07/12/13

စစ်တွေ ၊ ၁၁ ဇူလိုင်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေဆုံးသွားသည့်အတွက် ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံ မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

တပ်တောင်ရွာ အမှတ်(၆) ရပ်ကွက်နေ ဒေါ်အေးခိုင်နု၏ သမီး မလှလှထွေးအား ဗီဒီယိုသွားကြည့်ရန် ခေါ်သွားနေကျဖြစ်သူ အိမ်နီးချင်း (ကလေးနှစ်ယောက်ဖခင်) မောင်ဝင်းနိုင် ( အဘ၊ ဦးမောင်လှသိန်း၏ သား) က အဓမ္မပြုကျင့်ကြောင်းကို အသံကျယ်လောင်စွာဖြင့် ဟစ်အော်ငိုကြွေးပြီး လှလှထွေး က အခင်းဖြစ်သည့်နေ့ ည (၈) နာရီခန့်တွင် အိမ်ဝင်းထဲသို့ ၀င်လာပြီး မိခင်ဖြစ်သူအား တိုင်တမ်းခဲ့သည်။

မိခင်ဖြစ်သူမှာ တိုက်နယ်ဆေးရုံတာဝန်ခံဖြစ်သူ ဒေါ်အေးခိုင်ထံ သမီးကို ဆေးခန်းပြရန် ခေါ်သွားသော်လည်း ဒေါ်အေးခိုင်က အမ်းပြည်သူ့ဆေးရုံသို့သာ ခေါ်သွားရန် ပြောသည့်အတွက် ကားငှားပြီးသွားခဲ့ရာ ည (၁၂)နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကြီးဝင်ပေါက်ဝသို့ ရောက်ခါနီးမှာပင် ထိုအချိန်တွင် သွေးထွက်လွန်နေခဲ့ပြီဖြစ်သော လှလှထွေးမှာ သေဆုံးသွားခဲ့သည်။

မောင်ဝင်းနိုင်သည် လက်တစ်ဖက်ဖြင့် လှလှထွေး၏ ပါးစပ်ကိုပိတ်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ဆုပ်ကိုင်ကာ မုဒိမ်းပြုကျင့်ခဲ့သည် မလှလှထွေးက မသေခင် မိခင်အားပြောပြခဲ့သည် ဟု ဆိုသည်။

သေဆုံးမှုမှာ သွေးထွက်လွန်ပြီးသေဆုံးရခြင်းဖြစ်ကြောင်းကို လှလှထွေး သေဆုံးစဉ်က တပ်တောင် ပြည်သူ့ရဲစခန်းမှူးကိုယ်တိုင် မှတ်ချက်ယူကာ တရားခံမောင်ဝင်းနိုင်ကို ဖမ်းဆီးပေးမည် ဟု ပြောခဲ့သည် ဟု ဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပြီးသောအခါ မောင်ဝင်းနိုင်၏ မိဘများက ဇနီးမယားများကို ခေါ်ယူကာ (အခြားရွာတစ်ရွာ ဖြစ်သော) တန်းတင်ရွာ သို့ ပြောင်းရွှေ့ နေထိုင်စေခဲ့သည်။ မောင်ဝင်းနိုင်ကိုယ်တိုင်လည်း တန်းတင်ရွာတွင် ဖမ်းဆီးအရေးယူခံရခြင်း ဘာမှမရှိဘဲ ခပ်တည်တည်ပင် နေထိုင်သွားခဲ့သေးသည် ဟု ဆိုသည်။
ထို့နောက် မောင်ဝင်းနိုင်အား ၄င်း၏ဖခင်ဖြစ်သူက (၇၅၇) တပ်ရင်းသို့ခေါ်သွားကာ တပ်ထဲသွင်းပေးခဲ့သည် ဟု ဆိုသည်။

