07/11/13

Generation Wave ရဲ့ အတွင်းရေးမှုး ကိုဝေဖြိုး(ခ) ဂလိကို သူတည်းခိုနေရာ ဟိုတယ်မှာ ပြည်မြို့အမှတ်(၁)ရဲစခန်းမှ စခန်းမှုးဦးအောင်လင်းက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးရခြင်းအကြောင်းရင်းက ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက Generation Wave ကပြုလပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှုကို ဦးဆောင်စီစဉ်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလှုပ်ရှားမှုမှာ ကိုဝေဖြိုး(ခ)ဂလိနဲ့အတူပါဝင်ခဲ့တဲ့ GW အဖွဲ့ဝင်၂ဦးတို့အဖမ်းခံခဲ့ရပြီး ကိုဝေဖြိုး(ခ)ကတော့ လွတ်မြောက်နေခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ပြန်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဝင်နှစ်ဦးကိုလည်း ပြည်အကျဉ်းထောင်မှာ ၇ လနီးပါးချုပ်နှောင်ထားခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီလ မှာ ထောင်ဒဏ် ၃လ (သို့မဟုတ်) ဒဏ်ငွေ ၃သောင်းချမှတ်ခဲ့ပါတယ်။

ယခု ကိုဝေဖြိုး(ခ)ဂလိကို ဖမ်းဆီးမှုဟာ အဲ့ဒီနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် ဖမ်းဆီးတာဖြစ်ပြီး၊ လက်ရှိပြည်မြို့တရားရုံး အချုပ်ခန်းမှာ ချုပ်နှောင်ခံထားရပါတယ်။ ပုံနှိပ်ဥပဒေ ပုဒ်မ ၁၇နဲ့တရားစွဲဆိုထားပြီး အာမခံမရနိုင်ဘူးလို့ သိရပါတယ်။ Generation Wave အနေနဲ့ ကိုဝေဖြိုး(ခ)ဂလိအပါအ၀င် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မိုဃ်းသွေး

Time မဂ္ဂဇင်း ရဲ့  မျက်နှာဖုံး ဆောင်းပါးတွေက ကမ္ဘာကျော်ပါတယ်။ လူပုဂ္ဂိုလ်တွေရဲ portrait အပြည့်ကိုမျက်နှာဖုံးတင်ပြီး သူတို့ ရဲ့ ဘ၀ ၊ သူတို့ ရဲ့  အတွေးအခေါ်တွေကို နာမည်ကျော် စာရေးဆရာတွေက cover storyအဖြစ် အမြင်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ ရေးသားဖွဲ့ ဆို ကြတာပါ။ စာပေအဆင့်အတန်း တစ်ခုမှာ လည်း ရှိနေတတ်တာမျိုးပါ။ နယ်ပယ်အစုံက ထင်ရှားကျော်ကြားသူအများအပြားကို cover story အဖြစ်ရေးဖွဲ့ ခဲ့ရာမှာ အကြောင်းအမျိုးမျိုးနဲ့ ထင်ရှားကြောက်ကြားတဲ့သူတွေ ပါခဲ့ပါတယ်။ အိုစမာဘင်လာဒင် လို၊ ကဒါဖီ လို လူတွေလည်း ပါခဲ့ပါတယ်။

အမေရိကန်ကထုတ်တဲ့မဂ္ဂဇင်းမို့ ဆိုပြီး အမေရိကန်သမ္မတကိုလည်း ဘေးမဲ့ပေးထားတာမျိုးတော့ မဟုတ်ပါဘူး။မှတ်မှတ်ရရ အိုဘားမားက လိင်တူဥပဒေကို သဘောတူလက်မှတ်ရေးထိုးလိုက်တဲ့အခါ Time ကတင်ခဲ့တဲ့ မျက်နှာဖုံးကGay President ဆိုပြီး အိုဘားမားရဲ့  portrait အပြည့်နဲ့ ပါ။ Time ၏ မျက်နှာဖုံးပေါ်မှာ အချို့ လည်း သေဆုံးပြီးမှရောက်ရှိလာခဲ့ကြပြီး၊ အချို့ ကတော့ ရှင်သန်နေကြဆဲမှာပဲ ရုပ်ပုံလွှာတွေအဖြစ် အကြိမ်ကြိမ် ဖွဲ့ နွဲ့  ခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံနဲ့  ပတ်သက်လို့ လည်း Time က လျစ်လျူမရှုခဲ့ပါဘူး။ မြန်မာအကြောင်းကို cover story အဖြစ် ရှုထောင့်မျိုးစုံကနေ အကြိမ်ကြိမ်ရေးဖွဲ့ ခဲ့တာပါ။

Burma's Long March ..... မြန်မာရဲ့ခရီးရှည်ချီတက်ပွဲ ဆိုပြီး လူငယ်ဗိုလ်လောင်းတစ်ယောက်ရဲ့  ပုံနဲ့ How the junta is grooming a new generation to perpetuate its hold on power အာဏာကိုကြိုးကိုင်ထားနိုင်အောင် စစ်အစိုးရကသူရဲ့မျိုးဆက်သစ်ကို ဘယ်လိုအမွှေး အရောင်ပြောင်အောင် ဖြီးသင်ပေးမှာလဲ..လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

Proujin For Barma ..... မြန်မာနိုင်ငံအတွက် ဆုတောင်း ဆိုပြီး အဖြူရောင် cover ပေါ်မှာ လက်အုပ်ချီဆုတောင်းနေတဲ့ဘုန်းကြီးများပုံနဲ့  Monks lead protets against abnuted regine that replies with an iron first. But the wold is watchingသံဃာတွေဦးဆောင်တဲ့ ဆန့်ကျင်ပွဲတွေကို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရက သံလက်သီးနှင့်တုန့်ပြန်တယ်။ ဒါပေမဲ့ ကမ္ဘာကတော့ စောင့်ကြည့်နေရုံပါပဲ....လို့  ပြောပြခဲ့ပါတယ်။

Child Warriors ..... ကလေးစစ်သည်များ ဆိုပြီး ကလေးစစ်သားတစ်ယောက်ရဲ့ ပုံနဲ့  Barma's Tin Hle is only13 years old. In war zones around the world, kids like him are fighting¬— and dyingမြန်မာပြည်က ထင်လေးဟာ ၁၃ နှစ်ပဲရှိပါသေးတယ်။ ကမ္ဘာ့နေရာအနှံ့က စစ်မြေပြင် တွေမှာ သူ့လိုပဲ ကလေးသူငယ်တွေဟာ စစ်တိုက်နေ-သေကျေပျက်စီးနေကြပါတယ်.......လို့  ကမ္ဘာကို လှစ်ဟပြခဲ့ပါတယ်။

The Fighter ....... တိုက်ခိုက်ရေးသမား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ငယ်နုစဉ်ကပုံရိပ်အသွင်နဲ့ Burma's ASSK is a beacon of freedom in a country without it ဒေါ်စုဟာ နိုင်ငံတစ်ခုအတွက် လွတ်မြောက်ခြင်းရဲ့မီးသျူးတန်ဆောင်၊ သူမရှိလို့ကတော့........ဆိုပြီး ဒေါ်စုရဲ့  တန်ဖိုးကို ဖော်ပြခဲ့ဖူးပါတယ်။

Burma Unbound ....နှောင်ကြိုးက လွတ်တဲ့မြန်မာ ဆိုပြီး သမ္မတဦးသိန်းစိန်ရဲ့  ပုံနဲ့  Presendent UTS is trying to trous form a military state into a thriuing democracy. Can be succeed and will Burma's Geuseral let him?သမတကြီးဦးသိန်းစိန်ကတော့ စစ်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံကနေအောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူအောင်မြင်နိုင်ပါ့မလား။ မြန်မာဗိုလ်ချုပ်တွေကရော သူ့ကိုခွင့်ပြုပါ့မလား လို့  ဒီမိုကရေစီအစိုးရအသစ်ဆိုတာရဲ့  ခေါင်းဆောင်ကို မေးခွန်းထုတ်ပြခဲ့ပါတယ်။

Bewave of pied pipe...... မြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဦးနု ဆိုပြီး ဦးနုပုံပန်းချီနဲ့  Bewave of pied piper မှော်ပလွေဆရာကိုသတိထား .....ဆိုပြီး မျက်နှာဖုံးတင်ခဲ့တာပါပဲ။

