07/28/13

ကမ္ဘာကြော်မှ တကယ့်ကို ကမ္ဘာကြော်။ ကမ္ဘာလုံးကြီးကိုတောင် ထည့်ပြီးဆီနဲ့ ကြော်လို့ ရတဲ့ ဒယ်အိုးကြီးများလို့ ရေးချင်တာပါ။ အကြီးကြီးမှ တကယ့်ကို
အကြီးကြီး။ အကြီးကြီး ကြံ၊ အကြီးကြီး ပြော၊ အကြီးကြီး လုပ်တတ်တဲ့ဒယ်အိုးကြီးတွေအကြောင်းပါ။

၈၈၈၈ အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်ပွဲက နီးလာပြီဆိုတော့ ၈၈ ဆရာများရဲ့ အရေးအသား အပြောအဆိုများကို ခပ်စိပ်လေး ဖတ်ရ၊ ကြားရပါတယ်ခင်ဗျာ။
အခု ခပ်စိပ်လေး ဖတ်ရ၊ ကြားရတယ်ဆိုတော့ အရင်ကရောလို့ မေးစရာရှိပါတယ်။အရင်ကလည်း ခပ်စိပ်စိပ်ပါဘဲ။ ခုလောက်ကြီး မစိပ်တာဘဲရှိပါတယ်။
ကဗျာတွေရေး၊ ၀တ္ထုတွေရေး၊ သီချင်းတွေစပ်၊ ပန်းချီတွေဆွဲ၊ အင်တာဗျူးတွေလုပ်၊စာပေဟောပြောပွဲတွေဟော၊ နိုင်ငံရေးအဘိဓမ္မာတွေပို့ ချ၊ သံချပ်တွေထိုး၊
ပါဖောန်မန့် တွေလုပ် အမယ်လေး.. ရေးရတာတောင် မောလာတယ်။ဒါတောင် ချက်ချင်း ခေါင်းထဲပေါ်လာတာတွေ ချရေးလိုက်တာ ကျန်ခဲ့တာများရှိရင်
ခွင့်လွှတ်စေချင်ပါတယ်။ အဲ.. မေ့လို့ မေ့လို့ ၊ အင်မတန် အရေးကြီးတဲ့ကိစ္စတစ်ခုကျန်ခဲ့တော့မလို့  ပြည်တွင်းပြည်ပခရီးတွေထွက်.. ဒါဆို အတော်ပြည့်စုံသွားပါပြီ။

၈၈ ဆရာတွေရဲ့  လတ်တလော လုပ်ငန်းစဉ်နဲ့ လုပ်ခဲ့သမျှပါ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားချင်းပြန်တည့်ရေး၊
အမျိုးသားချင်းပြေလည်ရေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ အလုပ်တွေအစုံလုပ်နေလိုက်ကြတာ၊ အားရစရာကြီးခင်ဗျ။

မောင်မှန်က မင်းသားကြီးဝင်းဦးကို အတော် သဘောကျ နှစ်ခြိုက်ခဲ့တာ။မင်းသားကြီးဝင်းဦးဟာ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ တေးရေး၊ ဒါရိုက်တာ၊စာရေးဆရာ စတဲ့ နှလုံးရည် အနုပညာလုပ်ငန်းတွေကို အကုန်လုပ်၊ အကုန်အောင်မြင်ခဲ့ပါတယ်။ လက်ရုံးရည် အကြမ်းပညာဘက်ကိုရော ကြည့်ဦးမလား။စစ်ဗိုလ်လုပ်ဖူးတယ်၊ ဂျူဒိုကစားတယ်၊ အလေးမတယ် ကဲ.. ဘာပြောစရာရှိသေးသလဲဗျာ။ အခုတော့ မောင်မှန် မင်းသားကြီးဝင်းဦးထက် ပိုပြီး နှစ်ခြိုက်အားကျရမယ့်သူတွေ တွေ့ နေပါပြီ။ မင်းသားကြီးက ဘယ်လောက်ဘဲ စုံတယ်
ပြောပြော နိုင်ငံရေးသမားတော့ မလုပ်ဖူးပါဘူး။ ဒီမှာတင် အားကျစရာကတစ်ခုပိုသွားပါပြီ။ ဓာတ်ရှင်မင်းသား မဖြစ်သေးတာကိုတော့ လာမပြောနဲ့ လေ။မောင်မှန်ဆရာတွေ လက်မခံသေးလို့ သာ။ ကမ်းလှမ်းတာတွေ ရှိနေပြီ။အခုလက်ခံ အခုဓာတ်ရှင်မင်းသားဖြစ်ပြီ။ ရုပ်ရည်ရူပကာ ကိစ္စကတော့ဘ၀အကျိုးပေးဘဲလေ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ မိတ်ကပ်တွေကောင်းပါတယ်။မျက်ပေါက်ကျဉ်း၊ နှာခေါင်းလန်၊ နှုတ်ခမ်းတိုတွေတောင် မင်းသားလုပ်စားနေတဲ့ခေတ်ကြီးဗျာ။ အသားမည်းတော့ရော ဘာဖြစ်သေးတုန်း၊ ကင်မရာတောင်
စားသေးတယ်။ အခုမရိုက်သေးတာက တိုင်းကျိုးပြည်ပြုလုပ်ငန်တွေဆောင်ရွက်နေရတော့ ကမ်းလှမ်းတဲ့ကုမ္ပဏီကို ရိုက်ရက် မပေးနိုင်မှာစိုးလို့ ပါ။အော်ပရာလောက်၊ ပြဇာတ်လောက်တော့ လုပ်ကြည့်မလားလို့ စဉ်းစားနေပါပြီ။

မင်းသားကြီးဝင်းဦး မပြောခဲ့ဖူးတဲ့ ကမ္ဘာကြော်မယ့်ဒယ်အိုး စကားအကြီးကြီးတွေလည်း ကိုယ့်ဆရာတွေက မခါမလပ် ပြောတတ်သေးခင်ဗျ။ တိုက်စရာရှိရင်
ငါတို့ ဘဲတိုက်မယ်တဲ့။ ကျန်သူတွေ ဖယ်နေကြတဲ့။ ဘယ်လောက်တောင် စွန့် လွှတ်အနာခံလိုက်တဲ့ စကားလဲဗျာ။ မောင်မှန် အားမကျ ခံနိုင်ရိုးလား။ ဒါပေမယ့်..
ဆရာသမားတွေရဲ့ သင်္ကေတ အရုပ်တွေကတော့ ခွပ်ဒေါင်းမှ ကဒေါင်း၊ကဒေါင်းမှ ချိုး အမျိုးမျိုး ပြောင်းလဲခဲ့ပါပြီ။ ဒါကလည်း တိုက်စရာမရှိတော့လို့ 
ဖြစ်မှာပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ အထမြောက်သွားလို့ ဖြစ်မှာပေါ့။ခွပ်ဒေါင်းဘ၀နဲ့ တိုက်ခဲ့ကြ၊ အောင်ပွဲရတော့ ကလိုက်ကြ။ ပြီးတော့ ကြည်စေ၊
အေးစေ၊ ငြိမ်းချမ်းစေ၊ ငြိမ်းချမ်းရေးရကြလို့ ချိုးငှက်ဘ၀ ရောက်ခဲ့ရပြီဆိုတဲ့သဘောပေါ့။ “ငါ၏ဘ၀တွင် တိုက်ပွဲများဖြင့် ပြည့်လျှမ်းနေပါစေ” မဟုတ်တော့ဘူး၊
“ငါ၏ဘ၀တွင် အောင်ပွဲများဖြင့် ပြည့်လျှမ်းခဲ့လေပြီ” ဖြစ်သွားပြီ။ ဂစ်တာလည်းရောင်းပြီးပြီ။ ဒီတစ်ခါ မယ်ဒလင်ရောင်းဦးမလား မသိဘူး။ မောင်မှန် မ၀ယ်နိုင်မှာ
သေချာပါတယ်။

