07/21/13

ရေးသားသူ- ဘစီ

မှတ်မိသေးတယ်ဗျို့။ ကျုပ်တို့ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ ဟင်းကောင်းလေးများ မိဘကချက်ထားရင် တနင့်တပိုးစားပစ်တာကလား။

ဒါကို ကြည့်နေတဲ့ လူကြီးတွေက ပီတိနဲ့ပြုံးကြည့်ပြီး အခုလိုပြောတတ်တယ်။ “အောင်မလေးဟဲ့ကြည့်ပါဦး စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ”တဲ့။

မိဘအနေနဲ့ ကိုယ့်သား၊ ကိုယ့်သမီးက ထမင်း၊ ဟင်းကို ဗိုက်ဆာဆာနဲ့ အားပါးတရစားတာတွေ့လို့ ကျေနပ်စိတ်နဲ့ပြောတာမျိုးဗျ။ ဒါမျိုး လူငယ်ဘ၀ကို ဖြတ်သန်းခဲ့သူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြမှာပါဗျာ။ ကျုပ်တို့ကလည်း အဲဒီလို လူကြီးမိဘတွေကပြောရင် ဘ၀င်ကျ နေတာပဲလေ။

ဟော အခုတော့ ခေတ်တွေကပဲ ပြောင်းလို့လား၊ အနေအထားတွေကပဲ ဖောက်လှဲဖောက်ပြန်ဖြစ်လို့ လားတော့မသိပါဘူး။ ဝေသာလီပြည် ဘီလူးဝင်တယ်လို့ပြောတာကို မနှစ်သက်တဲ့သူတွေ ပေါ်လာပြီခင်ဗျ။

လွှတ်တော်ထဲမှာ အမတ်မင်းအချို့ဟာပြီးခဲ့တဲ့ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံး တပ်မတော် အပါအ၀င် လုပ်ငန်းရှင်တွေ၊ ပိုင်ရာ၊ ဆိုင်ရာတွေက လယ်သမားကျောမွဲတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူတာနဲ့ပတ်သက်ပြီး မနေ့တစ်နေ့ကတင်ပဲ အပြန်အလှန်
“တွယ်” ခဲ့ကြတယ် မဟုတ်လား။

အဲသလိုဖြစ်တဲ့ထဲမှာ ဘယ်ဟာက ဘယ်လိုထပြီး “ငြိ” တယ်တော့ မသိဘူးဗျ။ အမတ်မင်းတစ်ယောက်က ဘယ်လိုထပြောသလဲဆိုတော့ အဲသလို အရင်အစိုးရလက်ထက်မှာ မြေသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ ဆိုးရွားသလဲဆိုတော့ ဝေသာလီပြည် ဘီလူးဝင်သ လိုပဲတဲ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အဲဒီအမတ်မင်းလည်း ငယ်ငယ်တုန်းက ထမင်းကို တ၀တပြဲစားခဲ့ဖူးသူ ဖြစ်မှာပါ။

ကျုပ်တို့လူမျိုးက ဟာသကြွယ် တယ်ဗျ။ စကားလည်းကြွယ်တယ်။ စကားကြွယ်လွန်းတဲ့ လှတောသားဆိုတာတောင်မှ သတ်သတ်ရှိသေးမို့ လား။ စကားတွေ ပြောရင် ပုံတိုပတ်စတွေ၊ ဥပမာ၊ ဥပမေယျတွေ ညှပ်ညှပ်သုံးတာကလည်း ကျုပ်တို့လူမျိုးတွေရဲ့ စကားလုံးဝေါဟာရ ကြွယ်ဝ ပုံကိုပြတာပါပဲ။

အခုလည်း အမတ်မင်းက လွှတ်တော်ထဲမှာ မြေယာသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ သောင်းကျန်းသလဲဆိုတော့ကာ ဝေ သာလီပြည် ဘီလူးဝင်သလိုပဲဆိုပြီး သုံးတာဟာ တမင်ရည်ရွယ်ချက်နဲ့ ပြောတာဟုတ်ချင်မှ ဟုတ်မှာပါ။ သူပြောလိုရင်း အဓိပ္ပာယ်ကို ပိုမိုထင် ရှားစေချင်လို့ အမှတ်တမဲ့သုံးနှုန်းလိုက်တဲ့ စကားလုံးလည်းဖြစ်နိုင်တာပဲ။

နို့ ဒါနဲ့ နေပါဦးဗျာ။ ဝေသာလီပြည် ဘီလူးဝင်တာ ဘယ်လိုတုံး။ ကျုပ်တော့ မှန်းဆမရဘူး။ သိချင်လို့ စာထဲဖတ်ကြည့်တော့လည်း ရှေး ရှေးတုန်းက ဝေသာလီမြို့တော်ကို ဘီလူးတွေဝင်ပြီး လူတွေကို သတ်ဖြတ်စားသောက်ကြတာ အရိုးအရင်းပဲ ကျန်တယ်ဆိုကိုး။

