08/09/13

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလက ဘီဘီစီ သတင်းထောက်အဖြစ် သမိုင်းတွင်သော သတင်းပေးပို့ချက်များကို ပေးပို့ခဲ့သူ ခရစ္စတိုဖာဂန်းနက်သည် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား တက်ရောက်ရန် သြဂုတ် ၆ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ ခရစ္စတိုဖာ ဂန်းနက်နှင့် သြဂုတ် ၇ ရက်တွင် ခေတ္တတွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံချိန်အတွင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ နှစ်ပေါင်း ၂၅ နှစ်ကြာ ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရပြီးတဲ့နောက် မြန်မာနိုင်ငံကို ပထမဆုံး ပြန်ရောက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံကို ခြေချပြီးတဲ့ အချိန်မှာ ဘယ်လိုစိတ်ခံစားချက် ဖြစ်ပေါ်ခဲ့ပါသလဲ။
ဖြေ။ အတိအကျတော့ မသိပါဘူး။ ဒါပေမယ့် သံသယဖြစ်မိတဲ့ အရာက မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲချမ်းသာ ကွာဟမှု သိသိသာသာကြီး ပိုမိုကွာဟလာတယ်လို့ ထင်မိပါတယ်။ ဒါဟာ မြို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားကို ကြည့်ပြီးပြောတာပါ။ အရမ်းကို ဆိုးဝါးတဲ့ နေရာတွေ ရှိနေပါတယ်။ နိုင်ငံရေးအရ အရင်ထက်ပိုပြီး လွတ်လပ်တဲ့သဘော ရှိပါတယ်။ ကျွန်တော်အခု မြန်မာနိုင်ငံကို ရောက်နေတယ်ဆိုတာ ပိုပြီးလွတ်လပ်တဲ့ ပြောင်းလဲမှုတွေကြောင့်ပါပဲ။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေကို ဆက်ပြီးလုပ်ဆောင်ဖို့ လိုပါတယ်။ ဆက်လက်ပြောင်းလဲစရာတွေ အများကြီး ရှိနေပါသေးတယ်။ မီဒီယာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ ရှိနေပါသေးတယ်။ ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ဖို့ ဒါတွေကို ပြောင်းလဲရပါမယ်။

မေး။ မြန်မာနိုင်ငံကို ဘာကြောင့် ရောက်လာခဲ့တာပါလဲ။
ဖြေ။ ၈၈ မျိုးဆက် ကျောင်းသားတွေကနေ ရှစ်လေးလုံး ငွေရတုပွဲ တက်ရောက်ဖို့အတွက် ဖိတ်ကြားခံရတာကြောင့် မြန်မာနိုင်ငံကို ပြန်လာဖြစ်တာပါ။ ပြီးတော့ ဒီမှာရှစ်လေးလုံး လူထုအုံကြွမှုနဲ့ ပတ်သတ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်တစ်ခု ရိုက်ဖို့လည်း စီစဉ်နေပါတယ်။ ဘယ်ကနေပြီးတော့ ဒီရုပ်ရှင်ကို ထုတ်လွှင့်ဖြစ်မလဲတော့ မသိသေးပါဘူး။ ဒီရုပ်ရှင်ကို ကိုယ်ပိုင်မှတ်တမ်း တစ်ခုအနေနဲ့ လုပ်နေတာပါ။ ကျွန်တော်က ၈၈ မှာ ဖြတ်ခဲ့တာတွေကို အမှန်အတိုင်း ပြောပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမှန်တရား ပေါ်ထွက်ဖို့ဆိုတာ အရေးကြီးပါတယ်။ ၈၈ ကျောင်းသားတွေ အတွက်လည်း တရားမျှတမှု ရှိနိုင်တာပေါ့။ အမှန်တရားကတစ်ဆင့် တရားမျှတမှုဆိုတာ ပေါ်ပေါက်နိုင်ပါတယ်။ အမှန်တရား ထွက်ပေါ်လာပြီ ဆိုတာနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ မိသားစုတစ်စု ဒါမှမဟုတ် လူတစ်ဦးတစ်ယောက် အနေနဲ့ ဒီအမှန်တရားနဲ့ ပတ်သတ်ပြီး ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