Young Burma .......နုနယ်တဲ့မြန်မာ ဆိုပြီး Rapper လူငယ်များပုံနဲ့ There may be little sign of political change, but a quiet resolution is under wayနိုင်ငံရေးပြောင်းလဲတဲ့လက္ခဏာပါးပါးလေးရှိကောင်းရှိနိုင်ပေမဲ့ တိတ်ဆိတ်တဲ့တော်လှန်ရေးကတော့ ဆက်ရှိနေမှာပါ လို့  မြန်မာ့လူ့ ဘောင်အတွင်းက လူငယ်တွေရဲ့  နိုင်ငံရေးအမြင်ကို အကဲဖြတ်ပြခဲ့ပါတယ်။

The Lady Returns .......သူ ပြန်လာပြီ ဆိုပြီး ဒေါ်စုရဲ့  ပုံနဲ့ လည်းBut ASSK now has to become more tham an icon of democracyအခုတော့ ဒေါ်စုဟာ သေးငယ်တဲ့ဒီမိုကရေစီပုံရိပ်တစ်ခုထက်သာလွန်တဲ့ အနေအထားကို ရောက်ဖို့လိုအပ်နေပြီ လို့ ထောက်ပြခဲ့တာပါ။

Asian Jouney ..... အာရှခရီးစဉ် ဆိုပြီး ဦးပိန်တံတားပေါ်သံဃာတော်တစ်ပါး လျှောက်လှမ်းနေပုံနဲ့ In Seanch for Panadise ...နိဗ္ဗာန်ရှာပုံတော် လို့ လည်း ဗုဒ္ဓဘာသာရဲ့  ငြိမ်းအေးရာခရီးကို သရုပ်ဖော်ပြခဲ့ဖူးပါတယ်။

Bankrolling Burma ..... ငွေကြေးထောက်ပံ့မှုတွေရနေတဲ့မြန်မာ ဆိုပြီးတော့လည်း မြန်မာဗိုလ်ချုပ်ကြီးများပုံနဲ့ A flood of investments by Asian Companies is helping a vicious molitary regine cling to power. Is democracy now a vanishing dreamအာရှကုမ္ပဏီတွေရဲ့ များပြားလွန်းလှတဲ့စစ်အစိုးရအာဏာကို တွယ်ကပ်နေနိုင်အောင် အကူအညီပေးနေတယ်။ အခုတော့ ဒီမိုကရေစီဆိုတာ ပျောက်ကွယ်စပြုနေပြီ ဖြစ်တဲ့အိမ်မက်တစ်ခုဖြစ်နေပြီလား လို့  ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေကြေးအလှည့်အပတ်တွေကို ဖော်ပြခဲ့ဖူးတာပါပဲ။

Burmese Days...... မြန်မာတွေရဲ့နေ့ရက်တွေ ဆိုပြီး ကွန်မန်ဒိုလည်စည်းအနီနဲ့  မြန်မာစစ်သား တစ်ဦးရဲ့ လက်နက်ကိုင် ပြေးလွှားနေတဲ့ပုံနဲ့ ရုပ်ပုံကို ဖော်ပြပြီးA people's upsising is brutally put down on the streets of Rangom. But is the resolution truely over? An eyewitness account of a week that shook a nation – and the world ပြည်သူတွေရဲ့အုံကြွမှုတစ်ခု ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာရက်ရက်စက်စက် ခြေမှုန်းခံလိုက်ရတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးဟာအမှန်တကယ်ပဲ အဆုံးသတ်သွားပြီ လား။ ကမ္ဘာနဲ့မြန်မာကို ကိုင်လှုပ်လိုက်တဲ့မျက်ဝါးထင်ထင် တစ်ပတ်အတွင်း သတင်းတစ်ပုဒ် ဆိုပြီး မျက်နှာဖုံးတင်ပြပေးခဲ့တာပါ။

Will She Rule? ....... သူအုပ်ချုပ်ရမှာလား ဆိုပြီး ဒေါ်စုရဲ့  ရုပ်သွင်ကို ဖော်ပြပြီuးnder deution and forbidden to campaing, Burma's ASSR win a stunning victoryအထိန်းသိမ်းခံဘဝနဲ့အဖွဲ့ချုပ်ကို သွားဖို့ပိတ်ပင်ခံထားရတဲ့ကြားထဲက မြန်မာနိုင်ငံရဲ့ ဒေါ်စုကတော့တုန်လှုပ်ခြောက်ခြားလောက်အောင် အောင်မြင်မှုတစ်ခုရခဲ့ပါတယ် လို့  မြန်မာ့အတိုက်အခံခေါင်းဆောင်ရဲ့  သတ္တိကို ချီးမြှောက်ပြခဲ့ပါတယ်။

The face of Buddhist Terror ....... ဗုဒ္ဓဘာသာဝင်လူကြမ်းရဲ့မျက်နှာစာ ဆိုပြီးတော့How Militant Mouks Are FuelingAnti – Muslim Violence In Asiaအာရှအကြမ်းဖက်မှုကို လိုလားတဲ့ဘုန်းကြီးတွေက မွန်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို ဘယ်လိုသွေးထိုးမြောက်ပင့်ပေးနေကြသလဲ ...လို့  မေးခွန်းထုတ်ခဲ့တာပါ။

ကျွန်တော့်အမြင်ကတော့ Time က သူ့ အလုပ်ကိုသူလုပ်တာပါ။ ကမ္ဘာကျော်စာနယ်ဇင်းတစ်ခုက သူ့ အမြင်ကိုသူယုံကြည်ရာအတိုင်းရေးဖွဲ့ ခဲ့တာပါ။ သူတို့ က ကောင်းတယ် ဆိုးတယ် သုံးသပ်တာထက် ၊ သူတို့ တွေရဲ့  မေးမြန်းတွေ့ ဆုံမှုတွေအရ ၊ လေ့လာစူးစမ်းမှုတွေအရ ဒါတွေကတော့ ဒီလို ရှိနေပါတယ်လို့  လွတ်လပ်တဲ့ စာနယ်ဇင်းအလုပ်ကိုပဲ သူတို့ ယုံကြည်ရာကို လုပ်ခဲ့တာပါ။

မြန်မာကို ကောင်းတာရေးပေးရင်တော့ မိတ်ဆွေ။ ကိုယ့်အကြိုက်ကို မလိုက်ရင်တော့ ရန်သူ ဆိုတာမျိုး စာနယ်ဇင်းကိုသတ်မှတ်လို့ တော့ ရမှာ မဟုတ်ပါဘူး။ သူတို့  မြင်တာကို မြင်တဲ့အတိုင်း၊ သူတို့ သိတာကို သိတဲ့အတိုင်း၊ သူတို့ တွေ့ တာကိုတွေ့ တဲ့အတိုင်းရေးသားဖော်ပြကြမှာပါ။

တစ်နည်းအားဖြင့်ပြောရရင်တော့လည်း ဘယ်သူမပြုမိမိမှုတွေပါ။ Time ကတင် ဒီလို ထင်တာမှမဟုတ်တာ။ မြန်မာပြည်က အသိညဏ်ရှိပြီး မှန်မှန်ကန်ကန် မြင်တတ်၊ သုံးသပ်တတ်တဲ့ ဘယ်မြန်မာ မဆို ဒီလိုပဲ မြင်မိပါလိမ့်မယ်။ Hate speech တွေကိုတရားအဖြစ် စတင်ကြားနေရကတည်းက ဘာသာရေးဟာ အသုံးချခံလိုက်ရနေပြီ။ ဘာသာတရားဟာ လမ်းအလွှဲခံနေကြရပြီ ဆိုတာကို မြင်တွေ့ ကြားသိနေကြရတာပါ။

မြန်မာတွေက သွေးဆူလွယ်တယ်။ ဘာသာရေးအကဲဆတ်တယ် ။ နိုင်ငံရေးလှည့်ကွက်အဖြစ် အာဏာရှင်အဆက်ဆက်ရေလဲနဲ့ သုံးခဲ့တဲ့ လက်စွဲတော် ဆေးကြီးတစ်ပါး ဖြစ်တယ်။ Hate speech တွေနဲ့  ဂဏန်းတွေ ပျံ့ နှံ့ စပြုစဉ်အခါကတည်းကကျွန်တော်အပါအ၀င် အတော်များများက ဒါကတော့ ဘယ်ကို ဦးတည်နေပါတယ်လို့  ထောက်ပြခဲ့ကြပေမယ့်လည်း အများညီတဲ့ ဒဏ်ကိုတော့ မတွန်းလှန်နိုင်ခဲ့ကြပါဘူး။

