08/21/13

ကျနော်တို့တတွေ သတင်းလွတ်လပ်ခွင့်လို့ ပြောတိုင်းပြောတိုင်း ဒီအဓိပ္ပါယ်ကို တလွဲပုံဖော်ဖို့ ကြိုးစားလာတတ်တာ သတိထားမိတယ်။ သိတဲ့အတိုင်း ဘာမှ လွတ်လပ်ခွင့်မရှိတဲ့ အခြေအနေအောက်မှာ ရာစုနှစ်ဝက်လောက် ကုပ်ကုပ်ကလေး နေလာခဲ့ရတော့ လွတ်လပ်ခွင့်ဆိုတဲ့စကားကို ကျနော်တို့တတွေ သိပ်မြတ်နိုး၊ သိပ်တန်ဘိုးထား၊ သိပ်တောင့်တကြတယ်။ ဒါပေမယ့် အဲဒီလွတ်လပ်ခွင့်ဆိုတာကို ကြောက်နေတဲ့သူတချို့လည်း ရှိပြန်ရော။ ဘယ်လိုလူတွေက ကြောက်တာလဲလို့မေးရင် လွတ်လပ်ခွင့်မပေးချင်တဲ့သူလို့ ယေဘုယျပြောရမှာပေါ့။ ဘယ်သူတွေက ဘာ့ကြောင့်မပေးချင်တာလဲလို့ ဆက်မေးရင် အဖြေက ရှည်သွားမယ်။

ကုန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် ကာလအတွင်းမှာ ကျနော်တို့နိုင်ငံရဲ့အခြေအနေကို ပြန်ကြည့်ရင် လွတ်လပ်ခွင့်ဆိုတဲ့စကားက အများသိတဲ့အတိုင်း ရွှေထက်ရှားတယ်လို ပြောရမလားပဲ။ နိုင်ငံတကာကလည်း ကျနော်တို့ကို မြောက်ကိုရီးယား၊ ဆူဒန်၊ ဇင်ဘာဘွေလို နိုင်ငံတွေနဲ့ တစ်တန်းတစ်စားထဲ သတ်မှတ်ထားကြတယ်။ ပြည်တွင်းမှာ လွတ်လပ်ခွင့်နဲ့ ပတ်သက်သမျှ ပြောခွင့်၊ ဆိုခွင့်၊ ရေးသားခွင့်၊ ဖော်ထုတ်ခွင့်မရှိတော့ ပြည်ပရောက်ပြီဆိုတာနဲ့ မြုံထားသမျှ၊ အောင့်ထားသမျှ အားရပါးရ ဖွင့်အံကြတော့တာပေါ့။

ဒီနေရာမှာ ကြုံကြိုက်လို့ သတင်းသမားဖြစ်တဲ့ ကျနော် ပြည်ပခရီးထွက်ရင်း ကြုံတဲ့အခိုက်ဖြစ်ဖြစ် ကုန်ခဲ့တဲ့ နှစ်တွေမှာ ပြည်ပက ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေ၊ လေ့လာသုံးသပ်သူတွေနဲ့ ဆုံတဲ့အခါဖြစ်ဖြစ် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဟာသနှော ပြောဖြစ်တာလေး သွားသတိရမိတယ်။

မြန်မာပြည်က မင်းတို့ထင်သလို မလွတ်လပ်တဲ့တိုင်းပြည်မဟုတ်ဘူး။ လွတ်လပ်သမှ သိပ်လွတ်လပ်ပဗျာ။ လွတ်လပ်တာမှ ဟိုဘက်တောင် လွန်သေး..။ မင်းမှာ ပိုက်ဆံရှိရင် မင်းကြိုက်တာလုပ်လို့ရတယ်။ ဘာလုပ်လုပ် ပြဿနာမရှိဘူး။ ရှိရင်လည်း ဖြေရှင်းလို့ရတယ်။ လမ်းဘေး ဂလုံး.. ဂလုံး ကစားဝိုင်း၊ လေးကောင်ဂျင်ဝိုင်းကနေ မူးယစ်၊ လက်နက်မှောင်ခိုအထိ ကြိုက်တာလုပ်။ ရှင်းလို့ရတဲ့ နည်းလမ်းတွေ၊ လမ်းကြောင်းတွေ အများကြီး..။ အေး.. နိုင်ငံရေးလုပ်တာမျိုး..NLD နဲ့ သွားပတ်သက်တာမျိုးတော့ မလုပ်လေနဲ့... ပုဒ်မအမျိုးမျိုးတပ်ပြီး မင်းအသက်ထက် နှစ်ဆလောက်ပိုတဲ့ ထောင်ဒဏ်နဲ့ ဝိဉာဉ်ပါ မကျွတ်အောင် ထောင်ထဲမှာ အရိုးဆွေးသွားမယ်..။ ကျန်တာ မင်းကြိုက်တာလုပ်..ဘာမှ မဖြစ်စေရဘူး..။