မေး။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဘာကြောင့်ဖြစ်ပေါ် ခဲ့ရသလဲ ဆိုတာကို ခင်ဗျားရဲ့ အတွေ့အကြုံအရ ဘယ်လိုပြောပြနိုင်မလဲ။
ဖြေ။ ကျွန်တော်ကတော့ နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာ စစ်တပ်ကို အလွဲသုံးစားလုပ်ပြီး အုပ်ချုပ်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ အုပ်ချုပ်မှုလို့ပဲ ထင်ပါတယ်။ ၁၉၈၆ ခုနှစ်ကတည်းက ဘီဘီစီ သတင်းထောက်အဖြစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို လေ့လာနေတာပါ။ ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ငွေကြေးအချို့ကို ဖျက်သိမ်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဘဏ်လုပ်ငန်းတွေ လဲပြိုကုန်တယ်။ မိသားစုတွေ အနေနဲ့ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံတွေ အကုန်လုံး သုံးမရဘဲ ဖြစ်ကုန်တယ်။ ရုတ်တရက် ပိုက်ဆံမရှိတဲ့ ဘ၀တွေကို ရောက်ကုန်ကြတယ်။ ဒါတွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအပေါ်ကို မကျေနပ်မှုတွေ စတင်ဖြစ်ပေါ် လာစေပါတယ်။ အဲဒီ့နောက်ပိုင်းမှာ နေ၀င်းရဲ့ ဓာတ်ပုံကို မီးရှို့တာတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ မကျေမနပ် ပြောဆိုတာတွေ တွေ့လာရပါတယ်။ ဒါတွေကို အစိုးရက ကိုင်တွယ်တဲ့အနေနဲ့ ပါတီအကြီးတန်း အရာရှိ တစ်ယောက်ကို ဖမ်းတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ဒါကို လူတွေက မကျေနပ်ဘဲ ဆန္ဒဆက်ပြတော့ ပစ်သတ်တာတွေ ဖြစ်ကုန်တယ်။ တကယ်တော့ ၁၉၆၂ ခုနှစ်ကတည်းက ရှိခဲ့တဲ့ မကျေနပ်မှုတွေ ရှိခဲ့တာ ၈၇ မှာလုပ်တဲ့ ရက်စက်မှုတွေကြောင့် ယမ်းပုံမီးကျ ဖြစ်ခဲ့ရတာပါ။ ကျွန်တော် ရန်ကုန်ကို ရောက်လာတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ ကျောင်းသားတွေက ၈ ရက် ၈ လ ၈၈ ၈ နာရီ ၈ မိနစ်မှာ ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောကြတယ်။ ကျွန်တော်ကလည်း အဲဒါတွေ ဘီဘီစီကနေ လွှင့်ပေးလိုက်တယ်။ အဲဒီ့မှာ ဘီဘီစီ နားထောင်တဲ့လူတွေ အကုန်လုံးက တော်လှန်ရေး ဖြစ်တော့မယ်ဆိုတာကို သိသွားကြတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ စက်တင်ဘာ ၁၈ ရက်မှာ ဒီတော်လှန်ရေးကို စစ်တပ်ကနေ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးတစ်ခုလုံး ရပ်တန့်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ခံ မဟုတ်တဲ့ ရက်စက်တဲ့ စစ်တပ်ကနေ အာဏာသိမ်းခဲ့လို့ပါပဲ။ အစိုးရကနေ ပြည်သူတွေကိုပြန်ပြီး စွပ်စွဲချက်တွေ လုပ်ခဲ့ပါတယ်။

မေး။ မြန်မာနိုင်ငံကို ပြန်မလာခင် ပဲ့တင်သံဂျာနယ်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ခင်ဗျားပြောခဲ့တာ ရှိပါတယ်။ ၁၉၈၈ ခုနှစ်က အဖြစ်အပျက်တွေကို မြန်မာလူထုက သူ့နည်းသူ့ဟန်နဲ့ ကိုင်တွယ်ဖြေရှင်း လိမ့်မယ်လို့ ပြောခဲ့တာပါ။ ဒီစကားရပ်က ဘာကိုရည်ရွယ်ပြီး ပြောဆိုခဲ့တာပါလဲ။
ဖြေ။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တာတွေကို သေချာနားလည်ဖို့ဆိုတာ မြန်မာလူထုတွေအတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ စစ်အေးခေတ် ပြီးဆုံးကတည်းက အစိုးရတွေဟာ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲလာကြပါတယ်။ ယခင် ယူဂိုစလားဗီးလားတို့၊ တောင်အာဖရိကတို့၊ တောင်အမေရိကတို့မှာ ဒီလိုမျိုးပြောင်းလဲတဲ့ ဥပမာတွေ ရှိပါတယ်။ ဒီနိုင်ငံတွေမှာ ဖြစ်ခဲ့တာတွေကို ပြန်ပြီးစုံစမ်းဖို့အတွက် စစ်ခုံရုံးတွေ ဖွဲ့ခဲ့ပါတယ်။ အမှန်ကို ဖော်ထုတ်ပြီးတဲ့ အချိန်မှာ ဖိနှိပ်သူတွေ အနေနဲ့ ဒါကိုဖြစ်ခဲ့ကြောင်း ၀န်ခံပေးရပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အမှန်ကို အရင်ဆုံး ဖော်ထုတ်ပေးရပါတယ်။ ပြီးတော့ဒါကို အသိအမှတ် ပြုပေးရတယ်။ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ အမှန်တရားကို လစ်လျူရှုထားပြီး နေလို့မရပါဘူး။ လူတွေအနေနဲ့ ဒီလိုပြစ်မှု ကျူးလွန်ခဲ့သူတွေကို ခွင့်လွှတ်ပေးတာက တစ်ပိုင်းပါ။ ဒါပေမယ့် အမှန်တရားကို မဖော်ထုတ်ဘဲ ဖုံးအုပ်ထားရင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။ ဒီပြစ်မှုတွေကို အရေးယူတာတွေဘာတွေ မလုပ်ဘဲ ထားလို့လဲ ရတယ်။ အမှန်ကိုတော့ မဖော်ထုတ်ဘဲ ထားလို့မရပါဘူး။ လူ့အဖွဲ့အစည်းကနေ ဖြစ်ရပ်မှန်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာကတော့ အဲဒီ့လူ့အဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်ပါတယ်။

