08/22/13


မြန်မာနိုင်ငံကို ၁၀ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က သူ့ရဲ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲတွေမှာ အစိုးရအနေနဲ့ လုံခြုံရေးအရ ထိရောက်စွာ တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

သူ့ခရီးစဉ် နောက်ဆုံးနေ့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့က မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ တွေ့ကြုံခဲ့ရတဲ့ အခြေအတွေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့အချိန် အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ အတွက် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နေရာ အတော်များများကို သွားရောက် လေ့လာခဲ့တာမှာ အရင်အခေါက်တွေကနဲ့ မတူတဲ့ ကန့်ကွက် ဆန္ဒြုပပွဲတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။

သူ့ခရီး ပထမဆုံး ခရီးတထောက်အဖြစ် ရခိုင်ပြည်နယ်ကို ရောက်သွားတဲ့အချိန် မစ္စတာ ကင်တားနားဟာ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတုန်းကတော့ သူစီးလာတဲ့ ကားဘေးမှာ ဆန္ဒပြသူထဲက တချို့ကို သူ့အနေနဲ့ ကားပေါ်က ဆင်းတွေ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို နားထောင်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

"ကျနော် ရခိုင်ပြည်နယ်ကို ၄ ကြိမ်မြောက်အဖြစ် သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော့်ကို ဒေသခံတွေက ဆန္ဒပြတာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို ဆန္ဒပြတာကို ကျနော့်အနေနဲ့ မမြင်တွေ့လိုပေမဲ့လည်း ဒါဟာ လူထုအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရတာကို
တွေ့ရတဲ့အတွက် ဒါကို ကျနော် ကြိုဆိုပါတယ်။ အဲဒီလို ဆန္ဒပြနေကြတဲ့အချိန် ကျနော့်ကားပေါ်ကဆင်းပြီး ဆန္ဒပြနေတဲ့ အမျိုးသမီးတဦးနဲ့ စကားပြောခဲ့ပါတယ်။ အဲဒီ အမျိုးသမီးက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် သူတို့ ရခိုင် ဗုဒ္ဓဘာသာတွေအနေနဲ့ ဘယ်လောက်အထိ အတိဒုက္ခ ရောက်ကြ ရကြောင်း၊ စိုးရိမ်သောက ဖြစ်ရကြောင်းကို ခံစားချက် ပြင်းပြစွာနဲ့ ကျနော့်ကို ပြောပြခဲ့ပါတယ်။"

သူ ရခိုင်ပြည်ကို သွားရောက်စဉ် အဲဒီမှာ ဒေသခံ အာဏာပိုင်တွေအပြင် ရခိုင်ဗုဒ္ဓဘာသာဝင်တွေရော၊ မူဆလင် အသိုင်းအ၀ိုင်းနဲ့ပါ တွေ့ဆုံခွင့်ရခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နောက် သူသွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း
ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူမှုရေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အပြင် ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အင်းစိန်ထောင်မှာရော၊ ရခိုင်ပြည်နယ်အတွင်းမှာရော တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ သူ့ခရီးစဉ် အဆုံးမသတ်ခင် ၉ ရက်မြောက်နေ့က မိတ္ထီလာမြို့ကို ရောက်သွားတဲ့အခါမှာတော့ ဆန္ဒပြသူ လူအုပ်ကြီးက သူစီးလာတဲ့ကားကို ၀ိုင်းအုံလာပေမဲ့ အနားမှာရှိနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

"ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကျနော့်လို ပုဂ္ဂိုလ်မျိုးကို အကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အဲဒီနေရာမှာ အစိုးရဘက်က အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ကျနော် မြန်မာအစိုးရ ကို ထောက်ပြခဲ့ပါတယ်။"

သူ့အနေနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် အသိုင်းနဲ့ နောက်တနေ့မနက်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့လည်း ညပိုင်း မိတ္ထီလာမြို့အ၀င်မှာ ကြုံတွေ့ခဲ့ရတဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် အဲဒီ အစီအစဉ်ကို ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ကျော်ပြီး မွေးခွင့်မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့လည်း -

"ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမမွေးရဆိုတဲ့ ပေါ်လစီ ချမှတ်ထားခြင်း မရှိဘူးဆိုတာကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် သူက ကျနော်ကို ကတိပြု ပြောဆိုပါတယ်။ အဲဒီလို ပေါ်လစီမျိုး မရှိဘူးဆိုတာကိုလည်း ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင်က ကျနော့်ကို ထပ်လောင်း အတည်ပြုပြောဆိုပါတယ်။ ဒါပေမဲ့ နစက လက်ထက်က အဲဒီလို ပေါ်လစီမျိုး ရှိကောင်း ရှိခဲ့နိုင်တယ်လို့တော့ ၀န်ကြီးက ပြောပါတယ်။"

မြန်မာနိုင်ငံမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ အထူးသဖြင့်တော့ မတူညီတဲ့ ဘာသာအဖွဲ့အစည်းတွေကြား ဖြစ်ပေါ်နေတဲ့ သဘောထားကွဲပြားမှုတွေ ပြေလည်အောင် အစိုးရပိုင်းနဲ့ လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေတာတွေဟာ အောင်မြင်ပြီး မှန်ကန်တဲ့ဘက်ကို ဦးတည်နေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း မစ္စတာ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေး လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း မစ္စတာ ကင်တားနားက ပြောဆို သွားပါတယ်။
voa

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ လယ် သမားများအနေနှင့် မည်သူတစ်ဦးတစ် ယောက်အတွက်လုပ်ဆောင်ရမည့် လက်အောက်ခံမဖြစ်စေရန် လုပ်ဆောင် ရမည်ဟု သြဂုတ် ၁၉ ရက်နေ့တွင် ကျင်းပသော လယ်သမားများနှင့် တွေ့ ဆုံသော လယ်သမားများအသံဆွေးနွေး ပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့် လင်း လူ့အဖွဲ့အစည်းေ ခါင်းဆောင် ကိုမင်းကိုနိုင်က ပြောသည်။

