07/05/13
picture
---------------------------------------------------------
၁၉၉၂ မှာ ဟူဂိုချားဗက်က အာဏာသိမ်းဖို့ ကြိုးစားတယ်
အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ပြားနေပြီ
အဲဒီနှစ်မှာပဲ ဟူဂိုချားဗက်က ထောင်နှစ် နှစ်ကျတယ်
ကျွန်တော်တို့က လွတ်လမ်းကို မမြင်ရသေးဘူး
၁၉၉၈ မှာ ဟူဂိုချားဗက်က ရွေးကောက်ပွဲဝင်တယ်
သမ္မတလေးကြိမ်ဆက် အရွေးခံရအောင် လုပ်တယ်
ကျွန်တော်တို့က ရွေးကောက်ပွဲနိုင်ပြီးလို့ သမ္မတ ဖြစ်ခွင့်မရတာတောင်
သက်တမ်းနှစ်ကြိမ်ရှိနေပြီ
၂၀၀၈ မှာ ဗင်နီဇွဲလားရဲ့ ဆင်းရဲမွဲတေမှုနှုန်းက ၂၈ ရာခိုင်နှုန်းပဲ ကျန်တော့သတဲ့
ကျွန်တော်တို့က အခြေခံဥပဒေအတွက် မနက်စောစောထပြီး
ဘာမသိ ညာမသိ ထောက်ခံမဲ ပေးနေရတုန်း
၉၈.၂ ရာခိုင်နှုန်းက ထောက်ခံမဲလား ဆင်းရဲတဲ့ ရာခိုင်နှုန်းလား
၂၀၁၁ မှာ ဗင်နီဇွဲလားက တွစ်တာသုံးစွဲမှု အများဆုံးတတိယနိုင်ငံ
အင်တာနက်အခမဲ့သုံးစွဲခွင့် သတင်းဌာန ၇၃၇ ခု
ကျွန်တော်တို့က တယ်လီဖုန်းကဒ်တစ်ခု ငါးသိန်း
၂၀၁၂ မှာ ဟူဂိုချားဗက်က ကင်ဆာရောဂါ ဖြစ်နေပြီ
ကျွန်တော်တို့မှာ တရုတ်က အခမဲ့တင်သွင်းနေတဲ့
ကင်ဆာကုန်ကြမ်းပစ္စည်းတွေနဲ့ အသေစောခဲ့ကြ
၂၀၁၃ ဟူဂိုချားဗက်ကတော့ သေပြီ
ကျွန်တော်တို့က သူ့ထက်ပိုပြီး အသက်ရှည်တဲ့
ဗြဟ္မာ့ဦးခေါင်းကို ပိုက်ထားရတုန်း ။ ။
မောင်သစ်ဦး (မြစ်ခြေ)
http://www.kaungkin.com/
virathu
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေအရ ဦးဝီရသူကို ဖမ်းလိုက်ရင် မုန်းတီးရေးတရားတွေ ကွယ်သွားမလားလို့ မေးစရာရှိပါတယ်။ မကွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အခု ဖြစ်နေတဲ့ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုတွေမှာ ပြယုဂ်တစ်ခုသာလျှင်ဖြစ်လို့ပါပဲ။ ဒီပြယုဂ်ကို အမှီပြုပြီး နောက်ဆက်တွဲရလဒ်တွေကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။
ဦးဝီရသူဟာ သူကိုယ်တိုင် ဒီအမုန်းတရားတွေကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်လို့ဆိုတာ ငြင်းစရာ မရှိပါဘူး။ အခုအင်တာနက်မှာ ပြန့်နေတဲ့ သူထောင်မကျခင်က ဘုန်းကြီးတွေကို ဟောတဲ့ ကုလားတွေကို နေစရာမရှိအောင် လုပ်မယ်ဆိုတာကို ကြည့်ရင်၊ လာသမျှ နိုင်ငံတကာက သတင်းထောက်တွေကို မြန်မာဘင်လာဒင် ဆိုပြီး ၀ံ့ကြွားစွာပြောနေတာကို ကြည့်ရင်၊ ရှိသမျှအားအင် ကုန်ပစေ ခန်းပစေဆိုပြီး တပြည်လုံး အမုန်းမီး ဟုန်းဟုန်းတောက်အောင် လိုက်ပြောနေတာကို ကြည့်ရင် သိနိုင်ပါတယ်။ မုန်းတီးရေး သရဏံ ဂစ္ဆာမိ လုပ်နေတာ အခုဆိုရင် တကမ္ဘာလုံးလည်း သိနေပါပြီ။
ဦးဝီရသူကို ပြယုဂ်အဖြစ် တင်ပေးလိုက်တဲ အဓိက အကြောင်းကတော့ ခေတ်အဆက်ဆက် ဘာသာ ရေးနှင့် လူမျိုးရေးနှိပ်ကွပ်မှုသမိုင်းအမွေဆိုးကို ဆက်ပြီး လက်ခံကာ အုပ်ချုပ်နေတဲ့ စစ်တပ်အခြေပြု အာဏာရ အစိုးရအဖွဲ့ ကြီးပါပဲ။