နောက်ဆရာတစ်ယောက် ပြောတာကျ အဘိဓမ္မာ ပိုဆန်တယ်ခင်ဗျ။မောင်မှန် ပိုပြီးကြွေတယ်။ “၁၉၈၈ တုန်းက လူမိုက်တွေလိုတယ်။ ၂၀၁၃ ကျတော့
လူလိမ္မာတွေ လိုတယ်” တဲ့။ ကဗျာဆရာကြီး မောင်သင်းခိုင်ပြောသလို လွှတ်လှ၊လွှတ်လှလို့ ဘဲ ပြောလိုက်ချင်ပါရဲ့ ခင်ဗျာ။ နယ်ချဲ့ ခေတ်တုန်းက ထင်ရှားခဲ့တဲ့
လူမိုက်အလိုရှိသည် ဆိုတဲ့ စကားကိုလည်း ပြန်အမှတ်ရမိပါတယ်။၈၈ မှာ လူမိုက်လိုတယ်ဆိုတာလည်း အမှန်ဘဲလေ။ ၂၀၁၃ မှာ လူလိမ္မာလိုတယ်ဆိုတာကျ ဘယ်လိုများပါလိမ့်။ မောင်မှန်ဖတ်ဖူးတဲ့ ဆရာမောင်သာရရဲ့ ကဗျာတိုလေးတစ်ပုဒ်ကို သွားတွေးမိတယ်။ စကားလုံး အတိအကျတော့မမှတ်မိတော့ဘူး။ ဒါပေမယ့် အဓိပ္ပာယ်ကတော့ ခုရေးပြမယ့်အတိုင်း မလွဲပါဘူး။
“ခွေးကလေးကို လက်ပေးသင်၊ တတ်သွားလျှင် ခွေးလိမ္မာတဲ့၊ ငှက်ကလေးကိုစကားသင်၊ စကားတတ်လျှင် ငှက်လိမ္မာတဲ့၊ လူကလေးကို ခေါင်းညိတ်သင်၊
ခေါင်းညိတ်တတ်လျှင် လူလိမ္မာတဲ့” ဆရာမောင်သာရရဲ့ ကဗျာပါ။ ၂၀၁၃ မှာလိုနေတာ အဲလို လူလိမ္မာမျိုးလား မသိဘူး။ ဆရာတွေက မောင်မှန်တို့ ကို
ခေါင်းညိတ်အောင် သင်ကြားပေးနေတာများလား မသိဘူး။ ခေါင်းညိတ်တတ်တာနဲ့ လူလိမ္မာတဲ့။ ခေါင်းလေးတညိတ်ညိတ်နဲ့  တိုင်းပြည်တည်ဆောက်ရေးမှာ
လူလိမ္မာဆန်ဆန် ပူးပေါင်းပါဝင်ရဦးမှာပေါ့လေ။ ခေါင်းညိတ်ခေါင်းခါ မတတ်ပါလုပ်လို့ ရတဲ့ခေတ် မဟုတ်တော့ဘူး။ ခေါင်းညိတ်ပါသည် ဒီမိုကရေစီခေတ်
ရောက်ခဲ့ပါပြီ။

နောက်ဆုံး ဆရာတစ်ယောက်ရဲ့ ဒယ်အိုးစကားလေးနဲ့ ဘဲ ပိတ်လိုက်ပါရစေ။“၈၈ ကို လမ်းပေါ်ကနေ စင်ပေါ်ရောက်အောင် လုပ်ခဲ့ပြီ။” တဲ့။ ၈၈ ရဲ့ စစ်မှန်တဲ့
လူထုဆန္ဒတွေ၊ လူထုအသံတွေ၊ လူထုသွေးတွေ၊ လူထုချွေးတွေ၊ လူထုဝိညာဉ်တွေဟာ ဒီနေ့ အထိ ကမ္ဘာအနှံ့  လွင့်ပျံ့ နေတုန်းပါ။ လူထုဘ၀ဟာ ပြည့်စုံခဲ့ပါပြီလား။
မောင်မှန်ကတော့ မပြည့်စုံသေးပါဘူး။ ကိုယ့်ဆရာတွေ စင်ပေါ်တင်လိုက်တဲ့စင်တင်ပြဇာတ်မှာ ဝေလေလေဘဲဖြစ်ဖြစ် တစ်ခန်းလောက် ပါဝင်ခွင့်ရမှသာ
ပြီးပြည့်စုံသွားမှာပါ။ ကမ္ဘာကြော်မယ့် ဒယ်အိုးတွေ ကျန်းမာချမ်းသာကြပါစေ..။

မောင်မှန်

(TRUE NEWS ဂျာနယ် အတွဲ ၅၊ အမှတ် ၄၁ တွင် ဖော်ပြပါရှိသောမောင်မှန် ၏ “ကမ္ဘာကြော်မယ့် ဒယ်အိုးကြီးများ” မှ ကောက်နုတ်ပါသည်။
ပုံမှာ အဆိုပါဆောင်းပါး၏ သရုပ်ဖော်ပုံဖြစ်ပါသည်)

auun myo tun

(The Jakarta Globe မှ23 July 2013 ရက်စွဲပါ “Burmese refugees Hesitant to return to Myanmar :NGO ”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များအား လတ်တလောပြုလုပ်နေသည့် ဆာဗေးစစ်တမ်းသည် အရေအတွက် များစွာ ပြန်ပို့ရေးကိစ္စတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသည်။

“အဓိကကတော့ ဒုက္ခသည်စခန်းမှာနေထိုင်ပြီး နောက်ပိုင်း အနာဂါတ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဖြစ်ပါတယ်”ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Viven Tan က IRIN သတင်းဌာနသို့ ပြောကြား သည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် လုက်ကိုင်နေသော NGO အုပ်စုများ ညွန့်ပေါင်းအဖွဲ့ TBC ၏ အစိုးရနယ်စပ် တစ်လျှောက် ထိုင်းအစိုးရဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၉ ခုတွင်ခိုလှုံနေသော ဒုက္ခသည် ၁၃၀၀၀၀ နီးပါးရှိနေပြီဟု သိရသည်။

ဇွန်လလယ်မှစတင်ကာ ဇူလိုင်လအလယ်တွင် ပြီးစီးခဲ့သောဆာဗေး၌ ပါဝင်သည့် မဲဆောက်အနီးမှ မယ်လစခန်း တွင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၆၀၀၀ ကျော် နေထိုင်သည်ဟုဆိုသည်။

ဆာဗေးပြုလုပ်ရာတွင် ဆန္ဒအလျောက် ပြန်မလား၊ တတိယနိုင်ငံတွင် အခြေစိုက်မလား၊ ထိုင်းနိုင်ငံတွင် နေချင်သ လား စသည်တို့ကို မေးမြန်းခဲ့ပြီး၊ ဒုက္ခသည်များ၏ ဇာတိ၊ မိသားစုဦးရေ၊ ပညာရေးအဆင့်၊ တတ်မြောက်ထားသော အလုပ် အကိုင်ကျွမ်းကျင်မှု စသည့်အချက်အလက်များလည်း ပါဝင်သည်။

UNHCR က ရန်ပုံငွေ ထုတ်ပေးကာ ထိုင်း NGO မယ်ဖာလန် ဖောင်ဒေးရှင်းဝန်ထမ်း ၁၀၀ ဖြင့်ပြုလုပ်ခဲ့သော ဆာဗေး၏ နောက်ဆုံးရလဒ် အစီရင်ခံစာများကို လာမည့်သတင်းပတ်များအတွင်း ထုတ်ပြန်နိုင်မည်ဟု သိရသည်။

