတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘာသာခြားဖြစ်ပေမဲ့ သူဟာ အိမ်ထောင်ကျပြီးလည်း မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်မှုမပျက်ဘဲ တခါတော့ သူက ဥပုဒ်သီလ ဆောက်တည်နေစဉ် ကာလမှာ ဘာသာခြား ခင်ပွန်းကို ပြည့်တန်ဆာမ သီရိမာနဲ့ ခဏထားပြီး သူကိုယ်တိုင်ကတော့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဘာသာခြားနဲ့အတူ နေတဲ့ အိမ်မှာပဲ ဆွမ်းပင့်ဖိတ်ကျွေးခဲ့တဲ့ သာဓက တခုရှိပါတယ်။ ပြီးတော့ ဘုရားလက်ထက်က နာမည်ကျော်ကြား လူသိများလှတဲ့ ကျောင်းအမကြီး ၀ါသာခါဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းလည်း ဘာသာခြားလို့ သိရပါတယ်။ ဒီတော့ ဘုရားလက်ထက်က ၀ိသာခါတို့ ဥတ္တရတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေးမှာ ဘာသာမတူလို့ နစ်နာစရာမရှိ ဘာသာတူဖို့ထက် မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မိမိလေးလေးနက်နက် ယုံကြည်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓဘာသာအမျိုးသမီးကို ယူတဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မဟောခဲ့ဘူးဆိုတာ သက်သေဖြစ်ပါတယ်။ ဘုရားတောင်မှ အမျိုးသမီးအမျိုးသား မခွဲခြားဘဲ လွတ်လပ်စွာ ထိမ်းမြားလက်ထပ် ရွေးချယ်ခွင့် ပေးခဲ့မှတော့ အခုဒီဥပဒေကြမ်းကို ရေးဆွဲတဲ့ဘုရားရဲ့ သာဝကတွေနဲ့ ထောက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားလမ်းစဉ်ကို မလိုက်နာနိုင်၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကို ကန့်သတ်တာဟာ အဓိပ္ပာယ်မရှိ ဖြစ်စေပါတယ်။ တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့ မူစလင်တို့မှာ သက်ဆိုင်ရာဘုရားတွေက ဘာသာတူမှ ယူရမယ်လို့ ဟောထားလို့ သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ ဒီလိုကန့်သတ်ထားပါတယ်။ ပြဌာန်းတဲ့ နေရာမှာလည်း အမျိုးသမီးမှ မဟုတ် သူတို့ဘာသာထဲက အမျိုးသားကိုပဲယူယူ အမျိုးသမီးကိုပဲ ယူယူ လက်ထပ်မည့်သူဟာ ဘာသာတူရမယ်လို့ ပြောတယ်။ အခု ဒီဥပဒေမှာ အမျိုးသမီးကိုမှ ရွေးချယ်ပြီး ကန့်သတ်တယ်ဆိုတော့ ဗုဒ္ဓဘာသာကို တခြားဘာသာတွေထက် ပိုပြီးအဆင့်နှိမ့်အောင် ချိုးနှိမ်ရာရောက်နေပါတယ်။ ပြီးတော့ သူများဘာသာမှာ ဘုရားကန့်သတ်လို့ လူတွေက လိုက်နာရတာကို ဘုရားက ဘာမှမကန့်သတ်ထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ ဗုဒ္ဓဘာသာက သူများဘာသာတွေမှာလည်း ဒီလိုပဲ ပြဌာန်းထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဘာသာကလည်း ဒါကို အားကျမခံ လိုက်လုပ်ချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ ဘုရားဟောနဲ့လည်းမညီ မိမိဘာသာနဲ့ သဘောသဘာဝချင်းလည်း လုံးဝမတူတဲ့ ဘာသာခြားတွေရဲ့ ပြုမူကျင့်ကြံ လုပ်ဆောင်ပုံတွေကို ပုံတူခိုးချတဲ့ သူများနောက်ပဲ ဖြစ်သွားမယ် မဟုတ်ဘူးလား။

(၃) ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ထိမ်းမြားမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်။

ဒီနေရာမှာ စောတက တက်စရာက ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်အောင် ကိန်းကြီးခမ်းကြီး လုပ်ပြီးခက်ခက်ခဲခဲ လုပ်ရတာမဟုတ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် လက်ခံပြီး ငါးပါးသီလကို ခံယူလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ ဒီလောက်လွယ်တော့ ဘာသာခြား (သို့) ဘာသာမဲ့တယောက်က တကယ်ယုံကြည်တာ မဟုတ်ဘဲ သူ့ချစ်သူနဲ့ နီးစပ်ချင်ယုံသက်သက်နဲ့ ကျွန်တော် ဗုဒ္ဓဘာသာ ဖြစ်ပြီဆိုပြီး ဟန်ဆောင်လို့ကော မရနိုင်ဘူးလား။ ခရစ်ယာန်မလေးနဲ့ လက်ထပ်သွားတဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကျွန်မ သူငယ်ချင်းတယောက်ဆိုရင် အဖွဲ့အစည်းမှာ လက်မထပ်ခင် ဘုရားကျောင်းမှာ အရင် လက်ထပ်တယ်ဆိုတာ သိရလို့ ဒါဆို နင်သူတို့ဘာသာ ၀င်လိုက်ပြီလားလို့ မေးကြည့်ဖူးတယ်။ သူက ရေနစ်ခံတာ ဘာခက်လို့လဲ အဲဒါလုပ်မှ လက်ထပ်လို့ရတယ်ဆိုတော့ အလုပ်ဖြစ်ရုံ ရေနစ်ခံလိုက်ပေမဲ့ ငါဘုရားပုံမှန်ရှိခိုးနေတာပဲလို့ ပြန်ဖြေတယ်။ တကယ်လည်း သူတကယ် ယုံကြည်တာက ဗုဒ္ဓဘာသာပဲ ဖြစ်ပြီး ဘုန်းကြီးကျောင်းရောက်ရင်လည်း ဘုရားရှိခိုး အဖွဲ့အစည်းမှာ အလှူလုပ်ရင်လည်း ရေစက်ခွက် ကိုင်နေသူပါ။ ဒီတော့ အခုလည်း တကယ်ယုံကြည်တာ မဟုတ်ဘဲ ဒီလိုမစစ်မှန်တဲ့ ဘာသာခံယူမှုတွေ ဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်နေတော့ ဒီဥပဒေကြောင့် မဟုတ်ကို အဟုတ်ဖြစ်အောင် အမှန်တရားနဲ့ ကင်းကွာအောင် တမင်ဖန်တီးရာ ရောက်နေပါတယ်။