”၈၈ မျိုးဆက် လက်အောက်ခံ လည်းမဖြစ်စေရဘူး။ ဘယ်သူ့လက် အောက်ခံမှ မဖြစ်စေရဘူး။ ဘယ်သော အခါမှလည်း မဖြစ်စေရဘူး”ဟု ကိုမင်း ကိုနိုင်က ဆိုသည်။
ထို့အပြင် လယ်သမားများအနေ နှင့် သတ္တိရှိရုံနှင့်မရဘဲ ဥပဒေကြောင်း အရ ဥပဒေနားလည်သော လယ်သမား များပါ လိုအပ်သည်ဟု ၄င်းကဆိုသည်။

”ဥာဏ်ပညာရှိတဲ့ မျိုးဆက်မွေးပါ။ သတ္တိရှိပါ။ ဥာဏ်ပညာရှိသူတွေနဲ့ ချိတ် ဆက်ပါ”ဟု ၄င်းကဆိုသည်။

ထို့အပြင် ပြည်ထောင်စုတစ်နေ ရာတွင် လယ်သမားများနစ်နာပါက ဝိုင်းရပ်ရန်လိုအပ်ကြောင်း၊ မိမိနှင့်မဆိုင် ဘဲ လျစ်လျူရှုနေပါက မကြာမီ မိမိထံသို့ သာ ရောက်ရှိ လာမည်ဟု ကိုမင်းကိုနိုင် က ပြောသည်။

”တချို့လယ်သမားတွေဆို ရုံး ရောက်၊ ဂါတ်ရောက်နဲ့ နောက်ဆုံးသံတိုင် ကြားရောက်နေပြီ”ဟု ၄င်းကဆိုသည်။

ဆက်လက်၍ ၈၈ မျိုးဆက်တောင် သူလယ်သမားရေးရာ တာဝန်ခံကိုထွန်း မြင့်အောင်က လယ်သမားဘဝတိုးတက် မှသာ တိုင်းပြည်စီးပွားတိုးတက်မှာဟု ပြောသည်။

”လယ်သမားတွေကို ကူညီနေတဲ့ သူတွေ၊ လယ်သမားတွေ အားလုံး ထောင်ထဲရောက်နေပါပြီ။ ဒီမိုကရေစီ စံနှုန်းနဲ့ သွားနေတဲ့အတွက် ရပ်သင့်ပါ ပြီ”ဟု ၄င်းကဆိုသည်။

ထို့အပြင် ယခု ဆွေးနွေးပွဲမှ ရရှိ သော အသံများကို လွှတ်တော်ကကြား ရန် လုပ်ဆောင်မည်ဖြစ်ပြီး မကြားပါက ယခုထက်ပိုမို အသံကျယ်ပြန့်ရန် လုပ် ဆောင် သွားမည်ဟု ကိုထွန်းမြင့်အောင် က ပြောသည်။

လယ်သမားများသည် ယခင် ကတည်းကစ၍ လယ်သိမ်းယာသိမ်းမှုကို ခံစားရသော်လည်း မိမိတို့ဆန္ဒကို ဖော် ထုတ်ခွင့် မရရှိခဲ့ဘဲ ၂ဝ၁ဝ မှစ၍ မိမိတို့ ဆုံးရှုံးခဲ့သော လယ်မြေများကို ပြန်လည် ရရှိရန် ဆန္ဒဖော်ထုတ်ပွဲ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

ယခုတွင်လည်း မိမိ တို့ ခံစားနေရမှုများကို တစ်နိုင်ငံလုံးရှိ လယ်သမားများ သိရှိရန် ပွဲကျင်းပခြင်း ဖြစ်သည်။

စိုင်းလမင်း၊ ရန်နိုင်
Popular myanmar news journal

ဗိုလ်မှူး ဦးခင်မောင်ဝင်း (ငြိမ်း)သည် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုး ကျေးရွာရှိ တောင်သူများ လုပ်ကိုင်နေသော လယ်ယာမြေများအား ၂၀၁၀ ခုနှစ်မှ စတင်၍ တောင်သူများထံမှ ရယူထားခဲ့ သည်။

အဆိုပါလယ်ယာမြေများ နှင့် ပတ်သက်၍ လက်ငုတ်လုပ်ကိုင်သူ တောင်သူအချို့ ငွေကြေးလက်ခံရရှိ ခဲ့ပြီး အချို့တောင်သူများမှာ ငွေကြေးတစ်ပြားတစ်ချပ်မှ ရရှိခြင်း မရှိသည့်အတွက် ၂၁-၈-၂၀၁၃ ရက်နေ့တွင်
၎င်းတို့လုပ်ကိုင်ခဲ့ရာ အကွက်များအတွင်း တဲဝင်ဆောက်၍ လုပ်ကိုင်လို့ရသည့် နေရာများတွင် ပြန်လည် ၀င်ရောက် လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် အဆိုပါ လယ်ယာမြေများ ကိစ္စ ညှိနှိုင်းပေးပါရန် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် နှင့် သက်ဆိုင်ရာ ဌာနများသို့ (၃၀-၇-၂၀၁၃) ရက်နေ့တွင် တင်ပြခဲ့ပြီး ဗိုလ်မှူး ဦးခင်မောင်ဝင်း (ငြိမ်း)ထံသို့လည်း ပေးပို့ခဲ့သည်။

ထိုတင်ပြစာတွင် ဗိုလ်မှူး ခင်မောင်ဝင်း (ငြိမ်း)အနေဖြင့် လယ်တစ်ကလျှင် မည်၍ မည်မျှ ၊ ယာတစ်ဧကလျှင် မည်၍ မည်မျှ ဟု ပေးချေခြင်းမျိုး မဟုတ်သည့်အပြင် အချို့တောင်သူများ၏ လယ်ယာမြေများကို ငွေကြေး တစ်ပြားတစ်ချပ်မှ မပေးဘဲ ၎င်း အပိုင်အဖြစ် ခြံစည်းရိုးတိုင်စိုက် သတ်မှတ်ထားခြင်းကြောင့် ပြန်လည်ညှိနှိုင်းပေးရေး တောင်းဆိုတင်ပြထားခြင်း ဖြစ်သည်။

ထိုသို့ပြန်လည် ညှိနှိုင်းပေးခြင်း မရှိပါက တောင်သူများအနေဖြင့် ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဖြစ် ကြောင်း အသိပေး တင်ပြထားသည်။

