08/17/13

ရီနေနိုင်

အရင်အပတ်က ကျင်းပခဲ့တဲ့ ၁၉၈၈ အရေးတော်ပုံ ငွေရတုအခမ်းအနားကို သုံးရက်ကျင်းပရာမှာ သုံးရက်စလုံးပဲ ကျွန်တော် ကြိုးစားသွားခဲ့ပါတယ်။ ဖိတ်တာမို့ရော စိတ်ပါလို့ကော သွားခဲ့တာဖြစ်ပေမယ့် ကိုယ့်မှာလည်း တာဝန်တစ်ဖက်နဲ့ အချိန်လုနေရသူမို့ တစ်ရက်တစ်ရက် သိပ်ကြာကြာမနေနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မတွေ့ရတာကြာနေတဲ့ အပေါင်းအသင်း ရောင်းရင်း လုပ်ဖော်ကိုင်ဖက်များနဲ့ ပြန် တွေ့ရတာကတော့ တကယ်မင်္ဂလာပါပဲ။ မန္တလေးနဲ့ နယ်က ရဲဘော်များလည်း ဆင်းလာတာမို့ ပျော်ပျော်ပါးပါး ပြန်ဆုံခွင့်ရပါတယ်။ ဒါပေမဲ့ ကွင်းကြီးကကျယ်၊ အစီအစဉ်တွေကများမို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ကမလွယ်လှဘူး။ ဒီတော့လည်း တစ်ခု တည်းသော ဖုန်းဝန်ဆောင်မှုကြီးဖြစ်တဲ့ အမ်ပီတီဖုန်းပဲ အားကိုး ဆက်သွယ်ကြရတာပေါ့။ ထုံးစံအတိုင်း ၀င်းကြီးတစ်ခုတည်း ကပ်လွဲနေသူများ ပြန်တွေ့နိုင်ရေးအတွက် ကြိုးစားပမ်းစား ဆက်ကြရရာမှာ “တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ မအားသေးပါသဖြင့်”တို့၊ “လူကြီးမင်း ဆက်သွယ်သောဖုန်းနှင့် အဆက်အသွယ်ရရှိနိုင်ရန် ခေတ္တကိုင်ထားပါ”တို့၊ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့်” တို့ချည်း ကြားနေရပြီး ဖုန်းဆက်တဲ့သူချင်း ၀င်တိုက်မိတော့မှ “ဟာ၊ ခင်ဗျားကို ဆက်နေတာကြာလှပြီ၊ မအားသေးဘူးချည်းပြောနေတာ၊ ဘယ်များ ဒီလောက်ဆက်နေရတာလဲ”ဆိုတော့ “ဘယ်ဆက်ရမှာလဲ၊ ခင်ဗျားကိုခေါ်နေတာပဲ”ဆိုပြန်တော့ “အေးလေ၊ ဖြစ်နေကျဟာပဲ”ဆိုပြီး အထူးအဆန်း လုပ် ဆက်ပြောမနေတော့ပဲ ကိုယ်ဖါသာပဲ ဖက်လှဲတကင်း ၀မ်းသာခြင်း အပြန်အလှန် ပြုကြရတာပေါ့။

အင်းနော်။ ကြားစကားမယုံရဘူးဆိုတာ တယ်မှန်တာပဲ။ ကိုယ်ကလည်းသူ့ခေါ်၊ သူ့ကလည်းကိုယ့်ခေါ်ကိုများ ကြားက ဖုန်း ဆိုတဲ့အကောင်က “မအားသေးပါသဖြင့်”လုပ်နေတာများ။ ကိုရီးယားကားထဲမှာ မင်းသားနဲ့ မင်းသမီး ကြံဖန်ပြီး လွဲပုံလွဲနည်း အမျိုးမျိုးမြင်ရပေမယ့် အဲဒီလို ဖုန်းအပြန်အလှန်ဆက်ပြီး ခေါ်မရတဲ့လွဲပုံမျိုးဖြင့် မကြားဖူး မမြင်ဖူးသေးပေါင်ဗျာ။ (ဒါမျိုးက ကိုရီးယားထက် ပိုပြီး ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီးမျိုးမှာမှ ရှိတယ်ထင်ပါ့)။ ဒီပွဲမှာ အဲဒီလို ကိုယ်လူအချင်းချင်းတွေ မနည်းတွေ့အောင်ရှာတွေ့ရတာမျိုးတွေ ကြုံရတော့ စိတ်ထဲမှာ တစ်ခုသွားသတိရမိတယ်။ အရင်ကများဆို ပွဲတစ်ခုခုရှိရင် လူကလည်း တအားမများတဲ့အပြင် တစ်ပွဲတစ်ပွဲမှာ တွေ့လိုက်ရရင် ဒီမျက်နှာတွေချည်းပဲဆိုတော့ ပွဲထဲ မှာ တစ်ယောက်နဲ့တစ်ယောက် မနည်းရှာရတယ်ဆိုတာ ဘယ်မှာရှိဖူးလို့တုန်း။ ပြီးတော့ကျ ဘယ်နေ့ကျ ဘယ်မှာ ဘယ်သူ့အထိန်းအမှတ်ပွဲ ရှိတယ်နော်၊ လာဖို့မမေ့နဲ့ဦးဆို မဖြစ်ဖြစ်အောင်သွားရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေချည်း သွားနေကျဆိုတော့ တစ်ယောက်မလာ၊ တစ်ယောက်မလာနဲ့ လူနည်းသွားရင် အဲဒီပွဲမျိုးလာမိသူတွေမှာ အကြီးအကျယ် ဘေးသင့်သွားနိုင်တာမို့ပါ။ အဲဒီပွဲတွေသွားရင် လှတပတ မဟုတ်တောင် ကြည့်ပျော်ရှုပျော် ၀တ်စားဆင်ယင်သွားဖို့လည်း လိုလိမ့်မယ်။ အဲဒီမှာ ကိုယ့်ကိုစောင့်ပြီး ဓာတ်ပုံ ရိုက်မယ့် ဓာတ်ပုံဆရာတွေက တန်းစီစောင့်နေတတ်တယ်လေ။ အဲဒီဓာတ်ပုံတွေကလည်း နောင်တချိန်ချိန်မှာ ““ကဲ၊ ခင်ဗျားတို့ အဲဒီပွဲမှာ တက်တက်ကြွကြွနဲ့ အားပေး အားမြှောက်လုပ်ခဲ့တာလေ၊ ဒီမှာဓာတ်ပုံတွေတွေ့လား””ဆိုတာမျိုး ဒေါင်းတည်မောင်းတည်အပြောခံရဖို့ ဖြစ်လာတတ်ပါသေးတယ်။ အခုတော့ မမြင်ဖူးတဲ့မျက်နှာတွေ ရှုပ်ယှက်ခတ်တဲ့ကြား မြင်နေကျမျက်နှာတွေကို လိုက်ရှာရရာမှာ အနယ်နယ်အရပ်ရပ်က ကိုယ့်လူတွေက စုံ လွန်းတာကြောင့် တွေ့ဖို့မလွယ်ဘူးပေါ့။ ဒီတော့ အချင်းချင်း ဘယ်သူ့ကိုတွေ့မိလားလို့စုံစမ်းရ၊ ဘယ်နားမှာမြင်လိုက်တယ်ဆိုလို့ နောက်ယောင်ခံ လိုက်ရနဲ့ ကိုယ့်ကို ထောက်လှမ်းမယ့်သူမရှိပြန်တော့ ကိုယ့်အချင်းချင်းပဲ ထောက်လှမ်းရေးပြန်လုပ်ရတာ တကယ်ကို အမောတကောပါပဲ။