(၄) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည်။

ဒီအချက်ကို ကြည့်ရင် လက်ထပ်ပေါင်းသင်းမည့်သူ အမျိုးသမီးရဲ့ ဆန္ဒ၊ အသိဥာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုံးဝ လစ်လျှရှုပြီး မိဘ အုပ်ထိန်းသူဆန္ဒကိုပဲ ထည့်တွက်ထားတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို လူသားတဦးရယ်လို့တောင် သတ်မှတ်ပုံမရတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တိုးတက်ရေးနဲ့ မိသားစု စားဝတ်နေရေး ဖူလှုံမှုကို မဖန်တီးပေးနိုင်ဘဲနဲ့ ဒီလိုဥပဒေမျိုး ချမှတ်ရင်တော့ မိန်းကလေးတွေဟာ မိမိချစ်ခင်နှစ်သက်သူနဲ့ လက်ထပ်ထိမ်းမြားခွင့် ဘယ်တော့မှ ကြုံလာစရာ မရှိတော့ဘဲ ငွေမက်တဲ့မိဘတွေ ဒါမှမဟုတ် ဆင်းရဲမွဲတေလှတဲ့ မိဘတွေရဲ့ သမီးဖြစ်ရင် မိဘဆီက ငွေနဲ့ပေါက်ပြီး ငွေဝယ်ကျွန်အဖြစ် အ၀ယ်ခံရတဲ့ဘ၀ကို ခေတ်နောက်ပြန်ဆွဲ ပြန်ရောက်သွားအောင် တွန်းပို့ပေးနေတာနဲ့ အတူတူပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ မိမိအိမ်ထောင်ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာတွေက မြန်မာအမျိုးသမီးတွေအတွက် အိပ်မက်တောင် မက်ခွင့် မရှိတဲ့ အခြေအနေ ပြန်ရောက်သွားတယ်။

(၇) အထက်ပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုပါက ထိုသူကို ထောင်ဒဏ် (၁၀) နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ထိုသူပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးအား လွဲပြောင်းပေးအပ်ရမည်။

(၈) ထို့အပြင် ထိုသို့ကျူးလွန်သည့် ပုဂ္ကိုလ်အပေါ် ရာဇသတ်ကြီးဥပဒေ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့ဖြင့်သာ သီးခြား အရေးယူ အပြစ်ပေးအရေးယူရမည်။

ဒီအချက်တွေက အတင်းဓမ္မပြုကျင့်ပြီး မယားအဖြစ် အသိမ်းသွင်းခံရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ထောင် ၁၀ နှစ်မကလို့ အနှစ်တရာ သတ်မှတ်လည်း ဘာမှပြောစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ ဖြစ်တဲ့ကိစ္စဆိုရင်တော့ တခြားအချက်တွေထက်စာရင် ပိုတောင်ဆိုးသွားသေးတယ်။ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခံစားမှု၊ သူသားဆန်မှုကို ထည့်တွက်စဉ်းစားမှု လုံးဝ မရှိရလောက်အောင်ကို ရေးတဲ့သူတွေဟာ Critical thinking နဲ့ Common Sense ကင်းမဲ့နေပြီလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိသင့်ရှိအပ်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားဆိုတာ မရှိတော့ဘူးလား။ မိမိက ချစ်နှစ်သက်လို့ မိဘတွေရဲ့ ဆန္ဒကိုတောင် လွန်ဆန်ပြီး မိဘသဘောမတူဘဲ ဘာသာမတူသူနောက်ကို ခိုးရာလိုက်သွားမိတဲ့ အမျိုးသမီးတဦးဟာ ချစ်စခင်စ ကြင်နာစမှာ ခင်ပွန်းသည်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားပြီး ထောင်သွင်း အကျဉ်းချထားတဲ့အချိန်မှာ အတင်းအဓမ္မသိမ်းပိုက် ခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရွှေဘုံပေါ်မှာစံစားပြီး ပျော်နေနိုင်လိမ့်မယ်လို့ မထင်ပါ။ အဲလို ထင်နေတယ်ဆိုရင်တော့ ထင်သလောက်မလွယ်ဘူး ဆိုတာနဲ့ သမီးရင်ကွဲနာကျပြီး ခံစားနေတာကို ကြည့်ပြီး မိဘဖြစ်သူကတွေကလည်း ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းကြည့်စေချင်ပါတယ်၊ ဒီလိုလုပ်တာဟာ ဓမ္မမဟုတ်ဘူး အဓမ္မဖြစ်သွားပြီဆိုတာနဲ့ လူ့အခွင့်အရေးနဲ့ ကိုက်ညီနေတဲ့ ဗုဒ္ဓဘာသာကို လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တဲ့ အကျည်းတန်ဘာသာ အထင်ခံရအောင် လုပ်ရာရောက်တယ်လို့လည်း ထောက်ပြချင်ပါတယ်။

