07/06/13

ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်ကို အခုလိုနှစ်မျိုးမှာ ပိုလို့တောင် အထူးသဖြင့် သဘောထားပြီး လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က ဖြစ်ရပ်ဆိုးအပေါ် သမိုင်းနီတိထုက် ပြန်ပြောင်းဆင်ခြင် နှလုံးသွင်းသင့်တယ်။ ဘာဖြစ်လို့လဲ။ အနှစ်ငါးဆယ်ပြည့် ဘာရတု ညာရတုမို့လို့လား။ မဟုတ်ဘူး။ ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရကိုက ကျောင်းသားတွေ အသတ်ခံရ တကသအဆောက်အဦ မိုင်းခွဲအဖြိုခံရခြင်း ဆိုတဲ့ အောက်မေ့ဖွယ် သွေးစွန်းသော နှစ်ပတ်လည်နေ့တစ်ခု အဖြစ်ထက် များစွာပိုတယ်။

စစ်အာဏာရှင်စံနစ်ကို ဘယ်လိုအသွင်ပြောင်း ပုံဖော်သည်ဖြစ်စေ၊ စစ်တပ်ရဲ့ ပုံ့ပုံ့ပွပွ ဆေးသကြား ချိုရဲရဲ နိုင်ငံရေးအာတာပူစီ ဘယ်လိုဟစ်ကြွေးသံတွေ ခြုံလွှမ်းဝါဒ ဖြန့်ထားသည်ဖြစ်စေ၊ စစ်တပ်က အာဏာ၃ရပ်ကို ချူပ်ကိုင်အပိုင်သိမ်းပြီး စစ်ကျွန်လက်အောက် အသွပ်သွင်းခံရခြင်း ပြည်သူ့ဒီမိုကရေစီ ဆိတ်သုဉ်းရခြင်းအပေါ် ဆဲဗင်းဂျူလိုင် ဖြစ်ရပ်နဲ့ ကျောင်းသား လှုပ်ရှားမှု နောက်ခံဖြစ်ရပ်တွေဟာ အလွန်ပြတ်သားခိုင်မာစွာ အကြွင်းမဲ့ ဆန့်ကျင်တော်လှန်သော နိုင်ငံရေးအဘိဓမ္မာကို သယ်ဆောင်ထားတဲ့ အထိမ်းအမှတ် ဖြစ်တယ်။ ဗမာပြည် ကျောင်းသားနိုင်ငံရေး အစဉ်အဆက် လှုပ်ရှားမှုရဲ့ မသွေဖီ မဖောက်ပြန် မယိမ်းယိုင်ခြင်း နိုင်ငံရေးအယူ ပီပြင်ကြည်လင် ခိုင်မာမှုရဲ့ သာဓကလည်းဖြစ်တယ်။

၆၂ မတ်လ စစ်တပ်ရဲ့ အာဏာသိမ်းပွဲဟာ အဟန့်အတား ခုခံအံတုမှု မကြုံရတဲ့ သွေးမဲ့နီးပါး စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ စစ်တပ်ဟာ ဗမာနိုင်ငံရေးရဲ့ ပင်မရေစီး လက်ဝဲနိုင်ငံရေး အရေခြုံကာ ဆိုရှယ်လစ်တော်လှန်ရေးအသွင် ယူထားသမို့၊ ဖဆဆိုရှယ်တည်မြဲက တပ်တွင်းဆိုရှယ်လစ်တွေ အားကိုးနဲ့ သူတို့လက်ထဲပဲ တပ်က အာဏာလွှဲပေးမယ့်သယောင်၊ ပမညတတပ်ပေါင်းစုဆိုလည်း အစကတည်းက နေ၀င်းကို အာဏာသိမ်းဖို့ ကပ်တွန်းခဲ့တဲ့ အချောင်သမာတွေ.. သဘောတရားရေး ဆရာကြီးလုပ်ပြီး နေ၀င်းအာဏာသိမ်းခြင်းကနေ အမြတ်ထုတ် ဆိုရှယ်လစ် ဆင်စွယ်နန်းပေါ် အခန့်သား တက်လို့ရမယ် မှတ်တဲ့သူတွေ...၊ မြေပေါ်နိုင်ငံရေးသမားတို့ ကိုယ်စီ နိုင်ငံရေး ဖောက်ပြန်ပြီး လေထဲတိုက်အိမ် ဆောက်မိကြတာ ချည်းပဲ။ အဓိက အမှားက စစ်တပ်ကအာဏာသိမ်းတာကို စစ်တပ်ကအာဏာသိမ်းတာလို့ တည့်တည့်မမြင်၊ နိုင်ငံရေး အချောင်လိုင်းလိုက် ဖောက်ပြန်ကြတာပဲ။

စစ်အာဏာသိမ်းခြင်းဆိုတဲ့ ဒီလောက် အခြေခံကစ လွဲမှားတဲ့ ဖြစ်ရပ်အပေါ် ပေါ်ထင်စွာ မဆန့်ကျင်၊ ကိုယ်စီ နေရာဝင်ယူမယ့် အချောင်သမား အတွေးအခေါ် ဖြစ်ထွန်းကာ ကိုယ့်နိုင်ငံရေးအပေါ် ကိုယ်သစ္စာမဲ့ရခြင်းအပေါ် အထောက်အမတ်ပြုဖို့ရာ ဘယ်ပုံ နိုင်ငံရေးအမြင် အကြံအယူတွေ တည်ဆောက်ပြပြ၊ တကယ်တမ်းကြ စစ်တပ်ကို ဒူးညွတ်ဦးကျိုး ပြန်မလှန်ရဲတဲ့ စိတ်အခံကို ဖုန်းကွယ်ခြင်းကလွဲပြီး တခြားအရာ မဟုတ်ဘူး။ ရှင်းအောင်ပြောရရင် စစ်တပ်ကို ကြောက်လို့ပဲ။

၆၂ အာဏာသိမ်းတာကို ထောက်ခံပါတယ် စာထုတ်တဲ့ ဗကသဥက္ကဌ ခင်မောင်အုန်းကို ချက်ခြင်းဖယ်ရှား၊ ဗကသဥက္ကဌကိုသက် တကသဥက္ကဌ ဗဆွေလေးတို့ ဦးဆောင်မှုနဲ့ စစ်တပ်အာဏာသိမ်းခြင်းကို ပေါ်ထင်စွာ ဆန့်ကျင်ပြခြင်းဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ကျောင်းသားသမဂ္ဂရဲ့ ပါဝင်ပတ်သက် ရပ်တည်မှုရဲ့ အဆင့်အတန်းကို မှတ်ကျောက်တင်လိုက်တာပဲ။

ဆဲဗင်းဂျူလိုင်ဟာ ဒီလို ကျောင်းသားသမဂ္ဂ နိုင်ငံရေး ရပ်တည်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ် တစ်ခုတင်မက၊ စစ်တပ်ရဲ့ ဗမာပြည် ပညာရေးကို တိုက်ရိုက်စွက်ဖက် ဖျက်ဆီးခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်လည်း ဖြစ်တယ်။ တက္ကသိုလ်အက်ဥပဒေများ အာဏာသိမ်း စစ်ဦးဘီလူးရဲ့ အဖျက်ခံရ၊ တက္ကသိုလ်ရဲ့ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချူပ်ခွင့်ကို အဖျက်ခံရ၊ ကျောင်းသား အခွင့်အရေးကို တိုက်ရိုက်အထိပါးခံရသမို့ ဗမာပြည်ပညာရေး ပျက်စီးခြင်းအစကို သွေးနဲ့ရင်း ဆန့်ကျင်ပြရခဲ့တာမျိုးလည်း ဖြစ်တယ်။ ဒီတော့ ဆဲဗင်းဂျူလိုင်ဆိုတာ စစ်တပ်က တကသအဆောက်အဦကြီးထဲ ဗမာပြည်နိုင်ငံရေးနဲ့ ပညာရေးကို ထည့်သွင့်ပြီး ဖြိုချပြစ်လိုက်တာမျိုးလို့ ပြောရင် မမှားဘူး။၊ အခုထိ နလံမထူနိုင်တော့ဘူး။

ပြင်ပ ရုပ်ဝတ္ထုပစ္စည်းကိုသာ ဖျက်ဆီးလို့ရမယ် စိတ်ဓာတ်ကိုတော့ မဖျက်ဆီးနိုင်ဘူးလို့ ပြောသံဆိုသံတွေကြောင့် ဒီစာကို အဓိကရေးရတယ်။ စစ်တပ်က မဖျက်ဆီးနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ဆိုတာကို ကြားကောင်းရုံ၊ ကြားတုန်းခဏတော့ စိတ်ထဲတက်ကြွသလိုလို ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်းဖြစ်သလိုလို ဒြပ်မဲ့အခြေအနေ ဒီအတိုင်း ပစ်ထားလို့ မရဘူး။ အဓိပ္ပာယ်အတိအကျ ဖွင့်ရလိမ့်မယ်။ ဒီတော့ ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရကို တစ်ခွန်းတည်း အရှင်းဆုံးပြောရရင် စစ်တပ်က အာဏာသိမ်းတာကို စစ်တပ်ကအာဏာသိမ်းတာလို့ တိတိကျကျ မသွေမဖီ မျက်မှောက်ပြုခြင်းမျိုးနဲ့ ခွေးကတက်နိုင်ငံရေးဘ၀ မသက်ဆင်းခြင်းပဲ။ ဒီအနှစ်သာရကို အခုနှစ် ပိုနှလုံးသွင်းရမယ်ဆိုတာ စစ်အာဏာရှင်စံနစ်ဟာ မြွေများအရေခွံအသစ် လဲသည့်နှယ် ဒီမိုကရေစီဝတ်ရုံကျပ်ချွတ်နဲ့မို့ ဖြစ်တယ်။

၆၂ကာလတုန်းကလိုပဲ မြေပေါ်နိုင်ငံရေးသမားများ ယောင်တောင်ကန်းတန်း လုပ်နေကြပြန်ပြီ၊ ဆင်စွယ်နန်းနိုင်ငံရေးအိမ်မက် မက်နေကြပြန်ပြီ။ မျက်မှောက်ကာလဟာ ၆၂နိုင်ငံရေးအဆင့်အတန်း ၇၄နိုင်ငံရေးအဆင့်အတန်းနဲ့ ဘာမှမထူးဘူး။ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ လူတွေရဲ့ဘ၀တွေကို ချနင်း စတေးပြီး ဇွတ်တင်းအဓမ္မ ဖော်ဆောင်ရတာမို့ စစ်ဖွဲ့စည်းပုံ အသက်ဝင် ချိန်မှာ ကျောမွဲတွေ အကြပ်အတည်း အဆင်းရဲဆုံးကာလနဲ့ တိုက်ဆိုင်ကာ လယ်သမား အလုပ်သမား ကျောင်းသားတို့ ထကြွ ကြတာနဲ့ ကြုံရတာပဲ။