ဒီလို မြင်နေကျမဟုတ်တဲ့ မျက်နှာထဲမှာ ကျွန်တော်ပထမအကြိမ် တောရဆောက်တည်ရာက ပြန်ရောက်တဲ့အချိန်က နှစ်သိမ့်အားပေး ခြင်းမပြုတဲ့အပြင် ““ခင်ဗျားတို့က နိုင်ငံရေးနဲ့အနုပညာ၊ ဘယ်ဟာကမြင့်မှန်းမသိပဲ ဆင်းလုပ်တော့ ခံရတာပေါ့၊ တကယ်တော့ အနုပညာသမား ဟာ နိုင်ငံရေးထဲ ဆင်းလုပ်စရာမလိုပါဘူး”” ဆိုတဲ့ စာပေနယ်က အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ရဲရဲတောက် ကဗျာတွေဘာတွေရေးပြီး အဲဒီအခမ်းအနားမှာ တက်တက်ကြွကြွ ပါဝင်တာလည်း မြင်ရပါတယ်။ အေးလေ၊ ကဗျာရေးတယ်ဆိုတာကလည်း အနုပညာ၊ လက်သီး လက်မောင်းတန်းတာက လည်း “ပါဖောမန့်န်အနုပညာ”ဖြစ်မှာပေါ့။ နိုင်ငံရေးမှ မဟုတ်တာပဲနော်။ ဘာပဲဖြစ်ဖြစ် အခုလို ပြောင်းလဲလာတာမျိုးကို ကျွန်တော်တို့က ၀မ်းသာအယ်လဲ ကြိုဆိုရမှာပါ။ တစ်သက်လုံး ကြေးတုံးကြီးဖြစ်ခဲ့ရာကနေ အခုမှကိုယ့်ဖါသာ ရွှေရည်စိမ်တာဖြစ်ဖြစ် ရွှေပြားကပ်တာဖြစ်ဖြစ် ရွှေဖြစ်ချင်စိတ်ဖြစ်ရင်ပဲ ၀မ်းသာရမှာလေ။ တချို့ကလည်း ရွှေတွေထဲအတင်းရောပြီး မိုးကြိုးလောက်ဖြစ်လာတဲ့အခါ“ကျုပ် တို့ ရွှေများဟာဆိုရင်”လို့ လေသံမာမာနဲ့ ပြောချင်ဆိုချင်တာမျိုးကလည်း ဘာပဲဖြစ်ဖြစ် သြော်၊ တန်ဖိုးထားရမှန်း သိရှာလာပြီပဲလို့ အသိအမှတ် ပြုရနိုင်ပါသေးတယ်။ ခက်တာက အရင်ကလည်း ကြေးတုံးကြီး၊ အခုလည်း ကြေးညှိတွေ တက်နေရာကနေ “ရွှေဆိုတာကတော့
ကျွန်တော်တို့ထက် အဖိုးတန်ပါတယ်ဗျာ”လို့ ၀န်မခံနိုင်သေးပဲ ““ကြေးကမှ မာတာဟေ့၊ ရွှေဆိုတာက ငပျော့၊ လူကိုလည်း အကျိုးမပြုဘူး၊ အလှကြည့်ဖို့ပဲ တန်ဆာဆင်ဖို့ပဲ ကောင်းတာ””စသဖြင့် ဇွတ်ကြီးအပုတ်ချနေသူတွေ ရှိနေသေးတာက ပိုစိတ်ပျက်စရာ ကောင်းနေပါတယ်။ အဲဒီအထဲမှာ အခုလို ၈၈ အရေးအခင်းကြီးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့် ရလာတဲ့အချိန်မှာ အဲဒီကာလက အာဏာရှင်စနစ်ဆိုးရဲ့ ညစ်ပတ်မှု ကောက်ကျစ်မှုတွေဟာလည်း အတုံးလိုက်အတစ်လိုက် လူမြင်သူမြင်ဖြစ်လာပြီး နောင်မျိုးဆက်လူငယ် များကတောင် ““သြော်၊ အဲဒီလိုကြီးတောင်လား””လို့ အံ့သြနေကြခိုက်မှာ ဒါကိုပဲ အရင်“လေ”တစ်ပြားမှ မလျှော့ချင်ပဲ ဇွတ်ငြင်းချင်တဲ့ ပုဂ္ဂိုလ်ကြီးများ ရှိနေသေးတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ အားလုံးသိတဲ့အတိုင်း အဲဒီကာလမှာ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တောရောမြို့ရော သူဌေးရော ဆင်းရဲသားရော အရာရှိရော ၀န်ထမ်းရော လက်လုပ်လက်စားရော ငွေရှင်ကြေးရှင်ရော အားလုံးကို တစ်သံတည်းထွက်ကြအောင်ကို အာဏာရှင်စနစ်ကြီးက ဇလုတ်တိုက် ညှိပေးခဲ့နိုင်တာပါပဲ။