စစ်တပိုင်းအစိုးရက ဦးဝီရသူကို လွှတ်ပေးထားတာကတော့ ရှင်းပါတယ်။ သူတို့ထဲက ဦးအောင်သောင်းလို လူတယောက်နဲ့ ပတ်သက်နေလို့၊ ဦးခင်ညွန့်လိုလူတယောက်နဲ့ ပတ်သက်နေလို့ ပြောချင်ရင်လည်းပြောနိုင်ပါတယ်။ မပတ်သက်လည်း သူတို့က လွှတ်ထားမှာပါပဲ။ ဒီအစိုးရဟာ စစ်တပ်အစိုးရ၊ တစ်နည်းပြောရင် လူမျိုးရေးနဲ့ဘာသာရေး အဓိကရုဏ်းတွေကို လွတ်လပ်ရေးရပြီးကတည်းက ချေးခါးအူမပါမကျန် ဘယ်လို ဖန်တီးရမယ် ဘယ်လိုဖြန့်ရမယ် ဆိုတာကို နောကြေနေအောင်သိနေတဲ့  အစိုးရဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒီလိုအဓိကရုဏ်းတွေဟာ သူတို့ရဲ့အုပ်ချုပ်ရေးကို လွယ်ကူစေတယ်ဆိုတာ အမေမွေးကတည်းက သိတဲ့လူတွေလို့ကို ဆိုနိုင်ကောင်းပါတယ်။ ဘယ်လိုနည်းနဲ့ လွယ်ကူစေသလဲ။
အာဏာလက်ကိုင်အုပ်ချုပ်သူတွေဟာ ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ နိုင်ငံများမှာတောင် အအုပ်ချုပ်ခံသူတွေကို တစ်နည်းမဟုတ်တစ်နည်း ထိန်းရပါတယ်။ ထိန်းတဲ့နည်းထဲမှာ အလွယ်ဆုံးကတော့ လူတွေကို တခုခုကို ကြောက်နေအောင် အမြဲလုပ်ထားရတာပါပဲ။ အမေရိကန်နိုင်ငံမှာဆို သမ္မတ အဆက်ဆက်ရဲ့ လူတွေကိုကြောက်နေစေတဲ့ အရာတွေကတော့ အသားအရောင်မတူတဲ့သူတွေ၊ ကွန်မြူနစ်တွေနဲ့ မွတ်စလင် အကြမ်းဖက်သမားတွေပါပဲ။ အာဏာရှင်နိုင်ငံတွေမှာတော့ အဲဒီကြောက်စရာတစ်ခုခုဟာ သူတို့ကိုယ်တိုင် ဖြစ်နေတတ်ပါတယ်။ လူတွေဟာ  အာဏာရှင်အစိုးရတွေကို ကြောက်နေရတဲ့ အဆင့်ကို ကျော်သွားရင် ပြန်ကန် ပေါက်ကွဲထွက်တတ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကိုပြန်ကြည့်ရင် သိပါလိမ့်မယ်။ ဒီတော့ အခြားကြောက်စရာကောင်းတာ တစ်ခုခုကို ဖန်တီးပြပြီး အအုပ်ချုပ်ခံ လူတွေကို အာရုံလွှဲရပါတယ်။ လူအများစုကို အာရုံလွှဲရပါတယ်။ ဒီနေရာမှာ လူတွေကြားထဲ လူအများနဲ့ မတူတဲ့အရာတွေကို ကြေက်စရာ ဒါမှမဟုတ် နှိမ်စရာအဖြစ် လက်ညှိုးထိုးပြရပါတယ်။ အလွယ်ဆုံးက အသားအရောင်ပါ။ အသားအရောင် မတူရင် ရန်သူလြို့မင်အောင် အမျိုးမျိုး လှိမ့်လီဆယ် ရပါတယ်။ နောက်တစ်ခုက လူတန်းစားပါ။ ဆင်းရဲရင် မဟုတ်တာလုပ်မယ်ဆိုပြီး သိမ်းသွင်းထားရပါတယ်။ နောက်တစ်ခုက နိုင်ငံသားဖြစ်တာမဖြစ်တာပါ။ နောက်တစ်ခုက လူမျိုးပါ။ နောက်တစ်ခုကတော့ ဘာသာရေးပါ။ နောက်တစ်ခုက ကျား၊ မခွဲခြားသတ်မှတ်မှုအပေါ် အမြတ်ထုတ်တာပါ။
အမေရိကန်နဲ့ တောင်အာဖရိကနိုင်ငံ သမိုင်းတွေဟာ အသားအရောင်ခွဲခြားအုပ်ချုပ်မှုရဲ့ သမိုင်းတွေပါ။ လူမျိုးရေးနဲ့ ခွဲခြားအုပ်ချုပ်မှုရဲ့ သမိုင်းသက်သေကတော့ ဂျူးသန်းပေါင်းများစွာကို သတ်စေခဲ့တဲ့ ဟစ်တလာခေတ် ဂျာမန်နိုင်ငံအုပ်ချုပ်ရေးပါပဲ။ ဘာသာရေးနှင့် နှိပ်ကွပ်မှုကတော့ ဥရောပသမိုင်းတွေနဲ့ မြန်မာနိုင်ငံ ကိုလိုနီခေတ်၊ ပါလီမန်ခေတ်၊ စစ်အာဏာရှင် အဆက်ဆက် ခေတ်သမိုင်းတွေပါပဲ။ ယနေ့ခေတ်မှာလည်း သတင်းတွေ နားထောင်ကြည့်ရင် ကြားနေရဆဲပါပဲ။ လူတန်းစားနဲ့ စီးပွားရေး၊ နိုင်ငံသား၊ ကျား၊ မ ခွဲ တာတွေကတော့ တိုးတက်တဲ့ နိုင်ငံတွေရော မတိုးတက်တဲ့ နိုင်ငံတွေမှာရော၊ ဒီမိုကရေစီနိုင်ငံတွေရော၊ အာဏာရှင်နိုင်ငံတွေမှာပါ တွေ့ရတဲ့ ယနေ့ခေတ်ပြိုင်မှတ်တမ်းတွေလို့  ပြောလို့ ရပါတယ်။
ဒီလို အုပ်ချုပ်သူတွေက သူတို့ အုပ်ချုပ်နေတဲ့သူတွေကို အချင်းချင်းခွဲမြင်စေဖို့ လီဆယ်တဲ့ အရာတွေဟာ လူများစု ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် လူများစုကို အားသာစေတဲ့ အရာတွေပဲ ဖြစ်တတ်ပါတယ်။ (ဥပမာ နိုင်ငံသား ဖြစ်တာမဖြစ်တာမှာ အများစုဟာ နိုင်ငံသားဖြစ်ပြီးသားဆိုတော့ ဒီအကြောင်းနဲ့ ရန်တိုက်ရင် ဘယ်သူတွေ ကိုယ့်ဘက်ပါမယ်ဆိုတာ အုပ်ချုပ်သူ အစိုးရတိုင်း သိပါတယ်။) ဒါမှလည်း လူအများစုက အုပ်ချုပ်သူရဲ့  အာဏာလက်ကိုင်တုတ်ကို ပြန်မချိုးဘဲ လူနည်းစုကိုသာ ချိုးမှာမို့ ပါ။
