07/03/13


(29 June 2013 ရက်စွဲပါ MENFAN.com မှ Religious Leaders in Burma tackle issue of hate speech ကိုဘာသာပြန်ပါသည် )

ယခုအပတ် Time မဂ္ဂဇင်းကာဗာတွင် ဦးဝီရသူ၏ပုံကိုဖော်ပြထားရာ မြန်မာနိုင်ငံတွင် ပိတ်ပင်ခဲ့ပါသည်။ ၄င်းသည် မူဆလင်ဆန့်ကျင်ရေး အမုန်းတရားပွားစေသည့် ပြောဆိုမှုများ ( hate speech ) ပြန့်ပွားအောင် လုပ်ဆောင် ခြင်းကြောင့် နိုင်ငံတကာက စောင့်ကြည့်နေမှုကို ခံနေရသူဖြစ်ပါသည်။ မြန်မာဘုန်းတော်ကြီးများ၏ ဟောပြောမှုများနှင့် အင်တာနက်မှ hate speech များသည် ဘာသာရေးအကြမ်းဖက်မှုများကို ဦးတည်စေသလော။ မြန်မာအစိုးရကလည်း အဆိုပါ hate speech များ ကို ကိုင်တွယ်တာဝန်ယူမှုရှိပါသလား။

မြန်မာနိုင်ငံသည် မကြာသေးမီကမှ ပုံနှိပ်သတင်းမီဒီယာများအပေါ် ဆင်ဆာပြုလုပ်မှုများ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုသြဇာရှိသော ဘုန်းတော်ကြီး ဦးဝီရသူ၏ မူဆလင်ဆန့်ကျင်ရေး hate speech များနှင့် ပတ်သတ်၍ Time မဂ္ဂဇင်းက မျက်နှာဖုံးဆောင်းပါးအဖြစ်ဖော်ပြလာသောအခါ အဆိုပါ မဂ္ဂဇင်းကို ပိတ်ပင်ခဲ့ပါသည်။ အကြောင်းမှာ နောက်ထပ် အကြမ်းဖက်မှုများကို လှုံ့ဆော်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု ဆိုပါသည်။

ပြီးခဲ့သည့်နှစ်ဇွန်လမှစ၍ မူဆလင်များအပေါ် ကျူးလွန်သော လူမျိုးရေးအကြမ်းဖက်မှု ငါးမှု နိုင်ငံအနှံ့ သီးခြားစီ ဖြစ်ပွားခဲ့ရာ များစွာသေဆုံးပြီး၊ ၁၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။

သောကြာနေ့က မြန်မာနိုင်ငံတွင် hate speech များ ကြိုတင်ကာကွယ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်သံအမတ်ကြီး Derek Mitchell က အဖွင့်အမှာစကား ပြောကြားရာတွင် ၄င်းကအစိုးရ၏ hate speech များ အပေါ် ကိုင်တွယ်နိုင်စွမ်းရည်သည် တိုင်းပြည်၏အနာဂတ်ကို အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး၊ အကြမ်းဖက်မှု များကို လှုံ့ဆော်ပေးမည့် ထိန်းချုပ်၍မရနိုင်မည့် hate speech များ၏ အလားအလာများကိုလည်း သတိထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ဒီတိုင်းပြည်မှာ သူ့ရဲ့လက်နက်ကိုင်ပဋိပက္ခတွေက ရှိပြီးသားပါ။ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်တွင်းက ရန်သူ တွေနဲ့ပဲ စကားပြောနေခဲ့ရတာပါ။ ဒါ့ကြောင့်ပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို သေသေချာချာ စိတ်ဝင်စားပြီး ပူပန်လို့ စောင့်ကြည့်နေသူတစ်ဦး အနေနဲ့ပြောရရင် အခုထိဆက်ပြီး စကားပြောနေရတာတွေ၊ ပုံစံအသစ်နဲ့ ပဋိပက္ခဖြစ်လာတာတွေကြည့်ပြီး ဝမ်းနည်းဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်” Derek Mitchell ဟု ကပြော ပါတယ်။

ဦးဝီရသူ၏ ထောင်ပေါင်းများစွာသော လူများရှေ့တွင် ဟောပြောမှုများတွင် မူဆလင်သွေးများကို တောင်းဆိုမှု များပင်ရှိပါသည်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကမူ မဂ္ဂဇင်းကို ပိတ်ပင်ရန် လိုအပ်ကြောင်းယုံကြည်ပြီး၊ ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုမီဒီယာများကို hate speech များပြန့်ပွားအောင် လုပ်ဆောင်မှုအတွက် အပြစ်တင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်က မီဒီယာများအပေါ်တင်းကြပ်စွာ ကိုင်တွယ်ခဲ့မှုများသည် အသစ်ဖြစ်ပေါ်လာသော လွတ်လပ်မှုအမျိုးအစားများကို ပြည်သူများ ထိရောက်စွာ ထိတွေ့မှုတွင် စွမ်းဆောင်ရည် မပြည့်မီမှုကိုဖြစ်စေကြောင်း ၄င်းက အပြစ်တင်ခဲ့ပါသည်။ ၄င်းကမူ ဦးဝီရသူ၏ ဟောပြောမှုများကို hate speech ဟုသတ်မှတ်၍မရကြောင်း ယုံကြည်သည်ဟု ဆိုပါသည်။

“ကျွန်တော်တို့အနေနဲ့ အားကောင်းတဲ့အမြင်နဲ့ hate speech ကိုခွဲခြားရှုမြင်ရပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်ပြုရမယ်။ hate speech ဆိုတာဘာလဲဆိုတာလဲ ရှင်းရှင်းလင်းလင်း လမ်းညွှန်ချက် တွေ ချမှတ်ထားဖို့လိုပါမယ်။ ဒါကြောင့်မို့ ဘုန်းတော်ကြီးတစ်ပါးက ဦးဝီရသူကို ခံစားမှုကို ထိန်းချုပ်ဖို့ သတိပေးခဲ့ပါတယ်” ဦးရဲထွဋ်က ဆိုပါသည်။

ဦးဝီရသူမှာ အကြမ်းဖက်မှုများကို လှုံ့ဆော်မှုကြောင့် ၂၀၀၃ ခုနှစ်တွင် ထောင်ကျခဲ့ရာ ၂၀၁၁ ခုနှစ်တွင် လွတ်မြောက် လာခဲ့ပါသည်။ သူသည် တရားဟောမှုများ ဆက်လက်ပြုလုပ်နေသော်လည်း အစိုးရက ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပေ။

မြန်မာပြည်သူအများစုက မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအပေါ် ထိန်းချုပ်ရန် တုန့်ပြန်မှုနှင့် ပတ်သတ်၍ မကျေမနပ်ဖြစ်ကြရသည်။ အကြောင်းတစ်ခုမှာ မြန်မာတရားရုံးများသည် အကြမ်းဖက်မှုများအတွက် မူဆလင်များကို အရေးယူခဲ့သော်လည်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်ကိုမှ အရေးယူခြင်းမရှိမှုများဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ မော်လမြိုင်မှ မူဆလင်တစ်ဦးဖြစ်သူ သက်ကိုကို က ဆွေးနွေးပွဲတွင် ပြောကြားခဲ့မှုများကို နားထောင်ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မော်လမြိုင်မြို့မှ ဘုန်းကြီးကျောင်းသည် ၉၆၉ လှုပ်ရှားမှုများ စတင်ရာနေရာဖြစ်ပါသည်။

“ကျွန်တော်တို့ဘာသာကို အစိုးရနဲ့အများစုကခွဲခြားမှုနဲ့ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် မြန်မာဘုန်းကြီးတွေပေါ့၊ ဒါကို ကျွန်တော် မကျေနပ်နိုင်ဘူး ဖြစ်နေတာ။ အစိုးရအနေနဲ့က မြန်မာနိုင်ငံမှာ hate speech ကို ကြိုတင်ကာကွယ်ဖို့၊ ဥပဒေနဲ့ ကာကွယ်ရပါလိမ့်မယ်။ လူတွေကိုပြောတဲ့ ဟောတဲ့စကားတွေကို ဆိုလိုတာပါ။ ရွာတွေမှာ သူတို့ဝေတာတွေ ရထားတာတွေ ရှိပါတယ်။ ဒါတွေကိုဘာလို့ မကာကွယ်တာလဲ။ လုပ်ဆောင်မှု အားနည်းပါတယ်” ဟု ၄င်းကပြောပါသည်။

လာမည့်အပတ်တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် အငြင်းပွားဖွယ် အမျိုးစောင့်ဥပဒေကြမ်းနှင့် ပတ်သတ်၍ ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပါသည်။

YANGON CHRONICLE

ဘာဖြစ်ချင်လဲ အကုန်ဖြစ်တယ်။ ဘာလုပ်ချင်လဲ အကုန်ဖြစ်တယ် ။ ဘယ်သွားချင်လဲ ဖြစ်တာပဲ။ ပြီးတော့မှ တလွဲလုပ်တာ ကိုအောင်ထွန်း။ ရှားရှားပါးပါး NLDထဲမှာ စိတ်အချရဆုံး အစ်စ္စလာမ် ဘာသာဝင် တတ်ကြွသူ NLD သင်္ဃန်းကျွန်းမြို့နယ်က နေ၀င်လာပြီး ဗဟိုမှာရော တိုင်းမှာရော ကုလားလေး အောင်ထွန်းလို့ သတင်းမွှေးလေသူ ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျိုက်မရော ဦးမြင့်သိန်းက စိတ်ချလက်ချ ကျွန်တော့် လက်ထဲ အပ်ပေးခဲ့တဲ့ သစ္စာရှိ နှုတ်လုံသူ ။ မေ့လျှော့ခံ နိုင်ငံရေး တတ်ကြွသူ ။ ကိုအောင်ထွန်း (ဒါမှမဟုတ်) အပွားလေး (ခေါ်) ကိုချိတ်ကြီး ။
သူက မွတ်စ္စလင်ဆိုလို့ တချို့က ကုလားလေးလို့ ခေါ်တယ် ထင်ရဲ့။ အမှန်က အပွားလေး ။ သူ့မှာ လက်ပွားလေးပါလို့။ အပွားလေးလို့ ခေါ်တာ ။ လက်ပွားပါတဲ့ လူများ လက်သွက် ခြေသွက်ရှိတယ် လို့ပြောတတ်ကြပါတယ်။ နှိပ်ရင်လဲ လက်ပေါက်တယ်လို့ ဆိုကြပြန်ပါတယ်။ကျွန်တော့် အမြင် အရတော့ နှစ်ခုလုံး မှန်ပါတယ်။ တစ်ခုပဲပိုတာပါ ။ လွဲတာ တစ်ခုပါပဲ။

အင်းစိန်ထောင်ထဲမှာ ထောင်ဝန်ဒါမီယာ လို့ခေါ်တဲ့ ငါးစောင်တိုက်ဆိုတာ ရှိပါတယ်။ သံဃာတော်များရဲ့ အရေးတော်ပုံကာလ ၂၀၀ရခုနှစ် စက်တင်ဘာလကုန်မှာကျွန်တော် ထောင်ထဲကို ရောက်သွားချိန်မှာပေါ့။သူက ငါးဆောင်တိုက်ထဲရောက်နှင့်နေပါပြီ။
အဲဒီမှာ အများစုက NLDတွေပါပဲ။ ရှားရှားပါပါး တန့်ဆည်အမတ် ဦးကျော်ဆန်းနဲ့လဲဆုံရပါတယ်။ သူကဗိုလ်မှူးကြီးဟောင်း။ လူဖြောင့်စိတ်တို၊ ထောင်အာဏာပိုင်မှန်သမျှ တစ်ယောက်ကိုမှ သူကြည့်မရ။ထောင်မှာ ထောင်စကား နဲ့ တလာစီတယ် ဆိုတာရှိပါတယ်။အခန်းထဲဝင်ပြီး ရှာဖွေရေးလုပ်တာပါ။ ထောင်ဥပဒေ နဲ့ မလွတ်ကင်းတဲ့ပစ္စည်းရှိမရှိ ၀င်ရှာတာပေါ့။ဦးကျော်ဆန်း အခန်းလဲရောက်ရော ဘာမပြောညာမပြော ဘိုးတော်ကြီးက ပုဆိုးကွင်းလုံးပုံ ချွတ်ချလိုက်ပြီး ကိုင်း ကြိုက်သလောက်သာ ရှာကြစမ်း။ ဟောဒီ ဖင်ကြားထဲမှာပါ လာရှာကြ ဆိုပြီး သူ့ တင်ပါးပုတ်ပြလိုက်ပါသေးရဲ့။ ဒါကြောင့်လဲ ထောင်ဝန်ထမ်းတွေအားလုံးက ဦးကျော်ဆန်း ဆိုလန့် ကြပါတယ်။ အဲဒီ ဦးကျော်ဆန်း လန့်တာ ကိုအောင်ထွန်းတစ်ယောက်ပဲ ရှိပါတယ်။ကိုအောင်ထွန်းက ဦးကျော် ဆန်း ကို သိတ်သဘောကျတာ။ အဘအဘ နဲ .အနားကကို မခွာဖူး။ ဦးကျော်ဆန်းဘာပဲ လုပ်ချင် လုပ်ချင် အနားမှာ ကိုအောင်ထွန်းအဆင်သင့် ရှိရှိနေတတ်ပါတယ်။ ပြီးတော့ သူကပြောသေးရဲ့ ဒီလို ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့ အဘတို့ကို ကျွန်တော်တို့က နိုင်သလောက် ပံ့ပိုးပေးရမယ်တဲ့ ။ ဒါကြောင့်ထင်ပါရဲ့ ။ ကိုအောင်ထွန်းဟာ မနက် မျက်နှာသစ်ပြီးတာနဲ့ ဦးကျော်ဆန်း အခန်းရှေ့ရောက်နေတော့တာပါပဲ။ အဘဦးကျော်ဆန်းကလဲ နေ့လည် ၁နာရီထိုးမှ အိပ်ယာထလေ့ရှိတာပါ။ သူက အဘကို ခြေဆုတ်လက်နယ် ပြုပေးဖို့ အခွင့်စောင့်နေတာ။ တစ်ရက် အဘဦးကျော်ဆန်းက ဇာတ်ကျော တတ်နေတယ် ပြောတာနဲ့ ။ ကိုအောင်ထွန်းက ဘာမပြော ညာမဆို အဘဦးကျော်ဆန်းကို ဆွဲပြီး နှိပ်တော့တာပါပဲ။ အဘခမျာ လည်ပင်းကြီး စောင်းသွားရှာပါတော့တယ် ။ အဲ့ဒီနေ့ကစလို့ ဦးကျော်ဆန်းက ကိုအောင်ထွန်းကို အကြောက်ကြီးကြောက်သွားပြီး သူ့အခန်းကို အောင်ထွန်းမလာရလို့ အမိန့်ထုတ်ခဲ့ရပါတော့တယ်။ ကံအားလျှော်စွာ ကိုအောင်ထွန်းကလည်း လွတ်သွားတော့ သူတို့ပြန်မဆုံခဲ့ကြတော့ပါဘူး။ အခု အဘဦးကျော်ဆန်းလည်း ဆုံးပါးခဲ့လေပြီ။

