07/04/13


မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ အဆက်သွယ်ဖြတ်မယ်လို့ မြန်မာအစိုးရက ပြောထားပေမဲ့ တကယ်တမ်းလက်တွေ့မှာ ဆက်သွယ်မှုတွေ ရှိနေသေးတယ်လို့ အကဲခတ်တချို့က သုံးပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက လက်ခံလာနိုင်တဲ့အထိ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်တယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာအစိုးရ မစ်ဇိုင်း သုသေသနနဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ၊ ကာကွယ်ရေး ဌာန ပစ္စည်းထုတ်လုပ်ရေးရုံး (DDI) ရဲ့အရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး အပေါ် မြောက်ကိုရီးယားနဲ့ မြန်မာကြား လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ ကိုယ်စား မြောက်ကိုရီးယားထံကနေ မြန်မာ စစ်တပ်အတွက် လက်နက်တွေ ဝယ်ယူခဲ့တဲ့အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်ဖို့ အမေရိကန်ကို ကတိပေးခဲ့တာဖြစ်သလို၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လည်း ဒီနှစ်ထဲ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့စဉ်က မြောက်ကိုရီးယားနဲ့ စစ်ရေးအရ အဆက်အဆံမရှိတော့တဲ့ အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား ထိတွေ့ဆက်ဆံမှုတွေ ရှိနေသေးတာကြောင့် ဒီဆက်ဆံရေးမှာ အဓိကကျတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ခုလို အရေးယူဒဏ်ခတ်လိုက်တာဖြစ်တယ် လို့ မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောပါတယ်။

“ကျနော်တို့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကောင်းဖို့မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးက အဓိက အချက်တချက်အနေနဲ့ ပါ ပါတယ်။ ဆိုတော့ ကျနော်သိသလောက်ကတော့ အခုချိန်ထိတော့ လက်ရှိ အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် ဖြတ်ပါမယ်လို့ ပြောပေမဲ့ အခုချိန်ထိ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်လက်ပြီးတော့မှ ဆက်ဆံနေတုန်းပဲလို့ ကျနော်တို့ သိရပါတယ်။ အဲဒီကိစ္စမှာ အဓိက တာဝန်ရှိတာကတော့ အခု sanction အသွင်းခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဖြစ်ပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာန (ကက) စစ်ပစ္စည်းထုတ်လုပ်ရေးတပ် ညွှန်ကြားရေးမှူးရုံးမှာ အလုပ်လုပ်ခဲ့တာပါ။ အဲဒီအချိန် အဲဒီအခါကတည်းက လူကြီးများရဲ့ အရေးပေးမှုကို ခံခဲ့ရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။"

"ဒီ့အပြင် ၂၀၀၈ ခုနှစ် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ ခရီးစဉ် (မြောက်ကိုရီးယား) မှာလည်း ဓာတ်ပုံတွေထဲမှာကြည့်ရင်တွေ့ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းနားမှာရှိတာ ဗိုလ်ချုပ်ကြီး သိန်းဌေးပါ။ ဆိုတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ အမေရိကန် ပြည်ထောင်စုကို ကိုသိန်းဌေး ရောက်တဲ့အခါမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့မှ ဆက်မလုပ်တော့ပါဘူးလို့ ရှင်းပြပေမဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကိုတော့ ဆက်လုပ်ပါရစေ ဆိုတဲ့ဟာမျိုးတွေ ပြောခဲ့တယ်လို့ ကျနော် သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အမေရိကန် အစိုးရအနေနဲ့၊ ကျနော့် အမြင်ပြောရရင်တော့ ဗိုလ်ချုပ်ကြီး သိန်းဌေး အနေနဲ့ မြောက်ကိုရီးယား နဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေမှာ အဆက်အသွယ် လုပ်နေတုန်းပဲလို့ ယူဆတဲ့အတွက်ကြောင့်မိုလို့ အခုလို sanction list ထဲကို စာရင်းထဲကိုသွင်းတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

အခုနောက်ဆုံး အရေးယူမှုကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ငွေကြေးအရ ဆက်နွယ်ပတ်သက်မှု လွှဲပြောင်းမှုတွေ မလုပ်ဖို့ ပိတ်ပင်လိုက်ပြီး၊ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့ရင်လည်း ထုတ်သွင်းလို့မရအောင် ပိတ်ပင်ဖို့ အရေးယူလိုက်တာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ၊ DDI ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံး ကိုလည်း မြောက်ကိုရီးယားနိုင်ငံကနေ စစ်ပစ္စည်းတွေ ၀ယ်ယူခဲ့မှုနဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အခုအရေးယူမှုဟာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုသာ အဓိက ပစ်မှတ်ထားတာ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဆက်လက်ယူနေတဲ့ မြန်မာအစိုးရအပေါ် ပစ်မှတ်ထားတာ မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက် မှာ ဖော်ပြပါတယ်။ ဒါပေမဲ့လို့ ခုလို မြန်မာအစိုးရ ထိပ်တန်းအရာရှိတယောက် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနှောက်အယှက် ဖြစ်လာနိုင်သလို၊ မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဖြစ်အောင်လုပ်ဖို့ လိုတယ်လို့လည်း ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးမှာ အမှုထမ်းခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ယခင်ကလည်း ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ မြောက် ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စကို မြန်မာ အစိုးရ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်မှာ ဗြောင်လိမ် ပြီးတော့ ငြင်းခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်ကိုယ်က သံရုံးမှာရှိစဉ်က အမေရိကန်အစိုးရကိုရော၊ လွှတ်တော်အမတ်တွေကိုရော ကျနော်တို့အထက်ရဲ့အမိန့်အရ ဗြောင်ပဲ ကျနော်တို့ လိမ်ခဲ့ရဖူးပါတယ်။ အခုချိန်ထိလည်း ဒီအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ သံသယရှိပါတယ်။ ဒါကြောင့်မိုလို့ အမေရိကန်အစိုးရကို သံသယပျောက်အောင်တော့ လက်ရှိ မြန်မာအစိုးရ အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ပြစေချင်ပါတယ်။ ဥပမာအားဖြင့် သူတို့ပြောထားတယ်။ အနုမြူစီမံကိန်းတွေ မလုပ်ဘူးဆိုရင်လည်း မလုပ်ဘူးဆိုတဲ့အကြောင်းကို စစ်ရေးရေးအဖွဲ့ တဖွဲ့ကို ခွင့်ပြုသင့်တယ်။ အလားတူပဲ မြောက်ကိုရီးယားနဲ့ မလုပ်တော့ပါဘူးဆိုရင် လည်း မြောက်ကိုရီးယားနဲ့ မလုပ်တော့ဘူးဆိုတဲ့အကြောင်းကို၊ တခြား အထူးအထွေမရှိပါဘူး။ ကလတ စက်ရုံတွေကိုသာ စစ်ဆေးရေးအဖွဲ့တွေ စစ်ဆေးခွင့်ပြုမယ်ဆိုရင် ဒီကိစ္စက ရှင်းသွားပါလိမ့်မယ်ခင်ဗျ။”