မောင်ဝင်းနိုင်ရှိရာ (၇၅၇) တပ်ရင်းသို့ ရဲများလိုက်လာစုံစမ်းသောအခါ တပ်ရင်းက မောင်ဝင်းနိုင်အစား တပ်သားသစ်တစ်ယောက်ပေးရမည်ဟု ၄င်း၏မိသားစုထံတောင်းဆိုသဖြင့် ဖခင်ဖြစ်သူက မောင်ဝင်းနိုင်ကိုယ်စား မောင်ဝင်းနိုင်၏ ညီဖြစ်သူကို အစားထိုးထည့်ပေးသောအခါ၊ မောင်ဝင်းနိုင်အား တပ်က လွှတ်ပေးလိုက်သည် ဟု ဆိုသည်။

အခင်းဖြစ်ပြီး သုံးလကျော်သွားပြီဖြစ်သော်လည်း မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ကျူးလွန်ခံရပြီး သေဆုံးသူ မလှလှထွေး၏ မိခင်က “တရားခံဖြစ်သူ မောင်ဝင်းနိုင် တန်းတင်ရွာတွင် ရှိစဉ်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဂရုမစိုက်ကြပါ။ ပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း ဂရုမစိုက်ပါ။ ကျွန်မတို့ ကျေးလက်ပြည်သူတွေအပေါ် တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် ဒုက္ခများစွာ တွေ့နေရပါသဖြင့် - - - ကူညီပေးပါရန် တိုင်ကြားအပ်ပါသည်” ဟု ၄င်းရေးသား ပေးပို့သော တိုင်ကြားစာတစ်စောင်တွင် ရေးသားထားသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။ )

==============

ဓါတ်ပုံ - သွားလေသူ မလှလှထွေး

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ကျွန်တော် ရောက်ရှိခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးနေပြီး ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားနေကာ ဗုဒ္ဓဘာသာ ၀င်များနှင့်မူဆလင်များအကြားတွင် အုပ်စုလိုက်အကြမ်းဖက်မှုများ ဖြစ်ပွားနေ သည့်တိုင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ကျွန်တော် အကောင်းမြင်ခဲ့ပါသည်။ ရာပေါင်း များစွာသော နိုင်ငံရေး အကျဉ်းသားများပြန်လွှတ်ပေးခြင်း၊ စာနယ်ဇင်းများ လွတ်လပ်ခွင့်ရရှိလာ ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ခြင်းတို့မှာ ပြည်သူများ အနေဖြင့် မြန်မာနိုင်ငံသည် မကြာတော့ သည့် ကာလအတွင်း လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတော့မည်ဟု မျှော်လင့်နိုင်သည့် အကြောင်းပြချက်များ ဖြစ်ပါသည်။

ယခုအချိန် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်လာရောက်ရာတွင် မြန်မာနိုင်ငံ သည် ယခင်အခေါက်နှင့် မတူဘဲ လုံးဝပြောင်းလဲသွားသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် မြင်တွေ့ရပါသည်။ ပြုပြင်ပြောင်းလဲမှု လေအဟုန် သည် လတ်ဆတ် သည့်လေများထက် မကောင်းသည့် အနံ့အသက်များ ပါနေပါသည်။ မူဆလင် ဆန့်ကျင် ရေးပြောဆိုမှုများနှင့် အဓိကရုဏ်းများသည် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများတွင် ပြန့်နှံ့နေပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် ဘာသာခြားများနှင့်လက်ထပ်ခြင်းကို ကန့်သတ်ထားသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် လူအဖွဲ့အစည်းတွင် ကြားဝင် စွက်ဖက် မှုများ လုပ်ဆောင်နေပါသည်။ ဘုန်းတော်ကြီးများက ၎င်းတို့၏ ဥပဒေမူကြမ်း ကို အတည်ပြုရေးအား ဆန့်ကျင်သည့် နိုင်ငံရေးသမားများအား နောင်သုံးနှစ် တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများပင် ပြုလုပ်လာခဲ့သည်။ ထိုသို့သော အခြေအနေ တွင် အစိုးရနှင့် အတိုက် အခံနိုင်ငံရေးသမားများ နှစ်ဘက်စလုံးသည် အစွန်းရောက်အမျိုးသားရေး ဝါဒများ မြင့်တက်လာခြင်းကို ၄င်းတို့အကျိုးအတွက် အမြတ်ထုတ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လက်ရှိ အခြေ အနေတွင် တိုက်ခိုက်ခံနေရသည်မှာ တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေးလူနည်းစုအုပ်စုများသာ မဟုတ်သည် မှာ ထိတ်လန့်ဖွယ်ဖြစ်ပါသည်။ မျိုးစောင့်ဥပဒေမူကြမ်း ပေါ်ထွက်လာသည့် အတွက် အမျိုးသမီးများသည်လည်း ဝါဒရေးရာအစွန်းရောက်များနှင့် နိုင်ငံရေးအချောင်သမားများ၏ သားကောင်ဖြစ်လာပါသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွက် လတ်တလော စိုးရိမ်ပူပန်စရာ အကောင်း ဆုံး ကိစ္စမှာ သမ္မတနှင့် သြဇာကြီးမားသည့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ အကြား သိသိသာသာ သဘောထားကွဲလွဲမှုဖြစ်ပါသည်။ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရကိုဆန့်ကျင်၍ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဘက် ပါနေသည့်အတွက် စိုးရမ်ကြောင့်စရာကိစ္စများတွင် ဒေါ်စုကြည်သည်လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိ နေခြင်း ဖြစ်ပါသည်။

