07/19/13


လွန်ခဲ့တဲ့ (၆၆)နှစ်ဝန်းကျင်ကာလရဲ့ တစ်နေ့သောရက်မှာပေါ့.....မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ မွေးရပ်မြေ အညာမြို့လေးကို ပြန်လာတဲ့ လူတစ်ယောက်...တစ်နှစ်ကျော်အရွယ် သူ့ရဲ့ သမီးငယ်လေးကို အနှီးဖြူလေး ပတ်ပြီး ထွေးပွေ့ လို့....ဇနီးသည်က ခြင်းတောင်းလေးတစ်တောင်း ဆွဲလို့...

ရန်ကုန်ကနေ ကျောက်ပန်းတောင်း-ကြေးနီရထား စီးပြီး နတ်မောက်ဆိုတဲ့ တောဘူတာလေးကိုရောက်....ဘူတာနဲ့ သူ့နေအိမ်က မလှမ်းမကမ်းဆိုတော့ အဲဒီတောဘူတာလေးကနေ လှမ်းအော်တယ်......

" အစ်မရေ... အစ်မ... ဗျို့... အစ်မ.... ကျုပ်တို့ လာပြီဗျ....."

ဒီအသံကြားတော့ မိခင်ဖြစ်သူက ခြံထဲမှာ သစ်ပင်စိုက်နေရာကနေ ထွက်ကြည့်ပြီး ၀မ်းပန်းတသာ တအံ့တသြ အော်ရှာတယ်..

" ဟယ်.... ဟောတော့... အောင်ဆန်းတို့ မခင်ကြည်တို့တော့........."

ဘေးအိမ်တွေကို လှမ်းအော်ပြောတယ်... ဘယ်သူရေ ဘယ်ဝါရေ.... လာကြည့်ကြပါဦးဆိုတော့ ဆွေမျိုးတွေက ပြေးထွက်လာပြီး ကြည့်တယ်.... အားလုံးက အံ့အားသင့်ကြသတဲ့....

ဘာလို့များပါလိမ့်....
သြော်...... အံ့အားသင့်ချင်လဲ သင့်စရာပါပဲလေ....

တိုင်းပြည်ရဲ့ နံပါတ်တစ်ခေါင်းဆောင်.... တပ်မတော်သေနာပတိ... ဖဆပလဥက္ကဌ....အဲဒီပုဂ္ဂိုလ်ရဲ့ ဇာတိမြေ အိမ်အပြန်မြင်ကွင်းဟာ အင်မတန်မှ သေးသိမ်ပါတယ်...
လင်မယားနှစ်ယောက် ဆွဲခြင်းတစ်ခြင်းနဲ့... ဖခင်ဖြစ်သူက သမီးငယ်လေးကို ပွေ့လို့....အဖော်မပါ... သက်တော်စောင့်မပါ.. ကိုယ်ရေးအရာရှိမပါ... လမ်းရှင်းမယ့်သူမပါ..

အဲဒီနေ့တစ်နေ့လုံး အိမ်မှာ တစ်ဝမ်းကွဲနှစ်ဝမ်းကွဲ ဆွေမျိုးတွေနဲ့ ဆူညံပွက်လောရိုက်လို့ပေါ့.... တစ်မြို့လုံးက လူတွေ ရောက်လာကြတာ... တချို့ကလဲ ပြောကြတယ်... အခုမှ ပေါ်လာတော့တယ်... နေနိုင်လိုက်တာ... မာနကြီးသွားပြီလားပေါ့....

နေ့ဘက် အချိန်တွေ ကျော်လွန်ပြီးတဲ့နောက် တဖြည်းဖြည်း ညဘက်ရောက်လာပြီ... ဆွေမျိုးတွေလဲ ပြန်ကြပြီ... လူစိမ်းတွေလဲ ပြန်ကြပြီ....

အညာညချမ်းက အေးအေးဆေးဆေး.... တမာနံ့လေးတွေ ထနောင်းနံ့လေးတွေ သင်းလို့...မြေပဲပြုတ်လေးနဲ့.... လက်ဘက်ဆီစိမ်လေးနဲ့... အဖန်ရည်အိုးလေးနဲ့.... အညာဓလေ့ မိသားစုစကားဝိုင်းလေးတစ်ခု...

အိမ်ထရံကို မှီထိုင်ရင်း အနှီးဖြူလေးနဲ့ ထွေးထားတဲ့ သမီးငယ်လေးကို သိပ်နေတယ်... ဇနီးသည်ကလဲ သူ့ရဲ့ မနီးမဝေးမှာ ထိုင်လို့.... ဒီအချိန်မှာ မိခင်ကြီးက မီးအိမ်ရဲ့ မီးစာပြင်ရင်းကနေ လှမ်းမေးလိုက်တယ်......