ဒီအပေါ်မှာ အခြေတည်ပြီးတော့ ကျုပ်မျက်လုံးထဲ မြင်ကြည့်မိတာ တစ်ခုတော့ရှိသဗျ။ ဒါကတော့ အဲဒီဘီလူးတွေဟာ အစာရေစာ ငတ်နေရမယ်ဗျ။ မဟုတ်ဘူးလား။ ငတ်နေလို့သာ ကလေးလူကြီး ဘာဘာညာညာမရွေးဘဲ တွေ့ကရာ ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါ အကုန်စားမယ်ဆိုပြီး ဖြစ်တာနေမှာပေါ့။

တော်ရုံတန်ရုံ ဗိုက်ဆာရုံ လောက်နဲ့တော့ လုပ်ဟန်မတူဘူးဗျ။ အဲတော့ ဝေသာလီကို ရောက်သွားတဲ့ ဘီလူးတွေဟာငတ်နေတဲ့အကောင် တွေပဲ ဖြစ်နိုင်တယ်။ လက်တွေ့ကျ၊ မကျ သေချာချင်ရင် ကျုပ်တို့ငယ်ငယ်တုန်းက မိဘတွေပြောတဲ့ နင်တို့များစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ဆိုရတဲ့ အခြေခံအကြောင်းရင်းကို စဉ်းစားကြည့်ဗျ။

တစ်နေကုန်ဆော့ပြီး ပြန်လာရာကနေ ညနေမှာ ဗိုက်ကလည်းဆာနေ၊ ကိုယ်ကြိုက်တတ်တဲ့ ဟင်းကောင်းကလေးကိုလည်း လူကြီးတွေက ချက်ပြုတ်ထားတာမျိုးနဲ့ ကြုံချိန်မှာ ကျုပ်တို့ တ၀တပြဲစားကြရဲ့ မဟုတ်လား။ ဒီအခါမှာ တချို့များ ထမင်းတစ်အိုးချက်လောက်တောင် ကုန်တဲ့အခါ ကုန်ရဲ့မဟုတ်လား။ ဒါကို မိဘတွေက ငါ့သားကလေး စားလိုက်တာ။ ငါ့သမီးကလေးစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ ပြောတာပါ။

ကျုပ်တို့ကလည်း ဒီအခါမျိုးကျရင် ငါ့အဖေကတော့ဖြင့်၊ င့ါအမေကတော့ဖြင့်၊ ငါ့ဦးလေးတွေကတော့ဖြင့် ငါ့ကို ဘီလူးနဲ့နှိုင်းတာပဲဟဲ့။ ငါ့ကို မကောင်းဆိုးဝါးနဲ့ နှိုင်းတာပဲဟဲ့လို့ ငြိုငြင်ခြင်း၊ စိတ်ကွက်ခြင်း မရှိခဲ့ရိုးအမှန်ပါဗျာ။

ကိုယ့်ဟာကိုယ်တော့ ဗိုက်ဆာဆာနဲ့ ထမင်းစားလို့ ကျေနပ်နေမှ မင့်ဟာ။ ဘီလူးနဲ့နှိုင်းတာလည်း မခံနိုင်စရာ ဘာရှိတာမှတ်လို့။ ကိုယ်က လည်း အဲဒီလို စကားပုံနဲ့ နှိုင်းချင်စရာ ကောင်းလောက်အောင်ကို ၀ါးမြို (အဲ...) စားထားပြီးမှ မဟုတ်လားဗျ။

ကျုပ်တို့လည်း ဗိုက်ကလေးလက်နဲ့ပွတ်၊ နှုတ်ခမ်းလျှာနဲ့သပ်ပြီး ချောင်တစ်ချောင်မှာ အသာမှေးပြီး ၀က်မင်းစည်းစိမ်ခံစားပစ်လိုက်တာပဲ။ ဘီလူးသော၊ ၀က်သောဘာမှ ခံစားမနေအားပါဘူးဗျာ။

ဟော အခုကျတော့ လွှတ်တော်မှာ တပ်မတော်က မြေသိမ်း တာနဲ့ပတ်သက်ပြီး အမတ်မင်းတွေက ဝေသာလီပြည်ကို ဘီလူးဝင်သလိုပဲလို့ ပုံဆောင်သုံးနှုန်းလိုက်လို့တဲ့။ တပ်မတော်ကအရာရှိကြီးတစ်ဦးက စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ သူတို့တပ်မတော်ကို ဘီလူးနဲ့တင်စား ပြောတာဟာ တကယ်တမ်းတွေးကြည့်ရင်ဝမ်းနည်းစရာ ကောင်းပါတယ်လို့သူကပဲ ဆိုသွားသဗျ။

ခက်ရချည်သေးတော့ အရပ်ကတို့ရေ။ အခုတစ်လော လွှတ်တော်ထဲမလည်း ဘာတွေဖြစ်နေတယ်တော့ မသိဘူးဗျ။ လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်လောတုန်းက လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သားအမတ်တွေကို သတိပေးလိုက်တယ်။ ဘာတဲ့ ပြောစရာရှိရင်လည်းပြော၊ ပြော စရာမရှိရင်လည်း မပြောနဲ့ဆိုလား။ ပြောမှာလိုလို၊ မပြောမှာလိုလို မလုပ်နဲ့ဆိုပြီး ကြိမ်းတယ်ဆိုလား ဘာလားသေချာမသိပါဘူးဗျာ။ သူများပြောတာ ကြားရတာပဲ။