ကရင်ဒုက္ခသည် ကော်မတီ ဒုတိယဥက္ကဋ္ဌ စောဂျော့က “မြန်မာနိုင်ငံထဲမှာ အခြေအနေက ရှုပ်ထွေးနေတုန်း ပါ။ လူတွေက ပြန်ရမှာကို စိုးရိမ်နေကြတယ်။ အများစုက မပြန်ချင်ကြသေးဘူး” ဟုရှင်းလင်းပြောကြားသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ Viven Tan က ဒုက္ခသည်များကို ပြန်ပို့ရန် ခိုင်ခိုင်မာမာ အစီအစဉ်မရှိသေးကြောင်း၊ သို့သော် ဆာဗေးရလဒ်များက ကယ်ဆယ်ရေး အေဂျင်စီများ ကြိုတင်ပြင်ဆင်မှု ကို ထောက်အကူပြုကြောင်း ပြောကြား ပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့် ၂၀၁၅ တွင် ဒုက္ခသည်များပြန်ပို့သည့် အစီအစဉ် အကောင်အ ထည်ပေါ်နိုင် သည်ဟု ပြည်တွင်းမီဒီယာများက ခန့်မှန်းကြသည်။

ဒုက္ခသည်များက မလိုလားကြ

ဒုက္ခသည် အများစုက ဆာဗေးကို ဖြေကြားရန် မလိုလားကြပေ။ ၎င်းတို့က မူလရွေးချယ်ထားသည့် အတိုင်း ဖက်တွယ် ထားသင့်သည်ဟု ယုံကြည်နေကြသည်။

“သူတို့ရဲ့အဖြေတွေနဲ့ သူတို့ကိုပြန်ပြီး မချည်တုတ်ဘူးဆိုတာကို အသိပေးဖို့ ကျွန်တော်တို့ ကြိုးစားရပါတယ်။ ဒီလိုပဲ သူတို့ ရွေးချယ်တဲ့အတိုင်း ဖြစ်ရမယ်လို့လည်း ကျွန်တော်တို့ ကတိမပေးနိုင်ပါဘူး”ဟု Viven Tan ကဆိုပါသည်။

ဒုက္ခသည် ၄၆၀၀၀ နေထိုင်သော အကြီးဆုံး မယ်လစခန်းအပြင် နောက်ထပ် ဆာဗေးပြုလုပ်ရန် ဆုံးဖြတ်ထားခြင်း မရှိသေးဟု UNHCR ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းပြုပြင်ပြောင်းလဲမှုများနှင့် အပစ်ရပ်စဲမှုများကြောင့် ဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်များ အစပျိုးလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုက္ခသည်များ တစ်ချိန်က နေထိုင်ခဲ့သော ဇာတိရပ်ရွာများတွင် လုံခြုံရေးနှင့် အခြေခံအဆောက်အဦး ပြဿနာများ ရှိနေသည်။ အိမ်အပြန်လမ်းတွင် မြေမြှုပ်မိုင်းများ၊ မြေအငြင်းပွားမှုများ၊ အစိုးရ၏ အာမခံချက်မပေးနိုင်မှုများက အတားအဆီးဖြစ်နေသည်ဟု Tan ကဆိုပါသည်။

ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများ၊ ကရင်ခေါင်းဆောင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ယခုနှစ်အတွင်း ကနဦးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တိကျသော အသေးစိတ် အစီအစဉ်များ ထွက်ပေါ်လာခြင်းမရှိဟု စောဂျော့က ပြောကြားသည်။

“ကျွန်တော်တို့ အတူတကွ မလုပ်ကိုင်ခင်မှာ အပြန်အလှန်လေးစားမှု၊ နားလည်မှုတွေ ရှိဖို့လိုပါတယ်”ဟု ၎င်းကဆိုသည်။

ထိုအတောအတွင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ဒုက္ခသည်စခန်းများကို ပိတ်ရန်အလျင်လို လောဆော်ခြင်း မရှိပါဟု မကြာခဏ ကတိပေး အာမခံထားကြသည်။ မည်သို့ပင် ကတိပေးစေကာမူ နယ်စပ်ဖြတ်၍ နောက်ထပ် မထိန်းနိုင် မသိမ်းနိုင် ဝင်မလာအောင် တားဆီးရာတွင် အဆက်မပြတ် ပြန်ပို့ခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

“သဘောတရားအရဆိုရင်တော့ ဒုက္ခသည်တွေရဲ့ ဆန္ဒအပေါ်မှာ လုံးဝမူတည်သင့်တာပေါ့”ဟု UNHCR တာဝန်ရှိ သူက ဆိုပါသည်။

Yangon chronicle


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်ရန် ကြေညာချက်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ထုတ်ပြန်လိုက်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက The Voice သို့ ပြောကြားသည်။

ရေနံချောင်းမြို့တွင် နှစ်ပေါင်း ၈၀ ကျော်ကြာ ထိန်းသိမ်းထားသော ဗိုလ်ချုပ် အောင်ဆန်းလက်ရေးမူကို တိကျစွာ ပြောဆိုခြင်းမရှိဘဲ ယူဆောင်သွားခြင်းကို လုံးဝလက်မခံဘဲ မြို့သူမြို့သားများက သမိုင်းအမွေအနှစ်အဖြစ် တန်ဖိုးထားသော အဆိုပါစာအုပ်ကို အမြန်ဆုံး ပြန်လည်ပေးအပ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို နိုင်ငံတော်အဆင့် ထိန်းသိမ်းမည်ဆိုလျှင် အခြားပျောက်ကွယ်နေသော ဗိုလ်ချုပ်ပုံရိပ်များကို ပြန်လည် ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း အဆိုပါ ထုတ်ပြန်ချက်ကို ကိုးကားကာ ဦးမြင့်ငွေက ပြောကြားသည်။

“ဗိုလ်ချုပ်ရဲ့သမိုင်းကို ထိန်းသိမ်းချင်ရင် ဗိုလ်ချုပ်ပိုက်ဆံကို ဘာလို့သိမ်းလိုက်သလဲ။ ကျောင်းတွေမှာ ဗိုလ်ချုပ်ပုံတွေကို ဘာလို့ မချိတ်တော့သလဲ” ဟု ၎င်းကဆိုသည်။

ယင်းကော်မတီ နာယကဖြစ်သူ ရေနံချောင်းမြို့ မဟာဓမ္မိကရာမစမ္ပာယ်ရုံ ကျောင်းတိုက်ဆရာတော် ဦး ဝါသဝက “ပြန်လည် ညှိနှိုင်းစေချင်တယ်။ ဗိုလ်ချုပ် ဂုဏ်မငယ်အောင် ခမ်းခမ်းနားနား အထိမ်းအမှတ်လေး လုပ်ပြီးမှ စာအုပ်ကို သယ်သင့်တာ” ဟု မိန့်ကြားသည်။

ကော်မတီတွင် အဖွဲ့ဝင်၂၁ ဦးပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမှု ပြန်လည်ရရှိရေး ကော်မတီကို နာယကအဖြစ် ရေနံချောင်းမြို့မှ သံဃာတော်ခုနစ်ပါး ထားရှိကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗဟိုကျောင်းသားများသမဂ္ဂ၊ ကုန်သည်ကြီးများအသင်းနှင့် ရေနံချောင်း မြို့မိမြိုဖများ ပူးပေါင်းကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို ရေနံချောင်းမြို့ အထက (၁)
တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းကျောင်းအုပ် ဆရာမကြီးထံမှ လာရောက်ယူဆောင်သွားခြင်း ဖြစ်သည်။

