07/26/13

“ယခုနှစ်ကုန်ချိန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှမကျန်အောင် ဆောင်ရွက်သွားမည်”

ဒါက မိုးပေါ်ကကျလာတဲ့ စကားတွေဗျ။ မိုးပေါ်ကဆိုတာ စလောင်းကတစ်ဆင့်၊ ရုပ်သံလွှင့်လိုင်းတွေကလာတဲ့ သတင်းကိုပြောတာ။ ဗြဟ္မာ့ပြည်ကလာတဲ့ အသံလို့လည်း ထင်မနေနဲ့ဦး။ ပြီးတော့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း နှုတ်ခမ်းချင်းထိမိမှ တကယ်ဟုတ် အလုပ်ဖြစ်မယ့် သတင်းစာလွှာပါလို့လည်း လေပုပ်မထုတ်နဲ့။

ဒီစကားကကျုပ်တို့ရဲ့ အချော်တစ် အချစ်တော် သမ္မတကြီးကိုယ်တိုင် ပြောတဲ့စကားဗျ။ ဘယ်မှာပြောလဲတော့ မမေးနဲ့။ ကျုပ်လည်းမသိဘူး။ သမ္မတကြီးက ကမ္ဘာရိုးကိုးပေါက် နိုင်ငံတကာလှည့် လက်ဝါးဖြန့် (အဲလေ ယောင်လို့) ဝါဒဖြန့်တာလည်း မဟုတ်သေးဘူး။ ခြေစကြာဖြန့်နေတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး။ အသံညှောင်ညှောင်ကို ကျုပ်ကိုယ်တိုင် နားထောင်လိုက်တာဗျို့။

ကောင်းလိုက်တာဗျာ။ ကျုပ်ကတော့ တစ်ခါတည်း အာဖြဲအော်မိလိုက်သဗျ။ ဝမ်းစမိုးတွေ၊ အန်ကိုးတွေ အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုရော အော်မိတယ်။ နောက်တစ်ကျော့ ထပ်ကြိတ် လိုက်ပါဦးဗျို့လို့ အားပေးတာပေါ့ဗျာ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ အင်ဒိုနီးရှားရောက်တုန်း မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တစ်ကောင်တစ်မြီးမှ မရှိဘူး။ ပြစ်မှုနဲ့ပြစ်ဒဏ်ကျနေတဲ့ကောင်တွေပဲရှိတယ်လို့ပြောခဲ့တာ ဘယ်သူလဲ။ ကျုပ်တို့ သမ္မတကြီးပေါ့ဗျာ။ ဟော အခုတစ်ခါ “မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမကျန်အောင် ဆောင်ရွက် သွားမည်” လို့ ပြောတာကကော ဘယ်သူလဲ။ ကျုပ်တို့ရဲ့သမ္မတကြီးဦးသိန်းစိန်ပဲပေါ့ဗျာ။

ထားပါလေ။ ကျုပ်ကတော့ ဝမ်းသာသဗျာ။ သတင်းထောက် ‘ထောက်ကျင့်’ လေးက ကျန်နေသေးလို့ ပါးစပ်ကတော့ “ တကယ်လားဗျ” လို့ လွှတ်ခနဲ ထွက်သွားမိတာပေါ့။ အားနာလိုက်တာဗျာ။ ကျုပ်တို့သမ္မတကြီးက အတည်ပေါက်ကြီး ပြောတာဗျ။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ရုံးမှာ သွားပြောတာဗျ။ ဟုတ်လို့ပြောတာ ဖြစ်မှာပေါ့။

အစိုးက လုပ်နေတယ်လေ။ ဘာတဲ့။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့ဆိုလား။ ဝန်ကြီးတစ်ပါး ခေါင်းဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကိုယ်တိုင်ပါဝင်တယ်။ သူတို့က ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မယ်။ လွှတ်မယ်ပေါ့။ စိစစ်မယ်ဆိုတော့ လွှတ်တဲ့နေရာမှာ ကျန်တာတွေရှိမယ်။ကျန်ကောင်းကျန်မယ်ပေါ့။ ဒါကြောင့်ကျုပ်က လျှာရှည် မေးခွန်းထုတ်နေမိသပေါ့။