မြန်မာနိုင်ငံကို ပြန်ကြည့်ရအောင်။ ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်ခင် တောင်ကြီးမှာ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လုပ်ပြီး အာရုံလွှဲဖို့ ဦးနေ၀င်း အစိုးရကြိုးစားတာ သက်သေတစ်ခုပါ။ အဲဒီတုန်းက သူ မအောင်မြင်ခဲ့ပါဘူး။ အခု လက်ရှိ စစ်တပိုင်း အစိုးရကတော့ ဒီကိစ္စမှာ အောင်မြင်မှု သရဖူတစ်ခုပြီးတစ်ခု ဆောင်းနေပါပြီ။ ဦးဝီရသူကို တစ်ဆင့်ခံ သုံးဖို့ (သိသိချည်းနဲ့ လွှတ်ထားပေးတာလည်း သုံး နည်းတစ်ခုပါပဲ။) အကြံ အောင်မြင်သွားတယ်လို့ ပြောလို့ရပါပြီ။
နောက်ထပ် စစ်တစ်ပိုင်းအစိုးရ ရသွားတဲ့ အမြတ်တွေ အများကြီးရှိပါသေးတယ်။ အခု နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဦးဝီရသူ အကြောင်းပြောရင် အမြဲပါပါလာတတ်တဲ့ အခုလို သူပြောချင်သလို ပြောလို့ရတာ နှစ်များစွာ ပိတ်ထားတာကို ဖွင့်ပေးလိုက်လို့၊ လွတ်လပ်စွာပြောဆိုခွင့်ရသွားလို့ စသဖြင့်ပါ။ ဒါကိုကြည့်ရင် ဟုတ်သလိုလို ရှိတတ်ပါတယ်။ အမှန်ကတော့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားစေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရပိုင် စာနယ်ဇင်းတွေ မြန်မာ့အသံကနေ ကျယ်ကျယ်ပြန့် ပြန့် လုပ်ခဲ့တာ သတင်းစာတွေ ပြန်ဖတ်ရင် တွေ့ပါလိမ့်မယ်။ အခုကတော့ သွေးထိုးလှုံ့ဆော်မှုကို နိုင်ငံတော်ပိုင်ကနေ ဦးဝီရသူကို ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ပုဂ္ဂလိကပိုင် ပေးလိုက်တာပါ။ (အခြား စာနယ်ဇင်းတွေကိုလည်း ဒီကိစ္စအတွက် ပုဂ္ဂလိကပိုင်ပေးလိုက် ပြီးပါပြီ။ အလဲဗင်းတို့ ဗွိုက်တို့ ဖတ်ကြည့်ကြပါ။) ၂၀၀၃ မှာ ဘာလို့ ဦးဝီရသူကိုဖမ်းခဲ့သလဲ။ သူပြောတာကို မကြိုက်လို့ မဟုတ်ပါဘူး။ တခြား အကြောင်းတစ်ခုခုကြောင့်ပါ။ NLD နဲ့  အတိုက်အခံကို အပြတ်ချေမယ်ဆိုပြီး သူ့ ကို ၀င်မရှုပ်အောင်လည်း ဖြစ်နိုင်ပါတယ်။ နောင် လိုမှသုံးဖို့ဆိုပြီး ထောင်ထဲမှာ ဥ ထားတာလည်း ဖြစ်နိုင်တာပါပဲ။
နောက် အမြတ်တစ်ခုရှိပါသေးတယ်။ အခုကာလကို တကယ့် ဒီမိုကရေစီလို့ ထင်နေသူတွေအတွက် ဒီမိုကရေစီဆိုတာ လူတွေ သတ်ဖြတ်နေတာပါလို့ ထင်သွားစေပြီး စစ်တပ်က အချိန်မရွေး ပြန်ရှေ့ထွက်နိုင် ဘောင်းဘီပြန်ဝတ်နိုင်တဲ့ အခွင့်ပါ။ ကြံ့ဖွံ့ပါတီကို ဖျက်လိုက်လည်း သူတို့အတွက် အရှုံးမရှိပါဘူး။ အကုန်အငြိမ်းစားပေး၊ နောင်စစ်မျိုးဆက်က အဆင်သင့်ပါ။ အခု လွှတ်တော်တက်နေတဲ့ စစ်ကိုယ်စားလှယ်လောင်းများဟာ နောင်တစ်ခေတ်ရဲ့  စစ်သည်များပါပဲ။ အခြေခံဥပဒေကို မဖျက်ဘဲ အာဏာသိမ်းနိုင်ပါတယ်။ (အမှန်တော့ အခုကာလဟာ စစ်တပ်က အစစပြင်ဆင်ပြီးမှ ပုံစံတစ်မျိုးနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးတစ်မျိုးပါပဲ။)
နောက် တစ်ခုရှိပါသေးတယ်။ စစ်တပ်နဲ့ အတူ အာဏာရော သြဇာပါရှိတဲ့  အဖွဲ့ အစည်းဆိုလို သံဃာ့ အဖွဲ့ အစည်းပဲရှိပါတယ်။ အုပ်ချုပ်ခံလူတွေက သမိုင်းကို မေ့ပေမယ့် စစ်တပ်က မမေ့ပါဘူး။ ၂၀၀၇ မှာ သူတို့ကို သံဃာတွေက အားစမ်းတာကို မကျေပါဘူး။ ဦးဝီရသူကြောင့် သံဃာ့အဖွဲ့ အစည်း အခု နာမည်ပျက်နေပါပြီ။ဒါကိုတော့ စစ်တပိုင်းအစိုးရရဲ့ နောက်ကြောင်းပြန် လက်စားချေမှုလို့ ပြောလို့ရပါတယ်။
