08/16/13

(Radio Free Europe မှ 16 Aug 2013 ရက်စွဲပါ “ Aung San Su Kyi to visit
Eastern Europe” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သုံးနိုင်ငံခရီးစဉ်အဖြစ် လာမည့်လတွင် အရှေ့ဥရောပသို့ သွားရောက်လည်ပတ်တော့မည်ဖြစ်သည်။

ချက်ရီပတ်ဗလစ်၊ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံများသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဖြစ်ကြောင်း၊ Forum 2000 foundation က ၄င်း၏ ဝက်ဆိုက်တွင် သြဂုတ်လ ၁၅ရက်နေ့က ထုတ်ပြန်ကြေငြာထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ နောက်ပိုင်းသူမ၏ ဒုတိယမြောက်ဥရောပခရီးစဉ်ကို စက်တင်ဘာ ၁၅ရက်တွင် စတင်ကာ ပရာ့ဂ်သို့ဦးစွာရောက်ရှိမည်ဖြစ်ပြီး ချက်သမ္မတဟောင်း ဗားကလပ်ဟားဗယ် ပူးတွဲထူထောင်ထား သော Forum 2000 foundation က စီစဉ်ကျင်းပမည့် ကွန်ဖရင့်သို့တက်ရောက်မည်ဟု သိရှိရသည်။

ဗားကလက်ဟာဗယ်သည် ၄င်း သမ္မတတာဝန်ယူစဉ်ကာလအတွင်းက ၁၉၉၁ တွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် စာရင်းသွင်းပေးခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ကွန်မြူနစ်ခေတ်လွန် အရှေ့ဥရောပသို့ ပထမဆုံးသွားမည့် ခရီးနှင့်ပတ်သတ်၍ ပြောကြားရာတွင် “တူညီတဲ့တန်ဖိုးတွေကို အတူမျှဝေပိုင်ဆိုင်ထားသူတွေထက် ပိုပြီးကောင်းတဲ့ မိတ်ဆွေမရှိတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် သမ္မတဟောင်း ဗားကလတ်ဟာဗယ်နဲ့ မြန်မာပြည်က ကျွန်မတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အတူတူငတ်မွတ်ခဲ့ကြသူတွေဖြစ်ကြပြီး၊ ဒါ့ကြောင့်လည်း သမုဒ္ဒရာတွေ ကုန်းမြေတွေကိုကျော်ပြီး မိတ်ဆွေဖြစ်လာ ခဲ့ကြတာပါ။“ ဟု မှတ်ချက်ပေးခဲ့သည်။

ကမ္ဘာတလွှား အာဏာရှင်စနစ်များမှ ဒီမိုကရေစီအစိုးရစနစ်များသို့ အသွင်ကူးပြောင်းနေကြသော နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာဆွေးနွေးမည့် ယခုနှစ် Forum 2000 ကွန်ဖရင့်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည်ဟု မျှော်လင့်ရသည်။

အဆိုပါကွန်ဖရင့်သို့ မြန်မာအတိုက်အခံခေါင်းဆောင်အပြင် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ အမေရိကန်အဆိုတော် ဂျုံးဘေ့စ်၊ တောင်အာဖရိကသမ္မတဟောင်း ဒီကလပ် စသော နာမည်ကျော်ပုဂိုလ်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့ဥရောပခရီးစဉ်သည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်သွားသော ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထင်ဟပ်လျက်ရှိသည်။

ပြီးခဲ့သော ၂၄ နှစ်အတွင်း ၁၅နှစ်ခန့်နေအိမ်တွင် အကျယ်ချုပ်ထိန်းသိန်းခံခဲ့ရသူ မြန်မာအတိုက်အခံ ခေါင်းဆောင်သည် အကယ်၍ မြန်မာနိုင်ငံမှ သူမထွက်ခွာသားမိပါက တပ်မတော်အစိုးရက ပြန်လာခွင့်ပေးမည် မဟုတ်သောကြောင့် ပြည်ပခရီးသို့ ခရီးမသွားနိုင်ခဲ့ပေ။

သို့သော် တပ်မတော်အစိုးရ ဖျက်သိမ်းပြီးနောက် အရပ်ဖက်အမည်ခံအစိုးရ အာဏာရရှိလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားခရီးစဉ်များကို လွတ်လပ်စွာသွားလာနိုင်သည့်အပြင် ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး၊ တရားဝင်နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားခွင့်ရရှိလာခဲ့သည်။