ဟော နောက်ထပ်တစ်ခါ လွှတ်တော်ထဲမှာ အမေးအဖြေတွေ ရှိသမို့လား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများက မဲဆန္ဒရှင်များအ ကျိုးငှာ အစိုးရအဖွဲ့ဝင်လူကြီးများကို မေးစရာရှိတာ မေးကြတာမြင်ဖူးမှာ ပါ။ ဒီမှာလည်း အမတ်မင်းတွေ မေးတာနဲ့သက်ဆိုင်ရာ အစိုးရလူကြီးတွေ ပြန်ဖြေတာက လွဲချော်နေဆိုလား။

ဒါကို ဘ၀င်မကျတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အမေးနဲ့အဖြေတွေ ကိုက်ညီရမယ်လို့ဆိုသတဲ့။ နောင်ကို ဒီလိုမျိုးမဖြစ်စေရအောင် လုပ်ရ မယ်လို့ မိန့်သတဲ့။ ဒီအကြောင်း သ တင်းတွေထဲမှာဖတ်ရတော့ ကျုပ်လည်း စကားပုံတစ်ခု သွားသတိရ တယ်။

ဘာတဲ့။ “အမေးဘုရားလောင်း၊ အဖြေကျွဲကျောင်း” ဆိုလား။ ဒါပေသိ အခုလို အခြေအနေမျိုးမှာ တရားဝင်မပြောရဲဘူးဗျ။ ကိုယ်ကတော့ စကားပုံမို့ ရိုးရိုးသားသား သုံးလိုက်တာမှန်ပါရဲ့။ နို့ပေမယ့် သက်ဆိုင် ရာဖြေဆိုသူများက သူတို့ကို “ကျွဲ” နဲ့ နှိုင်းရပါ့မလားလို့ အတွေးပွားပြီး အ ရေးယူမယ့် စကားပြောလာရင် မခက်ပါလား။

ကျုပ်ဆိုလိုတာက ဒီ့နောက်ပိုင်းမှာ စကားပုံတွေ သုံးတာလည်း ဆင်ခြင်ရမယ်လို့ ပြောတာဗျ။ ကိုယ်ကနှုတ်ရေးကြွယ်လို့ ဆိုလိုက်ပေမယ့် အတွေးကြွယ်ကြွယ်နဲ့ တွေးတတ်သူ တွေကြားမှာ အဓိပ္ပာယ်ခြားနားချက်တွေ ရှိတယ်လို့ ဆိုချင်တာပါ ခင်ဗျာ။

စကားပုံတွေကို သုံးသာသုံးနေတာပါ။ အဓိပ္ပာယ်မည်မည်ရရ ကျုပ်က မသိတာများပါတယ်။ အခုပဲကြည့် ဝေသာလီပြည် ဘီလူးဝင် တယ်ဆိုတာ သူများသုံးလို့သာ ရောယောင်ပြီးသုံးနေတာ။ အဓိပ္ပာယ်ရည်ရွယ်ချက် တိတိကျကျ ရှင်းပြစမ်းပါဆိုရင် ကျုပ်ဖြင့် မရှင်းတတ် ရိုး အမှန်ပါရယ်။

ငယ်ငယ်က ကျုပ်တို့အစားကျူးလို့ မိဘတွေက ဝေသာလီပြည်ဘီလူးဝင်တယ်လို့ ပြောတယ်။ ကျုပ်က မှတ်ထားလိုက်တယ်။ သြော်.. ဝေသာလီပြည် ဘီလူးဝင်တာဟာဖြင့် ကျုပ်တို့ထမင်းကို အူယားဖားယားနဲ့ တနင့်တပိုးစားသလိုမျိုးပါလားလို့ပဲ မှတ်လိုက်တယ်။

ဘီလူးဆိုတာ ဘယ်လိုအကောင်မျိုးလဲ ကျုပ်မသိဘူး။ အစွယ်ကြီးတွေ နဲ့ ကြောက်စရာအသွင်ပုံဖော်ထားပေမယ့် ဒီလောကမှာ ဘီလူးကို မျက် မြင်ကိုယ်တွေ့ တွေ့ဖူးတဲ့လူရှိလို့ လား။ ဘီလူးဆိုတာ ကြောက်စရာကောင်းတယ်ဆိုတဲ့ အချက်တစ်ခုကို အခြေတည်ပြီး အနုပညာလက် ရာရှင်တွေက အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ကြောက်စရာအသွင်ကို ပုံ ဖော်လိုက်တာ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။

ဝေသာလီပြည်ကို ဘီလူးဝင်တော့ ဝေသာလီသားတွေမှာ ငိုကြီးချက်မနဲ့ ပြေးကြလွှားကြ ဖြစ်ကုန်မှာပေါ့။ အ၀တ်အစားကလေး၊ အတွင်းပစ္စည်းကလေးတွေတောင် သယ်သွားနိုင်မှ သယ်သွားနိုင်မှာဗျ။ ဘီလူးဆိုတဲ့ အကောင်ကလည်း ဘယ်နှကောင်လောက် မြို့ထဲကို ၀င်လာသလဲမှ မသိနိုင်တာပဲဗျာ။