ဟာသပြောဖြစ်တာကို ပြန်ဖောက်သည်ချတာ။ တကယ်အဲလိုဖြစ်ခဲ့ မဖြစ်ခဲ့တော့ အားလုံးသိတဲ့အတိုင်းပေါ့..။

သတင်းလွတ်လပ်ခွင့်ကို လိုလားသူနဲ့ မလိုလားသူအကြားမှာ မတူခြားနားတဲ့ အမြင်တွေရှိတယ်။ လိုလားသူကတော့ ရှင်းတယ်။ တချိန်လုံး ပိတ်ပင်ကန့်သတ်ထားတဲ့ အခြေအနေမှာ လိုချင်တဲ့ အကြောင်းအရာပဲ ကွက်ပြီး ထုတ်ပြန်တဲ့ သတင်းပဲ သိခွင့်ရခဲ့တဲ့သူတွေဖြစ်တော့ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝ ရချင်တယ်။ နောက်တစ်ခုက ကိုယ်လုပ်ကိုင်သမျှ ရိုးသားမှုအပြည့်ရှိပြီး ပွင့်လင်းမြင်သာမှုကိုလည်း လိုလားတဲ့သူက သတင်းလွတ်လပ်ခွင့်ကို အားပေးတယ်။ မလိုလားသူတွေက အဲဒါနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမှာပေါ့။ ကိုယ်တိုင်က သတင်းလွတ်လပ်ခွင်ကို ပိတ်ပင်ခဲ့တဲ့သူ၊ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အရည်အချင်းနဲ့ ရာထူးရ၊ ကြီးပွားချမ်းသာလာတာမဟုတ်ဘဲ စိုင်ကော်လို့ ခြုံပေါ်ရောက်၊ တပည့်မွေး၊ ဆရာမွေး၊ မသမာတဲ့နည်း၊ လက်ဝါးကြီးအုပ်တဲ့နည်း၊ အာဏာပိုင်နဲ့ပေါင်းစားတဲ့နည်းတွေနဲ့ ချမ်းသာကြွယ်ဝလာသူ၊ လူထုနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ မီဒီယာတွေကို အထင်အမြင်သေး၊ လျှော့တွက်၊ သံသယထား၊ အညှိုးထား၊ မုန်းတီး အမြင်ကပ်တဲ့အပြင် အာဏာရှင်စရိုက်မပျောက်တဲ့သူ အဲလိုလူတွေအားလုံးရဲ့ အဓိကအချက်က ကိုယ်ကျိုးစီးပွားကာကွယ်ဖို့။ မီဒီယာတွေ လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြီးရေးလာရင် သူတို့ အပုတ်တွေ ပေါ်မှာစိုးလို့ လွတ်လပ်ခွင့်ကို ချက်ချင်းမပေးချင်ဘူး။ ကမ္ဘာကြီးတစ်ခုလုံးပြောင်းနေတဲ့ လှိုင်းလုံးကြီးတွေကို ခုခံလို့မဖြစ်တော့ဘူးဆိုတာ သိလို့ ရှင်သန်ရပ်တည်ရေးအတွက် မပေးချင်ပေးချင်နဲ့ ပေးရတာ။ အဲဒါကြောင့် မြန်မာပြည်သူတွေနဲ့ လွတ်လပ်ခွင့် မတန်သေးသယောင် ဝါဒဖြန့်ပြီး တစ်ဆင့်ချင်း တစ်ထစ်ချင်း သွားမှ ဖြစ်သယောင် ပြောဆိုနေတာ။ တကယ်တော့ တချို့က ကိုယ့် လုပ်ပိုင်ခွင့်၊ ရာထူး၊ အာဏာနဲ့ ဝင်ငွေလျော့သွားမှာ စိုးနေတာက အဓိက။