အံ့သြစရာကောင်းတာက အခုထိကို သွေးထိုးလှုံ့ ဆော်မှုက မရပ်တန့် သေးတာပါ။ လမ်းဘေးက လိင်တူစုံမက်သူတွေကိုတောင် အမိအရ ဖမ်းတတ်တဲ့ တိုင်းပြည်မှာ ဘယ်အကြောင်းကြောင့်ရယ်တော့ မသိရပါပဲ အမုန်းစကားလှုံ့ ဆော်နေသူကြီးဟာ အခုအချိန်ထိ ကောလဟာလများစွာကို လွတ်လပ်စွာ ဖန်တီးခွင့် ရနေဆဲပါ။

သူ့ တစ်ဦးတည်းအပေါ်မှာ မထောက်ခံခဲ့ကြတဲ့ သံဃာအများစု သွေးစည်းညီညွတ်စွာ သူ့ ရဲ့  အမျိုးစောင့် ဥပဒေ ဆိုတာကြီးကို တညီတညွတ် ထောက်ခံခဲ့ကြတာဟာ Time မဂ္ဂဇင်းရဲ့  မျက်နှာဖုံးဆောင်းပါးက အများကြီး တွန်းအားပေးသလို ဖြစ်ခဲ့တာပါ။ အမှန်တော့ Time က ဦးဝီရသူကို အင်တာဗျူးတယ်။ မေးတယ် ။ ဖြေတယ်။ အဲဒီနောက်မှ သူတို့ မြင်တာသူတို့  ရေးခဲ့တာပါ။ မြန်မာ့ အကြောင်း ကေ၇ှ့ မှာ ကျွန်တော် ရေးခဲ့သလို ဒီတစ်ပုဒ်ထဲမဟုတ်ပါဘူး။ Time ဟာ အမြဲပဲ သူ့ အမြင်သူ လွတ်လပ်စွာ ရေးလေ့ရှိတာ၊ သူရဲ့  သမ္မတပင်ဖြစ်စေ ဘယ်လို ရေးပြတတ်တာ ဆိုတာတွေကိုသာ နားလည်နိုင်ခဲ့ရင် ဒီလောက်ဒေါသထွက်မယ် မထင်ပါဘူး။ သူတို့ က ဗုဒ္ဓဘာသာကို စော်ကားတာ မဟုတ်ပဲ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်နေတဲ့ဦးဝီရသူရဲ့  Hate speech တွေ အပေါ်မှာသာ အခြေတည်ပြီး သူ့ ကိုသာ Highlight လုပ်ဖော်ပြခဲ့တာပါ။

အခုတော့ အဲဒီလိုနဲ့ ပဲ ကျွန်တော်တို့ ဟာ တိုင်းပြည်က အစစ အရာရာ မဖွံ့ ဖြိုး နိမ့်ကျရတဲ့အထဲ၊ အခုတော့ ရှေ့ ဆက်တိုးတက်ဖို့ နေနေသာသာ ၊ Middle Age အလယ်ခေတ်ဆီကို ပြန်သွားချင်နေကြပြီ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာရေး ဆရာ လက်ယာ အစွန်းရောက်များ ကြီးစိုးအုပ်ချုပ်တဲ့ ၊ အယူဝါဒမတူရင် ရက်ရက်စက်စက် ကွပ်ညပ်ပစ်တဲ့ ခေတ်ဆိုးကြီးဆီကို ဗုဒ္ဓဘာသာဟာ အရောက်သွားဖို့  ပြင်နေခဲ့ရပါပြီ။ ဒါမှမဟုတ်ရင်တော့ လည်း နောက်ကြောင်းပြန်လှည့်ဖို့ အတွက် စစ်တပ်ရဲ့  Campaingn တစ်ခုကို ဦးဝီရသူ ဦးစီးအကောင်အထည်ဖော်ပေးနေ တယ်လို့ ပဲ ရိုးရှင်းစွာ မြင်ပါတယ်။

အဲဒါကတော့ ဦးဝီရသူရဲ့  ရုပ်ပုံလွှာအောက်က ကျွန်တော် မြင်မိတဲ့ အမြင်တွေပါ။ ။

ပြည်ချစ်သူ
10.7.2013
Ref: Mg Yu Py အပင်ပန်းခံပြီး ရှာဖွေစုဆောင်းထားသည့် အချက်အလက်များအား ရေးသား အသုံးပြုခွင့် ပေးသော ဆရာ မောင်ယုပိုင်ကို ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါသည်။


ဇူလိုင်၏မိုးစက်များက မှန်ပြတင်းဝမှ တရကြမ်းပြေးဝင်နေသည်။ ဆွဲဆွဲငင်ငင် အော်ဟစ်နေသည့်ကားများ ...။ ငါးဆယ်တစ် ရာပေးစီး၍ရသည့်ကားများရှိသလို 'အထူး'ဟု သမုတ်ပြီး
မှတ်တမ်းတင်ထားသော ကားကြီးများက ဘယ်ညာယိမ်းထိုးကာ သူ့ထက်ငါအပြိုင်။ သို့သော် သူတို့သည် ပန်းတိုင်မရှိ အောင်မြင်မှု မရှိ။ နေ့စဉ်နှင့်အမျှ ဒရိုင်ဘာ၏ ခြေနှင့် လက်ကသာ အဓိက . . . .။နေ့စဉ်သယ်ဆောင်မှုပြုနေရသော အလုပ် ကို သူတို့လုပ်ကြသည်။ သို့သော် လိုင်းကား၏ ရင်ခွင်ထဲတွင် ဖူးပွင့်စဘဝများ ဓမ္မကိုရင်ဝယ်ပိုက်ပြီး အသက်နှင့် ခန္ဓာကို စွန့်ခွာတော့မည့် ဘဝများရှိသလို အဓမ္မကိုစီးမျောရင်း လိုက်ပါသူများစွာရှိသည်။

ခရီးသည် တိုက်ပွဲ

''ရှင်မိုက်ရိုင်းလှချည်လား။ ရှင့်ညီမဆိုရင် လည်း ဒီလိုလုပ်တာပဲလား'' ရှက်သွေးတို့အစား မျက်နှာကတင်းမာခက်ထန်နေသည်။ မိန်းမပျိုတစ်ယောက်၏ဒေါသက ကားတစ်စီးလုံးမှလိုက် ပါလာသူအားလုံးကို အာရုံစူးစိုက်မှုတစ်ခုအဖြစ် ကံကြမ္မာက ဖန်ဆင်းလိုက်သကဲ့သို့ ....သူမ ဝတ်ဆင်လာသော ပန်းဆီရောင်ဝတ်စုံနှင့် စကတ်တိုက
မျက်ဝန်းတို့နှင့် မလိုက်ဖက်တော့ ''ဟေ့လူ ခင်ဗျားဆင်းသွားတော့ ပါးရိုက်ခံ ရတာတောင်နည်းသေးတယ်''ဟု ၄၈အထူးယာဉ် မှ ယာဉ်အကူက သံတုတ်တစ်ချောင်းကို ထိုင်ခုံ အောက်မှ ဆွဲထုတ်ရင်း ဆောင့်တွန်းရင်း ခပ်မာ မာလေသံဖြင့်ပြောလိုက်သည်။ ခဏ ထိုခဏသည် လိုင်းကားပေါ်မှ တိုက်ပွဲဖြစ်သည်။ ထိုသူသည် ကားပေါ်မှ ဆင်းရုံမှတစ်ပါး
အခြားမရှိ။ ခပ်တည်တည်ဖြင့် 'တောက်' တစ်ချက် ခေါက်သွားသံကြား လိုက်ရသည်။ အထူးကားကြီးသည် ဆူးလေဘက်သို့ တရွေ့ရွေ့ဖြင့်ဆက်လက်ထွက် ခွာပြန်သည်။

