06/26/13

သိချင်တဲ့ သတင်းတွေနဲ့ သိသင့်တယ်လို့ ယူဆရတဲ့ သတင်းတွေကို ဖတ်ရှု လေ့လာဖို့ အပတ်စဉ်ထုတ် သတင်းစာ (ဂျာနယ်) တွေကို အားထားနေရတဲ့ ဘ၀ကနေ ခုဆိုရင် နေ့စဉ်ထုတ် သတင်းစာတွေရော? အချိန်နှင့်အမျှ တက်နေတဲ့ အွန်လိုင်း သတင်းတွေရော ရှိလာ နေလေတော့ ကျွန်တော်တို့မှာ သတင်းတွေ အလျှံပယ်ဖြစ်နေတယ်လို့တောင် ဆိုနိုင်တယ်ဗျာ။

သည်ရက်များအတွင်း “ဟော့” ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးရင် နိုင်ငံတော်သမ္မတ ဘယ်သူ ဖြစ်လာမလဲဆိုပြီး ၀ိုင်းဝန်း တွက်ချက် ထင်ကြေးပေးကြတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီ ခေါင်းစဉ်ပြီးတော့ လူပြောများတဲ့ အကြောင်းအရာတစ်ခုက ၂၀၁၅ ရွေးကောက်ပွဲကစလို့ PR ဆိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို မိတ်ဆက် သွတ်သွင်း သင့်မသင့် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးကြမယ့်ကိစ္စပါပဲ။ နောက်တစ်ခုက ပုံနှိပ် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောမဆိုကြသေးပေမယ့် facebook လောကမှာတော့ တုတ်တစ်ပြက် ဓားတစ်ပြက်လို့တောင် ပြောရမလို ဖြစ်နေတဲ့ မျိုးစောင့် ဥပဒေတော်မူကြမ်း ကိစ္စ ဖြစ်ပါတယ်။

လောလောဆယ် ဆုံးဖြတ်ရမှာ မဟုတ်


ကျွန်တော့်အမြင်ကတော့ အထက်ပါ သုံးခုစလုံးဟာ လတ်တလော အဆုံးအဖြတ် ပေးရမယ့် အကြောင်းအရာတွေ မဟုတ်ပါဘူး။ ငြင်းခုံလို့ ကောင်းတဲ့ ခေါင်းစဉ်မျိုးတွေ ဖြစ်ပေမယ့် စိတ်ခံစားချက် နောက်လိုက်ပြီး တစ်ပွဲတိုး ဖြေရှင်းလို့ရတာ မဟုတ်တာတော့ သေချာပါတယ်။ ဘက်ပေါင်းစုံက ၀ိုင်းဝန်း စဉ်းစားပြီးမှ ပြည်ထောင်စုအတွင်း မှီတင်းနေနိုင်ကြတဲ့ ပြည်သူ အများစုကြီးရဲ့ သဘောထားနဲ့ အဂတိတရားလေးပါး ကင်းရှင်းစွာ ညှိနှိုင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ (မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ ၂၂ ဇွန် ၂၀၁၃ 7 Day Daily သတင်းစာမှာ ဆောင်းပါးရှင် ဆရာအောင်ကိုဦး ရေးတဲ့ “တွေးရင်းနဲ့ ပူပန်မိ” ဆောင်းပါးကိုတော့ တိုင်းပြည် ရှေ့ရေး မျှော်တွေးသူတိုင်း ဖတ်ရှု ဆင်ခြင်သင့်တယ်လို့ ညွှန်းလိုပါတယ်)

ဆင်းရဲ မွဲတေမှု လျှော့ချရေး

သည်လိုဆို လက်ငင်းပြဿနာတွေက ဘာတွေလဲ ပြောစမ်းပါဦးလို့ မေးလာရင် ကျွန်တော်တို့ ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး? ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ပါပဲလို့ ထပ်ပြောရမှာ ဖြစ်ပါတယ်။ အဲဒီ သုံးခုစလုံးဟာ ယနေ့အထိ အားရစရာ မရှိသေးပါဘူး။ ၁။ ဆောင်ရွက်နေဆဲ အဆင့်ရယ် ၂။ ဆောင်ရွက်ဖို့ လေ့လာမယ်ဆိုတဲ့ အဆင့်ရယ် ၃။ ဆောင်ရွက် နေသော်လည်း မည်မည်ရရ ရလဒ်ကောင်း ထွက်မလာဘဲ တိုင်းပြည်ရဲ့ လူဦးရေ လေးပုံတစ်ပုံ ဆင်းရဲတွင်းနက်နေဆဲအဆင့်ရယ်မှာပဲ ရှိနေပါသေးတယ်။ သတင်းစာ ဆရာ တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ခေါင်းစဉ်မည်းကြီးတွေနဲ့ မျက်နှာဖုံး တင်ပြီး သတင်းပေးလောက်တဲ့ အဆင့်ကို မနီးစပ်သေးဘူးလို့ပဲ ပြောရမှာပါ။

ပုဒ်မ ၄၀၁ ကိစ္စ သတင်းကောင်း

သို့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကြားသိလိုက်ရတဲ့ သတင်း တစ်ပုဒ်ကတော့ ကျွန်တော် ကိုယ်တိုင် ခုချိန်ထိ ဘ၀င်မကျခဲ့တဲ့ ခိုးလိုးခုလု ကိစ္စတစ်ခု ပြေလည်သွားတော့မယ့် အလားအလာ ဖြစ်တာကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတင်းကောင်း တစ်ခု အဖြစ် ကြိုဆိုပါတယ်။

အဲဒါကတော့ နိုင်ငံရေး အကျဉ်းသားဟောင်းများကို သရော်မော်ကားပြုနေသလို ဖြစ်ခဲ့တဲ့ ထောင်ကြွေးကျန်ပုဒ်မခေါ် ပုဒ်မ ၄၀၁ ကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းကို ရှေ့က ကျွန်တော့် ဆောင်းပါးအချို့မှာလည်း တစ်ကြိမ်မက ဆွေးနွေး တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့ ခေတ်