စစ်တပိုင်း အစိုးရရဲ့ အမြတ်တိုင်းဟာ ပြည်သူပြည်သား လူများစုရော လူနည်းစုတွေအတွက်ပါ ဘယ်အချိန်မဆို အရှုံးချည်းပါပဲ။ ဘာတွေရှုံးသလဲ။ လူမျိုးရေး ဘာသာရေး ခွဲခြားနှိပ်ကွပ်လိုစိတ်ကို လက်ခံအားပေးလိုက်တာနဲ့ ပထမဆုံး အရှုံးကတော့ စိတ်ဓာတ်ရေးရာ မြင့်မြတ်မှုနဲ့ လဲပေးလိုက်ရတဲ့ မုန်းတီးရေးတရားတွေကို ရင်ထဲ အသည်းထဲ သိုလှောင်မိတဲ့ အရှုံးပါပဲ။ လူများစုတွေအတွက်ကတော့ ဒီမုန်းတီးရေးဥာဉ်ကြောင့် ဘယ်လူနည်းစုကိုမဆို မုန်းဖို့  အဆင်သင့်ဖြစ်နေခြင်းဟာလည်း ကိုယ့်အနာဂတ်ကိုပါ ရောင်းထားတဲ့ အရှုံးပါပဲ။ နောက်ဆုံး အုပ်ချုပ်သူတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး မတရားမှုတွေကို မမြင်နိုင်တော့ဘဲ လူအချင်းချင်း သတ်တဲ့ဆီထိ ရောက်ပါ့မယ်။ အခုလည်း အစပြုနေပါပြီ။
ထွက်လမ်းကတော့ ဆန့်ကျင်ပါ။ မတရားမှုကို ဆန့်ကျင်ပါ။ လူအချင်းချင်း အားသာလို့ ဗိုလ်ကျမှုကို ဆန့်ကျင်ပါ။ မုန်းတီးရေးတရားဟောသူတွေဟာ ဘာအ၀တ်ပဲ ၀တ်ထားဝတ်ထား သူတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြလိုက်ပါ။ မတရားတဲ့  ၂၀၀၈ ဥပဒေကြီးကိုဆန့်ကျင်ပါ။ ပြယုဂ်ကိုလည်း ဆန့်ကျင်ပါ။ မတရားမှုကို ကြိုးကိုင်ထားသူတွေ၊ နောက်က လက်တွေ စနစ်တွေ ပြိုကျတဲ့ အထိကို ရှုံ့ချပြီး ဆန့်ကျင်ပြလိုက်ပါ။
ရှင်ကေသဝ
http://www.myatshu.com/
ကျမဟာ ဖေဖေ အဆုတ်ကင်ဆာ စဖြစ်ပါပြီဆိုတုန်းကလဲ စင်ကာပူက ဆေးစစ်ချက် result ရပြီးပြီးချင်း မောင်လေးနဲ့အမက လှမ်းပြီး ဖုန်းဆက်ပြော့ပီးပြီးချင်းပဲ facebook ပေါ်မှာ ကိုယ့်ရဲ့ ခံစားချက်နဲ့ ဖေဖေ့ရဲ့ လက်ရှိအခြေအနေကို ရေးခဲ့ဖူးပါတယ်။
ဒီလို ရေးခဲ့တာဟာ လွန်ခဲ့တဲ့ ဆယ်လ လောက်ကပါ။ အဲဒီတုန်းက ဖေဖေ့ကို တကိုယ်လုံး PET Scan ရိုက်ပါတယ်။
အဲဒီမှာ ပေါ်လာတဲ့အဖြေက အဆုတ်ရဲ့ ဘယ်ခြမ်းမှာ အကျိတ်လုံးဖြစ်နေတာအပြင် ဦးခေါင်းခွံမှာပါ ဘလော့တစ်ခုတွေ့တယ်ဆိုတဲ့အဖြေပါ။
တကယ်တမ်း ကီမို ပထမဆုံးအကြိမ် ပေးပြီးတဲ့အခါ အဲဒီ ပျံ့နေတယ်ဆိုတဲ့ ဦးခွံထဲက ဘလော့လေးက သေးလဲ မသေး၊ ကြီးလဲ ကြီးမလာတဲ့အတွက် အရင်က ဖြစ်ခဲ့ဖူးတဲ့ ဒဏ်လို့ပဲ သတ်မှတ်လိုက်ကြပြီး stage ကို လျှော့ချ ခဲ့ပါတယ်။
ကျမတို့လဲ ရောဂါအခြေအနေ မဆိုးဝါးသေးဘူးဆိုပြီး ၀မ်းသာခဲ့ကြတာပေါ့။
ပြီးခဲ့တဲ့အပတ် ၂၉.၇.၁၃ ရက်နေ့ကတော့ ကီမို အကြိမ် ၁၃ ကြိမ်မြောက် ပေးပြီး၊ RT အကြိမ် ၃၀ ပေးပြီးတဲ့အချိန် အတော်လေးကို ဖြူဖျော့နေတဲ့ ဖေဖေဟာ သိသိသာသာကို နှုတ်နဲနေပါတယ်။
ဒါကို ကျမတို့က သူ့ရဲ့ဆောင်းပါးတွေ ပြန်လည်ထုတ်ဝေဖို့အတွက် စာမူတွေ ရွေးနေရင်း ခေါင်းရှုပ်လို့ ပင်ပန်းလို့ စိတ်မကြည်ဖြစ်နေတယ်ပဲ ထင်ခဲ့တာပါ။
ဒါပေမယ့် ၃၀.၇.၁၃ မှာ တနင်္ဂနွေပိတ်ရက်လဲ ဖြစ်တော့ အိမ်မှာ တချိန်လုံးနီးပါး ရှိနေတဲ့အခါမှပဲ ဖေဖေ့ကြည့်ရတာ အားမရချင်စရာ ထိုင်ရာက ထလိုက်ရင် ယိုင်သွားတာ ညာခြေလေး ဆွဲနေတာ၊ မနက်စာစားတဲ့အခါ ခက်ရင်းနဲ့ ဇွန်းကို မြဲအောင် အတော်ကြိုးစားကိုင်နေရတာကို သိသိသာသာ မြင်ရတော့ စိတ်ထဲ တမျိုးဖြစ်မိပါတယ်။