တောင်သူများ အနေဖြင့် ဦးခင်မောင်ဝင်း ဘက်မှ ညှိနှိုင်း ပြောဆိုလာမည့် အချိန်ကို စောင့်စိုင်းနေခဲ့ကြပြီး ယခုအချိန်ထိ ညှိနှိုင်းပြောဆိုခြင်းမျိုး မရှိသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူး ၊ ကျေးရွာအုပ်ချုပ်ရေးများထံပြန်လည် ၀င်ရောက်လုပ်ကိုင်တော့မည် ဖြစ်ကြောင်း အသိပေးတင်ပြပြီး ယခုကဲ့သို့
ဝင်ရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ဗိုလ်မှူး ဦးခင်မောင်ဝင်း (ငြိမ်း) ရယူထားသည့် လယ်ယာမြေများတွင် လယ်မြေများကို သီးစားပြန်ချ ထားပြီး ကုန်းကွက်နေရာများတွင် စိန်တစ်လုံးသရက်ပင် အချို့ စိုက်ပျိုးထားကြောင်း တောင်သူများက ပြောသည်။

ဦးခင်မောင်ဝင်း လုပ်ကိုင်ထားသည့် ရေပိုက်များ ၊ သစ်ပင်များနှင့် လွတ်ရာနေရာများတွင် တဲဝင်ထိုး၍ လွတ်လပ်နေသည့် နေရာများတွင် ပြန်လည်စိုက်ပျိုး လုပ်ကိုင်နိုင်ရန် ၀င်ရောက်လုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထက်

by Myanmar News Now

''ငြိမ်းချမ်းရေးဆိုတာ ကိုယ့်ရင်ထဲ က စရတာပဲ'' ဟု တာရာဗေဒကို ဖွင့်ဆို လိုက်သော ကဗျာဆရာမောင်အောင် ပွင့်၏ အသံမှာ တုန်ခါစွာ။

''ဒါ အပင်ကြီးလဲသွားတာပဲ'' ဟု ထပ်ဆိုသည်။ သေနတ်သံများသည် မစဲ၊ လူ့အသက်ဆိုသည် ပြည်တွင်းစစ်မီးကို အဆုံးမဲ့ တောက်လောင်စေရေး အတွက် အတောမသတ်လိုအပ်နေသော လောင် စာဟု သတ်မှတ်ခံ ရလေတော့။

လူထုက ငြိမ်းချမ်းရေးကို လိုချင် ပြီး လူတစ်စုက ငြိမ်းချမ်းရေးကို ဖျက်ဆီး နေခြင်းလား။ ဝမ်းနည်းစရာ အကောင်း ဆုံးက မသေခင် ငြိမ်းချမ်းရေးကို မြင် သွားချင်သည်ဆိုသော ဆရာကြီးသခင် ကိုယ်တော်မှိုင်း လည်း ငြိမ်းချမ်းရေးကို မြင်မသွားရရှာ။ ဘဝတစ်သက်တာ ငြိမ်းချမ်းရေး၌ သာ ဦးခိုက်ခဲ့သော ဆရာ ဒဂုန်တာရာသည်လည်း ငြိမ်းချမ်းရေး ကို မြင်မသွားရရှာ။

သေနတ်နှင့် ပြောသော နိုင်ငံရေး သည် ဘယ်သောအခါမျှ ရပ်စဲမည် မသိ။ အစားထိုးလို့ မရသော အပင်ကြီးမှာ ပြို လဲခဲ့ပြီ။ ဆရာဒဂုန်တာရာ သို့မဟုတ် ရန်သူမဲ့ကမ္ဘာ။

အာဏာရှင်စနစ်က လည်မျိုညှစ် ဆက်ဆံနေသည့် ခေတ်ထဲမှာပင် ရန်သူ မရှိ၊ မိတ်ဆွေသာရှိဟု ဆရာက ဆို သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ဆို သည်။

စကားလုံးသက်သက် ဖွဲ့ဆိုထား ခြင်းမဟုတ်။ သမိုင်းခေတ်များစွာ၊ စစ် နှင့် တော်လှန်ရေးကို ဖြတ်သန်းလာခဲ့ပြီး မှ ရရှိလာသည့် အတွေးအခေါ် ဟု ဆရာက ဆိုခဲ့သည်။

ဆရာ၏ တစ်သက်တာ မည်သူ နှင့်မျှ ရန်ဖြစ်ခဲ့ဖူးခြင်းမရှိ။ ဆရာ ၈ တန်းနှစ်က အကြောင်းမဲ့သူ့ကျော ပြင် ကို လာရိုက်သွားသော ကျောင်းသား တစ်ဦးအပေါ် ပြန်လည်ရန်ပြု တုံ့ပြန် ခြင်းမရှိသည့်အပြင် အခေါ်အပြောပင် မပျက်။

''သူကတစ်ပြန် ကိုယ်ကတစ်ပြန် တုံ့ ပြန်ကြမည်ဆိုလျှင် ဘယ် မှာအေးချမ်း မည်လဲ။ ကျွန်တော့်ကို လာရိုက်သော ကျောင်းသားကို ကျွန်တော် နောက်ထပ် ဘာမှ ပြန်၍မတုံ့ပြန်သဖြင့် နောက်ထပ် လည်း ကျွန်တော့်ကို ပြန်မလုပ်တော့'' ဟု ဆရာက ဆိုသည်။

ရန်ကိုရန်ခြင်း မတုံ့ပြန်ခြင်းသည် ဆရာ့ကို ဖွဲ့ဆိုထားသော မွေးရာပါ ဂီတဖြစ်မည်ထင်၏။ ဆရာ့တွင် ရန်သူ မရှိ။ ဆရာသည် ရန်သူမဲ့ကမ္ဘာ။ ဆရာ့ ကို ရန်သူလိုသဘောထားခြင်းအပေါ် တော့ မတတ်နိုင်။ ဆရာကတော့ ရန်သူ မရှိ။

''မြွေပွေးကို မိတ်ဆွေဖွဲ့လို့ ရမ လား''ဟု တစ်ယောက်ကဆိုတော့ ဆရာ က ပြုံးနေသည်တဲ့။

ဆရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိ အယူအဆအပေါ် မကြိုက်သူများ ရှိ သည်။ ဆရာကတော့ သူ့အယူအဆ နှင့်သူ။သူ့အယူအဆအပေါ်တွင် သူခိုင် မာစွာ။