ပုဒ်မ ၄၀၁ ကိစ္စ မပြောခင် နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းနဲ့ စပ်လျဉ်းပြီး အထစ်အငေါ့လေးတွေ ဖြစ်ခဲ့တာကို ပြောချင်ပါသေးတယ်။ တကယ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဆင့်အတန်းတစ်ခုကို မကြားလို မနာလို ဖြစ်ပြီး ဖျောက်ဖျက်ပစ်ခဲ့တာ မဆလပါတီ တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်က ရှိခဲ့တဲ့ A class, B class နိုင်ငံရေး အကျဉ်းသားတွေကို ဦးနေ၀င်းက အတော် မျက်မုန်းကျိုးပုံရတယ်။ သူ့လက်ထက်မှာ အဲဒီ အဆင့်အတန်း တွေ လုံးဝ ဖျက်ပြီး ရာဇ၀တ်သားတွေလို့ပဲ သတ်မှတ်ခဲ့ပါတယ်။

သို့ပေမယ့် သူ့လက်ထက်မှာပဲ ၁၉၈၀ ပြည့်နှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတော့ နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ မည်သည့် ပုဒ်မတွေ အကျုံးဝင်တယ် ဆိုတာကို ထိုစဉ်က နိုင်ငံတော်ကောင်စီက အဓိပ္ပာယ် ဖွင့်ဆိုပေးခဲ့ရပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

န၀တ? နအဖ အစိုးရများလက်ထက်မှာတော့ ဦးနေ၀င်းထက်တောင် ပြတ်သားကြပါတယ်။ နိုင်ငံရေးအရ ဖမ်းဆီး ထောင်ချသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိပါဘူးလို့ နှစ် ၂၀ ကျော်မျှ ကြာအောင် တစ်သမတ်တည်း ပြောခဲ့ပါတယ်။

ဘာလီကျွန်း မိန့်ခွန်း

၂၀၁၁ ခု မတ်လမှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာတော့ စစ်အစိုးရ ခေါင်းဆောင် အဆက်ဆက် ပြောဆိုခဲ့ကြတဲ့ မိန့်ခွန်းမျိုးတွေနဲ့ အင်မတန်မှ မတူကွဲပြားခြားနားတဲ့ မိန့်ခွန်းတစ်ခုနဲ့ ပွဲထွက်လာတာရယ် အဲဒီနောက်ပိုင်းမှာလည်း ပြောတဲ့အတိုင်း တစ်ခုပြီးတစ်ခု လုပ်လာခဲ့တဲ့ လုပ်ရပ်တွေရယ်ကြောင့် မြန်မာပြည်သူတွေ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ အကောင်းဘက် ပြောင်းပြီး ရှုမြင်လာခဲ့ကြပါတယ်။ သို့ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့တဲ့ “ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိပါဘူး” ဆိုတဲ့ စကားကြောင့် ဟာခနဲ ဖြစ်သွားကြရပြန်ပါတယ်။

ကျွန်တော် လေ့လာ ကြားသိရသလောက် ပြောရမယ်ဆိုရင် အဲဒီစကားက သမ္မတကြီးရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်သွားစေခဲ့ပါတယ်။ ဒီစကားကို ယုံယုံကြည်ကြည်နဲ့ ပြောခဲ့တယ်ဆိုရင်လည်း ဒါဟာ ပကတိ အရှိတရားနဲ့ ကင်းကွာနေတယ်လို့ ရှုမြင်ခြင်းခံရမှာ ဖြစ်ပါတယ်။ အဲသလို မဟုတ်ဘဲ ဖိအား တစ်ခုခုကြောင့် ဒီစကားကို ပြောခဲ့တယ်လို့ ဆူခံရလျှင်လည်း မလွန်ဆန်နိုင်တဲ့ ဘ၀မှာ ရှိနေသေးတယ်လို့ ရှုမြင်ခြင်းခံရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ရှုမြင်ခြင်း ခံရသည်ဖြစ်စေ သမိုင်းဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို ဦးဆောင် အကောင် အထည်ဖော်နေသူ တစ်ယောက်အတွက်တော့ အနုတ်လက္ခဏာ တွေချည်းသာ ဖြစ်ပါတယ်။

ချက်ကြိုး မပြတ်သေးသလို

အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား လွတ်မြောက် လာခဲ့ကြပေမယ့် လွှတ်ပေးပုံ လွှတ်ပေးနည်းကြောင့်ရော? သမ္မတကြီးရဲ့ အဲဒီ စကားကြောင့်ပါ လွတ်လာသူတွေရော? နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါ မသဒ္ဓါရေစာ စားရသလို ခံစားခဲ့ကြရပါတယ်။ မလွှတ်ချင် လွှတ်ချင် ဆောင့်ကြီး အောင့်ကြီး လွှတ်ပေးတာသာ ဖြစ်တယ်လို့ ခံစားကြရတဲ့အတွက် လက်ရှိအစိုးရဟာ သူ့ရှေ့က စစ်အစိုးရ အဆက်ဆက်နဲ့ ချက်ကြိုး မပြတ်သေးတဲ့ အစိုးရ ဖြစ်တယ်ဆိုတဲ့အမြင် ပြည်သူတွေအကြား ပျောက်ကွယ်မသွားနိုင်သေးတာ ဖြစ်ပါတယ်။

အဲဒီလို ဖြစ်ရတဲ့ ကိစ္စမှာ အဓိကကျတဲ့ အကြောင်းရင်း တစ်ခုကတော့ ပုဒ်မ ၄၀၁ ကိစ္စပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ပြည်သူကို တိုက်ရိုက် ပြောကြားခဲ့တဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ သမ္မတကြီးက သူ့အစိုးရအနေနဲ့ အဲဒီပုဒ်မကို နိုင်ငံရေးအတွက် အသုံးချဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ အတိအလင်း ပြောသွားခဲ့ပေမယ့် “ထောင်ကြွေးကျန်ပုဒ်မ” လို့ အဓိပ္ပာယ်ရတဲ့ အဲဒီ ပုဒ်မကို မသမာတဲ့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးချလိုသူတွေ ရှိနေခဲ့တာလည်း အမှန်ပဲ ဖြစ်ပါတယ်။