ကျုပ်သဘော ပြောရမယ်ဆိုရင် သမ္မတကြီးရယ် တစ်ယောက်မကျန်အားလုံးသာ လွှတ်ပေးလိုက်ဗျာ။ နှစ်ကုန်တွေ၊ ခေတ်ကုန်တွေ လေကုန်ခံမနေပါနဲ့။ စိစစ်တွေ၊ ညှိညစ်တွေ ထားလိုက်ဗျာ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (၄၀၁ လွတ်ငြိမ်းသက်သာခွင့် မဟုတ်ဘူးနော်) ပေးသာပေးလိုက်ပါဗျာ။ သမ္မတကြီးအပေါ်ကလူကြီးတွေ(ကာလုံကြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကြီး) ကမီးစိမ်းပြရင်ပေါ့လေ။

ဒါမှ. . . ဒါမှ ပြည်သူတွေကလည်း တောင်းဆို၊ နိုင်ငံရေးအင်အားစုတွေကလည်းလိုလား၊ တိုင်းရင်းသား ထုကလည်း မျှော်လင့်ကြတဲ့၊ အမျိုးသားပေါင်းစည်းသင့်မြတ်ရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကြီးဆီကို ချီတက် နိုင်ကြမယ်။ ဒီမိုကရေစီ တည်ဆောက်မှုလုပ်ငန်းတွေမှာ နိုင်ငံရေးအင်အားစုတွေအားလုံး ပါဝင်လက်တွဲနိုင်ကြမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ တစ်ကမ္ဘာလုံးဝိုင်းထိုးနေကြတဲ့လက်ညှိုးတွေ ရုပ်ကြလိမ့်မယ်။
`
တကယ်တော့ သမ္မတကြီးရယ်။ မှူးကြီးတွေ၊ ချုပ်ကြီးတွေ၊ ချုပ်မှူးကြီးတွေ ကျူးလွန်ခဲ့ကြတဲ့ သမိုင်းပြစ်မှုကြီးတွေဟာ ဒီလောက်လုပ်ပြရုံနဲ့ ပြေနိုင်တဲ့ အာပတ်မဟုတ်ဘူး။ အကျဉ်းထောင်လူ့ငရဲ ကိစ္စလေးလောက် ပြေရင်ကို အာကာကိုလွှာပုံပြု မေရုစုတ်တံချီရမယ်။ လူ့အခွင့်အရေး ချိုးမှုမော်ကွန်းကြီးတွေကို စာစီကုံးရင်လည်း ဆုံးနိုင်ဖွယ်မရှိဘူးဗျာ။ ဟိုသီချင်းစာသား လေး နားစွန်နားဖျားကြားဖူးမှာပေါ့။ “ပေတစ်ရာပေါ်မှာပြည်သူ့အလောင်းတွေ” ဆိုတာလေ။ ရှိသေးတယ်၊ ရှိသေးတယ်။ “သံတိုင်ကွယ်မှာ ပြည်သူ့ငရဲတွေ” ဆိုတာမျိုးတွေပေါ့။

သမ္မတကြီး ကမ္ဘာလှည့်ပြီး တစ်-နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နှစ်-စီးပွားရေးတည်ဆောက်မှု၊ သုံး-ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဆိုတဲ့ ကိစ္စကြီးသုံးရပ်ကို အာပေါက်အောင် အော်ရှင်းနေတာကို ကျုပ်ပြိုင် ပြောနေတာ မဟုတ်ပါဘူး။ ဒီအကျဉ်းထောင်ငရဲခန်းတွေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကိစ္စဆိုတာတွေကလည်း သမ္မတ ကြီး ရဲ့ ကိုယ်ပိုင်ကိစ္စ၊ သမ္မတကြီး ဝိဂြိုလ်ပြုသလို မည်သည့်နိုင်ငံမှာမှ မကြုံဖူးသေးသော ဧရာမကိစ္စကြီး ဖြစ်ပေသဗျာ။