၆၀ကျော်ကာလ ၇၀ကျော်ကာလနဲ့ အခု ၂၀၀၈ဖွဲ့စည်ပုံ အသက်ဝင်တဲ့အချိန်အခါသမယ စစ်တပ်က နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချူပ်ထားနိုင်သယောင်ကာလမှာ တိုင်းပြည်နေရာအနှံ့ အခြေခံလိုအပ်ချက်ကိုယ်စီနဲ့ ပွက်ပွက်ဆူကြတာ ဘယ်ဆန်းမလဲ။ ပွက်ပွက်ဆူမှု လမ်းပ်ါရောက်လို့ နိုင်ငံရေးနောက်ကြောင်း ပြန်လှည့်မှာလား၊ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည်းစည်းပေးဖို့ ဦးတည်တဲ့ နိုင်ငံရေးအာမခံချက်မျိုး ကင်းမဲ့နေသမို့သာ ပွက်ပွက်ဆူမှု လမ်းပ်ါရောက်ရတာလားဆိုတာ ကြပ်ကြပ် ဆင်ခြင်ကြည့်ကြစေချင်တယ်။ ဗမာနိုင်ငံရေးကို သုံးသပ်တိုင်း စစ်အာဏာအသိမ်းခံရမှုကို ဆဲဗင်းဂျူလိုင်မျိုးဆက်တွေ ရှင်းရှင်းသဘောပေါက် မျက်မှောက်ပြုသည့်သဖွယ် ကိုယ်စီမျက်မှောက်ပြုကြပြီး၊ အနှစ်ငါးဆယ် ကိုယ်တွေ့ ကျောနဲ့ရင်း ခံခဲ့ရတဲ့ စစ်အရင်းရှင်စံနစ် လက်သည်ကို မျက်ခြေမပြတ်ဖို့ အရေးကြီးဆုံးပဲ။

ဒီမိုကရေစီအရေခွံလဲ စစ်အရင်းရှင်စံနစ်ကို အသိအမှတ်ပြု တရားဝင်မှု ပေးခြင်း လမ်းကြောင်းကသာ အသင့်အလျော်ဆုံး သူမနာကိုယ်မနာအဖြစ်ဆုံး တိုင်းပြည်တိုးတက်ဖို့ရာ အဖြစ်ဆုံးဆိုတဲ့ လက်တွေ့အလုပ်ဖြစ်ဝါဒ အစစ်အမှန် တကယ်တမ်းရော ဟုတ်ရဲ့လား။ ဒီဌဓမ္မဖြစ်ရပ်အမှန်ကို လျစ်လျူရှူခြင်း စစ်တပ်ကြောက်ရောဂါ ဒူးထောက်ခြင်း သွင်ပြင်လက္ခဏာသာဖြစ်ပြီး၊ စိတ်ကူးအယဉ်ဆုံး အဖောက်ပြန်ဆုံးပဲ။ စစ်အရင်းရှင်ယန္တယားအတွက်သာ လက်တွေ့အလုပ်ဖြစ်၊ အနှစ်ငါးဆယ် စစ်တရားခံ ဘ၀ကနေ ပြုပြင်ပြောင်လဲရေး မိုးကျရွှေကိုယ်တွေဖြစ်ကုန်တယ် မဟုတ်လား။

စစ်အာဏာသိမ်းတိုင်း ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ စစ်တပ်ရဲ့လက်သုံး အကြောင်းပြချက် တည်ဆောက်ပြရာ စကားလုံးတွေပဲ၊ အဆန်းမဟုတ်။ ဒါကို ရူးလ်အော့ဖ်လောလို့ အင်္ဂလိပ်လို ပြောင်းသုံးရုံနဲ့ အနှစ်သာရက တပါတည်း ယှဉ်တွဲဖြစ်ထွန်းလာရိုးလား။ ကိုယ်စားပြုနိုင်ငံရေး မဖွံ့ဖြိုး မရင့်မှည့်ခင် ကာလမှာ၊ ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့် ရှိလာအောင် နိုင်ငံသားများ နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင် စွက်ဖက်ခြင်းမျိုးနဲ့ အနှစ်သာရရှိတဲ့ အပြောင်းအလဲ ဖော်ဆောင်ဖို့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တောင်းဆို တိုက်ပွဲဝင်ထိုက်တယ်မဟုတ်လား။

စစ်လွှတ်တော်အတွင်းက နိုင်ငံရေးကိုသာ အထိအခိုက်မခံ ပိုးမွေးသလို မွေးပါမှ အပြောင်းအလဲဆီ ဦးတည်နိုင်မယ်ဆိုတဲ့ အတွေးအမြင်ဟာ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အခြေခံဥပဒေကို ပြင်မယ်ဆိုသူတွေ အခြေခံဥပဒေကြိုးနဲ့ အချည်ခံပြီး နိုင်ငံရေးသေချိန်မှာ စစ်တပ်သတ်လို့မရတာ လူထုနိုင်ငံရေးပဲဆိုတာ မြဲမြဲမှတ်ကြစေချင်တယ်။ ဒီမိုပျားရည်စမ်းကာလအလွန် ကျားဥပုသ်စောင်တဲ့ရာသီ ကုန်ချိန်မှာတော့ အာဏာကိုထိပါးပြီဆို သည်းညည်းမခံတဲ့ စစ်ဗီဇကို၊ နိုင်ငံရေးသမားထက် ကဗျာရေးတဲ့ကျောင်းသားကို ပိုအငြိုးကြီးတဲ့ စစ်သရုပ်သကန် ရုပ်အမှန်ကို ၂၀၁၂ ဆဲဗင်းဂျူလိုင်မှာ စတင်တွေ့နေရပြီပဲ။

ရူးချင်ယောင် အဆောင်လွန်နေတဲ့ အတိတ်မေ့ သမိုင်းမေ့ လွှတ်တော်တက် နိုင်ငံရေးသမားများအတွက် မဟုတ်၊ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ရည်မှန်းပြီးသာ လွှတ်တော်ထဲမှာ နိုင်ငံရေးမရှိ၊ လယ်ကွင်းထဲ စက်ရုံထဲ ကျောင်းဝင်းထဲ လူကြားထဲနဲ့ လမ်းပေါ်မှာသာ နိုင်ငံရေးရှိကြောင်းကို ဆဲဗင်းဂျူလိုင် အနှစ်သာရအပေါ် ဆင်ခြင်ရင်း နိုင်ငံရေး မျက်စေ့မလည် တောမမှောက်ခြင်း ဂုဏ်ရောင် မြောက်ကြပါစို့။

လင်းထင် —

နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ


ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။

အကြွေးဝန်ထုပ်ကြီး

ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြားမလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီးပင်ပန်းကြရတယ်။ တောသူ တောင်သားတွေက ပိုပြီးခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန်ရှာဖွေစားသောက်လို့ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ်လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာအလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်ရပြီဆိုရင် ကျောပေါ်က အကြွေးဝန်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။

ခွက်တစ်ဆယ်အနည်းဆုံး


မြို့ပေါ်ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုးကြီး နှစ်ပိဿာခွဲလောက်လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင်အစိုးရ အဆက်ဆက်မှာရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲမသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်းနေပေမယ့် အောက်ခြေမှာတော့ ဘာမှမပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံးဖုန်းချခါနီးမှာ ''ပြောင်းရင်ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။

စောင့်ကြည့်ချင်ကြသေး


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။

တိုင်းပြည်ရဲ့ အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုး ခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု လုပ်ကျွေးဖို့အတွက် မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်မျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမှ သူတို့ ပြန်လာနိုင်ကြမှာ . . .


တစ်နေ့တော့ပြန်လာမယ်


ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကိုရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူကပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ်ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက်ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ်မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ်ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေးကျရောက်တယ်ဆိုတာမျိုးမရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။

ရတနာသိုက်ကြီး

ပူပိုင်းဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။

မြန်မာတွေရဲ့ အပြုံး

ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့ မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင် အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင် ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။

ရေကုသိုလ်

မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ် ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။ ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး ၀ိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။

ကန်သမ္မတရဲ့ မှတ်ချက်

ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က 'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။ ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။

အပျော်တွေစိမ့်ဝင်

ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။ သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနိုင်လောက် အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။ ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။ မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊ ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။

ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ


ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။ အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက် ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။

ချိုးကူးသံလေးကြားရဖို့

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစုလုပ်ကျွေးဖို့အတွက် မနည်းကြီးသည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။ တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။


Source: Eleven media group


2012 January 1965 batch IM 1 students reunion တွင် စာပေစိစစ်ရေးမတင်ဘဲ ပုံနှိပ်ထုတ်ဝေခဲ့သော အမှတ်တရစာအုပ်မှ OG Dr Daw Khin Win Kyu ၏ဆောင်းပါး

၁၉-၉-၂၀၀၃ခုနှစ်(သောကြာနေ့) ဒီရက်ကိုတော့ ကျွန်မတစ်သက် ဘယ်တော့မှမေ့နိုင်တော့မည် မထင်ပါ။ ကျွန်မအတွက် ထူးထူးခြားခြား ရင်တွေခုန်ရသောနေ့ စိတ်လှုပ်ရှားရသောနေ့လေးတစ်နေ့ဖြစ်ပါသည်။ မီးယပ်သားဖွား အထူးကုဆရာဝန်တစ်ယောက်အဖြစ် အနှစ်(၂၀)ကျော် လူနာများကို ခွဲစိတ်ပေးခဲ့ရသော သက်တမ်းတစ်လျောက် ဒီနေ့လောက် ခွဲရမည့်လူနာအရေးတွေးပြီး စိတ်မလှုပ်ရှားခဲ့ဖူးပါ။ သူမအား ခွဲပေးရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်မှု အောင်မြင်ဖို့ ကိုလည်း
နေ့တိုင်း အချိန်ပြည့် ဆုတောင်းနေမိပါသည်။အဘယ်ကြောင့်မူ ကျွန်မခွဲပေးရမည့်သူကတော့ မြန်မာသိ၊ ကမ္ဘာသိဖြစ်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင် ပေးခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပါသည်။