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလကချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အရ မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားထံက စစ်ပစ္စည်း ဝယ်ယူမှုနဲ့ တခြား အထောက်အကူတွေ ရယူခြင်းကို တားမြစ် ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ နိုင်ငံတကာက တောင်းဆိုချက်ကို မြန်မာအစိုးရ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက လျစ်လျူရှု့ခဲ့တဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာနက ဒုတိယ လက်ထောက် ၀န်ကြီး တဦးဖြစ်တဲ့ David Cohen က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ၂၀၁၃ ခု၊ ဖေဖော်ဝါရီလအထိ နယ်စပ်ရေးရာဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ၂၀၀၈ ခုနှစ် မြောက် ကိုရီးယားခရီးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလည်း လိုက်ပါခဲ့ပြီး၊ မြောက်ကိုရီးယားက လက်နက်စက်ရုံတွေကို သွားရောက်လေ့လာ ခဲ့တဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

voa burmese

မြန်မာနိုင်ငံ သီလဝါဒေသအတွင်း ဆိပ်ကမ်းတိုးချဲ့တည်ဆောက်မည့် နယ်မြေများရှိ ဒေသခံများကို မြေလျော်ကြေးငွေ ပေးအပ်ရာတွင် လက်ရှိ ကာလပေါက်ဈေး အတိုင်းသာ ပေးအပ်ရန် ဒေသခံများက တောင်းဆိုခဲ့ကြကြောင်း သိရသည်။ သီလဝါဆိပ်ကမ်း တည်ဆောက်ရာတွင် လွတ်ကင်းမှုမရှိသည့် မြေကွက် အမှတ် ၂၁၊၂၂၊၂၅ နှင့် ၂၆ အနီးဝန်းကျင်ရှိ ရွှေပြည်သာယာရပ်ကွက်၊ ဘေးပေါက်ကျေးရွာမှ ဒေသခံများ မှ ထိုကဲ့သို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“အခု နိုင်ငံတော်ရဲ့ မဖြစ်မနေ လုပ်ရမယ့်လုပ်ငန်းအတွက် ကျွန်တော်တို့ ပြောင်းရွှေ့ပေးပါမယ်။ ညင်ညင်သာသာ အေးအေးချမ်းချမ်းနဲ့ ဖယ်ရှားပေးပါမယ်။ တစ်ခုပဲ တောင်းဆိုချင်တာက ဖယ်ရှားပေးရတဲ့ မြေနေရာအတွက် ဒေသပေါက်ဈေးထက် မနည်းအောင် စဉ်းစားပေးဖို့ အတွက်ပါ” ဟု သီလဝါဒေသရှိ ရွှေပြည်သာ ရပ်ကွက်နေသူ ဒေသခံတစ်ဦးမှ ပြောကြား သွားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များနှင့် သီလဝါဒေသခံများ ဇူလိုင်လ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဒေသခံများဘက်မှ အဓိကအနေဖြင့် အချက်သုံးချက်ကို တောင်းဆို ခဲ့ကြသည်။ ယင်း အချက်များမှာ မိမိတို့မြေယာများအတွက် လျော်ကြေးငွေကို ကာလပေါက်ဈေး အတိုင်းသာ ရလိုကြောင်း၊ ဒေသခံများအနေဖြင့် ရေလုပ်သမားများဖြစ်သည့် အလျောက် ပြောင်းရွှေ့ပြီးပါက မိမိတို့အတွက် အလုပ်အကိုင်နှင့် နေထိုင်ရန် နေရာ စီစဉ်ပေးရန်တို့ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒေသခံတွေနဲ့ ဆွေးနွေးပြီး အထက်ကို ပြန်တင်ပြရ ဦးမယ်။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက် ပေးဖို့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ အထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

သီလဝါဆိပ်ကမ်း တည်ဆောက်ရန်အတွက် မြေကွက်တစ်ကွက်လျှင် မျက်နှာစာ အလျား မီတာ ၂၀၀၊ ကုန်းတွင်းဘက် သို့ မီတာ ၇၅၀ (အကျယ် ၃၇ ဒဿမ ၀၆ ဧက) ရှိ မြေကွက် စုစုပေါင်း ၃၇ ကွက်ကို တူးဖော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ မြေကွက်များမှာ ၂၀၀၀ ခုနှစ်တွင် ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ၃၉ အရ သီလ၀ါဆိပ်ကမ်းမြေ အဖြစ် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

“အိုးအိမ်က ၁၉၉၅ ခုနှစ်ထဲက သီလဝါဒေသရှိ ကမ်းရိုးတန်းတစ်လျှောက်ကို သိမ်းပြီးသားမြေကို ငွေလဲ အမ်းပြီးသား ပါ။ အစိုးရလည်း ၁၉၉၅ ခုနှစ်ထဲက တရားဝင်ဆိပ်ကမ်း အာဏာပိုင်မြေ အဖြစ်ပေးပြီးသားပါ” ဟု၎င်းက ထပ်လောင်းပြောကြား သွားခဲ့သည်။

လက်ရှိအချိန်တွင် ယင်းမြေကွက်များပေါ်၌ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ရွှေတောင်ကုမ္မဏီ၊ မက်စ်မြန်မာဝန်ဆောင်မှု ကုမ္မဏီ၊ IGE Service Co.Ltd၊ ဒိုင်းမွန်းစတား ကုမ္မဏီ၊ မြတ်မေတ္တာမွန် ဝန်ဆောင်မှုကုမ္မဏီ နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်း အသီးသီးမှ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို တည်ဆောက် လျက်ရှိသည်။ အဆိုပါ သီလဝါဆိပ်ကမ်းတည်ဆောက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၄ သန်း ရရှိထားသည်။

Yangon chronicle

ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့်သမီးတော် သီရိဒုံ မြန်မာပြည်လာမယ်။ ညနေ ၅ နာရီ၊ ရွှေတိဂုံဘုရားကို ဖူးမယ်ဆိုလို့ ကျနော် ရွှေတိဂုံကို ရောက်သွားတယ်။ (တကယ်က အဲ့တာ ကျနော့် အဆိုင်းမန့်မဟုတ်ဘူး။ ဆေးရုံတက်နေတဲ့ ကျနော့်အမေကို ခဏသွားစောင့်ရမှာမို့ ကျနော်ရိုက်စရာရှိတဲ့ နေ့လည်ပိုင်း အဆိုင်းမန့်ကို ကျနော့် စီနီယာကို လွှဲပြီး ညနေပိုင်းမှ သူရိုက်မယ့် အဲ့ဒီ သီရိဒုံခရီးစဉ်ကို ကျနော်သွားရိုက်တာ။ ဒီမှာ ပြဿနာတက်ဖို့ ဖြစ်လာခဲ့တာပဲ။)
ရွှေတိဂုံဘုရားကို ကျနော် ညနေ ၄ နာရီ စွန်းစွန်းကတည်းက ရောက်သွားတယ်။ မိုးရွာနေတယ်။ သီရိဒုံက မလာမလာနဲ့ နောက်ဆုံး ၇ နာရီကျော်မှ ရောက်တယ်။ မီဒီယာတချို့ရိုက်တဲ့ ဧည့်သည်တော်မှတ်တမ်း လက်မှတ်တွေဘာတွေတောင် ကျနော်လုမရိုက် တိုးမရိုက်ပဲ Public ဧရိယာကနေပဲ ရိုက်ဖို့ ကျနော်လုပ်တယ်။