လက်ရှိ အစိုးရခေတ်မှာ နိုင်ငံရေး အကျဉ်းသားများကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ အတော်အတန် ရှိလာခဲ့တာ အမှန်ပါ။ ထောင်တွင်း အခြေအနေတွေ ပိုကောင်းလာတာ အစ၊ နိုင်ငံရေးအကျဉ်းသား အများစု ပြန်လွတ်လာတာ အလယ်၊ အဖျက်အမှောင့် အဖွဲ့အစည်းတွေအဖြစ် တစ်လျှောက်လုံး သဘောထားလာခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရလူကြီးတွေ ကိုယ်တိုင် ပူးပေါင်းပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့နိုင်တာအဆုံး တိုးတက်မှုတွေ ရှိခဲ့တာ သံသယရှိစရာ မလိုပါဘူး။

အခု နောက်ဆုံး ကြားရတဲ့ သတင်းအလိုအရတော့ ပုဒ်မ ၄၀၁ ကို နောက်နောင် မသုံးတော့ပါဘူးလို့ နိုင်ငံရေးအကျဉ်းသား စိစစ် ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ပြောကြားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နောင်မှာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းတာ ဆီးတာတွေ ဆက်ပြီး ရှိနိုင်သေးတယ်၊ ဆိုလိုတာက နိုင်ငံရေး အကျဉ်းသားဆိုတာတွေ ရှိနိုင်သေးတယ်၊ ဒီတော့ကာ သူတို့ကို ထောင်ထဲမှာ ဘယ်လို ထားမယ်ဆိုတာကို ဆက်ဆွေးနွေးကြ ရဦးမယ်ဆိုတဲ့ လေသံတစ်ခုလည်း ထွက်လာပါတယ်။

အမြင်မတော် ဆင်တော်နဲ့ ခလောက်

ကျွန်တော်ကတော့ အဲဒီလို အသံမျိုးကို သဲ့သဲ့တောင် မကြားချင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်သဖွယ် မအပ်စပ်တဲ့ အရာတစ်ခုပါ။ ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးရဲ့ သမ္မတက ဒီမိုကရေစီနိုင်ငံ မှန်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား တစ်ယောက် ရှိတယ် ဆိုရင်တောင် များလွန်းလှပါတယ်လို့ မြန်မာနိုင်ငံရောက်တုန်း ပြောခဲ့တာ အားလုံး မှတ်မိကြမှာပါ။ တကယ်တော့ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ နိုင်ငံအတွက် ပေးဆပ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အစိုးရတစ်ရပ် အနေနဲ့ သူ့ရှေ့က အစိုးရတွေရဲ့ အမှားတွေကို တာဝန်ယူ ပြုပြင်တဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ ကြေမွနေတဲ့ ဘ၀များ ပြန်လည် ထူထောင်ရေးကို အစိုးရကတောင် ဦးစီး လုပ်ဆောင်ပေးရမှာပါ။ အဲသလို မလုပ်နိုင်သေးဘူး ဆိုရင်တောင် နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ပေါ်မလာရေးကို သနိ္နဋ္ဌာန်ချ လုပ်ဆောင်ကြရမှာပါ။ ဒါဟာ မဖြစ်နိုင်တဲ့ အလုပ် မဟုတ်ပါဘူး။ ဒီကနေ့လို ဒီမိုကရေစီ ကမ္ဘာက ဧည့်ကောင်းစောင်ကောင်းတွေ ၀င်လာမစဲ တသဲသဲ ဖြစ်နေချိန်မျိုးမှာ သူတို့ နိုင်ငံတွေမှာရော နိုင်ငံရေးအကျဉ်းသားတွေ ရှိသလား မရှိဘူးဆိုရင် မရှိအောင် ဘယ်လို လုပ်သလဲ ဆိုတာတွေကို မေးမြန်း စုံစမ်းပြီး အကြံဥာဏ် ရယူသင့်ပါတယ်။ ကောင်းတဲ့ မှန်တဲ့ အလုပ်ကို လုပ်တာ သိက္ခာကျစရာ လုံးဝ မဟုတ်ကြောင်းပါဗျာ။

၂၃ - ၀၆ - ၂၀၁၃

maungwuntha@gmail .com

ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၁


President U Thein Sein of Myanmar Meets with Chinese State Councilor Yang Jiechi
Photo.. http://www.fmprc.gov.cn
YPI မှ 24 June 2013 ရက်စွဲပါ “ Chinese Press Myanmar on Kachin Peace “ သတင်းကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ကချင်လက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ်ခံနိုင်ရန် ဦးတည်လုပ်ဆောင်နေသော မြန်မာအစိုးရ၏ လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ပါဝင်ရန်လိုလားကြောင်း၊ နေပြည်တော်တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ထိပ် တန်း သံတမန်ကပြောကြားသည်။

တနင်္လာနေ့ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုင်ငံတော်ကောင်စီ ဝင် ရင်ကျားချိက ကချင်လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် မြန်မာအစိုးရကို တိုက် တွန်းခဲ့ပြီး ၊ ကချင်အစိုးရအကြား ရေရှည်ခံငြိမ်းချမ်းရေး ရရှိစေရန်အတွက် တရုတ်နိုင်ငံကကြားဝင်ကူညီ လုပ်ဆောင်ပေးလို ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရအာဘော် Ximhua သတင်းဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သောနှစ်ကုန်တွင် အစိုးရတပ်များက ကချင် KIO အဖွဲ့၏ဌာနချုပ်နယ်မြေကို လေကြောင်းပစ်ကူအားကိုးဖြင့် သီတင်းပတ် ၃ပတ်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် တစ်ဖက်သတ်အပစ်ရပ်ဆဲကြောင်း မြန်မာအစိုးရက လူသိရှင် ကြားကြေငြာခဲ့သည်။ ထို့နောက်မေလတွင် ကချင် KIO အုပ်စုကို တရားမဝင်အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ကြောင်း ငြိမ်းချမ်း ရေးညှိနှိုင်းမှုတာဝန်ခံ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