၁၉၉၀မှာ ကိုအောင်ထွန်း NLD ပါတီထဲ ၀င်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့အသက် ၁၈ နှစ်တောင် မပြည့်သေးပါဘူး ။ ရွေးကောက်ပွဲကလည်း လုပ်ခါနီး NLDမှာလည်း တက်ကြွတဲ့ လူငယ်တွေ စုဆောင်းချိန်ဆိုတော့ အောင်ထွန်းတစ်ယောက် ခုန်ပေါက်လို့ ၀င်ရောက်သွားတဲ့အခါ သူ့အဖေက အကြီးအကျယ်တားခဲ့ပါသေးတယ်။ သူ့အဖေက ရိုးရိုးအေးအေး ။ ပြီးတော့ သိပ်ကြောက်တတ်တာ။ နိုင်ငံရေးဆိုတော့ ပိုဆိုးတာပေါ့။ အထူးသဖြင့် မြန်မာ ပြည်မှာ အဖေတို့ အစ္စလာမ် ဘာသာဝင်တွေဟာ ။ လူအမြင်ကတ်အောင် လက်ယားလက်ယားလုပ်မနေသင့်ဘူးလို့ ။ ကိုအောင်ထွန်းကို သူ့အဖေက မကြာမကြာ ဆုံးမလေ့ရှိပါတယ်။ ကိုအောင်ထွန်းကတော့ တားမရခဲ့ပါဘူး။ ဖင်ပေါ့တဲ့အတွက်လဲ လူကြီးတွေကလဲ ကြိုက်တယ် ။ ရဲတင်းလို့လဲ လူငယ်တွေကကြိုက်တယ်။ သူ့ရဲ့အရေးကြီးဆုံး လက္ခဏာကတော့ နေရာမရူးတာပါပဲ။ ဘယ်နေရာမှာထားထား နေတယ်။ ရှေ့မထွက်ရလဲ ဖြစ်တယ်။ ထိုင်ခုံတစ်လုံးကို သူ့ယုံကြည်မှုနဲ့ ဘယ်တော့မှ အလဲ အထပ်မလုပ်တဲ့သူပါ။

NLDမှန်သမျှ ထောင်ထဲ ပို့နေချိန်မှာ ရွှေဂုံတိုင် ရုံးက ခြောက်ကပ်လို့နေပေါ့။ ဘယ်သူမှ အ၀င်အထွက် မလုပ်ရဲကြဘူး။ ထောက်လှမ်းရေးကလည်း မျက်ခြေမပြတ် စောင့်ကြည့်လို့ရယ်။ ဒါပေမဲ့ ပါတီတစ်ခုဟာ ပါတီအလုပ်ကိုတော့ စဉ်ဆက်မပြတ် လုပ်နေရမှာပါပဲလေ။ ဒီတော့ NLD ပြန်ကြားရေး က သတင်းတွေ ညွှန်ကြားချက်တွေ ကို စက်နဲ့ လှည့်ထုတ်နေ ရတာပေါ့။ ပုံနှိပ်ဖို့က မဖြစ်ဘူးလေ ။ ဘယ်ပုံနှိပ်စက်ကမှလည်း ရိုက်မပေးပါဘူး။

ကိုအောင်ထွန်းက ရန်ကုန်မြို့ (၃၂)လမ်းမှာ စက္ကူအရောင်းအ၀ယ် လုပ်ဖူးတယ်။ စာကူးစက်လဲ လှည့်ဖူးတယ်ဆိုတော့ ။ ဦးထွန်းမြင့်က သူ့ကိုခေါ်ပြီး NLD ပြန်ကြားရေးမှာ လုပ်ခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ တစ်ခုလောက်ဖြတ်ပြီးပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အဲ့ဒီအချိန်တွေတုန်းက လက်ကမ်းစာစောင် တစ်ရွက်နဲ့ ထောင်၇နှစ် ချနေချိန်ပေါ့။ ပုံနှိပ်ဥပဒေဆိုတာ လို သလို သုံးနေချိန်ပေါ့။ NLD ရုံးက ထွက်လာတာနဲ့ ကိုအောင်ထွန်းကို ထောက်လှမ်းရေးက ဖမ်းစစ်တော့ တာပါပဲ။ စစ်တိုင်းလဲ ဘာစာရွက်မှ သူ့ကိုယ်ပေါ်မှာ ပါမလာပါဘူး။ ကြာတော့ ထောက်လှမ်းရေးတောင် စိတ်ညစ်လာတယ်။ မင်းအဲ့ဒီရုံးမှာ ဘာသွားလုပ်လုပ်နေတာလဲလို့ မေးရတဲ့အထိအောင်ပါပဲ။ သူကလဲ လူကြီးတွေ ပျင်းမှစိုးလို့ စကားသွားပြောရင်း ထမင်းဟင်းချက်ကျွေးတာပါလို့ ဖြေခဲ့တာချည်းပါပဲ။

တကယ်တော့ လူကြီးတွေ ပြောသမျှ၊ ခိုင်းသမျှ၊ အလွတ်ကျက်ပြီး အိမ်ကိုပြန် ။ သင်္ဃန်းကျွန်းက သူ့လူတွေကို ပြန်ပြောပြီး ညတွင်းချင်းစာစီကြတာပါ။ အဲ့ဒီတုန်းက ကွန်ပျူတာ စာစီတာလည်းမရှိသေးတော့ ဖယောင်းစက္ကူပေါ် လက်ရေးနဲ့ရေးပြီး စာကူးစက်နဲ့ လှဲ့ရတာပေါ့။ တစ်ခါတစ်လေ လက်နှိပ်စက်နဲ့ ရိုက်ပြီး ထုတ်ရတာလဲ ရှိခဲ့ပါတယ်။ နယ်ကိုပို့တော့လဲ တော်တော်စွန့်စားရတာပါ။ ရန်ကုန်ကနေ လွိုင်ကော်ကိုသွားတဲ့ ခရီးသည်တင်ကားပေါ်မှာ NLDကစာတွေ အထုတ်လိုက် ဖမ်းခံထိပြီးသွားတော့ ဘယ်သူမှ လိုင်းကားပေါ်အတင်မခံတော့ပါဘူး။ ဒီတော့ ကိုအောင်ထွန်းတို့တွေ အကြံ အဖန်လုပ်ရတာပေါ့။

ကုန်ကားတွေနဲ့ပို့ရသလို အထည်ထုတ်တွေ ပိတ်စတွေထဲ လိပ်ပို့ရတက်ပါတယ်။ တဖြေးဖြေးနဲ့ ကိုအောင်ထွန်းရဲ့ ကွန်ယပ်က ကျယ်လာပါတယ်။ ယုဇနပလာဇာ ၊ မင်္ဂလာဈေးတို့ထိ သူ နှံ့စပ်သွားပါတော့တယ်။ ကားဂိတ် ၊လှေဆိပ် ၊လှည်းဆိပ် တွေလဲ သူမရောက်ဖူးတာ မရှိသလောက်ပါပဲ။ ပိုပြီးကောင်းသွားတာက သူ့ရဲ့ ဗန်းပြအလုပ်ပါပဲ။ နယ်မြို့တွေကို စာရွက်တွေ ကဒ်ပြားတွေ ပို့တဲ့ အလုပ်ပါ။ တဖက်တလမ်းကလဲ မိသားစုဝင်ငွေရ ၊ ပါတီရဲ့တာဝန်လဲ ထမ်းဆောင်ပြီးသားဖြစ်ဆိုတော့ နှစ်ဦး နှစ်ဖက် အကျိုးရှိတာပေါ့လေ။ ကြာလာတော့ သူ့ အဖေက မဖြစ်ချေတော့ဖူး ငါ့ သားခြေငြိမ်အောင် လုပ်မှဆိုပြိး အိမ်ထောင်ချပေးလိုက်ပါလေရော။ကိုအောင်ထွန်းတို့ကတော့ ပိုပြီးတောင်ခြေရှုတ်လာသေး။သူ့မိန်းမ ကိုပါ နိုင်င့ရေး နယ်ထဲဆွဲထည့် သွားပါလေရော။သူ့မိန်းမခမျာ ဆာရီ တဖားဖား နဲ့ စာပို့သမားလုပ်ခဲ့ရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျိုက်မရော က လွှတ်တော် ကိုယ်စာလှယ် ဦးမြင့်သိန်းဆိုရင် ကိုအောင်ထွန်းကိုအ သည်းစွဲပေါ့ ။ ပါတီရဲ့ အရေးကြီး လျှိုဝှက်စာဆိုလို့ကတော့ ကိုအောင်ထွန်းလက်ထဲသာ ထည့်ပေးလိုက် ။ လိုတဲ့ နေရာရောက်ကိုရောက်စေရမယ်လို့ အပွားလေးဘက်ကနေ အမြဲ အာမခံသူပါ။ သည်တော့လဲ NLD ပြန်ကြားရေးမှာ ကိုအောင်ထွန်းဟာ သူ့လက်သူ့ခြေ ဖြစ်လာတော့တာပေါ့။ ထောက်လှမ်းရေးကလဲ သူ့ကိုတစ်ခါမှ မျက်ခြေပြတ်မခံခဲ့ပါဘူး။ လစ်ရင် လစ်သလို ခဏခဏ ၀င်ဆွဲပြီးစစ်တာပါပဲ။ တစ်ခါမှတော့ လက်ပူးလက်ကျ မမိခဲ့ပါဘူး။ ဒါပေမဲ့ ယုန်ထောင်မမိ ကြောင်မိပေါ့လေ။ NLD လွှတ်တော် ခေါ်ယူရေးကိစ္စမှာ တန်းအဖမ်းခံရတော့တာပါပဲ။
၁၉၉၈ ခုနှစ်မှာ NLD က တစ်နိုင်ငံလုံး လွှတ်တော်ခေါ်ဖို့ ကိစ္စ ကြေငြာလိုက်ပါတယ်။ အစိုးရက အငိုက်မိသွားတာပေါ့ ။ ဒီတော့ စစ်အစိုးရရဲ့ အကျင့်အတိုင်း ရှက်ရမ်းရမ်းပြီး အကုန်ဖမ်းတော့တာပါပဲ။ NLD ဆို တစ်ယောက်မှ မကျန်စေနဲ့ ဆိုတော့လည်း ကိုအောင်ထွန်းပါသွားရှာပါတော့တယ်။ ရဲမွန်မှာထားပြီး ထုလိုက်ထောင်းလိုက် ၊ စစ်လိုက် နဲ့ (၄)လကျော်ကြာသွားတော့မှ ပြန်လွှတ်ပေးခဲ့ပါတယ်။

အပြင်ပြန်ရောက်လာတော့လည်း NLD ရုံးကိုပဲ ကိုအောင်ထွန်းပြန်သွားခဲ့ပါတယ်။ ထုံးစံအတိုင်း ပြန်ကြားရေးပဲပေါ့။ တစ်ခုထူးတာလေးရှိပါတယ်။ စစ်အစိုးရဟာ လူအတော်များများကို အကြောင်းမဲ့ စည်းလွတ်ဝါးလွတ်ဖမ်းပြီး။ ကောင်းကောင်းဗျင်းလေ့ရှိပါတယ်။ သူတို့သဘောကတော့ ကြောက်သွားအောင်လုပ်တာပါ။ ကျွန်တော်တွေ့ရသလောက်ကတော့ လွတ်လာရင် ပိုပိုမာလာကြတယ်။ ငါးဖယ်တွေပေါ့လေ။