ရွှေတိဂုံဘုရား အောင်မြေမှာ သီရိဒုံ ဆီမီးထွန်းပြီး အရှေ့မြောက်ထောင့်က သာယာဝတီမင်းခေါင်းလောင်းဆီကို အသွား တနင်္ဂနွေထောင့်ရှေ့က ဂဝံရုပ်ပွားတော်တွေရှိတဲ့နားကနေ၊ သာယာဝတီမင်းခေါင်းလောင်းနဲ့ ထီးတော်စေတီကြားက ရေသန့်စက်တွေထားတဲ့ အဆောင်ဘက်ကို ပြေးတယ်။ (အဲ့ဒီအချိန် အဲ့ဒီနေရာကို သီရိဒုံ မရောက်သေးဘူး။ မြောက်ဘက်မုခ်နဲ့ တနင်္ဂနွေထောင့်အကြားလောက်ပဲ ရှိဦးမယ်။ ကျနော့်ဦးတည်ရာက VIP ပုဂ္ဂိုလ်ဖြစ်တဲ့ သီရိဒုံဘက်ကိုမဟုတ်ဘူး။ သူတို့နဲ့ ဆန့်ကျင်ဘက်က လုံခြုံရေးစည်းအပြင်ဘက်ကို သွားတာဖြစ်သလို အဲ့ဒီနေရာမှာ လူလုံးဝ ပြောင်တလင်းခါ ရှင်းနေတယ်။)
အဲ့အချိန်မှာ ကျနော့်နောက်ကနေ ရွှေတိဂုံလုံခြုံရေးဝတ်စုံဝတ်ထားတဲ့ တယောက်က ပြေးပြီး ဆောင့်တွန်းတယ်။ မိုးရေတွေနဲ့ ရွှဲနေတဲ့ ကျောက်ပြားတွေပေါ်ကနေ တရွတ်တိုက် ၇-၈-၉ ပေလောက် ကျနော် ဟပ်ထိုးဖြစ်ပြီး စောင်းတန်း အုတ်ခုံ ရေသန့်စက်တွေရှေ့ကို မှောက်လျက်လဲတယ်။ ကျနော့် Canon 1D Mark III မှာ တပ်ထားတဲ့ 70-200mm F4 L IS USM Lens ခါးလည်ကနေ ကျိုးသွားတယ်။ ကျနော့် ဘယ်လက် လက်မမှာ နည်းနည်းပေါက်ပြဲသွားပြီးတော့၊ ညာဘက်ဒူး ထိသွားတယ်။ (အဲ့တာလဲ စဖြစ်ကာစမှာ မသိဘူး။ နောက်ပိုင်းမှ တော်တော်နာလာတာ။)

ကျနော်တော်တော်ဒေါသဖြစ်တယ်။ မိုးရေနဲ့ ချောနေတဲ့ ကျောက်ပြားပေါ်ကနေ တရွတ်တိုက် ရှေ့ ကျောက်ခုံနဲ့ ပြေးတိုက်တာ အခန့်မသင့်ရင် သေနိုင်တယ်။ ဒီဖြစ်ရပ်ကိုမြင်တဲ့ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့လုပ်လဲ ပြောတော့ ပထမဆုံးဝင်လာတဲ့ ကောင်လေးကို ထီးနဲ့ မျက်နှာကို ချိန်ပြီး မင်းက ဘာလဲ ဘာညာမေးတယ်။ လုံခြုံရေးယူနီဖောင်းဝတ်တယောက်က ကျနော့်ကို ချောင်ထဲကို ဆွဲခေါ်ဖို့လုပ်တယ်။ ကျနော်ငြင်းတယ်။ ဒီကိစ္စရှင်းရမယ်။ ဘာကြောင့်ဒီလို မိုက်မိုက်ရိုင်းရိုင်းလုပ်သလဲ မေးတယ်။ အဖြေမရဘူး။
သီရိဒုံ သာယာဝတီမင်းခေါင်းလောင်းထဲ ဝင်သွားတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေကို ကျနော်ပြောတယ်။ ဒီကိစ္စ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဘယ်သူရှိလဲ။ ဒီလိုတွန်းလိုက်တဲ့ကိစ္စကို ဘယ်သူတာဝန်ယူ ဖြေရှင်းပေးမလဲ မေးတယ်။ ဘယ်သူမှ ထွက်မလာဘူး။ ကျနော်ထပ်ပြောတယ်။ အော်ပြောတယ်။ လုံခြုံရေးအဖွဲ့ခေါင်းဆောင် မရှိဘူးလား။ တာဝန်ခံဘယ်သူမှ မရှိဘူးလား။ ဘုရားဂေါပက အဖွဲ့ဝင် မရှိဘူးလား။ အော်မေးတယ်။ ဘုရားဖူးတွေ ဝိုင်းကြည့်တယ်။ လုံခြုံရေးတချို့ လာချော့တယ်။ နောက်မှ ပြောပါတဲ့။
နောက်မှပြောမယ်ဆိုရင် တာဝန်ခံတယောက်လာပြော။ ကျနော် ဘေးသွားထိုင်နေပြီး စောင့်မယ်ပြောတယ်။ ရွှေတိဂုံဘုရား လုံခြုံရေးမှာ တာဝန်ရှိတဲ့သူတွေနဲ့ ဂေါပကအဖွဲ့တွေ တယောက်မှ ထွက်မလာဘူး။ ကျနော် ဓါတ်ပုံဆက်မရိုက်ဘူး။ ဒီဖြစ်ရပ်ကို ဒေါသဖြစ်တဲ့ တခြားဓါတ်ပုံသတင်းထောက်တွေလဲ ဒီလောက်မိုက်ရိုင်းတာ ဓါတ်ပုံမရိုက်ဘူးဆိုပြီး ထွက်လာကြတယ်။
နောက်ဆုံး သီရိဒုံ အင်္ဂါထောင့်ကနေ အရှေ့ဘက်စက်လှေကားကနေ ဆင်းသွားတယ်။ ဒီအချိန်မှာ လုံခြုံရေးအဖွဲ့ တွေကို ကျနော်သွားမေးတယ်။ ကျနော့်မှန်ဘီလူးကွဲသွားတယ်။ ကျနော် ဘယ်ကိုမှလဲ မတိုးပဲ အလွတ်ကြီး သွားတဲ့ကိစ္စ တွန်းတာ ဘယ်သူ့ ဖြေရှင်းပေးမှာလဲ ကျနော်မေးတယ်။