KIO စစ်ဖက်ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းလမ်ဒေါက ယခုသီတင်းပတ်ကုန်ရက်တွင် တပ်မတော်၏ တိုက်ခိုက်မှုများရှိခဲ့ ကြောင်းနှင့် မေလငြိမ်းချမ်ရေးဆွေးနွေးမှုနောက်ပိုင်း ယခုကဲ့သို့တိုက်ခိုက်မှု ၁၀ ကြိမ်မက ဖြစ်ပွားခဲ့သည်ဟု ထိုင်းအခြေစိုက် မြန်မာသတင်းဌာနတစ်ခုသို့ ပြောကြားသွားသည်။

“လွန်ခဲ့တဲ့ ၂ရက်က ကျွန်တော်တို့ကို အစိုးရတပ်တွေက လာတိုက်ပါတယ်။ ကျွန်တော်တို့တပ်တွေက ပြန်လည်ခုခံခဲ့ ပါတယ်။ ဒါမျိုးကမဆန်းပါဘူး” ဟု ဂျိမ်းလမ်ဒေါက တနင်္လာနေ့တွင် ပြောကြားသည်။

စီးပွားရေးပြိုလဲသွားကာ လှောင်ပိတ်မိနေသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများကို အချိန်မှီကျင်းပပြီး နောက် ဒီမိုကရေစီပြုပြင်ပြောင်လဲမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း အမျိုးသားလုံခြုံရေးစိန်ခေါ်မှုများနှင့် ညံ့ဖျင်း သောလူ့အခွင့်အရေး မှတ်တမ်းများက နိုင်ငံ၏ ပြောင်းလဲတိုးတက်မှုကို လောင်းရိပ်မိုးလျက်ရှိသည်။

ရင်ကျားချိသည် နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့သည်။

Yangon chronicle



● ဦးဝင်းတင်နဲ့ သေခြင်းတရား

လူတွေမွေးဖွားကတည်းက တခါတည်း အမှတ်အသားပြုပေးလိုက်တာကတော့ သေခြင်းတရားပဲဗျ။ သေမှာပဲ သေတာ အမျိုးအစားခွဲလိုက် သေးရတယ်။ လူ့သတ်မှတ်ချက်တွေပေါ့လေ…။ အသေဆိုး..အဆိုးသေ..အစိမ်းသေ အစရှိသဖြင့် သေခြင်းတရားကို အမျိုးအစားခွဲထား သေးတယ်။ ဒါပေမယ့် ဘယ်လိုသေသေ သေတာကတော့ သေတာပါပဲ။ ကျနော်တို့တွေ အသက်အရွယ်သတ်မှတ်ချက်အလိုက် သေခြင်းကို အသက်ကြီးသူများကို ဦးစားပေးထားတယ်ဗျ။ ငါကတော့ ငယ်သေးလို့၊ ဟိုလူကတော့ သေချိန်တန်နေပြီ အစရှိသဖြင့် ဘုရားဟော ဒေသ နာကို နှလုံးမသွင်းနိုင်ပဲ ကိုယ်သေစေ့ချင်တဲ့လူဆို သေချိန်တန်နေပြီ၊ကိုယ်ချစ်ခင်တဲ့လူဆို အသေစောလို့ နှမြောလှချည့်တွေဖြစ်ကုန်တော့တာပဲ။ ဆိုပါတော့ဗျာ အဘဦးဝင်းတင် ရှစ်ဆယ့်လေးဆိုတော့၊ ကျနော့်ထက် အသက်ထက်ဝက်မကကြီးတယ်။ ဒီတော့ သေစားရှိ ဦးဝင်းတင် အရင်သေပေးရမှာပေါ့။ (ဒီနေရာမှာတော့ အဘကို ကျနော်သဘောထားကြီးပေးလိုပါတယ်) အဲ့သလို တရားမရှိ ကြီးပြင်းနေကြ တာလားဗျာ။

ဒီတော့ သေခြင်းကို ဦးဝင်းတင် ဘယ်လိုသဘောများပိုက်နေသတုန်း။ ကျနော်တို့ တာရာမင်းဝေခေါ် ရွှေဖုန်းလူရဲ့နှစ်ပတ်လည်ကိုသွား တယ်။ ဦးဝင်းတင်ပါတယ်။ ဦးသာဘန်းပါတယ်။ ကျနော်ပါတယ်။ ဦးသာဘန်းက စကားတစ်ခွန်းပြောတယ်။ ကိုဝင်းတင် ဒီကောင်ရွှေ ဖုန်းကလူတော်ဗျ။ အရက်သောက်လွန်းလို့သေတာတဲ့။ ဒီတော့ အဘဦးဝင်းတင်က ဘာပြန်ပြောလည်းဆိုတော့ မင်းမလည်းသာဘန်းရာဒီကောင်သေတာကောင်းတာပေါ့။ ကိုယ်ကြိုက်တာလုပ်ရင်းသေတာ။ သောက်ချင်တာသောက်ပြီး သေတာကွာ။ မင်းရော ငါပါသေမှာပဲ လေတဲ့။ ရယ်စရာအဖြစ် ပြောကြတာပေါ့လေ။ ဆင်ခြင်ပွားများ လူ့တရားဆိုသလို ကျနော်လည်း မြောက်ဒဂုံမှာ လမ်းတွေမှားပြီး ဆင်ခြင် ပွားများတွေးတောထားစရာတွေရှိတယ်။ ဟုတ်ပါ့မလား တာရာမင်းဝေ သေချိန်မတန်ဘူးလား။ အရက်တွေမသောက်ရင် တကယ်မသေ ဘူးလား အစရှိသဖြင့်ပေါ့လေ။