ကျွန်မတို့ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အစ်မဒေါ်အောင်ဆန်းစုကြည်ကို မခွဲစိတ်မီ တစ်ရက်အလိုမှ ကျွန်မက မမအားတွေ့ဆုံခွင့်ရခဲ့ပါသည်။ ကျွန်မတို့ ခွဲစိတ်မည့် team တစ်ခုလုံးနှင့် မမ တွေ့ဆုံခဲ့ရတာပါ။ မမက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ အာရှတော်ဝင်(၉)ထပ်ရှိ အခန်း(၉)တွင် တက်ရောက်ခဲ့ပါသည်။ ယခုကိုယ်တိုင်တွေ့ကာ စကားပြောခွင့်ရခဲ့ရာတွင် ကျွန်မ သတိထားမိသည်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်တူပြီး စကားပြောရာတွင် လိုရင်းတိုရှင်း ချက်ချက်ချာချာရှိကာ ပညာတတ် ပီသလှပါသည်။

တိုးတက်အောင်မြင်နေသော အနောက်နိုင်ငံကြီးများတွင် ဆေးကုသမှုခံယူလျှင် အစစအရာရာ သာလွန် ကောင်းမွန်မှန်းသိသော်လည်း မြန်မာပြည်အရေးအတွက် သူမမှာ သမိုင်းပေးတာဝန်များစွာရှိနေသဖြင့် ပြည်တွင်းမှာပင် ဆေးကုသမှုခံယူရန် မမက ဆုံးဖြတ်ခဲ့သည်ကိုလည်း ကျွန်မ နားလည်မိပါသည်။ ထို့အပြင် မြန်မာပြည်တွင် ကျွန်မထက် များစွာဆေးပညာရော၊ experience ပါ သာလွန်သော၊ ကျွမ်းကျင်စွာ ခွဲစိတ်နိုင်သော ဆေးပညာရှင် ပါရဂူကြီး အများအပြားရှိပါလျက် ကျွန်မကိုမှ ယုံကြည်စွာ ခွဲစိတ်ပေးပါရန် တောင်းဆိုခံရခြင်းအတွက် ကျွန်မမှာ လွန်စွာကြည်နူးဂုဏ်ယူခဲ့ရပါသည်။ ထိုခဏတွင်ပင် ကျွန်မမိဘနှစ်ပါးနှင့်ဆရာသမားအားလုံးကိုလည်း
သတိတရ ကျေးဇူးတင်မိပါသည်။ ကျွန်မကလည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်မည်ဟု သန်္နိဌာန် ချလိုက်ပါတော့သည်။ ရှေးရေစက်ကြောင့်သာ ကျွန်မက မမကို ခွဲစိတ်ကုသပေးခွင့်ရခြင်း ဖြစ်မည်ထင်ပါသည်။

Operation တိုင်း၌ Unexpected complications မမျှော်လင့်သော ခက်ခဲမှုဆိုတာ ရှိတတ် မှန်းသိနေသော ကျွန်မအဖို့ အထင်ကရ မမလို patient တစ်ယောက်ကို operation လုပ်ရတော့မှာ ဆိုတော့ ပိုပြီးစိတ်ပူ၊ ရင်ပူမိတာ အမှန်ပါ။ ထိုစဉ်က မမသည် “ဒီပဲယင်း” အရေးအခင်းအပြီး အကျယ်ချုပ်ကျ နိုင်ငံရေးသမားဘ၀၊မည်သူနှင့် မျှ တွေ့ဆုံစကားပြောခွင့် မရ၊ မြန်မာနှင့်ကမ္ဘာကလည်း မမကို လွတ်မြောက်စေချင်သော ဆန္ဒအပြည့်နှင့် မမအား မျက်စိဒေါက်ထောက် ကြည့်နေကြသော အချိန်ကာလ၊ မမ တစ်ခုခုဖြစ်သွား၍မရ၊ မမကို သြဇာအာဏာရှိသော မျိုးချစ်ခေါင်းဆောင် ဖြစ်စေချင်နေတာက လူအများစုရဲ့ဆန္ဒ၊ ဒီလိုပုဂ်္ဂိုလ်မျိုးကို ခွဲစိတ်ကုသပေးရမည့်ကိစ်္စမှာ ကျွန်မအတွက် အလွန်ကြီးလေးသော တာဝန်တစ်ခု
ဖြစ်ပါသည်။ ထို့ကြောင့် ခွဲစိတ်ရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်ကုသမှု ချောမောအောင်မြင်၍ မမကျန်းကျန်းမာမာရှိနေစေရန် နေ့စဉ်ဆုတောင်းပေးလျက်နေမိပါသည်။

၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့နံနက် မမကို အာရှတော်ဝင်ဆေးရုံ၌ ခွဲစိတ်ရန် အိမ်မှ မထွက်ခွာမီကပင်၊ MBBS နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲ
ဖြေရစဉ်နှင့်ထပ်တူ ရင်တုန်နေမိခဲ့ပါသည်။ ခင်ပွန်းဖြစ်သူအားလည်း ခွဲစိတ်မှုအခက်အခဲမရှိ၊ ပြီးဆုံးအောင်မြင်ရန် ဆုတောင်းပေးနေပါဟု မှာခဲ့ပါသည်။ ကျွန်မအား မကြောက်မရွံ့ ခွဲစိတ်ကုသရန်၊ နိုင်ငံရေးစိတ်အပြည့်နှင့် အားပေးခဲ့သော ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ခွဲစိတ်သည့်အချိန်က Asia Royal Operation Theatre အတွင်းရှိ ကျွန်မတို့ Surgical team အားလုံး ( Surgeon ကျွန်မ၊ First Assitant Surgeon ဒေါက်တာဦးတင်မျိုးဝင်း၊ Second Assitant Surgeon ဒေါက်တာပြုံးမိုအိ၊မေ့ဆးဆရာဝန်ကြီး ဒေါက်တာ ဦးဟုတ်ဝမ်၊ ဆရာကြီး၏သမီး မေ့ဆေးအကူဒေါက်တာကြည်ကြည်ထွန်း၊ သူနာပြုအုပ် အပါအ၀င် သူနာပြုများအားလုံး)၏ စိတ်တွင်း၌လည်း ကျွန်မနှင့်ထပ်တူ စိတ်ပူပန်၍ ခွဲစိတ်မှုအောင်မြင်ဖို့ ဆုတောင်းနေကြမည်မှာ မလွဲပါ။ မမက တိုင်းပြည်ပေါ်ထားသောစေတနာ၊ ကျွန်မတို့က မမအပေါ်ထားသော စေတနာရောင်ပြန်ဟပ် သည်ဟု ထင်မိပါသည်။ ထို့နေ့က ခွဲစိတ်ကုသမှု အခက်အခဲမရှိ ချောမောစွာအောင်မြင်ခဲ့ပါသည်။ ကျွန်မတို့ တစ်ဖွဲ့လုံးသာမက ဆေးရုံတစ်ခုလုံး ၀မ်းသာပျော်ရွှင်ခဲ့ကြပါသည်။ Biopsy result အသားစ စစ်ဆေးမှုကလည်း Malignancy ကင်ဆာမဟုတ်သည့်အတွက် မမဒေါ်အောင်ဆန်းစုကြည် အလွန် ကံကောင်းသည်လို့ ဆိုရပါမည်။

မမဒေါ်အောင်ဆန်းစုကြည်က ခွဲစိတ်မှုမပြုမီကတည်းက အများတန်းတူ ခွဲစိတ်ခကိုယူပါရန် တောင်းဆို ခဲ့ပါသည်။ ခွဲစိတ်ပြီးသည့်အခါလည်းဒေါက်တာပြုံးမိုအိက Opertion fee ခွဲစိတ်ခဟု ဆိုကာ စာအိတ် တစ်အိတ်ကိုပေးရန် ကြိုးစားခဲ့ပါသည်။ ကျွန်မဘယ်လိုမှ အခကြေးငွေယူရန် စိတ်ကူးထဲမှာပင် မပေါ်ခဲ့ပါ။ ကျွန်မဘက်ကမမလိုကိုယ်ကျိုးစွန့်အနစ်နာခံပြီးတိုင်းပြည်အကျိုးဆောင်ရွက်နေသည့်သူထံမှ ငွေတစ်ပြားတစ်ချပ်မှ ရယူလိုစိတ်မရှိပါ။ ယခုကဲ့သို့ ကုသပေးခွင့်ရသည်ကိုပင် ဂုဏ်ယူဝမ်းသာလှပြီဖြစ်ရာ ထိုစာအိတ်ကို လက်မခံခဲ့ပါ။ နောက်ထပ် မည်သို့ကူညီပေးနိုင်ဦးမလဲဟုသာ စေတနာအပြည့်အ၀နှင့် တွေးဆမိပါသည်။

ထို့နေ့ ည(၉)နာရီခန့်တွင် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ အာရှတော်ဝင်ဆေးရုံတွင် မမကို သွားကြည့်ရာ ကျွန်မမှာ မမအား များစွာကရုဏာသက်မိပါသည်။ မမအနားတွင် သွေးချင်းသားချင်းလည်း တစ်စုံတစ်ယောက်မျှမရှိပါ။ ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းနေသော မမကို ကျွန်မက နေကောင်းပါရဲ့လားဟု မေးရာတွင်
I feel very uncomfortable ဟုပြန်ဖြေပါသည်။ လက်မှာ drip တန်းလန်း ရှိနေသကဲ့သို့ ဆီးပိုက်တန်းလန်းနှင့်ဖြစ်ပြီး တစ်နေကုန် အစာမစားထားရလျက် အိပ်ဆေးများဒဏ်ကြောင့် မူးဝေနေသည့်အပြင် ခွဲစိတ်ခံထားရသဖြင့် နာကျင်နေမည်မှာမလွဲပေ။ မှန်ပါသည်။ မမခံရခက်နေမှာ အသေအချာပင်။ မမက နာသည်ဟု တစ်ခွန်းမျှ မဆိုပါ။ ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာနာမိပါသည်။ ခင်ပွန်းနှင့်သားများ အနားမှာ မရှိသကဲ့သို့ ဆွေမျိုးများပင် အနားမှာ မရှိချေ။ ကျွန်မသာဆိုလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျလောက်ပေပြီ။ မမကမူ မျက်စိမှိတ်မှိန်းနေရုံသာ ညည်းလည်း
မညည်းချေ။ ဒေါက်တာ တင်မျိုးဝင်းနှင့်တိုင်ပင်ကာ အနာလည်းသက်သာ စိတ်ဖိစီးမှုလည်းမရဘဲ အိပ်ပျော်နိုင်ရန် Injection pethidine ကို ထိုးပေးခဲ့ပြီး ပြန်လာခဲ့ပါသည်။