ညှိပေးခဲ့ပုံကိုလည်း ကြည့်ဦးလေ။ ၂၆နှစ်လုံးလုံး ဆင်းရဲတဲ့လူက ဆင်းရဲလို့၊ ချမ်းသာသူလည်း ချမ်းသာလို့ ကိုယ်စီဒုက္ခတွေ ကြုံခဲ့ကြတာ။ မြို့ကလူလည်း မြို့ကမို့ တောကလူလည်း တောကမို့။ ၀န်ထမ်းလည်း ၀န်ထမ်းမို့ အရာရှိလည်း အရာရှိမို့ ကုန်းရုံးခံခဲ့ကြရတာကိုး။ ဒါကို မခံနိုင်လို့ ဥပဒေဘောင်တွင်းက ဆန့်ကျင်ဆန္ဒပြ တဲ့အခါ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ နေရာမရွေး ဘုရားပေါ်တို့ ဆေးရုံကြီးတို့ပါမရှောင် ပစ်ခတ်နိုင်နင်းခဲ့ မဟုတ်လား။ ပြီးတော့ လူတွေကိုခြောက်ခြားအောင် ကြေးစားတွေနဲ့ မီးကွင်းတွေပစ်၊ ကလေးဆေးရုံကရေစင်ကို တောင် အဆိပ်ခတ်လို့ခတ်၊ မိတဲ့သူများလည်း စစ်မရမေးမရနဲ့ ဘယ်သူခိုင်းမှန်းဖော်ခိုင်းလို့မရ။ ဒီတော့ ရဲလည်းတိုင်လို့မရ၊ စစ်တပ်ကလည်း အရေးမယူ၊ လူထုက ပေါက်ကွဲပြီး ကိုယ့် ဖါသာ စီရင်လိုက်တော့ “ကဲ၊လုပ်ကြပါဦး၊ မင်းမဲ့စရိုက်တွေဖြစ်နေပြီ”လို့ ဆိုပြန်တယ်လေ။ ဒါတင်မက အားလုံးသိတဲ့အတိုင်း ဂိုဒေါင်တွေ၊စက်ရုံတွေ၊ ကျောင်းတွေရိုက်ချိုးဖွင့်ဖေါက်ပေးလိုက်ပြီး ပစ္စည်းတွေ ယူချင်သူယူ၊ တားမဲ့သူမရှိ ဖြစ်အောင်လုပ်ပြီးမှ “ကဲ၊ ဥပဒေမဲ့ဖြစ်ကုန်ပြီပဲ၊ မပစ်ရင် မခတ်ရင် မသတ်ရင် ဘယ်နှယ်လုပ်ရမှာတုန်း”ဆိုတာမျိုး လေသံနဲ့ သမိုင်းကိုရေးခဲ့တာလေ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာလူထုစိန်ဝင်းက “ကျွန်ုပ်တို့လူရိုင်းဘာကြောင့်ဖြစ်ရသလဲ”ဆိုပြီး အဲဒီကာလကတည်းက ရေးထားတဲ့ဆောင်းပါး အခုအချိန်မှာ ပြန်ဖတ်ကြရပြီမို့ ရှင်းနေပါတယ်။ ဆရာကပြောတယ်။ “တောတွင်းတိရစ္ဆာန်ဥပဒေဆိုတာ မကောင်းပါ။ သို့သော် တစ်ခါတရံ တိရစ္ဆာန်တို့နားလည်သော ဘာသာစကားမှာ ဤဘာသာစကားတစ်ခုတည်းသာ ဖြစ်သည်ဆိုပါလျှင်..”လို့ ရေးထား ပါတယ်။ “ဆရာရေ ၊ အခုတော့ သူတို့က လူစကားပြောတတ်ကုန်ပါပြီဆရာ။ လူစကားပြောတတ်လာပေမယ့်လည်း ““အခြေအနေက သိပ်ဆိုးနေလို့ တပ်မတော်က ထိန်းမှရတော့မယ်ဆိုပြီး အဖေကြီးက စီစဉ်ပေးတာ””ဆိုတာမျိုးကိုပါ လူစကားထင်ပြီး အခုအထိပြောထွက်နေတာ အံ့လောက်စရာတွေထဲက တစ်ခုပါပဲ။ ဒီလိုပြောပေမယ့် တခြားတစ်ဖက်ကလည်း ပြောပါသေးတယ်။ ““ကျွန်တော်တို့ထောက်လှမ်းရေးက သတင်းနဲ့အချက်အလက်ပဲ လုပ်တာ၊ သေနတ်တောင် မရှိဘူး””တဲ့။ ဟုတ်ကဲ့။ ဂျူးတွေသန်းချီသတ်တဲ့ ဟစ်တလာလည်း သေနတ်ကိုင်တာ တော့ မတွေ့ဖူးခင်ဗျ။

ဘာပဲဖြစ်ဖြစ် ၈၈ကဆင်သေကြီးကို အခုအထိ ဆိတ်သားရေ အဆွေးအမြေ့နဲ့ ဖုံးဖို့ကြိုးစားဆဲဆိုတာ စိတ်ပျက်စရာရော သနားစရာရော ကောင်းလှပါတယ်။ ရှေ့ပိုင်းလုံရုံ လန်ကွတ်တီအစုတ်ကလေးကို နောက်ဖက်လှည့်ဖုံး၊ ရှေ့ကပေါ်၊ ရှေ့ကိုလှည့်ဖုံး၊ နောက်ကမြင် ဖြစ်နေပုံများ။ ပြီးတော့ အဲဒီထောက်လှမ်းရေးအကြီးအကဲဟောင်းကြီးက ““လုပ်ခဲ့တာတွေ ဖွင့်ချရမယ်ဆိုရင် ကျွန်တော်လူကြီး အင်္ဂါရပ်နဲ့မညီဘူးဗျ””ဆိုတာမျိုးလည်း ပြောပါသေးတယ်။ ဆရာလူထုစိန်ဝင်းခင်ဗျား။ သူက လူတောင်ရိုးရိုးမဟုတ်ပါဘူး၊ “လူကြီး”ပါတဲ့ဆရာ။ ဖြစ်ခဲ့သမျှ လုပ်ခဲ့သမျှတွေ ဖွင့်ချမယ်ဆိုရင် လူကြီးအင်္ဂါနဲ့ ဘယ်ညီပါ့မလဲလို့ ပြောတာကိုကြားရတော့ ဟစ်တလာရဲ့ရောင်းရင်း နာဇီတွေထဲက အဲလ်ဘတ်စပီးယားကို သတိရမိပါတယ်။ သူက ဟစ်တလာရဲ့ အာခီတက်ဖြစ်တဲ့အပြင် နောက်ဆုံးနာဇီအစိုးရအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဟစ်တလာအခြေအနေမကောင်းတော့တဲ့အချိန်မှာ ထွက်ပြေးဖို့မစဉ်းစားပဲ ဒီအချိန်မှာ ဟစ်တလာနားမှာ ရပ်ရမယ်လို့တွေး တဲ့အထိ သစ္စာရှိခဲ့သူပါ။ ဟစ်တလာကို စစ်ရှုံးနေပြီလို့ ပြောခဲ့ရဲသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဟစ်တလာက စစ်ရှုံးကာနီး မြေလှန်စနစ်နဲ့ ဂျာမနီကို ဖျက်ဆီးမယ့်အမိန့်ကို လက်မခံပဲ အဲဒီအမိန့်ကို အကောင်အထည်ဖော်ခွင့်ရယူပြီး အမိန့်ကို မလိုက်နာအောင် ကျန်ဗိုလ်ချုပ်တွေကို စည်းရုံးပြီးတော့ စစ်ရှုံးဂျာမနီအတွက် နိုင်ငံအကောင်းပကတိကျန်အောင် ကြိုးစားခဲ့သူဖြစ်ပါတယ်။ ဒါကိုလည်း ဟစ်တလာဆီမှာ ၀န်ခံခဲ့ပြီး ဒီအမိန့်ကိုသွေဖီပေမယ့် ဟစ်တလာအပေါ်သစ္စာရှိသူပါလို့ ပြောခဲ့လို့ ဟစ်တလာကမျက်ရည်ကျတယ်လို့ အဆိုရှိတယ်။ ပြီးတော့လည်း နူရင်ဘတ်စစ်ခုံရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့ပြီး သူ့အမှားတွေနဲ့တာဝန်ရှိမှုတွေကို ဖုံးကွယ်တာမျိုးမလုပ်ခဲ့ဘူးလို့ သမိုင်းတွင်ပါတယ်။ ဂျူရီရှစ်ဦးအနက် နှစ်ဦးက သေဒဏ်ပေးပေမယ့် နောက်ဆုံးမှာ ထောင်နှစ်နှစ်ဆယ်ချဖို့ သဘောတူကြတယ်။ စီရင်ချက်မှာ စစ်ရှုံးကြောင်း ဟစ်တလာကို ပြောရဲသူနဲ့ မြေလှန်စနစ်ကို ဆန့်ကျင်ခဲ့သူအဖြစ် ဖော်ပြခဲ့ပါတယ်။ သူက စစ်ထဲတောင် မ၀င်တဲ့ ပိသုကာပညာရှင်ဆိုတော့ သေနတ်မကိုင်တာ သေချာသူပေါ့။ ဒါပေမဲ့ ထောင်နှစ်နှစ်ဆယ်ကို အပြည့်နေခဲ့ရပြီး ထောင်က လွတ်ပြီးတဲ့နောက် မီဒီယာအင်တာဗျူးမှာလည်း နာဇီခေတ်စစ်ရာဇ၀တ်မှုတွေမှာ သူတာဝန်ရှိကြောင်း ထပ်ဝန်ခံခဲ့ပါတယ်။ ပြီးတော့ စာအုပ် ၁၄အုပ်တောင်ရေးသွားခဲ့ရာမှာ အများစုက နာဇီအတွင်းရေးဖြစ်မှာ အထူးပြောစရာလိုမယ် မထင်ပါဘူး။ သမိုင်းဆရာအချို့က သူ့ကို နာဇီသူတော်ကောင်း လို့ အမွှန်းတင်ကြပါတယ်။ ကျွန်တော်တို့ကို ဖိနှိပ်ရက်စက်ခဲ့ရရှာသူကြီးများလည်း အားလုံးသူယုတ်မာ မဟုတ်နိုင်တာ ကျွန်တော်တို့ နားလည်ပြီးသားပါ။ အဲလ်ဘတ်စပီးယားလို သူတော်ကောင်းဖြစ်နိုင်သူများ၊ ဖြစ်လည်းဖြစ်ချင်သူများရှိခဲ့ရင် ““လူကြီးအင်္ဂါနဲ့မညီဘူးထင်လို့ပါခင်ဗျား””ရယ်လို့ကိုယ့် ဖါသာ မလှည့်ဖျားစေချင်ပါဘူး။ ၁၄အုပ်မဟုတ်ပဲ တစ်အုပ်တည်းဆိုရင်တောင် စာဖတ်သူများရော ထုတ်ဝေသူများကပါ ၀မ်းသာအားရကြိုဆို နေကြမှာပါ ။ ခေါင်းစဉ်တော့ ကျွန်တော်ရွေးပေးလိုက်ပါမယ်။ “ဆင်သေကြီးကို ဆိတ်သားရေနှင့်မြေမြုပ်ခြင်း”ဆိုရင် အတော်ရောင်းရမှာပါ ခင်ဗျား။ ။
ရီနေနိုင်

၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းရေး (သို့ တည်းမဟုတ်) ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ -ပြည်ထောင်စုလွှတ်တော်နာယကဗိုလ်(ဦး)ရွှေမန်း မနေ့ က နေပြည်တော်မှာသတင်းသမားတွေကို
 ပြောဆိုသွားတာတွေကို ဖတ်ရကြားရပြီးဒီအရေးတကြီး နိုင်ငံ့အခေါင်အချုပ်ပြဿနာ ဖြေရှင်းရေးမှာ ထွက်ပေါ်လာတဲ့ ဗိုလ်ရွှေမန်းရဲ့ အမြင်ကိုသူ့ ရဲ့ ပုဂ္ဂလရပ်တည်ချက်လို့ ဘဲသုံးသပ်ရပေမယ်။ ဗိုလ်ရွှေမန်းဟာ အာဏာရှင်စစ်အစိုးရရဲ့  ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့တာကို ဒီနေရာမှာ ထည့်ကိုတွက်ထားကြရမယ်။ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ (သူကိုယ်တိုင် ထဲထဲဝင်ဝင် ထောက်ခံခဲ့တဲ့) ၂၀၀၈ ဖွဲ့ စည်းပုံပေါ် ရပ်တည်ချက်ဟာအများဆန္ဒနဲ့  ကွဲလွဲမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ သူ့ ဘ၀ကိုထုဆစ်ပုံဖော် ကောင်းချီးပေးခဲ့တဲ့ စစ်တပ်အဖွဲ့ အစည်းကြီးကိုက ဒီဖွဲ့ စည်းပုံကို
(နိုင်ငံသူနိုင်ငံသားများ အကျိုးထက်) ဦးစားပေးကာကွယ်စောင့်ရှောက်ရမယ်လေသံပစ်ပစ်နေမှတော့ ဗိုလ်ရွှေမန်းကိုယ်တိုင်လည်း လေဆန်ရွက်တိုက်ဖို့ ရာဘယ်လိုမှ ဖြစ်နိုင်ချေမရှိဆိုတာ နားလည်ထားမိမယ်။

ပြီးခဲ့တဲ့ ရှစ်လေးလုံး (၂၅)နှစ်မြောက်အခမ်းအနားတွေ တစ်နိုင်ငံလုံးခြိမ့်ခြိမ့်သဲသဲ ကျင်းပပြီးစီးသွားတဲ့နောက်မှာ ရန်ကုန်နဲ့ မန္တလေးမြို့ တွေကပွဲအပြီး ထုတ်ပြန်ကြေညာချက်များမှာ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး(သို့ မဟုတ်)ဖွဲ့ စည်းပုံသစ် ရေးဆွဲရေးဆုံးဖြတ်ချက်တွေထွက်ပေါ်လာတဲ့အပြင်ဒီမိုကရေစီလိုလားတဲ့ လူထုလူတန်းစား အလွှာအသီးသီးရဲ့  ၂၀၀၈ အလုပ်မဖြစ်တဲ့အပေါ် ရှုမြင်တဲ့သဘောထားတွေဟာ အလွန် အားတက်စရာဖြစ်လာပါတယ်။ဒါဟာဒီမိုကရက်တစ် နိုင်ငံရေးသမားတွေမျက်စေ့ဖွင့်ပေးလို့ ၊လှုံ့ ဆော်နေလို့ ပေါက်ဖွားလာတဲ့ဆန္ဒတွေမဟုတ်ဘဲ ပြည်သူအများစုကြီးကိုက ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် နိစ္စဓူဝ ဖြတ်သန်းရင်ဆိုင်ကျော်လွှားနေရတဲ့ စားဝတ်နေရေး၊လွတ်လပ်စွာရှင်သန်ရပ်တည်ခွင့်ကိစ္စရပ်များမှာ ခက်ခဲကျပ်တည်း သည်ထက် ပိုမိုကျပ်တည်းလာတဲ့ မြေပြင်လက်တွေ့ မျက်တွေ့  အခြေအနေများကြောင့်သာဖြစ်တယ်ဆိုတာ တည့်မတ်မှန်ကန်စွာ မြင်ရပေမယ်။ ၂၀၀၈ ဖွဲ့ စည်းပုံကိုလိုလားနှစ်ခြိုက်ခြင်း လုံးလုံးမရှိတဲ့ ပြည်သူလူထုကြီးက တစ်ဘက်၊ ၂၀၀၈ဖွဲ့ စည်းပုံကို စတိသဘော (နိုင်ငံရေးရာ အညှာပိုင်းကို စစ်တပ်က လက်ဝါးကြီးအုပ်ဂုတ်ခွစီးထားတဲ့ ဥပဒေအပိုဒ်များအား လက်ရှောင်ပြီး) ကြည့်ကောင်း အသံထွက်ကောင်းအောင် ပြင်ဆင်ပေး လိုသူ စစ်အုပ်စုဘက်တော်သားတွေက တစ်ဘက်နဲ့ ရှေ့ ခရီးမှာ တွန်းတိုက်ပွန်းပဲ့မှုဖြစ်စဉ်တွေ မလွဲမသွေဖြစ်ပေါ်လာပါလိမ့်မယ်။