၁၉၆၁ ခုနှစ်ဝန်းကျင်၊ ကမ္ဘာအေး ကုန်းမြေ၌ ကျင်းပသည့် စာရေးဆရာ ညီလာခံ၌ ဆရာစာတမ်းဖတ်နေစဉ် စာရေးဆရာတစ်ဦး၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။

''ခင်ဗျားကို သူဘာဖြစ်လို့ ဒါ လောက် အငြှိုးကြီးနေတာလဲ'' ဟု ဆရာ ပါရဂူကမေးတော့ ''ကျွန်တော် လည်း မသိဘူး။ သူနဲ့ ကျွန်တော်ဟာ ဘာပြဿနာမှ မရှိဘူး'' ဟု ဆရာက ပြန်ပြောခဲ့သည်။

ဆရာ့၏ ငြိမ်းချမ်းရေး ဒဿန နိဒါန်းမှာ ဒုတိယကမ္ဘာစစ်ဟု ဆိုသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကို အတူ တိုက်ခဲ့သူချင်း သေနတ်နှ င့် ဖြေရှင်းကြ တော့ ဆရာက ငြိမ်းချမ်းရေးဘက်တော် သား။ ဆရာ့၏ တာရာမဂ္ဂဇင်းမှနေ၍ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုအကြောင်း ရေးသား ခဲ့သည်။ ၁၉၅၁ ခုနှစ်မှစတင် ကာ ငြိမ်းချမ်းရေး လှုပ်ရှားမှုထဲတွင် ပါ ဝင်ခဲ့သည်။

ဆရာ့၏ ငြိမ်းချမ်းရေး အမြင်က ရှင်းသည်။ ငြိမ်းချမ်းရေးတွင် မည်သည့် ဗိုင်းရပ်စ်မှ ကပ်ငြိနေခြင်းမရှိ။

၁၉၅၆ ခုနှစ် ဆိုဗီယက်တပ်များ ဟန်ဂေရီသို့ဝင်တော့ ငြိမ်းချမ်းရေးကို ထိပါးခြင်းဟု ဆရာက အဓိပ္ပာယ်ဖွင့်ဆို ၍ ကန့်ကွက်သည်။ ဆရာ့၏ မိတ်ဆွေ များကတော့ ထိုသို့ဝင်ရောက်ခြင်းသည် ဆိုရှယ်လစ်စနစ်အတွက် ကာကွယ် သည်ဟု ဆို၏။ ဆရာက ဆိုဗီယက် တပ်များ ဟန်ဂေရီမှ ဆုတ်ခွာပေးရ မည်ဟု တင်ပြခဲ့သည်။

''ကျွန်တော်က ဘုရင်ကြီး ဝတ်လဲ တော်မပါဘဲ လမ်းသွားသည်ကို ကလေး ငယ်က အမှန်အတိုင်း မြင်သကဲ့သို့ မြင် တတ်သူဖြစ်သည်''ဟု ဆရာက ဆိုခဲ့ သည်။

ထိုသို့ ငြိမ်းချမ်းရေး အပေါ် ငြိမ်း ချမ်းရေးအမြင် တစ်ခုတည်းဖြင့် သာ လျှောက်ခဲ့သော ဆရာ့၏ခရီးမှာ သူ၏ ဘဝတစ်သက်တာ။ မငြိမ်းချမ်းသော ခေတ်ကြီးထဲတွင် ငြိမ်းချမ်းရေးကိုသာ ဆရာတွင် တွင် ပြောခဲ့သည်။ ယနေ့ အစိုးရသစ်လက်ထက်တွင်လည်း ဆရာ့ ၏ ငြိမ်းချမ်းရေးပန်ကြားလွှာများ။ ကျည်ဆံခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့် မည်တဲ့။

''ဆရာသတိ ကောင်းတုန်း အချိန် ထိ ငြိမ်းချမ်းရေးကို လုပ်သွားတာ'' ဟု ကဗျာဆရာ မောင်အောင်ပွင့်က ဆို သည်။

သို့သော် ယနေ့တိုင် ဆရာ့တစ် သက်တာ ထွန်းလင်းခဲ့သော ငြိမ်းချမ်း ရေးဆိုသည်မှာ မရေရာသေးသည့် အဆင့်၌ပင် ရှိသေးသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူမနာ ကိုယ် မနာ ငြိမ်းချမ်းရေး လမ်းစဉ်ကို ပေးခဲ့ သည်။ ဆရာဒဂုန်တာရာက တန်းတူ အခွင့်အရေး၊ လွတ်လပ်ရေးနှင့် ညီညွတ် ရေး။ သူမနာ-ကိုယ်မနာ-ပြည်သူမနာ ငြိမ်းချမ်းရေးဖူးပွင့်လာပါစေဟု မှိုင်းဗေဒ ကို ဆရာဆက်စီးဆင်း ခဲ့သည်။ ပြည်သူ တို့အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ရေနှင့်လေ။

''လွတ်လပ်ရေးမရှိလျှင် ငြိမ်းချမ်း ရေးလည်း ရှိနိုင်မည်မဟုတ်။ ငြိမ်းချမ်း ရေးမရှိလျှင် တိုင်းပြည်၏ တိုးတက်ရေး ဆောင်ရွက်နိုင်မည် မဟုတ်။ ငြိမ်းချမ်း ရေးသည် အရာရာကို ဖန်တီးနိုင်သော အခြေအနေ၊ အရာရာကို ဖြေရှင်းနိုင် သော အခြေအနေဖြစ်သည်။ ငြိမ်းချမ်း ရေးသည် သာလျှင် ပြည်သူတို့၏ တိုး တက်ရေးကို စွမ်းဆောင်နိုင်ပေမည်'' ဟု ဆရာက ဖွင့်ဆိုခဲ့ပြီးဖြစ်သည်။

မှတ်စု - နိုင်ငံရေးယဉ်ကျေးမှု(ဒဂုန်တာရာ)
- ပရကထာ (ပါရဂူ)