အဲတော့ မီဒီယာကို မီဒီယာနဲ့ တိုက် စီမံချက်နဲ့ ခွင်တွေ၊ ပလော့တွေ၊ ဇာတ်လမ်းတွေ အများကြီးဆင်ထားတတ်တယ်။ ယဉ်ကျေးမှုနဲ့ မလျော်တဲ့ လိင်ဆွဲဆောင်မှု အသားပေးပုံတွေ၊ သတင်းတွေ၊ ပက်ပက်စက်စက် ဆဲရေးတိုင်းထွာမတတ် ရေးသားမှုတွေ၊ အစိုးရနဲ့ တပ်မတော်ကို တစ်ဖက်သတ် ပုတ်ခတ်ဝေဖန်တာတွေ၊ ပြဿနာပိုကြီးအောင် တမင်ချဲ့ကားပြောဆို ရေးသားမှုတွေ မျက်နှာဖုံးမှာ ပြူးတူးပြဲတဲ တင်နေတဲ့ ဂျာနယ်၊ စာစောင်တွေရဲ့ ထုတ်ဝေသူတွေကို သေချာပြန်စစ်ကြည့်အုံး။ အဲဒါတွေကို လက်ညှိုးထိုးပြီး လွတ်လပ်ခွင့်နဲ့ မတော်သေးပါဘူးလို့ ပြောချင်တာလေ။

အသွင်ပြောင်းကာလမှာ အတိတ်က တစ်ချိန်လုံး နိုင်ငံတကာအဆင့်မီတဲ့ ပညာသင်ယူခွင့်၊ ကျင့်ဝတ်စံနှုန်းနဲ့ လောကနီတိ သင်ရိုးတွေနဲ့ မထိမတွေ့ခဲ့ရတဲ့ မြန်မာလူ့အဖွဲ့အစည်းမှာရှိတဲ့ နယ်ပယ်တိုင်း ၊ ကဏ္ဍတိုင်း၊ အဖွဲ့အစည်းတိုင်း၊ လူပုဂ္ဂိုလ်တိုင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်။ အဲဒီလိုအပ်ချက်တွေကို အကြောင်းပြုပြီး ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ သတင်းလွတ်လပ်ခွင့်နဲ့ မအပ်စပ်သေးဘူး။ ကြားအဆင့်တွေ လိုသေးတယ် ဆိုတဲ့ အကျိုးအပဲ့ အိုင်ဒီယာတွေနဲ့ လူသားအခြေခံအခွင့်အရေးကို ကန့်သတ်ဖို့ကြိုးစားလာတတ်တယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေကို သူတို့အစိုးရတွေက အကောင်းဆုံးတွေကို ဖြည့်ဆည်းပေးချင်ကြတယ်။ ကိုယ့်ပြည်သူတွေကို တခြားနိုင်ငံတွေက ပြည်သူတွေနဲ့ယှဉ်ရင် အောက်ကျတယ်၊ နောက်ကျတယ်လို့ မတွေးကြဘူး။ တစ်ကမ္ဘာလုံး ဒစ်ဂျစ်တယ်စနစ်နဲ့ ဖုန်းသုံးနေတဲ့အချိန် မတန်သေးလို့ အန်နာလော့ခ် သာအရင်သုံးပါလို့ ကိုယ့်ပြည်သူကို ပြောတဲ့ အစိုးရမရှိဘူး။ တစ်ကမ္ဘာာလုံးမှာ ကာလာတီဗီတွေ သုံးနေတဲ့အချိန် အဲဒါနဲ့ မတန်သေးလို့ ဖြူမဲတီဗီပဲ အရင်သုံးအုံးလို့ ပြောသလိုဖြစ်နေရင် သမိုင်းမှာ မှတ်တမ်းကောင်းဝင်မှာ မဟုတ်ဘူးဆိုတာ သိစေချင်တယ်။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် ခေါင်းကြီးရေးဖြစ်တယ်။ ဝေဖန်ဖို့နဲ့ ဆင်ခြင်သတိပြုမိဖို့ပါ။

(ရတဲ့အချိန်လေးမှာ အမြန်အသော့ရိုက်ရတဲ့အတွက် သတ်ပုံအမှားပါသွားခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ)


သတင်းလွတ်လပ်ခွင့်

သတင်းလွတ်လပ်ခွင့်ဟု ပြောလိုက်လျှင် စနစ် တစ်ခုတွင် နေသားကျလာသူ များ၏ အမြင်နှင့် ထိုစနစ်အောက်တွင် ပြားပြားမှောက် နေလာရသူများအကြား အမြင်မတူ ကွဲပြားသည်မှာ သဘာဝကျသည်။ ထိုသို့ ကွဲပြားသည့် အလျောက် သတင်း လွတ်လပ်ခွင့်ဆိုသော စကားလုံးကို နာမဝိသေသနများတပ်၍ ပုံဖော်ရန် ကြိုးစားတတ်သည်။ ဥပမာ-‘စိတ်ထင်တိုင်း ပရမ်းပတာ သတင်းလွတ်လပ်ခွင့်’၊ ‘အလွန်အကျွံ သတင်းလွတ်လပ်ခွင့်’ စသည်တို့ ဖြစ်သည်။

