08/11/13

( Associated Press မှ 10 Aug 2013 ရက်စွဲပါ “Korea’s Incheon wins tender for Myanmar airport” သတင်းကိုဘာသာပြန်သည်)
အပြောင်းအလဲဖြင့်ခေါင်းပြူစပြုလာသော မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားဧည့်သည်များ၊ စီးပွားရေးသမားများ စီးဝင်လာမှုကို လက်ခံကိုင်တွယ်ရာတွင် အထောက်အကူဖြစ်စေမည့် နိုင်ငံတကာလေဆိပ်သစ်ကို တောင်ကိုးရီးယား Incheon ကုမ္မဏီအုပ်စုကတည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ထုတ်ပြန်သည်။

နိုင်ငံ၏အဓိကမြို့တော် ရန်ကုန်အတွက် ဒုတိယမြောက်နိုင်ငံတကာဂိတ်ပေါက်ဖြစ်လာမည့် ဒေါ်လာ တစ်ဘီလီယံတန် ဟံသာဝတီလေဆိပ်တည်ဆောက်ရေး ကြိုးပမ်းမှုများသည် ပြီးခဲ့သောနှစ် ၂၀အတွင်း ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်ခဲ့သည်။

၁၉၉၆ ခုနှစ် မြန်မာနိုင်ငံတွင် Visit Myanmar Year ဟုကြွေးကြော်ကာ ခရီးသွားကဏ္ဍမြှင့်တင်ရန် ဟိုတယ်စီမံကိန်းများ၊ လေဆိပ်စီမံကိန်းများကို ရေးဆွဲစီစဉ်ခဲ့သော်လည်း ထိုစဉ်က တပ်မတော်အစိုးရ အကြီးအကဲက နိုင်ငံခြားသား အမြောက်အမြား ဝင်ရောက်မှုကို မလိုလားသောကြောင့် ၄င်းစီမံကိန်းများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။

ယခု ခေတ်ပြောင်းချိန်တွင် ပြန်လည်တည်ဆောက်တော့မည့် ဟံသာဝတီလေဆိပ်ကို ၂၀၁၈တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ၄င်းလေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် ၃၅သန်းခန့်ကို လက်ခံကိုင်တွယ်နိုင်လိမ့်မည်ဟု အာဏာပိုင်များက ဆိုပါသည်။

ယခု တင်ဒါအောင်သော Incheon အပါအဝင် ကုမ္မဏီပေါင်း ၃၀ကျော်က စီမံကိန်းကို စိတ်ဝင်စားကြောင်း အဆိုပြုလွှာတင်သွင်းခဲ့ကြသည်ဟု သိရှိရသည်။

လက်ရှိတစ်နှစ်လျှင် ခရီးသည် ၂.၇ သန်းမျှသာ ကိုင်တွယ်နိုင်သော ရန်ကုန်နိုင်ငံတကာလေဆိပ်ကိုလည်း ၂၀၁၇တွင် ခရီးသည် ၆သန်းအထိ ကိုင်တွယ်နိုင်အောင် တိုးချဲ့ရန်စီစဉ်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုပါသည်။

Yangon chronicle



ရန်ကုန်မြို့မှ နိုင်ငံတကာ ပညာရေးကျောင်းကြီးများရှိ ကျောင်းဆရာ ဆရာမများ၊ ပညာရေး ၀န်ထမ်းများ၊ နံမည်ကြီး ကျောင်းကြီးများ မြို့လယ်ခေါင် ကျောင်းကြီးများရှိ စိန်လက်စွပ်ဝတ်၊ ရွှေဆွဲကြိုး တ၀င်းဝင်း ဆရာဆရာမ များကို သာမြင်ဖူးသည့် ကျနော် ယခုလို ပန်းတနော်မြို့နယ် အတွင်းရှိ ရေမြုပ်လယ်ကွင်းများ အကြား စိန်တုံးသာယာအေး ကျေးရွာလေးရှိ မိမိတို့ ကွန်ယက် အလှူရှင်များ လှူဒါန်းသည့် ကျောင်းဆောင်သစ်လေးမှ ဆရာ ဆရာမများ နေထိုင်ရာ အဆောင်လေးကို ယခုလို တွေ့ရှိရသော အခါ လွန်စွာ ၀မ်းနည်းကြေကွဲရပါသည်။

လူနင်း မခံနိုင်သော ၀ါးကြမ်းခင်းလေးတွင် သူတို့ ခြေဖျားထောက်ကာ နေကြရသည်။ သွားလာ ဆက်သွယ်မှု ဝေးလံလွန်းသောကြောင့် တလစာ စားသောက်ဖွယ်ရာများ စုဆောင်းထားပြီး တလ နေမှ အပြင်သို့ တခါ ထွက်ရသည်။

တရွာလုံးတွင် တလုံးထဲသာ ရှိသော တယ်လီဖုန်းမှ တဆင့် ဆရာမလေးများက အပြင်လောက သို့ ဆက်သွယ်ခွင့် ရှိသည်။ ထို တယ်လီဖုန်း ပြောဆိုခ အခြေအနေကိုလည်း ဆရာမလေးက ပြောပြသဖြင့် အံ့သြ ရသည်။ တမိနစ်နှင့် သုံးဆယ် စက္ကန့် စကားပြောခြင်း အတွက် တယ်လီဖုန်း ပြောဆိုခ ကျပ် ငါးရာ ကုန်ကျပါကြောင်း။

တစ်ထောင့်ငါးရာ တန် ဆင်းကဒ်ကလည်း မဲမပေါက်ကြောင်း။ အကယ်လို့ မဲပေါက်ခဲ့သည့် တိုင် သူတို့လို တလ လုံးမှ လစာ ကျပ် ရှစ်သောင်း သာ ရသော ၀န်ထမ်း အနေဖြင့် ဟန်းဆက် မ၀ယ်နိုင်ပါကြောင်း။

လွန်စွာမှ ဆင်းရဲပြီး ကလေးများ အတွက် စားသောက်စရာပင် ၀လင်အောင် မကျွေးနိုင်သော မိဘ များနှင့် ကျောင်းသားလေးများထံမှ ဘာမျှော်လင့်ချက်မှ မရှိသော ဆရာမလေးများ ဘ၀မှာ ယခုလို .......................

ကျောင်းတွင် ၀ှိုက်ဘုတ်များ လှူဒါန်းပေးထားသော်လည်း ရေးစရာဆော့ပင် မတတ်နိုင်သော ကျောင်းကလေး။

ရေကြီးပြိုပျက်သွားခဲ့စဉ်က အုတ်ရေကန်ကို အုတ်ကန် အလုံးလိုက် လူထမ်းများဖြင့် ပြန်သယ်ကာ ပြန်လည် အသုံးပြုရလောက်အောင် ဆင်းရဲသော ရွာကလေး။

ရေဒီယိုလေး တလုံးသာ ရှိသော်လည်း ပျက်စီးနေသောကြောင့် တီဗွီမရှိ၊ စလောင်းမရှိ ဘာသတင်းမှ မသိ နားပိတ် မျက်စိပိတ် ဖြစ်နေသော ရွာကလေး

ထိုရွာကလေးသို့ မနေ့က ကျနော် ရောက်ခဲ့ပါသည်။

နေမျိုးဇင်



စာရေးဆရာ သတင်းစာဆရာ ဦးစိုးသိမ်း ခေါ် ဆရာမောင်ဝံသဟာ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်က ရန်ကုန်မြို့ဝိတိုရိယဆေးရုံမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူ့ကို ၁၉၄၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးရွာမှာ ဦးမောင်ခင် ဒေါ်မြစိန်တို့ကနေ မွေးဖွားခဲ့ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲမှာ ဝေါမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

စစ်အစိုးရလက်ထက်အတွင်း သုံးကြိမ် ထိန်းသိမ်းဖမ်းဆီးခံခဲ့ရတဲ့ စာရေးဆရာ မောင်ဝံသဟာ ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေသူဖြစ်သလို အယ်ဒီတာလည်းဖြစ်ပါတယ်။ သူဟာ ၁၉၈၈ အရေးတော်ပုံကာလက အစိုးရပိုင်သတင်းစာတွေကို သပိတ်တိုက်ပွဲမှာ ပါဝင်လာအောင် ဦးဆောင်ခဲ့သူဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရဲ့ ဂန္ဒီကြေညာချက်ကို ဦးဆောင်ရေးသားခဲ့သူဖြစ်တယ်လို့ ဟံသာဝတီ ဦးဝင်းတင် က ပြောပါတယ်။ ဒါ့အပြင် မောင်ဝံသဟာ ဥာဏ်နဲ့ယှဉ်တဲ့ သတ္တိရှိသူ အင်မတန်တက်ကြွစွာလှုပ်ရှားသူတဦးဖြစ်တယ်လို့လည်း ဦးဝင်းတင်က ဂုဏ်ပြုပြောဆိုလိုက် ပြောပါတယ်။ ဆရာဦးဝင်းတင်နဲ့ RFA ဆက်သွယ်မေးမြန်း ထားတာကို နားဆင်ပါ။

ဒီမနက် CNN က သတင်းတိုတပုဒ် ကြည့်ရတယ်။ ကယ်လီဖိုးနီးယား က မြို့တမြို့မှာ သူခိုး တစု က သူတို့ ခိုးသွားတဲ့ ကွန်ပြူတာ တွေကို ပြန်လာထားပြီး တောင်းပန်စာလည်း ချန်ခဲ့တယ်တဲ့။ သူတို့ ခိုးခဲ့တဲ့ ရုံးက အကျိုးမြတ်မဲ့ လူမှုရေးလုပ်ငန်း အဖြစ် အမျိုးသမီးငယ်များကို အဓမ္မ သားမယားပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေကို အကာအကွယ်ပေး၊ အကူအညီပေးနေတယ်ဆိုတာ ခိုးပြီးမှ သိသွားလို့ ပြန်လာထားရင်း တခါတည်း တောင်းလည်း တောင်းပန်ခဲ့တယ်။ တောင်းပန်စာ မှာ “ကျူပ်တို့ ဘာလုပ်နေတဲ့ နေရာမှန်း (အစက) မသိခဲ့လို့ (ကွန်ပြူတာတွေကို) ယူခဲ့မိတယ်။ အခု ဒီမှာ ခင်ဗျားတို့ ပစ္စည်းတွေ (ပြန်ပေးတယ်)..။ အသက်ရှင်နေထိုင်နေတဲ့ လူသားတွေ အတွက် ခင်ဗျားတို့ အပြောင်းအလဲ တခုခု ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကျူပ်တို့ မျှော်လင့်တယ်” ဆိုပြီး ရေး တောင်းပန်ထားခဲ့တယ်။ သတင်းတို ခေါင်းစဉ်လေးကလည်း လှတယ်။ “Burglars With A Conscience” တဲ့..။