ဒါကလည်း ကီမိုတွေ သွင်းတာ အကြိမ်ရေများတော့ ကျမတို့ အမြဲတမ်း ဆည်းပူးနေကျ online knowledge နဲ့ chemo brain ပဲ ဖြစ်မှာပါဆိုပြီး တွေးမိကြပါတယ်။
ဒါပေမယ့် ညနေလောက်မှာ ဖေဖေက စကားပြောတာ ၀ါကျကို ဆုံးအောင် မပြောနိုင်ပဲ ကျမကို ခေါ်ပြီး တခုခု ပြောဖို့ စဉ်းစားနေသလို စိုက်ကြည့်နေတဲ့ပုံစံကို ဘ၀င်မကျဖြစ်ပြီး ခေါင်းထဲကို အတွေးတစ်ခုရောက်လာပါတယ်။
ဒါလည်း ကီမိုရဲ့ ဘေးထွက်ဆိုးကျိုးပဲဖြစ်မှာပါလို့ ထင်ထားလိုက်ပါတယ်။
နောက်နေ့မနက် Monday ကျတော့ ဖေဖေက ဆေးခန်းကို ရက်ချိန်း ၂ရက်ကျန်နေ သေးပေမယ့် ပြန်ပြချင်ကြောင်း ပြောတာနဲ့ ဖေဖေ့ကို ကြပ်မတ်ပြီး ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစိုးအောင်ကို ၀ိတိုရိယဆေးရုံမှာ ချက်ချင်းပဲ သွားပြဖြစ်ပါတယ်။
ဆရာကြီးက ဖေဖေ့ကို စစ်ဆေးပြီး CT Head ရိုက်ခိုင်းတော့တာပါပဲ။
ချက်ချင်း Result ထုတ်ပြီး ကြည့်ပေးတဲ့အခါ ဦးနှောက်အတွင်း ရောဂါ ပျံ့နှံ့မှု နှစ်နေရာ ရှိနေတာ တွေ့ရပါတယ်။
ဦးနှောက်ရဲ့ ညာဘက်အောက်ပိုင်းတစ်နေရာမှာနဲ့ ရှေ့ပိုင်း ဘယ်ခြမ်းတစ်နေရာမှာပါ။
မြန်နိုင်သမျှ အမြန်ဆုံး RT ပေးဖို့ စီစဉ်ကြပါတယ်။
ပင်လုံဆေးရုံကြီးမှာပဲ RT စက်ကြီးက ရှိတာမို့ သွေးအားနည်းနေတဲ့ ဖေဖေ့ကို သွေး၂အိတ် ၀ိတိုရိယမှာ သွင်း၊ ချက်ချင်း သွေးအဖြေထုတ် RBC 8.3 ဖြစ်လာတဲ့အခါ ပင်လုံဆေးရုံကြီးကို လွှဲပြီး RT ရိုက်စေပါတယ်။
ဆရာကြီး ဦးစိုးအောင်ရဲ့လက်ထောက် ဒေါက်တာ ဦးမင်းဒင်က သေချာ ဂရုတစိုက် RT လုပ်ပေးပါတယ်။
RT ကို ဒီနေ့ ၃.၇.၁၃ ကစပြီး ၁၀ ရက်တိတိ ပေးပါမယ်။
RT ပေးတဲ့အချိန် ပင်လုံဆေးရုံကြီးကို သွား၊ ပြီးတာနဲ့ ၀ိတိုရိယဆေးရုံကြီးကို ပြန်လာပြီး သွေး ၂အိတ် ထပ်သွင်းပါတယ်။
ကျမ အခု အိမ်ပြန်လာတဲ့အချိန်ထိ ဖေဖေ သွေး ၄အိတ် သွင်းပြီးပါပြီ။ ဒါပေမယ့် ဖေဖေ့ရဲ့ လက်ချောင်းလေးတွေဟာ ဖြူဆုတ်နေပါသေးတယ်။
ညာဘက်လက်ကလေးထဲမှာ စက္ကူစလေး ညှပ်ခိုင်းပြီး ကျမက တဖက်ကဆွဲ၊ ဖေဖေက တဖက်ကဆွဲစေတဲ့ လေ့ကျင့်ခန်းလေးကို သူနာပြုတွေက စေခိုင်းတဲ့အတိုင်း လုပ်ပေးခဲ့ပါတယ်။
ဖေဖေ ကျမကို တွေ့ရင် သူ လုပ်ချင်တာတွေ အမြဲမှာတတ်တော့ အသင့်ပါသွားတဲ့ note book နဲ့ ပြောသမျှ လိုက်ရေးရပါတယ်။
ဖေဖေက တလုံးချင်း တခုချင်းမှာပါတယ်။
ဖေဖေမှာတာတွေက အခု သူတွေ့ကြုံနေရတဲ့ ရောဂါ အခြေအနေကို သူ့ရဲ့ စာဖတ်ပရိသတ်နဲ့ FB friends များကို အသိပေးစေချင်တာပါ။
ဒီဆန္ဒကြောင့် အခု ကျမ ဒီစာကို ရေးနေရခြင်းဖြစ်ပါတယ်။
ဖေဖေ့ကို ဆရာဝန်တွေက လောလောဆယ်မှာ စာမဖတ်ရ၊ TV မကြည့်ရ၊ ကွန်ပျူတာ မသုံးရ၊ မတွေးရ၊ စာမရေးရ၊ ဦးနှောက်ကို အသုံးပြု အားပြုတာ ဘာမှ မလုပ်ပဲ ဦးနှောက်ကို အနားပေးရမယ်လို့ ပြောပါတယ်။
စာရေးဆရာဖြစ်တဲ့ ဖေဖေ၊ သူ့အလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ်လို့ အမြဲတွေးနေတတ်တဲ့ ဖေဖေ့အတွက်တော့ တော်တော်လေး လိုက်နာဖို့ ခက်ခဲပါ လိမ့်မယ်။
သူ့ကို ဆရာဝန်တွေ အဲဒီလို မှာထားလို့ အပတ်စဉ် ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးနေတဲ့ ပြောချင်လွန်းလို့ ကဏ္ဍကို လတ်တလောမှာ မရေးနိုင်သေးပဲ ခန အနားပေးရမှာ ဖြစ်တဲ့အကြောင်း သူ့စာဖတ်ပရိသတ်ကို အသိပေးခိုင်းပါတယ်။
ဖေဖေ့ရဲ့စာဖတ်ပရိသတ်ကြီးရေ...