မနေ့ တစ်နေ့ ကဘဲ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာ ဖြစ်ပွားခဲ့တဲ့နော်အုန်းလှ ဦးဆောင်တဲ့ ၂၀၀၈ ဖျက်သိမ်းရေး ပြည်သူ့ သဘောထားဖော်ထုတ်မှုကို အာဏာပိုင်များဘက်က လူသားဖြစ်မှုအခွင့်အရေးကို ဆန့် ကျင်ချိုးနှိမ်ဖောက်ဖျက်ပြီး ကြမ်းကြမ်းတမ်းတမ်း တုန့် ပြန်ကိုင်တွယ်ခဲ့တာဟာစစ်အုပ်စုရဲ့  အာဏာရှင်ဗီဇ ချေချွတ်ကင်းပျောက်သွားခြင်း မရှိသေးဘူးဆိုတာ၊စစ်အုပ်စုသဘောနဲ့  ဆန့် ကျင်ကွဲလွဲဘက်အမြင်များကို ပြတ်ပြတ်သားသားချေမှုန်းနှိပ်ကွပ်ပစ်ရမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ် သရုပ်မှန်ကို ပေါ်လွင်ထင်ရှားစွာ သက်သေညွှန်းပြခဲ့ပါတယ်။

ဗိုလ်ရွှေမန်း ရည်ညွှန်းပြောဆိုတဲ့ “၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကိစ္စဟာပြည်သူလူထုဆန္ဒနဲ့ တင် မလုံလောက်သေးဘဲ နေပြည်တော် လွှတ်တော်အဆောက်အဦထဲက အမတ်များရဲ့ ဆန္ဒကိုလည်း ယူရပါလိမ့်မယ်ဆိုတာနဲ့ ဦးသိန်းစိန်အပါအ၀င်ကြံ့ဖွံ့ အစိုးရအဖွဲ့ ဝန်ကြီးများရဲ့ သဘောထားကိုပါထည့်တွက်စဉ်းစားပေးရမယ်” ဆိုတဲ့ စကားတွေရဲ့ လိုရင်းအနှစ်ချုပ်ကိုနားလည်မိတာက “ခင်ဗျားတို့ ပြည်သူတွေ မိုးပျံအောင် ဘယ်လောက် ဆန္ဒရှိရှိကျုပ်ရဲ့ သွေးသောက်ရဲဘော် စစ်ဗိုလ်ချုပ်တွေ ခေါင်းမညိတ် စိတ်မပါခဲ့ရင်
ဘာကိစ္စကိုမှ မလုပ်ပေးနိုင်ပါဘူး” လို့ ဆိုပြီး စစ်အုပ်စုရဲ့  ၂၀၀၈ အသံကိုလက်ကုန်ထုတ်ပြလိုက်တာပါဘဲ။ ပြည်သူ့ ဆန္ဒကို ဖြည့်စွက်ပြုပြင် လိုက်လျောတဲ့အရေးကိစ္စတွေထဲမှာ ဗမာ့နိုင်ငံရေးအိမ်ဦးခန်းမယ် စစ်တပ်က မျက်နှာပြောင်တိုက်အခန့် သားဝင်ထိုင်နေတဲ့အခြေအနေကို တွန်းရွှေ့ ဖို့ ကြိုးစားလာတဲ့ လုပ်ကိုင်မှုလုပ်ငန်းစဉ်မျိုးတွေအတွက်အခန်းကဏ္ဍတစ်ရွေးသားမျှမပါဝင်ဘူးဆိုတာကိုဒီမိုကရေစီလိုလားသူ
အနေနဲ့  ရှင်းလင်းသဲကွဲစွာ ထည့်တွေးထားရမယ်။

ယနေ့ နိုင်ငံတကာ ထိပ်တန်းကိစ္စဖြစ်နေတဲ့ “အီဂျစ်အရေး” ကိုပါမချန်ဆိုင်ဆိုင်မဆိုင်ဆိုင် ဥပမာပေး ဆွဲထည့်ပြောဆိုသွားတဲ့ ဗိုလ်ရွှေမန်းရဲ့ နိုင်ငံရေးနှိုင်းယှဉ် ထောက်ပြမှုကိုလည်း အံ့သြလွန်းစွာနဲ့  သြချမိတယ်။အီဂျစ် လတ်တလော သေကြေဆုံရှုံးပျက်စီးမှုတွေကို လက်ညှိုးထိုးပြပြီး၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းရေးလုပ်ဆောင်မှုတွေပြည်သူတွေဘက်ကတွန်းပြီးလုပ်လာမယ်ဆိုခဲ့ရင်စစ်တပ်က၀င်လာရလိမ့်မယ်၊

အီဂျစ်စစ်တပ်ကပစ်ခတ်ဖြိုခွဲသလိုကျုပ်တို့ စစ်တပ်ကြီးကလည်းတည့်တည့်မှန်အောင်ပစ်ထည့်လိုက်မှာဘဲလို့  ပုံပမာပေးခိုင်းနှိုင်းလိုပုံရတယ်။ ဗိုလ်ရွှေမန်းအနေနဲ့ နိုင်ငံရေးသမား ပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်လုပ်နေပြီးအီဂျစ်အရေးကို သာမန် ဂျာနယ်လစ် သတင်းသမားတွေလောက်တောင်ယထာဘူတကျကျ ချဉ်းကပ်တွေးတော သုံးသပ်ချက်မျိုး မလုပ်နိုင်ဘဲ“ရွာဦးကမ်းပါးပြိုတာ ဟိုနွားကြီးပေါင်ကျိုးလို့ ” ပုံစံ မိမိလိုချင်ရာလောဘကို
သတိကပ် မချုပ်ထိန်းနိုင်တော့ဘဲ ၂၀၀၈ ဖွဲ့ စည်းပုံအပေါ် သစ္စာစောင့်သိစိတ်အလွန်ကို ပုံပျက်ပန်းပျက်နိုင်ကာ ကြိုက်မရှက် ငိုက်မရှက် ဖြစ်နေတာမြင်ရလို့  တိုင်းပြည်ရှေ့ ရေးအတွက် ရတက်မအေးဖြစ်ရပါတယ်။