" ဟဲ့ အောင်ဆန်း... တစ်နေကုန် ဧည့်သည်တွေလာနေလို့ ငါ နင့်ကို မမေးရဘူး ဖြစ်နေတာ... အခုမှ မေးရတော့မယ်.... နင် ဘာကိစ္စလာတာလဲ... နင် အညာကို လာပုံဆန်းတယ် ငါ့သားရယ်..... သားအမိချင်း မျက်နှာကြည့်ရင် ငါ သိတယ်... နင် ကိစ္စမရှိဘဲ မလာဘူး.... နင် ဘယ်တုန်းက ငါ့ဆီ လာဖူးလို့လဲ... ပြောစမ်း... နင် ဘာလာလုပ်တာလဲ......."

မေးရိုးကားကား အညာသားလူရိုးကြီးက ထိုင်နေရာကနေ မိခင်ကြီးကို မော့ကြည့်ရင်း ဖြေတယ်..... အမေကို မော့ကြည့်နေပုံက ကမ္ဘာကြီးတစ်ခုလို အားကိုးတကြီး....

" အစ်မ... ကျုပ် ခင်ဗျားဆီလာတာ ခင်ဗျား မရိပ်မိဘူးလား.... " ရယ်သံကြီးနဲ့ ပြောလိုက်တယ်.....

" ပြောလေဟဲ့... ဘာလဲ...."

" ကျုပ် ခင်ဗျားဆီက အမွေလိုချင်လို့ လာတာ........ "

သားသမီး (၉)ယောက်မွေးထားတဲ့ မိခင်ကြီး..... ဘယ်သားသမီးကမှ အမွေမတောင်းဖူးဘဲ အငယ်ဆုံးသားက အမွေတောင်းတယ်ဆိုတော့ အံ့သြတကြီးနဲ့ ခါးထောက်ပြီးတော့...
" ဟဲ့ကောင် အောင်ဆန်း... နေစမ်းပါဦး.... ဘာအမွေလဲ......."

ဒီတော့ အနှီးဖြူလေးနဲ့ ထွေးထားတဲ့ သမီးကို ပြရင်း
" ဒီမှာလေ အစ်မရဲ့... ခင်ဗျားမြေးကို ကြည့်စမ်းပါဦး... ကျုပ်နဲ့ မတူဘူးလား.... "

မိခင်ကြီးက မတ်တပ်ရပ်နေရာကနေ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်...
" မှန်းစမ်းပါဦး... တစ်နေကုန် ဟိုလူကောက်ချီ ဒီလူကောက်ချီနဲ့ နင့်သမီးမျက်နှာကို သေချာကို မမြင်ရသေးပါဘူး... ငါ ကြည့်ဦးမယ်...."

အိပ်ပျော်နေစ သမီးငယ်လေးရဲ့ ထွေးထားတဲ့အနှီးကို မျက်နှာမြင်ယုံ လှပ်ပြီး အသာကြည့်ရင်းက " အဲ... အဲ.. ငါ ခုမှ သေချာကြည့်ရတယ်... ကြည့်စမ်း... တစ်နှစ်ကျော်လေး ရှိသေးတယ်... မဟာနဖူးကြီးနဲ့ဟဲ့.... နှာတံကိုစဉ်းလို့... နှုတ်ခမ်းက ပါးပါးလေး... မေးရိုးကြီးကားလိုက်တာများ ယောက်ျားမေးရိုးကြီးလား မှတ်ရတယ်... နင့်မျက်နှာနဲ့ တစ်ခွက်ထဲပဲဟဲ့.... ငါထင်ပါတယ်.. ဒီကလေး ကြီးလာရင် နင့်လိုပဲ.. အမှန်တရားအတွက် တစ်လောကလုံးနဲ့တစ်ယောက်ထဲ ချဖို့အဆင်သင့်ဆိုတဲ့ ရုပ်မျိုး... နင့်လိုအချိုးမျိုးပဲဟဲ့......."

" ဟား...... ဟား........ ဟားးးး..........."
ရယ်လိုက်တာ... အားပါးတရ... သူနဲ့တူတယ်ပြောတဲ့ သူ့သမီးအတွက် ၀မ်းပန်းတသာ... ဟန်ဆောင်မှုမပါ... လည်ချောင်းသံကြီးနဲ့......ဆက်ပြောတယ်....

" ဟုတ်တယ် အစ်မ... ကျုပ် သူ့အတွက် အမွေလိုချင်တယ်........"
" ဘာအမွေလဲ......"