မကြုံဖူးတာတွေ ဘာတွေဆိုတာ အသာထား။ ပြသနာအညွန့်အညှောက်ပွားပေါက်ပုံက အံ့စရာဗျ။ ဒီရက်ပိုင်းမှာပဲ ကမ္ဘာ့စာနယ်ဇင်းအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ‘နယ်စည်းမခြားသတင်းထောက်များ’ က သမ္မတကြီးဆီ တောင်းဆိုစာပို့ထားတယ် မဟုတ်လား။ အကျဉ်းထောင်တွေမှာ အသက်နဲ့ကိုယ် အိုးစား ကွဲခဲ့ရသူတွေ (စာရေး ဆရာ မောင်သော်က၊ မုံရွာတင်ရွှေ စတဲ့ ပုဂ္ဂိုလ်ကျော်တွေ) ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းရေးဝင်ခိုင်းနေပြီ မဟုတ်လား။
`
ကဲ . . . ဒီတော့ သမ္မတကြီးရဲ့မနည်းမနောကိုလူချောအသစ်အဟောင်းတွေရဲ့ အဆစ်တောင်း၊ အညစ်ဖောင်း၊ ကလစ်ပြောင်း အကြံဥာဏ်တွေကိုဘေးချိတ်ထားလိုက်ပါဗျာ။ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ တစ်မျိုးပိုဆန်းတွေ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ။

ကျုပ်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်တွေ၊ ဒီမိုကရေစီအရေး တော်ပုံတပ်သားတွေ တမ်းတ၊ တိုက်တွန်း၊ တောင်းဆိုနေကြတဲ့ အစစ်အမှန်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီး ကိုသာ ထုတ်ပြန်ကြေညာတော် မူလိုက်ပါတော့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၈)။


အစိုးရတပ်မတော် ခလရ(၁၂၃)မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေများ အနက် တစ်ခုဖြစ်သော မုန်ဂိုးဒေသ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဖိုင်းကောင်းမြို့အား ချဉ်းကပ်လာမှုကြောင့် KIA တပ်ရင်း (၃၆)နှင့် ဇူလိုင် လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့က ကျွန်တော်တို့ နေရာယူထားတဲ့စခန်းမှာ တက်လာလို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ဘက်က လက်နက်ပြန်ရဖို့ သူတို့ကို ပြန်ပစ်တာ”ဟု KIA ပြည်သူ့စစ်တပ်ခွဲ ၅ တပ်ရင်းမှူး ဇော်ဆိုင်းက ပြောကြားသည်။

ထို့ပြင် အစိုးရတပ်မတော်မှ KIO ပြည်သူ့စစ်တပ်ဖွဲ့များရှိရာသို့ တပ်စွဲ၍ ချဉ်းကပ်မှုများလည်း ရှိခြင်းကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ မရှိသေးကြောင်း တပ်ရင်းမှူး ဇော်ဆိုင်းက ဆိုသည်။

အလားတူ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေအတွင်းသို့ အစိုးရ၏စစ်တပ်မှထိုးစစ်ဆင် ဝင်ရောက်လာခဲ့သည့်အတွက် မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ အခြေစိုက် ခမရ (၅၀၆)တပ်ဖွဲ့နှင့် တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကျနော်တို့(၁၀၁)တပ်ရင်း အဖွဲ့နဲ့ဖြစ်တယ်။ သူတို့က အင်အား (၁၀၀)ကျော်မယ်။ ကျနော်တို့စခန်းကိုတိုက်ဖို့ တက်လာတာကို ကြိုသိထားတော့ သွားစောင့်နေလိုက်ပါတယ်။ သူတို့တက်လာတဲ့ လမ်းကြောင်းတွေမှာပေါ့။ သေသေချာချာ နေရာယူပြီး တစ်နာရီလောက် ပြင်းပြင်းထန်ထန် တိုက်လိုက် တော့ အထိနာပြီး ပြန်ဆုတ် သွားပါတယ်”ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်ဖက်မှ သုံးဦးကျဆုံးခဲ့ပြီး (၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး ပြောကြားချက်အရ သိရပြီး ယခုအခါ အစိုးရတပ်ရင်း(၅၀၆)တပ်ရင်းသည် ယခင်ဆောင်ရွက်နေကျအတိုင်း TNLA တပ်ရင်း၏ မနီးမဝေး (နာရီဝက်ကြာ ခရီး)တွင် တပ်စွဲထားသည်ဟု သိရှိရသည်။

ထိုသို့ တပ်စခန်းချင်း အနီးကပ်ထား၍ တိုက်ခိုက်သည့်စနစ်ကို အသုံးပြုကာ ထိုးစစ်ဆင်နိုင်ရန်အတွက် အစိုးရတပ်များကို တပ်ရင်း(၃၀)ကျော် အင်အား(၇၅၀၀)ခန့်အထိ တိုးချဲ့ထားပြီး အဆိုပါ အင်အားဖြင့် တအောင်းဒေသ၌ ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့ များကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