ဒီမနက်ပဲ ပြည်တွင်း က ဆရာမောင်ဝံသ နာရေး သတင်း လည်း စိတ်မကောင်းစွာ ကြားရတယ်။ အထက်မှာ ဆိုခဲ့တဲ့ CNN သတင်းကြည့်ပြီးခါစဆိုတော့ စကားလုံး တလုံး စိတ်ထဲ တီးတိုး ရေရွတ်မိတယ်။ “If God with A Conscience”…။

အမှန်ပါပဲ..။ ဘုရားသခင်သာ စာနာစိတ် ရှိခဲ့ရင် ဆရာမောင်ဝံသ ကို ဗမာပြည် အတွက် ပြန်ပေးမှာပါ။ ဒါပေမယ့် ဘုရားသခင် ဆိုတာမျိုးက (ဒိလိုကိစ္စမျိုးတွေမှာ) ဘယ်တုန်းကမှ စာနာစိတ် မထားတတ်ဘူး။ ဒါ့အပြင် အကောင်းကလည်း ကြိုက်တတ်သေးတယ်။

မွန် ရိုးရာ စကားပုံ တခု ရှိတယ်။ “ငါးပိကောင်းတော့ အကုန်မြန်” တဲ့..။ ငါးပိတွေက ကောင်းလွန်းတော့ အစားခံ ရတာ မြန်လှတယ်။

ဆရာမောင်ဝံသ အခု ဆုံးမယ့် ရောဂါ စဖြစ်တော့ စာတပုဒ် ရေးဖြစ်ခဲ့တယ်။ ဘာကြောင့် လူကောင်းတွေမှာ မကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရသလဲဆိုတာ ရှင်းပြခဲ့တယ်။ လူကောင်းများသာ အဖြစ်ဆိုးတွေကို ကြံ့ကြံ့ခိုင်၊ အပြုသဘောဆောင် တုံ့ပြန်နိုင်စွမ်းတယ်။ ဒါကြောင့် ဘုရားသခင် ယုံကြည်သူက ဘုရားသခင်၊ ကံကြမ္မာ ယုံကြည်သူက ကံ၊ ကိုးကွယ်ယုံကြည်မှု မရှိသူက လောကကြီး ရဲ့ လှည့်ကွက်၊ ကျီစယ် မှု ဆိုပြီး ယူဆနေရတဲ့ ကိစ္စမျိုးတွေ အမြဲ မြင်တွေ့နေရတယ်။ ဆရာမောင်ဝံသ ကြံ့ကြံ့ ခံ ခဲ့ မခံ ခဲ့၊ အပြုသဘောဆောင် ရင်း ရောဂါ ကို တွန်းလှန်ခဲ့၊ မခဲ့ ဟာ အငြင်းပွား စရာ ကို မရှိပါ။ ဆရာ ရောဂါ ဝေဒနာ ခံစားနေလျက် ရေးသားခဲ့တဲ့ ဆောင်းပါးတွေက သက်သေပါပဲ။

အရင် ရေးဖူးတဲ့ စာမှာလည်း ဆိုခဲ့တယ်။ ဆရာနဲ့ နိုင်ငံရေး အမြင်တချို့ ကွဲလွဲတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အမြဲ အနေအထိုင်မှန်၊ ရပ်တည်ချက် မှန်ခဲ့တဲ့ ဆရာ့ ကို အစဉ် တလေးတစား ဦးညွတ်၊ ဂါရဝပြု လေးစားမှု က ဘယ်တုန်းကမှ မပျက်ခဲ့ဘူး။ ကျန်တာတွေ ဖယ်ထား “အတွေးအမြင်” ကို နိုင်ငံရေး ဘဝ မုန်တိုင်း ထန်တဲ့ ကြားမှာကို မပျက် မကွက် ထုတ်ဖို့ ကြိုးစား ခဲ့တဲ့ စိတ်ဓာတ်၊ မဆုတ်မနစ် စူးနစ်မှု၊ ဇွဲ သတ္တိ၊ စာဖတ်သူ ပြည်သူ အပေါ် ထားတဲ့ စေတနာ ကို အမြဲ ရိုသေ လေးစား တန်ဖိုးထားခဲ့ရတယ်။

လူအများ ချစ်ခင်၊ လေးစားကြတဲ့ ပုဂ္ဂိုလ် တယောက် ယောက် ဆုံးပါး ရင် ဆရာကြီး တင်မိုး “မိုးမိုး (အင်းလျား) ဈာပန” မှာ ရေးခဲ့တဲ့ အမှတ်တရ ကဗျာ စာစုလေးကို ထုတ်နှုတ် ရွတ်ဆိုကြတယ်။ ဒီ စကားစုလေးက ဒေါက်တာသန်းထွန်း ရဲ့ “မ ‘အ’ အောင် သမိုင်း သင်တယ်” စကားလိုပဲ လူအများ သုံးဖန်များလွန်းလို့ အဖန်တရာ တေနေပြီ ဖြစ်တယ်။

ခု ဆရာမောင်ဝံသ အတွက်လည်း အစားထိုး မရတဲ့ ဆုံးရှုံးမှု တို့၊ ဘာတို၊ ညာတို့ စကားလုံး တန်ဆာဆင်တွေ မဆိုချင်သလို ဆရာကြီး တင်မိုး စကားစု ကိုလည်း ပြန် မကိုးကားချင်ဘူး။ ဒါပေမယ့် တိုင်းပြည်မှာ ပြည်သူတွေက ချစ်သူတွေ ဘာကြောင့် အသက်တို ရပြီး၊ မုန်းသူတွေ ဘာကြောင့် အသက် ရှည် နေရသလဲ ဆိုတာတော့ ချရေးပြချင်တယ်။

ဖယောင်းတိုင် များဟာ အလင်းပြ နိုင်ဖို့ အတွက် အလောင်ကျွမ်းခံရတယ်။ သတင်းဆရာ ဘဝ အပြင် နိုင်ငံရေး ဘဝ ပါ ရောယှက်ခဲ့တဲ့ ဆရာမောင်ဝံသ လို ပုဂ္ဂိုလ်မျိုးအတွက် ပို အလောင်ကျွမ်း မြန်တယ်။

ဗမာများဟာ ရောဂါကြီးကြီးမားမား ဖြစ်ရင် “၀ဋ်နာ၊ ကံနာ” တံဆိပ်ကပ်ချင်ကြတယ်။ အမှန်တော့ ဘာ “၀ဋ်နာ၊ ကံနာ” မှ မဟုတ်ဘူး။ လူလို မနေရတဲ့ တိုင်းပြည်မှာ လူလို အဆက်အဆံမခံရ၊ ဖန်ရင်း နာတာရှည်လာခဲ့တဲ့ အကြောင်း ရောဂါတွေပါပဲ။

အဘိဓမ္မာကျမ်း အလိုအရ “ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ” ဆိုတာ မှန်တယ်။ ဒီ ခန္ဓာကိုယ် ရုပ်ကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်း ကတည်းက ကံတရား က စီမံ ခဲ့တာဆိုပြီး ဘာသာ အယူဝါဒ အရ ယုံကြည်ကြတယ်။ ဒါပေမယ့် ဒီ (၄) ချက်မှာ ရှောင်လွယ်မရတာ မှန်ပေမယ့် ကံ ကိုတော့ သိပ် မတွက်ချင်မိဘူး။ ဥတု၊ အာဟာရ နဲ့ ပိုဆိုင်တယ်လို့ ယူဆတယ်။

ဥတု ဆိုတာမှာ တော၊ တောင်၊ သစ်ပင် သဘာဝ ဝန်းကျင်၊ ရာသီဥတု အပြင် နေထိုင်ရတဲ့ လူလုပ်ဝန်းကျင်ဆိုတာတွေလည်း ပါတယ်။ ကျန်းမားရေး နဲ့ ညီညွတ်၊ သန့်ရှင်း တဲ့ အနေအထိုင် ပတ်ဝန်းကျင်မျိုး ရှိခြင်း/ မရှိခြင်း က ဒီ ရုပ်ခန္ဓာကိုယ်ကြီး ကျန်းမာစေသော အကြောင်းတရား၊ သို့မဟုတ် ရောဂါရစေသော အကြောင်းတရား ကို ပို ဖန်တီးနိုင်တယ်။ ထို့အတူပဲ အစားအစာ အာဟာရ ကလည်း ဒီ ရုပ်ကြီးကို ဖန်တီးပြုပြင်တဲ့ သြဇာ ရှိတယ်။ ခန္ဓာကိုယ် ကို သြဇာဖြစ် စည်ပင် တိုးပွားစေနိုင်သလို၊ ယုတ်လျော့စေနိုင်တယ်။ ထောင်ထဲ၊ တန်းထဲ နှစ်ရှည်လများ သွားနေရသူတွေ ဘယ်လို မှ ဒီ နှစ်ခု ဥတု၊ အာဟာရ မပြည့်စုံနိုင်ဘူး။ ဆိုတော့ ရုပ်ခန္ဓာ က တကြောင်း မဟုတ် တကြောင်း၊ ရောဂါ တခု မဟုတ် တခု နဲ့ အပျက်စီး မြန်မှာပဲ။ ဒါတောင် ဒီပုဂ္ဂိုလ်တွေက စိတ် ဆိုတဲ့ အကြောင်း တချက် နဲ့ ထိန်းထား၊ ရပ်ထား၊ ကြံ့ကြံ့ခံ ထားလို့ ဒီလောက် အသက်ရှည်ခဲ့ရတာလို့ ဆိုရမယ်။