အယ်ဒီတာတစ်ဦး
Popular Myanmar News Journal

သို့
ကိုမြတ်လှိုင်း

နေကောင်းရဲ့လားဗျ။ ပြည်ပရောက်နေတဲ့ ခင်ဗျားဆီကို ကျွန်တော့် ခံစားချက်လေးတွေ ရေးလိုက်တယ်။ ပြောချင်တာရှိမှ စာရေးတယ်လို့တော့ မအောက်မေ့ပါနဲ့။ ရှစ်လေးလုံးပွဲကတော့ ပြီးသွားပြီ။ ဘာတွေရလိုက်သလဲ။ ပြန်သုံးသပ်ဖို့ လိုတယ်။ ပြီးတော့ ဘာဆက်လုပ်မှာလဲ။ စဉ်းစားဖို့လိုတယ်။ ကိုယ်မြင်သလောက်ပြောရရင် နိုင်ငံရေးအင်အားစုတွေ စုံညီတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ အလွန်အားရကျေနပ်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် စတာတွေကို ဆွေးနွေးခဲ့ကြတယ်။ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အစိုးရနဲ့ ပါတီတွေက အဓိကလုပ်ရမယ့် အလုပ်လို့ ကိုယ်မြင်တယ်။ အဓိကရလိုက်တဲ့ အမြတ်ကတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအင်အားစုတွေ စုစည်းစုံညီခွင့် ရလိုက်တာပဲ။ အားရှိလိုက်တာတော့ ပြောမနေနဲ့တော့။ ဒါပေမဲ့ ခက်နေတာတစ်ခုက အားလုံးမှာ နိုင်ငံရေးလမ်းစဉ် ပျောက်နေတာပဲ။ ပိုဆိုးတာက ငါတကော ကောနေကြတာပဲ။ ဒီပုံစံနဲ့တော့ ဒီမိုကရေစီနိုင်ငံ စစ်စစ် တစ်နိုင်ငံဖြစ်လာဖို့ဆိုတာ ဝေးသေးတယ်။

ရှစ်လေးလုံးပွဲမှာ အင်မတန်အရည်အချင်းရှိတဲ့ နိုင်ငံရေးသမား သုံးထောင်လောက် စုဝေးမိကြတယ်။ ပွဲပြီးတော့ အိမ်ပြန်သွားကြတယ်။ ဒါပဲ ပြီးပြီ။ ဘယ်လောက်နှမြောဖို့ကောင်းသလဲ။ တကယ်တမ်းဖြစ်သင့်တာက အဲဒီပုဂ္ဂိုလ်တွေ အကုန်စုစည်းပြီး နိုင်ငံကိုတည်ဆောက်ရမှာ။ ဒီရှစ်လေးလုံး ပွဲကြီးပြီးလို့ မကြာခင်မှာ ရှစ်ပူးအဖွဲ့ထဲက ပါတီထောင်လိမ့်မယ်ဆိုတာလည်း ကြားလိုက်ရတယ်။ စိတ်မကောင်းဘူး။ ရှစ်ပူးအဖွဲ့တွေပါ ပါတီထောင်ရင် မှားမယ်။ ပါတီထောင်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အာဏာရဖို့ပဲ။ သူတို့ အာဏာရနိုင်မလား၊ မဖြစ်နိုင်ပါဘူး။ အာဏာရတော့ရော တစ်နိုင်ငံလုံးရဲ့ စိတ်ဓာတ်တွေကို လိုသလိုတည်ဆောက်နိုင်မယ် ထင်လို့လား။ အကန့် အသတ်တွေ အများကြီးရှိတယ်။

မြန်မာနိုင်ငံက ပြည်သူတွေက ပါတီဟေ့လို့ ဆိုလိုက်ရင် တစ်မျိုးမြင်ကြတယ်။NLD ဆိုတာတောင်မှ ဒေါ်စုရှိနေလို့ NLD ဖြစ်နေတာ။ ဒေါ်စုမရှိ တော့တဲ့နောက်ပိုင်း NLD ကို လူထုက ဘယ်လို သဘောထားကြမလဲဆိုတာ ကြိုတွေးကြည့်လို့ ရပါတယ်။ အဲသလိုပြောလိုက်တော့ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ကို စော်ကားသလိုဖြစ်ဦးမယ်။ အထင်ကရ ပုဂ္ဂိုလ်တွေက အသက် ၈၀ ကျော် ၉၀ တွေဖြစ်ကုန်ကြပြီ။ အဲဒါကို သတိထားဖို့လိုတယ်။ ဒေါ်စုတောင်မှ ကောင်းကောင်းအလုပ်လုပ်နိုင်ရင် ၂၀၁၅ ကနေ ၂၀၂၀ အထိပဲ။ ဒေါ်စုတောင်မှ အခုလောလောဆယ်မှာ ပါတီတစ်ခြမ်း၊ အဖွဲ့ချုပ် တစ်ခြမ်း ရောသမမွှေထားရတယ်။ ကျန်းမာရေး၊ ပညာရေးအတွက် အလှူ ငွေတွေကိုတော့ လက်ခံနေရတယ်။NLD ကို တစ်ဖက်ကနေ ကျန်း/ပညာ နဲ့ ရန်ထားရတယ်။ နိုင်ငံခြားငွေဆိုရင် ပါတီက လက်ခံလို့မရဘူး။ ဒါလည်း ကန့်သတ်ချက်တစ်ခုပဲ။ အဲဒီအတွက် ရောသမမွှေထားရတာ မဆန်းပါဘူး။ ဒါကို အစိုးရကလည်း သိထားမှာပါ။ လာမယ့် ၂၀၁၅ မတိုင်မီ အဲဒီကိစ္စကို လည်း ရှင်းရလိမ့်မယ်။ မဟုတ်ရင် ရွေးကောက်ပွဲဥပဒေနဲ့ ထိပ်တိုက် တွေ့သွားလိမ့်မယ်။ ငါ့ကိုထောက်ခံတဲ့သူတွေ အများကြီးရှိတယ်။ ငါ့စိတ်က သိပ်ကြီး တယ်ဆိုပြီး အရာရာကို လျှော့တွက်ရင် အမှားကြီးမှားသွားလိမ့်မယ်။