" ကျုပ် သမီးကို နားကပ် ပန်ပေးချင်လို့......"
ဒီစကားကြားတော့ မိခင်ကြီးက အာမေဋိတ်သံနဲ့..........
" ဟင်..... ဟဲ့...... အောင်ဆန်းရဲ့.... နေပါဦး.... နင် တပ်မှာ အကြီးဆုံးဆို....."
" ဟုတ်တယ်လေ အစ်မ........ ဘာဖြစ်လို့လဲ......."

" နင် တိုင်းပြည်ခေါင်းဆောင်ဆို........"

" အစ်မကလဲ ဟုတ်တယ်လေဗျာ.... အဲဒါ ဘာဖြစ်လို့လဲ......."

" နင်တို့ လင်မယားမှာ ဒီကလေးပေါက်စလေးရဲ့ နားပေါက်လေး ဟောင်းလောင်းကို ထိုးပေးစရာ ရွှေလေးတောင် မရှိဘူးလား.........."

" ဟာ..... အစ်မရာ....

ကျွန်တော် မခင်ကြည်နဲ့ နေ့တိုင်း တိုင်ပင်တယ်... အောင်ဆန်းဦးကို မွေးတော့ ယောက်ျားလေး... ယောကျာ်းလေးဆိုတာဘောင်းဘီအပြဲနဲ့ လမ်းပေါ်ပြေးနေလဲ တင့်တယ်ပါတယ် ကြည်ရယ်...... ကြည် ကို့ကို နားပူနားဆာ မလုပ်နဲ့နော်.. ကို ပိုက်ဆံမရှာတတ်ဘူး.....

အောင်ဆန်းလင်း မွေးပြန်တော့လဲ... ကြည် ရေ.. သားလေးတစ်ယောက် မွေးပြန်ပြီ.... ယောကျာ်းလေးဆိုတာ ဘောင်းဘီမပါဘဲ လမ်းမပေါ် ကျွမ်းထိုးဆော့နေလဲ လူကြည့်လို့ တင့်တယ်တယ် ကြည်ရယ်... မင်းငါ့ကို ပိုက်ဆံ မရှာခိုင်းနဲ့နော်.....

ကျုပ်တို့ ဒီလို နေခဲ့ကြတယ်...

အခုတော့ အစ်မရယ်... ကျွန်တော်က သမီးလေး..... ကျွန်တော် အများကြီး မလိုချင်ဘူး အစ်မ..... ကျွန်တော့်သမီးလေးက

ပေါက်စလေး... တစ်ကျပ်သားမလိုဘူး... ငါးမူးသားလဲ မလိုဘူး... တစ်ပဲသားတို့ နှစ်ပဲသားတို့ ကျွန်တော် နားမလည်ဘူး အစ်မရယ်.... ရွှေအကြောင်း ကျွန်တော် မသိပါဘူး... လူမြင်တင့်တယ်ရုံလေး နားပေါက်လေး ဖောက်ပြီး ရွှေလေးသေးသေးလေးကို ထိုးထည့်ပေးချင်တယ်......... ဒီအတွက် အမွေတောင်းဖို့ တက်လာတာ........ အစ်မ ကျုပ်ကို အမွေပေးပါ.......... "

အဲ့ဒီကျတော့ မိခင်ကြီးက" ဟဲ့ကောင် အောင်ဆန်း.... မပေးနိုင်ဘူး................"

"ဗျာာာာာာာာာာ..................."

အဲဒီလို့ အော်လိုက်တဲ့အသံ.... နတ်မောက်မြို့ညတစ်ညရဲ့ ခြောက်ခြားစရာအကောင်းဆုံးအသံ ဖြစ်ပါလိမ့်မယ်....

သမီးကို နားကပ်ဆင်ဖို့အရေး ဘာများလုပ်ရကောင်းမလဲလို့ တွေးရင်းနဲ့....တံတွေးကို သုံးလေးကြိမ် မျိုချရင်း ဇနီးသည်ကို တစ်ချက် လှမ်းကြည့်တယ်...

ကြည့်တဲ့ အကြည့်ကို ဘာသာပြန်ရရင်ဖြင့်......

" ကြည်ရေ.... ကိုတို့ သားအမိကြား ဆက်ဆံရေးကို မင်း အထင်သေးနေပြီလား...... ရှုတ်ချနေပြီလား.... "
ဒီအဓိပါယ်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက်လှမ်းကြည့်ပြီးတဲ့နောက် မျက်လုံးက ပေကလပ် ပေကလပ်... တံတွေးတွေကို အံတင်းမျိုချလို့.......... ခေါင်းငုံ့နေလိုက်တာ မျက်နှာ ပြန်မမော့နိုင်တော့ပါဘူး....