ဖေဖေ့စာတွေ အမြန်ဆုံး ပြန်ဖတ်ရဖို့အတွက် ဖေဖေ့ကျန်းမာရေး အမြန်ပြန်လည်ထူထောင်လာစေဖို့ ဆုမွန်ကောင်းများတောင်းပေးမယ်ဆိုရင် ကျမတို့ တမိသားစုလုံးက အင်မတန်ကို ကျေးဇူးတင် ၀မ်းမြောက်နေမှာဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်ရှင်။
လွတ်လပ်စိုး
ဆရာမောင်ဝံသရဲ့ သမီးဖြစ်သူ Facebook ကနေ ကူးယူဖော်ပြပါတယ်။
ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ၂၀၁၀ ခုနှစ်အတွင်း ရွာငါးရွာမှ ဒေသခံပြည်သူ များပြောင်းရွှေ့ ခဲ့ရပြီးနောက် ၎င်းတို့သည် နေရာသစ်တွင် ရှိရင်းစွဲ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ရန် မြေနေရာ အဆင်မပြေဖြစ်နေ သဖြင့် စားဝတ်နေရေး ကြပ်တည်းနေကြောင်း သိရသည်။ စီမံကိန်းဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ၊ မြစ်ဆုံ၊ ခပ္ပါး၊ ဒေါင်ပန်နှင့် ကျိန်ခရန် ကျေးရွာများမှ ဒေသခံပြည်သူများကို ၂၀၁၀ ခုနှစ်အတွင်းမလိယန်နှင့် အောင်မြေသာစံပြ ကျေးရွာသစ်များ ဆောက်လုပ်ပေး၍ ပြောင်းရွှေ့နေထိုင် စေခဲ့ခြင်းဖြစ်သည်။ ထိုသို့ အသစ်ပြောင်းရွှေ့ ပေးခဲ့ရသော နေရာသစ်များမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်၍ရသည့် မြေဆီလွှာမဟုတ်သည့်အပြင် တိရိစ္ဆာန်များအတွက် စားကျက်မြေနေရာမှာလည်း ရှားပါးလျက်ရှိသည်။
ဒေသခံများအနေဖြင့် အသစ်ရရှိသော အဆောက်အအုံများ၊ လမ်းများထက် နေ့စဉ်ဘဝ အာမခံချက်ပေးနိုင်သော ယခင်အတိုင်း စိုက်ပျိုးဖြစ်ထွန်းသည့် မြေနေရာရရှိမှု၊ ခြံဝန်းကျယ်ရရှိမှု၊ တိရိစ္ဆာန်များအတွက် စားကျက်မြေရရှိမှုတို့က နေ့စဉ် ရှင်သန်စားသောက်ရန် အတွက် ပိုမိုလိုအပ်ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
“နဂိုနေရာထက် ကောင်းတယ်ဆိုရင် ဘယ်သူက ပြန်ချင်တယ် ပြောမှာလဲ။ အခုက လုံးဝစိုက်လို့မရတဲ့ ကျောက်တုံး မြေဖြစ်နေတယ်။ အိမ်သာကျင်းတူးဖို့ မလွယ်ဘူး။ နောက်တိရိစ္ဆာန်တွေက သူတို့ဒီမှာ စားကျက်မြေမရှိတော့ နဂိုနေရာကို ပြန်ပြေးတယ်။ ဒီတိရိစ္ဆာန်တွေကို ပြန်ဖမ်းဖို့သွားရင် စီမံကိန်းမြေမို့လို့ သွားလို့မရဘူးဆိုပြီး ထောက်ခံစာပြမှ သွားလို့ရတယ်။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်ဒွဲဘူကလက်ရှိအစိုးရ၏ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းမှာ ရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် အဆိုပါ ကျေးရွာများအတွက် အနာဂတ်စီမံကိန်းများ မည်သို့စီစဉ်ထားပါသလဲဆိုသည့် မေးခွန်းကို ၎င်းက ဇူလိုင်လ ၃ ရက်နေ့၌ ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က စီမံကိန်းအတွက် ဖယ်ရှားပေးခဲ့ရသော ဒေသခံပြည်သူများကို ကချင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ အကောင်းဆုံး အစီအစဉ် များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။
ထို့အပြင် ပြောင်းရွှေ့ဖယ်ရှားပေးခဲ့ရသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် လူနေအိမ်များ၊ လူမှုရေး၊ ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် သစ်သီးခြံများ၊ စီးပွားဖြစ် သစ်ပင် များအတွက် လျော်ကြေးငွေပေးခြင်းစသည့် ပြန်လည်နေရာချထားရေး ကိစ္စများအတွက် ကျပ်သိန်း ၁၆၀၀၀ ကျော် သုံးစွဲခဲ့သည်ဟု ဝန်ကြီးမှ ဆက်လက်ရှင်းပြသွားခဲ့သည်။ ထို့အတူ ယင်းသို့ ဆောင်ရွက်ပေးမှုသည် စာချုပ်ပါ အချက်အလက်များအရ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရသည့် ဒေသခံများအတွက် မူလလူနေမှု အဆင့်အတန်းထက် မနိမ့်ကျစေဘဲ ပိုမိုမြင့်မားသည့် လူနေမှုဘဝများ တည်ဆောက်ပေးရန်ဟူ၍ ပါရှိသည့်အတိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟုလည်း ဒုဝန်ကြီးမှ ထပ်လောင်းရှင်းပြသွားခဲ့သည်။
Yangon chronicle
သုခဆေးခန်း၏ ပီတိရိုက်ခတ်သံ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကုသိုလ်ဖြစ်ဆရာဝန်များ၊ ဝန်ထမ်း များ၊ အလုပ်အမှုဆောင်များ၊ အရေးပေါ်ရှေးဦးသူနာပြုအဖွဲ့၊ လုပ်အားပေး အသင်းသား/သူများတို့သည် နယ်လှည့်ဆေးကုသမှု အစီအစဉ်အဖြစ် ၂ဝ၁၃ ခုနှစ်၊ မတ်လနှင့် ဧပြီလတို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာသို့၎င်း၊ မေလတွင် အမှတ်(၁ဝ)နယ်မြေ၊ ပုသိမ်မြို့ရှိ ဒေသခံ “သစ္စာ ရောင်ခြည်” နာရေးကူညီမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့၏ ဖိတ်ကြားချက်ကြောင့်၎င်း၊ ယခု ဇွန်လ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာသို့ ဒေသခံ “သက်ကြီးရွယ်အိုကုသိုလ်ပြု ကျန်းမာရေးစောင့် ရှောက်မှုအသင်း”၏ တတိယအကြိမ် ဖိတ်ကြားချက်ကြောင့် ၃ဝ.၆.၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ကြ တော့သည်။
သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သည် လစဉ်လတိုင်း လကုန်နောက်ဆုံးရက် တစ်ရက်သည် ပိတ်ရက်အဖြစ် သတ်မှတ်၍ ဆေးခန်းအား ပိုးသတ်သန့်စင်ခြင်း၊ သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်လျှက် ရှိသည်။ ၂ဝ၁၃ ခုနှစ်၊ မတ်လမှစတင်ပြီး လစဉ်လတိုင်း၏ လကုန်နောက်ဆုံးရက် တစ်ရက်အား ရန်ကုန်မြို့ နှင့် အလှမ်းမဝေးလှသည့် မြို့နယ်၊ ကျေးရွာများသို့ (နေ့ချင်းပြန်) ခရီးစဉ်အဖြစ် “နယ်လှည့်ဆေးဝါးကုသမှု အစီအစဉ်” တစ်ရပ်အား သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကုသိုလ်ဖြစ် ဆရာဝန်များတို့၏ စာနာခံစားချက် ကိုယ်စီဖြင့် တူညီသောဆုံးဖြတ်ချက်၊ ဦးတည်ချက်များတို့ဖြင့် “ပြင်းပြသော ဆန္ဒအဟုန်သည် အရာရာကို မပြီးမြောက်သည် မရှိ” မုချ အမှန်ဧကန် အောင်မြင်ပြီးမြောက်ရမည်။ ကောက်ရိုးမီး မဖြစ်စေဘဲ စနစ်တကျ ရေရှည်တည်တံ့ သက်ဝင်ရန်လိုအပ်သည်။ ထိုဆန္ဒကိုယ်စီဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှ လုပ်အားပေးဆရာဝန်များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများတို့ အသီးသီး နှိုးကြား တတ်ကြွစွာဖြင့် ခရီးနှင်လာခဲ့ကြသည်။ ရန်ကုန်မှ ညောင်တုန်း လမ်းမကြီးအတိုင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အဝင်လမ်းတစ်လျှောက် ဘေးဝဲယာရှိ တဲအိမ်လေးများမှ ဦးခေါင်း အချို့ ပြူထွက်ကြိုဆိုကြသည်။ နံနက် (၉းဝဝ) နာရီအချိန်တွင် ဆိုက်ရောက်ခဲ့ပြီး ဆေးဝါးပစ္စည်း အထုပ် ကြီးငယ်များကို မော်တော်ယာဉ်ပေါ်မှ ဆေးကုသမည့် ဓမ္မရုံပေါ်သို့ သယ်ယူပေးကြသည့် လူမှုရေးသမား များ၏ ရင်းနှီးပေးဆပ်ကြသည့် လုပ်အားသည်လည်း မှတ်တမ်းတင်စရာ။ ဆေးဝါးလာရောက် ကုသကြသူ များတစ်ချို့၊ ကိုယ်ကာယ အားကောင်းသူတစ်ချို့ ဝိုင်းဝန်း၍ သယ်ယူလုပ်အားပေးကြသည်။ သူတို့လည်း သူတို့ပေးနိုင်တာ ပြန်လည်ကူညီပေးကြခြင်း ဖြစ်သည်။ မော်တော်ယာဉ်ပေါ်မှ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သူ/သားများသည် အောက်သို့ဆင်း၍ ဒေသခံ လူမှုရေးသမားများတို့မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး မဟာပုညဘုရားကြီးကျောင်းမှ ဝိသာခါဓမ္မာရုံကြီးတွင် ဆေးဝါးကုသရန် ရောက်ရှိနေကြသူများ ထဲတွင် အသက်အရွယ် အိုမင်းရင့်ရော်သော အဘိုးအဘွားများ၏ အရိုးပြိုင်းပြိုင်း၊ အရေလိပ်နေသော လက်များပင် ကတုန်ယင်ရှိကြပြီး ကျွန်တော်တို့ကို ငေးမောကြည့် နေသော သူတို့၏ မျက်လုံးများထဲတွင် ယုံကြည်အားကိုးမှု၊ ဝမ်းနည်းဝမ်းသာမှုများ ရောင်စုံအရိပ်ထင် နေသည်။ တုန်ယင်လှိုက်လှဲသော ဝမ်းမြောက်ကြိုဆိုမှု အဟုန်ကြောင့် သူတို့၏ မျက်ဝန်းများထဲမှ ဝမ်းနည်းဝမ်းသာ မျက်ရည်များသည် အပြင်မှ မိုးစက်များနှင့်အပြိုင် စီးကျနေသည်။ ဒေသခံလူမှုရေး အသင်းဖြစ်သည့် “သက်ကြီးရွယ်အိုကုသိုလ်ပြု ကျန်းမာရေးစောင့်ရှောက်မှုအသင်း”မှ လူမှုရေးသမားများ တို့သည် ယင်းနေ့၊ ယင်းရက်တွင် ရန်ကုန်မြို့ရှိ ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်ကြီးများ အခမဲ့ လာရောက်၍ ဆေးဝါးကုသမည်ဖြစ်ကြောင်း တစ်ရွာဝင် တစ်ရွာထွက်၍ နှိုးဆော်ထားမှုသည် မည်သည့်အကျိုးမျှ မျှော်ကိုးသည်မဟုတ်သော ရွာသူ/သားများ သည်လည်း ပါဝင်ပေါင်းစည်းလာကြသည်။ ရုပ်ဝတ္ထုပစ္စည်း ပမာဏထက် မည်သည့် အသွေးအရောင် စွန်းထင်းမှုများမရှိသော အများ၏ကြီးမား မွန်မြတ်သည့် ပါဝင်ပေါင်းစည်းမှု စိတ်ရင်းစေတနာများ ဖြစ်သည်။