ထိုညက ကျွန်မအိမ်သို့ ညီအစ်ကိုမောင်နှမများ အပြေးအလွှားရောက်လာကြပါသည်။ ကျွန်မက သူတို့ အားဘာမျှတင်ကြိုမပြောထားသော်လည်း ပြင်ပမှသတင်းများကြောင့် ကျွန်မက မမဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပေးမှန်းသိသွားကြသဖြင့် ကျွန်မအတွက်လည်း ဂုဏ်ယူဝမ်းသာ၊ မမဒေါ်အောင်ဆန်းစုကြည်အတွက် လည်း စိတ်ပူပန်ပြီး ရောက်လာကြခြင်း ဖြစ်ပါသည်။ ကျွန်မသည်လည်း ခွဲစိတ်မှုအားလုံးအနက် မမအား ခွဲစိတ်ပေးသော ခွဲစိတ်မှုသည် ဂုဏ်အယူရဆုံးခွဲစိတ်မှု ဖြစ်ပါသည်။ အသံလွှင့်သတင်းဌာနအချို့၏ ကြေငြာချက်ကြောင့် ၄င်းသတင်းကို သိရှိကြသည့်ဆွေမျိုးတစ်ချို့နှင့် သူငယ်ချင်းတစ်ချို့ကလည်း တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ပါသည်။

ခွဲစိတ်မှုအပြီး (၇)ရက်တိတိ တစ်နေ့လျှင် တစ်နာရီမျှ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ရခဲ့ပါသည်။ ခွဲစိတ်မှုအပြီး First post-op day တွင်ပင် မမမှာ အားတက်သရော စကားပြောနိုင်နေပါပြီ။ ဆီးပိုက်၊ drip ပိုက်များဖြုတ်လိုက်ကာရေပတ်တိုက်အပြီးတွင် မမမှာ လန်းဆန်းပြီး လူကောင်းပတိအသွင်ဖြင့် ထထိုင်ကာ စကားများပြော၊ အစာများ စားနိုင်လာပါသည်။ ဆေးရုံမှ သူနာပြုက (Sponging) ကိုယ်ပတ်တိုက် ပေးရန် လာသည့်အခါတွင်လည်း “မမက sponging တို့ nursing care တို့ ကောင်းကောင်းလုပ်တတ်တယ်။ မမခင်ပွန်းနဲ့ ကလေးတွေ နေမကောင်းရင် ကိုယ်တိုင်လုပ်ပေးတာ။ မေမေ့ကိုလည်း မမက လုပ်ပေးခဲ့တာပဲ။ ဆရာမတို့ လုပ်ပေးဖို့
မလိုပါဘူး” ဟုပြန်ပြောခဲ့ပါသည်။ ဒေါက်တာတင်မျိုးဝင်းရော ကျွန်မတို့အားလုံးကပါ မမမှာ လူနာဖြစ်နေသဖြင့် ကိုယ်တိုင် လုပ်ရန် မသင့်ကြောင်းပြောမှ Sister မှ Sponging လုပ်ပေးသည်ကို လက်ခံပါသည်။ နောက်နေ့မှစကာ တစ်စစ မမ တိုးတက်ရွှင်လန်းလာခဲ့ပါသည်။

ဆေးရုံပေါ်မှာ ရှိနေစဉ်အတွင်း နိုင်ငံခြားသံရုံးများနှင့် စေတနာရှင်များက သစ်သီးခြင်း၊မုန့်ပုံး စသည်ဖြင့် လက်ဆောင်များပေးပို့ကြပါသည်။ ဆေးရုံအတွင်း ၀င်ခွင့်မရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ လူငယ်များ၊ ကျောင်းသားကျောင်းသူများက ဆေးရုံပြင်ပတွင်စောင့်ကာ မေတ္တာပို့သကြသကဲ့သို့ စက္ကူငှက်ရုပ်လေးများ
ချိုးကာသီပြီး မမဆီ ပေးပို့ကြပါသည်။ မမမှလည်း သူ့ကိုပေးသော မုန့်များကိုဆေးရုံအပြင်မှ ပရိသတ်အတွက် ပြန်လည်ဝေငှပေးခဲ့ပါသည်။ သူ ဆေးရုံ တက်နေ
ရသည့်အခန်းမှာ သာမည ဆရာတော်ကြီး တက်ရောက်သီတင်းသုံးခဲ့ဖူးသည့် အခန်းလည်းဖြစ်ကာ ရွှေတိဂုံစေတီတော်အားလည်း မြင်တွေ့ ဖူးမြော်နိုင်သည့်
အတွက် သဘောကျကြောင်းလည်း ပြောပြခဲ့ပါသည်။

မမ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပြီး နောက်ပိုင်းတွင် ကျွန်မမှာ အလွန်မျက်နှာပွင့်လန်းခဲ့ရပါသည်။ ပုဂ္ဂလိကဆေးရုံများသို့ ကျွန်မခွဲစိတ်ထားသော မွေးလူနာများ
အား ကြည့်ရန်ရောက်သည့်အခါ အခြားသော သားဖွားမီးယပ်ဆရာဝန်ကြီးများအပါအ၀င် ဆရာဝန်ကြီးငယ်များ၏ ၀မ်းပန်းတသာ ချီးကျူးဂုဏ်ပြုမှုများကို ကြုံရပါသည်။ အသက်ဝါကြီးသော ဆရာ၊ ဆရာမကြီးများ၏ ချီးကျူးမှုခံရသကဲ့သို့ ရွယ်တူဝါတူများမှလည်း နောင်ကို ယခုကဲ့သို့ ကူညီစရာလိုလျှင် သူတို့အားလည်း အသိပေးစေလိုကြောင်း စသဖြင့် ပြောဆိုကြသကဲ့သို့ မမ၏ရောဂါ အတိမ်အနက်အတွက် စိုးရိမ်ပူပန်စကားများ ဆိုခဲ့ကြပါသည်။ ထိုအထဲတွင် ကျွန်မတို့ကို စာသင်ပေးခဲ့ကြသည့် ကျွန်မလေးစားရသော ဆရာကြီး ပါမောက္ခဦးလှမြင့်(အဘ)နှင့် ဆရာမကြီး ပါမောက္ခ ဒေါ်မြမြတို့ကိုယ်တိုင်က ပခုံးဖက်ကာ လက်ဆွဲ နှုတ်ဆက်ကာဖြင့် ချီးကျူးကြသည်ကို ခံရသည့်အခါ ကျေနပ် ဂုဏ်ယူရသကဲ့သို့ များစွာလည်း ပီတိဖြစ်ရပါသည်။ ထို့ပြင် ကျွန်မတို့ ပညာတတ်ဆရာဝန်များ၏ ရင်ထဲတွင်လည်း မမဒေါ်အောင်ဆန်းစုကြည်အား မည်မျှယုံကြည်လေးစား အားကိုးကြောင်းကိုလည်း သတိထားမိရပါသည်။

ခွဲစိတ်မှုအပြီး တစ်လအကြာတွင် မမကို သူမ၏ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် ထပ်မံပြီးတွေ့ဆုံခွင့် တစ်ခါရခဲ့ပါသည်။ မမ၏ဧည့်ခန်းတွင် ဖခင်ဗိုလ်ချုပ်အောင်ဆန်း
၏ ဓာတ်ပုံကြီး၊ မိသားစုဝင်များ၏ ဓာတ်ပုံများ၊ ခင်ပွန်း၊ သား(၂)ယောက်၊ချွေးမ(၁)ယောက်၊ မြေး(၂)ယောက်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားပါသည်။ စာအုပ်များ ပြည့်နှက်နေသည့် စာအုပ်ဗီဒိုကြီးကိုလည်း တွေ့ခဲ့ရပါသည်။

မမက နေ့စဉ် အချိန်ဇယားဖြင့် အလုပ်လုပ်သူ ဖြစ်ပါသည်။ နံနက်အရုဏ်ဦး အိပ်ရာထချိန်မှစကာ ညအိပ်ရာ ၀င်ချိန်အထိ ဘုရားရှိခိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာရေးစာဖတ်ခြင်းတို့အပြင် စားချိန်အိပ်ချိန်ကိုပါ တိတိကျကျပြုလုပ်သူဖြစ်ပါသည်။ မမက ၀လို့လည်းမဖြစ်ဘူး။ ပိန်လို့လည်းမဖြစ်ဘူး။ ၀ရင်ဝမှာပေါ့။ တစ်နေ့တစ်နေ့ စားပြီးအိပ်၊ အိပ်ပြီးစား၊ နားနေရတာကိုး၊ ပိန်ရင်လည်းပိန်မှာပေါ့။ နိုင်ငံရေးလုပ်ပြီး စားမ၀င် အိပ်မပျော် မိသားစုနဲ့ဝေး နေတာကိုးလို့ အပြောမခံနိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး Balance diet ပဲစားတာ” ဟု ရှင်းပြဖူးပါသည်။

မမသည် စကားအလွန်ပြောကောင်းကာ ပြောသမျှစကားများကိုလည်း ပညာတတ်ပီပီ ပြန်လည် ချေပပြောဆိုနိုင်ပါသည်။ စိတ်ဓာတ်ကလည်း တည်ကြည်ဖြောင့်မတ်ပြီး အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ကြောင်း မမနှင့်စကားပြောခွင့်ကြုံရမှ ထင်ထင်ရှားရှား တွေ့မြင်လာရပါသည်။ ယနေ့တိုင် ကျွန်မလေးစားရပါသော မမဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်း၍ လိုရာပန်းတိုင်သို့ အမြန်ဆုံးရောက်ရန် ဆုတောင်းလျက်သာ ရှိပါသည်။

ဒီခွဲစိတ်မှုကြောင့် ရရှိတဲ့ ကျွန်မရဲ့ ပီတိခံစားချက်များကို ကျွန်မရဲ့ ၁၉၆၅ batch မှ သူငယ်ချင်း ရောင်းရင်းများ မျှဝေခံစားနိုင်ရန်“ဂုဏ်အယူရဆုံးခွဲစိတ်မှု” ဆောင်းပါးလေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

သူငယ်ချင်းများအားလုံး ပီတိနှလုံး ရွှင်ပြုံးနိုင်ကြပါစေ ...........

ဒေါက်တာခင်ဝင်းကြူ
(Winne)

Lynn Hpone Thant အားအထူးကျေးဇူးတင်ရှိပါတယ်..