မိခင်ဖြစ်သူက ဆက်ပြီး ပြောပြန်တယ်....

" ငါပြောမယ် အောင်ဆန်း.... ငါမွေးထားတာ နင်တစ်ယောက်ထဲ မဟုတ်ဘူး.... အားလုံး သားသမီး (၉)ယောက်... နင် အငယ်ဆုံး.... ငါမသေသေးဘဲနဲ့ နင်က ကိုးပုံပုံပြီး အမွေ လာခွဲတာပေါ့....... မပေးနိုင်ဘူးဟေ့....... "

" ဟာ...... အစ်မ... ခင်ဗျားစကားဗျာ...... ဘာစကားလဲဗျာ.... အစ်မ..... ခင်ဗျားစကားကို ဒီမှာရပ်..... ကျုပ်အခု လာတောင်းတာက သားသမီး(၉)ယောက်မှာ အငယ်ဆုံးဖြစ်တဲ့ အောင်ဆန်းက ကိုးပုံပုံပြီးတော့ ကျုပ်ရသင့်တဲ့ တစ်ပုံကို ရပိုင်ခွင့်အနေနဲ့ တောင်းတာ မဟုတ်ဘူးဆိုတာကိုတော့ ခင်ဗျား သိထားဦး....... ခင်ဗျားမြေးဗျ.... မိန်းကလေး... နားကပ် ပန်ပေးဖို့ ကြံရာမရလို့ ခင်ဗျားဆီ လာတောင်းတာကို ခင်ဗျား ဒီစကားပြောတယ်....... ကြည်ရေ......... နက်ဖြန်အတွက် ရထားလက်မှတ် ၀ယ်ထားတော့.... ကိုတို့ ရန်ကုန် ပြန်မယ်...... "

အဲဒီညမှာ လင်မယားနှစ်ယောက်သား တစ်ညလုံး အိပ်မပျော်နိုင်ဘဲ အနာဂတ်ကို ငေးရင်း တွေးရင်း မောရင်းနဲ့....နောက်နေ့မိုးသောက်ယံမှာ အမွေမရဘဲ ရန်ကုန်မြို့ကို ပြန်ခဲ့ရပါတယ်...

ကျွန်တော်တို့အားလုံးရဲ့ ကျေးဇူးရှင်.... မြန်မာ့လွတ်လပ်ရေးဖခင်ကြီး....အသက်(၃၃)နှစ်မပြည့်ခင် အသက်စွန့်သွားတဲ့သူ...ဘ၀တစ်ခုလုံးကို တိုင်းပြည်အတွက် ပေးအပ်ထားတဲ့သူ.....
ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို တန်ဖိုးထားတဲ့သူ....သူ့ရဲ့ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုတွေများစွာထဲက တစ်စိပ်တစ်ပိုင်း အဖြစ်အပျက်လေးပါ....

အဲဒီသူရဲ့ မွေးရပ်ဇာတိ နတ်မောက်မြေ..... သူမွေးဖွားကြီးပြင်းခဲ့တဲ့ နေအိမ်....သမီးအတွက် အမွေပြန်တောင်းတာ မရလို့ ကြံရာမရဖြစ်ပြီး အိပ်မပျော်နိုင်ဘဲ ညတာရှည်ကြီးကို
ကျော်လွန်ဖြတ်သန်းခဲ့တဲ့အိမ်.........

ကျွန်တော် ရောက်ဖူးချင်တာ ကြာပါပြီ....

လွန်ခဲ့တဲ့နှစ်နှစ်လောက်က အဲ့ဒီနတ်မောက်မြို့လေးနဲ့ ကပ်လျက် မြို့တစ်မြို့မှာ ကျွန်တော် တာဝန်ကျခဲ့ဖူးတယ်... လူကြီးတွေရဲ့ နားလည်မှုနဲ့ ကျွန်တော့်ဆန္ဒအတိုင်း အဲ့ဒီမြို့ကို မသွားဘဲ ရုံးချုပ်မှာပဲ နေခဲ့တယ်.. ဒါပေမယ့် မသွားမဖြစ်လို့ တစ်ခါတော့ သွားခဲ့ရဖူးတယ်.... လမ်းကြောင်းတစ်ခုကို တာဝန်ကျရာ မန္တလေးတိုင်းအဆုံး ပျော်ဘွယ်မြို့နယ်နဲ့ မကွေးတိုင်းအစ နတ်မောက်မြို့နယ်တို့ရဲ့ နယ်စပ်တစ်နေရာကနေ ကြိုခဲ့ဖူးတယ်... ပျော်ဘွယ်-ရွာမွန်-နတ်မောက်လမ်း တစ်နေရာကနေ လမ်းကြောင်းကို စောင့်နေရင်း သတိရမိတာက ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး.... တိုင်းပြည်အတွက် သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ.....