Yangon chronicle

မီဒီယာ လွတ်လပ်ခွင့်သည် မည်မျှ အရေးကြီးသနည်း။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အတွက် အသက်တမျှ အရေးကြီးသည်ဟု ဆိုချင်ပါသည်။ မီဒီယာများ ထိန်းချုပ်ခံခဲ့ရခြင်းကြောင့် ပြည်သူများအပေါ် ဖိနှိပ်မှုများ၊ ကုပ်သွေးစုပ် အမြတ်ထုတ်မှုများ၊ မတရားသိမ်းပိုက်မှုများ၊ အကျင့်ပျက် ခြစားမှုများ၊ အာဏာ အလွဲသုံးစားလုပ်မှုများ စသော မတရားမှု မြောက်မြားစွာကို ရေငုံနှုတ်ပိတ်ကာ ခေါင်းငုံ့ ခံခဲ့ကြရသည်။ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ အတန်အသင့် ရေးသားတင်ပြခွင့် ရရှိလာသည်နှင့် တစ်ပြိုင်နက် အဆိုပါ မတရားမှုများသည် တစ်စထက်တစ်စ လူသိရှင်ကြား ဖြစ်ကာ ပြည်သူများကို မျက်စိပွင့် စေခဲ့သည်။ သို့သော် ယခုအခါ၌ ပုံနှိပ်မီဒီယာများအပေါ် ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်း အားထုတ်မှုများကို တစ်ဖန် ပြန်လည် မြင်တွေ့ လာရသည်။

မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးခြင်းကြောင့် ပါတီစုံ ရွေးကောက်ပွဲများ ရှိသော်လည်း ဒီမိုကရေစီ အနှစ်သာရကို မခံစားရသော နိုင်ငံများ ကမ္ဘာပေါ်၌ ရှိနေဆဲပင်။ ပြီးခဲ့သည့်ဇူလိုင် ၃၁ ရက်တွင် ကျင်းပခဲ့သော ဇင်ဘာဘွေနိုင်ငံ၏ ရွေးကောက်ပွဲက နမူနာကောင်း ဖြစ်သည်။ ရွေးကောက်ပွဲ အကြို ကာလတွင် အစိုးရက ထိန်းချုပ် ထားသောနိုင်ငံပိုင် ရုပ်သံမီဒီယာများက လက်ရှိ အာဏာရ သမ္မတ ရောဘတ်မူဂါဘီ၏ စည်းရုံးရေး လှုပ်ရှားမှုများကို တိုက်ရိုက် ထုတ်လွှင့်ကာ အသားပေး ဖော်ပြခဲ့သည်။ ပြိုင်ဘက် အတိုက်အခံတို့ကမူ ယင်းအခွင့်အရေးကို မရရှိခဲ့ကြပေ။ အစိုးရနှင့် နီးစပ်သူများသာ လုပ်ပိုင်ခွင့် ရရှိသော ပုဂ္ဂလိက ရုပ်သံမီဒီယာများတွင်လည်း သမ္မတ မူဂါဘီအပေါ် အမွှမ်းတင်ပြီး အတိုက်အခံ တို့ကို အပုပ်ချထားသော အရုပ်အသံများကိုသာ ပြည်သူတို့ မြင်တွေ့ကြားသိ နေရ သည်။ (မြန်မာနိုင်ငံ၌လည်း ပုဂ္ဂလိက ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်ကို ကုမ္ပဏီ နှစ်ခုတည်းသာ ရရှိ ထားသည်။) အမှီအခိုကင်းသော ပုံနှိပ်မီဒီယာများ ရှိသော်လည်း ဇင်ဘာဘွေ၌ သတင်းစာ ၀ယ်ဖတ် နိုင်သူဦးရေမှာ အင်မတန် နည်းပါးလှပြီး ရုပ်သံ မီဒီယာများလောက် ထိရောက်မှုမရှိခဲ့ပေ။ (မြန်မာနိုင်ငံ ၌လည်း ပုဂ္ဂလိက သတင်းစာများ၏ စောင်ရေ စုစုပေါင်းသည် လူဦးရေ၏ ၁ ရာခိုင်နှုန်းမျှပင် မရှိသေး ပေ။)