နိုင်ငံရေး အကျဉ်းသမားဟောင်းတွေကို ကြည့်ပါ။ ဆိုခဲ့တဲ့ ဥတု၊ အာဟာရ ပြုပြင်မှု (ဝါ) ချို့တဲ့မှုကြောင့်ပဲ ရောဂါကြီးကြီးမားမားတွေ ခံစားရတာ များပါတယ်။ နာမည်ကြီးထဲက ဥပမာ ပြုရရင် အခု လွှတ်တော်အမတ်မင်း ဖြစ်နေတဲ့ ဇေယျာသော် ပဲ ကြည့်ပါ။ ဘဝတခုလုံး နစ်နာ၊ သေရွာပါမယ့် ရောဂါကြီးကြီးမားမား တခု ကို စနစ်ဆိုး၊ ခေတ်ဆိုးဒဏ် နရသိန်ကြောင့် စွဲကပ်ခဲ့ရတာပါ။ ဒါတောင် လူငယ် တယောက်။ နာမည်ကြီး တယောက်။ မိဘကလည်း တတ်နိုင်လို့ အမြဲ ထောင်ဝင်စာ တွေ့ ဘာပဲဖြစ်ဖြစ် လိုအပ်တာလေးတွေ မပြည့်စုံစေဦး ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အခြေအနေ။ တခြား လူမသိ၊ သူမသိ အညတရ တွေ ဘဝ ဆိုရင် စဉ်းစားကြည့်ဖို့တောင် မဝံ့ဘူး။

တနိုင်ငံလုံး ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း၊ ကျန်းမာတဲ့ ပတ်ဝန်းကျင် အနေအထား ကိုလည်း ကြည့် ကြည့်ပါဦး။

ဆရာမောင်ဝံသ ဖြစ်တဲ့ ရောဂါမျိုး မိသားစု မှာ အနီးကပ် စောင့်ရှောက်ဖူးလိုက်တဲ့ (၂) ယောက် ဖြစ်ဖူးတယ်။ တယောက်က ဘိလပ် သွား ကု တယ်။ တယောက် က လည်း ဗမာပြည်မှာတင် ကုပေမယ့် ငွေဖို့ နိုင်၊ သမားတော်ကြီးများရဲ့ စောင့်ရှောက်မှုကောင်းတော့ (၆) လ၊ (၁) နှစ် သက်တမ်းကို (၅) နှစ်၊ (၆) ဆွဲ ဆန့် နိုင်၊ Quality of Life ကောင်းအောင် လုပ်နိုင်တယ်။ ဆရာမောင်ဝံသ လည်း စင်္ကာပူ မှာ ကုသမှု ခံယူတော့ မဆုံးခင် Quality of Life ကောင်းခဲ့မယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံခြား ဆေးကု တဲ့ ကိစ္စ အခု ထည့်ဆိုတော့ ဗမာပြည်က သက်ဆိုင်ရာ သမားတော်ကြီးများ မတတ်လို့လား လို့ မေးချင်မယ်။ မဟုတ်ပါ။ ယူကေ Trained တွေပဲ။ အများနည်းတူ၊ နိုင်ငံတကာ နည်းတူ တတ်သင့်သလောက် တတ်၊ ပညာအစွမ်းနဲ့ ကုသမှု ပေးနိုင်စွမ်းတာပေါ့။ ဒါပေမယ့် ပံ့ပိုးမှု၊ ပစ္စည်း ကိရိယာ၊ ဆေးဝါး ချို့တဲ့ (မချို့တဲ့ရင်လည်း ဈေးကြီး) တာက အဓိက ဆိုင်တယ်။

နိုင်ငံခြား၊ နိုင်ငံခြား လို့ ထည့်ပြောရင် လူတွေက အမေကျော် ဒွေးတော်လွမ်း တယ် ဆိုချင်မယ်။ ဘန်ကောက် ပဲ ထွက်ကြည့်။ သွေးကလေး ဖောက် တာက အစ ပစ္စည်း ကွာတယ်။ ဆွေမျိုး လူနာတွေကို အမြဲတမ်း စောင့်ရှောက်ဖူးတော့ သိတယ်။ ဗမာပြည် ဆေးလောက သမားများ မရှိ ရှိတဲ့ကြားက ဘယ်လို အလုပ်ဖြစ်အောင် လုပ်နေရတယ်ဆိုတာ သိတယ်။ ဘယ် စင်္ကာပူတို့၊ ထိုင်းတို့က ဆရာဝန်များ၊ ဆရာမများ ကို ဗမာပြည် မှာ ဆေးမကု ခိုင်းနဲ့ဦး။ ဆေးထိုးရဖန်များတဲ့ နာတာရှည်လူနာတွေ၊ ရောဂါကြောင့် အရေပြားတင်းမာ သွေးကြောပျောက်နေတဲ့ သူတွေကို သွေးပဲ ဖောက်ကြည့်ခိုင်း၊ အကြောဆေးပဲ ထိုးခိုင်းကြည့်။ သူတို့ ထိုင်ငိုမယ်။

ဆရာမောင်ဝံသ ဖြစ်တဲ့ ရောဂါ ကုသတဲ့ ဌာန ရန်ကုန်ဆေးရုံကြီးမှာ ဆေးပညာသည် မဟုတ်တဲ့ အခြား အသက်မွေးဝမ်းကြောင်း ပညာနဲ့ (၅) နှစ်လောက်လည်း အလုပ်လုပ်ဖူးတယ်။ နေ့စဉ် အနိဋ္ဌာရုံ တွေကို မြင်တွေ့ခဲ့ရတယ်။ အနိဋ္ဌာရုံ ဆိုတာ ရောဂါ ဝေဒနာ ခံစားနေရသူတွေကို မြင်ရလို့ မဟုတ်ဘူး။ စနစ်ဆိုး ကို ထဲထဲဝင်ဝင် မျက်မြင် ဒက်ထိ မြင်နေရလို့။

ဝေဒနာရှင်တွေ ရောဂါ သက်သာအောင် ကုသရာမှာ ကုသမှု ကုထုံး တခု အတွက် မဖြစ်မနေလို အပ်တဲ့ ပစ္စည်းတွေ က အမြဲလိုလို ပျက်နေတယ်။ လူနာ နဲ့ စက်ပစ္စည်း (အကောင်း) ဘယ်တော့မှ မလောက်ဘူး။ ကုသမှု ရက်ချိန်းက တခါတခါ (၂) ပတ်၊ (၃) ပတ် က နေ လ နဲ့ ချီ ကြာတတ်တယ်။ ရောဂါဖြစ်ရင် (ဆေး နိုင်နိုင် ကုနိုင်ရင်တောင်မှ) လပိုင်း၊ နှစ်ပိုင်း ပဲ အများဆုံး မျှော်လင့်လို့ရတဲ့ ရောဂါမျိုး အတွက် အခြေအနေကို စဉ်းစားကြပေါ့။ အဲဒီ စက်မျိုးက အနုမြူ နဲ့ ဆက်စပ်တာမျိုး ဖြစ်တဲ့အတွက် ပြည်တွင်း ပုဂ္ဂလိက ဆေးရုံတွေမှာလည်း မရှိဘူး။ စစ်ဆေးရုံမှာတော့ ပြည်သူ့ဆေးရုံ ထက် ကောင်းတဲ့ (မပျက်တဲ့) စက်တွေ ရှိတယ်။ သူတို့က အမိ၊ အဖ မဟုတ်လား။ အရေးကြီးတယ် လေ။ ပြည်သူတွေ ထဲက တတ်နိုင်သူများက ဘန်ကောက်၊ စင်္ကာပူ သွားပေါ့။ နင်းပြား ငမွဲကတော့ အနာခံရင်း နောက်ဆုံး သေပေါ့။

အပေါ်မှာ ဆိုခဲ့တဲ့ ရိုးရာ ဓလေ့ ယုံကြည်မှု သဘော “၀ဋ်နာ၊ ကံနာ” ဆိုတာ ဒီကိစ္စ မှာ မှန်တယ်။ ၀ဋ်ရှိလို့ကို ဒီလို စနစ်ဆိုး မှာ ခံနေရတာ။ ကံပါလို့ကို ဒီလို မသူတော်တွေ နဲ့ တွေ့နေရတာ။

ဆေးရုံကြီးမှာ တရက် ဒေါ်မကြိုင် ရောက်လာတာလည်း ကြုံခဲ့ဖူးတယ်။ ဆေးရုံကြီးမှာပဲ လုပ်လို့ရတဲ့ ကိစ္စတခု အတွက် သူ မဖြစ်မနေ လာခဲ့ရတယ်။ ပုဆိုး၊ တိုက်ပုံ ဝတ်၊ မျက်မှန်မည်းတပ် ပုဂ္ဂိုလ်များ ဆေးရုံကြီး အနှံ့ ပြည့်သွားတယ်။ ဆေးရုံကို တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်များ၊ သူနာပြုများ နဲ့ အခြား သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ ဝင်ခွင့် မရ ဖြစ်ရတယ်။ တောင်းတောင်းပန်ပန် ရှင်းပြ၊ ဝင်ခွင့်တောင်းရတယ်။ လက်မှတ်ထိုးရတယ်။ ဌာန တခု ရဲ့ အကြီးဆုံး ပါမောက္ခ နဲ့ အတူ အပေါက်မှာ ဝင်ခွင့်ရဖို့ ကိုယ်တွေ့ မျှော်ခဲ့ရဖူးတယ်။ သူတို့ အသက်မှ “အသက်” လို့ ထင်တဲ့ လူတွေ၊ သူတို့ ဘဝမှ “ဘဝ” လို့ ထင်တဲ့ လူတွေ အကြောင်း ကို ပို သိခဲ့ရတယ်။ အာဏာရှင် စနစ် ဆိုး ကို တော်လှန်ရမယ်၊ ဆန့်ကျင်ရမယ် ဆိုတဲ့ အသိ ကို နိုင်ငံရေး သိပ္ပံ သင်ဖူး မှ ရတာ မဟုတ်ဘူး။ ဘဝ ထဲကလည်း ရတယ်။ ပိုတောင် သိနားလည်မှု၊ ခံစားနိုင်မှု၊ သိမှု ရေချိန် မြင့်သေးတယ်။ ဒါကြောင့် တော်လှန်ရေး မှာ မှတ်ကျောက်တင်ခံ၊ ရေရှည်ခံ၊ ကြံ့ကြံ့ခိုင်ကြတဲ့ ပုဂ္ဂိုလ်များက စာအုပ်ကြီးသမား မဟုတ်တဲ့ ပြည်သူထဲက ပြည်သူတွေ ဖြစ်နေတာပေါ့။ ကဲ.. ဒါက ထား..။