အဲ့အချိန်မှာ လုံခြုံရေးဝတ်စုံဝတ်ထားတဲ့သူတယောက်က အင်္ဂါထောင့်ရှေ့ကနေ လှမ်းအော်တယ်။ မင်းဘာသာမင်း ချော်လဲတာတဲ့။ ကျနော့် သူ့ဆီကိုသွားတယ်။ ပြောတယ်။ “ခင်ဗျား ကျုပ်ထက်အသက်ကြီးတယ်။ ခင်ဗျားလုပ်တာ ဘုရားလုံခြုံရေး။ ခင်ဗျားအခုပြောတာ ရွှေတိဂုံပေါ်မှာ။ ဘုရားပေါ်မှာ ခင်ဗျားထပ်ပြော။ ကျုပ်ချော်လဲသလား။ ကျုပ်ကို နောက်က တွန်းသလား။” ဆိုတော့ ပါးစပ်လုံးဝ ပိတ်သွားတယ်။ အဲ့တာ လူလည်ခေါင်မှာ။ ဘုရားဖူးတွေကော။ ဂေါပကတွေ လုံခြုံရေးတွေ သတင်းထောက်တွေ တပြုံတခေါင်းရှေ့မှာ ဒီလူ ဘာတခုမှ ထပ်မပြောတောဘူး။

အဲ့ဒီမှာ ကျနော့်ကို တိုက်ပုံဝတ်ထားတဲ့ ဘုရားလုံခြုံရေး ဂေါပကလူကြီးတယောက်က ပြောတယ်။ မင်းလာမအော်နေနဲ့ မကျေနပ်ရင် ရဲစခန်းသွားမယ်တဲ့။ ကျနော်ပြန်ပြောတယ်။ အိုကေ သွားမယ်ဆိုပြီး သူတို့ နောက် လိုက်သွားတယ်။ အင်္ဂါထောင့် လူတွေအများကြီးရှေ့ကနေ သူတို့နောက် လိုက်သွားတယ်။
စက်လှေကား ဂေါပကရုံးဘက်ကို ထွက်တဲ့ နားရောက်တော့ အဲ့ဒီတိုက်ပုံဝတ်လူကြီးက စကားပြောင်းသွားတယ်။ ရဲစခန်းမသွားနိုင်ဘူးတဲ့ မင်းဘာသာမင်း ချောလဲတာတဲ့။ ကျနော်ပြောတယ် ခင်ဗျား ဘုရားဂေါပက မဟုတ်ဘူးလား။ လူကြီးမဟုတ်ဘူးလား။ ဘုရားလူကြီးဖြစ်ပြီး ဘုရားပေါ်မှာ ခင်ဗျားဘာလို့ လိမ်လဲလို့။” အဲ့အချိန်မှာ ကျနော်နဲ့ အင်ပါယာသတင်းထောက် ကောင်လေးနှစ်ယောက်ပဲ ရှိတယ်။ ပတ်ချာလည်မှာ လုံခြုံရေးအဖွဲ့တွေုဝိုင်းထားတာ အောက်ထစ် ၃၀ လောက်ရှိတယ်။ ကျနော့်ကို ထိုးမယ်ကြိတ်မယ်ဆိုတဲ့ ပုံစံတွေလုပ်တယ်။ သူတို့လူကြီးကို အော်ပြောလို့တဲ့။ ကျနော်ပြောတယ် ခင်ဗျားတို့ကို ပါးစပ်နဲ့ ပြောနေတာ လက်မပါသေးဘူး။ အော်မပြောစေချင်ရင် မလိမ်နဲ့လို့။ ကျနော့်ကို တွန်းထိုးကြတယ်။

အဲ့အချိန်မှာ ပေါ်ပြူလာသတင်းဂျာနယ်က ဓါတ်ပုံသတင်းထောက်က ဓါတ်ပုံရိုက်တယ်။ လုံခြုံရေးတွေက သူ့ကင်မရာကို ဝိုင်းဆွဲတယ်။ ထပ်ရိုက်ရင် ကင်မရာရိုက်ခွဲမယ်လို့ ပြောတယ်။ အဲ့အခြေအနေ ဓါတ်ပုံတွေ ဒီမှာ…
ပေါ်ပြူလာ ဓါတ်ပုံသတင်းထောက် ကိုအောင်နိုင်စိုး ကင်မရာကို ဝင်လုတဲ့ပုံ။ ဆက်ရိုက်ရင် ကင်မရာကို ရိုက်ခွဲမယ်လို့ သူတို့ပြောတယ်။
သတင်းထောက် နှစ်ယောက်ကို ဒီလောက်လူအင်အားနဲ့ ဒီလိုပုံစံတွေ ပြောဖို့ လိုအပ်သလား မလိုအပ်ဘူးလား ခင်ဗျားတို့ ဘာသာ စဉ်းစားကြည့်ပါ။
ကျနော်ပြောချင်တာက ရွှေတိဂုံဘုရားပေါ်မှာ ကျနော် မူးယစ်ရမ်းကားနေတာမဟုတ်ဘူး။ ခိုး၊ ဆိုး၊ နှိုက် မိလို့ ကလန်ကဆန်လုပ်တာ မဟုတ်ဘူး။ ကင်မရာ နှစ်လုံးလွယ်ထားတဲ့သူ။ နောက် ကျနော်က လုံခြုံရေး အရေးကြီးတဲ့ VIP ဆီကို ဦးတည်တာ မဟုတ်ဘူး။ သူနဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်နေတဲ့သူ။ ကျနော့်ကို ဘာကြောင့် ဒီလို လုပ်သလဲ။ ကျနော်မကျေနပ်ဘူး။
မကျေနပ်ဘူးဆိုတာ ကျနော့်ကို တွန်းတဲ့သူ တယောက်တည်းတင်မကဘူး။ ဖြစ်စဉ်မှာ တာဝန်ခံတဲ့ ဘုရားလူကြီးဆိုပြီး တိုက်ပုံဝတ် ဘလောင်းဘလဲ ပြောတဲ့သူတွေကော။ လူလည်ခေါင်မှာ ဘယ်သူတာဝန်ရှိသလဲ ထွက်ခဲ့ဆိုတုန်းက လူရာချီတဲ့ လုံခြုံရေးတွေထဲက တယောက်မှာ ထွက်မလာပဲ လူကွယ်ရာ ဘုရားချောင်ထဲရောက်မှ တွန်းလားထိုးလား ဝိုင်းဖြဲတဲ့သူတွေကိုကော မကျေနပ်ဘူး။

နောက် အဆိုးဆုံးကိစ္စက သတင်းထောက်၊ ဓါတ်ပုံ သတင်းထောက်မှန်းသိရက်နဲ့ ဘုရားလုံခြုံရေးက မိုက်မိုက်ရိုင်းရိုင်း လုပ်တဲ့ကိစ္စပဲ။ သတင်းထောက်တွေကို ရွှေတိဂုံလုံခြုံရေးတွေ မိုက်မိုက်ရိုင်းရိုင်းလုပ်တာ ဒီတကြိမ်ပထမဆုံးမဟုတ်ဘူး။ ဟီလာရီကလင်တန်လာတုန်းကကော ယင်လပ်လာတုန်းကကော မိန်းကလေးသတင်းထောက်ကို ရင်ဘတ်တွန်းတာတို့ တီဗီသတင်းထောက်ကို တံတောင်နဲ့တွတ်တာတို့ လုပ်ခဲ့ပေါင်းများပြီ။