ခရီးသည်တို့၏ တစ်ယောက်တစ် ပေါက်ပြောဆိုသံတို့က ဘရိတ်ဖမ်းမရ။

ဟီရိနှင့် သြတ္တပ္ပ

၃၁ဘုံသောလောကတွင် လူ့ပြည်ဟူသည်က ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သော လူနှင့်သက် ရှိ သတ္တဝါများ နေထိုင်သော လောကဘုံကြီးကို သတ္တလောကဟု ညွှန်းဆိုသည်။

သတ္တလောကတွင် လူနှင့် တိရစ္ဆာန်တို့ကို စည်းနှစ်ချောင်းဖြင့်ပိုင်းခြားထား၏။ ဟီရိ(ရှက်ခြင်း)နှင့် သြတ္တပ္ပ (ကြောက်ခြင်း)တို့သည် လူဟူသမျှ၏ ဦးနှောက် နှင့် နှလုံးသားတွင် ကိန်းအောင်လျက်ရှိသည်ဟု လူ ပုဂ္ဂိုလ်အများစုက လက်ဝယ်ထားကြသည်။ တိရစ္ဆာန်သည်အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ မေထုန်မှီဝဲခြင်းဖြင့်သာ မှီတည်ကုန်၏။ ထိုကဲ့ သို့ဆိုရလျှင်
ရှက်ခြင်းနှင့် ကြောက်ခြင်းကို မေ့လျော့ထားသော 'လူ' သည် မည်သို့သော အဓိပ္ပာယ် သက်ရောက်မည်နည်း။

တွေးကြောက်ရသော လက်ဖဝါးများ

ရန်ကုန်မြို့တွင် နေ့စဉ်အလုပ်သွား၊ အလုပ်ပြန်ဘဝနှင့် စားဝတ်နေရေးကို ဖြေရှင်းနေရသူများတွင် အများစုမှာ နေ့စဉ်လိုင်းကားကိုသာ အားပြုရသည်။

နံနက်အလုပ်ချိန်နောက်ကျခြင်းကို ဥပက္ခာပြုနိုင်ရန် သူတို့ဖြစ်သလို သွားလာရသည်။ အထူးကားနှင့် ရိုးရိုးကား မရွေးချင်တော့...။ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း များမှ အမျိုးသမီးအများစုသည်မိမိ၏ တင်ပါး နှင့် ရင်ဘတ်ကို လုံခြုံရန် ထိုင်ခုံရသော ဘတ်စ် ကားကိုသာ ပို၍အားပြုရကြောင်း အသက် ၂ဝ နှင့် ၄ဝကြား အမျိုးသမီးအများစုက
ဆိုကြသည်။

''ကားခပိုက်ဆံပိုကုန်တာကို မတွက်နိုင်တော့ဘူး။ စောစောထပြီး ဂိတ်စကို တစ်ခေါက်စီး။ ထိုင်ခုံရရင်တော့ ဘာမှ တွေးကြောက်စရာမလိုတော့ဘူး'' ဟု အသက် ၂၈ နှစ်အရွယ်ရှိ ရှေ့နေအမျိုးသမီးတစ်ဦးက ဆိုသည်။ သူမသည် မြောက်ဥက္ကလာမှ ဆူးလေမှတ်တိုင်အထိ နေ့စဉ် လိုင်းကားဖြင့်သာသွားလာရကြောင်း ပြောသည်။ဘတ်စ်ကားခရီးသည်များ၏
အတွေ့အကြုံများက များလှသည်။

မမြင်နိုင်သောလက်ချောင်းများသည်သင်ခန်းစာ(သို့မဟုတ်) သတိပေးလိုက်သည့် အသံတစ်ခုကဲ့သို့သာ တေးမှတ်ခဲ့ကြသည်။ ကြုံတွေ့ခဲ့ရသော မိန်းကလေးအများစုသည် ၎င်းတို့၏ အတွေ့အကြုံများကို အနီးစပ်ဆုံးသူမှ လွဲ၍ မပြောပြလို။

''ကျွန်တော့် ကောင်မလေးက ဒဂုံဘက်က နေ မြို့ထဲကိုနေ့တိုင်း ရုံးတက်တယ်။ သူစီးတာက ဘီအမ်ကားပါ။ ရင်ဘတ်က အတွင်းအင်္ကျီကို ပါ ဆောင့်ဆွဲတယ်လို့သူပြောပြတယ်။

ခရီးသည် အချင်းချင်းပါ။ ငိုပြီးကျွန်တော့်ကို ဖုန်းဆက်တာ''ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သော ကိုသက်လင်းက တစ်ဆင့် ပြောသည်။

မတ်တတ်ရပ်စီးနေရသော အထူးကားများ

ယခင်တပ်မတော်အစိုးရ လက်ထက်မှစ၍ အထူးကားများ ပေါ်လာသည်။ ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းက ''လူပိုမတင်ရ'' မှန်ပါသည်။ အတက်အဆင်းပြတင်းဝအထိ လူစီးမရတော့သည့်အခါ ထပ်မတင်တော့၊ ရန်ကုန်တိုင်း ဒေသကြီးတွင်ခရီးသည်တင်ယာဉ်ပေါင်း ၆ဝဝဝ ကျော်ရှိပြီး နေ့စဉ်လိုင်းကားပေါင်း ၄ဝဝဝ ကျော် ပြေးဆွဲလျက်ရှိကြောင်း မထသ၏ စစ်တမ်းများ အရ သိရသည်။ ရန်ကုန်၏ လူဦးရေ ပျမ်းမျှ ၆ သန်း၊ တစ်ရက်လျှင် ဘတ်စ်ကား ခရီးသည် ၂ ဒသမ ၃ သန်း ပုံမှန်သွားလာနေကြောင်း၊ ၎င်း တို့က
ထုတ်ပြန်ထားသည်။အထူးကားတစ်စီးလျှင် ခရီးသည် ၄ဝ ကျော်အထိ ထိုင်ခုံကိုပြုပြင်ကာ ထည့်ထားနိုင်သည်။ သို့သော် မတ်တတ်ရပ် ခရီးသည် မတင်ပါက နေ့တွက်ကြေးမကိုက်ဟု ကားသမားများက ပြောသည်။

အထူးကားပုံပြင်နှင့် လွှတ်တော်အသံ

ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မှခရီးသွားပြည်သူများအတွက် အဲကွန်း ပါသော ခရီးသည်တင်ယာဉ်အသစ်များ မည်သည့်အချိန်တွင် စီးရမည်နည်းဆိုသည့် မေးခွန်းသည် ပြည်သူ့အသံဖြစ်သည်။ ၎င်းအသံကို ဦးသိန်းညွန့်မေးသည်။ ၂ဝ၁၂ ခုနှစ် နှစ်ကုန်တွင် စီးရမည်ဟု
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီး ဦးချန်မောင်က မျှော်လင့်ချက်ပေးခဲ့သည်။ ယင်းမျှော်လင့်ချက်သည် အိပ်ရာဝင်ပုံပြင်မဟုတ်။ လွှတ်တော် အစည်းအဝေးမှတ်တမ်းစာအုပ်တွင် သမိုင်းစာသားအဖြစ် တွေ့ရှိရမည် ဖြစ်သည်။ သို့သော် ယနေ့တိုင် တည်ဆဲဥပဒေနှင့်အညီ ခေါက်တုံ့ခေါက်ပြန် မတ်တတ်ရပ်နေရဆဲ။ ဒူး
တုပ်ထိုင်နေရဆဲ။

ယာဉ်အကူတို့၏ ကာကွယ်မှု

''ကျွန်တော်က မိန်းကလေးတွေ ကားပေါ်တက်လာရင် တစ်ခြမ်းသတ်သတ်ဖြစ်အောင် ကြိုးစားပြီးဆွဲထည့်ပေးတယ်။ ဒါပေမဲ့ လူအရမ်းကျပ်လာရင် အဲဒီပြဿနာဖြစ်တာများတယ်ဟု
ဆူးလေ-မင်္ဂလာဒုံပြေးဆွဲသည့် ၅၁ ယာဉ်လိုင်းမှ ယာဉ်အကူ ကိုကျော်ကျော်က ပြောသည်။ယာဉ်အကူ(စပယ်ယာ)များတွင် အတွေ့ အကြုံများစွာရှိ၏။ ယခင်က စပယ်ယာလက်ဆို လျှင် မိန်းကလေး အများစု ကျောချမ်းရသည်။ ယခုမူ ခရီးသည်အတွင်းမှ ''လက်က'' ပို၍ လက်သံပြောင်ကြောင်း ၎င်းက ပြောသည်။