တိုင်းပြည်မှာ ကျန်းမာရေး နဲ့ လျော်ညီတဲ့ ပတ်ဝန်းကျင်၊ နေထိုင်၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ စားမှု၊ သောက်မှု မျိုး ဖြစ်အောင် တိုင်းပြည် က (စနစ်က) ဖန်တီး ပေးထားလား ကြည့်မယ်။

မိတ်ဆွေ စာနယ်ဇင်းဆရာ တယောက် က ရှစ်လေးလုံး ပွဲ ဓာတ်ပုံတွေ တင်တော့ ထမင်းထုပ် စားကြတဲ့ ပုံ မှာ (၂၅) နှစ် အကြာမှာ ဖက် နဲ့ ထုပ် ရာကနေ ဖော့ဗူး ဖြစ်သွားတယ် လို့ ရေးတင်တယ်။

အဲဒီ ပြောင်းလဲမှု က ရောဂါကြီးကြီးမားမားတွေရဲ့ ရင်းမြစ်ပဲ။ ဗမာပြည်မှာ လူတွေကို သတ်နေတာမှာ ပလတ်စတစ်အိတ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေ၊ ဖော့ဗူးတွေလည်း ပါတယ်။

အထက်မှာ ဆိုခဲ့တဲ့ ဆွေမျိုးထဲက ရောဂါ ဖြစ်တဲ့ နှစ်ယောက် ဆိုတာ ရောဂါ ဖြစ်ဖို့ များစေတဲ့ ဆေးလိပ်၊ အရက် တသက်လုံး မသောက်ဖူးဘူး။ ဒါပေမယ့် ဖြစ်တာပဲ။ သေတာပဲ။ ဘာလို့လဲ။ ဆေးလိပ်၊ အရက် ထက် ဆိုးတဲ့ လူကို သေစေနိုင်တဲ့ လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းတွေ နဲ့ နေထိုင်၊ ကြီးပြင်း အသက်ရှင်ခဲ့ရတာကိုး။

ဈေးကွက်ထဲက စားသောက်ကုန် ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ ရဲ့ အရည်အသွေး၊ စိတ်ချရမှု၊ ကျန်းမာရေး နဲ့ ညီညွတ်မှု ဘယ်လောက် အာမခံ နိုင်သလဲ။ ဗမာပြည် က စားသူးသူ တွေမှာ စိတ်ချရတဲ့၊ ရွေးချယ်ခွင့် ရှိတဲ့ ဈေးကွက် ရှိနေလား။ စားသုံးသူ အခွင့် အရေး ဘယ်လောက် ရှိသလဲ။ နေ့စဉ် စားနေတဲ့ အစာ၊ သောက်နေတဲ့ ရေ၊ ချိုးနေ၊ သုံးနေတဲ့ ရေ၊ မှီဝဲနေရတဲ့ ဆေးတွေ ဟာ ကျန်းမာရေး အရ ဘယ်လောက် ညီညွတ်မျှတ၊ စံချိန်မီ နေသလဲ။

အစားအစာ နဲ့ ဆေးဝါး စစ်ဆေး တဲ့ ဌာန ရှိပါရဲ့။ ဘယ်လောက် ဖြောင့်မတ် မှန်ကန်၊ တာဝန်ကျေ ဆောင်ရွက်နိုင်သလဲ။ ဆောင်ရွက် နေသလဲ။

ရောဂါ အသေးအမွှား တခုခု ဖြစ်လို့ ရှိရင် ဆေး မသောက်တာက ပိုကောင်းမယ့် အခြေအနေ ဈေးကွက်။ ဆေးသောက်မှ ဆေးတု နဲ့ သေလမ်း များတဲ့ အနေအထား။

ရန်ကုန်မြို့ က လမ်းတွေ၊ အိမ်တွေ ကိုလည်း ကြည့်ပါ။ လူအများ နေတဲ့ ခိုအိမ် လေးတွေဟာ ရေပေးဝေမှုစနစ် မကောင်း၊ မီးပေးဝေမှု စနစ် မကောင်း၊ အညစ်အကြေးစွန့် စနစ် မရှိ၊ စံချိန်မီ အဆောက်အဦး မဟုတ်၊ ကောင်းမွန်တဲ့ အခန်းဖွဲ့စည်းပုံ မရှိ၊ လေကောင်းလေသန့် မရ၊ စည်းစနစ် မရှိ ဖြစ်ချင်တာ ဖြစ်နေတဲ့ အနေအထား။

ဒါ့အပြင် လူထု ခမျာ တီဗွီ ကနေ မုသာဝါဒ၊ အလိမ်အညာ ဝါဒဖြန့်ချီ စိတ်ဓာတ် မှိုင်းတိုက်ခံရရုံသာမက ကာယကံမြောက် မီးခိုးမှိုင်း လည်း အတိုက် အခံနေရတယ်။ နိုင်ငံတကာ မှာ မသုံးတော့တဲ့၊ ဒေသတွင်း မဖွံ့ဖြိုး မတိုးတက်သေးတဲ့ နိုင်ငံတွေမှာတောင် မသုံးတော့တဲ့ ကားအို၊ ကားဟောင်းတွေဟာ စီးသူကို မတော်တဆ ထိခိုက်၊ ယာဉ်တိုက်မှု ဖြစ်စေဖို့ လမ်းများ စေရုံတင်မကဘဲ အဆိပ်မီးခိုးနဲ့လည်း လူအများကို သေစေနေတယ်။ မီးစက်ပေါင်းများစွာကလည်း တိုင်းပြည်ရဲ့ ဘဏ္ဍာ ငွေ ကို မလိုလားအပ်ဘဲ အပိုသက်သက် သုံးဖြုန်း၊ နိုင်ငံခြား ကို ငွေတွေ ယိုစီး (တရုတ်မီးစက်တွေ ဝယ်ရ၊ ဒီဇယ်လ်၊ ဓာတ်ဆီ ဖြုန်း) စေတဲ့ အပြင် ထွက်တဲ့ မီးခိုးငွေ့ကပါ လူတွေကို သတ်နေပြန်ပါသေးတယ်။

အခွင့်ထူးခံ လူတန်းစားတစု၊ လူတစု ကတော့ ဒါတွေ အားလုံး နဲ့ အလှမ်းဝေးရာ၊ ဒီ အနိဋ္ဌာရုံတွေနဲ့ လွတ်ကင်းရာ မှာ သာသာယာယာ နေ နေနိုင်တယ်။ ဒီပဲယင်းမှာ လူသတ်ပြီး ကံကြီးထိုက်လို့ ရောဂါဆိုး ခံစား၊ သေ ရသူ ဥပမာ ဖြစ်စဉ်တွေ အဆိုပါ လူတစု မှာ ရှိပေမယ့် သူတို့အားလုံး ဟာ မသေခင်မှာ လူသာမန် ထက် မနှိုင်းစာလောက်အောင် ပိုတဲ့ အခွင့်အရေးပေါင်းစုံ ယူ၊ အခွင့်ထူးခံ၊ ပြည်တွင်း၊ နိုင်ငံခြား ကုသမှုမျိုး စုံ နဲ့ ပြည့်ပြည့်စုံစုံ နေသွား၊ သေသွားခဲ့ရတာပါ။

ဆိုတော့ ပြည်သူ့ချဉ်ဖတ်များ အသက်ရှည် နေရပြီး၊ ဘာကြောင့် ပြည်သူ ထဲက ပြည်သူ၊ ပြည်သူ့ အချစ်တော်တွေ အသက်တိုနေရသလဲ ဆိုတာ မြင်နိုင်မယ် ထင်တယ်။

ဆိုခဲ့တာတွေ အားလုံးဟာ ဗမာပြည် ခေတ်၊ စနစ် ရဲ့ ပကတိ အခြေအနေ၊ သရုပ်၊ သဘောတွေပါ။

ဒါကြောင့် အထက်မှာ ဆိုခဲ့တယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မှာ ဥတု၊ အာဟာရ က အဓိက ပါ လို့။

စနစ် က ဖန်တီး ပေးလိုက် တဲ့ ဥတု (သဘာဝ/လူလုပ် ပတ်ဝန်းကျင်၊ ဈေးကွက်) နဲ့ အာဟာရ (အစားအသောက် အရည်အသွေး) က လူတွေကို သတ်နေတယ်။ တနည်း အား ဖြင့် စနစ် က နေ လူတွေကို သတ်နေတာပါပဲ။

စနစ်ဆိုးဟာ တခါ တခါ ဘီလူးဆိုင်း တီးကာ လမ်းပေါ်မှာ အနောက်ပိုင်း နွားကျောင်းသား စတိုင် သေနတ်ပစ် လူသတ် ပြတတ်တယ်။ ဒါကို လူတွေက မြင်သိ၊ ခံစားကြတယ်။ ၈၈၈၈ အထိမ်းအမှတ်လို အောက်မေ့ ပွဲတွေ လုပ်ကြတယ်။ ဒါပေမယ့် တကယ်တော့ စနစ်ဆိုးဟာ တိတ်တဆိတ် လူသတ်နေတာ ကတော့ နေ့စဉ်ပါပဲ။ ဒါကြောင့် နိုင်ငံရေး စနစ်ဆိုး ရေသောက်မြစ် ရောဂါကြီး အမြစ် မပြတ်သမျှတော့ ဗမာပြည် ရဲ့ ရက်စွဲတွေဟာ နေ့တိုင်း ပူဆွေးသောက အမှတ်တရ အောက်မေ့ ပြုရမယ့် လူသေ ရက်စွဲတွေချည်းပဲ ဖြစ်နေမှာပါပဲ။

လူတချို့ကတော့ အမြင်မကြည် ဆိုချင်မယ်။ ခင်ဗျားက ငှက်ပျော်ခွံ နင်းမိ ချော်လဲ တာကိုတောင် စနစ်ကို အပြစ် တင် မယ့် လူစားမျိုးပဲ ဆိုပြီးတော့ ဆိုချင်မယ်။