ဒီကိစ္စ ဒီလောက်အထိ ကြီးကျယ်သွားဖို့ ကျနော် မစဉ်းစားထားဘူး။ မိုက်ရိုင်းတဲ့ လူအတွက် သူ့အဖွဲ့အစည်းက တာဝန်ခံပြီး ကျနော်ကျေနပ်အောင် ပြောလိုက်ရင်ကို ဒီကိစ္စ ပြီးသွားမှာ။
ကျနော့် ဌာနအတွက် မှန်ဘီလူးတလုံးက ဘာမှမဖြစ်ဘူး (ကျနော့်ကြောင့် risk ဖြစ်သွားတဲ့ မှန်ဘီလူးလဲ မနည်းဘူး။ ကျနော့် ဒဏ်ရာ (ပြည့်သူ့ဆေးရုံကြီးက အရွတ်ထိသွားတယ်လို့ ဆေးစာရေးတယ်။) က ဘာမှ မဖြစ်ဘူး။
ဒါပေမယ့် သတင်းထောက်၊ သတင်းဓါတ်ပုံသမားကို ဗျင်းလိုက်တာ၊ မိုက်မိုက်ရိုင်းရိုင်း လုပ်လိုက်လို့ရတယ် ဆိုတဲ့ ကိစ္စ ကျနော် နောက်ထပ် အဖြစ်မခံနိုင်ဘူး။

ဒဂုံရဲစခန်းကို ကျနော်နဲ့ သက်သေတွေ (ကျနော့်ဘက်က လိုက်ပေးတဲ့ အဓိက သက်သေ တယောက်က ကျနော်နဲ့ မျက်မှန်းတန်းရုံ သတင်းထောက်တယောက်၊ နောက်တယောက်က ကျနော်နဲ့ လုံးဝမဆက်ဆံဖူးတဲ့ သတင်းထောက်တယောက်။) အမှုသွားဖွင့်ပေမယ့် ရဲစခန်းက ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ရပါမယ်လို့ ဆိုတယ်။ ဇူလိုင် ၃ ရက် (ဒီနေ့) မနက် ၁၀ နာရီကို တရားရုံးသွားဖို့ ပြန်ချိန်းတယ်။ ဘုရားဂေါပကအဖွဲ့ကလည်း ကျနော့်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်ပြီး အမှုဖွင့်တယ် ကြားတယ်။ ဒီတော့ ဘုရားဝတ္တကအဖွဲ့ ကိုယ်စားပြုပြီး မိုက်ရိုင်းတဲ့ ကိစ္စကို တောင်းပန်မယ့် ပုံမရှိဘူး။

ဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရွှေတိဂုံလုံခြုံရေးအဖွဲ့ကို ကျနော် တရားစွဲပါမယ်။ ကျနော် ဘာကောင်မှ မဟုတ်ဘူး။ ဒါပေမယ့် ဓါတ်ပုံသတင်းထောက်မှန်းသိရက်နဲ့ ကိုယ်ထိလက်ရောက် စော်ကားတဲ့ ဒီအပြုအမူကို ဆက်သည်းခံရင်၊ ရွှေတိဂုံတင်မကဘူး ကျနော်တို့ နေရာတကာ ဒီအပေါက်အချိုးခံနေရလိမ့်မယ်။ ဒီအတွက် ကျနော့် ဒီကိစ္စကို ရေဆုံးရေဖျားအထိ၊ ကျနော် တတ်နိုင်သလောက် ဆက်တိုက်သွားမယ်။ ကျနော့်နောက်မှာ ဘယ်သူမှ မရှိတော့ရင်တောင် ဒီကောင်တွေကို ဒီလိုသွားလုပ်လို့ မရဘူးဆိုတဲ့ အသိ ဒီလို လူတန်းစားတွေရသွားတဲ့ အထိ ကျနော် တိုက်မယ်။

"မတရားတာကို မတရားဘူးလို့ မပြောရဲ မဆိုရဲရင် ပြန်မတုံ့ပြန်ရဲရင် ကျနော် သတင်းသမား လုပ်မစားတော့ဘူး။"
PS: ဒီဖြစ်စဉ်မှာ ကျနော့်နောက်က ရဲရဲ လိုက်ရပ်ပေးခဲ့တဲ့ သတင်းသမားတွေကို ကျေးဇူးတင်တယ်။

လင်းဘိုဘို
၁၂/လမန (နိုင်) ၁၂၉၆၈၀
၀၉၄၅၀၀၆၈၁၇၀
(by Lynn Bobo (Notes) )

(1 July 2013 ရက်စွဲပါ Asia Times Online မှ Tom Fawthrop ရေးသားသော “State Complicity in Myanmar Pogroms” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် အနောက်နိုင်ငံအစိုးရများနှင့် ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံသစ် အနေ ဖြင့် စစ်အစိုးရအုပ်ချုပ်ခဲ့သော အမှောင်နေ့ရက်များသို့ ပြန်မလှည့်တော့ကြောင်း သေချာကြောင်း ပြသရန် တက်ကြွစွာ ကြိုးပမ်းနေပါသည်။ သို့သော် သူသည် ယနေ့ထိ သံသယဖြစ်ဖွယ် ဗုဒ္ဓဘာသာဂိုဏ်းများက စနစ်တကျ မွတ်ဆလင် အသိုင်းအဝိုင်းများ အပေါ် တစ်မြို့ပြီးတစ်မြို့ သွေးထွက်သံယို တိုက်ခိုက်နေမှုများကို အကာအကွယ် မပေးနိုင်ခဲ့သေးပေ။

ဦးသိန်းစိန်သည် မကြာခဏ လူမျိုးရေးအရ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် ပြောကြားခဲ့သော်လည်း ထင်သလောက် အရာမထင်ခဲ့ပေ။ အစိုးရက အရေးယူဆောင်ရွက်မှုမရှိခြင်း၊ မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓါတ် ဒီရေအလား တိုးတက်လာ နေမှုကို တားဆီးမည့် အစီအစဉ်မရှိခြင်းနှင့် နောက်ထပ် အကြမ်းဖက်ဖြစ်စဉ်တစ်ခု မဖြစ်ရန် အကာကွယ်နိုင်ခြင်းတို့ကြောင့် အများ၏ ယုံကြည်မှုကို ရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ မွတ်ဆလင်များအပေါ် မတရားဝေဖန်ထားသော စာရွက်များ၊ မဂ္ဂဇင်းများမှာ တိုင်းပြည်တစ်လွှားနေ့စဉ် ပလူပျံနေပါသည်။

တစ်ချိန်တည်းမှာပင် အစွန်းရောက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကလည်း မွတ်ဆလင်များကို တိုက်ရိုက် တိုက်ခိုက်သော အန္တရာယ်ကြီးသည့် တရားများ ဟောကြားကြပါသည်။ လူဦးရေ သန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင် မွတ်ဆလင်ဦးရေ မှာ ၅% သာရှိပါသည်။