အပွားလေးလဲ ပိုမာလာတယ်။ ခြေပိုသွက်လာတယ်။ သူ့ကိုဖမ်းဖို့ တော်တော်ရှာရတယ်။ လှစ်ခနဲ လှစ်ခနဲပဲ။ ကျွန်တော်တို့က စာပေးချင်လို့ ခေါ်လိုက်တယ်ဆိုရင် ဖျက်ခနဲပေါ်လာ လှစ်ခနဲပျောက်ပဲ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာပြီး နယ်ခရီးစဉ် ထွက်မယ်ဆိုတော့။ သူဟာ ရှေ့ပြေးပဲ။ အန်တီသွားမဲ့ လမ်းကြောင်း သူ့ခြေရာတွေ ချည်းပဲ။
ဒါကြောင့်လဲ ဘူတာကြီးအရေးခင်းမှာ သူအဖမ်းခံရတာပေါ့။ အန်တီက အထက်မြန်မာပြည် ခရီးစဉ်ထွက်ဖို့ ရထားလတ်မှတ်ဝယ်ပြီး ရန်ကုန်ဘူတာကြီးကိုဆင်းတယ်။ အန်တီ စီးရမဲ့ ရထားစင်္ကြံက ပလတ်ဖောင်း နံပါတ် (၁) ဒါပေမဲ့ အဲ့ဒီနေ့က စင်္ကြံနံပါတ် (၂) (၃) (၄) (၅) တွေကပဲ ရထားထွက်တယ်။ ပလတ်ဖောင်း နံပါတ်(၁)ကိုတော့ ပိတ်ပြစ်တယ်။ ရထားလတ်မှတ်ရောင်းတုန်းက ရောင်းပြီး ။ အခုရထားဘာကြောင့် မထွက်တာလဲ ဆိုတော့ ဖြေမဲ့လူမရှိပါဘူး။ အန်တီကလည်း ရထားမထွက် မချင်း စောင့်မယ်ဆိုပြီး ဘူတာထဲက မထွက်ဘူး။ အခြေအနေတွေက တင်းမာကုန်တယ် ။ တပ်ကလည်း နေရာယူထားတယ်။ NLDကလဲ အန်တီ့လုံခြုံရေးမို့ အပြည့်ကာတယ် ။ ဒီနေရာမှာ NLDက အတွင်းစည်း အပြင်စည်းဆိုပြီး နှစ်ထပ်ကာတယ်။ အတွင်းစည်းက အန်တီ့ကိုဝန်းရံထားတာ။ အပြင်စည်းကတော့ ကင်းပုန်းပဲ။ ဘူတာရှေ့ရပ်ထားတဲ့ အန်တီတို့ ကားသုံးစီးကို ကရိန်းနဲ့မပြီး သယ်သွားဖို့ လုပ်နေကြချိန်ပေါ့။

တကယ့်တကယ် ထိပ်တိုက်စော်ကြတော့လဲ လက်နက် ရှိတဲ့လူကပဲ သာသွားတာပေါ့လေ။ ကိုအောင်ထွန်းတို့အားလုံး အဖမ်းခံရတော့တာပါပဲ။ သေနပ်ကိုင်ပြီး သတ္တိရှိသူတွေက ခဲတံချွန်စက်တောင် မပါတဲ့ ပြည်သူတွေကို စောင့်ကန်ထိုးကြိတ်ပြီး ကားတွေပေါ် ပစ်တင် ဖမ်းသွားတာကို ရန်ကုန်လူထုကတော့ ကြည့်လို့ကောင်းနေကြလေရဲ့။
ဒီလိုနဲ့ အင်းစိန်ထောင်ရောက်သွားခဲ့ကြပြန်ပေါ့။ တစ်ပတ်တိတိ တိုက်ပိတ် ထမင်းမကျွေးပဲ။ ဒီအတိုင်းပစ်ထားခဲ့တာပါ။ တစ်ခါ တိုက်ခန်းထဲကနေ အပြင်ထုတ်ပြီး စစ်ကြောတဲ့ အခါမှာလဲတနေကုန် မထိုင်ရပါဘူး။ အဖြေကိုမကြိုက်ရင် စောင့်ကန်ခံရပါသေးတယ်။ အခုထက်ထိ ကိုအောင်ထွန်းရဲ့ ဘယ်ဘက်နံပါးမှာ အမာရွတ်ရှိနေပါသေးတယ်။ ထောက်လှန်းရေးက ဗိုက်ကို စောင့်ကန်လိုက်လို့ စာပွဲစောင်းနဲ့တိုက်မိပြီး စုတ်ပြဲသွားခဲ့တာပါ။ ဘာဆေးမှလဲ မပေးပါဘူး။ ဖြစ်ချင်တော့ ကိုအောင်ထွန်းကို အဲ့သလို ကန်ခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်ကြီးနဲ့ ပုသိမ်ထောင်မှ ဆုံခဲ့ကြပါသေးရော။ သူလဲ အကျဉ်းသား၊ ကိုယ်လဲ အကျဉ်းသား ကိုအောင်ထွန်းက တရားတွေကျတာ မကျတာ မသိပါဘူး။ ဒါပေမဲ့ ထမင်းပန်ကန်ကြီးကိုင်ပြီး အဲ့ဒီလူထိုင်ငိုနေတဲ့ မြင်ကွင်းကိုတော့ မမေ့နိုင်ခဲ့တာ အမှန်ပါ။ ဘာလို့ငိုနေတာလဲလို့ သွားမေးတော့ မစားနိုင်လို့ ဒီလို ဘ၀မျိုးရောက်တာ ခံစားရခက်လွန်းလို့တဲ့။ ကိုအောင်ထွန်းရင်ထဲမှာတော့ ပြောမိလိုက်ရဲ့။ ခင်ဗျားတို့တုန်းက ဒီလို ထမင်းတောင် ကျွန်တော့်ကို မကျွေးခဲ့ပဲ။ တပတ်တိတိပစ်ထားခဲ့တာလေလို့။ ဒါပေမဲ့ ပြောမထွက်ခဲ့ပါဘူး။ ကိုအောင်ထွန်းဆီမှာရှိနေတဲ့ ငါးခြောက်ကလေးနဲ့ ဆေးဘဲဥလေးတောင် သွားပေးခဲ့ပါသေးတယ်။

ဒုတိယအကြိမ်ထောင်ကလွတ်တော့လည်း ကိုအောင်ထွန်း NLD ပြန်သွားခဲ့တာပါပဲ။ အိမ်ထောင်ကျထားပြီး သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့ စားဝတ်နေရေးကလည်း လိုလာတာပေါ့။ ဒီတော့ ကျပန်းအလုပ်ကလေးတွေလုပ်ရင်း NLD ပြန်ကြားရေးမှာပဲ ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘ၀ အမှတ်တရတွေက များလိုက်တာ။ စက္ကူဆိုင်မှာဝင်လုပ်ရင်း တစ်လလောက်ကြာတော့ သူ့ကို NLD ကမှန်းသိသွားလို့ အလုပ်က ထုတ်ပစ်လိုက်ပါရော။ အဲ့ဒီဆိုင်ပိုင်ရှင် လူကြီးနဲ့ NLD ပညာရေးကွန်ယက်ပွဲမှာ တွေ့တော့ ကိုအောင်ထွန်းကို မမှတ်မိရှာပါဘူး။ ဒါပေမဲ့ အဲ့ဒီစက္ကူဆိုင်ပိုင်ရှင်ကြီးက အလှူရှင်ကြီးလေ။
စားသောက်ဆိုင်မှာ ပန်ကန်ဆေး ၊ စားပွဲထိုးလဲ လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကတော့ အလုပ်ထုတ်မခံခဲ့ရပါဘူး။ ဒါပေမဲ့ ဆိုင်ရှင်ကို နှစ်လုံးထီရောင်းမှုနဲ့ ရဲက ဖမ်းသွားတော့ အလုပ်ပြုတ်ခဲ့ရပြန်ပါရော။

ဒီလိုနဲ့ ကိုအောင်ထွန်း တစ်ယောက် ပန်ရံလုပ်ရင်း ၊ လက်သမားလုပ်ရင်း NLD ပြန်ကြားရေးအလုပ်ကိုပါ မပျက်ကွက်ခဲ့ရှာပါဘူး။ ဖြစ်ချင်တော့ ၂၀၀၇ ဓါတ်ဆီဈေးတက်တဲ့ကိစ္စ ၊ ပခုက္ကူ ကစတဲ့ သံဃာတော်အရေးအခင်းတို့ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ကိုအောင်ထွန်း တစ်ယောက် မပါလိုက်ဘူးဆိုတာ ဘယ်ရှိပါ့မလဲ ။ လမ်းလျှောက်ဆန္ဒပြတဲ့ အထဲမှာလဲ ပါလိုက်တာပဲ။ ဘုန်းကြီးဆွမ်းကပ်တော့လဲ ထိပ်ဆုံးကပါတာပါပဲ။

ကျွန်တော့မှာ ခြင်းတောင်းဖုန်းတစ်လုံးရှိပါတယ်။ အဲ့ဒီဖုန်းကို HAND SET နဲ့ ပြောင်းချိတ်ပေးပြီး သူ့ကိုပေးကိုင်ထားပါတယ်။ မြင်းကို GSMတပ်ပေးလိုက်သလိုပေါ့ဗျာ။ တမြို့လုံးနှံနေအောင် အပင်ပန်းခံနိုင်မှုကိုတော့ အံအားသင့်ပါတယ်။ သူ့အကူအညီကြောင့်လည်း ဆရာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းပွဲဟာ အရှိန်ကောင်းခဲ့တာပါ။
မင်းကိုနိုင်ဖမ်းသွားပြီး ကိုထွန်းမြင့်အောင်တို့ ၊ ကိုစိုးထွန်းတို့ လည်းပုန်းနေပြီ နီလာသိန်း ၊ ဖြူဖြူသင်း ၊ နီမိုလှိုင်တို့လည်း ရှောင်နေကြတယ်။ ဒီအချိန်မှာ တစ်ဦးတည်းသော ဆက်သားဟာ ကိုအောင်ထွန်းပါပဲ။ ဒီကစလို့ သူ့နံမည်လဲ ကိုချိတ်ကြီးလို့ တွင်သွားတာပါ။

ကိုထွန်းမြင့်အောင်တို့က ဘယ်ဘုန်းကြီးနဲ့ ချိတ်ပေးပါဦးဆိုလဲ သူပြေးချိတ်တာပါပဲ။ နီလာသိန်းက ဆက်သွယ်ရေးကောင်းအောင် ဖုန်းတစ်လုံးရှာပေးပါဦးဆိုလဲ သူပဲ ၊ မဂ္ဂင်ဆရာတော် ဦးဇင်း ပနားမားက တခြားဆရာတော်တွေဆီ ချိတ်ပါဦးဆိုလဲ သူပဲ၊ ကျွန်တော်တို့ အချင်းချင်း နောက်ပြောင်နေကြ စကားရှိပါတယ်။ ဘုန်းဘုန်းတွေနဲ့ အဆင်ပြေဆုံး ကိုအောင်ထွန်းက အစ္စလာမ် ဘာသာဝင်ဆိုတော့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ညွှန့်ပေါင်းတပ်ဖွဲ့နေသလားလိုပေါ့။

ဆရာတော်တွေ မေတ္တာပို့လမ်းလျှောက်တော့လဲ ရှေ့ကနေ လမ်းကြောင်းရှာသူက ကိုအောင်ထွန်း ။ ဘုန်းကြီးတပ်ကို ဒေါ်အောင်ဆန်းဆုကြည် အိမ်ရှေ့ကို ခေါ်သွားတာလဲ ကိုအောင်ထွန်းပါပဲ။ သူ့ကြောင့် ဘုန်းကြီးတွေ လမ်းပိုလျှောက်ရလို့ ၀ိုင်းဆူတော့လဲ ရယ်ကျဲကျဲနဲ့ ဖြစ်ပါတယ် အကိုရာ ဟဲဟဲ ဟဲဟဲနဲ့ ပြီးသွားတာပါပဲ။ ကြည့်လေ မူလလမ်းကြောင်းက ရွှေတိဂုံဘုရားပေါ်က ဆင်းပြီးရင် ကမ္ဘာအေးဘုရား၊ ပြီးမှ ဆူးလေ ဘုရားမှာ မေတ္တာပို့ပြီး လူစုခွဲမယ်ပေါ့။ဆရာသမား က ရှေ့ကနေ လမ်းကြောင်းပြပြီး ကြည့်မြင်တိုင်ကမ်းနားဖက်ခေါ်သွားပါလေရော။အဲဒီအချိန်မှာ ကျွန်တော် နဲ့ကိုကျော်သူ က ဒါ၇ိုက်တာ ကိုအောင်မင်းသိမ်း ဆေးရုံတက်နေလို့ မြောက်ဒဂုံ က ပင်လုံဆေး၇ုံကိုရောက်နေတာပါ။