နိုင်ငံရေးအရ တံခါးဖွင့်ပေးခြင်းနှင့် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အကြား ကနဦး ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ် မှ၍ နိုင်ငံ၏ ဦးဆောင်သူ သုံးဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့အကြားတွင် ဆက်ဆံရေး တည်တည် ငြိမ်ငြိမ်ဖြစ်နေခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အရေးပါ သည်ဟု လေ့လာသူများက အသိအမှတ်ပြုပါသည်။ ပြုပြင်ပြောင်းလဲမှု စတင် လုပ်ဆောင်ချိန်မှစ၍ သမ္မတ နှင့်လွှတ်တော်ဥက္ကဌတို့အကြားတွင် ပုဂ္ဂိုလ်ရေး အရ (အဖွဲ့အစည်းပိုင်းအရ အတိုင်းအတာတစ်ခုထိပါသည့်) ယှဉ်ပြိုင်မှုများ တောက်လျှောက်ဖြစ်ပွားခဲ့ပါသည်။ သို့သော် ယခင်အချိန်များတွင် ၎င်းတို့ နှစ်ဦး အကြား ဆက်ဆံရေးသည် လက်ရှိအချိန်လောက် အရုပ်ဆိုးခဲ့ခြင်း မရှိပါ။

မကြာသေးသော ကာလအတွင်း လွှတ်တော်ဥက္ကဌသည် အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ စိန်ခေါ်ခဲ့ပြီး ကချင်နှင့် အပစ်အခတ် ရပ်စဲ ရေး စေ့စပ်ညှိနှိုင်းမှုများတွင် လွှတ်တော်မှ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ "လွှတ်တော်ကိုယ်စားလှယ်အချို့၏ တင်ပြချက်များနှင့် ပြည်သူတို့၏အမြင်အရ ငြိမ်းချမ်းရေး ဆွေးနွေးမှု များသည် ငြိမ်းချမ်းရေး မရရှိနိုင်ကြောင်းကို မိမိအနေုဖြင့် သိရှိခဲ့သည်ဟု" လွှတ်တော်အစည်း အဝေးတွင် ဦးရွှေမန်းက ပြောကြားခဲ့ပါသည်။

ဦးရွှေမန်းသည် ငြိမ်းချမ်းရေးကိစ္စများနှင့်ပတ်သက်ပြီးဆွေးနွေးရန်အတွက် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအစည်းအဝေးခေါ်ပေးရန်ပင် တောင်းဆိုခဲ့သည်။ ကာလုံသည် အဖွဲ့ဝင် ၁၁ ဦးရှိပြီး တပ်မတော် မှ အများစုဖြစ်ကာ အာဏာများစွာရှိသောအဖွဲ့ဖြစ်ပါသည်။ မလုပ်ဖြစ် သည် မှာကြာပြီဖြစ်သော ကာလုံအစည်းအဝေးများကို ပြန်လည် အသက်သွင်း ရန်ကြိုးစားခြင်းသည် ထူးခြားနေပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌအား ပြုပြင်ပြောင်းလဲရေးသမားအဖြစ် တစ်ချိန်က ရှုမြင်ခဲ့ကြသော လေ့လာသူ အများအပြား မျက်ခုံးပင့်စရာဖြစ်သည်။