အဘကို ကျနော် သေချာစူးစူးစမ်းစမ်းဖြစ်နေမိတာ ဒီသေခြင်းကိုပဲ။ အဘ ကျနော့်ကို သူဆေးရုံတက်တော့ပြောဖူးတယ်။ ကျနော့်ကိုဆို တာထက် ဆရာဝန်ကြီးတစ်ယောက်ကိုပြောတာပါ။ ကျနော်လည်းဗျာ ၀တ္တရားအရဆေးကုနေရတာ။ ကျနော်က ဆရာဝန်တွေဘာတွေ သိပ်အယုံအကြည်မရှိဘူးခင်ဗျ…တဲ့။ ကျနော့်မှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး အားနာလိုက်တာဗျာ။ ဒီတော့ ကျနော် အဘကိုပြောတယ်။ အဘ ဒီလိုမပြောသင့်ဘူးဆိုတော့ အဘက ကျနော့်ကို မင်းငါ့ဘ၀ထဲ ၀င်မစွက်ပါနဲ့တဲ့။ ငါသိတာပေါ့ကွာတဲ့။ ဒါဆို အဘဆေးမကုပဲ သေချင် သေနေပါ့လားဆိုတော့ ဒီဆေးရုံလာတက်တာ ငါ့ဖာသာလာတက်တာလား။ မင်းတို့ကောင်တွေ လျှာရှည်ပို့တာလားဆိုတော့ ပြီးရောပေါ့ဗျာ။

အဘသေခြင်းကို ဒက်ဖနေး ရှင်းတယ်။

“ဟေ့ယောင်ရာဇာ လူဆိုတာသေမျိုးကွ။ ငါ့အမြင် သေခြင်းဟာ အသက်ရှည်သူတွေအတွက်ဆိုရင် သုံးမျိုးလောက်ရှိမယ်။ ပထမညဏ်သေ မယ်ကွာ။ ဒုတိယလှုပ်ရှားမှုသေမကွာ။ တတိယအသက်သေမယ် ကွယ်ပျောက်မယ်ကွာ။ ဒီနေရာမှာ စစ်သားအိုတွေဟာမသေဘူး။ ကွယ်ပျောက်သွားတာပါဆိုတဲ့စကား ငါလက်ကိုင်ထားတယ်။ ငါလည်းနိုင်ငံရေးသမား ပျောက်ကွယ်သွားတာမျိုးပဲဖြစ်ရမယ်ကွ။ ငါ ဒေါ် အောင်ဆန်းစုကြည်လွတ်လာခြင်းညမှာ စီအီးစီအစည်းဝေးထိုင်တော ငါ သေချာပြောတယ်။ ဒေါ်စု ကျနော်လည်းအိုပြီ၊ ညဏ်လည်းယိုင်ပြီ ခြေထောက်တင် ယိုင်တာမဟုတ်ဘူး၊ ညဏ်ပါယိုင်နေပြီ။ ကျနော့်ကို စီအီးစီကထွက်ခွင့်ပေးပါ။ ကျနော် ပါတီကထွက်မပြေးပါဘူး။ ကျနော် ပါတီမှာပဲအလုပ်လုပ်ပါ့မယ်။ ကျနော် စီစီမှာ ဆင်းလုပ်ပါ့မယ်ဆိုတာ မင်းတို့အမေ သဘောမတူလို့ ငါ့မှာ ယောင်ချာချာနဲ့ ခုထိ ပါနေရ သေးတာကွာ။ ငါ့ကောင် ဘယ်တော့မှသေတဲ့အထိ လုပ်မယ်ဆိုတဲ့စကားမပြောကောင်းဘူး။ ဒီလိုပဲ ဖယ်ပေးရမှာပေါ့ကွာ။ ငါကဖယ်ပေးမယ် ပြောတော့ ဒေါ်စုက နေရာချဲပေးတယ်လောက်ပဲသုံးပါ။ ဖယ်ပေးပါလို့ မပြောဘူး။ ဒေါ်စုက ကာလဒေသလိုက် စကားလုံးသုံးနှုန်းတာလည်း လှတယ်ကွာ။ အဲ့လိုနေရာတွေမှာ ဒေါ်စုကို ဘယ်သူမှမလိုက်နိုင်ဘူး။ မင်းတို့ကောင်တွေ ယောင်ဝါးဝါးတော့မလုပ်နဲ့။ ငါနိုင်ငံ့ထိပ်ပိုင်းခေါင်း ဆောင်ဆိုတဲ့လူတွေနဲ့ ဆက်ဆံဖူးတယ်။ အကုန်ပျက်ကုန်တာပဲ။ အေးတစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကမပျက်ဘူးကွ။ သူ့နေရာမှာ တခြားလူဆို ခုလောက်ရှိ ရူးပါကုန်လောက်ပြီ။ ဘယ်ဒီလောက်ထိ မြှောက်ပင့်ပေးနေတာ တော်ယုံလူဆိုမြောက်ပြီပေါ့။ ဒီတစ်ကွက် ဒီအ ချက်နဲ့တင်ကို ကျေးဇူးတင်လေးစားစရာကောင်းလှပြီကွာ။ ငါသေတာ မသေတာ အရေးမကြီးဘူး။ ဒေါ်စုမသေဖို့လိုတယ်တဲ့” ကျနော်က တော့ အဘပြောတဲ့ သေခြင်းကို မငြင်းဆန်ပါဘူး။