TNLA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်တစ်ကြိမ် တွေ့ဆုံပြီးနောက်ပိုင်း ထပ်မံ တွေ့ဆုံကြခြင်း မရှိတော့ဘဲ လက်ရှိအချိန်အထိ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း KIO/KIA တပ်များနှင့်မူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ အစိုးရတပ်များသည် တအောင်းဒေသသို့ ရောက်ရှိနေသော TNLA အပါဝင် အပစ်အခတ်ရပ်စဲထားသော KIA ၊ SSPP ၊ RCSS တပ်ဖွဲ့များနှင့်လည်း နေ့စဉ်တိုက်ပွဲငယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် TNLA ဘက်မှ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလာပါက အစိုးရ အနေဖြင့် သဘောတူမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးမိုင်းအိုက်ညမ်းက ပြောကြားခဲ့ဖူးကြောင်း သိရသည်။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်အမှု အဖွဲ့ကလည်း TNLA အဖွဲ့နှင့် တွေ့ဆုံရန် ကြိုးစားမှုများရှိခဲ့ကြောင်း သိရသည်။

yangon chronicle


ဒီမိုကရေစီဆိုတာ
ရွှံ့ထဲဗွက်ထဲ
နွားနဲ့ဖက်ရုန်းနေရတဲ့
တောင်သူမျက်နှာမွဲတွေဆီက
လယ်တွေ ယာတွေ
ကုတ်ဖဲ့သိမ်းတာကိုခေါ်တာလားလို့များ

ဒီမိုကရေစီဆိုတာ
ဆန္ဒပြရင်အမိန့်တန်းမချပဲ
တရားဖိုးမွဲအောင်အချိန်ဆွဲပြီးမှ
ထောင်ထဲပြေးပြေးပို့တာလားလို့များ

ဒီမိုကရေစီဆိုတာ
ကဗျာတွေရွတ်သီချင်းတွေဆို
ပန်းချီတွေဆွဲ ဂျာနယ်တွေထဲပါ
လေလံတွေတင်တဲ့ပွဲကိုပြောတာလားလို့များ

ဒီမိုကရေစီဆိုတာ
ဘုန်းကြီးတွေ မီးလောင်ဗုံးကပ်တဲ့သူကို
ခွင့်ပြုချက်ယူစရာမလိုပဲ
ပလိန်းကြီးထောက်ခံပြတာလားလို့များ

ဒီမိုကရေစီဆိုတာ
အမေ အမေနဲ့တကျော်ကျော်တနေတုန်း
ဒွေးတော်ကဝင်ပြီး
ပခုံးနဲ့ထမ်းတင်နေရတာများလား

ဒီမိုကရေစီဆိုတာ
၁၂ပွဲဈေးတွေက သူတောင်းစားတွေလို
တနှစ်စာလုံး ခွက်တလုံးဆွဲပြီး
လေယာဉ်ပျံကြီးနဲ့လှည့်တောင်းရတာလား
(ဒါတောင်ကိုယ်ပိုင်လေယာဉ်စီးချင်သေးတယ်ဆိုလား)

ဒီမိုကရေစီဆိုတာ
ကလေးတွေအော်ရင်
နာနာဗျင်းပြပြီး
လူကြီးတွေကျတော့ မွေးနေ့တွေဘာတွေကျင်းပပေးတာလား

ဒီမိုကရေစီဆိုတာ
၂၅ရာခိုင်နှုန်းကအိပ်ငိုက်နေပြီး
ဘုန်းဘုန်းတွေက ဥပဒေလိုက်ပြုနေတာလား

ဒီမိုကရေစီဆိုတာ
အနောက်တံခါးကို အပွင့်ပြပြီး
အရှေ့တခါးကနေ
ပိုက်တွေနဲ့ဆွဲထုတ်သွားတာလားလို့များ

ဒီမိုကရေစီဆိုတာ
ဒိုနာခရေစီ လုပ်ကွက်တွေနဲ့
ငြိမ်းချမ်းရေးကို ဈေးခေါ်ကြတာလား

ီဒီမိုကရေစီဆိုတာ
ရှုးတိုးတိုးနေစမ်း
အဘကြီးစာဖတ်နေတယ်
ကြားသွားရင်ထလာလိမ့်မယ်ဆိုပြီး
ကိုယ့်အိမ်ထဲကိုချွတ်နင်းလျှောက်နေရတာလား