ပြီးခဲ့သည့် ဇွန်လက ရှမ်းပြည်နယ်လားရှိုးမြို့တွင် ဗုဒ္ဓဘာသာမော်တော်ဆိုင်ကယ်ဂိုဏ်းသည် မွတ်ဆလင်ဆိုင်များ နှင့် နေအိမ်များကို ဖျက်ဆီးခဲ့ရာ နောက်ဆုံးအဖြစ်အပျက် ဖြစ်ပါသည်။ ရှမ်းလူမျိုးသုတေသနပြုသူ စိုင်းလတ်က Asia Time Online သို့ပြောကြားရာတွင် မွတ်ဆလင်တွေအပေါ် အစွန်းရောက်အမုန်းတရားဝါဒ ဖြန့်ချီရေးကို နှိမ်နင်းရန် အစိုးရနှင့် ရဲတပ်ဖွဲ့က မည်သို့မျှ လုပ်ဆောင်ခြင်းမရှိဟု ဆိုပါသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားသော ရိုဟင်ဂျာများအပေါ် သတ်ဖြတ် ခြင်းများသည် ယခုနှစ်တွင် မွတ်ဆလင်လူဦးရေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ခဲ့ပြီး အကြမ်းဖက်မှုကို ခံရပါသည်။ ပြီးခဲ့ သည့် မတ်လက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် မွတ်ဆလင်ဆိုင်များနှင့် အိမ်များ (၁၃၀၀) ခန့် မီးရှို့ခံခဲ့ရပါသည်။ အရေးယူခံရခြင်း မရှိသောကြောင့် အဆိုပါကျူးလွန်မှုများသည် တောင်ပိုင်း ပဲခူးတိုင်းသို့ ပြန့်နှံ့သွားခဲ့ပြီး၊ ဥက္ကံမြို့နယ်တွင်ပါ လှိုင်းလုံးရိုက်ခတ်မှု ရှိခဲ့ပါသည်။

သို့ဆိုလျှင် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီး ပိုမိုလွတ်လပ်ခွင့်ပေးလာခြင်း၏ မလွဲ မရှောင်သာရလာသော ရလဒ်သည် အကြမ်းဖက်မှုလေလား။

သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ပြောကြားခဲ့မှုက ကျွန်ုပ်တို့ကို ထိုသို့ ယုံကြည်မှုမျိုးကို ဖြစ်စေပါသည်။ “ကျွန်တော်တို့ ဒီလိုပရမ်းပတာ အခြေအနေမျိုးကို မရှောင်နိုင်ပါဘူး” ဟု ဦးရဲထွဋ်က AFP သတင်းဌာန သို့ပြောပါသည်။ ၎င်းက Hate Speech များနှင့် မွတ်ဆလင်များအပေါ် ပစ်မှတ်ထားသော အကြမ်းဖက်မှုများသည် ပြုပြင်ပြောင်းလဲရေးအစိုးရ ခွင့်ပြုသော လွတ်လပ်ခြင်းအသစ်များ၏ ဘေးထွက်ဆိုးကျိုးများဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သော ဦးရဲထွဋ်က အစိုးရသည် အဆိုပါ ပရမ်းပတာဖြစ်မှုများကို မထိန်းနိုင်ကြောင်း ပြောခဲ့သော်လည်း ကနေဒါရှိ Simon Fraser တက္ကသိုလ်မှ PhD ကျောင်းသားစိုင်းလတ် ကမူ မွတ်ဆလင်များအပေါ် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်မှုရှိသော ပုံစံကို ရှင်းရှင်းလင်းလင်း တွေ့ရသည်ဟု ဆိုပါသည်။

“အဓိကရုဏ်းမဖြစ်မီ မြို့ထဲကို မွတ်ဆလင်ဆန့်ကျင်ရေးစာရွက်တွေ အရင်ရောက်လာတယ်။ နောက် ဘုန်းကြီး တွေက အနီးတဝိုက်မှာ ၉၆၉ တရားတွေဟောကြတယ်။ အကြမ်းဖက်မယ့်နေ့မှာ ဘုန်းကြီးတွေအပါအဝင် ကားနဲ့အပြည့် မျက်နှာစိမ်းတွေ ရောက်လာတာပါပဲ။ ဖြစ်တဲ့အဖြစ်အပျက်တိုင်းမှာ ဗုဒ္ဓဘာသာတွေရဲ့ ဒေါသကိုဆွတဲ့ ကိစ္စမျိုးချည်း ဖြစ်တာ ပဲ။” ဟု ၎င်းက ပြောပါသည်။

အဓိကရုဏ်းဖြစ်ပွားရာတွင် ဒေါသဖြစ်နေသော လူအုပ်ကြီးသည် “မွတ်ဆလင်တွေကို သတ်ကြ” ဟု အော်ဟစ် လျက် ဗလီများ၊ မွတ်ဆလင်များ၏ နေအိမ်များကို မီးရှို့ကြပြီး၊ ဗုဒ္ဓဘာသာများပိုင်ဆိုင်သော နေအိမ်များကို ဂရုပြု၍ မထိခိုက် အောင် ရှောင်ကြသည်ကို တွေ့ရပါသည်။

စိုင်းလတ်၏ အဆိုအရ ကြိုတင်ကာကွယ်သည့် လုပ်ရပ်များမရှိကြောင်း သိရပါသည်။ မည်သို့ပင် ဖြစ်ပျက်ခဲ့သည် ဖြစ်သော်လည်း ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မွတ်ဆလင်များကိုသာ အပြစ်တင်ပြီး၊ အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားသည်ကို တွေ့ရပါသည်။

မြန်မာပြည်အလယ်ပိုင်းမှ မိတ္ထီလာသည် မကြာမီက မွတ်ဆလင်ဆန့်ကျင်ရေး၏ အမွေဆိုးကို ကောင်းစွာခံစားလိုက် ရသော မြို့ဖြစ်ပါသည်။ မြို့၏ ကြီးမားသော အစိတ်အပိုင်းသည် မြို့ပျက်ကြီးတစ်ခုပမာ ဖြစ်ခဲ့ပြီး မွတ်ဆလင်နေအိမ်များ၊ ဆိုင်များ၊ ဗလီများ စုစုပေါင်း (၁၃၀၀) ခန့် ပျက်စီးသွားခဲ့ရပါသည်။ စာရေးသူ သတင်းထောက်သည် မွတ်ဆလင်အသိုင်း အဝိုင်းအပေါ် လေးရက်တာလူအုပ်ကြီးဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်တွင် မျက်မြင်သက်သေများနှင့် အထောက် အထားများအရ အစိုးရမှ ပါဝင်ပတ်သက်ကြောင်း ယုံကြည်ဖွယ် တွေ့ရပါသည်။

Physicians for Human Rights မှ မြန်မာပြည်ပရော့ဂျက် ဒါရိုက်တာဟောင်း Bill Davis နှင့် ထိုအဖွဲ့မှ အကြီးတန်းဥပဒေအကြံပေး Andrea Giltleman တို့၏ အစီရင်ခံစာတွင် မိတ္ထီလာတွင် စုံစမ်းစစ်ဆေးသူများ တွေ့ရှိသည့်အချက်မှာ မွတ်ဆလင်များကို အကြမ်းဖက်သော ဖြစ်စဉ်တွင် ရဲများပါဝင်ပတ်သက်ကြောင်း ၎င်းတို့သည် မွတ်ဆလင်များကို လက်နက်ကိုင်ထားသော အရပ်သားလူအုပ်ထဲသို့ မောင်းသွင်းပြီး၊ နှိပ်စက်၊ သတ်ဖြတ် သည်ကို မတားဆီး ခဲ့ကြောင်း ကျူးလွန်သူများကိုလည်း ဖမ်းဆီးခြင်းမရှိကြောင်းဆိုပါသည်။