ဟိန်းသွင်ထက်
The voice weekly

၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးထံသို့ ဗြိတိသျှ စစ်သံမှူး က လာရောက်တွေ့ဆုံနှုတ်ဆက်ပြီး ဗြိတိသျှခေတ် မြန်မာ့တပ်မတော် အကြောင်း၊ လွတ်လပ်ပြီးခေတ် တပ်မတော်သားများ အခြေအနေနှင့် လက်ရှိတပ်မတော်အပေါ် စစ်သေနာပတိချုပ်ဟောင်း တစ်ယောက်အနေဖြင့် နာယကဦးတင်ဦး၏ သဘောထားကိုမေးမြန်း
ဆွေးနွေး ခဲ့သည်။

ထို့ နောက် ဗြိတိသျှစစ်သံမှူး က ဘဘဦးတင်ဦးအား ဗိုလ်ချုပ်ဟု လေးစားသမှုဖြင့်ခေါ်ဝေါ်ခဲ့သည်ကို ဘဘဦးတင်ဦးက ယခု ၄င်းသည် ဦးတင်ဦးဖြစ်နေပြီဖြစ်သဖြင့် ဗိုလ်ချုပ်ဟု မခေါ်ပါရန်မေတ္တာ ရပ်ခံခဲ့သည်။

ဗြိတိသျှစစ်သံမှူး (Group captain Clive Coombes)က ဦးတင်ဦးသာ ယခုလက်ရှိတပ်မတော်စစ်ဦးစီးချုပ်ဖြစ်နေပြီး၊ သူ လို ဗြိတိသျှစစ်သံမှူး ထံက မည်သည့်အကူအညီမျိုးကိုတောင်းခံမည်လည်းဟုမေးမြန်းရာ၊ ဘဘဦးတင်ဦးက ယနေ့ တပ်မတော်သားများသည် ဗြူရိုကရက်ကြိုးနီစနစ်ဧ။်ဒဏ်ကိုခံစားနေရဆဲဖြစ်ကြောင်း၊ တပ်မတော်သားအများစုမှာ တပ်မတော်တာဝန်နှင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေ ရသော်လည်း။ ရာထူးအခွင့်အလမ်းများရရှိရန်အင်မတန်ခက်ခဲနေကြောင်း၊ ယနေ့ တပ်မတော်သားအများစုမှာ အင်္ဂလိပ်စာ နှင့် တရုတ်စာကို သင်ကြားချင်ကြမှာ ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့်စစ်ရေးဗျူဟာများကို သင်ကြားခွင့်ရရန် အရေးကြီးသည်မှာ မှန်ကန်ကြောင်း၊ သို့ သော်အရေးအကြီးဆုံးမှာ တပ်မတော်သားများတပ်မတော်အတွင်းတွင် လူ့ အခွင့်အရေးများခံစားနိုင်ခွင့်ရရေး၊ မည်သည့်တပ်မတော်သားမဆို ရာထူးတက်ရန်အခွင့်အလမ်းကောင်းများ ညီတူမျှတူရရှိနိုင်ရေးမှာ တပ်မတော်သားများအတွက် အရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်း။ အထက်ပါအချက်များကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး၊ ယူကေ အနေနှင့် လက်ရှိတပ်မတော်နှင့် ဆက်သွယ်ဆောင်ရွက်နေသည်များရှိလျှင်အထက်ပါကိစ္စများကို အလေးပေးဆောင်ရွက်သင့်ကြောင်း ယနေ့ မြန်မာ့တပ်မတော်ခေါင်းဆောင်များကို တိုက်တွန်းသင့်ကြောင်း၊ မိမိအနေနှင့်မှုအကူအညီအထွေအထူးမလိုကြောင်းပြောကြားခဲ့သည်။

ဗြိတိသျှစစ်သံမှူး(Group captain Clive Coombes)က ယခုအခါ ယူကေ နှင့်မြန်မာနိုင်ငံတို့ သည် စစ်ရေးပူးပေါင်းလေ့ ကျင့်မှုများပြုလုပ်ကြမည်ဖြစ်ပြီး၊ အဆိုပါကိစ္စရပ်များကို ဗြိတိသျှတို့ အနေဖြင့် မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံတည်း ပြုလုပ်လျှင်ကောင်းမည်လား (သို့ ) အခြားနိုင်ငံများ ဥပမာ-အမေရိကန်တို့ နှင့်ပါပူးပေါင်းဆောင်ရွက်လျှင် ကောင်းမည်လားဟုမေးမြန်းရာ ဘဘဦးတင်ဦးက ယနေ့ တပ်မတော်ဧ။် အမြင်မှာ အရေးကြီးကြောင်း၊ လက်တွေ့ လုပ်ကိုင်နေကြသူများ ဖြစ်သဖြင့်၊ မည်သည့်ပုံစံက တပ်မတော်သားများကို အကောင်းဆုံးအကျိုးပြုနိုင်မည်ဆိုသည်ကိုတပ်မတော်သား များကသာသိမည်ဖြစ်ကြောင်း၊ မည်သူနှင့်ပဲ သင်တန်းတွေလုပ်လုပ်၊ စစ်ရေးလေ့ကျင့်မှုပြုလုပ်လုပ်၊လာရောက် ကူညီလုပ်ကိုင်သည့် နိုင်ငံများမှ ခေါင်းဆောင်များက မြန်မာ့ တပ်မတော်သားများ ဧ။် ဘ၀အခြေအနေနှင့် ပညာရေးအခြေအနေများကို အမှန်အတိုင်းသိမြင်နိုင်အောင်ကြိုးစားပြီး၊ အောက်ခြေ တပ်မတော်သားများဧ။် အခြေအနေကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးမှ၊ ပြည်သူလူထုကို အလေးထားသည့် အရည်အသွေးပြည့်ဝသည့် တပ်မတော်ခေါင်းဆောင်များပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nld Central

ပြီးခဲ့သော ရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် ကယခုနှစ် ကုန်မတိုင်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကတိက၀တ်ပြုခဲ့သည်။ ယင်းကတိစကား၏ အကျိုးဆက်အဖြစ် ဇူလိုင် ၂၃ရက်တွင် အကျဉ်းထောင် အသီးသီး မှ နိုင်ငံရေး အကျဉ်းသား၇၃ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးလိုက်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူများအနက် အများစုသည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တင်ထားသော စာရင်းတွင် ပါဝင်သူများ ဖြစ်ပြီး ယခုနှစ်မကုန်ခင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို ထပ်မံလွှတ်ပေးဦးမည် ဟု မျှော်လင့်ရသည်။

သို့သော်တစ်ဖက်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်လှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများမှ ပုဒ်မ-၁၈ကဲ့သို့သော နိုင်ငံရေးနှင့်သက်ဆိုင်သည့်အမှုများဖြင့် တရားရင်ဆိုင်နေရသူများရှိနေသည်။ ထို့ပြင် တစ်ချိန်က အစိုးရနှင့် သဘောထားကွဲလွဲသူများကို အပြစ်ရှာဖမ်းဆီး ထောင်ချရန်အတွက် အသုံးချခဲ့သော ဥပဒေများကလည်း ယခင်အတိုင်း ရှိနေသည်။ သို့အတွက် နောက်ထပ် နိုင်ငံရေးအကျဉ်းသားသစ်များ ထပ်တိုးမလာဟု အာမမခံနိုင်ပေ။