ဒီမိုကရေစီဆိုတာ
တယ်လီဖုန်းကိုသမဆိုင်မှာဆပ်ပြာဝယ်သလို
မဲနှိုက်ဝယ်လို့ရတာလားလို့များ

ဒီမိုကရေစီဆိုတာ
နောက်ကွယ်ကလူတစုနဲ့
တရားဥပဒေစိုးမိုးရေးနဲ့
ကြိတ်ပွဲလေးတွေထိုးကြတာလားလို့များ

ဒီမိုကရေစီဆိုတာ
မြန်မာကားတွေထဲကလို
နှလုံးရောဂါလေးတပြပြနဲ့မို့
ရွှေစိတ်တော်မညှိုးအောင်
ချော့ချော့နေရတာလား

ဘာလားညာလား
ဟိုလိုလားဒီလိုလား
တယောက်ယောက်ကိုမေးကြည့်မလားလို့

ဟေ့ကောင်
အဆိုးမြင်သမား
မင်းပါးစပ်ပေါက်ခုပိတ်ထားစမ်း
၅၀၅နဲ့ ၇ခါပြန်ညားသွားမယ်
ဘာလဲမသိရင် အောင်စိုးကိုကြည့်ထား။

မိုဃ်းသွေး
July 23th 2013

ထောင်ဒဏ် ၁၁ ချခံလိုက်ရတဲ့
အမှုတွဲ ရဲဘော် ကိုအောင်စိုးသို့

(Chirstian Science Mointor မှ 24 July 2013 ရက်စွဲပါ “No more political prisoners in Myanmar?သတင်းဆောင်းပါး ကိုဘာသာပြန်ပါသည်)

Photo..http://www.csmonitor.com/

ယခုနှစ်ကုန်မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားရှိတော့မည်မဟုတ်ဟူသောစကားမှာ သမ္မတဦးသိန်းစိန်က ကမ္ဘာသို့ပေးထားသောကတိဖြစ်သည်။

မြန်မာအစိုးရကလည်း ဦးသိန်းစိန်၏ လန်ဒန်၊ ပါရီခရီးစဉ်အပြီး အင်္ဂါနေ့တွင် နိုင်ငံရေးအကျဉ်းသား ၇၃ဦးလွှတ် ပေးခြင်းဖြင့် သမ္မတ၏ ကတိကဝတ်ကို စတင်အကောင်အထည်ဖော်လိုက်သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအပါအဝင် ဝေဖန်ဆန်းစစ်သူများက သံသယဖြစ်ဖွယ်အကြောင်း အရင်းများရှိနေသည်ဟု စောဒကတက်ကြသည်။ သာဓကအနေဖြင့် လက်ပံတောင်းတောင် တရုတ်ကြေးနီမိုင်းစီမံကိန်းကို ကန့်ကွက်ဆန္ဒပြခြင်းကဲ့သို နိုင်ငံရေးဟုသတ်မှတ်ဖွယ်ကိစ္စရပ်များတွင်ပါဝင်သူများ ဖမ်းဆီးခံနေရခြင်းပင်ဖြစ်သည်။

၂၀၁၁နောက်ပိုင်း အရပ်ဖက်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများကို မကြာခဏ အကြိမ်ရေခွဲ၍ အသုတ်လိုက်လွှတ်ပေးနေခြင်းသည် နိုင်ငံရေးအရ အချိန်ကိုက်စီစဉ်သည့်လက္ခဏာရှိပြီး၊ အနောက်အုပ်စုခေါင်းဆောင်များ နှင့် အကြီးစားတွေ့ဆုံမှုမတိုင်မှီ (သို့) အပြီးတွင် အမြဲတမ်းထွက်ပေါ်လာလေ့ရှိ သည်ဟု အကဲခတ်များကသုံးသပ်ကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ သီဟဝင်းတင်က “ ဒါဟာ သတင်းကောင်းပါပဲ၊ ဒါပေမယ့် သံသယ ဖြစ်စရာတွေရှိနေတယ်၊ တခါတရံနိုင်ငံတကာပုံရိပ်ကောင်းအောင် နိုင်ငံရေးလှည့်ကွက်တစ်ခုလို အသုံးပြုကြတယ်” ဟု ပြောကြားသည်။