ဦးရွှေမန်း၏လုပ်ဆောင်မှုသည် သမ္မတဦးသိန်းစိန်နှင့်သူ၏ပြုပြင်ပြောင်း လဲရေး လက်ထောက်ဖြစ်သော အစိုးရ၏ Think Tank ဖြစ်သည့် ငြိမ်းချမ်းရေး စင်တာကို အားနည်းစေရန် ရည်ရွယ်ထားခြင်းဖြစ် ကြောင်း ယခုအခါ ရှင်းလင်းနေပြီဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ၄င်း၏ပြုပြင်ပြောင်း လဲရေးဆောင်ရွက်ချက်များအတွက် ယခုနှစ်ကုန်ပိုင်းတွင်ကြေညာမည့် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတွင် အခြေအနေကောင်းနေကြောင်းသတင်းများထွက်နေပြီး ဦးသိန်းစိန်၊ ဦးရွှေမန်းနှင့် ဒေါ်စုကြည်တို့အကြား အာဏာလွန်ဆွဲမှုပြင်းထန်လာပြီး ဆိုးကျိုးတစ်ခုခုဖြစ်လာပါက သမ္မတအပေါ် အများ၏ ယုံကြည်လက်ခံမှု ကို ထိခိုက်စေနိုင်ပြီး ပြုပြင်ပြောင်းလဲရေးကိုပင် လမ်းကြောင်းလွဲစေနိုင်သည်။

သို့သော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များကို ဦးရွှေမန်းက လူသိရှင်ကြား ဝေဖန်ခြင်း မပြုမီ ပြီးခဲ့သည့်မတ်လအတွင်းကပင် အစိုးရ၏ မကြာသေးမီနှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပြောင်းလဲမှုမရှိခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ ထို့ကြောင့် အစိုးရကို ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ တရားဝင်မဟုတ်သည့်မဟာမိတ်ဖွဲ့ခြင်းသည် သမ္မတ ဦးသိန်းစိန် ၏ အာဏာအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်လာနေပါသည်။

ပညာတတ်အသိုင်းအ၀ိုင်းနှင့် စီးပွားရေးအသိုင်းအ၀ိုင်းမှ လူများစုကမူ ဒေါ်ဆောင်ဆန်းစုကြည် နိုင်ငံရေး တွင် လူပေါင်းမှားနေသည်ကို စိတ်ပူနေကြပါသည်။ လူ့မလိုင်များအတွင်း ဒေါ်စုကြည်၏ နိုင်ငံရေး လုပ်ရပ် များနှင့် လူမျိုးရေး-ဘာသာရေးပဋိပက္ခများနှင့် အကြီးအကျယ် ဆင်းရဲမွဲတေမှုများကို လျစ်လျူရှု ထားခြင်းအပါအ၀င် လူထု၏ လတ်တလောပြဿနာများကို လျစ်လျူရှုထားခြင်းကို အရပ်ဖက် လူ့အဖွဲ့ အစည်းအရေး လှုပ်ရှားတက်ကြွသူများက စိတ်ပျက်နေကြသည်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့် အမျှ ပါဝါလွန်ဆွဲပွဲ အားကောင်းလာပြီး တိုင်းရင်းသားအဖွဲ့များအပါအ၀င် သက်ဆိုင်သူအားလုံး ဖိအားပေး ခံရဖွယ် ရှိသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေသည် ရှုပ်ထွေးမှု များဖြစ်လာရန် စိုးရိမ်ရသည့် အခြေအနေဖြစ်လာနေကြောင်း လေ့လာသူ အားလုံးသဘောညီကြပါသည်။ ထိုသို့စိုးရိမ်မှုများကို ပိုဆိုး စေသည့် နောက်ဆုံးအချက်မှာ တပ်မတော်၏ရပ်တည်မှုနှင့်ပတ်သက်၍ ရှင်းရှင်း လင်းလင်း မသိရှိခြင်းပင် ဖြစ်သည်။ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် အာဏာလွန်ဆွဲပွဲတွင် မည်သူ့ ဘက်က ပါမည်နည်း၊ သို့တည်းမဟုတ် သူကိုယ်တိုင်အာဏာရရန်ကြိုးစားမည်လော ဆိုသည်ကို မည်သူမှ မသိကြပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အာဏာရရန် ရည်မှန်းထားသည်ဆိုပါက မြန်မာ့ နိုင်ငံ ရေးအပြောင်းအလဲ သည် လုံးဝရှုပ်ထွေးသွားမည်မှာသေချာပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ကိုပင် ထိခိုက်ကောင်း ထိခိုက်စေနိုင်ပါသည်။ မကြာသေးမီက အီဂျစ်နိုင်ငံ တွင်ဖြစ်သွားခဲ့သောအဖြစ် အပျက်များကိုကြည့်ပါက မြန်မာနိုင်ငံတွင်လည်း စစ်အာဏာသိမ်းမှုအသစ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း စိုးရိမ်မှု များကို အခြေအမြစ်မရှိဟု ပြော၍ရမည်မဟုတ်ပါ။