ပြီးတော့ အဲဒီခေတ်က ဒုက္ခသည်စခန်းတို့ ဘာတို့လည်း ရှိမထင်ပါဘူးဗျာ။ ပြီးတော့ ဘီလူးတွေကြောင့် သူတို့ဒုက္ခရောက်ရပါတယ်ဆိုပြီး ဘီလူးတွေကို လမ်းပေါ်ထွက် ဆန္ဒပြခွင့်လည်း ရှိမှာမဟုတ်ဘူး။ ဘီလူးက သူ့ရှေ့မှာ ကိုးရိုးကားရား လာလုပ်လို့ကတော့ ၀ါးစားပစ်လိုက်မှာ။

အခုတော့ ဘီလူးနဲ့နှိုင်းတာ စိတ်ကောင်းဖြစ်သူတွေ ဖြစ်နေသတဲ့။ ကျုပ်တနင့်တပိုးစားခဲ့တုန်းက ကျုပ်ကိုယ်ကျုပ် ဘီလူးလို့ မထင်ပေါင်ဗျာ။ ဘီလူးဆိုတာ ဘာကောင်မှန်း ကျုပ်မှမသိတာပဲဗျ။ ကျုပ်ကို ဘီလူးနဲ့ နှိုင်းလို့ ကျုပ်ကထပြီး စိတ်ဆိုးရင် ကျုပ်ဟာ ဘီလူးဖြစ်ကြောင်း ၀န်ခံရာ ရောက်သွားမှာပေါ့။ ဘီလူး မဟုတ်ရင် ဘီလူးလို့ အပြောခံရတာ နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ဆိုးစရာ မရှိဘူးဗျ။

အဲ.. ဘာပဲဖြစ်ဖြစ်ပါဗျာ။ နောင်အခါမှာ ဘီလူးဆိုတာ ဘယ်လိုကောင်မျိုး၊ ဘယ်လိုစရိုက်မျိုးရှိတယ်ဆိုတာ သိချင်လို့ ကျုပ်တို့ရဲ့ နောက်မျိုးဆက်တွေက မေးလာခဲ့ရင် ကျုပ်မယ် လက်ညှိုးထိုးပြစရာ နောက်ထပ် ဘီလူးရုပ်တစ်ရုပ်တိုးလာတယ်ပေါ့ဗျာ။ တော်ကြာ သူတို့ က “ဘီလူးဆိုတာ ယူနီဖောင်းကြီးနဲ့ ပါလားဗျ”လို့များ မှတ်ချက်ပေးလာ ခဲ့မယ်ဆိုရင်တော့....။


(ဤ သရော်စာ စာစုမှာ စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါသည်။)
7Day News Journal

အမှောင်ထဲမှ အလင်းတန်းများနှင့် တွေ့ဆုံခြင်း
မှုံပျပျ ခန်းမထဲသို့ ကျွန်တော်တို့ ရောက်ရှိသွားသောအခါ ခန်းမတစ်ခုလုံး ငြိမ်သက်နေသည်။ ခန်းမ ထဲရှိ အစီအရီချထားသော ထိုင်ခုံများပေါ်တွင် ထိုင်နေသောသူအားလုံးသည် တုတ်တုတ်မှမလှုပ်၊ အာရုံ တစ်ခုကို စူးစိုက်လျှက်ရှိနေသည်။ ထိုခန်းမသည်ကား ဝိပဿနာကျင့်ကြံရာ တရားဓမ္မအားထုတ်ရာ ခန်းမ တစ်ခုတော့ မဟုတ်ချေ။ ငြိမ်သက်တိတ်ဆိတ်နေသော ခန်းမအတွင်းသို့ ကျွန်တော်တို့ရောက်ရှိ နေရာယူ ပြီးသောအခါ ရှေ့ဆုံးစာပွဲထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးငယ်တစ်ဦးသည် နှုတ်ခွန်းဆက်စကားပြော ကာ ကျွန်တော်၏ အထ္ထုပတ္တိအကျဉ်းချုပ်အား ခန်းမတွင်းရှိ လူအများထံ ဖတ်ကြားတော့သည်။ ထို့နောက် ကျွန်တော့်အား စကားပြောပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ တချိန်တည်း ကျွန်တော်ခန်းမရှေ့ရှိ စကားပြော စင်ထပ်သို့ သွားရောက်ကာ “ကျွန်တော်သည် ယခင်က သရုပ်ဆောင် ဒါရိုက်တာ “မင်းသားကျော်သူ” ဖြစ် ကြောင်း၊ သို့ပေမယ့် ယခုအချိန်မှာတော့ “မသာမင်းသား” ဖြစ်နေပြီဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်အနှံ့ လှည့်လည်ပြီးတော့ ကျေးရွာ၊ မြို့များသို့ သွားရောက်ပြီး နာရေးကူညီမှု အယူသီးမှု အကြောင်းတွေသာ ပြောဆိုလုပ်ကိုင် နေရသည့်အတွက်ဖြစ်ကြောင်း” ပြောကြားလိုက်သည်နှင့် တပြိုင် နက်တည်း လက်ခုပ်သြဘာသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကျွန်တော်တို့ လုပ်ကိုင်ပေးဆပ်လျှက် ရှိသော လူမှုရေးလုပ်ငန်းများဖြစ်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) စတင်ဖြစ်ပေါ်လာပုံ၊ ကျေးဇူးရှင် စာရေးဆရာ ဒါရိုက်တာကြီး ဘဘဦးသုခအကြောင်းများနှင့် ကျွန်တော်တို့ လူမှုရေးသမားများ ပေးဆပ် လျှက်ရှိသော လူမှုရေးလုပ်ငန်းရပ်အားလုံးအား Slide Show ရုပ်ပုံလွှာများအား Projecter ဖြင့် ပိတ်ကား ပြင်ထက်တွင် ပြသရင်း မိုက်ခရိုဖုန်းဖြင့် ဟောပြောခဲ့သည်။ ခန်းမတွင်းရှိ လူကြီးလူငယ် ကလေးများမကျန် စိတ်ဝင်တစား ငြိမ်သက်စွာ နားထောင်ရင်း အားပေးချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ယင်းနောက် ခန်းမတွင်းရှိ သူများ၏ သိချင်သောအကြောင်းအရာ အချက်အလက်များအား တစ်ဦးချင်း မေးမြန်းမှုတို့အား ကျွန်တော် ပြန်လည်ဖြေကြားပေးခဲ့ရသည်။ ထိုသူတို့၏ မေးမြန်းသော အချက်အလက်များမှာ အခြားသော ပြည်တွင်း/ ပနိုင်ငံများရှိ ဟောပြောပွဲများတွင် သာမာန်လူတို့၏ မေးမြန်းချက်များနှင့်မတူ ထူးခြားနက်ရှိုင်းမှုတို့ကို တွေ့မြင်ခဲ့ရသည်။