ယခင်စစ်အာဏာရှင်လက်ထက်တွင် ဥပဒေများအား ၄င်းတို့ အာဏာတည်မြဲရေးအတွက် လိုသလို အသုံးချခဲ့ကြသည်။ အာဏာရှင် လက်ထက် ဥပဒေများသည် ပြည်သူကို အကာအကွယ်ပေးရန်အတွက် မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ရန်အတွက်သာဖြစ်ခဲ့သည်။ အစိုးရနှင့် သဘောထားကွဲလွဲသူများနှင့် အတိုက်အခံများကို အချိန်မရွေး ဖမ်းဆီး ထောင်ချနိုင်ရန်အတွက် ဥပဒေများကို ထောင်ချောက်သဖွယ် အသုံးချခဲ့ကြသည်။ အဂတိမှုကြီးစိုးပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်အတွက် တည်ဆဲ ဥပဒေများသည် နိုင်ငံအတွင်း နေထိုင်သူအားလုံးအပေါ် တစ်ပြေးညီအကျိုးသက်ရောက်ခဲ့ခြင်းမရှိဘဲ အာဏာပိုင်များနှင့် ပေါင်းနိုင်သူများက ဥပဒေကို မျက်ကွယ်ပြု၍ လုပ်ချင်တိုင်းလုပ်နိုင်ခဲ့ကြသည်။

အတိုက်အခံနိုင်ငံရေးသမားများနှင့် နိုင်ငံ့အရေး တက်ကြွလှုပ်ရှားသူများကိုမူ ဥပဒေများကို လိုသလို အဓိပ္ပာယ်ဖွင့်၍ ဖမ်းဆီးထောင်ချခဲ့သည်။ ကွန်ပျူတာတစ်လုံးကြောင့်သော်လည်းကောင်း၊ မိတ္တူစက်တစ်လုံး ကြောင့်သော်လည်းကောင်း၊ စာရွက်တစ်ရွက်၊ စာအုပ်တစ်အုပ် ကြောင့်သော်လည်းကောင်း၊ ဓာတ်ပုံတစ်ပုံကြောင့်သော်လည်းကောင်း၊ နိုင်ငံခြားငွေစက္ကူတစ်ရွက်ကြောင့်သော်လည်းကောင်း အချိန်မရွေးဖမ်းဆီး၍ရနိုင်သည့် အနေအထားမျိုးရောက်အောင် အာဏာရှင်တို့က ဖန်တီးခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံသားအားလုံးမှာ အာဏာရှင်တို့၏ ဥပဒေထောင်ချောက်ထဲ ပိတ်မိသွားတော့သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေသည်ဟုဆိုသော ယနေ့ အချိန်ကာလ၌မူ အဆိုပါ အနေအထားမျိုး မရှိသင့်တော့ပေ။ နိုင်ငံ့အရေးတက်ကြွလှုပ်ရှားသူများနှင့် အစိုးရနှင့်သဘောထားကွဲလွဲသူများကို လိုအပ်ပါက ဖမ်းဆီးထိန်းသိမ်းနိုင်စေရန် ဖန်တီးထားသော ဥပဒေထောင်ချောက်များကို ဖယ်ရှားရှင်းလင်းပစ်ရ တော့မည်ဖြစ်သည်။ ထို့ပြင် နောက်ထပ်ပြင်ဆင်ပြဋ္ဌာန်းသော ဥပဒေသစ်များ၌လည်း အာဏာပိုင်များ ဖိနှိပ်ခွင့်ရစေသောအချက်များပါဝင်မလာစေရန် အရေးကြီးပေသည်။ တည်ဆဲဥပဒေမှန်သမျှနှင့် အသစ်ပေါ်ထွန်းလာမည့်ဥပဒေအားလုံးသည် ပြည်သူကို အကာအကွယ်ပေးသော အရာများသာ ဖြစ်သင့်သည်။ သို့မဟုတ်ပါက နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးကြောင့် အရေးယူခံရသူများကို ဆက်လက်မြင်တွေ့ သွားရဖွယ်ရှိနေသည်။

မြန်မာသံတော်ဆင့်အယ်ဒီတာ အာဘော်


၉၃ နှစ်ကြာ သမိုင်းကာလအတွင်းတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် အတက်အကျမျိုးစုံကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း ၁၉၆၃ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ဆိုရှယ်လစ် အစိုးရလက်ထက်တွင် မြန်မာ့ရုပ်ရှင်အကျပိုင်းသို့ ရောက်ခဲ့သည်ဆိုသည်မှာ လုံးလုံးလျားလျားမှန်သည်ဟု မဆိုနိုင်ပါ။ ထိုအစိုးရလက်ထက်နောက်ပိုင်း စစ်အစိုးရက အာဏာသိမ်းယူပြီးသည့်နောက် ဆယ်စုနှစ်များစွာအကြာမှာ လုံးဝပျက်စီးယိုယွင်းသွားခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ့ရုပ်ရှင်နေ့ဟု နောက်ပိုင်းတွင် သတ်မှတ်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်တွင် မေတ္တာနှင့်သူရာရုပ်ရှင်ဇာတ်ကားဖြင့် အစပြုခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် အစပိုင်းတာထွက် အလွန်ကောင်းခဲ့ပါ သည်။ ၁၉၂၀ ပြည့်နှစ်အစောပိုင်း ကာလများတွင် မြန်မာ့ရုပ်ရှင်မင်းသမီးများက အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့တွင် သွားရောက်သရုပ်ဆောင်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင်မူ အသံတိတ်မှ အသံထွက်ရုပ်ရှင်များ ရိုက်ကူးလာသည်။ အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်က မြန်မာနိုင်ငံ၏ နောက်တစ်နှစ်ကြာမှသာ အသံထွက်ဇာတ်ကားကို ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်အထိ ရိုက်ကူးခဲ့သည့် မြန်မာရုပ်ရှင်များမှာ ရာဇ၀င်ကားများနှင့် မိသားစု ဇာတ်လမ်းများသာများသည်။
၁၉၃၀ ပြည့်နှစ်တွင် အေ၀မ်းကုမ္ပဏီက ၂၃ ဟက်တာမြေအကျယ်ရှိသော မြန်မာဟောလိဝုဒ်ဟု ခေါ်ဆိုရသည့် အေ၀မ်းရုပ်ရှင်ခြံကို တည်ခဲ့သည်။

“ဒီရုပ်ရှင်ခြံက မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ ထည်ဝါခမ်းနားအရေးပါခဲ့မှုကို ပြတာပေါ့ဗျာ” အေ၀မ်းခြံတည်ထောင်သူ ဦးညီပု၏ တူဖြစ်သူဦးမြင့်စိုးက ပြောကြားသည်။

၁၉၃၀ ပြည့်နှစ်တွင်မူ မြန်မာစတန့် စွန့်စားခန်းရုပ်ရှင်များနှင့် ကာတွန်းကားများလည်း ရိုက်ကူးလာခဲ့ပါသည်။ ရုပ်ရှင်များက
လူမှုရေးနှင့်နိုင်ငံရေးကို ရိုက်ကူးထားသော်လည်း ထိုအချိန်က လောင်းကစားနှင့် အကျင့်ပျက်ခြစားမှုများကို ဖော်ပြထားသည့်အတွက် ရုပ်ရှင်ကား အတော်များများ ဗြိတိသျှ အစိုးရ ဆင်ဆာဖြတ်တောက်ခြင်းကိုခံခဲ့ရ၏။ ၁၉၄၁ ခုနှစ်အကျော် ဂျပန်ခေတ်တွင် ရုပ်ရှင်ရုံအတော်များများမှာ ဗုံးကြဲခံရပြီး ရုပ်ရှင်လည်း ငါးနှစ်လောက်ရိုက်ကူး နိုင်ခြင်းမရှိခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်က “၁၉၄၆ မှာတော့ ရုပ်ရှင်တွေပြန်စရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အရည်အသွေးမကောင်းဘူး။ ဂျပန်ခေတ်မှာ ဖလင်မ၀ယ်နိုင်တော့ ဖလင်တွေကို မြေထဲမြှုပ်ပြီးသိမ်းထားကြတယ်။ အဲဒီမှာ အပူရှိန်ကြောင့် ဖလင်တွေပျက်စီးကုန်တယ်” ၁၉၄၇ ခုနှစ်တွင် ရုပ်ရှင်ကား နှစ်ဆယ်ခန့် ရိုက်ကူးခဲ့ပြီး ထို့နောက်တွင် တစ်နှစ်ကို ကားလေးဆယ်၊ ကားငါးဆယ်အထိ တိုးတက်လာခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်ကဲ့သို့ မြန်မာရုပ်ရှင်၏ ခေတ် အကောင်းဆုံးကာလက ၁၉၅၀ ပြည့်နှစ်များဖြစ်ပြီး ၁၉၅၂ ခုနှစ်
တွင် အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို စတင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် Crasade Pictures California ကို အတုယူပြီး လူထုအောင်လံရုပ်ရှင်ကားကြီးကို ၀န်ကြီးချုပ်ဦးနုကိုယ်တိုင်ပါဝင် ဇာတ်ညွှန်းရေးသားခဲ့သည်။