ရှစ်လေးလုံးပွဲမှာ လူစုံတယ်။ ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိသေးတယ်။ ရှစ်လေးလုံး အင်အားစုတွေကို Institution တစ်ခုထောင်စေချင်တယ်။ Political Institution တစ်ခုပေါ့။ ရှစ်ပူးတွေ ပါတီခွဲထောင်ရင် ဗျူဟာမြောက်အမှားဖြစ်မယ်။ တိုက်ပွဲကမပြီးသေးဘူး။ ပါးစပ်က ပြောနေရုံနဲ့ မပြီးဘူး။ လက်တွေ့ရပ်တည် လုပ်ဆောင်မှုက စကားပြောတယ်။ တိုက်ပွဲ မပြီးသေးတာ သေချာရင် ဆက်တိုက်ရမယ်။ ဆက်တိုက်ဖို့ ပြင်ဆင်ရမယ်။ ပါတီထောင်တာ တိုက်ပွဲဝင်တာမဟုတ်ဘူး။ ကောင်းပြီ။ ဘာကိုတိုက်မှာလဲ။ တိုက်ပွဲအခြေအနေက ပြောင်းသွားပြီ။ အခုတိုက်ရမယ့် တိုက်ပွဲက လူတွေ၊ အဖွဲ့အစည်းတွေကို မဟုတ်ဘူး။ အခြေအနေတွေကို တိုက်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ တစ်နိုင်ငံလုံးက လူတွေရဲ့စိတ်ဓာတ်တွေကို ဒီမိုကရက်တိုက် ဇေးရှင်းလုပ်ပစ်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ နိုင်ငံသားတွေကို တာဝန်ယူမှု ရှိပြီး ပညာရေချိန်မြင့်တဲ့သူတွေဖြစ်အောင် လုပ်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေကို ဓမ္မဘက်ကရပ်တည်ပြီး ဘယ်အဓမ္မတွေ ကိုမဆို ဆန့်ကျင်တိုက်ထုတ်ပစ်ရဲတဲ့ သတ္တိရှိတဲ့ သူတွေဖြစ်အောင် တိုက်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ စိန်ခေါ်မှုကတော့ သိပ်ကြီးမားတယ်။ အဲဒီလုပ်ငန်းတွေကို ပါတီနဲ့ တိုက်လို့မရဘူး။ Institution ကြီးတစ်ခုနဲ့ပဲ တိုက်လို့ရမယ်။ နောက်ထပ် ၂၅ နှစ်ကြာအောင် တိုက်ချင်လည်း တိုက်ရလိမ့်မယ်။ ဒီကြားထဲမှာ ဘယ်သူမှ အာဏာမလိုချင်ပါနဲ့။

ဒီ Institution ကြီးကနေ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ ရှစ်လေးလုံးသမိုင်းကို ပြုစုရမယ်။ ကျောင်းပြဋ္ဌာန်းစာအုပ် တွေထဲမှာ အဆင့်လိုက် ထည့်သွင်းနိုင်အောင် လုပ်ရမယ်။ R&D အဖွဲ့ကြီးတစ်ဖွဲ့လည်း ဖွဲ့ရမယ်။ အစိုးရရဲ့လုပ်ဆောင်ချက်၊ လွှတ်တော်တွေရဲ့ လုပ်ဆောင်ချက်၊ တပ်မတော်ရဲ့ လုပ်ဆောင်ချက်၊ တရားရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်၊ ပြည်ထဲရေး/ထွေအုပ်ရဲ့ လုပ်ဆောင်ချက် အစရှိတာတွေကို မှတ်တမ်းပြု လစဉ်သုံးသပ်၊ ကြေညာချက်ထုတ် စတာတွေလုပ်ရမယ်။ ဟောပြောပွဲတွေ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ Workshop တွေ လုပ်ရမယ်။ တစ်နိုင်ငံလုံးအနှံ့ စဉ်ဆက်မပြတ် နှစ်ပေါင်းများစွာ လုပ်ရမယ်။ စာအုပ်တွေ ထုတ်ရမယ်။ ကွန်ရက်တွေ ဖွဲ့ရမယ်။ နိုင်ငံတကာ Institution တွေနဲ့လည်း လက်တွဲလုပ်ရလိမ့်မယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို အစိုးရက လုပ်လိမ့်မယ်။ ဘယ်အစိုးရတက်တက် ကျကျနန မလုပ်ရင် အဲဒီ Institution ကနေ ပြောမယ်။

လူတွေရဲ့ပညာရေချိန် မမြင့်ရင် ဒီမိုကရေစီစစ်စစ် တည်ဆောက်လို့ မရဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့်ရတာ ဒီမိုကရေစီရဲ့အကာပဲ ရှိသေးတယ်။ တကယ့်အနှစ်က ပြည်သူတွေဟာ တရားဥပဒေနဲ့အညီ ကျင့်ကြံနေထိုင် နိုင်ရမယ်။ ဓမ္မကိုပဲ လက်ခံရမယ်။ အဓမ္မကို ငြင်းပယ်ရမယ်။ မှန်ကန်တဲ့ ဥပဒေတွေနဲ့ မှန်ကန်တဲ့တရားစီရင်ရေး ရှိရမယ်။ အဲဒါကို Institution က တည်ဆောက်နိုင်ရမယ်။ အဲဒီ Institution ကို နာမည်ပေးချင်တယ်။ ‘Tetra Eight Generation Political Institution ။ အဲဒီအမည်ကို ဝေလေလေ ကောင်တွေကို ယူမသုံးစေချင်ဘူး။ အခုဟာက အချိန်ကောင်း၊ အခါကောင်း၊ အခွင့်အရေးကောင်းကို ရောက်နေပြီ။ ကွဲမထွက်စေချင်ဘူး။ ညီညီညွတ်ညွတ် လုပ်ဆောင်စေချင်တယ်။ မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ အကုန် ပါစေချင်တယ်။

ကဲ ကိုမြတ်လှိုင်းရေ
ကျွန်တော့် စိတ်ကူးတွေ၊ ပြောချင်တာတွေ တောက်လျှောက် ရေးချလိုက်လို့ ဖတ်ရတာ အာရုံနောက်သွားပြီလား။ ခင်ဗျားလည်း စဉ်းစားပြီး စာပြန်ပါဦး။ စာလည်း အတော်ရှည်သွားပြီမို့ နားဦးမယ်ဗျာ။ ကျန်းမာရေးဂရုစိုက်ပါ။