အချို့သော ပြည်ပနိုင်ငံများ၌ မေးမြန်းခဲ့သော “ဦးကျော်သူ ဘာဖြစ်လို့ ဆံပင်ရှည်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးထားရတာလဲ” ဟူသော မေးခွန်းမျိုးနှင့်မတူ သူတို့၏ မေးမြန်းချက်များသည် “အခု လို မွန်မြတ်လှသည့် ဦးကျော်သူတို့ရဲ့အသင်းအဖွဲ့ဖြစ်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က မြန်မာနိုင်ငံ မှာ အသင်းခွဲပေါင်းမည်မျှရှိပြီးတော့ ပြည်သူလူထုတွေကို ကူညီဖေးမပေးနေပါသလဲ”၊ “အခုလို ဦးကျော်သူ တို့ နာရေးတွေလုပ်ကိုင်ကြတော့ အချို့ရောဂါဝေဒနာမျိုးစုံနဲ့ သေသွားကြတဲ့ အလောင်းတွေကို သွားသယ် ကြတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ဘယ်လိုနည်းစနစ်၊ နည်းပညာ တွေနဲ့ လုပ်ပေးပါသလဲ”၊ “ဦးကျော်သူတို့ နာရေးတွေသွားသယ်ကြပြီးတော့ ထမင်းစားတာ၊ စားစရာတွေ ကိုရော ဘယ်လိုပုံစံနဲ့ စားသောက်ကြပါသလဲ၊ ဒီလိုအလောင်းတွေကိုင်ပြီး အသုဘချပြီးတော့ စားလို့ သောက်လို့ရော ဝင်ရဲ့လား” အစရှိသည့် မေးခွန်းများပင်ဖြစ်သည်။ ထို့ကြောင့် ယခင့် ယခင်ဟောပြောပွဲ များနှင့်မတူ ထူးခြားစွာ ကျွန်တော်ဝမ်းမြောက်၊ ကြည်နူး၊ အံ့သြမိပေသည်။ အဘယ်ကြောင့်ဆိုရသော် ယခုသွားရောက် ဟောပြောရသောခန်းမသည် မြန်မာနိုင်ငံ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)ဖြစ်ပြီး ဟောပြောချက်များအား နားထောင်အားပေး မေးမြန်းကြသူများမှာလည်း လူမျိုးဘာသာ ပေါင်းစုံဖြစ်ကြ သော အမြင်အာရုံ ချို့တဲ့နေကြသော (မျက်မမြင်) များပင်ဖြစ်တော့သည်။

လူတို့တွင် မြင်မှု၊ ကြားမှု၊ အနံ့အာရုံခံစားမှု၊ အရသာအာရုံခံစားမှု၊ ထိတွေ့မှုတည်းဟူသော အာရုံ ငါးပါးရှိမှ ပြီးပြည့်စုံသည့် လူသားတစ်ဦးဖြစ်သည်ဟု အဆိုရှိခဲ့သော်လည်း ယခုဆိုလျှင် ထိုအဆိုပြုချက် အား တွန်းလှန်တိုက်ဖျက်နေကြပြီ ဖြစ်တော့သည်။ မျက်မမြင်များသည် အမြင်အာရုံကို အသုံးမပြုနိုင်ကြ သော်လည်း ကြားမှု၊ အနံ့အာရုံခံစားမှု၊ အရသာအာရုံခံစားမှု၊ ထိတွေ့မှုများအား ထိရောက်ထက်မြက်စွာ အသုံးချနိုင်ကြပြီဖြစ်သည်။