ယင်းအနေအထားဖြင့်ပင် အငြင်းပွားဖွယ် ဖြစ်ခဲ့သော ဇင်ဘာဘွေ ရွေးကောက်ပွဲ၌ လက်ရှိအာဏာရ သမ္မတနှင့် ၎င်း၏ အပေါင်းအပါများပင် အနိုင်ရကြောင်း ကြေညာကာ အာဏာဆက်လက် ကိုင်စွဲခွင့် ရရှိ သွားသည်။ မဲပေးခွင့်ရှိသူ စာရင်း၌ သေဆုံးသွားပြီဖြစ်သော လူများပါဝင်ခြင်း၊ လူတစ်ဦးတည်းက မဲအကြိမ်ကြိမ် ပေးနိုင်ရန် မဲပွားခြင်း၊ ကြိုတင်မဲများ လိုအပ်သည်ထက် ပိုနေခြင်း၊ အာဏာရသမ္မတနှင့် ပါတီကိုသာ မဲပေးရန် ခြိမ်းခြောက်ခြင်း၊ မဲစလစ်အတုများ ဖြန့်ဝေခြင်း၊ မဲစာရွက်များ အလွန်အကျွံ ရိုက်နှိပ်ခြင်း၊ ငွေနှင့် စားစရာများပေး၍ လူစုဆောင်းပြီး ဘတ်စ်ကားဖြင့် မဲရုံများသို့ လှည့်လည် မဲထည့်ခြင်း စသော မသမာမှုများဖြင့် စွပ်စွဲဝေဖန် ခံရသော ဇင်ဘာဘွေ ရွေးကောက်ပွဲက မြန်မာပြည်သူ တို့အတွက် သင်ခန်းစာပင် ဖြစ်နိုင်သည်။

ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ပြည်သူများ၏ အခွင့်အရေး မဆုံးရှုံးစေရအောင် မတရားမှုများကို စောင့်ကြည့် ဖော်ထုတ်ပေးမည့် လွတ်လပ်သော မီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်လာမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများမှာ အတန်အသင့် လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့် ရရှိနေသော်လည်း လူထုအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်နိုင်သော ရုပ်သံမီဒီယာ လုပ်ပိုင်ခွင့်ကိုမူ မရရှိကြသေးပေ။ ပုံနှိပ် မီဒီယာနှင့် သက်ဆိုင်သော ဥပဒေများကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည့် အစိုးရနှင့် လွှတ်တော်ကလည်း ပုဂ္ဂလိက ရုပ်သံမီဒီယာ လုပ်ပိုင်ခွင့် တန်းတူညီမျှ ရရှိစေမည့် ရုပ်သံဥပဒေမျိုးကို လေသံပင် မဟသေးပေ။ ထို့ကြောင့် မြန်မာ မီဒီယာလောက၌ ပုံနှိပ်မီဒီယာသာ အတန်ငယ် လွတ်လပ်ဟန် ရှိသော်လည်း ရုပ်သံမီဒီယာ လုံးဝ လွတ်လပ်ခွင့် မရှိသေးဟုပင် ဆိုနိုင်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို လည်းကောင်း မီဒီယာလွတ်လပ်ခွင့် မရှိဘဲ ကျင်းပခဲ့ပြီး ယခင်စစ်အစိုးရ လက်ထက်မှ လူဟောင်းများသာ အာဏာ ဆက်လက် စွဲကိုင်ခွင့် ရရှိခဲ့သည်။ ပုဂ္ဂလိက ပုံနှိပ်မီဒီယာ များ ယခင်ကထက် အတန်ငယ် ရေးသားဖော်ပြခွင့် ရရှိလာခဲ့သော ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ မူ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သည်ဆိုသော စစ်အစိုးရက မွေးထုတ်ပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားတော့သည်။ ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံသားတို့၏ အခွင့်အရေး တတ်နိုင်သမျှ မဆုံးရှုံးစေရန် မီဒီယာ လွတ်လပ်ခွင့်က အရေးကြီး နေပေသည်။ လက်ရှိ အခြေခံဥပဒေအရ မြန်မာနိုင်ငံသားများမှာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကိုသာ မိမိဆန္ဒအလျောက် ရွေးချယ်ခွင့်ရရှိသည်။ ၇၅ ရာခိုင်နှုန်းသာ ရှိသော အခွင့်အရေးကို ရွေးကောက်ပွဲ မသမာမှုများကြောင့် ထပ်မံ အဆုံးရှုံးခံ၍ မဖြစ်တော့ပေ။ သို့အတွက် ယခုကတည်းကပင် နိုင်ငံသားတို့၏ ရှိစုမဲ့စု အခွင့်အရေး မဆုံးရှုံးစေရေးအတွက် မီဒီယာ လွတ်လပ်ခွင့် ကျယ်ပြန့်စွာ ရရှိရေးနှင့် မီဒီယာအပေါ် ထိန်းချုပ်မှုများအား ဖယ်ရှားရေးတို့ကို ၀ိုင်းဝန်း ဆောင်ရွက်သွားရန် တိုက်တွန်း လိုက်ရပါသည်။