ညဏ်သေတာကတော့ ကျနော်တို့လူငယ်တွေ အရင်သေနေတာ။ သောက်သောက်စားစား လူ့မင်းသားပေါ့ဗျာ။ ယိုင်တာလည်း ကျနော်တို့ လူငယ်တွေပဲ။ ဘယ်မဟုတ်က ဟုတ်ကတွေ ဒီလောက်သောက်စားနေတာ။ အကုန် မေ့မေ့လျော့လျော့ဖြစ်နေတာကြာပေါ့။ အဘတို့များ အခုမေး လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကိစ္စ ခုဖြေနိုင်တုန်း။ ကျနော်တို့များ နှစ်ဆယ့်ငါးမိနစ်ကြာပြောထားတဲ့ဟာ မေ့လို့မေ့။ ကောင်းပါတယ်။ အကုန်သေအေးတာပဲဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ကျနော်ကတော့ အဘဦးဝင်းတင်တို့၊ အမေ ဒေါ်အောာင်ဆန်းစုကြည်တို့ကို မသေစေ့ချင်တဲ့ လူ့အန္ဓစိတ်ကလေး မွေးမိတုန်းပဲ။ ဒါ့အပြင် အချုပ်မှူးကြီးတို့၊ အရှုပ်အရူးကြီးတို့ဆိုတာတွေကိုတော့ ချက်ခြင်းလက်ငင်းသေစေချင်တဲ့ အဘိစ္ဆာတရား ပွားများမိနေတုန်းပဲ။ ဒါတွေလည်း မသေခင်လေး အကုသိုလ်ယူရတဲ့အမျိုးကိုး……။

ကိုရာဇာ
ဇွန် ၂၅၊ ၂၀၁၃
မိုးမခ သတင်း
မူရင်း http://moemaka.com/archives/35874


၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ ကြေညာခြင်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ

ကြေညာချက်အမှတ် ၁/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်

(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)

နှင့်စပ်လျဉ်း၍ ကြေညာခြင်း

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဉူးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသာနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အများပြည်သူ အကျိုးငှာ ကြေညာလိုက်သည်။

အမိန့်အရ

အတွင်းရေးမှူး

အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော တိုင်းပြည် အခြေအနေများနှင့် ပတ်သက်၍ ၎င်း၏ သဘောထားများကို ပြည်တွင်းပြည်ပ မီဒီယာသမားများနှင့် အင်္ဂါနေ့က နာရီဝက်ကျော်ကြာတွေ့ဆုံပြီး ရင်းနှီးစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မီဒီယာများ၏ အမေးကို ဖြေကြားရာတွင် အချိုးကျ ကိုယ်စားပြု (PR) စနစ် ကြံဆချက်ကို လက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သဘောမတူပါဘူး။ PR စနစ်ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ
ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ။ ဒီဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုလုံးကို ပြန်ပြောင်းရမယ့်ကိစ္စပဲ” ဟု ဆိုသည်။

PR စနစ်ကို ပါတီအချို့က လိုလားမှု ရှိနေပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီတွင်း၌လည်း ဆွေးနွေးမှုများ ရှိနေစဉ် ထိုသို့ ထပ်လောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအလွန် ညွှန့်ပေါင်းအစိုးရ ဖြစ်နိုင်ခြေအပေါ် “နိုင်ငံရေးမှာ ဖြစ်နိုင်ခြေတွေ အများကြီးရှိတယ်။ ညွှန့်ပေါင်းဆိုရင် မဖြစ်နိုင်ပါဘူးဆိုတဲ့အမြင်မျိုး မကြိုက်ဘူး။ တိုင်းပြည်အတွက် လိုအပ်ရင် ဖြစ်နိုင်ရမှာပဲ။ အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေး ဆိုတာ NLD က စပြီး တောင်းဆိုခဲ့တာပဲ။ ဟိုလူနဲ့ မတွဲဘူး၊ ဒီလူနဲ့ ပေါင်းမလုပ်ဘူးဆိုရင်
ရှေ့နောက် ဘယ်ညီတော့မလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

သို့သော် ရွေးကောက်ပွဲဝင်ခြင်းမှာ မည်သူမဆို အနိုင်ရလို၍ ဝင်ခြင်းသာဖြစ်ကြောင်း ယတိပြတ် ပြောဆိုလိုက်သည်။

“တချို့က ပြောတယ် ၁၉၉၀ တုန်းက NLD အပြတ်အသတ်သာ မနိုင်ခဲ့ရင် အာဏာလွှဲပေးမလား ဆိုတာ။ အဲဒီမှာပဲ ရပ်ထားတယ်လေ။ ညွှန့်ပေါင်းဖွဲ့ပြီး အာဏာလွှဲပေးပြီး နောက် ဘယ်လို ခြေလှမ်းလှမ်းမှာလဲ။ ဘယ်လို အခြေခံ ဥပဒေ ရေးဆွဲမလဲ။ ဒါတွေ အများကြီး စဉ်းစားရမယ်။ ပြောတာကတော့ သိပ်လွယ်တာပဲ။ အပြတ် မနိုင်ခဲ့ရင် ညွှန့်ပေါင်းဖွဲ့ပြီး အဆင်ကို ပြေနေတာပဲ ဆိုတာ။ ပြေမယ်လို့ ဘယ်သူပြောလဲ။ ခန့်မှန်းခြေပဲ။ ရွေးကောက်ပွဲ ဝင်ရင်တော့ နိုင်အောင် လုပ်ရမှာပဲ။ အစကတည်းက မနိုင်ချင်ရင် ဝင်မရွေးနဲ့။ ကိုယ့်အစွမ်းနဲ့ ဖြောင့်မတ်မှုကိုပြရမယ်” ဟု ဆိုသည်။