Foreignpolicy Wednesday, July 10, 2013 ပါ Min Zin ၏ A State of Anxiety ကို ပြန်ဆိုသည်

( 10 July 2013 ရက်စွဲပါ Yahoo မှ ABC သတင်းဌာန၏ Bob Carr announces $ 3.2 Million and boost for Myanmar’s Rakhine State ကိုဘာသာပြန်ပါသည် )

သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံရခိုင်ပြည်နယ် မငြိမ်သက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများအတွက် စာနာ သော အကူအညီများပေးရန် နောက်ထပ်ဒေါ်လာ ၃ .၂ သန်းကူညီရန် ကြေငြာခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများကြောင့် လူပေါင်း ( ၁၉၂ ) ဦး သေဆုံးပြီး၊ လူပေါင်း ( ၁၄၀၀၀၀ )ခန့် အိုးမဲ့အိမ် မဲ့ဖြစ်ကြရပါသည်။

ဆီနီတာ Carr ကပြောကြားရာတွင် ယခုထပ်မံပေးအပ်ခဲ့သော အကူအညီကြောင့် ရခိုင်ပြည်နယ်အတွက် သြစတြေး လျ၏ စုစုပေါင်း အကူအညီသည် ဒေါ်လာ ( ၉ )သန်းအထိရောက်ရှိဟု ဆိုပါသည်။

“ ကျွန်တော်တို့ရဲ့ အကူအညီက နောက်ထပ် ထပ်တိုးလာတဲ့ လူ( ၉၀၀၀) အတွက် အိမ်အမိုးအကာ ရဖို့ ဖြစ်ပါတယ်” ဟု ၄င်းက ပြောပါသည်။

“ အဲဒီငွေနဲ့ စခန်းတွေမှာ ရေနဲ သန့်ရှင်းမှု တိုးတက်အောင် လုပ်ရပါမယ်။ အိုးမဲ့အိမ်မဲ့လူတွေ၊ အထူးသဖြင့် အမျိုး သမီးများနဲ့ ကလေးများကို လုံခြုံမှုနဲ့ လုံခြုံရေးကို ကူညီသွားမှာပါ”ဟု ဆိုပါသည်။

“ သြစတြေးလျဟာ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာပြဿနာတွေရဲ့ ဆိုးရွားမှုတွေကို ကူညီဖို့ အများ ဆုံးအလှူရှင် ဖြစ်ပါတယ်” ဟု ဆိုပါသည်။

သြစတြေးလျအစိုးရသည် နှစ်ပေါင်း (၃၀)အတွင်း မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ဒေါ်လာ(၃)သန်းပေးလှူခဲ့ပါသေးသည်။

yangon chronicle

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော် စဉ် ဥရောပသတင်းဓာတ်ပုံဌာန (EPA) ဓာတ်ပုံ သတင်းထောက် ကိုလင်း ဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးရဲအဖွဲ့တို့ ဖြစ်ပွားခဲ့သော အချင်းများမှုနှင့်ပတ်သက်ပြီး စီစီတီဗီ ကင်မရာမှတ်တမ်းများ မရှိကြောင်း ရွှေတိ ဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က ပြောသည်။