မြန်မာသံတော်ဆင့် အယ်ဒီတာ့အာဘော်

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့ မွန်းလွဲ ၁၂ နာရီ က ကျင်းပသည့်ဗိုလ်ချုပ်အောင်ဆန်း၏ ပါဋိဘာသာလက်ရေးမုစာအုပ်အား အမျိုးသားလွှတ်တော်ဥက္ကဌဥိးခင်အောင်မြင့်မှ ရေနံချောင်းမြို့မိ၊မြို့ဖများနှင့်အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ပါဝင်သော အဖွဲ့အား အမျိုးသားလွှိတ်ာတော်ဧည့်ခန်းမဆောင်တွင် လွဲပြောင်းပေးအပ်ခဲ့သည်။

ယင်းအခမ်းအားသို့ အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးမြငြိမ်းနှင့် အမျိုးသားလွှတ်တော်ကော်မတီ တာဝန်ရှိ ၁၅ ဦးတက်ရောက်ခဲ့သည်။

ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖေဖေ့လက်ရေးမူစာအုပ်နဲ့ပါတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ရှင်းပြခဲ့တဲ့ သဘေားထားများကို သိရှိရတဲ့အတွက် ကွဲလွဲချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက တစ်ဖက်နှင့်တဖက်အမြင်မဆောင်းဘဲငြိမ်းချမ်းစွာဖြေရှင်းပြီး ကွဲလွဲချက်များကို ဆွေးနွေးတာတွေ့ရတဲ့အတွက် ၀မ်းမြောက်မိပါတယ် ..နောက်တခုက ဒီစာအုပ်နဲ့ပတ်သက်ပြီး သမိုင်းအထောက်အထားပြုနိုင်ရန် လေ့လာမှုများ သိပံ္ပနည်းကျစမ်းသက်သုတေသနပြုလုပ်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် လေ့လာရန် လိုအပ်နေတာကိုတွေ့ရတယ်၊ ကျောင်းအုပ်ဆရာမကြီးရဲ့တင်ပြချက်ကို အခြေခံပြီးဦးခင်အောင့်မြင့်ရှင်းပြတာက လဲ သူကိုယ် ယဉ်ကျေးမှုဝန်ကြီး ဌာနမှာ ၅ နှစ် တာဝန်ထမ်းဆောင် ခဲ့တဲ့အတွက် သမိုင်းဝင်ပစ္စည်း ပျက်စီးဆုံးရုံးသွားမှာကို ထိန်းသိန်းစောင့်ရှောက်ဘို့ ဥက္ကဌ ကြီးရဲ့အင်္ကြပြုချက်များဟာကောင်းမွန်တယ်ဟုမိမိယူဆပါတယ်ဟု ပြောကြားခဲ့သည်။

National League for Democracy

အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။

HRမန်နေဂျာက အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါတယ်။ ပြီးတော့ HR မန်နေဂျာက

"ရှင့် အီးမေးလ်ပေးပါ။ အဲ့ အီးမေးလ်ဆီကို ဖြည့်ဖို့လိုအပ်တဲ့ ဖောင်တွေ ပို့လိုပါမယ်။ အဲ့မှာဖြည့်ပြီး ပြန်ပို့ပေးပါ" လို့ ဆိုပါတယ်။

ဒီတော့ လူငယ်က

"ကျနော့မှာ ကွန်ပြူတာလည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး" လို့ဖြေတော့ HR က ဒီလိုပြန်ဖြေပါတယ်။