တစ်ချိန်က ရုပ်ရှင်လောကတွင် သရုပ်ဆောင်ဘဝ ကျင်လည်စဉ်က ကျေးဇူးရှင် ဒါရိုက်တာကြီး ဘဘဦးသုခနှင့် “အဖေနှင့်သား” ဟူသော ဇာတ်လမ်းရိုက်ကူးစဉ် အချိန်ကာလကလည်း တွေ့ကြုံခဲ့ရဖူး သည်။ ဘဘဦးသုခသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မျက်စိအမြင်အာရုံ အားနည်းလာခဲ့သူ တစ်ဦးဖြစ်သည်။ ဒါရိုက်တာအဖြစ် ဘဘဦးသုခမှ စီစဉ်ညွှန်ကြားရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းတစ်ခုတွင် ကွယ်လွန်သူ အစ်ကိုကြီး ဦးဇော်လင်းနှင့် ကျွန်တော်တို့အား သားအဖချင်း စကားများသော ဇာတ်ဝင်ခန်း ရိုက်ကွက်တစ်ခုအား ရိုက်ကူးနေစဉ် ဘဘဦးသုခသည် ရိုက်ကွင်းပြင်ပဘက်သို့ မျက်နှာလွှဲပြီးနေသည်ကို သတိထားမိသည်။ ထိုဇာတ်ဝင်ခန်း ရိုက်ကူးပြီးချိန်တွင် ဘဘဦးသုခမှ ကျွန်တော့်အား “မောင်ကျော်သူရေ နောက်တစ်ခေါက်လောက် ပြန်ရိုက်ပေးပါကွာ … မင်းရဲ့သရုပ်ဆောင်အိုက်တင် နည်းနည်းလျော့နေတယ်” ဟုပြောလိုက်သဖြင့် ကျွန်တော်အလွန်အံ့သြမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ သရုပ် ဆောင်နေသောဘက်သို့ ဘဘဦးသုခ ကြည့်ရှုနေခြင်းမဟုတ်ဘဲ ဘာကြောင့်များ ကျွန်တော့်၏ သရုပ် ဆောင်မှု (အိုက်တင်)ကို လျော့နေတယ်ဟု တွေးမိခြင်းကြောင့်ပင်ဖြစ်သည်။ ထိုအခါ ဘဘဦးသုခ၏ သား တပည့်တစ်ဦးဖြစ်သူ ဦးနှင်းမိုးနှင့် ဝါရင့်ကင်မရာမန်းကြီးဖြစ်သူ ဦးဖိုးထောင်တို့မှ ကျွန်တော့်အား “ကျော်သူ ရေ … ဘဘက အမြင်အာရုံနည်းပေမဲ့ အကြားအာရုံ အစွမ်းထက်တယ်ကွ၊ မင်းပြောတဲ့ စကားသံရဲ့ အတိမ်အနက်ကို နားထောင်ပြီး မင်းရဲ့သရုပ်ဆောင်အိုက်တင်ကို အတိအကျသိနိုင်တယ်ကွ” ဟူ၍ တိုးတိုး ကလေး ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်တော့်အတွက် အနုပညာနဲ့ပတ်သက်သော သင်ခန်းစာပညာရပ် တစ်ခုအား ရရှိခဲ့ကာ ကျွန်တော်ထပ်မံ၍ ကြိုးစားပြောဆိုသရုပ်ဆောင် ရိုက်ကူးခဲ့သောကြောင့် ဘဘဦးသုခ ကျေနပ်ပီတိဖြစ်သွားခဲ့တော့သည်။