နောက်တစ်ခေါက် ကျွန်တော်ရောက်တာက မနှစ်ကပေါ့.... ပြန်တမ်းဝင်အရာရှိအဖြစ် ရာထူးတိုးခြင်းခံရလို့ အဲ့ဒီမြို့ကို release order သွားယူတဲ့ကာလ... သူများတွေ လွယ်လွယ်ရတာမှန်သမျှ ကိုယ့်ကျရင် ခက်ခဲတဲ့ကံက အကျိုးပေးပြီးသားဆိုတော့ အဲ့ဒီမြို့လေးမှာ ရက်အတော်ကြာနေနေရတဲ့အချိန်.... သွားချင်မိပြန်တယ်... ဒီမြို့ကနေ သိပ်မဝေးတော့တဲ့ နတ်မောက်မြို့ဆီကို....

ဘာသွားလုပ်ချင်တာလဲလို့မေးရင် အရာရှိတစ်ယောက်အဖြစ် စတင် တာဝန်ထမ်းဆောင်ခါနီးမှာ အဲဒီအမျိုးသားခေါင်းဆောင်ကြီးကို သွားပြီး ဂါရ၀ပြုချင်တာ....
လူသေပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်စီနှလုံးသားတွေမှာ အမြဲ ရှင်သန်နေတဲ့သူ.....သူတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ....... အသက်ပေးပြီး သူယူပေးခဲ့တဲ့ လွတ်လပ်ရေး..... သူကျေးဇူးတွေက အနန္တ........ သူ့တန်ဖိုးက အန ဂ္ဃ...... အဲဒီကျေးဇူးတရားတွေကို ပူဇော်ချင်တာ......

ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးရင်း အဲ့ဒီ ပုဂ္ဂိုလ်ကြီးကို ကတိပေးချင်တာ........... တိုင်းပြည်ရဲ့ အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်က သူ့သမီးကို နားကပ်ဆင်ဖို့အရေး အမေ့ဆီ အမွေတောင်းဖို့ ပြန်လာခဲ့ရတဲ့အိမ်.... ဒီအိမ်ကို ရောက်လာတဲ့ ကျွန်တော်က ကိုယ့်ဘာသာ ပြန်ဆင်ခြင်ကြည့်ချင်တာ........

အမျိုးသားခေါင်းဆောင်ကြီးရဲ့ သန့်ရှင်းဖြူစင်တဲ့ ကိုယ်ကျင့်တရားနဲ့ အကျင့်သီလ......... သူနဲ့ နှိုင်းရက်စရာမရှိတဲ့ ကိုယ်တိုင်ရဲ့ ဘ၀ရပ်တည်မှုအနေအထား...... အတတ်နိုင်ဆုံး ကြိုးစားရွေးချယ်ထားတဲ့ လက်ရှိနေရာဌာန.......... ပုထုဇဉ်တို့ရဲ့ သဘောအတိုင်း ဖြစ်လာတတ်တဲ့ လောဘကိလေသာတွေရဲ့ ဝေးရာကို အမြန်ဆုံး ရုန်းထွက်ခဲ့တဲ့ အတွေ့အကြုံ........ လုံးဝစွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ အတတ်နိုင်ဆုံး ကိုယ်တိုင်ထိန်းသိမ်းဆောက်တည်နေတဲ့ ကိုယ်ကျင့်တရား..........

အဲ့ဒါတွေကို ပြန်ဆင်ခြင်ရင်း ရှေ့ဆက်ပြီးတော့လဲ ပိုပြီး သန့်ရှင်းတဲ့ ၀န်ထမ်းကောင်းတစ်ယောက် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရပ်တည်နေထိုင်သွားပါမယ် ဆိုတဲ့အကြောင်း အမျိုးသားခေါင်းဆောင်ကြီးကို တိုင်တည်သစ္စာပြု ကတိပေးချင်တာ...........

ဒီအတွက် မနက်ဖြန် (၆၆)နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီးရဲ့ မွေးရပ်မြေ အညာမြို့လေးကို ခရီးထွက်ပါဦးမယ်...........