”စီစီတီဗီက မိုးတွင်း မိုးကြိုးပစ် ရင် ပျက်ပျက်သွားလို့ပိတ်ထားတယ်။ မျက်မြင်သက်သေရှိပါတယ်”ဟု ဦးဝင်းကြိုင်က ပြော သည်။ ရွှေတိဂုံ စေတီတော်၌ တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများမှာ မိုးကြိုး ပစ်ခံရခြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့ပြီး ၉ လုံးပျက်စီးခဲ့ကြောင်း ၇ လုံး ပြန် လည်တပ်ဆင်ပြီး ဖြစ်ကာ ၂ လုံး ကျန်နေသေးကြောင်း၊ ထိုင်းဘုရင့် သမီးတော်ရွှေတိဂုံစေတီတော်သို့ လာ ရောက်ဖူးမြော်စဉ်ကာလအတွင်းက စီစီတီဗီကင်မရာများသည် မိုးတွင်း ကာလမို့ ပိတ်ထားသည့်ကာလ ဖြစ် ကြောင်း ၄င်းကဆိုသည်။

”စီစီတီဗီကို မိုးကြိုးပစ်တယ်ဆို တာမျိုးက မရှိပါဘူး။ မီးပွိုင့်လို နေရာ မှာ တပ်ထားတဲ့ ကင်မရာတွေတောင် ဘာမှမဖြစ်ပါဘူး” ဟု စီစီတီဗီ ကင်မ ရာ တပ်ဆင်ရေးလုပ်ငန်း လုပ်ကိုင် သော မဟာဗန္ဓုလလမ်းနှင့် ၁၆ လမ်း ထောင့်ရှိ ZEST ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂ ရက် က အလည်အပတ်ခရီးစဉ် လာရောက် ခဲ့သော ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီသီရိဒုံသည် ယင်းနေ့ ညပိုင်း က ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်ခိုက် သတင်းဓာတ်ပုံ ရိုက်ကူး ရန်ကြိုးစားစဉ် စေတီတော်လုံခြုံရေး ရဲအဖွဲ့ဝင်တစ်ဦး၏ တွန်းထိုးမှုကြောင့် လဲကျဒဏ်ရာရရှိခဲ့ပြီး Canon ID Mark III ၌ တပ်ထားသော 70-200 mm F4 L IS USM Lens ခါး လည်မှ ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း EPA သတင်းထောက် ကိုလင်းဘိုဘိုက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သလို ဇူလိုင်လ ၃ ရက် က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အချင်းဖြစ်ပွားမှုအား ဓာတ်ပုံရိုက်ကူးခဲ့သူ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် ကို အောင်နိုင်စိုး (ကစ္ဆပ) က ”ကျွန်တော် ဓာတ်ပုံရိုက်ပြီး ၃ ပုံလောက်ရောက် တော့ လုံခြုံရေးအဖွဲ့ထဲကနေ ဓာတ်ပုံ ဆက်မရိုက်ခိုင်းနဲ့ ရိုက်ရင် ကင်မရာ ရိုက်ခွဲပစ်ကွာဆိုပြီး ပြောတာပါ” ဟု ¤င်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည့်အပေါ် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူ လိုင်လ ၄ ရက်က ရွှေတိဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က မီဒီ ယာနှင့် တွေ့ဆုံရှင်းလင်းခဲ့ရာတွင် ၄င်းတို့ လုံခြုံရေးရဲအဖွဲ့မှ တွန်းထိုး လိုက်သည့် ဖြစ်စဉ်မရှိခဲ့ဘဲ ကိုလင်း ဘိုဘိုအနေဖြင့် သူ့ဘာသာသူ လဲကျ ခြင်းသာဖြစ်ကြောင်းနှင့် ရွှေတိဂုံ စေတီတော်ဘက်မှ ဓာတ်လှေကား အဆင်းတွင် စေတီတော်လုံခြုံရေးရဲအဖွဲ့ဝင်အချို့က ထီးဖြင့်ရိုက်မည် ဟု ချိန်ရွယ်ခဲ့ခြင်း၊ ဓာတ်ပုံရိုက်လျှင် ကင်မရာရိုက်ခွဲမည်ဟု ပြောကြားခဲ့ ခြင်း မရှိခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စီစီတီဗီ မှတ်တမ်းများ မရှိသော်လည်း မျက် မြင်သက်သေများအား မေးမြန်းထား မှုအပေါ်အခြေခံ၍ ပြော ဆိုခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။