"ဝမ်းနည်းပါတယ်။ ဒီခေတ်မှာ လူတစ်ယောက်ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ အခု ရှင့်မှာ မရှိသေးဘူးဆိုတော့ အလုပ်ခန့်ဖို့ မဖြစ်နိုင်သေးပါဘူး။ နောက်တော့မှပဲ လာခဲ့ပါ" လို့ လွယ်လွယ် ပဲ ပြောင်းပြီး ပြန်လွတ်လိုက်ပါတယ် ။

ဒီတော့ လူငယ်လေး စိတ်ဓာတ်ကျကျနဲ့ အိမ်လှည့်ပြန်လာပါတယ်။ လက်ထဲမှာ ၁၀ ဒေါ်လာပဲ ရှိပါတယ်။ ဒီတော့ စူပါမားကတ်မှာ ခရမ်းချဉ်သီး ၁၀ ဒေါ်လာဖိုး ၁၀ ကီလိုဂရမ် ဝယ်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်လို့ လိုက်ရောင်း ကြည့်ပါတယ်။ ၂ နာရီတောင် မကြာပဲ သူ့ငွေဟာ ၂ ဆဖြစ်သွားပါတယ်။ ဒါကြောင့် မားကတ်မှာ နောက် ၂ ခါဝယ်ပြီး လိုက်ရောင်းတော့ အိမ်ကို ဒေါ်လာ ၆၀ နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယခုလို ဈေးသုံးလို့အဆင်မပြေတဲ့၊ ဈေးသုံးခဲတဲ့ ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် စားသောက်ကုန်တွေ လိုက်ရောင်းရင် အမြတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး မနက်တိုင်း အိမ်ကနေ စောစောထွက်လို့ စားသောက်ကုန်တွေ လိုက်ရောင်းပါတယ်။

ဝယ်ရင်းရောင်းရင်း၊ဝယ်ရင်းရောင်းရင်း ငွေတွေတိုးလာလို့ ကားနဲ့ လိုက်ရောင်းတဲ့ထိ ဖြစ်လာပါတယ်။ နောက်ဆုံး တစ်ယောက်တည်းမနိုင်လို့ အကူတွေပါခေါ်ရင်း တပည့်တွေရှိလာပါတယ်။ ဒီလိုနဲ့ ရပ်ကွက်တိုင်းအတွက် ဖြန့်ဖို့အတွက် ဝန်ထမ်းတွေ ခန့်ပြီး လုပ်လိုက်တာ ငါးနှစ်အကြာမှာ အမေရိကန်နိုင်ငံက အကြီးဆုံး စားသောက်ကုန် လက်လီအရောင်း ကုမ္မဏီကြီး တစ်ခု ဖြစ်လာပါတယ်။ အမေရိကန်တင်မကတော့ပဲ အမေရိကတိုက်၊ ဥရောပတိုက်တွေထိကိုပါ Retail Service ကို နယ်ပယ်ချဲ့ ထွင်တော့မှာ ဖြစ်ပါတယ်။

ဒီတော့ ငွေကြေးအင်မတန်ချမ်းသာနေပြီဖြစ်တဲ့ သူမိသားစုအတွက် အာမခံ တစ်ခုရှိဖို့လိုအပ်တယ်ဆိုတာ တွက်ချက်မိတော့ အာမခံ ကုမ္မဏီတစ်ခုကို ခေါ်ပါတယ်။ အာမခံထားရှိဖို့ စကားဆိုပြီး အာမခံ ကုမ္မဏီက သူ့အီးမေးလ်ကို တောင်းတဲ့အခါ

"ကျနော့မှာ အီးမေးလ်မရှိဘူး" လို့ပဲ ပွင့်ပွင့်လင်းလင်းဖြေပါတယ်။ ဒီတော့ ဝန်ထမ်း လူငယ်က အံ့သြစွာပဲ

"ဆရာ့မှာ အီးမေးလ်မရှိပဲနဲ့ စီးပွားရေးတွေလုပ်တာ ဒီလောက်တောင် အောင်မြင်တယ်။ အီးမေးလ်သာရှိလို့ကတော့ ဘယ်လောက်တောင် အောင်မြင်လိမ့်မလဲ" လို့ပြောတော့ သူဌေးက ခပ်ပြုံးပြုံးပဲ ပြန်ဖြေပါတယ်။