ဗိုလ်ရွှေမန်းရဲ့  အီဂျစ် ဥပမာပေးပုံ ဖတ်ရတော့ အရင် စစ်အာဏာရှင်ဗိုလ်သန်းရွှေလက်ထက်က အစိုးရ၀ါဒဖြန့် စကားလုံးတွေဖြစ်တဲ့ဆိုဗီယက်လို ပြိုကွဲသွားချင်သလား၊ အရှေ့ ဥရောပတိုင်းပြည်များလိုဒီမိုကရေစီတောင်းပြီး မတည်မငြိမ်ဖြစ်တာမျိုးတွေ ဖြစ်ချင်သလား၊အီရတ်ကို အမေရိကန်တွေ ဒီမိုကရေစီတင်ပို့ တော့ အီရတ်ပြည်သူတွေလက်တွေ့ ရနေတာက ဒီမိုကရေစီ ဟုတ်ပါရဲ့ လား၊ အာရပ်နိုင်ငံတွေမှာလို အုံကြွမှုတွေ ပေါ်ပေါက်ပြီး သွေးမြေကျမှုမြင်ကွင်းတွေလို ကြုံချင်သလားစသဖြင့် တစ်ကမ္ဘာလုံးက မတည်မငြိမ် သွေးမြေကျ အဖြစ်အပျက်တွေကိုမေးငေါ့ထိုးပြပြီး “ခင်ဗျားတို့ ပြည်သူတွေ ငြိမ်ငြိမ်ဆိမ်ဆိမ် နေပေးကြ၊ကျုပ်တို့ စစ်သားတွေ တိုင်းပြည်တိုးတက်အောင် အုပ်ချုပ်မယ်” လို့ ရွှီးရွှမ်းဖြီးဖြန်း မဟုတ်တရုတ် ၀ါဒဖြန့် ကြွေးကြော်သံတွေကို သတိရတယ်။

ပြီးခဲ့တဲ့ စစ်အုပ်စိုးမှုအောက်မှာ ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းပြည်နိမ့်ပါးမှု၊ပြည်သူ့ ဘ၀ အထွေထွေချွတ်ခြုံကျမှုတွေဆိုတဲ့ ရလဒ်အခြေအနေကိုမျက်ကွယ်ပြု ကျောခိုင်းပြီး ဗိုလ်ရွှေမန်းအနေနဲ့  ဒီအနံ့ ဆိုး ရွှံ့ ညွန်အိုင်ထဲကအခုထိကို ရုန်းထွက် မလွန်မြောက်နိုင်သေးတာ ဘာကြောင့်လဲလို့ မိမိကိုယ်ကိုယ် ပြန်လှန်ဆန်းစစ် မေးခွန်းထုတ်သင့်တယ်။

အနှစ်ချုပ်ကိုပြောရရင် ဗမာပြည်ကို စစ်ကြီးစိုးရေးဝါဒအောက် အရှည်သဖြင့်သွတ်သွင်းထားလိုကြတဲ့၊ တိုင်းပြည်အကျိုး မငဲ့ ကိုယ်ကျိုးဖက်တွယ်ကြတဲ့စစ်အုပ်စုဝင် လူတစ်စုကြောင့် ဖြစ်လာရတဲ့ ထိပ်တိုက်တိုးမှုသာဖြစ်တယ်။၂၀၀၈ကိုဖျက်ပစ်ဖို့ နဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဌာန်းနိုင်ဖို့ ကနေပြည်တော်ကိုသာ
စုံလုံးကန်းယုံကိုးမနေဘဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ တူညီသောဆန္ဒတွေ ပေါင်းစည်းကာ “ဖွဲ့ စည်းပုံသစ်ရေးဆွဲရေး” ဆိုတဲ့လူထုအသံကို နည်းလမ်းမျိုးစုံသုံးပြီး အရှိန်အဟုန်မြှင့်ကာ ထုတ်ဖော်ပြသကြပါစို့ လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အောင်မျိုးထွန်း



စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏သမီး လုပ်ကြံခံရပြီး သေဆုံးမှုနှင့် ဗုဒ္ဓမြတ်စွယ်တော် ဗုံးပေါက်ကွဲမှု၏ အဓိကတရားခံ များကို ဖော်ထုတ်နိုင်ရေး အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းစစ် ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ်ဖော်ပြော ကြားလိုက်သည်။
၁၉၉၆ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင်ဖြစ်ပွားခဲ့သော စွယ်တော် ဗုံးပေါက်ကွဲမှုနှင့် ၁၉၉ရခုနှစ် ဧပြီ ရရက်တွင် ဖြစ်ပွားခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ နေအိမ် တွင် စာအိတ်ဗုံး ဖောက်ခွဲခံရမှု ကြောင့် သမီးဖြစ်သူ ဒေါ်ချိုလဲ့ ဦး အသက် (၃၃)နှစ် သေဆုံး ခဲ့သည့် ဖြစ်ရပ်များအတွက် အဆိုပါ ဗုံးပေါက်ကွဲမှုများ၏ တရားခံများ အား ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အ တွက် အစီအစဉ်ကို နိုင်ငံတော် သမ္မတ၏အစိုးရအဖွဲ့ထံ မကြာမီ တင်ပြသွားရန်စီစဉ်ထားကြောင်း၊ လိုအပ်သည့် အကူအညီများ ပေး ရန်နှင့် သက်သေအထောက်အ ထားများရှာရန် လိုအပ်သည့်စစ် ဆေးမှုများကိုလည်း ပြုလုပ်ပိုင်ခွင့် များတောင်းဆိုရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအ ဆင့်မြင့်အရာရှိက ''ကျွန်တော် တို့အနေနဲ့ဒီကိစ္စကို နိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရ လက် ထက်မှာ ပေါ်ပေါက်အောင်ဖော် ထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။အရင်က စစ်ဆေးခဲ့တဲ့သက်သေ အထောက် အထား တွေနဲ့ဆက် စပ်ပြီးစစ်ဆေးသွားမယ်။ သံသယရှိ တဲ့သူတွေကိုတော့ သိထားတယ်။ ဒါပေမဲ့ မပြောသေးဘူး။ သက် သေအထောက်အထား ခိုင်လုံမှ တရားခံက မငြင်းနိုင်မှာ။ တစ် ဆက်တည်းပြောရရင် ငါးလောင်း ပြိုင်လူ သတ်မှုကိုလဲ လက်ရှိ စစ် ဆေးနေ ဆဲပါ။ အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့ကစစ်နေတာ။ ပြည် သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲ တာ၊ ဦးတင်ဦးသမီးအိမ်ကို ပါဆယ် ဗုံးပို့လို့သေဆုံးတာကို မေ့သေး မှာမဟုတ်ပါဘူး''ဟု ပြောသည်။ ယင်းကဲ့ သို့စစ် ဆေးရခြင်း ၏ရည်ရွယ် ချက်မှာ ပြည်သူ များ အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အသိအ မှတ်ပြုလာစေရန်နှင့် လူထုလုံခြုံရေးကို မည်ကဲ့သို့ဆောင်ရွက်သည် ကို သိရှိရန်ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးမှ တရားသူကြီး တစ်ဦးက ''ဒီလိုမမိတဲ့အမှုတွေ ကို တရားခံဖော်ထုတ်တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျွန်တော်တို့တရား သူကြီးတွေကလဲ တတ်နိုင်သမျှ တရား ဥပဒေ ဘက်က လုပ်ဆောင် သွားမှာပါ''ဟုပြောသည်။ စစ်အစိုးရလက်ထက်က တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် လာရောက်ဖူးမြော်သူများအနေ ဖြင့် မသမာသူများထောင်ထား သည့်ဗုံးကြောင့် ရဟန်းရှင်လူပြည် သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတွင်း ရေးမှူး (၂) ဒုတိယဗိုလ် ချုပ်ကြီးတင်ဦး၏သမီး မသမာ သူပို့လိုက်သည့် ပါဆယ်ဗုံးကြောင့် ၎င်းနေအိမ်တွင် သေဆုံးခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလည်း ကရင်ပြည်နယ်တွင် ရဟတ်ယာဉ် ပျက်ကျကာ သေဆုံးခဲ့သည်။