''မဟာမြိုင်မှတ်တိုင်မှာဆို မှတ်မှတ်ရရပါပဲ။ လူကြီးက အသက် ၅ဝလောက်ရှိပြီ၊ ကုတ်တာက သူ့သမီးအရွယ်၊ ခင်ဗျားဟိုဘက်ရွှေ့၊ ညီမ ဒီဘက်လာ ပြောလိုက်ရတယ်။

လွန်လာရင်တော့ ကျွန်တော်လည်းဒီအတိုင်း ကြည့်မထား ပါဘူး'' ဟု ကိုကျော်ကျော်က ဆိုသည်။ ရန်ကုန်၏ နိစ္စဓူဝမြင်ကွင်းသည် တစ်နေ့ တစ်မျိုးမရိုးရ၊ ရုံးတက် ရုံးဆင်းချိန်တွင် ပို၍ မျက်စိလျှင်ရပြီ။ တဏှာရမ္မက်နှင့် ငွေကြေးရယူ လိုမှုကိုပါ ဝင်ထိန်းပေးရကြောင်း ယာဉ်အကူ တို့က ဖွင့်ဟကြသည်။ သို့သော် ၎င်းတို့တွင် လုပ်ပိုင်ခွင့် ဥပဒေမရှိ။

''ပြဿနာ ခဏခဏဖြစ်တယ်။ လူကျပ်လာလေ ပိုသတိထားရလေပဲ။ ထိန်းမရရင်တော့ ရဲစခန်းကို မောင်းဖို့ တိုင်ပင်ထားတယ်။ အရက် သောက်ထားတယ်ထင်ရင် မတင်တော့ဘူး။

သူ တို့နဲ့က ပိုပြီး ပြဿနာဖြစ်လွယ်တယ်''ဟု ၁ဝ၂ အထူးယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးကဆိုသည်။

''ကားတွေထဲမှာပိုအဖြစ်များတာက ကောက်ရိုး(ရိုးရိုးကား)ပဲ။
အထူးကားတွေမှာလည်း ထိုင်နေရင်းနဲ့ ဟိုပွတ်၊ ဒီပွတ်လုပ်ကြတာ။ တချို့က နေရာရွှေ့တယ်။ ရဲတင်းတဲ့ မိန်းကလေးကတော့ စပယ်ယာကြားအောင် ပြောရဲတယ်။

ကျွန်တော်တို့မသိလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိမှာပါ''ဟု ၂၁၃ အထူးယာဉ် လိုင်းမှ ယာဉ်အကူ ကိုစိုးဝဏ္ဏက ပြောသည်။

ခရီးသည်ကြားက လိင်လုပ်သမ

ပြည်သူအများစုနှင့် နေ့စဉ်လက်တွေ့ကျ ကျ ထိတွေ့ဆက်ဆံသူများသည် ယာဉ်အကူများ ဖြစ်သည်။ အချို့သော မိန်းကလေးများသည် ဘတ်စ်ကားပေါ်မှ အထိအတွေ့ကို ဂရုမစိုက်ဟု ဆိုသည်။ သာမန်အလုပ်သွားအလုပ်ပြန်ကြားတွင် ကာမ၏အငွေ့အသက်ကို ရှူရှိုက်သည့် လူတန်းစား တချို့ရှိကြောင်း ယာဉ်အကူတချို့က ထွက်ဆိုကြသည်။

''တချို့မိန်းကလေးတွေက သိသာတယ်။ အရှေ့အနောက်ထပ်ပြီး ကျပ်နေတာကို မသိဟန်ဆောင်တယ်။ အတန်းအစားကွာတာပေါ့။ ထုတ်ပြောရရင် မကောင်းတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒါမျိုးကျတော့ ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ အားလုံးသိပါတယ်။''

''တချို့ယောက်ျားတွေက တစ်ခါရဖူးတော့ လူမရွေးတော့ဘူး။ ကောင်းတဲ့ မိန်းကလေးတွေကိုရောပြီး သိက္ခာထိခိုက်စေတယ်''ဟု ၁၉၉ ရိုးရိုးယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးက ၎င်း၏ လုပ်သက်အတွင်း တွေ့ကြုံရမှုကို ပြောသည်။

ထိုဖြစ်စဉ်များသည် ယောက်ျား၊ မိန်းမ မကွဲပြားသောသူများနှင့် အုပ်စုဖွဲ့လိုက်ပါသူများ အပြင် တစ်ဦးတစ်ယောက်တည်း
လှုပ်ရှားရုန်းကန်သူများလည်း ရှိကြောင်း သိရသည်။''ကားထဲမှာ လိုအပ်တဲ့သူနဲ့ လိုချင်တဲ့သူက ပြေလည်သွားတာကိုလည်း တွေ့ဖူးတယ်။ တချို့က ကားဆရာနဲ့ စပယ်ယာတွေနဲ့ ညှိနှိုင်းပြီး ဂိတ်ဆုံးကို ဒိုးကြတာဗျာ''ဟု တာမွေမှ သီရိမင်္ဂလာဈေးသို့ ညပိုင်းပြေးဆွဲသော ဒိုင်နာယာဉ်အကူတစ်ဦးက ပြောသည်။

ပြဿနာ အဖြေရှာရန်လိုသည်

ယနေ့ လိုင်းကားဖြင့်သွားသည်။ မနက်ဖြန် တွင်လည်း လိုင်းကားကိုသာ ဦးတည်နေရသည့် ဘဝများသည်နေ့စဉ်နှင့်အမျှ ရှောင်လွှဲမရ ပြည် တွင်းပို့ဆောင်ရေးနှင့် အခြားသော တိုးတက်မှု များသည် ဥပဒေ၊ အုပ်ချုပ်သည့် အစိုးရ၏ ရေ ရှည်စနစ်ပေါ်သာမူ တည်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမင်းသူက သုံးသပ်သည်။

''သူ့နှမ ကိုယ့်နှမ စာနာဖို့တော့လိုတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့လည်း အများ ကြီးဆိုင်တယ်။ ဒါဟာ ရေရှည်စီမံချက်တွေရဲ့ Side Effect တွေပဲ။ ခရီးသည်တင် အထူးကား ဆိုတာမှာ သူ့ထိုင်ခုံနဲ့သူလိုက်စီးရရင် ဒီလိုမျိုး ဖြစ်လာစရာအကြောင်းမရှိဘူး။ အားလုံးကိုအစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပေမယ့် ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိတယ်''ဟု ၎င်းက သူ၏ အမြင်ကို ပြောသည်။

လူဟူသည် မိန်းမ၊ ယောက်ျားမရွေး အရှက်အကြောက်တရားရှိဖို့ရန် ဗုဒ္ဓ၏ စာပေကျမ်းဂန်များက ဆုံးမသွန်သင်ထားသည်။ လူမျိုးခြား၊ ဘာသာခြားတို့၏ ကိုးကွယ်ယုံကြည်သည့် ဘာသာတိုင်းတွင်လည်း ဟီရိ (ရှက်ခြင်း) နှင့် သြတ္တပ(ကြောက်ခြင်း)ကဲ့သို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်များ အကျယ်တဝင့်ရှိမည်မှာမလွဲ။ ဗုဒ္ဓဘာသာဝင်များကြားတွင် အမိယုတ်ပါက
နှုတ်အမူအရာကြမ်းပြီး၊ အဖယုတ်ပါက ကိုယ်လက် အမူအရာ ကြမ်းသည်ဟု ဆိုရိုးစကားရှိသည်။

ယခုမူ လိုင်းကားပေါ်မှ လက်ယုတ်ခြင်း၊ ကိုယ်အမူအရာ ကြမ်းတမ်းခြင်းသည် ကျူးလွန်သူ၏ တဏှာနှင့်ရာဂတို့မှ မွေးထုတ်ပေး လိုက်သော စိတ်ကြောင့်ဖြစ်မည်ထင်၏။ လူနှင့်တိရစ္ဆာန်အ ကြား ခြားထားသည့်စည်း တစတစ ပိုမိုပါးလွှာလာသည်နှင့် အမျှ
မကြားဝံ့မနာသာ အမှုအခင်းများ၊ မပွင့်မီကြွေရရှာသော ပန်းများနှင့် အသားစားမုဆိုးများ၏ ပရိယာယ်မျိုးစုံအောက် အ မှောင်ကို ကွယ်၍ မကြာခဏ ရေတိမ်နစ်ရရှာသော ဘဝများစွာ၏ မလုံခြုံမှုများက ဤနေရာ တွင်ပါ အဆီးအတားမဲ့ ကျူးကျော်လာနေပြီဆိုပါက လိုင်းကားပေါ်မှ မျက်ရည်စက်များသည် ဆက်လက် စိုမြဲ စိုနေဦးမည်သာ ဖြစ်သည်။

