06/24/13

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာခရိုင်အတွင်းသို့ သတင်းထောက်ကဒ် အတု များပြုလုပ်ထားသူ(၅)ဦးရောက်ရှိနေကြောင်း မုံရွာအခြေစိုက် သတင်း မီဒီယာသမားများအဖွဲ့ထံမှ သိရပါသည်။

"ကျွန်တော်တို့ မုံရွာမြို့ခရိုင်အတွင်းမှာတော့ အခုလက်ရှိစာရွက်မှာပါတဲ့ သတင်းထောက်ကဒ်တွေထဲက သူတွေကို ဘယ်သူမှ မသိကြပါဘူး။ သတင်း ထောက်ကဒ်ဆိုတာက အခုလိုမျိုးလဲမရှိပါဘူး။ အခုလုပ်ထားတာက ဘယ်လိုသဘော ဘာရည်ရွယ်ချက်နဲ့ လုပ်သွားတယ်ဆိုတာတော့ မသိပါဘူး။ စဉ်းစားရခက်ပါတယ်။သေချာတာကတော့ မရိုးသားတာပါဘဲ။
သတင်းထောက်ကဒ်မှာ ရေးရိုက်ထားတဲ့ ပုံစံကိုက ပုံစံမကျပါဘူး။ ဘယ်သတင်းဌာနကဆိုတာမပါဘူး။ ကလောင်အမည်မပါဘူး။အယ်ဒီတာချုပ် လက်မှတ်မပါဘူး။အခုလိုကဒ်မျိုးကတော့ ဘယ်မှာလုပ်လုပ်ရပါတယ်။

ကျွန်တော်တို့ မုံရွာခရိုင်အတွင်းမှာ သတင်းထောက်ဆိုတာက လက်ချိုးရေ လို့ရပါတယ်။စာရေးဆရာအသင်းဆိုရင် ထိုနည်း၎င်းပါဘဲ မသိတဲ့သူမရှိပါဘူး။ မုံရွာအနေနဲ့ကလည်း သတင်းထောက်ကဒ်ထုတ်ပေးနိုင်တဲ့ ဂျာနယ်ဆိုလို့ ချင်းတွင်းဂျာနယ်နဲ့ ချင်းတွင်းရွှေပြည်ဂျာနယ်(၂)စောင် ဘဲရှိပါတယ်။ဒါတောင်မှ အခုဆိုရင် ချင်းတွင်းရွှေပြည်က မထွက်တော့ပါဘူး။ ချင်းတွင်းဂျာနယ်က အယ်ဒီတာချုပ်ဆိုတာကလည်း စာရေးဆရာအသင်း ဥက္က ဆရာနေမင်းသန်း တစ်ယောက်ရှိတာပါ။ သူအနေနဲ့ကလည်း အခုလို ထုတ်ပေးမှာမဟုတ်ပါဘူး။"မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)ညီလာ ခံကိုယ်စားလှယ် (မုံရွာ)မြို့နယ် ကဆိုပါတယ်။

ThanLarWaddy Times


စစ်အာဏာရှင်တွေ သိလိုက်ရတာက ဒီ သံဃာအတုတွေကိုသာလိုသလို အသုံးချနိုင်ရင် အချိန်မရွေး တိုင်းပြည်ကို စစ်ဖိနပ်အောက်မှာထိန်းထားလို့ ရနိုင်တယ် ဆိုတဲ့ အဓိကအချက်ဘဲဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၇ ခုနှစ်မှာရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာတော့ ပြည်သူ့ သံဃာတော်ထုရဲ့ အင်အားကို ချိန်ဆမိပြီး အဲဒီအင်အားကိုချိန်ခွှင်လျှာညှိဖို့  စစ်အာဏာရှင်တွေက အလိုတော်ရိ သံဃာအတုအင်အားမြှင့်တင်ရေး မြေအောက်စီမံကိန်းကြီးကို စတင်ပြီး လုပ်ဆောင်လာခဲ့ရပါတော့တယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးလုပ်ပြီး လမ်းပေါ်ထွက် မေတ္တာပို့ ခဲ့တဲ့သံဃာတော်တွေကို သေနတ်နဲ့ ပစ်၊ ရေကားနဲ့ ကြိတ်၊ ခေါင်းရိုက်ခွဲ၊စစ်ဖိနပ်နဲ့ ဆောင့်ကန်ပြီး ဗုဒ္ဒဘာသာရဟန်းတွေကို စော်ကားနေတဲ့အချိန်မှာအပယ်လားရင် လားရပါစေတော့၊ သာသနာတော်ကို ကာကွယ်သွားပါ့မယ်ဆိုတဲ့ ၉၆၉ ဂန္ဓ၀ါစက သံဃာကွန်ယက်က ဘယ်ရောက်နေသလဲ။