Yangon media group



အမှောင်ထုအားဖြိုခွင်းခဲ့သည့် အလင်းတန်းတစ်ခု ကြွေလွင့်ခြင်း

အမှောင်ထုကြီးကို အလင်းတို့ဖြင့်ဖြိုခွင်းပေးခဲ့သည့် စာရေးဆရာ ဆရာမောင်ဝံသသည် သြဂုတ်လ၊ ၁၁ရက်နေ့တွင် စာပေလောက၊ သတင်းလောကသားများ အားလုံးကို နှုတ်မဆက်ဘဲ လူ့ဘောင်လောက ကြီးမှ ထွက်ခွာသွားခဲ့ပါပြီ။ ဆရာဟာ မြန်မာ့စာပေလောက၊ သတင်းလောကကို အမှောင်လွှမ်း နေသည့်ကြားမှ အလင်းတန်းများထွန်းပေးခဲ့သူပါ။ ယခုလို ဆရာကွယ်လွန်သွားသည့်အတွက် မြန်မာ့စာပေလောက၊ သတင်းလောက၊ အနာဂတ်လူငယ်များအတွက် အထူးပင် ရင်နင့်ဖွယ် ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်ပေသည်။

အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ အမျိုးသား သတင်းဆု ကော်မတီဥက္ကဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ Myanmar Journalists Association- MJA)ဥက္ကဌ၊ ဒေါင်းစာပေ၊ အတွေးအမြင်မဂ္ဂဇင်း၊ ပြည်သူ့ခေတ်ဂျာနယ် စာရေးဆရာ/ သတင်းစာဆရာ ဦးစိုးသိန်း (မောင်ဝံသ) အသက် (၆၅)နှစ်သည် အဆုတ်ကင်ဆာရောဂါဝေဒနာ ခံစားပြီးနောက် သြဂုတ်လ၊ ၁၁ ရက်နေ့ နံနက် (၆း၁၅)နာရီတွင် ဝိတိုရိယဆေးရုံ၌ ကွယ်လွန်သွားခဲ့သဖြင့် ဝိတိုရိယဆေးရုံရှိ အအေးခန်းမှ ရေဝေးအအေးတိုက်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နိဗ္ဗာန်ယာဉ်ကားကြီးဖြင့် ပို့ဆောင်ကူညီခဲ့ပြီး (၁၅.၈.၂၀၁၃)ရက်နေ့ (ကြာသာပတေးနေ့) တွင်ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် ဈာပနကော်မတီဝင်များ၊ အသင်းသား/သူများ၊ (ဧည့်)အသင်းသား/သူများ၊ ဝန်ထမ်းများမှ ရေဝေးသုဿန်သို့ လိုက်ပါပို့ဆောင် ကူညီပေးခဲ့သည်။

ဆရာ၏ဈာပနအခမ်းအနားကို မိုးထဲလေထဲမှပင် စာပေလောက၊ သတင်းလောက၊ နိုင်ငံရေးလောကမှ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ၊ ရင်းနှီးချစ်ခင်ကြသောသူများ စသဖြင့် လူတန်းစား အလွှာပေါင်းစုံမှ ပရိသတ်များ၊ ဆရာ့အား လေးစားချစ်ခင်ကြသောသူများသည် ညနေ (၁၅းဝဝ) နာရီမတိုင်မီကပင် လာရောက်စုရုံးကာ ဆရာ့အား နှမြောတသဂုဏ်ပြုခဲ့ကြသည်။ ၄င်းနောက် ဆရာ၏ လုပ်ဖော်ကိုင်ဖက်ရဲဘော်များမှ ဆရာ့အား ဂုဏ်ပြုအမှတ်တရ စကားများဖြင့်လည်း နှုတ်ဆက်ခဲ့ကြသည်။

ဆရာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ မတ်လ၊ ၂၀၁၂ခုနှစ်တွင် “ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း” ဟူသော ခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/သားများ၊ ကျောင်းသား/သူများ၊ ဝန်ထမ်းများအား စာပေဟောပြောပေးခဲ့ပြီး ပရဟိတအလုပ်တွင်လည်း ပါဝင်အားဖြည့်ပေးခဲ့သည်။ ၄င်း၏ ဘဝတစ်သက်တာတွင် အများအကျိုး၊ လူထုအကျိုးပေါင်း မြောက်များစွာကို အံ့သြမကုန်အောင် ပြုလုပ်ဆောင်ရွက်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့သို့သော ပြည်သူချစ်သော အများအားထားလေးစားရသော ပုဂ္ဂိုလ်တစ်ဦး၊ လူထုတစ်ဦး ဆုံးပါးသွားသဖြင့် များစွာ ခံစားနှမျောမိပါကြောင်းတင်ပြလိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


ရေးသားသူ- အောင်သူရ၊ အိဖြူလွင်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူတွေလုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့ကကြောက်ပြီးတော့ မကိုင်ရဲဘူး၊ မထိရဲဘူးဆိုလို့ရှိရင် ကျွန်မတို့ အသက်ရှိပြည်သူပြည်သားတွေဟာ သက်မဲ့စာတမ်းတစ်ခုကို ကြောက်နေရာမရောက်ဘူးလားလို့”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အားမလိုအားမရ တွန်းအားပေးသည့် ထိုစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှစ်လေးလုံးငွေရတုအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေကို အမှန်တကယ်ပြင်ဆင်လိုပါက လသုံးဆယ်ပင်မလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီရက်ပိုင်းက ပြောကြားခဲ့သည်။

ထို့အတူ လွှတ်တော်နှစ်ရပ်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်ခုနစ်ဦး၊ တခြားသောပါတီများမှ လွှတ်တော်အမတ်များနှင့် တပ်မတော်သားလွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

ထိုကဲ့သို့ လွှတ်တော်နှင့် နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်ကြိုးစားနေချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ တွန်းအားပေးမှုကလည်း ပိုမိုအားကောင်းလာသည်။

ဗြိတိသျှအောက်လွှတ်တော်ဥက္ကဋ္ဌက သြဂုတ် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား အစောတလျင်ပြင်ဆင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ အမေရိကန်အထက်လွှတ်တော်အမတ် မက်ကော်နယ်ကလည်း အခြေခံဥပဒေမပြင်သမျှ မြန်မာ-အမေရိကန် ဆက်ဆံရေးပုံမှန်မရောက်နိုင်ဟု တွန်းအားပေး ကြေညာချက်ထုတ်ပြန်ထားသည်။

“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက အမှန်တကယ် ဘယ်သူ့ကိုမှ ၀ကွက်ချန်မထားခဲ့ဘဲ အားလုံးပါဝင်စေချင်ရိုးမှန်တယ်၊ တရားလည်းဝင်၊ သဘာဝလည်းကျရိုးမှန်တယ်ဆိုရင် သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများရဲ့အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ တိုင်းရင်းသားပြည်နယ်များအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့ပြဋ္ဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစောတလျင် ပြင်ဆင်ဖို့လိုအပ်နေပါတယ်”ဟု ဗြိတိသျှလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ထိုကဲ့သို့ လွှတ်တော်နှင့် နိုင်ငံရေးပါတီများမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပေးနေချိန်တွင် တိုင်းရင်းသားအဖွဲ့အစည်းအချို့၊ နိုင်ငံရေးအင်အားစုအချို့နှင့် ပညာရှင်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသဖြင့် အသစ်ပြန်လည်ရေးဆွဲရေးလမ်းကြောင်းကို ဇောင်းပေးပြောဆိုလာကြပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ယခုနှစ်မကုန်မီ အပြီးရေးဆွဲရမည်ဟု ပြောကြားလာသည်။