“အဲဒီဇာတ်ကားက ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို အားပေးထားတဲ့ ဂန္ထ၀င် ဇာတ်ကားတစ်ကားပါ” ဟု ဆွေဇင်ထိုက်က ဆိုသည်။

၁၉၅၀ ပြည့်နှစ်တွင် ယူနီဗာဆယ်စတူဒီယို၏ အိန္ဒိယဌာန ကိုယ်စားလှယ်က မြန်မာပြည်သို့ လာရောက်ပြီး နည်းပညာအချို့ကို သင်ပြခဲ့ရာ မြန်မာများကလည်း စိတ်ဝင်စားလေ့လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံအရေအတွက်လည်း များပြားတိုးတက်လာသည်။ အေ၀မ်းခြံအဆက်အနွှယ် ဦးအောင်စည်က ထိုခေတ်အကြောင်းကို ယခုလို ပြန်ပြောပြသည်။

“အဲဒီတုန်းကဆိုရင် အိန္ဒိယနဲ့ ထိုင်းသရုပ်ဆောင်တွေတောင် ဒီကိုလာရတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အကုန်ရတယ်လေ”

ဒေါ်ဆွေဇင်ထိုက်ကလည်း “ကျွန်မတို့က တစ်ချိန်တုန်းကတော့ အာရှရုပ်ရှင်လုပ်ငန်းရဲ့ မီးရှူးတန်ဆောင်ပေါ့လေ။ အဲဒီနေ့တွေကိုပဲ ပြန်တမ်းတနေရတာပဲ။ အရင်တုန်းကတော့ ရှေ့က အခုတော့နောက်က။ သဘာဝပဲပေါ့”

ထို့အပြင် ၁၉၅၄ ခုနှစ် ကမ္ဘာကျော် ဗြိတိသျှစစ်ကား ခရမ်းရောင်လွင်ပြင် (Purple Plain) တွင် မြန်မာမင်းသမီးဝင်းမင်းသန်းက မင်းသားဂရေဂရီပက်နှင့်အတူ သရုပ်ဆောင်ခဲ့ပါသည်။

ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်ဖူးသည့်အတွက် ယခုကဲ့သို့ မြန်မာရုပ်ရှင်လုပ်ငန်းက လျင်လျင်မြန်မြန် တိုးတက်ခဲ့သည်ဟုလည်း ပြောကြသည်။ တကယ်တမ်းတွင် ရုပ်ရှင်နှင့်ပတ်သက်ပြီး ဗြိတိသျှ အစိုးရဆီက ပြောပလောက်အောင် ပံ့ပိုးမှုမရခဲ့ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုပါသည်။

သို့သော်လည်း မကြာသေးမီက ဗြိတိသျှကောင်စီ၌ ဇာတ်ညွှန်းရေးသားနည်း သင်တန်းများနှင့် ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများပေးခဲ့ပြီး အမေရိကန်မီချီဂန် ပြည်နယ်အခြေစိုက်ဖို့ဒ်ဖောင်ဒေးရှင်းကလည်း မြန်မာရုပ်ရှင်လုပ်ငန်းအတွက် ကူညီမှုများပေးခဲ့သည်ဟု သိရပါသည်။

အကယ်ဒမီဆုရ ဒါရိုက်တာ ဦးကြည်စိုးထွန်းကမူ ဗြိတိသျှခေတ်တွင် ရိုက်ကူးခဲ့သော်လည်း မေတ္တာနှင့် သူရာဇာတ်ကားမှအစ မြန်မာရုပ်ရှင်ကားများ သက်သက်ချည်းက ဗြိတိသျှတို့၏ လွှမ်းမိုးမှုအငွေ့အသက်မည်သည့်အခါကမှ မရှိခဲ့ဟု ပြောကြားသည်။

သူ၏ သူငယ်ချင်းအချို့က ဗြိတိသျှလုပ်ရုပ်ရှင်စက်ပစ္စည်းများ သုံးသော်လည်း ဗြိတိသျှတို့၏ ရုပ်ရှင်ပညာကို မြန်မာရုပ်ရှင်သမားများက နမူနာအတုမယူခဲ့ဟု သူက ဆိုပါသည်။

သို့သော်လည်း ဗြိတိသျှအစိုးရဆီက ဆင်ဆာဖြတ်မှုကို မြန်မာအစိုးရက အတုယူခဲ့ကာ လွတ်လပ်ရေးရအပြီး ၁၉၅၀ ပြည့်နှစ်များ
နောက်ပိုင်း ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုလည်း တည်ထောင်ခဲ့သည်။

သို့သော်လည်း ထိုဆင်ဆာအဖွဲ့က မြန်မာရုပ်ရှင်လုပ်ငန်းကို ထိခိုက်မှုမရှိဟု အဖိုးနှင့် ဖခင်နှစ်ဦးစလုံးနာမည်ကြီး ရုပ်ရှင်ဒါရိုက်တာများဖြစ်ကြသော ဒေါ်ဝါနုက ဆိုသည်။

“ကျွန်မအဖိုးက ၁၉၅၉ ခုနှစ်မှာ ရုပ်ရှင်စရိုက်ခဲ့တယ်။ ဒါပေမဲ့ ဆင်ဆာကြောင့် ပြဿနာမရှိခဲ့ဘူး။ သူက သာမန်လူတွေအကြောင်းကိုပဲ ရုပ်ရှင်ရိုက်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းကတော့ ခေတ်ကောင်းတာပေါ့။ တစ်နှစ်ကို ရုပ်ရှင်ကားတစ်ရာကျော်လောက် ထွက်တယ်”

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရက တရုတ်နိုင်ငံအတိုင်း ပုံစံယူပြီး ၀ါဒဖြန့်ရုပ်ရှင်တွေကိုယ်တိုင်ရိုက်ကာ အစိုးရရုံတွေမှာ ပြသခဲ့သည်။ နောက်ပိုင်းတွင် စရိတ်စကကြီးသည့်အတွက် ထိုအကြံကို စွန့်လွှတ်ကာ ရုပ်ရှင်များကို ထိန်းချုပ်ရန် အခြားနည်းလမ်းများကို သုံးလာခဲ့သည်။

ဒါရိုက်တာကြည်စိုးထွန်းက “သူတို့က ကျွန်တော်တို့ကို ဖန်တီးခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အများကြီးစောင့်ကြည့်ထိန်းချုပ်မှု တွေကြားကပေါ့လေ”