မေး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် ပြဿနာများစွာ ရှိနေပါတယ်။ နိုင်ငံရေး ပြဿနာတွေ ရှိနေသေးလို တိုင်းရင်းသား ပြဿနာတွေလည်း ရှိနေပါတယ်။ ခင်ဗျားကရော ဘယ်လိုယူဆပါသလဲ။
ဖြေ။ အရင်ဆုံး ပြောချင်တာကတော့ နိုင်ငံရေး ပုံသဏ္ဍာန်တစ်ခုလုံး ပြောင်းလဲလာတာကို ယုံစားလို့ မရပါဘူး။ ဒီမိုကရေစီ နည်းကျတဲ့ တာဝန်ယူမှုရှိဖို့ လိုပါတယ်။ လက်ရှိ ဆင်းရဲမွဲတေမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေကို ကြည့်လိုက်ပါ။ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ တကယ်လိုအပ်တဲ့ သူတွေဆီကို ရောက်သလား။ စီးပွားရေး၊ လူမှုရေး တန်းတူညီတူရှိမှု ရှိရဲ့လား။ ဖျက်သိမ်းပေးရမယ့် ဥပဒေတွေလည်း ရှိနေတယ်။ ပြောင်းလဲစရာတွေအ များကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီလို့တော့ ထင်ပါတယ်။ လမ်းကြောင်းမှန်တယ် ဆိုပေမယ့် သွားနေရင်းကနေ ရပ်သွားပြီး လမ်းကြောင်းပြောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ လက်ရှိလမ်းကြောင်း မပြောင်းအောင် ဖိအားပေးမှုတွေ ထားရှိဖို့ လိုပါတယ်။ ပြီးတော့ ၁၉၈၈ ခုနှစ်က အနစ်နာခံမှုတွေရဲ့ ကောင်းကွက်တွေ၊ ရည်ရွယ်ချက်တွေကို မမေ့ရပါဘူး။

Eleven Media Group

(The age .com မှ 8 Aug 2013 ရက်စွဲပါ ‘A democracy still waiting to flower ’သတင်းဆောင်ပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ အာဏာရှင်စစ်ဗိုလ်ချုပ်များနှင့် ဗေဒင်ယတြာများက ၂၆နှစ်တာ စိုးမိုးအုပ်ချုပ်ခဲ့ပြီးနောက် သမိုင်းတွင် အကြီးကျယ်ဆုံး ဆန္ဒပြမှုတစ်ခုအဖြစ် ရန်ကုန်မြို့လမ်းများပေါ်သို့ လူသုံးသန်းခန့် ထွက်လာကြသောအခါ မြန်မာနိုင်ငံ အာဏာရှင် အုပ်စိုးမှု နောက်ဆုံးတော့ အဆုံးသတ်လေပြီဟု အောင်ဇော်က ယုံကြည်ခဲ့သည်။

“ကျွန်တော်တို့နောက်မှာ တစ်နိုင်ငံလုံးရှိနေတော့ ရှုံးနိမ့်ဖို့ မဖြစ်နိုင်ဘူးလို့ အဲဒီတုန်းက ကျောင်းသားတစ်ဦး အနေဖြင့် တက်ကြွနေခဲ့တာကို သဲသဲကွဲကွဲ မှတ်မိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထင်မြင်ချက် မှားသွားတယ်” ဟု ၄င်းကဆိုသည်။

ရက်ကောင်းရက်မြတ် ၁၉၈၈ သြဂုတ်လ ၈ရက်တွင် အာဏာရှင် ဦးနေဝင်းက ပစ်မိန့်ပေးခဲ့ပြီးနောက် ရက်ရက် စက်စက်နှိပ်ကွပ်မှုများ ဖြစ်ပွားကာ နောက်တစ်နှစ် တိန်အန်မင် ရင်ပြင်နှိမ်နင်းမှုနှင့် အပြိုင်ရက်စက်မှုတွင် သရဖူ ဆောင်းခဲ့လေသည်။