ဒါပေမယ့် အရာရာ မှာ အကျိုး၊ အကြောင်း ဆက်စပ် ရှိပါတယ်။ အထူးသဖြင့် တိုင်းပြည် နဲ့ ယှဉ် စဉ်းစားတွေးခေါ်၊ သုံးသပ်ရင် နိုင်ငံရေး စနစ် ဆိုတာ ကို မဏ္ဍိုင်ပြု မစဉ်းစား၊ မတွေး၊ မပြောလို့ ကို မရပါ။ အရင့် အရင် ဆိုခဲ့သမျှ နဲ့ နောင်မှာလည်း အလျင်းသင့်သလို ဆိုမယ့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အနုပညာ အစုစု ဟာ နိုင်ငံ့စနစ် နိုင်ငံရေး မှာပဲ တည်ပါတယ်။ ဒီတော့ ဒါကိုပဲ ဇောင်းပေး ရပါမယ်။ ရေသောက်မြစ် ရောဂါကိုပဲ ပျောက်အောင် ကု ရပါမယ်။ အဆွယ်အပွား ရောဂါ ကို ကုခြင်းဟာ ရောဂါ တခုဖြစ်လို့ အနာ ပျောက်ဆေး သောက်သလိုပါပဲ အနာကိုတော့ ဖုံးကောင်း ဖုံးနိုင်ပါမယ်။ ဒါပေမယ့် မူရင်း ရောဂါ ပင်မ ကိုတော့ မပျောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံရေး မပါတဲ့ တိုင်းပြည် ထူထောင်ရေး လူမှုရေး ကုထုံးတွေကို ဆေးမြီတို လို့ သတ်မှတ်ကြတာပေါ့။ ဒါကို ရေလိုက်လွဲပြီး နိုင်ငံရေး လုပ်ရမယ့် လူတွေကပါ အခု လူမှုရေး အမည်ခံ ချင်နေတာကြတာ၊ မြင်ရတာ စိတ်ပျက်စရာပါ။ ရေရှည် တိုင်းပြည်မှာ နာတာရှည်ခဲ့တဲ့ ရောဂါအစုံစုံ ကို အမြစ်ပြတ်ချင်၊ ကုသချင်ရင်တော့ နိုင်ငံရေး ကုထုံးမှ တပါး အခြား မရှိပါ။

ဒီ စာ ကို ခေါင်းစဉ် အမည် ပေး မထားပါ။ အားလုံး နဲ့ ဆက်စပ် တယ်ဆိုတဲ့ သဘောကို ညွှန်းတယ်။

ဝေါမြို့လေး ပြည်သူကြား၊ လယ်သမားကြား ကလာခဲ့၊ ပြည်သူကြားမှာ နေခဲ့၊ သေခဲ့တဲ့ ဆရာမောင်ဝံသ အတွက် နောက်ဆုံး နှုတ်ဆက် ဂါရဝ ပြုရင်း နိဂုံးချုပ်ရရင် အထက်မှာ ဆိုခဲ့တဲ့ နိုင်ငံရေး စနစ်ဆိုး ကို ကလောင်ကိုင်၊ နိုင်ငံရေး လက်နက်ကိုင် နိုင်စွမ်းသမျှ ခေတ်ဝန်ကိုထမ်းရင်း တာဝန်ကျေ တိုက်ခဲ့သူတယောက် ဖြစ်တဲ့ အတွက် ဦးညွှတ် အလေးပြု နှုတ်ဆက် ဂါရဝ ပြုလိုက်ပါတယ်။ ကောင်းရာ မွန်ရာ ဘုံဘဝ ရောက်မယ်လို့လည်း ယုံကြည်တယ်။ ကျန်ခဲ့သူများ၊ အထူးသဖြင့် စာနယ်ဇင်းသမားများ၊ နိုင်ငံရေးသမားများကိုလည်း လူထု စိန်ဝင်း တို့၊ ဆရာမောင်ဝံသ တို့ နေခဲ့၊ ရပ်ခဲ့၊ တိုက်ခဲ့ သလို အနေမှန်၊ အရပ် မှန်၊ အတိုက် မှန် စေဖို့ တပါတည်း တောင်းဆိုလိုက်တယ်။

ငြိမ်းချမ်းအေး
၁၁ ၊ သြဂုတ် ၊ ၂၀၁၃

အမည်ရင်း ဦးစိုးသိမ်း။ ၁၉၄၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊
မြစ်ကျိုးရွာတွင် အဖ ဦးမောင်ခင်၊ အမိ ဒေါ်မြစိန်တို့မှ ဖွားမြင်သည်။ မြစ်ကျိုးရွာတွင် မူလတန်း၊ ပဲခူးမြို့ အမျိုးသားတန်းမြင့် ကျောင်း (ယခု အ.ထ.က ၃) တွင် ဆယ်တန်းအထိ၊ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ (မြန်မာ၊ အင်္ဂလိပ်၊ ဘောဂဗေဒ၊ အနောက်တိုင်းသမိုင်း၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့်) ၁၉၆၇ ၌ အောင်မြင်သည်။

၁၉၆၇ တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာပညာသင်တန်း ကျောင်း၊ ပထမပတ် သင်တန်းမှ သင်တန်းဆင်းခဲ့သည်။ အသက်မွေး ၀မ်းကျောင်း သတင်းစာပညာ ဖဲလိုးရှစ် (Professional Journalism Fellowship)၊ မစ်ရှီဂန်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ (၁၉၇၇)၊ ရေဂင်-ဖာ့ဆဲလ် (Reagan-Fascell Democracy Fellowship) ဒီမိုကရေစီ ဖဲလိုးရှစ်၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်နိုင်ငံ (၂၀၁၀-၂၀၁၁) တို့ ရရှိခဲ့သည်။

လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ဝင် (၁၉၆၅-၁၉၇၀)၊ မြန်မာ့အလင်း သတင်းစာ စီနီယာအယ်ဒီတာ (၁၉၇၀-၁၉၇၈)၊ ဟံသာဝတီသတင်းစာ၊ ခေါင်းကြီး၊
ဆောင်းပါး အယ်ဒီတာ (၁၉၇၈)၊ ဗိုလ်တထောင် သတင်းစာ သတင်းအယ်ဒီတာ (၁၉၇၈-၁၉၈၈)၊ ဒေါင်းစာပေ တည်ထောင်သူနှင့် အုပ်ချုပ်သူ (၁၉၇၃ မှ ယနေ့အထိ)၊ “အတွေးအမြင်” မဂ္ဂဇင်း တည်ထောင်သူနှင့် စီစဉ်သူ (၁၉၈၄ မှ ယနေ့အထိ)၊ “သတင်းထူး ဂျာနယ်၊ “ဘက်စုံဂျာနယ်” ထုတ်ဝေသူ၊ အယ်ဒီတာ (၁၉၈၈)၊ “တော်ဝင်ဂျာနယ်”အယ်ဒီတာ (၁၉၉၄-၉၅)၊ “ပြည်သူ့ခေတ်ဂျာနယ်”ထုတ်ဝေသူ၊ အယ်ဒီတာ (၂၀၁၀ မှ ယနေ့အထိ) လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေး လူမှုရေး ဆောင်ရွက်ချက်များအနေဖြင့် ပဲခူးခရိုင် ကျောင်းသားသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး အမှုဆောင် (၁၉၆၁-၆၂)။ပြည်ကျောင်းဆောင်၊ တကောင်း ကျောင်းဆောင်၊ ပင်းယ ကျောင်းဆောင် သဟာယနှင့် စာဖတ်အသင်းများနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး
တပ်ဦး၊ကျောင်းသား အခွင့်အရေး ကာကွယ်မှု ကော်မတီ အစရှိသော ကျောင်းသား အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

အထက်တန်းကျောင်းသားဘ၀ကတည်းက ကျောင်းမဂ္ဂဇင်းနှင့် စာနယ်ဇင်းအချို့တွင် ကလောင်သွေးခဲ့သည်။ ၁၉၆၂-၆၃ တွင် အထောက်တော်သတင်းစာ၏ တက္ကသိုလ် သတင်းထောက်အဖြစ် လုပ်ကိုင်ပြီး ရန်ကုန်တက္ကသိုလ် သတင်းထောက်အသင်း ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။

၁၉၇၃ တွင် ဒေါက်တာဟင်နရီ ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ်္တိ စာအုပ်ကို ရေးသားထုတ်ဝေခြင်းဖြင့် လုံးချင်းစာအုပ်နယ်ပယ်သို့ စတင် ၀င်ရောက်သည်။ ထိုနှစ်ကစ၍ ဒေါင်းစာပေကို စတင် တည်ထောင်သည်။ နိုင်ငံရေး အတ္ထုပ္ပတ်္တိစာအုပ်များ ဆက်တိုက် ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီးတွင် သတင်းစာတိုက်ပေါင်းစုံ သပိတ် ကော်မတီကို ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သဖြင့် ဗိုလ်တထောင် သတင်းစာတိုက် အယ်ဒီတာအဖြစ်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ၁၉၈၈ မှ ၂၀၀၁ အထိ နိုင်ငံရေးနယ်သို့ ရောက်ရှိသွားကာ စာပေနယ်နှင့် ကင်းကွာခဲ့သည်။ ဟံသာဝတီ ဦးဝင်းတင်ကို အကြောင်းပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ပြီး ပဲခူးတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုဦးစီး အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် အဆင့်ဆင့် တာဝန် များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝေါမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