ကိုအောင်ဝေးနဲ့ကိုစိုးမြင့်ထိန်က ဘုန်းကြီးတွေလမ်းကြောင်းလွဲသွားပြီိလို့ အကြောင်းကြားလာတော့မှ ကျွန်တော် တို့မနေသာတော့ပဲ မြောက်ဒဂုံကနေ ထွက်ခဲ့ရပါရော။သူ့ဆီဖုန်းလှမ်းဆက်တော့ ဆရာသမားက ဟဲဟဲဟဲ ဖြစ်ပါတယ် အကိုရာ ခု လှည်းတန်းကနေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဘွားတော်အိမ်ရှေ့မှာ မေတ္တာသွားပို့မလို့ပါ တဲ့။သူကတော့ အေးအေး ပဲ၊ကျွန်တော်က တော် တော် ပူသွားတယ်။ အမေရိကန်သံရုံးရှေ့မှာလဲ အစောင့်တွေက မနည်းမနော၊အန်တီိအိမ်ရှေ့မှာလဲ တပ် ချ ထားတာ နည်း မှတ်လို့။ ကွိုင်ပူနိုင်တယ် ဆိုပြီး တက္ကသိုလ် ရိပ်သာလမ်းအရောက် အငှားကား နဲ့ ဒုန်းစိုင်းရပါတော့တယ်။ မိုးလေးကလဲ တဖွဲဖွဲ နဲ့ဆိုတော့ ဘုန်းကြီးတွေ အအေးမိတော့မှာပဲလို့ စိုးရိမ်ရ ၊ ကမ္ဘာအေးဘုရားလမ်း တလျောက် အအေး၊ ဖျော်ရည်၊ ဆေး၊ ချောင်းဆိုးပျောက်ငုံဆေး(VICKS)ကပ်လှူဖို့ နေရာ ယူထားကြတဲ့သူတွေကလဲ မနည်း၊ အစီအစဉ် တွေတော့ လွဲကုန်ပါပြီ ဆိုပြီးကျွန်တော် က ဖုန်းတွေလိုက်ဆက်ရ ၊စာရေးဆရာ ကိုတင်သစ် နဲ့အဖွဲ့ က နေရာ ချထားရေး တာဝန်ယူထားလေတော့ အလှူရှင် တွေကို လမ်းကြောင်းပြောင်းသွားလို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့ ရွှေ့ပေးပါလို့ အကြောင်းကြားရပြန်တာပေါ့။ ဆရာသမား ကိုချိတ်ကြီး က တော့ အန်တီ အိမ်ရှေ့က အတားတွေ အဆီးတွေ ကို ဖယ်ပြီး ဆရာတော် သံဃာတော် တွေကို အန်တီ အိမ်ရှေ့ရောက်အောင် ခေါ်သွားခဲ့ပါတော့တယ်။ အန်တီကလဲခြံတ့ခါးဖွင့်ပြီး တ့ခါး အတွင်းဖက်ကနေ တရားထွက်နာလိုက်တော့ လူအုပ်ကြီး ငိုပွဲဆင်ပေါ့။ သမိုင်းဝင် ဓါတ်ပုံအဖြစ် နဲ့ ချက်ချင်း ON LINEပေါ်တက်လာတော့တာပါပဲ။ အေးအေးချမ်းချမ်း အန်တီအိမ်ရှေ့ကနေ ထွက်ခွာလာတော့မှ ပဲ ကျွန်တော် သက်ပြင်းချ နိုင်ပါတော့တယ်။ကိုချက်ကြီးကတော့ ဖြစ်ပါတယ် ဖြစ်ပါတယ် နဲ့ ပျော်လို့ပြုံးလို့။တန်းစီပြီး အကုန်ဖမ်းတော့မှ သူ မပျော်နိုင်တော့ဖူး။ သူ့မိန်းမ က နေ့စေ့လစေ့ နဲ့ကိုး။ ကလေးမွေးဖို့ နေ့လား ညလားပဲလေ။ သူ့မိန်းမ ကိုထားခဲ့ပြီးထောင်ထဲ ရောက်လာတော့ သူ့မျက်နှာ မရွှင်လန်းရှာပါဖူး။ သူနဲ့တူတူ NLDက မဥမ္မာ၊ ကိုသန်းထိုက်အောင် တို့ပါ ပါလာပါတယ်။ ထောင်ဘူးတံခါးကြီးမှာ ကျွန်တော် နဲ့ ဆုံတော့ မျက်နှာလေး ပျက်တက်တက် နဲ့ ဆော် ပြီထင်တယ် အကိုရေ တဲ့။

ဒါပေမဲ့ သူထင်သလို ဖြစ်မလာပါဖူး။ တစ်လခွဲလောက် အကြာမှာ ပြန်လွတ်လာပါတော့တယ်။ သူနဲ့ ကျွန်တော် ရှေ့ဆင့်နောက်ဆင့် လွတ်လာကြလေတော့ တူတူရာ စုတတ်ကြတဲ့ သဘာဝ အတိုင်း ထောင်ဝင်စာပေးပို့ရေးအပိုင်းမှာ ပေါင်းမိကြတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ကလဲ သီးလေးသီး အဖွဲ့ကို မျှော်စင်ကျွန်းမှာ က ပြဖို့ စီစဉ်နေချိန်ဆိုတော့ ကိုချိတ်ကြီးရောက်လာတာ တအားတိုးခဲ့ပါတယ်။ မျှော်စင်ကျွန်းအငြိမ့်ကို DVB ကနေ ပြဖို့ရော ခိုးကူးတွေနဲ့ ပေါင်းပြီး အငြိမ့်ခွေ ဖြန့်ဖို့အတွက်ရော ကျွန်တော် တို့တူတူလုပ်ခဲ့ကြတာပေါ့။ ရန်ကင်းမှာ၊ တောင်ဥက္ကလာမှာ၊ သင်္ဃန်းကျွန်းမှာ၊ သုဝဏ္ဏမှာ အခွေတွေ ဖြန့်ပြီး ကူး။ ပြီးတော့ နယ်ပို့။ ရန်ကုန်မှာတော့ ယုဇန ပလာဇာ ကိုပို့၊ ဒီနည်းနဲ့ သီးလေးသီးကို တစ်နိုင်ငံလုံးပြန့်အောင်ဖြန့်ခဲ့ကြတာပါ။

သီးလေးသီးတွေ စင်ကာပူ၊ ထိုင်း၊ ကိုးရီးယား ရောက်တော့လဲ သူတို့ အငြိမ့်တွေ ကျွန်တော့်ဆိပို့ပေးတာပါပဲ။ ဒီအခွေတွေကို ပြန်ပွားဖို့ နဲ့ ဖြန့်ဖို့ကတော့ ကိုချိတ်ကြီးတာဝန်ပေါ့။
ထောင်ထဲကို ထောင်ဝင်စာပို့ဖို့ကလဲ သူ ပဲ ဦးဆောင်ရတာ။ မဥမ္မာက ဒိုင်ခံချက်၊ ကိုချိတ်ကြီးက ထောင်ကိုစားစရာ ၀တ်စရာ ဖတ်စရာတွေ တစ်ပတ် မှာလေးခေါက် ပို့ရပါတယ်။ ဒီကြားထဲ NLDက တီရှပ် တွေ တံဆိပ်ရိုက်ပါဆိုလဲ သူပဲ။ Vote No ဆိုတဲ့ စတစ်ကာတွေ ဆိုင်းဘုတ်တွေ လုပ်ပါဆိုလဲ သူပဲ။ ကိုအောင်ထွန်းတစ်ယောက်ရှိ နေတာဟာ လူတစ်ရာစာ အလုပ်လုပ်တာနဲ့ ညီတယ် ဆိုရင် ပိုမယ် မထင်ပါဖူး။ ဒီကြားထဲ ခြေရာဖျောက် ပုန်းနေတဲ့ နီလာသိန်းတို့ နီမိုလှိုင်တို့တွေဆီကို စားစရာ ၀တ်စရာတွေပို့ ပေးတော့လဲ သူပါပဲ။
အကုသိုလ် က ၀င်ချင်တော့ သူတို့NLDက ရဲဇော်ထိုက် ဆိုတဲ့ လူငယ်လေးက တောထဲက ပြန်လာတယ်။ ရဲဇော်ထိုက်ဟာ မဲဆောက်မှာ သင်တန်း သွားတက်တာပါ။ သူပြန်လာတော့ ဖောက်ခွဲရေး ကိစ္စတွေမှာ သုံးလေ့ရှိတဲ့ ဒီတိုနေတာ တစ်ခု ပါလာတယ်။ ဘာရယ် မဟုတ်ဖူး။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ငါ ဗုံးနဲ့ ထုလိုက်ရမလား လို့နောက်နေကြတာ။ ထောင်စကားနဲ့ဆိုရင် ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဖူး ဆိုသလိုပါပဲ။ တစ်နေ့ ရဲဇော်ထိုက်ကို ရဲက ဖမ်းတဲ့အခါ သူ့ လွယ်အိတ်ထဲမှာ ဒီတိုနေတာ ကို တန်းတွေ့ တော့တာပါပဲ။

ဒီမှာတင် ရဲဇော်ထိုက် နဲ့ပတ်သက်တဲ့သူ အားလုံး ဆွဲစေ့တော့တာပေါ့။ အဲဒီအထဲမှာ ကိုအောင်ထွန်းလဲ ပါသွားပါလေရော။ သူ့ကိုဖမ်းတဲ့အချိန်က ည ဖက်ကြီး။ ကျွန်တော် ပေးထားတဲ့ လက်ကိုင်ဖုန်းလေး နဲ့ သူက ကျောက်ပန်းတောင်းကို လှမ်းချိတ်နေတုန်း ဗြုန်းဆို သူ့အိမ်ရှေ့ ထောက်လှမ်းရေးကားက ထိုးဆိုက်လာပါလေရော။ တစ်ခါထဲ လက်ကိုင်ဖုန်းကလေး ကို ရေမြောင်းထဲ ပစ်ချ လိုက်တာ သွားရှာပြီပေါ့၊ ပလုံ။

ရဲဇော်ထိုက်နဲ့အမှုတွဲ ဆိုပြီး သူ့ကိုသတင်းထိန်ချန်မှု နဲ့ ထောင်လေးနှစ် ချလိုက်ပါတယ်။ နာဂစ် ကိစ္စ နဲ့ ကျွန်တော် ထောင်ထဲ ရောက်သွားချိန်မှာ သူက အိမ်ရှင်ဖြစ်နေပြီ။ ထောင်ထဲ ရောက်တာတောင် ဟိုအဆောင် ဒီအဆောင် ဟိုတိုက် ဒိတိုက် လှမ်းချိတ်နေသေးတယ်။ရှားရှားပါးပါး ထောင်ထဲမှာ ပုဇွန်ဟင်းစားရတာ ကိုချိတ်ကြီး အချိတ်တော်လို့ပါ။ ထောင်ဆေးရုံကို လှမ်းချိတ်ပြီး ဆေးရုံက ဈေးကားနဲ့ ပုဇွန်ထုပ် နှစ်ကောင်မှာလိုက်တယ်။ ပြီးတော့မှ သူ့အခန်း နံရံ နားကပ်ပြီး ကော်ပန်းကန် ကို မီးစာ လုပ်လို့ ဟင်းအိုးတည်ပါတော့တယ်။ဘာပဲဖြစ်ဖြစ် သူ ရျိနေချိန်မှာ ဟင်းပူပူ စားရတာ အမှန်ပါပဲ။

ဒီကနေ မှ သူ့ကို ပုသိမ်ထောင်ရှေ့၊ကျွန်တော့်ကို မြစ်ကြီးနားထောင် ရွှေ့ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် မတွေ့ကြတော့ပါဘူး။၂၀၁၂ခုနှစ် လွတ်လပ်ရေးနေ့မှာ သူလွတ်လာတော့ ကျွန်တော် တို့ The art of freedom film festival ကျင်းပရာ တော် ၀င်စင်တာကို ရောက်လာတယ်။ သူ့ထုံးစံအတိုင်း နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေနဲ့ လျှောက်ချိတ်နေတော့တာပါပဲ။
ပြီးတော့မှ ကျွန်တော် နဲ့အတူတူ ထောင်တွေကို ထောင်ဝင်စာ လိုက်ပို့တဲ့အထဲ သူလဲ ပါဝင်ခဲ့ပါတယ်။ သူတစ်ယောက်ထဲ နဲ့ ထောင် သုံးထောင်စာလောက်ကို တာဝန်ယူနိုင်သူပါ။ အပင်ပန်းလဲခံနိုင်ရှာပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကလဲ ရလာ ကလေးလေးယောက်အဖေ လဲ ဖြစ်လာတော့ သူဘ၀ ရပ်တည်ရေးအတွက်ကလဲ ရှိနေသေးတာပေါ့။ NLDအပေါ်မှာတော့ သစ္စာကြီးဆဲပါပဲ။ ဒီလှိုင်းစာစောင် ဖြန့်တဲ့အထဲမှာလဲ သူ ၀င်ပါပါသေးတယ်။ NLD ကြားဖြတ်ရွေးကောက်ပွဲ လုပ်တော့လဲ စွပ်ကျယ် တစ်ထည်တည်းနဲ့ ရန်ကုန်တစ်မြို့လုံးပတ်နေတာပါ။ သူနေထိုင်ရာ သင်္ဃန်းကျွန်းမှာ NLD အဖွဲ့ဝင်တွေ အသစ် ရွေးကောက် တင်မြှောက် တဲ့အခါမှာတော့ သူ ပါမလာ ရှာတော့ပါဖူး။ သူ့ကိုယ်သူ လဲပြောပါတယ်။ ပညာတတ်သူတွေ အတွက် အချိန်အခါကောင်းပါတဲ့။ သူကတော့ ခုံ ထမ်း ဆို ထမ်းပါ့မယ် မြေပေါက် ဆိုပေါက်ပါ့မယ် တဲ့။