စင်စစ်အားဖြင့် သတင်းလွတ်လပ်ခွင့်သည် သာမန်ရိုးရိုး စဉ်းစားပါက မည်သည့် နာမဝိသေသနမှ မပါသော ရိုးရိုး လွတ်လပ်ခွင့်သာ ဖြစ်သည်။ ထိုလွတ်လပ်ခွင့်ကို ကျင့်သုံးသော လူ့အဖွဲ့အစည်း၏ လက်တွေ့ အပြုအမူများ၊ အကဲဖြတ် ကောက်ချက်ချမှုများ၊ ထင်မြင်ယူဆချက်များနှင့် ထိုလူ့အဖွဲ့အစည်း၏ အသိပညာ ရေချိန်အပေါ် မူတည်ကာ အမျိုးမျိုးသော နာမဝိသေသနများဖြင့် ကင်ပွန်းတပ်ကြခြင်း ဖြစ်သည်။

ဒီမိုကရေစီဆိုသော စကားလုံးနှင့် အနှစ်သာရမှာလည်း ထိုသို့ပင်။ ဒီမိုကရေစီ ဆိုသော ဝေါဟာရကို၌က သူ့သဘာဝနှင့် သူ့အဓိပ္ပာယ်မှာ ပြည့်ဝရိုးရှင်းသည်။ ထိုစနစ်ကို ကျင့်သုံးသော နိုင်ငံများ၏ အခြေအနေကို လေ့လာသုံးသပ်သူ ပညာရှင်တို့၏ ပိုင်းခြားစိတ်ဖြာ သုံးသပ်ချက်အရ ဒီမိုကရေစီ အဆင့်အတန်း အမျိုးမျိုး ကွဲပြားသွားခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီသည် ဒင်္ဂါးတစ်ပြားရှိ ခွဲခြားမရသော ခေါင်းနှင့် ပန်းကဲ့သို့ပင်။ သတင်းလွတ်လပ်ခွင့် မရှိသော နိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး သတင်း လွတ်လပ်ခွင့်ရှိသော နိုင်ငံတွင်မှ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်သည်။

သတင်း လွတ်လပ်ခွင့်သည် သက်ဆိုင်ရာ နိုင်ငံသားတို့၏ အခြေခံ အခွင့်အရေးဖြစ်သည့် ‘သတင်း သိခွင့်’ ကို ဖြည့်ဆည်းပေးရန် မရှိမဖြစ် အရေးကြီးလှသည်။ သာမန်အားဖြင့် သတင်း မီဒီယာသမား များက နိုင်ငံသားတို့၏ ‘သတင်းသိခွင့်’ ဖြည့်ဆည်းပေးသည့် တာဝန်ကို ထမ်းဆောင်နေသော်လည်း သတင်းဖြစ်ပေါ်ရာ သတင်းရင်းမြစ်များသည်လည်း နိုင်ငံသားတို့၏ ‘သတင်းသိခွင့်’ ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ ထိုအချက်ကို မေ့လျော့နေသောကြောင့် အာဏာပိုင် အဖွဲ့အစည်းတွင် ရှိနေသူများက သတင်းလွတ်လပ်ခွင့်ကို စိုးရိမ် သောကများ၊ မယုံကြည်မှုများ တစ်နည်းအားဖြင့် သံသယစိတ်များဖြင့် အဓိပ္ပာယ် ဖွင့်ဆိုနေကြခြင်း ဖြစ်သည်။

တစ်ဖန် နိုင်ငံသူ၊ နိုင်ငံသားများသာဖြစ်သည့် အာဏာ သုံးရပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် တပ်မတော်တို့တွင်လည်း သတင်းသိခွင့် ရှိကြောင်း ရှင်းလင်းစွာ နားလည်ဖို့လိုသည်။ ‘သတင်းလွတ်လပ်ခွင့်သည် သတင်းသမားများ ထင်တိုင်းကြဲပိုင်ခွင့် ပေးအပ်ခြင်း ဖြစ်သည်၊ ပြည်သူလူထုသည် သတင်းလွတ်လပ်ခွင့်အတွက် အဆင်သင့်မဖြစ်သေး’ ဆိုသော အယူအဆများဖြင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေများအတွင်း သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက် ထိန်းချုပ်လိုသော အချက်များ ထည့်သွင်း ပြဋ္ဌာန်းရန် ကြိုးစားပါက သမိုင်းတွင် အမည်မည်းဖြင့် မှတ်တမ်းတင် ခံရနိုင်ကြောင်း သတိပေးလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၉-၈-၂၀၁၃)
ကျော်မင်းဆွေ

နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရပြီး ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကိုဇင်လင်းအောင်တို့ ကို သက်ဆိုင်ရာက ကျောင်းပြန်လည် တက်ရောက်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
အခုလို ကျောင်းပြန်တက်ခွင့်ရရှိတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်းက RFA ကို ခုလိုပြောပါတယ်။

"ပထမအဆင့်မှာ သူတို့ဘက်က ကျောင်းထဲမှာ အသင်းဖွဲ့စည်းတာတွေ ဖွဲ့စည်းခွင့်မပေးထားတော့ ကျွန်တော်တို့ဘက်က ကျောင်းမတက်ရင် နေပလေ့စေ ။လက်မှတ်မထိုးဘူး။အဲတော့မှ အဲအချက်တွေကို ပြန်ဖြုတ်တယ်။ပြီးမှ သူတို့ဘက်က ကျောင်းစည်းကမ်းတွေနဲ့ ပက်သက်ပြီး သဘောတူပြီး လက်ခံခဲ့တာပါ။။ကျွန်တော်တို့ကို နဂိုတက်နေကျ မေဂျာအတိုင်း နေ့ကျောင်းသား အဖြစ် ကျောင်းတက်ခွင့်ပေးလိုက်ပြီ။ကျွန်တော်တို့ရဲဘော်တွေ အများကြီးကျန်ပါသေးတယ်။ဒီလူတွေ ကျောင်းတက်ခွင့်ရဖို့လည်း ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ရဦးမှာပါ"

သူတို့ ၃ ဦး ကျောင်းပြန်လည်တက်ရောက်ခွင့် ရရှိ သွားကြပြီ ဖြစ်ပေမယ့် ရန်ကုန် စီးပွားရေး တက္ကသိုလ်က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုစည်သူမောင်ကတော့ ကျောင်းတက်ခွင့် မရသေးဘူးလို့ ပြောပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲနဲ့ စီးပွားရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာလှကြည်တို့က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ကိုဇင်လင်းအောင်တို့ ၃ ဦးကိုဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး ကျောင်းပြန်လည် တက်ရောက်ခွင့်ပြုခဲ့ကြောင်း ပြောခဲ့တာပါ။

Rfa

၂၀၁၃ ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်နှင့် ပတ်သက်ပြီး ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod အား ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခြေအနေ ရှိ ၊ မရှိ သတင်းထောက်များက မေးမြန်းခဲ့ ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးသည် အချိန်အနည်းငယ်ဖြင့်သာ ပြင်ဆင်နေ၍ မရဘဲ ခေတ်ကာလ အခြေအနေနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့ မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိ ပြုပြင်နိုင်မလဲဆိုတာ ကိုပဲ ကျွန်တော်သိချင်ပါတယ်။ အမြဲလုပ်နေရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်အား တိုက်ရိုက်ရည်ရွယ်သည့် ပုံစံမျိုးဖြစ်နေပြီး အဆိုပါ ရည်ရွယ်ချက်သာ တကယ် ဖြစ်ခဲ့ပါက ဥပဒေ ရေးဆွဲရေး အခြေခံစည်းမျဉ်း စည်းကမ်းများကို ဆန့်ကျင်နေကြောင်း၊ တစ်ဦးတစ်ယောက်တည်း အတွက် အခြေခံဥပဒေကို ပြင်ဆင် ပါက ယင်းရွေးချယ်မှုသည် မှားယွင်းနေကြောင်း၊ ထို့အပြင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းပေါ် မူတည်၍ ပြန်လည် ရေးဆွဲပါကလည်း အလွန် အန္တရာယ်များကြောင်း နှင့်တကယ်တမ်း ပြင်ဆင်သင့်သည်မှာ မြန်မာ ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို ရှေးရှု၍ ရေးဆွဲသင့်ကြောင်း ဥပဒေ ပညာရှင် Andrew Mcleod က သုံးသပ် ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာအနေဖြင့် တည်ငြိမ် အေးချမ်းမှုကို လိုချင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် တပ်မတော်သားများ ပါဝင်သည့်အတွက် ဆွေးနွေးပြောဆိုမှုများ လုပ်ကိုင်လာမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်သည့်အခါ တပ်မတော် အနေဖြင့် အတိုင်းအတာတစ်ခုထိ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း၊ မည်သို့သော ပုံစံဖြင့် ပါဝင်လာမည်ကို မိမိအနေဖြင့် မသိရှိသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများ အားလုံး ပါဝင်ခွင့် ပေးရမည်ဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုဖြစ်စေရန် အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်များ ပေးရမည်ဖြစ်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အပြင် တပ်မတော် အရာရှိကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့မှုအား ပြန်လည် ရှင်းလင်းပြောကြားသည်။

ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew Mcleod သည် မြန်မာနိုင်ငံရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပရောဂျက်တစ်ခုတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ရယူကာ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ထိပ်ပိုင်း အရာရှိကြီးများ၊ လွှတ်တော် တာဝန်ရှိသူများ ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် အခြား နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Yangon chronicle

ရန်သူမရှိ မိတ်ဆွေသာရှိ ... မုန်းသူမရှိ ချစ်သူသာရှိ ဟု ဆိုခဲ့သော ငြိမ်းချမ်းရေးဖခင်ကြီးအား နောက်ဆုံးဂါရဝပြု ကန်တော့ခြင်း။

(၁၉.၈.၂ဝ၁၃ ရက်နေ့၊ ည (၈း၃ဝ) နာရီ၊ အောင်ပန်းမြို့)


“ဆရာမင်းလူနှင့် ကျွန်တော်”
စာရေးဆရာ၊ ကဗျာဆရာ ဦးဥာဏ်ပေါ်(ခ)မင်းလူ (၆ဝ)နှစ်ဟာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ သြဂုတ်လ၊ ၁၄ ရက်နေ့ ညသန်းခေါင်ချိန်က ကွယ်လွန်အနိစ္စရောက်သွားခဲ့သည် ဆိုသော သတင်းအားကြားခဲ့ပြီးနောက် ကျွန်တော်စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်။ ဆရာ့အား လွန်စွာနှမြောမိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် နယ်မြို့သို့ ခရီးထွက်နေပါသဖြင့် ဆရာ့၏ ဈာပနအား ကိုယ်တိုင်လိုက်ပါပို့ဆောင်ခွင့် မရရှိခဲ့၍ဖြစ်သည်။

အတိတ်တစ်ချိန်က ဆရာမင်းလူနှင့်ကျွန်တော် ပထမအကြိမ် ဆုံတွေ့ခဲ့စဉ်က မင်းသားကျော်သူ ဘဝမှာပင်ရှိပါသေးသည်။ ထိုအချိန်က ဆရာမင်းလူ ထောင်ကထွက်လာပြီးနောက်တွင်ဖြစ်သည်။ ဆရာမင်းလူ၏ အစ်ကိုကြီး ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ “ပန်းတွေနဲ့ဝေ” ဗွီဒီယိုဇာတ်ကားကို ရိုက်ကူးနေစဉ် ဆရာမင်းလူ ရိုက်ကွင်းကို လာရောက်ကြည့်ရှု့စဉ်က တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးပါသည်။

ဒုတိယအကြိမ် ရင်းနှီးဆုံတွေ့ခဲ့တာကတော့ (၂ဝဝဝ ခုနှစ်)က ဆရာရေးသားခဲ့သော “ရေတမာ” ဝတ္ထုတိုကို ဗွီဒီယို ဇာတ်ကားရိုက်ကူးရာတွင် ကျွန်တော် နဲ့ မေသန်းနု ပါဝင်သရုပ်ဆောင်စဉ်က တစ်ကြိမ် ရင်းနှီးခဲ့ပါသည်။

တတိယတစ်ကြိမ်မှာတော့ ကျွန်တော် မင်းသားဘဝမှ သုဘရာဇာဘဝသို့ ရောက်ရှိစဉ် ကျွန်တော်၏ဇနီး မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက် သူမ၏ မွေးနေ့ဖြစ်သော ၂ဝ၁၁ခုနှစ်၊ ဇန်နဝါရီလ၊ ၁ရက်နေ့တွင် ကျွန်တော်ရေးဆွဲခဲ့သော ပန်းချီကားချပ်များ၊ ရိုက်ကူးထားသော ဓါတ်ပုံများ၊ Performance များပါဝင်သည့် Kyaw Thu’s Art Zone Vol-2 အဖြစ် ပန်းချီပြပွဲ ပြုလုပ်ခဲ့ရာ ရင်းနှီးသော ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ဧည့်ပရိသတ်များ လာရောက်အားပေး ချီးမြှင့်ခဲ့ကြရာတွင် ဆရာမင်းလူမှ ထိုနေ့ရက်တုန်းက တစ်ကြိမ် ဆရာမင်းလူနှင့် ဆုံတွေ့ခဲ့ပါသည်။