ဤကဲ့သို့ပင် ထူးခြားအံ့ဖွယ် ဖြစ်ရပ်တစ်ခုရှိခဲ့ပေသည်။ ထိုအကြောင်းအရာမှာ ယမုံနာရုပ်ရှင် ထုတ် လုပ်ရေးပိုင်ရှင် ဒါရိုက်တာကြီး ဦးကြီးမြင့်၏ သမီးဖြစ်သူ ဒါရိုက်တာ အိအိခိုင်ရိုက်ကူးခဲ့သော ကျွန်တော်၊ မခိုင်(ထွန်းအိန္ဒြာဗိုလ်)၊ ဖိုးသောကြာ၊ ပုလဲဝင်းတို့ပါဝင်သော “ရတနာ” ရုပ်ရှင်ဇာတ်ကားကြီး ပြသစဉ် အချိန်ကာလကဖြစ်သည်။ ထိုအချိန်က ဒါရိုက်တာအိအိခိုင်မှ ရုပ်ရှင်အထူးပွဲစဉ် ပြသပွဲတစ်ပွဲအား ထူးခြား စွာ စီစဉ်ခဲ့သည်။ ထိုပွဲစဉ်သည်ကား မျက်မမြင်ကျောင်းမှ အမြင်အာရုံ ချို့တဲ့သူများတို့အား “ရတနာ” ဇာတ်ကားကြီးအား ပြသပေးခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ရှင်ပွဲ ပြသပြီးခဲ့စဉ် မီဒီယာများမှ မေးမြန်းချက်များအား မျက်မမြင်များမှ ပြန်လည်ဖြေကြားရာတွင် “ဘယ်အခန်းမှာ ဦးကျော်သူ အရမ်း ကောင်းတယ်၊ ဟိုအခန်းမှာ ထွန်းအိန္ဒြာဗိုလ်ကိုကြိုက်တယ်” စသဖြင့် ပြန်လည်ဖြေကြားသောအခါ မီဒီယာများမှ ဦးကျော်သူ ကောင်း တယ်လို့ မည်ကဲ့သို့သိသနည်းဟု ပြန်လည်မေးမြန်းရာတွင် သူတို့သည် မျက်မမြင်များဖြစ်သော်လည်း အကြားအာရုံ ခံစားမှုများရှိကြောင်း၊ ပိတ်ကားထက်တွင် ပြောကြားနေသော စကားလုံးများ၊ စကားသံများ မှ တဆင့် မိမိတို့၏ ဦးနှောက်ရှိ အမြင်အာရုံ ခံစားမှုများမှ သရုပ်ဆောင်များ၏ လှုပ်ရှားပြောဆိုနေမှုများကို သိရှိနိုင်သည်ဟု ပြန်လည်၍ ဖြေကြားခဲ့ကြသည်။

ထို့ကြောင့် မျက်မမြင်များ မလုပ်နိုင်သော အလုပ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ပန်းကလေး တပွင့်ကို လက်တွင်စမ်းသပ်၍ အနံ့ခံကြည့်ရုံမျှဖြင့် မည်သည့်ပန်းဖြစ်ကြောင်း ပြောကြားနိုင်သည်။ ကွန်ပြူ တာ၊ အင်တာနက်၊ IT ပညာရပ်များကိုလည်း တက်ကျွမ်းသော ပညာရှင်များလည်း ပေါ်ပေါက်လာခဲ့သည်။ လက်မှုပညာရှင်များစွာလည်း ထွန်းကားလာခဲ့သည်။ ဂီတပညာရှင်များလည်း ပေါ်ပေါက်လာခဲ့သည်။ တတ်သိပညာရှင်များစွာလည်း ပေါ်ပေါက်လာခဲ့သည်။ သူတို့တွင် အများသူငါထက် အစွမ်းသတ္တိရှိသော ကြားမှု၊ အနံ့အာရုံခံစားမှု၊ အရသာအာရုံခံစားမှု၊ ထိတွေ့မှုတို့အပြင် ထူးခြားထက်မြက်စွာ တွေးခေါ်နိုင် သော ဦးနှောက်အသိဉာဏ်များလည်း ပေါင်းစပ်ထားကြသည်။

ထို့ကြောင့် သူတို့အား မျက်စိအမြင်အာရုံချို့တဲ့နေသော အမှောင်လောကကြီးအတွင်းမှ ထူးခြား ထက်မြက်သော အမြင်အာရုံ၊ တန်ဖိုးမဖြတ်နိုင်သော အလင်းတန်းများကို ပိုင်ဆိုင်ထားသော ကမ္ဘာမြေပြင် ကြီးအား တန်ဖိုးရှိစွာ ဖန်တီးတည်ထောင်ပေးနိုင်သော အဖိုးတန်လူသားများဟု တင်စား၍ ဂုဏ်ပြုလိုက်ရပါ တော့သည်။

ကျော်သူ

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။

အလန်ကလီးမင့်ထ်စ်။ ။ “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ်။ ။ “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။

ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။

ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။

ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။

မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ်။ ။ လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ် ။ ။ ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ်။ ။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည်။ ။ အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ်။ ။ ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ်။ ။ ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ်။ ။ နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ်။ ။ ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ်။ ။ ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ်။ ။ “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ်။ ။ “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီမင့်ထ်။ ။ “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

မူရင်း ပိုစ့်ပိုင်ရှင် ။ ။ ဓမ္မင်္ဂါ
Posted by အရှင်နာယကာလင်္ကာရ
Daw Aung San Suu Kyi ဒေါ်အောင်ဆန်းစုကြည် စာမျက်နှာ