အောင်ထက် (NYK)

Popular Myanmar News Journal

စီချွမ်၊ ဇူလိုင် ၉

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဒိုဖူ ဒေသတွင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက စုပေါင်း၍ ဆုတောင်းခြင်း၊ အမွှေးတိုင်များ ထွန်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ခွဲထွက်ရေး လှုပ်ရှားမှု ပြည်ပြေး ခေါင်းဆောင်ဖြစ်သူ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်ပွဲအဖြစ် စီချွမ်ပြည်နယ် ဒိုဖူဒေသရှိ တောင်ပေါ်နေရာ တစ်ခုတွင် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက စုဝေး၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲ ပြုလုပ်သူများကို တရုတ်ရဲက သေနတ်၊ မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရုတ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်း တွင် သေနတ်ထိမှန်ခဲ့ကြောင်း တိဘက်အရေး အပြည်ပြည်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ (International Campaign for Tibet) က သတင်း ထုတ်ပြန်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘေဂျင်း အစိုးရအနေနှင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိပေ။

ထို့ပြင် ဘီဘီစီ သတင်းဌာနက စီချွမ်ပြည်နယ် ဒိုဖူ ဒေသ အာဏာပိုင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

တရုတ် အစိုးရက ပြည်ပ ဂျာနယ်လစ်များကို တရုတ်ပြည်တွင်း ဝင်ခွင့်ကို တင်းကျပ်ထားရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အတည်ပြုရန်အတွက် အခက်အခဲရှိကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ပြည်ပြေး သတင်းဌာန တစ်ခုဖြစ်သော Phayul တွင် ဖော်ပြ ထားချက်အရ အဆိုပါ ဆုတောင်းပွဲကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ် ခဲ့ခြင်းကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်းကို ထိမှန်ခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း၊ နောက်ထပ် လူ လေးဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ရဲတွေက ကား ပြတင်းပေါက်တွေ၊ တံခါးတွေကို ရိုက်ခွဲပြီးတော့ အဲဒီမှာ စုဝေး ဆုတောင်းနေကြတဲ့ တိဘက်တွေကို စရိုက်တာပါပဲ။ နောက် ပြီးတော့ သေနတ်နဲ့ ပစ်ပြီး လူစုခွဲခဲ့တာပါ” ဟု ဒေသခံ တစ်ဦးက လွတ်လပ်သော အာရှအသံ သတင်းဌာနကို ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ တစ်ဦးမှာ ၂၀၁၁ ခုနှစ်က မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သည့် သီလရှင် တစ်ပါးနှင့် မောင်နှမ တော်စပ်သူ တစ်ဦးဖြစ်ကြောင်း Phayul သတင်းတွင် ဖော်ပြထားသည်။

တိဘက်ဒေသကို တရုတ် အစိုးရက အုပ်ချုပ်နေခြင်းကို ဆန့်ကျင်သည့် အနေနှင့် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့သူ အရေအတွက်မှာ လူဦးရေ ၁၁၀ ထိ ရှိသွားပြီ ဖြစ်သည်။

၎င်းတို့ထဲမှ အများစုမှာ တိဘက် ရဟန်းတော်များနှင့် သီလရှင်များ ဖြစ်ကြ သည်။

ယင်းကဲ့သို့ မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမှုများမှာ တိဘက် ပြည်သားများ အများအပြားရှိသည့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အဖြစ်များသည်။

တရုတ် အစိုးရက တိဘက်အရေး လှုပ်ရှားသူ ဒလိုင်းလားမားအတွက် ဝတ်ပြု ဆုတောင်းပွဲများ ကျင်းပခြင်းကို ထိန်းချုပ်ထားခြင်းအပေါ် လျှော့ပေါ့ပေး လိုက်သည်ဟူသော သတင်းကို တရုတ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် လ နှောင်းပိုင်းက ပယ်ချခဲ့သည်။

ယခု ဝတ်ပြု ဆုတောင်းပွဲသည် တရုတ် အစိုးရက ဒလိုင်းလားမားနှင့် ပတ်သက်သော ဆုတောင်းပွဲများ အပေါ် ထိန်းချုပ်မှုများကို ဖြေလျှော့ပေး လိုက်ပြီဟူသော သတင်း ထွက်ပေါ်လာပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


ဒီအတောအတွင်း သတင်းတွေတယ်စုံသကိုးဗျာ။ ကြားရကြားရ နားဝ မသက်သာ ဆိုတာမျိုးတွေလည်းပါရဲ့။ နားဝသကာလောင်း ဆိုတာမျိုးတွေလည်းပါရဲ့။ နားဝ ကြက်မွေးကျပ်ဆိုတာ မျိုး လည်း ပါရဲ့။ (အပိာ အပိာ ယားကျိကျိပါလားဗျို့ ဆိုတာမျိုးပေါ့လေ။)

အမျိုးသားလွှတ်တော်မှာ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးတယ်။ ဥက္ကဌကြီးက စာပိုဒ်အလိုက် အမတ်မင်းတွေ သဘောတူ-မတူမေးတယ်။ တစ်မတ်သားအမတ်များ (အဲမွှားလို့ ဘွာ ဘွာ ) တပ်သားအမတ်များက တေမိဇာတ်ခင်း ပာင့်အင်းမလုပ်၊ အင်းမလုပ် နှုတ်ပိတ်နေသတဲ့။ အဲဒီလို တပ်အမတ်တွေ ပါးစပ်ပိတ်နေတာကို ဥက္ကဌက မာန်မဲလိုက်သတဲ့။ ဒီလို အစုလိုက်မေးတာ မဖြေရင် လွှတ်တော်ထဲက အစုလိုက် မောင်းထုတ်မယ်တဲ့။

စကားလုံးတွေကတော့ အပ်ကျမတ်ကျ မပာုတ်ဘူးပေါ့။ ဥက္ကဌကြီးက ထန်ထန်ခြောက်ခြောက် မာန်ကာငေါက်လိုက်တာကတော့ အသံလွှင့်မီဒီယာတွေမှာ အတိုင်းသား ကြားလိုက်ရသပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော်နာယကကြီးရဲ့ နာယကအသိဥာဏ်ကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ပဲ ကျုပ်ကတော့မှတ်ယူသဗျာ။ ပါဠိလိုတော့ ပရိသညူလို့ ဆိုသပေါ့။ ပရိသတ်ရဲ့ စိတ်ထားကိုသိခြင်းအသိဥာဏ်ပေါ့ဗျာ။

နာယကကြီးက ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ စာရေးပို့ထားတဲ့ ပီအာ (အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်) ကိစ္စ လွှတ်တော်မှာ ဆွေးနွေးရေးကိုလည်း ပယ်ချလိုက်သဗျ။ စည်းမရှိ ကမ်းမရှိ ဘာလာလုပ်တာလဲလို့ (ကျုပ်တို့ အရပ်ထဲမှာ ပြောသလိုမျိုး) ပြောလိုက်တာဗျ။ လွှတ်တော်မှာ ဆွေး နွေးချင်ရင် အမတ်ကတင်ရမှာလေဗျာ။ နာယကကြီးငေါက်တာ နည်းတောင်နည်းသေး။ ကော်မရှင် ဥက္ကဌနှယ် ဒီလောက်တောင် မသိသား ဆိုးဝါးရသလားဗျာ။ အံ့ရော။

အရေးထဲ ပာတ်ချိုးဆိတ်ဖွားကိစ္စကလည်း လာချည်သေး ပါချည်သေးသဗျ။ အဲဒီကိစ္စက ဒီလိုဗျ။ ဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်ကို ဇွတ်အော်ပြီး ကချွတ်ကချော် ရေးလား ဘာလား သေ ချာ မသိပါဘူး။ လွှတ်တော်သိက္ခာ ထိပါးတယ်ဆိုပြီး ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဆိုတာကြီး ဖွဲ့ပါကရောလား။ လူတွေခေါ်စစ်ပေါ့လေ။ ငွေကုန်လူပန်း နောက်ဆုံးစခန်းသတ်တော့ ပာတ်ချိုးသံကြီး နားညည်းအောင်ကြားရတာပဲ အဖတ်တင်တယ်။ ဆိတ်ဖွားကိုတော့ အမွေးတောင်ဆွဲမပြနိုင်ရှာကြဘူး။