သို့သော် ယင်းမျက်မြင်သက်သေ များ၏ ပြောကြားချက်သည် အလုံးစုံ မှန်ကန်သည်ဟု မဆိုနိုင်သလို ဖြစ်စဉ် တင်ပြချက်သည် တထစ်ချ မှန် ကန်မှု မရှိနိုင်ကြောင်း တစ်စုံတစ်ခုသော အကြောင်းများကြောင့် ဖုံးကွယ်ထားမှု များလည်း ရှိနိုင်ကြောင်း ၄င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖြစ်စဉ် အပေါ် မျက်မြင်သက်သေဟုဆိုသော ပုဂ္ဂိုလ် ၆ ယောက်အား ဇူလိုင်လ ၅ ရက်က မီဒီယာများနှင့် တွေ့ဆုံပေးခဲ့ သော်လည်း ဓာတ်ပုံရိုက်ကူးခွင့်ကို သာ ပြုခဲ့ပြီး မေးခွန်းမေးမြန်းခွင့်မပြုခဲ့ပေ။

ယင်းမှာ မီဒီယာများ၏ မေးမြန်းမှု အပေါ်မျက်မြင်သက်သေများ အနေ ဖြင့် အတွေ့အကြုံ မရှိခြင်းေ ကြာင့် ဖြေကြားနိုင်ခြင်း မရှိမည်စိုးရိမ်၍ ဖြေကြားခွင့် မပြုခြင်းဖြစ်ကြောင်း၊ ယင်းမှာ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ဆုံးဖြတ်ချက်ဖြစ်ပြီး အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂေါပက အဖွဲ့ ၏ ဖြေကြားချက်သည်သာ တရားဝင် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်စလုံးမှ မီဒီယာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သော်လည်း တွေ့ဆုံပြော ဆိုဖြစ်ခဲ့သော အကြောင်းများကို ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို အား ပြန်ရှင်း ပြပေးသွားမည်ဟု စာနယ်ဇင်း ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဦး နှစ်ဖက်စလုံးမှ အပြန်အလှန် တရားစွဲ ဆိုသွားမည်ဟု ဆိုထားသော်လည်း အမှုဖွင့်ခြင်းမျိုး မရှိသေးပေ။

ဥာဏ်လင်းအောင်

Popular Myanmar News Journal


သတင်းထုတ်ပြန်ကြေငြာချက်
ရက်စွဲ။ ဂျူလိုင်လ ၁၁ရက် ၂၀၁၃ခုနှစ်
စာအမှတ်။ ၁/ ၂၀၁၃

Generation Wave (မျိုးဆက်သစ်လူငယ်များ) ရဲ့ အတွင်းရေးမှုး ကိုဝေဖြိုး(ခ) ဂလိကို ပြည်မြို့အမှတ်(၁)ရဲစခန်းမှ စခန်းမှုး ဦးအောင်လင်းက ဇူလိုင်လ ၁၀ရက်နေ့ မနက် ၁၁နာရီခွဲခန့်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးရခြင်း အကြောင်းရင်းက ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက Generation Wave (မျိုးဆက်သစ်လူငယ်များ) ကပြုလုပ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှုကို ဦးဆောင် စီစဉ်ခဲ့တာကြောင့်ဖြစ်တယ်လို့ စခန်းမှုးဦးအောင်လင်းက ပြောခဲ့ပါတယ်။ ရဲအဖွဲ့ဟာ ကိုဝေဖြိုး(ခ)ဂလိကို ဖမ်းဆီးပြီးတဲ့နောက်မှာ ပြည်မြို့နယ်တရားရုံးသို့ ခေါ်ယူသွားခဲ့ပြီး စစ်ဆေးမေးမြန်းရန်အကြောင်းပြချက်နဲ့ ဖမ်းဆီးချုပ်နှောင်ထားခွင့် ယမန်ကို ပြည်မြို့နယ်တရားရုံးမှရယူခဲ့ပါတယ်။ ယခုကိုဝေဖြိုး(ခ)ဂလိဟာ ပြည်မြို့အမှတ်(၁)ရဲစခန်းအချုပ်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၄ရက်နေ့မှာ ရုံးတင်တရားစွဲမယ်လို့သိရပါတယ်။