(၉) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဆိုင်ရာ အက်ဥပဒေကို မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအသစ် ရေးဆွဲပြဌာန်း ပြီးသည်အထိ ရပ်ဆိုင်းထားရမည်။

ရှိပြီးသား ၁၉၅၄ ခှုစ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ဗုဒ္ဓဘာသာနဲ့လည်း ဆန့်ကျင်တာမရှိ အမျိုးသမီးတွေအတွက်လည်း အကာအကွယ်ပေးထားတာ ရှိပါလျှက်နဲ့ ဒါကိုရပ်ဆိုင်းပြီး အခုလို ဘုရားဟော တရားဓမ္မနဲ့လည်း မကိုက်ညီ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီတဲ့ ဥပဒေနဲ့ အစားထိုးမယ်ဆိုတာဟာ လုံးဝသဘာဝမကျတဲ့ အချက်ဖြစ်တယ်။ တခုတော့ ရှိတယ် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမျိုးသားတဦးဟာ ကျွေးမွေးစောင့်ရှောက်နိုင်ရင် မိန်းမတယောက်ထက် ပိုယူခွင့်ပေးထားတော့ အမျိုးသားတွေဟာ လွတ်လပ်စွာ အငယ်အနှောင်းထားပြီး အိမ်ထောင်ရေး ဖေါက်ပြန်မှုတွေနဲ့ မိသားစုဘ၀ ပြိုကွဲမှုတွေကို ဖြစ်စေတဲ့ မယားပြိုင်စနစ်ကို ဖျက်ပြီး တလင်တမယားစနစ်ကို အစားထိုးပြီး ကျင့်သုံးမယ်ဆိုရင် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ တရားမျှတပြီး အတော်အသင့် ပြီးပြည့်စုံတဲ့ ဥပဒေတခု ဖြစ်လာမှာမို့ ဘာဥပဒေအသစ်မှ ထပ်လုပ်စရာလိုဘဲ ရှိပြီးသားကို ပိုကောင်းအောင် ပြုပြင်ပြီး လက်တွေ့ကျကျ ကျင့်သုံးဖို့ပဲ လိုတယ်လို့ အကြံပြုချင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင်တော့ ဒီဥပဒေကို ရေးဆွဲသူတွေရဲ့ စေတနာကို နားလည်အသိအမှတ်ပြုပေမဲ့ အမျိုးသမီးတွေအတွက် ရေးဆွဲထားတဲ့ ဒီမျိုးစောင့်ဥပဒေဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို ကာကွယ်ပေးထားတာ ဘာမှမရှိဘဲ လူ့အခွင့်အရေးနဲ့ ပြည့်စုံလှတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို အကျည်းတန်အောင် ဘာသာခြားတွေက ဗုဒ္ဓဘာသာကို သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့ ဘာသာတခုလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရာရောက်နေပါတယ်။ အကယ်၍ ဒီလိုမဟုတ်ပါဘူးလို့ အမျိုးသမီးတွေ ကောင်းကျိုးအတွက် တကယ်ယုံကြည်ပြီး ရေးဆွဲထားတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရေးဆွဲပြီး ကျန်တဲ့အမျိုးသမီးတွေအတွက် မပါတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဒါဟာ တရားမျှတမှု မရှိတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ရှိတာမဟုတ်၊ လူမျိုးတိုင်း ဘာသာတိုင်းဟာ မိမိလူမျိုး မိမိဘာသာကို တိုးတက်ချင်စိတ်ရှိကြပါတယ်။ ဒီနိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ ဥပဒေဆိုတာ လူမျိုးတမျိုး ဘာသာတမျိုးတည်းအတွက် ကွက်ကွက်လေး မျက်နှာလိုက်ရေးဆွဲလို့ မဖြစ်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။