စတုတ္ထအကြိမ်တွေ့ဆုံခဲ့တာကတော့ ဆရာသည် ကျွန်တော်နှင့် ကျွန်တော်၏ ဇနီးတို့၏ ပုလဲရတုနေ့မြတ်နှစ်ပါတ်လည် အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ကျင်းပရာ ယင်းပွဲသို့ ဖိတ်ကြားထားသူများ လာရောက်အားပေး ခဲ့ရာတွင် ဆရာမင်းလူနှင့် တဖန်ပြန်လည်တွေ့ဆုံခဲ့ကြသည်။ ထိုနေ့တွင် ဆရာသည် ကျွန်တော်နှင့် ကျွန်တော့်၏ဇနီးရွှေဇီးကွက် တို့ကို မင်္ဂလာစကားတို့ဖြင့် ဂုဏ်ပြုသွားခဲ့သည်။ ထို့နောက်တွင်တော့ ဆရာ့အား ဈာပန အခမ်းအနားများတွင်သာ တွေ့ရပါတော့သည်။

ပဉ္စမအကြိမ်တွေ့ဆုံခဲ့ခြင်းမှာ ၂ဝ၁၁ခုနှစ်၊ ဇန်နဝါရီလ၌ ဆရာမင်းလူ၏ အစ်ကို စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ၏ ဈာပနသို့ ဆရာမင်းလူ လိုက်ပါပို့ဆောင်ခဲ့စဉ်ကတစ်ကြိမ်။

ဆဌမအကြိမ် ၂ဝ၁၁ခုနှစ်၊ မေလ၌ ကွယ်လွန်သွားသော စာရေးဆရာကြီး နတ်နွယ်(ခ) ဦးလှမြင့်၏ ဈာပနသို့ လိုက်ပါပို့ဆောင်စဉ်ကတစ်ကြိမ်။

သတ္တမအကြိမ်တွေ့ဆုံခဲ့ခြင်းမှာတော့ ၂ဝ၁၁ခုနှစ် သြဂုတ်လ တွင် ပန်းချီဆရာမောင်မောင်သိုက်၏ ဈာပန ထိုနေ့ရက်တွင်လည်း ပန်းချီဆရာမောင်မောင်သိုက်ဈာပနသို့ ဆရာမင်းလူ လာရောက် နှုတ်ဆက်ခဲ့ချိန်က တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွင်တော့ ဆရာ့အားမတွေ့ဖြစ်ခဲ့။ တွေ့ခွင့်ရ လိုက်ရမည့် ဆရာ့၏ နောက်ဆုံးအချိန်ကိုလည်း ကျွန်တော်မရှိသဖြင့် ကျွန်တော် တွေ့ခွင့်မရခဲ့ပါ။ ဆရာ၏ ချီးမြှောက်မှုများစွာကို ကျွန်တော်ခံစားရရှိခဲ့ပေမယ့်ဆရာ၏ နောက်ဆုံးအချိန်မှာ ကျွန်တော်မရှိခဲ့ပါ။

သို့ပါသော်လည်း ဆရာမင်းလူ၏ ရုပ်အလောင်းကို ဝိတိုရိယဆေးရုံကြီးကနေပြီးတော့ ရေဝေးအအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (၁၅.၈.၂ဝ၁၃)ရက်နေ့တွင် နိဗ္ဗာန်ယာဉ် အမှတ်(၁ဝ၈)ဖြင့်ပို့ဆောင်ကူညီပေးနိုင်ခဲ့ပြီး (၁၈.၈.၂ဝ၁၃)ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် အသင်းသူ/သားများတို့မှ ဆရာမင်းလူ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။ ထို့နောက် (၁၈.၈.၂၁၃)ရက်နေ့၊ နေ့လည်(ဝ၁းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ခန်းမဆောင်၌ အသင်းသူ/သားများတို့မှ ဆရာမင်းလူ၏ ရုပ်ကလာပ်အား ကြည်ရှု့ရာလမ်းတစ်လျှောက်တွင် စီတန်းလျှက်ရှိနေပေးပြီး ဆရာ၏ နောက်ဆုံးခရီးအား နှုတ်ဆက်ရန် လာရောက်ကြသော ဆရာ့၏ မိသားစုဝင်များ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးများ၊ စာပေပညာရှင်များ၊ ပန်းချီပညာရှင်များ၊ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ဆရာမင်းလူအားလေးစား ချစ်ခင်ကြည်ညို ကြသည့် ဧည့်ပရိသတ်များဖြင့် စည်ကားသွားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