နိုင်ငံရေးတွင် ပါဝင် ဆောင်ရွက်ခဲ့စဉ်အတွင်း ၁၉၈၉၊ ဇူလိုင် ၂၀ ရက်မှ ၁၉၉၀၊ ဧပြီ ၂၄ အထိ ပုဒ်မ ၁၀(က) ဖြင့် တစ်ကြိမ် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရပြီး ၁၉၉၀၊ အောက်တိုဘာ ၂၃ တွင် ပြန်လည် အဖမ်းခံရသည်။ ဤတစ်ကြိမ်တွင် စစ်ခုံရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သော်လည်း ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ အပြောင်းအလဲကြောင့် ၁၉၉၂၊ ဧပြီ ၂၉ တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် ၁၉၉၅၊ ဇူလိုင်လတွင် နေအိမ်အကျယ်ချုပ်မှ ပထမအကြိမ် ပြန်လည် လွတ်မြောက် လာပြီးနောက် ၀န်းရံကူညီပေးမှုကြောင့်ဟုဆိုကာ ၁၉၉၆၊ မေလ ၂၁ ရက်မှ ၂၀၀၁၊ ဇွန်လ ၁၃ ရက်အထိ ပုဒ်မ ၁၀(က)ဖြင့် အင်းစိန်ထောင်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၂၀၀၁ ဇူလိုင်လမှစ၍ စာပေနယ်သို့ ပြန်ရောက်ကာမဂ္ဂဇင်း၊ ဂျာနယ်များတွင်
ဆောင်းပါး၊ ၀တ္ထုနှင့် နိုင်ငံတကာရေးရာ ဝေဖန်ချက်များ ရေးသားလျက် ရှိပါသည်။ မိမိအပေါ် ကျေးဇူးတရားကြီးမားခဲ့သော သတင်းစာလောကအား ကျေးဇူးဆပ်သည့် အနေဖြင့် စာနယ်ဇင်းသမား မျိုးဆက်သစ်များအတွက် အထောက်အကူ ဖြစ်စေရန် “သတင်းစာပညာ သဘောတရားနှင့် လက်တွေ့”ကျမ်းကို ရေးသားပြုစုပြီး ၂၀၀၅ ခုတွင် ပုံနှိပ်ထုတ်ဝေရာ သုတစွယ်စုံ စာပေဆု ရရှိခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ထုတ်ဝေသော “အတ္ထုပ္ပတ်္တိ အဘိဓာန်” စာအုပ်ဖြင့်
ထွန်းဖောင်ဒေးရှင်း စာပေဆုကို ရရှိခဲ့သည်။ ၂၀၁၀ တွင် ထုတ်ဝေခဲ့သော “ရှာမှ ရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ”စာအုပ်ဖြင့် ၂၀၁၁ ခု သုတစွယ်စုံစာပေဆု ရရှိခဲ့သည်။ ၂၀၁၂ ခုတွင် ထုတ်ဝေသော “ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု ရရှိသည်။ စာပေသက်တမ်းအတွင်း ၂၀၁၂ ခုနှစ်အထိ စာအုပ် ၆၂ အုပ် ရေးသား ထုတ်ဝေပြီး ဖြစ်သည်။

၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များအတွက် အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွက် အမျိုးသားသတင်းဆု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် လက်ရှိနိုင်ငံရေးအကျဉ်းသားများအား ကူညီ ထောက်ပံ့ရန် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို တည်ထောင်ရေး
အတွက် ၂၀၁၂ မတ်လတွင် စတင်လှုံ့ဆော် အကောင်အထည်ဖော်ခဲ့ပြီး ကိုယ်တိုင်လည်း ဘဏ္ဍာထိန်းတစ်ဦး အဖြစ် ဆောင်ရွက် လျက်ရှိသည်။

၂၀၁၂ ခု သြဂုတ်လတွင် နှစ် ၅၀ အတွင်း ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းစာဆရာများ ညီလာခံမှ ရွေးကောက်တင်မြှောက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (Myanmar Journalists Association-MJA) ၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ ၂၀၁၂ ခု စက်တင်ဘာလတွင် မြန်မာနိုင်ငံ စာနယ်ဇင်း
ကောင်စီ (ယာယီ)ကို ဖွဲ့စည်းရာ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း ခံရသည်။

အမှတ် ၃၀၀၊ အခန်း ၆ (အေ)၊ မဟာဗန္ဓုလပန်းခြံလမ်း (အထက်လမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။
၁၁.၈.၂၀၁၃ နံနက် ၆နာရီ ၁၅ တွင်ကင်ဆာရောဂါဖြင့် ၀ိတိုရီယ ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်
*******************************************
ဆရာမောင်ဝံသ ရေးခဲ့သည့် စာအုပ်များ...

၂၀၁၁ ဇွန်လအထိ မောင်ဝံသ ရေးသားထုတ်ဝေပြီး စာအုပ်များ
၁။ ကစ်ဆင်းဂျား (အတ္ထုပ္ပတ်္တိ) ၁၉၇၃၊၁၉၇၃၊၁၉၇၄
၂။ မိုရှေဒါယန် (အတ္ထုပ္ပတ်္တိ) ၁၉၇၄၊၁၉၇၆၊၂၀၀၂
၃။ နစ်ဆင် (အတ္ထုပ္ပတ်္တိ) ၁၉၇၄
၎။ အာယန်းဒေး (သို့) ချီလီပြည်မှကြယ်နီ (အတ္ထုပ္ပတ်္တိ) ၁၉၇၅
၅။ အီဂျစ်သမ္မတဆဒတ် (အတ္ထုပ္ပတ်္တိ) ၁၉၇၅၊၁၉၇၇
၆။ သမ္မတကတော်၏ ဘ၀ခရီး (အတ္ထုပ္ပတ်္တိ) ၁၉၇၆၊၂၀၀၄
၇။ မာရှယ်တီတိုး (အတ္ထုပ္ပတ်္တိ) ၁၉၇၇၊၁၉၈၀၊၂၀၀၇
၈။ မြန်မာချစ်သော မောင့်ဘက်တန် (အတ္ထုပ္ပတ်္တိ) ၁၉၇၈၊၂၀၀၃၊၂၀၀၇
၉။ ခရူးရှက် (အတ္ထုပ္ပတ်္တိ) ၁၉၇၉
၁၀။ ကစ်ဆင်းဂျား၏ အိမ်ဖြူတော်နှစ်များ ၁၉၈၁၊၂၀၀၃
၁၁။ မိုးမမြင်မြေမမြင် (ဘာသာပြန်) ၁၉၈၁၊၂၀၀၂
၁၂။ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓာန် ၁၉၈၂
၁၃။ ကစ်ဆင်းဂျား၏ ကသောင်းကနင်းများ ၁၉၈၃၊၂၀၀၃
၁၄။ စတီးဝဲလ်နှင့် မြန်မာပြည်စစ်မျက်နှာ ၁၉၈၄၊၂၀၀၃
၁၅။ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု၊
၁၆။ - နှင့် ခုနစ်လွှာပျိုဖြူအမှု၊
၁၇။ - နှင့် တေလေမအမှု၊
၁၈။ - နှင့် လျှို့ဝှက်သော စာရေးဆရာမအမှု၊
၁၉။ - နှင့် သေနတ်ကိုင်သော ကလေးအမှု၊
၂၀။ - နှင့် ကတ်္တီပါလက်သည်းအမှု၊
၂၁။ - နှင့် စားပွဲထိုးမကလေးအမှု၊
၂၂။ - နှင့် ခြေရာပျောက်သက်သေအမှု၊
၂၃။ - နှင့် ကချေသည်အမှု၊
၂၄။ - နှင့် ဆေးလိပ်သည်မလေးအမှု၊
၂၅။ - နှင့် အစားထိုးမျက်နှာအမှု၊
၂၆။ - နှင့် လက်နှိပ်စက် စာရေးမအမှု၊
၂၇။ - နှင့် နှစ်ခြမ်းကွဲအိမ်ကြီးအမှု၊
၂၈။ - နှင့် အမွေခံသမီးအမှု၊
၂၉။ - နှင့် အိုင်အိုယူ လူသတ်မှု၊
၃၀။ - နှင့် လင်ကွာမလေး အမှု၊ (၁၉၇၉-၁၉၉၃)
၃၁။ အရှင်ဇနကာဘိဝံသ၏ သာသနာရေး မျှော်မှန်းချက်များ ၁၉၉၃
၃၂။ ကြယ်များဆီသို့ (အာကာသသိပ္ပံဥာဏ်စမ်းပဟေဠိ) ၂၀၀၂
၃၃။ ဒုတိယအတွေး (အတွေးအမြင်ဆောင်းပါးများ) ၂၀၀၃
၃၄။ ကမ္ဘာ့ထိပ်တန်းနိုင်ငံများ၏ နိုင်ငံရေး၊ စိးပွားရေး မြင်ကွင်းကျယ် ၂၀၀၃
၃၅။ ဂလိုဘယ်လိုက်ဇေးရှင်း သဲတရှပ်ရှပ် ၂၀၀၃
၃၆။ နိုင်ငံတကာအတွေး နိုင်ငံတကာအမြင် ၂၀၀၃
၃၇။ သတင်းစာပညာ သဘောတရားနှင့်လက်တွေ့ ၂၀၀၅
၃၈။ မှတ်ဖွယ်သုတ ၂၀၀၅
၃၉။ မှတ်ဖွယ်သုတ-၂ ၂၀၀၆
၄၀။ ဖူကူးယာမ သိုးမလေးဒေါ်လီ အီဒီအာမင်နှင့် မျက်မှောက် ကမ္ဘာ့ရေးရာ ၂၀၀၅
၄၁။ နိုင်ငံခြားသွား စီးပွားရေးလုပ်မည်ဆိုလျှင် ၂၀၀၆
၄၂။ အတ္ထုပ္ပတ်္တိအဘိဓာန် ၂၀၀၇
၄၃။ သူတို့ဆီက စာမြည်းများ ၂၀၀၇
၄၄။ ဂလိုဘယ်လိုက်ဇေးရှင်း ဒုတိယလှိုင်း ၂၀၀၇
၄၅။ မည်သို့သော လူဖြစ်ရမည်နည်း ၂၀၀၇
၄၆။ ဝေါမြို့က မိဝိုင်းသို့ ၂၀၀၇
၄၇။ အမေရိကန်နိုင်ငံနှင့် ယနေ့ကမ္ဘာ၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း ၂၀၀၈
၄၈။ သတင်းဋီကာ ၂၀၀၈
၄၉။ ကမ္ဘာ့စီးပွားရေးဇာတ်ခုံပေါ်က ပုံရိပ်များ ၂၀၀၈
၅၀။ မိတ်ဆွေတိုးပွားရေး ၂၀၀၉
၅၁။ မှတ်ဖွယ်သုတ-၃ ၂၀၀၉
၅၂။ အရင်းရှင်စနစ်၏အနာဂတ်နှင့် ကမ္ဘာ့ရှေ့ရေး ၂၀၀၉
၅၃။ ပါဝါအပျော့နှင့် ကျားလေးကောင် ၂၀၀၉
၅၄။ နိုင်ငံကြီးသားများရဲ့ အက်တိကက် ၂၀၀၉
၅၅။ မာဂရက်သက်ချာ (နိုင်ငံရေး အတ္ထုပ္ပတ်္တိ) ၂၀၁၀
၅၆။ ရှာမှ ရှားတဲ့နိုင်ငံရေးသမား ၂၀၁၀
၅၇။ ပစ်တိုင်းထောင် နိုင်ငံရေးသမား တိန့်ရှောင်ဖိန် ၂၀၁၀
၅၈။ ဝေါမြို့က လာခဲ့တယ် ၂၀၁၀
၅၉။ နိုင်ငံရေး စာကိုးစကားကိုး ၂၀၁၁
၆၀။ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် ၂၀၁၁
၆၁။ နိုင်ငံရေးစာရေးဆရာ တွမ်ပိန်း ၂၀၁၁
၆၂။ ကမ္ဘာ့သမိုင်းမှတ်တိုင်များနှင့် ကမ္ဘာ့သတင်းထူးများမှတ်တမ်း ၂၀၁၂
ပြည်သူ့ခေတ်

