08/01/13

Photo.i.telegraph.co.uk
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတ
ထားရှိခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြစ်စဉ်ကြောင့် အကျယ်ချုပ် ချခံရတာတွေ ရှိခဲ့တယ်။ ဘယ်သူ့ကိုမှ မုန်းတီးမှုမရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖြစ်ရတယ်
လို့ပဲ သဘောထားတယ်။ ဦးသန်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခင်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် မည်သည့်ကိစ္စမျှ ဆွေးနွေးခဲ့မှု မရှိကြောင်း၊ ဦးသန်းရွှေ လက်အောက်တွင်လည်း အကျယ်ချုပ် ချခံခဲ့ရကြောင်း၊ ဦးသန်းရွှေ လုပ်ပါတယ်ဆိုပြီး စိတ်ထဲတွင် မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဒီလူကလုပ်ပါတယ်၊ ဟိုလူက လုပ်ပါတယ်၊ ဟုတ်ရင်ဟုတ်မယ်၊ မဟုတ်ရင်မဟုတ်ဘူး။ ဒါကအဓိက မဟုတ်ကြောင်း၊ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်နေတာဖြစ်ကြောင်း၊ ကိုယ်ယုံကြည်တာ
လုပ်လို့ ပြဿနာဖြစ်ရင်လည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နေတာက အပြစ်ရှာရန် မဟုတ်ကြောင်း၊ အဖြေရှာရန်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။

"နောက်ကြောင်းပြန်ပြောတာတွေ မလုပ်ချင်ဘူး။ ရှေ့ကို နိုင်ငံကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာဘဲ စဉ်းစားပါတယ်။ လက်စားချေဖို့ စိတ်ကတော့ လုံးဝမရှိဘူး။ အန်တီအမြဲ ပြောခဲ့တယ်။ အန်တီ့ကို ကောင်းကောင်းထားခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုများ မရှိခဲ့ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးကိုပဲ ဦးတည်ထားပါတယ်။ အန်တီ့ရဲ့ စိတ်အရကတော့ လက်စားချေလိုစိတ် မရှိဘူး။ မှန်တယ်ထင်ရင် လုပ်မယ်။ မမှန်ဘူးထင်ရင် မလုပ်ဘူး။ နိုင်ငံအတွက် ကောင်းအောင်
လုပ်ဖို့ပဲ စဉ်းစားထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ကော့မှူးမြို့နယ် တိုးတက်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံး တိုးတက်ရန်အတွက် ဆောင်ရွက်လိုကြောင်း၊ မဲဆန္ဒရှင်တွေအတွက် အဓိကထားပြီး လုပ်ဆောင်နေကြောင်း ပြောကြားသည်။

EMG

ဇူလိုင်လ ၃၁ ရက်နေ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဆီကနေ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်း တာဝန်ယူပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရပြီး လက်ကျန် သက်တမ်း ၂ နှစ်ခွဲကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အတိတ်က မြန်မာနိုင်ငံ အောက်ကျနောက်ကျ ဖြစ်ခဲ့တာတွေကို အပြစ်တင်မယ့်အစား သင်ခန်းစာယူတာ လုပ်ဖို့၊ အရေးတွေ အပြောတွေ ဆောင်ပုဒ်တွေထက် ပြည်ထောင်စုစနစ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီဖြစ်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် နာယက အသစ် သူရဦးရွှေမန်းက ပြောဆိုသွားပါတယ်။

သမ္မတ၊ ဒုသမ္မတတွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ပါ တက်ရောက်တဲ့ လွှတ်တော်နာယက တာဝန်ပြောင်းလဲရယူတဲ့ မိန့်ခွန်းမှာ သူရ ဦးရွှေမန်းက ခုလို ပြောလိုက်တာပါ။

သူက ဆက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အကောင်အထည် ပေါ်လာအောင် တကယ်လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်၊ ပါတီစုံစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို တကယ် ယုံကြည်ကြဖို့ တက်ရောက်လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး ကြေငြာချက်ကို နာယက သူရဦးရွှေမန်းက ဖတ်ပြပြီး လွှတ်တော်ကလည်း ထောက်ခံကြောင်း သဘောထား ပေးခဲ့ပါတယ်။ အဲ့ဒီ့ကြေငြာချက်မှာ သမ္မတ ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို အားပေး ထောက်ခံတဲ့အကြောင်း၊ အပစ်ရပ်ပြီးနောက် ဆက်ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြည်သူတွေ ပါဝင်ဖို့လိုတဲ့အကြောင်း၊ ပြီးခဲ့တဲ့အချိန်က ရခိုင်၊ မိတ္တီလာ၊ ပဲခူးအနောက်ခြမ်းနဲ့ လားရှိုးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ ထပ်ပြီး မဖြစ်ပွားစေရေးအတွက် နိုင်ငံသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေရန်၊ တရားဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်းကြောင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။