ထိုကဲ့သို့ အစုအပြုံလိုက် ပစ်ခတ် သတ်ဖြတ် နှိပ်ကွပ်မှုများအတွင်း ပိတ်မိခဲ့သူများမှာ ထိုစဉ်က သံဃာ တော်များ၊ ကျောင်းဆရာများ၊ အစိုးရဝန်ထမ်းများ၊ ကျောင်းသားလူငယ်များပင်ဖြစ်သည်။

ယနေ့အချိန်တွင် Myanmar ဟု ခေါ်ဝေါ်နေကြသော နိုင်ငံ၌ ယိုင်တိယိုင်တိုင် စတင်ပြောင်းလဲလျက်ရှိပြီး မြန်မာ ပြည်သူတို့ စိတ်ဝယ်မမေ့နိုင်သော ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံရမူအထိမ်းအမှတ် အခမ်းအနားကို အကြီးတန်း စစ်ဘက်အရာရှိဟောင်းများနှင့် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များ အတူတကွ ကျင်းပကြပေလိမ့်မည်။

၁၉၈၈ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဌေးကြွယ်(၄၅) နှစ်က “ကျွန်တော့်စိတ်ထဲမှာ ခံစားနေရတုန်းပဲ။ ဒါပေမယ့် ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်အခမ်းအနားမှာ တပ်မတော်ကို ဖိတ်ကြားဖို့ ကျွန်တော် သဘောတူပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုဟာ လက်စားချေမှုအဖြစ် ပြောင်းလဲသွားတာမျိုး အဖြစ်မခံနိုင်ပါဘူး” ဟုပြောကြားသည်။

သူငယ်ချင်းများစွာ သေဆုံးသွားခဲ့သော အကျဉ်းထောင်တွင်း ၁၈နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသူ ကိုဌေးကြွယ်က “ ထိုအချိန်က အာဏာပိုင်များကပင် ယနေ့မြန်မာနိုင်ငံကို စီမံနေသည် ဟူသောအသိကြောင့် နာကျင်မှုကို မည်သို့မျှ မဖျောက်နိုင်” ဟုဆိုပါသည်။

“သူတို့က စစ်ဝတ်စုံကနေ အရပ်ဝတ်လဲလိုက်တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရမယ်။ တွန်းအား ပေးရမယ်။ ဒါမှ နောက်ပြန်မလိမ့်မှာပေါ့ ။ အမျိုးသား ပြန်လည်သင့်မြတ်မှုလည်း ပေါ်ထွန်းလာရမယ်” ဟု ကိုဌေးကြွယ်က ဆက်လက်ပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးအစိုးရ တက်မလာခင် အချိန်ကာလက ဆိုလျှင် ရှစ်လေးလုံး အထိမ်းအမှတ် ကျင်းပရေးကိစ္စဆိုသည်မှာ စိတ်ကူးထဲမှာပင် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ယခုအခါ ရန်ကုန်မြို့တွင် ၃ ရက်ကြာကျင်းပသော ရှစ်လေးလုံးငွေရတု အခမ်းအနားသည် ယခင်က သွေးမြေကျအရေးတော်ပုံကို ပွင့်ပွင့်လင်းလင်း ထင်ဟပ်နိုင်သလို၊ အနောက်အုပ်စုနှင့် ပြန်လည်နွေးထွေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာဖျက်သိမ်းခြင်းတို့ဖြင့် ပြောင်းလဲနေသော တိုင်းပြည်၏ အနာဂတ်ကို ဆွေးနွေး ပုံဖော်နေလေပြီ။

၂၅ နှစ်ထောင်နန်းစံခဲ့ရသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “အခုတော့ အာဏာပိုင်တွေက ဒီမိုကရေစီအကြောင်းကို ကျွန်တော်တို့ထက်ပိုပြီး အသံကျယ်ကျယ် ပြောနေကြပြီ။ သူတို့ တကယ်ကော လက်တွေ့ ကျင့်သုံးမှာလား ဆိုတာကတော့ နောက်ကိစ္စတစ်ခုပေါ့။ ကျွန်တော်ကတော့ ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည်သူအားလုံးအတွက်လား၊ လူတစ်စုအတွက်လားဆိုတာကို သေချာဆန်းစစ်ဖို့ လိုတယ်လို့ ထင်ပါတယ် ” ဟုပြောကြားသည်။

အကျဉ်းတိုက် cell ထဲမှာ တစ်ဦးထဲသောအဖော် ကြောင်ကလေး သေဆုံးမှုကြောင့် မျက်ရည်ဝဲခဲ့ဖူးသူ ကိုမင်းကိုနိုင်က “အီးမေးစ် တစ်စောင်ပို့ရုံနဲ့ ထောင် ၁၅ နှစ် ကျနိုင်တဲ့ အီလက်ထရောနစ်ဥပဒေလိုမျိုး အတားအဆီးတွေ၊ ထောင်ချောက်တွေကတော့ အများကြီးရှိနေတုန်းပဲ။ တစ်ဘက်မှာလည်း ဒီမိုကရေစီကို ပိတ်ပင်တာမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် အရာရာဟာ ချောချောမွေ့မွေ့ မရှိဘူး။ ကျွန်တော်တို့ ရုန်းကန်နေတုန်းဘဲ” ဟု မှတ်ချက်ပေးသည်။