သေချာလေ့လာမထားတော့ အကွဲအပြဲက ပိုကြမ်းတယ်

ကိုကိုကြီး၊ ဇူလိုင် ၅၊ ၂၀၁၃ (မိန့်ခွန်းကောက်နုတ်ချက်)

ကိုကိုကြီးက ငြိမ်းချမ်းရေး အမှာစကား ပြောကြားစဉ်။

ငြိမ်းချမ်းရေး အမှာစကား “သတိထား ပြန်ကျမသွားရလေအောင်”

လူမျိုး ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့

သီရိဇေယျာခန်းမ၊ သီရိဇေယျာလမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်။ ရန်ကုန်တိုင်းဒေသကြီး။
နေ့ရက်- ၂၉၊ ဇွန် ၂၀၁၃ (စနေ)

တကယ်က ဖိတ်ကြားထားလို့သာ ပြောရတာ။ ကျွန်တော်က ဧည့်သည်မဟုတ်ပါဘူး။ ကျွန်တော် တောင်ဥက္ကလာသားပါ။ တိတိကျကျပြောရရင် ဒီရပ်ကွက်သားပါ။ ကျွန်တော်မွေးကတည်းက အထက-၁ ကျောင်းရှေ့ ၂၂ လမ်းမှာနေခဲ့တာပါ။ အခုနေတာလည်း တောင်ဥက္ကလာမှာပါပဲ။ အဲဒီတော့ ဖိတ်ကြားခံရတဲ့ ဧည့်သည်အနေနဲ့ ဆိုတာထက် အိမ်ရှင်အနေနဲ့ လာတာပါ။ ဒီထဲမှာ ကျွန်တော်နဲ့ ကျောင်းနေဖက်တွေ၊ ကျွန်တော့်ညီနဲ့ ကျောင်းနေဖက်တွေ၊ ကျွန်တော်တို့နဲ့ ကစားဖက်တွေ အများကြီး ပါပါတယ်။ ရင်းနှီးပြီးသား မျက်နှာတွေပါပဲ။ ဒါကြောင့်လည်း ဒီပွဲလုပ်မယ်လို့ ဖိတ်စာရရချင်း ကြိုတင်ပြင်ဆင်ချိန်တောင် မရဘဲ တန်းလာခဲ့တာပါ။ ဒီတော့ ငြိမ်းချမ်းရေးအကြောင်း ပြောတော့မယ်ဆို တော့ … ဒီနေ့ တစ်နေ့လုံးက ငြိမ်းချမ်းရေးပဲ။ မနက်မိုးလင်းတည်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီမှာ တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေရော ဆွေးနွေးပြီးတော့ ဒီဖိတ်စာ တွေ့တာနဲ့ ကောက်ခါငင်ကာ ထလိုက်လာတော့ ဒီနေ့တစ်နေ့လုံးက ငြိမ်းချမ်းရေးနေ့လို့တောင် ပြောရမလိုပဲ။

ဒီတော့ ဘာသာရေးလို့ ပြောပြော၊ လူမျိုးဘာသာအားလုံး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးလို့ ပြောပြော ကျွန်တော်က နိုင်ငံရေး စိတ်ဝင်စားတဲ့ နိုင်ငံရေးတက်ကြွသူတစ်ယောက် အနေနဲ့ ယုံကြည်မှု အယူဝါဒတွေကို လေ့လာကြည့်မယ်ဆိုရင် ဥပမာ နိုင်ငံရေးယုံကြည်မှုတွေ ရှိပါတယ်။ ဆိုရှယ်လစ်တို့၊ ကွန်မြူနစ်တို့၊ လစ်ဘရယ်ဒီမိုကရေစီတို့ထက် ဘာသာရေး ယုံကြည်မှုတွေက အများကြီးစောတယ်။ နိုင်ငံရေး ယုံကြည်မှုတွေ၊ နိုင်ငံရေးစနစ်တွေ ခိုင်ခိုင်မာမာ မပေါ်ခင်မှာ ဘာသာရေး ယုံကြည်မှုတွေက လူ့ယဉ်ကျေးမှုနဲ့ အတူတကွ အစောဆုံးပေါ်ခဲ့တာဆိုတော့ အင်မတန်လည်း နက်ရှိုင်းတယ်။ ကျွန်တော်တို့ လူတွေမှာ ယုံကြည်မှုနဲ့ ပတ်သက်လို့ အစွဲကြီးစတမ်း ဆိုရင် နိုင်ငံရေးယုံကြည်မှုတွေထက် ပိုရင်သာပိုမယ်၊ မလျော့ဘူးဆိုတာ တွေ့ရတယ်။

အဲဒီမှာ ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ် ဖြစ်တာ၊ နည်းနည်းလေး စိတ်ထဲမှာ အမြင်မကြည် ဖြစ်တာနဲ့ ပေါက်ကွဲလွယ်တာ ရှိတယ်။ အဲဒါကို ကျွန်တော်ကနိုင်ငံရေးရှုထောင့်ကနေ ပြောရင် ပေါက်ကွဲလွယ်တာလို့ပဲ ပြောပါရစေ။ လွန်ခဲ့တဲ့ ၂၅ နှစ်က ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ခဲ့တယ်။ လာမယ့် သြဂုတ်လဆိုရင် ကျွန်တော်တို့ ငွေရတုအခမ်းအနား ကျင်းပကြတော့မယ်။

အဲဒီအချိန်တုန်းက ကျွန်တော် ဒီတောင်ဥက္ကလာရဲစခန်းမှာ ဒီမြို့နယ်ရဲ့ ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ပါတယ်။ ထိန်းသိမ်းတဲ့နေရာမှာ ကျောင်းသားတွေပါတယ်၊ ဆရာတော်တွေ ပါတယ်။ အခြား ဘာသာဝင် တက်ကြွလှုပ်ရှားသူတွေ အားလုံး ပါခဲ့တယ်။ အထင်ရှားဆုံး တစ်ခုကို ကြည့်ရင် ရဲစခန်း မီးရှို့မယ်လုပ်တော့ ဘေးမှာ ဓာတ်ဆီဆိုင်။ မြို့ပါ ပြာကျသွားလိမ့်မယ်။ အဲဒါနဲ့ မလွဲမရှောင်သာ ရဲစခန်းကို ထိန်းသိမ်းပြီးတော့ အဲဒီက ရဲတွေ၊ မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ အဆောက်အအုံတွေ လုံခြုံရေးကို စောင့်ရှောက်ကာကွယ်ခဲ့ရတယ်။ အခု ၂၅ နှစ် ပြည့်ပါပြီ။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ပြည်ပခရီးစဉ်တွေမှာတော့ တချို့နေရာတွေ အတော်များများမှာ ကျွန်တော် ကိုယ့်နိုင်ငံနဲ့ ပတ်သက်ရင် အမြဲတမ်း ဂုဏ်ယူပြီး ပြောတယ်။ သူတို့ဆီမှာ မီးခဏပြတ်သွားရင် ရာဇ၀တ်မှုဖြစ်တာတွေကို ဂရပ်ဆွဲ ပြထားတယ်။ လျှပ်စစ်မီး မိနစ်ပိုင်းလေး ပြတ်သွားရင် ခိုးမှု၊ မုဒိမ်းမှု ဘယ်လောက် မြင့်တက်သွားတယ် ဆိုတာတွေကို ပြောတဲ့အခါကျတော့ ကျွန်တော်တို့ဆီမှာ မီးခဏခဏ ပြတ်ရင် ခက်ရချေရဲ့လို့။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အပြန်အလှန် ထိန်းညှိတဲ့ စနစ်တွေ ရှိထားပြီးသား။ရေခံမြေခံတွေ ရှိပြီးသား။ ၈၈ ကာလကို ပြန်ကြည့်ရင် ကျွန်တော်တို့ အရေးတော်ပုံကြီးကို ပုံဖျက်ထားတာတွေ ရှိတယ်။

သတ်တာ ဖြတ်တာတွေ၊ ခေါင်းဖြတ်တာတွေ၊ ဂိုထောင်ဖောက်တာတွေ အစရှိသဖြင့် မင်းမဲ့စရိုက်တွေလို့ ပုံဖျက်တာတွေ ရှိတယ်။ ကျွန်တော်တို့ ထိမ်းသိမ်းခဲ့ရာမှာ လက်လှမ်းမမီလို့ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်။ ဒီ တောင်ဥက္ကလာကိစ္စမှာဆိုရင် တော်တော်များများရဲ့ အသက်ကို ကျွန်တော်တို့ ကယ်နိုင်ခဲ့ပါတယ်။ ငွေကြာရံ ဘုန်းကြီးကျောင်းကို ကားကြီးနဲ့ အစီးလိုက်ဝင်သွားပြီးတော့ အကုန်လုံး အဲဒီမှာ သင်္ကန်းဝတ်ပေးထားပြီးတော့ ကယ်တင်နိုင်ခဲ့တာတွေ ရှိပါတယ်။ ဒီတော့ ကျွန်တော်က ဘာဂုဏ်ယူပြီး ပြောလဲဆိုတော့ အဲဒီအချိန် ကျွန်တော်တို့နိုင်ငံမှာ ရဲမရှိဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး မရှိဘူး။ ဌာနဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ တစ်လလောက် ဘာအဖွဲ့အစည်းမှ မရှိတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအချင်းချင်း ထိန်းခဲ့တဲ့ ပမာဏကို စိန်ခေါ်တယ်။ ကမ္ဘာပေါ်မှာ အုပ်ချုပ်ရေးရှိမနေဘဲ ဘယ်နိုင်ငံက အဲသလို ထိန်းနိုင်မလဲလို့။

ဆိုလိုတာက ကျွန်တော်တို့ဟာ ပြည်သူတွေအချင်းချင်း ထိန်းတဲ့အခြေခံကောင်းတွေ ရှိခဲ့ပြီးသားပါ။ နောက်ဆုံး နိုင်ငံရေးခေါင်းဆောင်ဆိုတာ ရွေးကောက်ပွဲကနေ လေးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ် ပြောင်းသွားတယ်။ လူထုကြားထဲမှာ သြဇာတိက္ကမရှိတဲ့ ခေါင်းဆောင်တွေဟာ အစဉ်အလာအားဖြင့် သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေပဲ။ သူတို့တွေက နိုင်ငံရေးခေါင်းဆောင်တွေ ဘာသြဇာမှ မပေးနိုင်တဲ့အချိန်မှာ အဲဒီဘာသာရေးခေါင်းဆောင်တွေက လူ့အဖွဲ့အစည်းထဲမှာ အလိုအလျောက် ခေါင်းဆောင်နေရာကို ရောက်လာတယ်။ ဒီနေ့ အပြောင်းအလဲဟာ ကျွန်တော်တို့အတွက် အင်မတန် သိမ်မွေ့တယ်။ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရတဲ့အချိန်မှာ