ပန်းချီဆရာမောင်မောင်သိုက် သည်လည်း သြဂုတ်လ၊ ဆရာမောင်ဝံသ သည်လည်း သြဂုတ်လ၊ ထူးအိမ်သင် သည်လည်း သြဂုတ်လ၊ မင်းသုဝဏ် သည်လည်း သြဂုတ်လ၊ တာရာမင်းဝေ သည်လည်း သြဂုတ်လ၊ နန္ဒာသိန်းဇံ သည်လည်း သြဂုတ်လ၊ လူရွှင်တော် ပါပါလေး သည်လည်း သြဂုတ်လ၊ ဆရာကြီး မင်းသိင်္ခ သည်လည်း သြဂုတ်လ၊ မဟာဆွေ သည်လည်း သြဂုတ်လ၊ လူထု ဦးလှ သည်လည်း သြဂုတ်လ၊ ရွှေဥဒေါင်း သည်လည်း သြဂုတ်လ၊ ကံချွန်(ကာတွန်း) သည်လည်း သြဂုတ်လ၊ ဆရာမင်းလူ သည်လည်း သြဂုတ်လ။

ထိုထိုသော အနုပညာရှင်များ ဆုံးပါးသွားသူများတို့ကို ဆရာမင်းလူ လိုက်ပါပို့ဆောင်ပေးခဲ့စဉ်က ဆရာမင်းလူအတွက် ကဗျာများစာများဖြစ်တည်ခဲ့ပေလိမ့်မည်။ ဆရာမင်းလူ ထွက်ခွာသွားခဲ့သောအခါ ကျန်ရှိနေသေးသော အနုပညာရှင်များ၊ စာပေပညာရှင်များ၊ ရုပ်ရှင်လောကသားများမှလည်း ဆရာ့အတွက်ကဗျာများ စာများကျန်ရစ်ခဲ့တော့သည်။

ဆရာမင်းလူ၏ ဈာပနအားကိုယ်တိုင်လိုက်ပါပို့ဆောင်ခွင့်မရသော်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဆောင်ဦးလှိုင်(အဆိုတော်)၊ ကိုမျိုး(မြန်မာစာ)နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများတို့မှ ဆရာမင်းလူ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး အဆင်ပြေချောမွေ့စွာ ဆရာ့၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ရရှိခဲ့သဖြင့် ကျွန်တော် ကျေနပ်နှစ်သိမ့် ခဲ့ရပါတော့သည်။ ဆရာမင်းလူနှင့် ကျွန်တော် သက်ရှိဘဝမှာ အကြိမ်ကြိမ် အခါခါ တွေ့ခဲ့ရသော်လည်း ဆရာမင်းလူရဲ့နောက်ဆုံး လူ့လောကကြီးမှ ထွက်ခွာသွားချိန်တွင် ကျွန်တော် ဆရာနှင့် ပြန်လည် ဆုံဆည်းခွင့် မရခဲ့တော့ချေ။ ကျွန်တော်သည်လည်း ဆရာတို့နည်းတူ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာတွင် ဆရာတို့နောက်သို့ လိုက်ပါရမည်ကိုတော့ ကျွန်တော်လည်း မသိရချေ။ ထို့ကြောင့် အဝေးတစ်နေရာသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ခရီးနှင်နေသော ကျွန်တော်နှင့် အသင်းသားအချို့မှ ဆရာ့အား ကောင်းရာသုဂတိလားစေကြောင်းနှင့် ကျွန်တော်တို့ အနယ်နယ်အရပ်ရပ်တွင် ထမ်းရွက်နေသော ကောင်းမှုကုသိုလ်များအား ဆရာမင်းလူအား အမျှ … အမျှ … အမျှ ဟု ပေးဝေငှလိုက်ပါတော့သည်။

(ကျော်သူ)
(၂.၁၁.၁၉၅၉ မှ ၂ဝ ? ?)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.