“တစ်ခါတစ်လေမှာ သူတို့နှင့် ပြိုင်ဆိုင်ရတယ်။ တစ်ခါတစ်ရံမှာ သူတို့နှင့် ညှိရတယ်လို့ ” ဟု ၄င်းက ဆိုသည်။ ၁၉၈၈ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ကိုဘိုကြည်ကမူ တပ်မတော်အတွင်းမှ သဘောထားတင်းမာသူများ ပြန်ပေါ် လာမည်ကို စိုးရိမ်နေသည်။

ကျန်ရှိနိုင်ငံရေးအကျဉ်းသား ၂၂၀ခန့် လွတ်မြောက်ရေးအတွက် စည်းရုံးလှုပ်ရှားနေသူကို ကိုဘိုကြည်က “တပ်မတော်က အရပ်ဘက်အုပ်ချုပ်ရေးရဲ.ထိန်းချုပ်မှု အောက်မှာမရှိဘူး ။ အခြေခံဥပဒေက တပ်မတော်ကို အာဏာတွေ အများကြီးပေးထားတယ်။ ဒါကို ပြောင်းလဲရမယ်။ အချိန်တော့လိုတယ်။ လောလောဆယ်ကတော့ အစပဲရှိသေးတယ်။ အဝေးကြီးသွားရဦးမယ်။ ပြီးခဲ့တဲ့ အတိတ်နဲ့ ပတ်သက်လို့ အမှန်တရားနဲ့ တရားမျှတမှုကတော့ ရှိရမှာပါ။ လက်စားချေတာကိုတော့ ရှောင်ရှားဖို့လိုတယ်” စသဖြင့် ပြောကြားသည်။

ရှစ်လေးလုံးငွေရတု အခမ်းအနားမတိုင်မီတွင် Human Rights Watch အုပ်စုက သမ္မတဦးသိန်းစိန်အား ထိုစဉ်က သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူ တပ်မှူးများကို တရားဥပဒေအရ ဆောင်ရွက်ရန် တောင်းဆိုလိုက်ပါသည်။

ရှစ်လေးလုံးငွေရတု အခမ်းအနားသို့ တပ်မတော်အား ဖိတ်ကြားမှုကြောင့် အချို့ကျောင်းသားအုပ်စုများက သပိတ်မှောက်ခဲ့ကြသည်။

“ဗိုလ်ချုပ်ဟောင်းတွေကို ဖိတ်ကြားမယ့်အစား ပြည်သူတွေအပေါ် သူတို့ကျူးလွန်ခဲ့တာတွေအတွက် တောင်းပန်ခိုင်းရမယ် ” ဟု All Burma Federation of Student Union ဗကသဥက္ကဋ္ဌ ကျော်ကိုကို ကပြောကြားသည်။

ယခုအသက် ၄၀ ကျော် ယခင် ကျောင်းသားခေါင်းဆောင်ဟောင်းများသည် ၈၈ မျိုးဆက်အဖွဲ့အစည်းကို ထူထောင်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးလာသည့်အလျှောက် အဓိက ကဏ္ဍမှ ပါဝင်လာကြဖွယ်ရှိပါသည်။

၈၈ မျိုးဆက် အဖွဲ့အစည်းကို ပါဝင်ထူထောင်သူတစ်ဦးဖြစ်သည့် ကိုကိုကြီးက လက်ရှိနိုင်ငံတွင် အခွင့်အလမ်းများရှိလာသလို၊ အန္တရာယ်များလည်း ထွက်ပေါ်လာသည်ဟု မှတ်ချက်ပေးသည်။

“ကျွန်တော်တို့က တောက်ပတဲ့ အနာဂတ်ကို လှမ်းမျှော်ရင်း လက်တွေ့ကျအောင် ကြိုးစားနေပါတယ်။ အခုက လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးလုပ်ဆောင်ရမယ့်အချိန် မဟုတ်တော့ဘူး။ လွှတ်တော်နိုင်ငံရေးပုံစံနဲ့ လှုပ်ရှားရမယ့်အချိန်ပါ” ဟု ၄င်းကဆိုပါသည်။

၁၉၈၈ ဆန္ဒပြပွဲများအတွင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာခဲ့သူ ဒေါ်အောင်ဆန်း စုကြည်သည်လည်း ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