ဒီအပြောင်းအလဲအတွက် ပေးခဲ့ရတဲ့ ဘ၀တွေ အသက်တွေဟာ နည်းတာမဟုတ်ဘူး။ ကျွန်တော့်မိသားစုဆိုရင် ကျွန်တော် ထောင်ထဲမှာရှိနေတဲ့ ၁၈ နှစ်လောက်ကြာတယ်။ အပြင်က ကျွန်တော့်မိတ်ဆွေတွေ၊ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ခုလို ပြန်တွေ့ရတာ ဘယ်လောက်မှ မရှိသေးဘူး။ ကျွန်တော့်လို နာမည်မထင်ရှားလာဘဲ အညတြ သေဆုံးသွားတဲ့၊ ပေးဆပ်ခဲ့ရတဲ့သူတွေ အများကြီးရဲ့ စွန့်လွှတ်မှုတွေကို ကြည့်ရင် ကျွန်တော်တို့အချင်းချင်း၊ ပြည်သူတွေအချင်းချင်း ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ ဆိုင်းငံ့သွား၊ နောက်ပြန်လန်ကျသွားရမယ်ဆိုရင် ထောင်ထဲမှာ၊ လမ်းပေါ်မှာ၊ တောထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို သစ္စာမဲ့ရာရောက်တယ်လို့ ကျွန်တော်မြင်တယ်။ အပြောင်းအလဲကို ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ အရှိန်အဟုန်ကောင်းအောင် ပြောင်းရမယ့်အချိန်မှာ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေရဲ့အင်အား၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အင်အား၊ နိုင်ငံရေးပါတီတွေရဲ့ အင်အား၊ နောက်ဆုံး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အား၊ တိုင်းပြည်မှာ အမျိုးသား အင်အားစုလို့ပြောတဲ့ တစ်ဦးတစ်ယောက်မှ မကျန်ရစ်ခဲ့တဲ့ အားလုံးပါဝင်တဲ့ အင်အားနဲ့ပဲ ကျွန်တော်တို့နိုင်ငံကို ရွှေ့နိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။
ဒါကြောင့်မို့ ကျွန်တော်တို့အချင်းချင်းအတွင်းမှာ ပဋိပက္ခတွေ မယုံကြည်မှုတွေ ဖြစ်လာရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အလေ့အကျင့်ကို တည်ဆောက်ကြဖို့လိုတယ်။ မတူညီတဲ့ အယူအဆ သဘောထားတွေ အပေါ်မှာ ဘာသာရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ် Tolerance လို့ခေါ်တဲ့ မတူညီတဲ့ သဘောထား အမြင်တွေပေါ်မှာ သည်းခံနိုင်စွမ်း ရှိမယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးလို့ရပြီ။ ဒီမိုကရေစီရဲ့ အခြေခံ ကိုယ်နှိုက်က မတူညီတဲ့ သဘောထားတွေပေါ်မှာ သည်းခံနိုင်စွမ်းပဲ။ ကျွန်တော်တို့နိုင်ငံအသစ် တည်ဆောက်တဲ့နေရာမှာ မတူညီမှုတွေကို တစ်ခါတစ်လေကျတော့ ဘာမှန်းမသိဘဲနဲ့ ကွဲလွဲနေတယ်။

တစ်ယောက်နဲ့ တစ်ယောက် ကွဲတယ်။ သူ့အယူအဆ ဘာလဲဆိုတာကို သိလို့မဟုတ်ဘူး။ နောက်ဆုံး ကိုယ့်ယုံကြည်မှုနဲ့ ပတ်သက်လို့ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း လေ့လာထားလဲဆိုတော့လည်း သေချာလေ့လာမထားတော့ အကွဲအပြဲက ပိုကြမ်းတယ်။ ကျွန်တော်တို့ဆိုရင် အဆိုးထဲက အကောင်းခေါ်တာပေါ့။ ထောင်ထဲ နေတဲ့အခါကျတော့ စာအုပ်စာတမ်း မပြောနဲ့ စာရွက်စာတမ်း အပိုင်းအစလေးတောင် မတွေ့ရဘူး။ မိရင် ထောင်ဝင်စာပိတ်တာတွေ၊ တိုက်ပိတ်တာတွေ ခံရတယ်။ စာစဖတ်ခွင့်ရတော့ ဘာစဖတ်ခွင့်ရလဲ ဆိုတော့ နိုင်ငံတကာကြက်ခြေနီအသင်းက ထောင်တွေကိုစစ်ပြီးတော့ အကျဉ်းသားတွေကို ထောင်ဝင်စာမှာ ဒီအခွင့်အရေးတွေတော့ ပေးသင့်တယ် ဆိုပြီးတော့ စာအုပ်စာတမ်းတွေ ပေးဖတ်တဲ့အချိန်မှာ ဘာသာရေးစာအုပ်တွေ စပြီး ဖတ်ခွင့်ရတယ်။ အချိန်တွေ အလကား ကုန်မယ့်အစား ကျွန်တော်တို့က ဘာသာစကားလည်း လေ့လာနိုင်တယ်။


အင်္ဂလိပ် လေ့လာတဲ့အခါကျတော့ အရင်ဆုံး ဘာစဖတ်ဖြစ်လဲ ဆိုတော့ Bible (သမ္မာကျမ်းစာ) ပဲ။ Bible ကိုအကြောင်းပြုပြီးတော့ အင်္ဂလိပ်စာ လေ့လာဖို့လုပ်တာ။ ဒါ ကျွန်တော် ရိုးရိုးသားသားပဲ ပြောတာ။ လေ့လာရင်းနဲ့ Bible ထဲမှာရှိတဲ့ ခရစ်ယာန်ရဲ့ အဆုံးအမတွေကို လေ့လာခွင့်ရခဲ့တယ်။ နောက်တော့ ကိုအာန်ကျမ်းနဲ့ ဖတ်ရတာက ICRC (နိုင်ငံတကာ ကြက်ခြေနီအသင်း)က ဘာသာပေါင်းစုံ ကျမ်းစာတွေကို ပေးထားတဲ့အခါမှာ မြန်မာပြန်ထားတဲ့ အစ္စလာမ်ဘာသာဝင် အကျဉ်းသားများအတွက် ပေးတဲ့စာအုပ်ကို ရတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ပြောကြစို့ ဆိုရင်လည်း ကျွန်တော်တို့ သာမန်အပြင်မှာနေတုန်းက သုတ္တန်ပေါ့၊ နိပါတ်တော်တွေ ကြားရတယ်။ နာရတယ်။ အထဲမှာတော့ အတွေးအခေါ်လည်း ၀ါသနာပါတော့ အဘိဓမ္မာကို ထောင်ထဲကျမှ စပြီးတော့ ဗုဒ္ဓဘာသာရဲ့ နက်ရှိုင်းတဲ့ အတွေးအခေါ်ကို လေ့လာခွင့်ရတယ်။ အဲဒီတော့ ဘာသာပေါင်းစုံ စပ်စပ် စပ်စပ် မြည်းစမ်းရုံလောက်ပဲ ဆိုပါတော့။ နည်းနည်းလေး ပိုလေ့လာမိတဲ့အခါကျတော့ ကျွန်တော့် ဘာသာတရားပေါ်မှာ ယုံကြည်မှုလည်း တည့်မတ်သွားတဲ့အပြင် ပိုပြီးတော့ ကျွန်တော်ဟာ ဗုဒ္ဓဘာသာ ဖြစ်ရခြင်းအတွက် ဂုဏ်ယူတယ်၊ ကျေနပ်တယ်။ တန်ဖိုးထားတယ်။ ဒါပေမဲ့ တခြားဘာသာတွေနဲ့ ပတ်သက်လို့ လေးစားတတ်၊ တန်ဖိုးထားတတ်တဲ့အသိကို ရလာတယ်။


ဘာကြောင့်လဲဆိုတော့ စပ်စပ်စပ်စပ် ဖတ်ကြည့် မြည်းစမ်းကြည့်တဲ့အတွက်ကြောင့် ဘာသာအားလုံးဟာ လူသားတွေကို စာရိတ္တပိုင်းနဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်လို့ ပြုပြင်ထိန်းသိမ်းဖို့ သွန်သင်ဆုံးမကြတာချည်းပဲ။ အဲဒီမှာ Misinterpretation (လွဲမှားစွာ အနက်ကောက်ယူမှု) ကိုယ့်ဘာသာရေး အဆုံးအမကိုပဲ အဓိပ္ပါယ်လိုရာဆွဲပြီး ဖွင့်ဆိုပြီး လုပ်လိုက်တဲ့အချိန်မှာ အကြမ်းဖက်တာတွေ သတ်ဖြတ်တာတွေ စပြီး ဖြစ်လာတယ်။ တကယ့် ကျွန်တော်တို့ရဲ့ မူရင်း ဘာသာရေး ခေါင်းဆောင်ကြီးတွေကို မေးမြန်းကြည့်ရင် ဘယ်သူကမှ သဘောတူမှာ မဟုတ်ဘူး။ အဲဒါက ဘာသာရေးနဲ့ လူမျိုးရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နှလုံးသွင်းရမယ့် သဘောထားတွေပဲ။ ဒါနဟာ ဘာသာတိုင်းမှာရှိတယ်။ လှူတာတန်းတာ ပေးတာကမ်းတာ၊ သီလဆိုလည်း အနည်းနဲ့ အများပဲ ကွာတယ်။ ငါးပါးသီလနဲ့ ပတ်သက်လို့ အခြေခံဟာ ဘာသာတိုင်းမှာရှိတယ်။ ဗုဒ္ဓဘာသာမှာ ဆိုရင်တော့ လူသားတွေသာမက ဘယ်လို သက်ရှိသတ္တ၀ါမှ မသတ်ရဘူး။ မခိုးရဘူး။ မလိမ်ရဘူး။ သူများ သားမယား မပြစ်မှားရဘူး။ အကုန်လုံးမှာ သီလနဲ့ ပတ်သက်လို့ ပါကြတယ်။ နောက် ကျွန်တော် စဉ်းစားကြည့်တော့ ဘာဝနာတောင်မှ သမထဘာဝနာဟာ Meditation လုပ်(တရားထိုင်)တယ်။ စိတ်ငြိမ်အောင် ပုတီးစိတ်တယ်ဆိုတာ ဘာသာတိုင်းမှာ ရှိတယ်။ ၀ိပဿနာ ဘာဝနာဆို ကျွန်တော်တို့က ၃၁ ဘုံက လွတ်ရာလွတ်ကြောင်းဆိုတဲ့ အယူအဆတစ်ခုပဲ ကွဲသွားတာ။ အဲဒီတော့ အခြေခံအားဖြင့် ကွဲတာတွေ မကြည့်ဘဲနဲ့ တူတာတွေကို ရှာကြည့်မယ်ဆိုရင် ပြဿနာ တော်တော်နည်းသွားမယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ဒါနသီလ သမထဘာဝနာ အထိ တော်တော်များများ ရှိတယ်။