[သတင်းစာဆရာကြီး ဦးညိုမြရေးသားသော " အောင်ဆန်း အမွေတောင်းခန်း " ဆောင်းပါးကို ဆရာမောင်သာချို၏ " တန်ဖိုး " စာပေဟောပြောပွဲတွင် ဟောပြောမှုကို နားထောင်ပြီး ရေးသားခြင်းဖြစ်ပါသည်။ ဆောင်းပါးကို မဖတ်ဖူးပါ၍ အမှားအယွင်းရှိပါက သည်းခံပေးကြပါရန်။]

အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဦးညွှတ်ဂါရ၀ပြုရင်း..........
ဇာရည် ပွင့်

7.18.17
ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်အခါမျှ ရန်ဖြစ်မည် မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေမည် ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊ အယ်ဒီတာများတို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''သတင်းသမားတွေမေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျွန်တော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း...

တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုသည်မှာလည်း စာထဲတွင်သာ ရှိနေသေးပြီး လက်တွေ့ မရှိသေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်သည့်အခါတွင် ပါတီတစ်ခုနှင့်တစ်ခု ရန်သူလို သဘောထားပြီး ဆက်ဆံ ဆောင်ရွက်နေမည် ဆိုပါက ပြီးခဲ့သည့် အတိတ်ကာလ သမိုင်းကြောင်းကို ပြန်ရောက် သွားနိုင်သည်ဟု ထည့်သွင်း ပြောကြားသည်။
7.18.18
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
''အရင်တုန်းက အင်မတန်မှ အင်အားကြီးပြီး စည်းလုံးညီညွတ်ခဲ့တာ ဖဆပလ ပါတီပါ။ အဲဒီနောက်ပိုင်း ပထစ ပေါ်လာတယ်။ နောက် ပမညတ ပေါ်လာတယ်။ အဲဒီတုန်းက ပါတီတစ်ခုနဲ့ တစ်ခုဟာ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်လို သဘောမထားဘဲ ရန်သူလို သဘောထားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီကစပြီး အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့တယ်။ ဒါကြောင့် ဒါတွေကို သင်ခန်းစာယူပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှာ NLD ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲဒီပါတီရဲ့ ခေါင်းဆောင် ဖြစ်သလို တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း ခေါင်းဆောင်များကို ကြည့်ပြီး ညီညွတ်လာမည် ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားသွားသည်။

Eleven media group

၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းအနေနဲ့လည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

နိုင်ငံရေးမှာ တံခါးအားလုံးဖွင့်ထားတဲ့ နိုင်ငံရေးကိုသာ ယုံကြည်ကြောင်း အဲဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန် ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် မျှတအောင်လုပ်ပေးရမှာပေါ့၊ အဲတော့ ဥက္ကဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ကျမသမ္မတဖြစ်နိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကိုလည်း လုပ်ပေးရမှာပေါ့၊ အဲဒီလိုမလုပ်ပေးရင် အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ဒီလိုပဲကျမက သတ်မှတ်ရမှာပဲ၊ ဘယ်သူကသာတယ်နာတယ်ဆိုတာဟာ နိုင်ငံရေးမှာဆိုလို့ရှိရင် လူတစ်ယောက်က အမြဲပဲသာနေမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ လူတွေရဲ့လိုအပ်ချက် အရ ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အရည်အချင်းလိုအပ်ချက်တွေ က ပြောင်းသွားတတ်ပါတယ်၊ ဒါကြောင့်ဘယ်သူမှ ထာဝရအစဉ်အမြဲ သာတယ်ဆိုတာမရှိနိုင်ပါဘူး၊ နောက်ဆုံးကျတော့ ပြည်သူ လူထုက ရွေးချယ်မှာပါ၊ အဲဒီတော့ နိုင်အောင်လုပ်တယ်ဆိုတာဟာ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် နဲ့ ပြတ်ပြတ်သားသားလုပ်လို့ရှိရင် အနိုင်ရမယ်လို့ ကျမတို့ဒီလိုယုံကြည်ပါတယ်"

ဒါ့အပြင် ၂ဝ၁၅ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ချက်ရှိသလို တကယ်အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သတင်းမီဒီယာသမား အတော်များများနဲ့ ဒီနေ့တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအပြင် ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