အမျိုးသမီးတွေကို ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ ကင်းဝေးပြီး အမျိုးဘာသာ သာသနာကို တကယ်ထိန်းသိမ်းစေချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက်ပဲ ကန့်သတ်လို့ မရနိုင်ဘူး။ လက်ရှိအမျိုးသမီးတွေရဲ့ ဘ၀ကို တိုးတက်မြင့်မားအောင် လုပ်ပေးပြီး မိမိအခွင့်အရေးကို မိမိနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အနာဂတ်မှာ အရွယ်ရောက်လာမည့်သူတွေအတွက် ကလေးတွေကို မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို ကလေးတွေသိအောင် ငယ်စဉ်ကတေည်းက သင်ကြားပေးဖို့ လိုပါတယ်။ အခုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ဘုရားရှိခိုးတွေကို ကြက်တူရွေးစာရွတ်သလိုပဲ တတွတ်တွတ်ရွတ်ရုံသာ ရွတ်လာပြီး အနှစ်သာရဘာမှန်းမသိရုံတင်မက တို့ဗမာသာကီမျိုးဆိုပြီး ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ မြတ်တယ် တခြားဘယ်သူနဲ့မှ မတူသလိုလို သွေးနားထင်ရောက် ဂုဏ်မောက်အောင်လည်း သင်ကြားပေးခံလာရတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာနဲ့ ဆန့်ကျင်ပြီး စိတ်ကြီးဝင်စေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ အမျှော်အမြင်ကြီးမားတဲ့ မိဘတွေနဲ့ ကြီးလာတဲ့ ကလေးတွေကလွဲရင် ကြီးလာမှ စိတ်ဝင်စားလို့ ကိုယ့်ဖါသာကိုယ် လေ့လာတဲ့သူတွေကပဲ မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို သိရှိနားလည်ခွင့်ရပြီး စိတ်မ၀င်စားတဲ့သူကတော့ ဘာသာမဲ့ဖြစ်သွားသူနဲ့ မဖြစ်တဲ့သူကလည်း မိမိဘာသာရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို နားမလည်ဘဲ မိရိုးဖလာအဖြစ်နဲ့ပဲ ရှိနေပြီး ဒီလိုနားမလည်ခြင်းက ဘာသာခြားနဲ့ လက်ထပ်ရင် ဘာသာကူးပြောင်းဖို့ လွယ်ကူစေတဲ့အကြောင်းရင်း ဖြစ်တယ်။ တကယ်တော့ ဒီလို ဥပဒေတွေ ထုတ်မည့်အစား ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီစဉ်တွေကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်လို့ အမျိုးပျေက်မှာကို အခုလို တွေးကြောက်နေစရာအကြောင်း ရှိမလာနိုင်ဘူး။

Nge Naing (http://nge-naing.blogspot.jp/2013/06/blog-post.html)မှ


အောင်သောင်း ခင်ညွန့် ဌေးဦး အောင်သိန်းလင်း ကျော်ဆန်း ဇော်မင်းစတဲ့ ဖွတ်ကျားတွေက ဖွတ်မင်းကြီး ပြည်ဖျက်ငရွှေကြီး ကိုခြံရံလို့ သာသနာပြုခဲ့ကြတာ သာသနာရောင်ဝါ တဝင်းဝင်းတော့မသိဘူး။

မဏိတော်များတော့ နံပတ်ဒုတ်တွေနဲ့ကပ္ပိတာ ကွမ်းစားထားသလိုပါပဲ။

ရွှေဝါရောင်တော်လှန်ရေးတုံးကဓာတ်ပုံတွေမှာ မွတ်စ်လင်တွေ ဗလီဦးထုတ်တွေဆောင်းပြီး သံဃာတွေနဲ့ချီတက်ဆန္ဒပြကြတဲ့ပုံတွေ တွေ့မိတုံးက မွတ်စလင်ရယ် ဗုဒ္ဓဘာသာရယ် ခရစ်ယန်ရယ် ဟိန္နူ ရယ်မကွဲ ပဲ ဘုံရန်သူက ပြည်ဖျက်ငရွှေကြီးတို့ အဖွဲ့လို့ ထင်မိခဲ့တာ အခုတော့ဘုံရန်သူက ကျောပြန်သတ်နေပြန်ပြီပေါ့။

ပြည်ဖျက်ငရွှေကြီးတို့အဖွဲ့တွေက အခုတော့ အဂ္ဂသာဝကတွေဖြစ်နေကြပြန်ပြီလား။

အဂ္ဂသာဝက တွေ ရဲ့ တပည့်တပန်းတွေ သံဃာကို ကြည်ညိုလွန်းကြပါတယ်။

ပုခုက္က္ကူမှာ သံဃာတွေကို ကြည်ညိုလွန်းလို့ ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး နံပတ်တုတ်နဲ့ကပ္ပိတုံးကတခါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတုံးက တောင်ဥက္ကလာက ငွေကြာယံကျောင်းတိုက်ကို ဝင်ဖျက် သံဃာတွေညဘက်ကြီးဝင်ရိုက် ရွှေတိဂုံကြားတောရမှာ သံဃာတွေကို ဗျောင်းဗျောင်းလန်အောင် ရိုက်ကြတာ။

ဘုန်းကြီးအို သီလရှင်အိုကြီးတွေပါမချန်နှိပ်စက်ကြတာ နှုတ်ဆိတ်နေကြတဲ့ စစ်ခွေးတွေက အခုတော့လည်း အမျိုးစောင့် တရားရှင်ကို ကြည်ညိုပြနေလိုက်ကြတာ နဖူးနဲ့ကြမ်းခွာမရတဲ့အတိုင်း။

ရွှေ့စရာအကွက်က ကုန်သလောက်ဖြစ်နေချိန်မှာ မျိုးစောင့် တရားကို လွှတ်တော်တင်တဲ့အခါ ကန့်ကွက်တဲ့သူက ၂၀၁၅ မှာ မဲမရကြေးပေါ့ ဒီလိုလား။

နောက်တစ်ခေါက်လာပြန်ပြီဟေ့ ---ဟေ ဟေ ဝါးးးးလို့ အော်ဆိုပြရအုံးမှာလား။

ဒင်းတို့ ပေးထားတဲ့ ဘင်္ဂလီ white card တွေနဲ့ နောက်ထပ် ၂၀၁၅ မှာ နိုင်ပုံမပေါက်ရင် ဘင်္ဂလားဒေ့ရှ် တပြည်လုံးခေါ်ပြီးမဲထည့် ရင်မဲထဲ့ ခိုင်းမဲ့ ဘနဖူး သိုက်တူးမဲ့ ကောင်တွေက မျိုးစောင့်တရားကို ထောက်ခံသတဲ့လား။