၉၆၉ ဂိုဏ်းက ၁၉၉၈ ကတည်းက ပေါ်နေတာ။ သာသနာကို ကာကွယ်မယ့်သံဃာတွေဆို။ သံဃာ့ညီနောင်တွေ၊ ဘုရားသားတော်တွေ ရုပ်ပျက်ဆင်းပျက်စစ်ဖိနပ်အောက်မှာ အလူးအလဲ ခံနေရချိန်မှာ သာသနာကိုကာကွယ်မယ့် ၉၆၉ တွေ ဘယ်ရောက်နေသလဲ။

၉၆၉ ဟာ ၁၉၉၈ ခုနှစ်မှာ မြန်မာနိုင်ငံသာသနာရေးဝန်ကြီးဌာနမှာညွှန်ကြားရေးမှူးလုပ်ခဲ့တဲ့ ဦးကျော်လွင် (ခေါ်) နှစ်ဖက်ချွန်ကျော်လွင် ဆိုသူကစတင် တည်ထောင်ခဲ့တဲ့ လေဘယ် အမှတ်တံဆိပ်ဖြစ်ပါတယ်။

သီရိလကာင်္နိုင်ငံမှာရှိတဲ့ ဘီဘီအက်စ် (ခေါ်) ဗုဒ္ဓူဘာလာစီးနား အကြမ်းဖက်အစွန်းရောက် ဗုဒ္ဓဘာသာဂိုဏ်းကြီးမှ ပုံတူကူးချပြီး မြန်မာ့နိုင်ငံရေးလှည့်ကွက်တွေမှာ အသုံးပြုရန် ရည်ရွယ်ဖွဲ့ စည်းခဲ့တဲ့ မြေအောက်ဂိုဏ်းတစ်ခုသာဖြစ်ပါတယ်။

(“၉၆၉ နဲ့  ဓမ္မန္တရာယ်” ဗီဒီယိုကလစ်တွင် ပြောကြားချက်များမှ ထုတ်နုတ်ကူးယူဖော်ပြပါသည်)

စာသား...Aungmyo Tun

နေပြည်တော် ဇွန် ၂၃
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇) သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်း ကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော် (၆) ပါးနှင့် သံဃာတော် တို့၏ ဂုဏ်တော် (၉) ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူး အလေးထား ဆောင်ရွက် သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

http://www.president-office.gov.mm

သေသေချာချာနက်နက်နဲနဲ စဉ်းစားမိတော့ လက်ရှိနိုင်ငံတော် အကြီးအကဲတွေ၊ ကြံ့ဖွံ့ပါတီက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ တာဝန်တွေကို ခက်ခက်ခဲခဲ ထမ်းဆောင်နေရပါလားဆိုတာ တွေးမိရင်း အတော်လေး ဂရုဏာသက်မိသွားပါတယ်။ တကယ်ပါ။ ဒီခေတ်ကြီးမှာ သူတို့လုပ်နေရတာတွေက နအဖခေတ်ကထက်စာရင် အများကြီးခက်ခဲပါတယ်။

ဘာလဲ။ ခင်ဗျားက မယုံဘူးလား။ ခင်ဗျားစဉ်းစားကြည့်လေ။ နအဖခေတ်တုန်းက အတိုက်အခံတွေကို အပုတ်ချချင်ရင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့လို သတင်းစာထဲကနေ “စုကြည်မ” “အမျိုးဖျက်မ” “မမစုသို့ပေးစာ” “ဒေါ်အဲလစ်စုကြည် သိနိုင်ပါစေ” စသဖြင့် ချော့တစ်ခါခြောက်တစ်လှည့်နဲ့ ဆောင်းပါးတွေရေးပြီး အပုတ်ချလို့ရတယ်လေ။ ဒါတင်ပဲလားဆိုတော့ ပြည်တွင်းထုတ်ဂျာနယ်တွေထဲမှာလည်း အဲဒီ့ဆောင်းပါးတွေကို မထည့်မနေရဆိုပြီး ထည့်ခိုင်းလို့ရသေးတယ် မဟုတ်လား။ NLD ကိုလည်း “NLD ပါတီ၏ မမှန်ကန်သော လုပ်ရပ်များအား မနှစ်သက်သဖြင့် ပါတီဝင်များနှုတ်ထွက်” ဆိုပြီး သတင်းစာမှာ နေ့စဉ်သတင်းတွေထည့်ပြီး ဖဲ့လို့ရတယ်။ သတင်းစာထဲမှာဆော်ရတာ အားမရလို့ အပြင်မှာ ဆော်ချင်သေးလား။ လမ်းပိတ်ပြီး စွမ်းအားရှင်တွေကို စိမ်ပြေနပြေ ၀ိုင်းရိုက်ခိုင်းလို့ရသေးတယ်။ နောက်မှ သတင်းစာရှင်းလင်းပွဲလေးဘာလေး လုပ်ပြီး လမ်းစဉ် ဘယ်နှရပ် ဘာဘာညာညာနဲ့ နိုင်ငံတကာကို ချပြလိုက်ရင် ပြီးသွားတာပဲ။ ကဲ .. ဘယ်လောက် လွယ်သလဲ။ သတင်းဌာနတွေလည်း ဒီလိုပဲပေါ့။ ဆောင်းပါးတွေနဲ့ရေးပြီးဆော်လိုက်၊ BBC ညာနေသည်၊ VOA လိမ်နေသည်ဆိုပြီး စာလုံးမည်းကြီးတွေနဲ့ထည့်လိုက်နဲ့ လုပ်ချင်သလို လုပ်လို့ရတဲ့ခေတ်ပေါ့ဗျာ။