ယခုလပိုင်းအတွင်းမှာ အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပေါ် အလားတူဖမ်းဆီးတရားစွဲမှု၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုတွေ အမြောက်အမြား ရှိခဲ့တာကိုလည်းတွေ့ရပါတယ်။နိုင်ငံရေးလူမှုရေးတက်ကြွလှုပ်ရှားသူတွေအပေါ်အာဏာပိုင်တွေရဲ့ အခုလိုဖိနှိပ်ဖမ်းဆီးမှုတွေဟာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး ပြည်သူလူထုနဲ့နိုင်ငံတကာရဲ့ ယုံကြည်မှုကိုလည်း ကျဆင်းစေနိုင်တဲ့လို့ Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့အနေနဲ့ ထုတ်ဖော်ပြောကြားလိုပါတယ်။

တက်ကြွလှုပ်ရှားသူများဟာ လူထုကြားထဲက လူမှုဒုက္ခအ၀၀ကို ကိုယ်ကျိုးစွန့်အနစ်နာခံရှာဖွေဖော်ထုတ်ပြီး အစိုးရနဲ့ပြည်သူ တရပ်လုံးကသိရှိအဖြေရှာ နိုင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတကိုယ်တိုင်ကြွေးကြော်ခဲ့တဲ့ “လွှတ်တော်အသံ ပြည်သူ့အသံ” ဆိုတဲ့ ဆောင်ပုဒ်ကို လေးစားအသိအမှတ်ပြုပြီး ဒီမိုကရေစီ အပြောင်းအလဲကို တတပ်တအားကူညီ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ယခုလို ဖမ်းဆီး ဖိနှိပ်မှုတွေဟာ တက်ကြွလှုပ်ရှားသူများနဲ့ အရပ်ဘက်ပြည်သူ့အဖွဲ့အစည်းများရဲ့ အပြောင်းအလဲမှာပါဝင်မှုကို လျော့ကျစေနိုင်ပြီး၊ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ရင်ဖွင့်သံတွေကို ဆိတ်သုဉ်းသွားစေနိုင်ပါတယ်။ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုကင်းမဲ့သွားခဲ့ရင် အပြောင်းအလဲလုပ်ငန်းစဉ်တွေ နှေးကွေးရပ်တန့် စေနိုင်တဲ့အထိ အန္တရာယ်ကြီးမားနိုင်မယ်လို့ Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့အနေနဲ့ ယူဆပါတယ်။

ဒါကြောင့် အစိုးရနှင့်တကွအာဏာပိုင်များအနေနဲ့ ဒီမိုကရေစီကို အမှန်တကယ်ယုံကြည်ပြီး အပြောင်းအလဲ လုပ်ငန်းစဉ်များကို ပြည်သူလူထုနဲ့ အတူတကွ ပူးပေါင်းဖော်ဆောင်လိုတယ်ဆိုရင် တက်ကြွလှုပ်ရှားသူများနဲ့ အရပ်ဘက်ပြည်သူ့အဖွဲ့အစည်းများကို ယုံကြည်လက်ခံဖို့ လိုအပ်ကြောင်း အသိပေးလိုပါတယ်။ ဒါ့အပြင် ကိုဝေဖြိုး(ခ)ဂလိ အပါအ၀င် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ Generation Wave (မျိုးဆက်သစ်လူငယ်များ) အနေနဲ့ အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

Generation Wave (မျိုးဆက်သစ်လူငယ်များ)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.