မျိုးစောင့်တရားတော့ မသိဘူး။ကိုယ့်အမျိုး ကိုယ့်ညီကိုတိုင်းရင်းသားတွေကိုသေနတ်ဒင်နဲ့တော့ မပြတ်ဆောင့်ဆောင့် လာခဲ့တဲ့ မျိုးဆောင့်တရားတော့ လုပ်လာခဲ့တာကြာပြီ။

သူခိုးကလူဟစ် ဒမြက တရားဟော အနှစ်မရှိတဲ့ တောမှာကြက်ဆူပင်တွေမင်းမူ ဗလချာရမ်းထင်ရာဆိုင်းနေတဲ့ကောင်တွေက ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်းကို အခွင့်သာရင်သာသလို လုပ်ပြီး သံဃာကို သင်းခွဲ။ပြည်သူကို ထောင်ထွက် ဂျလေဘီ ဂျဘလွတ် စွမ်းအားရှင်လိုကောင်မျိုးတွေ သုံးပြီး ရန်တိုက်။

on line မှာလည်း အရိုးအရင်းပစ်ကြွေးမွေးထားတဲ့ ခွေးပေါက်ကလေးတွေနဲ့လှုပ်ဆော်။

ထေရဝါဒသာသနာတော့မသိဘူး ဥတီဘွား သာသနာကိုရောင်ဝါလင်းစေအောင်တော့ လက်ပတောင်းတောင်မှာ ဆန္ဒပြသံဃာတွေကို မီးရှို့ပူဇော်ပေးခဲ့တာလည်း ကမ္ဘာသိပါ။

ဒီလိုငရဲငအုံမကြောက် သူတို့စီးပွားထိ ရင် အစိတ်သားကလေးတောင်မချန်တဲ့ ဘီလူးသရဲ တစ္ဆေကြီးတွေက ကြည်ညိုပြပြီး ကပ်လာတာကို ရွှေဥာဏ်တော်သုံးရင်ဖြင့် ဘာဆိုတာသိသင့်ပါပြီ ကိုယ်တော်တို့။

အရှင်ဘုရားလို့ သူရို့ပါးစပ်ကခေါ်ရင် ရင်ထဲမှာ ဂတုံးလို့ လှိုဏ်သံထွက် ကြည်ညိုနေတယ်ဆိုတာမမေ့ပဲ ချင့်ယုံကြဘို့တော့လိုပါမယ်။

အချုပ်ကတော့ အမျိုးစောင့်တရားနဲ့ပွဲဆူအောင်လုပ် ၂၀၁၅ အတွက်မဲ တွေကို အခုကထည်းကဆွယ်ရင်း သူတို့လိုတဲ့အကွက်အတိုင်း ရွေ့ပေးနေတဲ့ ဦးဝီရသူကို လွှတ်ထား ရဲမင်းဦးကိုကြတော့ ၉၆၉ ပုဒ်မနဲ့ဖမ်း။

ရိုးလွန်းပါတယ်ဒီအကွက်တွေက။ on line မှာ သေအောင်လှုပ်ကြစမ်း။ အကောင့်ပွားတွေနဲ့ ယိမ်းတိုက်လိုက်ကြစမ်း။ဆဲလိုက်ကြစမ်း။

ဒီခေတ်မှာ on line သုံးနိုင်ပြီးဦးနှောက်မရှိတာဆိုလို့ ဘယ်ကောင်တွေအများဆုံးလည်းဆိုတာသိဘို့ပဲ။ပြည်သူထဲမှာတော့ on line သုံးနိုင်တဲ့ဦးနှောက်ကို လျှော့မတွက်လေနဲ့။ဆင်ခြင်နိုင်ကြပြီးသား။

အချိန်တန်ရင်တော့ ကြောင်ကြာကြာရေမငုတ်နိုင်ကြောင်းသိရစေ့မယ်လေ ဟုတ်ပြီလား။ —

(Scuba Som)


(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် အခြားဘာသာဝင် အမျိုးသားများအကြား လက်ထပ်ထိမ်းမြားမှုကို ချုပ်ချယ်တင်း ကြပ်ရန် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက အဆိုပြုနေခြင်းကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း သတင်းများက ဆို ပါသည်။

ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို မမျှမတ ဆက်ဆံလို့မရပါဘူး” ဟု အင်တာဗျူးတွင် သူမပြောကြားသည့်အတိုင်း Radio Free Asia ကသတင်းဖော်ပြသည်။

“ဒီကိစ္စက မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ကိုယ်ညီမှုမရှိဘူးလို့ ကျွန်မနားလည်ထားပါတယ်။အထူးသဖြင့် ဗုဒ္ဓဘာသာမှာ ဒီလိုတားမြစ်မှုတွေ မရှိပါဘူး။ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ဘာသာရေးအမျိုးသားရေး အစွန်းရောက်အယူအဆများကြောင့် လူသိများနေသော မန္တလေးမှဘုန်းတော်ကြီး ဦးဝီရ သူစည်းရုံးလှုပ်ရှားနေသော အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်လို့သည် အခြားဘာသာဝင် အမျိုးသား သည် လက်မထပ်မှီဘာသာပြောင်းခြင်း၊ မိဘများနှင့်ဒေသအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခြင်းတို့ ပြုလုပ်ရန်လိုအပ် ပြီး၊ ၄င်းစည်းကမ်းကို ချိုးဖောက်ပါက ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ပစ္စည်းဥစ္စာ သိမ်းယူခြင်း ခံရဖွယ်ရှိသည်ဟု ဆိုသည်။