DVB TV News


အရပ်သားအစိုးရလက်ထက်ရောက်တဲ့အခါမှာ နှစ် ၅ဝကြာ ပိတ်ထားခဲ့တဲ့ တံခါးတွေကို ဆွဲဖွင့်လိုက်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီး အကျဉ်းချထားသူတွေကိုလည်း လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့ ကမ္ဘာကြီးကို ကတိပေးခဲ့ပါတယ်။

ရေနံချောင်းအထက(၁)မှ ထိန်းသိမ်းထားသည့် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ကျောင်းသားဘဝက ရေးသားခဲ့သည်ဟူသော ပါဠိဘာသာလက်ရေး မူစာအုပ်ကို နိုင်ငံပိုင်သာ ဖြစ်သင့်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၀ ရက်နေ့တွင် သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

“ဒါက တစ်ဦးတည်းပိုင် မဖြစ်သင့်ဘူး။ နိုင်ငံတော်ပိုင် ဖြစ်သင့်တယ်။ ဘယ်လိုပုံစံနဲ့ ဘယ်မှာအကောင်းဆုံးထားရင် ကောင်းမလဲ ဆိုတာ ဆုံးဖြတ်ရမှာပေါ့။ အန်တီတို့နိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ များသောအားဖြင့် ပျက်စီးကြတယ်။ သေသေချာချာ ရေရှည်ခံဖို့ဆိုတာက ကျွမ်းကျင်တဲ့လူတွေနဲ့ လုပ်ယူရမယ့် ကိစ္စ”ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင် ၁၉ ရက်နေ့တွင် ရေနံချောင်းသို့ ရောက်ရှိလာသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းလက်ရေးမူစာအုပ်အား ယူဆောင်သွားသည့်အတွက် ရေနံချောင်း မြို့ခံပြည်သူများက ပြန်လည်ရယူရန် ဇူလိုင်လ ၂၆ ရက်နေ့တွင် ‘ဗိုလ်ချုပ်လက်ရေးမှု ပြန်လည်ရယူရေးကော်မတီ’ဖွဲ့ကာ ကြိုးပမ်းနေကြရာ ယင်းကိစ္စနှင့် ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရေနံချောင်းမြို့သူမြိုသားများနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့အကြား နားလည်မှုလွဲနေခြင်းဟု ယူဆကြောင်း ပြောကြားခဲ့သည်။

“ဒါက တကယ်ဆိုရင်တော့ ဟိုဘက်ဒီဘက်နည်းနည်းနားလည်မှုလွဲတယ်လို့ထင်တယ်။ ဦးခင်အောင်မြင့်က ဟိုမှာဒီအတိုင်း ထားတယ်ဆိုရင် ပျက်ဆီးသွားမှာကိုစိုးရိမ်တယ်။ မှန်ပုံးလေးနဲ့ထားတာလေ။ စာရွက်တွေ ကတောင်နည်းနည်းပဲ့နေပြီ။ အန်တီအနေနဲ့ မေးတာက အဲဒါဘယ်လိုယူလာတာလဲ။ ဘယ်ကပေးတာလဲပေါ့။ ဦးဘဖေက ပေးယ်လို့နားလည်တယ်။ အဲဒီိဦးဘဖေလက်ထဲကို ဖေဖေ့ဟာဆိုရင် ဘယ်လိုရောက်လာတာလဲ။ အဲလိုအထောက်အထားတွေတောင်းတော့လည်း ဘယ်သူမှလည်းသိပုံမရဘူး။ ဒါကို ဦးခင်အောင်မြင့်ကလည်း တန်ဖိုးထားပါတယ်။ ရေနံချောင်းကအားလုံးကလည်း တန်ဖိုးထားတယ် ဆိုတာ အန်တီလက်ခံပါတယ်။ ဟိုဘက်ဒီဘက်နားလည်မှုမလွဲဖို့ပဲ။ နှစ်ဖက်စလုံးက ဒါကိုတန်ဖိုးထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာပဲ” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းလက်ရေးမူမှာ ဗိုလ်ချုပ်၏ လက်ရေးမူ အစစ် ဟုတ်မဟုတ်ကို သမိုင်းအမြင်ဖြင့် စစ်ဆေးရမည် ဖြစ်ပြီး ဗိုလ်ချုပ်၏ လက်ရှိ ရှိနေသော လက်ရေးမူများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားပါသည်။ ဗိုလ်ချုပ်လက်ရေးမူ ပြန်လည်ရယူရေးကော်မတီကမူ ယင်းစာအုပ်နှင့် ပတ်သက်သည့် ပြည်သူ့ဆန္ဒသဘောထားကို သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ကောက်ယူကာ ရရှိသလောက် ကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့မည်ဟု ထုတ်ပြန်ကြေညာထားသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.