ကျွန်တော်တို့ အများကြီးပေးဆပ်ရဦးမည်။ သုခကုသိုလ်ဖြစ်ဆေးခန်း၏ နယ်လှည့်ဆေးဝါးကုသ ပေးဆပ်မှုအား ဆရာဝန်များအဖြစ် ဒေါက်တာ ရွှေထွဏ်း၊ ဒေါက်တာ လှမျိုးနိုင်၊ ဒေါက်တာ မြင့်သောင်း၊ ဒေါက်တာ မြင့်ဇော်ဦး၊ ဒေါက်တာ အိအိထွေးမြင့်၊ ဒေါက်တာ ဇာဇာရွှေ၊ ဒေါက်တာ ခင်သီတာဝင်းတို့အပြင် သွားဆရာဝန်များအဖြစ် ဒေါက်တာ ရဲထွန်းကျော်၊ ဒေါက်တာ ဉာဏ်မင်း၊ ဒေါက်တာ လင်းထိုက် တို့နှင့် အတူ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ လုပ်အားပေးများလည်း လိုက်ပါခဲ့ကြပြီး လူနာများတို့၏ ရောဂါ ဝေဒနာများအား ကိုယ်တိုင်ကိုယ်ကျ ကုသပေးနေရသော ဆရာဝန်ကြီးများတို့၏ လက်များ၊ ဆေးထိုးပေး နေကြသည့် သူနာပြုဆရာမတို့၏ လက်များ၊ လူနာတင်ယာဉ်ဖြင့် နေအိမ်မှ ဆေးခန်း (သို့) ဆေးခန်းမှ နေအိမ် (သို့) ဆေးခန်းမှ ပြည်သူ့ဆေးရုံကြီးသို့ လူနာအား သယ်ဆောင်နေသူတို့၏ လက်များ၊ ဆေးဝါး (သောက်ဆေး) များအား ထည့်ပေးနေကြသော ဆရာမ၊ လုပ်အားပေးများတို့၏ လက်များနှင့် လူနာများ၏ အမည်နာမအား ခေါ်ဆို၍ ဆေးသောက်သုံးရန် အညွှန်းများအား ရှင်းလင်းပြောကြားချိန်တို့တွင် ကျွန်တော် တို့၏ လက်များ တုန်ယင်နေသည်အထိ ရင်ထဲမှာ ဝမ်းသာပီတိ ရိုက်ခတ်ပြည့်လျှံ လာခဲ့သည်။ ယခုလို သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးဝါးကုသမှု၊ ပေးဆပ်မှုမြင်ကွင်းများကိုလည်း အလှူရှင်များတို့အား မြင် တွေ့စေချင်သည်။ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသော စကားအရ ကျန်းမာခြင်းသည် လူသားများအတွက် အဓိကဖြစ်သည်။ မိမိတို့အတွက် မပြောပလောက်သည့် အလှူ ပစ္စည်းများသည် လိုအပ်နေသူများကို အတိုင်းမသိ ဖြည့်ဆည်းပေးလျှက်ရှိချေပြီ။
သုခကုသိုလ်ဖြစ်ဆေးခန်းမှ စေတနာရှင် ဆရာဝန်များတို့၏ ကုသမှုများအပြင် ဆရာဝန်များဖက်မှ လူနာများအား ဂရုစိုက်တယ်ဆိုသည့် နွေးထွေးမှု အားပေးစကားများပင်ဖြစ်သည်။ ရိုးသားကြသည့် ကျုံ ပျော်မြို့နယ်၊ သောင်ကြီးကျေးရွာနေ ဒေသခံ လူမှုရေးသမားများနှင့် ပြည်သူများတို့သည် ငြင်းဆန်မှုမရှိ သည့် အမူအယာ ကျေနပ်ကြည်နူးသည့် မျက်ဝန်းများ၊ ယုံကြည်အားကိုးသည့် မျက်နှာလေးများဖြင့် ပြန်လည်တုံ့ပြန်ကြပါသည်။ လူနာများသည် ကျန်းမာရေးထိခိုက်၍ လာကြခြင်းဖြစ်သည်။ ခန္ဓာမှ သွေးသား ဖေါက်ပြန်မှုများ သွေးသားပျက်စီးမှုကြောင့် လာရောက်၍ ပြသခြင်းဖြစ်သည်။ ဆရာဝန်ကြီးများနှင့် ဆေးဝါး တို့ကြောင့် နေမကောင်းဖြစ်ခြင်းမှ ကျော်လွှားလွတ်မြောက်လာသည့် သေဆုံးခြင်းတရားမတိုင်ခင် ကျန်းမာ နေကောင်းလာသူများအတွက် သူတို့တွေ ရှင်သန်နေထိုင်နိုင်ကြပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ ဟု သုခကုသိုလ်ဖြစ်ဆေး ခန်းမှ ဆရာဝန်များ၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများတို့နှင့် ဒေသခံ လူမှုရေးသမားများတို့ သည် အစွမ်းကုန်ပေးဆပ်ကုသပေးရင်းဖြင့် မေတ္တာပို့သ ခဲ့ပါတော့သည်။
အချိန်တန်တော့လည်း အပြန်ခရီးအတွက် ပြင်ဆင်ရတော့သည်။ တစ်ဦးကို တစ်ဦး ကြင်နာသည့် မျက်လုံးများဖြင့်ကြည့်လို့။ တစ်ချိန်တွင် ပြန်ဆုံတွေ့ခွင့် ရနိုင်ဖို့မလွယ်ကူပေမယ့် အဲဒီမျက်လုံးတွေကိုတော့ ဆရာဝန်များ၊ အသင်းသား/သူများ မေ့နိုင်မည် မဟုတ်ပေ။ ကျုံပျော်မြို့မှ အပြန်လမ်းတလျှောက် ဆိပ်ငြိမ် သည့် လမ်းမကြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန် များတို့သည် အတွေးများကိုယ်စီဖြင့် ဘာကိုတွေးနေမှန်းမသိ တိတ်ဆိတ်လို့။ ည (၁ဝးဝဝ) နာရီကျော်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ရောက်ခဲ့ကြတော့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း၏ နယ်လှည့်ဆေးကုသမှု အစီအစဉ် တစ်နေ့တာ လုပ်ငန်းစဉ်တစ်ခုလုံး ပမာဏအဆင့်အနေဖြင့် အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုရခဲ့သည်ဟု ဆိုနိုင်သည်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခာဝေဒနာ ရင်ထဲတွင် မိမိတို့ ပေးဆပ်ခဲ့သမျှအတွက် ချမ်းသာပီတိ ရိုက်ခတ်ခဲ့ကြသည်။
ယခုအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းအနေဖြင့် အလှမ်းမီ သလောက်အတွက်သာ နယ်လှည့်ဆေးကုသမှု အစီအစဉ်အဖြစ် လစဉ်လတိုင်း လကုန်နောက်ဆုံးရက် ဆေးခန်းပိတ်ရက်အား နေ့ချင်းပြန် ဆေးကုသမှုအဖြစ် ကုသိုလ်ဖြစ် ဆရာဝန်များနှင့် လက်တွဲ၍ အသင်း သား/သူများတို့မှ (အခမဲ့) လိုက်လံ၍ ဝေဒနာရှင် အများပြည်သူအပေါင်းတို့၏ ကျန်းမာရေးအား တတ်စွမ်း သရွေ့ စောင့်ရှောက်ပေးဆပ်လျှက်ရှိပါကြောင်း စေတနာရှင် အလှူရှင်များတို့အား ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတော့သည်။
Author Name
Contact Form
Name
Email *
Message *
Powered by Blogger.