ယခင်စစ်ဖက်က အုပ်ချုပ်ခဲ့သောနိုင်ငံတွင် ဗုဒ္ဓဘာသာမွတ်ဆလင် အဓိကရုဏ်း ထကြွလာမှုနှင့်ပတ်သက်၍ သံဃာ တော် ၂၀၀ ကျော်မကြာသေးမှီက တွေဆုံစည်းဝေးကြစဉ် ဦးဝီရသူက ၄င်းအယူအဆကိုတင်ပြခဲ့ခြင်းဖြစ်သည်။

“ဗုဒ္ဓဘာသာဝငအမျိုးသမီးတွေက မွတ်ဆလင်အမျိုးသားတွေကို လက်ထပ်တဲ့အခါ သူတို့ရဲ့လွတ်လပ်စွာ ကိုးကွယ် ခွင့် ဆုံးရှုံးနေတဲ့ အတွက်ကြောင့် ဒီလိုဥပဒေမျိုး လိုအပ်ပါတယ်”ဟု ဦးဝီရသူက ရှင်းလင်းပြောကြားသည်။

ဝါရင့်အကြီးတန်းဘုန်းတော်ကြီးများက ၄င်းအဆိုပြုချက်ကိုဆွေးနွေးရန် ငြင်းပယ်ခဲ့ကြပြီး၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသော အုပ်စုများလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

လွန့်ခဲ့သောနှစ်နှစ်က စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချခဲ့သော မြန်မာနိုင်ငံတွင် ကုလားဗမာ အဓိကရုဏ်းများ၊ တရုတ် - ဗမာအဓိကရုဏ်းများ၊ ယခင်ကတည်းက ဖြစ်ပွားခဲ့ဘူးပြီး၊ ယခုနှစ်ပိုင်းတွင် ရခိုင် - ရိုဟင်ဂျာအဓိကရုဏ်းနှင့် ဗုဒ္ဓဘာသာ မွတ်ဆလင်အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။ အဆိုပါဖြစ်စဉ်များတွင် နိုင်ငံရေးပယောဂဆရာများ၏ ကြိုး ကိုင်မှုများ၊ လူမျိုးရေးဘာသာရေး အစွန်းရောက်များ၏ အမျှော်အမြင်မဲ့ လုပ်ရပ်များ၊ ပြည်ပ အစ္စလာမ်အဖွဲ့အစည်း အချို့၏ ပတ်သက်မှုများ ရောယှက်ရှုပ်ထွေးနေသည့်ဟု အကဲခတ်လေ့လာမှုများက သုံးသပ်ကြသည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် နောက်ပြန်လှည့်စရာ အကြောင်းမရှိဟူသောပြောကြားချက်မှာမှန်ကန်ဖွယ်ရှိသော်လည်း၊ အရှိန် မမြန်ပဲနှေးကွေးအောင် အကွက်ချကြံစည်သူများရှိနေသည်ဟု ပြည်တွင်းမှစောင့်ကြည့်သူအချို့က မှတ်ချက်ပေးကြ သည်။

Yangon chronicle

ကျနော်တို့ အိမ်နီနားချင်း မနေ့ည ၉ နာရီခန့်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကို အချေခံပြီး သတင်းဆောင်းပါးတိုအနေနဲ့ ကျနော့် ဂျာနယ်တိုက်ကို ပို့ခဲ့တဲ့ စာမူလေးပါ ကျနော်တို့ မြို့မှာ ဒီလို အဖြစ်အပျက်တွေကို ဘယ်လို တားဆီးကြမလည်း

(မန္တလေးမြို့အတွင်း ပေါ်ပေါ်ထင်ထင် လူကြားထဲ လုယက်မှုတွေကို ဘယ်လိုတားဆီးနိုင်ကြမလည်း)

တိုက်အောက်ထပ်က အော်သံတွေ ဆူညံနေ၊ အပေါ်ထပ်မှာနေနေတဲ့ အခန်းတွေက အိမ်နီးနားချင်းတွေကို အော်ခေါ်နေသံဟာ ည ၁၁ နာရီ ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာခဲ့တယ်။ ဘာတွေများ ဖြစ်လို့လည်းဆိုပြီး အိမ်ပြင်ထွက်ကြည့်လိုက်တော့ တစ်တိုက်လုံးက ချစ်ကြတဲ့ ၄ နှစ်အရွယ် မူကြိုတက်နေတဲ့ ကလေးလေး နေတဲ့ အခန်းရှေ့က အိမ်နီးချင်းအခန်းက အစ်မကြီး အော်ခေါ်နေတာကို တွေ့လိုက်ရတော့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ် ကလေးများ ဘာဖြစ်လို့လည်း ဘာဖြစ်သွားပီလည်း။ အိမ်ပေါ်ကနေ အိမ်အောက်ထပ်ကို အပြေးဆင်းပြီး အဲဒီ့အိမ်ကို သွားကြည့်လိုက်တော့ ကလေးမျက်နှာကို မြင်လိုက်တော့ ရင်ထဲ ဆို့နှင့်သွားတယ် ကလေးမျက်နှာမှာ ဒဏ်ရာတွေနဲ့။ ကလေးအမေရဲ့ ဒူခေါင်းမှာလည်း ပွန်းရာတွေ အသက် ၇၉ နှစ် ရှိပြီ ဖြစ်တဲ့ ဖခင်ရဲ့ ဒူခေါင်းနဲ့ ခါးတွေမှာလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့ သူတို့ဘေးမှာလည်း သတင်းမေးနေတဲ့ တိုက်က အိမ်နီးနားချင်းတွေ၊ ရဲစခန်းက တာဝန်ရှိသူတွေနဲ့ လူတွေ ရှုပ်နေ များနေတယ်။ အားလုံးရဲ့မျက်ဝန်းတွေမှာ စိတ်မကောင်းတဲ့ ဂရုဏာသက်နေတဲ့ အရိပ်ငွေ့တွေ တွေ့နေရတယ်။