ရှစ်လေးလုံးငွေရတု အထိမ်းအမှတ် မှတ်ချက်ပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ တပ်မတော်အစိုးရ လက်ထက်မှာ ပြဿနာ ဖြေရှင်းဖို့ အခွင့်အရေး မရှိခဲ့ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဒီမိုကရေစီစနစ် လိုအပ်ပါတယ်။ ၂၅ နှစ်ဆိုတာ သိပ်မကြာသေးပါဘူး။ ၈၈ တော်လှန်ရေးနဲ့အတူ ရှေ့ဆက်ဖို့ အခွင့်အလမ်းကောင်း ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာလူထုထဲတွင် မျှော်လင့်ချက် ရနံ့သင်းလာသော်လည်း ၁၉၈၈ ခုနှစ်နှင့် မတူတော့ဘူး ဟု ပြောကြားသူမှာ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော် ဖြစ်သည်။

“အခုမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေက ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားလည်သဘော ပေါက်တယ်ဆိုတာကို လူတွေက တကယ်ယုံကြည်ကြသလား။ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အာဏာရှင်တွေကို ကြောက်မနေရတော့ဘဲ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံကို ဖန်တီးဖို့အတွက် ရှိနေတဲ့ လွတ်လပ်ခွင့်ကလေးကို အသုံးချကြမယ်လို့ ကျွန်တော်တို့ အားလုံးဆုံးဖြတ်ထားကြပြီ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ”

“အတိတ်ကို မေ့ပျောက်နိုင်တယ်လို့ မဆိုလိုပါဘူး။ အထူးသဖြင့် အတိတ်ရဲ့အရိပ်တွေက ကျွန်တော်တို့အပေါ် သက်ရောက်မှု အရမ်းရှိနေတဲ့အချိန်မျိုးပေါ့။”

“ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုလိုချင်တဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အစိုးရက ထည့်သွင်းစဉ်းစားဖို့ ငြင်းပယ်နေတဲ့ အတွက် အပစ်ရပ်စာချုပ်တွေ အများကြီး ထွက်ပေါ်လာပေမယ့် မြောက်ပိုင်း ကချင်မှာ ပြဿနာ မပြေလည်သေးပါဘူး။”

“ဒီအချိန်မှာ အာဏာရှိနေဆဲ တစ်ချို့သူတွေ ပတ်သက်ကြောင်း ထင်ရှားနေတဲ့ ဘာသာရေး အဓိကရုဏ်းတွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရဲ့ အားထုတ်မှုတွေကို ထိခိုက်နစ်နာစေပါတယ်” စသည်ဖြင့် အောင်ဇော် က သုံးသပ်ပြောကြားသည်။

၁၉၈၈ စက်တင်ဘာ ၁၉ ရက်တွင် သွေးစွန်းနေသော ၁၆ နှစ်အရွယ် မဝင်းမော်ဦးကို လူငယ်ဆရာဝန် နှစ်ဦးက ပွေ့ချီသယ်ယူလာသော ဓာတ်ပုံသည် ကမ္ဘာတစ်လွှား ပျံ့နှံ့သွားခဲ့ပြီး ၁၉၈၈ အရေးတော်ပုံသည် ၄င်းဓာတ်ပုံတွင် ကောင်းစွာ ရုပ်လုံးကြွခဲ့ပါသည်။

ဆေးရုံပေါ်တွင် မကွယ်လွန်မီ မဝင်းမော်ဦးက ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဒီမိုကရေစီ မရမချင်း အမျှမဝေရန် တောင်းဆိုမှာ ကြားသွားသောကြောင့် နှစ်စဉ်နှစ်တိုင်း ရှစ်လေးလုံး နှစ်ပတ်လည်ရက်များတွင် မဝင်းမော်ဦးကို အမျှဝေ သင့်၊ မဝေသင့် ဆုံးဖြတ်ရန် အခက်အခဲနှင့် ဦးဝင်းကြူတို့ မိသားစု ရင်ဆိုင်ကြရသည်။

ယခုနှစ်အတွင်း အလားတူပင် ဆုံးဖြတ်ရန် အခက်အခဲနှင့် ထပ်မံရင်ဆိုင်ကြရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် အခန်းတစ်ခုအတွင်း နေထိုင်သူ ဦးဝင်းကြူက ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားနေပြီလို့ မပြောနိုင်သေးဘူးလေ ဟု ပြောကြားလိုက်ပါသည်။

Yangon chronicle

၈.၈.၁၉၈၈ ခုနှစ်တွင် ကျဆုံးသွားသော ကျောင်းသား၊သူ ၊ ရဟန်းရှင်လူ၊ ပြည်သူများကို ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၈ ရက် နံနက် ၁၀ နာခွဲတွင် ဒေါ်ဖြူဖြူခေါင်းဆောင်သော လူအင်း အား (၁၀၀) ကျော်ခန့်မှ မြို့တော်ခန်းမ အရှေ့ဘက်မဟာဗန္ဓုလပန်းခြံအနီးတွင် လွမ်းသူပန်းခွေချခဲ့ကြောင်းသိရသည်။