လွမ်းနေလို့မပြီး … လုပ်ရဲ၊ ကိုင်ရဲ၊ ပြောရဲဖို့ အရေးကြီး

၁၉.၇.၂ဝ၁၃ ရက်နေ့ နံနက် (၇း၃ဝ) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ လူငယ်နှစ်ဦး ရောက်ရှိလာခဲ့ပြီး ၄င်းတို့၏လက်ထဲတွင် လှပဝေဆာစွာ ပန်းရောင်စုံအလှဆင်ထားသော ပန်းခြင်းတစ်ခုအား သယ်ဆောင်လာခဲ့သည်။ အကြောင်းစုံသိလို၍ မေးမြန်းကြည့်ရာ ယနေ့အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင် ကြီးများ၏ ဂူဗိမာန်သို့သွားရောက် ပန်းခွေချအလေးပြုရာတွင် ပန်းခွေချအလေးပြုခွင့် မရရှိခဲ့သည့်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ “သုခအလင်း” စာကြည့်တိုက်အတွင်း၌ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ ပန်းချီကားချပ် ကြီးရှေ့တွင် လာရောက်၍ ပန်းခွေချလိုခြင်းဖြစ်ကြောင်း ထူးထူးဆန်းဆန်း ကြားသိခဲ့ရသည်။ ထိုလူငယ်သည် တစ်ချိန်က နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေလှူဒါန်းချိန်တွင် အသင်းမှ ဧည့်ကြိုတာဝန်ကျ လူမှုရေးသမားများ တို့၏ လိုက်လံရှင်းပြခြင်းဖြင့် “သုခအလင်း” စာကြည့်တိုက်အတွင်း၌ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားချပ်ကြီးအား တွေ့ရှိခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ လေးစားစရာ၊ ဂုဏ်ယူဖွယ် ကောင်းလေစွဟုပင် တွေးတောမိပါတော့သည်။

နံနက် (၁ဝး၃၇) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်နှစ်စီးဖြင့် အလုပ်အမှု ဆောင်များ၊ လုပ်အားပေးလူငယ်များတို့သည် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့တွင် ဥသြစွဲ အလေးပြုခဲ့သလို နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင်လည်း လူနာတင်ယာဉ်နှင့် နာရေးပို့ဆောင်ယာဉ်များ စုပေါင်း၍ (၁) မိနစ်ခန့် ဥသြစွဲ၍ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ တစ်ချိန်တည်း၌ လူငယ်များ မြန်မာစာပေအရေးအသားနှင့် အပြောအဆိုစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်သူရဲကောင်းကြီးများ၏ ကျဆုံးခဲ့သောနေ့ရက်တွင် ဗိုလ်ချုပ်တို့ကဲ့သို့ အမှန်တရားကို ပြောရဲ၊ ဆိုရဲ၊ ရေးရဲ၊ လုပ်ရဲကိုင်ရဲတည်းဟူသော အကြောက်တရားများ၊ အနာဂတ်၏ မျိုးဆက်သူရဲကောင်း လူငယ်ကလေး များ အမှန်တရားကို ရင်ဆိုင်ရဲတက်စေရန် ရည်ရွယ်၍ “သုခအလင်း” ပညာဒါနမှ ကြီးမှူးကျင်းပသည့် အာဇာနည်နေ့ ကျပန်းစကားပြောနောက်ဆုံးဆင့်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပခဲ့ရာ အတွင်းရေး မှူး ဒေါ်ရွှေဇီးကွက်မှ ကျပန်းစကားပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဆရာမ ဒေါ်နီလာ ဘာရာဒွါဂျာ မှ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းများအား ပြောကြားခဲ့ပြီးနောက် ၁၄.၇. ၂ဝ၁၃ ရက်နေ့တွင် ပဏာမလူရွေးပွဲအဆင့် အောင်မြင်ခဲ့ကြသူများတို့ ယှဉ်ပြိုင်မှုစတင်ခဲ့သည်။

ယင်းပြိုင်ပွဲအား အကဲဖြတ်များအနေဖြင့် သုခအလင်းပညာရေးမှ ဒေါ်ခင်ခင်ဖြူအောင်၊ ဒေါ်နီလာဘာရာဒွါဂျာ၊ ဆရာပြည့်၊ ဦးအောင် ကျော်မင်း (မြန်မာစာပါမောက္ခ-ငြိမ်း)၊ ဆရာဟိန်းလတ်၊ ကိုမျိုး(မြန်မာစာ)၊ အလင်းဆက်(IR)၊ ဖူးကျော်ဇင် (Future Wave) တို့မှ ကူညီဆောင်ရွက်ပေးခဲ့သည်။ စာစီစာကုံးပြိုင်ပွဲအား ၅.၇.၂ဝ၁၃ ရက်နေ့တွင် ယှဉ်ပြိုင်စေခဲ့ပြီး ဆုရရှိ ကြသည့် ကျောင်းသား/သူများတို့အား ယနေ့ အာဇာနည်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲ ဆုရရှိသူများနှင့် တွဲဖက်၍ ဂုဏ်ပြုလက်မှတ်များနှင့်အတူ ဆုလက်ဆောင်များအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အာဇာနည်နေ့တွင် အနာဂတ်၏ သူရဲကောင်းအာဇာနည်များ အား ရွေးထုတ် ချီးမြှင့်ခြင်းဖြင့် (၆၆) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြု ဦးညွှတ်ဂါရဝ ပြုလိုက်ရပါတော့သည်။

(လွမ်းဆွတ်နေလို့မပြီး … ချမှတ်ညွန်ပြထားတဲ့ ကောင်းသောလမ်းကို မမှိတ်မသုန် ဇွဲလုံ့လ ဝီရိယတို့နဲ့ ရဲရဲတွေး၊ ရဲရဲပြော၊ ရဲရဲဆက်လျှောက်ဖို့က အရေးကြီးသည်။)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.