အဲဒိတော့ ဒီဟာကို မန္တလေးမှာ ဘာသာပေါင်းစုံချစ်ကြည်ရေး interfaith ပွဲမှာ ဒါပဲ ပြောဖူးတယ်။ ၃၁ ဘုံ အယူအဆနဲ့ မပြောနဲ့။ ဒါန သီလ နဲ့ ဘာဝနာရှိတယ်။ မည်သည့် လူမျိုး မည်သည့် ဘာသာဝင်မဆို လူနတ်ဗြဟ္မာဖြစ်အောင် ပြုကျင့်နိုင်တယ်။ နတ်ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရား၊ ဗြဟ္မာဖြစ်လောက်တဲ့ ကိုယ်ကျင့်တရားလောက်ကို မကျင့်ကြံကြပဲ အချင်းချင်း ကျွန်တော်တို့ ပဋိပက္ခတွေ ဖြစ်နေတဲ့ ကိစ္စကတော့ ကျွန်တော်တို့ တစ်ခုခုတော့ မှားနေပြီ၊ ကျွန်တော်တို့ ကိုယ့်ယုံကြည်မှုတွေကို ကိုယ်ပြန်ပြီး ဆန်းစစ်ဖို့လိုပြီ။ တစ်ယောက်နဲ့ တစ်ယောက် သည်းခံခွင့်လွှတ်နိုင်စွမ်းတွေကို မွေးမြူဖို့ လိုပြီ။ ကျွန်တော်တော့ အဲ့ဒိလိုပဲ မြင်တယ်။ တကယ်သာ ဘာသာရေးကို မှန်မှန်ကန်ကန် ကျင့်သုံးဆောက်တည်နိုင်မယ်ဆိုရင် ပဋိပက္ခတွေ လျော့နည်းသွားပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အခုဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးရဲ့ အဆုံးအမတွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ်ဖွင့်ပြီးတော့ ကျင့်သုံးပြီးတော့ နိုင်ငံသစ်ကို ၀ိုင်းဝန်းတည်ဆောက်ကြပါလို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

http://moemaka.com/archives/36149မှ


လအတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီက မြန်မာအစိုးရနဲ့ စာချုပ်အသစ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ ဇူလိုင် ၅ရက်နေ့မှာ ပြောဆိုခဲ့ပြီး လူမှုတာဝန်သိတဲ့ အလုပ်တွေကို လုပ်ကိုင်သွားဖို့ စိတ်ဆုံးဖြတ်ထားတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။
Kamayut Media

Photo..www.thenewstribe.com
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ကိုင်ဖို့ ရွေးချယ်ခံထားရတဲ့ Qatar အခြေစိုက် Ooredoo ကုမ္ပဏီဟာ လိုင်စင်သက်တမ်း ၁၅ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှပ်နှံသွားဖို့ရှိတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်က Park Royal Hotel မှာ Ooredoo ကုမ္ပဏီက ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီရဲ့အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှူး Mr. Nicklas Sweirzy က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမယ့်ပမာဏနဲ့ ပတ်သက်လို့ ခုလိုပြောဆိုပါတယ်။

ရင်းနှီးမြှပ်နှံမယ့်ပမာဏကတော့ လိုင်စင်အတွက် ကုန်ကျစရိတ်၊ ဝန်ထမ်းလစာ ၊အခွန်အခတွေနဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစားရိတ်တွေအပါအဝင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို ၁၅ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ် လို့ပြောသွားတာပါ။

Ooredoo အနေနဲ့ ဒီလို ရင်းနှီးမြှပ်နှံမှုတွေအပြင် လာမဲ့ ၅ နှစ်တာ ကာလအတွင်း လက်ကိုင်ဖုန်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာအောင် ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပြီး မြန်မာအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံအဝှမ်း တယ်လီဖုန်းနဲ့ မိုဘိုင်းဖုန်း သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း ပြည့်မီအောင်လည်း ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ကုမ္ပဏီဝန်ထမ်း ရာနှုန်းပြည့်နီးပါးကို မြန်မာနိုင်ငံသားတွေကို ခန့်အပ်သွားမယ်လို့လည်း သိရပါတယ်။

Ooredoo ကုမ္ပဏီကို ၁၉၈ဝ ပြည့်နှစ်တွေက တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂ဝဝ၃ ခုနစ်မှာ ဆက်သွယ်ရေး ဝန်ဆာင်မှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် ပထမဆုံး နိုင်ငံခြားကုမ္ပဏီတွေအဖြစ် နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီနဲ့ Qatar အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

RFA Burmese

မေလ (၂၈)ရက်က ဗိုလ် တထောင်မြို့နယ်ရှိ စိန်မေရီကာ သီဒြယ်ခရစ်ယာန်ကျောင်းအတွင်း ခွင့်ပြုချက်မရှိဘဲ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ဗိုလ်တထောင်တရားရုံး၌ ပြစ်မှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူခံ ထားသော ရဲတိုက်သည် အခု အခါတွင် မူးယစ်ဆေးဝါးမသင်္ကာ မှုဖြင့် ထပ်မံအရေးယူခံနေရ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့နယ်၊ စာ တိုက်ရပ်ကွက်၊ ဒဂုံမန်းကားလမ်း ပေါ်ရှိ လက်ခ်ျမီးလက်ဖက်ရည် ဆိုင်၌ မသင်္ကာသူတစ်ဦးဆိုင် ကယ်ဖြင့် ရောက်ရှိနေကြောင်း ဆိုင်ရှယ်ဆူရစ်ကူးမားက လာ ရောက်အကြောင်းကြားသဖြင့် ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးရဲအုပ်မျိုးမြင့်ဦးနှင့်အဖွဲ့ က သက်သေများဖြင့် ဇူလိုင်(၄) ရက် နံနက် (၃)နာရီအချိန် သွား ရောက်စစ်ဆေးရာ မသင်္ကာသူမှာ ရဲတိုက်(၃၀)နှစ် (ဘ)ဦးထွန်းညွန့် မော်၊ ဘုရင့်နောင်လမ်း၊ သံလျင် မြို့နေသူဖြစ်ပြီး ၎င်း၏ကျောပိုး အိတ်အတွင်းမှHoney boby စာတန်းပါ ကွန်ပါဘူးအတွင်း၌ အလေးချိန်တစ်ကျပ်သားခန့်ရှိ ဆေးခြောက်ဟုယူဆရသော အရွယ်ခြောက်နှင့် ငွေစက္ကူ(၂) သိန်းတို့ကို ရှာဖွေတွေ့ရှိရသော ကြောင့် ကျောက်တံတားရဲစခန်း က မယ(၄/၂၀၁၃)မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အရေးယူထား ကြောင်းသိရသည်။
The hotnews weekly

မြန်မာနိုင်ငံတွင် မြေဈေးများ ကြီးမြှင့်နေရခြင်း အကြောင်းရင်းတစ်ခု ဖြစ်သည့် စီမံကိန်း အကြောင်းပြ လက်ဦးမှုရယူ ထားသည့် လက်တွေ့ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများကို ပြန်လည်သိမ်းယူ၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူ များကို ချထားပေး ရန် လွှတ်တော်က အစိုးရအဖွဲ့အား တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံဟာ မလိုအပ်ဘဲ မြေဈေးအကြီးမြှင့်ဆုံး တိုင်းပြည်ဖြစ်နေရပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ မြေဈေးကြီးမြင့်နေခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများအတွက် အဟန့်အတား ဖြစ်မည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း တိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်လာစေရန် ၁၉၉၉ ခုနှစ်က ပြည်တွင်းကုမ္ပဏီ များအား ဆီးအုန်းစိုက်ရန်အတွက် မြေဧက ငါးသိန်းချ ထားပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင်မူ ကုမ္ပဏီများက အဆိုပါပမာဏ၏ နှစ်ဆဖြစ်သော ဧက ဆယ်သိန်းခန့်အထိ အမည်ပေါက် ရယူခဲ့သော်လည်း ပြီးခဲ့သည့်မတ်လက သွားရောက် လေ့လာမှုများ အရ အချိန် ၁၄ နှစ်ကြာမြှင့်သော်လည်း စိုက်ဧက သုံးသိန်းကျော်သာ ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် ဆီးအုန်းအနစ်နာခံ စိုက်ပျိုးခြင်းကြောင်း စက်ယန္တရားများ၊ ကားများ စသည့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း အခွန်လွတ် တင်သွင်းခဲ့ပြီး ဇိမ်ခံကားပါမစ်များလည်း ရရှိ၍ မြတ်ရရှိခဲ့ကြကြောင်း သိရှိရသည်။

မောင်ဝိတ်မိသားစု ကုမ္ပဏီ၏ လျာထားချက်အရ ၁၀၂၀ ဧကကို ခရိုင်စက်မှု/ကုန်ကြမ်း စာရင်းအရ လုံးဝစိုက်ပျိုးခြင်း မရှိသေးကြောင်း တွေ့ရှိရသော်လည်း၊ တိုင်းချုပ်စာရင်းတွင်မူ ၁၀၂၀ ဧကလုံး စိုက်ပျိုးပြီးဖြစ်၍ စိုက်ရန်မကျန်တော့ကြောင်း ဖော်ပြထားသဖြင့် စာရင်းကွဲလွဲမှုများ ရှိနေကြောင်း သိရှိရသည်။

အထက်ပါ အခြေနေများကြောင့် မြေနေရာရယူထား၍ ၁၄ နှစ်ကြာသည့်အထိ လုပ်ကိုင်ခြင်း မရှိသေးသော စီမံကိန်း ဝင်မြေများကို စိစစ်ကာ ပြစ်လည်သိမ်းယူကာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များကို ချထားပေးသင့်ပါကြောင်း အဆိုကို တင်ပြခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကပြောကြားခဲ့ကြောင်း သိရသည်။
yangon chronicle


ဗိုလ်ရွှေမန်းနဲ့ ကာလုံ

တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ဒေါက်တာဆိတ်ဖွားကို မဖော်ထုတ်နိုင်ခဲ့ကြသော်လည်း (ကာလုံ)ကိုတော့ ပွဲထုတ်လာခဲ့ပြီ။

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ပင် ထုတ်မပြောခဲ့သော (ကာလုံ)အကြောင်းနှင့် (ကာလုံ)အစည်းအဝေးခေါ်ဖို့စပြောလာသူ၊ (ကာလုံ) ကို ဗြောင်ပွဲထုတ်လာသူမှာ အမေရိကန်မှပူပူနွေးနွေးပြန်လာသူ ဗိုလ်ရွှေမန်း ဖြစ်ပါတယ်။

ဒီလို ထုတ်ဖော်ပြောဆိုချက်က (ကာလုံ) အပါအဝင် သော့ချက်နေများကို သူ့လက်ထဲမှာ ကိုင်ထားလိုက်ပြီဖြစ်တယ်ဆိုတာ အားလုံးကို ပြောလိုက်တာနဲ့ပြလိုက်တာလို့ ပထမအချက် အနေနဲ့ယူဆပါတယ်။