ကျွန်မတို့ခွင့်ပြုမိန့်တောင်းစရာမလိုဘူးလို့ထင်ပါတယ်။ ဆန္ဒပြတာ မဟုတ်ပါဘူး ဆန္ဒဖေါ်ထုတ်တာလည်းမဟုတ်ပါဘူး ၀မ်းနည်းတဲ့အတွက်ဒီအခန်းအနားကိုပြုလုပ်ရခြင်းဖြစ်ပါတယ်၊ သြဂုတ်လ (၇) ရက်က ဦးအောင်မင်းကိုယ်တိုင် (၈.၈.၈၈) ငွေရတုအခန်းအနားဒီမိုကရေစီအရေးတော်ပုံကို အသိအမှတ်ပြုတဲ့အတွက် ကျွန်မတို့ လမ်းလျှောက်တာပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးကျွန်မအနေနဲ့ပုဒ် မတွေက အများကြီးဆိုတော့မမှုတော့ ပါဘူး၊ ဥပဒေအကြောင်းအရ စီစဉ်မယ်ဆိုရင်လည်း အစဉ်သင့် ပါပဲ။ဒီအဖွဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအများကြီးပါပါတယ်။ ဟံသာဝတီအ၀ိုင်းမှာ အဖွဲ့ (၈) ဖွဲ့နဲ့တင်ထားတာပါ။ ဒီပန်းခြံရှေ့ကိုကြတော့ မပါပါဘူးဟု နိုင်ငံရေးအကျဉ်းသားလူအင်အားစုမှ ဒေါ်ဖြူဖြူကပြောသည်။

အဆိုပါအဖွဲ့ (၈၈၈၈) အမှတ်တရ ပြုလုပ်ရန် တရားဝင်ခွင့် ပြုမိန့်ရခဲ့ခြင်းမှာ ဟံသာဝတီအ၀ိုင်းတွင် ဖြစ်ပြီး ဟံသာဝတီအ၀ိုင်းမှ လမ်းလျှောက်၍ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လွမ်းသူပန်းခွေ ချခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်ဒေါ်ဖြူဖြူနှင့် အဖွဲ့အား ခွင့်ပြုမိန့်မရရှိပဲ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ပြုလုပ်ခဲ့သောကြောင့် တာဝန်ရှိရဲအရာရှိနှင့် အဖွဲ့က တရားဥပဒေကြောင်းအရဆောင်ရွက်မည်ဖြစ်ကြောင်း လာရောက်သတိပေးပြောကြားခဲ့ရာ ဒေါ်ဖြူဖြူက ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယဉ်ပပထွန်း
The hot news weekly

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကို သွေးထွက်သံယို နှိမ်နင်းခဲ့တာ ၂၅ နှစ်ပြည့် လာတဲ့အချိန်မှာပဲ တချိန်က စစ်တပ်ထဲမှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုစဉ်က အခန်းကဏ္ဍကို ပွင့်ပွင့်လင်းလင်း ဖော် ထုတ်ဖို့ တောင်းဆိုသံတွေလည်း ထွက်ပေါ်လာနေပါတယ်။

အထူးသဖြင့်ကတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပါမယ်လို့ ကတိပေးထားတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ချေမှုန်းခဲ့တဲ့ ဖြစ်ရပ်မှာ ဘယ်အတိုင်းအတာအထိ ပတ်သက်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုမယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြင်နေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒီမိုကရေစီ တောင်းဆိုရင်း လမ်းပေါ်ထွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြခဲ့သူတွေကို အင်အားသုံး နှိမ်နင်းခဲ့တဲ့ စစ်တပ်ရဲ့ အကြီးတန်း အရာရှိတဦး တာဝန်ယူခဲ့ပြီး အခုအချိန်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်နေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍကို အများသိအောင် ပြောသင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တက်ကြွသူတွေက မြင်နေကြတာ ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ ၈ လေးလုံး လှုပ်ရှားမှုအဖြစ် ထင်ရှားတဲ့ လူထုအုံကြွမှုကို နှိမ်နင်းရာမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ တဦးအဖြစ် သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်တဲ့အတွက်လည်း အခုအချိန်မှာ နိုင်ငံရေးခေါင်းဆောင် တဖြစ်လဲ သမ္မတဦးသိန်းစိန် အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Burma Campaign - UK ရဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား (Mark Farmaner) ကပြောပါတယ်။