ဟော … ဒီနေ့ခေတ်ကြီးကျတော့ အဲသလို လုပ်ချင်သလို လုပ်လို့မရတော့ဘူးလေ။ ဟိုကလည်း လွှတ်တော်အမတ် ဖြစ်နေပြီ။ ဒီလိုအချိန်ကြီး သတင်းစာထဲမှာ သူ့ကို မျိုးဖျက်မ၊ စုကြည်မ လို့သွားရေးရင် ဟိုက နှာကစ်သွားမှာပေါ့။ ဟုတ်ဖူးလား။ တော်ကြာ စိတ်ဆိုးပြီး နိုင်ငံတကာကို “ဒီအစိုးရက လိမ်နေတာပါ။ တကဲ့ ဒီမိုကရေစီအစိုးရမဟုတ်ဘူး။ စာဖတ်နေသူကြီးက နောက်ကွယ်က ကြိုးကိုင်နေတာပါ” ဆိုပြီး သွားတိုင်ရင် ဘယ်နှယ့်လုပ်မလဲ။ နိုင်ငံတကာက ဘဏ်စာရင်းတွေ ပြန်ပိတ်၊ Black List တွေပြန်ထည့်၊ ပိတ်ဆို့မှုတွေပြန်လုပ်နေရင် မခက်ပေဘူးလား။ အဲသလိုဆို သမ်မဒကြီးတွေ၊ လွှတ်တော်ငှက်ကထကြီးတွေကိုလည်း အမေရိက ကအလည်ခေါ်တော့မှာ မဟုတ်ဘူး။ သတင်းဌာနတွေလည်း ဒီလိုပဲလေ။ အရင်လို စာလုံးအမည်းကြီးတွေနဲ့ လိမ်နေသည်၊ ညာနေသည် ဆိုပြီး လွယ်လွယ်ကူကူလုပ်လို့ရတဲ့ခေတ်မဟုတ်တော့ဘူး။

ဒီတော့ ဒေါ်စုကိုလည်း အရင်လို အပုတ်ချလို့ရအောင်၊ NLD ကိုလည်း အရင်လို ဖဲ့လို့ရအောင်၊ သတင်းဌာနတွေကိုလည်း အရင်လို လိမ်နေသည်၊ ညာနေသည် လို့ စွပ်စွဲလို့ရအောင် တခြားနည်းလမ်းတွေ ကြံဆရတော့တာပေါ့ဗျာ။ တခြားနည်းလမ်းတွေကလည်း လွယ်တော့ မလွယ်ဘူးဗျို့။ ဇာတ်လမ်းကလည်း ကြမ်းတယ်။ ဇာတ်ပို့ဇာတ်ရံတွေကလည်း များတယ်။ ဇာတ်လမ်းထဲမှာလည်း မီးလောင်တာတွေ၊ လူသတ်တာတွေ၊ ကလေးမွေးတာ၊ ယောကျာ်းမိန်းမယူတာတွေ ပါတာပေါ့ဗျာ။ ကြည့်နေတဲ့ ပရိသတ်တွေကလည်း တက်တခေါက်ခေါက် ဖြစ်သူဖြစ်၊ ဆဲသူဆဲ၊ မျက်ရည်ရွှဲသူရွှဲပေါ့ဗျာ။ အခုက အရင်လို အပုတ်ချနေရုံနဲ့လည်း မပြီးသေးဘူးဗျ။ ၂၀၁၅ ဇာတ်သိမ်းခန်းမှာ လှဖို့လည်း ကြိုးစားရသေးတယ်။ ပင်ပန်းတယ် ခက်ခဲတယ်ဆိုပေမဲ့ အောင်မြင်သင့်သလောက်တော့ အောင်မြင်ပါတယ်။ မဆိုးပါဘူး။

အဲဒါကြောင့် ကျွန်တော်ပြောတာပေါ့။ ဒီခေတ်က ခေါင်းဆောင်တွေက နအဖခေတ်ထက် ပိုပြီး ခက်ခဲတဲ့တာဝန်တွေကို လုပ်နေရတာပါလို့။

(မိုးဇေညိမ်း)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.