RFA



သမ္မတ ဦးသိန်းစိန် လန်ဒန်ရောက်ခိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ တောင်အာရှ အယ်ဒီတာ ဒေါ်တင်ထားဆွေက သီးသန့် တွေ့ဆုံ မေးမြန်း ထားတာ ဖြစ်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း အပိုင်း ၂ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ ကြားက တိုက်ပွဲ တွေ ဖြစ်နေခြင်းဟာ သမ္မတက အမိန့်ပေး ပေမယ့် စစ်တပ် က မနာခံတဲ့ သဘော မဟုတ်ကြောင်း ဖြေကြား ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း အပိုင်း ၂ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ ကြားက တိုက်ပွဲ တွေ ဖြစ်နေခြင်းဟာ သမ္မတက အမိန့်ပေး ပေမယ့် စစ်တပ် က မနာခံတဲ့ သဘော မဟုတ်ကြောင်း ဖြေကြား ပါတယ်။တနိုင်ငံလုံး အတိုင်းအတာ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် နေရာမှာ ကချင် ပြည်နယ် မှာ သေနတ်သံ မကြားရတော့ သလို ကရင် မှာလည်း အေးချမ်း နေတဲ့ အကြောင်း၊ ရှမ်းပြည် မှာ ကြိုကြား တိုက်ပွဲ ဖြစ်နေရ ခြင်းမှာ လက်နက်ကိုင် အဖွဲ့တွေ က ဆက်ကြေး တောင်းတဲ့ အတွက် နယ်မြေ လူထု က ပြောလို့ စစ်တပ် က သွားရောက် ရှင်းလင်း ရကြောင်း၊ ဒါကြောင့် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့နဲ့တိုက်ပွဲတွေ လုံးဝ ပျောက်အောင် လုပ်နေပုံ သမ္မတ က ပြောပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်းမာရေးနဲ့ အသက်အရွယ် အရ ဒုတိယ သမ္မတ သက်တမ်း အတွက် အစီအစဉ် မရှိတဲ့ အကြောင်း၊ လုပ်ပေးလိုတဲ့ အချက်တွေ က ငြိမ်းချမ်းရေး၊ နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်တွေ အတွက် ကောင်းမွန်တဲ့ အနာဂတ် ဖန်တီးရေး စတာတွေ စဉ်းစားပေး နေတဲ့ အတွက် သမ္မတ ဝင်ရွေးမယ် လို့ အတိအလင်း ထုတ်ဖော် ပြောတဲ့ သူရ ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်း စုကြည် ဟာ ပြိုင်ဘက်တွေ မဟုတ် ကြောင်း သမ္မတ ဦးသိန်းစိန် က ဖြေကြားပါတယ်။

မြန်မာနိုင်ငံ ထုတ် ဂျာနယ် စာစောင်တွေ မှာ အတိုက်အခံ တွေ ကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ နဲ့ပတ်သက်လို့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲချိန် မှာ ထိခိုက်မှု ရှိမရှိ ဆိုတဲ့ မေးခွန်းကို ဖြေရာမှာ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ပြုထားတဲ့ အတွက် လူပုဂ္ဂိုလ် တယောက် ကို နစ်နာ ထိခိုက်အောင် ရေးခဲ့ရင် တရား ဥပဒေ အရ အကာအကွယ် ပေးမယ့် အကြောင်း သမ္မတ ဦးသိန်းစိန် က လန်ဒန် ခရီးစဉ် အတွင်း ဘီဘီစီ ရဲ့ သီးသန့် မေးမြန်းခန်း မှာ ဖြေကြား သွားပါတယ်။

ဘီဘီစီ

စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့် ရရန်အတွက် ပညာရေး အထောက်အထား တင်ပြရာတွင် လိမ်လည် တင်ပြမှုဖြင့် အစစ်ဆေးခံနေ ရသော နိုင်ငံခြားသား ၂၅ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသား ၂၅ ဦးမှာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားရာ၌ ပညာရေး အထောက်အထား စာရွက် စာတမ်း အတုများကို တင်ပြခဲ့သည့် အတွက် မေလအတွင်းက တရားစွဲဆို ခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှု ထင်ရှား သဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုနိုင်ငံခြားသား ၂၅ ဦးမှာ မြန်မာနိုင်ငံမှ ၂၁ ဦး၊ အိန္ဒိယနိုင်ငံမှ သုံးဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ တစ်ဦး ဖြစ်ပြီး အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ငါးဦးဖြစ်ကာ အသက် ၁၉ နှစ်မှ ၄၈ နှစ် ကြား ရှိသူများ ဖြစ်ကြောင်း သိရသည်။

ထို ၂၅ ဦးသည် ၂၀၁၂ ခုနှစ် မေလမှ သြဂုတ်လအတွင်းတွင် အလုပ်လုပ်ခွင့် ပါမစ် ကြီးကြပ်ရေးဌာန သို့ အလုပ် လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၅ ဦး စလုံးမှာ အချက်အလက် အမှားများဖြင့် လိမ်လည် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