“၁၉၈၈ ခုနှစ်တုန်းက သူဟာစစ်တပ်မှာ တပ်မှူးတဦး ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။ ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန် ကြေးနန်းတခုမှာဆိုရင် လည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို နှိမ်နင်းရာမှာ အရေးပါတဲ့ အထူးနေရာက ပါဝင်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ၁၉၈၈ ခုနှစ်တုန်းက သူဘာတွေ လုပ်ခဲ့တယ် ဆိုတာကို တိတိကျကျ လူသိရှင်ကြား ပြောဖို့လိုပါတယ်။ အမှားလုပ်ခဲ့တယ် ဆိုရင်လည်း မှားတဲ့အကြောင်း ၀န်ခံပြီး၊ တောင်းပန်သင့်ပါတယ်။”

၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီ ရရှိရေး ကျောင်းသားတွေက ဦးဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသူတွေကိုတော့ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့ တဲ့အတွက် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ကြတာပါ။ ဒီနောက်မှာလည်း စစ်အစိုးရတွေ အဆက်ဆက်က ရှစ်လေးလုံး လှုပ်ရှားမှုဟာ ဆူပူအုံကြွမှုတခု အဖြစ်နဲ့သာ သဘောထားခဲ့ကြတာဖြစ်သလို၊ တိုင်းပြည် မတည်မငြိမ် အခြေအနေအထိ ကြုံခဲ့ရတဲ့အတွက်လည်း အာဏာကို ထိန်းချုပ်ခဲ့ရတယ်လို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတွက်လည်း လက်ရှိအစိုးရ တာဝန်ရှိသူတွေ အပါအ၀င် စစ်ခေါင်းဆောင်ဟောင်းတွေ အနေနဲ့ သွေးထွက်သံယို နှိင်နင်းခဲ့တဲ့ ဖြစ်ရပ်မှာ တာဝန်ရှိခဲ့သူတွေ အဖြစ်နဲ့ ၀န်ခံဖို့ အလားအလာကတော့ သိပ်မရှိလှဘူးလို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကမြင်ပါတယ်။

“အဲဒီအချိန်တုန်းက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သမ္မတကြီး ဦးသိန်းစိန် က တပ်ရင်းမှူးပါ၊ ခလရ (၈၉) မှာ။ ၈၈ နောက်ပိုင်းမှာ စစ်ရုံးကို G-1 နဲ့ ရောက်လာပြီးတော့မှ တောက်လျှောက်နောက်ပိုင်း အရေးအခင်းတွေ မှန်သမျှကို သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်ခဲ့ရတာပါ။ သမ္မတကြီးဟာ အဲဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးကြီး ဖြစ်တယ်။ သူဟာ ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး စောမောင် အပါအ၀င်ပေါ့လေ၊ အဲဒီကြားမှာ သူဟာ အတွင်းရေးမှူး သဘောမျိုးနဲ့ လုပ်ခဲ့ရတဲ့သူပါ။ ဒီကိစ္စတွေ အားလုံးကို သိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကို မှားတယ်၊ မှန်တယ် ဆိုတဲ့ဟာ လက်ရှိရှိနေတဲ့ သမ္မတကြီး အပါအ၀င်ပေါ့လေ၊ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေ မပြောရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင် involved (ပတ်သက်တဲ့) အနေအထားမျိုးရှိတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆို အုံကြွမှုတွေကို နှိမ်နင်းပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်တပ်က တိုင်းပြည် အာဏာကို ထိန်းချုပ်ခဲ့ရာက မကြာသေးခင်ကမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ လွတ်လပ်ခွင့်တွေ ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရလာတာ ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲရေး
တွေ လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရ အနေနဲ့ အတိတ်က ဖုံးကွယ်ထားတာတွေကို ပွင့်ပွင့်လင်းလင်း ပြောရလိမ့်မယ်လို့လည်း Burma Campaign - UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား ကပြောပါတယ်။

“ပထမဆုံးအကြိမ် သမ္မတအဖြစ် ဦးသိန်းစိန် ရဲ့မိန့်ခွန်းထဲမှာ တပ်မတော်က ၈၈ ခုနှစ်မှာ အာဏာရယူပြီး၊ တိုင်းပြည်ကို ကယ်တင်ခဲ့တယ်ဆိုပြီး ချီးကျူးစကား ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ပြုပြင်ပြောင်းလဲရေး သမားလို့ ပြောနေပါတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲမယ့်သူ ဆိုရင်တော့ ကျောင်းသားတွေကို လမ်းပေါ်မှာ ပစ်သတ်ခဲ့တဲ့ ကိစ္စကို ကာကွယ်နေလို့ မရပါဘူး။”

ဒီသီတင်းပတ်ထဲမှာပဲ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ကလည်း ၈ လေးလုံး လှုပ်ရှားမှုကို နှိမ်နင်းခဲ့တာ အပါအ၀င် လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ သမ္မတ ဦးသိန်းစိန် ကို တိုက်တွန်းခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ လူတွေထိခိုက် သေကျေခဲ့ရတဲ့ အဖြစ်အပျက်တွေကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

voa

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.