ခင်ဗျားရဲ့
စိုးအောင်
The Voice Weekly

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် အကြမ်းဖက်သမားများမှ ဗုံးဖောက်ခွဲမှုများ ပြုလုပ်မည်ပာူသည့် သတင်းများထွက်ပေါ်နေမှုကြောင့် သြဂုတ်လ ဒုတိယပတ်မှ စတင်၍ ဒေသဆိုင်ရာ အာဏာပိုင်များမှ လုံခြုံရေး အင်အားကို ယခင်ထက် ပိုမို တိုးမြှင့် ထားရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သတင်းရရှိမှုပေါ် မူတည်ပြီး ကျွန်တော်တို့ လက်ရှိထက် ပိုတိုးမြှင့်ပေးသွားမယ် အကြမ်းဖက်သမားတွေ ဝင်လာမယ်။ မဝင်လာဘူးဆိုတာ ကျွန်တော် တို့လည်း မခန့်မှန်းနိုင်ဘူး”ဟု ပြောသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့နယ်များဖြစ်ကြသော ဘူးသီးတောင်မောင်းတောမြို့နယ်များ အပါအဝင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် ရမ်းဗြဲ စသည့်မြို့နယ်များတွင် အကြမ်းဖက် သမားများ ဝင်ရောက်၍ ဗုံးခွဲမည့်ပာူသည့်သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း အဆိုပါဒေသခံတို့၏ ပြောကြားချက် များမှ သိရသည်။

ထိုသို့ သတင်းများထွက်ပေါ်နေမှုများနှင့်အတူ မသင်္ကာသူလူစိမ်းများကိုလည်း ဗုဒ္ဓသာသနိကအဆောက် အအုံများ ဖြစ်သည့် စေတီပုထိုး၊ ဘုရားကျောင်းကန်များ၏ အနီးတွင် ညအချိန်များ၌ တွေ့ရှိနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်အတွင်းရှိ အဓိဋ္ဌာန်ဘုန်းတော် ကြီးကျောင်း ပရဝုဏ်အတွင်း၌ မသင်္ကာသူနှစ်ဦးကို တွေ့ရှိ၍ လိုက်လံဖမ်းဆီးရာ တစ်ဦးကိုသာဖမ်းဆီးရမိပြီး ကျန်တစ်ဦး မှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မသင်္ကာသူဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္ဇင်း ဦးဝဏ္ဏ၏ မိန့်ကြားချက်မှ သိရသည်။

“ဖမ်းမိလိုက်တဲ့ ဘင်္ဂါလီကောင်လေးပြောတာက နောက်တစ်ယောက်က ထွက်ပြေးသွားတယ်။ ထွက်ပြေး သွားတဲ့သူမှာ အထုပ်အပိုးတွေ ပါတယ်လို့ပြောတယ်။ အထုပ်အပိုးတွေထဲမှာ ဘာတွေပါလဲတော့ ဦးပဉ္ဖင်းတို့လည်း မသိဘူး။ သူ့ကို ရဲလက်အပ်လိုက်တယ်။ ည ၁၀ နာရီလောက်မှာ ရဲကပြောခိုင်းလို့ဆိုပြီး လူတစ်ယောက်လာ ပြောတယ်။ ဖမ်းမိလိုက်တဲ့ ကောင်လေးက ဘင်္ဂါလီမဟုတ်ဘူး။ စိတ်မနှံ့တဲ့သူ ဖြစ်တယ်လို့ ဦးပဉ္ဇင်းတို့ကို လာပြောတယ်။ တစ်ခုခုဖြစ်မှာစိုးလို့ ဘင်္ဂါလီ မဟုတ်ဘူးလို့ ပြောတာဖြစ်နိုင်တယ်”ပာု ၎င်းကဆက်လက်ဆိုသည်။

အလားတူ သြဂုတ်လ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့ရှိ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့် ဦးရစ်တော်စေတီခြေရင်းတွင် မသင်္ကာသူလေးဦးကို ပေါက်ကွဲစေတတ်သော ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ပုဏ္ဏားကျွန်းတွင်နေထိုင်သော ဒေသခံများ၏ ပြောကြားချက်မှ သိရသည်။

လင်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှု အခြေအနေများမှာ တည်ငြိမ်နေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အကြမ်းဖက် ဗုံးဖောက်ခွဲခွဲမည့် သတင်းများထွက်ပေါ်လာမှုကို ဒေသခံများအနေဖြင့် အထူး စိုးရိမ်လျက် ရှိနေကြောင်း သိရသည်။

Yangon chronicle

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနားကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ကျောင်းဆရာမ မစိုးစိုးခိုင်အား ပညာရေးဝန်ကြီးဌာနက မယူမနေရ ပင်စင်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်းလင်းပွဲသို့ နေပြည်တော်မှ လာရောက်တက်ရောက်သည်ဟူသောအချက်ဖြင့် အဆိုပါ အလယ်တန်းပြ ကျောင်းဆရာမ မစိုးစိုးခိုင်အား သြဂုတ်လ ၁၇ ရက်နေ့ က မယူမနေရ ပင်စင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်က သြဂုတ်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုး၍ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၏ စုပေါင်းဆုံးဖြတ်ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

မယူမနေရ ပင်စင်ပေးလိုက်သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမ မစိုးစိုးခိုင်က ''တော်တော်လေး အံ့သြမိပါတယ်။ ကျွန်မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မလည်း ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်းရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆရာမ မစိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြားရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော်သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့် မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန် ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြသည်။

ဆရာမ မစိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန်ကုန်ကို အကြောင်းမကြားဘဲ သွားတာ၊ ၈၈ ပွဲ အခမ်းအနား သတင်းစာရှင်းလင်းပွဲတက်တာ။ ကျွန်မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကို တက်လို့ ရည်ရွယ်ပြီး ဖြုတ်တာ'' ဟု ပြောသည်။

ယခုကဲ့သို့ ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆရာဆရာမ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အပြင်းအထန် ဆန့်ကျင်ကြောင်း ပြောကြားလိုက်သည်။

''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆိုရင်တော့ ပညာရေးဝန်ကြီးဌာနက တော်တော်လွန်တယ်' 'ဟု ၄င်းက ပြောသည်။

၈၈ အရေးတော်ပုံကို ယခင်အစိုးရက ချိုးချိုးနှိမ်နှိမ် ပြောခဲ့ကြခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်းအောင် လုပ်ခဲ့ကြတာမျိုးရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုလိုသာဆိုပါက ထိုပွဲကို တက်ရောက်ခဲ့သော ဝန်ကြီးဦးအောင်မင်း အပါအဝင် အခြားအစိုးရဝန်ထမ်းတို့ကိုပါ ပွဲတက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေးစရာရှိကြောင်းဟု ဦးသန်းထိုက်အောင်က ဆက်ပြောသည်။