၁၉၈၀ ပြည့်နှစ်တွင်မူ သရုပ်ဆောင်တစ်ဦးကိုတစ်နှစ်လျှင် ရုပ်ရှင်သုံးကားသာရိုက်ရမည်ဟု သတ်မှတ်ချက်ချခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်ဆွေဇင်ထိုက်က ထိုအချက်ကို လက်မခံခဲ့သည့်အတွက် သူ့ကို ရုပ်ရှင်ရိုက်ခွင့် ခြောက်လပိတ်ခဲ့သည်။ ထိုသတ်မှတ်မှုသည် ရုပ်ရှင်သရုပ်ဆောင်များ၏ အသက်မွေးဝမ်းကျောင်း ဘ၀ကို အစိုးရက ထိန်းချုပ်ခြင်းကို ပြသရာရောက်ကြောင်း ဆွေဇင်ထိုက်က ယုံကြည်ခဲ့သည်။

ထို့အပြင် ရုပ်ရှင်များသည် ဇာတ်ညွှန်းများခွင့်ပြုချက်နှင့် အများပြည်သူပြသရန် ခွင့်ပြုချက်တို့ လိုအပ်ကြောင်း သတ်မှတ်ချက်များပါ အစိုးရက ချမှတ်ခဲ့သည်။ ခွင့်ပြုချက်ကိုလည်း နောက်ပိုင်းတွင် သုံးနှစ်သက်တမ်းသာ သတ်မှတ်ခဲ့၏။

၁၉၇၂ ခုနှစ်တွင် ဆိုရှယ်လစ်အစိုးရက ပြုပြင်ပြောင်းလဲရေးဟုဆိုကာ ရုပ်ရှင်များကို ဆိုရှယ်လစ်သဘောထားများ ပြန့်ပွားရေးအတွက် ရိုက်ကူးရမည်ဟု သတ်မှတ်လာသည်။

“အဲဒါက ကျွန်မတို့ရဲ့ အနုပညာဖန်တီးတိုးတက်မှုတွေကို ဟန့်တားလိုက်တာပါပဲ” ဟု ဒေါ်ဆွေဇင်ထိုက်က ပြောကြားသည်။

ရုပ်ရှင်ကောင်စီအဖွဲ့ဝင် လူကြီးများကို အစိုးရက ခန့်အပ်သူများနှင့် အစားထိုးခဲ့သည်။ ရည်ရွယ်ချက်မှာ အနုပညာထက် ထိန်းချုပ်ဖို့ သက်သက်သာဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းတစ်ခုလုံးသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အာဘော်သာဖြစ်အောင် ဖိအားပေးထားခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းအပြီးတွင် အစိုးရ၏ ရုပ်ရှင်အပေါ်တင်းကျပ်မှုက ပိုပိုဆိုးလာသည်။ အနောက်တိုင်းနိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ဖလင်ဝယ်ယူရန် အခက်အခဲရှိလာသည့်အခါ ဗီဒီယိုများ ရိုက်ကူးခွင့်ကို ပေးခဲ့သည်။

ထိုအခါ အိမ်မှာ ဗီဒီယိုကြည့်သည့် အလေ့အထထွန်းကားလာပြီး တစ်နှစ်ကို ဗီဒီယိုကား တစ်ထောင်ခန့်အထိ ထုတ်လုပ်နိုင်လာသည်။

အခြားတစ်ဖက်မှာလည်း ရုပ်ရှင် ကြည့်သူကျဆင်းလာသည်။ လက်မှတ်ဝယ်ပြီး ရုံတွင် ကြည့်မည့်အစား မိသားစုနှင့်အတူ ဗီဒီယိုတစ်ကားကြည့်လိုက်ခြင်းက ငွေ ၅၀၀ လောက်သာ အကုန်အကျရှိသည်မို့ ပိုတွက်ခြေကိုက်လာသည်။

ထို့အပြင် ကိုရီးယား၊ တရုတ်နှင့် ဟောလိဝုဒ်ရုပ်ရှင်များကို လူကြိုက်များလာခြင်းကလည်း ပြည်တွင်းရုပ်ရှင်လုပ်ငန်း၏ အခြေအနေကို ပိုမိုဆိုးရွားစေသည်။

ရုပ်ရှင်ရုံများကလည်း ၀င်ငွေမကောင်းတော့ချေ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အိမ်ရာဈေးများ တစ်ရှိန်ထိုးမြင့်တက်လာသည့်အတွက် ရုပ်ရှင်ရုံများကို ဖျက်ပြီး အိမ်ရာတိုက်ခန်းများ ဆောက်လာကြသည်။

“ရုပ်ရှင်ပြတာက ရင်းနှီးထားတဲ့ ငွေပြန်ရမယ်လို့ အာမမခံနိုင်ဘူးလေ” ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ရုပ်ရှင်ရုံ ၁၀၀ ခန့်ရှိသည့်အနက် ရုံ ၅၀ ခန့်ကပဲ ရုပ်ရှင်များ ပြသနေသည်ဟု သူက ခန့်မှန်းပါသည်။

နိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံများကို ဒေါ်ဆွေဇင်ထိုက်က သွားရောက်ကြည့်ရှုခဲ့ရာ မော်လမြိုင်တွင် ရုပ်ရှင်ရုံတစ်ခုမှာ ပင်လယ်စာအအေးခန်းအဖြစ် ပုံစံပြောင်းထားသည်ကို တွေ့ခဲ့ရသည်။

နောက်ထပ်ပြဿနာတစ်ခုမှာ ပြန်ကြားရေးဝန်ကြီးဌာနကြောင့်ဖြစ်သည်။

“သူတို့က ဒီနေ့တစ်မျိုးပြောလိုက်။ နောက်နေ့မှာ တစ်မျိုးစိတ် ပြောင်းသွားလိုက်ဆိုတော့ လူတွေကလည်း ဘယ်ရင်းနှီးမြှုပ်နှံရဲ တော့မလဲ” ဟု သူက ဆိုသည်။

၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရုပ်ရှင်ရုံများတွင် ပြသနေသော ရုပ်ရှင်များ၏ ၇၂ ရာခိုင်နှုန်းမှာ နိုင်ငံခြားကားများသာဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာရုပ်ရှင်ရုံများတွင် အဆင့်မြင့်အသံစနစ်ကောင်းကောင်းမရှိပါ။ ထိုင်ခုံများကလည်း သက်သောင့်သက်သာမရှိသလို သန့်ရှင်းမှုကလည်း မရှိပါ။

ယနေ့ခေတ်မှာ ငွေအရများဆုံး မြန်မာရုပ်ရှင်များမှာ ဟာသကားများဖြစ်ပြီး သရဲကားများကိုလည်း လူကြိုက်များလာသည်ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြောပါသည်။

ထို့အပြင် ရုပ်ရှင်တွေမှာ လူကြိုက်များလာသော ကိုရီးယားယဉ်ကျေးမှု၏ လွှမ်းမိုးမှုများပါလာသည်ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။

“ဒီနေ့ခေတ်ကတော့ ကိုရီးယားတွေပဲ ကူးချနေတာပါပဲ။ ဇာတ်လမ်းရော၊ သီချင်းရော၊ အ၀တ်အစားရောပဲ”

မြန်မာရုပ်ရှင်ပြတိုက်၌ ဧည့်လမ်းညွှန်လုပ်သူ မသီသီကတော့ “နိုင်ငံရေးကားတွေ ကျွန်မ မကြိုက်ဘူး။ ရဲတွေကနောက်က လိုက်တဲ့ အက်ရှင်လည်းပါတဲ့ကားတွေကြိုက်တယ်။ သရဲကားတွေကို ကျွန်မအကြိုက်ဆုံးပဲ” ဟု ဆိုပါသည်။ အချစ်ဇာတ်ကားများကလည်း ဆယ်ကျော်သက်များကြားဝယ် ရေပန်းစားနေသေးသည်ဟု သီသီက ပြောသည်။