ဘာပဲဖြစ်ဖြစ် ၇န်ကုန်မြို့ထဲ ဟိုနားသည်နားမှာ စက်ဘီးလေး နင်းပြီး သူ့ကို တွေ့နေရဆဲပါ။ သူ့သမီးလေး လက်ကိုဆွဲလို့ စာအုပ်ဆိုင်တွေတစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စာစောင်ရောင်းနေတာကိုလဲ တွေ့တွေ့နေရတတ်ပါတယ်။ သူ ထုံးစံကိုတော့မဖျက်ပါဖူး။ လက်ပွားမှာ ဖုန်းချိတ်ပြီး
(ဟေး ကိုမျိုးကြီး ရွှေစင်စကြာင်္နဲ့ စာစောင် သုံးရာပို့လိုက်ပြီနော်။ မြင်းခြံက ကိုလတ်တို့ကို လဲ လှမ်းချိတ်လိုက်ဦး၊ ကျောက်ပန်းတောင်းတော့ ကျွန်တော် ချိတ်ပြီးပြီ။ မိတ္ထီလာကတော့ ချိတ်လို့မရသေးဖူး။ ညောင်ရွှေက ကိုအောင်စိုးဆီ လှမ်းချိတ်လိုက်ဦးမယ်)လို့ ချိတ်နေတုန်းပါပဲ။

ဇာဂနာ။
၁၇၊၅၊၂၀၁၃

ပထမအကြိမ်အမျိုးသား လွှတ်တော် ဆဌမပုံမှန်အစည်း အဝေး၌ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၃)မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်မှ ““တော်လှန်ရေး ကောင်စီလက်ထက်တွင် ပြည်သူ ပိုင်သိမ်းခံရသော အစိုးရလက် ၀ယ်ရှိ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ကာယကံရှင်နှင့် ဆက်ခံသူများသို့ ပြန်လည်လွှဲ အပ်ပေးရန် အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြန်လည်ဖြေကြား ရာ၌ ယင်းသို့တော်လှန်ရေး အစိုးရလက်ထက်သိမ်းထားသော မရွှေ့ပြောင်းနိုင်သော ပစ်္စည်းများ ကို ကာယကံရှင်နှင့် ဆက်ခံသူ များသို့ ပြန်လည်လွှဲပြောင်းပေး ရန်မရှိဘဲ လိုအပ်သလိုထုခွဲ ရောင်းချ၍ နိုင်ငံတော်ဘဏ္ဏာ အတွက် ထည့်သွင်းသွားမည်ဖြစ် ကြောင်းနှင့် ယင်းတို့အားလုပ်ထုံး လုပ်နည်းနှင့်အညီ ထုခွဲရောင်းချ ပေးရာတွင် မူလသက်ဆိုင်သူများ ကို ဦးစားပေးဝယ်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးပါကြောင်း ပြော ကြားခဲ့သည်နှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင်ပစ္စည်းအား အစိုးရ ဘဏ္ဏာအတွက်အသုံးပြုခြင်းက ဥပဒေနှင့်မညီဟု ဝေဖန်ထောက် ပြခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် အားHot News က ဆက်သွယ်၍ သဘောထား သုံးသပ်ချက်အချို့ မေးမြန်းဖြစ်ခဲ့ပါသည်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဦးဖုန်းကို သက်ဆိုင်ရာ ၀န်ကြီး ဌာနက ပြန်ဖြေကြားတုန်းက အဲဒီပြောကြားချက်နဲ့ ပတ်သက် ပြီး အားမရတာမျိုးရှိခဲ့ပါသလား။ဒါမှမဟုတ် တော်လှန်ရေးအစိုးရ လက်ထက်သိမ်း မရွှေ့ပြောင်းနိုင် တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရဲ့ ပြန်လည်ဖြေ ကြားချက်ကရော အားရကျေနပ် ဖွယ်ရာအဆင့်ရှိပါသလား?
ကျွန်တော်က ပြည်သူ့ကိုယ် စားလှယ်ဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူတွေ နစ်နာတာကို လွှတ်တော်မှာ တင်ပေးတာ။ ဒီမေးခွန်းနဲ့ ပတ် သက်ပြီး စစ်ဘက်ကပြန်ဖြေတာ ကတော့ အဲဒီလို တော်လှန်ရေး ကောင်စီခေတ်က သိမ်းထားတဲ့ မြေတွေကို နိုင်ငံတော်ဘဏ္ဏာ အတွက် ရောင်းစားမယ်တဲ့။ ဒါ ပြောရမယ်ဆိုရင် ဒီလိုပြောတာ က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နစ်နာရတဲ့ ပြည်သူတွေအတွက် အားရကျေနပ်ဖွယ်ရာ တစ်ခု မဟုတ်ဘူး။ ကျွန်တော့်အမြင် အရ ပြောရမယ်ဆိုရင် ပြည်သူ ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းကို အစိုးရအနေနဲ့ သူ့ဘဏ္ဏာရလိုမှု တစ်ခုတည်းနဲ့ရောင်းစားတာဥပဒေ နဲ့ မညီဘူး။ ကိုယ်ချင်းစာကြည့် ပေါ့ဗျာ။ဥပမာအနေနဲ့ နိုင်ငံတော် က ပြည်သူ့အကျိုးပြုစီမံကိန်း တစ်ခုအနေနဲ့ လမ်းဖောက်၊ တံတားဆောက် ဆိုလည်း တစ်ဖက်က ခံသာသေးတယ်။ ခုဟာက အဲဒီလို စီမံကိန်းကြောင့် မဟုတ်ဘဲ ရောင်းစားပစ်မယ်ဆို တာကတော့ တစ်ဖက်အတွက် ဘယ်လောက်နစ်နာမလဲ စဉ်းစား ကြည့်ပါဗျာ။

ဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေ ကြားချက်အရ သိမ်းထားပြီးသား တွေကို ပြန်လည်နေရာချတဲ့အခါ မူလပိုင်ရှင်ဖြစ်သူတွေနဲ့ ဆက်ခံသူ တွေကို ဦးစားပေးဝယ်ယူခွင့်ပြု မယ်လို့ ဆိုတဲ့အပေါ်မှာရော ဦးဖုန်းရဲ့သဘောထားသုံးသပ် ချက်လေးသိချင်ပါတယ်
ကိုယ်ပိုင်ဆိုင်ထားတဲ့မြေကို ပြန်ဝယ်ရမယ်ဆိုတာကိုက အဓိပ္ပာယ်မရှိဘူး။ နှစ်ပေါင်းများ စွာကိုယ့်ရဲ့မြေတွေပိုင်ဆိုင်မှုတွေ လည်းသိမ်းခံရတယ်။အဲဒီလိုသိမ်း ပြီးတဲ့နောက်လည်း အဲဒါတွေကို ရောင်းစားမယ်လို့ လုပ်တယ်။ မူလပိုင်ရှင်တွေ အနေနဲ့ ပြန်ဝယ် မှရမယ်။ ပြီးတော့သိမ်းပြီးရောင်း စားမယ်လို့ပြောတဲ့သူကလည်း အစိုးရဖြစ်နေတော့ ဘယ်မှာ လည်း ဒီနစ်နာတဲ့ပြည်သူအတွက် မျှော်လင့်ချက်ဆိုတာ။ခုနကပြော သလိုပေါ့ဗျာ။ ပြည်သူပိုင်ပစ္စည်း ကိုရောင်းစားခွင့်မရှိဘူး။အဲလို ရောင်းစားမယ်ဆိုရင် ရောင်းစား တဲ့ အစိုးရကို တရားစွဲဆိုရလိမ့် မယ်။ဒီလိုလုပ်ခြင်းဟာလည်း တစဖက်နစ်နာသူတွေရဲ့လုပ်ပိုင် ခွင့်ပဲ။သူတို့ခမျာ ဟိုးအရင်အစိုးရ လက်ထက်ကသိမ်းခံလိုက်ရတယ်။ ဒီဘက်အစိုးရလက်ထက်လည်း ရောက်ရော အစိုးရရဲ့ပွင့်လင်းမြင် သာမှု သဘောထားကြီးမှုတွေကို အားကိုးတကြီးမျှော်လင့်ပြီး ပြန် ပေးမလားလို့စောင့်နေချိန်မှာ နိုင်ငံတော်ဘဏ္ဏာအတွက်ရောင်း စားမယ်ဆိုတော့ ဘယ်အဓိပ္ပာယ် ရှိမလဲ။နိုင်ငံတစ်ဝှမ်းလုံးက နစ်နာ သူတွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုး သလိုဖြစ်သွားတာပေါ့။
လက်ရှိတိုင်းပြည်ကိုသွားနေ တဲ့လမ်းကြောင်းအရ ကြည့်မယ် ဆို ဒီလိုမျိုးပြည်သူပိုင်တွေကိစ္စနဲ့ ပတ်သက်ပြီးလွှတ်တော်ရဲ့မဏ္ဍိုင် အပိုင်းကလည်း အစိုးရသိအောင် တင်ပြီးပြီ။အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ် တဲ့ အစိုးရဘက်ကလည်းပြန် မပေးနိုင်ဘူးလို့ပြတ်ပြတ်သားသား ပြောပြီးပြီ၊ ဒီတော့နစ်နာသူတွေ အတွက် လက်ရှိအရ ဘာက အားကိုးရာတစ်ခုဖြစ်လာနိုင်မလဲ။

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်နဲ့အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်တဲ့အစိုးရပူးပေါင်းလုပ်ဆောင် တဲ့အနေအထားတစ်ခုက နစ်နာ သူတွေအတွက် လုံးဝအားရကျေ နပ်စရာမရှိဘူး။ မဏ္ဍိုင်နှစ်ရပ်ကို လည်းအားကိုးပြီးပြီ။ဒီတော့ ပြည် သူပိုင် ပစ္စည်းကိုရောင်းစားတဲ့ အစိုးရနဲ့ပတ်သက်ပြီးတရားရေး မဏ္ဍိုင်ကိုတင်ပြပြီး တရားစွဲဆို သင့်တယ်။ ဥပမာအနေနဲ့တရား စွဲတဲ့အခါတရားခွင်ကတရားသူ ကြီးကမေးမယ်။အစိုးရကိုဘာလို့ တရားစွဲဆိုရသလဲဆိုရင် ကျွန်တော်/မ တို့ပိုင်မြေတွေ၊ ပိုင် ဆိုင်မှုတွေကို အစိုးရကပြန်မပေး တော့ဘဲရောင်းစားမယ်လို့ဆိုပါ တယ်။အဲဒီအခါတရားသူကြီးက အစိုးရက ရောင်းစားမယ်ဆိုတာ နဲ့ပတ်သက်ပြီး ဘယ်လိုသိရသ လဲဆိုရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ရဲ့မေးမြန်းချက်နဲ့ပတ်သက်ပြီး တစ်ဘက်ဝန်ကြီးဌာနကပြန်ပြော တာကို ဦးဖုန်းမြင့်အောင်ကတစ် ဆင့်သိခဲ့ရတာပါ။ ဟုတ်တယ် လေ။ ပြည်သူပိုင်တစ်ဦးတစ် ယောက် ပိုင်ပစ္စည်းကိုအစိုးရက ရောင်းစား လို့မှမရတာ။

ဟုတ်ကဲ့။ တရားစီရင်ရေး ကိုအားကိုးရမယ်ဆိုတော့ တစ်ခု လောက်မေးကြည့်ပါရစေ။တခြား နိုင်ငံတွေမှာဆိုရင် တရားရေး စနစ် အားကောင်းလို့ အစိုးရ လူကြီးတစ်ယောက်ယောက်ကို တရားစွဲတဲ့အခါ အစွဲခံရတဲ့ လူကြီးကိုယ်တိုင်က တရားခွင် မှာက ရှင်းရတယ်ပေါ့နော်။ ခုနစ်နာတယ်ဆိုတဲ့ ပြည်သူတွေ က အစိုးရကို တရားစွဲတဲ့အခါ မှာရော ပွင့်လင်းမြင်သာစွာ၊ အဂတိကင်းစွာ စီရင်မှုတွေ ဖြစ် လာနိုင်ဖို့ရှိပါသလား?

ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုရင် အဲလိုအနေအထားဟာ လက်ရှိ မြန်မာနိုင်ငံရဲ့တရားရေး မဏ္ဍိုင်အတွက် အကြီးမာဆုံး သော စိန်ခေါ်မှုတစ်ရပ်ပဲ။ ဒီလို သာဖြစ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့တရားရေးစနစ်ကြီးရဲ့ အစွမ်း အစကို တစ်ကမ္ဘာလုံးက ၀ိုင်း စောင့်ကြည့်တော့မှာ။ သူ့ရဲ့ရပ် တည်ချက်က ဘက်လိုက်မှုရှိသ လား။ တစ်ဖက်ကိုပါနေသလား။ အမှန်တရားပေါ်မှာ ရှိနေသလား ဆိုတာတော့ အဲဒီအခါမှသိရလိမ့် မယ်။ ပြောရမယ်ဆိုရင် ဒီလို အနေအထားကြီးကို တရားရေး မဏ္ဍိုင်က ပြည်သူလူထု အသိ အမှတ်ပြုလက်ခံနိုင်တဲ့ ဘယ်လို စွမ်းဆောင်မှုတွေနဲ့ ပြောင်မြောက် စွာကျော်လွှားမလဲ၊ ရပ်တည်မလဲ ပေါ့နော်။ ဒါကတော့ သူတို့ တရားရေးဘက်နဲ့ ရပ်တည် စွမ်းဆောင်မှုကိုကြည့်ပြီးမှ ဆုံး ဖြတ်ရမှာပေါ့နော်။ ခုအနေ အထားကတော့ ဒီလိုနစ်နာသူ တွေအတွက်တရားရေးမဏ္ဍိုင်က မျှော်လင့်ချက်တစ်ခုဖြစ်နေပြီး စတုတ်္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ရဲ့ဝေဖန်ထောက်ပြမှုလေးတွေ ကလည်းအရမ်းကို အရေးပါလာ ပြီ။

လက်ရှိမြန်မာနိုင်ငံရဲ့စီးပွား ရေးကို ဈေးကွက်စီးပွားရေးစနစ် နဲ့သွားနေတဲ့အခါ ယခင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံး စဉ်က ပြည်သူပိုင်ပြုထားတာတွေ နဲ့ ပတ်သက်ပြီးလက်ရှိအစိုးရရဲ့ မူဝါဒ အပေါ်မှာရောဘယ်လို ဝေဖန်ချင်သလဲ။

ဟုတ်တယ်လေ။ ဆိုရှယ် လစ်စီးပွားရေးစနစ်ကျင့်သုံးစဉ်က ပြည်သူပိုင်ပြုထားတာတွေကို လက်ရှိဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတဲ့ အစိုးရက ပြန် မပေးဘဲ ရောင်းစားတယ်ဆိုတာ အဓိပ္ပာယ်မှမရှိတာ။ တိုင်းပြည်ကို သွားတဲ့စီးပွားရေးစနစ်ကိုပြန်ကြည့် လေ။ ဆိုရှယ်လစ် စီးပွားရေးစနစ် မဟုတ်တော့ဘူး။ ဈေးကွက် စီးပွားရေးစနစ်ဖြစ်နေပြီ။အဲဒါ ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့် သုံးစဉ်က ပြည်သူပိုင်သိမ်းထား တာတွေကို ပြန်မပေးဘဲရောင်း စားမယ် ဆိုတော့ ဥပဒေနဲ့ဘယ် ညီမလဲ။ ဆိုရှယ်လစ်စီးပွားရေး တုန်းကတော့ တိုင်းပြည်အခြေ အနေက တစ်မျိုး။ ဒါတော့လက် ခံတယ်။အဲဒါဟိုးဆိုရှယ်လစ် ခေတ်က သိမ်းပဲသိမ်းတာ။ ဒီဘက် ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နေတဲ့ အစိုးရက နိုင်ငံတော်ဘဏ္ဏာအတွက်ရောင်း စားမယ်တဲ့။ ဒါခုနကပြောသလို ဥပဒေနဲ့လည်း လုံးဝမညီဘူး။ကိုယ်ချင်းစာစိတ်လေးတော့ ထားပေါ့ဗျာ။

နောက်ဆုံးအနေနဲ့ ဒီလိုမျိုး ဟိုးယခင်က ပြည်သူပိုင်ပြုထား တာတွေနဲ့ပတ်သက်ပြီး မူလပိုင် ရှင်လက်ထဲပြန်မပေးတော့ဘူးလို့ ဆိုလာတဲ့အပေါ် ဘယ်လိုအကြံ ပြုချက်များ တာဝန်ရှိသူတွေကို ပေးလိုပါသလဲ?

ကျွန်တော်က ပြန်ပေးဖို့ မပေးဖို့ပြောနေတာမဟုတ်ဘူး။ ယခင်က အသိမ်းခံထားရတဲ့ သူတွေက ခု သမ္မတကြီး ဦးသိန်း စိန်အစိုးရရဲ့ပွင့်လင်းမြင်သာမှု၊ သဘောထားကြီးမှုကိုအားကိုးတ ကြီး မျှော်လင့်နေတဲ့အချိန်မပေး ဘူးလို့ ပြတ်ပြတ်သားသား ပြော တော့ ဒီလူတွေ အရမ်းခံစားသွား ရရှာတာပေါ့ဗျာ။ ဒီတော့ ကျွန် တော်မေးချင်တာက ဆိုရှယ်လစ် စီးပွားရေးစနစ်ကျင့်သုံးစဉ်က သိမ်းတာက အဲဒီချိန်က။ နိုင်ငံ ရေးစနစ်အရလုပ်တာ။ ဒီအစိုးရ ကရော ဒါလုပ်သင့်သလား။ ပြန် ပေးမှာလား။ပြန်မပေးဘူးလား ဆိုတာထက် ဒီလိုမျိုး ပြည်သူပိုင် ပစ္စည်းကို နိုင်ငံတော်ဘဏ္ဏာ အတွက် ရောင်းစားပစ်မယ် ဆိုတာ ဥပဒေနဲ့ရော ညီညွတ်မှု ရှိရဲ့လား။ ဒါပါပဲ ကျွန်တော် မေးချင်တာ....

ခန့်ခန့်(ဒဿနိက)
Thr hot news weekly

(Daily News.com မှ 28 June 2013 ရက်စွဲပါ Burmese monks, journalists decry TIME's magazine's cover ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူကို ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမား အဖြစ်သတ်မှတ် ဖော်ပြထားသည့် မျက်နှာဖုံးဆောင်းပါး ပါဝင်သော ဇူလိုင်လထုတ် TIME မဂ္ဂဇင်းထွက်ရှိလာသည်။

အဆိုပါ ဆောင်းပါးကို လူမှုကွန်ယက်ဖြစ်သော Facebook ပေါ်တွင် များစွာသောမြန်မာနိုင်ငံသားများက ပြစ်တင်ဝေဖန် ခဲ့ကြသည်။ ထိုဆောင်းပါးသည် ဗုဒ္ဓဘာသာကို စော်ကားမှုတစ်ရပ်အဖြစ် အများစုက ခံစားရှုမြင်ကြသည်။ ထိုသို့ မြန်မာနိုင်ငံသားအများစု၏ အတွေးအမြင်များအပေါ် အခြေခံကာ အောက်ဖော်ပြပါပုဂ္ဂိုလ်များက ယခုကဲ့သို့ ထင်မြင်သုံးသပ်ချက်ပေးကြပါသည်။

ဦးဝီရသူဟာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဆိုတာဟုတ်ပါသလား။

ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ်၊ The Voice Daily

"TIME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးကိုဖတ်ရတာ ကျွန်တော် စိတ်မချမ်းသာဘူးဗျာ။ ဘာသာရေးအတွက် ပုဂ္ဂိုလ် တစ်ယောက်ကို ယခုလို တံဆိပ်တပ်ပြီးဖော်ပြတာ မသင့်လျော်မှုတစ်ခုပါ။ အကြမ်းဖက်မှုမှာ ဦးဝီရသူ ပါဝင်ပတ်သက်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး သူတို့မှာ သက်သေအထောက်အထား ဘယ်လောက်များ ရှိလို့လဲ။ ဒီကိစ္စအပေါ် ကျွန်တော်ကတော့ သဘောမတူပါဘူး။ ကျွန်တော့်အနေနဲ့ ဦးဝီရသူကို ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ပြဿနာမဟုတ်ပါဘူး။ TIME မဂ္ဂဇင်းက ဒီသတင်းကို ဘယ်လိုဖော်ပြတယ်ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ဘာသာတရားအပေါ် ဂယက် ရိုက်ခတ်နိုင်ပါတယ်။ ဒီသတင်းရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိနေတယ်လို့ပဲ ကျွန်တော် ထင်မြင်မိပါတယ်။ နောက်ပြီးတော့ အဲဒီဆောင်းပါးဟာ သတင်းစာ ကျင့်ဝတ်နဲ့လည်းကိုက်ညီမှုမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေဖို့ ဘာသာရေးနဲ့ ဆူပူအကြမ်းဖက်မှုကို အသုံးပြုထားလို့ပါပဲ။ ဒီလိုမျိုးရေးသားဖော်ပြဖို့ လုံးဝမလိုအပ်ပါဘူး။ TIME မဂ္ဂဇင်းဟာ ကမ္ဘာကျော် မဂ္ဂဇင်းကြီးတစ်စောင်လို့ ပြောဖို့လိုမယ်လို့ ကျွန်တော်မထင်မိပါဘူး"

ဒေါက်တာ အရှင်ဓမ္မပီယက

"မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအပါး ငါးသိန်းကျော်ရှိပါသည်။ ဗုဒ္ဓဘာသာတစ်ခုလုံးအပေါ် အပြစ်ပုံချမှု မပြုလုပ် သင့်ပါ။ ယခုဆောင်းပါးသည် တစ်ဖက်သတ်ရေးထားသော ဆောင်းပါးသာဖြစ်ပါသည်။ ဗုဒ္ဓဝါဒသည် ငြိမ်းချမ်းသော ဘာသာတရားတစ်ခု ဖြစ်သည်မှာ သမိုင်းကြောင်းရှိပါသည်။ ရဟန်းသံဃာများသည် အများပြည်သူနှင့် သာသနာတော်၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးနေကြသူများ ဖြစ်ပါသည်။ ဤဘာသာတရားသည် ငြိမ်းချမ်းသော ဘာသာတရား ဖြစ်ခဲ့သလို ငြိမ်းချမ်းတဲ့ဘာသာတရားတစ်ခု ဆက်ဖြစ်နေမှာပါ"

အရှင် ဒေဝံသဘိဝံသ(သီတဂူ)

"ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကပြောဖူးပါတယ်၊ တကယ်လို့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ဘာသာတရားရှိတယ်ဆိုရင် အဲဒီဘာသာတရားဟာ ဗုဒ္ဓဘာသာပဲဖြစ်ရပါလိမ့်မယ်တဲ့။ ဆိုတော့ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားလို့ပဲ ဘုန်းကြီးကပြောရပါလိမ့်မယ်။ ရဟန်းသံဃာတော်တွေဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားအတိုင်း နေထိုင်ကြတဲ့အတွက် သူတို့ဟာ ငြိမ်းချမ်းတဲ့စိတ်ထားရှိကြပါတယ်။ ရဟန်းသံဃာတော်တွေက အကြမ်းဖက် တယ်ဆိုတာမရှိပါဘူး။ ဒါပေမဲ့ သူတို့တတွေဟာ သတ်ဖြတ်ခံရတယ်၊ အကြမ်းဖက်တာခံကြရတယ်။ ရဟန်း သံဃာတွေရဲ့ လက်နက်ဟာ ခန္ဓီတရားပါ။ TIME မဂ္ဂဇင်းဟာ ဦးဝီရသူကို အကြမ်းဖက်သမားတစ်ဦးအဖြစ် စွပ်စွဲရေးသား ပါတယ်။ ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက မိန့်ကြားဖူးပါတယ်၊ ဦးဝီရသူဟာ ငြိမ်းချမ်းရေးလိုလားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါတဲ့။ ဒါပေမဲ့လည်း နိုင်ငံခြားမီဒီယာတွေက သူ့ကို ဝေဖန်ရေးသားကြပါတယ်"

လူမှုရေးတွင် တက်ကြွလှုပ်ရှားသူ ဒေါ်မြင့်မြင်ခင်ဖေ

"ပြင်သစ်လူမျိုး သတင်းစာဆရာတစ်ဦးက အင်တာဗျူးတစ်ခုမှာ ကျွန်မကိုမေးပါတယ်၊ မြန်မာအများစုဟာ အကြမ်းဖက်မှုကို လက်ခံသလား၊ ဒါမှမဟုတ် ကျွန်မအနေနဲ့ရော အကြမ်းဖက်မှုကို လက်ခံသလားတဲ့။ ကျွန်မက အကြမ်းဖက်မှုကို ဘယ်တော့မှ လက်မခံဘူးလို့ ဖြေလိုက်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကို ကိုယ့်ဘာသာတရားနဲ့ပဲ ကာကွယ်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် ဗုဒ္ဓဘာသာဝင်တိုင်းဟာ အချိန်တိုင်း ကောင်းကောင်းမွန်မွန်ပြုမူ နေထိုင်ကြရမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ အကြမ်းဖက်တဲ့ ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုလို့ သတ်မှတ်ခံရနိုင်ပါတယ်"

ဟံသာဝတီဦးဝင်းတင်(ဝါရင့်သတင်းစာဆရာကြီး)

"အကြမ်းဖက်သမား ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အသုံးအနှုန်းကို သုံးတာဟာ အတော့်ကို ကြောက်စရာကောင်းပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မွတ်စလင်တွေဘက်က ရပ်တည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ၉၆၉ ဆိုတာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း မှာ ထွက်ပေါ်လာတယ်။ အကြမ်းဖက်သမားတွေဟာ မွတ်စလင်တွေဖြစ်ကြတယ်ဆိုတာ ဘယ်သူမှလက်သင့်မခံကြပါဘူး။ သူတို့က တခြားလူမျိုးတွေကိုလည်း သတ်တယ်၊ သူတို့လူမျိုးကိုလည်း သူတို့ပြန်သတ်ကြတယ်။ အခုမြန်မာပြည်မှာ ၉၆၉ ဒါမှမဟုတ် ဦးဝီရသူလို ဗုဒ္ဓဘာသာဝင်အစွန်းရောက်တွေ ပေါ်ထွက်လာနိုင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ပြည်သူတွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီပြဿနာကို ဥပဒေ စည်းမျဉ်း၊စည်းကမ်းနဲ့ အညီ ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ဥပဒေစည်းမျဉ်၊းစည်းကမ်းနဲ့ မဖြေရှင်းခဲ့ဘူး။ ပြဿနာကို ဘာသာရေးကိစ္စ တစ်ခုအဖြစ် ခေါင်းစဉ်တင်လိုက်တော့နောက်ပိုင်းမှာ ပြဿနာကပိုကြီးထွားလာတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကနေ နောက်ပြန်လှည့်ချင်တဲ့သူတွေက ဒီအခြေအနေကို အမြတ်ထုတ်ကြတယ်။ အခုတော့ ပြဿနာတွေကိုဖြေရှင်းဖို့ အတော့်ကို ခက်ခဲနေပါတယ်။ သြဇာကြီးမားတဲ့ TIME မဂ္ဂဇင်းကြီးက ဦးဝီရသူကို အကြမ်းဖက်သမားအဖြစ် ပုံဖော်ပြီး မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာဟာ အင်မတန် ကြောက်စရာကောင်းပါတယ်။ အခုဆိုရင် အန္တရာယ်ဟာ ပိုမို ကြီးထွားလာပါပြီ။ ဦးဝီရသူနဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ တုံ့ပြန်မှုရော၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေရဲ့ တုံ့ပြန်မှုတွေပါ အရှိန်မြင့် လာမှာဖြစ်ပါတယ်။နှစ်ဖက်စလုံးမှာ ရန်လိုမုန်းတီးမှုတွေ မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"