လွန်ခဲ့တဲ့ ၂ နာရီ ကျော်ကျော်လောက်ကမှ ကလေးအမေက ဆိုင်ကယ်ကိုမောင်း၊ ကလေးကို အလယ်မှာထား၊ ဖခင်ဖြစ်သူက နောက်ကနေထိုင်ပြီး ဖခင်ဖြစ်တဲ့သူ နေမကောင်းလို့ ဆေးခန်းဆိုပြီး ၃ ယောက်သား ထွက်သွားတာကို ဘေးပတ်ဝန်းကျင်ကလူတွေ အားလုံးမြင်လိုက်ကြတယ်။ ခုတော့ ဒဏ်ရာတွေနဲ့ မျက်နှာတွေ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သူတို့တွေကို မြင်လိုက်ရတော့ အားလုံးက စိုးရိမ် ပူပန်ကြရတယ်။ ဘာဖြစ်တာလည်း ဘာဖြစ်ခဲ့တာလည်းဆိုတာကို မေးသူကမေး မိခင်ဖြစ်တဲ့သူက ဖြေနေတော့ နားစွင့်မိလိုက်တယ်။ ဖခင်ကို ဆေးခန်းပြဖို့ ၃၅ လမ်း ဘက်က စိုင်းလုံးဖေ ဆေးခန်းကို သွားခဲ့တော့ ဆေးခန်းပိတ်တာနဲ့ ၇၆ လမ်း ၃၂ လမ်းမှာရှိတဲ့ ဆရာမ ဒေါ်မိုးမိုးဦးဆေးခန်းကို ပြမယ်လို့ ရည်ရွယ်ပြီး ဆေးခန်းနားရောက်ချိန် အနီးနားမှာ အနောက်က လူငယ် ၂ ဦး မောင်းနှင်စီးနှင်းလာတဲ့ ဆိုင်ကယ်က သူတို့နားကို ကပ်လာတော့ ဆိုင်ကယ် ကျော်တက်တာထင်ပြီး လမ်းဘေးကို ဆိုင်ကယ် ကပ်ပေးလိုက်တော့ ဘေးက ဆိုင်ကယ်ပေါ်က အနောက်မှာ ထိုင်နေတဲ့ လူငယ်က သူ့ ဆိုင်ကယ် လက်ကိုင်မှာ ချိတ်ထားတဲ့ ပိုက်ဆံ အိတ်ကို လု ပြီး ဆိုင်ကယ်မောင်းပြေးခဲ့တယ်။ မြန်မာ့မီးရထား ၀န်ထမ်းတွေနေတဲ့ တိုက်ခန်းမှာ ပြည့်စုံတဲ့သူဆိုတာ နည်းပါးပါတယ်။ သူတို့တွေဟာလည်း မပြည့်စုံတဲ့ မိသားစုထဲက အစိုးရ၀န်ထမ်း မိသားစုလေးပါ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ၅ သောင်းကျော်နဲ့ ၃ တန်းတက်နေတဲ့ သားကြီးအတွက် အဆောင်အနေနဲ့ လုပ်ပေးထားတဲ့ ၃ မတ် သားရွှေဆွဲကြိုးလေးက ပါနေပြန်တယ်။ တစ်နေ့စာအတွက် ချင့်ချန်သုံးနေရတဲ့ မိသားစုတစ်ခုလုံးအတွက် ၁၅ ရက်စာလောက် လုံလောက်တဲ့ ဒီငွေဟာ သူအတွက်ကတော့ အရမ်း အဖိုးတန်နေခဲ့ပါတယ်။ ဒီလို လူစည်ကားတဲ့ နေရာ အခုလို ည ၉ နာရီ ခန့်ပဲ ရှိတဲ့ အချိန်မှာ လုယူခံလိုက်ရတော့ ပထမတော့ သတိခဏလစ်သွားတယ်။ ဒါပေမယ့် ပိုက်ဆံအိပ်ထဲမှာပါတဲ့ အဖိုးတန် ပိုက်ဆံအတွက် သတိဝင်သွားပြီး သူတို့နောက်ကနေ တောက်လျှောက်လိုက်ပြီး ၃၂ လမ်းလောက်ကနေ “အရှေ့က ဆိုင်ကယ်ကို ဖမ်းပေးကြပါ၊ ကျမ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားပါတယ်၊ ကူညီကြပါဦး၊ ဖမ်းပေးကြပါဦး” စတဲ့ စကားလုံးတွေကို အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြီး တောက်လျှောက်သူတို့နောက်ကို မိခင်ဖြစ်သူက လိုက်ခဲ့တယ်။