ပြောချင်လွန်းလို့..........ဆိုတဲ့ သတင်းစာ ဆရာကြီး ၊ စာရေးဆရာ ၊ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ ၁၁.၈ ၂၀၁၃ ၊ နံနက် ၆း၁၅ မှာ ကွယ်လွန်သွားကြောင်းသိရလို့ မိသားစု နဲ့ ထပ်တူဝမ်းနည်းကြေကွဲဖြစ်ရပါတယ်....။

သတင်းစာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်သူနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယဥက္ကဌ မောင်ဝံသခေါ် ဦးစိုးသိန်း ဟာ သြဂုတ်လ ၁၁ ရက် မနက်က ရန်ကုန် မြို့ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

မောင်ဝံသဟာ ၁၉၆၂ ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ပြီး လုပ်သား၊ မြန်မာ့အလင်း စတဲ့ သတင်းစာ တွေမှာ ထမ်းဆောင်ခဲ့ကာ ၁၉၈၈ သပိတ်မှာ ပါခဲ့လို့ ဗိုလ်တထောင် အယ်ဒီတာ အဖြစ်က ရပ်စဲ ခံခဲ့ရ ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တတ်သိ ပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့ကာ ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင်၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် တာဝန်ယူ ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ဝေါက အရွေးခံ ခဲ့ရပါတယ်။

ဂန္ဒီ ခန်းမ ဆုံးဖြတ်ချက် အတိုင်း လွှတ်တော် ခေါ်မပေးရင် ဆောင်ရွက်ဖို့ လိုတဲ့ နည်းလမ်း သုံးသွယ် စာတမ်း ပြုစုရာမှာ ပါဝင် ခဲ့မှုနဲ့ NLD ဗဟို အလုပ်အမှုဆောင်ဝင် ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးခင်မောင်ဆွေ၊ ဗိသုကာ ဦးကျော်မင်း၊ ဦးစိန်လှဦး (မောင်နွယ်ဦး) တို့နဲ့ အတူ အရေးပေါ် စီမံမှု အက်ဥပဒေ နဲ့ ၁၉၉၀ က ထောင်ချ ခံရပါတယ်။

၁၉၉၆ မှာလည်း ထပ်မံ ဖမ်းဆီး ခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရပါတယ်။

၁၉၇၃ က ကစ်ဆင်းဂျား အတ္ထုပတ္တိနဲ့ ဘာသာပြန် လောကမှာ ထင်ရှားလာ ခဲ့ပြီး မိုရှေဒါယန်၊ အာယန်ဒေး၊ အီဂျစ် သမ္မတ ဆဒတ်၊ နစ်ဆင်၊ မာရှယ် တီးတိုး၊ ခရုရှက်၊ မောင့်ဘက်တန် နိုင်ငံရေး အတ္ထုပတ္တိ တွေ၊ ရှေ့နေကြီး ပယ်ရီမေဆင် ဝတ္တုတွေကို ဘာသာ ပြန်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်၊ အောက်တိုဘာ လက စပြီး အတွေးအမြင် စာစဉ်ကို ထုတ်ဝေခဲ့ပြီး ပြည်သူ့ခေတ် ဂျာနယ်ကိုလည်း ထုတ်ဝေသူ အယ်ဒီတာ အဖြစ် ကွယ်လွန်တဲ့ အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဂျပန်နဲ့ အမေရိကန် နိုင်ငံများကို သတင်းစာ ပညာ သွားရောက် လေ့လာခဲ့ သလို မြန်မာ နိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း ပညာ ထွန်းကားရေး အတွက် စာအုပ် စာတမ်းများ ရေးသား ပြုစုခဲ့ပြီး သင်တန်း များလည်း ပို့ချ ခဲ့ပါတယ်။

၂၆ နှစ်တာ အတွက် ၂၆ ရက်တာ လက်စားချေခြင်း ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ် အတွက် နောက်ဆုံး ရေးသား ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
photo..komaw pyay
ဆရာမောင်ဝံသ မကွယ်လွန်မှီ ဗစ်တိုးရီးယား ဆေးရုံသို့ တွေ့ဆုံအားပေးနူတ်ဆတ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၈ရက်နေ့တွင် ကျရောက်သော (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကြီးသို့ တက်ရောက်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဖိတ်ကြားခဲ့ပါသည်။ သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူသည် အယူသည်းမှု တိုက်ဖျက်ရန်အတွက် ဟောပြောရန် နယ်မြို့များသို့ သွားရောက်၍ ခရီးထွက်လျက် ရှိသဖြင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားအား မတတ်ရောက်နိုင်ခဲ့ပေ။ သို့ပါသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အသင်းသား/သူများ၊ အလုပ်အမှုဆောင်များမှ အရေးပေါ် လူနာတင်ယာဉ်တစ်စီးဖြင့် (MCC) မြန်မာကွန်ဗင်းရှင်းစင်တာ၊ မင်းဓမ္မလမ်း၊ မရန်းကုန်းမြို့နယ်တွင် ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ သွားရောက်၍ အချိန်မရွေးကူညီပေးနိုင်ရန်အတွက် အခမ်းအနားစတင်သည့်ရက် ၆.၈.၂ဝ၁၃ ရက်နေ့မှစ၍ ၈.၈.၂ဝ၁၃ ရက်နေထိ ကူညီပေးလျှက် ရှိပါသည်။

ငွေရတုအခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပရှိတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၊ ဒီမိုကရေစီအင်အားစုများအားလုံး တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်အတွက် နယ်မြို့များမှ တက်ရောက်လာ ကြသော ပြည်သူအပေါင်းတို့အား ဆေးကုသပေးခြင်း ကဏ္ဍတစ်ခုတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အရေးပေါ်ကြက်ခြေနီအဖွဲ့မှ လုပ်အားနှင့် လူနာတင်ယာဉ် ပါဝင်ကူညီပေးခဲ့သည်။ ခရီးဝေးမှ လာရောက်ကြသောသူများ၏ ခရီးပန်းခြင်း၊ အခမ်းအနား တက်ရောက်စဉ် မောပန်းခြင်း၊ ချွေးထွက်ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းစသည်တို့အား မိုင်းဆတ်မှ Dr.ဒေါ်ခင်သန်းအေး (၈၈မျိုးဆက်)၊ NLD(ကျန်းမာရေးကွန်ယက်)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့(၃)ဖွဲ့ပူးပေါင်းကာ ကုသပေးခဲ့သည်။ ၆.၈.၂ဝ၁၃ရက်နေ့တွင် လူနာ(၈၀)ကျော်၊ ၇.၈.၂ဝ၁၃ရက်နေ့တွင် လူနာ(၉၀)ကျော်၊ ၈.၈.၂ဝ၁၃ ရက်နေ့တွင် လူနာ(၁၄၀)ကျော်တို့အား (အခမဲ့) ကုသပေးခဲ့ကြသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဆိုသော်လည်း အရေးပေါ်ကိစ္စများ မရှိခင်ချိန်များတွင်၊ ဆေးကူစပ်ပေးခြင်း၊ ဓါတ်ဆားရေများဖျော်ပေးခြင်း၊ လိုအပ်သောဆေးဝါးများအား ပြင်ပသို့ထွက်၍ ဝယ်ပေးခြင်းများအားဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့သည်။ ထိုသို့ ကူညီမှုပြုနေစဉ် ၈.၈.၂ဝ၁၃ ရက်နေ့ ငွေရတုအခမ်းအနားနောက်ဆုံးရက်တွင် အရေးပေါ် လမ်းကြောင်း(၂)ကြောင်းအား မြောက်ဥက္ကလာပ ဆေးရုံနှင့် ဇီဝိတဒါန သံဃာဆေးရုံသို့ ကူညီပို့ဆောင်ဖေးကူခဲ့ပါသည်။

၈.၈.၂၀၁၃ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင် ပုံမှန်ဆေးဝါး ကုသပေးနေချိန် ကြံခင်းမြို့နယ်မှ ဒေါ်ကျင်သိန်း အသက်(၅၆)နှစ်သည် စိတ်ရောဂါအနည်းငယ် ခံစားနေရသူတစ်ဦး ဖြစ်ပြီး သူမ၏အစ်ကိုနှင့်အတူ မောင်နှစ်မနှစ်ယောက် ပွဲသို့ လာရောက်ခဲ့စဉ် ခရီးပန်း၍ အစာမစားနိုင် ဘဲ ရောဂါအခံဖြင့် လွန်စွာအားနည်းနေသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဒေါ်ကျင်သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင်ယာဉ်နှင့်အတူ ရှစ်လေးလုံးမှ တာဝန်ရှိသူများ လိုက်ပါ လာခဲ့ပြီလိုအပ်သော ငွေကြေးများအား ထောက်ပံ့ကူညီပေးခဲ့သည်။