လက်ရှိ သတင်းလောကတွင် ဂယက်ရိုက်ခတ်လက်ရှိသော “မျိုးစောင့် ဥပဒေ” ဆိုသည်နှင့် ပတ်သက်၍ “အဲဒီဟာ က နှစ်ဖက် ရှိတယ်လေ။ ဘာသာရေးဘက်လည်း ရှိတယ်၊ ဥပဒေဘက်လည်း ရှိတယ်။ ဘာသာရေးမှာ အန်တီ ကျွမ်းကျင်တာ မဟုတ်ဘူး။ တည်ဆဲဥပဒေထဲမှာ ဒီလိုဥပဒေမျိုး မရှိဘူး။ ဥပဒေဆိုတာကလည်း တရားမျှတမှု အခြေခံရမယ်၊ အားလုံးပေါ်မှာ တန်းတူညီမျှမှု အခြေခံရမယ်ဆိုတာ အားလုံးလက်ခံထားတဲ့ မူတွေပဲ။ ဘာသာ တရားကို ကာကွယ်တယ်ဆိုတာဟာ အဓိက ယုံကြည်မှုပဲ။ ဘာသာတရားကို လိုက်စားတဲ့လူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ......... မရပါဘူး” ဟု ၎င်း၏ သဘောထားကို ပြောဆိုသွားသည်။

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်း၏ မျက်နှာဖုံး ဆောင်းပါးအဖြစ် "THE FACE OF BUDDHIST TERROR" ကို ဆရာတော် ဦးဝီရသူ၏ ဓာတ်ပုံဖြင့် ဖော်ပြရေးသားချက်နှင့် ပတ်သက်၍မူ သတင်းများတွင်သာ ကြားသိရပြီး မဂ္ဂဇင်း ကိုယ်တိုင် မဖတ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့ အထင်ခံရရင် ဘယ်ကောင်းမလဲ။ ဘာသာတရား ဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ပွားနိုင်ဖို့ တွန်းအားပေးရမှာပဲ။ လူ အမှားအမြင် မဖြစ်အောင် အားလုံးကနေ ကြိုးစားရမှာပေါ့” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲရလဒ်ဖြင့် သမ္မတ ဖြစ်လိုသူ ဒေါ်အောင်ဆန်းစုကြည်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သည့် သူရဦးရွှေမန်း၏ သမ္မတ ဖြစ်လိုမှု ထုတ်ဖော်ပြောဆိုမှုကိုလည်း ကြိုဆိုလိုက် သည်။

“ဦးရွှေမန်းက သမ္မတဖြစ်ချင်တယ်လို့ပြောတာဟာ ဖြောင့်မှန်တယ်၊ ပွင့်လင်းတယ်၊ သဘောကျတယ်။ နိုင်ငံရေးလုပ်
နေမှ ရှိုးတိုးရှန့်တန့်ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲ” ဟု ပြောဆိုလိုက်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့
နှစ်ဦးအပေါ် ပိုမိုနှစ်သက်နိုင်မှုနှင့် ပတ်သက်၍ မေးမြန်းချက်ကိုမူ “ဒါကတော့ အန်တီ့အနေနဲ့ သုံးသပ်ချက်ကို ဘယ်ပြောပါ့မလဲ။ ပြည်သူလူထုတွေရဲ့ သုံးသပ်ချက်ကို စောင့်ပြီး နားထောင်မှာပေါ့” ဟု ရယ်ရွှန်း ပြောဆိုသွား သည်။

ပြည်သူလူထု၏ နိုင်ငံရေး ရေချိန်အရ ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲများ ပါတီအများသို့ ပြန့်ကျဲသွားမည်ကို စိုးရိမ်ရန်မလိုကြောင်း “၁၉၉၀ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူလူထုက ရှင်းရှင်းလေး သိတယ်။ မဲပြန့်သွားမယ့်ကိစ္စ မလုပ်ဘူး။ မူအပေါ်မှာ အခြေခံပြီး မဲပေးတယ်။ ပြည်သူက သဘောပေါက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လည်း ဒီအတိုင်းပဲ။ မဲမပြန့်ဘူး။ NLD ကို ပေးတဲ့သူက ပေးတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပေးတဲ့သူက ပေးတယ်။ နောက် တခုက ၁၉၉၀ မှာရော၊ ၂၀၁၀ မှာရော တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားပါတီတွေက နိုင်တာများတယ်။ အဲဒါကလည်း မပြောင်းလဲဘူး။ ပြည်သူမှာ စုစည်းမှုစိတ်ဓာတ် ရှိတယ်။ ပါတီအသေးလေးတွေကို သိပ်ပြီး ရွေးတဲ့ အလေ့အထ မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတခုဖြစ်သော အခြေခံဥပဒေ ပြုပြင်ရေးမှာ စိတ်ရှည်၍ အချိန်ယူ
ဆောင်ရွက်သွားလျှင် အောင်မြင်မည်ဟုလည်း “တကယ်ဇွဲရှိ၊ ဆန္ဒရှိပြီး လုပ်သင့်တဲ့အလုပ်ဆိုရင် မဖြစ်မြောက်စရာ အကြောင်းမရှိဘူး။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု ကိစ္စမှာ ပြည်သူတွေကို ရှင်းပြဖို့ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စတခုလို့မြင်တယ်။ ဘာဖြစ်လို့ ပြောင်းချင်တယ်၊ ဘယ်အပိုဒ်တွေ၊ ပြောင်းလဲခြင်းဖြင့် ဒီနိုင်ငံအတွင်းက ပြည်သူ
တွေ၊ တပ်မတော်အပါအဝင် အဖွဲ့အစည်းတွေအတွက် ဘာအကျိုးရှိမယ် ဆိုတာ ရှင်းပြရမယ်။ ပြည်သူလူထု လက်ခံသဘောပေါက်သွားရင် အနှေးနဲ့အမြန် အောင်မြင်ကို အောင်မြင်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အာမခံသည်။