ထာဝရမန္တလေးရုပ်သံဇာတ်လမ်းတွဲတွင် သူနာပြုဆရာမအဖြစ် သရုပ်ဆောင်ရန်စောင့်နေသည့် သရုပ်ဆောင် စုစန္ဒီ၀င်းကမူ
“သရုပ်ဆောင်တာက ကျွန်မရဲ့ ၀ါသနာပဲ။ အဲဒါကြောင့် မော်ဒယ်ကနေ ပြောင်းလုပ်တာ။ ကျွန်မက အချိန်ပြည့်လုပ်ချင်တာ”

သူက ဇာတ်ပို့သရုပ်ဆောင်ခအဖြစ် တစ်နေ့ကို မြန်မာကျပ်ငွေ တစ်သောင်းခွဲခန့်ရပါသည်။ သို့သော်လည်း ဒီနေ့ ရုပ်ရှင်နှင့် အရင် ခေတ်ဟောင်းကားများ ဘာကွာခြားမှုရှိသလဲ မေးသည့်အခါ ခေတ်ဟောင်းရုပ်ရှင်အကြောင်းကို မသိပါဟု စုစန္ဒီဝင်းက ဖြေပါသည်။

အခြားပြဿနာတစ်ခုက သရုပ်ဆောင်များ၏ အရည်အသွေးကလည်း အရင်ခေတ်သရုပ်ဆောင်များထက် နိမ့်ကျလာခြင်းဖြစ်သည်။ ငွေရအောင်လုပ်နိုင်သည့် သရုပ်ဆောင်များက အားလုံးကိုရိုက်ကူးနေကြသည်။ အချို့ သရုပ်ဆောင်များဆိုလျှင် တစ်ကားကို သုံးရက်ထက်ပင်ပိုမရိုက်ကြ။

“ထုတ်လုပ်သူတွေကလည်း ဘာမှမပြောနိုင်ကြဘူး။ တရားစွဲဖို့လည်း ဘာစည်းကမ်းစာချုပ်မှ မရှိဘူး။ အဲဒါကလည်း ထုတ်လုပ်မှု အရည်အသွေးကို ဖျက်ဆီးနေတာပဲ” ဟု ဒေါ်ဆွေဇင်ထိုက်က ရှင်းပြသည်။ နောက်ထပ်အဓိကကျသည့် အချက်ကတော့ ဒါရိုက်တာ၏ အခန်းကဏ္ဍပဲဖြစ်သည်။

ဒါရိုက်တာကြည်စိုးထွန်းက “အရင်တုန်းကတော့ ဒါရိုက်တာတွေက ရိုက်ကွင်းရဲ့ ဘုရင်ပေါ့။ အခုတော့ လူတွေက တည်းဖြတ်တာတွေ၊ ထုတ်လုပ်တာတွေ ဂရုမစိုက်တော့ပါဘူး။”

ထိုအခြေအနေများက မြန်မာ့ရုပ်ရှင်ကို အချိန်နှင့်အမျှ ကျဆင်းသထက်ကျဆင်းလာသော်လည်း အနာဂတ်မှာ တောက်ပလာနိုင်မည့် အလင်းရောင်ကိုတော့ စိတ်ကူးယဉ်မျှော်မှန်းနေကြပါသည်။

သူတို့အနေဖြင့် ယူနီဗာဆယ် စတူဒီယိုကဲ့သို့ ရုပ်ရှင်မြို့တော် တည်ဆောက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးနေပြီး မကြာမီနှစ်အနည်းငယ်အတွင်း အကောင်အထည်ဖော်လာနိုင်မည်ဟု ဒေါ်ဆွေဇင်ထိုက်က ယုံကြည်နေသည်။ လောလောဆယ်
မြန်မာနိုင်ငံ၌ ဒေါ်ဆွေဇင်ထိုက်တို့ ခေတ်များကဲ့သို့ ရုပ်ရှင်ခြံဆိုသည်မှာမရှိဘဲ အိမ်များကိုသာ ရိုက်ကွင်းအဖြစ် သုံးနေရသည်။

မြန်မာရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူးအနေဖြင့် ကမ္ဘာတစ်ဝန်းက လူများကို ဒေါ်ဆွေဇင်ထိုက် အမှာစကားပါး လိုက်ချင်သည်က အောက်ပါ စကားတစ်ခွန်းတည်းသာ။

“ကျွန်မတို့ မြန်မာရုပ်ရှင်ကို လာပြီးကူညီကြပါရှင်”
(ဘန်ကောက်ပို့စ်သတင်းစာပါ Can Myanmar Get a second chance? ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7 Days news journal



ကျွန်မတို့ နိုင်ငံ တိုးတက်ရေးအတွက်ဆိုတာ အဓိကကျတဲ့ ကိစ္စကတော့ ပညာရေးပဲ... ပညာရေးဆိုတာ ပစ္စုပန်တင်မကဘူး အနာဂတ်အတွက်လဲ အရမ်းအရေးကြီးပါတယ်... ပညာရေးမှာဆိုရင် သိပ်အရေးကြီးတာက စာပေကို ချစ်မြတ်နိုးဖို့က အရေးကြီးပါတယ်... အတန်းထဲမှာ သင်တဲ့ စာလောက်နဲ့ တင်းတိမ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေရဲ့ အသိစိတ်ဓါတ်တွေဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှာ မဟုတ်ပါဘူး... ဒါကြောင့် ကျွန်မတိုရဲ့ လူငယ်တွေကို စာပေကို မြတ်နိုးစေချင်တယ် ... စာဖတ်တာကို ၀ါသနာပါစေချင်တယ်... စာဖတ်တာ ၀ါသနာပါဖို့ အဓိကဆိုတာ စာအုပ်တွေ ရှိဖို့လိုတယ်... ဘယ်လိုပဲ စာဖတ်ချင်၊ စာဖတ်ချင် စာအုပ်တွေ မရှိရင် စာဖတ်ဖြစ်မှာ မဟုတ်ပါဘူး... စာမဖတ်နိုင်ရင် စာပေကို မြတ်နိုးလာမှာ မဟုတ်ပါဘူး...

တချို့က သုတစာပေကိုပဲ အရေးကြီးတယ်လို့ ထင်ကြတယ်... ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု့နဲ့ ပတ်သက်လို့ ရှိရင် ရသစာပေက အင်မတန်မှ အရေးကြီးပါတယ်... ဘ၀မှာ အခက်အခဲတွေကိုကျော်လွှားဖို့ဆိုရင် တစ်ခါတစ်လေမှာ ရသစာပေတွေက ရခဲ့တဲ့ သင်ခန်းစာတွေက အများကြီး ပိုပြီး အဖိုးတန်ပါတယ်... ဘယ်လို ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်မလဲ... လောကဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ... ဘယ်လိုကျော်လွှားမလဲဆိုတာ တစ်ခါတစ်လေ သုတစာပေတွေကနေ ရနိုင်တာ မဟုတ်ပါဘူး... အများအားဖြင့် ရသစာပေတွေက ရနိုင်တယ်ဆိုတာ တကယ့်ကို နက်နဲတဲ့ ပညာရှင်တွေရဲ့ အတွေးအခေါ်တွေဟာ ရသစာပေတွေထဲမှာ မြင်နိုင်ပါတယ်... အဲ့ဒီ အတွေးအခေါ်တွေဟာ တကယ်တော့ လူသားတွေရဲ့ သဘာဝနဲ့ သက်ဆိုင်တယ်... ကမ္ဘာလောက ကြီးရဲ့ စိန်ခေါ်မှု့နေတွေနဲ့ သက်ဆိုင်တယ်... ဒါကြောင့်မို့ စာဖတ်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်...

ရိုက်ကူး.တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.