ဘာရမလဲ။ လွှတ်တော်ကတော့ အခြိမ်းအခြောက်ကလေးနဲ့ အပိာန်းအပောာက်ကလေးတော့ စတိလုပ်လိုက်သေးတာပေါ့။ နောက် ဒါမျိုးမရေးနဲ့။ သတိပေးပါရဲ့နော်။ ဒါပဲတဲ့။ (ဘယ်သူမှန်း မသိသူ ကို ဘာလုပ်မယ်မှန်းမသိတဲ့ဝမ်တိန်မျိုး ပေးလိုက်သေးသဗျ။ ပျော်စရာကြီးနော်။)

အဲ. . . အဲ ပြောရဦးမယ်။ ဆိတ်ဖွားကိစ္စမှာ သတင်းသမားတို့ မှတ်သားစရာလေးတွေကလည်း တစ်နွယ်ငင်တစ်စင်ပါ တရွတ်တန်းလန်းကြီးပါ ဖြစ်ရသေးသဗျ။

ဒေါက်တာဆိတ်ဖွား ဆောင်းပါးတွေကို အင်တာနက်ကတစ်ဆင့်ယူပြီး ဂျာနယ်မှာထည့်ခဲ့တဲ့ အယ်ဒီတာကိစ္စဗျ။ စုံစမ်းရေးကော်မရှင်က အယ်ဒီတာကိုမေးတယ်။ ဆိတ်ဖွားဘယ်သူလဲ။ အယ်ဒီတာကဖြေတယ်။ စာနယ်ဇင်းကျင့်ဝတ်အရ မပြောနိုင်ဘူး။

ပြစ်မှုမြောက်တဲ့ ဆောင်းပါးမျိုးရေးသားသူကိုမဖော်ထုတ်ခြင်းဟာ ဥပဒေနဲ့ငြိစွန်းတယ်တဲ့။ အယ်ဒီတာမှာ ကျင့်ဝတ်ရှိသင့်တာ မှန်တယ်တဲ့။ ဒါပေမဲ့ ကျင့်ဝတ်နဲ့ ဥပဒေမတူညီဘူးတဲ့။ ဥပဒေချိုးဖောက်သူကို အကာအကွယ်ပေးလို့ မရဘူးတဲ့။ သဘောထား ချမှတ်လိုက်တယ်။ လွှတ်တော်ရဲ့သဘောထားဟာ နောင်အခါရေးသူအမည်ဖော်ရမယ်ဆိုတဲ့တရားခွင်မေးခွန်းကိစ္စမျိုးပေါ်မယ်၊ ပေါ်တဲ့အခါ ကျင့်ထုံးအညွှန်းလို ဖြစ်လာနိုင်တယ်။

ဒီကိစ္စမှာလည်း လွှတ်တော်ကလျှော့လျှော့ပေါ့ပေါ့ပါပဲ။ နသားဖားယား မမေးပါဘူး။ မမေးတဲ့ အကြောင်းကလည်း နှစ်ဆယ့်တစ်ရာစု ကိုရွှေအယ်ဒီတာ သတ္တိခဲလေး နှစ်ဆယ်ရာစု အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းလို ဖြစ်သွားမှာ စိုးလို့ဆိုလားပဲ။

ကြားဖူးတယ် မဟုတ်လား။ ကိုအောင်ဆန်း တက္ကသိုလ်ကျောင်းသားသမဂ္ဂမဂ္ဂဇင်း အယ်ဒီတာ လုပ်တုန်းက ကိစ္စလေ။ အိုးဝေမဂ္ဂဇင်းမှာပါတဲ့ ငရဲခွေကြီးလွတ်နေပြီဆောင်းပါးရေးသူကို တက္ကသိုလ်ကျောင်းအုပ်ကြီးက နာမည်ဖော်ခိုင်းတယ်။ ကိုအောင်ဆန်း ငြင်းတယ်။ ကိုအောင်ဆန်း ကျောင်းထုတ်ခံရတယ်။ နိုင်ငံရေးဟီးရိုးဖြစ်သွားတယ်။

လာပြန်ဦးမှာလား။ နောက်ဟီးရီုးတစ်ယောက်။ တော်တော့။ ဟိတ်ကြွားတဲ့ ဆိတ်ဖွားတောင် ဘိတ်နားရောက်သွားတယ်။

ဒါတွေထက် ပိုပျော်စရာကောင်းတဲ့သတင်းမျိုးက ကြားရသေး။

ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက သတင်းထောက်တွေနဲ့ တွေ့ရှင်းတယ်။ (နောင်လည်း ပုံမှန်တွေ့သွားမယ်တဲ့။ သမ္မတရဲ့ ပုံမှန်ခြွေ ရေဒီယိုမိန့်ခွန်းနဲ့ အပြိုင်ပေါ့။) ဦးရွှေမန်းကပြောတယ်။ သူနဲ့သမ္မတ ရန်ဖြစ်နေကြသလားဆိုတဲ့ ပြောသံတွေ ထွက်နေသတဲ့။ ရန်မဖြစ်ဘူးတဲ့။ (ကလေးတွေမှ မဟုတ်တော့တာကွယ်။) သဘောထပ်တူ မဖြစ်ကြရုံပါပဲတဲ့။

ဒီလိုသတင်းမျိုးကြားရတော့ ဝမ်းသာသဗျာ။

သမ္မတကြီးနဲ့ ဥက္ကဌကြီးဆိုတာက ရန်သူတော်ကြီးတွေမဟုတ်လား။ အကြံတူရန်သူဆိုတဲ့ စကားရှိ မဟုတ်လား။ နှစ်ယောက်စလုံးက ၂၀၁၅ မှာ သမ္မတလုပ်မယ်တကဲကဲ ကြံနေကြတာလေ။

ဦးသိန်းစိန်က နောက်သမ္မတတစ်ဆက် နန်းတက်ချင်နေတဲ့သူ။ အရင်ကတော့ ဟင့်အင်း ငြင်းလာခဲ့တာ။ ခုလည်းငြင်းချင်ငြင်းနေဦးမှာ။ သမ္မတလူချောအဖွဲ့တွေက လှော်ကြလွန်းလို့သာ ဒုတိယမ္ပိသက်တမ်းကို မျှော်ကာမှန်းမိတာနဲ့ တူပါရဲ့။ တကယ်တော့လည်း သူ့ခမျာ ဒီစကားမျိုးပဲ ဖြေရမှာ။ တစ်သက်တမ်းပဲဟေ့ ပြောလိုက်ပြန်ရင်လည်း ‘ဘဲနာ’ ဖြစ်သွားမယ်လေ။ (ဘဲနာ-Lame Duck ဆိုတာ အမေရိကန်နိုင်ငံရေးဝေါဟာရ။ တစ်သက်တမ်းပြတ် တစ်ဇာတ်သိမ်းတဲ့အမတ်ကိုခေါ်တာ။)

ဦးရွှေမန်းကလည်း အသစ်စက်စက် သမ္မတနန်းတက်ချင်တဲ့သူပဲလေ။ သမ္မတထက်အရေးပါတဲ့ ရာထူးတောင်လိုချင်တယ်လို့ ရင်ဖွင့်ထားတယ်လေဗျာ။ ကြားလိုက်ကြမှာပေါ့။ သမ္မတဖြစ်ဖို့ လောက် တော့ သူက စပျော့ (အလွယ်လေး) ထင်တာ။ ဥုံဖွဆို ပြီးပြေ မီးသေမယ်လို့ ယုံတာ။ အင်္ဂလိပ်ဗန်းစကားနဲ့ဆို ဘဲပြုတ် (Dusk Soup) ပေါ့။