မိတ္ထီလာတွင် ရဲတပ်ဖွဲ့၏ လုပ်ရပ်သည် ဥပဒေထိန်းသိန်းရေး တာဝန်ရှိပုဂ္ဂိုလ်များ လိုက်နာရမည့် ကုလသမဂ္ဂ ကျင့်ထုံးများကို ချိုးဖောက်ကြောင်း တွေ့ရှိရပြီး၊ ဗဟိုအစိုးရကလည်း စနစ်တကျပစ်မှတ်ထား၍ တိုက်ခိုက်ခံရ သောနိုင်ငံသား များကို အကာအကွယ်ပေးရန် ထိရောက်သော တုန့်ပြန်မှုများမပြုနိုင်ခဲ့ကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂသည် အဆိုပါ မှတ်ချက်မျိုးနှင့်ဆင်တူသော အချက်များကို လက်ခံရရှိခဲ့ပါသည်။ မတ်လ (၂၆) ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Vijay Nambiar ကပြောကြားရာတွင် အကြမ်းဖက်မှုဖြစ်စဉ်တွင် မွတ်ဆလင်များမှာ ပစ်မှတ်ထားခံရပြီး၊ တိုက်ခိုက်မှုများကို သွေးထွက်သံယို ကိစ္စများတွင် လက်စ လက်န ရှိသူများကို အသုံးပြုခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomar Ojea Quintana က ပြောကြားရာတွင် ၎င်းအနေဖြင့် အချို့အကြမ်းဖက်မှုများတွင် အစိုးရပါဝင်ပတ်သက်မှုရှိကြောင်း သတင်းပို့မှုများ လက်ခံရရှိ ကြောင်း၊ စစ်တပ်၊ ရဲနှင့် အခြား လုံခြုံရေးထိန်းသိမ်းသည့် အရပ်သားများသည် အကြမ်းဖက်မှု ကျူးလွန်နေမှုများကို ၎င်းတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေမှုများကို ထိုင်ကြည့်နေကြကြောင်း၊ ကျူးလွန်သူများတွင် စနစ်တကျဖွဲ့စည်းထားသော အစွန်း ရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာလူအုပ်ကြီး ပါဝင်ကြောင်း ဆိုပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရအား ဆန့်ကျင်ရာ၌ ဦးဆောင်ပါဝင်ခဲ့သူ အရှင်အစ္စရိယ က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များမှာ ဆယ်စုနှစ်များစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်ကို သိရှိကြောင်း၊ မိတ္ထီလာရှိ မွတ်ဆလင်သားကောင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကြားနှင့် အမုန်းမီးလျှံများ ဝိုင်းနေပြီး မွတ်ဆလင် ပိုင်ပစ္စည်းများ အဖျက်ဆီးခံရသော အခြားနေရာများတွင်လည်း အဆိုပါအချက်ကိုပင် ထပ်တလဲလဲ ကျေညာချက်ထုတ် သည်ကို တွေ့ရကြောင်း ဆိုပါသည်။

ဒေသခံများထံမှ မကြာခဏ ပြောကြားမှုများမှာ မမြင်ဘူးသော သူစိမ်းများသည် တုတ်များ၊ ဓါးများ၊ ဓါးရှည်များ ကိုင်ထားပြီး ထရပ်ကားများဖြင့် ရောက်လာကြသည်ဟု ဆိုပါသည်။ မီးပွားဖြစ်လာမည့် မွတ်ဆလင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် တစ်ဦးတို့၏ ပြဿနာရှာအပြီးတွင် အဆိုပါ လူအုပ်ကြီးသည် အကြမ်းဖက်မှုများကို စတင်လုပ်ဆောင်ပြီး မွတ်ဆလင်များ၏ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးကြပါသည်။

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး အရှင်အစ္စရိယက Asia Time Online သို့ပြောကြားရာတွင် “ဤ အကြမ်းဖက်မှုများ ဟာ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် ဘာသာရေးကို ခုတုံးလုပ်လိုတဲ့ အုပ်စုတစ်ခုရဲ့ အသေအချာ စီစဉ်ထားတဲ့ ကင်ပိန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ အုပ်စုတွေဟာ စစ်အစိုးရပြန်လာဖို့ တမ်းတကြတဲ့လူတွေပါ။ ဦးသန်းရွှေ က ဦးသိန်းစိန် ထက်ပိုပြီး ပါဝါကြီးတယ်။” ဟု ဆိုပါသည်။

Open သတင်းဂျာနယ်အယ်ဒီတာချုပ်နှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးသီဟစော ကမကြာမီက ပြောကြားရာတွင် “ခြုံပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဘာသာရေးအရ ဟန်ချက်ညီတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မွတ်ဆလင်ဆန့်ကျင်ရေး ဝှက်ဖဲက စစ်တပ်က အရေးကြီးတဲ့အချိန်မှာ သုံးလေ့ရှိတဲ့ကိစ္စပါ။ နည်းလမ်းဟောင်းကြီး ဖြစ်ပါတယ်။ ဗလီတွေကို ဖျက်တဲ့ လူအုပ်ကြီးတွေဟာ အပြင်လူတွေဖြစ်ပါတယ်။ အလုပ်လက်မဲ့တွေကို ငှားရမ်းထားတာဖြစ်ပြီး စစ်သားတွေရဲ့ လေ့ကျင့်ပေးမှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိပါတယ်” ဟု ပြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ မွတ်ဆလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများဖြင့် ခွဲခြား၊ တိုက်ခိုက်မှုကိုခံရပါ သည်။ ဦးဝီရသူ ခေါင်းဆောင်သော အစွန်းရောက်ဘုန်းကြီးများနှင့် ၉၆၉ လှုပ်ရှားမှုများသည် မွတ်ဆလင်များကို ပစ်မှတ်ထားကာ၊ ၎င်းတို့၏ လူမျိုးရေးခွဲခြားသော အမြင်များကြောင့် တစ်ကမ္ဘာလုံးက အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ သို့သော် ဗုဒ္ဓ၏ အဆုံးအမတရားများနှင့် ငြိမ်းချမ်းရေးလမ်းကြောင်း၊ ဘာသာရေးအရ သည်းခံမှု၊ လူမှုရေးအရ တရားမျှတမှုများ ကိုင်စွဲ ထားသော ဗုဒ္ဓဘာသာကွန်ရက်များကိုမူ နိုင်ငံတကာရော၊ ပြည်တွင်း မီဒီယာများက လစ်လျူရှုထားကြပါသည်။