ဒေါ်ကျင်သိန်းအား ပို့ဆောင်ကူညီခဲ့ပြီး ညနေ (၄)နာရီအချိန်တွင် ဆေးခန်းပြသသော ဦးပဉ္ဇင်း ဦးဥတ္တမ (ဗဟန်းကျောင်း) သက်တော် (၃၆)နှစ်သည် ဆီးချို(၅ဝဝ)ထိ့ တက်နေပြီး စိုးရိမ်ရသည့် အခြေအနေကြောင့် ဇီဝိတဒါန သံဃာဆေးရုံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ကူညီ ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး ရန်အသင့်ရှိပါသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များအနေဖြင့် မိဘပြည်သူတို့၏ ဘေးအန္တရာယ် အခက်အခဲများကို ကူညီရန် အသင့်အနေ အထားဖြင့် ရှိနေသလို မိဘပြည်သူအပေါင်းတို့အနေဖြင့်လည်း မိမိတို့၏ပါတ်ဝန်းကျင် တွင် မီးဘေး၊ ရေဘေးနှင့် ကျန်းမာရေး အခြေအနေများ ဖြစ်ပေါ်လာလျှင် လူနာတင်ယာဉ် လိုအပ်လာပါက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ဖုန်း(ဝ၉ ၃၁ ၃၃၃၂၇၃)သို့ ဆက်သွယ်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Photo..Engr Han Min Sein
အောင်မွန်ဟာ သေနတ်ကျည်ဆန်မှန်ပြီး ရှမ်းလမ်းမပေါ်တင် ကျဆုံးသွားခဲ့တယ်။အောင်မွန်ဟာဟာ မြန်မာစာဌာနကထိက တက္ကသိုလ်ဝင်းမွန်ရဲ့ သားလှရတနာ စက်မှုတက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်တယ်။ အောင်မွန်ဟာ စစ်တပ်ကပစ်ခတ်လို့  ပွဲချင်းပြီး သေဆုံးရတဲ့အပြင် သူနဲ့ အတူ နောက်နှစ်ဦးလည်းအဲဒီ့ ဖျာပုံလမ်းထိပ်ဖြစ်စဉ်မှာဘဲ သေဆုံးခဲ့ရပါတယ်။

စစ်ကားတွေဟာ ရှမ်းလမ်းနဲ့ ဗားကရာလမ်း လမ်းဆုံဘက်ကနေ ဂွဈေးဘက်ကိုတရကြမ်းမောင်းချလာပြီး မြင်မြင်ရာကို မောင်းဖြုတ် ပစ်ခတ်တော့တာဘဲ။
လမ်းပေါ်တွေ့ တဲ့သူမှန်သမျှ တဖြောင်းဖြောင်းနဲ့  သွေးဆာရမ်းကားစွာပစ်တော့တာပါဘဲ။ ရပ်ကွက်သူ/သားတွေဟာ အသက်လုပြေးရင်း အတုံးအရုံးထိမှန် လဲပြိုကုန်တော့တာဘဲ။ ကျည်ဆန်တွေဟာ ပစ်မှတ်ရယ်လို့ တိတိကျကျ မရှိဘဲ “ပြည်သူတွေ သေကြစမ်းကွာ” ဆိုတဲ့ အမိန့် အောက်မှာရောက်ချင်ရာရောက်၊ ထိချင်တာထိနဲ့  အင်မတန် ရက်စက်လွန်းလှတယ်။

အောင်မွန်ဟာ စမ်းချောင်းမြို့ နယ်၊ ကျွန်းတော (တောင်) ရပ်ကွက်၊ မအူပင်လမ်းမှာနေထိုင်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော်ဟာ အောင်မွန်နဲ့  တစ်လမ်းကျော်က
ချမ်းသာလမ်းမှာ နေထိုင်ခဲ့သူမို့  မြင်တွေ့ ခဲ့ရသူတွေရဲ့  ပြန်ပြောပြမှုတွေကိုနားထောင်ရင်း အဲဒီတုန်းက အံကြိတ် ရင်စို့ ခဲ့ရပါတယ်။
Aung myo Tun

ရှစ်လေးလုံး အရေးတော်ပုံတွင် သေဆုံးခဲ့သူများ၌ ကမ္ဘာကျော်ဓာတ်ပုံ ဖြစ်သည့် မျက်မှန် (နိုင်ငံကျော်အဆိုတော် ထူးအိမ်သင်နှင့် တူသည်ဟုဆိုသည်) လူငယ်ဆရာဝန်နှစ်ဦး သယ်ဆောင်လာသည့် အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူ မဝင်းမော်ဦး၏ မိခင် ဒေါ်ခင်ဌေးဝင်းနှင့် ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် တွေ့ဆုံမေးမြန် ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice ။ ။ ရှစ်တန်းကျောင်းသူ တစ်ယောက်က ရှစ်လေးလုံးအရေးတော်ပုံမှာ ဘယ်လို အကြောင်းနဲ့ ပါဝင်ဖြစ်သွားသလဲ ဆိုတာ မှတ်မိသလောက် ပြောပြပါဦး။

DKHW ။ ။ မဝင်းမော်ဦးက အန်တီနဲ့ ဈေးကူရောင်းပေးတယ်။ ၈၈အရေးအခင်း ကာလတစ်လျှောက်မှာ ဈေးဆိုင်ရှေ့ကနေ လူအုပ်စုလိုက် ချီတက်ပြီးတော့ ဆန္ဒပြနေ တာကို မြင်ကတည်းက သမီးက စိတ်ပါနေတာ ဘယ်လိုပဲတားတား သမီးကမရဘူး။ နောက်ပိုင်းစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြတဲ့သူတွေကို ပစ်နေတဲ့အကြောင်း ပြောပေမယ့် သမီးကတားလို့ မရတော့ဘူး။ သူ့သူငယ်ချင်းတွေနောက် လိုက်လိုက်သွားတာ။ နောက်ပိုင်း သမီးက အသေခံ တိုက်ပွဲဝင်မယ်လို့ ပြောလာတယ်။

Voice ။ ။ မဝင်းမော်ဦး သေဆုံးသွားတာကို အန်တီတို့ ဘယ်လိုသိလဲ ဘယ်သူ တွေလာပြောတာလဲ။

DKHW ။ ။ စက်တင်ဘာ ၁၉ ရက်နေ့က ည ၁၀ နာရီထိ အိမ်ကိုပြန်မလာတာနဲ့ ကျောင်းကို သွားစုံစမ်းတော့ မနက်က ဆန္ဒပြတဲ့အဖွဲ့ နဲ့အတူ ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ပြီးပါသွားတယ်လို့ ကျောင်းနားမှာနေတဲ့ လူတွေပြောမှ သိရတာ။ နောက်သူ့ကို ကယ်လိုက်တဲ့ ဆရာဝန်က အိမ်ကို ဖုန်းဆက်ပြီး အကြောင်းကြားလို့ ဝင်းမော်ဦး ဆေးရုံတင်ထားရမှန်း သိရတယ်။ ကုန်သည်လမ်း ထောင့်မှာ အပစ်ခံရတာ။ ညာဘက်ဒူး၊ ဘယ်ဘက်ပေါင်နဲ့ ဘယ်ဘက်လက်မောင်း ကိုဖောက်ပြီး အဆုတ်ကို ထိသွားတာ။ အဲဒီ ဒဏ်ရာကြောင့်ပဲ ဆုံးသွားရတာ။

Voice ။ ။ လူထုခံစားချက်တွေ ရေးခွင့်ပြုထားတဲ့ နေရာမှာ ဒီမိုကရေစီအစစ် ရမှ မဝင်းမော်ကို အမျှဝေမယ်လို့ လူအတော်များများ ရေးထားတာ တွေ့ရပါတယ်။ အန်တီတို့ရော သမီးအတွက် အမျှဝေပြီးပလား။

DKHW : ။ ။ မသေခင်မှာ သမီးက မှာသွားတယ်။ စစ်မှန်တဲ့ဒီမိုကရေစီ မရသေးသရွေ့ သမီးအတွက် အမျှမဝေပါနဲ့တဲ့။ သမီး သေဆုံးသွားခဲ့တာ ၂၅နှစ် ကြာသွားပေမယ့် ယနေ့အချိန်ထိ သမီးအတွက် ဘာလို့ အမျှမဝေလဲဆိုတော့ လက်ရှိနိုင်ငံရေးအပေါ် ယုံကြည်မှု မရသေးလို့ပါ။ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေး တာရယ်၊ နယ်စပ်တွေမှာ စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေတာရယ်ကို ကြည့်တာနဲ့ အန်တီ့သမီး မျှော်လင့်ခဲ့သော စစ်မှန်သော ဒီမိုကရေစီ မရရှိသေးဘူးလို့ ယူဆလို့ အမျှ မပေးသေးတာပါ။

Voice ။ ။ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ရှစ်တန်းကျောင်းသူ အဖြူအစိမ်းဝတ် ကျောင်းသူတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ တော်တော်များများ စိတ်မကောင်းဖြစ်ရတယ် စိတ်ထိခိုက်ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ နည်းနည်းပြောပေးပါ။

DKHW : ။ ။ ဘောပင်ပဲ ကိုင်တတ်တဲ့ ကျောင်းသူလေးက ရှစ်လေးလုံး အရေးတော်ပုံ မှာ အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့တာ ၂၅နှစ်ကြာပြီ။ ဒါပေမဲ့ ၂၅ နှစ်ကြာပေမယ့် သမီး မျှော်လင့်ခဲ့သော ဒီမိုကရေစီအစစ် ယနေ့ထိ မရသေးတာကြောင့် မဝင်းမော်ဦး အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့တာ ထိုက်တန်တယ်လို့ မယူဆနိုင်သေးပါဘူး။ အန်တီ ခံစားခဲ့ရသလိုမျိုး ကျန်အမေတွေ ဒီခံစားမှုမျိုး ထပ်မရှိ ကြပါစေနဲ့လို့ အမြဲ ဆုတောင်းနေပါတယ်။
(စကားပြောနေရင်း မျက်ရည်များ သိသိသာသာ ရစ်ဝဲလာသည်။)

(ခိုင်စိုးလင်း)
The Voice Weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.