အေးဗျာ။ ထောင်နှုတ်ခမ်းနင်းခဲ့တဲ့ကျုပ်က အခုတော့ သင်္ချိုင်းနှုတ်ခမ်းနင်းနေပြီလေ။ ဒီတော့ သမ္မတကိစ္စ ဘာညာဆိုတာမျိုးတွေမှာ ဟုတ်တိပတ်တိ အာရုံမရောက်တော့ပါဘူး။ ကြောင် ခံတွင်း ပျက်နဲ့ ဆက်ရက်တောင်ပံကျိုး ဆိုတဲ့စကား ကြားဖူးကြမဟုတ်လား။ ကျုပ်က နိုင်ငံရေး ခံတွင်းပျက် နေပြီဗျ။ ‘ဘဲနာ’တွေ၊ ‘ဘဲပြုတ်’တွေ ဆိုတဲ့ အော့နှလုံးနာစရာတွေ လာမပြောကြပါနဲ့ကွယ်ရို့။ ကျုပ်အ ဖို့ အာမစို လျှာမစိမ့်ပါဘူး။ ကန်တော့ပါရဲ့ဗျို့။ ကန်တော့ ကန်တော့။ အန်ချင်စိတ်တောင် ပေါက်ပါ ရဲ့။ ဝေါ့. . . ဝေါ့ . . . ။

ကျုပ်သဘော ပြောမယ်နော်။ သမ္မတဟိတ်ကို တံဆိပ်နှိပ်စတမ်းဆိုရင် ဒေါင်းနွယ်ဝင်မှပဲ ကောင်းမယ်ထင်ရဲ့။ သမ္မတဘိသိက်သွန်းပွဲမှာ ဘဲချေးစော်မနံစေချင်ပါဘူး။ ဒေါင်းရနံ့ဆန်းကြည် အေးသာ မွှေးမြစေချင်သဗျာ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊ အမှတ်(၂၆)။

myosauntlaw-july10
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့သည်။

အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်၏ ဦးစီးဆရာတော်က အမျိုးစောင့်ဥပဒေ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်ကို မိန့်ကြားခဲ့ပြီး ဆရာတော်က "အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးလေးတွေနဲ့ အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ မိခင်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီမျိုးစောင့်ဥပဒေ ဖြစ်ပေါ်ရေးကို နှိုးဆော်တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။ အခုက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ မူချောမဖြစ်သေးပါဘူး။ မူကြမ်းမှာလဲ လိုအပ်ချက်တွေ၊ လစ်ဟာချက်တွေ၊ ကျော်လွန်နေတာတွေ ပါကောင်းပါလိမ့်မယ်။ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှပဲ မူချောအဆင့်ကို ရောက်မှာပါ" ဟု မိန့်ကြားခဲ့သည်။

ဆရာတော် အရှင်စန္ဒာသီရိကလည်း ယခုဥပဒေကို အချက်သုံးချက်အပေါ် မူတည်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာတိုင်းလည်း အစိုးရအပေါ်သာ အပြစ်ပုံချ၍ မရကြောင်း၊ ပြည်သူလူထုအကြား ဖြစ်ပွားနေသော ကောလာဟလများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာရကြောင်း မိန့်ကြားခဲ့ပြီး လူမျိုး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြသော မြန်မာနိုင်ငံအတွင်း သံသယများ မဖြစ်ပေါ်လာအောင် အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုခြင်း ဖြစ်သည်ဟု ထပ်မံမိန့်ကြားသည်။
ထိုပွဲသို့ လူ ၃၀၀ ခန့် တက်ရောက်လာကြပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးဂျင်မီနှင့် နာရေးကူညီမှု အသင်းမှ ဒေါ်သန်းမြင့်အောင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်မှ ဒေါ်မျိုးမျိုးအေးက ပြောကြားရာတွင် ၎င်းနှင့်လွှတ်တော်အမတ် ၂၀ ဦးနှင့် ဆွေးနွေးခဲ့ရာ ၁၈ ဦးက သဘောတူညီမှု မရှိကြောင်းနှင့် သူမအနေနှင့် အမျိုးစောင့်ဥပဒေကို သဘောတူသော်လည်း အများသဘောတူစေရန် ၁၉၅၄ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ထပ်မံဖြည့်စွက်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု လျှောက်ထားခဲ့သည်။
ဆရာတော် အရှင်စန္ဒာသီရိကလည်း ယခုဥပဒေကို အချက်သုံးချက်အပေါ် မူတည်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာတိုင်းလည်း အစိုးရအပေါ်သာ အပြစ်ပုံချ၍ မရကြောင်း၊ ပြည်သူလူထုအကြား ဖြစ်ပွားနေသော ကောလာဟလများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာရကြောင်း မိန့်ကြားခဲ့ပြီး လူမျိုး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြသော မြန်မာနိုင်ငံအတွင်း သံသယများ မဖြစ်ပေါ်လာအောင် အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုခြင်း ဖြစ် . . . . .

နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင်က "တပည့်တော်မှာ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့် အခုလို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အားလုံး ညီညွတ်ခြင်းနဲ့ ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အစမှာက မတူညီတဲ့ ဘာသာနှစ်ခုကြားမှာ ဖြစ်ပွားခဲ့ရာကနေ အခုအချိန်မှာ ဗုဒ္ဓဘာသာများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီဥပဒေကို သဘောတူသူရော၊ သဘောမတူသူများပါ ပါဝင်ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးပြီး ဒီဆွေးနွေးပွဲတွေကနေ ဘာကြောင့်သဘောမတူတာလဲ။ ဘာကြောင့်သဘောတူတာလဲကို ဆွေးနွေးစေချင်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အပေါ်မှာ ကိုယ်လိုအပ်တာတွေ ထပ်မံဖြည့်စွက်ပြီး ကမ္ဘာတည်သရွေ့ တည်တံတဲ့ ဥပဒေဖြစ်အောင် ပြုလုပ်စေလိုပါတယ်။ နောက်ပြီး ကျွန်မတို့နိုင်ငံမှာ ဘာသာရေး ပြဿနာအပြင် မူးယစ်ဆေးဝါး၊ လောင်းကစား စတာတွေကြောင့်လည်း လူငယ်တွေကြားမှာ ပြဿနာဖြစ်နေတာတွေ ရှိတယ်" ဟု  ပြောကြားသည်။

ထို့နောက် ၈၈ မျိုးဆက်မှ ဦးကိုကိုကြီးက "ဒီကိစ္စကို ကျွန်တော်တို့ ဆရာတော်ကြီးတွေနဲ့ ညှိနှိုင်းပါတယ်။ အမျိုးသမီး အဖွဲ့တွေနဲ့လည်း ညှိနှိုင်းခဲ့တယ်။ ကျွန်တော်တို့နိုင်ငံရေး လုပ်တဲ့အခါမှာ နိုင်ငံသား အားလုံးအတွက် စဉ်းစားပါတယ်။ အဓိကကတော့ ဥာဏ်ပညာနဲ့ လွှမ်းခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့လိုပါတယ်။ ဥပဒေတစ်ခုဆိုတာက နိုင်ငံနဲ့အ၀ှမ်း သက်ရောက်တာဆိုတော့ နိုင်ငံတစ်ခုလုံးက သက်ဆိုင်သူတွေအားလုံး ပါဝင်သင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိပါဘူး။ တည်ဆဲဥပဒေ တချို့တောင်မှ မကျင့်သုံးနိုင်သေးတာကို တွေ့ရတယ်။ ဒါကြောင့် ဥပဒေဘယ်လောက်ပဲ ကောင်းကောင်း ဥပဒေစိုးမိုးမှုရှိမှ လိုက်နာကျင်သုံးရမှာပါ။ ဥပဒေတစ်ခုမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိသလို ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင်လည်း ဒီထက်ပိုကျယ်ပြန့်အောင် လုပ်ဖို့လည်း လိုပါတယ်" ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို ထောက်ခံသူများလည်းရှိပြီး ဆရာတော် ဦးပါမောက္ခက ဦးကိုကိုကြီးအား မျိုးစောင့်ဥပဒေကို ထောက်ခံ၊ မထောက်ခံ ဖြေကြားရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို ဦးကိုကိုကြီးမှ အလုပ်ရုံဆွေးနွေးပွဲတွင် တစ်ဦးနှင့်တစ်ဦး အကျပ်ကိုင် မေးခွန်းထုတ်ခြင်းဖြင့် အဖြေမရနိုင်ကြောင်း ၎င်းတို့အနေနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာရန် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Eleven media group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.