"ကျနော့မှာသာ အီးမေးလ်ရှိခဲ့ရင် Microsoft မှာ တစ်သက်လုံး သန့်ရှင်းရေး ဝန်ထမ်းဖြစ်သွားမှာပါ"
------
------
သင်ခန်းစာ---

အင်တာနက်၊ အီးမေးလ် တို့ကဲ့သို့ အထောက်အပံ့များက ဘဝအောင်မြင်ရေးအတွက် အဖြေမဟုတ်ပါ။ ကြိုးစားချင်သည့် စိတ်ဓာတ်ကသာ အောင်မြင်ရန် အခြေခံ အုတ်မြစ်ဖြစ်သည်။
Ref:techfreak
Credit : The Webshop

ပြည်ထောင်စုလွှတ်တော်တွင် စစ်တပ်ကမြေသိမ်းသဖြင့် ပြည်သူများ နစ်နာနေရကြောင်း ရခိုင်တိုင်းရင်းသား အမတ် တစ်ဦးက သြဂုတ် ၁၅ ရက်က ဆွေးနွေးနေစဉ် စစ်သားအမတ်တစ်ဦးက ထကန့်ကွက်လိုက်သဖြင့် စစ်တပ်နှင့် ပတ်သက်၍ ထပ်မပြောရန် လွှတ်တော်နာယက ဦးရွှေမန်းက တားမြစ်လိုက်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဘရှိန်က ၎င်းတို့ပြည်နယ်ရှိ သံတွဲမြို့နယ် ဆီးဖြူကုန်း ရွာတွင် လယ် ၃၅ဧကကျော်ကို ခလရ-၅၅ တပ်ရင်းက သိမ်းဆည်းခဲ့ကာ ပိုင်ရှင်များကိုလျော်ကြေး တစ်ဧက တစ်သိန်းသာပေးပြီး စစ်တပ်ကမူ တစ်ဧကသိန်း ၆၀ မှ ၇၀ အထိယူကာ ပြန်ငှားထားသောကြောင့် မူလပိုင်ရှင်များ နစ်နာနေရသည်ဟု ဆွေးနွေးနေစဉ် တားမြစ်ခံရခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၁၃ ရက်က တင်ပြထားသော လယ်မြေနှင့်အခြားမြေများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၃နှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမတ်၂၅ ဦးက စာရင်းပေးထားသည်။

ယင်းသို့ စာရင်းပေးထားသည့် အမတ်များအနက် တစ်ဦးဖြစ်သည့်ဦးဘရှိန်က ဆွေးနွေးသည်ကို ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်သားအမတ်တစ်ဦးက ယခုဆွေးနွေးနေသည့် မြေသိမ်းအစီရင်ခံစာမှာ တပ်နှင့် မသက်ဆိုင်ဘဲ စိုက်ပျိုးမွေးမြူရေးအတွက် သိမ်းသည့်မြေနှင့် အစိုးရစီမံကိန်းများအတွက် သိမ်းသည့်မြေများကိစ္စ သာဖြစ်သဖြင့် စစ်တပ်ကို ဝေဖန်နေမည်ဆိုပါက ပြည်သူများ အထင်လွဲနိုင်သဖြင့် ရပ်တန့်ပေးရန် ကန့် ကွက်ကြောင်း လွှတ်တော်တွင် ပြောသည်။

ကန့်ကွက်သည့် စစ်သားအမတ်၏ အမည်မှာမူ ၎င်းကိုယ်တိုင် လွှတ်တော်တွင် ထ၍ကန့်ကွက်စဉ် ပြောဆိုခဲ့ခြင်း မရှိသလို ကန့်ကွက်ခံရသည့် အမတ်ဦးဘရှိန်ကို မဇ္ဈိမကမေးမြန်းရာတွင်လည်း သူမသိကြောင်း ပြောသည်။

စစ်သားအမတ်၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ဦးဘရှိန်က “ကလေးစကားနဲ့ ပြောရရင် အနာပေါ် တုတ်ကျတဲ့ သဘောပေါ့” ဟု မှတ်ချက်ပြုသည်။