၂၅ ဦး အနက်မှ ၂၄ ဦးမှာ ၎င်းတို့၏ ပညာရေး အထောက်အထား စာရွက်စာတမ်း အတုများကို ၎င်းတို့၏ မိခင် နိုင်ငံများမှ ရယူကာ ထိုအထောက်အထား အတုများဖြင့် အလုပ်သမား ဝန်ကြီးဌာနသို့ ၎င်းတို့ ဘာသာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ကျန်တစ်ဦးမှာမူ အလုပ်လုပ်ခွင့် ပါမစ်ကို ပညာရေး အထောက်အထား အတုဖြင့် အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် တစ်ခုမှ တစ်ဆင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သော်လည်း ထိုအလုပ်အကိုင် ရှာဖွေရေး အေးဂျင့်က ထိုစာရွက်စာတမ်း အတုနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ လျှောက်ထားသည့် အချိန်က စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနသည် စာရွက် စာတမ်း အတုများကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိသဖြင့် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးခဲ့ပြီး ယခုနှစ် မေလတွင်မှ စာရွက်စာတမ်း အတုများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက်တွင် တရားစွဲဆိုခြင်း ခံရသော နိုင်ငံခြားသား ၂၅ ဦးစလုံးမှာ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထိုနိုင်ငံခြားသား ၂၅ ဦးအနက်မှ ၂၀ ဦးကို ထောင်ဒဏ် လေးပတ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးကို ငွေဒဏ် စင်ကာပူ ဒေါ်လာ ၅၀၀၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့ စိန်မေရီဘုရားကျောင်းမှာ ဇူလိုင် ၁၇ရက်နေ့ညနေမှာ ကျင်းပခဲ့ပါတယ်။

Photo..Generation wave
(UPI မှ 17 July 2013 ရက်စွဲပါ “Myanmar faces additional rights scrutiny ” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီး၍ တရားစွဲ ဖိအားပေးမှုသည် တိုင်းပြည်တွင်း ဖြစ်ဆဲ၊ ရှိဆဲ ပြဿနာများ၏ ပုံရိပ်အဖြစ် တင်ဟပ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ပြောကြားသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း လူ့အခွင့်အရေးအုပ်စု The Obserratory for the protection of human rights defenders ကပြောကြားလိုက်ခြင်းဖြစ်စသည်။ မြန်မာ နိုင်ငံမှ Generation wave လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဝေဖြိုးကို တမင်တကာတရားစွဲဖိအားပေးမှုအပေါ် စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်း အဆိုပါ အဖွဲ့က ပြောကြားသည်။

ဝေဖြိုးနှင့် အဖွဲ့ဝင်များသည် တရားမဝင် ပုံနှိပ်စာတမ်းများ ဖြန့်ချီမှုကို တားမြစ်သော ၁၉၆၂ ဥပဒေအရ ဖမ်းဆီး ခံရခြင်း ဖြစ်သည်။ ဝေဖြိုးကို လောလောဆယ်တွင် အချုပ်ခန်းအတွင်း ဖမ်းဆီးထားပြီး၊ ဇူလိုင် ၂၅ ရက်နေ့ တွင် တရားရုံး ထုတ်မည်ဖြစ်သည်။ ၎င်း၏လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာမူ အလားတူစွဲချက်များဖြင့် ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ပေးခြင်းခံရ သည်။

ဝေဖြိုးရဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ပိတ်ပင်ဖို့ တမင်တကာရည်ရွယ်လို့ယူဆရတဲ့ ဖမ်းဆီး တရားစွဲဆိုမှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်ဟု လူ့အခွင့်အရေးအုပ်စုက အင်္ဂါနေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ စတင်ခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံ တကာ၏ ချီးကျူးခြင်း၊ ကြိုဆိုခြင်းကို ခံယူနေရသော်လည်း ယင်းနိုင်ငံတော်၏ လူ့အခွင့်အရေးမှတ်တမ်း (သို့) အနေအထား မှာမူ ဆက်လက်တင်းကြပ်မှုကို ရင်ဆိုင်နေရဆဲပင်ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ လန်ဒန်တွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ မွတ်ဆလင် ပဋိပက္ခကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ကင်မရွန်း က တိုက်တွန်း ထားသည်။ မနေ့က ဦးသိန်းစိန်တွေ့ဆုံခဲ့သော ပြင်သစ်သမ္မတကလည်း အလားတူပင်တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးကို အပြည်အဝပေးလိုက်ပါက ယခင်အကြီးအကဲ ဟောင်းနှင့် အပေါင်းအပါများ၏ မတရားမှုများနှင့် ကိုယ်ကျိုးရှာမှုများ (ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်သကဲ့သို့) ဖော်ထုတ်ခံ ရမည်ကို စိုးရိမ်သောကြောင့် အကန့်အသတ်နှင့် ဖြေလျှော့ကာ တင်းကြပ်ထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေးထားကြသည်။

yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.