သို့သော်နိုင်ငံရေးအကျဉ်းသားမရှိဟု ငြင်းကွယ်ခဲ့ကြသော လွန်ခဲ့သည့်နှစ်နှစ်ခန့်ကထက် များစွာပိုမိုတိုးတက်မှုရှိ လာပြီဟု အများစုကမှတ်ချက်ပေးကြသည်။

ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင်အိင်္ဂလိပ်ဘာသာသတင်းစာများတွင် “နိုင်ငံတော်၏စေတနာကို နားလည်လာကာ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းနိုင်ကြအောင် အားပေးရန်နှင့် လူသားခြင်းစာနာထောက်ထားမူအရ နိုင်ငံရေးအကျဉ်း သားအချို့ကို လွတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်သည်“ ဟုဖော်ပြထားသည်။

ယခုလိုလွတ်ပေးခြင်းဖြင့် လတ်တလောကျဆင်းနေသော နိုင်ငံပုံရိပ်ကိုလည်း ကူညီပြောင်းလဲပေးနိုင်ခဲ့သည်။ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ထိရောက်စွာကိုင်တွယ်ခြင်းမရှိဟု အစောပိုင်းက ပြစ်တင်ဝေဖန်ခဲ့သူ ကုလအ ထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအာဏာပိုင်များ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကို ချီးကျူး ထောပနာပြုလိုက်သည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်အပါအဝင် ဒီမိုကရေစီကူပြောင်းရေး ဆောက်ရွက်ချက်များသည် နိုင်အနှံ့အပစ်ရပ်စဲရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းအားထုတ်နေမှုများကို ဆက်လက်ခိုင်မာစေလိမ့်မည်ဟု ယုံကြည်မျှော် လင့်ကြောင်း ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ကြေငြာချက်ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားကိစ္စသည် အမေရိကန်နှင့်မြန်မာအကြား ဆက်ဆံရေးတွင် အတားအဆီးတစ်ခုဖြစ်နေသည်။ ယခင်အာဏာရှင်နိုင်ငံအပေါ် အီးယူက sanctions အများစုကို ရုတ်သိမ်းပေးနေပြီဖြစ်သော်လည်း အမေရိကန်ပြည် ထောင်စုအနေဖြင့် ၄င်း sanctions များအားလုံးကို ရုတ်သိမ်းပေးရာတွင် နိုင်ငံရေးအကျဉ်းသားများရှိနေခြင်းကိစ္စက အတား အဆီးတစ်ခု ဖြစ်နေပါသည်။

မြန်မာအစိုးရ၏ ဖုံးကွယ်တတ်သော အကျင့်ဟောင်းကြောင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားရေအတွက်ကို ဆုံးဖြတ်ရန် လွန်စွာခတ်ခဲနေသည်။ ခန့်မှန်းမှုများမှာ တစ်ရာကျော်နှင့်ရာဂဏန်း တော်များများအကြား ကွဲပြားလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားဟူသော စကားလုံးအစား ငြိမ်းချမ်းသောနိုင်ငံရေးလှုပ်ရှားမှုများအတွက် အကျဉ်းကျခံရသူ ယုံကြည်ချက်အကျဉ်းသားများဟု ခေါ်ဝေါ်သင့်သည်ဟုလည်း အစိုးရနှင့်သဘောထားတိုက်ဆိုင်သူများက ဆိုကြပြန်ပါသည်။ အချို့ကလည်း အကျဉ်းကျနေသူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးပြဿနာများတွင် နားမလည် ပါးမလည် ကြားညှပ်ကာ အဖမ်းခံနေရသူ တောသူတောင်သားများကိုလည်း လွှတ်ပေးသင့်ကြောင်း ထောက်ပြပြောဆို ထားကြသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအစိုးရအနေဖြင့် အယူအဆ၊ စိတ်နေသဘောထား၊ အပြုအမူ၊ ကြံစည်တွေးတောမှု ဆိုင်ရာ တို့တွင် ယခင်အာဏာရှင်အစိုးရဟောင်း၏ပုံစံနှင့် ပြတ်ပြတ်သားသား လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကို နိုင်ငံတကာနှင့် မြန်မာပြည်သူတို့ အမှန်တကယ် ယုံကြည်လာအောင် ဆောက်ရွက်ပြသရန် အရေးကြီးသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက ထောက်ပြပြောဆိုကြပါသည်။

yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.