ဦးရွှေမန်းက ကျောက်ဖြူအမတ် ဦးဘရှိန်ကို စစ်တပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုကို ရပ်တန့်ရန် ပြောဆိုခဲ့သလို “တစ်ဖက်ကလည်း တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးဆိုသလိုပဲ ဟိုတစ်ချိန် ဟိုတစ်ခါက တာဝန်ခံဆောင်ရွက်ခဲ့တဲ့ ပုဂ်္ဂိုလ်များ မနစ်နာစေရေးအတွက်လည်း ကြည့်ရမှာဖြစ်ပါတယ်။ ဟိုတစ်ချိန် ဟိုတစ်ခါမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များဟာလည်း ဟိုတစ်ချိန် ဟိုတစ်ခါမှာရှိခဲ့တဲ့ အမိန့်တွေ ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားခဲ့သေးသည်။

ထို့ပြင် ဦးရွှေမန်းက ၎င်းသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် ယခင် စစ်အစိုးရလက်ထက်က အဖြစ်အပျက်များကို ၇၅ ရာခိုင်နှုန်းအထိပင် သိရှိကြောင်းလည်း ဆက်ပြောခဲ့ကာ “ဟိုတစ်ချိန် ဟိုတစ်ခါ တုန်းက လူကြီးခေါင်းဆောင်ရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ ဒါတွေကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန် အဲဒီအခါက အကောင်အထည်ဖော်ခဲ့တဲ့ လူတွေရဲ့ စေတနာကိုလည်း အတော်အတန် ကျွန် တော်သိခဲ့တယ်။ အဲဒီနေရာမှာ လွဲတာတွေ၊ လိုတာတွေ မှားတာတွေ ရှိနိုင်ခဲ့ပါတယ်”ဟုလည်း သူက ဆက်ပြောခဲ့သည်။

ယခုအချိန်တွင် ထိုကိစ္စများကို အပြစ်တင်နေမည့်အစား ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုသာ ကြံဆ သင့်သည်ဟု ဦးရွှေမန်းက အမတ်များကို ပြောကြားခဲ့သည်။ ထို့အတူ မြေသိမ်းသူများသည် အချိန်မီ ပြန်ပေးပါက ယခုလို ဝေဖန်မှုများ ရှိလာမည်မဟုတ်ကြောင်းလည်း ထောက်ပြခဲ့သေးသည်။

မြေပုံမဲဆန္ဒနယ်မှ အမတ်ဦးဖေသန်းကမူ ယင်းကဲ့သို့ လွှတ်တော်တွင် စစ်တပ်နှင့် ပတ်သက်၍ ဆွေးနွေးမှုကို စစ်သားအမတ်က ကန့်ကွက်ခြင်းသည် “သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိတယ်ဆိုပြီး မခံနိုင်ဖြစ်တာပေါ့။ မိဘတွေ လုပ်ခဲ့တဲ့ ကောင်းမွေ၊ ဆိုးမွေကို သားသမီးတွေက ခံရမှာပဲလေ”ဟု ဝေဖန် ပြောဆိုသည်။

စစ်သားအမတ်တစ်ဦးက စစ်တပ်က မြေသိမ်းသည့်ကိစ္စကို အရပ်သားအမတ်က ပြောဆိုစဉ် ယခုလို ကန့်ကွက်သော်လည်း ပြီးခဲ့သည့် ဇူလိုင်အတွင်းက ပြည်ထောင်စု လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို တစ်ပိုဒ်ချင်းစီ အတည်ပြုနေစဉ် လွှတ်တော်နာယကက ဥပဒေကို သဘောတူ/မတူမေးသည်ကို စစ်သား အမတ်များက ပြန်မဖြေကြသောကြောင့် လွှတ်တော်ပြင်ပသို့ ထွက်ခွာရန်ပင် အမိန့်ချနိုင်ကြောင်း ထိုစဉ်က နာယက ဦးခင်အောင်မြင့်က သတိပေးခဲ့ရဖူးသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်တပ်က သိမ်းဆည်းထားသည့် မြေပမာဏမှာ ဧက ၂၉၇,၀၀၀ ကျော်ရှိ သည်ဟု ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားခဲ့သည်။

သို့သော် ထိုသို့ သိမ်းဆည်းထားသည့် မြေများအနက်မှ ၁၆ ပုံတစ်ပုံဖြစ်သည့် ဧက ၁၈,၃၀၀ ကျော်ကိုသာ ပြည်သူ့ ထံ ပြန်ပေးနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

မင်းမင်း
Mizzima - News in Burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.