မိတ္ထီလာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဆရာတော်ဦးဓမ္မိသာရ ကပြောကြားရာတွင် “မွတ်ဆလင် တစ်ထောင် လောက် တိုက်ခိုက်ခံရလို့ ထွက်ပြေးလာတာကို သိလို့ ဘုန်းကြီးတို့ကျောင်းထဲမှာ လုံခြုံအောင် ဖွက်ပေးထားရတယ်။ တခြား ဘုန်းကြီးကျောင်းတွေကလည်း သူတို့အသက်တွေကို ကယ်ခဲ့တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုပါသည်။

အရှင်အစ္စရိယတွင် သံဃာ (၈၀၀) ခန့် ကွန်ရက်ရှိရာ မိတ္ထီလာမှအကြမ်းဖက်ခံရသူများကို လူသားချင်းစာနာသော အကူအညီများပေးပြီး၊ မွတ်ဆလင်များကို ထိန်းသိမ်းထားသော စခန်းများတွင် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အခြားပစ္စည်းများကို ထရပ်ကားများဖြင့် ပို့ဆောင်ပေးပါသည်။

ဥက္ကံတွင် အခြေစိုက်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးရွှေည က သံဃာများစုဝေးမှုတွင် ပြောကြားရာတွင် “ဘုန်းကြီးတို့စုပေါင်းပြီး ဒီအကြမ်းဖက်မှုတွေရပ်သွားအောင် လုပ်ရပါလိမ့်မယ်။ ဒါမှသာ ဥက္ကံအတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ ကောင်းမှာပါ။ တကယ်လို့ ပဋိပက္ခဟာ ဘာသာရေးကို အခြေခံပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး ပြန့်နှံ့သွားမယ်ဆိုရင် အာဏာသိမ်းမှုဖြစ်လာပြီး၊ အမှောင်လမ်းကြောင်းကိုပဲ ဦးတည်သွားပါလိမ့်မယ်။” ဟု မိန့်ကြားခဲ့သည်ဟု ဧရာဝတီက သတင်းဖော်ပြခဲ့ပါသည်။

အကယ်၍ အစိုးရအဖွဲ့အတွင်းမှ စစ်တပ်အုပ်စု သို့မဟုတ် သဘောထားတင်းမာသူများက ဤမွတ်ဆလင် ဆန့်ကျင် ရေးဖဲချပ်ကို အသုံးပြုနေသည်ဆိုပါက ၎င်းတို့၏ အမှန်တစ်ကယ် ရည်မှန်းချက်မှာ နောက်ထပ် အာဏာသိမ်းမှုတစ်ခုအတွက် မဟုတ်တန်ရာပေ။ အထက်ပါ အကြမ်းဖက်လုပ်ရပ်များမှတဆင့် အမည်ခံအရပ်သား အစိုးရ၏ အခင်းအကျင်းတွင် စစ်တပ်၏ အခန်းကဏ္ဍ ကြီးမားမှုခိုင်မြဲရန်၊ အောက်ခြေလူတန်းစားများ၏ အမြင်တွင် နောက်ထပ်ပရမ်းပတာဖြစ်ရပ်များ မကြုံစေရန် အားကောင်းသော စစ်တပ်လိုအပ်နေသေးသည်ဟုဆိုသည့် ခံယူချက်ရှိလာစေရန် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယခု အကြမ်းဖက်ဖြစ်ရပ်များကြောင့် ပြည်တွင်း တိုင်းရင်းသားများကြား လိုက်လျောညီထွေရှိမှုတွင် ပြင်မရနိုင်သော ထိခိုက်ပျက်စီး မှုများဖြစ်ရပြီး၊ နိုင်ငံတကာတွင်လည်း တိုင်းပြည်ပုံရိပ် ထိခိုက်ပျက်စီးခဲ့ရပါပြီ။

Yangon chronicle



ဒလမြို့နယ်၊ ခနောင်ချောင်းဝ ကျေးရွာတွင် အသိမ်းခံထားရသော လယ်ယာမြေအား သတင်းဓါတ်ပုံ ရိုက်သူ တစ်ဦးဖြစ်သည့် ဒလမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုထက်စိုးလင်းအား ဧရာဝတီရေတပ်စခန်းမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကျွန်တော် နေ့လည် တစ်နာနာရီလောက်က ရွာကိုရောက်ပြီး ဧရာဝတ ရေတပ်စခန်းက တပ်ပိုင်ဆိုပြီး သိမ်းထားတဲ့ လယ်တွေကို သတင်းဓါတ်ပုံလာရိုက်တာပါ။ နှစ်နာရီလောက်မှာ သူတို့တပ်ပိုင် နယ်မြေနားကို လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမား လေး၊ငါးယောက်လောက်နဲ့ သွားပြီး တာဝန်ရှိသူနဲ့ စကားပြောဖို့ လုပ်ပါတယ်။ အဲဒီမှာ ဗိုလ်ကြီး ဥက္ကာထွေးမောင်က ကျွန်တော့်ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပြီး သူ့ လက်အောက်က တပ်သားတွေကို အဲ့ဒီကောင်ကို ဖမ်းထားလိုက်ကွာ။ ငါတို့ကို အစားသောက် ပျက်အောင်လုပ်တဲ့ ကောင်လို့ ပြောတယ်” ဟု ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုထက်စိုးလင်းက ပြောသည်။

ယင်းနောက် ကိုထက်စိုးလင်း၏ ကင်မရာနှင့်ဖုန်းကို သိမ်း၍ တာရိုးပေါ်တွင် ထိုင်ခိုင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး ရောက်ရှိလာမှသာ ဖမ်းထားခြင်း မဟုတ်ပါဟုဆိုကာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောခဲ့သည်။

“ကျွန်တော်လည်း အပြင်ကနေ ခုမှပြန်ရောက်လာတာ။ ဒီရောက်မှ တပ်ထဲမှာ လူတစ်ယောက် အဖမ်းခံထားရတယ်။ လုပ်ပါဦးဆိုလို့ အဲ့ဒီကို ရောက်သွားတာပါ။ ကျွန်တော် ပြောချင်တာက ကိုထက်စိုးလင်း အနေနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်တာလုပ်ပါ။ ဒါပေမယ့် သူတို့နယ်မြေထဲ ရောက်သွားတော့ ကိုယ့်အမှား ဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ နှစ်ဖက်စလုံး နားလည်မှု ရှိစေချင်ပါတယ်”ဟု ဒလမြို့နယ် ခနောင်ချောင်းဝ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

၎င်းခနောင်ချောင်းဝ ကျေးရွာတွင် ဧရာဝတီ ရေတပ်စခန်းမှ တပ်ပိုင်အဖြစ် သိမ်းဆည်းထားသော လယ်ယာမြေနှင့် ပက်သက်၍ ကျေးရွာသူ၊ ကျေးရွာသားတို့မှ ဒလမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ကူညီဖြေရှင်းပေးရန် တောင်းဆိုသောကြောင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုထက်စိုးလင်းသည် သတင်းအချက်အလက်နှင့် မှတ်တမ်းဓါတ်ပုံ ရယူရန် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းဓာတ်ပုံ – သီဟ
မြန်မာ့ခေတ်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.