“လူတွေက တပ်ကိုပဲ လက်ညှိုးထိုးနေလို့ မရဘူး။ နိုင်ငံရေး အသိုင်းအဝိုင်းကိုလည်း ကြည့်ရမယ်။ တပ်ကို နိုင်ငံရေး ထဲ ဆွဲထည့်ချင်တဲ့လူတွေ ရှိသလားဆိုတာ အဲဒါ အင်မတန် အရေးကြီးပါတယ်။ တပ်ကို နိုင်ငံရေးထဲ ဆွဲထည့်ခြင်း ဟာ အင်မတန်မှ တိုင်းပြည်ကို နစ်နာစေတယ်။ တပ်ကိုလည်း နစ်နာစေတယ်ဆိုတာ ဒီလူတွေ နားလည်ရမယ်။ တပ်ကို သုံးပြီးတော့ ကိုယ်လိုချင်တဲ့ အခြေအနေဖြစ်အောင် မဖန်တီးရဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ မတားဆီးနိုင်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့အထိ ပြန့်နှံ့ကူးစက်သွားခဲ့ရသည်မှာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူဆောင်ရွက်မှု အားနည်းချက်များလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ရခိုင်မှာ စခဲ့တဲ့ကိစ္စဆိုရင် ဟို ကလေးမလေး (မသီတာထွေး အဓမ္မပြုကျင့်ခံရမှု) ကိစ္စမှာတုန်းက ဘယ်လို
ဆောင်ရွက်နတယ်ဆိုတာကို သေသေချာချာ ပြည်သူတွေ မသိရဘူး။ အဲဒီမှာ သို့လော သို့လော မကျေနပ်တာ
တွေ ဖြစ်တာပေါ့။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေအရ လုပ်သင့် လုပ်ထိုက်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ကို ယူနေရဲ့လားဆိုတာ သိဖို့လိုတယ်” ဟု ဆိုသည်။

မိထ္ထီလာ အကြမ်းဖက်မှုများ ထိန်းသိမ်းကိုင်တွယ်ရန် အရေးပေါ်အခြေအနေအား သက်တမ်း တိုးမြှင့် ဆောင်ရွက်
ခြင်းနှင့်ပတ်သက်၍လည်း “ပထမ ရက် ၆၀ အတွင်းမှာ ပုံမှန်အခြေအနေ ဖြစ်သွားအောင် ဘာလုပ်ထားလဲဆိုတာ တင်ပြမှုမရှိဘူး။ ပွင့်လင်းမြင်သာမှု အများကြီးလိုတယ်။ အုပ်ချုပ်ရေးဘက်က ဘာတွေ ဘယ်လိုဆောင်ရွက်ပြီး ဘယ်လောက်ထိ ထိရောက်လဲ၊ မထိရောက်လို့ ဒီ အရေးပေါ်အခြေအနေကို ဆက်ပြီး ထားတာလား။ ဒီလိုမေးခွန်း
တွေက ဘာမှ အခြေမသိရဘူး” ဟု ထောက်ပြဝေဖန်လိုက်သည်။

အခြေအနေ အရပ်ရပ်အား မီဒီယာများက ပြည်သူတို့ ရေးသားထုတ်လွှင့်ကြရာတွင် တာဝန်သိမှု အထူးလိုအပ်
ကြောင်းလည်း ပြည်တွင်းပြည်ပ မီဒီယာသမားကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“မီဒီယာကလည်း တာဝန်သိသိနဲ့ သုံးသပ်စေချင်တယ်။ ဘက်မလိုက်ပါနဲ့။ အမြင်ကို အမြင်အတိုင်း သတ္တိရှိရှိနဲ့ တင်ပြပါ။ အကျိုးဆက်တွေက ဘယ်လိုဖြစ်နေလဲဆိုတာကို။ သုံးသပ်တဲ့အခါမှာ တာဝန်ရှိရှိနဲ့ သုံးသပ်စေချင်ပါတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးပါလို့ တာဝန်ယူရမယ်။ ငါတို့ပြောရင် လူတွေ စိတ်ညွှတ်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ မလုပ်ပါနဲ့။ ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ တာဝန်သိတဲ့စိတ်ဓာတ်နဲ့ ပြောပါ။ အခြေခံအားဖြင့်တော့
ဖြောင့်ပါ” ဟု တိုက်တွန်းသည်။

တဆက်တည်းတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သည့် ရေးသားပြောဆိုချက်များနှင့် ပတ်သက်၍ လည်း သတိပြု ဆင်ခြင်ရန် ဒေါ်ောအင်ဆန်းစုကြည်၏ ၎င်း၏သဘောထားကို ပြောဆိုသည်။

“အန်တီတို့နိုင်ငံအပေါ်မှာ အမြင်စောင်းလာတယ်ဆိုတာ ကမ္ဘာက သိတာပဲ။ မီဒီယာလောကမှာ ဒီလိုဖြစ်လာတာ။ အန်တီ့ကိုလည်း တိုက်ခိုက်တာပဲ။ ဘာဖြစ်လို့ တဖက်ကနေ လက်သီးလက်မောင်းတန်းပြီး မပြောသလဲဆိုတာ။ ရုတ်သိမ်းရမယ့်စကားမျိုး အန်တီ မပြောချင်ဘူး။ အခု ပြောင်းလဲနေတယ်။ အရင်လိုမဟုတ်ဘူး။ ဒီတိုင်းပြည်မှာ
ဖြစ်နေတဲ့ကိစ္စ တကမ္ဘာလုံးနဲ့ ဆက်နွှယ်နေတယ်။ ချိန်ခွင်လျှာ ညီမျှအောင် လုပ်ရမယ်။ ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်းရဲ့ အေးချမ်းတည်ငြိမ်မှုကို စဉ်းစားရမယ်။ တကမ္ဘာလုံးရဲ့ အနေအထားကိုလည်း စဉ်းစားရမယ်။ ကမ္ဘာ့
ရေစီးကြောင်းနဲ့ ဆန့်ကျင်သွားပြီး လာပြီး ရင်းနှီးမြှုပ်နှံပါပြောလို့ မရဘူး” ဟု လက်ပံတောင်းတောင် အရေး စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

မဇ္ဈိမသတင်းဌာန

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူ
သားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့”
ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး
အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ
အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်
ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

စိုင်းနောင်
Popular Myanmar News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.