ဝမ်းနည်းစရာကောင်းတာက ဘေးပတ်ဝန်းကျင်မှာ ညဘက်ဖွင့်တဲ့ ထမင်းကြော်ဆိုင်တွေ စတိုးဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေ ရှိနေပါလျက် ဘယ်သူကမှ ရှေ့က ဆိုင်ကယ်ကို ဖမ်းဆီးပေးခဲ့ခြင်း တားဆီးပေးခဲ့ခြင်း သူ့အော်သံကို ဂရုတစိုက် နားထောင်တဲ့သူ မရှိခဲ့တာကို သိလိုက်ရတယ်။ ဒီလိုနဲ့ပဲ နောက်ကနေ တောက်လျှောက်လိုက်ပြီး တစ်လမ်းလုံးလည်း အော်ခဲ့တာဟာ ၆၇ လမ်း၊ လမ်း ၃၀ ထောင့်မှာ လုယူထွက်ပြေးသွားတဲ့ ကောင်လေးရဲ့ ဂုတ်အင်္ကျီကို ဆွဲမိမလို ဖြစ်ခဲ့ချိန် သူတို့ ၃ ယောက် စီးနှင်းတဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ပဲ မှောက်သွားခဲ့တယ်။ မိခင်ဖြစ်တဲ့သူမှာ ဆိုင်ကယ်နောက်မှာပါတဲ့ ကလေးနဲ့ ဖခင်ကို ဒီအချိန်မှာ သွေးပူပြီး မစဉ်းစားနိုင်သေးပဲ ၇၃ လမ်းဘက်ကို ချိုးကွေ့သွားတဲ့ လုယက်သွားတဲ့ ကောင်လေး ၂ ယောက်ဆိုင်ကယ်အနောက်ကို ၇၅ လမ်းထိ ဆိုင်ကယ်မှောက်သွားပေမယ့် ပြေးလွှားလိုက်ရှာပြီး ဘေးပတ်ဝန်းကျင် အကူညီ ရမလားဆိုတဲ့ အသိနဲ့ လိုက်သွားခဲ့တယ်။ နောက်ဆုံး မမှီနိုင်တော့ဘူးဆိုတာ သိရတာနဲ့ အနောက်မှာ ကျန်ခဲ့တဲ့ ဆိုင်ကယ် မှောက်ပြီး လဲကျနေခဲ့တဲ့ ကလေးနဲ့ ဖခင်ဆီကို အပြေးအလွှားပြန်လည်သွားခဲ့တယ်။

သူရောက်နေတော့ ကလေးနဲ့ ဖခင်ကို ဘေးမှာရှိတဲ့ ဆိုင်ရှင်တွေနဲ့ စားသောက်နေတဲ့သူတွေက ၀ိုင်းဝန်းပြုစုပေးနေတာကို တွေ့လိုက်ရတယ်။ အစ်မ ဘာတွေအော်နေတာလည်း သေချာမကြားလိုက်ဘူး၊ ကျမတို့လည်း ရုတ်တရက်ဆိုတော့ ဘာမှန်းမသိလိုက်ဘူး ခုတော့ ရဲစခန်းကို ဖုန်းဆက်ပေးထားပါတယ်ဟူသော ဘေးဆိုင်ကလူတွေ အပြောကို သူကြားခဲ့ရတယ်။ သူ ကလေးနဲ့ ဖခင်ကို ဆေးရုံသွားပြဖို့ ထွက်ဖို့ပြင်နေတုန်း တာဝန်ရှိသူ ရဲအရာရှိတွေ ရောက်လာပြီး အရေးပေါ်ကုသဆောင်ကို ရဲအရာရှိများ အကူအညီနဲ့ သွားရောက်ခဲ့တယ်။ ရောက်လာတဲ့ ရဲအရာရှိတွေကလည်း လိုအပ်တဲ့ ဆေးဖိုးဝါးခ တစ်ချို့တစ်ဝက်ကို ပေးခဲ့ပြီး သူတို့ကို အိမ်အရောက်လိုက်ပို့ ပေးခဲ့ကြတယ်။ ဆိုလိုချင်တာကတော့ မန္တလေးမြို့အတွင်း ညပိုင်းဆို ရုံးဆင်း အိမ်ပြန်တဲ့ အလုပ်သမားတွေ၊ အဆောင်နေ ကျောင်းသူ ကျောင်းသားတွေ အလွှာပေါင်းစုံက လူမျိုးစုံဟာ ဆိုင်ကယ်တွေနဲ့ ဒီလို သွားလာ လှုပ်ရှားနေရတယ်။ အခုလို လူစည်ကားတဲ့ နေရာတွေမှာတောင် မရှောင်ပဲ ပေါ်ပေါ်ထင်ထင် လုယက်နေတဲ့ သူတွေ များလာတော့ လှုပ်ရှားသွားလာနေတဲ့သူတွေအဖို့ အန္တရာယ်တွေဟာ များစွာရှိလာပါတယ်။ စိုးရိမ် ကြောင့်ကြမှုတွေဟာ တစ်စ တစ်စ တိုးပွားလာရပါပြီ။ ဒီလို လုပ်ရပ်တွေ မရှိအောင် ပြည်သူတွေလည်း လိုချင်ပါပြီ၊ စိုးရိမ်စိတ်အပြည့်နဲ့ သွားလာ နေရတာကိုလည်း မုန်းတီးလာကြပါပြီ။

Sai Tun

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.