ဆရာမ မစိုးစိုးခိုင်ဟာ ၈၈၈၈ အရေးတော်ပုံကြီးအတွင်း ပျဉ်းမနားမြို့မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့တယ်။ ၁၉၈၈ ခု၊ စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ အတွက် ကျောင်းသားတပ်မတော် ABSDF ကို ရောက်ရှိခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် ပြန်ရောက်တော့လည်း သက်ဆိုင်ရာကို တရားဝင် သတင်းပို့ ခဲ့တယ်။ ကိစ္စတွေ အားလုံး ကင်းရှင်းသွားပြီဆိုမှ ပညာရေးဝန်ကြီးဌာနမှာ ဝင်ရောက် အမှုထမ်းခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနမှာ ကျောင်းဆရာမတစ်ဦးအဖြစ် အမှုထမ်းခဲ့တဲ့ ( ၁၈ ) နှစ်တာ ကာလတစ်လျှောက်လုံး သူ့ တာဝန်ကို သူ ကျေပြွန်စွာ ထမ်းဆောင်ခဲ့တယ်။ အခု ၈၈၈၈ အရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားတက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်တာ ဆိုရင် ဝန်ကြီး ဦးအောင်မင်းကိုပါ ထုတ်ပစ်ရပါလိမ့်မယ်။

သမ္မတ ကစလို့ ဝန်ကြီး၊ ဝန်ကလေးတွေ အဆုံး ပြည်သူ့ အခွန်ငွေတွေကို လစဉ်ထုတ်စားနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ မဟုတ်ပါလား။

အလယ်တန်းပြ ကျောင်းဆရာမ မစိုးစိုးခိုင်ကို အလုပ်မှနေ မယူမနေရ ပင်စင်ပေးလိုက်တာဟာ သိန်းစိန်တို့ ရဲ့  အငြိုးအတေးကြီးသော မတရားသော လုပ်ဆောင်မှု ဖြစ်ပါတယ်။ ယနေ့  လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နေပါသည်ဟု တသွင်သွင်အော်နေသောလည်း လက်တွေ့ တွင် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့သူများ၊ ကျောင်းသားတပ်မတော် (ABSDF) အဖွဲ့ အဖွဲ့ ဝင်ဟောင်းများ၊ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်ခဲ့သူများအပေါ် အငြိုးအတေးထားပြီး ၄င်းတို့  လက်ခုပ်ထဲမှ ရေပမာ မတရားစီမံကြံစည် ဒုက္ခပေးသည့် အာဏာရှင်တို့  စရိုက် မပျောက်သေးသည်ကို သက်သေပြနေခြင်းသာ ဖြစ်သည်။

အလယ်တန်းပြ ကျောင်းဆရာ မစိုးစိုးခိုင်အား မတရား ပင်စင်ပေး ထုတ်ပစ်လိုက်သည့်အပေါ် ပြင်းထန်စွာ ကန့် ကွက်လိုက်ရပါသည်။

Nik Nayman

စင်တော်ကောက် တေးသံရှင်တစ်ဦး ကြွေလွင့်
တေးရေး၊ တေးဆို မျိုးမြင့်လေး အသက် (၇၄)နှစ်သည် သြဂုတ်လ၊ ၁၈ ရက်နေ့၊ နံနက် (၉း၂၆) နာရီအချိန်တွင် အမှတ်(၁၇)၊ (၄)လွှာခြေရင်းခန်း၊ ဗိုလ်လရောင်လမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။ နိုင်ငံကျော်တေးသံရှင် မျိုးမြင့်လေးသည် နတ်သျှင်နောင်၊ နေကာမျက်မှန်၊ နှင်းမှုံမြို့တော်၊ မေတ္တာပုလဲပန်း၊ ဈေးချိုသူ စတဲ့ သီချင်းများဖြင့် လူသိများခဲ့သည်။ (၁၈.၈.၂ဝ၁၃) ရက်နေ့တွင် တေးရေး၊ တေးဆို မျိုးမြင့်လေးအား နေအိမ်မှ ရေဝေးအအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ကူညီပေးခဲ့သည်။ (၂ဝ.၈.၂ဝ၁၃) ရက်နေ့တွင် တေးရေး၊ တေးဆို မျိုးမြင့်လေး၏ ဈာပနအခမ်းအနား ကျင်းပရာ ရေဝေးသုဿန် ခန်းမဆောင်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများမှ လိုက်ပါပို့ဆောင် ပေးခဲ့ကြပြီး အခမ်းအနားသို့ ဆွေမျိုး၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများ ၊မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဂီတပညာရှင်များ၊ တေးရေးဖော် တေးရေးဖက်များ၊ နိုင်ငံကျော် တေးသံရှင်များ၊ အနုပညာရှင်များ၊ ၄င်းအားချစ်ခင်ကြသောသူများမှ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။ မျိုးမြင့်လေး(နိုင်ငံကျော် တေးသံရှင်)အား သူ၏မိသားစုနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဦးမျိုးမြင့်လေး ကောင်းရာသုဂတိလားပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကောင်းမှုအစုစုတို့အတွက် သာဓု ခေါ်ဆိုနိုင်ရန်အတွက် ဦးမျိုးမြင့်လေး(နိုင်ငံကျော် တေးသံရှင်)အား အမျှ … အမျှ … အမျှ ဟုပေးဝေငှလိုက်ပါသည်။
“နောက်တစ်ပုဒ်” “နောက်တစ်ပုဒ်”
လက်ခုပ်နှင့်ပျော်
စင်တော်ကောက် တေးသံရှင်
မိုးမြေအနှံ့ခရီးနှင်
ဂန္တဝင် စံတင်ခဲ့သူ့တေးများ
စိန်စီ၍ ထားသည်သို့
မြန်မာတို့နားဖြင့်
ကြားလေ ကြားရ ကြားမဝနိုင်
ဂီတကိုဖြင့် ပိုင်စိုးသူ … ။

(တင့်လွင်ဦး-စီးပွားရေးတက္ကသိုလ်)


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.