“ဖွဲ့စည်းပုံကိုပြင်တာ အရမ်းခက်ခဲမယ်။ ပြဿနာတွေလည်းရှိနိုင်တယ်။ ဒါကြောင့်အသစ်ရေးဆွဲဖို့ အားလုံးသဘောတူကြတယ်”ဟု UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၆၀)အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သုံးခုရေးဆွဲပြီးဖြစ်သည်။ လွတ်လပ်ရေးမရခင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ တို့တွင်ဖြစ်သည်။ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရက်ပေါင်းတစ်ရာပင်မပြည့်ဘဲရေးဆွဲနိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမူ တစ်နှစ်နှင့်လေးလဖြင့် အပြီးရေးဆွဲခဲ့သည်။ ထိုဥပဒေကြမ်းအား ပြည်သူလူထုသို့ နှစ်ကြိမ်ချပြခဲ့သည်။

“ပြင်လို့မရအောင်ပိတ်ထားတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ အားလုံးရဲ့ထက်ဝက်က ထောက်ခံဖို့ဆိုတာ လက်တွေ့မှာမဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးကိုနီကဆိုသည်။

အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၃၆ ရှိသည့်အနက် ပုဒ်မ ၉၅ ခုကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ်များသာမကဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ပြည်သူလူထုထောက်ခံချက်ပါမှ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကျန်ရှိသော ၂ နှစ်ကျော်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးထက် အသစ်ပြန်လည်ရေးဆွဲခြင်းကသာ ပိုဖြစ်နိုင်ခြေရှိသည်ဟု ရှေ့နေဦးကိုနီက မှတ်ချက်ပြုသည်။

သို့သော်တပ်မတော်မှ ဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် အသစ်ပြန်လည်ရေးဆွဲရာတွင် ပြဿနာများရှိနိုင်ကြောင်း ထောက်ပြသူများရှိသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းပါဘူး။ ဒါပေမဲ့ အသစ်များပြန်လည်ရေးဆွဲရင် ဘာတွေများဖြစ်သွားမလဲ။ ဒါစဉ်းစားဖို့လိုတယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သြဂုတ် ၅ ရက်တွင် ၎င်း၏သဘောထားကို ပြောကြားခဲ့သည်။

လက်ရှိကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းသည် လူကြိုက်များသော်လည်း သတိထားရမည့်ကိစ္စဖြစ်ကြောင်း၊ ယနေ့ရောက်ရှိနေသောနေရာမှ ရှေ့ဆက်သွားရမည့်ခရီးသည် အလွန်အရေးကြီးကြောင်း သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့် ပတ်သက်၍ ၎င်း၏သဘောထားကိုပြောသည်။

“ကျွန်တော်တို့သဘောကတော့ ၂၀၀၈ အခြေခံဥပဒေဟာ အားလုံးသဘောတူညီနိုင်တဲ့၊ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဖြစ်ဖို့အတွက် ပလက်ဖောင်းတစ်ခုတော့ဖြစ်နေပြီ။ ဒါတော့လက်ခံရမယ်ထင်တယ်။ အဲဒီပလက်ဖောင်းပေါ်မှာ ဆွေးနွေးကြရင်ရော မဖြစ်နိုင်ဘူးလား။ ဒါတွေကို လူမျိုးစုခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရင် အဖြေတစ်ခုမရှိနိုင်ဘူးလား”ဟု အမျိုးသားလွှတ်တော်နိုင်ငံရေး စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင် စာရေးဆရာကျော်ဝင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

“အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆောင်ရွက်မယ်လို့ အစိုးရကပြောထားတာရှိတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဥပဒေကိုပြင်တာက ပိုကောင်းပါတယ်”ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။

အခြေခံဥပဒေတစ်ခုလုံးကိုဖျက်ရန် အသစ်ပြန်လည်ရေးဆွဲခြင်းသည် ဘေးထွက်ဆိုးကျိုးများနိုင်ပြီး အဆင်မသင့်ပါက လက်ရှိအနေအထားတစ်ခုလုံး ကတိမ်းကပါးဖြစ်သွားမည်ကို စိုးရိမ်မိသည်ဟုလည်း ဦးကျော်ဝင်းက ၎င်း၏ယူဆချက်ကို ပြောကြားထားသည်။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍကရှိခဲ့သည့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုအား ပြန်လည်ရေးဆွဲမည့် အစီအစဉ်ကို လက်ခံနိုင်ဖွယ်မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည်ပင် လက်ရှိလွှတ်တော်အမတ်များထဲတွင် ၂၅ ရာခိုင်နှုန်းရှိနေသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦး ထောက်ခံဖို့လိုပေလိမ့်သည်။

ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း၊ အပြင် နိုင်ငံရေးအင်အားစုများကြား အသံထွက်ပြီး အလုပ်မတွင်သေးချိန်တွင် အသစ်ပြန်ရေးဆွဲရေးလမ်းကြောင်းမှာ အဟန့်အတားတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်သူတို့ကဆိုသည်။

ထို့ကြောင့် မတူညီသော အမြင်သဘောများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ၂၀၁၅ ခုနှစ်မတိုင်မီ ပြီးစီးနိုင်မလားဆိုသည်မှာ ပြောရန်ခက်ခဲကြောင်း လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်းက မှတ်ချက်ပေးသည်။

လက်ရှိအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြပေ။

အကြီးမားဆုံးအတိုက်အခံပါတီဖြစ်သော်လည်း လွှတ်တော်တွင် အင်အားနည်းပါးနေသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အခြေခံဥပဒေတွင် သမ္မတ၏အရည်အချင်းနှင့် အရေးပေါ်ကာလပြဋ္ဌာန်းခြင်းဆိုင်ရာအချက်များကို ဦးစားပေးပြင်ဆင်မည်ဟုဆိုထားပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများက ဇယား ၂ အရ အာဏာခွဲဝေမှုကို ထောက်ပြထားကြသည်။

ယခုအချိန်အထိ ဖွဲ့စည်းပုံဥပဒေလက်မခံနိုင်၍ ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်နိုင်သေးသည့် ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးမူကို ဆုပ်ကိုင်ထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းပေါ်တွင် တစ်ညီတည်းရှိသည့်တိုင် ဦးစားပေးပြင်ဆင်လိုသည့် အချက်များက အင်အားစု အဖွဲ့အစည်းအလိုက် ကွဲပြားနေသည်။

အသစ်ပြန်ရေးလိုသူများနှင့် ပြင်ရုံသာပြင်မည်ဆိုသူတို့ကြား ဆွေးနွေးငြင်းခုံမှုများကို ပြည်သူများကြားရဦးမည်ဖြစ်သည်။ သို့သော် အားလုံးအတွက် အချိန်က လ ၃၀ ပင် မကျန်တော့ပါ။ ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.