ဒေါက်တာမြတ်သူ (မန်နေးဂျင်းဒါရိုက်တာ၊ အာရှတော်ဝင်)

"ဦးဝီရသူက သူ့ရဲ့ဘာသာတရားအပေါ် အင်မတန်ချစ်မြတ်နိုးပါတယ်။ သူဟာ တခြားဘာသာတရားတွေကို စော်ကားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ TIME မဂ္ဂဇင်းရဲ့ ဆောင်းပါးဟာ လုံးလုံးလျားလျားမှားယွင်းပါတယ်။ ကျွန်တော့်ရဲ့ အမြင်ကတော့ သီတဂူဆရာတော်ကြီးရဲ့ အမြင်နဲ့ထပ်တူထပ်မျှဖြစ်ပါတယ်"

ဦးဝီရသူ

Daily Eleven သတင်းစာက ဦးဝီရသူကိုအင်တာဗျူး ပြုလုပ်ရာတွင် ၎င်းက ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ဖော်ပြခံရမှု ကြောင့် မိမိအနေဖြင့် လွန်စွာအံ့အားသင့်မိကြောင်း ပြောကြားသည်။

"ယခုလို တိုက်ခိုက်ရေးသားမှုကြောင့် ဘုန်းကြီးအနေနဲ့ ဂုဏ်သိက္ခာထိခိုက်ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ဘုန်းကြီး ပြောချင်တာက ဘုန်းကြီးကို မြန်မာဘင်လာဒင်လို့ နှိုင်းယှဉ်ပြတာနဲ့ ပတ်သက်လို့ပါ။ ဘင်လာဒင်ရဲ့လက်တွေဟာ သွေးပေစွန်း ခဲ့ပါတယ်။ ကျုပ်ရဲ့လက်တွေဟာ အကုသိုလ်တွေ ကင်းနေပါတယ်။ သူတို့ပေးတဲ့ ဥပမာက ခြင်္သေ့ကို မြေခွေးဖြစ်အောင် ပြောနေသလိုပဲ။ ဒါဟာ အင်မတန် ရိုင်းစိုင်းတဲ့ နှိုင်းယှဉ်မှုပါ။ ကျုပ်တို့ အခုလုပ်နေတယ်ဆိုတာက ကာကွယ်မှုတစ်ခုအတွက် ပဲဖြစ်ပါတယ်။ တိုက်ခိုက်ဖို့ ကိစ္စလည်းမရှိဘူး။ အီရတ်ကို အမေရိကန်တွေ ဝင်တိုက်တယ်ဆိုတာ သူတို့ရဲ့ အမျိုးသားလုံခြုံရေး အတွက်ပဲဖြစ်ပါတယ်။ ကျုပ်တို့ရဲ့တိုင်းပြည်နဲ့လူမျိုးရဲ့ လုံခြုံရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်အောင် လုပ်ဆောင်နေတာပါ။ ကျုပ်တို့ရဲ့ ဘာသာနဲ့လူမျိုးတွေကို ချစ်မြတ်နိုးတဲ့ စိတ်ဖြစ်အောင် လုပ်နေတာပါ။ အဲဒီလိုလုပ်တာတွေကြောင့် ကျုပ်တို့ကို အကြမ်းဖက်သမားလို့ ပြောမှာလား။တကယ်လို့ မဟုတ်တာတွေရှိ၊ မရှိသိချင်တယ်ဆိုရင် ကျုပ်မှာ TIME မဂ္ဂဇင်းနဲ့ အင်တာဗျူး လုပ်တုန်းက ဗီဒီယိုအခွေရှိပါတယ်။ အခုအဲဒီဗီဒီယိုကို အင်တာနက်ပေါ်တင်ဖို့ စီစဉ်နေပါတယ်။ သူတို့ကဘာလုပ်တယ် ဆိုတာကို ဘုန်းကြီးကိုမပြောဘူး။ မဂ္ဂဇင်းအဖုံးမှာ သူတို့က ဘုန်းကြီးရဲ့ပုံကို ကြောက်စရာကောင်းတဲ့သူတစ်ဦး ဖြစ်အောင် လုပ်ခဲ့ကြတယ်"

ဦးဝဏ္ဏရွှေ (အစ္စလာမ်ဘာသာရေးကောင်စီ ဌာနချုပ်)

"လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ဘာသာရေးနဲ့ နှိုင်းယှဉ်ပြတာကို ကျွန်တော်တို့မကြိုက်ပါဘူး။ အစ္စလာမ်မှာလည်း အဲဒီလိုပါပဲ။

လူတစ်ယောက်ရဲ့အလုပ်ကိုဘာသာရေးနဲ့ ခိုင်းနှိုင်းပြတာ ကျွန်တော်လက်မခံပါဘူး"

ဒေါက်တာသန်းထွဋ်အောင် (စီအီးအို၊ Eleven Media)

"ရှင်းရှင်းပဲပြောမယ်၊ ဦးဝီရသူရဲ့ အမြင်တွေကို ကျွန်တော်သဘောမတူဘူး။ ကျွန်တော်တို့တတွေ အမြင်ချင်းမတူကြဘူး။ ဒါပေမဲ့ TIME မဂ္ဂဇင်းရဲ့ မျှတမှုမရှိတဲ့ ပုံဖော်ရေးသားမှုကိုလည်း ကျွန်တော်လက်မခံပါဘူး။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါး အတွက်၊ သူ့အနေနဲ့ သံဃာ့စည်းမျဉ်း၊စည်းကမ်းတွေကို မချိုးဖောက်သေးသရွေ့ ရဟန်းတစ်ပါးအဖြစ် သတ်မှတ်ခံရမှာပဲဖြစ်ပါတယ်။ မစိုးရိမ်ကျောင်းတိုက်မှာ ဒီလိုဘုန်းတော်ကြီးတစ်ပါး ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ဆိုတာ ကျွန်တော် သိပါတယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဒါမှမဟုတ် ဥပဒေပြုရေးကိစ္စတွေမှာ ဘာသာရေးတွေ ဝင်ရောက်ပတ်သက် တာမျိုးကို ကျွန်တော်သဘောမတူပါဘူး။ အဲဒီလိုပဲ ဗုဒ္ဓဘာသာအစွန်းရောက် ဒါမှမဟုတ် မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို လူနည်းစုတွေက လူမှုရေးနဲ့စီးပွားရေး ကိစ္စပျက်ပြားအောင် ရည်ရွယ်ပြီး ဖြန့်ဝေတာမျိုးကိုလည်း သဘောမတူပါဘူး။ သတင်းစာဆရာတစ်ဦး အနေနဲ့ ပြောရမယ်ဆိုရင် TIME မဂ္ဂဇင်းရဲ့ ဝေဖန်ရေးဆောင်းပါးဟာ ကျွန်တော်တို့ ဘာသာတရားနဲ့ သာသနာကို ထိခိုက်စေပြီး မျှတမှုလည်းမရှိပါဘူး။ အဲဒီလိုလုပ်ရပ်တွေက မလိုလားအပ်တဲ့ ပဋိပက္ခတွေဖြစ်ပေါ်စေပြီး အင်မတန်နုနယ်သေးတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်ကိုလည်း ဆိုးဆိုးရွားရွားထိခိုက် စေမှာဖြစ်ပါတယ်။

Yangon chronicle

သူမအမည်က ‘ခင်’ ဖြစ်သည်။ ပထမဦးဆုံး ယောက်ျား အရက်သမားက စွန့်ပစ်ခြင်း ခံခဲ့ရသည်။ နောက်တစ်ယောက် ထပ်ယူပြန်တော့လည်း ညှဉ်းပန်း နှိပ်စက်တတ်သည့် အရက်သမား ဖြစ်နေပြန်သည်။ ထိုအချိန်တွင် အိမ်နီးချင်းတစ်ဦးက သူမကို အလုပ်လာပြီး ကမ်းလှမ်းသည်။


ခင့်အသက်က ၃၃ နှစ်သာ ရှိသေးသည်။ မူလတန်း ပြီးအောင်ပင် ပညာမသင်ကြားခဲ့ရသဖြင့် အတွေးအမြင်ကလည်း မြင့်မားလှသည် မဟုတ်။ မူဆယ်မြို့တွင် အိမ်ဖော် လုပ်ရမည်ဟူသည့် ကမ်းလှမ်းချက်ကို စွန့်စားပြီး လက်ခံလိုက်သည်။

သို့ဖြင့် အရက်သမား ခင်ပွန်းနှင့် မန္တလေးကို စွန့်ပြီး သမီးလေးကို ခေါ်ကာ အိမ်နီးချင်းနှင့်အတူ မူဆယ်သို့ သူတို့ထွက်ခဲ့ကြသည်။ နောက်တစ်ရက် မနက်တွင် သူမ ယာယီနိုင်ငံကူးလက်မှတ် တစ်စောင်ကို ရခဲ့သည်။ ထိုလက်မှတ်က သူ့အတွက် ထူးဆန်းနေသည်။ မကြာမီ သူတို့ကို တရုတ်နယ်စပ်သို့ ခေါ်သွားသည်။ သူမကို ခေါ်လာသည့်သူအား တရုတ်တစ်ယောက်က ငွေ ၂၀,၀၀၀ ကျပ် ပေးနေသည်ကို တွေ့လိုက်ရသည်။

ကျွန်မက ခင့်ကို ရောင်းစားလိုက်ခြင်းကို သိပါသလားဟု မေးလိုက်သည်။ သူမက “သိတော့သိတယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး” ဟုပြန်ပြောသည်။ ခင်က ကျွန်မကို စကားပြန်ကတစ်ဆင့် ဖုန်းဖြင့် ပြန်ပြော ပြနေခြင်း ဖြစ်သည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က လူကုန်ကူးခြင်းသည် အလုပ်အကိုင်များကို အမှားပြောပြီး ဆွယ်တရားဟော စည်းရုံးကာ နောက်ဆုံးတွင် လိင်ကျွန် သို့မဟုတ် အခိုင်းအစေများ ဘဝဖြင့်သာ အဆုံးသတ်ရလေ့ ရှိကြောင်း ပြောကြားထားသည်။

World Vision မှ လူကုန်ကူးမှု ကျွမ်းကျင်ပညာရှင် မယ်လီဆာစတီးဝပ်က“ပရမ်းပတာရာဇဝတ်မှု” ဟု လူကုန်ကူးမှုကို အမည်တပ်ထားသည်။ လူကုန်ကူးခြင်း ဆိုသည်မှာ စွန့်စားလုပ်ဆောင်ရသည့် တရားမဝင် လုပ်ငန်းတစ်ခု ဖြစ်ပြီး တိတ်တိတ်ပုန်း လုပ်ဆောင်လေ့ ရှိသောကြောင့် လူမသိသူမသိ ကိစ္စများ ဖြစ်သွားရခြင်းက များသည်။ လိင်ကုန်ကူးမှုမျိုး တွင်လည်း အခြားရာဇဝတ်မှု များကဲ့သို့ အုပ်စုဖွဲ့ ကျူးလွန်ခြင်း မဟုတ်သည့်အတွက် တိတ်တဆိတ် လုပ်ဆောင်လေ့ ရှိသောကြောင့် လက်သည်မပေါ်သည်က များသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ချက်အရ လူကုန်ကူးမှု ၁၇၇ မှုသာ ရှိကြောင်း အမေရိကန်အစိုးရ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာအရ သိရသည်။ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု၏ ၆၉ ရာခိုင်နှုန်းသည် အမျိုးသမီးများကို တရုတ်ပြည်တွင် အတင်းအဓမ္မ လက်ထပ်ရန် ခိုင်းစေမှုများ ဖြစ်ကြောင်းလည်း တွေ့ရသည်။ တရုတ်ပြည် ပြည်သူ့လုံခြုံရေးနှင့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးကလည်း နိုင်ငံခြားမှ အမျိုးသမီးများကို တရုတ်ပြည် အတွင်းသို့ တင်ပို့ခြင်းမှာ မြင့်မားနေကြောင်း ပြောကြားချက်က သက်သေခံနေသည်။