ဒုတိယအချက်ကတော့ (ကာလုံ) ဗြောင်လှုပ်ရှားလည်ပတ်တော့မယ်လို့ ကြေညာတာပါပဲ။

ပြီးတော့ ကြံ့ဖွံ့ပါတီထဲမှာ ဝါစဉ်အရ ဥက္ကဋ္ဌရာထူး ဗိုလ်ရွှေမန်းယူပါလို့ သမ္မတ(ဗိုလ်) ဦးသိန်းစိန်က လွှဲအပ်ခဲ့ပြီးနောက် အခုလို (ကာလုံ) ကိစ္စတွေ အသံထွက်လာတာပါ။ ပေါ်ပေါက်လာတာပါ။

ဗိုလ်သိန်းစိန်က ပါတီဥက္ကဋ္ဌရာထူးကို ဗိုလ်ရွှေမန်းကိုလွှဲပေးလိုက်ခြင်းဟာ ကြံ့ဖွံ့ပါတီထဲမှာ ဗိုလ်သိန်းစိန်အခန်းကုန်ဆုံးသွားပြီဆို တဲ့အဓိပ္ပါယ်လည်းဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီဆိုတာအခြားသော ဒီမိုကရေစီပါတီတွေလို ပါတီဝင်ထုရဲ့မဲဆန္ဒနဲ့ခေါင်းဆောင်ကို ဒီမိုကရေစီ နည်းကျတင်ရွေးချယ်တင်မြှောက်ကြတာမဟုတ်ဘူး။ စစ်တပ်ပုံစံအတိုင်းဖွဲ့စည်းထားတာဖြစ်ပြီး စီနီယာကကွန်မင်ဒါ လုပ်တဲ့သဘောပဲဖြစ် တယ်။ (buttom up) မဟုတ်ဘူး။ (Top down) ပဲဖြစ်တယ်။ အတိတ်က (မဆလ)ပါတီလုပ်ခဲ့သလိုပေါ့။

စီနီယာဖြစ်တဲ့ ဗိုလ်ရွှေမန်းဟာ သော့ချက်ကျတဲ့နေရာတွေကိုကိုင်ထားတာတွေ့ရမယ်။

ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

(ကာလုံ) အဖွဲ့ဝင်

ပြည်ထောင်စုလွှတ်တော်(ဒုတိယ) သက်တမ်း အတွက် နာယက

ဒါ့အပြင် ၂၀၁၅ မှာ “သမ္မတလုပ်မည်”ဟု ပြောထားသူ (သမ္မတထက်မြင့်တာရှိ လည်းလုပ်ချင်တယ်လို့ ပြောသူဖြစ်တယ်)

ကျနော့် ယူဆချက်ကတော့ပါတီဥက္ကဋ္ဌကနေ အရာရာကိုစီမံကွပ်ကဲနေရာချထားနေတာဖြစ်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ(ဗိုလ်)သိန်းစိန်ကို ချီးမွန်းနေရာကနေ လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်း ဘက်ပြောင်းချီးမွန်းတာ ကို လည်းထည့်စဉ်းစားမိပါတယ်။ ဗိုလ်သိန်းစိန် ထက် ဗိုလ်ရွှေမန်းက ပိုပြီးအခရာကျတယ်ဆိုတဲ့အချက်ကို စောစောရိပ်မိသွားပုံရပါတယ်။

ဗိုလ်ရွှေမန်းပြောတာတွေကိုကြည့်လိုက်တော့ ကာလုံအစည်းဝေးအမြန်ခေါ်ပေးရန်၊ လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် ကာလအတွင်း(ကာလုံ) အစည်းအဝေး တစ်ပတ်တစ်ကြိမ်လုပ်ရန်ဖြစ်ပါတယ်။

၁၁ ဦးရှိတဲ့ (ကာလုံ) တန်းစီဇယားအရဆိုရင် ဗိုလ်ရွှေမန်းအထက်မှာ သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦးပဲ ရှိပါတယ်။

ဒါကလည်းဖွဲ့စည်းမှုသဘောအရ ဟန်ပြရုပ်ပြသဘောဖြစ်ပါလိမ့်မယ်။ (ကာလုံ)ရဲ့ တကယ့်အာဏာနဲ့လုပ်ပိုင်ခွင့်က ဗိုလ်ရွှေမန်း လက်ထဲမှာ ရှိနေတာဖြစ်ပါလိမ့်မယ်။ ဇူလိုင်လ ၁ ရက်နေ့ကလုပ်ခဲ့တဲ့ (ကာလုံ)အစည်းအဝေးက ကာချုပ်မပါတဲ့ (ကာလုံ) အစည်းအဝေး ဖြစ်ပါတယ်။ တကယ်တော့ ကာချုပ်ဗိုလ်မင်းအောင်လည်းဟာ ရင်ခွင်ပိုက်ဦးစီးချုပ်ကလေးသာဖြစ်ပါတယ်။ သူလည်းအမတ်ချုပ်ကြီးဖြစ် တဲ့ ဗိုလ်ရွှေမန်း အမိန့်ကိုနာခံရပုံပေါ်ပါတယ်။

ဗိုလ်ရွှေမန်း ထုတ်ဖော်ပြောဆိုချက်တွေက အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေးကိစ္စများဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ မှာ သုံးစွဲနေတဲ့ ငွေရေးကြေးရေးကိစ္စတွေနဲ့ပတ်သက်နေပါတယ်။

ဗိုလ်ရွှေမန်းက သူ့ အာဘော်ကိုအခုလို ဖော်ထုတ်ထားပါတယ်။

“အချို့သောငြိမ်းချမ်းရေးဆွေးနွေးရမည့်ကိစ္စရပ်များတွင် မလိုလားအပ်သောကိစ္စများနှင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင် ကြောင်းကို ပြည်သူများအတွင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အတွင်း တင်ပြလာမှုများရှိပါသည်” တဲ့။

ပြည်သူတွေကဘယ်လိုတင်ပြသလဲ။ မည်သည့်မြို့နယ်ကလွှတ်တော်ကိုယ်စားလှယ် ဘယ်သူက ဘယ်လိုအချက်အလက်တွေ နဲ့ တင်ပြလာသလဲဆိုတာရှင်းပြဖို့လိုအပ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းအနေနဲ့ ဟိုလိုလို ဒီလိုလို ပြောနေမယ့်အစား တည့်တည့်တန်းတန်း ရှင်းရှင်းလင်းလင်းပြောဖို့လို ပါတယ်။ သမ္မတလုပ်ချင်တယ်လို့ပြောသလို မျိုး ရှင်းရှင်းဘွင်းဘွင်းပြောစေချင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ။ အထူးသဖြင့် ဒီမိုကရေစီအရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလိုလားတဲ့ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူများကိုယ်စား မေးခွန်းထုတ်ကြဖို့လိုပါတယ်။ ဆန်းစစ်ဝေဖန်ကြဖို့နဲ့ သဘောထားအမြင်တွေထုတ်ဖော်ပြောဆိုကြဖို့လိုပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးကိစ္စတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီက ကြိုးကိုင်စီမံနေတာပဲဖြစ် ပါတယ်။ အဲဒီ ဗဟိုကော်မတီ (၁၁) ဦး ထဲမှာ ဗိုလ်ရွှေမန်းလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။

အဲဒီ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီရဲ့အောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီရှိပါတယ်။ ဗိုလ်အောင်မင်းဟာ လုပ်ငန်းကော်မတီထဲမှ ဒုတိယဥက္ကဋ္ဌများ အနက်တစ်ဦးသာလျှင်ဖြစ်ပါတယ်။

ဗိုလ်အောင်မင်းနဲ့ သူ့နောက်တော်ပါ (MPC)ရုံးက ရုံးလုလင်တွေဟာလည်း တစ်ချိန်က ဒီမိုကရေစီရေးအော်ခဲ့သူတွေ၊ (ABSDF) မှာ ဗဟိုကော်မတီဝင်ဖြစ်ခဲ့ဖူးသူတွေဖြစ်တယ်။ (MPC)ရုံးဆိုတာလည်း နိုင်ငံခြားဒိုနာတွေရဲ့ ပရိုပိုဆယ်ငွေနဲ့ဖွင့်ထားတာပဲ။

ဒါကြောင့်ဦးအောင်မင်းပဲဖြစ်ဖြစ်၊(MPC)ပဲ ဖြစ်ဖြစ်၊ (MPC)က ရုံးလုလင်တွေပဲဖြစ်ဖြစ် ဗဟိုကော်မတီက ညွန်ကြားတာ/ခိုင်းတာ လုပ်ရတာပဲ။ သူတို့သဘောနဲ့သူတို့ ထွင်ပြီးပြောလို့၊လုပ်လို့ရတာမဟုတ်ပါဘူး။ မဆိုင်တာပြောမိ/ လုပ်မိတာနဲ့အလုပ်က ပြုတ်သွားမှာပေါ့။ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တွေ့တဲ့အခါ ဗိုလ်အောင်မင်း မင်္ဂလာယူနေတာတွေ၊ ဗိုလ်အောင်မင်းရဲ့အာလူး တွေကို ဗိုလ်ရွှေမန်း ဘဝင်မကျလေသလား။

သို့မဟုတ် သမ္မတဦးသိန်းစိန်၊ ဗိုလ်အောင်မင်းတို့ လေပစ်နေကြတဲ့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီ ချက် ( Nationwide Ceasefire Accord ) ကိစ္စ” ကို ဗိုလ်ရွှေမန်း မလိုလားလေသလား။

ဦးအောင်မင်းကလွှတ်တော်မှာတင်ပြခဲ့တဲ့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်” ကိစ္စကို သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ လစဉ်ရေဒီယိုမိန့်ခွန်းမှာ ထည့်မပြောသွားတာကလည်း စဉ်းစားစရာပါ။

ဒါ့အပြင် လတ်တလောပေါ်ပေါက်လာတဲ့ (UWSP) စစ်ရေးတင်းမာလာမှုကလည်း “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်” မပြုလုပ်နိုင်ရေးအတွက် ချိန်ကိုက်ဖော်ထုတ်လာတဲ့ အဖုအထစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်။

ဒီအဖုအထစ်ကိုဖန်တီးဖော်ထုတ်လာသူဟာစစ်တပ်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ (ကာလုံ) အစည်းအဝေးမှာပြောတဲ့ ဗိုလ်ရွှေမန်း အလိုမကျမှု ဘယ်အတိုင်းအတာထိ ဆက်စပ်နေသလဲ။

http://moemaka.com/archives/36143

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.