တစ်နာရီခွဲလောက် ဘတ်စ်ကား မောင်းလာပြီးနောက် တရုတ်ပိုင်နက် အတွင်းသို့ ခင်တို့ ရောက်လာကြသည်။ ဘယ်ရောက်၍ ဘယ်ပေါက်မှန်းမသိ၊ တည်းခိုခန်းတစ်ခုသို့ ရောက်သောအခါ သူမကို တရုတ်ငွေ ၂၀၀၀ ဖြင့် ထပ်မံရောင်းချခဲ့ပြန်သည်။ ထိုတည်းခိုခန်းတွင် သူမကို ညနေခင်းတိုင်း လူတွေလာကြည့်ကြမှ နည်းနည်း သဘောပေါက်လာသည်။ ခင်က “သူတို့က ကျွန်မကို တိရစ္ဆာန် တစ်ကောင်လို ဆက်ဆံကြတယ်” ဟုဆိုသည်။ အမျိုးသမီးပွဲစားက သူမကို မျက်စိအောက်က အပျောက်မခံတော့။ သူတို့ကိုအာခံလျှင် ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ကြသည်။

နောက်ဆုံးတွင် ခင့်ကို တရုတ်ပြည် ရှန်ဒေါင်းနယ် ပွဲစားတစ်ယောက်ထံ လွှဲပြောင်း ပေးလိုက်ပြန်သည်။ ထို ခုနစ်ရက်ခရီးကို မထွက်မီ သူမသမီးလေးကို သူမနှင့် ခွဲထားလိုက်သည်။

“သူတို့က ကလေးကိုခေါ်သွားရင် ကျွန်မကို ရောင်းစားလို့ မရတော့ဘူးလို့ ပြောကြတယ်။ သူတို့က သမီးလေးကို မန္တလေးကို ပြန်ပို့ပေးမယ်လို့ ပြောကြတယ်” ဟု ခင်က ပြန်ပြောပြသည်။ သူမတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် မန္တလေးလိပ်စာကို သူတို့အား ရေးပေးလိုက်သည်။ စိတ်နှလုံး ကြေကွဲစွာဖြင့် သမီးလေးကို ထားခဲ့ရသည်။

တစ်လလောက် ခင်တစ်ယောက် မစားနိုင်မသောက်နိုင် ဖြစ်သွားခဲ့သည်။“ရူးမတတ် ခံစားရတယ်။ ကျွန်မမှာ အားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်” ဟု သူမကဆိုသည်။ ရှန်ဒေါင်းက ပွဲစားသည် တစ်လခန့် အကြာတွင် လူတစ်ယောက်ကို ခေါ်လာသည်။ ထိုသူက အရပ်ပုပု၊ အသားအရေက ဖြူဖြူ ဖြစ်သည်။ သူမကို သူနှင့် လက်ထပ်မည်လားဟု မေးမြန်းခြင်း ခံရသည်။ လက်ရှိ အနေအထားတွင် ထောင်ချသလို အထားခံရခြင်းထက် လက်ထပ်လိုက်ရတာမှ ကောင်းသေးသည်ဟု ထိုတည်းခိုခန်းတွင် ရောက်နေသည့် အခြား အမျိုးသမီးတစ်ဦးက တိုက်တွန်းသည်။

ခင်သည် မကြာမီ ယောက်ျားရသွားသည်။ သူ့အမည်က ကျင်ဇီဂျန်း ဖြစ်သည်။ အသက် ၂၀ ခန့်ရှိပြီး စက်ရုံအလုပ်သမား တစ်ယောက်လည်း ဖြစ်သည်။ တိုင်းပြည် အတွင်းရှိ မှောင်ခိုဈေးကွက်နှင့် နိုင်ငံခြား သတို့သမီး ရှာဖွေရေးကတစ်ဆင့် သူကခင့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်တွင် ယောက်ျားလေး ၁၀၈ ဦးမွေးတိုင်း မိန်းကလေး ၁၀၀ နှုန်း ဖြစ်နေသဖြင့် ယောက်ျားနှင့် မိန်းမအချိုး မမျှတမှု ရှိနေသည်။ ထို့ပြင် တရုတ်ပြည်တွင် မိသားစုတစ်စု ကလေးတစ်ယောက်နှုန်းသာ ယူရသဖြင့် မိန်းကလေး ရှားပါးမှုကို မကုစားနိုင်ဘဲ ဖြစ်နေခဲ့သည်မှာ ကာလကြာခဲ့ပြီ ဖြစ်သည်။

တရုတ် ယောက်ျားလေးတိုင်း၏ အိပ်မက်တွင် အိမ်ထောင်ပြုလိုကြသည်။ နေစရာအိမ်၊ ကားနှင့် လစာ ကောင်းသည့် အလုပ်အကိုင်များ ရှိလိုကြခြင်းမှာ အမြင့်ဆုံး ဖြစ်သည်။ တရုတ်ရိုးရာ အရလည်း ထိမ်းမြားလက်ထပ်ခြင်းနှင့် သားသမီးများ ယူခြင်းသည် ဘဝအထွတ်အထိပ် ဖြစ်သည်။

ပထမတစ်ပတ်တွင် သူမရောက်နေသည့် အိမ်သစ်မှာ ပျင်းစရာ ကောင်းလှသည်။ သူတို့ဘာသာစကား ကို မတတ်သဖြင့် ပိုဆိုးသည်။ သို့သော် သူတို့စကား အနည်းငယ်ကို မကြာမီ လေ့ကျက်မိလာသည်။ ဇီဂျန်းကလည်း သူမကို မိသားစု ယာမြေအတွင်း မည်သို့လုပ်ဆောင်ရမည်ကို ပြသပေးသည်။ ထိုယာထဲတွင် ခင်သည် ပြောင်းနှင့် ဆန်စပါးများကို စိုက်ပျိုးရသည်။ သူမချက်ပြုတ်သည့် မြန်မာဟင်းကို တရုတ်က မစားတတ်သဖြင့် သူမတစ်ဦးတည်းသာ ညစာကိုစားရသည်။ သူက မိဘအိမ်တွင် စားလာသည်က များသည်။

ဇီဂျန်းသည် သဘောကောင်းပြီး ကြင်နာတတ်ကာ သူမကို အလိုလိုက်သော်လည်း စိတ်ပျက်လာသည်။ သူမစိတ်ထဲတွင် အိမ်သို့သာ ပြန်လိုသည်။ တရုတ်ပြည်တွင် ခြောက်နှစ် ကြာနေပြီးနောက် အိမ်သို့ ပြန်လည်ရန်လည်း မပြောရဲသဖြင့် ထွက်ပြေးရန်သာ စိတ်ထဲတွင် အမြဲရှိနေသည်။

သူမနေထိုင်သည့် ကျေးရွာအနီး ဈေးထဲတွင် မြန်မာအမျိုးသမီး ခြောက်ဦးနှင့် သိကျွမ်းပြီး တစ်ယောက် အိမ်တစ်ယောက် လည်ပတ်ခဲ့ကြသည်။ ခင်က ဤနေရာတွင် အသက်ရှင် ရပ်တည်ရန် ရုန်းကန် နေထိုင်ရခြင်းထက် မြန်မာနိုင်ငံတွင် နေထိုင်လျှင် ကောင်းမည်ကို ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။ သူတို့ထွက်ပြေးရန် တိုင်ပင်ကြရာ တစ်ယောက်သာ သူမနှင့် အတူလိုက်မည်ဟု ပြောဆိုခဲ့သည်။

NGO တွင် အလုပ်လုပ်နေသူတစ်ဦး၏ ပြောကြားချက်အရ တရုတ်ပြည် အတွင်းသို့ ထွက်ပြေးလာကြသည့် အမျိုးသမီးများတွင် လွတ်လမ်း နှစ်လမ်းသာရှိသည်။ ကိုယ်တိုင် ထွက်ပြေး၍ ကံကောင်းပြီး လွတ်ချင်လည်း လွတ်နိုင်မည်၊ သို့မဟုတ် အဖမ်းခံပြီး နိုင်ငံအတွင်းက နှင်ထုတ်ခြင်းခံသည့် နည်းလမ်းများ ဖြစ်သည်။

ခင်တစ်ယောက် တရုတ်ပြည်မှ ထွက်ပြေးရန် ကြိုးစားစဉ်တွင် သူမတွင် တရုတ်နှင့် ရထားသော အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက် ရနေပြီ ဖြစ်သည်။ ကလေးအမည်ကို လုံးထွေးဟု ပေးထားသည်။ တစ်ရက် နေ့လယ်ခင်းအချိန် တရုတ်ယောက်ျား အလုပ်သွားချိန်၌ သူမတိတ်တဆိတ် ခိုးစုထားသည့် တရုတ်ငွေ ၅၀၀၀ ကိုယူပြီး သားကိုခေါ်ကာ အိမ်မှ ထွက်ပြေးခဲ့သည်။

ရထားတစ်တန်၊ ကားတစ်လှည့်ဖြင့် တရုတ်ပြည်ကို ဖြတ်ကျော်ခဲ့ရသော ခုနစ်ရက်ခရီးသည် သူမ အတွက် ပင်ပန်းခက်ခဲလှသည်။ နောက်ဆုံး တရုတ်-မြန်မာနယ်စပ်သို့ ရောက်လာခဲ့သည်။ သူမမွေးရပ်မြေသို့ ပြန်ရောက်ပြီး သူ့ကိုသေပြီဟု ထင်ထားခဲ့သော ဆွေးမျိုးများကလည်း ပြန်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ကြသည်။ အချို့ဆိုလျှင် သူမကို မှတ်တောင် မမှတ်မိကြတော့ပေ။

World Vision တွင် တာဝန်ထမ်းဆောင်နေသော NGO တစ်ယောက်၏ ထောက်ပံ့ကြေးဖြင့် ခင် တစ်ယောက် အဝတ်အစားနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချကာ ရပ်တည်နေခဲ့သည်။ မယ်လီဆာစတီးဝပ်ကလည်း တစ်ကြိမ် လူကုန်ကူးမှု ခံရပြီးသည့် အမျိုးသမီးများသည် နောက်တစ်ကြိမ် ပြန်ပြီး ခံရဖွယ်ရှိသဖြင့် သူတို့ကို ဝင်ငွေတစ်ခုခု ရရှိသည့် အလုပ်များ စီစဉ်ပေးခြင်း ကသာ အဖြေဖြစ်သည်ဟု ဆိုသည်။
“ကျွန်မတို့ ဦးတည်ချက်က လူတွေကို လုံခြုံစိတ်ချရတဲ့ ဘဝရောက်စေဖို့ပဲ။ သူတို့ဘဝကို သူတို့ရွေးချယ်ပြီး လုပ်ကိုင်စားသောက်ခွင့်တွေ ပေးရမယ်။ သူတို့ကို ဥပဒေအရ အရေးယူပြီး ထောင်ချမယ် ဆိုရင်လည်း သူတို့ဘဝ ကောင်းသွားမှာမှ မဟုတ်တာ” ဟု စတီးဝပ်က ပြောကြားသည်။
“ကျွန်မတို့က သူတို့ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာပေးတယ်။ သူတို့နောက်တစ်ခါ ဒါမျိုး ထပ်မလုပ်ဖို့ လိုတယ်။ ဖမ်းလိုက်၊ လွှတ်လိုက်၊ ထပ်လုပ်လိုက်ဆိုရင် ဆုံးနိုင်တော့မှာ မဟုတ်ဘူး” ဟု သူမက ဆက်ပြောသည်။

တရားစွဲပြီး သူတို့ကို အပြစ်ပေးလိုက်ခြင်းသည် သူတို့ကို အပြစ်ရှိသလို ခံစားစေနိုင်ပြီး ပို၍ဆိုးသွားစေ နိုင်သည်။ သူတို့ဘဝအတွက် အစိုးရကလည်း ခိုနားစရာ နေရာများနှင့် ပြုပြင် ပြောင်းလဲမှုများကို လုပ်ကိုင်ခွင့် ပေးရန်လိုသည်။ အမေရိကန်အစိုးရ အစီရင်ခံစာအရ မြန်မာအစိုးရကလည်း ထိုသို့လူကုန်ကူးခံရပြီး လွတ်မြောက်လာသူများကို ဆေးဝါးများ ကုသပေးခြင်း၊ စိတ်ဓာတ် မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေး အကြံပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ခင်နှင့် သူ့သားလေး လုံးထွေးတို့သည် ယခုအခါ အခြေအနေ ကောင်းနေပြီ ဖြစ်သည်။ ကျွန်မက ခင့်ကို သူ့သမီးလေးနှင့် ပြန်မတွေ့ချင်ဘူးလားဟု မေးလိုက်သည်။ ခင့်မျက်လုံးက မျက်ရည်များ ကျလာသည်။ ယခု အသက် ၄၅ နှစ်ရှိနေပြီ ဖြစ်သော ခင်က နောက်တစ်ကြိမ် လူကုန်ကူးမှု မခံရရေးအတွက် ကတိပေးလိုက်သည်။ သူမသမီးလေးကို နောက်ဆုံး တွေ့လိုက်ရသည့် တရုတ် တည်းခိုခန်းမှ အဖြစ်အပျက်ကို သူမ မမေ့သေးကြောင်း ဆိုသည်။

“သမီးလေး ခုဆိုရင် ဘယ်ရောက်နေပြီလဲဆိုတာ မပြောတတ်တော့ပါဘူးရှင်” ဟု ခင်က လွမ်းဆွေးစွာ ပြောလိုက်သည်။

This Women was sold for $23, by Monica Tan
(http://www.dailylife.com.au/news-and-views/news-features/this-woman-was-sold-for-23-20130625-2otxi.htm
THE VOICE

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.